မြင်နေကျ မြင်ကွင်းတစ်ခု
Vol. 2 Ch. 13
သမားတော်ကြီးသည် အခန်းထဲသို့ဝင်သွားပြီးနောက် လျင်မြန်စွာ ပြန်ထွက်လာခဲ့၏။ သူ၏လက်ထဲတွင်တော့ ဘူးငယ်လေးတစ်လုံးကို ကိုင်ဆောင်ထားသည်။
"ဒါကိုယူသွား" သူက ထိုဘူးကို လုချင်းထံသို့ ကမ်းပေးလိုက်သည်။
"ဒါက ဘာလဲ" လုချင်းသည် ဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် ကြည်လင်လုနီးပါးဖြစ်နေသော အဖြူရောင် ချည်မျှင်လေးများကို တွေ့လိုက်ရ၏။
"ဒီချည်မျှင်တွေကို အရင်နှစ်တွေတုံးက ငါ ခရီးသွားရင်းနဲ့ ဒဏ်ရာရနေတဲ့ သူရဲကောင်းတစ်ယောက်ကို ကုပေးခဲ့လို့ သူက ပေးခဲ့တာ" သမားတော်ကြီးက ရှင်းပြသည် "ဒါတွေက ဘာလဲဆိုတာတော့ ငါလည်း အတိအကျမသိဘူး၊ ဒါပေမဲ့လည်း ဒီချည်မျှင်က ထူးထူးခြားခြားနဲ့ အရမ်းကို ခိုင်ခံ့ပြီး အလွယ်တကူမပြတ်ဘူးလေ။ ဒီတော့ မင်းလိုချင်တဲ့ငါးမျှားကြိုးများဖြစ်နေမလားလို့ မင်းကို ပေးတာ။"
"အဘိုးချန်၊ ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်၊ ကျွန်တော်လက်မခံနိုင်ပါဘူး" အသက်ကယ်ပေးသည့်အတွက် ကျေးဇူးတုံ့ပြန်သောအနေဖြင့် ပေးအပ်သောအရာသည် သာမန်ပစ္စည်းမဟုတ်ကြောင်းကို လုချင်း သိတာကြောင့် ဘူးကို အလျင်အမြန်ဖြင့် ပြန်ပေးလိုက်သည်။
"သူရဲကောင်း" ဟူသော စကားလုံးကိုကြားရသောအခါ၌ သူ၏နှလုံးသားမှာ လှုပ်ခတ်သွားခဲ့၏။ ဤလောကတွင် ထိုသို့သော ထူးခြားသည့်ပုဂ္ဂိုလ်များ အမှန်တကယ်ရှိနေသည်ကို ယင်းစကားက အတည်ပြုပေးလိုက်သည်ပင်။
သို့သော် အဘိုးချန်က လက်ကို ခါယမ်းပြလိုက်သည်။ "မင်း ယူသွားသင့်တယ်။ ဒါက ငါ့အတွက် အသုံးမဝင်ဘူး။ ငါ့ဆီမှာ ဆယ်နှစ်ကျော်လောက်တောင် ရှိနေပြီ၊ တစ်ခါမှ အသုံးမဝင်ခဲ့ဘူးလေ မင်းသာ ကြိုးခိုင်ခိုင်လိုတယ်လို့ မပြောခဲ့ရင် ငါ့မှာ ဒါရှိတယ်ဆိုတာကိုတောင် မေ့နေလောက်ပြီ"
"မင်းက ငါးမျှားဖို့အတွက် ကြိုးခိုင်ခိုင်လိုချင်တယ်ဆို။ ဒီချည်မျှင်တွေကို မင်း သုံးလိုက်တာက ငါ့ဆီမှာ ဖုန်တက်နေတာထက်စာရင် ပိုပြီးတော့တောင် ကောင်းပါသေးတယ်ကွာ။ မင်း အားနာနေတယ်ဆိုရင်တော့ မင်းဖမ်းမိတဲ့ ငါးကောင်းကောင်းလေးတစ်ကောင်လောက် ငါ့ဆီယူလာခဲ့ပေါ့။ မနေ့က မင်းပေးတဲ့ ငါးလေးကို အရက်နဲ့ မြည်းကြည့်တာ တော်တော်အရသာရှိတယ်ကွ"
ဘူးကိုကိုင်ထားရင်း လုချင်းသည် ကျေးဇူးလည်းတင်ရသလို အရှက်ရသလိုလည်း ခံစားလိုက်ရ၏။ သမားတော်ကြီးသည် သူ့နှင့်သူ့ညီမအပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သော်လည်း၊ သူကမူ အဘိုးကြီး၏ နည်းပညာများကို တိတ်တဆိတ်ခိုးယူရန် ကြံစည်နေခဲ့ရာ ယခုအခါ၌ အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။
သူ၏လက်ထဲရှိ ဘူးကိုကြည့်ရင်း လုချင်းသည် တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ နောင်တွင် အဘိုးချန်က သူ့ဆန္ဒအလျောက် သင်မပေးသရွေ့ သမားတော်ကြီး၏ နည်းပညာများကို တိတ်တဆိတ်ခိုးယူရန် ဘယ်တော့မှ ထပ်မကြိုးစားတော့ဟု ဆုံးဖြတ်လိုက်သည်။
"စိတ်မပူပါနဲ့ အဘိုးချန်။ ကျွန်တော် ငါးကောင်းကောင်း ဖမ်းမိတိုင်း အဘိုးဆီကို အရင်ဆုံး ယူလာခဲ့ပါ့မယ်!" လုချင်းက ဘူးကို တင်းတင်းဆုပ်ကိုင်ရင်း လေးနက်စွာ ကတိပေးလိုက်သည်။
သမားတော်ကြီးက အားရပါးရ ရယ်မောလိုက်သည်။ "ဟားဟား၊ ဒါဆိုရင်တော့ ငါ မျှော်လင့်နေမယ်နော်!"
