အဘိုးချန်နှင့် အံ့အားသင့်ဖွယ် တွေ့ရှိမှု
Vol. 1 Ch. 8
လုချင်း၏စိတ်ထဲတွင် ကြင်နာပြီး ပိန်လှီသောအဘိုးအို၏ ပုံရိပ်ပေါ်လာ၏။
သမားတော်ကြီးချန်။
ဤသက်ကြီးရွယ်အို သမားတော်သည် အနီးနားရှိ ရွာများစွာအတွက် တစ်ဦးတည်းသော သမားတော်ဖြစ်သည်။
သူ၏ဆေးပညာစွမ်းရည်များက အလွန်ကောင်းမွန်၏။ အံ့ဖွယ်မဖြစ်စေနိုင်သော်လည်း ခေါင်းကိုက်၊ အအေးမိ၊ ဒဏ်ရာရခြင်းကဲ့သို့သော သာမန်ရောဂါများကို အလွန်ထိရောက်စွာ ကုသပေးနိုင်ပြီး ပျောက်ကင်းအောင် မကုသနိုင်ခြင်းမှာ ရှားပါးလှ၏။
ထို့ကြောင့် ဒေသခံရွာသားများ၏ လေးစားမှုကို အလွန်ရရှိထား၏။
မြို့ရှိ ချမ်းသာသော မိသားစုများပင် သူ့ထံမှ ဆေးကုသမှု ခံယူလေ့ရှိသည်ဟု ဆိုသည်။
ထိုသို့သော ပုဂ္ဂိုလ်သည် ရွာတွင် အထူးနေရာတစ်ခု ရရှိထားသည်။
ရွာသားတစ်ဦးမှ သူ့ကို မလေးမစားပြုလုပ်ရန် မရဲဝံ့ကြပေ။
လုချင်း၏ မူလကိုယ်ပိုင်ရှင်မှာ ရိုးသားသော ရွာသားလေးတစ်ယောက်ဖြစ်ပြီး အမြင်ကျဉ်းမြောင်းကာ အရာများစွာကို သတိမထားမိပေ။
သို့သော် လုချင်းက စဉ်းစားလိုက်သောအခါ ပုံမှန်မဟုတ်သောအရာတစ်ခုကို သတိထားမိသွားသည်။
ဥပမာအားဖြင့် သမားတော်ကြီးချန်၏ အသက်က အလွန်ကြီးနေပြီဖြစ်သော်လည်း သူသည် အလွန်သန်မာနေဆဲဖြစ်ပြီး ဆေးပင်များ ရှာဖွေရန် တောနက်ထဲသို့ မကြာခဏ တစ်ဦးတည်း သွားလာတတ်ပါ၏။
ဤကမ္ဘာရှိ တောင်များသည် သူ၏အရင်ဘဝက ခရီးသွားလာရေး နေရာများကဲ့သို့ ဖွံ့ဖြိုးပြီးသားမဟုတ်ကြောင်းကို သူသိပါ၏။
ဤတောင်များသည် စစ်မှန်ပြီး မြင့်မားလှကာ ရှေးကျသောတောင်များဖြစ်သည်။
အဆိပ်ရှိသော ပိုးမွှားများ၊ မြွေများ၊ ဝံပုလွေများနှင့် ကျားများဖြင့် ပြည့်နေပြီး အလွန်အန္တရာယ်များလှပါ၏။
ကျွမ်းကျင်သော မုဆိုးများပင် တောထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ရန် မရဲဝံ့ကြပေ။
သို့သော် သမားတော်ကြီးချန်ကတော့ သက်ကြီးရွယ်အိုတစ်ဦးဖြစ်သော်လည်း ထိုသို့သောနေရာများတွင် ဘေးကင်းစွာ သွားလာနိုင်သည်မှာ တကယ့်ကို ထူးခြား၏။
သူ၏စွမ်းရည်များအပေါ် လုချင်း အလွန်စိတ်ဝင်စားမိသည်။
သမားတော်ကြီးချန်၏ ဆေးပညာစွမ်းရည်အချို့ကို သူ သင်ယူနိုင်ပါက ကောင်းပေလိမ့်မည်။
သူ၏ထူးခြားသောစွမ်းရည်က အရာရာ၏ အခြေခံအချက်အလက်များကို မြင်နိုင်စေသည်ပင်။
၎င်းကို ဆေးပင်များ ခွဲခြားသိမြင်ရန် အသုံးပြုခြင်းက မှားယွင်းသောအကြံစည်တော့မဖြစ်နိုင်။
၎င်းသည် ဆေးပညာစွမ်းရည်များကို အပြည့်အဝ အထောက်အကူပြုပေလိမ့်မည်။
