နောက်ထပ် လူသစ်ကျေးရွာတစ်ခု
Vol. 1 Ch. 15
"မနောက်ပါနဲ့။"
လော့ဖေးသည် အနည်းငယ်မယုံသင်္ကာဖြစ်ကာ ခေါင်းကိုကုတ်ရင်း ခန့်မှန်းလိုက်သည်။
"ကစားသမားရဲ့စူးစမ်းရှာဖွေလိုစိတ်ကိုမြှင့်တင်ဖို့အတွက် ဂိမ်းအများစုက ကစားသမားရဲ့လက်ရှိအဆင့်ထက်ကျော်လွန်တဲ့မိစ္ဆာအများအပြားကို မြေပုံတစ်ခုတည်းမှာထားလေ့ရှိတာမျိုးရော မဖြစ်နိုင်ဘူးလား။"
ရှုထျန်းသုန်းက ပြတ်သားစွာပြောသည်၊ "မဟုတ်ဘူး အဲ့ဒီလိုဖြစ်နိုင်ခြေမရှိဘူး။ လူသစ်ကျေးရွာကနေ အမွှာရွာအထိလမ်းက လမ်းကြောင်းတစ်ခုတည်းဖြစ်သင့်တယ် လူသစ်ကျေးရွာက ရိုးရှင်းတဲ့သင်ခန်းစာအဆင့်နဲ့ညီမျှတယ် သူ့ရဲ့ရည်ရွယ်ချက်က ကစားသမားတွေကို မစ်ရှင်လက်ခံတာ အသက်မွေးဝမ်းကျောင်းရွေးချယ်တာလိုမျိုး အခြေခံလုပ်ဆောင်ချက်အမျိုးမျိုးကို ရင်းနှီးကျွမ်းဝင်စေဖို့ပဲ၊ လူသစ်ကျေးရွာကနေ အမွှာရွာအထိလမ်းပေါ်ကမိစ္ဆာတွေကတော့ ကစားသမားတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သင်ယူဖို့အတွက်ပဲ။"
"ကစားသမားတွေ ရွာကထွက်တာနဲ့ ဟိုဟိုဒီဒီလျှောက်သွားပြီး အားကြီးတဲ့မိစ္ဆာတွေနဲ့တွေ့ခွင့်ပေးလိုက်ရင် ကစားသမားတွေက ချက်ချင်းကစားချင်စိတ်ပျောက်သွားလိမ့်မယ်။ ဘယ်ဂိမ်းဒီဇိုင်နာမှ အဲ့ဒီလောက်မိုက်မဲမှာမဟုတ်ဘူး။"
ရှင်းရှို့ရွာကနေ လွတ်မြောက်လာနိုင်ခဲ့တဲ့ လော့ဖေးကတော့ ဘယ်လောက်ခက်ခဲလဲဆိုတာသိတယ်၊ ရှုထျန်းသုန်းပြောသလို ရိုးရှင်းတဲ့သင်ခန်းစာအဆင့်တစ်ခုတော့ လုံးဝမဟုတ်ဘူး။ သူခဏရပ်တန့်ပြီး မေးခွန်းထုတ်သလိုမေးလိုက်သည်၊ "မင်းက လူသစ်ကျေးရွာကနေ ဘယ်လိုထွက်လာခဲ့တာလဲ။"
"ဟင်؟" ရှုထျန်းသုန်းသည် မေးခွန်းကြောင့် အနည်းငယ်ကြောင်သွားသည်၊ "ဒါက ဘယ်လိုမေးခွန်းမိုက်ကြီးလဲ။ လူသစ်ကျေးရွာကထွက်ရတာ အဲ့ဒီလောက်ခက်လို့လား။"
အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သော ကျန်းယွီသည် ရုတ်တရက်ပြောလိုက်သည်၊။
