အပိုင်း ၁၆-၁၈
Vol. 2 Ch. 16-18
အပိုင်း ၁၆
နောင်တတရားအတွက် ပြန်လည်ပြင်ဆင်
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ကျောင်းအုပ်ရုံးခန်းသို့ရောက်လာကြသသည်။ အခန်းထဲသို့ဝင်လိုက်သောအခါ အခန်းထဲ၌ ဆရာများဖြင့် ပြည့်နေသည်ကိုမြင်တွေ့လိုက်ရသည်။ ပြည့်နှက်နေသည်မှာ ထိုင်ခုံမလောက်သောကြောင့် လူတစ်ဝက်ခန့်မှာ မတ်တပ်ရပ်နေရလေသည်။
“လာ ဇီချန် ဆရာ မင်းကိုမိတ်ဆက်ပေးမယ်”
“ဒါက မင်းတို့ရဲ့အတန်းပိုင်ဆရာ ဆရာကွမ်းဖုန့်”
“ဒါက မင်းရဲ့ ရူပဗေဒဆရာ…”
လင်းဇီချန် အခန်းထဲသို့ဝင်လာသည်ကိုမြင်သောအခါ ကျောင်းအုပ်ကြီးသည် ချက်ချင်းထရပ်၍ လင်းဇီချန်သို့ လျှောက်လာခဲ့ပြီး အတန်း၏ဘာသာရပ်ဆရာများနှင့် မိတ်ဆက်ပေးသည်။ လင်းဇီချန်၏အခန်းသည် ထိပ်တန်းအခန်းဖြစ်၏။ ဂျူနီယာအထက်တန်းပထမနှစ်မှ စတင်၍ ရူပဗေဒနှင့်ဓာတုဗေဒများအပြင် သင်ယူခြင်းဆိုင်ရာပြင်းပြလေးနက်မှုကို ပိုမိုမြင့်မားစေရန် ထပ်ပေါင်းထည့်ထားသည့် ယှဉ်ပြိုင်မှုသင်ရိုးများကိုလည်း သင်ယူရမည်ဖြစ်သည်။
“ဇီချန် ကျောင်းက မင်းအပေါ်မှာ မျှော်လင့်ချက်ကြီးမားတယ်။ နောက်သုံးနှစ်မှာ ဇီချန် မင်းက ဆရာတို့ကျောင်းအတွက် များပြားတဲ့ဂုဏ်သတင်းတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ဆရာများနှင့်မိတ်ဆက်ပေးပြီးနောက်၌ ကျောင်းအုပ်ကြီးသည် လင်းဇီချန်၏ပခုံးကို ဖွဖွပုတ်၍ လင်းဇီချန်အပေါ် မျှော်လင့်ချက်ကြီးမားကြောင်းကို ထုတ်ဖော်ပြောဆိုသည်။ ထို့နောက် လင်းဇီချန်ကို ဘာသာရပ်ဆရာတစ်ဦးချင်းစီနှင့် ပြောဆိုဆွေးနွေးစေပြီး ကျောင်းအုပ်ကြီးသည် သူ၏မိဘများနှင့် စကားဆက်ပြောသည်။
တစ်ဖက်ထောင့်၌ ရှန်ချင်းဟန်တို့မိသားစုသည် ထိုနေရာ၌ မတည်ရှိနေသည့်အလား လျစ်လျူရှုခံထားရလေသည်။ အစည်းအဝေးတစ်လျှောက်လုံးတွင် သူတို့အား မည်သူမျှ ဂရုမစိုက်ကြချေ။ ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့သည် ထိုအတွက် အနည်းငယ်စိုးရိမ်ပူပန်မိကြသည်။
သူတို့၏သမီးဖြစ်သူသည် ဥာဏ်ရည်ထက်မြက်လှပသူဖြစ်ၑ။ သို့သော် လက်ရှိ၌ အာရုံစူးစိုက်မှုအားလုံး၏ ဗဟိုချက်ဖြစ်နေသည့် လင်းဇီချန်နှင့်ယှဉ်လျှင် ရှန်ချင်းဟန်သည် ထူးခြားပေါ်လွင်ခြင်းမရှိဘဲ သာမန်ဖြစ်လွန်းပေသည်။ ဤသို့ ကွာခြားချက်ကြီးမားလေရာ ကလေးနှစ်ယောက်သည် မတူညီသည့်ကမ္ဘာနှစ်ခု၏လူများကဲ့သို့ တစ်ချိန်ချိန်တွင် ကွဲကွာသွားကြမည်ဖြစ်၏။
