← Chapters

လိုက်ပါကစားခြင်း

Vol. 1 Ch. 5

လိုက်ပါကစားခြင်း

Vol. 1 Ch. 5

—စနစ်၊ လူတစ်ယောက်ရဲ့ နာမည်က အနီရောင်ပြောင်းသွားတာ ဘာကိုဆိုလိုတာလဲ?

"【နာမည်မြင်နိုင်စွမ်း】စွမ်းရည်ကို LV2 သို့ အဆင့်မြှင့်တင်ထားသည်။ ဇာတ်ကောင်များ၏ အမည်ရင်းများကို ပြသနိုင်ခြင်းအပြင် အရောင်ပေါ်မူတည်၍ Host အပေါ်ထားရှိသည့် သဘောထားကိုလည်း ခွဲခြားနိုင်ပါသည်။ အဖြူရောင်က ကြားနေခြင်း၊ အစိမ်းရောင်က အကောင်းမြင်သောသဘောထား၊ အနီရောင်က ရန်လိုမှု သို့မဟုတ် သတ်လိုသောစိတ်၊ အဝါရောင်က ရှုပ်ထွေးမှု၊ အနက်ရောင်က သဘောထားမရှိခြင်းကို ကိုယ်စားပြုသည်။ ပုံမှန်အားဖြင့် ဇာတ်ကောင်များ သတိမေ့နေခြင်း သို့မဟုတ် သေဆုံးနေခြင်းဖြစ်ပါက အနက်ရောင်ဖြင့် ပေါ်လာလိမ့်မည်"

ရုတ်တရက် ရှင်းရှို့ ရွာမှ နတ်ဘုရားရှစ်ပါးသည် သတ်ဖြတ်လိုသောစိတ်ဖြင့် ကျန်းယွီ၏ သက်ကယ်မိုးတဲကို ဝိုင်းရံလိုက်ကြသည်။ ထိုဖြစ်ရပ်က အလွန်အမင်း ထူးဆန်းသည်။ ပြီးခဲ့သည့် နှစ်ညက ကျန်းယွီသည် တဲထဲတွင် ပုံမှန်အတိုင်း ရှိနေခဲ့သော်လည်း မည်သည့်အချက်ပေးမှုမျှ မရရှိခဲ့ပေ။ နာမည်မြင်နိုင်စွမ်း လုပ်ဆောင်ချက်သည် အဆင့်မြှင့်ထားခြင်းမရှိသေးသော်လည်း မည်သည့်နာမည်များ ရှိနေသည်ကို ကျန်းယွီအား သတိပေးလိမ့်မည်မှာ သေချာသည်။

သူတို့ ငါ့ဆီ လာတာလား? ငါ ချိတ်ပိတ်ခံထားရတာကနေ လွတ်မြောက်သွားလို့လား? ဒါမှမဟုတ် လော့ဖေးကြောင့်လား?

ကျန်းယွီသည် လော့ဖေးကို တစ်ချက်ကြည့်လိုက်ပြီး ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ရှင်းနန!

သူမ ရွာသားတွေကြောင့် အသတ်ခံခဲ့ရတာလား?

လက်ရှိမှာတော့ ကျန်းယွီရဲ့အခြေအနေက အဖြေမရှိတဲ့ စာမေးပွဲတစ်ခုကို ဖြေနေရသလိုပင်။ အရာရာတိုင်းကို အချက်အလက်အစအနလေးတွေကနေပဲ မှန်းဆပြီး စစ်ဆေးနေရသည်။ သူ မှားယွင်းစွာဖြေဆိုခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

လော့ဖေးသည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ကျန်းယွီ၏ အတွေးများကို ညင်သာစွာ ဖြတ်တောက်လိုက်သည်။

"ဘာ...ဘာဖြစ်တာလဲ? အဆင်ပြေရဲ့လား? ဘာဖြစ်သွားတာလဲ?"

