အပိုင်း ၄-၆
Vol. 1 Ch. 4-6
အပိုင်း ၄
ကောင်းကင်ဘုံနှင့် လူသားများ၏ ဉာဏ်ရည်ရင်းမြစ်။
ဈေးဝယ်ထွက်လာကြသည့်အမေနှစ်ယောက်သည် အမျိုးသမီးအဝတ်အစားဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။
ဝတ်စုံများ တစ်စုံပြီးတစ်စုံကို စမ်းဝတ်ကြည့်ကြရင်းဖြင့် အချင်းချင်း အဆက်မပြတ် ချီးမွမ်းနေကြလေသည်။
ရွှီမုန့်သည် ကျန်းဝမ်ရှင်းအား သူမ၏ ဆွဲဆောင်မှုရှိေသာ ဖြူသွယ်သည့်ခြေတံရှည်များသည် စကတ်အတိုလေးများဖြင့် မည်မျှလှပကြောင်းကို ချဲ့ကားချီးမွမ်းနေသည်။
ကျန်းဝမ်ရှင်းသည်လည်း ရွှီမုန့်သည် သူမ၏တင့်တယ်၍ဆွဲဆောင်မှုရှိသော ညှပ်ရိုးများသည် လက်ကြိုးတစ်လုံးပါ ခါးစည်းကြိုးဝတ်စုံများဖြင့် မည်မျှလှပကြောင်း၊ သူမ၏ ချောမွေ့သော ပခုံးအနေအထားမှာ မည်မျှစွဲမက်ဖွယ်ကောင်းကြောင်းတို့ကို ချီးမွမ်းသည်။
အမေနှစ်ဦး၏ အချင်းချင်းမြှောက်ပင့်ပြောဆိုနေကြသည့် စကားများကို နားထောင်နေရသော လင်းဇီချန်မှာ မထိန်းချုပ်နိုင်စွာ မျက်ထောင့်ကပ်မိရသည်။တကယ်တမ်းဆိုရလျှင် အမေနှစ်ဦးသည် အမှန်တကယ်ပင် နှစ်လိုဖွယ်ကောင်းလှသည်။ပုံပန်းသွင်ပြင်တို့မှာ ထိပ်တန်းအဆင့် အလှလေးများဖြစ်ကြပြီး အနည်းဆုံးလျှင်သော်မှ ၁၀မှတ်တွင် ၈မှတ် မလွဲမသွေရနိုင်ပေသည်။
ထို့ပြင် သူတို့သည် အတောက်ပဆုံးသော နှစ်ဆယ်ဝန်းကျင် အရွယ်ကောင်းများဖြစ်ကြ၏။
ငယ်ရွယ်ဟန်ရှိသည့်တိုင် ရင့်ကျက်ဟန်လည်းရှိကြပြီး အမျိုးသမီးတစ်ဦး၏ နှစ်လိုဖွယ်ဆွဲဆောင်မှုများသည် ဆံဖျားမှ ခြေဖျားအထိ ဖိတ်လျှံကျနေသည်။လင်းဇီချန်သည် အမေနှစ်ဦးကို ခြုံငုံကြည့်လိုက်ပြီးနောက် သူ၏ဘေးရှိ ရှန်ချင်းဟန်သို့ ကြည့်လိုက်သည်။
ဖရဲသီးစေ့ကဲ့သို့သော မျက်နှာကျ၊ ကြီးမားဝိုင်းစက်သော မျက်လုံးများ၊ ချစ်စဖွယ် ဖြောင့်တန်းသော နှာခေါင်းများ၊ ချယ်ရီနှုတ်ခမ်းများ၊ သင့်တင့်သောအသားအရောင်နှင့် နူးညံ့သိမ်မွေ့သော အသားအရေ…
ရှန်ချင်းဟန်သည် သူမ၏မိခင်ထံမှ အလှတရားကို ကောင်းကောင်းလက်ခံရရှိထားခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူမ,ကြီးပြင်းလာလျှင် သေချာပေါက် မိမိုက်သည့်အလှလေးတစ်ယောက် ဖြစ်လာနိုင်ပေသည်။
အမျိုးသမီးအဝတ်အစားဆိုင်မှ ထွက်လာပြီးနောက်တွင် အမေနှစ်ဦးသည် ကလေးနှစ်ယောက်ကို အပေါ်ထပ်ရှိ အရုပ်ဆိုင်သို့ ခေါ်လာခဲ့သည်။အမေနှစ်ဦးသည် ကလေးနှစ်ယောက်အတွက် အရုပ်အချို့ ဝယ်ပေးလိုကြသည်။
ရှန်ချင်းဟန်သည် ဆိုင်ပတ်ပတ်လည်သို့ လျှောက်ကြည့်နေသော်ငြား အရုပ်များကို စိတ်မဝင်စားပေ။ ထိုအစား တစ်ဖက်မုန့်ဆိုင်ရှိ မုန့်များကို မျက်စိကျနေပေသည်။
လင်းဇီချန်သည်လည်း အရုပ်များကို စိတ်မဝင်စားပေ။ ထို့ကြောင့် ဘေးဆိုင်ရှိ စာအုပ်ဆိုင်သို့သွား၍ စာအုပ်ဝယ်ဖတ်ချင်သည်ဟု ပြောခဲ့သည်။ စာအုပ်များမှတစ်ဆင့် လက်ရှိကမ္ဘာအကြောင်းကို ပိုမိုနားလည်နိုင်ရန် မျှော်လင့်နေမိသည်။ ဤအသက်အရွယ်ကလေးများသည် ပုံမှန်အားဖြင့် အရုပ်ကြိုက်တတ်သောကြောင့် အမေနှစ်ဦးမှာ ရှုပ်ထွေးသွားရသည်။
ဘာလို့ဒီကလေးနှစ်ယောက်ကျ မတူနေရတာလဲ?
မည်သို့ပင်ဖြစ်စေ အမေနှစ်ဦးသည် ကလေးများ လိုချင်သည့်အတိုင်းသာ အလိုလိုက်,လိုက်လျောပေးခဲ့ကြပါသည်။ လင်းဇီချန်သည် ထူးခြားဆန်းပြားသောသားရဲများ၊ မျိုးရိုးဗီဇပေါင်းစပ်လူများ၊ စက်ဖြင့်ပြုပြင်မွမ်းမံလူများအကြောင်း ရေးသားထားသည့်စာအုပ်များကို ရွေးချယ်ခဲ့သည်။
“ဇီချန် သားသိလား ဒီစာအုပ်တွေက ကလေးတွေအတွက် သိပ်မသင့်တော်ဘူးရယ်။ ဟိုဘက်မှာ ဟန်ဟန်နဲ့အတူ ရုပ်ပြစာအုပ်တွေ သွားဝယ်ကြရင် မကောင်းဘူးလား”
ကျန်းဝမ်ရှင်းသည် တစ်ဖက်ရှိ ကလေးများအတွက်နေရာကို ညွှန်ပြ၍ အကြံပေးလာသည်။
လင်းဇီချန်သည် သူရွေးထားသည့်စာအုပ်များထဲမှ တစ်အုပ်ကို ဖွင့်ပြ၍ ကျန်းဝမ်ရှင်းကို ပြောလိုက်သည်။
“ဒီစာအုပ်တွေမှာလည်း ပုံတွေပါတယ်။ ကျွန်တော် ဒီထဲက ပုံတွေကိုကြိုက်တယ်”
ကျန်းဝမ်ရှင်း စာအုပ်ထဲရှိ ပုံများကိုကြည့်လိုက်သည်။ အချို့သည်
ရက်စက်ကြမ်းကြုတ်ဟန်ရှိသော ထူးခြားဆန်းပြားသောသားရဲကြီးများ၏ပုံဖြစ်ပြီး အချို့မှာ သန္ဓေပြောင်းလဲထားသည့် မျိုးရိုးဗီဇပေါင်းစပ်လူပုံများဖြစ်ကြသည်။ စက်ဖြင့်ပြုပြင်မွမ်းမံလူသားများ၏ ဈေးကြီးသောအစိတ်အပိုင်းပုံများလည်း ပါဝင်သည်။
ကလေးများသည် ဤသို့စာအုပ်များကို မဖတ်သင့်သေး၊ ကာတွန်းရုပ်ပြကဲ့သို့သော စာအုပ်များကို ပိုဖတ်သင့်သည်ဟု ကျန်းဝမ်ရှင်း ထင်မိသည်။ သို့သော် သားဖြစ်သူ သဘောကျသည်ဖြစ်ရာ ဝယ်ခဲ့လိုက်လေသည်။
…
အိမ်ပြန်ရောက်ပြီးနောက် လင်းဇီချန်သည် ဝယ်ယူလာခဲ့သည့်စာအုပ်များကို စိတ်အားထက်သန်စွာ ဖတ်ေနသည်။
(စာအုပ်ဖတ်နေပါသည်။
စိတ်ပါဝင်စားမှု +၁၊ နားလည်သဘောပေါက်မှုစွမ်းရည် +၁၊ ဗဟုသုတ +၁)
(အောင်မြင်မှု - စာလုံးပေါင်းသန်းတစ်ရာဖတ်ရန်)
(ဆုလာဘ် - ရရှိမည်_ ‘မွေးရာပါဉာဏ်ပညာ’)
(ဖတ်ပြီးစာလုံးရေ - ၁၀၀၈၆/၁၀၀,၀၀၀,၀၀၀)
