← Chapters

အပိုင်း ၁၃-၁၅

Vol. 1 Ch. 13-15

အပိုင်း ၁၃-၁၅

Vol. 1 Ch. 13-15

အပိုင်း ၁၃

မွေးနေ့တွင်ပြုလုပ်ခဲ့သော သဘောတူညီချက်

“ဒီကလေးနှစ်ယောက် ဒီနေ့ဘယ်လိုဖြစ်လို့ ပုံမှန်ထက် ပြန်လာတာနောက်ကျရတာလဲ”

“အတန်းထဲမှာ ခဏလောက်နေလိုက်လို့ ပြန်လာတာ နည်းနည်းနောက်ကျသွားတာပါ”

ရှန်ချင်းဟန်၏အိမ်ရှေ့တွင် လင်းဇီချန်သည် တံခါးလာဖွင့်ပေးသည့်ရွှီမုန့်ကို ရှင်းပြနေခြင်းဖြစ်သည်။ ရွှီမုန့်သည် ခေါင်းအသာညိတ်၍ ဘာမျှထပ်မမေးမြန်းခဲ့ပေ။ မိဘများ စိတ်မပူရစေရန် အိမ်စောစောပြန်ရန်သာ ပြောခဲ့သည်။

အိမ်မပြန်မီ၌ လင်းဇီချန် ရှန်ချင်းဟန်ကို တစ်ချက်လှည့်ကြည့်ခဲ့ပြီးမှ ထွက်လာခဲ့သည်။ ကလေးမလေး၏အခြေအနေ ပိုမိုကောင်းမွန်လာကြောင်း မြင်သောအခါမှသာ လင်းဇီချန်လည်း စိတ်သက်သာရာရသွားခဲ့ပြီး အိမ်ပြန်လာခဲ့သည်။

ယနေ့ လမ်းကြားထဲတွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်အတွက် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့် သဘောတူညီမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဤအဖြစ်အပျက်ကို သူတို့နှစ်ဦးတည်းသာ သိရှိထားရန်နှင့် တတိယလူ မသိစေရဟူသော သဘောတူညီချက်ဖြစ်သည်။

ဧရာမသန္ဓေပြောင်းကြွက်၏ အရေးကိစ္စသည် ကိုင်တွယ်နိုင်သည့်ကိစ္စရပ်ဖြစ်သည်။ လင်းဇီချန်အား အဓိက စိုးရိမ်ပူပန်စေသည်မှာ သူ၏တိုက်ခိုက်ဖျက်ဆီးစွမ်းအားဖြစ်၏။ ထိုအမျိုးသားနှင့် အမျိုးသမီးတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဒဏ်ရာအပြင်းအထန်ရစေခဲ့ချိန်က သူထုတ်ဖော်ပြသခဲ့သည့် အင်အားသည် အလွန်တရာဝင့်ကြွားလွန်းကာ သူ၏အသက်နှင့် လုံးဝမကိုက်ညီချေ။

အခြားသူများ သိရှိသွားခဲ့လျှင် ပြဿနာများစွာကို ဆောင်ကြဉ်းလာနိုင်ပေသည်။ ဤအခြေအနေ၌ လင်းဇီချန်သည် သူ၏သရုပ်သကန်အား သာမန်ပါရမီကောင်းမွန်သူတစ်ဦးအဖြစ်သာ ထိန်းသိမ်းထားလိုသည်။ ဤနည်းဖြင့် အထူးအခွင့်အရေးအချို့ရရှိနိုင်ပြီး အခြေခံပညာရေးလမ်းကြောင်းတွင်လည်း ဝေဖန်တိုက်ခိုက်မှုအချို့ကို အတော်အသင့်လက်ခံယူကာ မိဘများကိုလည်း ဂုဏ်ယူဝံ့ကြွားစေနိုင်ပေသည်။

ထိုမျှဖြင့် လုံလောက်၏။ ထိုထက်ပိုလာခဲ့ရန် မသင့်တော်ပေ။ သို့မဟုတ်ပါက သူ၏လက်ရှိ ဘဝစည်းချက်ကို ပြိုကွဲပျက်စီးစေနိုင်သည်။ အေးချမ်းတိတ်ဆိတ်စွာ ဆင့်ကဲတိုးတက်နိုင်တော့မည် မဟုတ်ပေ။

…

အိမ်ပြန်ရောက်ခဲ့ပြီး ညစာစားပြီးနောက် လင်းဇီချန်သည် ဘာမျှမလုပ်ဘဲ TVရှေ့တွင်ထိုင်၍ ညနေခင်းသတင်းအစီအစဉ်ကို စောင့်နေခဲ့သည်။ လုံခြုံရေးအဖွဲ့သည် ကျွမ်းကျင်စွာကိုင်တွယ်၍ လမ်းကြားထဲတွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို သတင်းထုတ်ပြန်ရန် မျှော်လင့်မိ၏။

၁၀မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ နောက်ဆုံးတွင်တော့ လင်းဇီချန် စိတ်အားထက်သန်စွာ စောင့်စားနေခဲ့သည့် နေ့လည်ခင်းအချိန် လမ်းကြားထဲတွင် ဧရာမသန္ဓေပြောင်းကြွက်ထွက်ပေါ်လာခြင်းသတင်းကို ထုတ်ပြန်လာခဲ့သည်။

ရုပ်သံထုတ်လွှင့်သည့်အကြောင်းရာသည် လင်းဇီချန်‌ မျှော်လင့်ထားသည်ထက် ပို၍အသေးစိတ်ကျ၏။ ရှုထောင့်နှစ်ခုမှ ရိုက်ကူးထားသည့် ဗွီဒီယိုများကို ပြသခဲ့သည်။ တစ်ခုမှာ တတိယလူမှ ဒရုန်းဖြင့် အထက်စီးမှ ရိုက်ကူးထားသည့် ရှုထောင့်ဖြစ်သည်။ နောက်တစ်ခုမှာ စက်ဖြင့်ပြုပြင်မွမ်းမံလူသားမှ မျက်နှာချင်းဆိုင်အနေအထားဖြင့် သန္ဓေပြောင်းကြွက်နှင့် လုံးထွေးသတ်ပုတ်နေချိန်တွင် ရိုက်ကူးထားခဲ့သည့် အနီးကပ်ရှုထောင့်ဖြစ်သည်။

လင်းဇီချန်သည် ရှုထောင့်နှစ်ခုလုံး၏ ဗွီဒီယိုများကိုကြည့်ရှုခဲ့သည်။ စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် လက်ဦးမှုရယူ၍ စတင်တိုက်ခိုက်ခြင်းကို တော်ရုံမပြုလုပ်ဘဲ သန္ဓေပြောင်းကြွက်နှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထား၏။ သန္ဓေပြောင်းကြွက်၏ တိုက်ခိုက်မှုဧရိယာအတွင်းသို့ ဝင်ရောက်မသွားသကဲ့သို့ သန္ဓေပြောင်းကြွက်ကိုလည်း ခရမ်းပြာရောင်မီးခိုးထုအတွင်းမှ ထွက်ခွာခွင့်မပေးချေ။

ခဏအကြာ၌ မူလက လျင်မြန်သွက်လက်စွာ လှုပ်ရှားနေခဲ့သော သန္ဓေပြောင်းကြွက်သည် မေ့ဆေးထိုးသွင်းခံထားရသည့်အလား သိသိသာသာ နှေးကွေးစပြုလာသည်။ ခရမ်းပြာရောင်မီးခိုးငွေ့များသည် သန္ဓေပြောင်းကြွက်၏ တိုက်ခိုက်ဖျက်ဆီးစွမ်းအင်ကို အားနည်းစေနိုင်သည်မှာ ရှင်းလင်းသွားလေပြီ။

သန္ဓေပြောင်းကြွက်၏ တိုက်ခိုက်ချေမှုန်းစွမ်းအင် လုံလုံလောက်လောက် အားနည်းသွားသောအခါ စက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ လက်မောင်းများမှ ထက်ရှသောဓားသွားများ ထွက်ပေါ်လာပြီး သန္ဓေပြောင်းကြွက်နှင့် အပြင်းအထန် စတင်တိုက်ခိုက်သတ်ပုတ်တော့သည်။

ထိုတိုက်ပွဲသည် ၇မိနစ်နီးပါးခန့်ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင်တော့ သန္ဓေပြောင်းကြွက်သည် လည်မျိုသို့ဓားချက်ထိမှန်ပြီး ငြိမ်ကျသွားရကာ နှလုံးသည်လည်း ထိုးဖောက်ခံလိုက်ရပြီး မြေပြင်သို့လဲကျသွားလျက် အသက်ငင်နေတော့သည်။

“ဒီစက်ဖြင့်ပြုပြင်မွမ်းမံလူသားရဲ့အဆင့်က အရမ်းမမြင့်လောက်ဘူး”

ဗွီဒီယိုကိုကြည့်ပြီးနောက် လင်းဇီချန် ကောက်ချက်ချလိုက်သည်။ လင်းဇီချန်သည် မြေပြင်တစ်ခွင်လုံးကို ဖုံးလွှမ်းနိုင်စွမ်းသည့် ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ လေဆာဖြင့်သုတ်သင်ရှင်းလင်းခြင်းနှင့် လက်ဖျားခါလောက်အောင် အံ့ချီးဖွယ်ကောင်း၍ ပြင်းထန်သည့် တိုက်ခိုက်ဖျက်ဆီးစွမ်းအင်ကို အသုံးပြုကြသော စက်ဖြင့်ပြုပြင်မွမ်းမံလူသားများ၏ ဗွီဒီယိုမြောက်များစွာကို ကြည့်ရှုခဲ့ဖူးသည်။

