ရွာမှ ထွက်ခွာခြင်း
Vol. 1 Ch. 13
ရွာသားများသည် ခေါင်းများ နာကျင်လွန်း၍ လဲကျလုနီးပါး ဖြစ်နေသည်။ သူတို့သည် ကျန်းယွီ၏ စကားများကို နားထောင်ပြီး သံသယများအားလုံး ပျောက်ကွယ်သွားသည်။ နာကျင်မှုလှိုင်းလုံးများကြောင့် ဦးနှောက်များ ပြတ်တောက်သွားသကဲ့သို့ နာကျင်မှုမျိုးကို ခံစားရကာ သူတို့၏ ခေါင်းများကို ဖိကိုင်ထားပြီး ငိုယိုနေကြသည်။
လူသားများသာ ပိုင်ဆိုင်သည့် ယုတ္တိရှိသော အတွေးအမြင်များနှင့် NPC များ၏ မှတ်ဉာဏ်များ ရောထွေး၍ ပဋိပက္ခ ဖြစ်ပွားသည်။ ရေတွက်မရနိုင်သော သဘာဝမဟုတ်သော ဖြစ်ရပ်များနှင့် ပြုပြင်ထားသော မှတ်ဉာဏ်များသည် ထပ်နေပြီး သူတို့ကို အရူးအမူး ဖြစ်စေသည်။
"ကျွန်တော်... အများကြီး မှတ်မိနေပုံရတယ်..." ကြံ့ခိုင်သော အာ့တန်သည် တုန်ယင်နေကာ ကြောက်ရွံ့နေသော ကြောင်တစ်ကောင်ကဲ့သို့ ကွေးညွတ်နေသည်။
လူသတ်မှုနှင့် ပတ်သက်သော မှတ်ဉာဏ်များနှင့် သတ်ဖြတ်ခံရသော နာကျင်မှုများက သူတို့ကို တစ်ချိန်တည်း တိုက်ခိုက်နေသည်။ ရွာသားများသည် ရာစုနှစ်ပေါင်းများစွာ အဆုံးမရှိသော သတ်ဖြတ်မှုများကြောင့် ရူပ်ထွေးနေကြသည်။ သူတို့၏ ကိုယ်ပိုင်အသိစိတ်များ ပျောက်ကွယ်ကာ ကလေးနှစ်ယောက်ပင်လျှင် လက်သည်းများ ရှည်ထွက်လာပြီး ပြီးပြည့်စုံသော သတ္တဝါများ ဖြစ်ခဲ့ကြ၏။ သို့သော် သူတို့သည် သူတို့၏ လုပ်ရပ်များကို ရှင်းပြရန် ကြိုးစားနေဆဲဖြစ်သည်။
တကယ်တော့ သူတို့သာ စဉ်းစားခြင်းကို ရပ်လိုက်ကာ မဆီလျော်မှု အားလုံးကို လက်ခံလိုက်ပါက NPC များ၏ ခေါင်းကိုက်မှုများ ပျောက်ကွယ်သွားမည်။ သို့သော် ရွာထဲမှ မည်သူမှ စဉ်းစားခြင်းကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။ သူတို့သည် နာကျင်မှု၏ နှစ်သက်စွာ ခံယူရင်း ဝမ်းမြောက်စွာ လက်ခံနေပုံရသည်။ဤ ခံစားချက်မျိုးမှာ လူသားများသာ ပိုင်ဆိုင်သော ခံစားချက်ဖြစ်သည်ဟု ဆိုရမည်။
မိုးလင်းတော့မည့် အရိပ်အယောင်များ ပေါ်လာသည်။ နေ့သစ်တစ်ခု ရောက်ရှိလာတော့မည် ဖြစ်သည်။
အဘိုးခြောက်သည် ခေါင်းကိုက်နေသည့်ကြားမှ မတ်တပ်ရပ်ရန် ကြိုးစားသည်။ ကျန်းယွီသည် တုန်ယင်နေသော အဘိုးခြောက်ကို ထူပေးရန် ရှေ့သို့ တက်လာသည်။