ဘယ်လိုလုပ်သင့်လဲ။ သူမ၏မိဘများနှင့်ကွဲပြားစွာ ရှန်ချင်းဟန်သည် ထိုအကြောင်းအရာများကို တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။ လင်းဇီချန်သည် အလွန်အထင်ကြီးလေးစားဖွယ်ကောင်းသည်၊ လင်းဇီချန်က သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေခြင်းကို အလွန်ဂုဏ်ယူသည်ဟူသော အတွေးများသာရှိ၏။
ကြည့်ပါဦး။ ဒီကောင်လေးက ရုပ်ရည်ချောမောရုံတင်မကဘဲ အနုပညာနဲ့အားကစားမှာပါ ထူးချွန်လိုက်တာများ သူမတူအောင်ကို ထူးချွန်နေရောပဲ။ နင်တို့မယုံကြည်နိုင်လောက်ပမယ့် သူက ငါရဲ့ငယ်သူငယ်ချင်းလေ။ အိုး ငါတို့က အတူတူကြီးပြင်းလာကြတာလေ။ ငါတို့ရဲ့ဆက်ဆံရေးက အရမ်းအရမ်းရင်းနှီးတာလေ။
နင်တို့ ငါ့ကိုအားကျကြတယ်မလား။
…
လင်းဇီချန်၌ ဆရာများနှင့် ပြောစရာများများစားစား မရှိပေ။ အဘယ်ကြောင့်ဆိုသော် လင်းဇီချန်သည် အလယ်တန်းနှင့်အထက်တန်းကျောင်းသင်ခန်းစာများအားလုံးကို မိမိဘာသာသင်ယူခဲ့ပြီးဖြစ်သည်။ အဆင့်မြင့်သင်္ချာသင်ရိုးကိုပင် သင်ယူပြီးမြောက်ထားခဲ့ပြီဖြစ်၏။
‘နတ်ဘုရားဥာဏ်ပညာ’၏ အကူအညီဖြင့် ဘာသာရပ်များအားလုံးကို အတော်အတန်မြင့်သောအဆင့်အထိ သင်ယူထားခဲ့ပြီးဖြစ်သည်။ သင်္ချာဘာသာရပ်အား ဥပမာဆိုရသော် လင်းဇီချန်သည် စာမေးပွဲတိုင်းတွင် အမှတ်ပြည့်ရရှိနိုင်ပေသည်။ ထို့ကြောင့် လင်းဇီချန်သည် ဘာသာရပ်ဆရာများနှင့် ရင်းနှီးမှုရရှိရန် စကားစမြည်ပြောဆိုလေ့မရှိပေ။ ဆင်ခြေတစ်ခု အမြန်ရှာဖွေပြီး ရှန်ချင်းဟန်နှင့်အတူ ထွက်သွားခဲ့သည်။
ကလေးနှစ်ယောက်ထွက်ခွာသွားပြီးနောက် လင်းယန်ရှန်းသည် အခန်းထောင့်ရှိ ရှန်ကျန်းယဲ့နှင့်ရွှီမုန့်တို့ အနေခက်နေကြောင်း သတိထားမိလိုက်ကာ မိမိမှာ အရေးစိုက်မှုလစ်ဟင်းသွားခဲ့ကြောင်း နားလည်လိုက်သည်။
ကျောင်းအုပ်ကြီးနှင့်စကားဝိုင်းတွင် အာရုံဝင်စားသွားခဲ့ပြီး မိမိ၏မိတ်ဆွေနှစ်ဦးကို မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သတိရသည်နှင့်တစ်ပြိုင်နက် စကားဝိုင်းကို မိမိ၏မိတ်ဆွေများသို့ ဦးတည်ပေးရန် ဘာသာရပ်ဆရာများကို ပြောလိုက်သည်။