ယခု သတင်းတွင်မြင်တွေ့ရသည့် စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် ရန်သူအား အဆိပ်ခတ်သည့်နည်းလမ်းအပေါ် အမှီပြု၍ ဖြေးဖြေးချင်း ဖိနှိပ်ခြင်းဖြစ်ရာ လုပ်ဆောင်မှုစွမ်းရည် နိမ့်ပါးသည့်အသွင်အပြင်ဖြစ်၏။

လင်းဇီချန် တွေးတောနေစဉ် ထမင်းစားပွဲကိုရှင်းလင်းပြီး ပန်းကန်များဆေးကြောပြီးသည့် မိဘများသည်လည်း ဧည့်ခန်းထဲသို့လာထိုင်ကြသည်။ လင်းဇီချန်၏မိဘများသည် သတင်းကိုမြင်သောအခါ အံ့အားသင့်ကုန်ကြ၏။

“ဘာတွေဖြစ်နေတာလဲ? အဲဒါက ဆာကူရာပင်လယ်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ သန္ဓေပြောင်းကြွက်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီး ငါတို့နိုင်ငံမှာလည်းရှိနေရတာလဲ”

ကျန်းဝမ်ရှင်းမှ စိုးထိတ်စွာပြောသည်။

လင်းယန်ရှန်းသည် မျက်မှောင်ကြုတ်လျက် လင်းဇီချန်သို့ လှည့်လာပြီးပြော၏။

“ဇီချန် အခုကစပြီး ကျောင်းကို ကိုယ့်ဘာကိုယ် လမ်းလျှောက်ပြီး အသွားအပြန်မလုပ်နဲ့တော့။ အဖေ ကျောင်းအကြိုအပို့လုပ်ပေးမယ်”

လင်းယန်ရှန်း၏ စကားဆုံးသည်နှင့် ကျန်းဝမ်ရှင်းမှ ကြားဝင်ပြောလာသည်။

“မလိုတော့ဘူး။ ကျောင်းကနေ စာပို့လာတယ်။ မြို့ဟောင်းဧရိယာမှာ သန္ဓေပြောင်းကြွက်ထွက်ပေါ်လာတဲ့ကိစ္စကြောင့် အတန်းတွေကို လဝက်ကြာ ဆိုင်းငံ့ထားမယ်တဲ့”

လဝက်ဆိုင်းငံ့မယ်?

ထိုသတင်းကြောင့် လင်းဇီချန် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ သန္ဓေပြောင်းကြွက် ထွက်ပေါ်လာခြင်းသည် ရိုးရှင်းသည့်ကိစ္စရပ်တစ်ခု မဖြစ်နိုင်ကြောင်း လင်းဇီချန် ခံစားမိသည်ဖြစ်၏။ မြို့ဟောင်းဧရိယာနှင့် အခြားအနီးတစ်ဝိုက်ဧရိယာများတွင် နောက်ထပ် သန္ဓေပြောင်းကြွက်များ အများအပြားရှိနေနိုင်ပေသည်။

သို့မဟုတ်ပါက ရုတ်တရက်ကြီး အတန်းဆိုင်းငံ့ခြင်းကို ထိုမျှအချိန်ကြာမြင့်သည်အထိ သတ်မှတ်လိမ့်မည် မဟုတ်ပေ။ လင်းဇီချန် စေ့စေ့စပ်စပ် စဉ်းစားကြည့်နေခဲ့သည်။ လမ်းကြားထဲတွင် ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်သည် တစ်ခုခု မူမမှန်နေကြောင်းလည်း နားလည်လိုက်ရ၏။

စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် အရမ်းမြန်မြန်ဆန်ဆန်ကြီးရောက်လာခဲ့၏။ သန္ဓေပြောင်းကြွက် ရောက်ရှိလာရုံမျှသာရှိသေးသည့်အချိန်တွင် စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် စုံစမ်းစစ်ဆေးရန်အတွက် ရောက်ရှိလာခဲ့သည့်အလားပင်။

မြို့ဟောင်းဧရိယာထဲတွင် သန္ဓေပြောင်းကြွက်ရှိနေကြောင်းကို သိရှိနေသည်ကဲ့သို့ သို့တည်းမဟုတ် သန္ဓေပြောင်းကြွက်ကို တစ်လျှောက်လုံးခြေရာခံ၍ လိုက်လံရှာဖွေနေခဲ့ခြင်းကြောင့် အခင်းနေရာကို ကိုင်တွယ်ရန် ထိုမျှလျင်မြန်စွာ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ထားပါလေ။ အဲဒါတွေက ငါစိုးရိမ်နေရမယ့်ကိစ္စမှ မဟုတ်တာပဲ။

ထိုသို့အတွေးဖြင့် လင်းဇီချန်သည် ဧည့်ခန်းမှထွက်ခွာ၍ သန္ဓေပြောင်းကြွက်များ၏ သတင်းအချက်အလက်များကို ကွန်ပျူတာဖြင့်ရှာဖွေရန်အတွက် မိဘများ၏အလုပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ အရွယ်ရောက်ပြီးသော သန္ဓေပြောင်းကြွက်သည် သုံးမီတာအရွယ်အစားအထိ ကြီးပြင်းနိုင်ကြောင်း သိရှိခဲ့ရသည်။ အရွယ်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏‌ေသွးမျိုးဆက်အဆင့်သည် ပျမ်းမျှအားဖြင့် သာမန်အဆင့်၅ဖြစ်သည်။

သာမန်အဆင့်၅လား?

ကံကောင်းလို့ နေ့လည်က သန္ဓေပြောင်းကြွက်နဲ့တွေ့တဲ့အချိန် ပထမဆုံးအာရုံခံစားမိတာက ထွက်ပြေးဖို့ဖြစ်ပြီး ရူးရူးနှမ်းနှမ်းနဲ့ တိုက်ခိုက်ဖို့မဟုတ်လို့သာပေါ့။ မဟုတ်လို့ကတော့ ငါ့ခေါင်းလည်း ကိုက်ဖြဲခံလိုက်ရလောက်ပြီ…

လင်းဇီချန် စိတ်သက်သာရာရသွား၏။

‘မဟုတ်သေးဘူး။ ငါလုံလုံလောက်လောက် ကြိုးစားမလေ့ကျင့်သေးဘူး။ ငါလေ့ကျင့်ခန်းလုပ်တာကို ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့လိုတယ်”

လင်းဇီချန် တစ်ဖန်ပြန်၍ စိတ်လောလာခဲ့သည်။ အပေါ်ထပ်ရှိ သူ၏အခန်းတွင် ညဘက်လေ့ကျင့်ခန်းအား ပြင်းပြင်းထန်ထန်လုပ်ဆောင်ရန်အတွက် မိဘများ၏အလုပ်ခန်းမှ ပြန်ထွက်လာခဲ့သည်။

(အလေးချိန်နှင့်ဒိုက်ထိုးလေ့ကျင့်ခန်းကို လုပ်ဆောင်နေပါတယ်။

ချီသွေး +၂၊ လက်မောင်းကြွက်သားသန်မာမှု +၂၊ ရင်အုပ်ကြွက်သားသန်မာမှု +၂၊ ကျွမ်းကျင်မှု +၂)

(အလေးချိန်နှင့်squatsထိုင်နေပါသည်။

ချီသွေး +၂၊ ခြေထောက်ကြွက်သားသန်မာမှု +၂၊ ကျွမ်းကျင်မှု +၂)

(အလေးချိန်နှင့် အိပ်ထမတင်လုပ်နေပါသည်။

ချီသွေး +၂၊ ဝမ်းဗိုက်ကြွက်သားသန်မာမှု +၂)

…

အချိန်များစွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ တစ်လတာကုန်ဆုံးသွားခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်လည်း ၉နှစ်ပြည့်မွေးနေ့သို့ နီးကပ်လာခဲ့လေပြီ။ တိတိကျကျဆိုရသော် ရှန်ချင်းဟန်၏မွေးနေ့ဖြစ်၏။

သူတို့နှစ်ဦး၏မွေးနေ့သည် တစ်ရက်သာ ကွာခြားလေရာ နှစ်ဦးလုံး၏မိဘများသည် သူတို့၏မွေးနေ့အား တစ်နှစ်တစ်ကြိမ် အလှည့်ကျကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤနည်းဖြင့် ကလေးနှစ်ဦးသည် မွေးနေ့တိုင်းကို အတူတကွကျင်းပနိုင်ပေမည်။

လွန်ခဲ့သည့်နှစ်က လင်းဇီချန်၏မွေးနေ့တွင် ကျင်းပခဲ့သောကြောင့် ဤနှစ်သည် ရှန်ချင်းဟန်၏အလှည့်ဖြစ်သည်။ ညနေခင်း၌ မိသားစုနှစ်စုသည် မွေးနေ့ပွဲကျင်းပရန် ရှန်ချင်းဟန်၏အိမ်တွင် စုဝေးကြသည်။ မွေးနေ့ရှင်ကလေးနှစ်ဦးသည် ‌ေမွေးနေ့လက်ဆောင်များကို သေချာဂရုထား၍ အပြန်အလှန်ပြင်ဆင်ထားကြသည်။