အဘိုးခြောက်၏ မျက်လုံးများတွင် ကြည်လင်ပြတ်သားမှု ပျောက်ဆုံးသွားသည်။ သူသည် နောက်ဆုံးတွင် ကျောက်ယွီကို ကြည့်ေနခဲ့သည်။ သို့သော် အချိန်အကြာကြီး စကားမပြောနိုင်ဘဲ ရှိနေသည်။
ကျန်းယွီသည် အဘိုးခြောက်ကို ထူမလိုက်ပြီး ရိုးသားသော လေသံဖြင့် တီးတိုးပြောသည်။ "ခင်ဗျားတို့ကို ပရိုဂရမ်တစ်ခုအနေနဲ့ပဲဖန်တီးထားတာ ဖြစ်နိုင်ပေမဲ့ အခု ခင်ဗျားတို့မှာ အသိစိတ် ရှိနေတာကြောင့် ကျွန်တော် ခင်ဗျားတို့ကို တကယ့်လူတွေအဖြစ် သဘောထားမယ် ဒီည ခင်ဗျားတို့နဲ့ အတူတူ ဆွေးနွေးမှုခဲ့တာက အချင်းချင်း လေးစားမှုကြောင့်ပဲ"
အဘိုးခြောက် စကားမဆိုခင် ကျန်းယွီသည် ခဏရပ်သည်။ သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။
"ကျွန်တော်သာ ထွက်သွားချင်တာဆိုရင် တခြား နည်းလမ်းတွေ ရှိတယ်..."
အဘိုးခြောက်၏ ကိုယ်ခန္ဓာသည် အနည်းငယ် တောင့်တင်းသွားသည်။ သူ့နှလုံးသားတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။ သူသည် ကျန်းယွီ၏ အကူအညီမှ လျင်မြင်စွာ ရှောင်လိုက်ရင်း သက်ပြင်းရှည်ကြီးကို ချလိုက်၏ "...ဟာ... ဟုတ်.ပြီး မင်းထွက်သွားနိုင်တယ်"
ကျန်းယွီက ဂရုမစိုက်ဘဲ ပြောသည်။ "နှုတ်ကတိတစ်ခုပဲ ဆိုပေမဲ့ ကျွန်တော် ဟူဝမ်ကို ရှာပါ့မယ်။ ရှင်းရှို့ ရွာရဲ့ အဖြစ်မှန်ကို ပြန်လည်ဖော်ထုတ်ပြီး သေဆုံးသူတွေအတွက် တရားမျှတမှု ပေးမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ မေတ္တာရပ်ခံမှုကို နားလည်ပေးပါ"
ကျန်းယွီသည် ရှင်းရှို့ ရွာ၏ အဖြစ်မှန်ကို တဖြည်းဖြည်း ခန့်မှန်းရင်း တစ်ချိန်က ဤရွာသားများသည် သူကဲ့သို့ တကယ့်လူများဖြစ်ခဲ့ဖူးသည်ဟု သံသယဝင်မိသည်။သို့မဟုတ် သူတို့သည် ဂိမ်းပရိုဂရမ်တစ်ခုသာ ဖြစ်ပြီး တကယ့်ကမ္ဘာတွင်ရှိသော ဘဝကို စနစ်က စိတ်ကူးယဉ်အနေနဲ့ ပြန်ဖန်တီးပေးထားတာလည်း ဖြစ်နိုင်သည်။
ကျွမ်းဇီသည် လိပ်ပြာအကြောင်း အိပ်မက်မက်ကာ လိပ်ပြာသည် ကျွမ်းဇီအကြောင်း အိပ်မက်မက်သည် ဟူ၍ ပြောစမှတ်ရှိသည်။
မည်သည့် အခြေအနေဖြစ်စေ အဖြစ်မှန်ကို ရှာဖွေရန် လုံလောက်သော အကြောင်းပြချက် ရှိသည်။ ယဲ့ရှောင်ယွင်နှင့် ရှင်းနနတို့ကို ကိုယ်စားပြုသော လူသားဘက်ခြမ်း ဖြစ်စေ; ကျန်းချွန်လီနှင့် ယွင်တန်ကို ကိုယ်စားပြုသော NPC ဘက်ခြမ်း ဖြစ်စေ သို့မဟုတ် ဤကမ္ဘာမှ သူ၏ကိုယ်ပိုင် လွတ်မြောက်ရေးအတွက် ဖြစ်စေ သို့မဟုတ် စနစ်၏ လုပ်ငန်းတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် ဖြစ်စေ အားလုံးက အကြောင်းပြချက် ရှိသည်။