“ဆရာတို့ ကျွန်တော်တို့ရဲ့ရှောင်ချန်နဲ့ သူတို့ရဲ့ဟန်ဟန်က အရင်းနှီးဆုံးသူငယ်ချင်းတွေဗျ။ သူတို့က ငယ်ငယ်လေးတည်းက အထက်တန်းေကျာင်း အတူတူတက်ပြီး တက္ကသိုလ်ကိုလည်း အတူတူတက်ဖို့ ကတိပေးထားကြတာ။ ကျေးဇူးပြုပြီး ဆရာတို့ ကျွန်တော်တို့ရဲ့ဒီကလေးနှစ်ယောက်ကို များများလေးဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်”
ကျန်းဝမ်ရှင်းမှ ထပ်ပြော၏။
“ရှောင်ချန်က ငယ်ငယ်လေးတည်းက အရမ်းခေါင်းမာတတ်တယ်။ သူတစ်ခုခုလုပ်မယ်ပြောရင် သေချာပေါက်လုပ်တာပဲ။ သူနဲ့ဟန်ဟန်က အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ကို အတူတူတက်ဖို့ ကတိပေးထားကြတာ.. ဟန်ဟန်က လုပ်ဆောင်ချက်ကျခဲ့လို့ နည်းနည်းသာမန်ဖြစ်တဲ့ကျောင်းကို သွားရရင်တောင် အဲဒီ့ကလေးက သေချာပေါက် အဲဒီကျောင်းဆီ လိုက်သွားမှာပဲ။ ကျေးဇူးပြုပြီး ဆရာတို့ သူတို့နှစ်ယောက်ကို သေချာလေးဂရုစိုက်ပေးပါ”
ကျောင်းအုပ်ကြီးသည် လိမ္မာပါးနပ်သူဖြစ်ရာ သူတို့၏ဆိုလိုရင်းကို နားလည်ပါ၏။ ကျောင်းအုပ်သည် ဆရာများသို့ ပြုံးရယ်လျက် ချက်ချင်းပြောလိုက်သည်။
“သူတို့အခန်းရဲ့ဆရာတွေအနေနဲ့ ဆရာတို့က ကလေးနှစ်ယောက်ကို ပိုပြီးဂရုစိုက်ပေးလိုက်ကြပါ။ စာလေ့လာတာမှာ နောက်ကျမကျန်ခဲ့စေနဲ့”
ထို့နောက် ကျောင်းအုပ်ကြီးသည် သဘာဝကျကျပင် ရှန်ကျန်းယဲ့နှင့်ရွှီမုန့်တို့သို့ ချဉ်းကပ်သွားပြီး စကားပြောရန်အခြေအနေကို ဖန်တီးယူခဲ့ပြီး ရှန်ချင်းဟန်၏အခြေအနေကို မေးမြန်းလေ့လာသည်။ ထိုအခါ အခြားဆရာများသည်လည်း ရှန်ကျန်းယဲ့၊ ရွှီမုန့်တို့နှင့် စတင်၍ စကားပြောကြသည်။
ရှန်ကျန်းယဲ့နှင့်ရွှီမုန့်တို့သည် အာရုံစိုက်ပေးခြင်းအတွက် ကျေးဇူးတင်မိကြ၏။ လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့ကိုကြည့်၍ မိတ်ဆွေနှစ်ဦး၏ကြင်နာမှုကို စိတ်နှလုံး၌ မှတ်သားထားလိုက်ကြသည်။
…
ကျောင်းကစားကွင်း၌ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မြက်ခင်းပေါ်တွင် ထိုင်နေကြသည်။ ကျောင်းသားကျောင်းသူများ ဖြတ်သန်းသွားလာနေကြသည်ကိုကြည့်လျက် ငြိမ်သက်အေးချမ်းသော အခိုက်အတန့်ကို မွေ့လျော်နေကြသည်။ မကြာမီ၌ သူတို့သည်လည်း ဤကျောင်း၏ကျောင်းသားများ ဖြစ်လာကြတော့ပေမည်။
