ဗိုက်ပြည့်ဝခြင်းနှင့် အနာဂတ်အတွက် စဉ်းစားခြင်း
Vol. 1 Ch. 7
ဆီများ အဆင်သင့်ဖြစ်သည်ကိုမြင်သောအခါ လုချင်းက ငါးငယ်များကို ကျောက်ပြားပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် တင်လိုက်ကာ ဖြည်းဖြည်းချင်း ကြော်နေ၏။
တကယ်တော့ ဆီထဲသို့ ဆားအနည်းငယ်ထည့်ပြီးမှ ကြော်လျှင် ပိုကောင်းမည်။ ငါးများ ကျောက်ပြားနှင့် မကပ်အောင် တားဆီးပေးသောကြောင့်ပင်။
သို့သော် လုချင်းမှာ ရွာသားဦးလေး ယူလာပေးသော ဆားပွင့်လေးများက အတော်လေးကြီးနေသည်ကို တွေ့လိုက်ရသဖြင့် ငါးကြော်ရန် မသင့်တော်သည်ကို သတိပြုမိသွားသည်။
အပူကို ဂရုတစိုက်ထိန်းချုပ်ကာ လုချင်းသည် ငါးများကို ဖြည်းဖြည်းချင်း ကြော်နေ၏။
ဆွဲဆောင်မှုရှိသော အနံ့က မုန့်ပေါင်းစားပြီးသွားပြီဖြစ်သော ရှောင်ယန်ကို ဆွဲဆောင်လိုက်ပြီး သူမအား ကျောက်ပြားပေါ်ရှိ ငါးများကို စူးစိုက်ကြည့်နေစေသည်။
ဤသို့မြင်ရသောအခါ လုချင်းက စိတ်မကောင်းဖြစ်သွားသည်။
သူက ကလေးမလေး၏ ဆံပင်ကို ထိုးဖွလိုက်ရင်း ခေါင်းပုတ်ပေးလိုက်၏။
“ရှောင်ယန်၊ ခဏလောက်စောင့်ဦး။ မကြာခင် ရတော့မယ်နော်။”
“ဟုတ်ကဲ့!” ရှောင်ယန်က နာခံစွာ ခေါင်းညိတ်သည်။ “ကိုကို ငါးတွေက အနံ့ကောင်းလိုက်တာ”
“အနံ့ကောင်းရင် နောက်မှ အများကြီးစားပေါ့။ ဒီနေ့တော့ ကိုကိုတို့ ဗိုက်ပြည့်ရုံလောက် လုံလုံလောက်လောက် ငါးဖမ်းမိလာတာမို့ အကုန်စားရမယ်နော်။”
အိုးထဲမှ ထမင်းများ ကျက်သောအခါ လုချင်းသည်လည်း ငါးကြော်ခြင်းကို ပြီးလုနီးပါးဖြစ်နေပြီပင်။
သူသည် ငါးများကိုယူပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ထို့နောက်မှ သူသည် ဆားရေအချို့ကို ဆူအောင်တည်ပြီး ငါးပေါ်သို့ ဆမ်းလိုက်၏။
ထိုအခါ ရိုးရှင်းသော ဆားရေဆမ်းငါးကြော်ဟင်းလျာတစ်မျိုး အဆင်သင့်ဖြစ်သွားခဲ့ပြီပင်။
လုချင်းသည် ထမင်းနှစ်ပန်းကန်ထည့်ကာ စားပွဲပေါ်တင်လိုက်သည်။
“ရှောင်ယန်၊ ထမင်းစားလို့ရပြီ။”
“ညီမလေး လာပြီ”
ကလေးမလေးသည် စားပွဲတွင် အသင့်စောင့်နေခဲ့ပြီပင်။
လုချင်းက ခုံတွင် ကုလားထိုင်သေးသေးလေး တစ်လုံးထပ်တင်လိုက်ပြီးကာမှ သူမကို ထိုပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူမ၏ပန်းကန်လုံးကို သူမနား၌ ချပေးလိုက်ကာ အရိုးမများသော ငါးငယ်လေးအနည်းငယ်ကို သူမ၏ထမင်းပေါ်သို့ တင်ပေးလိုက်သည်။
“စားတော့၊ ကလေးလေး။ အရိုးတွေကို ထွေးထုတ်ဖို့ သတိထားဦး။ ဒါမှ ငါးအရိုးမဆူးမှာ။”
“သိပါတယ် ကိုကိုကလည်း”
သွားရည်ကျနေခဲ့သော ကလေးမလေးသည် ငါးကြော်လေးတစ်ကောင်ကို ချက်ချင်းကောက်ယူကာ ပါးစပ်ထဲထည့်လိုက်ပြီးနောက် ကြွက်တစ်ကောင်ကဲ့သို့ အလျင်အမြန် ဝါးနေ၏။
ကံကောင်းစွာဖြင့် လုချင်းက အရိုးမများသော ငါးများကို သူမကို ပေးခဲ့မိလို့သာ ၊ မဟုတ်ပါက သူမ ငါးအရိုးဆူးသွားနိုင်ပါသည်။
ငါးကြော်တစ်ကောင်ကို စားပြီးနောက်တွင်တော့ ကလေးမလေး၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။
“ကိုကို၊ ဒီငါးက အရမ်းအရသာရှိတာပဲ။ အမေ ချက်တာထက်တောင် ပိုကောင်းသေးတယ်!”
