← Chapters

ငါးဖမ်းရာနေရာ

Vol. 1 Ch. 4

ငါးဖမ်းရာနေရာ

Vol. 1 Ch. 4

လုချင်းသည် သူ့နောက်မှ ကလေးအုပ်လေးနှင့်အတူ ရွာပြင်ဘက်ရှိ မြစ်ဆီသို့ ရောက်ရှိလာ၏။

ဤမြစ်မှာ သိပ်မကြီးပေ။ အကျယ်ဆုံးနေရာ၌ ၁၀ မီတာခန့်သာ ရှိ၏။ မြစ်အကျယ်က ကျဉ်းမြောင်းသော်လည်း ရေသိပ်မနက်ပေ။ သို့သော် အနက်ဆုံးနေရာတွက်တော့ လူတစ်ကိုယ်လုံးပင် မြုပ်နိုင်သဖြင့် လူကြီးများက ရွာထဲမှ ကလေးများကို မြစ်ထဲတွင် ဆော့ကစားခြင်းမှ အမြဲတားမြစ်ထားပါ၏။

လုချင်းသည်လည်း ထိုတားမြစ်ချက်ကို လိုက်နာသည်ပင်။

မြစ်ကမ်းဘေးသို့ ရောက်သော် သူ၏နောက်သို့လိုက်လာသည့် ကလေးအနည်းငယ်ကို ပြတ်သားစွာ မှာကြားလိုက်သည်။ “မင်းတို့ မြစ်ကမ်းဘေးကို မလာကြနဲ့။ ရေထဲလည်း မဆင်းနဲ့။ သဘောပေါက်လား”

ပိန်ပိန်ပါးပါးကိုယ်ခန္ဓာရှိသော်လည်း လုချင်းက အသက် ၁၄၊ ၁၅ နှစ်ခန့်ရှိပြီဖြစ်ရာ ကလေးများ၏ အမြင်၌ လူကြီးတစ်ဦးသဖွယ် ဖြစ်နေ၏။

ထို့ကြောင့် ကလေးများကလည်း ယဉ်ကျေးစွာနှင့် “သဘောပေါက်ပါတယ် အစ်ကိုလုချင်း” ဟု ပြန်ဖြေလာကြသည်။

ကလေးများ၏ နာခံမှုကို မြင်သောအခါ လုချင်းက ရှောင်ယန်ဘက်သို့ လှည့်ကာ “ရှောင်ယန်လည်း လူကြီးစကားကို နာခံရမယ်နော်။ မြစ်နားကို မလာနဲ့။ ဒီမှာပဲနေပြီး ပုံးကိုစောင့်ကြည့်ပေး။ ငါးတွေ ထွက်မပြေးအောင်ပေါ့။ ဟုတ်ပြီလား”

“ဟုတ်~” ရှောင်ယန်က နာခံစွာပြန်ဖြေပြီးနောက် မေးလိုက်၏။ “အစ်ကို ၊ ငါးဘယ်တော့ဖမ်းမှာလဲဟင်”

“မလောနဲ့လေ။ အစ်ကို အရင်ကြည့်လိုက်ဦးမယ်။ ဒီတိုင်း ကြုံသလိုတော့ ငါးဖမ်းလို့မရဘူးလေ” လုချင်းက အတွေ့အကြုံအရ ရှင်းပြလိုက်သည်။

ငါးဖမ်းခြင်း၌ ငါးကောင်းကောင်းမိစေရန် အရေးကြီးသော အဆင့်များစွာရှိသည်။ နေရာရွေးချယ်ခြင်း၊ ငါးစာပစ်ခြင်း၊ သစ်သားခြောက်ကို ညှိခြင်းနှင့် ငါးစာပြင်ဆင်ခြင်းတို့ ဖြစ်သည်။ အဆင့်တစ်ဆင့်ချင်းစီသည် ငါးဖမ်းခြင်းအောင်မြင်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါ၏။