လင်းဇီချန် စာဖတ်ခြင်းအား သဘောကျသည်ကို သိသောကြောင့် ရှန်ချင်းဟန်သည် လင်းဇီချန်အတွက် စက်ဖြင့်ပြုပြင်မွမ်းမံလူသားများ၊ မျိုးရိုးဗီဇပေါင်းစပ်လူများ၊ ထူးခြားဆန်းပြားသားရဲများအကြောင်း ပါဝင်သည့်စာအုပ်ကို လက်ဆောင်ပေးခဲ့သည်။

လင်းဇီချန်သည် ရှန်ချင်းဟန်ကို သူကိုယ်တိုင်ပြုလုပ်ထားသည့် ဆံထိုးလေးကို ပေးခဲ့သည်။ သန့်စင်သောသစ်သားကို လက်ဖြင့်ထွင်းထုပုံဖော်၍ အရောင်တင်ထား၏။ ရှန်ချင်းဟန်၏အမည်နှင့် သူမ,နှစ်ခြိုက်သည့် ဒုဓလီပန်းလေးကို ထွင်းထုပေးထားသည်မှာ အလွန်သိမ်မွေ့လှပေသည်။

“ရှောင်ချန် ဆံထိုးက အရမ်းလှတာပဲ။ ငါကြိုက်တယ်”

ရှန်ချင်းဟန်သည် လင်းဇီချန်ကိုယ်တိုင်ပြုလုပ်ပေးသည့်လက်ဆောင်ကို ရရှိမည်ဟု မျှော်လင့်မထားခဲ့သောကြောင့် အလွန်အံ့အားသင့်နေသည်။

သူမသည် မှန်ရှေ့သို့သွား၍ ဆံထိုးကိုပန်ကြည့်လိုက်သည်။ ပျော်ရွှင်မှုကြောင့် ပြုံးရယ်လိုက်သောအခါ ပို၍ထင်ပေါ်လှပသွား၏။ သူမ လက်ဆောင်ပေးခဲ့သည့် စာအုပ်မှာ နှိုင်းယှဉ်ကြည့်လိုက်ပါက အနည်းငယ်ပေါ့ပျက်သည်ဟုပင် ခံစားမိရလေသည်။

ကိုယ်တိုင်ပြုလုပ်ထားသောလက်ဆောင်သည် ငွေပေးဝယ်ခဲ့သည့်လက်ဆောင်ထက် ပို၍အဓိပ္ပာယ်ပြည့်ဝကာ တန်ဖိုးကြီးမားသည် မဟုတ်ပါလော။

“ရှောင်ချန် ငါတို့တွေ နှစ်တိုင်းရဲ့မွေးနေ့တိုင်းမှာ အချင်းချင်း ကိုယ်တိုင်လုပ်လက်ဆောင်တွေပဲပေးဖို့ သဘောတူညီချက်လုပ်ကြမလား”

ရှန်ချင်းဟန်မှ လင်းဇီချန်ကို အကြံပြုသည်။

လင်းဇီချန်မှ ပြုံးလျက်တုံ့ပြန်၏

“ရတာပေါ့”

“ရှောင်ချန် သား သစ်သားလက်မှုအတတ်ကို ဘယ်မှာသင်ခဲ့တာလဲ၊ ဘာလို့ အမေ မသိရတာလဲ”

ကျန်းဝမ်ရှင်းသည် ရှန်ချင်းဟန်၏ဦးခေါင်းထက်မှ ဆံထိုးလှလှလေးကိုကြည့်၍ မနာလိုသည့်ခံစားချက်ကို ခံစားလိုက်ရ၏။

လင်းဇီချန် ရှင်းပြသည်.

“ကျွန်တော်က များသောအားဖြင့် အခန်းထဲမှာပဲနေပြီး အပြင်သိပ်မထွက်ဘူးလေ။ အဲဒီအခန်းထဲမှာ နေတဲ့အချိန်တွေမှာ လက်မှုအတတ်နဲ့ အချိန်ဖြုန်းနေတတ်တာကြောင့်ပါ”

၎င်းမှာ အလိမ်အညာဖြစ်ပါ၏။ သူ၏အခန်းထဲတွင်နေထိုင်သည့်အချိန်အများစုကို ပြင်းထန်သည့်ခန္ဓာကိုယ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ကုန်ဆုံးတတ်ပေသည်။ သစ်သားလက်မှုအတတ်မှာ လွန်ခဲ့သည့်တစ်ပတ်က ကြုံရာအွန်လိုင်းဗွီဒီယိုတစ်ခုကို ကြည့်မိရာမှ အာရုံစိုက်မိသွားခဲ့ပြီး သင်ယူခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ‘နတ်ဘုရားဥာဏ်ပညာ’၏အကျိုးသက်ရောက်မှုအင်အား ဖြစ်ပေသည်။

“အမေ ကျွန်တော် အမေ့အတွက်လည်း သစ်သားဆံထိုးလေးလုပ်ထားပေးတယ်။ မွေးနေ့ပွဲပြီးလို့ အိမ်ပြန်ရောက်ရင် အမေ့ကို အံ့အားသင့်စရာလေးပေးမယ်”

လင်းဇီချန်သည် မိခင်ဖြစ်သူ၏ခါးသက်သွားသည့်စိတ်အစဉ်ကို သတိထားမိသောကြောင့် တီးတိုးပြောလိုက်သည်။ ထိုစကားကြောင့် ကျန်းဝမ်ရှင်း၏စိတ်နှလုံးမှ ခါးသက်သည့်ခံစားချက်များ ပျောက်ကွယ်သွားကာ ချိုမြိန်သည့်အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူမ၏အဖိုးတန်သားလေးသည် မိခင်ဖြစ်သူအား မည်သို့မည်ပုံ ချီးမြှောက်ရမည်ကို ကောင်းကောင်းသိပေသည်။

…

မွေးနေ့ပွဲပြီးနောက် လင်းဇီချန် အိမ်ပြန်ရောက်ခဲ့သည်။ ထို့နောက် အခန်းမီးများကိုပိတ်၍ လဲလျောင်းနေ၏။ အိပ်စက်ရန်မူ အလျင်မလိုပေ။ ပြတင်းပေါက်မှ တိုးဝင်ဖြာကျလာသည့် လရောင်ဝိုးတဝါးအောက်တွင် မျက်နှာကြက်ကိုငေးစိုက်ကြည့်ရင်းဖြင့် အတွေးထဲနစ်မြောနေသည်။

လင်းဇီချန်သည် လွန်ခဲ့သည့်လက သန္ဓေပြောင်းကြွက် အဖြစ်အပျက်အကြောင်းကို စုံစမ်းနေဆဲဖြစ်၏။ ထိုကဲ့သို့သောသတ္တဝါသည် အဘယ်အကြောင်းကြောင့် မြို့ဟောင်းဧရိယာထဲတွင် ရုတ်တရက်ထွက်ပေါ်လာရသည်ကို သိချင်နေခဲ့သည်။

သို့သော် တာဝန်ရှိသူများသည် ယခုထိတိုင် ရှင်းလင်းပြတ်သားသည့် ရှင်းလင်းဖော်ပြချက် မပေးကြသေးချေ။ ထို့ကြောင့် ပဟေဠိအဖြစ် ကျန်ရှိနေလေသည်။ ကံကောင်းထောက်မစွာဖြင့် သန္ဓေပြောင်းကြွက်သည် တစ်ကြိမ်သာထွက်ပေါ်လာခဲ့ပြီး နောက်တစ်ကြိမ် မမြင်တွေ့ရတော့လေရာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“သန္ဓေပြောင်းကြွက်ထွက်ပေါ်လာတဲ့အဖြစ်အပျက်က မတော်တဆမှုတစ်ခုပဲဖြစ်ပြီး လျှို့ဝှက်ကြံစည်မှုတစ်ခုခုမဟုတ်ဖို့ မျှော်လင့်ပါတယ်”

ဤကမ္ဘာသည် သူ၏အရင်ဘဝကဲ့သို့ မအေးချမ်းပေ။ အပြင်ဘက်၌ ထူးခြားဆန်းပြားသားရဲကြီးများ စောင့်ဆိုင်းတည်ရှိနေပြီး မိစ္ဆာဒိဌိဂိုဏ်းသည် ပြဿနာများဆောင်ကြဉ်းလာနေသည်။ သို့ဖြစ်ရာ လင်းဇီချန်အနေဖြင့် စိုးရိမ်ပူပန်မှုမထားရှိရန် ခက်ခဲလှသည်။

အပိုင်း ၁၄

မူလတန်းကျောင်းပြီးဆုံးခြင်း

မူလတန်းကျောင်း၆နှစ်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ သတိမထားမိလိုက်မီ၌ပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် မူလတန်းကျောင်းပြီးဆုံးသွားခဲ့လေပြီ။ ကျောင်းပြီးဆုံးခြင်းအခမ်းအနားတွင် မိသားစုနှစ်စုသည် ကလေးနှစ်ယောက် သူငယ်တန်းကျောင်းပြီးဆုံးခဲ့သည့်အချိန်ကအတိုင်းပင် အတူတကွအုပ်စုလိုက်ဓာတ်ပုံရိုက်ခဲ့ကြသည်။

