သိုင်းပညာကို ရှာဖွေတွေ့ရှိခြင်း
Vol. 1 Ch. 10
သူ၏ပြန်လည်မွေးဖွားခြင်းက ထူးခြားသောစွမ်းအားများရှိသည့် ကမ္ဘာတွင် ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သောအခါ လုချင်း၏စိတ်နှလုံးက ပျော်ရွှင်မှုနှင့် ထိတ်လန့်မှုနှစ်ခုလုံးနှင့် ပြည့်နှက်နေ၏။
ပျော်ရွှင်မှုကတော့ သူသည် ဓားကိုင်ပြီး သတ္တိရှိသောသီချင်းများ သီဆိုကာ သူရဲကောင်းဆန်သောဘဝကို မွေးရာပါဆန္ဒရှိသည့် တရုတ်မျိုးနွယ်ဖြစ်သောကြောင့်ပင်။
ထိတ်လန့်မှုကတော့ အစွမ်းထက်သောပုဂ္ဂိုလ်များကို ဖန်တီးနိုင်သည့်ကမ္ဘာက ပုံမှန်ကမ္ဘာထက် အဆများစွာ အန္တရာယ်များလိမ့်မည်ဟု သူ နားလည်သွားသောကြောင့်ဖြစ်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း "သိုင်းပညာတတ်သော သူရဲကောင်းက စည်းမျဥ်းစည်းကမ်းကိုပင် ဆန့်ကျင်နိုင်ပါ၏။"
တစ်စုံတစ်ဦးသည် အစွမ်းထက်သောစွမ်းရည်များ ရရှိပြီးသည်နှင့် စည်းမျဉ်းအမျိုးမျိုးကို ဂရုမစိုက်တော့ပေ။ အစွမ်းထက်သူ၏ဒေါသက အားနည်းသူ၏ဝမ်းနည်းမှုဆီသို့ အလွယ်တကူ ဦးတည်နိုင်ပြီး ၎င်းက ပုံမှန်ဖြစ်လေ့ရှိသော အဖြစ်အပျက်တစ်ခု ဖြစ်ပေလိမ့်မည်။
ပြီးတော့ အခု သူက အားနည်းသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ပေ။
အကယ်၍ ကျင့်ကြံမှုတွင် အကျွမ်းကျင်ဆုံးသော ဆိုးယုတ်သူတစ်ဦးနှင့် သူ တွေ့ဆုံပါက တစ်ခဏအတွင်း ဖျက်ဆီးခံရနိုင်၏။
ဤအရာကို တွေးရင်း လုချင်း၏စိတ်ထဲတွင် အန္တရာယ်တို့ကို ခံစားလာရသည်။ သူ၏ အရင်အစီအစဉ်အချို့ကို ပြောင်းလဲရန် လိုအပ်၏။
လုချင်းသည် နက်နက်ရှိုင်းရှိုင်း တွေးတောရင်း သူ၏အခြေအနေသစ်ကို ဖြည်းဖြည်းချင်း စဉ်းစားနေ၏။
နောက်နေ့မနက်တွင် လုချင်းသည် မြစ်ပုဇွန်ဆန်ပြုတ်တစ်အိုးချက်ပြီးနောက် ရှောင်ယန်ကို နှိုးလိုက်ကာ မောင်နှမနှစ်ယောက် မနက်စာ အတူစားကြ၏။
"ကိုကို၊ ပုဇွန်ဆန်ပြုတ်က အရသာရှိလိုက်တာ"
ကလေးမလေး၏ မျက်နှာတွင် ဆန်ပြုတ်အစအနလေးတစ်ခု ကပ်နေရင်း လုချင်းကို ပျော်ရွှင်စွာ မော့ကြည့်သည်။
"မင်း ကြိုက်ရင်ပြီးတာပဲ။ ဖြည်းဖြည်းစား၊ လည်ချောင်းမနာစေနဲ့"
လုချင်းက သူမ၏ပါးစပ်မှ ဆန်ပြုတ်ကို ဖယ်ရှားပေးရန် လက်လှမ်းလိုက်သည်။
"ကိုကို၊ ဒီနေ့ ငါးဖမ်းသွားမှာလား" ရှောင်ယန်က မေး၏။
"ဒီနေ့တော့ မဟုတ်ဘူး။ မနက်စာစားပြီးရင် အဘိုးချန်ဆီ သွားလည်ကြမယ်"
ချက်ချင်းစားစရာများ ရရှိသွားသဖြင့် လုချင်းသည် နောက်နှစ်ရက်ခန့် ငါးမဖမ်းတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် မနေ့က ငါးဖမ်းနေရာလေးမှ ငါးများစွာကို သူ ဖမ်းခဲ့တာကြောင့် ယခုတွင် ငါးများ ပြန်လည်စုဝေးရန် အချိန်လိုအပ်သည်ပင်။ အခြားငါးဖမ်းနေရာနှစ်ခုကတော့ သူ၏ ရိုးရှင်းသော ငါးမျှားတံဖြင့် အဆင်ပြေနိုင်မည်မဟုတ်ပေ။ ပိုကောင်းသော ငါးမျှားတံ ပြုလုပ်နိုင်သည့်အထိ လုချင်းသည် ထိုနေရာများတွင် ငါးဖမ်းရန် အစီအစဉ်မရှိတော့ပေ။