ကျန်းယွီ ပြန်ဖြေသည်။

"ငါတို့ ဝိုင်းခံထားရတယ်"

"ဘယ်သူက ဝိုင်းထားတာလဲ?" လော့ဖေး မေးလိုက်သည်။

ကျန်းယွီသည် လော့ဖေးကို မကြောက်ရွံ့စေလိုသော်လည်း နှစ်စက္ကန့်ကြာ စဉ်းစားပြီးနောက် သူ ရိုးသားစွာနှင့်ပြောလိုက်သည်။

"တခြားရွာသားရှစ်ယောက်က တဲကို ဝိုင်းထားတယ်"

လော့ဖေးသည် ဓားကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ပြီး "ဘာလို့ သူတို့ ဝိုင်းထားတာလဲ?" ဟု မေးသည်။

ကျန်းယွီက ခေါင်းခါပြီး ပြောလိုက်သည်။

"ငါလည်း သေချာမသိဘူး"

လော့ဖေးက သတ္တိကို စုစည်းပြီး

"အခု ဘာလုပ်ရမလဲ? ထွက်သွားပြီး သူတို့ကို သတ်ရမလား?" ဟု မေးသည်။

ကျန်းယွီသည် လက်နှစ်ဖက်ဖြင့် "ကျေးဇူးပြု၍" အမူအရာ လုပ်လိုက်ပြီးပြောလိုက်သည်။

"ငါ အခုလေးတင် သူတို့ကို ကြည့်လိုက်တယ်။ သူတို့ထဲက အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အာ့နျူက အဆင့် ၂ အမြင့်ဆုံးဖြစ်တဲ့ အာ့တန်က အဆင့် ၁၆ မင်းက အခုမှ အဆင့် ၁ ပဲ ရှိသေးတယ်။'သတ်ချင်ရင်လည်း သတ်ပေါ့"

ကျန်းယွီသည် ရွာသားများ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ လော့ဖေးသာ အပြင်သို့ အလျင်စလို ထွက်ပြေးသွားပါက သူသာလျှင် သေဆုံးလိမ့်မည်။

"အဆင့် ၁၆?! ဟူး" လော့ဖေး တံတွေးမျိုချလိုက်ပြီး ဓားကို စားပွဲပေါ်တင်ကာ ထိုင်ချလိုက်ပြီး စိတ်တည်ငြိမ်ဟန်ဆောင်သည်။

"ကောင်းပြီ၊ ကျွန်တော် ခင်ဗျားစကား နားထောင်ပါ့မယ်။ ဘာလုပ်ရမယ်ဆိုတာ ပြောပြပါ"

ကျန်းယွီက တည်တည်ငြိမ်ငြိမ်နှင့် "စောင့်" ဟု ပြောလိုက်သည်။

ရွာသားများသည် တဲကိုသာ ဝိုင်းရံပြီး အတွင်းသို့ ဝင်ရန် ကြိုးစားခြင်းမရှိသည်ကို မြင်သောအခါ ကျန်းယွီသည် သူတို့တွင် ကန့်သတ်ချက်အချို့ရှိနေသည် သို့မဟုတ် စည်းမျဉ်းတစ်ခုကို သတိထားနေသည်ဟု ခန့်မှန်းလိုက်သည်- သူတို့သည် အိမ်ထဲသို့ ဝင်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် ကျန်းယွီ၏ သက်ကယ်မိုးတဲသည် လုံးဝ လုံခြုံသောနေရာ ဖြစ်နေသည်။ ဘာမှမလုပ်ဘဲနေခြင်းက အသင့်တော်ဆုံး တုံ့ပြန်မှုပင်။

ကျန်းယွီ ခန့်မှန်းထားသည့်အတိုင်း အချိန်အတော်ကြာပြီးနောက် အပြင်ဘက်မှ နီမြန်းသော နာမည်ရှစ်ခုသည် သူတို့၏နေရာတွင်သာ ရှိနေပြီး မည်သည့်ထပ်မံလုပ်ဆောင်မှုမျှ မရှိပေ။

ကျန်းယွီ၏စိတ်နှလုံးသည် အနည်းငယ် ပေါ့ပါးသွားသည်။ သူ ထိုင်လိုက်ကာ လော့ဖေးကို "ဆက်လက်သုံးသပ်ကြရအောင်" ဟု ပြောလိုက်သည်။

လော့ဖေးက "ဟမ်? ဒီအခြေအနေကို ဘယ်လိုသုံးသပ်ရမလဲ? ခင်ဗျားပြောပုံအရဆို ကျွန်တော်တို့ အပြင်တောင် ထွက်လို့မရဘူး" ဟု မေးသည်။

ကျန်းယွီက ရှင်းပြသည်။ "ငါ့ခန့်မှန်းချက် မှန်တယ်ဆိုရင် မနက်ကျရင် ရွာသားတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"

လော့ဖေးက သံသယဖြင့် "ခင်ဗျား သေချာလား?"