အကယ်၍ သမားတော်ကြီးချန်ထံမှ အနည်းငယ်သင်ယူနိုင်ပါက သူနှင့် ရှောင်ယန်၏အနာဂတ်ကလည်း အနည်းငယ်စိတ်ချရပေလိမ့်မည်။
ဒါပေမဲ့လည်း သမားတော်ကြီးချန်ဆီကနေ ဆေးပညာကို ဘယ်လိုနည်းနဲ့ သင်ယူရမလဲ။
လုချင်း တွေးနေစဉ် သူ၏မျက်ခွံများက မထိန်းချုပ်နိုင်ဘဲ ပိတ်ကျသွား၏။
ဘာပဲဖြစ်ဖြစ် သူ၏ကိုယ်ခန္ဓာက အားနည်းနေဆဲဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုကို သူ့စိတ်ဓာတ်ဖြင့် တွန်းလှန်နိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် သူ ကောင်းမွန်သော အကြံဉာဏ်များ မပေါ်မီမှာပဲ အိပ်ပျော်သွားတော့သည်။
သို့သော် လုချင်းအတွက် အံ့အားသင့်စရာမှာ သမားတော်ကြီးချန်ကို မည်သို့ချဉ်းကပ်ရမည်ကို သူ မစဉ်းစားရသေးခင်မှာပင် ထိုသမားတော်ကြီးက သူ့ဆီသို့ ရောက်လာခြင်း ဖြစ်သည်။
ကုလားထိုင်တွင် လှဲနေသော လုချင်း အိပ်ပျော်နေ၏။ သူ အိပ်မက်မက်နေသကဲ့သို့ တစ်စုံတစ်ယောက် စကားပြောနေသည်ကို ကြားရပြီး တစ်စုံတစ်ယောက်က သူ့လက်ကို ဆွဲကိုင်လာသည်ကို ခံစားလိုက်ရသည်။
သူ အိပ်ရာမှ လန့်နိုးသွား၏။
“လုချင်း၊ နိုးလာပြီလား။ သမားတော်ကြီးချန်က မင်းကို စစ်ဆေးနေတာ”
ကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာ၏။
လုချင်းက ထိုအသံကို ရင်းနှီးသည်ဟု ခံစားရသည်။ ဘေးအိမ်က အဘိုးကျန်းဖြစ်ရမည်။ သူ အနည်းငယ်စိတ်သက်သာရာရသွား၏။
ထို့နောက်၌ သူသည် လျင်မြန်စွာဖြင့် သတိဝင်လာပြီး မျက်လုံးများ ဖွင့်လိုက်၏။
သမားတော်ကြီးချန်လား။
ခေါင်းလှည့်လိုက်သောအခါ သူ့ဘေးတွင် အဘိုးအိုနှစ်ဦးကို လုချင်း တွေ့လိုက်ရ၏။ တစ်ဦးက ရပ်နေပြီး တစ်ဦးက ထိုင်နေသည်။
ထိုင်နေသူက ပိန်ပိန်ပါးပါးနှင့် ကြင်နာသောမျက်နှာရှိသည်။ သမားတော်ကြီးချန်မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။
“မလှုပ်နဲ့၊ ငါ မင်းသွေးခုန်နှုန်းကို အရင်စစ်ကြည့်ဦးမယ်”
လုချင်း ထဖို့ကြိုးစားနေသည်ကို မြင်သောအခါ သမားတော်ကြီးချန်က ညင်သာစွာ ပြောလာခဲ့၏။
လုချင်းလည်း ချက်ချင်း မလှုပ်မယှက်နေလိုက်သည်။
ထိုအခါမှ သမားတော်ကြီးချန်၏လက်က သူ၏လက်ကောက်ဝတ်ပေါ်တွင် ရှိနေသည်ကို လုချင်း တွေ့လိုက်ရသည်။
အိပ်မက်မက်နေသကဲ့သို့ တစ်စုံတစ်ယောက်က သူ၏လက်ကို ဆွဲကိုင်လာသည်ဟု သူ ခံစားခဲ့ရခြင်းမှာ သမားတော်ကြီးချန်က သူ၏သွေးခုန်နှုန်းကို စစ်ဆေးနေခြင်းဖြစ်သောကြောင့်ပင်။
သမားတော်ကြီးက သွေးခုန်နှုန်းစစ်ရန် မျက်လုံးများ ပြန်မှိတ်လိုက်သည်ကို မြင်လိုက်ရသောအခါ၌ လုချင်းက မလှုပ်မယှက်နေပြီး ကုလားထိုင်ပေါ်တွင် နာခံစွာ လှဲနေ၏။