"သူပြောနေတဲ့ လူသစ်ကျေးရွာနဲ့ ငါတို့ကြုံတွေ့ခဲ့ရတဲ့ရွာက ရွာအတူတူမဟုတ်ဘူး။"
"ဒီအေးစက်တဲ့ကောင်လေးပြောတာမှန်တယ်၊ သူတို့က ရွာအတူတူမဟုတ်ဘူး။"
ရှုထျန်းသုန်းသည် ကျန်းယွီ၏အဓိပ္ပာယ်ကို နားလည်မှုလွဲသွားသည်။
"ထာဝရကုန်းမြေထဲက လူသစ်ကျေးရွာက သင်ခန်းစာအဆင့်နဲ့ညီမျှတယ်။ ကစားသမားတစ်ယောက်ချင်းစီက လူသစ်ကျေးရွာကို သီးခြားစီဝင်ရောက်ကြတယ်၊ ရွာကထွက်သွားပြီးမှသာ ကစားသမားအားလုံးအွန်လိုင်းပေါ်မှာရှိနေတဲ့ကမ္ဘာဖြစ်သွားတာ။"
လော့ဖေးသည် ရှုထျန်းသုန်း၏စကားကိုနားလည်ရန်ကြိုးစားပြီး မေးလိုက်သည်။ "မင်းဆိုလိုတာက ကစားသမားတစ်ယောက်ချင်းစီရဲ့ လူသစ်ကျေးရွာက သီးခြားစီဖြစ်ပြီး ရွာကထွက်သွားပြီးနောက်ကမ္ဘာက ကစားသမားအားလုံးမျှဝေသုံးစွဲကြတာလား။"
"ဟုတ်တယ်၊ အဲ့ဒါမှာ ဘာနားလည်ရခက်နေလို့လဲ။" ရှုထျန်းသုန်းသည် မူလက သူ၏ ကျေးဇူးရှင်နှစ်ဦးကို အဆင့်မြင့်ကစားသမားများဟုထင်ခဲ့သော်လည်း ယခုအခါ သူတို့သည် လူသစ်နှစ်ဦးဖြစ်နေပုံရသည်။
လော့ဖေးသည် "အိုး" ဟုရေရွတ်ပြီးနောက် မေးလိုက်သည်။
"ဒါဆို မင်းက 'မင်းရဲ့ ရှင်းရှို့ရွာ' ကနေ ဘယ်လိုလွတ်မြောက်လာခဲ့တာလဲ။"
ရှုထျန်းသုန်းသည် လော့ဖေးက လူသစ်ကျေးရွာကို အဘယ်ကြောင့်ဤမျှစွဲလမ်းနေသည်ကိုနားမလည်ခဲ့သော်လည်း ဤအခြေအနေတွင် အခြားကစားသမားများနှင့်အတူတကွလှုပ်ရှားခြင်းသည် ပိုကောင်းသောကြောင့် သူပြန်ဖြေလိုက်သည်။
"ငါက လူသစ်ကျေးရွာမှာနိုးလာခဲ့တာ။ ငါအရင်ဆုံး ရွာသူကြီးဆီသွားပြီး မစ်ရှင်လက်ခံခဲ့တယ်၊ အဲ့ဒါက တောဝက်ကိုအမဲလိုက်ဖို့ပဲ ပြီးတော့ ငါအသင်းဖော်တွေရှာတယ် အရင်ဆုံး ဟူဝမ်၊ ကျန်းချွမ်လီ၊ ယွမ်တန်နဲ့ အာ့တန်တို့ကို သီးခြားစီစကားပြောပြီးတော့ အဖွဲ့ဖွဲ့လို့ရသွားတယ်။ ပြီးတော့ ငါပန်းပဲဆိုင်သွားပြီး လက်နက်ယူပြီး အသက်မွေးဝမ်းကျောင်းရွေးချယ်လို့ရသွားတယ်။"
ရှုထျန်းသုန်းသည် သူ၏လက်ထဲမှလေးကိုညွှန်ပြသည်။