လင်းဇီချန် အာရုံစိုက်စာဖတ်နေစဉ်တွင် သူ၏ရှေ့၌ စာတန်းအမြောက်အများ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။အကြမ်းဖျင်းဖတ်ရှုကြည့်လိုက်ပြီးနောက် ပျော်မြူးသွားခဲ့၏။
ပထမဆုံးသော ကန်ချက်အောင်မြင်မှုမစ်ရှင်အပြီးတွင် နောက်ထပ်အောင်မြင်မှုမစ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။ နေ့တိုင်းလုပ်ဆောင်နေရသည့် ငြီးငွေ့ဖွယ်လေ့ကျင့်ခန်းများအပြင် အားလပ်ချိန်တွင် စာဖတ်ခြင်းကိုလည်း လုပ်ဆောင်နိုင်လေပြီ။
…
နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ကျောင်းတက်ရမည့်အရွယ်သို့ ရောက်လာခဲ့သည်။ သူတို့နှစ်ဦး၏မိဘများ ဆွေးနွေးတိုင်ပင်ကြပြီးနောက် ကျောင်းပို့ကျောင်းကြိုအတွက် အဆင်ပြေမည့် အိမ်နှင့်အနီးဆုံးတွင်ရှိေသာ ‘သက်တံသူငယ်တန်းကျောင်း’တွင် အမည်စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုသူငယ်တန်းကျောင်း၏ ကုန်ကျစရိတ်သည် အခြားကျောင်းများနှင့်နှိုင်းစာလျှင် အနည်းငယ်ဈေးကြီး၏။
သို့သော် ကျသင့်ငွေနှင့်ကိုက်ညီစွာ သင်ရိုးညွှန်းတမ်းသည် သာမန်သူငယ်တန်းကျောင်းများထက် ပိုမိုတိုးတက်ကောင်းမွန်သည်။
ကျောင်းပြင်ပလှုပ်ရှားမှုများလည်း ရှိသည်။
နိုင်ငံခြားဘာသာစကားအတန်းများလည်း ရှိသည်။
အသိဉာဏ်တိုးမြှင့်ရေးအတန်းများ… စသည်အတန်းများလည်း ရှိကြသည်။
ကျောင်းစတက်ရမည့်နေ့ မတိုင်ခင် တစ်ရက်အလို၌ လင်းဇီချန်၏မိဘများသည် ခရီးသွားရန် အကြောင်းဖန်လာခဲ့သည်။ ခရီးမသွားမီ၌ လင်းဇီချန်အား ရှန်ချင်းဟန်၏အိမ်တွင် ချထားပေးခဲ့ပြီး နောက်နေ့တွင် ကျောင်းသို့နာမည်စာရင်းသွင်းပေးရန် ရှန်ချင်းဟန်၏မိဘများထံတွင် အပ်နှံထားခဲ့သည်။
အိမ်နီးချင်း၏အိမ်တွင်…
ရွှီမုန့်မှ နူးညံ့စွာပြော၏။
“ဇီချန် သားရဲ့ မေမေနဲ့ဖေဖေက မနက်ဖြန်ညမှ ပြန်ရောက်ကြမှာ။ ဒီနေ့ည အန်တီမုန့်တို့အိမ်မှာနေပြီး နက်ဖြန်မနက်ကျရင် သားနဲ့ဟန်ဟန်ကို အန်တီ ကျောင်းကိုခေါ်သွားပေးမယ်နော်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီမုန့်”
လင်းဇီချန် ခေါင်းညိတ်၍ ပြန်ဖြေသည်။
လင်းဇီချန်၏ တုံ့ပြန်ပုံကိုမြင်သောအခါ အနီးတွင်ထိုင်နေသည့် ရှန်ကျန်းယယ့်သည် မထိန်းချုပ်နိုင်စွာ မှတ်ချက်ပြုလေသည်။
“ဇီချန်က သိတတ်လိုက်တဲ့ ကောင်လေးပဲကွာ။ အန်တီမုန့်ကို ကျေးဇူးတင်ဖို့တောင် သတိတရရှိနေတာ လူကြီးလေးလိုပဲ။ ဟန်ဟန်သာ သားလို နားလည်တတ်ရင် အရမ်းကောင်းမှာပဲ”
ထိုနေ့ညတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ရေအတူတူချိုးပြီးနောက် အိပ်ရာဝင်ကြသည်။
ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် အတူအိပ်ရသောကြောင့် ပျော်ရွှင်နေသည်။ သူမသည် လင်းဇီချန်ကို အဆက်မပြတ် စကားပြောနေလေသည်။
မနက်ဖြန် ကျောင်းသွားရမည်နှင့် သူငယ်ချင်းမိတ်ဆွေဖွဲ့ရန်တို့ကို မည်မျှမျှော်လင့်နေကြောင်းများ ဆက်တိုက်ပြောနေခဲ့သည်။ လင်းဇီချန်သည် သူမ၏စကားများကို ရံဖန်ရံခါ တုံ့ပြန်ပေးသည်။ သို့သော် အများစုမှာ နံရံကိုမှီထိုင်၍ စာဖတ်နေခြင်းသာ ဖြစ်ပေသည်။
('ထူးခြားဆန်းပြားသောသားရဲများ ရုပ်ပြ'ကို ဖတ်နေပါသည်။
စိတ်ပါဝင်စားမှု +၁၊ နားလည်သဘောပေါက်မှု +၁၊ ထူးခြားဆန်းပြားသော သားရဲများအကြောင်း ဗဟုသုတ +၁)
(စုစုပေါင်း ဖတ်ပြီးစာလုံးရေ - ၄၃.၉၆သန်း/၁၀၀သန်း)
စာဖတ်ခြင်းအောင်မြင်မှုမစ်ရှင်ကို ပြီးမြောက်ရန်အတွက် လင်းဇီချန်သည် ၅လတိုင် တစ်နေ့လျှင် ပျမ်းမျှစာလုံးရေ ၃၀၀,၀၀၀ စာဖတ်နှုန်းကို ထိန်းသိမ်းထားခဲ့သည်။ သို့တိုင် အောင်မြင်မှုသတ်မှတ်ချက်၏ တစ်ဝက်ကိုပင် မရောက်ရှိသေးပေ။ ဤစာဖတ်ခြင်းအောင်မြင်မှုမစ်ရှင်သည် ပထမ ကန်ချက်အောင်မြင်မှုမစ်ရှင်ထက် ၁၀ဆ ပိုခက်ခဲ၏။
အချိန်အနည်းငယ်မျှ ထပ်ဖတ်ပြီးနောက်တွင် အိပ်ချိန်ကျပြီဟု ခံစားရသောကြောင့် စာအုပ်ကိုချ၍ အိပ်ရန်ပြင်ဆင်သည်။ ထိုအချိန်တွင် မကြာသေးမီကအထိ အဆက်မပြတ် စကားပြောနေခဲ့သော ရှန်ချင်းဟန်သည် ပီတိဖြာနေသော မျက်နှာအမူအရာဖြင့် အိပ်ပျော်နေခဲ့လေပြီ။ အလွန်ပျော်ရွှင်ဝမ်းမြောက်နေလွန်း၍ အိပ်မောကျနေသည်မှာ ပါးစပ်ထောင့်မှ သွားရည်ကျနေသည်အထိပင်။
လင်းဇီချန် တစ်ရှူးတစ်ရွက်ယူ၍ သွားရည်သုတ်ပေးလိုက်သည်။ သုတ်ပေးရင်းဖြင့် သူမ,ဝတ်ဆင်ထားသည့် သေးခံသို့ အကြည့်ရောက်သွား၏။ ၄နှစ်အရွယ်ရောက်သည့်တိုင်အောင် ရှန်ချင်းဟန်သည် အိပ်ရာပေါ်တွင် သေးပေါက်ချတတ်သောကြောင့် သေးခံဝတ်ထားရမြဲဖြစ်လေသည်။ သူမ၏မိဘများသည် ရှန်ချင်းဟန်ကို ခန္ဓာကိုယ်ဆေးစစ်ရန်အတွက် ဆေးရုံများစွာသို့ ခေါ်သွားခဲ့ဖူးသည်။ သို့သော် တိကျသည့်အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။
…
နောက်တစ်နေ့မနက်တွင် ရွှီမုန့်သည် မနက်စောစောထ၍ ယာဂုပြုတ်သည်။ ထို့နောက် မနက်စာစားရန် ကလေးနှစ်ယောက်ကို နှိုးသည်။ လင်းဇီချန်သည် မနက်အစောကြီး နိုးနေခဲ့ပြီးဖြစ်သည်။ ရွှီမုန့်မှ အိပ်ရာနှိုးရန် ရောက်လာချိန်တွင် လင်းဇီချန်သည် အခန်းထဲတွင် တစ်ရီကျော်ခန့် လေ့ကျင့်ခန်းလုပ်ပြီးနေခဲ့လေပြီ။