တစ်ခုတည်းသောကွာခြားချက်မှာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လွန်ခဲ့သည်၆နှစ်ကထက် များစွာပို၍ ကြီးပြင်းလာကြခြင်းဖြစ်သည်။ ကလေးဆန်စွာ အပြစ်ကင်းစင်သည့် မျက်နှာသွင်ပြင်အစား ဆယ်ကျော်သက်အရွယ်၏ အားမာန်တက်ကြွမှုများ အစားထိုးဝင်ရောက်လာသည်။

“ဟန်ဟန် သမီးလေးက ဘယ်လိုတောင် ဒီလိုလှလှပပကြီးပြင်းလာနိုင်ရတာလဲနော်။ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးလှလာလိုက်တာ အန်တီရှင်းရဲ့နှလုံးသားကို အရည်ပျော်အောင်လုပ်နေတော့တာပဲ”

ကျန်းဝမ်ရှင်းသည် သူမ၏ပခုံးထက်ကျော်အောင် အရပ်ရှည်နေပြီဖြစ်သည့် ရှန်ချင်းဟန်ကို မိခင်မေတ္တာလွှမ်းသောအကြည့်တို့ဖြင့် ကြည့်နေသည်။ ရှန်ချင်းဟန်သည် သူမ၏သမီးအရင်းအချာမဟုတ်သော်ငြား ရှန်ချင်းဟန် ငယ်ရွယ်စဉ်တည်းကပင် သူမ၏သမီးအဖြစ် သတ်မှတ်ထားခဲ့သည်။

လင်းယန်ရှန်းသည်လည်း သူ၏စိတ်ခံစားချက်များကို ထုတ်ဖော်ပြောလာသည်။

“အခုခေတ်ကလေးတွေက ကြီးပြင်းတာအရမ်းမြန်တာပဲ။ သူတို့က အခုမှ အသက်၁၂နှစ်အရွယ် ၆တန်းကလေးလေးတွေပဲရှိသေးတာကို လူကြီးတွေနီးပါး အရပ်ရှည်နေကြပြီ”

လင်းယန်ရှန်သည် လင်းဇီချန်ကို အဓိကရည်ရွယ်ပြောခြင်းဖြစ်သည်။ လက်ရှိတွင် လင်းဇီချန်သည် ကျန်းဝမ်ရှင်းနီးပါးခန့် အရပ်မြင့်နေပြီဖြစ်ရာ အရပ်အမြင့်သည် ၁၆၀စင်တီခန့်ရှိလောက်ပေမည်။

သို့သော် ၎င်းအရပ်အမြင့်ရှိလူငယ်သည် မူလတန်းကျောင်းပြီးဆုံးရုံမျှသော အရွယ်ဖြစ်လေသည်။

ဤနှုန်းအတိုင်း အလယ်တန်းနှင့်အထက်တန်းများတွင် ဆက်လက်ကြီးပြင်းလာခဲ့လျှင် နောက်ထပ်၆နှစ်ကြာမြင့်ပြီးနောက်တွင် အနည်းဆုံးအရပ်အမြင့်သည် ၁၈၀စင်တီဖြစ်လောက်ပေမည်။

လင်းယန်ရှန်း၏ခေတ်အခါဖြစ်ပါက ထိုမျှအရပ်အမြင့်သည် အတန်းထဲတွင် အရပ်အမြင့်ဆုံးဖြစ်နိုင်ပေသည်။

တစ်ဖက်၌ ရှန်ကျင်းယယ့်နှင့် ရွှီမုန့်တို့သည်လည်း ကလေးနှစ်ယောက် မည်မျှမြန်ဆန်စွာ ကြီးပြင်းလာကြောင်းကို အံ့အားသင့်မိကြောင်း ပြောဆိုနေကြသည်။

ရွှီမုန့်မှ ပြုံးလျက်ပြောသည်။

“ကျွန်မတို့ရှေ့က ကလေးနှစ်ယောက်ကိုကြည့်ပါဦး၊ ကလေးပိစိလေးတွေအဖြစ်ရှိနေခဲ့တာ မနေ့တနေ့က လိုပဲကို ဒီနေ့သတိထားမိလိုက်တော့ ရုတ်တရက်ကြီး လူကြီးပေါက်စလေးတွေဖြစ်ကုန်ကြပြီ”

“အင်း အချိန်ကုန်တာ အရမ်းမြန်တယ်”

အံ့အားသင့်မိသောခံစားချက်နှင့်အတူ ရှန်ကျင်းယယ့်သည် ရွှီမုန့်၏ခါးလေးကို အသာပွေ့ဖက်လိုက်သည်။

“ရှောင်ချန် ဟန်ဟန် မင်းတို့နှစ်ယောက် နည်းနည်းပိုကပ်ပေးလို့ရမလား”

ကျန်းဝမ်ရှင်းသည် SLRကင်မရာကိုကိုင်လျက် သူမ၏ရှေ့ရှိ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို လှမ်းအော်ပြောသည်။

ကျန်းဝမ်ရှင်း၏စကားကိုကြားသောအခါ ရှန်ချင်းဟန်သည် လင်းဇီချန်ကို သူမနှင့်နီးကပ်သွားစေရန် ဆွဲခေါ်လိုက်သည်။ သို့ဖြင့် နှစ်ဦးသည် လက်ချင်းထိကပ်လုမတတ် ဘေးချင်းယှဉ်၍ ရပ်နေခဲ့ကြသည်။

“ရယ်ဒီ ချိစ်”

ကျန်းဝမ်ရှင်း၏ တိုင်ပင်ခေါ်သံနှင့်အတူ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ရေးဟုလက်ဟန်အမူအရာပြုလုပ်ကြကာ ပြုံးရယ်နေသောမျက်နှာလေးများမှာ သုံးပုံသည် ကလေးဆန်သောအငွေ့အသက်ဖြင့် ၇ပုံသည် ဆယ်ကျော်သက်အရွယ်၏ အနေခက်မှုအငွေ့အသက်များ ထင်ဟပ်နေသည်။

ဓာတ်ပုံ၁၀ပုံကျော်ခန့် ရိုက်ကူးပြီးနောက်၌ ကျန်းဝမ်ရှင်းသည် နောက်ဆုံးတွင်တော့ ကလေးနှစ်ယောက်ကို ထွက်သွားခွင့်ပြုလိုက်ပြီး ကျန်မိဘသုံးဦးဘက်သို့လှည့်၍ သူမ၏ ဓာတ်ပုံရိုက်ကူးမှုစွမ်းရည်များကို ပြသနေပေသည်။

ထို့နောက်တွင်မူ ‘ဓာတ်ပုံရိုက်တာ အရမ်းတော်တာပဲ'ဟူသော မြှောက်ပင့်စကားတွင် လုံးဝနစ်မြောသွားခဲ့ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပီတိဖြာနေတော့သည်။

“ရှောင်ချန် နင်အရမ်းထွားလာတာပဲ။ ငါတို့လေးတန်းတက်တဲ့အချိန် လွန်ခဲ့တဲ့၂နှစ်ကတောင် ငါတို့‌နှစ်‌ယောက်က အရပ်အတူတူပဲကို။ အခုတော့ နင်က ငါ့ထက် ခေါင်းတစ်ဝက်စာလောက် ပိုရှည်နေပြီ”

ရှန်ချင်းဟန်သည် လင်းဇီချန်၏ရှေ့တွင်ရပ်၍ အနည်းငယ်ခြေဖျားထောက်လျက် အရပ်တိုင်းနေသည်။ သူမသည် လင်းဇီချန်ထက် ဦးခေါင်းတစ်ဝက်စာခန့် အရပ်နိမ့်နေသည်ကို သိလိုက်ရသောအခါ အနည်းငယ်စိတ်ပျက်သွား၏။

လင်းဇီချန်သည် သူမ၏ခေါင်းလေးကို ခပ်ဖွဖွပုတ်၍ ပြုံးရယ်လျက် စနောက်၏။

“ဘာမှမဖြစ်ပါဘူး။ နောက်၃နှစ်လောက်ဆိုရင် ငါနင့်ထက် ခေါင်းတစ်လုံးစာလောက် အရပ်မြင့်နေတော့မှာ။ နောက်ထပ်သုံးနှစ်‌ကျရင်တော့ ခေါင်းတစ်လုံးနဲ့တစ်ဝက်ပေါ့”

“ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေနဲ့”

ရှန်ချင်းဟန်သည် သူမ၏နှင်းဆီနှုတ်ခမ်းလေးများကိုစူ၍ ခပ်ဆောင့်ဆောင့်ပြောသည်။

“ဘယ်သူသိမှာလဲ အလယ်တန်းကျရင် ငါတို့သုံးတန်းတုန်းကလိုမျိုး ငါကနင့်ထက် နည်းနည်းပိုရှည်သွားနိုင်တာပဲ”

လင်းဇီချန်သည် မည်သည့်စကားမျှမဆိုဘဲ ရှန်ချင်းဟန်ကို ပြုံးလျက် ငုံ့ကြည့်နေသည်။ အသက်၁၂နှစ်အရွယ် ရှန်ချင်းဟန်ကိုကြည့်နေရင်းဖြင့် သမီးငယ်လေး ကြီးပြင်းလာသည်ကို စောင့်ကြည့်နေရသည့် အဖေအိုကြီးကဲ့သို့ လင်းဇီချန် ရုတ်တရက်ခံစားမိလိုက်လေသည်။