"ကြည့်စမ်း၊ ငါက မုဆိုးကိုရွေးခဲ့တယ်။ ငါက အနီးကပ်တိုက်ခိုက်ရတဲ့အသက်မွေးဝမ်းကျောင်းတွေကိုမကြိုက်ဘူး။ အမွှာရွာရောက်ရင် အသက်မွေးဝမ်းကျောင်းပြောင်းလို့ရတယ်၊ နောက်ပိုင်း ငါက ကျင့်ကြံပြီး မှော်ပညာသင်ယူမှာ။"
"ပြီးတော့ရေ؟" လော့ဖေးက မေးလိုက်သည်။
"ပြီးတော ဘာပြီးတော့လဲ။" ရှုထျန်းသုန်းသည် လော့ဖေး၏အဓိပ္ပာယ်ကိုနားမလည်ခဲ့ပေ။
"ပြီးတော့ ငါလူတော်လေးက တခြားလူတွေနဲ့အတူတူရွာကထွက်လာခဲ့တာပေါ့။"
လော့ဖေးက အံ့ဩတကြီးပြောလိုက်သည်၊ "ဒီလောက်လွယ်တာလား။"
"မဟုတ်ရင်ရော လူသစ်ကျေးရွာရဲ့လုပ်ဆောင်ချက်က ဒါမဟုတ်ဘူးလား။ ဒါက မင်းကိုရွာသားတွေနဲ့ဘယ်လိုစကားပြောရမလဲ၊ မစ်ရှင်လက်ခံရမလဲ၊ အဖွဲ့ဖွဲ့ရမလဲ၊ လက်နက်တပ်ဆင်ရမလဲဆိုတာ သင်ယူဖို့အတွက်ပဲ။ ရွာကအောင်မြင်စွာထွက်သွားပြီးရင် အဆင့်သုံးအထိ အခမဲ့အတွေ့အကြုံတောင်ရသေးတယ်။"
ရှုထျန်းသုန်းသည် စိတ်ထဲတွင်တွေးလိုက်သည်၊ ဒီကောင်က အရူးများလား။ သူက လူသစ်ကျေးရွာမှာတောင် ပိတ်မိနေနိုင်လား။
ကျန်းယွီသည် မျက်မှောင်ကြုတ်လိုက်၏။ ရှုထျန်းသုန်းပြောခဲ့သည်မှာ "သာမန်" လူသစ်ကျေးရွာဖြစ်ကြောင်း သူသဘောပေါက်သွားသည်။ ပြဿနာသည် ဂိမ်းထဲတွင်မဟုတ်ဘဲ ရှင်းရှို့ရွာတွင်ဖြစ်နိုင်သည်။
ရုတ်တရက် လော့ဖေးသည် တစ်စုံတစ်ခုကိုသဘောပေါက်သွားပြီး သူကမေးလိုက်သည်၊ "ဒါဆို အစောပိုင်းကမှင်စာတွေသတ်သွားတဲ့လူတွေက…”
ရှုထျန်းသုန်းက ခေါင်းညိတ်သည်၊ "ဟုတ်တယ်၊ သူတို့က ရွာထဲက NPC တွေပဲ။ ဒါပေမဲ့ သူတို့က တကယ်တော့ အသုံးမဝင်ဘူး။ သူတို့ရဲ့မူလရည်ရွယ်ချက်က အချို့ညံ့ဖျင်းတဲ့ကစားသမားတွေ ဒီ အဆင့်ကိုချောချောမွေ့မွေ့ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ပဲ။ အမွှာရွာရောက်ရင် သူတို့က အလိုအလျောက်အဖွဲ့ကနေထွက်သွားလိမ့်မယ်။"
