← Chapters

အပိုင်း ၁၀-၁၂

Vol. 1 Ch. 10-12

အပိုင်း ၁၀-၁၂

Vol. 1 Ch. 10-12

အပိုင်း ၁၀

တောက်ပသောအလင်း

“ရှောင်ချန် ရှောင်ချန် ရှောင်ချန်!”

“အဲဒီ့ကောင်းကင်က စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေကို မြင်လိုက်လား”

“အဖွဲ့လိုက်ကြီး ပျံတက်သွားကြတာလေ အရမ်းအံ့ဩဖို့ကောင်းတာပဲ”

လင်းဇီချန်သည် ပြတင်းပေါက်၌ ကောင်းကင်သို့ ငေး‌ကြည့်နေစဉ်တွင် အပြင်ဘက်မှ ရှန်ချင်းဟန်၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။ ကလေးမလေး၏အသံသည် စိတ်လှုပ်ရှားနေသည်မှာ သူ၏အရင်ဘဝ၏ တောရွာများမှ ကလေးများ လေယျာဉ်ပျံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြချိန် စိတ်လှုပ်ရှားကြသည့်အတိုင်းပင်။

“ရှောင်ချန် ဟန်ဟန် လာတွေ့တယ် တံခါးသွားဖွင့်လေ”

ကျန်းဝမ်ရှင်းသည် သူမ၏ရှေ့ရှိ လင်းဇီချန်ကိုငုံ့ကြည့်၍ တိုက်တွန်းလိုက်သည်။ လင်းဇီချန် ပြတင်းပေါက်မှ အမြန်ထွက်လာ၍ အပြင်ဘက်ရှိ ရှန်ချင်းဟန်ကို တံခါးဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ရေချိုးပြီးခါစ ရှန်ချင်းဟန်သည် ပန်းနုရောင်ညအိပ်ဝတ်စုံဖြင့် ဆံပင်များမှာ အနည်းငယ်စိုစွတ်နေကာ အလွန်တရာ သက်ဝင်တက်ကြွနေသည့်ပုံစံကို မြင်တွေ့လိုက်ရသည်။

လင်းဇီချန် ရှန်ချင်းဟန်ကို ပြောသည်။

“အဲဒါကို နင်TVမှာ မမြင်ဖူးတာလည်း မဟုတ်ဘူး။ တကယ် အဲ့လောက်ကြီး စိတ်လှုပ်ရှားနေဖို့ လိုလို့လား”

ရှန်ချင်းဟန်သည် တောက်ပသောအပြုံးဖြင့် အခန်းထဲသို့ ခုန်ဝင်လာသည်။

“မတူဘူးလေ နင်သိပါတယ်၊ TVမှာမြင်ရတာက ကိုယ်တိုင်မျက်မြင်တွေ့ရတာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ”

လင်းဇီချန် စကားမဆိုဘဲ တံခါးပိတ်လိုက်သည်။

အခန်းထဲတွင် ထိုင်ချ‌လိုက်ပြီးနောက်တွင် ရှန်ချင်းဟန်၏ ရေတစက်စက်ကျနေသော ဆံပင်များကို သတိထားမိလိုက်သည်။ ထို့ကြောင့် ဆံပင်အခြောက်ခံစက်ကို ရှာဖွေပြီး ပြောလိုက်သည်။

“နင့်ဆံပင်က အရမ်းစိုရွှဲနေတယ်။ ဒီကိုလာ ငါနင့်ကို အခြောက်ခံပေးမယ်”

ရှန်ချင်းဟန်သည် နာခံစွာထိုင်၍ လင်းဇီချန် ဆံပင်အခြောက်ခံပေးသည်ကို ငြိမ်နေသည်။cဆံပင်အခြောက်ခံနေစဉ်တွင် သူမ၏ ရှည်သွယ်ဖြောင့်တန်းသော ခြေတိုင်ကို အဆက်မပြတ်လွှဲယမ်းနေသည်မှာ အတော်လေး အာရုံရှုပ်ဖွယ်ကောင်းလေသည်။

သူတို့ဘေးတွင် ထိုင်နေသည့် ကျန်းဝမ်ရှင်းမှာ ရှန်ချင်းဟန်၏ပုံစံလေးကို အလွန်တရာချစ်မြတ်နိုးမိလေရာ မျက်နှာထက်တွင် မိခင်၏မေတ္တာအပြုံးရိပ် ထင်ဟပ်လာလေသည်။

“ရွှီမုန့်ရဲ့သမီးလေးက အရမ်းလှတာပဲ။ ကျောင်းမှာ သမီးလေးကို သဘောကျတဲ့ကောင်လေးတွေ အများကြီးရှိမှာပဲ”

“ငါတို့လည်း ဘာလို့ သမီးတစ်ယောက်လောက် မယူကြတာလဲ”

လင်းယန်ရှန်းမှ တစ်ခစ်ခစ်ရယ်မောလျက် စနောက်သည်။ ကျန်းဝမ်ရှင်းသည် လင်းယန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးပြော၏။

“ဟန်ဟန်ရှိနေပြီပဲကို ဘာလို့နောက်တစ်ယောက် ယူနေတော့မှာလဲ? ဟန်ဟန့်ကိုပဲ ကိုယ့်သမီးလေးလို ဆက်ဆံကြတာပေါ့ ဟုတ်တယ်မလား”

ထိုစဉ် ‌ဆံပင်‌အခြောက်ခံပြီးသောအခါ ရှန်ချင်းဟန်သည် လင်းဇီချန်သို့လှည့်၍ ပါးတစ်ဖက်ကိုလက်ထောက်ကာ ခေါင်းတစ်ဖက်စောင်း၍ သူမ၏ တောက်ပ‌သော သမင်မျက်လုံးများဖြင့် ကြည့်လာလေသည်။

“ရှောင်ချန် ငါနားမလည်တဲ့ သင်္ချာအိမ်စာမေးခွန်းနည်းနည်းရှိတယ်။ ပြီးရင် နင်ငါ့ကို သင်ပေးနိုင်မလား”

“ရတယ်လေ”

လင်းဇီချန် တုံ့ဆိုင်းခြင်းမရှိ ဖြေသည်။ ထို့နောက်တွင်‌တော့ နှစ်ဦးသားသည် သင်္ချာအိမ်စာလုပ်ရင်းဖြင့် အလုပ်ရှုပ်နေတော့သည်။

တစ်ယောက်က သင်ပေးပြီး တစ်ယောက်က သင်ယူရင်းဖြင့်..။ ရှန်ချင်းဟန်သည် အတော်လေးဉာဏ်ကောင်း၏။ ပုစ္ဆာအများစုကို နည်းနည်းမျှရှင်းပြရုံဖြင့် နားလည်နိုင်သည်။ ခဏအကြာ၌ ခက်ခဲသည့်ပုစ္ဆာအားလုံးကို ဖြေရှင်းပြီးခဲ့သည်။

အိမ်စာလုပ်ပြီးသောအခါ ရှန်ချင်းဟန်သည် ပေါ့ပေါ့ပါးပါးပင် လင်းဇီချန်၏အိပ်ရာပေါ် လှဲချလိုက်သည်။ လက်ချောင်းများကို ဆော့ကစားရင်းဖြင့် လင်းဇီချန်နှင့် ပျင်းရိပျင်းတွဲ စကားပြောနေသည်။ လင်းဇီချန်သည် တစ်ဖက်ဘေးတွင် အိပ်ထမတင်လုပ်နေသောကြောင့် သူမ၏စကားများကို စိတ်မပါ့တပါဖြင့်သာ တုံ့ပြန်နိုင်သည်။

ခဏကြာပြီးနောက်တွင် အိပ်ရာဝင်ချိန်ရောက်လုနီးပြီဖြစ်၏။ ရှန်ချင်းဟန် သမ်းဝေလိုက်သည်။

“ရှောင်ချန် ငါအရမ်းအိပ်ချင်နေပြီ။ အိမ်ပြန်အိပ်ဖို့ အိပ်ရာကနေ မထချင်တော့ဘူး။ ငါဒီနေ့ည ဒီမှာနေပြီးပဲ အိပ်လိုက်တော့မယ်”

“ရတယ်လေ”

“အဲဒါဆို ငါ့အမေကို သွားပြောပေးဦး။ ငါဖုန်းဆက်ဖို့လည်း အိပ်ရာထဲက မထချင်ဘူး”

“ကောင်းပြီ”

