← Chapters

လမ်းညွှန်သူ

Vol. 1 Ch. 4

လမ်းညွှန်သူ

Vol. 1 Ch. 4

—စနစ်၊ ငါ့ရဲ့ စွမ်းရည်တွေကို စစ်ဆေးကြည့်ချင်တယ်။

ကျန်းယွီ၏ရှေ့တွင် အပြာရောင် ဂိမ်းဖန်သားပြင် တစ်ခု လေထဲတွင် ပေါ်လာပြီး အချက်အလက်များကို ပြသသည်။

Host- ကျောက်ယွီ

ကိုယ်ပိုင်အမှတ်- NPC

အလုပ်အကိုင်- ရှင်းရှို့ ရွာမှ ရွာသား

အသက်- ၂၀ နှစ်

အဆင့်- Lv1

စွမ်းရည်များ-

【နာမည်မြင်နိုင်စွမ်း】 【Lv2】

အထောက်အထားများနှင့် အမည်ရင်းများကို ခွဲခြားသိမြင်နိုင်သည့် စွမ်းရည်ရှိသည်။ Lv2 သို့ အဆင့်မြှင့်တင်ခြင်းက ပစ်မှတ်အဆင့်အချက်အလက်များကို ထုတ်ဖော်ပြသ‌ေပးမည်။

【လွတ်လပ်သောစိတ်ဆန္ဒ】 【Lv1】

မိမိ၏ခန္ဓာကိုယ်ကို မိမိစိတ်ဆန္ဒဖြင့် လွတ်လပ်စွာ ထိန်းချုပ်နိုင်သည့် စွမ်းရည်။ လက်ရှိအဆင့်သည် မိမိ၏ကိုယ်ပိုင်ဧရိယာအတွင်းသာ လွတ်လပ်စွာ စကားပြောဆိုနိုင်ပြီး လှုပ်ရှားသွားလာနိုင်၏။

—ဟမ်? လွတ်လပ်သောစိတ်ဆန္ဒ၊ ဒါဆို ငါ အခု ပုံမှန်အတိုင်း စကားပြောလို့ရပြီလား?

"မှန်ပါတယ်။ Host ရဲ့အခန်းထဲမှာဆိုရင် စိတ်ကြိုက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ပြီး အလိုရှိသလို လုပ်ဆောင်နိုင်တယ်"

—Host ရဲ့အခန်း? ဒါဆို အခန်းထဲက ထွက်သွားရင် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်ဘူးလား?

"ဟုတ်ပါတယ်" ဟု စနစ်၏အသံက ခက်ထန်စွာ ထွက်ပေါ်လာ၏။

အချုပ်အားဖြင့် ထောင်ကျနေဆဲဖြစ်သော်လည်း ကျန်းယွီ စိတ်ကောင်းဝင်သွားသည်။ အနည်းဆုံးတော့ သူသည် ဤအခန်းထဲတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်၏။လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကျန်းယွီသည် သစ်သားခုံပေါ်မှ ဆီမီးခွက်နှင့် မီးခြစ်တုတ်ကို ယူလိုက်သည်။ မီးခြစ်တုတ်၏ ဝါးပြွန်ကို ဖွင့်ကာ အကြိမ်အနည်းငယ် မှုတ်လိုက်သည်နှင့် မီးတောက် ထွက်ပေါ်လာ၏။ သူသည် ဆီမီးခွက်ကို မီးညှိလိုက်ပြီးနောက် လော့ဖေးကို ထိုင်ရန် ဖိတ်ခေါ်သည်။

"လာ၊ ထိုင်ပါ"

ပထမနှစ်ညတွင် ကျောက်ယွီသည် မှောင်နေသောအခန်းထဲတွင် လှဲနေခဲ့ရ၏။ တတိယမြောက်ညတွင် ဆီမီးခွက်ကို မီးထွန်းလိုက်နိုင်သောကြောင့် နောက်ဆုံး၌ အခန်းတစ်ခုလုံး လင်းထိန်သွားသည်။

လော့ဖေးသည် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပြီး ဟောင်းနွမ်းနေသော လေးထောင့်စားပွဲတွင် ထိုင်လိုက်သည်။ သူသည် ပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်သည်။