ကျန်းယွီသည် သူ့လက်ကို ဝှေ့ယမ်းကာ ဆက်ပြောသည်။

"မနက်ဖြန်ကျရင် မင်း လုပ်စရာနှစ်ခုရှိတယ်။ ပထမ၊တစ်ခု ဟူထျယ်ကျန်းနဲ့ ဟူဝူတို့ကြားက ဆက်ဆံရေးကို ရှာ၊ ဒုတိယတစ်ခု ကျန့်မုဆိုးမရဲ့ခင်ပွန်း သေဆုံးမှုအကြောင်း၊ သူ့ရဲ့အထောက်အထား၊ အကြောင်းအရင်းနဲ့ သေဆုံးပုံတို့ကို ရှာပါ။ မင်း လုပ်ပြီးရင် ပြန်လာပြီး ငါ့ကို ပြောပြဖို့ မမေ့နဲ့။ ဒီရွာမှာ အချိန်က မြန်မြန်ကုန်တယ်၊ အချိန်မဖြုန်းနဲ့"

လော့ဖေး ခဏရပ်ပြီး

"ဟမ်? ကျွန်တော်တို့ ရွာကနေ ထွက်ခွာရမှာ မဟုတ်ဘူးလား? ဓားနဲ့ ဒီအတိုင်း ထွက်သွားလို့ မရဘူးလား? ဝက်သတ်ဖို့ သွားတယ်လို့ပဲ ပြောလိုက်ပါ"

ကျန်းယွီက တင်းမာစွာ ပြောလိုက်သည်။

"အလျင်စလို မလုပ်နဲ့။ ငါ ပြောတဲ့အတိုင်း လုပ်"

အာ့တန်ရဲ့အဆင့်ကို မြင်ပြီးနောက် ကျန်းယွီသည် လော့ဖေး အင်အားသုံးပြီး ရွာကနေ ထွက်ခွာနိုင်လိမ့်မယ်လို့ မမျှော်လင့်တော့ပေ။ထူကွမ်းသည် အာ့တန်ကို တစ်ချက်တည်းနှင့် သတ်နိုင်ခြင်းက သူ့ကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။

ထူကွမ်းက ဖန်တီးသူရဲ့အချစ်ဆုံး ကလေးဖြစ်နိုင်တယ်၊ ဒါမှမဟုတ် လုံးဝကို Cheat သုံးထားတာပဲ။

ရွာကနေ အောင်မြင်စွာ ထွက်ခွာနိုင်ဖို့ သူတို့သည် ရှင်းရှို့ ရွာအတွင်းက လျှို့ဝှက်ချက်ကို နားလည်ပြီး ထွက်ခွာဖို့အတွက် အကြောင်းပြချက်တစ်ခုကို ရှာဖို့လိုသည်။

လော့ဖေးက မတတ်သာစွာ "ဒါဆို အခု ကျွန်တော် ဘာလုပ်ရမလဲ?" ဟု ပြောသည်။

ကျန်းယွီ အနည်းငယ် ပြုံးလိုက်ပြီး "တာ့နျူ၊ အာ့နျူတို့နဲ့ ဂိမ်းတစ်ခု သွားကစားလိုက်" ဟု ပြောလိုက်သည်။

"ဂိမ်းကစားရမယ်? သူတို့ဆီကနေ သဲလွန်စတွေ ရှာချင်တာလား?" လော့ဖေး နားလည်သွားသည်။

ကျန်းယွီ ရှင်းပြ၏။

"အဲဒါ အကြောင်းရင်းတစ်ခုပဲ လက်ရှိမှာ ဂိမ်းက ရပ်တန့်နေတယ် သဲလွန်စတွေအားလုံးကို ရှာမရဘူး သူတို့က တစ်ခုတည်းသော သော့ချက်ပဲ"