ထိုအဆင့်များထဲတွင် ငါးဖမ်းဖို့နေရာရွေးချယ်ခြင်းက အရေးကြီးဆုံးဖြစ်၏။

ကောင်းမွန်သော ငါးဖမ်းရာနေရာသည် ငါးရရှိနိုင်ခြေကို တိုက်ရိုက်သက်ရောက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါးမရှိသည့်နေရာ၌ ကျွမ်းကျင်သော ငါးဖမ်းသမားပင်လျှင် ငါးဖမ်းနိုင်မည်မဟုတ်ပေ။ နေရာရွေးချယ်မှု မှားယွင်းပြီး ရေအောက်၌ ငါးမရှိပါက အကောင်းဆုံးငါးဖမ်းနည်းပညာများပင် အချည်းနှီး ဖြစ်လိမ့်မည်။

သူ၏အရင်ဘဝ၌ လုချင်းမှာ ငါးဖမ်းဝါသနာရှင်တစ်ဦးဖြစ်ခဲ့ပြီး ငါးဖမ်းအတွေ့အကြုံများစွာ ပိုင်ဆိုင်ခဲ့ပါ၏။ ငါးဖမ်းဖို့နေရာရွေးချယ်ခြင်းမှာ သူ ကောင်းစွာကျွမ်းကျင်သည့်အရာတစ်ခုပင် ဖြစ်သည်။

ယခုအခါ သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်နေသော်လည်း သဘာဝ၏ အခြေခံမူများစွာသည် မည်သည့်နေရာ၌မဆို အသုံးဝင်ပါ၏။ ဤကမ္ဘာရှိ ငါးတို့၏ အလေ့အထများလည်း အများကြီး ကွဲပြားမည်မဟုတ်ပေ။ အတွေ့အကြုံဟောင်းများကို အသုံးချ၍ ငါးဖမ်းခရီးကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် ကောင်းမွန်သောနေရာရှာနိုင်မလားဟု သူ တွေးမိသည်။

သူ ငါးစာပစ်မည့်အကြံကိုတော့ ပယ်ချလိုက်၏။ အိမ်တွင်ပင် မိသားစုစားရန် အစားအစာမလုံလောက်တာကြောင့် ငါးစာပစ်ရန်အတွက် အပိုဆန်စေ့များ ရှိလိမ့်မည်မဟုတ်ပေ။

ကလေးများကို သစ်ပင်ကြီးတစ်ပင်အောက်တွင် နေစေရန် ညွှန်ကြားပြီးနောက် လုချင်းသည် မြစ်ကမ်းဘေးတစ်လျှောက် လျှောက်သွားကာ ရေပြင်ကို စူးစိုက်ကြည့်ရှုလိုက်သည်။

မကြာမီပင် ဖြစ်နိုင်ချေရှိသည်ဟု ထင်ရသော နေရာတစ်ခုကို သူ တွေ့ရှိလိုက်၏။ ကမ်းဘေးရှိ ပေါင်းမြက်များကို တုတ်တစ်ချောင်းဖြင့် ဖိချပြီး သွားလိုက်ရင်း ထိုနေရာသို့ ရောက်သောအခါ၌ သေချာ စောင့်ကြည့်လိုက်လေသည်။

၎င်းသည် ရေစီးကြောင်းသိပ်မသန်သော အပင်များပေါက်ရောက်နေသည့် နေရာတစ်ခုဖြစ်ကာ ကောင်းမွန်သော ငါးဖမ်းနေရာတစ်ခု ဖြစ်ပုံရသည်။

ခဏအကြာ စောင့်ကြည့်လေ့လာပြီးနောက် စိတ်ကျေနပ်မှုရရှိသောအခါ၌ သူသည် ငါးမျှားတံယူရန် ပြန်လှည့်မည်ပြုစဉ် မီးခိုးရောင်အလင်းတစ်ခုက သူ၏အမြင်အာရုံတွင် ပေါ်လာ၏။

ဤမီးခိုးရောင်အလင်းကို လုချင်း အကျွမ်းတဝင်ရှိသည်။ ယနေ့တွင်လည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွေ့ခဲ့ရ၏။ သူ မလှုပ်မယှက် ရပ်တန့်ကာ ရေကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

မီးခိုးရောင်အလင်းက တဖြည်းဖြည်း ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး တစ်မီတာအကျယ်ရှိသော ခရုပတ်လှိုင်းကို ဖန်တီးကာ စာကြောင်းတစ်ကြောင်း ပေါ်လာ၏။

【သာမန်ငါးဖမ်းနေရာ၊ ငါးငယ်လေးများ စုဝေးရာနေရာဖြစ်သည်။ ငါးဖမ်းရန်အတွက် ကောင်းသောရွေးချယ်မှုဖြစ်ပုံရ၏။】