အဘိုးခြောက်သည် သူ၏လက်ကို မြှောက်ပြီး ဦးညွတ်သည်။
"မင်းရဲ့ စေတနာအတွက်ပါ ကျေးဇူးတင်ပါတယ် အရင်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တောင်းပန်ပါတယ်! ငါတို့ရဲ့ ဘဝတစ်လျှောက်လုံး မင်းရဲ့ စီရင်ချက်ကို စောင့်နေပါမယ်!"
ဤအရာကို မြင်သောအခါ အခြားရွာသားများသည်လည်း အဘိုးခြောက်နှင့်အတူ ဦးညွတ်ကြကာ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း ဟု တစ်ညီတစ်ညွတ်တည်း ပြောကြသည်။
ကျန်းယွီသည် သူတို့၏ ခေါင်းများအပေါ်ရှိ အမည်များ ပုံမှန် အဖြူရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့သည်။
လော့ဖေး မသေဆုံးသောကြောင့် ကစားသမားအသစ်များလည်း မွေးဖွားလာမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဤရွာသားများ၏ မှတ်ဉာဏ်များ ပြန်လည်သတ်မှတ်မည် မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့သည် အချိန်ကာလတစ်ခုအထိ တကယ့်လူများအဖြစ် တည်ရှိနေနိုင်သည်ဟု ဆိုရမည်။
ကျန်းယွီသည် အခြားသူများ ဦးညွတ်သည်ကို ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် တံခါးဘက်သို့ ဦးတည်ကာ ပြောလိုက်၏။
"လော့ဖေး၊ အပြင်ထွက်လာခဲ့၊ မိုးမလင်းခင် ငါတို့ သွားကြရမယ်"
တဲအိမ်ထဲက လော့ဖေးသည် အခြားသူများက သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မရှိသည်ကို မြင်သောအခါ သူလည်း ကျန်းယွီကို အတုခိုးပြီး လူတိုင်းကို ဦးညွတ်သည်။
လော့ဖေး တွေဝေနေသည်ကို မြင်သောအခါ ကျန်းယွီက မေးသည်။
"ဘာလို့ မထွက်တာလဲ? မိုးလင်းရင် အရာအားလုံး ပြန်လည်သတ်မှတ်သွားလိမ့်မယ် မင်းထွက်နိုင်တော့မှာ မဟုတ်ဘူး"
"အစ်ကိုယွီ..." လော့ဖေးက ညင်သာစွာ ပြောသည်။ "ခင်ဗျားရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို တစ်ညလုံး နားထောင်ပြီး ကျွန်တော့် ဦးနှောက်နဲ့ ဒီနေရာမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိသွားပြီ။ ကျွန်တော် ထွက်သွားရင်တောင် သုံးပိုင်းလောက်ပဲ အသက်ရှင်နိုင်လိမ့်မယ်... ခင်ဗျား မသွားဘူးဆိုရင် ကျွန်တော်လည်း ဒီမှာ ခင်ဗျားနဲ့ပဲအတူ နေမယ်”