ဆန့်ကျင်ဘက်အနေဖြင့် ရှန်ချင်းဟန်သည်တော့ မနက်ခင်းအချိန်တစ်ဝက်လောက်ကို အိပ်ရာထရန်အတွက် ရုန်းကန်နေရလေသည်။ ထို့နောက်တွင် ရွှီမုန့်၏ ဧည့်ခန်းသို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
မနက်စာစားနေစဉ် လင်းဇီချန်သည် ယာဂုကို အမြန်စားသောက်ပြီးနောက် မိမိစားသည့်ပန်းကန်ကို ကိုယ်တိုင်ဆေးခြင်းဖြင့် သူ၏လုပ်တတ်ကိုင်တတ်ရှိမှုကို ပြသသည်။ ရှန်ချင်းဟန်သည်တော့ မျက်လုံးဖွင့်ရန် ရုန်းကန်နေရင်းဖြင့် ယာဂုကို ပါးစပ်ထဲသို့ ခပ်ထည့်နေသည်။ သူမသည် စားသောက်ရန်အတွက် အလွန်အိပ်ချင်နေပြီး အိပ်ရန်အတွက်လည်း အရမ်းဆာလောင်နေပြန်သည်။
ရှန်ချင်းဟန် ယာဂုသောက်ပြီးသည်ကို စောင့်ဆိုင်းနေစဉ်တွင် လင်းဇီချန်သည် တည်ငြိမ်အေးဆေးစွာထိုင်လျက် စာအုပ်ဖတ်နေသည်။ စာမျက်နှာတိုင်းရှိ အသိပညာဗဟုသုတများကို အဆက်မပြတ် စုပ်ယူနေ၏။
(အခြေခံအဆင့် included Ordinary)(အဆင်မြင့်အဆင့်Advanced-level)( သခင်အဆင့်Rare level) (မြင့်မြတ်သူအဆင့် Epic level)(ဒဏ္ဍာရီအဆင့် Legendary Level)(ရှေးဘိုးဘေး အဆင့် Mythical level)များအထိ စုစုပေါင်း အဆင့်၆ဆင့်ပါဝင်သည့် သွေးမျိုးဆက် များကို သင်ယူခဲ့သည်။
ထိုအဆင့်တစ်ခုစီကို အဆင့်၉ခုအဖြစ် ထပ်မံခွဲခြားထားသည်။
အထက်တွင်ဖော်ပြခဲ့ပြီးသော အဆင့်များသည် အချို့သော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းအမွေအနှစ်များ၏ ရှေးဟောင်းကျောက်ကမ္ပည်းစာများမှတစ်ဆင့် လူသားများ လေ့လာသိရှိခဲ့ပြီး အသုံးပြုလာခဲ့ကြသည့် ဖြစ်သည်။
ရာစုနှစ်ပေါင်းများစွာ စူးစမ်းလေ့လာ၍ သုတေသနပြုစုပြီးနောက်၌ လူသားများသည် ပို၍စိတ်ပျက်အားလျော့ဖွယ်သောအချက်ကို လေ့လာသိရှိခဲ့ရသည်။
အားနည်းထိခိုက်လွယ်သော အသွေးအသားကြောင့် လူသားများသည် အမြင့်ဆုံးအဖြစ် သာမန်အဆင့်ကိုးဆင့်မြောက်အထိဟူသော ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အကန့်အသတ်ရှိကြသည်။
ပို၍ဆင့်ကဲပြောင်းလဲရန်အတွက်မူ အင်အားကြီးမားသော ထူးခြားဆန်းပြားသောသားရဲကြီးများနှင့် မျိုးရိုးဗီဇပေါင်းစပ်ရန် လိုအပ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းသည် လူသားများကို ရှေ့ပြေးအဆင့်သတ္တဝါများ၊ ရှားပါးအဆင့်သတ္တဝါများ သို့တည်းမဟုတ် မော်ကွန်းတင်အဆင့်သတ္တဝါများနှင့် ယှဉ်နိုင်သည်အထိသော ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုကို ပေးစွမ်းနိုင်သည်။
မော်ကွန်းတင်အဆင့်သတ္တဝါ၏ စွမ်းဆောင်ရည်သည် နျူကလီးယားဗုံးတစ်လုံးကို ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ကြံ့ခံနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ရုပ်ပိုင်းဆိုင်ရာအရ နျူကလီးယားဗုံးကို ကြံ့ကြံ့ခံနိုင်တယ်… ဒါက တကယ်ဖြစ်နိုင်လို့လား?”
လင်းဇီချန်မှာ ယုံကြည်ရန်ခက်ခဲနေတော့သည်။
အခန်း(အခန်း5)
သက်တံသူငယ်တန်းကျောင်း
ကျောင်းဂိတ်တံခါး၌ မရေမတွက်နိုင်သော ကလေးများသည် တံတိုင်းအပြင်ဘက်ရှိ မိဘများကိုကြည့်ေနကြလျက် မျက်နှာသေးသေးလေးများမှာ မျက်ရည်များစိုစွတ်နေကြသည်။ ဤသည်မှာ ကလေးများအတွက် ပထမဆုံးအကြိမ်အဖြစ် မိဘများအနားမှ ခွဲခွာ၍ ထူးဆန်းသည့်နေရာကြီးတွင် တစ်နေ့တာကုန်ဆုံးရခြင်းဖြစ်သည်။
“မေမေ မသွားပါနဲ့ အူဝါးးးး”
ရှန်ချင်းဟန်သည် တံတိုင်းကိုမှီထား၍ မျက်ရည်များစီးကျလျက် မျက်ရည်စိမ်သတ္တဝါလေးကဲ့သို့ ငိုနေလေသည်။ရွှီမုန့်သည် သူမကို နူးညံ့သိမ်မွေ့စွာ ချော့မော့နေ၏။
“ဟန်ဟန် မငိုနဲ့။ နေ့လည်ကျောင်းဆင်းတာနဲ့ မေမေ သမီးကို ပြန်လာခေါ်မယ်လေ”
ရှန်ချင်းဟန်သည် ဆက်လက်ငိုနေမြဲပင်။ရွှီမုန့်မှာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ဘေးရှိ လင်းဇီချန်သို့လှည့်၍ ပြောခဲ့၏။
“ဇီချန် အန်တီ့ကိုကူပြီး ဟန်ဟန့်ကို စောင့်ရှောက်ပေးပါဦး။ အန်တီမုန့် နေ့လည်ကျ အိမ်ပြန်ဖို့လာခေါ်လှည့်မယ်”
“အမ်း ဟုတ်ကဲ့ပါ အန်တီမုန့်”
လင်းဇီချန် ခေါင်းညိတ်ပြောလိုက်သည်။
ထို့နောက် ကျောင်းတံခါးပိတ်သွားခဲ့သည်။မိဘများကို မမြင်ရတော့သောအခါ ကလေးများသည်လည်း အငိုတိတ်သွားတော့သည်။ နောက်ဆုံးတွင်တော့ ပရိသတ်မရှိတော့သောအခါ သရုပ်ဆောင်များသည်လည်း သရုပ်ဆောင်ရန် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားကြသည်ပင်။
ကျောင်း၏ဆရာများ အလုပ်များလာကြသည်။ ကလေးငယ်ငယ်လေးများကို သင်ကြားရသည်ဖြစ်ရာ ဆရာများသည် နူးညံ့သိမ်မွေ့စွာ စကားပြောဆိုကြပြီး ကလေးများ ဆော့ကစားရန်အတွက် ကစားနည်းများကို စီစဉ်ကြသည်။ လင်းဇီချန်၏အတန်းတွင် ခန္ဓာကိုယ်သန်မာသူကို အကဲဖြတ်ရန်အတွက် လက်လွှဲတမ်းအားပြိုင်ခြင်းကစားနည်းကို ကစားကြသည်။
ထိုကစားနည်းသည် စည်းမျဉ်းများ ရိုးရှင်းသောကြောင့် ကလေးများ နားလည်ရန် လွယ်ကူသည်။
အရေးအကြီးဆုံးအချက်မှာ ဤကစားနည်းသည် မျက်နှာချင်းဆိုင်ကစားရသောကြောင့် ကလေးများအချင်းချင်း လျင်မြန်စွာရင်းနှီးစေရန် အထောက်အကူပြုနိုင်ပေသည်။
