ဆေးဖက်ဝင်အပင်များနှင့် အပ်စိုက်ကုထုံး
Vol. 2 Ch. 11
"ဒါကဘာလဲ ရှောင်ယန်၊ အဘိုးချန်က သိုင်းကျင့်နေတယ်လို့ မင်းပြောနိုင်လို့လား" သမားတော်ကြီးချန်က ပြုံးလျက်မေးလိုက်၏။
"သမီး မပြောတတ်ဘူး" ရှောင်ယန်က ခေါင်းခါပြရင်း "ကိုကိုကပြောတာ အဘိုးချန်က သိုင်းကျင့်နေတာ၊ သွားမနှောင့်ယှက်နဲ့တဲ့"
"တောင်းပန်ပါတယ် အဘိုးချန်၊ ကျွန်တော်တို့ အဘိုးသိုင်းကျင့်နေမှန်း မသိလိုက်လို့ပါ။" လုချင်းက ရိုသေလေးစားသောလေသံဖြင့် တောင်းပန်လိုက်လေသည်။
"ကိစ္စမရှိပါဘူးကွာ။ အဘိုးလေ့ကျင့်နေတာက ကျန်းမာရေးအတွက် လယ်သမားတွေလုပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးပါ၊ သိုင်းပညာလို့ခေါ်ဖို့တောင် မထိုက်တန်ပါဘူး" သမားတော်ကြီးက လက်ကိုခါယမ်းပြရင်း ပြော၏။
"ဒါပေမဲ့ သမီးကတော့ အဘိုးချန်ရဲ့ သိုင်းကွက်တွေက တကယ်မိုက်တယ်လို့ ထင်တယ်!" ရှောင်ယန်က လေးလေးနက်နက် အော်ပြောလိုက်သည်။
"ဟားဟားဟား၊ ဒီသိုင်းကွက်အစုံကို အဘိုးတစ်သက်လုံး လေ့ကျင့်လာခဲ့တာ။ မင်းလို ကလေးလေးတစ်ယောက်ဆီက ချီးကျူးစကားကြားရတာနဲ့တင် တန်နေပါပြီကွာ!"
ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းစင်သော စကားကိုကြားရသောအခါ သမားတော်ကြီးချန်သည် အားရပါးရ ရယ်မောလိုက်လေ၏။
သမားတော်ကြီး ပျော်ရွှင်နေသည်ကိုမြင်မှ လုချင်းလည်း စိတ်အေးသွားတော့သည်။
သူက သမားတော်ကြီးတွင် သိုင်းကျင့်နေချိန်၌ အကြည့်မခံဟူသော စည်းကမ်းများရှိနေမည်ကို အနည်းငယ်စိုးရိမ်နေခဲ့၏။ သို့ဖြစ်လျှင် သူတို့သည် မသိလိုက်ပါဘဲနှင့် တားမြစ်ချက်တစ်ခုကို ချိုးဖောက်မိသလို ဖြစ်သွားပေလိမ့်မည်။
"လာကြ၊ အိမ်ထဲဝင်ကြရအောင်။ မင်းကို အပ်စိုက်ကုထုံးနဲ့ ကုပေးမယ် " သမားတော်ကြီးချန်က ရှောင်ယန်ကို ပွေ့ချီရင်း လုချင်းကိုပါ လိုက်လာရန် အချက်ပြရင်း ပြောဆိုလိုက်သည်။
လုချင်းသည်လည်း သမားတော်ကြီး၏နောက်မှ ရိုကျိုးစွာဖြင့် ခြံဝင်းထဲသို့ လိုက်ဝင်ခဲ့၏။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် လုချင်း၏အာရုံကို ခြံထဲတွင် ဖြန့်လှန်းထားသော ဆေးဖက်ဝင်အပင်များက ချက်ချင်းဖမ်းစားသွားလေ၏။
တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် သူမှတ်မိသော ဆေးပင်တစ်မျိုးဖြစ်သည့် 'နွားအရိုးမြက်' ကို တွေ့လိုက်ရသည်။ ထိုအပင်သည် သူ၏ခြံထဲမှာ ပေါက်ရောက်နေသော အပင်နှင့် တူတူပဲပင်။