“ရှောင်ချန် ဟိုမှာကြည့်… ကြက်တောင်ရိုက်ကွင်းရှိတယ်။ ငါ့အဖေရဲ့ကားထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ကြက်တောင်ရိုက်တံပါလာတယ်။ ကြက်တောင်ရိုက်ကြမလား”
“ဒါပေါ့”
နှစ်ဦးသားသည် ချက်ချင်းတိုင်ပင်လိုက်ကြပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ဦးတည်၍ ရှန်ကျန်းယဲ့ထံမှ သော့ယူရန်ထွက်လာခဲ့ကြသည်။ ထို့နောက် ကားထဲမှ ကြက်တောင်ရိုက်တံများယူလိုက်ကြသည်။ ထို့နောက် ကြက်တောင်ရိုက်ကွင်းသို့ ဦးတည်သွားကြသည်။
“ရှောင်ချန် ငါတို့ကံကောင်းနေတာပဲ။ နောက်ဆုံးကွင်းတစ်ကွင်းပဲကျန်တော့တာကို ငါတို့ဆော့လို့ရတယ်”
ရှန်ချင်းဟန်မှ စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။
သူမ၏ ပျော်ရွှင်နေပုံကိုမြင်သောအခါ လင်းဇီချန် အနည်းငယ်အားကျစိတ်ဖြစ်မိ၏။ ကလေးမလေးသည် စိတ်ကျေနပ်လွယ်ကူ၏။ ကံကောင်းမှုသေးသေးလေးသည်ပင် သူမကို အလွန်တရာ ပျော်ရွှင်မြောက်စေလေသည်။
“ရှောင်ချန် ငါ့ရဲ့အံ့အားဖို့ကောင်းတဲ့နတ်သမီးဘောလုံးရိုက်ချက်ကို ကြည့်နော်”
“ရှောင်ချန် ငါနောက်တစ်ကွက်ရပြီ။ ‘’မှော်ဆန်တဲ့မိန်းကလေးရဲ့လှည့်ဖျားတတ်သောဘောလုံး'တဲ့”
“ရှောင်ချန် ကိုယ့်ကိုယ်ကိုယ် အရမ်းဘဝမြင့်မနေနဲ့ဦး။ နင်ငါ့ရဲ့ ကောင်းကင်ဘုံပန်းလွှာပြန့်ကျဲဘောလုံး'ကိုတော့ သေချာပေါက်ဖမ်းနိုင်မှာ မဟုတ်ဘူး”
ကြက်တောင်ရိုက်ကွင်း၌ ရှန်ချင်းဟန်သည် ကြီးပြင်းလာရန်ငြင်းဆန်နေသည့် ကလေးတစ်ဦးကဲ့သို့ ကလေးဆန်သောအကွက်ပေါင်းများစွာကို အော်ဟစ်ပြောဆိုနေသည်။ သူမ၏မျက်နှာလှလှလေးသည် အပြုံးနှင့်အတူ တောက်ပနေ၏။
လင်းဇီချန်သည် ရှန်ချင်းဟန်၏ကလေးဆန်မှုကြောင့် အံ့အားသင့်သွားခဲ့ရပြီး သူမသည် စကားဖြင့်ဖော်ပြ၍မရနိုင်လောက်အောင် ချစ်စဖွယ်ကောင်းသည်ဟု ခံစားမိပေသည်။
သူတို့နှစ်ဦး ထင်တိုင်းကြဲ၍ဆော့ကစားနေကြစဉ် ကွင်းအလွတ်ရှာမတွေ့ကြသော သူတို့ထက်အသက်အနည်းငယ်ပိုကြီးသည့် လူငယ်နှစ်ယောက်သည် လင်းဇီချန်တို့ဆီသို့ မပြောမဆိုနှင့် ရောက်လာကြသည်။ ထိုလူငယ်နှစ်ဦးသည် စကားမဆိုဘဲနှင့် ဒီတိုင်းဝင်လာခဲ့ကြပြီး စတင်ဆော့ကစားကြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကိုမူ နေရာတွင်လုံးဝရှိမနေသည့်အလား လျစ်လျူရှုထားပေသည်။
