ငါးကြီး! လျှို့ဝှက်ဆန်းကြယ်သော ငါးအမြုတေ
Vol. 2 Ch. 15
မြစ်ကွေ့တစ်ခုတွင်၊ လုချင်းသည် နောက်ဆုံးတွင်တော့ ငါးဖမ်းဖို့ နေရာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
[အစပြုသူ ငါးဖမ်းရာနေရာ : အာဟာရဓာတ်ကြွယ်ဝပြီး ရေနေအပင်များပေါများသောနေရာ၊ ငါးများ အစာရှာဖွေရန် နှစ်သက်သောနေရာဖြစ်သည်။]
[ဤနေရာတွင် ထူးဆန်းသောသစ်သီးများ ပေါက်ရောက်နေပြီး၊ ရှားပါးသောငါးအချို့သည်လည်း ၎င်းတို့ကို အထူးနှစ်သက်ကြသည်။ ဤနေရာတွင် ငါးမျှားခြင်းဖြင့် မမျှော်လင့်ထားသော အံ့ဩဖွယ်ရာများ ရရှိနိုင်ပေမည်။]
၎င်းမှထုတ်လွှတ်သော အဖြူရောင်အလင်းတန်းသည် သူယခင်ကတွေ့ရှိခဲ့သော အစပြုသူ ငါးဖမ်းရာနေရာထက်ပင် ပိုမိုပြင်းထန်နေခဲ့သည်။
"အပေါ်မှာ ထူးဆန်းတဲ့အသီးတွေ ပေါက်နေတာလား"
လုချင်းသည် မော့ကြည့်ကာ မြစ်ကမ်းပါးတစ်လျှောက် ရှာဖွေလိုက်သည်။
မကြာမီမှာပဲ ၊ ထူးဆန်းသောပုံသဏ္ဌာန်ရှိသည့် အပင်အချို့သည် သူ၏အာရုံကို ဖမ်းစားသွားလေ၏။
သူ၏နတ်မျက်စိစွမ်းရည်ဖြင့် စေ့စေ့စပ်စပ်ကြည့်လိုက်သောအခါ၊ ဤအပင်များသည်လည်း အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်နေခဲ့သည်။
[သွေးမက်မွန်ပင် : သွေးမက်မွန်သီးများ သီးပြီး၊ အဆိပ်မရှိဘဲ ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်သည်။]
[သွေးမက်မွန်သီးများတွင် ရှားပါးသောငါးအချို့ အထူးနှစ်သက်သည့် အထူးဓာတ်တစ်မျိုးပါဝင်သည်ဟု ဆိုကြသည်။]
"သွေးမက်မွန်သီးတဲ့လား"
လုချင်းသည် သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော လက်တစ်ဖျားစာသာအရွယ်ရှိသည့် အနီရောင်အသီးငယ်များကို စိုက်ကြည့်နေမိသည်။
ရှားပါးတဲ့ငါးတွေ ကြိုက်တတ်တဲ့ ထူးဆန်းတဲ့အသီးဆိုတာက ဒါများဖြစ်နေမလား။
ထိုသို့တွေးမိသည်နှင့် သူသည် ရှေ့သို့တိုးလိုက်သည်။
ကံကောင်းစွာပင် သွေးမက်မွန်ပင်များသည် သိပ်မမြင့်လှဘဲ၊ သူသည် အလွယ်တကူပင် တစ်ဆုပ်ခူးယူနိုင်ခဲ့သည်။
"ကိုကို၊ ဒီအသီးတွေက စားချင်စရာကြီး"
ရှောင်ယန်သည် လုချင်း၏လက်ထဲမှ တောက်ပနေသောအနီရောင် သွေးမက်မွန်သီးများကို မြင်သောအခါ တံတွေးမမျိုချဘဲ မနေနိုင်တော့ပေ။
"ဒါတွေက စားဖို့မဟုတ်ဘူး"
သူ၏နတ်မျက်စိစွမ်းရည်မှ ရရှိထားသော အချက်အလက်များအရ သွေးမက်မွန်သီးများသည် အဆိပ်မရှိဟု ညွှန်ပြထားသည့်အပြင် ၎င်းတို့တွင် ဆေးဖက်ဝင်ဂုဏ်သတ္တိများရှိသည်ဟုလည်း ဖော်ပြထားသည်။ ၎င်းတို့ကို ဆေးဖက်ဝင်ဟု သတ်မှတ်ထားသောကြောင့်၊ လုချင်းသည် ရှောင်ယန်ကို ပေါ့ပေါ့ဆဆ စားခွင့်မပြုဝံ့ပေ။
"စားလို့မရဘူးဆိုရင်၊ ကိုကိုက ဘာလို့ခူးလာတာလဲဟင်"
"ငါးမျှားဖို့လေ။ တချို့ငါးတွေကကျ ဒီအသီးတွေကို စားရတာ အရမ်းကြိုက်ကြတယ်၊ အဲ့တာကြောင့် ဒါကို ငါးစာအဖြစ်သုံးပြီး ငါးကြီးတစ်ကောင်ဖမ်းကြည့်ချင်လို့" လုချင်းက ရှင်းပြသည်။
"ငါးကြီးတွေက အသီးစားရတာ ကြိုက်တယ်လား" ရှောင်ယန်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
"ဟုတ်တယ်၊ ငါးတွေက အစုံစားကြတယ်လေ — တီကောင်တွေ၊ အသီးတွေ၊ ပြောင်းဖူး၊ မြက်။ သူတို့စားတာတွေကိုပြောရမယ်ဆို ပြောမကုန်အောင်ပဲ"
"ပြောင်းဖူးနဲ့ မြက်တောင် စားကြတယ်လား?!" ကလေးမလေး၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားတော့သည်။