ကံမကောင်းစွာပင်၊ သူ၌ ဆေးပင်တစ်ပင်ချင်းစီကို စူးစမ်းလေ့လာရန် အချိန်အလုံအလောက်မရှိခဲ့ပေ။
"အဘိုးချန်၊ ဒီအပင်တွေအားလုံးက ဆေးဖော်ဖို့အတွက်လား" လုချင်းက စူးစမ်းမေးမြန်းလိုက်သည်။
"ဟုတ်တယ်လေ။ ဘာလဲ၊ မင်းက ဆေးဖက်ဝင်အပင်တွေကို ခွဲခြားတတ်လို့လား"
သမားတော်ကြီးချန်မှာ အနည်းငယ် အံ့အားသင့်သွားပုံရ၏။
"တကယ်တော့ မတတ်ပါဘူး" လုချင်းက ပြန်ဖြေသည် "ဒီထဲက ဆေးပင်တစ်ပင်က ကျွန်တော်တို့အိမ်နားမှာလည်း ပေါက်နေတာကို သတိထားမိလိုက်လို့ပါ"
"ဘယ်ဆေးပင်လဲ"
"ဟိုဇကာထဲမှာ ဖြန့်လှန်းထားတဲ့ ဆေးပင်မျိုးပါဗျ။" လုချင်းက လက်ညှိုးထိုးပြလိုက်၏။
ရှောင်ယန်သည် ထိုအပင်ပေါ်ရှိ အပြာရောင်ပန်းပွင့်လေးများကို မြင်သောအခါ ခေါင်းကို အဆက်မပြတ်ညိတ်ပြရင်း "ဟုတ်တယ် ဟုတ်တယ်၊ သမီးတို့အိမ်အပြင်မှာ အများကြီးပေါက်တယ်၊ နွားနွားကလည်း အဲ့ဒါကို စားရတာကြိုက်တယ်"
သမားတော်ကြီးက လှမ်းကြည့်လိုက်ပြီး "အေး ဟုတ်တယ်၊ အဲ့ဒါ 'နွားအရိုးမြက်' ပဲ၊ သိပ်ကိုအတွေ့ရများတဲ့ ဆေးပင်တစ်မျိုးပေါ့"
"နွားအရိုးမြက်" လုချင်းက ထိုအမည်ကို ရေရွတ်လိုက်ပြီးနောက် မေးလိုက်သည်။ "အဘိုးချန်၊ နွားအရိုးမြက်ကို ပုံမှန်အားဖြင့် ဘာအတွက်သုံးကြလဲ"
"အဓိကအားဖြင့်တော့ အညိုအမည်းစွဲတာတွေနဲ့ ဒဏ်ရာတွေကို ကုသဖို့သုံးတယ်" သမားတော်ကြီးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး လုချင်းကို ကြည့်ကာ "မင်းက ဆေးဖက်ဝင်အပင်တွေကို စိတ်ဝင်စားတာလား"
"ဟုတ်ကဲ့" လုချင်းက ဝန်ခံလိုက်သည်။ "ရှောင်ယန်လေးက သူဖျားတုံးက အဘိုးရဲ့ဆေးသောက်ပြီး နေပြန်ကောင်းသွားတာလို့ ကျွတ်တော့်ကိုပြောပြထားတော့လေ ၊ ဒီဆေးပင်တွေ ဘယ်လောက်အံ့ဩဖို့ကောင်းလဲဆိုတာ ကျွန်တော် သိလာရတယ်။ သူတို့က ဒီတိုင်းကြည့်ရင်တော့ သာမန်ပန်းပင်တွေ၊ အပင်တွေပေါ့။ ဒါပေမဲ့လည်း လူတွေရဲ့ နာကျင်မှုကို သက်သာစေနိုင်တဲ့အပြင် အသက်ကိုတောင် ကယ်တင်ပေးနိုင်တယ်လေ။"
"မင်းသာ ဆေးပညာကိုလေ့လာချင်တယ်ဆိုရင်တော့ ဒါက မလွယ်ဘူးနော်။ ဆေးပင်တွေအကြောင်း လေ့လာတာက သတ္တိလည်း ရှိရတယ်၊ တိလည်းတိကျရတယ် စိတ်ကလည်းအမြဲကြည်လင်နေမှ။ ပြီးတော့လည်း ဆေးကျမ်းစာအုပ်တွေဖတ်ဖို့ စာတတ်ဖို့လည်းလိုသေးတယ်" သမားတော်ကြီးချန်က လုချင်း၏ စိတ်ဝင်စားမှုကို မလှောင်ပြောင်ဘဲ စိတ်ရှည်စွာ ရှင်းပြခဲ့၏။