လော့ဖေးသည် သူ့ကိုယ်သူ တုံးအသည်ဟု မယူဆပေ။ သို့သော် ရှင်းရှို့ ရွာနှင့် ပတ်သက်သော အချက်အလက်အားလုံးကို သူကိုယ်တိုင် စုဆောင်းခဲ့သည်။ ဆိုလိုသည်မှာ သူသည် ကျန်းယွီထက် ပိုမိုပြည့်စုံသော အချက်အလက်များ ရရှိထားသော်လည်း ကျန်းယွီသည် မဟာဗျူဟာများ ချမှတ်နိုင်ပြီး စီစဉ်နိုင်ခဲ့ည်။ ထိုသို့သော ဦးနှောက်မျိုးသည် သူရရှိရသည့် အရာမဟုတ်ပေ။
ကျန်းယွီသည်လည်း ထွက်ခွာလိုသည်။ သို့သော် သူ၏ လွတ်လပ်သော ဆန္ဒသည် သက်ကယ်မိုးတဲအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်မှုအထိသာ ကန့်သတ်ထားသည်။ တဲ၏ နယ်ပယ်ကိုပင် သူ မကျော်ဖြတ်နိုင်ပေ။
"လော့ဖေး ခင်ဗျားကို ပြောပြသင့်တာက..."
ကျန်းယွီ စကားမဆုံးခင် လော့ဖေးသည် သူ့ရှေ့တွင် ဒူးထောက်လိုက်ပြီး ဦးညွတ်သည်။
"ခင်ဗျားက NPC ဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊
လော့ဖေးက ခင်ဗျားနောက်ကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်။ အစ်ကိုကြီးလို့ ခေါ်တာ ဖြစ်ဖြစ်၊ ခင်ဗျားရဲ့ တပည့်ဖြစ်လာတာ ဖြစ်ဖြစ် ဒါမှမဟုတ် ခင်ဗျားနဲ့အတူ ဒီမှာ NPC အဖြစ် နေတာ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ လမ်းညွှန်ဖြစ်နေပါစေလို့ပဲ ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော် တောင်းပန်ပါတယ်!"
အကြာကြီး စောင့်မျှော်နေခဲ့ရသော စနစ်၏ အသံက ထွက်ပေါ်လာသည်။
"ကစားသမား လော့ဖေးသည် သင့်ကို ပါဝင်ရန် ဖိတ်ခေါ်သည်။ ဟုတ်(Yes) သို့မဟုတ် မဟုတ် (No) ကို ရွေးချယ်ပါ"
—ဘယ်လို? ပိုပြီး နားလည်အောင် ရှင်းပြလို့မရဘူးလား အခု သူက ငါ့နောက်ကို လိုက်ချင်တယ်ပေါ့? ငါက သူ့နောက်ကို လိုက်နေရသလို ဖြစ်နေတာပဲ!
"ပူးပေါင်းခြင်း၏ လဲလှယ်မှု နိယာမအရ ရလဒ်က အတူတူပဲ"
—အကယ်၍ မင်းမှာ နောက်ပြောင်စရာတွေ ကုန်သွားရင် မီးခြစ်ကို ကိုက်လို့ရတယ်။ ဘာပူးပေါင်းခြင်းရဲ့ လဲလှယ်မှု နိယာမလဲ? နယူတန်ရဲ့ တတိယနိယာမလို့ ပြောတာ ပိုကောင်းဦးမယ်
"ဟုတ် (Yes) သို့မဟုတ် မဟုတ် (No) ကို ရွေးချယ်ပါ?"
—ငါ ဟုတ်ကို ရွေးရင် ရွာကနေ ထွက်လို့ရပြီလား?