ထိုနေရာသည် လုချင်း ခုနက ရွေးချယ်ခဲ့သော နေရာနှင့် အတိအကျပင်ဖြစ်၏။

လုချင်းက အံ့အားသင့်သွားပြီး ပျော်ရွှင်သွားသည်။ သူ၏နတ်မျက်စိစွမ်းရည်က ငါးဖမ်းနေရာများကိုပင် ခွဲခြားသိမြင်နိုင်သည်လား။

သူ၏နေရာရွေးချယ်မှုစွမ်းရည်ကို သူ့နတ်မျက်စိစွမ်းရည်က အတည်ပြုပေးလိုက်သည့်အတွက် အနည်းငယ်ဂုဏ်ယူမိ၏။

ဤထူးခြားသောအရာကို တွေ့ရှိလိုက်ရသဖြင့် လုချင်းသည် ငါးဖမ်းရန် အလျင်မလိုတော့ပေ။ သူသည် မြစ်ကမ်းတစ်လျှောက် ဆက်လျှောက်သွားကာ သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ ငါးဖမ်းဖို့နေရာများကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေနေ၏။

မကြာမီပင် ဤမြစ်ကမ်းတစ်လျှောက်တွင် နေရာသစ်နှစ်ခုကို ထပ်တွေ့ရပြန်သည်။ အံ့အားသင့်စရာမှာ တစ်နေရာတွင် မီးခိုးရောင်အစား သဲ့သဲ့လေးဖြစ်နေသော အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။

【သာမန်ငါးဖမ်းနေရာ၊ ငါးများ စားသောက်ရန် လာရောက်သည့်နေရာ ဖြစ်သည်။ ကောင်းမွန်သော ငါးများရနိုင်သည်။】

【အစပြုသူ ငါးဖမ်းရာနေရာ၊ တောရိုင်းသစ်သီးများ မကြာခဏကျရောက်သည့်နေရာ ဖြစ်သည်။ သာမန်မဟုတ်သော ငါးကြီးများ ကြိုက်နှစ်သက်ကြသည်။ ပုံမှန်မဟုတ်သော ငါးများ ရရှိနိုင်သည်။】

ယင်းဖော်ပြချက်များအရ မီးခိုးရောင်အလင်းသည် သာမန်နေရာများနှင့် သက်ဆိုင်ပြီး အဖြူရောင်အလင်းကတော့ အစပြုသူနေရာများနှင့် သက်ဆိုင်ကြောင်း ဖော်ပြနေ၏။ ထို့ထက် ပိုမိုကောင်းမွန်သော နေရာများပင် ရှိနိုင်ပေလိမ့်မည်။

ဤရွာပြင်ဘက်ရှိ မြစ်ငယ်လေးတွင် ထိုသို့သောနေရာများ ရှိပါမည်လားဟု သူ တွေးနေမိ၏။

ထိုနေရာသုံးခုကို တွေ့ရှိပြီးနောက် လုချင်းသည် ရှာဖွေခြင်းကို ရပ်လိုက်သည်။ ထိုနေရာသုံးခုသည် ရွာပြင်ဘက်ရှိ မြစ်၏ အသန့်ရှင်းဆုံးအပိုင်းတွင် ရှိကြတာပင်။ ထိုထက်ဝေးသောနေရာ၌ နှစ်ဖက်စလုံးရှိ အပင်များမှာ ပိုထူထပ်လာပြီး လမ်းလျှောက်ရန်ပင် ခက်ခဲလာ၏။

နေရာရှင်းလင်းရန် ကိရိယာမရှိပါက ငါးမျှားခြင်းကို အသာထား ၊ မြစ်ကိုပင် ချဉ်းကပ်ရန် ခက်ခဲလိမ့်မည်။

ယခုအချိန်အတွက် ထိုနေရာသုံးခုကပင် သူ့အတွက် လုံလောက်နေ၏။

မည်သည့်နေရာ၌ စတင်ငါးဖမ်းရမည်ကို သူ ဆုံးဖြတ်ရန် လိုအပ်သည်။

ခဏစဉ်းစားပြီးနောက် လုချင်းသည် သူပထမဆုံးတွေ့ခဲ့သော နေရာ၌ စတင်ရန် ဆုံးဖြတ်လိုက်၏။ အကြောင်းရင်းမှာ ရိုးရှင်း၏။ ဖော်ပြချက်က ငါးငယ်များစွာ စုဝေးရာဖြစ်ကြောင်း ပြောထားသောကြောင့်ပင်