"သူတို့က ဘယ်လို Bug မျိုးနဲ့ကြုံတွေ့ခဲ့ရလဲမသိတာကတော့ စိတ်မကောင်းစရာပဲ၊ သူတို့က ရုတ်တရက်ပေါ်လာတဲ့မှင်စာတွေရဲ့အသတ်ခံလိုက်ရတယ်။" ရှုထျန်းသုန်းသည် လော့ဖေးနှင့် ကျန်းယွီကိုကြည့်ပြီးနောက် ပြောသည်၊ "ဘာလဲ။ မင်းတို့ NPC တွေလည်း အသတ်ခံလိုက်ရတာလား။"
လော့ဖေးနှင့် ကျန်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသက်စွာပြုံးလိုက်ကြသည်။
ကျန်းယွီက မေးသည်။
"မင်းက ဘယ်လိုဒီလောက်အများကြီးသိနေတာလဲ။"
ဤအချိန်တွင် ရှုထျန်းသုန်းသည် ကျေနပ်သောအမူအရာပြသကာ ပြောသည်။
"ဟားဟား ငါက ဂိမ်းစမ်းသပ်သူ ပဲ။ ကျင့်ကြံခြင်းဆာဗာကိုတင်မကဘူး၊ မိစ္ဆာသတ်ဖြတ်ခြင်းဆာဗာကိုလည်း ကစားဖူးတယ်။ လက်ရှိဇာတ်လမ်းက အတူတူလောက်ပဲ၊ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာလဲ။" လော့ဖေးသည် ရှုထျန်းသုန်းတွေဝေနေသည်ကိုမြင်သောအခါ မေးလိုက်သည်။
ရှုထျန်းသုန်း၏အမူအရာသည် ယခင်ကြောင်တောင်တောင်အခြေအနေသို့ပြန်ရောက်သွားသည်၊
"ငါက အစမ်း ကို ကွန်ပျူတာပေါ်မှာကစားခဲ့တာ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး တရားဝင် ဂိမ်းထဲဝင်သွားပြီးနောက် ငါ့တစ်ကိုယ်လုံးဂိမ်းကမ္ဘာထဲဝင်သွားသလိုပဲ။"
"ငါအိပ်မက်မက်နေတာလား ဒါမှမဟုတ် ပုံရိပ်ယောင်ကမ္ဘာ ထဲဝင်သွားတာလား ဒါမှမဟုတ် အချိန်ခရီးသွားနေတာလားဆိုတာ အခုထိမသိသေးဘူး ဒါပေမဲ့ ငါခုနကမှင်စာတစ်ကောင်ရဲ့ရိုက်ခြင်းခံလိုက်ရေတာ့ ငါ့လက်မောင်းအရိုးတောင်ကျိုးတော့မလို အခုထိနာနေတုန်းပဲ။ ဒါက အိပ်မက်မဟုတ်ဘူးလို့ငါခံစားနေရတယ်။"
လော့ဖေးက ခေါင်းညိတ်သည်။
"မင်းအိပ်မက်မက်နေတာမဟုတ်ဘူး။ ငါတို့က ဂိမ်းထဲမှာ။"
သူသည် ဤသံသယကို ရှင်းရှို့ရွာတွင်သူ၏ပထမဆုံးနေ့ကတည်းက စဉ်းစားခဲ့ဖူးသည်။ သို့သော် ရှုထျန်းသုန်း၏စကားကိုကြားပြီးနောက် ဤဂိမ်းသည် တကယ့်ကမ္ဘာမှလူများကို အမှန်တကယ် စုပ်ယူ နိုင်သည်ကို သူသေချာသွားသည်။
