NPC တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခြင်း
Vol. 1 Ch. 1
“ဒင်! ဂုဏ်ယူပါတယ် Host၊ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး NPC စနစ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ”
နားထဲ၌ စက်ရုပ်သံ မြည်ဟည်းနေသည်နှင့်အညီ ကျန်းယွီသည် ခေါင်းမူးနေသည့်ကြားမှ ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မှုန်ဝါးဝါး အမြင်အာရုံမှာ တဖြည်းဖြည်း ရှင်းလင်းကြင်လင်လာပြီး မရင်းနှီးသော ရွာတစ်ရွာကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် ပျက်စီးနေသော သက်ကယ်မိုးအိမ်အချို့ ရှိေနသည်ပင်။ အိမ်အောက်ခြေတွင် ကျောက်တုံးများ အစီအရီရှိနေကာ ရှေးဟောင်းမင်းဆက်တစ်ခုမှ အိမ်များအား တူးဖော်ထားသည့်အလား ထင်ရသည်။
ကြမ်းတမ်းသော ဖျင်အင်္ကျီများကို ဝတ်ဆင်ထားသည့် ရွာသားအချို့ ဖြတ်သွားနေကြပြီး သူတို့၏ဆံပင်များကို စည်းနှောင်ထား၏။ ထိုမြင်ကွင်းက ရှေးခေတ်တောင်သူလယ်သမားများ၏ ဝတ်စားဆင်ယင်မှုကို ချက်ချင်းပင် အမှတ်ရစေသည်။
ဒါက...
အချိန်ခရီးသွားတာလား...
ထိုအခါမှ ကျန်းယွီသည် သူ၏အဆောင်ရှိ ကွန်ပျူတာတွင် “ထာဝရကုန်းေမြ” ဟုခေါ်သော ဂိမ်းအသစ်တစ်ခုကို ဖွင့်လိုက်ကြောင်း သတိရလိုက်သည်။ သို့သော် ဂိမ်းခေါင်းစဉ်ကို မမြင်လိုက်ရခင် သူ သတိလစ်သွားခဲ့၏။ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ထူးဆန်းသည့် ရွာထဲသို့ ရောက်နေခဲ့ခြင်းပင်။
“Host ကျန်းယွီ မင်းအခု “ထာဝရကုန်းေမြ” ကမ္ဘာထဲကို အောင်မြင်စွာ ဝင်ရောက်ခဲ့ပါပြီ။ “ထာဝရကုန်းေမြ” ဟာ လွတ်ေမြာက်နိုင်စွမ်း အလွန်မြင့်မားတဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး မည်သူမဆို ဂိမ်းထဲမှာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်။ Host ရဲ့ လက်ရှိတည်နေရာကတော့ အရှေ့ဘက်ခြမ်းဆာဗာ၊ လျှို့ဝှက်အမည် ၊ ကျင့်ကြံမှု၊ အချက်အလက်တွေ ထည့်သွင်းနေပါပြီ၊ ခဏစောင့်ပေးပါ...”
“ထည့်သွင်းမှု ပြီးပါပြီ။ Host ရဲ့ လက်ရှိအလုပ်အကိုင်—”
“ရွာသားဖြစ်ပါတယ်”
စနစ်၏ စက်ရုပ်အသံသည် သူ့စိတ်ထဲတွင် ထပ်မံ ပေါ်လာသည်။
ဘာကြီးလဲ? ရွာသား...?
အခုခေတ် ဂိမ်းတွေက ဒီလောက်တောင် လက်တွေ့ဆန်နေပြီလား။
သစ်သီး အမှတ်တံဆိပ် VR နားကြပ်က လက်တွေ့ဘဝထဲမှာ ပုံရိပ်ယောင် ပတ်ဝန်းကျင်တွေကို ထုတ်ပေးနိုင်တာ ထင်တယ်။ ဒီဂိမ်းက ဘယ်လို စည်းမျဉ်းေတွကို သုံးပြီး ထုတ်လုပ်တာလဲ။
ကျန်းယွီ ကြောက်လန့်တုန်လှုပ်လာသည်။ သူ မေးခွန်းတစ်ခု မေးတော့မလို လုပ်လိုက်ချိန်တွင် လုံးလုံးမတူညီသည့် ဝါကျတစ်ခုက သူ့ပါးစပ်မှ ထွက်လာသည်။
“ဒီနေ့ ရှားရှားပါးပါး နေသာတဲ့နေ့ပဲ၊ ပန်းတွေအားလုံး ပွင့်နေပြီ”
ဟင်? ဘာကြီးလဲ? ငါပြောချင်တာက ဂိမ်းကနေ ထွက်ချင်တယ်လို့လေ!