"ရပါတယ်၊ ဒါပေမဲ့ ကစားသမားက မထွက်ဘူးဆိုရင် ခင်ဗျားလည်း ထွက်လို့မရဘူး"
—ဒီရွာမှာ ဘယ်သူက နေချင်မှာလဲ? ဟုတ်၊ ဟုတ်၊ ဟုတ်! ကျွန်တော် ဟုတ်ကို ရွေးတယ်!
"စာချုပ်အောင်မြင်ပါသည်။ သင်သည် ကစားသမား လော့ဖေး၏ အဖွဲ့ထဲသို့ ဝင်ရောက်သွားပြီ"
ကျန်းယွီသည် အပြင်ဘက်သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ ယခင်က မကျော်ဖြတ်နိုင်ခဲ့သော လေထုနံရံ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ သူ့ကို ကြည့်နေသော လူများစွာ မရှိလျှင် သူသည် ကောင်းကင်သို့ အော်ဟစ်မိလိမ့်မည် ဖြစ်သည်။
XXX သောက်ချီးထုပ်ကြီး ငါ XXX နောက်ဆုံးတော့ ထွက်နိုင်ခဲ့ပြီ!!!
သူသည် လော့ဖေးကို လှည့်ကြည့်ရင်း ပြုံးကာ ပြောသည်။
"မထွက်လာသေးဘူးလား"
လော့ဖေးသည် စက္ကန့်အနည်းငယ်ကြာအောင် မှင်တက်နေသည်။ ထို့နောက် ကျန်းယွီသည် သက်ကယ်မိုးတဲအိမ်မှ ထွက်ခွာသွားသည်ကို သူ တွေ့လိုက်ရာ သူ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်သည်။
လော့ဖေးသည် ရွာအဝင်ဝရှိ ခြံစည်းရိုးအလယ်ကို ဂရုတစိုက်ဖြတ်ကျော်ပြီး "ဝူးဟူး! အရမ်းမိုက်တာပဲ!" ဟု အော်ဟစ်လိုက်သည်။
သူ ဂိမ်းကစားတုန်းက သိပ်မခံစားရပေ။ သို့သော် တကယ် ထိတွေ့နိုင်သော လေထုနံရံသည် သူ၏စိတ်ကို အနှောင့်အယှက်ပေးသည်။ ၎င်းကြောင့် သူစိတ်ဒဏ်ရာလက္ခဏာ ဖြစ်လာလုနီးပါး ဖြစ်သည်။
ကျန်းယွီ၏ ခြေထောက်သည် ရွာအပြင်ဘက်သို့ ကျသည်နှင့် စနစ်၏ အသံက ထွက်ပေါ်လာသည်။
"ဒင်း! ဂုဏ်ယူပါတယ် သင်သည် ရှင်းရှို့ ရွာမှ ကစားသမားကို လမ်းညွှန်ပေးရန် လုပ်ငန်းပြီးမြောက်သွားပါပြီ"
"လုပ်ငန်းပြီးမြောက်မှုအတွက် ဆုချနေသည် ..."
"သင်၏ နာမည်မြင်နိုင်စွမ်းကို အဆင့် ၃ သို့ တိုးမြှင့်လိုက်သည်၊ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားသည်- ပစ္စည်းအမည်နှင့် အတိုချုပ် အချက်အလက်များကို ကြည့်ရှုနိုင်သည်"
"သင်၏ လွတ်လပ်သော ဆန္ဒကို အဆင့် ၂ သို့ တိုးမြှင့်လိုက်သည်၊ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားသည်- ကစားသမား အကန့်ကို ကြည့်ရှုနိုင်သည်၊ နှစ်သက်မှု ရှိသော ကစားသမားများအတွက်သာ ကန့်သတ်ထားသည်"
"အခြေအနေ ထပ်တူပြုခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီ"
—ဝူးဟူး! အရမ်းမိုက်တာပဲ!