"အစ်ကို၊ ခင်ဗျားက တကယ်ပဲ အရေးကြီးတဲ့သူတစ်ယောက်ပဲ"

ကျန်းယွီက ဘာမှ မပြောပေ။ ဂိမ်းက သူ့ကို NPC တစ်ယောက်အဖြစ် သတ်မှတ်ထားသဖြင့် သူသည် ထိုအတိုင်း ဆက်ကစားနိုင်သည်။ သူ အနည်းငယ် ပြုံးလိုက်ကာဖြင့်

"ရှင်းရှို့ ရွာမှာ မင်းရဲ့တာဝန်က ဘာလဲ"

လော့ဖေးသည် ကျောက်ယွီ၏အထောက်အထားကို မသိသော်လည်း ဂိမ်း NPC တစ်ယောက်ကို သူသည် အခြားကမ္ဘာမှ လာကြောင်း မပြောသင့်ဟု ခံစားမိသည်။

ထို့ကြောင့် လော့ဖေးက ပြုံးပြုံးရွှင်ရွှင်နှင့် "ကျွန်တော်က ဒီကို ကမ္ဘာကို ကယ်တင်ဖို့ ရောက်လာတယ်လို့ ထင်ပါတယ်" ဟု ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ကျန်းယွီ ကျိန်ဆဲချင်လာမိသည်။

ကစားသမားတွေမှာ ကိုယ်ပိုင်တာဝန် မရှိဘူးလား? အားအနည်းဆုံး လမ်းညွှန်ဂိမ်းတောင်မှကစားသမား ကို တာဝန်အချို့ ပေးတယ် မဟုတ်လား?

ကျန်းယွီသည် စိတ်ကို ထိန်းလိုက်ပြီး စိတ်ရှည်စွာ ရှင်းပြသည်။

"မင်းရဲ့ ဂိမ်းမျက်နှာပြင်ကို ဖွင့်ကြည့်နိုင်မလား"

လော့ဖေးက ဒီဟာ သင်ခန်းစာပဲလို့ ထင်လိုက်သည်။ သို့သော် မျက်နှာပြင်ကို ဘယ်လိုဖွင့်ရမယ်ဆိုတာ သူတကယ်မသိပေ။ သူ ရိုးသားစွာနှင့် မေးလိုက်သည်။

"ဘယ်လိုဖွင့်ရမလဲ? ဒီမှာ Enter သို့မဟုတ် ESC ခလုတ် မရှိဘူး"

ကျန်းယွီ- ???

—စနစ် ထွက်လာခဲ့စမ်း ကစားသမားတွေက ဂိမ်းမျက်နှာပြင်ကို ဘယ်လိုဖွင့်ရတာလဲ?

စနစ်၏အသံ မြည်လာသည်။

"ဤဂိမ်းတွင် ရှင်းရှို့ ရွာမှ 【ကစားသမား】များအတွက် ဂိမ်းမျက်နှာပြင် လုပ်ဆောင်ချက် သို့မဟုတ် တာဝန်အချက်ပေးမှုများ မရှိပါ။ ၎င်းတို့သည် ရွာမှ ထွက်ခွာခြင်း တာဝန် ကို ပြီးမြောက်ပြီးနောက်မှသာ ဖွင့်လှစ်နိုင်သည်"

ဂိမ်းဖန်တီးသူက စိတ်ဖောက်ပြန်နေတာလား? ကစားသမား တွေကို ဒီလို ငရဲဆန်တဲ့ အစပိုင်းမျိုး ပေးပြီး ဘာမှ မပေးဘဲနဲ့ ဂိမ်းကို ဘယ်လိုဆက်သွားရမှာလဲ?