ကျန်းယွီ အလွန်အမင်း စိတ်ရှုပ်ထွေးသွားသော်လည်း နောက်တစ်ခဏတွင် ပို၍ပင် ထူးဆန်းသောအရာတစ်ခုကို တွေ့ကြုံခဲ့ရ၏။
သူသည် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။
ခေါင်းငုံ့တာ၊ လက်မြှောက်တာလိုမျိုး ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေကိုတောင် လုပ်လို့မရတော့ဘူး။
—စနစ်။ ငါ့ကို ဂိမ်းထဲက ထုတ်ပေး။
ကျန်းယွီ စိတ်ထဲမှ အော်ဟစ်လိုက်သည်။
“နားမလည်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေပါတယ်၊ သင် ဂိမ်းကနေ ထွက်လို့မရနိုင်ပါဘူး”
—ဘယ်လို သောက်ကျိုးနည်းကြီးလဲ ပြီးတော့ မင်း ခုနက ဘာ PC စနစ်လို့ ပြောလိုက်တာ?
“သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး NPC စနစ်ပါ”
အဲ... ဟုတ်တယ်ဟုတ်တယ်၊ စနစ်က အချိန်ခရီးသွားတဲ့သူတွေ၊အသစ်ရောက်တဲ့သူအတွက် လက်ဆောင်ပေးတာတို့၊ မိုက်တဲ့စွမ်းရည်တွေ ပေးသင့်တယ်မဟုတ်လား။
“NPC တစ်ယောက်အနေနဲ့ Host ရဲ့တာဝန်က ကစားသမား တွေကို ဂိမ်းပြီးဆုံးတဲ့ အခြေအနေသို့ ရောက်အောင် ကူညီဖို့ပဲ။ ကျန်တဲ့လုပ်ဆောင်ချက်တွေကို ကိုယ့်ဘာသာကိုယ် ရှာဖွေပါ”
—ကောင်းပြီ။ မဟုတ်ဘူး။ ရှာဖွေ... ဘာကို ရှာဖွေရမှာလဲ? ငါလည်း ကစားသမားဖြစ်ရမှာလေ၊ သေစမ်း!
—ပြီးတော့ ဘာလို့ အခု ငါ လှုပ်လို့ မရသလို စကားပြောလို့လည်း မရတာလဲ?
“Host မှာ ဘာသာစကားလုပ်ဆောင်ချက် ပါရှိပါတယ်”
—ငါ သိပါတယ်၊ ဒါပေမယ့် ငါပြောတဲ့ စကားတွေက ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ။ ပန်းတွေပွင့်တယ်ဆိုတာ ဘာလဲ၊ ငါပြောချင်တာ ဂိမ်းကနေ ထွက်ချင်တယ်၊ ထွက်ချင်တယ်လို့လေ!
“ကျေးဇူးပြု၍ ကိုယ့်ဘာသာကိုယ် ရှာဖွေပါ”
—???
ကျန်းယွီသည် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းသော စနစ်ကြောင့် ရူးတော့မတတ် ဖြစ်နေ၏။
သူ ထပ်မပြောခင်မှာပင် စနစ်၏အသံက မြည်လာသည်။
“ဒင် ဂိမ်းထဲသို့ ကစားသမားတစ်ယောက် ဝင်ရောက်လာတာကို တွေ့ရှိရပါသည်။ Host ရဲ့တာဝန်ကို စတင်အသက်သွင်းလိုက်ပြီး နာမည်မြင်နိုင်စွမ်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပါပြီ”
“Host ရဲ့တာဝန်—ကစားသမား ကို ရှင်းရှို့ရွာမှ လမ်းပြေပးပါ”
—ခဏလေး၊ နာမည်မြင်နိုင်စွမ်းဆိုတာ ဘာလဲ၊ ရှင်းရှို့ ရွာဆိုတာ ဘာလဲ?
“နာမည်မြင်နိုင်စွမ်း လုပ်ဆောင်ချက်က Host ကို တခြားသူတွေရဲ့ တကယ့်နာမည်တွေကို မြင်စေပြီး ကစားသမား နဲ့ NPC တွေကို ခွဲခြားနိုင်ပါတယ်”
“ရှင်းရှို့ ရွာကတော့ Host လက်ရှိရှိနေတဲ့ ရွာရဲ့နာမည်ပါ”
—ရှင်းရှို့ ရွာလား? အသစ်ဝင်လာတဲ့သူတွေအတွက် ရွာကို စိတ်ဝင်စားစရာကောင်းအောင် နာမည်ပေးထားတာပဲ!