လော့ဖေး၏စကားသည် ရှုထျန်းသုန်းကိုတိတ်ဆိတ်သွားစေသည်။ မသေချာမရေရာသောခန့်မှန်းချက်များ အတည်ပြုခံရသောအခါ လူတို့သည် မကြာခဏကူကယ်ရာမဲ့ဖြစ်သွားတတ်သည်။
ရှုထျန်းသုန်းသည် စိတ်လှုပ်ရှားစွာပြောသည်၊ "ဒါဆို... ငါဂိမ်းထဲမှာသေသွားရင်ရော။"
ကျန်းယွီက ပြန်ဖြေသည်၊ "ဒါဆို မင်းတကယ်သေသွားမှာ။"
သုံးယောက်စလုံးသည် ထူးဆန်းသောတိတ်ဆိတ်မှုတစ်ခုထဲသို့ ကျရောက်သွားကြသည်။
ရှုထျန်းသုန်းသည် ရုတ်တရက်ကျိန်ဆဲသံများဖြင့် ပေါက်ကွဲထွက်သွားပြီး ကျန်းယွီနှင့် လော့ဖေးတို့၏စိတ်ထဲမှစကားလုံးအားလုံးကို ထုတ်ဖော်ပြောကြားကာ ဆယ်မိနစ်မျှမရပ်တန့်ခဲ့ပေ။
စိတ်ဖြေပြီးနောက် ရှုထျန်းသုန်းသည် မျိုချလိုက်ပြီး မေးလိုက်သည်၊ "ဟေး၊ ငါကလွဲပြီး မင်းတို့တခြားကစားသမားတွေတွေ့ဖူးလား။"
ကျန်းယွီသည် တိတ်ဆိတ်နေသည်၊ လော့ဖေးက ခေါင်းခါသည်။
"ဒီလိုတော့မဖြစ်သင့်ဘူးမလား။ ထာဝရကုန်းမြေလိုဂိမ်းတစ်ခုက သန်း ၁၀၀ ကျော်ကစားသမားမရှိရင်တောင် ထောင်ပေါင်းများစွာ ဒါမှမဟုတ် သန်းပေါင်းများစွာရှိသင့်တယ်။ ဘယ်လိုဖြစ်လို့ငါတို့အနည်းငယ်ပဲရှိရတာလဲ။" ရှုထျန်းသုန်းက မေးလိုက်သည်။
ကျန်းယွီသည်လည်း ရှုထျန်းသုန်း၏မေးခွန်းကိုစဉ်းစားခဲ့ဖူးသော်လည်း အကြောင်းရင်းကိုမတွေ့ရှိခဲ့ပေ။
"ငါတို့ကိုပဲ ဂိမ်းထဲဆွဲသွင်းခံလိုက်ရတာဖြစ်နိုင်မလား။" လော့ဖေးက သံသယဝင်သည်။
"မသိဘူး၊ ဒါပေမဲ့ ငါတို့မှာဘာများထူးခြားတာရှိလို့လဲ။ ဒါမှမဟုတ် လုံးဝကျပန်းပဲလား။" ရှုထျန်းသုန်းသည် ဦးနှောက်ခြောက်အောင်စဉ်းစားသော်လည်း အဖြေမထုတ်နိုင်ခဲ့ပေ။
ကျန်းယွီက ဖြတ်ပြောလိုက်သည်၊ "အခုသဲလွန်စမလုံလောက်သေးဘူး၊ အဲ့ဒါကိုမစဉ်းစားနဲ့တော့။ မင်းအမွှာရွာသွားတဲ့လမ်းကိုသိတယ်မလား။"
ကျန်းယွီမေးသောအခါ ရှုထျန်းသုန်းက ခေါင်းညိတ်ပြီးနောက် ခေါင်းခါသည်။
"သိတယ်၊ ဒါပေမဲ့ ငါတို့ဖြတ်သွားလို့မရဘူး။"
"ဘယ်လိုဖြတ်သွားလို့မရတာလဲ။" လော့ဖေးက မေးလိုက်သည်။