ဒီဂိမ်းက ကစားသမား တစ်ယောက်နဲ့ NPC တစ်ယောက် နှစ်ယောက်တွဲ အတူတူကစားရတဲ့ ပုံစံလား? အဲ့လိုဆို ဒီပုံစံက တော်တော်ဆန်းသစ်တယ်လို့ ပြောရမှာပဲ။

—ငါ့ကိုယ်ငါ အားကိုးရတော့မယ် ထင်တယ်။

ကျန်းယွီ ခဏစဉ်းစားပြီးနောက် လေးနက်သည့်ဟန်ဖြင့် လော့ဖေးကို ပြောလိုက်သည်။

"လော့ဖေး၊ မင်းရဲ့အခြေအနေက အရမ်းအန္တရာယ်များတယ်ဆိုတာ မင်းသိလား"

"ဟမ်? ကျွန်တော့်နာမည်ကို ဘယ်လိုသိလဲ...? " လော့ဖေး အံ့အားသင့်သွားပြီးနောက် သတိထားကာ "ဘာအန္တရာယ်လဲ" ဟု မေးသည်။

ကျန်းယွီက ဖြည်းဖြည်းချင်း ပြောသည်။

"မင်းက ငါ့ရဲ့ လျှို့ဝှက်သတင်းစကားကို နားလည်ခဲ့တယ်ဆိုတော့ ငါ စောင့်နေတဲ့သူ မင်းပဲ ဆိုတာကို ဆိုလိုတယ်။ ငါ့နာမည်က ကျန်းယွီ၊ ဒီဂိမ်းထဲမှာ မင်းရဲ့ လမ်းညွှန်သူလည်း ဖြစ်တယ်"

ကျန်းယွီသည် စိတ်ဝင်တစား နားထောင်နေသော လော့ဖေးကို ကြည့်ပြီး ဆက်လက်ပြောသည်။ "ဒါက ဂိမ်းကမ္ဘာလို့ မင်း ခန့်မှန်းပြီးသား ဖြစ်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် မင်း အခုရှိနေတဲ့ကမ္ဘာက အတုလို့ မထင်လိုက်နဲ့။ မင်း ဂိမ်းကမ္ဘာထဲမှာ သေရင် မင်းရဲ့ကမ္ဘာထဲမှာလည်း ပျောက်ကွယ်သွားလိမ့်မယ်"

လော့ဖေး ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ စိုးရိမ်တကြီးနှင့် ပြောလိုက်သည်။

"ဘာလို့လဲ၊ မဟုတ်ဘူး၊ ဘာလို့ ကျွန်တော်လဲ? ဘာလို့ ကျွန်တော် ဖြစ်နေတာလဲ"

ကျောက်ယွီက ခေါင်းခါပြီး "မင်းက ဒီမှာ တစ်ဦးတည်းသော ကစားသမား မဟုတ်ဘူးလို့ပဲ ပြောနိုင်တယ်။ ငါ တခြား ကစားသမား တွေ ဒီကမ္ဘာကို လာတာ မြင်ဖူးတယ်" ဟု ပြောလိုက်သည်။

ထို့နောက် ကျန်းယွီသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အရိပ်တစ်ခုသည် သက်ကယ်မိုးပြတင်းပေါက်ကို အခုလေးတင် လျှပ်တစ်ပြက် ဖြတ်သွားသလိုပင်။ သို့သော် သူ အာရုံမစိုက်ဘဲ ဆက်ပြောသည်။

"ဥပမာ၊ မင်း ငါ့ရဲ့သဲလွန်စကို မနားလည်ဘဲ ညဘက်မှာ အခန်းအပြင်မှာ နေရင် မင်း သေသွားလိမ့်မယ်။ ငါ တွေ့ကြုံခဲ့ရတဲ့ တခြား ကစားသမား တွေလိုပေါ့"

လော့ဖေး၏မျက်နှာထားသည် တော်တော်လေး မကောင်းပေ။ သူ ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်။

"ခင်ဗျားပြောတာ အစစ်လား အတုလား ကျွန်တော် ဘယ်လိုသိနိုင်မှာလဲ? ကျွန်တော် အိပ်မက်မက်နေတာလား? ကျွန်တော် ဘယ်လိုသေမှာလဲ? ဘီလူးတွေ ရှိလား? ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်မှာလား"