ကျန်းယွီသည် သူ၏စိတ်ထဲတွင် မအော်ဘဲ မနေနိုင်တော့ပေ။ သူသည် သူ၏ အချက်အလက်ကို စစ်ဆေးရန် စိတ်မရှည်နိုင်တော့ပေ။
အိမ်ရှင်: ကျန်းယွီ
အမှတ်အသား: NPC
အလုပ်အကိုင်: အစောင့်အရှောက်
အသက်: ၂၀
အဆင့်: အဆင့် ၁
စွမ်းရည်များ:
နာမည်မြင်နိုင်စွမ်း အဆင့် ၃
အမှတ်အသား တကယ့်အမည်နှင့် ပစ္စည်းအမည်များကို ခွဲခြားသိမြင်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်သည်။ အဆင့် ၃ အဆင့်မြှင့်တင်မှုသည် ပစ်မှတ်၏ အဆင့်နှင့် အတိုချုပ် အချက်အလက်များကို ကြည့်ရှုနိုင်သည်
လွတ်လပ်သော ဆန္ဒ အဆင့် ၂
ဆန္ဒနှင့်အတူ ခန္ဓာကိုယ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်သော စွမ်းရည်။ လက်ရှိအဆင့်သည် ကစားသမား အချက်အလက်များကို ကြည့်ရှုနိုင်သည် နှစ်သက်မှု ရှိသော ကစားသမားများအတွက်သာ ကန့်သတ်ထားသည်
အခြေအနေ ထပ်တူပြုခြင်း အဆင့် ၁
အိမ်ရှင်သည် အဆင့်မြှင့်တင်၍ မရပေ။ ကစားသမားတစ်ယောက်ကို လုပ်ငန်းတစ်ခု ပြီးမြောက်အောင် ကူညီပြီးနောက် အိမ်ရှင်သည် ကူညီခဲ့သော ကစားသမား၏ လက်ရှိအဆင့်နှင့် စွမ်းရည်များကို ကူးယူနိုင်သည်၊ နှစ်သက်မှု ရှိသော ကစားသမားများအတွက်သာ ကန့်သတ်ထားသည်
"အစ်ကိုယွီ..."
ကျန်းယွီသည် သူ၏ အချက်အလက်ကို ကြည့်မပြီးခင် လော့ဖေး၏ ခေါ်သံကြောင့် ကြားဖြတ်ခံလိုက်ရသည်။
"ကျွန်တော့်စိတ်ထဲမှာ ဂိမ်းဖန်သားပြင်တစ်ခု ပေါ်လာတယ်။ ကျွန်တော် စနစ်တစ်ခု ရလိုက်ပြီနဲ့ တူတယ်" လော့ဖေးက မယုံကြည်နိုင်စွာ ပြောသည်။
"အာ၊ အသံတစ်ခုက ကျွန်တော် အဆင့်တက်သွားပြီလို့ ပြောတယ်..."
"ပြင်းထန်တဲ့ ထိုးနှက်မှုနဲ့ စွမ်းရည်တွေလား? အရမ်း မိုက်တာပဲ"
လော့ဖေး၏ ဆက်တိုက် အော်ဟစ်မှုများသည် ကျန်းယွီကို မငြိမ်မသက် ဖြစ်စေသည်။ ငါ မမြင်နိုင်တာကို ဘာလို့ ပြောနေရတာလဲ?!
အင်း... ဒါပေမဲ့ ငါ မြင်နိုင်ပုံရတယ်...