ဤစမ်းသပ်မှုက ခဏကြာလိမ့်မည်ကို ရိပ်မိသော လုချင်းသည် အနည်းငယ်လျှို့ဝှက်ဆန်းကြယ်သော သမားတော်ကြီးချန်ကို အကဲခတ်လိုက်သည်။
ပထမတစ်ချက်ကြည့်လိုက်သောအခါ သမားတော်ကြီးသည် သူမှတ်မိသည်ထက် ပို၍ပင် ညင်သာနေပုံရသည်။ သူ၏ပိန်လှီသောကိုယ်ခန္ဓာက နူးညံ့ပြီး ဤကမ္ဘာမှမဟုတ်သကဲ့သို့ပင် ဖြစ်နေ၏။
ပထမတစ်ချက်မြင်လိုက်သည်နှင့် သက်သောင့်သက်သာဖြစ်သော ခံစားမှုမျိုးကို ပေးစွမ်း၏။
သို့သော် လက်ရှိအချိန်၌ သူ၏မျက်နှာက ပြင်းထန်နေပြီး မျက်ခုံးများတွန့်ချိုးထားရာ ခက်ခဲသော ပြဿနာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၏။
လုချင်းက သမားတော်ကြီးချန်ကို တိတ်တိတ်ဆိတ်ဆိတ် လေ့လာနေစဉ် ရုတ်တရက် သမားတော်ကြီး၏ဘေးတွင် သဲ့သဲ့လေးဖြစ်နေသော အနီရောင်အလင်းတစ်ချို့ကို သူ တွေ့လိုက်ရ၏။
[ချန်စုန့်ချင်း - ဆေးပညာကျွမ်းကျင်သူ၊ ကြင်နာစိတ်ရှိသူ၊ လူအများ၏ လေးစားမှုကို ခံရသူ၊ ထူးချွန်သော သမားတော်အိုကြီး]
[ကျင့်ကြံမှု - ခန္တာကိုယ်ပြုပြင်ပြောင်းလဲခြင်းအဆင့် ၊
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်]
ဒါက ဘာလဲ။
လုချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ယင်းမှာ သမားတော်ကြီး၏ဘေးရှိ သဲ့သဲ့လေးဖြစ်သော အနီရောင်အလင်းကြောင့်သာမက နောက်ဆက်တွဲဖော်ပြချက်ကြောင့်လည်း ဖြစ်သည်။
နိုးထလာပြီးသည့်အချိန်မှစ၍ လုချင်းသည် သူ၏နတ်မျက်စ်စွမ်းရည်၏ ပုံစံအချို့ကို တဖြည်းဖြည်းသိရှိလာခဲ့သည်။
သာမန်အရာများသည် သူ၏စွမ်းရည်အောက်၌ မီးခိုးရောင်အလင်းဖြင့် ပေါ်လာတတ်သည်။
ဆေးပင်များကဲ့သို့ ပို၍ထူးခြားသောအရာများကိုတော့ အဖြူရောင်အလင်းဖြင့် ပြသတတ်ပါ၏။
သို့သော် လူသားများအနေနှင့်တော့ သူ ရွာထဲတွင် တွေ့ဆုံခဲ့သူများအားလုံးမှာ အဖြူရောင်အလင်းဖြင့် အမြဲပေါ်လာကြသည်။
ခွန်အားက အမျိုးမျိုးရှိခြင်းကြောင့်သာ။ လူကြီးများကတော့ အားအကောင်းဆုံးဖြစ်ပြီး ကလေးများကတော့ အားနည်းကာ သက်ကြီးရွယ်အိုများမှာတော့ အားအနည်းဆုံးဖြစ်သည်။
လုချင်းက ၎င်းသည် လူတစ်ဦး၏စွမ်းအင် သို့မဟုတ် သက်ရှိစွမ်းအားနှင့် သက်ဆိုင်နိုင်သည်ဟု ထင်မြင်မိသည်။
ဘာပဲဖြစ်ဖြစ် လူကြီးများသည် ယေဘုယျအားဖြင့် စွမ်းအင်အများဆုံးရှိကြပြီး သက်ကြီးရွယ်အိုများကတော့ အနည်းဆုံးရှိကြသည်ပင်။
သို့သော် သမားတော်ကြီးချန်၏ ဖော်ပြချက်ကတော့ သူ၏နားလည်မှုကို လုံးဝပြောင်းလဲပစ်လိုက်သည်။