ကျန်းယွီသည် စနစ်မှ ပေးထားသည့် အချက်အလက်များကို စူးစမ်းလေ့လာနေချိန်တွင် အဝေးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းထဲမှ ရိုးရိုးရှင်းရှင်း အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ထွက်ပေါ်လာ၏။ သူမသည် ထင်ရှားမနေဘဲ လူအများကြားတွင် တွေ့လိုက်ပြီး သုံးစက္ကန့်အကြာတွင် မေ့သွားနိုင်သည့် ပုံစံမျိုးဖြစ်သည်။
ကျန်းယွီ လှမ်းကြည့်လိုက်ရာ မိန်းကလေး၏ခေါင်းပေါ်တွင် စာသားဖြူတစ်ကြောင်း ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ကစားသမား ရှင်းနန။
ရှင်းနနသည် စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ပတ်လည်ကို ကြည့်ပြီးနောက် အနီးအနားရှိ ရွာသားတစ်ဦးကို ရပ်တန့်ကာ မေးလိုက်၏။
“ဘာဖြစ်နေတာလဲ? ကျွန်မ ဘယ်ရောက်နေတာလဲ?”
ရွာသား၏ခေါင်းပေါ်တွင် NPC လီပေါ် ဟူသည့် စာသားများ ပေါ်နေသည်။
လီပေါ် မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။
“သုံရှင်းရွာမှာ ပိုးကျလို့ လူတွေ အငတ်ဘေးနဲ့ သေကုန်တယ်လို့ ပြောကြတယ်။ အပြင်လောကက အခြေအနေတွေ မတည်ငြိမ်လို့ ငါတို့ရွာကို ဘယ်တော့ ထိခိုက်မလဲဆိုတာ မသိရသေးဘူး၊ အဲ...”
ရှင်းနန နှစ်စက္ကန့်လောက် ရပ်တန့်သွားကာ ဆက်မေးလိုက်၏။
“အဘိုး၊ ကျွန်မ ဒီကို ဘာလို့ရောက်လာတာလဲဆိုတာ မေးချင်လို့ပါ”
လီေပါ်က စက်ရုပ်လိုမျိုး စကားများကို ထပ်ခါတလဲလဲ ပြောသည်။
“သုံရှင်းရွာမှာ ပိုးကျလို့ လူတွေ အငတ်ဘေးနဲ့ သေကုန်တယ်လို့ ပြောကြတယ်။ အပြင်လောကက အခြေအနေတွေ မတည်ငြိမ်လို့ ငါတို့ရွာကို ဘယ်တော့ ထိခိုက်မလဲဆိုတာ မသိရသေးဘူး၊ အဲ...”
ဤသည်ကို မြင်သောအခါ ကျန်းယွီ နားလည်သွားခဲ့သည်။ လီေပါ်နှင့် သူသည် NPC များဖြစ်သောကြောင့် ဂိမ်းထဲတွင် ကြိုတင်သတ်မှတ်ထားသော စကားများကိုသာ ပြောနိုင်ပေသည်။ သူ အစောပိုင်းကပြောခဲ့သည့် “ပန်းတွေ ပွင့်နေပြီ” ဆိုသည့် စကားကလည်း ကြိုတင်သတ်မှတ်ထားသည့် စကားတစ်ခွန်း ဖြစ်ပေလိမ့်မည်။
သို့သော် စနစ်၏တာဝန်မှာ ကစားသမား ကို ရွာအပြင်သို့ လမ်းပြပေးရန် ဖြစ်သည်။ လွတ်လပ်စွာ လှုပ်ရှားခြင်း သို့မဟုတ် ပြောဆိုခြင်းမရှိဘဲ ဤပန်းတိုင်ကို မည်သို့ အောင်မြင်နိုင်အောင် လုပ်ဆောင်ရမည်ဆိုတာကို ကျန်းယွီ မတွေးဆနိုင်ပေ။
လီပေါ်နှင့် ဆက်သွယ်ရာတွင် မအောင်မြင်သော ရှင်းနနသည် သူမကို အသုံးဝင်သော အချက်အလက်များ မပေးနိုင်သည့် NPC တစ်ယောက်ဟု သံသယဝင်ပုံရသွားကာ သူ့ကို စွန့်လွှတ်လိုက်၏။
သူမသည် ကျန်းယွီကို ကြည့်လိုက်ပြီး သူ၏အကြည့်ကို သတိထားမိသွားသောအခါ သူ့ဆီသို့ တည့်တည့်လျှောက်လာသည်။
“မင်္ဂလာပါ၊ ဒါက... ဂိမ်းလား” ဟု ကျန်းယွီကို ရှင်းနန မေးလိုက်သည်။
ကျန်းယွီသည် သူရရှိခဲ့သော အချက်အလက်များကို သူမနှင့် အမှန်တကယ်ပင် မျှဝေချင်ခဲ့သော်ငြား စကားလုံးများစွာသည် လည်ချောင်းထဲတွင် ပိတ်မိနေကာ တစ်လုံးတောင် ထွက်မလာချေ။
“ဒီနေ့ ရှားရှားပါးပါး နေသာတဲ့နေ့ပဲ၊ ပန်းတွေအားလုံး ပွင့်နေပြီ”
—မဟုတ်ဘူး၊ ဒီဂိမ်းက ထူးဆန်းတယ်၊ မြန်မြန် ရွာကနေ ထွက်လိုက်!