"ကျွန်တော် နားလည်ပါပြီ။ ပန်းပဲဆရာကရော? ကျွန်တော် ဘာလုပ်သင့်လဲ?" လော့ဖေး ထပ်မေးလိုက်၏။

ကျန်းယွီသည် လော့ဖေးအနီးသို့ ကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည့်အခါ လော့ဖေး ခေါင်းညိတ်လိုက်၏။

ထို့နောက် လော့ဖေးက မေးလိုက်သည်။ "ခင်ဗျားကရော ဘာလုပ်မှာလဲ?"

ကျန်းယွီက ဆိုလိုက်၏။ "ဂိမ်းရဲ့ကန့်သတ်ချက်တွေကြောင့် ငါ အိမ်ထဲကနေ ထွက်လို့မရဘူး။ ဒါကြောင့် အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်။ မင်း သဲလွန်စတစ်ခုခု ရှာတွေ့ရင် ဒီကို ပြန်လာပြီး ငါ့ကို ပြောပြပါ"

ကျန်းယွီ ထပ်ပြောလိုက်သည်။

"ငါ မင်းကို ထပ်ပြီး သတိပေးရမယ်၊ ဒါကို မြန်မြန်လုပ်ပြီး ဘာပြဿနာမှ မရှာနဲ့။ ညမရောက်ခင် ဒီအခန်းကို ပြန်လာရမယ်။ မင်း ဘာပဲလုပ်လုပ် နေဝင်ချိန်ကို မြင်တာနဲ့ ပြန်လာပါ၊ မဟုတ်ရင် မင်းရဲ့ဘေးကင်းရေးကို ငါ အာမမခံနိုင်ဘူး"

လော့ဖေး ရေရွတ်လိုက်၏။

"ဟုတ်ပါပြီ ခင်ဗျားက အရမ်းစိုးရိမ်တတ်တာပဲ"

ဂိမ်းထဲက အချိန်က တကယ့်ကမ္ဘာထက် ပိုမြန်နေသလို ခံစားရသည်။ထို့ကြောင့် မကြာခင်မှာပဲ မနက်မိုးလင်းလာ၏။

ကျန်းယွီ ခန့်မှန်းထားသည့်အတိုင်း အပြင်ဘက်က အနီရောင်နာမည်ရှစ်ခုက ဖျက်ခနဲ အဖြူရောင်သို့ ပြောင်းသွားပြီး သက်ကယ်မိုးတဲနားမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြ၏။ သူတို့သည် ၎င်းတို့၏ ယခင်လုပ်ရိုးလုပ်စဉ်များသို့ ပြန်သွားကြပုံရသည်။

ကျန်းယွီက လော့ဖေးကို ခေါင်းညိတ်ပြသည်။

"မင်းလည်း အခု စတင်နိုင်ပြီ"

လော့ဖေး နားလည်လိုက်ကာ သံချေးတက်နေသော သံဓားကို တဲအိမ်အတွင်းရှိ အဝတ်ဖြင့် ပတ်ကာ ခါးတွင်ချည်ပြီး ထွက်သွား၏။

...

ထွက်ခွာပြီးနောက် လော့ဖေးသည် ကျန်းယွီ၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ တာ့နျူနှင့် အာ့နျူကို အရင်မရှာပဲနေကာ အရက်ဆိုင်သို့ ဦးတည်သွားလိုက်သည်။

သူသည် ကျောက်ယွီ၏ စကားများထက် သူ၏အတွင်းစိတ်ကို ပို၍ ယုံကြည်ပုံရ၏။

ရွာလူကြီး လျူယဲ့သည် အရက်အိုးကို စက်ရုပ်လို ကိုင်တွယ်နေသည်။ သေသေချာချာ စောင့်ကြည့်ပါက တစ်ပုံစံတည်းကိုသာ ထပ်ခါထပ်ခါပြုလုပ်နေကြောင်း မြင်မိမှာပင်။ ထိုအရာသည် သိပ်မကြာခင်မှာဘဲ သူ၏မူလအနေအထားသို့ ပြန်ရောက်သွားသည်။