သမားတော်ကြီး၏အိမ်မှ ထွက်ခွာလာသောအခါ လုချင်းသည် စိတ်လှုပ်ရှားနေခဲ့၏။ ယနေ့သည် အရမ်းကိုကောင်းမွန်သော နေ့တစ်နေ့ဖြစ်ခဲ့သည်ပင်။ သူသည် သမားတော်ကြီး၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည့်အပြင် သူ၏ကျန်းမာရေးအခြေအနေကို ပိုပြီးကောင်းလာစေရုံသာမက ဆေးပင်များခွဲခြားနည်းကိုပင် သင်ယူခွင့်ရခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ချည်မျှင်ဘူးတစ်ဘူးကိုလည်း လက်ခံရရှိခဲ့သည်။
သူ၏ပင်ကိုအသိစိတ်က ဤဘူးထဲရှိ ချည်မျှင်များသည် သာမန်မဟုတ်ကြောင်း သူ့ကို ပြောပြနေခဲ့၏။ သို့သော်လည်း သူသည် သမားတော်ကြီး၏အိမ်တွင် ယင်းတို့ကို အနီးကပ်စစ်ဆေးကြည့်ရှုရန် မဝံ့ရဲခဲ့ပေ။
ရှောင်ယန်နှင့်အတူ တောင်ပေါ်မှဆင်းလာခဲ့ရာ သူတို့ရွာသို့ရောက်သောအခါ ရွာသားအချို့သည် ရွာအဝင်ဝမှ ဝါးလုံးများနှင့် ပုံးများကို သယ်ဆောင်ကာ စကားပြောရယ်မောလျက် ပြန်လာနေကြသည်နှင့် ကြုံလေ၏။
လုချင်းကိုမြင်သောအခါ သူတို့က အဝေးမှပင် "လုချင်း!" ဟု လှမ်းခေါ်ကြသည်။
"ဦးလေးရှီ၊ ငါးမျှားပြီးလို့ ပြန်လာကြတာလားဗျ" လုချင်းက သူတို့၏ပခုံးပေါ်ရှိ ငါးမျှားတံကို သတိပြုမိရင်း မေးလိုက်သည်။
"ဟုတ်တယ်" ဦးလေးရှီက စိတ်လှုပ်ရှားစွာ ပြန်ဖြေသည် "မနေ့က မင်း ငါတို့ကို ပြောပြခဲ့တဲ့ တီကောင်နဲ့ငါးမျှားတဲ့နည်းကို စမ်းကြည့်တာ၊ အလုပ်ဖြစ်တယ်ဟေ့! ဒီနေ့ဖမ်းမိတာကို ကြည့်စမ်းပါဦး!"