တစ်ချိန်က တစ်ခစ်ခစ်ရယ်မောတတ်သော စကားမပီသော ကလေးမလေး၊ ခုန်‌ပေါက်နေ‌တတ်သော ကလေးမလေးသည် အသံချိုချိုလေးဖြင့် မိန်းမငယ်လေးအဖြစ် ကြီးပြင်းလာခဲ့သည်။

သူမသည် ဖျတ်လတ်တက်ကြွသော စိတ်အားထက်သန်သော ဘီလုံးငှက်ပေါက်လေးအလားပင်။

“နင်ဘာလို့ငါ့ကို အဲ့လိုကြီးစိုက်ကြည့်နေတာလဲ”

ရှန်ချင်းဟန်သည် မျက်လုံးကြည်ကြည်တောက်တောက်ကြီးများဖြင့် လင်းဇီချန်၏မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းနေသည်။လင်းဇီချန် ရယ်မောလျက်ပြော၏။

“ဘာမှမဟုတ်ပါဘူး”

ရှန်ချင်းဟန် ကျီစယ်စနောက်လျက် ပြန်ပြောသည်။

“ငါက အရမ်းလှတာပဲလို့တွေးနေတာမလား ဟုတ်တယ်မလား”

“ဟန်ဟန် နင်တကယ် အရမ်းလှလှ‌ပပကြီးပြင်းလာတာပဲ”

လင်းဇီချန် ရိုးရိုးသားသားခေါင်းညိတ်၏။

လင်းဇီချန်သည် ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်းဖြေလာလိမ့်မည်ဟု ရှန်ချင်းဟန် မျှော်လင့်မထားခဲ့ပေ။ ရုတ်ချည်း မျက်နှာနီးမြန်းသွားကာ အမြန်အကြည့်လွှဲ၍ ပြော၏။

“ငါလှတယ်ထင်ရင်လည်း နည်းနည်းလောက်ထပ်ကြည့်နေလိုက်ပေါ့”

လင်းဇီချန်သည် ပြုံးသာပြုံးနေလျက် ရှက်ရွံ့မှုဖြင့်နီမြန်းသွားသည့် ကလေးမလေးမှာ မည်မျှရိုးစင်းလိုက်သနည်းဟု စိတ်ထဲမှတွေးလိုက်သည်။ သူမသည် အမှန်တကယ်ကြီးပြင်းလာခဲ့ပြီး ပျိုဖော်ဝင်ချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

…

ကျောင်းပြီးဆုံးခြင်းအခမ်းအနား ပြီးဆုံးချိန်သို့ ရောက်ရှိခဲ့လေပြီ။ မိသားစုနှစ်စုသည် လုပ်မြဲအတိုင်းပင် ညစာစားပွဲကျင်းပရန် အနီးဝန်းကျင်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေလိုက်သည်။ သို့သော်ငြား သူငယ်တန်းကျောင်းပြီးဆုံးချိန်နှင့် ကွာခြားစွာ စားသောက်ဆိုင်၏ သီးသန့်အခန်းတွင် မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးများစွာလည်း ရှိနေခဲ့သည်။

ထိုသူများမှာ ရှန့်ဟိုင်မြို့ရှိ မြောက်များစွာသော ‌အမည်ကျော်ကြားသည့် အထက်တန်းကျောင်းများ၏ ကျောင်းအုပ်များဖြစ်ကြသည်။ လင်းဇီချန်အား သူတို့၏ကျောင်းတွင် အမည်စာရင်းသွင်းရန် လူကိုယ်တိုင်လာရောက် ဆွဲဆောင်ကြခြင်းဖြစ်သည်။

သူတို့ကို မည်သူမျှ မဖိတ်ကြားထား‌ပါချေ။သူတို့သည် သီးသန့်အခန်းထဲသို့ဝင်ခွင့်ပြုရန် စွဲစွဲမြဲမြဲတောင်းဆိုခဲ့ကြခြင်းဖြစ်၏။ ၎င်းမှာ ရိုင်းပျစွာပြုမူလိုခြင်း မဟုတ်ပါချေ။ အပြစ်တင်ရမည်ဆိုပါက လွန်ခဲ့သည့်၆နှစ်တာအတွင်း ထူးကဲပြောင်မြောက်စွာ လုပ်ဆောင်ခဲ့သည့် လင်းဇီချန်ကိုသာ အပြစ်ဆိုရပေမည်။

လင်းဇီချန်သည် မြို့တစ်ခုလုံး၏ ဆုအားလုံးနီးပါးကို သိမ်းပိုက်ထားခဲ့သည်။ ထို့ပြင် ပထမနေရာကို ဘယ်သောအခါမျှ အလျှော့မပေးဘဲ သိမ်းပိုက်ထားပေသည်။

ထိုကဲ့သို့သော စူးရှတောက်ပသည့်အောင်မြင်မှုများသည် လင်းဇီချန်အား ရှန့်ဟိုင်မြို့သမိုင်းတွင် ပါရမီအထူးကဲ‌ဆုံးသော မူလတန်းကျောင်းသားတစ်ဦး ဖြစ်လာစေခဲ့သည်။ မြို့ထဲရှိ အထက်တန်းကျောင်းအုပ်အားလုံး၏အမြင်ကို ဖမ်းစားနိုင်သည့် ဆုလာဘ်တစ်ခုဖြစ်လာခဲ့သည်။

ကျောင်းအုပ်အများအပြား၏ သွေးဆောင်ဖျောင်းဖျမှုအောက်၌ လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့သည် အတော်အတန် ‌ဆွဲဆောင်ခံလိုက်ရ၏။ မည်သည့်ကျောင်း၏သတ်မှတ်ချက်များကို ဖတ်လိုက်သည်ဖြစ်စေ အလွန်တရာမက်မောဖွယ်ကောင်းနေလေရာ မိဘနှစ်ဦးမှာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေတော့သည်။

နောက်ဆုံးတွင်တော့ ကျန်းဝမ်ရှင်းသည် လင်းဇီချန်သို့လှည့်၍ နူးညံ့ညင်သာ‌စွာ မေးမြန်းလာသည်။

“ရှောင်ချန် ဂျူနီယာအထက်တန်းကို သား ဘယ်ကျောင်းမှာတက်ချင်လဲ”

“ကျွန်တော်က ဘယ်ကျောင်းဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဟန်ဟန် ဘယ်ကျောင်းတက်ချင်လဲအပေါ်ပဲ မူတည်တယ်”

လင်းဇီချန်သည် ဆုံးဖြတ်ချက်ချရမည့်တာဝန်အား ရှန်ချင်းဟန်သို့ လွှဲပြောင်းပေးလိုက်သည်။ ဂျူနီယာအထက်တန်းအား မည်သည့်ကျောင်းတွင် တက်ရမည်ဖြစ်စေ သူဂရုမစိုက်ပါချေ။ သူ၏စွမ်းဆောင်ရည်ဖြင့် မည်သည့်ကျောင်းတွင်ဖြစ်စေ လွှမ်းမိုးနိုင်စွမ်းရှိမည်ဟု ယုံကြည်ချက်ရှိပေသည်။

ဘေးတွင်ထိုင်နေသည့် ရှန်ကျန်းယယ့်နှင့်ရွှီမုန့်တို့မှာ အနည်းငယ်တွန့်ဆုတ်သွားရသည်။

ရှန်ချင်းဟန်သည်လည်း ရ‌လဒ်ကောင်းများ ပိုင်ဆိုင်ထားသူဖြစ်သည့်တိုင် မည်သည့်အထက်တန်းကျောင်းကိုမဆို လက်လှမ်းမီနိုင်သည်တော့ မဟုတ်ပါချေ။

အထူးသဖြင့် ဂုဏ်သတင်းကြီးမားသော အထက်တန်းကျောင်းအုပ်ကြီးတစ်ဦး၏ ကျောင်းတစ်ကျောင်းဆိုလျှင် ရှန်ချင်းဟန်အနေဖြင့် ခက်ခက်ခဲခဲဝင်ရောက်သွားနိုင်ခဲ့လျှင်သော်မှ အလွယ်တကူ တွန်းထုတ်ခံရနိုင်ပေသည်။

သို့သော် ယခု၌ လင်းဇီချန်၏ကျေးဇူးဖြင့် ရှန်ချင်းဟန်သည် မည်သည့်ကျောင်းမဆို ရွေးချယ်နိုင်သည့် အခွင့်ထူးကို ရရှိနိုင်ခဲ့လေရာ ရှန်ကျန်းယယ့်နှင့်ရွှီမုန့်တို့မှာ အတော်လေးခံစားမိသွားရသည်။

“ဝမ်ရှင်း ငါ့အထင်တော့ ရှောင်ချန်ကိုယ်တိုင်ပဲ ဆုံးဖြတ်တာကောင်းမယ်ထင်တယ်”

ရွှီမုန့်သည် ဆုံးဖြတ်ချက်ချရန်တာဝန်ကို ကျန်းဝမ်ရှင်းသို့ ပြန်လွှဲပေးသည်။ ရွှီမုန့်သည် မိမိ၏သမီးဖြစ်သူကို ဆုံးဖြတ်ချက်ချခိုင်းခြင်းမှာ အလွန်ဖိစီးမှုကြီးမားပြီး သူမ၏မိသားစုသည်လည်း နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်မယူနိုင်လောက်ဟု တွေးမိပေသည်။

ကျန်းဝမ်ရှင်း ပြုံးလျက်ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ရှောင်ချန်က ဘယ်လိုပဲဖြစ်ဖြစ် ဂျူနီယာအထက်တန်းကို ချင်းဟန်နဲ့ အတူတူတက်မှာပဲလေ။ ချင်းဟန် သဘောကျသလို ရွေးပါစေ”