"ကျွန်တော် စာနည်းနည်းပါးပါးတော့ ဖတ်တတ်ပါတယ်" လုချင်းက အလျင်အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။
ဤသည်မှာ လိမ်ညာခြင်းတော့ မဟုတ်။
သူ၏မှတ်ဉာဏ်ထဲတွင် မူလလုချင်းသည်လည်း အမှန်တကယ်ပင် စာအချို့ကို တတ်ကျွမ်းခဲ့၏။ ထိုစာလုံးများသည် သူ၏ယခင်ဘဝမှ တရုတ်စာလုံးများနှင့် အတော်လေးဆင်တူပြီး စုတ်ချက်များက ပိုရှုပ်ထွေးရုံသာ ကွာခြားသည်ကို တွေ့ရှိခဲ့ရသည်။
"မင်းက စာဖတ်တတ်တယ်လား" သမားတော်ကြီးချန်မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။
ဤသို့သော ကျေးလက်ဒေသတွင် စာတတ်သူတစ်ယောက်ကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူလှပေ။
လုချင်းက မိဘမဲ့ဖြစ်နေတာတောင်မှ စာတတ်တယ်တဲ့လား။
"ကျွန်တော့်အဘိုး ရှိတုံးက ကျွန်တော့်ကို နည်းနည်းသင်ပေးခဲ့လျု့ပါဗျ။ ကျွန်တော်က နည်းနည်းညံ့တော့ အဘိုးဆုံးပြီးတဲ့နောက်မှာ နည်းနည်းတော့ မေ့သွားခဲ့တာပေါ့။ ဖတ်တော့ဖတ်တတ်ပေမဲ့ မရေးတတ်တော့ဘူးဗျ။"
ယခုမှ သမားတော်ကြီးသည် လုချင်း၏အခြေအနေကို နားလည်သွားတော့သည်။
ကြားစကားများအရ လုချင်း၏အဘိုးသည် ကံဆိုးမိုးမှောင်ကျခဲ့သော ပညာတတ်တစ်ဦးဖြစ်ခဲ့သည်ဟု ဆို၏။
သူသည် အငတ်ဘေးကာလအတွင်း ရွာသူရွာသားများနှင့်အတူ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် သမားတော်ကြီး ဤနေရာသို့ တသီးတသန့်လာမနေထိုင်ခင်မှာပင် လုချင်းအဘိုးဖြစ်သူက ကွယ်လွန်သွားခဲ့သောကြောင့် သူတို့နှစ်ဦး မဆုံခဲ့ကြပေ။
လုချင်း၏ဖခင်သည်လည်း ပင်ကိုစရိုက်အားဖြင့် ခေါင်းမာတတ်တာကြောင့် စာလေ့လာဖို့က သူ့အတွက် မသင့်တော်ခဲ့ပေ။ ငယ်စဉ်က လုချင်း၏အဘိုးကို ဒေါသထွက်စေခဲ့ပြီး နောက်ဆုံးတွင်တော့ သူ၏ပညာရေးကို အဆုံးမသတ်နိုင်ခဲ့ဟုလည်း ဆိုကြပြန်သည်။
မမျှော်လင့်ဘဲ၊ စာအချို့ကို သင်ယူတတ်မြောက်ခဲ့သူမှာ လူငယ်လေးလုချင်း ဖြစ်နေခဲ့သည်။
ဝမ်းနည်းစရာကတော့ သူ၏အဘိုး စောစောစီးစီး ကွယ်လွန်သွားခဲ့ခြင်းပင်။ သို့မဟုတ်လျှင် လုမိသားစုမှ နောက်ထပ်ပညာတတ်တစ်ဦး ထွက်ပေါ်လာနိုင်ခဲ့လောက်ပါသည်။
သမားတော်ကြီးသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လုချင်းကို ပို၍ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်၏။