ဤသို့သောအရာများကို သူမ ပထမဆုံးအကြိမ် သိရှိရခြင်းဖြစ်ပြီး၊ သူမအတွက် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု ယူဆမိသည်။
"ဒါကြောင့် ရှောင်ယန်က ဒီအသီးတွေကို စားလို့မရဘူးနော်။ ကိုကိုတို့က ဒါတွေကို ငါးကြီးတစ်ကောင်ဖမ်းဖို့ သုံးမှာ"
"အင်းဟင်း! ညီမလေး နားလည်ပြီ!" ရှောင်ယန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
အသီးနှင့်နှိုင်းယှဉ်လျှင် သူမသည် ငါးကြီးကို ပို၍စိတ်ဝင်စားနေခဲ့သည်။
"ရှောင်ယန်၊ ဒီမှာစောင့်နေနော်၊ ကိုကို ဒီနေရာကို ရှင်းလိုက်ဦးမယ်ဟုတ်ပြီလား"
ရှောင်ယန်ကို လျှောက်မသွားဖို့ရန် သတိပေးပြီးနောက်၊ လုချင်းသည် လက်ကိုင်ဓားမတိုတစ်လက်ကို သစ်သားချောင်းတစ်ချောင်းတွင် ချည်နှောင်ကာ ငါးဖမ်းဖို့ နေရာပတ်လည်ရှိ ပေါင်းပင်များနှင့် သစ်ပင်ငယ်များကို စတင်ရှင်းလင်းတော့သည်။
သူ၏ယခင်ဘဝတွင် ဤအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးသောကြောင့် သူသည် သဘာဝအတိုင်းပင် ကျွမ်းကျင်နေခဲ့သည်။
မကြာမီမှာပင် သူသည် ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ကောင်းမွန်သောငါးဖမ်းဖို့ နေရာတစ်ခုကို လုပ်ပြီးသွားခဲ့၏။
သို့သော်လည်း သူသည် သွေးမက်မွန်ပင်များကိုတော့ မဖျက်စီးခဲ့ပေ — မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အဖြူရောင်အလင်းတန်းထွက်နေသော အပင်များဖြစ်ပြီး တန်ဖိုးကြီးမားလှသည်မဟုတ်လော။
ငါးဖမ်းဖို့ နေရာပြင်ဆင်ပြီးသည်နှင့် လုချင်းသည် ငါးမျှားရန် အသင့်ပြင်ဆင်တော့သည်။
သူသည် ငါးစာကျွေးသည့်နည်းလမ်းများကိုတော့ မသုံးသေးပေ — အကြောင်းမှာ သူ၏မိသားစု၏ စားနပ်ရိက္ခာမှာ ထိုသို့ဖြုန်းတီးပစ်ရန်အထိ လုံလောက်အောင် မပေါများသေးသောကြောင့်ပင်။
ထို့အပြင် ဤထူးဆန်းသောကမ္ဘာရှိ မြစ်သည် သယံဇာတများ ကြွယ်ဝလှပြီး၊ သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ရွေးချယ်ထားသော ငါးဖမ်းနေရာနှင့်ဆိုလျှင် ၊ ရေထဲသို့ငါးစာမကျွေးဘဲနှင့်ပင် ငါးဖမ်းမိနိုင်မည်ဟု သူယုံကြည်နေခဲ့သည်။
မြစ်ကမ်းနားတွင်ထိုင်ရင်း လုချင်းသည် လာမည့်နှစ်ရက်အတွက် အစားအစာ လုံလုံလောက်လောက်ရရှိရန် တီကောင်များဖြင့် ငါးစမျှားဖို့ ဆုံးဖြတ်လိုက်သည်။
သူသည် တီကောင်တစ်ကောင်ကို ချိတ်တွင်တပ်ကာ ရေထဲသို့ သူ၏ကြိုးကို ပစ်ချလိုက်ပြီးနောက် ရေမျက်နှာပြင်ပေါ်တွင် သစ်သားခြောက် ငြိမ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
ဤနေရာမှာ သူတွေ့ရှိခဲ့သော အစပြုသူ ငါးဖမ်းရာနေရာများထဲတွင် အကောင်းဆုံးဖြစ်သည်မှာ အမှန်ပင် ၊ ဤနေရာ၏ အဖြူရောင်အလင်းတန်းသည် အလင်းဆုံးဖြစ်၏။
လုချင်းသည် သူ၏ငါးမျှားတံကိုပင် မလွှတ်ချရသေးခင်မှာပင် သစ်သားခြောက်သည် လှုပ်ရှားလာတော့သည်။
ပထမဦးစွာ ၎င်းသည် အနည်းငယ်တုန်ခါသွားပြီး၊ ထို့နောက် ရုတ်တရက် အောက်သို့ထိုးဆင်းသွားလေ၏။
လုချင်းသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ကာ ငါးကိုဆွဲတင်လိုက်စဉ် ကြိုး၏တင်းအားပိုအားကောင်းလာတာကြောင့် ထွက်ပေါ်လာသော ဝှစ်ခနဲ မြည်သံကိုပင်ကြားလိုက်ရ၏။
ငါးမှာ သိပ်တော့မကြီးလှ — လက်နှစ်ချောင်းအကျယ်ခန့်သာရှိသော ငါးဖြူငယ်လေးတစ်ကောင်သာဖြစ်၏။
လုချင်းမှာ မျက်ခုံးပင့်လိုက်မိသည်။ ဤငါးဖြူငယ်များသည် မြစ်ထဲတွင် အတွေ့ရအများဆုံးမျိုးစိတ်များထဲမှ တစ်ခုဖြစ်ပုံရပြီး၊ နေရာတိုင်းတွင် ပေါ်လာတတ်ကြသည်။
"ငါးဖြူလေးပဲ!"