“ဘာလုပ်တာလဲ? ငါတို့အရင်ဒီမှာ ကြက်တောင်ရိုက်နေကြတာလေ”
ရှန်ချင်းဟန်သည် ထိုလူငယ်နှစ်ဦးကို မကျေမနပ်ကြည့်လျက် ပြော၏။ သို့သော် ထိုလူငယ်နှစ်ဦးသည် ရှန်ချင်းဟန်ကို လုံးဝဂရုမစိုက်ချေ။ အထူးသဖြင့် ရှန်ချင်းဟန်ဘက်ခြမ်းသို့ ဝင်လာခဲ့သည့် ကတုံးဆံပင်ကေနှင့်လူငယ်သည် ခွန်းတုံ့ပြန်လာ၏။
“ကျစ် မင်းကစားချင်တယ်ဆိုရင်လည်း ကစားနေ။ မကစားဘူးဆိုရင်လည်း အေးအေးဆေးဆေးဖယ်နေလိုက်တော့”
ထိုသို့မျက်နှာပြောင်တိုက်သောအပြုအမူများသည် မူလတန်းကျောင်းနှင့် ဂျုနီယာအထက်တန်းကျောင်းများတွင် ပုံမှန်ပင်ဖြစ်သည်။
အချို့သော အသက်အရွယ်ကြီးသည့်ကျောင်းသားများသည် သူတို့၏အသက်နှင့် ခန္ဓာကိုယ်အရွယ်ကြီးခြင်းကို အသုံးချ၍ ဘက်စကက်ဘောကွင်း၊ ကြက်တောင်ရိုက်ကွင်း၊ တင်းနစ်ကွင်းစသဖြင့် နေရာလွတ်များကိုရှာမတွေ့လျှင် အသက်ငယ်သည့်ကျောင်းသားများကို အနိုင်ကျင့်ဖယ်ခိုင်းတတ်ကြသည်။
လင်းဇီချန်သည် သူ၏အရင်ဘဝ၌ ကျောင်းတက်ခဲ့ရသောကာလများတွင် အမျိုးမျိုးသော အကျင့်စရိုက်အပြုအမူများကို မြင်တွေ့ဖူးခဲ့ပြီးဖြစ်၏။ ထိုအချိန်က လင်းဇီချန်သည် အနိုင်ကျင့်မှုများကို တားဆီးရန်အင်အားမရှိခဲ့ပေ။ ရှောင်ဖယ်နေခြင်း သို့မဟုတ် သူကိုယ်တိုင်ထံတွင် ဖြစ်လာခဲ့လျှင် ဖော်လံဖားလုပ်နိုင်လေသည်။
သို့သော် အချိန်သည် ပြောင်းလဲခဲ့ပြီဖြစ်၏။ ယခုအချိန်သည် သူ၏လူငယ်ဘဝ နောင်တများကို ပြန်လည်ပြင်ဆင်ရန်အချိန် ဖြစ်ပေသည်။
ထိုသို့အတွေးဖြင့် လင်းဇီချန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ ထိုလူငယ်မှ ကြက်တောင်ကို တစ်ဖက်သို့ ရိုက်ပေးချိန်တွင် လင်းဇီချန်သည် အလျင်အမြန်ဖြတ်ဝင်၍ ဦးတည်လာနေသည့်ကြက်တောင်ကို ဖြတ်ရိုက်လိုက်ပြီး စည်းကျော်ထွက်သွားစေလိုက်သည်။
ဤရိုက်ချက်တွင် လင်းဇီချန်သည် သူ၏အင်အားကို ၁၀ရာခိုင်နှုန်းခန့်သာ အသုံးပြုခဲ့ပြီး ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ သို့တိုင် ကြက်တောင်သည် မီတာဒါဇင်ကျော်ခန့်မျှအဝေးသို့ လွင့်ထွက်သွားခဲ့ပြီး အချိန်အတော်ကြာပြီးနောက်မှ မြေပြင်သို့ပြုတ်ကျသွားခဲ့သည်။