"အဘိုးခြောက်၊ ကျွန်တော် ဝက်သတ်ချင်တယ်။ ကျွန်တော့်ကို အပြင်ထွက်ခွင့်ပြုပါ" လော့ဖေးသည် အဝတ်ဖြင့်ပတ်ထားသော ဓားကို အဘိုးခြောက်ရှေ့တွင် ဝှေ့ယမ်းပြသည်။

အဘိုးခြောက်၏အဖြေက မနေ့ကအတိုင်းပင်။ "ရွာအပြင်ဘက်မှာ တောဝက်ဘီလူးတွေ ဖျက်ဆီးနေကြတယ်။ ကလေး၊ ရွာထဲမှာပဲ နေတာ အကောင်းဆုံးပဲ"

"ကျွန်တော် သိတယ်၊ ဒါကြောင့် ကျွန်တော် အပြင်ထွက်ပြီး တောဝက်ဘီလူးတွေကို သွားတိုက်မယ်" လော့ဖေး ထပ်ပြောလိုက်၏။

"ရွာအပြင်ဘက်မှာ တောဝက်ဘီလူးတွေ ဖျက်ဆီးနေကြတယ်။ ကလေးတွေက ရွာထဲမှာပဲ နေတာ အကောင်းဆုံးပဲ"

မအောင်မြင်ဘူးလား?

အဘိုးခြောက်က "လူငယ်လေး ဝိုင်ဝယ်ချင်လား? တစ်အိုး ငါးရာ" ဟု ပြောလိုက်သည်။

လော့ဖေးသည် ကျန်းယွီ၏ ညွှန်ကြားချက်များကို သတိရပြီး "ဒါ ဘာဝိုင်လဲ? ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ?" ဟု မေးလိုက်၏။

မနေ့က လော့ဖေးသည် ပိုက်ဆံမပါဘဲ ရောက်လာခဲ့သည်။ အဘိုးခြောက်၏ ကမ်းလှမ်းမှုက သူ့ကို ချက်ချင်းပင် ထိတ်လန့်စေခဲ့သည်။ သို့သော် ကျန်းယွီသည် လော့ဖေးအား ဝိုင်၏အရည်အသွေးနှင့် ဈေးနှုန်းကို ရှာဖွေခိုင်းထားသည်။

အဘိုးခြောက်က အသေးစိတ် ရှင်းပြသည်။ "ဒါက ညမွှေးပန်းဝိုင်လေ ညမွှေးပန်းက ညဘက်မှာပဲ ပွင့်တယ် အဲဒါကို ခူးပြီး ဆန်ဝိုင်ထဲမှာ စိမ်ပြီး လျှို့ဝှက်နည်းနဲ့ ချက်လုပ်ထားတာ ဖွင့်လိုက်တာနဲ့ ရနံ့က လေထဲမှာ ပြန့်လွင့်သွားပြီး သစ်ခွနံ့လိုပဲ။ တခြားဘယ်နေရာမှာမှ ဒီလိုအရသာ မရှိဘူး"

လော့ဖေးသည် လက်မထောင်လိုက်သည်။ ဘာကြောင့် မေးရမှန်း မသိသော်လည်း သူသည် တာဝန်ကို အလျင်အမြန် ပြီးမြောက်ခဲ့၏။ချက်ချင်းဆိုသလို သူသည် အရက်ဆိုင်မှ အလျင်အမြန် ထွက်လာပြီး အာ့တန်နှင့် ထပ်မံစကားပြောရန် ကြိုးစားသည်။ အာ့တန်က အဘိုးခြောက်လိုပင် တောဝက်ဘီလူးများကို တိုက်ခိုက်ရန် ရွာမှ ထွက်ခွာခွင့်ကို ငြင်းဆန်ခဲ့ပြီး သူ့ကို တစ်ဖန်ပြန်၍ ပြန်လွှတ်လိုက်သည်။