ရှောင်ယန်သည် ထိုငါးကို ချက်ချင်းမှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ဟုတ်တယ်၊ ငါးဖြူလေး။ ဒီနေ့ ကိုကိုတို့ ငါးကောင်းကောင်းဖမ်းမိမယ့်ပုံပဲ"
လုချင်းသည် ငါးကို ချိတ်မှဖြုတ်ကာ ပုံးထဲသို့ ထည့်လိုက်သည်။
ဤမျှစောစောစီးစီး အောင်မြင်စွာစတင်နိုင်ခဲ့ခြင်းက သူ့အား ခံစားချက်တစ်ခုကို ပေးစွမ်းခဲ့သည် — ယနေ့တွင် သူသည် တကယ့်အကောင်ကြီးတစ်ကောင်ကို ဖမ်းမိနိုင်လောက်သည်။
ထို့နောက် အာရုံစူးစိုက်မှုအသစ်ဖြင့် လုချင်းသည် ငါးမျှားခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း အခြေအနေများမှာ မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့သည်။
ငါးငယ်အနည်းငယ်ထပ်ဖမ်းမိပြီးနောက်၊ သူသည် သူ၏ကြိုးကို နောက်တစ်ကြိမ်ပစ်ချလိုက်သည် — ဤတစ်ကြိမ်တွင်မူ အချိန်အတော်ကြာသည်အထိ မည်သည့်ငါးမျှ လာမဟပ်ခဲ့ပေ။
"ငါးလေးတွေ မမိတော့ဘူးဆိုရင်တော့ ဒီနေရာက ငါးမရှိတော့တာဖြစ်ရင်ဖြစ် ၊ ဒါမှမဟုတ်ရင် ငါးကြီးတစ်ကောင်က ငါးလေးတွေကို ခြောက်လွှတ်လိုက်လို့ပဲဖြစ်ရမယ်"
သူ၏အတွေ့အကြုံများစွာနှင့်အတူ လုချင်းသည် ချက်ချင်းပင် ကောက်ချက်တစ်ခုချလိုက်သည်။
မဆိုင်းမတွပင် သူသည် သူ၏ကြိုးကို ပြန်လည်ရစ်သိမ်းလိုက်ပြီးနောက် ချိတ်မှ တီကောင်ကိုဖယ်ရှားလိုက်ကာ အဝတ်အိတ်ငယ်တစ်ခုကို ဆွဲထုတ်လိုက်တော့၏။
"လျှို့ဝှက်လက်နက်ပဲ!"
ရှောင်ယန်သည် ထိုအိတ်ကို ချက်ချင်းမှတ်မိသွားသည်။
အဲ့တာက သူတွေအိမ်ကထွက်မလာခင်တုံးက ကိုကိုလုပ်ထားတဲ့လျှို့ဝှက်လက်နက်လေ။
လုချင်းသည် အိတ်ကိုဖွင့်ကာ ရွှေရောင်အစေ့အနည်းငယ်ကို ထုတ်ယူလိုက်သည်။
၎င်းတို့သည် လတ်ဆတ်သော ပြောင်းဖူးစေ့များဖြစ်ကြ၏။
ထိုနေ့နံနက်တွင် သူသည် ဘေးအိမ်မှ ဒေါ်လေးဝမ်ထံမှ ပြောင်းဖူးအနည်းငယ်ကို တောင်းယူခဲ့ပါ၏။ အကြောင်းမှာ ငါးစာအဖြစ် အထူးစပါရှယ်အနေအထားမှာ သုံးဖို့အတွက်ဖြစ်၏။
သူ၏ယခင်ဘဝတွင်၊ သူသည် အကောင်ကြီးများဖမ်းရန် တောထဲသို့ငါးမျှားသွားသည့်အခါတိုင်း၊ ပြောင်းဖူးသည် သူ၏အဓိကငါးစာဖြစ်ခဲ့သည်။
ငါးကြင်း၊ မြက်စားငါးကြင်း — သူတို့အားလုံးက ပြောင်းဖူးကို ကြိုက်နှစ်သက်ကြသည်။ ယင်းသည် ဘယ်တော့မှ မလွဲချော်ခဲ့ပေ။
ဤကမ္ဘာရှိ ငါးကြီးများသည်လည်း အတူတူပင်ဖြစ်မည်လားဆိုသည်ကို သူ မသေချာသော်လည်း၊ ကြိုးစားကြည့်ရပေမည်။
