← Chapters

ဆန်ချေးငှားခြင်း

Vol. 1 Ch. 6

ဆန်ချေးငှားခြင်း

Vol. 1 Ch. 6

အိမ်သို့ပြန်ရောက်သောအခါ ကလေးများ၏ စိတ်အားထက်သန်သော မျက်လုံးများကို ရင်ဆိုင်လိုက်ရတာကြောင့် လုချင်းမှာလည်း အချိန်မဆွဲတော့ဘဲ ငါးများကို ချက်ချင်းစတင်ဝေငှလိုက်လေသည်။

သူက နောက်ဖေးရှိ ပိန်းပင်နောက်သို့သွားပြီး ငှက်ပျောရွက်နှစ်ရွက်ကို ခူးကာ အပိုင်းများစွာ ဖြတ်လိုက်၏။

သူက ကလေးတစ်ဦးစီအား ငါးအနည်းငယ်စီ ပေးလိုက်၏။ တစ်ယောက်လျှင် ငါးတစ်ပေါင်၏ တစ်ဝက်ခန့်လောက်တော့ ရှိလိမ့်မည်။

ငါးက များများစားစား မဟုတ်သော်လည်း ကလေးများကတော့ အလွန်ပျော်ရွှင်နေကြသည်။

ငါးရရှိပြီးနောက် ကလေးတစ်ဦးစီက မုန့်ဖိုးရသလိုမျိုး ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်ပြေးသွားကြ၏။

လုချင်း ငါးဝေပြီးသည်ကို မြင်သောအခါ ရွာသားများက သူ့အနားသို့ ချဉ်းကပ်လာကြသည်။

“လုချင်း၊ မင်း ငါးတွေကို တစ်ပြိုင်နက်တည်း ဒီလောက်အများကြီး ဘယ်လိုဖမ်းခဲ့တာလဲ”

“ကံကောင်းသွားလို့နေမှာပါဗျာ” လုချင်း ပြုံးလိုက်သည်။ “ကျွန်တော်သုံးတဲ့ ငါးစာက ငါးတွေကို တော်တော်လေး ဆွဲဆောင်နိုင်ခဲ့တာကြောင့်နေမယ်။”

“မင်း ဘာငါးစာသုံးတာလဲ”

“လယ်ကွက်ထဲက တီကောင်တွေလေ။”

လုချင်းက ဘာကိုမှ မဖုံးကွယ်ဘဲ အမှန်အတိုင်းပြောပြလိုက်၏။

သို့သော် သူ မပြောဘဲနေရင်တောင် ရွာသားများက မကြာမီ သိရှိသွားကြပေလိမ့်မည်ပင်။

သူ ငါးဖမ်းနေတုံးက သူ့နောက်မှာရှိနေတဲ့ ကလေးအုပ်က တစ်ချိန်လုံး ကြည့်နေခဲ့တာကို။

ထိုသို့ဖြစ်လောက်မည်ဆိုပါက သူ့အနေနှင့် ရက်ရောစွာ ပြုမူခြင်းက ကပ်စေးနည်းသူဟု အခေါ်ခံရခြင်းထက်စာရင် ကောင်းပါသည်ပင်။

“တီကောင်တွေကို ငါးစာအဖြစ်သုံးလို့ရတယ်လား။” ရွာသားများက အံ့အားသင့်သွားကြသည်။

“ဟုတ်တယ်။ ငါးတွေက အဲဒါကို တော်တော်လေးကြိုက်ကြတယ်ဗျာ့”

ရွာသားများက တီကောင်များကို ငါးဖမ်းရာတွင် အသုံးပြုနိုင်သည်ကို မသိကြသည်မှာ လုချင်းအတွက် အံ့သြစရာမဟုတ်ပေ။

မူလကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အရ သူ ရောက်နေသောကမ္ဘာသည် ရှေးခေတ်တရုတ်ပြည်နှင့် ဆင်တူကြောင်း သူ အကြမ်းဖျင်း ကောက်ချက်ချလိုက်၏။

ဤသို့သော ရှေးခေတ် ၊ မြေရှင်ကျွန်စနစ်ခေတ်၌ သယ်ယူပို့ဆောင်ရေးက အဆင်မပြေဘဲ သတင်းအချက်အလက်များကလည်း အဆက်အသွယ်ပြတ်တောက်နေ၏။

