← Chapters

ငါးဖမ်းခရီးမှ အောင်မြင်စွာဖြင့် ပြန်လာနိုင်ခဲ့ခြင်း

Vol. 1 Ch. 5

ငါးဖမ်းခရီးမှ အောင်မြင်စွာဖြင့် ပြန်လာနိုင်ခဲ့ခြင်း

Vol. 1 Ch. 5

လုချင်းသည် ငါးဖမ်းနေရာသို့ရောက်သောအခါ၌ ပတ်ဝန်းကျင်ရှိ မြက်များကို နင်းခြေကာ နေရာကို ရှင်းလင်းလိုက်ပြီးနောက် သစ်သားပုံးကို နေရာတကျ ထားလိုက်သည်။ ထို့နောက် တီကောင်များထည့်ထားသော ဝါးပုံးကို ထုတ်ယူလိုက်၏။

ဝါးပုံးမှ ပိတ်ထားသော ရွှံ့စေးကို ဖယ်လိုက်သော် အထဲ၌ လှုပ်ရှားနေသည့် တီကောင်နီများကို တွေ့ရ၏။

အထက်တွင်ရပ်နေသော မျက်စိလျင်သည့် ကလေးများသည် ဝါးပုံးထဲ၌ လှုပ်ရှားနေသော တီကောင်များကို မြင်သည်နှင့် တစ်ပြိုင်နက် ဟစ်အော်လိုက်ကြသည်။

တီကောင်ဆိုသည်ကို သူတို့သိပြီးသားဖြစ်၏။ မကြာခဏဆိုသလို ဖမ်းဆော့ဖူးကြသည်ပင်။

တစ်ခါတစ်ရံတွင် အိမ်ရှိကြက်နှင့်ဘဲများကို ကျွေးရန်ပင် တူးယူတတ်ကြ၏။

သို့သော် ဤအရာများကို ငါးဖမ်းရန်အတွက် အသုံးပြုနိုင်သည်ကိုတော့ သူတို့မသိကြပေ။

ကလေးများ၏ စူးစိုက်ကြည့်ရှုမှုအောက်၌ လုချင်းသည် တီကောင်တစ်ကောင်ကို ထုတ်ယူကာ ချိတ်တွင် တပ်လိုက်၏။

ထို့နောက် လှုပ်ရှားနေဆဲဖြစ်သော တီကောင်ကို ရေထဲသို့ ပစ်ချလိုက်သည်။

တီကောင်ကျသွားသည့်နေရာသည် သူ၏နတ်မျက်စိစွမ်းရည်အရ မီးခိုးရောင်အလင်းဖြင့် မှတ်သားထားသော ငါးဖမ်းနေရာပင် ဖြစ်သည်။

ချိတ်က ရေထဲသို့ ရောက်သွားသည့်အခါ၌ လုချင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။

သူ၏နောက်ရှိ ကမ်းပါးပေါ်မှ ကလေးများကလည်း အသက်အောင့်ကာ စိတ်လှုပ်ရှားစွာဖြင့် အနီးကပ်ကြည့်ရှုနေကြ၏။

မကြာမီမှာပဲ ငါးမျှားကြိုးတွင် ချည်ထားသော သစ်သားခြောက်လေးသည် ရေမျက်နှာပြင်ပေါ်၌ အနည်းငယ် လှုပ်ရှားလာသည်ကို သူတို့ မြင်လိုက်ကြရ၏။

ကလေးများက ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

လုချင်းတစ်ယောက်သာ အေးဆေးတည်ငြိမ်စွာဖြင့် သစ်သားခြောက်တုန်ခါမှုကို ကြည့်နေ၏။

သစ်သားခြောက်သည် ရုတ်တရက် ရေထဲသို့ သိသိသာသာနစ်ဝင်သွားမှသာ သူက ငါးမျှားတံကို လျင်မြန်စွာ ဆွဲတင်လိုက်သည်။

ထိုအခါ ဖြူဖွေးသော အရာတစ်ခုက ရေထဲမှ ပေါ်ထွက်လာ၏။

လူတိုင်း ရှင်းရှင်းလင်းလင်းမြင်ရသည့်အချိန်၌ လက်နှစ်ချောင်းစာခန့်ရှိသော ငါးဖြူလေးတစ်ကောင်သည် ချိတ်တွင် မိနေပြီ ဖြစ်သည်။

“တကယ် ငါးမိတာပဲ!”