လင်းဇီချန်သည် လက်လွှဲအားပြိုင်ခြင်းကစားနည်းကို စိတ်မဝင်စားပေ။ ထို့ကြောင့် ထောင့်တစ်ထောင့်ရှာပြီး ခနွာကိုယ်လေ့ကျင့်ခန်းလုပ်ရန် တွေးလိုက်သည်။ သို့သော် ကစားရန်စိတ်အားထက်သန်နေသည့် ရှန်ချင်းဟန်ကိုမြင်သောအခါ အတူလိုက်ကစားပေးခြင်းဖြင့် အဆုံးသတ်သွားခဲ့လေသည်။
အချိန်ခဏကြာ ဆော့ကစားပြီးနောက်တွင် ရှန်ချင်းဟန်သည် ဆော့ကစားသည့်လေထုအခြေအနေတွင် အပြည့်အဝအသားကျသွားခဲ့ပြီး ဆံထုံးချည်ထားသည့်ကလေးမလေးနှင့် စကားပြောရယ်မောနေသည်ကို မြင်သောအခါမှသာ လင်းဇီချန်သည် လူအုပ်ထဲမှ တိတ်တဆိတ်ထွက်လာခဲ့ပြီး ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ရန် နေရာရှာခဲ့သည်။
လင်းဇီချန် ထွက်သွားပြီး မကြာမီ၌ ရှန်ချင်းဟန်သည် သန့်စင်ခန်းသုံးရန်လိုအပ်သည်ဟု ခံစားလာရသောကြောင့် ဆံထုံးချည်ကောင်မလေးနှင့်အတူ လက်တွဲချိတ်၍ သန့်စင်ခန်းသို့သွားခဲ့သည်။ သန့်စင်ခန်းသို့ ရယ်မောပြောဆို၍ ဝင်သွားခဲ့ကြပြီး ပြန်ထွက်လာချိန်တွင်တော့ သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ ခါးသက်သွားခဲ့လေပြီ။
“ဒီလောက်အသက်ကြီးနေပြီကို သေးခံဝတ်နေသေးတယ်။ ရှက်ဖို့ကောင်းလိုက်တာ။ ငါသေးခံဝတ်တဲ့သူနဲ့ မကစားချင်ပါဘူး”
“ငါ ငါမဟုတ်ပါဘူး ငါ မဟုတ်…”
ဆံထုံးချည်ကောင်မလေး၏ သူမအပေါ် စိတ်ပျက်သွားခြင်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှန်ချင်းဟန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။
“အားလုံးပဲ သူနဲ့မကစားကြနဲ့။ သူက ဒီလောက်တောင် အသက်ကြီးနေပြီကို သေးခံဝတ်ထားသေးတာလေ. အရမ်းရှက်ဖို့ကောင်းတာပဲ”
အခြားကောင်မလေးများ ဖြတ်သွားသောအခါတွင်လည်း ဆံထုံးချည်ဖြင့်ကောင်မလေးသည် ရှန်ချင်းဟန်နှင့် မကစားကြရန် ပြော၏။ထိုမြင်ကွင်းကြောင့် ရှန်ချင်းဟန်မှာ ငိုချလုဆဲဆဲဖြစ်လာရသည်။
သူမသည် ကျောင်းတွင် သူငယ်ချင်းအများကြီး ရှာချင်ခဲ့သည်။
ဒါပေမဲ့ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။
ရှန်ချင်းဟန်သည် ဖြစ်ပျက်သမျှအားလုံးသည် သေးခံကြောင့်ဟု ခံစားလိုက်ရပြီး သေးခံကိုချွတ်ရန် သန့်စင်ခန်းထဲသို့ အမြန်ပြေးဝင်သွားခဲ့သည်။သို့သော် ဆံထုံးချည်ကောင်မလေးသည် သူမကို လှောင်ပြောင်နေဆဲပင်။
ဆံထုံးချည်ကောင်မလေးသည် ရှန်ချင်းဟန်ကို ‘သေးခံမင်းသမီးလေး’ဟု နာမည်ပြောင်ပင် ပေးခဲ့သေးသည်။ သူမကို အားလုံးနှင့် အဆက်ဆံမရှိဘဲ တစ်ဦးတည်းသီးသန့်ဖြစ်သွားစေလိုခဲ့သည်။ ကလေးများ၏ သူတစ်ပါးကို အန္တရာယ်ပြုလိုစိတ်သည် အမြဲလိုလို ကျိုးကြောင်းမဆီလျော်ဘဲ ရုတ်တရက်ဆန်ပေသည်။
ရှန်ချင်းဟန်သည် ဆံထုံးချည်ကောင်မလေး၏ အန္တရာယ်ပြုလိုစိတ်ကို ခံစားလိုက်ရပြီးနောက်တွင် သူငယ်တန်းကျောင်းသူဘဝအတွက် မျှော်လင့်ချက်မဲ့သွားခဲ့တော့သည်။ မတရားသည့်ခံစားချက်ဖြင့် မျက်ရည်များကိုသုတ်ပြီးနောက် ရှန်ချင်းဟန်သည် နေရာမှလှည့်ထွက်၍ လင်းဇီချန်ကို ရှာဖွေရန် ပြေးထွက်ခဲ့သည်။
လင်းဇီချန်သာလျှင် သူမ၏သေးစိုတတ်သည့်အကျင့်ကို ဘယ်သောအခါမှ စိတ်ပျက်ခြင်းမရှိသည့် အမြဲတမ်းအတွက် သူမ၏သူငယ်ချင်းဖြစ်လိမ့်မည်ကို နားလည်သွားခဲ့သည်။
…
(အိပ်ထမတင်လုပ်နေပါသည်။
ချီသွေး +၁၊ ဝမ်းဗိုက်ကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)
(squatsထိုင်နေပါသည်။
ချီသွေး+၁၊ ခြေထောက်ကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)
(pull-upsလုပ်နေပါသည်။
ချီသွေး +၁၊ လက်မောင်းကြွက်သားသန်မာမှု +၁၊ နောက်ကျောကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)
(သင့်ရဲ့ သွေးသားအဆင့်သည် သာမန် အဆင့်၂သို့ တိုးမြင့်သွားပါပြီ)
လင်းဇီချန် လေ့ကျင့်ခန်းကို အာရုံစိုက်နေချိန်တွင် လေဟာပြင်ထက်တွင် အသိပေးချက်များ ရုတ်တရက်ထွက်ပေါ်လာသည်။
သူသွေးမျိုးဆက် တက်လှမ်းသွားခဲ့လေပြီ။
လင်းဇီချန် မယုံကြည်နိုင်စွာဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကို အလျင်အမြန်ရပ်တန့်၍ ဇာတ်ကောင်ဇယားကို စစ်ဆေးကြည့်လိုက်သည်။
(နာမည် - လင်းဇီချန်)
(အသက် - ၄နှစ်)
(သွေးမျိုးဆက် - သာမန် အဆင့်၂)
(ဆင့်ကဲတိုးတက်ခြင်း- ‘အသုံးပြုမည်လား အသုံးမပြုရင် ပျက်ပျယ်သွားမည်)
အမှန်တတကယ်ပင် သူ၏သွေးမျိုးဆက်သည် သာမန် အဆင့်၁မှ သာမန် အဆင့်၂သို့ တက်လှမ်းသွားခဲ့လေပြီ။
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် လင်းဇီချန်သည် သူ၏ခန္ဓာကိုယ်၏ အမျိုးမျိုးသောအခြေအနေများကို စစ်ဆေးခဲ့သေးသည်။
လက်တစ်ဖက်တည်းဖြင့် ကီလို၈၀ ဆန်ဘူးကို မ,နိုင်သည်။ရပ်နေရာမှ ၁.၂မီတာအမြင့်သို့ ခုန်နိုင်သည်။
၁၁စက္ကန့်အတွင်း မီတာတစ်ရာ တာတိုပြေးနိုင်သည်။
ထိုမှတ်တမ်းများသည် သူ၏အရင်ဘဝတွင်မူ ကမ္ဘာ့စံချိန်တင်မှတ်တမ်းများဖြင့်ပင် အလွန်ဝေးကွာလွန်းလှသည်ဖြစ်၏။ သို့သော် ခြုံငုံလိုက်ပါလျှင် သာမန်လူများထဲတွင် အကောင်းဆုံးဟူသော အခြေအနေသာ ဖြစ်လေသည်။