ကျန်းယွီသည် ခေါင်းခါပြီး "မင်း မယုံရင် အခန်းထဲက ထွက်သွားလို့ရတယ်" ဟု ပြောသည်။

လော့ဖေး ခဏမျှ တိတ်ဆိတ်နေပြီးနောက် "မဟုတ်ဘူး၊ ခင်ဗျား ပြောတာကို အရင်ဆုံး နားထောင်ချင်တယ်။ ကျွန်တော် အခု ဘာလုပ်ရမလဲ? ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချဖို့လိုတယ်" ဟု ပြောလိုက်သည်။

ကျန်းယွီ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။

"မင်းရဲ့ အဓိကတာဝန်က အခု ရွာကနေ ထွက်ခွာဖို့ပဲ"

"ဟေး" လော့ဖေးက စိတ်လှုပ်ရှားစွာ ပြောသည်။

"ကျွန်တော် ထွက်လို့ရရင် ဒီမှာ ထိုင်နေမှာ မဟုတ်ဘူး။ ရွာဝင်ပေါက်က ဝတုတ်ကြီးက ရွာအပြင်ဘက်မှာ တောဝက်ဘီလူး ရှိတယ်လို့ ပြောတယ်။ အရင်က ရွာသားတွေကြောင့် ဒဏ်ရာရခဲ့ပြီး အခုတော့ အငြိုးနဲ့ သူ မြင်တဲ့လူတိုင်းကို တိုက်ခိုက်တယ်တဲ့။ ဒါကြောင့် ရွာလူကြီးက ဘယ်သူမှ ရွာကနေ ထွက်ခွာခွင့်မရှိဘူးလို့ အမိန့်ထုတ်ထားတယ်"

သူ၏ 【နာမည်မြင်နိုင်စွမ်း】စွမ်းရည်မှတဆင့် ကျန်းယွီသည် ရွာလူကြီး လျူယဲ့၏ အထောက်အထားကို သိနှင့်ပြီးသားဖြစ်သည်။ သူသည် အရက်ဆိုင်၏ပိုင်ရှင်လည်း ဖြစ်ပြီး ပုံမှန်အားဖြင့် ရွာသားများအတွက် ဆန်ဝိုင်ချက်ပေးကာ ကစားသမား များကဲ့သို့ အပြင်လူများအားလည်း ရောင်းချသည်။

ကျန်းယွီ မေးလိုက်သည်။ "ရွာလူကြီး အဘိုးခြောက်ကရော? သူ ဘာပြောလဲ?"

လော့ဖေးက "ကျွန်တော် သူ့ကို အရင်ဆုံး စကားပြောတုန်းက သူက ကျွန်တော် ဝိုင်ဝယ်ချင်လားပဲ မေးတယ်။ ဝတုတ်ကြီးနဲ့ စကားပြောပြီးနောက် ကျွန်တော် သူ့ကို တောဝက်ဘီလူးအကြောင်း မေးတယ်။ သူက ကျွန်တော့်ရဲ့ ဘေးကင်းရေးကို စဉ်းစားဖို့လိုပြီး ကျွန်တော် ရွာကနေ ထွက်လို့မရဘူးလို့ ပြောတယ်" ဟု ပြောသည်။

လော့ဖေး ခဏရပ်လိုက်ပြီး ဆက်ပြောသည်။ "နောက်တော့ ကျွန်တော် ရွာလူကြီးနဲ့ စကားပြောဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ ဥပမာ၊ ကျွန်တော် တောဝက်ဘီလူးကို တိုက်ခိုက်ဖို့ ရွာကနေ ထွက်ချင်တယ်၊ ကျွန်တော့်ဝမ်းကွဲကို ရှာဖို့ သုံ့ရှင်းရွာကို သွားချင်တယ် စသဖြင့်ပေါ့။ သူ့ရဲ့အဖြေက အမြဲတမ်း ကျွန်တော့်ရဲ့ ဘေးကင်းရေးကို စဉ်းစားဖို့လိုပြီး ကျွန်တော် ရွာကနေ ထွက်လို့မရဘူး ဆိုတာပဲ။ ဒါပေမယ့် ခေါင်းစဉ်က ရွာကနေ ထွက်ခွာခြင်းနဲ့ မပတ်သက်သရွေ့ သူ့ရဲ့အဖြေက အမြဲတမ်း ဝိုင်ရောင်းဖို့ပါပဲ"

လော့ဖေး၏အကြည့်သည် ကျန်းယွီကိုကြည့်ကာ စူးရှ‌ေနပြီး ရွာလူကြီးကို စည်းရုံးရန် အဓိကသော့ချက်က သူ့အပေါ်တွင် ရှိနေသလိုပင်။

ကျန်းယွီ ခေါင်းညိတ်ပြီး လော့ဖေးကို ဆက်မေးသည်။ "တခြားရွာသားတွေကရော? သူတို့ ဘာပြောလဲ?"