အမြီးတဖျတ်ဖျတ်ခါပြီး ချိတ်ပေါ်၌ ခုန်ပေါက်နေသော ငါးဖြူလေးကို မြင်ရသောအခါ ကလေးများက အံ့အားသင့်သွားကြသည်။

ရှောင်ယန်က ခုန်ပေါက်ပြီး ဟစ်အော်လိုက်၏။ “အစ်ကို ငါးမိတယ်! ငါးကြီးကြီး!”

လုချင်းလည်း ပြုံးလိုက်သည်။

ကံကောင်းစွာနှင့် သူ၏ငါးဖမ်းစွမ်းရည်များ မပျောက်ဆုံးသေးပေ။ ပထမဆုံးအကြိမ် ငါးမျှားခြင်း၌ပင် တစ်ကောင်မိသွား၏။ မဟုတ်ပါက ကလေးများရှေ့၌ အရှက်ကွဲပေလိမ့်မည်။

ငါးကို ချိတ်မှဖယ်ပြီးနောက် လုချင်းက အနီးကပ်ကြည့်ရှုသည်။

ဤငါးဖြူလေးသည် သူ၏အရင်ဘဝ၌ ဖမ်းခဲ့ဖူးသော ငါးဖြူစင်းနှင့် အတော်လေး ဆင်တူနေ၏။

မကြာမီ ငါး၏ကိုယ်မှ သဲ့သဲ့လေးဖြစ်သော မီးခိုးရောင်အလင်းတစ်ချို့ ထွက်ပေါ်လာ၏။

[ငါးဖြူလေး၊ စား၍ရသည်။ အာဟာရဓာတ်ကောင်းကောင်း ရရှိနိုင်ဖွယ်ရှိသည်။]

“စား၍ရသည်” ဟူသောစကားလုံးကို မြင်သောအခါ လုချင်းက ချက်ချင်းပင် စိတ်သက်သာရာရသွား၏။

စားလို့ရတယ်ဆိုရင်တော့ ဒီနေ့အတွက် စားဖို့သောက်ဖို့ကိစ္စကို စိတ်ချရပြီလေ။

သူသည် ပုံးထဲသို့ ရေအနည်းငယ်ထည့်ကာ ငါးကို ထည့်လိုက်ပြီးနောက် သူ့နောက်မှ ကလေးများ၏ စိတ်လှုပ်ရှားသော ဟစ်အော်သံများကို မတတ်သာစွာ နားထောင်နေရ၏။

“တိတ်တိတ်နေကြ။ မဟုတ်ရင် ငါးတွေလန့်သွားလိမ့်မယ်”

ထိုစကားကိုကြားသောအခါမှ ကလေးများက သူတို့၏ပါးစပ်ကို အမြန်ပိတ်လိုက်ကြပြီး ဆူပူရန် မဝံ့တော့ပေ။

သို့သော် သူတို့၏ စိတ်လှုပ်ရှားမှုမှာ သူတို့၏မျက်လုံးများထဲတွင် ထင်ရှားစွာ မြင်နေရသည်။

လုချင်း တကယ်ငါးဖမ်းနိုင်သည်ကို မြင်သောအခါ သူတို့သည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏စိတ်နှလုံးများက စိတ်လှုပ်ရှားမှုအပြည့်နှင့် ပြည့်နေ၏။

သို့သော် နောက်ဆက်တွဲဖြစ်ရပ်များက စိတ်လှုပ်ရှားမှု၏ အစစ်အမှန်ကို သူတို့အား ပြသခဲ့သည်။

လုချင်းသည် နောက်ထပ်တီကောင်တစ်ကောင်ကို ချိတ်တွင် ထည့်လိုက်ပြီး ရေထဲ၌ ခဏသာ ပစ်ချလိုက်ရသေးသည် ၊ မကြာခင်မှာပဲ ငါးဖြူလေး နောက်တစ်ကောင်ကို ဆွဲတင်လိုက်ပြန်သည်။

ထိုအချိန်မှစ၍ လုချင်းသည် ငါးများကို ဆက်တိုက်ဖမ်းမိနေ၏။

ငါးငယ်လေးတစ်ကောင်ပြီးတစ်ကောင်ကို အပင်ပန်းခံစရာမလိုဘဲ ရရှိနေ၏။ ရေထဲမှ ငါးများကို ဆွဲထုတ်နေသကဲ့သို့ပင်။