လူတို့သည် အကြောင်းရာသစ်များနှင့်ပတ်သက်၍ သတိထားတတ်ပြီး ရှေးရိုးစွဲနေတတ်ကာ လွယ်လွယ်ကူကူ စမ်းသပ်ကြမည်မဟုတ်ပေ။

နေရာတစ်နေရာတွင် ရှိတတ်သည့် သာမန်အသိပညာတစ်ခုက အခြားတစ်နေရာတွင် မရှိတတ်သည်မှာ ပုံမှန်ပင်ဖြစ်၏။

ထို့ကြောင့် ရွာထဲတွင် ငါးဖမ်းရာ၌ ကျွမ်းကျင်သူတစ်ဦးမှ မရှိသဖြင့် ငါးက တီကောင်စားတတ်သည်ကို သူတို့မသိသည်မှာ ပုံမှန်ပင်။

“အဲဒါကြောင့် ငါတို့ အရင်က ငါးဖမ်းတုန်းက ငါးမရတာနေမယ်။ ဒါဆို ငါးစာမှားသုံးခဲ့လို့ပေါ့” ရွာသားတစ်ဦးက သက်ပြင်းချလိုက်၏။

“လုချင်း၊ မင်းအဖေက ဒီနည်းလမ်းကို ပြောပြခဲ့တာလား”

လုချင်း ခဏမျှတွေဝေနေပြီးမှ ခေါင်းညိတ်လိုက်သည်။ “အဖေပြောဖူးတာကို ကျွန်တော် မှတ်မိနေလို့ပါ။ ဒီနေ့ ရှောင်ယန်က ဗိုက်ဆာတယ်လို့ ပြောနေတာနဲ့ အိမ်မှာလည်း စားစရာမရှိတော့ ဒီနည်းလမ်းကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာလေ။ ငါးတွေ တကယ်မိလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူးပေါ့ဗျာ”

ရွာသားသည် ခဏမျှ အံ့အားသင့်သွားပြီး ရှောင်ယန်ကို ကြည့်လိုက်သည်။

ကလေးမလေးကတော့ ပုံးနားတွင် ထိုင်ပြီး ငါးများကို ကြည့်နေသည်။ ရွာသား၏အကြည့်ကို ခံစားမိသဖြင့် သူမက မော့ကြည့်ပြီး ချက်ချင်းပင် အပြုံးကျယ်ကြီး ပြုံးပြ၏။

ရွာသားမှာ စိတ်ထိခိုက်သွားပြီး ပိန်လှီနေသော လုချင်းကို သနားသောမျက်လုံးဖြင့် ကြည့်၏။

“အခု ဘာလုပ်မလဲ။ ငါးပဲ စားလို့မရဘူးလေ၊ အစာအိမ်အတွက် မကောင်းဘူး”

“ဦးလေးတို့နဲ့ ဆွေးနွေးချင်တာရှိလို့ပါ” လုချင်းက ရိုးသားစွာ ပြော၏။ “ကျွန်တော်တို့အိမ်အခြေအနေကို သိတဲ့အတိုင်းပါပဲ။ ဆန်တွေ လုံးဝမရှိတော့ဘူး။ အဲ့တာကြောင့် ဦးလေးတို့ဆီက ဆန်နဲ့ ဆီနည်းနည်းချေးချင်လို့ပါ။ ကျွန်တော် အလုပ်ရရင် နှစ်ဆပြန်ဆပ်ပါ့မယ်”

“မင်း ဘာတွေပြောနေတာလဲ။ ငါတို့အားလုံးက တစ်ရွာတည်းသားချင်းတွေပဲဟာ။ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပေါ့။ ဆန်နည်းနည်းပဲဟာကို။ မကြာခင် ရှန်ပေါ် သွားယူပေးလိမ့်မယ်!”

ရွာသားက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ပြီး အသံကို ပိုကျယ်လိုက်သည်။

ထိုစကားကို ကြားသောအခါ အခြားရွာသားများကလည်း လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ပေ။

“မှန်တယ်။ ဆန်နည်းနည်းပဲဟာကို၊ ငါ သွားယူပေးမယ်!”

“ငါ အရင်တစ်ခါစျေးသွားတုံးက ဆားအများကြီး ဝယ်ထားမိတယ်။ ဆားကိုတော့ ငါ့ဆီက ယူလိုက်”

“ငါတို့အိမ်မှာ ဆီအများကြီးရှိတယ်။ ငါ သွားယူပေးမယ်!”