ထိုအလင်းက မကြုံဖူးသော အနီရောင်ဖြစ်နေ၏။
ပိုအရေးကြီးသည်မှာ နောက်ဆက်တွဲဖော်ပြချက်ပင်။
ကျင့်ကြံမှုတဲ့လား။
ခန္တာကိုယ်ပြုပြင်ပြောင်းလဲခြင်းအဆင့် ၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တဲ့လား။
ဒါက ဘာကိုဆိုလိုတာလဲ။
သူ ရောက်ရှိနေတဲ့ကမ္ဘာက ရှေးခေတ်တရုတ်ပြည်လိုမဟုတ်ဘဲ ကျင့်ကြံနိုင်တဲ့ ပိုပြီးတော့တောက် လျှို့ဝှက်ဆန်းကြယ်တဲ့ကမ္ဘာများလား။
ရုတ်တရက် ထွက်ပေါ်လာသောဖော်ပြချက်ကြောင့် လုချင်း၏စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။
သူ နောက်ထပ်လေ့လာပြီး သမားတော်ကြီးထံမှ ပိုမိုသိရှိရန် ကြိုးစားနေစဉ် သမားတော်ကြီးချန်က ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။
လုချင်း၏ စိတ်ရှုပ်ထွေးမှုနှင့် တုန်လှုပ်မှုကို မြင်သောအခါ သမားတော်ကြီးသည် ပထမဆုံး မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြန်လည်သက်သာရာရသွားသည်။
သူက ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ “မကြောက်နဲ့။ ငါ မင်းရဲ့သွေးခုန်နှုန်းကိုပဲ စစ်ဆေးနေတာပါ”
သူ သွေးခုန်နှုန်း စစ်ဆေးနေစဉ် ပြင်းထန်သောမျက်နှာထားကြောင့် လုချင်းက ကြောက်သွားသည်ဟု သူက အထင်မှားသွားပုံပင်။
သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်ရန် အချိန်ရသော လုချင်းက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ “အဘိုးချန်၊ ကျွန်တော် ဘယ်လိုနေလဲ။ ကျွန်တော် လုံးဝသက်သာသွားပြီလား”
အနီးအနားတွင် ရပ်နေသော အဘိုးကျန်းသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် သမားတော်ကြီးချန်ကို ကြည့်နေသည်။
"အင်းးးး ၊ မင်းရဲ့ရောဂါက တကယ်ကို ပျောက်ကင်းသွားပြီ။ ခန္ဓာကိုယ်က နည်းနည်းအားနည်းနေသေးပေမဲ့ သေချာလေးဂရုတစိုက်နဲ့ စားပေးရင်တော့ ကောင်းသွားမှာပါ" သမားတော်ကြီးချန်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။
"တကယ်လား။ ကောင်းလိုက်တာ! လုချင်း၊ မြန်မြန် သမားတော်ကြီးချန်ကို ကျေးဇူးတင်လိုက်။ သူ့ဆေးမရှိရင် မင်း နိုးလာမှာမဟုတ်ဘူး" အဘိုးကျန်းက ပျော်ရွှင်စွာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အဘိုးချန်"
လုချင်းသည် ကုလားထိုင်မှ ထကာ ဒူးထောက်၍ အရိုအသေပေးရန် လုပ်လိုက်၏။
ဘာပဲဖြစ်ဖြစ် သမားတော်ကြီးက သူ့အသက်ကို ကယ်ခဲ့တာပဲလေ။
ထိုဆေးတစ်ခွက်သာ မရှိခဲ့လျှင် သူ မှတ်ဉာဏ်များ ပေါင်းစည်းနေသည့်ကာလအတွင်း သူ ရှင်သန်နိုင်မည်မဟုတ်ပေ။