"အမွှာရွာကိုသွားဖို့လမ်းနှစ်လမ်းရှိတယ်။ တစ်လမ်းက တောင်လမ်း၊ တောင်ကနေချိုင့်ဝှမ်းအထိ၊ နောက်တစ်လမ်းက ချောင်းအတိုင်းလိုက်သွားတာ။ လမ်းနှစ်လမ်းလုံးက နောက်ဆုံးမှာဆုံကြတယ်၊ ဒါပေမဲ့ ကြီးမားတဲ့မှင်စာခေါင်းဆောင်တစ်ကောင်က လမ်းဆုံကိုစောင့်နေတယ်။ ငါတို့အတွေ့ခံလိုက်ရပြီး မှင်စာခေါင်းဆောင် တိုက်ခိုက်တာခံလိုက်ရတာ အဲ့ဒီမှာသေတော့မလိုပဲ။ ကံကောင်းလို့ ငါက လေးသမားဖြစ်တော့ နောက်တန်းကနေ ထွက်ပြေးရလွယ်တယ်။"
သာမန်မှင်စာများအားလုံးသည် အဆင့် ၆ သို့မဟုတ် ထို့ထက်ပိုသည်။ မှင်စာခေါင်းဆောင်သည် ပို၍ပင်မြင့်မားနိုင်ခြေရှိသည်။ ၎င်းသည် ဖြေရှင်းရန်ခက်ခဲသောပြဿနာတစ်ခုဖြစ်သည်။ ကျန်းယွီသည် သူ၏စိတ်ထဲတွင် နည်းဗျူဟာများကို တိတ်တဆိတ်စတင်တွက်ချက်လိုက်၏။
ကျန်းယွီက မေးသည်။
"သွားစရာတခြားလမ်းရှိသေးလား။ ဥပမာ၊ ချောင်းကိုဖြတ်ပြီး တစ်ဖက်ကတောင်တန်းတွေကိုဖြတ်လျှောက်တာမျိုးလေ”
ရှုထျန်းသုန်းက ခေါင်းခါသည်။
"ချောင်းတစ်ဖက်ကမ်းက ချောက်ကမ်းပါးပဲ။ ဖြတ်သွားဖို့မဖြစ်နိုင်ဘူး၊ ဒါကြောင့် ပတ်သွားစရာတခြားလမ်းမရှိဘူး။ ငါ ကွင်းဆင်းစစ်ေဆးပြီးပြီ၊ ကွန်ပျူတာပေါ်မှာကစားခဲ့တဲ့မြေပုံနဲ့ အတူတူလောက်ပဲ။ လူသစ်ကျေးရွာနောက်မှာလည်း ချောက်ကမ်းပါးတစ်ခုရှိတယ်၊ အဲ့ဒါက စပ်စုတဲ့လူတစ်ချို့ ဟိုဟိုဒီဒီလျှောက်သွားပြီး Bugs တွေဖြစ်စေတာကို တားဆီးဖို့အတွက်ပဲ။"
သူစကားမဆုံးမီမှာပင် ကျန်းယွီသည် မီးပုံဘေးမှခုန်ထလိုက်ပြီး သတိထားလိုက်သည်။
လော့ဖေးသည် ကျန်းယွီ၏ "ကြိုတင်သတိပေး" စွမ်းရည်ကိုတွေ့ကြုံခဲ့ဖူးပြီး တိုးညှင်းစွာမေးလိုက်သည်။ "မှင်စာတွေလား။"
နာမည်မြင်နိုင်စွမ်း၏အာနိသင်အောက်တွင် အနီရောင်နာမည်များနှင့်မှင်စာခုနစ်ကောင်သည် သူတို့ပတ်ဝန်းကျင်မှောင်မိုက်ထဲမှပေါ်လာပြီး သူတို့ထံသို့တဖြည်းဖြည်းချဉ်းကပ်လာကြသည်။
"ခုနစ်ကောင်”
ကျန်းယွီ၏အသံတွင် စိတ်ခံစားချက်မရှိေပ။
"ငါတို့ဝိုင်းခံထားရပြီ။”