ထို့နောက် လင်းဇီချန်သည် အိပ်ရာမှထ၍ ကျန်းဝမ်ရှင်းအား ရှန်လင်းဟန် ဒီနေ့ညအိပ်မည်ကို အသိပေး၍ ရွှီမုန့်သို့ဖုန်းခေါ်‌ေပးရန် ပြောခဲ့သည်။ ရွှီမုန့်လည်း သဘောတူညီခဲ့ပြီး နောက်နေ့အတွက် ရှန်ချင်းဟန်၏ ကျောင်းဝတ်စုံများ၊ ဖိနပ်၊ မုန့်များနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်များကို ယူလာပို့ပေးသည်။

ထိုပစ္စည်းများကို လင်းဇီချန်သည် အခန်းထဲသို့ သယ်လာခဲ့ပြီး ရှန်ချင်းဟန် မနက်ပြင်ဆင်ရာ၌ လွယ်ကူစေရန် စီစဉ်ထားလိုက်သည်။

“ဒီကောင်မလေးက တကယ် အိပ်ပျော်တာမြန်တာပဲ”

အိပ်ရာ‌ထက်တွင် ခြေပစ်လက်ပစ်လဲလျောင်း၍ အိပ်မောကျနေသည့် ရှန်ချင်းဟန်၏ ချိုမြိန်အေးချမ်းသော မျက်နှာလေးကိုကြည့်၍ လင်းဇီချန် ပြုံးလိုက်သည်။ တစ်ရှူးတစ်ရွက်ယူ၍ ပါးစပ်ထောင့်မှ သွားရည်များကို ညင်သာစွာသုတ်ပေး၏။

ထို့နောက် မီးပိတ်၍ အိပ်ရာဝင်ခဲ့သည်။ ညလယ်ခေါင်ကြီးတွင် တခြားတစ်ယောက်၏ စောင်ကိုလုယူ၍ တစ်ယောက်အား အေးခဲစေခြင်းမှ ကာကွယ်ရန်အတွက် စောင်နှင့်ခေါင်းအုံးတို့ကို တစ်ယောက်တစ်ထည်‌ ပေးထားခဲ့သည်။

…

နောက်တစ်နေ့တွင် လင်းဇီချန်‌ စောစီးစွာ နိုးလာသည်။ အပြင်ဘက်တွင် မှောင်မဲနေဆဲဖြစ်၏။ အိပ်ရာ‌ဘေးစားပွဲပေါ်ရှိ နှိုးစက်နာရီလက်တံသည် ၅နာရီကို ညွှန်ပြနေသည်။ မနက်၅နာရီ၌ အစဉ်အမြဲ နိုးထလာခြင်းသည် သူ၏ဇီဝနာရီဖြစ်၏။ မနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အသားကျနေခဲ့လေပြီ။ မနက်စောစောထ၍ သွေးပူလေ့ကျင့်ခန်းအနေဖြင့် အခေါက်ရာချီမျှ ဒိုက်မထိုးရလျှင် တစ်နေ့တာလုံး နုံးချိနေတတ်၏။

(ဒိုက်ထိုးနေပါသည်။

ချီသွေး +၁၊ လက်မောင်းကြွက်သားသန်မာမှု +၁၊ ရင်ဘတ်ကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)

(squatsလုပ်နေပါသည်။

ချီသွေး +၁၊ ခြေထောက်ကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)

(အိပ်ထမတင်လုပ်နေပါသည်။

ချီသွေး +၁၊ ဝမ်းဗိုက်ကြွက်သားသန်မာမှု +၁၊ ကျွမ်းကျင်မှု +၁)

အပြင်းအထန်လေ့ကျင့်မှု တစ်ချီပြီးနောက်၌ လင်းဇီချန် ကိုယ်လက်ဆေးကြောရန် အောက်ထပ်သို့ဆင်းသွားခဲ့သည်။ သန့်စင်ခန်းမှန်ရှေ့တွင်ရပ်၍ လွန်ခဲ့သည့်နှစ်များအတွင်း လုပ်ဆောင်ခဲ့သည့် လေ့ကျင့်ခန်းရလဒ်များကို စစ်ဆေးရန် ရှပ်အင်္ကျီချွတ်လိုက်သည်။

ကြွက်သားများသည် အလွန်ကြီးမားမနေပေ။ သို့သော် အင်အားကြီးမားကြောင်း တိပထင်ရှား၏။ အထူးသဖြင့် သူ၏absများသည် ဓားဖြင့် ပြီးပြည့်စုံစွာ ထွင်းထုပုံဖော်ထားသည်ကဲ့သို့ ထိကိုင်ရသည်မှာလည်း အလွန်စိတ်ကျေနပ်ဖွယ်ကောင်းလှပေသည်။

“ကျစ် ကျစ် ရှောင်ချန်ရေ နောက်ဆုံးတော့ သားက မင်းအဖေရဲ့ မာနဘဝင်ခိုက်နေတဲ့စိတ်ထားကို အပြည့်အဝဆက်ခံလိုက်ပြီပေါ့လေ။ မနက်အစောကြီး မှန်ရှေ့မှာ ပို့စ်အမျိုးမျိုးလုပ်ကြည့်နေတယ်”

မနက်စာချက်ရန် ထလာသည့်ကျန်းဝမ်ရှင်းသည် ရေချိုးခန်းမှဖြတ်သွားရာ ကာယဗလလေ့ကျင့်သူတစ်ဦးကဲ့သို့ ပို့စ်မျိုးစုံပေးနေသည့် လင်းဇီချန်ကို မြင်သောအခါ မထိန်းချုပ်နိုင်စွာ ရယ်မောလေသည်။

ကိုယ့်ကိုယ်ကို အသိအမှတ်ပြု၍ မွေ့လျော်နေသည့် လင်းဇီချန်သည် ကျန်းဝမ်ရှင်း၏မှတ်ချက်ကြောင့် ရုတ်တရက်ရှက်ရွံ့သွားရပြီး တွင်းပေါက်တစ်ခုတူးဖောက်၍ ‌ထိုတွင်းပေါက်ထဲ ပြေးပုန်းချင်စိတ်ပေါက်သွားရသည်။

“အိုး ရှက်သွားပြီပဲ၊ ဒီကိုလာပါဦး မေမေ သားရဲ့ကြွက်သားတွေကို ထိကြည့်ရအောင်”

“ကျွန်တော် ဟန်ဟန့်ကို မနက်စာစားဖို့ သွားခေါ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် အတောင်ပံ‌ပေါက်နေသည့်အလား ရေချိုးခန်းမှ လစ်ပြေးသွားတော့သည်။ ဤဖြစ်ရပ်မှာ ဆိုးရွားလွန်းသည့် အရှက်တကွဲဖြစ်မှုကြီးပင်။ လင်းဇီချန်သည် ထိုတစ်နေ့လုံး ကျန်းဝမ်ရှင်းနှင့် မျက်နှာချင်းမဆိုင်လိုတော့ပေ။ ရင်ဆိုင်ဖို့ရာ အရမ်းရှက်ဖို့ကောင်းလွန်း၏။

…

လင်းဇီချန် အပေါ်ထပ် သူ၏အိပ်ခန်းသို့ ပြန်ရောက်သောအခါ ရှန်ချင်းဟန်သည် မနိုးသေးပေ။ အိပ်ရာထက်‌တွင် ခြေကားယားလက်ကားယားလေးဖြင့် ခြုံစောင်သည်လည်း ကိုယ်ပေါ်တွင် ရှိ‌မနေတော့ပေ။ အောက်ငုံ့ကြည့်လိုက်ပါမှ ကန်ချထားသည့် ‌ခြုံစောင်ကို တွေ့နိုင်သည်။

“ဒီလောက်ကြီးနေပြီကို အိပ်ရင်းနဲ့ စောင်ကန်ချတုန်းလား”

လင်းဇီချန် ခေါင်းခါရမ်းလိုက်ပြီး စောင်ကောက်ယူလိုက်သည်။ စောင်ကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ရှင်ချင်းဟန်၏ခန္ဓာကိုယ်အောက်ပိုင်းသို့ အကြည့်ရောက်သွား၏။ ပေါင်ကြားနေရာသည် ဖောင်းပွနေသည်မှာ ရှန်ချင်းဟန်သည် ငယ်စဉ်ကအတိုင်းပင် သေးခံဝတ်ထားရမြဲဖြစ်လေသည်။

၈နှစ်အရွယ်ကလေးတစ်ယောက် သေးခံဝတ်ဆင်နေရခြင်းသည် ကျန်းမာရေးပြဿနာရှိကြောင်း ရည်ညွှန်း၏။