ရွာသားအချို့က ရင်ဘတ်ကိုပုတ်ကာ ရက်ရောစွာ ပြောဆိုလာကြ၏။

လုချင်းက အလွန်ဝမ်းသာသွားသည်။ “ကျေးဇူးတင်ပါတယ် ဦးလေးတို့”

“ဒီမှာပဲ စောင့်နေ၊ လုချင်း။ ငါ ဆန်သွားယူလိုက်ဦးမယ်”

ရှန်ပေါ်က ပထမဆုံး ထွက်သွားပြီး အခြားရွာသားများကလည်း နောက်မှလိုက်သွားကြသည်။

မကြာခင်မှာပဲ သူတို့သည် လုချင်း၏ခြံဝန်းသို့ ပြန်လာကြ၏။

“ဒီမှာ၊ ဒီ ထက်ဝက်ပါတဲ့ ဆန်အိတ်လေးက မင်းနဲ့ ရှောင်ယန်အတွက် ခဏလောက်တော့ လုံလောက်မှာပါ။ နောက်ထပ်လိုရင် ရှန်ပေါ်ကိုသာ ပြောလိုက်!”

“လုချင်း၊ ဒီဝက်ဆီပုလင်းတစ်ဝက်လောက်ဆို မင်းအတွက် ခဏလောက် လုံလောက်တယ်မဟုတ်လား”

“ဒီမှာ မင်းအတွက်။ ဒီဝါးပုံးသေးသေးလေးထဲမှာ ဆားနည်းနည်းပါတယ်”

“ငါ့မိန်းမ မနက်ကလုပ်ထားတဲ့ မုန့်ပေါင်းနည်းနည်းရှိတယ်။ အဲ့တာက အကြာကြီးခံပြီး ဗိုက်လည်းအတော်ပြည့်တယ်။ လုံလောက်တယ်မလား။”

ရွာသားများ ယူလာသော အရာများကို ကြည့်ရင်း လုချင်းက အလွန်ဟတ်ထိမိသွားသည်။

သူက ထပ်ခါတလဲလဲ ဦးညွှတ်လိုက်သည်။ “ဒါက လုံလောက်တာထက်တောင် ပိုပါသေးတယ်။ ကျေးဇူးတင်ပါတယ် ဦးလေးတို့”

ထို့နောက် သူသည် ပုံးထဲမှ ငါးငယ်အနည်းငယ်ကို အစုအပုံများစွာ ခွဲလိုက်သည်။

တစ်ခဏအတွင်းမှာပဲ ပုံးထဲရှိ ငါးတစ်ဝက်ကျော်ခန့် ကုန်သွား၏။

“ကျေးဇူးတင်တဲ့အနေနဲ့ ဒီငါးလေးတွေကို ယူသွားပေးပါ”

ရွာသားများက လက်ကာပြကြသည်။ “ငါတို့ ဘယ်လိုလုပ်ယူရဲမှာလဲ။ ဒီငါးတွေက မင်း ပင်ပင်ပန်းပန်းနဲ့ ရလာတာလေ။ မင်းနဲ့ ရှောင်ယန်အတွက်ပဲ သိမ်းထားပါ”

“ရှောင်ယန်နဲ့ ကျွန်တော်က ဒီလောက်အများကြီး မစားနိုင်ပါဘူး။ ရာသီဥတုက ပူတယ်။ ငါးတွေလည်း အကြာကြီးမခံဘူး။ အိမ်မှာ ကြက်၊ ဘဲတွေလည်း မရှိတော့ အလွယ်တကူ ပုပ်သွားနိုင်တယ်။ အလဟဿ မဖြစ်အောင် ယူသွားပေးပါ”

သူတို့ ပြန်ဖြေတာကိုပင် မစောင့်ဘဲ လုချင်းသည် အရွက်ဖြင့်ထုပ်ထားသော ငါးများကို ရွာသားများအား ပေးလိုက်၏။

“အင်း... ကောင်းပြီလေ။ ဒါဆို ငါတို့လည်း မငြင်းတော့ဘူး”

သူတို့၏ အပိုဆောင်းဆန်များကို ပေးခဲ့ကြသော ရွာသားများက ငါးများရရှိပြီးနောက် ပို၍စိတ်သက်သာရာ ရသွားကြသည်။