အလုပ်မဖြစ်လျှင်တော့ သူ လတ်လတ်ဆတ်ဆတ်ခူးလာသော သွေးမက်မွန်သီးများကို ပြောင်းသုံးရမည်ပင်။
ပြည့်ဖြိုးသောပြောင်းဖူးစေ့တစ်စေ့ကို ချိတ်တွင်တပ်ပြီးနောက်၊ လုချင်းသည် သူ၏ကြိုးကို နောက်တစ်ကြိမ်ပစ်ချလိုက်သည်။
ထို့နောက်ဖြစ်ပျက်ခဲ့သည်မှာ သူ့ကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။
ချိတ်သည် ရေထဲသို့ဝင်သည့်အချိန်မှာပင် — သစ်သားခြောက်သည် ငြိမ်သက်သွားရန် အခွင့်အရေးပင်မရခင်မှာပဲ တစ်စုံတစ်ခုက ၎င်းကို မယုံနိုင်လောက်သောအားဖြင့် အောက်သို့ဆွဲချသွားခဲ့သည်။
ငါးမျှားကြိုးသည် တင်းခနဲဖြစ်သွားပြီး၊ ကြီးမားသောအားတစ်ခုကလည်း ငါးမျှားတံမှတစ်ဆင့် စီးဝင်လာကာ၊ လုချင်းကို ဟန်ချက်မညီဖြစ်လုနီးပါးထိ ဖြစ်သွားစေခဲ့သည်။
ကံကောင်းစွာပင် သူသည် လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီး၊ ရှေ့သို့ခြေတစ်လှမ်းတိုးကာ မိမိကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။
"ကောင်းရော၊ ကောင်းရော၊ ငါ့ကို အလစ်ဝင်တိုက်မလို့ပေါ့လေ ဟမ်?"
ငါးမျှားတံကို တင်းတင်းဆုပ်ကိုင်ထားရင်း၊ လုချင်းသည် ငါးထံမှ လာသော အစွမ်းကုန်ရုန်းကန်အားကြီးကို ခံစားနေရသည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။
ငါးကြီးပဲ — ဒါက သေချာပေါက် ငါးကြီးတစ်ကောင်ပဲ!
ပေါင်ချိန်ငါးပေါင်အောက်ရှိသော မည်သည့်ငါးမျှ ဤသို့သောအားကို မထုတ်လွှတ်နိုင်ပေ။
ဝှစ်!
လွတ်မြောက်နိုင်မည်မဟုတ်သည်ကို သိရှိသွားသောအခါ၊ ငါးသည် ပြင်းထန်စွာ ရုန်းကန်လာပြီး၊ ငါးမျှားကြိုးကို တင်းအားပိုမြှင့်လာစေမှုဖြင့် ဝှစ်ခနဲ မြည်ဟည်းသွားစေခဲ့သည်။
"မင်း ငါ့လက်ကနေ လွတ်နိုင်မယ်လို့ ထင်နေတာလား။ အခွင့်အရေးမရှိဘူးကွ!"
ငါးသည် နောက်တစ်ကြိမ်ရုန်းကန်သောအခါ၊ လုချင်းသည် အားကိုစုပ်ယူရန် သူ၏လက်ကို ကျွမ်းကျင်စွာဖြေလျှော့လိုက်ပြီး၊ ထို့နောက် ပြန်လည်တင်းကြပ်ကာ၊ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေခဲ့သည်။
သူ၏အသစ်စက်စက်ပြုလုပ်ထားသော ငါးမျှားတံကို သူ၏နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးပြီးဖြစ်သည် — ၎င်းသည် ပေါင်တစ်ရာအားကိုပင် ခံနိုင်ရည်ရှိသည်။ ဤငါးသည် ၎င်းကို ဘယ်လိုနည်းနှင့်မျှ ပြတ်တောက်အောင်မလုပ်နိုင်။
"အားတင်းထား ကိုကို၊ အားတင်းထား!"