သို့သော် ထူးဆန်းသည်မှာ ရောဂါရှာဖွေအမည်တပ် မရနိုင်ခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ရှန်ချင်းဟန်၏ တစ်ခုတည်းသော ပြဿနာမှာ ဘောင်းဘီစိုခြင်းနှင့် အိပ်ရာခင်းစိုခြင်းတို့သာ ရှိလေသည်။

ထို့ပြင် အခြားပြဿနာမရှိပေ။ ကံဆိုးမှုများအလယ်မှ သက်ညှာမှုလေးဖြစ်၏။ လင်းဇီချန် ဆက်မစဉ်းစားတော့ဘဲ ရှန်ချင်းဟန်၏ပါးလေးကို ဖျစ်ညှစ်လိုက်ပြီး ညင်သာနူးညံ့စွာ ခေါ်လိုက်သည်။

“ဟန်ဟန် ၆နာရီကျော်သွားပြီ ထတော့၊ သွားတိုက် မျက်နှာသစ်ပြီး မနက်စာစားမယ်”

“အမ်~~”

ရှန်ချင်းဟန်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာခဲ့ပြီး ထထိုင်၍ အကြောဆန့်သည်။ ထို့နောက် လင်းဇီချန်ကို မပွင့်တပွင့်သောမျက်လုံးများဖြင့်ကြည့်လျက် နူးညံ့စွာ ဗလုံးဗထွေးဖြင့်ပြောသည်။

“ရှောင်ချန် ငါပိုင်ရွှယ်ကို အိပ်မက်,မက်တယ်။ သူအခုဘယ်ရောက်ပြီး ဘာတွေလုပ်နေလဲ သိချင်လိုက်တာ”

“ပိုင်ရွှယ်က သူ့အိမ်မှာ မနက်စာစားနေလိမ့်မှာပေါ့။ နင်မြန်မြန်ထပြီး အဝတ်လဲတာကောင်းလိမ့်မယ်၊ မဟုတ်ရင် အောက်ထပ်က မနက်စာ အေးသွားတော့မယ်”

“သိပါပြီ”

ရှန်ချင်းဟန်မှ ပြန်ပြောသည်။ ထို့နောက် လင်းဇီချန်ရှေ့၌ပင် ကျောင်းဝတ်စုံလဲဝတ်လေသည်။ ရှန်ချင်းဟန် ညအိပ်ဝတ်စုံချွတ်လိုက်သည့်အချိန်၌ လင်းဇီချန်သည် အနည်းငယ် တောက်ပနေသည်ဟု ခံစားမိလိုက်သည်။

ရှန်ချင်းဟန်၏ ရင်ဘတ်သည် တောက်ပနေလေသည်။ တိတိကျကျဆိုရလျှင် သူမ၏ရင်ဘတ်ရှေ့တွင် တွဲလောင်းကျနေသော သွားစွယ်မှ တောက်ပနေခြင်းဖြစ်သည်။ ၎င်းမှာ ဆံပင်ဖြူမိန်းကလေး ရှန်ချင်းဟန်ကို ပေးထားခဲ့သည့် သွားစွယ်ဖြစ်ပေသည်။

အပိုင်း ၁၁

ဖိတ်ခေါ်မထားသော ဧည့်သည်

“ဟန်ဟန် နင်ဝတ်ထားတဲ့ သွားစွယ်က လင်းနေတယ်”

“တကယ်လား ဝိုး..”

“ချွတ်လိုက် ငါတစ်ချက်ကြည့်ကြည့်ရအောင်”

“ရော့ ဒီမှာ”

ရှန်ချင်းဟန်သည် နာခံစွာဖြင့် သွားစွယ်ကိုချွတ်၍ လင်းဇီချန်ကို ကမ်းပေးသည်။ လင်းဇီချန်သည် သွားစွယ်ကိုယူ၍ သေချာစူးစမ်းကြည့်နေသည်။ အခန်းမီးများပိတ်ထားသောကြောင့် အခန်းသည် မှောင်နေ၏။ ထို့ကြောင့် သွားစွယ်မှတောက်ပနေသောအလင်းရောင်သည် ညဉ့်ယံ၏ပိုးစုန်းကြူးများကဲ့သို့ တောက်ပနေသည်။

သွားစွယ်ကို ကိုင်ထားသည့်လက်မှ သွားစွယ်အတွင်းရှိ အားမာန်ကြံ့ခိုင်သောအသက်စွမ်းအင်ကို လင်းဇီချန် ခံစားမိသည်။ သို့သော် ၎င်းအသက်စွမ်းအင်သည် လူသား၏အသက်စွမ်းအင် မဟုတ်ပေ။ လူသားမဆန်သော အရိုင်းဆန်မှုများနှင့်ပြည့်နှက်နေသည့် ထူးခြားဆန်းပြားသားရဲ၏စွမ်းအင်ကဲ့သို့သော ခံစားချက်မျိုးပိုရသည်။

ထိုအခါမှသာ ဆံပင်ဖြူမိန်းကလေးထံမှ ထုတ်လွှတ်နေခဲ့သော လူသားမဟုတ်သည့်အငွေ့အသက်သည် မိန်းကလေးထံမှ မဟုတ်ဘဲ သူမဝတ်ဆင်ထားသည့် သွားစွယ်ထံမှဖြစ်ကြောင်းကို လင်းဇီချန် နားလည်သွားခဲ့သည်။

ဒါဆို ဒီသွားစွယ်က ဘယ်သတ္တဝါအမျိုးအစားရဲ့သွားစွယ်များလဲ?

ထူးခြားဆန်းပြားသားရဲလား?

လင်းဇီချန်သည် သတ္တဝါများ၏အစွယ်များအကြောင်းကို လေ့လာနေခဲ့သည်မှာ အချိန်အတန်အသင့်ကြာမြင့်ပြီဖြစ်သော်ငြား စိုးစဉ်းသော်မျှ နားမလည်နိုင်သေးပေ။ ခဏကြာပြီးနောက်၌ သွားစွယ်မှ တောက်ပနေသောအလင်းသည် ပျောက်ကွယ်သွားခဲ့သည်။ တစ်ဖန်ပြန်၍ သိသာထင်ရှားမှုမရှိသည့် ပစ္စည်းတစ်ခုအဖြစ်သို့ ပြန်ပြောင်းရောက်ရှိသွားသည်။

စုံစမ်းစစ်ဆေးရန်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် လင်းဇီချန်သည် ရွေးချယ်စရာမရှိသဖြင့် ရှန်ချင်းဟန်အား သွားစွယ်ကို သိမ်းဆည်းထားစေလိုက်သည်။ ထို့နောက်တွင် ကျန်းဝမ်ရှင်း၏ တိုက်တွန်းမှုဖြင့် ရှန်ချင်းဟန်နှင့်အတူ အောက်ထပ်သို့ မနက်စာစားရန် ဆင်းသွားခဲ့သည်။

မနက်စာစားနေစဥ်၌ကျန်းဝမ်ရှင်း၏ဖုန်းကိုငှားရမ်း၍ သွားစွယ်ကို ဓာတ်ပုံရိုက်ယူထားပြီး အင်တာနက်တွင်တင်၍ မေးမြန်းခဲ့သည်။ ကံမကောင်းစွာဖြင့် မည်သည့်အဖြေမျှ မရရှိခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်ကို အားကိုးခြင်းမှတစ်ပါး အခြားမရှိတော့ပေ။

ထို့ကြောင့် ကျောင်းမသွားမီတွင် အခန်းသို့ပြန်သွားပြီး သူ၏သွားစွယ်ကိုပြန်ယူကာ ကျောင်းတွင် စေ့စေ့စပ်စပ်လေ့လာရန် စီစဉ်လိုက်သည်။

…

ကျောင်းသို့သွားရာလမ်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ဘေးချင်းကပ် လမ်းလျှောက်နေကြသည်။ သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းမှ လူအားလုံး၏အာရုံအလုံးစုံကို ဆွဲဆောင်သွားကြ၏။ သူတို့နှစ်ဦးသည် အလွန်ကြည့်ကောင်းလွန်းကြသည်မှာ ရုပ်သံအစီအစဉ်များ၏ ကလေးကြည်ပွင့်များကဲ့သိုပင် ဖြတ်သွားဖြတ်လာများကို သူတို့အား တစ်ချက်မျှ ကြည့်ရှုမိစေရန် လှုံ့ဆော်နိုင်ကြသည်။

လင်းဇီချန်သည် ထိုသို့အာရုံစိုက်မှုများနှင့် အသားကျနေခဲ့ပြီးဖြစ်ရာ ဂရုစိုက်မနေပါချေ။ တိတ်တဆိတ်သာ ရှန်ချင်းဟန်နှင့်အတူ ကျောင်းသို့ အလျင်စလို ဦးတည်သွားနေခဲ့သည်။

“ဝိုး ချောလိုက်ကြတဲ့ကလေးလေးတွေ.. ကလေးတို့တွေက အစ်ကိုကြီးနဲ့ညီမလေးလား ဒါမှမဟုတ် မမနဲ့မောင်လေးလား?”