သက်ဆိုင်ရာ ကျွမ်းကျင်သူ၏လေ့ကျင့်မှုမရှိဘဲနှင့် မရရှိနိုင်သောအရာပင်။
“အဲ့တော့… သာမန်အဆင့်၂အတွက် စံချိန်က ငါ့ရဲ့အရင်ဘဝက အရွယ်ရောက်ပြီးသူတွေရဲ့ ပျမ်းမျှလုပ်ဆောင်ချက်တွေထဲ အကောင်းဆုံးဖြစ်ဖို့ပေါ့လေ”
လင်းဇီချန် ပထမဆုံးအကြိမ်အဖြစ် သွေးမျိုးဆက်အကြောင်းကို တိကျသည့်နားလည်မှုအသိတစ်ခု ရရှိခဲ့သည်။
သာမန်အဆင့်၂၏ စံချိန်ကိုအခြေခံ၍ သာမန်အဆင့်၃၏ စံချိန်သည် သူ၏အရင်ဘဝ၏ ကမ္ဘာ့စံချိန်များအားလုံးကို ချိုးဖျက်ပစ်ရန် လုံလောက်လိမ့်မည်ဟု လင်းဇီချန် ခန့်မှန်းမိသည်။
ထို့ပြင် ၎င်းသည် ကြီးမားသည့်ပမာဏဖြစ်လောက်ပေမည်။
လင်းဇီချန် အတွေးထဲနစ်မြောနေချိန်တွင် ရှန်ချင်းဟန်၏အသံ နားထဲတိုးဝင်လာသည်။
“ဇီချန်”
“ဇီချန် ငါမေမေ့ကိုလွမ်းတယ်”
“ငါအိမ်ပြန်ချင်တယ်…”
ရှန်ချင်းဟန် လင်းဇီချန်သို့ ပြေးလာ၏။ မျက်လုံးများမှာ မျက်ရည်များရွှဲစိုနေလျက် လင်းဇီချန်အား တိုင်တန်းတော့သည်။လင်းဇီချန် ရှုပ်ထွေးသွားရ၏။ခုနကပဲ သူငယ်ချင်းတစ်ယောက်ရသွားတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး မျက်ရည်လည်ရွဲနဲ့ အိမ်ပြန်ချင်သွားရတာလဲ။
“ဘာဖြစ်ခဲ့လို့လဲ”
လင်းဇီချန် ရှန်ချင်းဟန်၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး နူးညံ့စွာမေးလိုက်သည်။
ရှန်ချင်းဟန်သည် သူမ,ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်တွေးတောသည်တွင် တရှုံ့ရှုံ့ဖြစ်လာပြန်သည်။
လင်းဇီချန် သူမ၏ခေါင်းလေးကို အသာအယာပုတ်လျက် ပြော၏
“အဆင်ပြေပါတယ်။ ငါတို့နှစ်ယောက်ကတော့ အမြဲတမ်းသူငယ်ချင်းကောင်းတွေ ဖြစ်နေမှာပဲလေ”
“အင်း အမြဲတမ်းအတွက် သူငယ်ချင်းကောင်းတွေနော် ကတိ… လက်သန်းချိတ်မယ်… နှစ်တစ်ရာကြာတဲ့အထိ မပြောင်းလဲရဘူး”
ရှန်ချင်းဟန်သည် လင်းဇီချန်၏ လက်သန်းလေးကို လာချိတ်သည်။ မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးရယ်လျက် ငိုကြွေးခြင်းမှသည် ပြုံးရယ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
…
နေ့လည်ခင်းတစ်ရေးအိပ်ချိန်တွင် ဆရာမထောင်ခို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရှန်ချင်းဟန်သည် သူမ၏အိပ်ရာမှ ထွက်လာ၍ ကြောင်ပေါက်လေးကဲ့သို့ ဘေးခန်းရှိ လင်းဇီချန်၏စောင်အောက်သို့ သုတ်သုတ်ပျာပျာ ပြေးဝင်လာသည်။
မနက်ခင်းက ဆံထုံးဖြင့်ကောင်မလေး၏ ဖယ်ကြဉ်ခြင်းခံထားရသောကြောင့် လင်းဇီချန်ကို ပို၍ကပ်တွယ်လာပြီး ယခင်ထက်လည်း လင်းဇီချန်အပေါ် ပို၍မှီခိုလာသည်။
လင်းဇီချန်အတွက်မူ အိပ်ရာအသေးလေးထဲတွင် လူနှစ်ယောက် တိုးဝင်အိပ်ရခြင်းမှာ ပူအိုက်ပြီး သက်သောင့်သက်သာမဖြစ်ဟု ခံစားရလေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ရှန်ချင်းဟန် စိတ်ကျေနပ်စေရန်အတွက် ခွင့်ပြုထားခဲ့သည်။
ခဏအကြာ၌ လင်းဇီချန်လည်း အိပ်ပျော်သွားခဲ့သည်။ အိပ်စက်နေစဥ် ခန္ဓာကိုယ်မှ ပူနွေးနွေးအထိအတွေ့ကို ရုတ်တရက်ခံစားလိုက်ရသည်။ လင်းဇီချန် အမြန်ထ၍ စောင်ကို ဖယ်ကြည့်လိုက်သည်။ ရှန်ချင်းဟန် သေးပေါက်ချလိုက်လေပြီ။ အိပ်ရာခင်းတစ်ခုလုံးလည်း စိုရွှဲသွားလေသည်။
လင်းဇီချန် တွေဝေမိန်းမောသွား၏။
သူ သေးခံဝတ်ထားတယ်မဟုတ်ဘူးလား?
သေးခံက ဘယ်ရောက်သွားတာလဲ?
ဘာလို့ သေးခံက အလုပ်မဖြစ်တာလဲ?
လင်းဇီချန် စိတ်ရှုပ်ထွေးနေတုန်းတွင် ဘေးရှိ အိပ်မပျော်သေးသည့်ကောင်လေးသည် စိုရွှဲနေသည့်အိပ်ရာခင်းကို မြင်သွားပြီး ရုတ်ချည်း လက်ညှိုးညွှန်လျက် အော်ဟစ်တော့သည်။
“သူ သေးပေါက်ချတယ်!”
“ကြည့်ကြစမ်း ဇီချန် သေးပေါက်ချတယ်!”
“ပြီးတော့ ဟန်ဟန်ရောပဲ! ရှက်စရာကြီး!”
“...”
အခြားကလေးများလည်း အော်ဟစ်သံကို ကြားသောအခါ လင်းဇီချန်သို့ ကြည့်လာကြသည်။
သူ၏စိုနေသည့် အိပ်ရာခင်းကိုမြင်သောအခါ စတင်လှောင်ပြောင်ကြတော့သည်။။
“ဒီလောက်အသက်ကြီးနေပြီကို အိပ်ရာပေါ် သေးပေါက်ချနေသေးတယ်။ မင်းတို့နှစ်ယောက်က ဆိုးတဲ့ကလေးတွေပဲ!”
“ငါတို့ မင်းတို့နဲ့ မကစားချင်တော့ဘူး!”
“သေးစိုဘုရင်တွေ! ခုကစပြီး မင်းတို့နှစ်ယောက်ကို သေးစိုဘုရင်တွေလို့ပဲ ခေါ်တော့မယ်!”
“...”
ရှန်ချင်းဟန်သည် ဆူညံသံများကြောင့် နိုးလာခဲ့သည်။ ဘေးပတ်လည်မှ ဖယ်ကြဉ်သည့်စကားသံများ၊ လှောင်ရယ်သံများကို ကြားသောအခါ မျက်လုံးများ နီမြန်းလာပြီး ငိုကြွေးတော့သည်။
“မေမေ သမီး ကျောင်းမတက်ချင်တော့ဘူး။ အိမ်ပြန်ချင်တယ် ဝူးး ဝူး ဝူးး…”
ဖယ်ကြဉ်ခံရသည်မှာ သူတစ်ဦးတည်းဖြစ်လျှင် လင်းဇီချန်သည် ကလေးများနှင့်ပြဿနာကို အရေးတယူလုပ်နေမည် မဟုတ်ပေ။
သို့သော် ရှန်ချင်းဟန် ငိုနေသည်ဖြစ်ရာ သူတစ်ခုခုလုပ်ရန် လိုအပ်သည်ဟု နားလည်လိုက်ပေသည်။
ထို့ကြောင့် အိပ်ရာမှထွက်၍ စားပွဲပေါ်သို့ အားပြင်းပြင်းခုန်ရပ်လိုက်သည်။ အတန်းထဲရှိ ဂျစ်ကန်ကန်ကလေးများကို အထက်မှ ငုံ့ကြည့်လျက် သူ၏အသံမှာ အလွန်တရာ ဩဇာအာဏာရှိလှပေသည်။
“ပါးစပ်ပိတ်ထားစမ်း မင်းတို့တွေ!”