ထိုသို့ပြောပြီးနောက် ကျန်းဝမ်ရှင်းသည် ရှန်ချင်းဟန်သို့လှည့်၍ ချစ်ခြင်းမေတ္တာပြည့်လျှမ်းစွာသောအပြုံးဖြင့် ပြောသည်။

“ဟန်ဟန် သမီးတက်ချင်တဲ့ ဘယ်ကျောင်းဖြစ်ဖြစ် ရွေးလို့ရတယ်။ ဒါက ရှောင်ချန် သမီးအတွက်ပေးထားတဲ့ အခွင့်အရေးပဲ”

“အန်တီရှင်း… သမီး သမီး မသိဘူး”

ရှန်ချင်းဟန်သည် မည်သို့ရွေးချယ်ရမည်ကို မဝေခွဲနိုင်လေရာ နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်ချရန်တာဝန်ကို လင်းဇီချန်သို့ ပြန်လွှဲပေးလေသည်။

“ရှောင်ချန် ဒါဆို နင်ပဲရွေးလိုက်တော့”

အားလုံးသည် ရွေးချယ်ရန်တွန့်ဆုတ်နေကြသည်ကို မြင်သောအခါ လင်းဇီချန်သည် ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်ရ‌ေလသည်။ လင်းဇီချန်သည် မျက်နှာချင်းဆိုင်ရှိ ရှန့်ဟိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကိုကြည့်၍ ယဉ်ကျေးစွာပြောလိုက်သည်။

“ကျောင်းအုပ်ကြီးချန် ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုရှိပါတယ်။ ကျွန်တော်ချင်းဟန်နဲ့ တစ်ခန်းထဲမှာ အတူကျောင်းတက်ချင်တယ်။ အဲဒါဖြစ်နိုင်မလား”

“ဒါ‌ပေါ့ သေချာပေါက်ဖြစ်နိုင်တာပေါ့”

ရှန့်ဟိုင်အထက်တန်းကျောင်းအုပ်သည် ပျော်ရွှင်ဝမ်းမြောက်စွာပြုံးလျက် အားတက်သရော သဘောတူခေါင်းညိတ်သည်။

အခန်းတစ်ခန်းထဲ မဟုတ်ဘဲ နှစ်ယောက်တည်းအတွက် ကျောင်းတစ်ကျောင်းလုံးမှ အကောင်းဆုံးဆရာများဖြင့် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးရလျှင်သော်မှ ရှန့်ဟိုင်အထက်တန်းကျောင်းအုပ်ကြီးသည် တွေဝေတုံ့ဆိုင်းခြင်းမရှိ သဘောတူညီခဲ့မည်ဖြစ်သည်။

ဉာဏ်ကြီးရှင်တစ်ဦးထံမှ ဤတောင်းဆိုချက်သည် ရိုးရှင်းသည်ဟုပင် သတ်မှတ်နိုင်ပါ၏။ လင်းဇီချန် ဆုံးဖြတ်ချက်ချပြီးနောက် အခြားကျောင်းအုပ်များသည်လည်း မိသားစုညစာစားခြင်းကို ဆက်လက်မနှောင့်ယှက်တော့ဘဲ ပြန်သွားခဲ့ကြသည်။ရှန့်ဟိုင်‌အထက်တန်းကျောင်းအုပ်သည်လည်း စကားအနည်းငယ်ထပ်ပြောပြီးနောက် ထွက်သွားခဲ့သည်။

မိသားစုနှစ်စု၏မိဘများ ဖန်ခွက်များကို ကိုင်‌မြှောက်လိုက်ကြသည်။ လင်းဇီချန်သည် ရုတ်တရက် အတွေးဝင်လာသောကြောင့် တိုးတက်မှုများကို စစ်ဆေးရန် အောင်မြင်မှုမစ်ရှင်ဇယားကို ကြည့်လိုက်သည်။

(အောင်မြင်မှု - ပညာသင်နှစ်၉နှစ်ကို ကြီးစိုးရန်)

(ဆုလာဘ် - - 'ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’)

(ဂုဏ်ပုဒ် - သူငယ်တန်းကျောင်း ကလေးဘုရင် (ဖွင့်ပြီး)၊ မူလတန်းကျောင်းခေါင်းဆောင် (‌ဖွင့်ပြီး)၊ ဂျူနီယာအထက်တန်းရဲ့အာဏာရှင် (မပွင့်သေး))

နောက်ဆုံးတွင်တော့ မူလတန်းကျောင်းပြီးဆုံးသည်အထိ လုပ်ဆောင်နိုင်ခဲ့လေပြီ။

ဂျူနီယာအထက်တန်းကျောင်းသားဘဝကို စတင်ရတော့မည်။

နောက်ဆုံးသောဂုဏ်ပုဒ်(ဂျူနီယာအထက်တန်းရဲ့အာဏာရှင်)ကို ဖွင့်လှစ်နိုင်ခဲ့လျှင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသည့် ဆုလာဒ် ('ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’)ကို ရရှိနိုင်ပေမည်။

ဂျူနီယာအထက်တန်းကျောင်း စတက်သည်နှင့်တစ်ပြိုင်နက် သူ၏အင်အားအပြည့်အဝကို ဖော်ထုတ်ပြသ၍ ‘’ဂျူနီယာအထက်တန်းရဲ့အာဏာရှင်'ဟူသော ဂုဏ်ပုဒ်ကို ဖွင့်လှစ်ပြီး ‘’ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ' ဆုလာဒ်ကို အမြန်ဆုံးရယူမည်ဟူသော အတွေးဖြင့် လင်းဇီချန်သည် အချိန်အတော်ကြာမြင့်ပြီးနောက်မှ စိတ်လှုပ်ရှားမှုကို ပြန်လည်ခံစားမိရပေသည်။

အပိုင်း ၁၅

ဂျူနီယာအထက်တန်းကျောင်းသားဘဝ! စတင်!

ဂျူနီယာအထက်တန်း မစတင်မီ နွေရာသီကျောင်းပိတ်ရက်၌

ရှောင်ချန်သည် ကျောင်းစဖွင့်မည့်အချိန်ကို ဒီတိုင်းထိုင်စောင့်ဆိုင်းခြင်းဖြင့် အချိန်မဖြုန်းတီးပေ။

မိမိကိုယ်ကို တင်းကျပ်သော အစားအသောက်နှင့် လေ့ကျင့်မှုနည်းစနစ်များ သတ်မှတ်ထားရှိခဲ့သည်။

တစ်နေ့လျှင် အလေးချိန်ဖြင့်ဒိုက်ထိုးခြင်း အကြိမ်တစ်ထောင်၊ အလေးချိန်ဖြင့်အိပ်ထမတင် အကြိမ်တစ်ထောင်၊ အလေးချိန်ဖြင့်squatsထိုင်ခြင်း အကြိမ်တစ်ထောင်၊ အလေးချိန်ဖြင့်pull-ups အကြိမ်သုံးရာတို့ကို နေ့စဉ်ပြုလုပ်သည်။

ထို့အပြင် မနက်ခင်းနှင့် ညနေခင်းတိုင်းတွင် ၅ကီလိုမီတာစီ ပြေးသည်။

ဖြေးဖြေးမှန်မှန်ပြေးခြင်းမဟုတ်ပေ။

အလွန်တရာ ပြင်းထန်သောအပြေးလေ့ကျင့်ခန်းဖြစ်၏။

ထို့ပြင် လင်းဇီချန် ပြေးသည့်လမ်းကြောင်းမှာ အနိမ့်၊အမြင့်များစွာရှိပြီး အဟန့်အတားများစွာနှင့် ချုံထူသောဧရိယာဖြစ်သည်။

ပြင်းထန်မှုသည် နေ့စဉ်နှင့်အမျှ အံ့ဩတုန်လှုပ်ဖွယ်ကောင်း၏။

သာမန်လူတစ်ယောက်မှ ထိုမျှပြင်းထန်သောလေ့ကျင့်မှုများကို ခန္ဓာကိုယ်အား ပြန်လည်အားအင်ဖြည့်တင်းရန် အချိန်မစောင့်ဆိုင်းဘဲ နေ့စဉ်နေ့တိုင်း လေ့ကျင့်လျှင် သုံးရက်အတွင်း သေဆုံးသွားနိုင်ပေသည်။

သို့သော် လင်းဇီချန်၏ ‘သုံးရင်သုံး မသုံးရင်ရှုံး’ဇီဝကမ္မသည် သာမန်လူများထက် သာလွန်သော ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုအင်အားကို ထောက်ပံ့ပေးထား၏။

လက်ရှိပြင်းထန်သောလေ့ကျင့်မှုများပင်လျှင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုအင်အားကို အလုံးစုံထွက်ပေါ်စေရန် မလုံလောက်ပေ။ တစ်နေ့ထက်တစ်နေ့ ပို၍သန်မာလာစေပြီး သူ၏ခန္ဓာကိုယ်ကို ခံ့ညား‌လာစေရုံသာ သက်ရောက်ပေသည်။

(အလေးချိန်ဖြင့်ဒိုက်ထိုးခြင်း အကြိမ်တစ်ထောင်ပြုလုပ်ခဲ့ပါသည်။

ချီသွေး +၂၀၀၀၊ လက်မောင်းကြွက်သားသန်မာမှု +၂၀၀၀၊ ရင်အုပ်ကြွက်သားသန်မာမှု +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)