စားသောက်ဆိုင်တစ်ဆိုင်ကို ဖြတ်သန်းသွားရာ အတော်အတန်ပြင်ဆင်ထားသည့် အမျိုးသမီးကြီးတစ်ဦးသည် လင်းဇီချန်တို့နှစ်ဦးကို မိခင်မေတ္တာယှက်သောအပြုံးဖြင့် ပြုံးပြလာခဲ့သည်။

သူမ၏ အဝတ်အစားများကို မလုံမခြုံဝတ်စားထားပုံမှာ အမျိုးသားများ၏အကြည့်များအောက်၌ သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို စိတ်အားထက်သန်စွာ ပြသချင်နေသည့်အလားပင်။ လက်တစ်ဖက်တွင် မီးညှိထားသည့်စီးကရက်တစ်လိပ်ကိုကိုင်ထားသည်မှာလည်း သိက္ခာရှိ၍ရည်မွန်သည့်လူတစ်ယောက်၏ဟန်ပန် မရှိချေ။

“သမီးတို့က မောင်နှမတွေ မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းတွေပါ အကောင်းဆုံးသူငယ်ချင်းတွေ”

ရှန်ချင်းဟန်မှ နူးညံ့စွာဖြေသည်။

“ငယ်သူငယ်ချင်းတွေလား။ ကောင်းလိုက်တာ အန်တီ့မှာလည်း ငယ်သူငယ်ချင်းတစ်ယောက်လောက်ရှိရင်ကောင်းမှာပဲ”

အမျိုးသမီးသည် အားကျစွာပြုံးရယ်လိုက်ပြီးနောက် မေးမြန်းသည်။

“မင်းတို့က အရမ်းငယ်သေးတာကို ဘာလို့ကိုယ့်ဘာကိုယ်ကျောင်းသွားကြတာလဲ။ မင်းတို့ရဲ့ မေမေနဲ့ဖေဖေရော?”

“သမီးတို့မိဘတွေ သူတို့က…”

“မပြောနဲ့တော့။ ငါတို့နောက်ကျတော့မယ်။ သွားရအောင်”

ရှန်ချင်းဟန် စကားမဆုံးမီ၌ လင်းဇီချန်မှ ကြားဝင်နှောင့်ယှက်၍ လက်မှဆွဲခေါ်သွားသည်။ အတော်အသင့်အကွာအဝေးသို့ရောက်သောအခါ လင်းဇီချန်သည် အရှိန်အနည်းငယ်ပြန်နှေး၍ ရှန်ချင်းဟန်အား အလေးအနက်ပြောသည်။

“နောက်ကို လမ်းပေါ်မှာလူစိမ်းတွေနဲ့ စကားမပြောနဲ့ ဟုတ်ပြီလား”

“အင်း သိပါပြီ”

ရှန်ချင်းဟန် နာခံစွာခေါင်းညိတ်၍ သဘောတူသည်။

…

ခဏအကြာ၌ ကျောင်းသို့ရောက်ခဲ့ကြသည်။ အတန်းချိန်၌ စင်မြင့်ထက်ရှိဆရာသည် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ဟောပြောနေပြီး လင်းဇီချန်သည်တော့ ခေါင်းငုံ့၍ သွားစွယ်အကြောင်းကို လေ့လာနေသည်။

ယနေ့မနက်ခင်းတွင် မြင်တွေ့ခဲ့ရသည့်မြင်ကွင်းသည် လင်းဇီချန်အား ဆံပင်ဖြူမိန်းကလေးပေးခဲ့သည့် သွားစွယ်အကြောင်းကိုသိလိုစိတ်များ ပြည့်နှက်သွားစေခဲ့သည်။ ဘယ်လိုသတ္တဝါရဲ့သွားစွယ်မလို့ ဒီလိုလျှို့ဝှက်ဆန်းကြယ်ဆန်ဆန်တောက်ပပြီး ပိုင်ရှင်နဲ့အချိန်အကြာကြီး ခွဲခွာနေပြီးတာတောင် ဒီလောက်အားကောင်းတဲ့ အသက်စွမ်းအင်ရှိနေရသေးတာလဲ?

သာမန်သတ္တဝါတွေဆိုရင် သေချာပေါက် ဒီလိုဖြစ်နိုင်မှာမဟုတ်ဘူး။ ထူးခြားဆန်းပြားသားရဲရဲ့ သွားစွယ်ဖြစ်နိုင်ချေများတယ်။ ထို့ပြင် လူသားများ မှတ်တမ်းမတင်ရသေးသည့် မျိုးစိတ်ဖြစ်နိုင်၏။ သို့မဟုတ်ပါက ယနေ့မနက်ခင်းတွင် သွားစွယ်မှဖြစ်ပေါ်ခဲ့သည့် ထူးခြားသည့်လက္ခဏာများသည် ရိုးရှင်းသော အင်တာနက်ရှာဖွေမှုတစ်ခုဖြင့်ပင် အလွယ်တကူ သိနိုင်ခဲ့ပြီးဖြစ်လောက်၏။

သို့သော်ငြား ကျန်းဝမ်ရှင်း၏ဖုန်းကို အထူးတလည်ငှားရမ်း၍ စစ်ဆေးကြည့်ခဲ့သည့်တိုင် ဘာမျှရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဤသွားစွယ်ပိုင်ရှင်သတ္တဝါသည် မှတ်တမ်းမတင်ရသေးသည့် အမည်မသိ ထူးခြားဆန်းပြားသားရဲဖြစ်နိုင်ကြောင်း သက်သေပြနေပေသည်။

ဆံပင်ဖြူမိန်းကလေးရဲ့မိသားစုက တကယ်ပဲ ဘာလုပ်တဲ့မိသားစုများလဲ?

သူက သိုင်းပညာရှင်မျိုးနွယ်စုတစ်ခုခုရဲ့ တရားမဝင်သမီးများလား?

လင်းဇီချန် လုံးလုံးလျားလျား ဝေခွဲမရဖြစ်နေတော့သည်။

…

အချိန်သည် လျင်မြန်စွာကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ နေ့လည်ခင်းကျောင်းဆင်းချိန်ရောက်ခဲ့လေပြီ။

“နှုတ်ဆက်ပါတယ် ဆရာမ”ဟူသော အော်ပြောနှုတ်ဆက်သံများ ဆူညံသွားပြီးနောက် ကျောင်းသားများသည် အတန်းထဲမှ အလျင်အမြန်ထွက်ခွာသွားကြသည်။ အလျင်မလိုသည့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သာလျှင် နောက်တွင်ကျန်ရစ်ခဲ့၏။

သူတို့နှစ်ဦးသည် မိမိဘာသာ ကျောင်းသွားကျောင်းပြန်ကြသည်ဖြစ်ရာ အခြားကျောင်းသားများကဲ့သို့ မိဘများကိုရှာဖွေရန် အလျင်စလို အတန်းထဲမှထွက်ခွာရန် မလိုအပ်ပေ။ သူတို့၏နှေးကွေးမှုကြောင့် အိမ်ပြန်လမ်းတွင် ကားလမ်းပိတ်ဆို့မည်ကိုလည်း စိိုးရိမ်ပူပန်ရန် မလိုအပ်ပေ။

“ရှောင်ချန် နောက်လဆို ငါတို့မွေးနေ့ရောက်ပြီနော်။ ငါနင့်အတွက် မွေးနေ့လက်ဆောင် ကြိုပြင်ဆင်ပြီးသွားပြီ။ နင်ရော ငါ့အတွက် ပြင်ဆင်ပြီးသွားပြီလား”

အတန်းထဲမှထွက်ခွာချိန်၌ ရှန်ချင်းဟန်သည် လင်းဇီချန်ကို မျှော်လင့်တကြီးကြည့်လျက် မေးမြန်းသည်။ သူတို့၏မွေးနေ့များသည် တစ်ရက်သာ ကွာခြားသောကြောင့် ငယ်စဉ်တည်းကပင် မွေးနေ့ကို အတူတူကျင်းပခဲ့ကြသည်။ ဤနှစ်သည်လည်း ချွင်းချက်မဟုတ်ပါချေ။