သူတို့၏အိမ်က အလွန်ဆင်းရဲသောကြောင့်ပင် ရွေးချယ်စရာမရှိပေ။ အရင်းအမြစ်တိုင်းက တန်ဖိုးရှိပြီး ဖြုန်းတီး၍မရပေ။
"အဘိုးချန်ဆီ သွားလည်မှာလား" ရှောင်ယန်၏မျက်လုံးများက အရောင်တောက်ပလာသည်။
ကလေးမလေးက မနေ့က တစ်နေကုန် အိပ်နေခဲ့ပြီး သမားတော်ကြီးချန်နှင့် အဘိုးကျန်း လာရောက်ခဲ့သည်ကို မသိခဲ့ပေ။
"ဟုတ်တယ်၊ သွားချင်လား" လုချင်းက မေး၏။
ယေဘူယျအားဖြင့် ကလေးများက ဆရာဝန်များကို ကြောက်ရွံ့တတ်ကြသည်။ ရှောင်ယန်ကလည်း ထိုသို့ ခံစားရမလားကို လုချင်း မသေချာပေ။
"သွားချင်တယ်" ကလေးမလေးက အလေးအနက်ထား ပြောသည်။ "အဘိုးချန်က အရမ်းကြင်နာတယ်။ ကိုကို့ကို သူ ကုပေးခဲ့တာလေ။ ညီမလေးတောင် သူ့ကို ကျေးဇူးမတင်ရသေးဘူး"
လုချင်းက ပြုံးလိုက်ပြီး "ဟုတ်ပြီ၊ ဒါဆို ကိုကိုနဲ့အတူတူ သမားတော်ကြီးချန်ကို သွားကျေးဇူးတင်ကြမယ်"
မနက်စာစားပြီးနောက် လုချင်းသည် တံခါးကို သော့ခတ်ပြီး ရှောင်ယန်ကို ခေါ်ကာ ထွက်လာလိုက်ကြတော့သည်။
အဘိုးချန်သည် ရွာထဲတွင် နေထိုင်ခြင်းမဟုတ်ဘဲ ရွာနောက်က တောင်ကုန်းအလယ်ရှိ ခြံဝင်းငယ်လေးတွင် နေထိုင်တာပင်။
လုချင်းသည် ရှောင်ယန်ကို လမ်းတစ်လျှောက် ဦးဆောင်သွားသည်။ အဝေးမှနေ၍ တောင်ကုန်းအလယ်ရှိ တိတ်ဆိတ်သော ခြံဝင်းငယ်လေးကို သူတို့ မြင်နိုင်ပြီး ငြိမ်သက်အေးချမ်းသော ခံစားမှုကို ပေးသည်။
တောင်ကုန်းအလယ်သို့ ရောက်သောအခါ လုချင်းက ခြံဝင်းရှေ့တွင် လှုပ်ရှားနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ စကားပြောရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် ပါးစပ်ပိတ်လိုက်ပြီး ရှောင်ယန်ကို တိတ်ဆိတ်စွာ နေရန် အချက်ပြလိုက်သည်။
အဘိုးချန်တစ်ယောက် သိုင်းကျင့်နေခြင်း ဖြစ်သည်။
လုချင်းသည် မည်သည့်သိုင်းပညာဖြစ်သည်ကို မသိပေ။ သို့သော် သူ၏အရင်ဘဝတွင် အသက်ကြီးသူများ ပန်းခြံများထဲတွင် ထိုက်ချီလေ့ကျင့်နေခြင်းနှင့်တော့ ဆင်တူနေ၏။ လှုပ်ရှားမှုများက ဖြည်းညှင်းပြီး ရည်ရွယ်ချက်ရှိသည်။
သို့သော် ခဏအကြာ ကြည့်လိုက်သောအခါ လုချင်းက ထူးခြားသောအရာတစ်ခုကို သတိပြုမိသွားသည်။ အဘိုးချန်၏ နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများတွင် ပုန်းကွယ်နေသော စွမ်းအားတစ်ခု ရှိပြီး ရေစီးကဲ့သို့ စီးဆင်းနေကာ အတော်လေး အထင်ကြီးစရာ ကောင်းနေ၏။
လုချင်း စိတ်ဝင်စားစွာ ကြည့်နေစဉ် ရုတ်တရက် စာကြောင်းတစ်ကြောင်းက သူ၏အမြင်အာရုံတွင် ပေါ်လာ၏။
【သိုင်းပညာကို တွေ့ရှိသည်။ ၎င်းကို သရုပ်ဖော်ရန် လိုလားပါသလား】
ဟမ်?