(အလေးချိန်ဖြင့်အိပ်ထမတင် အကြိမ်တစ်ထောင်ပြုလုပ်ခဲ့ပါသည်။

ချီသွေး +၂၀၀၀၊ ဝမ်း‌ဗိုက်ကြွက်သားသန်မာမှု +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)

(အလေးချိန်ဖြင့်squats အကြိမ်တစ်ထောင်ပြုလုပ်ခဲ့ပါသည်။

ချီသွေး +၂၀၀၀၊ ခြေထောက်ကြွက်သားသန်မာမှု +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)

(အလေးချိန်ဖြင့်pull-ups အကြိမ်၃၀၀ပြုလုပ်ခဲ့ပါသည်။

ချီသွေး +၆၀၀၊ လက်မောင်းကြွက်သားသန်မာမှု +၆၀၀၊ နောက်ကျောကြွက်သားသန်မာမှု +၆၀၀၊ ကျွမ်းကျင်မှု +၃၀၀)

(အမျိုးမျိုးသောအရှိန်နှုန်းဖြင့် ကီလို၁၀ပြေးခဲ့ပါသည်။

ချီသွေး +၄၃၉၆၊ ခံနိုင်ရည်ပမာဏ +၁၀၀၀၊ ခန္ဓာကိုယ်ပူးပေါင်းဆောင်ရွက်မှု +၁၀၀၀၊ လျင်မြန်မှု +၁၀၀၀၊ ‌‌အပြေးနည်းလမ်း +၁၀၀၀)

(သင့်ရဲ့ ဇီဝအဆင့်သည် သာမန်အဆင့်၃သို့ တိုးတက်သွားပါပြီ)

နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး၌ လင်းဇီချန်သည် ‌ပြင်းထန်သည့်လေ့ကျင့်မှုများကို ပုံမှန်လည်ပတ်နေသောနာရီကဲ့သို့ နေ့စဉ်နေ့တိုင်း ထိန်းသိမ်းလုပ်ဆောင်ခဲ့သည်။

နောက်ဆုံး၌ ကျောင်းတက်ရက် မစတင်မီ တစ်ရက်အလိုတွင် သာမန်အဆင့်၃သို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သော မှတ်တမ်းအဆင့်များသည်လည်း ကုံလုံသောတိုးတက်မှုများရှိခဲ့သည်။

လက်တစ်ဖက်တည်းဖြင့် ကီလို၇၀၀အလေးချိန်ကို အလွယ်တကူ မ,နိုင်သည်။ ရပ်နေရာမှ ၄မီတာအမြင့်အထိ ခုန်နိုင်သည်။ မီတာတစ်ရာအကွာအဝေးသို့ ၆စက္ကန့်အတွင်း ပြေးနိုင်သည်။

“သန်မာမှု၊ အမြင့်ခုန်စွမ်းရည်၊ လျင်မြန်မှု အားလုံး တိုးတက်သွားပြီး ဇီဝအဆင့်လည်း ခက်ခက်ခဲခဲနဲ့ သာမန်‌အဆင့်၃ကို တိုးတက်သွားပြီ။ ဒီအဆင့်က တကယ်တန်ဖိုးမြင့်မားတာပဲ”

လင်းဇီချန် တွေးလိုက်သည်။

ထိုအချက််အလက်များကို စစ်ဆေးပြီးနောက်တွင် လင်းဇီချန် မထိန်းချုပ်နိုင်စွာအံ့ဩမိရသည်။

ထို့နောက် ရေရွတ်၏။

“အဲဒီ့မြို့ကြီးရဲ့ပါရမီရှင်ကလေးလည်း ဘယ်အဆင့်အထိရောက်နေပြီလဲမသိဘူး။ အိမ်ပြန်ရောက်ရင် ရှာကြည့်ဦးမှပဲ”

သူ၏အင်အားသည် သက်တူရွယ်တူသူငယ်ချင်းများထက် များစွာသာလွန်နေသည်ဖြစ်ရာ ထိုမြို့ကြီး၏ပါရမီရှင်ကလေးနှင့်သာ လင်းဇီချန်သည် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်နိုင်ပေသည်။

…

အိမ်ပြန်ရောက်သောအခါ အမြန်ရေချိုးသည်။ ထို့နောက် အပေါ်ထပ်အခန်းသို့တက်သွားပြီး အိပ်ရာထက်တွင်လှဲကာ သူ၏ဖုန်းဖြင့် မြို့ကြီး၏ပါရမီရှင်ကလေးအကြောင်းကို ရှာဖွေလိုက်သည်။

ဤဖုန်းကို ကျန်းဝမ်ရှင်းမှ လင်းဇီချန်၏ မူလတန်းကျောင်းတက်ခဲ့သည့် ၆နှစ်တာအတွင်း ထူးချွန်သည့်လုပ်ဆောင်ချက်များအတွက် ဆုချီးမြှင့်သည့်အနေဖြင့် လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကျန်းဝမ်ရှင်းသည် လင်းဇီချန်၏ ကိုယ်ပိုင်အသိစိတ်ဖြင့် စည်းကမ်းထိန်းသိမ်းနိုင်စွမ်းကို ယုံကြည်သည်။ ဖုန်းထဲမှ လူကိုဆွဲဆောင်သည့် စိတ်ဖျော်ဖြေမှုများထဲ စွဲလမ်းနစ်မြုပ်သွားမည်လောဟု စိုးရိမ်ပူပန်ခြင်း မရှိပါချေ။

ခဏအကြာ၌ မြို့ကြီး၏ပါရမီရှင်ကလေးအကြောင်း သတင်းများတက်လာခဲ့သည်။ နောက်ဆုံးသောသတင်းမှာ လွန်ခဲ့သည့်သုံးရက်တွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။ ၁၄နှစ်အရွယ် မြို့ကြီး၏ပါရမီရှင်ကလေးသည် ကီလို၂၀၀၀အလေးချိန်ရှိသော သတ္တုစပ်ပစ္စည်းကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ မ,နိုင်သည်ဟူ၏။

သူ၏အင်အားသန်မာမှုသည် လင်းဇီချန်ထက် သုံးဆကျော် သာလွန်ပေသည်။

“ကီလို၂၀၀၀လား မဆိုးပါဘူး”

လင်းဇီချန် တစ်ဦးတည်းရေရွတ်လိုက်သည်။ လင်းဇီချန်သည် ထိုမြို့ကြီး၏ပါရမီရှင်ကလေး၏ အင်အားကို အလေးအနက်မထားပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ လက်ရှိအင်အားသည် ထူးခြားဆန်းပြားသားရဲနှင့် မျိုးရိုးဗီဇပေါင်းစပ်မှုအပေါ်၌ အလုံးစုံမူတည်နေသည်ကို နားလည်သောကြောင့်ဖြစ်၏။

၎င်းမှာ ‘စွမ်းအားမြင့်ပုရွက်ဆိတ်’၏ မျိုးရိုးဗီဇဖြစ်သည်။ ပုံမှန်အားဖြင့် ထိုသို့ထူးခြားဆန်းပြားသားရဲနှင့် မျိုးရိုးဗီဇပေါင်းစပ်မှုသည် လူတစ်ယောက်၏အင်အားကို ၄ဆမှ ၈ဆအထိ တိုးတက်စေနိုင်သည်။ မြို့ကြီး၏ပါရမီရှင်ကလေး၏အင်အားသည် ၄ဆတိုးတက်သွားခဲ့သည်ဟု မှန်းဆကြည့်ပါလေ။ ထိုသို့ ယေဘုယျတွက်ဆမှုဖြင့်ကောက်ချက်ချပါက ထိုကလေး၌ ၄၀၀ကီလိုမျှသော အင်အားသာ ကျန်ရှိပေသည်။

အသက်၁၄နှစ်အရွယ်တွင် လက်တစ်ဖက်တည်းဖြင့် အလေးချိန်၄၀၀ကီလိုကို မ,နိုင်ခြင်းသည်လည်း အလွန်ပါရမီထူးကဲသည်ဖြစ်၏။ သို့သော် လင်းဇီချန်၏ ၇၀၀ကီလိုစံချိန်နှင့် နှိုင်းယှဉ်ပါက ပို၍အားနည်းသည်ဟု ဆိုနိုင်ပေသည်။ ထို့ပြင် လင်းဇီချန်က ထိုကလေးထက် များစွာပိုငယ်သည့်အချက်လည်း ရှိနေသေးသည်။ မည်သည့်ရှုထောင့်မှဖြစ်စေ သူတို့နှစ်ဦးကြားရှိကွာခြားချက်သည် နေ့နှင့်ညကဲ့သို့ ကွာခြားပေသည်။

“ကြည့်ရတာ တကယ်ပဲ ငါက ပိုပြီးအနာဂတ်အလားအလာ တောက်ပမယ့်သူထင်ပါရဲ့”

လင်းဇီချန် ပြုံးလိုက်သည်။ ထူးခြားဆန်းပြားသားရဲနှင့် မျိုးရိုးဗီဇပေါင်းစပ်ပြီးနောက်တွင် မိမိမှာ မည်မျှထိ အင်အားကြီးမားလိမ့်မည်ကို စိတ်ကူးယဉ်နေခဲ့သည်။