အပိုင်း ၆
စုတ်တံနှင့်ဓားရှည် နှစ်ခုလုံးတွင် ထူးချွန်သည်။
လင်းဇီချန်၏ ‘ပါးစပ်ပိတ်ထားကြ'ဟူသော အော်ဟစ်သံသည် အလွန်ကျယ်လောင်၍ အားမာန်ပါလေရာ ကလေးများ၏ နားစည်ထဲတွင် တဝီဝီမြည်သွား၏။
ကလေးများမှာ အချိန်ခဏမျှ ကြောင်အ,သွားကြသည်။
သူတို့သည် မိမိတို့နှင့်ရွယ်တူကလေးတစ်ဦးမှ တစ်မီတာအမြင့်သို့ ခုန်တက်နိုင်ခြင်းကို မမြင်ဖူးကြသကဲ့သို့ ရွယ်တူကလေးတစ်ယောက်၌ ထိုမျှဩဇာညောင်းသည့် အသံရှိခြင်းကိုလည်း မကြားဖူးကြပေ။ လင်းဇီချန်၏ပုံစံသည် သူတို့အတွက်မူ အိမ်က စိတ်ဆိုးနေသည့်အဖေနှင့် တူနေလေသည်။
လင်းဇီချန်သည် တစ်ခန်းလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ပို၍ဩဇာကြီးမားသောအသံဖြင့် သတိပေးလိုက်သည်။
“မင်းတို့ သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး သေးစိုဘုရင်မလို့ ခေါ်ရဲရင်၊ ဟန်ဟန့်ကို အနိုင်ကျင့်ရဲရင် မင်းတို့အကုန်လုံး ညတိုင်း အိပ်ရာသေးစိုရအောင် လုပ်ပစ်မယ်!”
“သိပြီလား!!!”
နောက်ဆုံးစကားတွင် လင်းဇီချန် တမင်ရည်ရွယ်၍ အသံကို အနည်းငယ်မြှင့်ပြောလိုက်သည်။
ထိုမျှ အနည်းငယ်မျှအသံမြှင့်လိုက်ခြင်းသည်ပင် ကုလားအုတ်၏နောက်ကျောကို ချိုးပစ်သည့် နောက်ဆုံးသောကောက်ရိုးမျှင်ကဲ့သို့ ကလေးများကို ငိုသွားစေခဲ့သည်။
“အူဝါးး ဖေဖေရေ ကြောက်တယ်လို့!”
“မေမေရေ ဝါးးး…”
“မေမေရေ ဖေဖေရေ ကျောင်းတက်တာ ပျော်ဖို့မကောင်းဘူး။ အိမ်ပြန်ချင်တယ် ဝါးးး..”
ကလေးများထဲတွင် ဆံထုံးချည်ဖြင့်ကောင်မလေးသည် အငိုအသန်ဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လင်းဇီချန်၏ သတိပေးစကားသည် သူမကို တိတိကျကျ လုံးဝညွှန်ပြနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ခဏအကြာ၌ အခန်းတွင်း ဆူညံပွက်လောရိုက်နေမှုသည် ဆရာများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ?”
“လိမ္မာတယ် ဘယ်သူမှ မငိုကြနဲ့တော့နော်”
“ဇီချန် သားဘာလို့ စားပွဲပေါ်မှာ ရပ်နေတာလဲ? အဲဒါအန္တရာယ်များတယ်။ ခုချက်ချင်းဆင်းလာခဲ့”
“...”
လင်းဇီချန် အခန်းထဲဝင်လာသည့် ဆရာများကို ဂရုမစိုက်ပေ။ သူ၏အာရုံအလုံးစုံသည် လေဟာပြင်တွင် ထွက်ပေါ်လာသည့် စကားလုံးများထံ၌သာ ကျရောက်နေခဲ့သည်။
(လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဩဇာတိက္ကမကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ အခန်းထဲက ကလေးတွေကို အကြောက်တရားစိမ့်ဝင်စေခဲ့ပါပြီ။ ‘သူငယ်တန်းကျောင်းကလေးဘုရင်’ဂုဏ်ပုဒ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ)
(အောင်မြင်မှု - ပညာသင်နှစ်၉နှစ်ကို ကြီးစိုးရန်)
(ဆုလာဘ် - 'ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’)
(ဂုဏ်ပုဒ်များ - သူငယ်တန်းကျောင်း ကလေးဘုရင် (ဖွင့်ပြီး)၊ မူလတန်းကျောင်းခေါင်းဆောင် (မပွင့်သေး)၊ ဂျူနီယာအထက်တန်းရဲ့အာဏာရှင် (မပွင့်သေး))
နောက်ထပ် အောင်မြင်မှုမစ်ရှင် ပေါ်လာပြန်ပြီလား?
လင်းဇီချန် အနည်းငယ်အံ့အားသင့်သွား၏။ အရင်ပေးထားသည့် စာဖတ်ခြင်းအောင်မြင်မှုမစ်ရှင်ကိုပင် မပြီးမြောက်သေးပေ။ သို့သော် မမျှော်လင့်စွာဖြင့် အောင်မြင်မှုမစ်ရှင်နောက်တစ်ခု ထွက်ပေါ်လာပြန်သည်။
ကြည့်ရသည်မှာ တစ်ချိန်တည်း၌ အောင်မြင်မှုမစ်ရှင်အဆင့်ဆင့် တည်ရှိနိုင်ပုံရ၏။
ဒါသတင်းကောင်းပဲ။
ထိုအတွေးနှင့်အတူ အခန်းတွင်းဖြစ်နေသည့် အခြေအနေနှင့် မလိုက်ဖက်စွာ လင်းဇီချန် ပြုံးလိုက်သည်။
…
နောက်တစ်နေ့တွင် ကျောင်းသည် အတန်းထဲမှ ကလေးမိဘများထံမှ တိုင်ကြားမှုများစွာကို လက်ခံရရှိခဲ့သည်။
ထိုမိဘများသည် ယမန်နေ့အဖြစ်အပျက်ကို သူတို့၏ကလေးများထံမှ ကြားသိခဲ့ပြီးနောက် ကျောင်းမှ ရှင်းပြချက်ပေးရန် တောင်းဆိုကြလေသည်။
ကျောင်းသည်လည်း ရွေးချယ်စရာမရှိတော့သဖြင့် ထိုအဖြစ်အပျက်အတွက် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာမိဘများကို ဖိတ်ခေါ်ရတော့သည်။ တိုင်ကြားထားသည့် မိဘများသည် လင်းဇီချန်၏အပြစ်ဟု တွေးကြကာ လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့အား ဒေါသဖော်ထုတ်ကြသည်။
ရှန်ချင်းဟန်၏ မိဘများဖြစ်ကြသော ရှန်ကျန်းယယ့်နှင့် ရွှီမုန့်တို့သည် ၎င်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိဟု တွေးကြသည်။ ရှန်ချင်းဟန်၏မိဘများသည် သူတို့၏သမီးဖြစ်သူမှာ အနိုင်ကျင့်ခံရသူဖြစ်ပြီး လင်းဇီချန်သည် သူတို့၏သမီးလေးအတွက် ရှေ့ထွက်ရပ်တည်ပေးခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်ရာ လင်းဇီချန် အမှားမလုပ်ခဲ့ပေ။
ထို့ကြောင့် နှစ်ဦးသည် မကျေနပ်ကြောင်း ပြောဆိုတိုင်တန်းနေသည့်မိဘများကို အပြင်းအထန် ပြန်လည်ချေပကြသည်။ ရှန်ချင်းဟန်၏မိဘများသည် ဆရာများဖြစ်ကြရာ ရှင်းရှင်းလင်းလင်း၊ ကျိုးကြောင်းဆီလျော်စွာ ပြောဆိုနိုင်ကြသည်။
ကျောင်းအုပ်မှ ရှေ့ထွက်ပြောလာသည့်အချိန်မှသာ ဆွေးနွေးခြင်းမှာ ရပ်တန့်သွားခဲ့သည်။