လုချင်း၏ မျက်သူငယ်အိမ်များ ကျဉ်းသွားသည်။
သူ့ရဲ့စွမ်းရည်မှာ ဒီလိုမျိုးလုပ်ဆောင်ချက်လည်း ရှိတယ်လား။
ကျင့်ကြံမှုတွင် နစ်မြုပ်နေဆဲဖြစ်သော အဘိုးချန်ကို ကြည့်ရင်း လုချင်းသည် အရှိန်အဟုန်ပြင်းထန်စွာ ခုန်နေသော သူ၏စိတ်နှလုံးကို ထိန်းချုပ်ရင်း စိတ်ထဲမှတစ်ဆင့် "လိုလားသည်" ဟူသည်ကို ရွေးချယ်လိုက်သည်။
【သရုပ်ဖော်ခြင်း စတင်နေသည်။ လက်ရှိတိုးတက်မှုနှုန်း 1%, 2%, 3%...】
သူ၏အမြင်အာရုံတွင် တိုးတက်မှုနှုန်း တိတ်တဆိတ် မြှင့်တက်နေသည်ကို ကြည့်ရင်း လုချင်း၏စိတ်နှလုံးက ပို၍ပင် အရှိန်မြှင့် ခုန်နေတော့သည်။
သူ၏စွမ်းရည်တွင် အခြားသူများ၏ သိုင်းပညာများကို သရုပ်ဖော်နိုင်သည့် လုပ်ဆောင်ချက် ပါဝင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မနေ့ကမှ ဤကမ္ဘာ၏ ကျင့်ကြံမှုနည်းလမ်းများကို မရရှိနိုင်သည့်အတွက် သူ စိတ်ပူနေခဲ့ရသည်။
ယခုမူ အိပ်ငိုက်နေသောအခါ ခေါင်းအုံးကမ်းလှမ်းခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။
လုချင်းသည် အဘိုးချန်၏ လှုပ်ရှားမှုများကို မျက်တောင်ပင်မခတ်နိုင်သည်အထိ စိုက်ကြည့်နေပြီး သရုပ်ဖော်တိုးတက်မှုနှုန်းကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
【48%, 49%, 50%】
သရုပ်ဖော်မှုနှုန်း ရာခိုင်နှုန်း ၅၀ သို့ ရောက်သောအခါ၌ ရပ်တန့်သွားကာ စာကြောင်းများမှာလည်း ပျောက်ကွယ်သွားလေသည်။
မော့ကြည့်လိုက်သောအခါ၌ အဘိုးချန်တစ်ယောက် ကျင့်ကြံမှု ပြီးဆုံးသွားသည်ကို လုချင်း တွေ့လိုကခရသည်။ လုချင်း စိတ်ပျက်သွားသည်။
အကယ်၍ သူသာ နည်းနည်းလေးစောပြီး ရောက်ခဲ့ပါက သိုင်းပညာတစ်ခုလုံးကို သရုပ်ဖော်နိုင်ခဲ့ပေလိမ့်မည်ပင်။
ယခုမူ ရာခိုင်နှုန်း ၅၀ တွင် ရပ်တန့်နေသည်က ဝမ်းနည်းစရာကောင်းလှ၏။
သို့သော် လုချင်းသည် သူ၏ စိတ်ခံစားချက်ကို အလျင်အမြန် ချိန်ညှိလိုက်သည်။
သူ၏စွမ်းရည်၏ လုပ်ဆောင်ချက်အသစ်ကို ရှာဖွေတွေ့ရှိခြင်းကပင် အရေးပါသော အကျိုးကျေးဇူးတစ်ခု ဖြစ်နေပြီပင်။ အဘိုးချန်၏ သိုင်းပညာအတွက်ကတော့ နောင်တွင် အချိန်များစွာ ရှိနေသေးသဖြင့် အလျင်စလိုလုပ်ရန် မလိုပေ။
ထိုစဥ် အဘိုးချန်မှာ ကျင့်ကြံမှုပြီးဆုံးပြီး အသက်ရှူနှုန်းကို ထိန်းချုပ်လိုက်ကာ လုချင်းနှင့် ရှောင်ယန်ကို ကြည့်လိုက်သည်။
တကယ်တော့ ကလေးမောင်နှမနှစ်ဦး အနီးအနားတွင် ရှိနေသည်ကို သူက အရင်ကတည်းက သိရှိနေခဲ့သည်။ သို့သော် မနက်ပိုင်း ကျင့်ကြံခြင်းက အကျင့်တစ်ခုဖြစ်နေသဖြင့် သူ မရပ်တန့်ခဲ့ပေ။
"ရောက်လာကြပြီပဲ။ မနက်စာ စားပြီးပြီလား" အဘိုးချန်က နွေးထွေးစွာ မေးသည်။