…

မျက်စိတစ်မှိတ်အတွင်း စက်တင်ဘာလတစ်ရက်နေ့သို့ ရောက်လာခဲ့သည်။ နွေရာသီတစ်ရာသီလုံး အပြင်းအထန်လေ့ကျင့်နေသည့် လင်းဇီချန်သည် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည့် ဂျူနီယာအထက်တန်းပထမနှစ်ကို ကြိုဆိုခဲ့ရလေပြီ။ ရှန့်ဟိုင်အထက်တန်းကျောင်းသည် အိမ်နှင့်မဝေးကွာဘဲ ၅ကီလိုခရီးသာ ကွာဝေးသည်။

သို့သော် ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် လမ်းများကျပ်သိပ်နေလေရာ လင်းယန်းရှန်းမှာ ကျောင်းဂိတ်တံခါးဝသို့ရောက်ရှိရန် တစ်နာရီခန့်မျှ ခက်ခက်ခဲခဲ မောင်းနှင်လိုက်ရပေသည်။

“လောင်လင်း ကျောင်းဂိတ်တံခါးမှာ လူအရမ်းများနေတော့ ကားပါကင်ထိုးရခက်လိမ့်မယ်ထင်တယ်”

နောက်ဘက်ကားမှ ရှန်ကျန်းယယ့်သည် ကားမှန်ကိုချ၍ လင်းယန်ရှန်းအား အော်ပြောသည်။

လင်းယန်ရှန်းသည်လည်း ကားပြတင်းမှ ခေါင်းပြူထုတ်၍ ပြန်ပြောသည်။

“စိတ်မပူနဲ့။ ငါတို့တွေ ကျောင်းထဲကို မောင်းဝင်သွားပြီး နောက်မှ ပါကင်နေရာရှာလို့ရတယ်”

ကျောင်းထဲကိုမောင်းဝင်သွားမယ်?

ရှန်ကျန်းယယ့် အနည်းငယ်ရှုပ်ထွေးသွား၏။ ကျောင်းထဲကို ကားမောင်းဝင်လို့ရတာလား။ မကြာမီ၌ ရှန့်ဟိုင်အထက်တန်းကျောင်းအုပ်သည် လုံခြုံရေးတံခါး၌ ထွက်ပေါ်လာပြီး လင်းယန်ရှန်းနှင့် ရှန်ကျန်းယယ့်တို့ကို ဖြတ်သန်းခွင့်ပြုရန် အစောင့်ကို ညွှန်ကြားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ လင်းယန်ရှန်းမိသားစုသည် ရှန့်ဟိုင်အထက်‌တန်းကျောင်းတွင် အထူးအခွင့်အရေးများ ရရှိထားသည်ကို နားလည်လိုက်သည်။

“ရှောင်ချန်လို ဉာဏ်ကြီးရှင်သားမျိုး ရထားတာ လောင်လင်းက တကယ်ကံကောင်းတာပဲ။ လူတစ်ယောက်က တာ့အိုကိုကျင့်ကြံအောင်မြင်သွားပြီး မိသားစုတစ်စုလုံး အကျိုးကျေးဇူးတွေကို ခံစားနေရသလိုပဲကွာ”

ရှန်ကျန်းယယ့် အားကျစွာဖြင့်ပြော၏။

ရွှီမုန့်သည်လည်း ရယ်မောလျက်ပြော၏။

“အကျိုး‌ကျေးဇူးခံစားရတာ သူ့ရဲ့မိသားစုပဲ မဟုတ်ဘူး။ ကျွန်မတို့မိသားစုလည်း ကံကောင်းမှုလေးကို မျှဝေခံစားခွင့်ရနေတာ”

“ဒါပေါ့။ လောင်လင်းတို့မိသားစုနဲ့ အိမ်နီးချင်းတွေဖြစ်ပြီး ငါတို့ကလေးတွေ အဆင်ပြေနေကြတာက တကယ့်ကိုကံကောင်းမှုကြီးပဲ”

ရှန်ကျန်းယယ့်မှ ပြုံးရယ်လျက်ပြောသည်။ ရွှီမုန့်မှ ဆက်ပြော၏။

“အဲဒီ့စကားတွေကို ဟန်ဟန့်ရှေ့မှာ မပြောတာကောင်းမယ်။ သူကြားသွားရင် စိတ်မကောင်းလောက်ဘူး”

“စိတ်ချပါ။ ငါက ဦးနှောက်မရှိတဲ့သူ မဟုတ်ပါဘူး။ ပြောသင့်တာ မပြောသင့်တာကို ငါသေချာသိပါတယ်”

ကျောင်းထဲသို့ ကားမောင်းသွား‌ေနရင်း ရှန်ကျန်းယယ့်မှ ပြန်ပြောသည်။

…

ခဏကြာပြီးနောက် မိသားစုနှစ်စုသည် ကျောင်းထဲတွင် ကားပါကင်ထိုးပြီးခဲ့သည်။

“ဇီချန် လာ ကားထဲက ထွက်‌ကြမယ်။ ပရိုမိုးရှင်းဗွီဒီယိုထဲကလိုမျိုး ပတ်ဝန်းကျင်က တကယ်လှလားဆိုတာ ကျောင်းထဲ လမ်းပတ်လျှောက်ကြည့်ရအောင်”

ကားရပ်သည်နှင့်တစ်ပြိုင်နက် လင်းဇီချန်၏ဘေးတွင်ထိုင်နေသည့် ရှန်ချင်းဟန်သည် စိတ်လှုပ်ရှားစွာ တိုက်တွန်းလာသည်။ လင်းဇီချန်တို့နှစ်ဦးသည် လင်းယန်ရှန်း၏ ကားနောက်ခုံတွင် နီးနီးကပ်ကပ် ထိုင်လိုက်လာခဲ့ခြင်းဖြစ်သည်။ လင်းဇီချန် ပြုံးလိုက်ပြီး ကားတံခါးဖွင့်ဆင်းလိုက်ကာ ရှန်ချင်းဟန်နှင့်အတူ ကျောင်းတစ်ဝိုက်အား ရည်ရွယ်ချက်မရှိ လျှောက်ကြည့်နေခဲ့သည်။

ထိုစဉ် သူတို့နှစ်ဦး၏မိဘများသည် ရှန့်ဟိုင်အထက်တန်းကျောင်းအုပ်ရုံးခန်း၌ ကျောင်းအုပ်နှင့်အတူ လက်ဖက်ရည်စားပွဲတွင်ထိုင်လျက် အမည်စာရင်းသွင်းသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြသည်။

…

“အဲဒီကောင်လေးက ချောလိုက်တာ.. သူ့ဘေးက ကောင်မလေးကလည်း အရမ်းလှတယ်”

“အဲဒီနှစ်ယောက်က ဘာလို့ကျောင်းဝတ်စုံ ဝတ်မထားတာလဲ”

“ဆရာတစ်ယောက်ယောက်ရဲ့ သားသမီးတွေများလား”

“...”

ဖြတ်သန်းသွားရာလမ်းတစ်လျှောက်၌ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် သူတို့၏ထူးခြားသော ရုပ်ရည်သွင်ပြင်ကြောင့် လူအများ၏‌အာရုံကို ‌ဆွဲဆောင်သွားခဲ့၏။ လင်းဇီချန်သည် တီးတိုးပြောဆိုမှုများ‌ကို စိတ်ထဲမထားပေ။ တစ်ဖက်ရှိ ရှန်ချင်းဟန်သည်တော့ စိတ်ထဲတွင် သာယာကြည်နူးလျက် သူမ၏အလှတရားအား ချီးမွမ်းမှုများကို သဘောကျနေခဲ့သည်။

အချိန်ခဏလေးအတွင်း ကျောင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးသွားသည်။ သို့ဖြင့် ရှန့်ဟိုင်အထက်တန်းကျောင်း၏ ပတ်ဝန်းကျင်အနေအထားသည် ပရိုမိုးရှင်းဗွီဒီယိုထဲတွင် ပြသထားသည်ကဲ့သို့ မလှပကြောင်း နားလည်လိုက်ရ၏။ ပရိုမိုးရှင်းဗွီဒီယို၏ တစ်ဝက်မျှပင် မလှပလေရာ လိမ်ညာကြေညာခြင်းဟု ‌ခံစားရလေသည်။

သို့သော် သူတို့နှစ်ဦးလုံး စိတ်ပျက်မသွားခဲ့ပေ။ ပရိုမိုးရှင်းဗွီဒီယိုများသည် မုသားများပြည့်နှက်နေသည့် ရောင်းချသူ၏ဖန်တီးမှုသာဖြစ်ကြောင်း နားလည်ပြီးဖြစ်ကြသည်။ ရှိုးပြခြင်းသာဖြစ်ပြီး အမှန်တရားဟု မသတ်မှတ်နိုင်ကြောင်းကိုလည်း နားလည်ထားကြသည်ဖြစ်၏။

သူတို့နှစ်ဦး လမ်းလျှောက်နေစဉ် လင်းဇီချန်၏ဖုန်း မြည်လာခဲ့သည်။ ကျန်းဝမ်ရှင်းမှ ‌ဖုန်းခေါ်ခြင်းပင်။ အတန်း၏ သက်ဆိုင်ရာဘာသာရပ်ဆရာများနှင့် တွေ့ဆုံရန်အတွက် ကျောင်းအုပ်ရုံးသို့လာခဲ့ရန် ခေါ်ဆိုခြင်းဖြစ်ပေသည်။

All Chapters