လုချင်း၏ စကားပြောဆိုပုံသည် သာမန်ကျေးလက်လူငယ်တစ်ဦးနှင့် မတူသည်ကို သူအဘယ်ကြောင့် တွေ့ရှိမိသလဲဆိုသည်ကို ယခုမှ နားလည်သွားသည်။ ဤသည်မှာ သူ၏အဘိုးနှင့် ဖခင်တို့၏ လွှမ်းမိုးမှုကြောင့်ပင် ဖြစ်ရမည်။
"မင်းက ဆေးဖက်ဝင်အပင်တွေကို စိတ်ဝင်စားတယ်ဆိုမှတော့ မင်း အပ်စိုက်ကုထုံးလုပ်ဖို့ လာတဲ့အခါတိုင်း၊ ဆေးပင်တွေ အခြောက်လှန်းတဲ့နေရာမှာ နာရီဝက်လောက် ငါ့ကို ကူညီခွင့်ပြုမယ်လေ။ မင်း ဘယ်လောက်ထိလေ့လာနိုင်မလဲဆိုတာကတော့ မင်းရဲ့နားလည်နိုင်စွမ်းအပေါ်မှာပဲ မူတည်တယ်"
"ပြီးတော့ မင်းရော" သမားတော်ကြီးက ရှောင်ယန်၏ခေါင်းကို ပုတ်ရင်း ဆိုသည်။ "မင်းအစ်ကိုနဲ့အတူတူ လိုက်ခဲ့နော် ဟုတ်ပြီလား။ မင်းအတွက် အားဆေးပါတဲ့ ဟင်းတွေ ချက်ကျွေးမယ်။ ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းနေရတာလဲ"
လုချင်းသည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဘိုးချန်။ ရှောင်ယန်၊ အဘိုးချန်ကို ကျေးဇူးတင်လိုက်လေ"
"ကျေးဇူးတင်ပါတယ် အဘိုးချန်~"
ကလေးမလေးကတော့ အားဆေးပါသည့် ဟင်းဆိုတာကို ဘာလဲဟု အပြည့်အဝနားမလည်သော်လည်း၊ သူ၏အစ်ကိုက ပြောသောကြောင့် နာခံစွာဖြင့် ကျေးဇူးတင်စကားဆိုလိုက်လေ၏။
"ရပါတယ်ကွယ်။ မင်းတို့ ဒီလောက်အားနည်းနေတာကို မြင်ရတော့ ငါလည်း စိတ်မကောင်းဖြစ်ရတာပါပဲ" သမားတော်ကြီးက ကြင်နာစွာဖြင့် ပြောလာသည်။
အိမ်ထဲတွင် သမားတော်ကြီးက ရှောင်ယန်ကို အောက်သို့ချပေးလိုက်ပြီး အပ်ထည့်သောအိတ်တစ်လုံးကို ထုတ်ယူလိုက်၏။
"ကုတင်ပေါ်မှာ လှဲပြီး အင်္ကျီချွတ်လိုက်" သူက လုချင်းကို ညွှန်ကြားလိုက်၏။
ညွှန်ကြားသည့်အတိုင်း လုချင်းကလည်း အင်္ကျီကိုချွတ်ကာ သစ်သားကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
အရိုးပေါ်အရေတင်နေသော သူ၏ရင်ဘတ်ကိုမြင်သောအခါ သမားတော်ကြီးသည် ခေတ္တမျှရပ်တန့်သွားပြီးမှ အိတ်ထဲမှ ငွေရောင်အပ်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ရှောင်ယန်သည် ရှည်လျားသော ငွေရောင်အပ်ကို မြင်သောအခါ၌ သူမ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်သွား၏။
သို့သော်လည်း အဘိုးချန်က သူမ၏အစ်ကိုကို ကုသပေးနေသည်ကို သူမ သိသောကြောင့် ကြောက်လန့်နေသော်လည်း တိတ်ဆိတ်စွာပင် နေလိုက်သည်။
"မကြောက်နဲ့၊ မလှုပ်နဲ့နော်။ အခု အပ်စိုက်ကုထုံးစတော့မယ်" သမားတော်ကြီးက လုချင်းကို ပြောသည်။