ကံကောင်းစွာနှင့် အာ့တန်သည် လော့ဖေးကို ရန် မရှာခဲ့ပေ။

လော့ဖေးသည် သံဓားဖြင့် ရွာမှ အလွယ်တကူ ထွက်ခွာနိုင်မည်ဟု ထင်ခဲ့သော်လည်း ဂိမ်း၏အခက်အခဲကို လျှော့တွက်ခဲ့ပုံရ၏။

ကောင်းကင်တွင် နေလုံးက မြင့်လာသည်ကို သူ မြင်လိုက်ရ၏။ နေ့လယ်ပိုင်းဖြစ်နေပြီ။ သူသည် ကျန်းယွီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး မိန်းကလေးနှစ်ယောက်ကို ရှာသင့်သည်။ သူ အရမ်းနောက်ကျသွားရင် ဆူပူခံရမှာ သေချာသည်ပင်။

...

"အစ်ကို၊ ကျွန်တော်တို့နဲ့ လာကစားနိုင်မလား?" တစ်ချောင်းထုံးဆံပင်နှင့် တာ့နျူက မေးသည်။

"ကစားလို့ရတယ်နော်?" နှစ်ချောင်းထုံးဆံပင်နှင့် အာ့နျူက ထပ်ပြောလိုက်သည်။

လော့ဖေးသည် ကလေးများနှင့် မရင်းနှီးသော်လည်း ဤတစ်ကြိမ်တွင် သူ သဘောတူလိုက်၏။

မိန်းကလေးနှစ်ယောက်သည် လော့ဖေးကို ရွာနောက်ဘက်ရှိ ညောင်ပင်ကြီးဆီသို့ ခေါ်သွာ၏။ သစ်ပင်၏အောက်ခြေပတ်လည်တွင် ပေါင်းပင်များနှင့် ပန်းဖြူများ ပေါက်နေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး အင်းဆက်ပိုးမွှားများနှင့် ငှက်များ၏အသံများသာ ရှိသည်။ ရေတွင်းတစ်ခုက အနီးတွင်ရှိပြီး ရွာ၏ရေအရင်းအမြစ် ဖြစ်ပုံရ၏။

မိန်းကလေးနှစ်ယောက်နှင့် လော့ဖေးတို့သည် ညနေခင်းတစ်လျှောက် ညောင်ပင်အောက်တွင် ဖွက်တမ်းကစားကြသည်။ အစပိုင်းတွင် လော့ဖေး စိတ်မပါသော်လည်း အကြိမ်အနည်းငယ် ကစားပြီးနောက် သူ၏ကလေးဘဝပျော်ရွှင်မှုကို ပြန်လည်အမှတ်ရသွား၏။ ရိုးရှင်းသောဂိမ်းဖြစ်သော်လည်း သူသည် အပြစ်ကင်းသောမိန်းကလေးများနှင့်အတူ ရယ်မောပျော်ရွှင်နေခဲ့ပြီး သူ၏ရည်ရွယ်ချက်ကို လုံးဝမေ့သွားခဲ့၏။

တဖြည်းဖြည်းနေ ဝင်သွားသောအခါ လော့ဖေးနှင့် မိန်းကလေးနှစ်ယောက်သည် ကစားခြင်းကို ရပ်လိုက်ကာ တာ့နျူသည် မြေပြင်မှ ပန်းဖြူတစ်ပွင့်ကို ခူးပြီး လော့ဖေးကို ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကိုကြီး သမီးတို့နဲ့ ကစားပေးလို့။ ဒါက အစ်ကို့အတွက်" ဟု ပြောသည်။

အာ့နျူက ထပ်ပြောလိုက်သည်။ "ကိုကြီး နောက်တစ်ခါလည်း သမီးတို့နဲ့ လာကစားနိုင်မလား?"