ထို့အတွက်ကြောင့်ပင်လျှင် သမားတော်ကြီးချန်သည် သူ၏ကျေးဇူးကို ခံယူထိုက်ပါသည်။
သို့သော် သမားတော်ကြီးချန်က သူ့ကို တားလိုက်ပြီး "ဒီလိုလုပ်စရာ မလိုပါဘူး။ မင်းသက်သာလာတာ မင်းရဲ့ကံကောင်းမှုကြောင့်ပါ။ ငါက ငါတတ်နိုင်တာကိုပဲ လုပ်ခဲ့တာပါ"
သမားတော်ကြီးချန်သည် နှိမ့်ချစွာ ပြောဆိုနေခြင်း မဟုတ်ပေ။
တကယ်တမ်းတော့ သူက အတော်လေး အံ့အားသင့်နေတုန်းပင်။
လုချင်း ဖျားတုန်းက သူ တကယ်ပဲ လုချင်း၏အခြေအနေကို လာကြည့်ခဲ့သည်။
ထိုအချိန်၌ လုချင်းသည် အလွန်အမင်း ဖျားနေပြီး ခန္ဓာကိုယ်ကလည်း အေးစက်နေကာ အသက်ရှူသံကလည ပျော့တော့တော့ဖြစ်နေ၍ သေလုဆဲဆဲ အခြေအနေတွင် ရှိခဲ့သည်။
တကယ့် ဆေးဆရာကြီးပင် သူ့ကို ကယ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် သမားတော်၏ စေတနာအရ သူသည် ဆေးတစ်ခွက် ညွှန်းပေးခဲ့ပြီး တန်ဖိုးရှိသော ဆေးဖက်ဝင်အပင်များစွာ ထည့်ပေးခဲ့သည်။
သူ၏ ရည်ရွယ်ချက်ကတော့ သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးပြီး ကျန်တာကိုတော့ ကံကြမ္မာပေါ်မှာပဲ ပုံအပ်လိုက်ဖို့ပင်။
သူ ထည့်ပေးခဲ့သော ဆေးဖက်ဝင်အပင်များက မြို့ထဲရှိ ချမ်းသာသော လူနာအချို့အတွက် သီးသန့် ချန်ထားသည့်အရာများ ဖြစ်သည်။
ရလဒ်အနေနှင့် နောက်နေ့တွင် သူသည် တောထဲသို့ အလျင်အမြန် သွားကာ ဆေးပင်များ ထပ်မံစုဆောင်းခဲ့ရ၏။
လုချင်း ရှင်သန်နိုင်မည်မဟုတ်ဟု သူ ထင်ခဲ့သော်လည်း ဆေးပင်စုဆောင်းရာမှ ပြန်လာသောအခါ လုချင်း သက်သာလာသည်ဟူသော ရွာထဲမှ ကောလာဟလများကို သူ ကြားခဲ့ရ၏။
သူက အိပ်ရာမှ ထနိုင်ရုံသာမက မြစ်ကမ်းဘေးတွင် ငါးပင် ဖမ်းနိုင်သည်ဟု အဘိုးချန် သိလိုက်ရသည်။
ထိုစကားတို့ကြောင့် အဘိုးချန်မှာ အံ့အားသင့်၍ သူ ကိုယ်တိုင် သွားကြည့်ရန် အလျင်အမြန် ထွက်လာခဲ့တာပင်။
သူ ရောက်သောအခါ၌ လယ်ကွက်မှ ပြန်လာသော အဘိုးကျန်းနှင့် မတော်တဆ တွေ့ဆုံခဲ့ပြီး အတူတူ လုချင်းအိမ်ထဲသို့ ဝင်လာကြသည်။
သူသည် ရွာသားများ၏ စကားများ ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု အစက ထင်ခဲ့သည်။
သို့သော် ယခု လုချင်း၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ပြီးနောက် သူတို့ပြောသည်များ အမှန်တကယ် မှန်ကန်နေသည်ကို တွေ့လိုက်ရသည်။
လုချင်း၏ ရောဂါသည် လုံးဝပျောက်ကင်းသွားပြီဖြစ်သည်။
အနည်းငယ် အားနည်းနေခြင်းမှလွဲ၍ အရင်က လက္ခဏာများ အားလုံး ပျောက်ကွယ်သွားပြီပင်။
ဤအရာက သမားတော်ကြီးချန်ကို အလွန်အမင်း အံ့အားသင့်စေ၏။