သူဖမ်းမိသောငါးများမှာ ငါးဖြူလေးများသာမက အခြားငါးအမျိုးအစားများလည်း ပါဝင်၏။

ငါးဝါရိုး၊ မြစ်ပုဇွန်ငယ်များနှင့် အခြားများစွာကိုလည်း များပြားစွာ ဖမ်းမိခဲ့သည်။

သူ့နောက်ရှိ ကလေးများက ငါးများလန့်သွားမည်စိုး၍ သူတို့၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရသော်လည်း အလွန်ပျော်ရွှင်နေကြသည်။

ဝါးပုံးထဲသို့ လက်ကို ထပ်ထည့်လိုက်သောအခါ ပုံးသည် ဗလာနီးပါးဖြစ်နေပြီ ဖြစ်၏။

အထဲသို့ ကြည့်လိုက်သောအခါ တီကောင်အများစုကို အသုံးပြုပြီးဖြစ်၍ အောက်ခြေ၌ အနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရ၏။

အနီးရှိ သစ်သားပုံးကို လှမ်းကြည့်လိုက်သောအခါ ငါးများဖြင့် ပြည့်နေပြီဖြစ်၏။

သူ မပြုံးဘဲ မနေနိုင်တော့ပေ။

ဤမျှ စိတ်ကျေနပ်စရာကောင်းသော ငါးဖမ်းအတွေ့အကြုံကို မရရှိသည်မှာ ကြာခဲ့ပြီပင်။

ဤကမ္ဘာသစ်သည် ၎င်း၏သန့်ရှင်းစင်ကြယ်သော ပတ်ဝန်းကျင်ကြောင့် ငါးများလည်း ကွဲပြားခြားနားနေခြင်းဖြစ်မည်။

ငါးများသည် အင်အားပြည့်ဝနေကြသည်။ ငါးငယ်လေးများကိုပင် ဆွဲတင်လိုက်သည့်အခါ အားကောင်းသော ခံစားမှုမျိုးကို ရရှိစေ၏။

တစ်ချိန်တည်းတွင် သူ အနည်းငယ်ကံကောင်းသည်ဟု ခံစားရသည်။

ဤငါးဖမ်းနေရာကို ရွေးချယ်ခြင်းသည် ပညာသားပါသော ဆုံးဖြတ်ချက်တစ်ခုပင်။ အကယ်၍ အခြားနေရာနှစ်ခုထဲမှ တစ်ခုခုကို သွားခဲ့ပါက ငါးကြီးတစ်ကောင်ကြောင့် ငါးမျှားကြိုး ပြတ်သွားနိုင်ပေသည်။

တီကောင်များ ကုန်ခါနီးဖြစ်ပြီး ငါးစာဟပ်မိနှုန်းကျဆင်းလာသည်ကို မြင်သောအခါ လုချင်းသည် ငါးဖမ်းခြင်းကို ရပ်တန့်ရန် အချိန်တန်ပြီဟု သိလိုက်သည်။

သူ ဆက်လက်မျှားနေပါက ဤနေရာရှိ ငါးငယ်လေးများကို အားလုံးရှင်းပစ်လိုက်သလို ဖြစ်သွားလိမ့်မည်။

ငါးများ ပြန်လည်စုဝေးရန် အချိန်လိုအပ်သည်။

ဤသို့တွေးရင်း လုချင်းသည် ငါးမျှားတံကို စတင်သိမ်းဆည်းပြီး ကျန်ရှိသော တီကောင်များကို ရေထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် သစ်သားပုံးကို ကောက်ယူကာ ကမ်းပါးပေါ်သို့ ပြန်တက်လာ၏။

ကလေးများ၏ မျက်လုံးများက သူ့ကို ချဉ်းကပ်လာသည်ကို အံ့သြစွာ ကြည့်နေကြသည်။

သူ ရောက်လာသည်ကို မြင်သောအခါ သူတို့ ချက်ချင်းဝိုင်းအုံလာကြသည်။

သူတို့သည် ငါးအပြည့်ပါသော ပုံးကို အံ့သြတကြီး ကြည့်နေကြသည်။

“အစ်ကိုလုချင်းက တော်လိုက်တာဗျာ! ငါးအများကြီး မိတယ်!”

“ငါးတွေ အများကြီးပဲ၊ အကုန်စားဖို့ဆို ဘယ်လောက်ကြာမှာလဲ”

“ဝါးတံနဲ့ ငါးဖမ်းလို့ တကယ်ရတာပဲနော်!”

“အစ်ကို အစ်ကို! ငါးတွေ အများကြီး!”