စိုးရိမ်တကြီးကြည့်နေသော ရှောင်ယန်သည် သူမ၏လက်သီးငယ်လေးများကို ဆုပ်ထားလေ၏။
သူမသည် ငါးကြီးကို ကြောက်လန့်သွားမည်စိုးသောကြောင့် အသံကျယ်ကျယ်ဖြင့် အားမပေးဝံ့ဘဲ၊ တိုးတိုးလေးဖြင့်သာ အားပေးနေခဲ့သည်။
ဤသို့ဖြင့် လုချင်းနှင့်ငါးတို့ကြား၌ ဉာဏ်ပညာနှင့်ခွန်အားတို့၏ တိုက်ပွဲတစ်ခု စတင်ခဲ့လေသည်။
နာရီဝက်လုံး သူတို့သည် မရပ်မနား အပြန်အလှန်ရုန်းကန်တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက်မှသာ လုချင်းသည် ငါး၏ခွန်အား လျော့နည်းလာသည်ကို စတင်ခံစားမိတော့သည်။
"နောက်ဆုံးတော့ မင်းကို ပင်ပန်းသွားအောင်လုပ်နိုင်ခဲ့ပြီပဲ" လုချင်းသည် သက်ပြင်းချရင်း၊ စိတ်အေးသွားခဲ့သည်။
ကြာရှည်သောရုန်းကန်မှုသည် သူ၏ကိုယ်ပိုင်ခွန်အားကိုလည်း အတော်အတန်ကုန်ဆုံးစေခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်က သမားတော်ချန်ဆီမှာ အပ်စိုက်ကုထုံးနှင့် မကုသမိခဲ့လျှင် ၊ သူ၏ခွန်အားများစွာကို ပြန်လည်ရရှိစေခဲ့ခြင်းမရှိခဲ့လျှင်၊ သူသည် ဤငါးနှင့် အားချင်းယှဥ်နိုင်မည်ပင်မဟုတ်။
ယခုမူ ငါးသည် ၎င်း၏ကန့်သတ်ချက်သို့ရောက်ရှိသွားပြီဖြစ်ရာ၊ လုချင်း၏လက်မှ လွတ်မြောက်နိုင်မည့်နည်းလမ်းမရှိတော့ပေ။
ခဏအကြာတွင် နောက်ဆုံးအားကုန်သုံး၍ ဆွဲတင်လိုက်သောအခါ၊ လုချင်းသည် သူနှင့် တိုက်ပွဲအကြာကြီးတိုက်ခဲ့သော ပြိုင်ဘက်ကို နောက်ဆုံးတွင် ရေမျက်နှာပြင်ပေါ်သို့ ဆောင်ယူနိုင်ခဲ့လေသည်။
မောင်နှမနှစ်ယောက်သည် နောက်ဆုံး၌ ဧရာမငါးကြီးကို ရှင်းလင်းစွာမြင်တွေ့လိုက်ရတော့သည်။
"အကြီးကြီးပဲ!"
ရှောင်ယန်သည် ငါးကြီး ရေထဲမှထွက်ပေါ်လာသည်ကို မြင်သောအခါ၊ သူမ၏စိတ်လှုပ်ရှားနေသောအော်သံကို မထိန်းနိုင်တော့ပေ။
လုချင်းပင်လျှင် စိတ်လှုပ်ရှားမှုကို မခံစားဘဲမနေနိုင်တော့ပေ။
မိုက်တယ်ဟေ့ ၊ အရွယ်အစားကိုကြည့်တာနဲ့တင် ဒီငါး အနည်းဆုံးတော့ ဆယ်ပေါင်လောက်လေးလောက်တယ်။
သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း၊ လုချင်းသည် ငါးမျှားတံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ငါးမျှားခြင်းသည် စိတ်ရှည်သည်းခံမှုလိုအပ်သောအရာဖြစ်ပြီး၊ အရေးအကြီးဆုံးအချိန်သည် အမြဲတမ်း နောက်ဆုံး အဆုံးသတ်အချိန်ပင်ဖြစ်သည်။
သူသာ ယခုချိန် ပေါ့ပေါ့ဆဆလုပ်မိပြီး ငါးလွတ်သွားခဲ့လျှင်၊ ဤအခိုက်အတန့်က သူအသက်ရှစ်ဆယ်အရွယ်အထိပင် သူ့ကိုခြောက်လှန့်နေမည့် နောင်တတစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် သူ၏သတိထားမှုအားလုံးကြားမှ၊ သူငါးကိုကုန်းပေါ်တင်ရန် ပြင်ဆင်နေစဉ်တွင် မမျှော်လင့်ထားသောပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူသည် အရေးကြီးသောအရာတစ်ခုကို သတိပြုမိလိုက်သည် — သူ့မှာ ပိုက်ကွန်မရှိဘူး!
သို့ရာတွင် ဤသည်မှာ အမှန်တကယ်တော့ သူ၏အမှားမဟုတ်ပေ၊ အကြောင်းမှာ သူ၏မိသားစုတွင် ပိုက်ကွန်မရှိသောကြောင့်ဖြစ်သည်။
ပိုက်ကွန်ကို ထားလိုက်ဦး — သူတို့မှာ ရိုးရိုးပိုက်ကွန်ခြင်းတောင်မရှိဘူးလေ။
ပိုက်ကွန်မရှိဘဲ၊ သူသည် ငါးကို ရိုးရိုးလေးခပ်ယူ၍မရပေ။ တစ်ခုတည်းသောရွေးချယ်စရာမှာ ၎င်းကို ဆက်လက်၍ပင်ပန်းအောင်လုပ်ရန်သာဖြစ်၏။
ငါးကို လုံးဝအားကုန်သွားအောင်လုပ်ပြီးမှသာ သူသည် ငါးမျှားတံကို ရှောင်ယန်ထံသို့ပေးကာ မြစ်ကမ်းနားတွင် ဒူးထောက်ထိုင်ချလိုက်ပြီး၊ ငါးကို လက်ဗလာဖြင့်သာ ဖမ်းရန် ပြင်ဆင်လိုက်၏။
ဤနည်းလမ်းသည် အမှန်တကယ်တော့ အန္တရာယ်ရှိသည်။
ဤအရွယ်အစားရှိငါးတစ်ကောင်သည်၊ ၎င်းတွင် ခွန်အားအနည်းငယ်ကျန်ရှိနေသေးလျှင်ပင် ၊ ၎င်း၏အမြီးကို တစ်ချက်ရိုက်ခတ်ရုံဖြင့် တစ်စုံတစ်ယောက်ကို သတိလစ်သွားအောင် အလွယ်တကူလုပ်နိုင်ပါ၏။
ကံကောင်းစွာဖြင့် ဤငါးသည် အမှန်တကယ်ပင် ၎င်း၏ခွန်အားအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ အရာအားလုံးမှာ ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့သည် — လုချင်းမှာ ငါးကို ကုန်းပေါ်သို့ အောင်မြင်စွာဆွဲတင်နိုင်ခဲ့သည်။
"ကိုကို! ဒီငါးကြီးက သမီးထက်တောင် အရပ်ရှည်သေးတယ်!"