လော့ဖေးသည် ပန်းကိုယူပြီး တာ့နျူ၏ခေါင်းကို ပွတ်သပ်လိုက်ကာ

"ကျေးဇူးတင်ပါတယ်။ မင်းတို့ရဲ့ဖခင်တွေ ဘယ်မှာလဲ? ဘာလို့ မင်းတို့နဲ့ မကစားကြတာလဲ?" ဟု မေးလိုက်၏။

တာ့နျူ စိတ်မကောင်းဖြစ်သွားပုံရကာ

"ဖေဖေနဲ့ ဦးလေးနှစ်ယောက်က တောဝက်တွေ လိုက်ရှာဖို့ ရွာအပြင်ဘက်ကို ထွက်သွားကြတယ်၊ ဒါပေမယ့် အမေက သူတို့အားလုံးကို တောဝက်တွေ စားသွားတယ်လို့ ပြောတယ်"

အာ့နျူလည်း နှုတ်ခမ်းဆူလိုက်သည်။ "သူတို့အားလုံးကို တောဝက်တွေ စားသွားကြတယ်"

"အာ" လော့ဖေး မျက်မှောင်ကြုတ်ပြီး ထပ်မေးသည်။ "မင်းတို့ရဲ့ ဖခင်နာမည်တွေက ဘာလဲ?"

တာ့နျူ- "ကျန့်ချွမ်လီ"

အာ့နျူ- "ဟုတ်တယ်! ကျန့်ချွမ်လီ"

"တခြား ဦးလေးနှစ်ယောက်ကရော?" လော့ဖေးသည် ကောင်းကင်ယံတွင် နေဝင်ခါနီးနေသည်ကို ကြည့်ပြီး ကျန်းယွီ၏ စကားများကို သတိရလိုက်သည်။ သူ့စိတ်ထဲတွင် စိုးရိမ်စိတ်များ ပို၍များလာ၏။

ဟာ၊ ဒီမှာ အချိန်ကုန် အရမ်းမြန်တာပဲ! နေက မြန်မြန်ဝင်နေပြီ

တာ့နျူ ခဏစဉ်းစားပြီး ပြန်ဖြေသည်။

"ဦးလေး ယွင်‌တန်၊ ပြီးတော့ အမ် ပြီးတော့..."

နေဝင်ဆည်းဆာ၏ နောက်ဆုံးရောင်ခြည်များက ကောင်းကင်ယံတစ်လျှောက်တွက် ပျံ့နှံ့နေ၏။

အာ့နျူက လျင်မြန်စွာ ဖြေလိုက်သည်။

"ပြီးတော့ ဦးလေး ဟူဝမ်"

အာ့နျူ စကားပြောပြီးသည်နှင့် လုံးဝ မှောင်မိုက်သွားသည်။ ရွာတွင် မီးထွန်းရန် မီးတုတ်များ မရှိပေ။ တိတ်ဆိတ်ငြိမ်သက်သော မြေပြင်သည် အသံမရှိသော တွင်းနက်ကြီးတစ်ခုနှင့်တူပြီး နွေရာသီနှောင်းပိုင်း အင်းဆက်ပိုးမွှားများ၏ အသံများကိုပင် မျိုချလိုက်သည်။

"ကောင်းပြီ၊ မှောင်နေပြီ။ အစ်ကို သွားတော့မယ်။ မင်းတို့လည်း အိမ်ပြန်သင့်တယ်"

လော့ဖေးသည် ကျန်းယွီ၏ သတိပေးချက်ကို သတိရပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ သူ အလျင်အမြန် ထွက်သွားချင်နေမိသည်။

ဘာအဖြေမှ ပြန်မရခဲ့ပေ။

လော့ဖေးက တွေဝေစွာ မေးသည်။ "တာ့နျူ? ...အာ့နျူ?"

ထူးဆန်းစွာပင် တာ့နျူသည် DJ တစ်ဦးက အသံကို ပုံပျက်အောင် လုပ်ထားသကဲ့သို့ ထူးဆန်းသောအသံကို ပြုလုပ်လိုက်သည်။ "ကို...ကြီး .မပြန်ပါနဲ့...သမီးတို့နဲ့ ဆက်ကစားပါ"

အာ့နျူ၏ ဝိညာဉ်ဆန်သော ရယ်မောသံနှင့်အတူ-

"ကိုကြီး ပြန်လို့မရတော့ဘူး"

All Chapters