"ဟုတ်ကဲ့၊ စားပြီးပါပြီဗျ" လုချင်းက လေးစားစွာ ပြန်ဖြေသည်။
ရှောင်ယန်သည် ရှေ့သို့တိုးလာပြီး သမားတော်ကြီးချန်၏လက်ကို ကိုင်လိုက်ကာ "အဘိုးချန်၊ ကိုကို့ကို ကုသပေးခဲ့လို့ ကျေးဇူးတင်ပါတယ်နော်"
"ဟဲဟဲ၊ ကလေးလေး၊ မင်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်သင့်တယ်။ အဲဒီနေ့က မင်း အကျယ်ကြီး ငိုခဲ့လို့ဘေ။ မဟုတ်ရင် ငါ အိမ်ထဲကို ဝင်လာပြီး မင်းအစ်ကိုကို ကုပေးနိုင်ခဲ့မှာ မဟုတ်ဘူး"
သမားတော်ကြီးချန်သည် ရှောင်ယန်၏ခေါင်းကို ပွတ်သပ်ရင်း တွေးလိုက်၏။
ထိုနေ့က ရွာထဲတွင် လမ်းလျှောက်ရင်း ရှောင်ယန်၏ငိုသံကို သူ ကြားခဲ့ရသည်။ ကြင်နာတတ်သော သူမှာ အိမ်ထဲသို့ ဝင်လာကာ ဘာများဖြစ်နေတာလဲကို ကြည့်လိုက်သည့်အခါ၌ လုချင်းတစ်ယောက် ပြင်းထန်စွာ ဖျားနာနေသည်ကို တွေ့ခဲ့ရ၏။
"ဘာလို့ သမီးက ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရမှာလဲ။ ကိုကို့ကို ကုသပေးခဲ့တာ အဘိုးချန်ပါ" ကလေးမလေးက နားမလည်စွာ ပြောလာသည်။
"ငါ့ကြောင့်နဲ့ပဲတော့ မဟုတ်ပါဘူး။ မင်းရဲ့အစ်ကို သက်သာလာတာလည်း သူ့ရဲ့ကံကောင်းမှုကြောင့်လည်းပါတယ်" သမားတော်ကြီးချန်က သက်ပြင်းချလိုက်သည်။
မနေ့က အိမ်သို့ပြန်ရောက်ပြီးနောက် သူသည် အမျိုးမျိုးသော ဆေးပညာစာအုပ်များကို ပြန်လည်စစ်ဆေးခဲ့သည်။ သို့သော် လုချင်း၏ ရောဂါလက္ခဏာများ၏ မှတ်တမ်းကို မတွေ့နိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူသည် လုချင်း၏ကံကောင်းမှုကြောင့်ဟုသာ သတ်မှတ်လိုက်ရတော့သည်။
ရှောင်ယန်က သမားတော်ကြီးချန်၏ စကားများကို နားမလည်ဘဲ ရှုပ်ထွေးစွာဖြင့်သာ ခေါင်းညိတ်လိုက်ရသည်။
ထိုအခါမှ လုချင်းသည် သမားတော်ကြီးချန်၏ ကုသမှုတွင် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသည်ကို နားလည်သွားသည်။
သူသည် ရှောင်ယန်ကို ချစ်ခင်စွာ ကြည့်လိုက်ပြီးနောက် သမားတော်ကြီးချန်ကို ခါးကိုင်း၍ ဦးညွှတ်လိုက်သည်။ "ကျွန်ေတာ့်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် အဘိုးချန်"
"မင်း...ဟင်းးးးးး... ထားလိုက်ပါတော့။" သမားတော်ကြီးချန်က နောက်ထပ် ရှင်းပြခြင်းမပြုတော့ရန် ဆုံးဖြတ်ပြီး လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
သူ ဘယ်လိုပဲ ရှင်းပြပါစေ ဒီမောင်နှမနှစ်ယောက်က သူ လုချင်းကို ကုသပေးခဲ့သည်ဟုသာ ယုံကြည်နေမည်ကို သူ သိသည်။
"အဘိုးချန်၊ ခုနက ဘာလုပ်နေတာလဲဟင် ၊ သိုင်းကျင့်နေတာလားဗျ" ရှောင်ယန်က ရိုးသားစွာ မေးသည်။
လုချင်းလည်း သမားတော်ကြီးချန်ကို ကြည့်လိုက်သည်။