လုချင်းကလည်း ခေါင်းညိတ်ပြလိုက်၏။
သူ မကြောက်ပါ။
သူ့အရင်ဘဝတုံးကလည်း Blue Star တွင် အပ်စိုက်ကုထုံးကို သူ ခံယူဖူးသောကြောင့် ယင်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။
သမားတော်ကြီးသည် ငွေရောင်အပ်ကို လှည့်ပတ်လိုက်ပြီး လုချင်း၏ အကြောတစ်ခုထဲသို့ ညင်သာစွာ ထိုးသွင်းလိုက်သည်။ အပ်သည် သုံးလက်မ၏ ဆယ်ပုံတစ်ပုံအနက်ထိ ဝင်သွားသော်လည်း လုချင်းသည် နာကျင်မှုကို မခံစားရပေ။
မဆိုင်းမတွပင် သမားတော်ကြီးသည် အိတ်ထဲမှ နောက်ထပ်ငွေရောင်အပ်တစ်ချောင်းကို ယူကာ အခြားအကြောတစ်ခုထဲသို့ ထိုးသွင်းလိုက်ပြန်သည်။
မကြာမီမှာပင် လုချင်း၏ ကိုယ်အပေါ်ပိုင်းရှိ အကြောအသီးသီးတွင် ငွေရောင်အပ် ၁၈ ချောင်း စိုက်ဝင်သွားခဲ့လေသည်။
ရှောင်ယန်မှာမူ ဖြူကောင်တစ်ကောင်နှင့်တူနေသော သူမ၏အစ်ကိုကို မကြည့်ရဲတော့ဘဲ မျက်လုံးများကို လက်ဖြင့်အုပ်ထားလေ၏။
၁၈ ချောင်းမြောက်အပ်ကို ထိုးသွင်းပြီးနောက် သမားတော်ကြီးသည် ချက်ချင်းလက်မလွှတ်လိုက်ပေ။
ထိုအစား သူသည် အပ်၏အဖျားပိုင်းကို ညင်သာစွာ လှည့်လိုက်သည်။
ချက်ချင်းပင် အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပျက်သွားခဲ့၏။ လုချင်းသည် အပ်အောက်မှ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရ၏။
တစ်ကိုယ်လုံး ကျင်စိမ့်စိမ့်ဖြစ်သွားပြီးနောက် ၎င်းက သူ့ကို မယုံနိုင်လောက်အောင် သက်သောင့်သက်သာဖြစ်စေသည်။
ထိုအချိန်မှာပင် ငိုက်မျဉ်းမှုလှိုင်းတစ်ခုက သူ့ကို ရိုက်ခတ်လာပြီး သူ၏မျက်ခွံများ လေးလံလာကာ လျင်မြန်စွာပင် အိပ်ပျော်သွားတော့သည်။
"အဘိုးချန်၊ ကိုကို အိပ်ပျော်သွားတာလား" ရှောင်ယန်က သူ၏လက်ချောင်းများကြားမှ ချောင်းကြည့်ရင်း မေးလိုက်သည်။
"ဟုတ်တယ်၊ မင်းအစ်ကိုရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်လေ။ ဒီအပ်စိုက်ကုထုံးက သူ့ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေလိမ့်မယ်"
"ဪ" ရှောင်ယန်သည် ဆေးပညာဆိုင်ရာ အသုံးအနှုန်းများကို အပြည့်အဝနားမလည်ဘဲ တုံ့ပြန်လိုက်၏။
"သွားရအောင်၊ မင်းအစ်ကို ဒီမှာ ခဏအိပ်ပါစေ။ ငါတို့ အပြင်ထွက်ကြမယ်" သမားတော်ကြီးက မတ်တပ်ထရပ်လိုက်သည်။
"ဘယ်သွားကြမလို့လဲ"
"ဒီအဘိုးချန်က မင်းအတွက် စားလို့ကောင်းတာတွေ သွားလုပ်ပေးမလို့ပေါ့…"