သို့သော် လင်းဇီချန်သည် မွေးနေ့လက်ဆောင် ကြိုတင်ပြင်ဆင်ရန် မဆိုထားနှင့် မိမိ၏မွေးနေ့အကြောင်းကိုပင် မစဉ်းစားမိပါချေ။ ယခု၌ ရှန်ချင်းဟန်မှ ရုတ်တရက်မေးမြန်းလာလေရာ လိမ်ပြောလိုက်ရန်သာ တတ်နိုင်ပေသည်။

“အတူတူပဲပေါ့ ငါလည်းနင့်အတွက် လက်ဆောင်ကြိုပြင်ထားပြီးပြီ”

“တကယ်လား”

ရှန်ချင်းဟန်၏မျက်နှာလေးသည် ပျော်ရွှင်မှုကြောင့် တောက်ပသွား၏။

“ရှောင်ချန်ရေ ငါနင့်ရဲ့လက်ဆောင်ကို အရမ်းမျှော်လင့်နေမိပြီ”

လင်းဇီချန် ခွန်းတုံ့မပြန်ဘဲ ပြုံးပြသည်။

“ရှောင်ချန် ငါတို့ဒီနေ့အိမ်ကို ဘယ်လမ်းကနေပြန်ကြမလဲ”

ရှန်ချင်းဟန်သည် အားအင်တက်ကြွစွာ ခုန်ပေါက်လျက် လင်းဇီချန်ကို မေးမြန်းနေသည်။

အချိန်ခဏမျှစဉ်းစားပြီးနောက်၌ လင်းဇီချန် ပြန်ဖြေသည်။

“ဒီနေ့ မြို့ဟောင်းထဲက စွန့်ပစ်ထားတဲ့လမ်းကြားကနေ ပြန်ကြမယ်လေ။ ငါတို့သွားမကြည့်ရသေးတဲ့လမ်းတွေ အများကြီးရှိသေးတယ်။ သွားကြည့်ရအောင်”

မည်သည့်အကြောင်းကြောင့် မသိပေ.. လင်းဇီချန် ပြန်လည်မွေးဖွားပြီးနောက်တွင် စူးစမ်းလေ့လာလိုသည့် စိတ်ဆန္ဒများ ပြင်းထန်လာခဲ့သည်။ အိမ်ပြန်လမ်းကိုလည်း အကြိမ်တိုင်းတွင် မတူညီသည့်လမ်းကို သွားကြည့်တတ်ခဲ့၏။

၎င်းစူးစမ်းလေ့လာလိုစိတ်နှင့်စပ်လျဉ်း၍ စဉ်းစားကြည့်သော် မိမိမှာ စိမ်းသက်သည့်ပတ်ဝန်းကျင်တွင် ရောက်နေသည်ဟူသောအသိကြောင့် အချိန်တိုင်းတွင် ဤကမ္ဘာအကြောင်းကို နားလည်သိရှိရန် စိတ်အားထက်သန်နေခြင်းဖြစ်နိုင်ပေသည်။

တဖြေးဖြေးနှင့် သူ၏စူးစမ်းလေ့လာလိုသည့် စိတ်ဆန္ဒသည် လင်းဇီချန် ကြီးပြင်းလာခြင်းနှင့်အတူ အမြစ်တွယ်ခိုင်မာလာခဲ့သည်။

“ဇီချန် ဒီလမ်းက အရမ်းတိတ်ဆိတ်တာပဲ”

ခြောက်ကပ်နေသော လမ်းဟောင်းကိုဖြတ်လျှောက်နေစဉ် ရှန်ချင်းဟန်သည် ကြီးမားတောက်ပသော မျက်လုံးကြီးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။လင်းဇီချန် ရှင်းပြ၏။

“နောက်လကျရင် ဒီနေရာကို ဖြိုချတော့မှာ။ ဒီမှာနေထိုင်သူအများစုက ရွှေ့ပြောင်းသွားကြလောက်ပြီ။ အဲဒါကြောင့် ပုံမှန်ထက် ပိုတိတ်ဆိတ်နေတာ”

“ရှောင်ချန် ရှောင်ချန် ဒီကိုကြည့်”

“ဒီမှာ ဒုဓလီပန်းလေးရှိတယ်”

“ဒါက ငါ့ဘဝမှာ ဒုဓလီပန်းရိုင်းကို ပထမဆုံးတွေ့ဖူးတာပဲ”

ရှန်ချင်းဟန်သည် ထောင့်တစ်ခုရှိ ဒုဓလီပန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွား၏။ လင်းဇီချန်လည်း ရှန်ချင်းဟန်အနီးသို့ လျှောက်သွားခဲ့သည်။ ရှန်ချင်းဟန်သည် ဝပ်တုပ်ထိုင်၍ သူမ၏ရှေ့ရှိ ဒုဓလီပန်းရိုင်းလေးကို ဂရုဏာသက်သောမျက်ဝန်းများဖြင့် ကြည့်နေသည်။

“ဒုဓလီပန်းတွေက အရမ်းလှတာပဲ။ သူတို့ ဒီထက်ပိုပြီး သန်သန်မာမာနဲ့ ကြီးပြင်းလာနိုင်ခဲ့ရင် လေကြောင့်လွင့်သွားရမှာကို ကြောက်ရွံ့နေရမှာ မဟုတ်တော့ဘူး။ သူတို့အနားဖြတ်သွားတဲ့လူတိုင်းအတွက် တောင်တောက်ပပနဲ့ လှလှလေးရှိနေနိုင်မှာ”

လင်းဇီချန် ရယ်မောလိုက်သည်။

“ဒုဓလီပန်း‌တွေသာ ပိုပြီးသန်သန်မာမာနဲ့ ကြီးပြင်းလာနိုင်ရင် မင်းအခုမြင်နေရတဲ့ ဒုဓလီပန်းလှလှလေးကို မြင်နိုင်မှာမဟုတ်ဘူး”

“ဘာလို့လဲ”

ရှန်ချင်းဟန်သည် လင်းဇီချန်ကို အပြစ်ကင်းစင်သော ကြည်စင်သောမျက်လုံးဝိုင်းများဖြင့် မော့ကြည့်လာ၏။

လင်းဇီချန် ရှင်းပြပေးလိုက်သည်။

“ဘာလို့ဆို ဒုဓလီပန်းရဲ့ မွေးပွလေးတွေက ဒုဓလီပန်းအစေ့လေးတွေ မလို့လေ။ လေနဲ့အတူ လွင့်ပါသွားနိုင်မှ အစေ့လေးတွေက နေရာမျိုးစုံကိုရောက်နိုင်ပြီး အမြစ်တွယ်၊ အပင်ပေါက်ပြီး ဒုဓလီပန်းအသစ်လေးတွေ ပွင့်လန်းလာနိုင်မှာ”

“ဒုဓလီပန်းလေးတွေက မှော်ဆန်လိုက်တာနော်”

ရှန်ချင်းဟန် အံ့အားသင့်စွာပြော၏။ ၎င်းမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အံ့ဩဖွယ်ရာဖြစ်ပြီး လင်းဇီချန်သည် အရာအားလုံးကို သိရှိနေပြီး အရမ်းဉာဏ်ကောင်းသည်ဟု ရှန်ချင်းဟန် တွေးထင်မိသည်။

ရှင်းပြပြီးနောက် လင်းဇီချန်သည်လည်း ရှန်ချင်းဟန်ဘေးတွင် ဝပ်တုပ်ထိုင်လိုက်သည်။ ဒုဓလီပန်းကို ညင်သာစွာခူးယူလိုက်ပြီး ရှန်ချင်းဟန်သို့ ကမ်းပေးလျက် နူးညံ့စွာပြောသည်။

“ဟန်ဟန် မတ်တပ်ရပ်လိုက်၊ ဒုဓလီပန်း‌လေးကို မြင့်မြင့်ကိုင်ပြီး မွေးပွလေးတွေကို မှုတ်ထုတ်လိုက်၊ ဒုဓလီပန်းအစေ့လေးတွေ လေနဲ့အတူ နေရာမျိုးစုံကို လွင့်ပါသွားပြီး ပွင့်လန်းသွားပါစေ”

“ရှောင်ချန် ရှောင်ချန် သေချာကြည့်နော်။ ငါ ပန်းကြဲနတ်သမီးလေး လုပ်တော့မှာ”