လော့ဖေးက သံသယဖြင့် မေးလိုက်၏။ "ခင်ဗျားတို့အားလုံး ရွာတစ်ခုတည်းက မဟုတ်ဘူးလား? ဘာလို့ ကျွန်တော့်ကို

မေးနေတာလဲ"

ကျန်းယွီက မတတ်နိုင်သာ‌ေတာ့သည့် လေသံဖြင့် ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင် မင်း ငါ့ရဲ့ လျှို့ဝှက်သတင်းစကားကို မနားလည်ခင်က ငါ လှုပ်ရှားလို့ မရဘူး။ ဒါကြောင့် ငါနဲ့ အနီးဆုံး လီ‌ေပါ် ကလွဲရင် တခြားသူတွေ ဘာပြောလဲဆိုတာ ငါ မကြားနိုင်ခဲ့ဘူး"

ဒါက လုံးဝအမှန်တရားဖြစ်သည်။

လော့ဖေး သက်ပြင်းချပြီး ဆက်ဖြေသည်။ "အင်းပါ၊ ကောင်းပြီ။ လီပေါ် ဘာပြောတယ်ဆိုတာ ခင်ဗျား သိပြီးသားပဲ၊ သုံ့ရှင်းရွာမှာ ပိုးကျတာအကြောင်း...

ပြီးတော့ ဟိုအမျိုးသမီး၊ ချန်... မဟုတ်ဘူး၊ ကျန့်မုဆိုးမက သူမရဲ့ခင်ပွန်း လွန်ခဲ့တဲ့ နှစ်နှစ်က တောဝက်ဘီလူးကို လိုက်လံရှာဖွေဖို့ တခြားရွာသားနှစ်ယောက်နဲ့ ထွက်သွားတုန်းက အသတ်ခံခဲ့ရတယ်လို့ ပြောတယ်"

ကျန့်မုဆိုးမရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ တာ့နျူနဲ့ အာ့နျူတို့က သူမရဲ့ဘေးမှာ ရှိနေကြတယ်။ သူတို့က တဟီးဟီးရယ်‌ပြီး ကျန့်မုဆိုးမကို ပတ်ပြေးနေကြပြီး ကျွန်တော် သူတို့နဲ့ ကစားပေးဖို့ မျှော်လင့်နေကြတယ်"

ကျန်းယွီ ရေတွက်ကြည့်ရာ သူ့ကိုယ်သူနှင့် လော့ဖေး၏ပြောကြားချက်များအရ လူခုနစ်ယောက်သာ ဖော်ပြခဲ့ပြီး ကျန်နှစ်ယောက်ကို မဖော်ပြရသေးပေ။ သို့သော် လော့ဖေးက ထိုနေရာတွင် ရပ်လိုက်သည်။

"နောက်ထပ် နှစ်ယောက်ကရော" ဟု ကျောက်ယွီ မေးသည်။

လော့ဖေးက ခေါင်းခါပြီးပြောလိုက်သည်။ "လူတိုင်းက ပုံသေစကားတချို့ပဲ ပြောကြတယ်။ ဒါပေမယ့် သူတို့ ဘယ်သူလဲလို့ မေးလိုက်တာနဲ့ သူတို့နာမည်တွေကို ပြောပြလိမ့်မယ်။ ဒါပေမယ့် အဲဒီနှစ်ယောက်ကို ကျွန်တော် ဘာပြောပြော အသုံးဝင်တဲ့ အချက်အလက် ဘာမှ မရဘူး။