ရှင်းနနသည် အနည်းငယ် စိတ်ပျက်အားငယ်သွသည့် အမူအရာကို ပြသလိုက်ကာ,
“နင်လည်း သူ့လိုပဲလား"
ထိုသို့ပြောပြီးနောက် ရှင်နနသည် အခြားဘက်သို့ လှည့်ကာ တခြားလူတစ်ယောက်ကို ထပ်ရှာတော့သည်။
—မဟုတ်ဘူး၊ မသွားနဲ့၊ ငါ NPC မဟုတ်ဘူး!
ကျန်းယွီသည် ရှင်နန ထွက်သွားသည်ကို ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ဝတ္ထုတွေထဲ၌ ဇာတ်လိုက်တွေ တခြားကမ္ဘာတစ်ခုကို ရောက်သွားသည့်အခါ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားစွမ်းရည်တွေ သို့မဟုတ် အဆင့်မြှင့်တင်နိုင်သည့် လျှို့ဝှက်ချက်တွေကို ရကြ၏။ ဒီစနစ်ကတော့ လုံးဝကွဲပြားပြီး စိတ်ပျက်စရာကောင်းလွန်းသည်။
ဒါ ဘယ်လို NPC အမျိုးအစားလဲ? ဒီဂိမ်းအတွက် ငါ ငွေအစစ်အမှန် သုံးခဲ့တာလေ၊ ဘာလို့ ငါက NPC ဖြစ်နေပြီး သူကျ ကစားသမား ဖြစ်နေရတာလဲ? ဒီနေရာကနေ ထွက်နိုင်ရင်တော့ ငါ သေချာပေါက် တိုင်ကြားမယ်၊ အဆိုးမြင်သုံးသပ်ချက်ပေးမယ်၊ ငွေပြန်အမ်းဖို့တောင်းဆိုမယ်— သုံးချက်စလုံး လုပ်မယ်!