သူက လုချင်းအား ပုံးကို ဂုဏ်ယူစွာပြလိုက်ရာ၊ ထိုထဲတွင် ငါးအတော်များများပါဝင်ပြီး အလေးချိန်အားဖြင့် တစ်ပေါင် သို့မဟုတ် နှစ်ပေါင်ခန့်ရှိပေမည်။ အချို့မှာ လုချင်းမနေ့က ဖမ်းမိခဲ့သည်ထက်ပင် ပိုကြီးမား၏။ သူသည် အခြားရွာသားများ၏ ပုံးများကိုလည်း စစ်ဆေးကြည့်ရာ လူတိုင်း တစ်ကောင်ကောင်ကိုတော့ ဖမ်းမိခဲ့ကြပြီး အနည်းဆုံးဖမ်းမိသူမှာပင် ပေါင်ဝက်ခန့် အလေးချိန်ရှိသည်။ ရွာသားတစ်ဦးမှာမူ တစ်ပေါင်ကျော်သော ငါးတစ်ကောင်ပင် ဖမ်းမိခဲ့သည်။
သို့သော်လည်း ထိုရွာသားမှာ စိတ်ပျက်နေပုံရ၏။ "ငါက ဒီ့ထက် ပိုကြီးတဲ့တစ်ကောင်ကိုတောင် ဖမ်းလို့ ရခါနီးကွာ ၊ ဒါပေမဲ့ အဲ့ကောင်က သူ့အားနဲ့ ရုန်းတော့ ငါ့ကြိုးကလည်း ပြတ်ထောက်သွားတယ်လေ။ အဲ့တာနဲ့ လွတ်သွားတယ်ဆိုပါတော့ကွာ။"
"ငါမင်းကို အဲ့လောက်တင်းအောင်မဆွဲနဲ့၊ နည်းနည်းလောက် ကြိုးလျှော့ပေးလိုက်လို့ ပြောသားပဲ၊ မင်းမှ နားမထောင်တာ။ အဲ့တော့ မင်းကြိုးပြတ်သွားတာက ဘာမှထူးဆန်းမနေဘူး" အခြားရွာသားတစ်ဦးက သူ့ကို ဆူပူလိုက်သည်။
"ငါးက အဲ့လောက်အားကြီးမယ်ဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲဟ။ အဲ့ငါးရဲ့အလေးချိန်က ငါးပေါင်တောင် ကျော်မယ်ဆိုတာ ငါသေချာပြောရဲတယ်!"
"မဖြစ်နိုင်တာ၊ အများဆုံး နှစ်ပေါင်လောက်ပဲရှိမှာပါကွာ။ ငါးပေါင်သာဆိုရင် မင်းလုံးဝထိန်းထားနိုင်မှာတောင် မဟုတ်ဘူးလေ!"
"ငါးပေါင်ဆိုတာ သေချာတယ်ကွ!"
...
လွတ်သွားသောငါး၏ အရွယ်အစားနှင့်ပတ်သက်၍ ရွာသားများ အငြင်းအခုံပြုနေကြသည်ကို နားထောင်ရင်း လုချင်းသည် မရယ်ဘဲမနေနိုင်တော့ပေ။ ဤမြင်ကွင်းကို သူ အလွန်ပင် ရင်းနှီးနေခဲ့၏။ သူ၏အရင်ဘဝ၌ သူနှင့်သူ၏ ငါးမျှားဖော်သူငယ်ချင်းများသည်လည်း ထိုအတိုင်းပင် ပြုမူခဲ့ကြသည်ပင်။ တစ်စုံတစ်ယောက် ငါးလွတ်သွားလျှင်၊ သူတို့သည် အမြဲတမ်း ၎င်း၏အရွယ်အစားကို ချဲ့ကားပြောဆိုတတ်ကြသည်။
ဆယ်ပေါင်အောက်သာ ဆိုရင် သူတို့ရဲ့ငါးမျှားစွမ်းရည်ကို စော်ကားရာရောက်တယ်လေ မဟုတ်ဘူးလား။
ဤအဖြစ်အပျက်ကို မတူညီသောကမ္ဘာတစ်ခုတွင် မျက်မြင်တွေ့ကြုံရဦးမည်ဟုတော့ သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
တကယ်ပါ ၊ ကမ္ဘာတွေသာ မတူချင်မတူလိမ့်မယ် ၊ ငါးမျှားသမားတွေရဲ့ သဘာဝကတော့ အတူတူပဲလေ ၊ ဟုတ်တယ်မလား။
လုချင်း၏ရယ်မောသံက ဦးလေးရှီနှင့် အခြားသူများကို အနည်းငယ် ရှက်ရွံ့သွားစေခဲ့၏၊ အထူးသဖြင့် ရှောင်ယန်က သူတို့အငြင်းအခုံဖြစ်နေသည်ကို မျက်လုံးပြူးလေးများဖြင့် ကြည့်နေသောကြောင့်ပင်။
"လုချင်း၊ မင်းတို့ ဘယ်ကလာတာလဲ" ဦးလေးရှီက အရှက်ပြေစေရန် တခြားအကြောင်းကို လွှဲပြောလိုက်တော့ယ