ရှောင်ယန်က ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး သူမ၏မျက်နှာမှာ ပျော်ရွှင်မှုကြောင့် နီရဲနေ၏။

“ဘာမှမဖြစ်ပါဘူး။ ငါးတွေက နည်းနည်းသေးနေလို့ပါ” လုချင်းက နှိမ့်ချစွာ ပြော၏။

ကလေးများ အနည်းငယ် တည်ငြိမ်သွားသောအခါ လုချင်းက ထပ်ပြောလိုက်သည်။ “မင်းတို့ ဒီပုံးကို အိမ်ဆီ ကူသယ်ပေးကြလေ။ ဒါဆို လူတိုင်းကို ငါးဝေပေးမယ်”

သူ ဖမ်းမိသောငါးများသည် ၇-၈ ပေါင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ပုံးနှင့် ရေပါပါက အတော်လေးလေးလံပါ၏။

သူ၏ခန္ဓာကိုယ်မှာ အားနည်းနေဆဲဖြစ်ပြီး ခဏတာလောက်အထိ သယ်နိုင်သော်လည်း ရွာအထိတော့ သယ်၍ ပြန်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူ့အတွက်နှင့် ရှောင်ယန်အတွက်သာဆိုပါက တစ်နပ် နှစ်နပ်စားရန်အတွက် ဤငါးများက အလွန်များပြားနေ၏။

ငါးငယ်လေးများက အလွယ်တကူ သေဆုံးတတ်သည့်အပြင် အိမ်တွင် သိုလှောင်ရန် သင့်လျော်သောအခြေအနေမရှိသဖြင့် ဝေမျှပေးခြင်းက ပိုကောင်းပါ၏။

“ဟုတ်ကဲ့ပါ အစ်ကိုလုချင်း”

ငါးရမည်ကို ကြားသောအခါ ကလေးများက ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

နှစ်ဦးက ပုံးကို အလွယ်တကူ မလိုက်ကြသည်။

ပုံးကို မသယ်ရသည့် ကလေးများကတော့ စိတ်ပျက်ဝမ်းနည်းမှုကြောင့် မျက်ရည်ပင်ကျလုနီးပါးဖြစ်နေ၏။

လုချင်းသည် ဝင်ရောက်ဖြေရှင်းလိုက်ကာ သူတို့ကို အလှည့်ကျပုံးသယ်စေရန် စီစဉ်ပေးပြီးနောက် နောက်ဆုံးတွင်တော့ အငြင်းပွားမှုလည်း ပြီးဆုံးသွားသည်။

ကလေးများသည် ပုံးကိုသယ်ဆောင်ကာ ရွာသို့ပြန်ခဲ့ကြသည်။

ကလေးများ၏ စိတ်လှုပ်ရှားဖွယ်စကားပြောသံများက ရွာသားအချို့ကို သူတို့၏အိမ်များမှ ထွက်လာစေပြီး ဘာဖြစ်နေသည်ကို ကြည့်ရှုစေ၏။

မြင်ကွင်းကိုမြင်ရသောအခါ သူတို့ အံ့အားသင့်သွားကြသည်။

“လုချင်းက တကယ်ပဲ ငါးဖမ်းသွားတာပဲ၊ ပြီးတော့ ဖမ်းမိတဲ့ငါးတွေကလည်း အများကြီးပဲ!”

လုချင်း ငါးဖမ်းနေစဉ်အတွင်း၌ပင် သူ နေမကောင်းရာမှ သက်သာလာပြီဟူသော သတင်းသည် ရွာ၌ ပျံ့နှံ့နေပြီဖြစ်၏။

ရွာသားများစွာက သူ မြစ်သို့ ငါးဖမ်းသွားသည်ကို သိကြသည်။

သို့သော် သူ ဤမျှငါးများများ ဖမ်းလာနိုင်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။

ပုံးကိုကြည့်ရသည်မှာ အနည်းဆုံး ငါး ၁၀ ပေါင်ခန့် ရှိပုံရ၏။

လုချင်းတစ်ယောက် ဒီလိုမျိုးစွမ်းရည်ကို ဘယ်အချိန်ကများ သင်ယူခဲ့တာပါလိမ့်နော်။

သိလိုစိတ်ကြောင့် ရွာသားများစွာမှာ ၊ အထူးသဖြင့် ငါးဖမ်းဖူးသူများက လုချင်း ဤမျှငါးများများ ဖမ်းနိုင်သည့်လျှို့ဝှက်ချက်ကို သိလိုကြ၏။

သိလိုစိတ်ကြောင့် ရွာသားအချို့သည် သူတို့နောက်မှ လိုက်ရင်း လုချင်း၏အိမ်သို့ လိုက်သွားကြတော့သည်။

All Chapters