ထိုစကားကို ကြားသောအခါ၌ လုချင်းမှာ ပျော်ရွှင်ရမည့်အစား အနည်းငယ်ဝမ်းနည်းမိသွားပါ၏။
ဤငါးတွင် ဆီနှင့် ဆားရေအနည်းငယ်သာ ပါဝင်၏။ ဆီချွေတာရန်အတွက် ကြော်နေစဉ်အတွင်း၌ပင် ဆအများကြီးသုံးရန် သူ မဝံ့ရဲခဲ့ပေ။
ဤမျှရိုးရှင်းသော ငါးကြော်က မည်မျှပင် အရသာကောင်းစေကာမူ ထိုမျှအရသာရှိသည်ဟု ဆိုနိုင်မည်မဟုတ်။
လူတစ်ဦးသည် ဗိုက်ဆာသောအခါ အရာအားလုံးကလည်း အရသာရှိနေတတ်သည်။
ဤမျှရိုးရှင်းသော ဟင်းလျာကိုပင် အလွန်အရသာရှိသည်ဟု ရှောင်ယန်က ပြောနိုင်သည်မှာ သူမ ဤကာလအတွင်း မည်မျှပင်ပန်းခဲ့သည်ကို စဉ်းစားဖို့ပင် ခက်ခဲလွန်းလှပေ၏။
သို့သော် လုချင်းက မည်သည့်အမူအရာမျှ မပြပေ။ သူက ပြုံးရုံသာ ပြုံးပြီး “ကောင်းတယ်ဆိုရင် ပိုစားပေါ့၊ ရှောင်ယန်လေးရဲ့။”
“ဟုတ်ကဲ့!”
ကလေးမလေးသည် ငါးကြော်ကို ပါးစပ်အပြည့် ကိုက်စားလိုက်သည့်အခါ၌ သူမ၏ပါးများက ဖောင်းလာကာ စကားမပြောနိုင်တော့ဘဲ ခေါင်းသာညိတ်ပြနေ၏။
လုချင်းက ပြုံးပြီး ငါးတစ်ဖတ်ကို စားလိုက်သည်။
ငါးတစ်ကောင်ကို စားပြီးနောက် သူ မျက်ခုံးပင့်လိုက်၏။
ငါးက သူ ထင်ထားသလောက် မဆိုးပေ။
ရှေးခေတ်ပတ်ဝန်းကျင်က ညစ်ညမ်းခြင်းမရှိသောကြောင့် မြစ်ထဲရှိ ငါးများက အလွန်ကောင်းနေခြင်းဖြစ်နိုင်၏။
ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်များ မပါသော်လည်း ငါးက လတ်ဆတ်ပြီး အရသာရှိကာ ၎င်း၏ထူးခြားသော အရသာကို ပေးစွမ်း၏။
မောင်နှမနှစ်ယောက်စလုံးက အလွန်ဆာလောင်နေကြ၍ အလျင်အမြန် စားသောက်ကြသည်။
မကြာမီမှာပဲ အိုးထဲမှ ထမင်းများနှင့် ပန်းကန်လုံးထဲမှ ငါးကြော်များ အားလုံး ကုန်ဆုံးသွား၏။
ဒါပေါ့ ၊ အများစုက လုချင်းရဲ့ ဗိုက်ထဲကို ရောက်သွားခဲ့တာလေ။
ရှောင်ယန် မည်မျှပင် ဗိုက်ဆာနေပါစေ၊ သူမသည် အသက် ၆ နှစ် သို့မဟုတ် ၇ နှစ်ခန့်သာရှိသော ကလေးဖြစ်ပြီး သူမ၏အစာစားချင်စိတ်က အကန့်အသတ်ရှိပါ၏။
ထို့အပြင် လုချင်းက သူမအား အလွန်အကျွံစားကာ ဖျားနာခြင်းမရှိစေရန် အစားအစာပမာဏကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထား၏။
“ကိုကို၊ ရှောင်ယန် ဗိုက်ပြည့်ပြီ!”