သို့သော် တိုင်ကြားလိုက်ရုံနှင့် အကူအညီမရနိုင်ပေ။ ကျန်းယွီသည် အလျင်အမြန် စိတ်အေးအေးထားပြီး ရှင်းရှို့ရွာ၏ အခြေအနေတစ်ခုလုံးကို စတင်လေ့လာတော့သည်။
ပထမဆုံးအနေဖြင့် ရှင်းရှို့ ရွာသည် မကြီးမားပေ။ ကျန်းယွီသည် ခေါင်းကို မလှည့်နိုင်သော်လည်း မျက်လုံးဖြင့် အမြန်ကြည့်လိုက်ရုံနှင့်တင် အရာအားလုံးကို မြင်နိုင်ေလသည်။
ရွာထဲတွင် သက်ကယ်မိုးအိမ်လေးလုံးသာ ရှိသည်။
တစ်လုံးတွင် အနီရောင်ဖြင့် “酒” ဟူသော စကားလုံးကြီးကို ရေးထားကာ ပိတ်ဖြူတစ်ထည်ဖြင့် ချိတ်ဆွဲထားသောကြောင့် အရက်ဆိုင် ဖြစ်ပုံရသည်။ ကျန်သုံးလုံးကတော့ ရိုးရိုးရွာအိမ်များဖြစ်သည်။
သို့သော် ကျန်းယွီ၏နောက်ဘက်တွင်လည်း သက်ကယ်မိုးအိမ်တစ်ခု ရှိနေသည်။ သူ လှုပ်ရှားလို့မရသော်လည်း သူ့အပေါ်မှ နေရောင်ခြည်ကို သက်ကယ်မိုးခေါင်မိုးက ပိတ်ဆို့ထားေကြာင်းကို ခံစားနိုင်သည်။
ပုံမှန်ရွာများနှင့်မတူညီသည်က ရှင်းရှို့ ရွာအား ချွန်ထက်သော သစ်သားလုံးများဖြင့် တည်ဆောက်ထားသည့် မြင့်မားသော ခြံစည်းရိုးများဖြင့် ဝန်းရံထားသည်။ သာမန်လူများအတွက် ကျော်တက်ရန် မဖြစ်နိုင်သလောက်ပင်။ ဤဒီဇိုင်းသည် ခံတပ်များတွင်သာ တွေ့ရလေ့ရှိသည်။
ရွာသားများမှာလည်း အလွန်နည်းပါးသည်။ သူ့ကိုပါ ထည့်ရေတွက်လိုက်လျှင်တောင် လူကိုးယောက်သာ ရှိသည်။ ကျန်းယွီ၏ ခပ်ဝေးေဝးတစ်နေရာတွင် ရွာ၏ တစ်ခုတည်းသော ဝင်ပေါက်ကို ကာကွယ်နေသည့် ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားတစ်ဦး ရှိသည်။
ထိုအမျိုးသားသည် အလွန်တောင့်တင်းသန်မာပြီး သူ့လက်မောင်းများတွင် အဆီမရှိဘဲ ကြွက်သားများဖြင့် သန်မာနေသည်။ သူ့ခေါင်းပေါ်တွင် NPC အာ့တန် ဟူသော စာသား ရေးထားသည်။
ကျန်းယွီသည် ရှင်းနနနှင့် အာ့တန်တို့ စကားပြောနေသည်ကို ခဏမျှ ကြည့်နေခဲ့သည်။ အကွာအဝေးကြောင့် သူတို့ ပြောစကားများကို မကြားရပေ။
သို့သော် နောက်တစ်ခဏတွင် ရှင်းနန ရွာမှ ထွက်ခွာရန် ကြိုးစားသောအခါ အာ့တန်က သူမကို တားဆီးပြီး ပြန်တွန်းထုတ်လိုက်သည်။
ဤဂိမ်းမှာ အရင်ခေတ်က RPG ဂိမ်းပုံစံဖြစ်ပုံရသည်။ ကစားသမား သည် ရွာမှ အောင်မြင်စွာ ထွက်ခွာနိုင်ရန်အတွက် မစ်ရှင်တစ်ခုကို အောင်မြင်ရန် သို့မဟုတ် တစ်ချို့အခြေအနေများကို ပြီးမြောက်ရန် လိုအပ်ပေလိမ့်မည်။
ကျန်းယွီ မအံ့ဩသွားပေ။ မဟုတ်ရင် စနစ်က သူ့ကို ကစားသမားအား ရွာကနေ "လမ်းပြ" ပေးဖို့ တောင်းဆိုလိမ့်မည် မဟုတ်ပေ။
—စနစ်၊ ထွက်လာစမ်း။
“ကျွန်တော် ဒီမှာပါ”
—ငါ လှုပ်လို့လည်း မရသလို စကားလည်း ပြောလို့မရဘူး ကစားသမားကို ဘယ်လိုလုပ် လမ်းပြပေးရမှာလဲ?
“ကျေးဇူးပြု၍ ကိုယ့်ဘာသာကိုယ် ရှာဖွေပါ”
အသုံးကိုမဝင်ဘူးကွာ! ကျန်းယွီ စိတ်ထဲမှ ဂိမ်းထုတ်လုပ်သူများကို အကြိမ်ကြိမ် ကျိန်ဆဲလိုက်သည်။
ရွာထဲရှိ လူတိုင်းနှင့် စကားပြောပြီးနောက် ရှင်းနနသည် အသုံးဝင်သော အချက်အလက်များ မရရှိခဲ့သည့်ပုံပင်။ သူမသည် စိတ်ပျက်အားငယ်စွာဖြင့် ကျောက်တုံးပေါ်တွင် ထိုင်နေတော့သည်။
နေဝင်ချိန်သို့ ရောက်သောအခါ ကျန်းယွီ၏ခန္ဓာကိုယ်သည် သူ့ထိန်းချုပ်မှုမရှိဘဲ စတင်လှုပ်ရှားလာသည်။ အခြားရွာသားများလည်း တစ်ပုဲစံတည်းလှုပ်ရှားလာကြသည်။
—ဟင်? ငါ လှုပ်ရှားနိုင်တာလား?