—လော့ဖေး၏ အချက်အလက်ကို ဖွင့်ပါ။ ကျန်းယွီ စိတ်ထဲမှ ပြောလိုက်သည်။
အနီရောင် အကန့်တစ်ခုသည် ကျန်းယွီ၏ရှေ့တွင် ပေါ်လာ၏ -
ကစားသမား: လော့ဖေး
အလုပ်အကိုင်: စစ်သူရဲကောင်း
အသက်: ၁၆
အဆင့်: အဆင့် ၃
စွမ်းရည်များ:
ပြင်းထန်သော ထိုးနှက်မှု အဆင့် ၁
ရှေ့သို့ ထိုးနှက်မှုအတွက် တစ်နေရာတည်းတွင် အလုံးစုံ အရှိန်ကို ၂၀% ချက်ချင်း တိုးစေသည်။ ပစ်မှတ်၏ အရေးကြီးသော အပိုင်းများကို ထိမှန်ရန် ပိုမိုလွယ်ကူစေသည်
—ကောင်းပြီ၊ ငါ့ရဲ့ စွမ်းရည်အသစ်ကို စမ်းကြည့်ဖို့ အချိန်ကောင်းပဲ
—အခြေအနေ ထပ်တူပြုခြင်း ပစ်မှတ် လော့ဖေး!
ကျန်းယွီ၏ အဆင့်သည် ချက်ချင်း အဆင့် ၃ ဖြစ်သွားသည်။ ပြင်းထန်သော ထိုးနှက်မှု စွမ်းရည်သည် သူ၏ စွမ်းရည်စာရင်းတွင် ပေါ်လာသည်။
—ဘုရားသခင်! ဒါ အရမ်း မိုက်တာပဲ! အဆင့်မြှင့်ဖို့ ကြိုးစားစရာ မလိုဘူး တခြားသူတွေကို တိုက်ရိုက် လိမ်ယူလိုက်ရုံပဲ!
သို့သော် ကျန်းယွီသည် သူ အလျင်စလို ဝမ်းမြောက်နေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ပထမ သူသည် ဆုကြေးမရမီ ကစားသမားတစ်ယောက်၏ လုပ်ငန်းပြီးမြောက်အောင် ကူညီရန် လိုအပ်သည်။ လုပ်ငန်းများအတွင်း သူ၏အဆင့်ကို ပိတ်ထားသည်။ တစ်နည်းအားဖြင့် သူတို့သည် အဆင့်မြင့်သော ဘီလူးတစ်ကောင်နှင့် တွေ့လျှင် ကစားသမားသည် ၎င်းကို ကျော်လွှားရန် အဆင့်တက်နိုင်သော်လည်း သူကတော့ သူတို့ကို နောက်ဆုတ်အောင်သာ လုပ်ဆောင်နိုင်သည်။
ဒုတိယ၊ ယခု ကူညီခဲ့သော ကစားသမားမှာ လော့ဖေး တစ်ဦးတည်းသာ ဖြစ်သည်။ သူသည် အနာဂတ်တွင် အခြား ကစားသမားများကို တွေ့ဆုံမည်လားဆိုတာ သူ မသိပေ။ အကယ်၍ သူသည် ကစားသမားတစ်ယောက်တည်းကိုသာ ရွေးချယ်နိုင်ပါက သူ၏ ကံကြမ္မာသည် လော့ဖေးနှင့်သာ ချိတ်ဆက်ထားသည်ကို ဆိုလိုသည်။
ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိသေးသရွေ့ ကျန်းယွီသည် ဤစွမ်းရည်ကို ပြသမည် မဟုတ်ပေ။
စဉ်းစားနေစဉ် နောက်ထပ်
စနစ်၏ စက်ရုပ်သံသည် ထွက်ပေါ်လာသည်။ ယနေ့ စက်ရုပ်သံသည် သူ့နားထဲတွင် အလွန် သာယာနေကာ ကျန်းယွီအလွန် နှစ်သက်မိသည်။
—လုပ်ဆောင်ချက်အသစ်တစ်ခုခု ရှိသေးလား?
"ဒင်း! သင်၏ လုပ်ငန်းအသစ် ထွက်လာပြီ၊ လုပ်ဆောင်နေပါသည်..."
"လုပ်ေဆာင်ခြင်း ပြီးဆုံးသွားပြီ။ သင်၏ လုပ်ငန်း- ကစားသမားကို အမွှာရွာသို့ လမ်းညွှန်ပေးပါ"
***