တစ်ယောက်ကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အဘိုးအိုပဲ။ ကျွန်တော် ဘာမေးမေး သူက 'ငါ့ကို စိတ်မရှုပ်ပါနဲ့' လို့ပဲ ပြန်ဖြေတယ်။ နောက်တစ်ယောက်ကတော့ ဘူးရေသောက်ကို သယ်ထားတဲ့ အလယ်အလတ်အရွယ် အရက်သမားတစ်ယောက်ပဲ။ ဘယ်လိုပဲခေါ်ခေါ် သူက တုံ့ပြန်မှုမရှိဘူး"

ကျန်းယွီက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် နာမည်မြင်နိုင်စွမ်းမှတဆင့် အဘိုးအိုက ဟူထျယ်ကျန်းဖြစ်ပြီး အရက်သမားက ဟူဝူ ဖြစ်ကြောင်း သိသည်။ သူတို့၏ မျိုးရိုးအမည်အရ ဒီနှစ်ယောက်က ဆွေမျိုးတော်စပ်နိုင်ဖွယ်ရှိသည်။

အချိန်က သန်းခေါင်ယံလောက်ရှိနေပြီ။ အခန်းထဲမှ ဆီမီးရောင်က တဖျပ်ဖျပ်တောက်နေသည်။ ကျန်းယွီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လော့ဖေးက မေးလိုက်သည်။

"ဒါဆို ဘာလုပ်ဖို့ လိုအပ်လဲ? ကျွန်တော့်ကို ထွက်ခွာခွင့်ပြုဖို့ ရွာလူကြီးကို စည်းရုံးနိုင်တဲ့ နည်းလမ်း ခင်ဗျားမှာ ရှိလား?"

ကျန်းယွီ ပြန်မဖြေပေ။ သူသည် ထရပ်ပြီး သူ့နောက်မှ သေတ္တာကြီးဆီသို့ လျှောက်သွားသည်။ မနေ့က ထူကွမ်း မမျှော်လင့်ဘဲ အခန်းထဲဝင်လာကတည်းက သူသည် ၎င်းကို စိတ်ဝင်စားခဲ့ပြီး ယခု သူ နောက်ဆုံးတွင် ၎င်းကို ဖွင့်နိုင်ပြီ ဖြစ်သည်။

အတွင်း၌ သူ့လက်မောင်းတစ်ချောင်းစာလောက် ရှည်လျားသော သံချေးတက်နေသည့် သံဓားတစ်လက်၊ သစ်သားဖြင့်ပြုလုပ်ထားသည့် မုဆိုးလေးငယ်လေးတစ်လက်၊ တောက်ပသည့် အဝေးပစ်ဓားငါးချောင်းနှင့် သံချပ်ကာတစ်ခုတို့ ရှိသည်။

ကျန်းယွီ နားလည်သွားသည်။ ပုဆိန်တစ်လက် ရှိသင့်သော်လည်း ထူကွမ်း ယူသွားခဲ့သည်။

"ဒင်၊ Host သည် 【ကစားသမား】ကို အစပိုင်းအလုပ်အကိုင် ရွေးချယ်ခွင့် ပေးနိုင်သည်- သံဓား - စစ်သူရဲ၊ မုဆိုးလေး - မုဆိုး၊ ပစ်ဓား - လုပ်ကြံသူ၊ လက်ကာ -လက်သီးပညာရှင်"

—ဆိုတော့ ဒါက ဒီလိုပါလား။

လော့ဖေးသည် သေတ္တာထဲမှ လက်နက်များကို မြင်ရန် ရှေ့သို့ ကိုင်းလိုက်သည်။

"ဝိုး၊ လက်နက်တွေ အများကြီးပဲ" ဟု ပြောလိုက်သည်။

ကျန်းယွီ ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဒီမှာ လက်နက်လေးခု ရှိတယ်။ တစ်ခုပဲ ရွေးလို့ရတယ်"

"အားလုံး ယူလို့မရဘူးလား" လော့ဖေးက ဟန်ဆောင်ပြီး မေးလိုက်သည်။

"အန္တရာယ်ကနေ လုံခြုံဖို့အတွက် တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?"