သူ၏ငါးမျှားတံမှာ ရိုးရှင်းပြီး ပိုက်ကြိုးက မည်မျှခိုင်ခံ့သည် သို့မဟုတ် မည်မျှအင်အားကို ခံနိုင်ရည်ရှိသည်ကို သူ မသေချာပေ။ ငါးကြီးကြီးဖမ်းရန် ကြိုးစားပါက ကြိုးပြတ်သွားနိုင်ပြီး အိမ်တွင် ကြိုးအသစ်လုပ်ရန် လျှော်ပင်ပိတ်မျှင် အကန့်အသတ်ရှိသဖြင့် ကပ်ဆိုက်ပေလိမ့်မည်။

ထို့အပြင် သူ့တွင် ငါးမျှားချိတ်တစ်ခုသာ ရှိသည်။ အကယ်၍ ထိုချိတ်သာ ပျောက်သွားပါက သူ ငါးလုံးဝဖမ်းနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ငါးငယ်လေးများဖြင့် စတင်ခြင်းက ပို၍စိတ်ချရ၏။

ဆုံးဖြတ်ချက်ချပြီးနောက် လုချင်းသည် သစ်ပင်ကြီးဆီသို့ ပြန်သွားပြီး ကလေးများက နာခံစွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူက ကလေးများ၏ အမြင်အာရုံထဲမှ မထွက်ဘဲ အနီးအနား၌သာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကလေးများက သူ့ကို မမြင်ရလျှင် ပြေးထွက်သွားနိုင်မည်ကို သူ စိုးရိမ်သောကြောင့်ပင်။

“အစ်ကို ပြန်လာပြီ!” ရှောင်ယန်က ပျော်ရွှင်စွာဖြင့် ပထမဆုံး ပြေးလာ၏။

“ဟုတ်တယ်၊ အစ်ကိုပြန်လာပြီ”

“ငါးဖမ်းမယ့်နေရာ ဆုံးဖြတ်ပြီးပြီလား”

“ပြီးပြီ။ သွားကြရအောင်”

ဆုံးဖြတ်ပြီးပြီဟူသောစကားကို ကြားသောအခါ ကလေးများက စိတ်လှုပ်ရှားသွားကြသည်။ ကလေးငယ်တစ်ဦးက တက်ကြွစွာဖြင့် ပုံးကို ကူညီသယ်ဆောင်ပေးရန် ရှေ့သို့တိုးလာ၏။ “အစ်ကိုလုချင်း ကျွန်တော်ကူသယ်ပေးမယ်”

လုချင်းကလည်း မငြင်းပေ။ ဤကလေးများသည် အသက် ၈ နှစ်မှ ၁၂ နှစ်ကြားရှိပြီး အင်အားအပြည့်ရှိသည်။ သူတို့အား ကူညီစေခြင်းက ကောင်းပါ၏။

အဖွဲ့သည် မကြာမီမှာပဲ ရွေးချယ်ထားသော ငါးဖမ်းနေရာသို့ ရောက်ရှိလာ၏။

“ဒီမှာနေပြီး ငါ ငါးဖမ်းတာကို ကြည့်ကြ။ မြစ်ကမ်းပါးနားဆီ အရမ်းနီးနီးကပ်ကပ် မသွားနဲ့။ သဘောပေါက်လား။ အားဟူ ၊ မင်းက အကြီးဆုံးဆိုတော့ သူတို့ကို ကြည့်ပေးနော်”

အသက် ၁၂ နှစ်ရှိ အားဟူသည် ကလေးများထဲတွင် အကြီးဆုံးဖြစ်ပြီး သဘောပေါက်လောက်အောင် ရင့်ကျက်သူဖြစ်သည်။

“သဘောပေါက်ပါတယ် အစ်ကိုလုချင်း”

သူတို့၏ နာခံမှုကြောင့် လုချင်းက ခေါင်းညိတ်ပြီးနောက် သူ၏ ငါးမျှားတံနှင့် ပုံးကိုယူကာ မြစ်ကမ်းပါးသို့ ဦးတည်သွားတော့သည်။

All Chapters