ကလေးမလေးက သူမ၏ပန်းကန်ကို ချပြီး ဗိုက်ကိုပုတ်ကာ ကျေနပ်နေပုံရသည်။
ရှောင်ယန် ဤမျှထိ ဗိုက်ပြည့်အောင်စားခဲ့ရသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။
“ဗိုက်ပြည့်ပြီဆိုတော့ ခဏနားနေလိုက်၊ ပြေးလွှားမနေနဲ့။ ကိုကို ပန်းကန်ဆေးလိုက်ဦးမယ်”
လုချင်းက ညွှန်ကြားပြီးနောက် သန့်ရှင်းရေးကို စတင်လုပ်တော့သည်။
“ရှောင်ယန်လည်း ကိုကို့ကို ကူညီပေးမယ်နော်။”
ပြောပြီးသည်နှင့် ကလေးမလေးသည် ကုလားထိုင်မှ ခုန်ဆင်းလိုက်သည်။
“မလိုဘူး။ ထိုင်ပြီး နားနေလိုက်” လုချင်းက ငြင်းလိုက်၏။
ထို့ကြောင့် ရှောင်ယန်သည် ကုလားထိုင်ပေါ်တွင် နာခံစွာ ထိုင်နေပြီး လုချင်း အလုပ်ရှုပ်နေသည်ကို ကြည့်နေရသည်။
ကလေးများက အိပ်ချင်တတ်ကြသည်။ လုချင်း သန့်ရှင်းရေးလုပ်ပြီး ထွက်လာသောအခါ ကလေးမလေးမှာ အိပ်ငိုက်နေပြီပင်။
လုချင်းက ပြုံးလိုက်ပြီး သူမကို ညင်သာစွာပွေ့ချီလိုက်ကာ အခန်းသို့ ခေါ်သွားသည်။
“ကိုကို၊ ရှောင်ယန် နောက်တစ်ခါ ကိုကိုနဲ့အတူ ငါးဖမ်းသွားချင်တယ်၊ ငါးက အရသာရှိတယ်”
သူမကို အိပ်ရာပေါ် တင်ပေးလိုက်သည်နှင့် ကလေးမလေးသည် အိပ်ပျော်နေရင်းကနေ မပီမသဖြင့် ပြောလာသည်။
“ကောင်းပြီ၊ နောက်တစ်ခါ ကိုကို ငါးဖမ်းသွားရင် ညီမလေးကိုပါ ခေါ်သွားမယ်နော်”
လုချင်းက သူမကို ချစ်ခင်စွာဖြင့် အတ်တ်စုတ်ထည်ကို ခြုံပေးလိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်၏။
အစ်ကို၏ကတိကြောင့် စိတ်သက်သာရာရသွားဟန်ရှိသော ရှောင်ယန်သည် ဘာမျှမပြောတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သူမ အိပ်ပျော်သွားသည်ကို သေချာစေပြီးနောက် လုချင်းက အခန်းမှ တိတ်ဆိတ်စွာ ထွက်လာပြီး စင်္ကြံရှိ ရိုးရှင်းသော ကုလားထိုင်တွင် ထိုင်လိုက်ကာ သက်တောင့်သက်သာ ခံစားရ၏။
သူ တစ်နေကုန် အလုပ်ရှုပ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်က ခုမှပြန်လည်ကောင်းမွန်လာသည်ဖြစ်ရာ အားနည်းနေဆဲပင်။
သူသည် ဆာလောင်နေသည့်ကြားက ငါးဖမ်းပြီး ချက်ပြုတ်နေခြင်းဖြစ်၏။
မပင်ပန်းဟုဆိုလျှင် လိမ်ရာရောက်လိမ့်မည်။
ယခု ကုလားထိုင်တွင် လှဲနေရသဖြင့် သူသည် ပို၍ပင် သက်တောင့်သက်သာရှိနေ၏။
အိပ်ငိုက်လာသည်ကိုပင် ခံစားရသည်။
သို့သော် သူ အိပ်၍မရသေးပေ။
သူ စဉ်းစားရန် အချို့အရာများ ကျန်ရှိနေသေး၏။
ယနေ့ပြုလုပ်ခဲ့သည်များကို ပြန်တွေးကြည့်သောအခါ ရွာသားများနှင့် ပြောဆိုဆက်ဆံမှုများ၊ သူ၏စိတ်ထဲမှ မှတ်ဉာဏ်များကြောင့် လုချင်းသည် သူ၏လက်ရှိပတ်ဝန်းကျင်၏ သဘောသဘာဝကို အခြေခံအားဖြင့် ကောက်ချက်ချနိုင်ခဲ့ပြီဖြစ်သည်။