ရှန်ချင်းဟန်သည် ဒုဓလီပန်းကို မြင့်မြင့်မြှောက်ကိုင်ထားရင်း စိတ်လှုပ်ရှားစွာပြော၏။ ပိုမြင့်မြင့်ရောက်နိုင်ရန် ခြေဖျားပင် ထောက်ထားလေသည်။

ထို့နောက် အသက်ပြင်းပြင်းရှူသွင်း၍ ဒုဓလီပန်းကို အရှိန်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

ဒုဓလီပန်းမွေးပွလေးများ လွင့်ထွက်သွားပြီး ကြီးမားသောတိမ်တိုက်ဆီသို့ ဦးတည်သွားသည်။ ထို့နောက်တွင် ပို၍ပို၍ဝေးရောသို့ လွင့်မျောပျောက်ကွယ်သွားလေသည်။

ထိုအခိုက်အတန့်သည် အေးချမ်းစွာလှပသည်ဟု ခံစားရလေသည်။ နှစ်ဦးသားသည် အပြန်အလှန်နားလည်မှုဖြင့် စကားမဆိုဘဲ တိတ်ဆိတ်နေကြလျက် အဝေးသို့ မျောလွင့်သွားသည် ဒုဓလီပန်းမွေးပွလေးများကို ကြည့်နေခဲ့ကြသည်။

ရင်းနှီးကျွမ်းဝင်နေသော အမျိုးသမီးတစ်ဦး၏ပုံရိပ်ကို လမ်း၏ဝင်ပေါက်တွင် မတွေ့လိုက်ရမီအထိ ထိုအေးချမ်းလှပမှုလေးသည် တည်မြဲခဲ့ပါ၏။ ထိုအမျိုးသမီးသည် သူတို့မနက်ခင်း ကျောင်းသို့သွားသည့်လမ်းတွင် စားသောက်ဆိုင်တစ်ခုကိုဖြတ်သွားချိန် ‌ဆုံတွေ့ခဲ့သည့်အမျိုးသမီးဖြစ်သည်။

ယခု၌ ထိုအမျိုးသမီး၏ အပြုအမူသည် မနက်ခင်းက တွေ့ခဲ့ရသည့် ဖော်ရွေသောအကျင့်စရိုက်ပုံစံမျိုး မဟုတ်တော့ချေ။ သူမ၏ မျက်လုံးအစုံသည် သူတို့နှစ်ဦးကို တပ်မက်စွာဖြင့် အကြည့်မလွှဲတမ်းကြည့်နေလျက် တခစ်ခစ်ရယ်မောနေလေသည်။

“ငါ မင်းတို့ချစ်စရာလေး‌နှစ်ယောက်နောက်ကို တစ်လမ်းလုံးလိုက်လာခဲ့တာ။ နောက်ဆုံးတော့ အခွင့်အရေးရှာတွေ့ခဲ့ပြီ”

အပိုင်း ၁၂

ဧရာမသန္ဓေပြောင်းကြွက်

“အစ်ကိုရှန်း ထပ်ရှာမနေနဲ့တော့။ အဲဒီကလေးနှစ်ယောက်က ကျွန်မဘက်ရလမ်းထဲမှာ”

အမျိုးသမီးသည် နောက်လှည့်၍ အော်ပြော၏။

ထို့နောက် လက်မောင်းထက်တွင် ပန်းပွင့်ပုံတက်တူးကြီးများရှိသော အမျိုးသားတစ်ဦး သူမ၏ဘေးသို့ ရောက်လာသည်။ အမျိုးသားသည် ပိန်လှီနေကာ မျက်နှာမှာ ခြေကုန်လက်ပန်းကျနေဟန်ဖြင့် မျက်တွင်းများချောင်နေ၏။ ဆေးစွဲနေသည့်လူကဲ့သို့လည်း အဆက်မပြတ် နှာခေါင်းရှုံ့နေသေးသည်။

“ခင်ဗျားတို့ ဘာလုပ်ချင်လို့လဲ”

ဖိတ်ခေါ်မထားသည့်ဧည့်သည်များနှင့် ရင်ဆိုင်ရသည်တွင် လင်းဇီချန်သည် ထွက်မပြေးဘဲ ရှန်ချင်းဟန်အား သူ၏နောက်၌ကွယ်စေ၍ ကာကွယ်ပေးသည်။ လူစိမ်းနှစ်ဦးကို တည်ငြိမ်စွာပင် ပြန်ကြည့်လျက် မေးလိုက်သည်။

လင်းဇီချန်သည် မွေးဖွားချိန်မှစတင်၍ ဆင့်ကဲတိုးတက်နေခဲ့သည်ဖြစ်ရာ သူ၏ရုပ်ပိုင်းဆိုင်အင်အားသည် သာမန်လူများထက် များစွာသာလွန်သည်။ ထို့ကြောင့် အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေရန် လုံလောက်၏။

လင်းဇီချန်၏ တည်ငြိမ်အေးဆေးနေပုံကို မြင်သောအခါ ထိုလူနှစ်ဦးသည် အနည်းငယ်တွန့်ဆုတ်သွား၏။ ပြိုးပြိုးပြက်ပြက်ပြင်ဆင်ထားသော အမျိုးသမီးသည် မနက်ခင်းက ဖော်ရွေသည့်ပုံစံသို့ လျင်မြန်စွာပြန်ရောက်သွားသည်။ ထို့နောက် လင်းဇီချန်အား အပြုံးဖြင့်ပြောသည်။

“မောင်လေး ညီမလေး မမမှာ အရသာရှိတဲ့မုန့်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးရှိတယ်။ မမတို့နဲ့လိုက်ခဲ့ပြီး ကစားချင်လား”

သူမ၏စကားအဆုံးတွင် တက်တူးဖြင့်အမျိုးသားသည် စိတ်မရှည်စွာပြောလာသည်။

“ဒီသောက်ကျိုးနဲမိန်းမကတော့ ကလေးတွေကို ဖျားယောင်းဖို့အတွက်နဲ့ ဘာလို့အားကုန်ခံနေတာလဲ။ ဒီတိုင်းရှေ့တက် မေ့လဲအောင်လုပ်ပြီး ခေါ်သွားရအောင်ပါ။ ငါသူတို့ကို ရောင်းစားဖို့အတွက် အလျင်လိုနေတယ်”

ထို့နောက် တက်တူးဖြင့်အမျိုးသားသည် သူ၏အိတ်ကပ်ထဲမှ အနံ့ပြင်းသည့်ပုဝါနှစ်ခုကို ထုတ်ယူလိုက်ပြီး တစ်ထည်ကို အမျိုးသမီးထံ ပစ်ပေးပြီးနောက် ရှန်ချင်းဟန်သို့ အလျင်စလိုဖြင့် ဦးတည်လာသည်။

“ရှောင်ချန်…”

ရှန်ချင်းဟန်သည် အလွန်တရာကြောက်လန့်နေသောကြောင့် သူမ၏လက်သေးသေးများဖြင့် လင်းဇီချန်၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏လက်ကလေးများကို ခပ်ဖွဖွပုတ်၍ မကြောက်ရန် အချက်ပြသည်။

ထို့နောက် သူမ၏လက်များကိုဖယ်၍ ခြေထောက်၌အားအင်စုစည်းကာ လေးကြိုးမှပစ်လွှတ်လိုက်သည့်မြားတံကဲ့သို့ ပုံရိပ်ကိုပင် သဲသဲကွဲကွဲမမြင်ရသော အရှိန်နှုန်းဖြင့် ချဉ်းကပ်လာသော အမျိုးသားသို့ တစ်ရှိန်ထိုးဦးတည်သွားလိုက်သည်။

ဘန်း!