ဤသာမန်ထက်ချဲ့ကားလွန်းသောမြင်ကွင်းကြောင့် ကွင်းထဲသို့မျက်နှာပြောင်တိုက်ဝင်လာခဲ့ကြသော လူငယ်နှစ်ဦးမှာ ကြောင်အမင်သက်သွားကြသည်။ လင်းဇီချန်သည် ကြက်တောင်ရိုက်တံကို လက်တွင်ကိုင်ထားလျက် ထိုလူငယ်နှစ်ဦးကို အမူအရာကင်းမဲ့စွာ မေးလိုက်သည်။
“မင်းတို့ ကစားကြဦးမှာလား”
လင်းဇီချန်၏စကားတွင် ထိုလူငယ်နှစ်ဦးသည် တုန်လှုပ်သွားကြ၏။ လင်းဇီချန်အား မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ကြည့်လျက် စကားမပြောဝံ့တော့ဘဲ နေရာမှအမြန်ထွက်ခွာသွားကြသည်။ လင်းဇီချန်သည် ကြက်တောင်ကို ကောက်ယူလိုက်ပြီး တစ်ဖက်ခြမ်းရှိ ရှန်ချင်းဟန်ကို အပြုံးဖြင့် နူးညံ့ညင်သာစွာ ပြောလိုက်သည်။
“ဟန်ဟန် ဆက်ကစားရအောင်လေ”
“ အိုး အိုး ဆက်ကစားမယ်”
အသိပြန်ကပ်သွားသည့် ရှန်ချင်းဟန်သည် ခေါင်းညိတ်လိုက်ပြီး လင်းဇီချန်နှင့် ဆက်လက်ကစားရန် သူမ၏ကြက်တောင်ရိုက်တံကို ကောက်ယူလိုက်သည်။ သူမသည်လည်း ခုနက မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရ၏။
သို့သော် လွန်ခဲ့သည့်တစ်ခေါက်က ဒုတိယတန်းကျောင်းသားအရွယ် လင်းဇီချန်သည် လမ်းကြားထဲတွင် လူကြီးနှစ်ယောက်အား မလှုပ်နိုင်တော့အောင် ရိုက်နိုင်ခဲ့သည်ကို အမှတ်ရလိုက်သောအခါ အလျင်အမြန်ပင် ဖြစ်နိုင်သည့်အရာဟု မှတ်ယူလိုက်ပြီး အရေးတယူစဉ်းစားမနေတော့ပေ။
အပိုင်း ၁၇
ဂျူနီယာအထက်တန်းကျောင်း အားကစားပွဲတော်
အသက်ကြီးရင့်လာသည်နှင့်အမျှ အချိန်များသည်လည်း မြန်ဆန်စွာကုန်ဆုံးလာသည်။ မသိလိုက်မသိဘာသာဖြင့် နှစ်ဝက်အချိန် ကုန်ဆုံးသွား၏။ ရှန့်ဟိုင်အထက်တန်းကျောင်းသို့ အမည်စာရင်းသွင်းရန်အတွက် ရောက်လာခဲ့သည်မှာ မနေ့တနေ့ဟု လင်းဇီချန် ထင်မှတ်မိသည်။ သတိမထားမိခင်မှာပင် ၇တန်းဒုတိယနှစ်ဝက်သို့ ရောက်ရှိလာခဲ့လေပြီ။
လင်းဇီချန်အတွက် ဂျူနီယာအထက်တန်းကျောင်းသားဘဝသည် သူငယ်တန်းကျောင်းသားဘဝ၊ မူလတန်းကျောင်းသားဘဝများနှင့် မကွာခြားလှပေ။ သူ၏ ထိုင်ခုံတွဲဖက်သည် ရှန်ချင်းဟန်ဖြစ်နေမြဲပင်။
အတန်းထဲတွင် သူ၏ကိုယ်ပိုင်စာအုပ်များကို ထုတ်ယူဖတ်ရှုနေမြဲ၏။ ကျောင်းမှပြန်ရောက်သောအခါ မိဘများ မသိစေဘဲ အပြင်းအထန်လေ့ကျင့်မှုများကို လုပ်ဆောင်သည်။ တစ်ခုတည်းသောကွာခြားချက်မှာ ညဘက် ပျင်းရိလာချိန်တွင် မိမိကိုယ်ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဖုန်းဖြင့် အွန်လိုင်းမှ နည်းပြဗွီဒီယိုများစွာကို ရှာဖွေကြည့်ရှုပြီး အရည်အချင်းအသစ်များကို သင်ယူခြင်းဖြစ်သည်။