လုချင်းသည် ငါးကို မြစ်ကမ်းမှသယ်ဆောင်လာစဉ်၊ ရှောင်ယန်ကတော့ သူတို့၏အရွယ်အစားများကို နှိုင်းယှဉ်ကြည့်ကာ အံ့ဩတကြီးအော်ဟစ်လိုက်သည်။
"တကယ်ပဲ ရှောင်ယန်လေးထက် နည်းနည်းပိုပြီးအရပ်ရှည်တဲ့ပုံပဲနော်။"
လုချင်းသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမပြောသည်မှာမှန်ကန်ကြောင်း သိရှိလိုက်ရသည်။
ငါးသည် တစ်မီတာကျော်ရှည်သည် — မတ်မတ်ထောင်လိုက်သည့်အခါ၌ ၎င်းသည် ရှောင်ယန်ထက် အနည်းငယ်ပို၍အရပ်ရှည်သည်မှာ အမှန်ပင်။
"ဒီငါးက ဘယ်လိုငါးမျိုးလဲ ကြည့်ရအောင်"
ထိုသိူ့ပြောပြီးနောက် လုချင်းသည် ငါးကို အနီးကပ်စစ်ဆေးကြည့်ရှုလိုက်သည်။
၎င်းတွင် ရှည်လျားပြီး သွယ်လျသောကိုယ်ထည်ရှိပါ၏။ ထိုကိုယ်ထည်အား စနစ်တကျစီစဉ်ထားသော၊ သံချပ်ကာနှင့်တူသည့် အကြေးခွံများဖြင့် ဖုံးလွှမ်းထားလေကာ အလင်းရောင်အောက်တွင် တောက်ပနေပုံက ၎င်းအား ခန့်ညားထည်ဝါသောအသွင်ကို ပေးစွမ်းနေခဲ့သည်။
လုချင်းသည် ချက်ချင်းပင် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ငါး၏အချက်အလက်များကို စစ်ဆေးကြည့်ရှုလိုက်သည်။
သူ၏အကြည့်အောက်တွင်၊ ငါး၏ကိုယ်ထည်မှ ထူထဲသောအဖြူရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေခဲ့သည်။
"အဖြူရောင်အလင်းတန်းလား ဟမ်..."
လုချင်းသည် အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
ဤမျှကြီးမားသောငါးတစ်ကောင်က အနီရောင်အလင်းတန်းအဆင့်တွင် ရှိနိုင်မည်ဟု သူ မျှော်လင့်ခဲ့မိတာပင်။
သို့သော် ခဏအကြာစဉ်းစားပြီးနောက်၊ သူ လောဘကြီးနေမိသည်ကို သိရှိလိုက်ရသည်။
ဤငါးသာ အနီရောင်အလင်းတန်းအဆင့်ဖြစ်ခဲ့လျှင်၊ ၎င်းကိုကုန်းပေါ်တင်နိုင်ခြင်းက ယခုလိုအဆုံးသတ်မျိုးတော့မဖြစ်နိုင်လောက်တော့။
ယခုအချိန်အထိ၊ သူသည် အနီရောင်အလင်းတန်းရှိသည့် အရာနှစ်ခုသာ ကြုံတွေ့ခဲ့ဖူးသည် — သမားတော်ချန်နှင့် နှင်းပိုးမျှင်တို့ပင်။
နှစ်ခုစလုံးသည် ထူးခြားဆန်းကြယ်လှသည်။
သမားတော်ချန်သည် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး၊ နှင်းပိုးမျှင်သည် ရှားပါးသောရတနာတစ်ပါးဖြစ်သည်။
ဤငါးသာ အနီရောင်အလင်းတန်းအဆင့်ဖြစ်ခဲ့လျှင်၊ ၎င်းတွင် အထူးစွမ်းရည်အချို့ရှိနိုင်ပေသည်။
ထိုသို့ဖြစ်ခဲ့လျှင်၊ မည်သူက မည်သူ့ကိုဖမ်းမိမည်မှာ မသေချာတော့ပေ — သူသည် ရေထဲသို့ဆွဲချခံရသူဖြစ်နိုင်ပေသည်။
စိတ်ငြိမ်အောင်ထိန်းလိုက်ပြီးနောက် လုချင်းသည် သူ၏ရှေ့တွင်ပေါ်လာသော စာသားအသစ်ကို အာရုံစိုက်လိုက်သည်။
[ကျောက်ငါးပြာ : အပြာရောင်သံချပ်ကာအကြေးခွံများဖြင့် ဖုံးလွှမ်းထားသော ငါးကြီးမျိုးစိတ်တစ်မျိုး၊ မြစ်ထဲတွင် ကြီးစိုးနိုင်သောအင်အားရှိပြီး ငါးအမြုတေတစ်လုံးပါဝင်သည်။]
[ရင့်ကျက်သော ကျောက်ငါးပြာများတွင် လည်ချောင်း၌ ငါးအမြုတေတစ်လုံးရှိသည်ဟုဆိုကြသည်။ ပွတ်တိုက်ပြီးဝတ်ဆင်ပါက၊ စိတ်ဝိညာဉ်ကို ငြိမ်သက်တည်ငြိမ်စေသောအာနိသင်ရှိသည်။]
ဤအချက်အလက်ကိုမြင်သောအခါ၊ လုချင်းသည် အတိုင်းထက်အလွန်ဝမ်းမြောက်သွားသည်။
ငါးအမြုတေတဲ့!