တစ်စုံတစ်ခုကိုထိုးလိုက်သည့် မသဲမကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ရှိန်ထိုးပြေးဝင်လာသည့် လင်းဇီချန်သည် ထိုအမျိုးသား၏ဝမ်းဗိုက်ကို အရှိန်ပြင်းပြင်းထိုးချလိုက်ခြင်းဖြင့် အဝေးသို့လွင့်ထွက်သွားစေခဲ့သည်။

အမျိုးသားသည် မြေပြင်ထက်တွင် အကြိမ်များစွာ လိမ့်သွားခဲ့ပြီးမှ ရပ်တန့်သွား၏။ ပုစွန်ဆိတ်တစ်ကောင်ကဲ့သို့ ကိုယ်ကိုကွေးညွတ်၍ ပါးစပ်မှသွေးများစီးကျနေကာ နာကျင်စွာညည်းတွားနေတော့သည်။

“မင်း မင်း မင်း…”

အမျိုးသမီးသည် နေရာ၌ပင် ကြောင်အနေသည်။ မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို နားမလည်နိုင်ဘဲနှင့် ကြောက်ရွံ့ထိတ်လန့်လွန်းသောကြောင့် စကားပင်သေချာမပြောနိုင်တော့ချေ။ နှစ်တန်း၊သုံးတန်းခန့်အရွယ်သာ ရှိနိုင်မည့် မူလတန်းကျောင်းသားတစ်ဦးသည် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ကို အဘယ်သို့များ လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေနိုင်ခဲ့သည်ကို သူမ,နားမလည်နိုင်ပါချေ။ ၎င်းသည် လုံးဝယုတ္တိမဆန်ပေ။

လင်းဇီချန်သည် ထိုအမျိုးသမီးနှင့် စကားလုံးများပြောဆိုဖြုန်းတီးမနေပေ။ သူမ၏အနီးသို့ ရုတ်ချည်း အားအင်အပြည့်ဖြင့် ခုန်သွားလိုက်ပြီး သူမ၏အလွန်အကျွံပြင်ဆင်ထားသောမျက်နှာကို အရှိန်ပြင်းစွာ ထိုးနှက်ပစ်လိုက်သည်။

ဘန်း!

နောက်ထပ်အသံတစ်ခု ပဲ့တင်ထပ်သွား၏။ အမျိုးသမီးသည်လည်း လက်သီးထိုးချက်ကြောင့် လွင့်ထွက်သွားရကာ သွားအမြောက်အများလည်း ကျွတ်ထွက်သွား၏။ ဘုတ်ခနဲမြည်သံနှင့်အတူ မြေပြင်သို့ပြုတ်ကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

သတိလစ်မေ့မြောသွားခြင်းပေလော၊ သေဆုံးသွားခြင်းပေလော ဝေခွဲမရနိုင်ချေ။

လင်းဇီချန် အနီးဝန်းကျင်အား ရှာဖွေကြည့်လိုက်သည်။ စောင့်ကြည့်ကင်မရာများမရှိကြောင်း သေချာသောအခါမှသာ သူ၏စိတ်နှလုံးထဲမှ မသက်မသာဖြစ်မှုကို ထိန်းချုပ်လိုက်ပြီး နောက်ပိုင်းပြဿနာများကို ကာကွယ်ရန်အတွက် ထိုနှစ်ဦးကို လက်စသတ်ရန်ဆုံးဖြတ်လိုက်သည်။

အုတ်ခဲတစ်လုံးကောက်၍ မြေပြင်၌လဲကျနေသည့်လူနှစ်ဦးကို ရှင်းပစ်တော့မည်တွင် ရှေ့ဘက်ရှိ စွန့်ပစ်ထားသည့်အုပ်ကြွပ်မိုးအိမ်မှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် မျက်လုံး၈လုံးဖြင့် သုံးမီတာခန့်မြင့်သွန်းသော ဧရာမကြွက်ကြီးတစ်ကောင်သည် ထိုအုတ်ကြွပ်မိုးအိမ်ထဲမှ ထွက်လာခဲ့သည်။ ကြွက်ကြီးသည် ၎င်းနှင့် အနီးဆုံးတွင်ရှိနေသော အမျိုးသမီးကို မေးရိုးဟပြဲကြီးဖြင့် ဆတ်ခနဲဆွဲယူလိုက်၏။

တစ်ချက်ကိုက်ဖြတ်လိုက်သည်နှင့် အမျိုးသမီး၏ဦးခေါင်းတစ်ခုလုံး ဆုတ်ပြဲကြေမွသွားကာ သွေးများနေရာအနှံ့အပြားသို့ လွင့်စင်ထွက်သွားပြီး ချက်ချင်းသေဆုံးသွားတော့သည်။

ထိတ်လန့်ချောက်ချားဖွယ်မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည်နှင့် လင်းဇီချန် အလျင်အမြန်တုံ့ပြန်သည်။ ရုတ်ချည်းနောက်လှည့်ထွက်ပြေးပြီး ရှန်ချင်းဟန်ကိုလည်း ကောက်ချီကာ ထိုနေရာမှ ရူးသွပ်နေသည့်လူတစ်ယောက်ကဲ့သို့ တစ်ဟုန်ထိုးပြေးထွက်ခဲ့သည်။ ၎င်းဧရာမကြွက်ကြီးနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ရောက်ရှိနိုင်ရန်သာ ဦးတည်ပြေးလွှားခဲ့၏။

ထူးခြားဆန်းပြားသားရဲတွေပဲ ၎င်းမှာ ဆာကူရာပင်လယ်နိုင်ငံတွင် ထွက်ပေါ်လာခဲ့သည့် ဧရာမသန္ဓေပြောင်းကြွက်ကြီးများနှင့် အတူတူပင်ဖြစ်သည်။

ဒီမှာလည်း တစ်ကောင်ရှိနေတာလား?

ဒါက ပြဿနာကြီးပဲ။

လင်းဇီချန်၏ခန္ဓာကိုယ်တွင် adrenalineများ လည်ပတ်စီးဆင်းနေသည်။ နှလုံးခုန်နှုန်းများ အဆက်မပြတ် မြင့်တက်နေလျက် နှစ်ပေါင်းများစွာသော ဆင့်ကဲတိုးတက်မှုဖြစ်စဉ်အတွင်း တည်ဆောက်ထားခဲ့သည့် လုံခြုံသောစိတ်ခံစားချက်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

သူ၏လက်မောင်းများထဲရှိ ရှန်ချင်းဟန်သည် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ဖြူဖျော့နေလျက် မထိန်းချုပ်နိုင်စွာ တစ်ကိုယ်လုံးတုန်ယင်နေသည်။ သို့သော်ငြား လင်းဇီချန် ဒုက္ခများမည်စိုးသောကြောင့် မငိုမိအောင် ထိန်းချုပ်ထားခဲ့၏။

လမ်းကြားထဲမှ ပြေးထွက်လာခဲ့ပြီး လုံခြုံသည့်အကွာအဝေးသို့ ရောက်ရှိပြီဖြစ်ကြောင်း သေချာစေပြီးနောက်တွင်မှ လင်းဇီချန်သည် ရှန်ချင်းဟန်ကို အောက်ချလိုက်ပြီး ကလေးဝတ်လက်ပတ်နာရီကို တုန်ရီစွာထုတ်ယူကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရုံးသို့ ဖုန်းခေါ်၍ အဖြစ်အပျက်ကို တိုင်ကြားလိုက်သည်။

“မြို့ဟောင်းဧရိယာ၊ မြို့ဟောင်းဧရိယာရဲ့လမ်းကြားထဲမှာ ဧရာမထူးခြားဆန်းပြားသားရဲကြွက်ကြီးရှိနေတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဆာကူရာပင်လယ်နိုင်ငံမှာ ထွက်ပေါ်လာခဲ့တဲ့ သန္ဓေပြောင်းကြွက်ကြီးတွေနဲ့ ပုံစံအတူတူပဲ”

လင်းဇီချန် မောဟိုက်နေသောကြောင့် အခြေအနေကိုရှင်းလင်းစွာ ပြောပြနိုင်ရန်အတွက် အသက်ရှူနှုန်းကို တည်ငြိမ်စေရန် ထိန်းချုပ်နေရသည်။ သို့သော် adrenalineမြင့်တက်နေမှုကြောင့် အသံမှာ တုန်ယင်နေမြဲပင်။ လင်းဇီချန် စကားပြီးဆုံးပြီး မကြာမီ လုံခြုံရေးတပ်ဖွဲ့မှ မတုံ့ပြန်မီ၌ နောက်ဘက်ရှိ လမ်းကြားမှ စက်သံတစ်မျိုး မြည်ဟီးလာခဲ့သည်။

အသံလာရာသို့လှည့်ကြည့်လိုက်ရာ ခန္ဓာကိုယ်တစ်ဝက်မည်းနက်နေသော စက်ဖြင့်ပြုပြင်မွမ်းမံလူသားတစ်ဦး လမ်းကြားထက်တွင် ရစ်ဝဲနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ သန့်စင်သောသတ္တုစပ်လက်ယာလက်ကို ပင့်မြှောက်လျက် လမ်းကြားထဲသို့ဆင်းသက်ရန် ဦးတည်နေသည်။ ထို့နောက် စက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ လက်ယာလက်မှ မီးပွင့်မီးပွားများ ဖြာထွက်လာကာ လမ်းကြားသို့ မီးခိုအပြည့်လက်နက်ကြီး ပစ်လွှတ်လိုက်သည်။