မလွန်ဆန်နိုင်သော စွမ်းအားတစ်ခုက သူ့ကို နောက်သို့ လှည့်လိုက်သည်။ထို့နောက် သူသည် သစ်သားတံခါးတစ်ခုကို မြင်လိုက်သည်။ တံခါး၏အသေးစိတ်ကို မစစ်ဆေးရသေးခင်မှာပင် ထိုစွမ်းအားက သူ့ကို အိမ်ထဲသို့ တွန်းပို့လိုက်၏။
အိမ်အတွင်းဘက်တွင် ဘယ်ဘက်၌ သစ်သားစင်တစ်ခုရှိပြီး အပေါ်ဆုံးအဆင့်တွင် ကြွေအိုးများ၊ ဆီမီးခွက်တစ်ခုနှင့် အထည်အချို့ရှိ၏။ အောက်ခြေအဆင့်တွင် ခြောက်သွေ့နေသော မြက်များရှိကာ အလယ်ဗဟိုတွင် လေးထောင့်သစ်သားစားပွဲနှင့် သစ်သားကုလားထိုင်ရှည်နှစ်လုံးရှိသည်။ညာဘက်နံရံနှင့် ကပ်လျက်ရှိ ထောင့်တွင် လေးထောင့်သေတ္တာကြီးတစ်ခုရှိပြီး ၎င်းဘေးတွင် သစ်သားဖြင့် ပြုလုပ်ထားသော အိပ်ရာတစ်ခုရှိေပသည်။
အိမ်သည် ပရိဘောဂပစ္စည်းများ မစုံလင်ဟု ဖော်ပြ၍ရသော်ငြား လုံးလုံးမရှိတာလည်း မဟုတ်ပေ။
သူ အရင်က ကစားဖူးသည့် ဂိမ်းများကဲ့သို့ပင် ဤထင်ရှားမှုမရှိသော အိမ်သည် သာမန်ဖြစ်လွန်းသဖြင့် ရိက္ခာများကိုပင် ရှာဖွေ၍ မရချေ။
မလွန်ဆန်နိုင်သော စွမ်းအားက ကျန်းယွီကို ခုတင်ပေါ်တွင် လှဲစေသည်။ ဂိမ်းစည်းမျဉ်းအရ NPC များသည် ညဘက်တွင်အအိပ်ရာဝင်လေ့ရှိသောကြောင့် ဖြစ်နိုင်ပေသည်။
သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်ေနချိန် သူစိမ်းတစ်ယောက်ကို ရွာထဲကနေ ဘယ်လိုလမ်းညွှန်ရမှာလဲ?
အာ့တန်နဲ့ ရှင်းနန ဘာတွေပြောခဲ့ကြတာလဲ။
ရွာကနေ ထွက်ဖို့အတွက် ဘယ်လိုအခြေအနေတွေ လုပ်ရမှာလဲ။
ငါ တကယ့်ကမ္ဘာကို ဘယ်လိုပြန်သွားရမလဲ။
မေးခွန်းပေါင်းများစွာသည် ကျန်းယွီ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ ဘယ်လောက်ပဲတွေးတွေး၊ ရရှိခဲ့သည့် အချက်အလက်များသည် နည်းပါးနေဆဲပင်။ သူ့စိတ်ထဲမှ မေးခွန်းများသည် ရှုပ်ထွေးနေသော ချည်မျှင်များကဲ့သို့ပင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကာ သူ့ကို ဖုံးလွှမ်းသွားပြီး လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
အတွေးများ နစ်မြုပ်နေစဉ်မှာပင် ရင်းနှီးနေသော ထူးဆန်းသည့် စက်ရုပ်သံတစ်ခု သူ့နားထဲတွင် ပေါ်လာသည်။
“ဒင် ကစားသမား ရှင်းနန သေဆုံးသွားကြောင်း တွေ့ရှိရပါသည်။ Host ရဲ့ မစ်ရှင် ကျရှုံးသွားပါပြီ”