ရွာသားများကို ပြန်ပို့ပြီးနောက် လုချင်း သက်ပြင်းချလိုက်သည်။

သူ ကံကောင်းသည်ဟု ခံစားရ၏။

ကံကောင်းစွာဖြင့် ရွာသားများက ကြင်နာတတ်ကြသည်။ မဟုတ်ပါက သူ ဆန်တောင်းရန်ပင် မရဲဝံ့ပေ။

ယခု ဤအစားအစာများရှိနေသဖြင့် သူနှင့် ရှောင်ယန်တို့သည် နောက် ၁၀ ရက်လောက်အတွက်ကတော့ အစားအစာအတွက် စိတ်ပူစရာမလိုတော့ပေ။

ဤအချိန်အတွင်း သူ ဤကမ္ဘာတွင် မည်သို့ရှင်သန်ရမည်ကို စဉ်းစားရပေမည်။

“အစ်ကို၊ ဒီမုန့်ပေါင်းတွေက အနံ့လေး မွှေးလိုက်တာ”

လုချင်း တွေးနေစဉ် ရှောင်ယန်၏အသံက ဝင်ရောက်လာ၏။

အောက်သို့ကြည့်လိုက်သော် ကလေးမလေးက မြေကြီးပေါ်တွင် ထိုင်နေပြီး ရွာသားတစ်ဦး ယူလာပေးသော မုန့်ပေါင်းကို ကြည့်ကာ သွားရည်ကျနေသည်ကို သူ တွေ့လိုက်ရ၏။

ထိုအခါ သူသည် မုန့်ပေါင်းကို အပိုင်းသေးသေးလေး တစ်ပိုင်းဖြဲကာ ရှောင်ယန်အား ပေးလိုက်သည်။

“အလိမ္မာတုံးလေး၊ ရှောင်ယန်။ ဒါကို စားနှင့်နော်။ အစ်ကို ထမင်းချက်လိုက်ဦးမယ်”

“ဟုတ် အစ်ကို!”

ရှောင်ယန်က နာခံစွာ ခေါင်းညိတ်ပြီးနောက် မုန့်ပေါင်းအပိုင်းအစကို ပျော်ရွှင်စွာဖြငိ့ ကိုက်စားလိုက်တော့၏။

ကလေးမလေးကို စိတ်အေးအောင်လုပ်ပြီးနောက် လုချင်းက မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေတော့သည်။

ပထမဆုံး ဆန်ကို ဆေးပြီး ရေဆူဆူဖြင့် ချက်ရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ငါးငယ်များကို သန့်စင်ပြီး အူထုတ်လိုက်၏။

ငါးကြော်ရန် အသင့်ဖြစ်သောအခါ၌ ပြဿနာတစ်ခုကို သူ သတိပြုမိသွားသည်။

မီးဖိုခန်းတွင် ဒယ်အိုးမရှိတော့ပေ။

လုချင်း ပြန်စဉ်းစားလိုက်သောအခါ မူလပိုင်ရှင်က လွန်ခဲ့သည့်တစ်ပတ်ခန့်က ဆန်ဝယ်ဖို့အတွက်ဘသံဒယ်အိုးကို ရောင်းချခဲ့သည်ကို သူ မှတ်မိသွားသည်။

ယခု ဆန်ချက်ရန်အတွက် ရွှံ့အိုးသာ ကျန်ရှိပြီး ချက်ပြုတ်ရန်အတွက် ဒယ်အိုးမရှိတော့ပေ။

သက်ပြင်းချလိုက်ပြီးနောက် လုချင်းသည် အပြင်သို့ထွက်ကာ ကျောက်ပြားပြားတစ်ခုကို ရှာလိုက်၏။ ၎င်းကို သန့်စင်ပြီးနောက် မီးအပေါ်တွင် အပူပေးလိုက်သည်။

ကျောက်ပြားပူလာသောအခါ ရွာသားတစ်ဦး ယူလာပေးသော ဝက်ဆီအိုးထဲမှ ဝက်ဆီအနည်းငယ်ကို သတိထား၍ ခပ်ယူလိုက်၏။

ဝက်ဆီသည် ကျောက်ပြားပေါ်သို့ ကျသည်နှင့် အသံမြည်ကာ အရည်ပျော်သွားပြီးနောက် မွှေးကြိုင်သောအနံ့များ ထွက်ပေါ်လာစေခဲ့သည်။

All Chapters