ကျန်းယွီက ခေါင်းခါပြီး ပြောလိုက်၏။

"လက်နက်လေးခုက သာမန်ပစ္စည်းတွေ မဟုတ်ဘူး။ တစ်ခုကို ရွေးချယ်ခြင်းက မင်းရဲ့ အစပိုင်းအလုပ်အကိုင်ကို သတ်မှတ်လိမ့်မယ်"

လော့ဖေး မျက်မှောင်ကြုတ်ကာ

စဉ်းစားတွေးတောပြီးနောက် သံချေးတက်နေသည့် သံဓားကို ရွေးလိုက်သည်။

"ကျွန်တော်က အရိပ်ထဲမှာ ပုန်းအောင်းပြီး လက်နက်ပုန်းတွေ ပစ်တဲ့ လျှို့ဝှက်လုပ်ကြံသူတစ်ယောက် ဖြစ်ဖို့ အတော်လေး သင့်တော်တယ်ဆိုပေမယ့်" လော့ဖေး ခဏရပ်လိုက်သည်။ "ဓားက တကယ်ကို လူတစ်ယောက်ရဲ့ ရင်ခုန်သံပဲ။ ကျွန်တော် ဓားသမား ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဟားဟားဟား"

လော့ဖေး၏ ရုတ်တရက် အလယ်တန်းကျောင်းသားဆန်သော စိတ်အားထက်သန်မှုက ကျန်းယွီကို အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်စေသည်။ သို့သော် ထိုအခါ သူသည် သက်ကယ်မိုးပြတင်းပေါက်ဘေးမှ အရိပ်က ပိုမိုရှင်းလင်းလာသည်ကို သတိပြုမိသည်။

"တိတ်တိတ်နေ၊ မပြောနဲ့" ကျန်းယွီသည် သူ၏လက်ညှိုးကို သူ့နှုတ်ခမ်းဆီသို့ မြှောက်ကာ လော့ဖေးကို အချက်ပြသည်။

လော့ဖေးက စိုးရိမ်တကြီးဖြင့် "ဘာဖြစ်တာလဲ" ဟု ရေရွတ်သည်။

လော့ဖေး မြင်နိုင်မည်မဟုတ်သော်လည်း ကျန်းယွီသည် သူ၏နာမည်မြင်နိုင်စွမ်းစွမ်းရည်မှတဆင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။

【NPC】 【လျူယဲ့】 【Lv6】、

【NPC】 【လီ‌ေပါ်】 【Lv4】、

【NPC】 【ကျန့်မုဆိုးမ】 【Lv4】、

【NPC】 【တာ့နျူ】 【Lv3】、

【NPC】 【အာ့နျူ】 【Lv2】、【

NPC】 【ဟူထျယ်ကျန်း】 【Lv8】、

【NPC】 【ဟူဝူ】 【Lv9】...

ထိုအချိန်တွင် နာမည်ခုနစ်ခုသည် ပုံသေပရိုဂရမ်အတိုင်း နေ့ခင်းဘက်တွင် စက်ရုပ်များကဲ့သို့ လှုပ်ရှားပြောဆိုနေသကဲ့သို့ ကျန်းယွီ၏သက်ကယ်မိုးတဲကို ဖြည်းဖြည်းချင်း ချဉ်းကပ်ကာ ဝိုင်းရံလိုက်သည်။

ကွာခြားချက်မှာ ကျန်းယွီ နေ့ခင်းဘက်တွင် မြင်ခဲ့သော ပေါ်နေသည့်စာသားက အဖြူရောင်ဖြစ်ပြီး ယခုအခါ နာမည်ခုနစ်ခုစလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အနီရောင် ဖြစ်နေခြင်းပင်။

ထို့နောက် နောက်ဆုံးနာမည် ပေါ်လာသည်။ ကျန်းယွီ၏အိမ်သို့ ပို၍နီးကပ်လာသည်နှင့်အမျှ ကျန်းယွီသည် စာသားကို တဖြည်းဖြည်းသိလာကာ သူ့မျက်လုံးများ ပြူးကျယ်သွား၏။

သွေးနီရောင်စာသား ပေါ်လာသည်က

【NPC】 【အာ့တန်】 【Lv16】။

All Chapters