သူ ခုလေးတင်ဖမ်းမိခဲ့တဲ့ ဧရာမငါးကြီးမှာ ငါးအမြုတေတစ်လုံးရှိတယ်တဲ့!
ငါးအမြုတေများသည် လုချင်းအတွက် မစိမ်းလှပေ။
သူ၏ယခင်ဘဝတွင် ၊ သူသည် ပေါင်နှစ်ဆယ်အလေးချိန်ရှိသော တောရိုင်း ငါးကြင်းမဲကြီးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးကာ ထိုငါးအထဲ၌ ငါးအမြုတေတစ်လုံးရှိခဲ့သည်။
ထိုအချိန်က၊ ချမ်းသာသောဝယ်သူတစ်ဦးမှာ သူ့အား ထောင်ပေါင်းများစွာပေး၍ ကမ်းလှမ်းခဲ့သော်လည်း၊ သူကတော့ ရောင်းရန်ငြင်းဆန်ခဲ့သည်။
၎င်းအပေါ် သူ၏ကိုယ်ပိုင်တွယ်တာမှုအပြင်၊ ငါးမျှားဝါသနာရှင်များကြားတွင် တစိုက်မတ်မတ်ပျံ့နှံ့နေသော ကောလာဟလတစ်ခုလည်းရှိခဲ့သည် —
ငါးအမြုတေတစ်လုံးက အချိန်တစ်ခုလောက်အထိ သက်တမ်းရှိသွားရင် ကံဆိုးမိုးမှောင်ကျခြင်းကိုတောင် ကာကွယ်ပေးနိုင်တယ်တဲ့လေ။
လုချင်းသည် သူ၏ယခင်ဘဝတွင် ထိုအရာမှန် ၊ မမှန်ကို ဘယ်တော့မှ အတည်မပြုနိုင်ခဲ့ပေ။
သို့သော် ယခုတွင်တော့ သူ၏နတ်မျက်စိစွမ်းရည်က ဤကျောက်ငါးပြာ၏ ငါးအမြုတေတွင် စိတ်ဝိညာဉ်နှင့်စိတ်ကို ငြိမ်သက်စေနိုင်စွမ်းရှိသည်ကို ရှင်းလင်းစွာဖော်ထုတ်ပြသခဲ့သည်။
ဒါက အတော်ဖြစ်သွားတာပေါ့!
သူတို့မိဘများကွယ်လွန်သွားကတည်းက၊ ရှောင်ယန်လေးမှာ အိပ်မပျော်သောညများနှင့် ရုန်းကန်နေခဲ့ရပြီး၊ အိပ်မက်ဆိုးများမှ မကြာခဏနိုးထကာ၊ သူ ဖက်ထားမှသာ ပြန်အိပ်ပျော်နိုင်ခဲ့သည်။
ဤငါးအမြုတေသာ အမှန်တကယ်ပင် ထိုသို့သော အံ့ဩဖွယ်အာနိသင်များရှိခဲ့လျှင်၊ ၎င်းသည် အဖိုးမဖြတ်နိုင်သောအရာဖြစ်ပေလိမ့်မည်။
စိတ်လှုပ်ရှားမှုသည် လုချင်းကို လွှမ်းခြုံသွားလေရာ သူသည် ထိုနေရာတွင်ပင် ငါးကို ဗိုက်ခွဲမိလုနီးပါးဖြစ်သွားခဲ့သည်။
ကံကောင်းစွာပင် သူသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
"ကိုကို၊ ဒီငါးကြီးကို အိမ်ဘယ်လိုပြန်သယ်ကြမလဲ။ ပုံးက သေးလွန်းတယ်" ရှောင်ယန်က မျက်မှောင်ကြုတ်ရင်း မေးလာသည်။
သူမသည် ငါး၏အရွယ်အစားကို အစောပိုင်းက နှိုင်းယှဉ်ကြည့်ခဲ့ပြီးဖြစ်သည် — ၎င်းသည် သူမတို့၏သစ်သားပုံးထက် များစွာအရပ်ရှည်ပြီး၊ သေချာပေါက် မဆံ့နိုင်ပေ။
"ဒါက လွယ်ပါတယ်။ ကိုကို မြက်ကြိုးတစ်ချောင်းနဲ့ သူ့ကို ချည်ပြီး ကျောပေါ်မှာ ပိုးသွားမှာပေါ့!" လုချင်းက ယုံကြည်မှုရှိစွာဆိုသည်။
ဆယ်ပေါင်ရှိတဲ့ငါးဖြစ်ဖြစ် ၊ ပေါင်နှစ်ဆယ်ရှိတဲ့ငါးဖြစ်ဖြစ် အဲ့တော့ဘာဖြစ်လဲ။
သူက ငါးကိုတောင် ဖမ်းမိပြီးသွားပြီလေ! အိမ်ပြန်သယ်သွားဖို့က လွယ်လွယ်လေးကို။
"ဒါဆိုရင် ညီမလေးတို့တွေ ဆက်ပြီးငါးမျှားကြဦးမှာလားဟင်" ရှောင်ယန်က မေးသည်။
ဤမေးခွန်းက လုချင်းကို ရပ်တန့်သွားစေခဲ့သည်။
အတွေ့အကြုံအရ၊ ကျောက်ငါးပြာနှင့် ဤမျှပြင်းထန်သောရုန်းကန်မှုအပြီးတွင်၊ သူသည် ဤဧရိယာတစ်ခုလုံးကို နှောင့်ယှက်ခဲ့ပြီးဖြစ်လောက်သည်။
ဤအချိန်လောက်ဆို ရေအောက်မှ ငါးများသည်လည်း ထွက်ပြေးကုန်လောက်ပြီပင်။
ငါးတွေရှိနေသေးရင်ပေါ့နော်!