အဖြစ်အပျက်တစ်ခုလုံးသည် အထင်လွဲမှားခြင်းသာဖြစ်၍ မည်သူ၏အမှားမှ မဟုတ်ပါဟု ပြောလာခြင်းဖြင့် ပြဿနာမှာ ယာယီရပ်တန့်သွားခဲ့သည်။
ကလေးများအတွက် အကောင်းဆုံးဖြစ်မည့်အရာကို တွေးတောပြီးနောက် နောက်တစ်နေ့တွင် ကျောင်းအုပ်သည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို အခြားအခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
အခန်းအသစ်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်၏ကာကွယ်မှုဖြင့် အခြားကလေးများ၏ ဖယ်ကြဉ်ခြင်းမခံရတော့ဘဲ သူငယ်ချင်းအသစ်များပင် ရနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုသူငယ်ချင်းများသည် သာမန်သူငယ်ချင်းများသာ ဖြစ်ကြသည်။ ရှန်ချင်းဟန် အစစ်အမှန်သူငယ်ချင်းအဖြစ် အသိအမှတ်ပြုသူမှာ လင်းဇီချန်တစ်ဦးတည်းသာ ဖြစ်ပေသည်။
…
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ နှစ်ဝက်ကာလ ကုန်ဆုံးသွားခဲ့သည်။ ထိုနေ့ညတွင် လင်းဇီချန်သည် ရေချိုးသန့်စင်ပြီးနောက် အခန်းထဲတွင် စာဖတ်နေခဲ့သည်။ ခဏအကြာ၌ လေဟာပြင်တွင် အသိပေးစာများ ထွက်ပေါ်လာ၏။
(စာလုံးရေသန်းတစ်ရာစာဖတ်ခြင်းမစ်ရှင်ကို ပြီးမြောက်သွားပါပြီ)
(ရရှိသည့် ဆုလာဒ် - 'နတ်ဘုရားဉာဏ်ပညာ’)
(နတ်ဘုရားဉာဏ်ပညာ - ခရေစေ့တွင်းကျ မှတ်မိနိုင်သောဉာဏ်၊ လူသားမျိုးနွယ်၏ အထွတ်အထိပ်သို့ရောက်ရှိသည့် သင်ယူနိုင်စွမ်းရည်)
အသိပေးစာများကို ဖတ်ပြီးနောက်တွင် လင်းဇီချန်သည် မဖတ်ရသေးသည့် စာမျက်နှာတစ်ခုကိုလှန်၍ စာရွက်ပါအကြောင်းအရာကို ခပ်သော့သော့ဖတ်လိုက်သည်။ ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် စာအုပ်ကိုပိတ်၍ မှတ်ဉာဏ်ထဲမှ စာတစ်မျက်နှာကို အလွတ်ရွတ်ဆိုရန် ကြိုးပမ်းကြည့်သည်။
ထို့နောက်တွင် စာလုံးတိုင်းကို မှားယွင်းမှုမရှိ အလွတ်ရွတ်ဆိုနိုင်သည်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ရှာဖွေတွေ့ရှိခဲ့လေသည်။ သူတကယ်ကြီး ခရေစေ့တွင်းကျ မှတ်မိနိုင်သည့်မှတ်ဉာဏ်ကို ပိုင်ဆိုင်ခဲ့လေပြီ။
ညတာသည် နက်ရှိုင်းလာခဲ့သည်။
သူ၏မိဘများ အိပ်ခန်းထဲသို့ အသီးသီးဝင်သွားကြပြီးနောက်တွင် လင်းဇီချန်သည် အိပ်ရာထဲမှ ခိုးထွက်လာခဲ့ပြီး မိဘများ၏အလုပ်ခန်းထဲသို့ ခိုးဝင်ခဲ့သည်။ ထို့နောက် အလုပ်ကွန်ပျူတာကို ဖွင့်ကြည့်ရာ ကြည့်ရှုရန်ကူးယူထားသည်များထဲမှ အထက်တန်းသင်္ချာဗွီဒီယိုတစ်ခုကို ရှာတွေ့ခဲ့သည်။
သူ၏အရင်ဘဝ၏ အထက်တန်းကျောင်းသားဘဝတွင် ဆင့်ပွားဂုဏ်သတ္တိသင်္ချာ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ‘’နတ်ဘုရားဉာဏ်ပညာ’၏ အကျိုးသက်ရောက်မှုကို ဆင့်ပွားဂုဏ်သတ္တိသင်္ချာဖြင့် စမ်းသပ်ကြည့်ပေမည်။
(သင်္ချာဘာသာရပ်ကို လေ့လာနေပါတယ်
စိတ်ပါဝင်စားမှု +၁၊ လောဂျစ်ကျကျတွေးခေါ်နိုင်မှု +၁၊ တွက်ချက်မှုစွမ်းရည် +၁၊…)
မှိန်ဖျော့ဖျော့အလင်းရောင်ဖြင့် အခန်းထဲတွင် ကွန်ပျူတာထံမှ အလင်းသည် လင်းဇီချန်၏မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်နေလေရာ တစ်နည်းတစ်ဖုံ လျှို့ဝှက်သိုသိပ်ဟန်သော အသွင်အပြင်ဖြစ်စေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်တွင် ဗွီဒီယိုပြီးဆုံးသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်းဇီချန်သည် သူ၏ကိုယ်ထဲသို့ ဉာဏ်အလင်းစွမ်းအင်များ သွန်းလောင်းချလိုက်သည်ကဲ့သို့ ဆင့်ပွားဂုဏ်သတ္တိသင်္ချာကို နားလည်သွားခဲ့သည်။
လွန်ခဲ့သည့်လ၏ ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းများကို ချက်ချင်းရှာဖွေ၍ ဆင့်ပွားဂုဏ်သတ္တိနှင့်ဆက်နွယ်သည့် သင်္ချာပုစ္ဆာများကို ဖြေရှင်းကြည့်ခဲ့ရာ လွယ်ကူစွာပင် အဖြေရှာနိုင်ခဲ့သည်။
သူ၏အရင်ဘဝ၏ စီနီယာအထက်တန်းနှစ်များတွင် သူမည်မျှကြိုးစားသည်ဖြစ်စေ ဆင့်ပွားဂုဏ်သတ္တိသင်္ချာပုစ္ဆာများကို မဖြေရှင်းနိုင်ခဲ့ချေ။ သို့သော် လက်ရှိဘဝတွင်တော့ သူငယ်တန်းကျောင်းသားဘဝဖြင့် ထိုပုစ္ဆာများကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့လေသည်။
ဒါက လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ သင်ယူနိုင်စွမ်းရည်ဆိုတာလား။
အရမ်းမိုက်တာပဲ!
အခုကစပြီး ငါက စာပေပညာနဲ့ ကိုယ်ခံပညာနှစ်ခုလုံးမှာ ပါရမီရှင်ပဲကွ!
လင်းဇီချန် အနည်းငယ် စိတ်လှုပ်ရှားတက်ကြွသွားခဲ့သည်။
…
နောက်တစ်နေ့မနက်တွင် လင်းဇီချန်သည် သူ၏ အပတ်စဉ်ဉာဏ်ပညာတိုးတက်မှုအတန်းအတွက် ကျောင်းသို့ ရောက်လာခဲ့သည်။ ထိုအတန်း၏ဆရာမသည် အထက်တန်းကျောင်း အောင်မြင်ပြီးသည်မှာ မကြာမြင့်သေးသည့် အလွန်ငယ်ရွယ်သည့် အသွင်အပြင်ရှိသည့် နူးညံ့သည့် မမလေးတစ်ယောက်ကဲ့သို့သော မိန်းကလေးတစ်ဦးဖြစ်သည်။ အားလုံးသည် သူမကို ‘စတော်ဘယ်ရီဆရာမလေး'ဟု ခေါ်ကြသည်။
အတန်းထဲ၌ စတော်ဘယ်ရီဆရာမလေးသည် ကလေးများကို မေးခွန်းတစ်ခုပေးသည်။
– ဆရာမက မင်းတို့ကို ယွမ်၁၀၀ပေးပြီး တစ်တန်းလုံးကိုဖြည့်နိုင်မယ့် တစ်ခုခုဝယ်လာခဲ့ဖို့ပြောမယ်ဆိုရင် မင်းတို့ ဘာဝယ်ကြမလဲ?