"ကျွန်တော်တို့တွေ အဘိုးချန်ဆီကနေ ပြန်လာတာပါ" လုချင်းက ပြန်ဖြေသည်။
ဦးလေးရှီက ခေါင်းညိတ်လိုက်သည်။ "ဪ၊ သမားတော်ကြီးဆီကကိုး။ သူက မင်းကို ကုပေးခဲ့တာဆိုတော့ သွားပြီး ကျေးဇူးတင်စကားပြောတာက မှန်တာပေါ့။"
သူက လုချင်းတစ်ယောက် ကျေးဇူးတင်ကြောင်းဖော်ပြရန် သွားခဲ့သည်ဟု ယူဆလိုက်၏။
"ဟုတ်တယ်ဗျ။ အဘိုးချန်သာ မရှိရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာ ဒီလိုမျိုး ရပ်နေနိုင်မှာတောက် မဟုတ်ဘူးလေ။" လုချင်းက မငြင်းဆန်ဘဲ သဘောတူလိုက်သည်။
"စကားမစပ်၊ လုချင်း၊ ငါးမျှားနည်းကို မင်းက စထွင်ခဲ့တာဆိုတော့ ဒီငါးတွေထဲက နည်းနည်းလောက် အိမ်ယူသွားလေ။" ဦးလေးရှီကပြောလိုက်သည်။
"ဟုတ်တယ်၊ မင်းရဲ့နည်းသာမရှိရင် တီကောင်တွေနဲ့ ငါးမျှားလို့ရတယ်ဆိုတာ ငါတို့ သိတောင်သိမှာမဟုတ်ဘူး!" အခြားရွာသားတစ်ဦးကလည်း ဝင်ပြောလာ၏။
"ငါ့ဟာယူသွား! ငါ့ဟာတွေက ပိုကြီးတယ်!"
"မဟုတ်တာတွေမပြောနဲ့၊ ငါ့ဟာတွေက အကြီးဆုံးပဲ။ ငါ့ဟာယူသွား!"
အခြားရွာသားများကလည်း ဝင်ရောက်ပြောဆိုကြပြီး လုချင်းကို သူတို့၏ငါးများကို ယူသွားရန် တိုက်တွန်းကြသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးတို့၊ ဒါပေမဲ့ ကျွန်တော့်ဆီမှာ မနေ့ကဖမ်းထားတဲ့ငါးတွေ ရှိပါသေးတယ်" လုချင်းက ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။
"ပိုစားလိုက်ပေါ့ကွ! မင်းနဲ့ရှောင်ယန်က အရမ်းပိန်နေတာ။ ငါးက အာဟာရရှိတယ်လေ။ မင်းတို့ ပိုစားသင့်တယ်!" ဦးလေးရှီက အတင်းတိုက်တွန်းပြန်သည်။
နောက်ဆုံးတွင်တော့ လုချင်းသည်လည်း သူတို့၏စေတနာကို မငြင်းဆန်နိုင်တော့ပေ။ သူသည် ရွာသားတစ်ဦးစီ၏ ပုံးထဲမှ ငါးအနည်းငယ်စီကို ယူကာ လမ်းဘေးတွင်ခူးလိုက်သော အရွက်ဖြင့် ငါးကိုပတ်ပြီး ထုပ်လိုက်သည်။ ထိုသို့ပြုလုပ်သည့်တိုင် သူ၌ ငါးပေါင်ဝက်နီးပါး ရရှိသွားခဲ့၏။
"ပိုယူသွားဦးလေ!" ဦးလေးရှီက တိုက်တွန်းသည်။
"ကျွန်တော် ထပ်မယူနိုင်တော့ဘူး။ အဲ့ဒါတွေအကုန်လုံးချက်ဖို့ ဆီနဲ့ဆား မလောက်လို့ပါဗျ" လုချင်းမှာ နောက်ဆုံးတော့ ခိုင်မာစွာဖြင့် ငြင်းဆန်လိုက်သည်။
ဤသို့ကြားသောအခါ ရွာသားများလည်း အတင်းမတိုက်တွန်းတော့ပေ။ ဆီနှင့်ဆားအလုံအလောက်မရှိလျှင် ငါးသည် အမှန်တကယ်ပင် အရသာရှိမည်မဟုတ်ပေ။
လက်ထဲတွင် ငါးတစ်တွဲဖြင့် လုချင်းနှင့်ရှောင်ယန်တို့သည် ရွာသားများကို နှုတ်ဆက်ကာ သူတို့၏ခြံဝင်းငယ်လေးသို့ ပြန်လာခဲ့ကြသည်။ မီးဖိုချောင်တွင် ငါးများကို ထားပြီးနောက် လုချင်းသည် သမားတော်ကြီးပေးလိုက်သော ဘူးငယ်လေးကို ထုတ်ယူလိုက်ကာ ဖွင့်လိုက်ပြီးနောက် အထဲမှချည်မျှင်များကို တိတ်ဆိတ်စွာ စစ်ဆေးကြည့်ရှုနေမိတော့သည်။