သို့သော် သူသည် အစောပိုင်းကခူးခဲ့သော သွေးမက်မွန်သီးများအကြောင်းကို စဉ်းစားမိပြန်သည်။
သူ၏နတ်မျက်စိစွမ်းရည်က ၎င်းတို့သည် အချို့သော "ရှားပါးငါးများ" ၏ အကြိုက်ဆုံးအစားအစာဖြစ်သည်ဟု အတိအကျဖော်ပြခဲ့သည်။
ငါးမျှားဝါသနာအိုးတစ်ဦးအနေဖြင့် သူသည် ရှားပါးငါးများအကြောင်းကို အလွန်သိချင်နေမိသည်။
သူ့ရဲ့နတ်မျက်စိစွမ်းရည်ကတောင် "ရှားပါး" လို့ သတ်မှတ်ရတဲ့အထိ ဒီငါးတွေမှာ ဘာတွေများရှိနေလို့ပါလိမ့်။
သူ၏နတ်မျက်စိစွမ်းရည်က ငါးအမြုတေတစ်လုံးရှိသော ကျောက်ငါးပြာကိုပင်လျှင် ရှားပါးငါးအဖြစ် မသတ်မှတ်ခဲ့ပေ။
သို့ဆိုလျှင် ဤရှားပါးငါးများကို အထူးဖြစ်စေသောအရာမှာ ဘာများဖြစ်နေမည်နည်း။
အနည်းငယ်တွေဝေပြီးနောက်၊ လုချင်းသည် ခဏတာမျှ ဆက်လက်ငါးမျှားရန် ဆုံးဖြတ်လိုက်တော့သည်။
အဲ့ရှားပါးငါးတွေကတော့ ကျောက်ငါးပြာကို ကြောက်ရွံ့ပြီးထွက်မပြေးလောက်ပါဘူး။
ဤသို့သော မျှော်လင့်ချက်စိတ်ဖြင့် သူသည် ပုံးထဲသို့ရေဖြည့်ကာ၊ ကျောက်ငါးပြာ၏ခေါင်းကို ထိုပုံးထဲသို့ထည့်လိုက်ပြီးနောက် သူ၏ငါးဖမ်းဖို့ နေရာသို့ ပြန်သွားခဲ့သည်။
သို့သော် သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။
သူ တကယ် ခဏလေးပဲ ငါးမျှားမှာပါလို့။
ဘာငါးမှလာပြီးမဟပ်ရင်တော့ သူတို့တွေအိမ်ပြန်ကြတာပေါ့။
လတ်ဆတ်သောငါးသည် သေနေသောငါးထက် အမြဲတမ်းပိုကောင်းသည်။
ဤတစ်ကြိမ်တွင် လုချင်းသည် သူ၏ချိတ်၌ သွေးမက်မွန်သီးတစ်လုံးကို တပ်လိုက်သည်။
သူ၏ကြိုးကို ရေထဲသို့ပစ်ချလိုက်ပြီးနောက်တွင်တော့ သူသည် တိတ်ဆိတ်စွာထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။
အချိန်သည် တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားသည်။
မကြာမီ၊ နာရီဝက်ကုန်ဆုံးသွားခဲ့သည်။
သစ်သားခြောက်သည် နေရာတွင် ရပ်တန့်နေသကဲ့သို့၊ လှုပ်ရှားခြင်းအလျဥ်းမရှိ တည်ငြိမ်နေခဲ့သည်။
"ဒါဆို အကောင်အားလုံးကို တကယ်ပဲ ကြောက်လန့်သွားအောင်လုပ်ခဲ့တာပဲ။ ရှားပါးငါးတွေတောင် ခြွင်းချက်မဟုတ်ဘူးပဲ" လုချင်းသည် သက်ပြင်းချလိုက်သည်။
ဤရလဒ်သည် သူ့ကိုမအံ့ဩစေခဲ့ပေ။
သူသည် မျှော်လင့်ချက်အစွန်းအဖျားလေးတစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်။
"သိမ်းဆည်းပြီး အိမ်ပြန်ကြရအောင်"
လုချင်းသည် သူ၏ငါးမျှားတံကို လှမ်းယူလိုက်စဉ်မှာပင် —
ရုတ်တရက်၊ သတိပေးချက်မရှိဘဲ၊ သစ်သားခြောက်သည် ရေထဲသို့ တန်းခနဲ ထိုးဆင်းသွားတော့၏။