“ချောကလက်ဝယ်မယ်။ ဘာလို့ဆို ချောကလက်က စားကောင်းတယ်လေ”
“ဒါဆို ကျွန်တော်က ရေခဲမုန့်ဝယ်မယ်။ ကျွန်တော့်အထင် ရေခဲမုန့်က ချောကလက်ထက် ပိုစားကောင်းတယ်”
“အဖေက 4070ti ဂရပ်ဖစ်ကတ်ကို ကြိုက်တယ်။ အိပ်မက်ထဲမှာတောင် 4070ti အကြောင်းကိုပြောနေတာ။ အဲဒါကြောင့် အဖေ့အတွက် ဂရပ်ဖစ်ကတ်တွေ ဝယ်ချင်တယ်”
ကလေးများသည် စိတ်အားထက်သန်စွာဖြေကြသည်။
ကံမကောင်းစွာဖြင့် သူတို့တစ်ဦးမှ အဓိကသော့ချက်ကို မဆုပ်ကိုင်မိကြပေ။ မေးခွန်းကို ရှင်းရှင်းလင်းလင်း နားမလည်ကြ။
“တခြားအဖြေရှိသေးလား? အဖြေမှန်အတွက် ဆုရှိတယ်နော်”
စတော်ဘယ်ရီဆရာမလေးသည် အခန်းတစ်ခွင်ကို ဝေ့ဝဲကြည့်လျက် ထပ်မံမေးမြန်းသည်။ သို့သော် မည်သည့်ကလေးမျှ မဖြေကြတော့ပေ။ စတော်ဘယ်ရီဆရာမလေးလည်း နောက်ဆုံးတော့ အဖြေကို ပြောပြရတော့သည်။
“ဆရာမတို့ ဖယောင်းတိုင်ဝယ်လို့ရတယ်။ ဖယောင်းတိုင်တွေ လင်းနေသ၍ သူတို့ရဲ့ မီးတောက်တွေက တစ်ခန်းလုံးကို လင်းထိန်နေစေမှာလေ”
ရှန်ချင်းဟန်မှ ငြီးတွား၏။
“သမီးတကယ် စတော်ဘယ်ရီဆရာမလေးရဲ့ ဆုကို ရချင်ပါတယ်။ ဒါပေမဲ့ သမီးက အဖြေသိဖို့အတွက် အရမ်းတုံးအလွန်းနေတယ်…”
ကလေးမလေး၏ ငြီးတွားသံကိုကြားသောအခါ လင်းဇီချန် မတ်တပ်ထရပ်လိုက်ပြီး စတော်ဘယ်ရီဆရာမလေးကိုကြည့်၍ ပြောလိုက်သည်။
“စတော်ဘယ်ရီဆရာမလေး ကျွန်တော်တော့ ဖယောင်းတိုင်တွေက အလုပ်ဖြစ်မယ်မထင်ဘူး”
“အို?”
စတော်ဘယ်ရီဆရာမလေး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ စံသတ်မှတ်ချက်အဖြေအား ငြင်းဆန်ထောက်ပြသည့်ကလေး ရှိလာမည်ဟု သူမ,မျှော်လင့်မထားခဲ့ပေ။
စူးစမ်းသိချင်စိတ်ဖြင့် သူမသည် ပြုံးလိုက်ပြီး လင်းဇီချန်ကို မေးသည်။
“ဇီချန် ဘာလို့ ဖယောင်းတွေက အလုပ်မဖြစ်ဘူးလို့ထင်တာလဲ?”
လင်းဇီချန် ပြန်ဖြေသည်။
“ဘာလို့ဆို အတန်းထဲမှာ စားပွဲခုံတွေ၊ ထိုင်ခုံတွေနဲ့ တခြားပစ္စည်းတွေအများကြီး အစုံရှိနေတာမလို့ပါ။ ဖယောင်းတိုင်အလင်းရောင်နဲ့ဆို ဒီပစ္စည်းတွေအားလုံးက အရိပ်တွေထွက်လာကြမှာလေ”
ထိုအဖြေကိုကြားသောအခါ စတော်ဘယ်ရီဆရာမလေး၏မျက်လုံးများ တောက်ပသွား၏။
လင်းဇီချန်၏အဖြေသည် အနည်းငယ် ကပ်သီးကပ်သပ်နိုင်သည်ဟု ထင်နိုင်သော်ငြား သူမသည် ဤသို့စဉ်းစားတွေးခေါ်မှုနက်နဲသည့် ကလေးများကို သဘောကျပေသည်။
“ဒါဆို ဇီချန်က အခန်းတစ်ခန်းလုံးကို ဘယ်ဟာက ဖြည့်ပေးနိုင်မယ်ထင်လဲ”
စတော်ဘယ်ရီဆရာမလေးသည် လုပ်ရိုးလုပ်စဉ်အရသာ မေးမြန်းလိုက်ခြင်းဖြစ်ပြီး အဖြေပြန်ရရန် မျှော်လင့်မထားပေ။
သူမကိုယ်တိုင်ပင်လျှင် ယခုချက်ချင်း ဖယောင်းတိုင်ထက် ပိုမိုကောင်းမွန်သည့်အဖြေကို စဉ်းစားမရပါချေ။
သို့သော် လင်းဇီချန်၏အဖြေသည် သူမကို မိန်းမောတွေဝေသွားစေခဲ့သည်။
“ကျွန်တော် ယွမ်၁၀၀နဲ့ စတော်ဘယ်ရီဆရာမလေးအတွက် ဝတ်စုံလေးဝယ်ပေးမယ်။ အဲဒါဆို စတော်ဘယ်ရီဆရာမလေးရဲ့ ဝတ်စုံလေးရတဲ့အတွက် ပျော်ရွှင်မှုက တစ်ခန်းလုံးမှာ ပြည့်နှက်သွားပါလိမ့်မယ်”
“သား သားက ဆရာမကို ဝတ်စုံဝယ်ပေးချင်လို့လား”
စတော်ဘယ်ရီဆရာမလေး၏မျက်လုံးအစုံမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားလေသည်။
အဖြေသည် အလွန်ပြီးပြည့်စုံလွန်း၏။
၄နှစ်ကလေးတစ်ယောက်က ဒီလိုမျိုးစဉ်းစားမိနိုင်တယ်လား။
ငါအိပ်မက်,မက်နေတာများလား။
စတော်ဘယ်ရီဆရာမလေးသည် သူမမှာ အမှန်တကယ် ဝတ်စုံတစ်စုံ လက်ခံရခဲ့သည်ကဲ့သို့ လင်းဇီချန်၏ ဆွဲဆောင်နိုင်သည့်အရည်အချင်းအောက်၌ ကျရှုံးသွားရသည်။
အတန်းပြီးနောက်တွင် စတော်ဘယ်ရီဆရာမလေးသည် လင်းဇီချန်ကို ရုံးခန်းသို့ခေါ်ဆောင်သွားပြီး ပဟေဠိအရုပ်သေတ္တာကို ကမ်းပေး၍ ချိုသာသည့်အပြုံးလေးဖြင့် ပြောသည်။
“ဇီချန် စတော်ဘယ်ရီဆရာမလေးက အတန်းထဲမှာတုန်းက သားရဲ့အဖြေကို အရမ်းသဘောကျတယ်။ ဆုအနေနဲ့ ဒီပဟေဠိအရုပ်ကို သားကိုပေးမယ်။ သားလေး ဒီထက်ပိုပြီး ဉာဏ်ကောင်းလာဖို့ စတော်ဘယ်ရီဆရာမလေး မျှော်လင့်ပါတယ်”
“ကျေးဇူးတင်ပါတယ် စတော်ဘယ်ရီဆရာမလေး”
လင်းဇီချန် စိတ်ပါဝင်စားခြင်းမရှိစွာဖြင့် လက်ဆောင်ကို လက်ခံလိုက်သည်။
ဆုလာဒ် အနေနဲ့ 'နတ်ဘုရားဉာဏ်ပညာ'ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဉာဏ်ပညာတိုးတက်ရန်အတွက် ပဟေဠိအရုပ်သေတ္တာကို မလိုအပ်ပေ။
လက်ဆောင်သည် သူ့အတွက် အသုံးမဝင်ပေ။
ထို့ကြောင့် အတန်းထဲသို့ပြန်ရောက်သည်နှင့် ပဟေဠိအရုပ်သေတ္တာကို ရှန်ချင်းဟန်ကို ပေးလိုက်သည်။
လက်ဆောင်ရရှိသောကြောင့် ရှန်ချင်းဟန် အလွန်ပျော်ရွှင်သွား၏။ ပဟေဠိအရုပ်သေတ္တာကို ပွေ့ပိုက်ထားပြီး မလွှတ်တော့ပေ။ သူမ၏မျက်လုံးများတွင်လည်း သူမ၏ဇီချန်ဖြင့်သာ ပြည့်နှက်နေတော့သည်။