ဘုန်း—--

၎င်းလက်နက်သည် လမ်းကြားအတွင်းပိုင်းသို့ ကျရောက်သွားပြီး ခရမ်းပြာရောင်မီးလျံများအဖြစ်သို့ ပေါက်ကွဲဖြာထွက်သွားခဲ့သည်။ အသံသည် ကျယ်လောင်သော်ငြား တိုက်ခိုက်ဖျက်ဆီးစွမ်းအင်မှာ အားနည်း၏။

လမ်းကြားအပြင်ဘက်ရှိ လင်းဇီချန်တို့သည် သက်ရောက်မှုလှိုင်းကို မခံစားရပေ။ လမ်းကြားအတွင်းရှိ အဆောက်အဦးများသည်လည်း ပြိုကျပျက်စီးခြင်း မရှိချေ။ မျက်လုံးရှေ့ရှိမြင်ကွင်းသည် ထူထပ်သိပ်သည်းသော ခရမ်းပြာရောင်မီးခိုးများဖြင့်သာ ပြည့်နှက်သွားခဲ့ပေသည်။

ထိုလက်နက်သည် မီးခိုးဗုံးနှင့်ဆင်တူသည့်လက်နက်တစ်မျိုးဖြစ်နိုင်ပေသည်။ အတိအကျကိုမူ လင်းဇီချန် မသိပါချေ။ သို့သော် ၎င်းသည် ထူးခြားဆန်းပြားသားရဲကြီးများ၏ တိုက်ခိုက်ဖျက်ဆီးစွမ်းအင်ကို အားနည်းစေနိုင်သည့် အရာတစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းမိပေသည်။

မေ့ဆေးငွေ့ကဲ့သို့သော အကျိုးသက်ရောက်မှုဆင်တူသည့် မီးခိုးငွေ့များဖြစ်နိုင်၏။ ထို့နောက်၌ စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် မီးခိုးလွှမ်းနေသည့်လမ်းကြားထဲသို့ ငုပ်လျှိုးဝင်ရောက်သွားသည်။ ဧရာမသန္ဓေပြောင်းကြွက်နှင့် အနီးကပ်တိုက်ခိုက်ရန် မြေပြင်သို့ဆင်းသက်သွားခဲ့၏။

လင်းဇီချန်သည် မွေးဖွားချိန်မှစတင်၍ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်အား နှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့သည်ဖြစ်ရာ သူ၏အသိအာရုံသည် သာမန်ထက် စူးရှသည်။ ထို့ကြောင့် လမ်းကြားအပြင်ဘက်တွင်ရှိနေသည့်တိုင် လမ်းကြားအတွင်းရှိ တိုက်ခိုက်သံများကို ကြားနိုင်သည်။

“ရှောင် ရှောင်ချန် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”

ရှန်ချင်းဟန်သည် လင်းဇီချန်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ အသံမှာလည်း စကားလုံးတိုင်း တုန်ယင်နေသည်။ သူမ၏အခြေအနေကိုမြင်သောအခါ လင်းဇီချန် တုံ့ဆိုင်းမနေတော့ပေ။

“အိမ်ပြန်ကြမယ်”

လင်းဇီချန်သည် လမ်းကြားထဲရှိ တိုက်ပွဲကို အလွန်တရာစူးစမ်းချင်နေသော်ငြား မဆင်မခြင် မချဉ်းကပ်ဝံ့ချေ။ အိမ်သို့ အမြန်ပြန်ရန်သာ တတ်နိုင်ပေသည်။ ထို့နောက် လမ်းကြားထဲမှ အဖြစ်အပျက်အား သတင်းယူထားခြင်း ရှိ၊မရှိကို ယနေ့ညသတင်းအစီအစဉ်တွင် စောင့်ကြည့်ပေမည်။ လင်းဇီချန် တွေးတောနေစဉ်တွင် သူ၏ကလေးဝတ်နာရီသည် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏အသံကို ဆက်လက်ပေးပို့နေခဲ့သည်။

“သူငယ်ချင်းလေး?”

“ဟေး သူငယ်ချင်းလေး ဒီဘက်က အသံကိုကြားရလား”

“လမ်းကြားနဲ့ဝေးဝေးကို အမြန်သွားပါ။ လမ်းကြားအနားကို မသွားနဲ့၊ အရမ်းအန္တရာယ်များတယ်”

ဖုန်းလက်ခံဖြေကြားသူ၏အသံသည် အလွန်တရာ စိုးရိမ်ထိတ်လန့်နေလျက် လင်းဇီချန်၏လုံခြုံရေးကို အလွန်စိတ်ပူနေလေသည်။ လင်းဇီချန် လျင်မြန်စွာပင် အသိပြန်ဝင်လာခဲ့ပြီး ဖုန်းဖြေကြားသူအား ပြန်လည်တုံ့ပြန်သည်။

“မမ ကျွန်တော် လမ်းကြားထဲက ထွက်လာခဲ့ပြီးပါပြီ။ ကျွန်တော် အခုလုံခြုံပါတယ်”

“ကောင်းတယ် အရမ်းကောင်းတယ်”

ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ အမျိုးသမီးဖုန်းဖြေကြားသူမှ စိတ်သက်သာရာရစွာသက်ပြင်းချ၏။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ လက်သေးသေးလေးကို တင်းကျပ်စွာဆုပ်ကိုင်၍ သူမကို စိတ်လုံခြုံမှုပေးနိုင်ရန် ကြိုးပမ်းနေသည်။ ထို့နောက် ဖုန်းဖြေကြားသူအမျိုးသမီးအား သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“မမ ကျွန်တော် စက်ဖြင့်ပြုပြင်မွမ်းမံလူသားတစ်ယောက် လမ်းကြားထဲကို ပျံဆင်းသွားတာတွေ့လိုက်တယ်။ သူက မမတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်လား”

“မမတို့ လုံခြုံရေးတပ်ဖွဲ့ဝင်ပါ”

ဖုန်းဖြေကြားသူအမျိုးသမီးမှ အတည်ပြုပေးးပြီးနောက် လင်းဇီချန်ကို အကြံပြုသည်။

“သူငယ်ချင်းလေး မင်းအဆင်ပြေတယ်ဆိုရင် အပြင်မှာမနေနဲ့တော့။ အမြန်အိမ်ပြန်ပြီး မိဘတွေနဲ့အတူ လုံလုံခြုံခြုံနေ နားလည်ပြီလား”

“သိပါပြီ ကျေးဇူးတင်ပါတယ်မမ”

လင်းဇီချန် ယဉ််ကျေးစွာ ကျေးဇူးတင်စကားဆိုပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် မီးခိုးများပြည့်နှက်နေဆဲဖြစ်သောလမ်းကြားသို့ တစ်ချက်ပြန်ကြည့်လိုက်သည်။ ပြင်းထန်သောတိုက်ခိုက်သံများ အဆက်မပြတ်ထွက်ပေါ်နေပြီး စူးရှကျယ်လောင်သောကြွက်အော်သံနှင့် ရောနှောနေသည်။ သို့ဖြစ်ရာ ထူးခြားဆန်းပြားသားရဲကြွက်ကြီးဘက်မှ ခုခံနေရခြင်းဖြစ်ကြောင်း ဖော်ပြနေပေသည်.

လင်းဇီချန် ဖုန်းချလိုက်သည်ကိုမြင်သောအခါ ရှန်ချင်းဟန်သည် တုန်ယင်နေသောနှုတ်ခမ်းများဖြင့် စကားပြောလာသည်။

“ရှောင် ရှောင်ချန် ငါအိမ်ပြန်ချင်တယ်…”

“ကောင်းပြီ”

“နင်လမ်းလျှောက်နိုင်လား။ မလျှောက်နိုင်ရင် ငါနင့်ကိုကျောပိုးပေးမယ်”

“ငါ့ခြေထောက်တွေ နည်းနည်းအားနည်းနေသလိုပဲ…’

“ဒါဆို ကျောပေါ်တက်လိုက်၊ ငါနင့်ကို အိမ်ကိုကျောပိုးသွားပေးမယ်”

လင်းဇီချန် နောက်လှည့်လိုက်ပြီး ရှန်ချင်းဟန်ကို ကျောပေါ်တင်လိုက်သည်။ ထို့နောက် လျင်မြန်သောခြေလှမ်းများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ အိမ်ပြန်လမ်းသို့ ဦးတည်ခဲ့သည်။

All Chapters