ပထမဦးစွာ ဤကမ္ဘာသည် ရှေးခေတ် တရုတ်ပြည်နှင့် ဆင်တူသည်မှာ သေချာ၏။
ထို့အပြင် ကုန်ထုတ်စွမ်းအား နိမ့်ကျသောခေတ်လည်း ဖြစ်သည်။
သံဒယ်အိုးပင် ရှားပါးသော ပစ္စည်းတစ်ခုဖြစ်နေခြင်းက ထင်ရှားသော သက်သေပင်။
သို့သော် ဤမျှသာ သူ သိရှိနိုင်၏။
သူ့တွင် အချက်အလက်အများကြီးမရှိသဖြင့် သေချာကောက်ချက်မချနိုင်ပေ။
ဥပမာအားဖြင့် လူမှုဖွဲ့စည်းပုံ၊ အာဏာသက်ရောက်ပုံတို့နှင့် ဤကမ္ဘာတွင် မည်သူက အုပ်ချုပ်နေသည်ကိုပင် သူ မသိရှိရသေးပေ။
သူ သိသည်မှာ တရားရုံး သို့မဟုတ် အစိုးရရုံးများ မရှိပုံရခြင်းသာ ဖြစ်သည်။
အနည်းဆုံးတော့ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ထိုသို့သော အယူအဆမျိုး မရှိပေ။
ဒါပေါ့ ၊ ဒါက အတိအကျပဲလို့တော့ ဘယ်မှတ်လို့ရပါ့မလဲ။
ဘာပဲဖြစ်ဖြစ် မူလကိုယ်ပိုင်ရှင်က ရိုးရှင်းသော ရွာသားလေးတစ်ယောက်ဖြစ်ပြီး ရွာမှ တစ်ခါမှ မထွက်ခဲ့ဖူးပေ။
သူသည် ပြင်ပကမ္ဘာအကြောင်း မည်သို့မျှ မသိရှိသဖြင့် ထိုအယူအဆများ မည်သို့ရှိနိုင်မည်နည်း။
သို့သော်လည်း သူသည် တရားရုံး သို့မဟုတ် အစိုးရရုံးများ၏ တည်ရှိမှုကို မသေချာသော်လည်း မြို့များရှိသည်ကိုတော့ သေချာ၏။
ရွာသားများသည် နေ့စဉ်သုံးပစ္စည်းအချို့ကို အနီးရှိမြို့ဈေးမှ ဝယ်ယူတတ်ကြသည်။
ဆားနှင့် သံကဲ့သို့သောပစ္စည်းများကို မြို့များတွင်သာ ဝယ်လို့ရသည်ပင်။
ဤမြို့များတွင် အာဏာအရှိဆုံးပုဂ္ဂိုလ်များကို မြို့စားများဟု ခေါ်ပုံရသည်။
ကံမကောင်းစွာဖြင့် မူလကိုယ်ပိုင်ရှင်သည် ၁၅ နှစ်ရှိပြီဖြစ်သော်လည်း မြို့သို့ တစ်ခါမျှ မရောက်ဖူးသဖြင့် လုချင်းသည် မြို့များ မည်သို့မည်ပုံရှိသည်ကို မသိနိုင်ပေ။
“ကြည့်ရတာတော့ အခွင့်အခါသင့်လို့ရှိရင် ငါ မြို့ကို သွားကြည့်ရမယ်နဲ့တူတယ်” လုချင်းက သူ့ဘာသာ ရေရွတ်လိုက်သည်။
ဤကမ္ဘာကို လုံလောက်စွာ နားလည်နိုင်မှသာ အနာဂတ်အတွက် အကောင်းဆုံးလမ်းကို သူ ဆုံးဖြတ်နိုင်ပေလိမ့်မည်။
ဒါပေါ့ ၊ ဒီအကြောင်းကို အခုချိန်စဉ်းစားတာက စောနေသေးတယ်လေ။
အရေးကြီးဆုံးတာဝန်ကတော့ သူနှင့် ရှောင်ယန်တို့အတွက် အသက်မွေးဝမ်းကျောင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူသည် ရွာသားများအပေါ် များစွာကြွေးတင်နေပြီဖြသ်ကာ ဤအကြွေးများကို ပြန်ဆပ်ရန် လိုအပ်၏။
ဤအချိန်တွင် သူ၏ အကြီးမားဆုံး အားထားရာမှာ သူ၏ထူးခြားသောစွမ်းရည်ပင် ဖြစ်သည်။
သူ၏နတ်မျက်စိစွမ်းရည်သည် ဘာလုပ်ပေးနိုင်သနည်း။
လုချင်း တိတ်ဆိတ်စွာ စဥ်းစားလိုက်၏။
ရုတ်တရက် သူ့စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာ၏။