'နတ်ဘုရားဉာဏ်ပညာ’၏ အကျိုးသက်ရောက်မှုကြောင့် လျင်မြန်စွာ သင်ယူနိုင်လေရာ အချိန်မဖြုန်းတီးဘဲ ကောင်းကောင်းအသုံးပြုသင့်ပေသည်။ ဤအချိန်အတောအတွင်း ‘ဂျူနီယာအထက်တန်းရဲ့အာဏာရှင်’ဟူသော ဂုဏ်ပုဒ်ကို ပထမနှစ်အတွင်း ရယူလိုသည်။ ထို့ကြောင့် လင်းဇီချန်သည် ကျောင်းတွင် မိမိကိုယ်ကိုထင်ပေါ်စေနိုင်မည့် အခွင့်အရေးမှန်သမျှကို အမိအရဆုပ်ကိုင်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ဝက်အတွင်း လင်းဇီချန်သည် စာမေးပွဲတိုင်း၌ ချွင်းချက်မရှိ တစ်ကျောင်းလုံးပထမအဆင့်ကို ရယူခဲ့သည်။ ထို့ပြင် အမျိုးမျိုးသော နိုင်ငံတော်အဆင့်အလယ်တန်းကျောင်းပြိုင်ပွဲများတွင် အချိန်ယူပါဝင်ခဲ့သည်။
၎င်းပြိုင်ပွဲများသည် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ computer programming၊ စသည်တို့ဖြစ်ကြသည်။ လင်းဇီချန်သည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲတိုင်း၌လည်း ဆုရရှိခဲ့သည်။ ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များ၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ သို့တည်းမဟုတ် အတိအကျသော ပထမ၊ ဒုတိယ၊ တတိယနေရာများအားလုံးကိုလည်း ရရှိခဲ့သည်။
အမှန်တိုင်းဆိုရသော် လင်းဇီချန် ဆန္ဒရှိလျှင် အလုံးစုံသော ရွှေတံဆိပ်ဆုများ၊ ပထမဆုများ၊ ထိပ်တန်းအဆင့်များအားလုံးကို သိမ်းပိုက်နိုင်ပါ၏။ သို့သော် ထိုသို့လုပ်ဆောင်ခဲ့လျှင် ဤဒေသ၏ပါရမီရှင်တစ်ဦးမျှ မဟုတ်တော့ဘဲ တစ်နိုင်ငံလုံး သတိထားမိလာမည့် ပါရမီရှင်ကြီးဖြစ်လာပေလိမ့်မည်။
ထိုအခါ အာရုံအစုအပြုံလိုက်သည် သူ့ထံ စီးဝင်လာပေလိမ့်မည်။ သူ၏ငြိမ်သက်အေးချမ်းသော ဘဝလေး မလွဲဧကန် ပြိုကွဲပျက်စီးသွားပြီး တိတ်တဆိတ် ဆင့်ကဲတိုးတက်ရန် မဖြစ်နိုင်ဘဲ ဖြစ်စေလိမ့်မည်။
ထိုသို့သော ဘဝမျိုးကို လင်းဇီချန် မလိုလားပေ။ မိမိကိုယ်ကိုယ်ထင်ပေါ်စေရန် စိတ်အားထက်သန်နေရသည့် အကြောင်းရင်းမှာ ‘ဂျူနီယာအထက်တန်းကျောင်းရဲ့အာဏာရှင်’ဂုဏ်ပုဒ်ကို ဖြစ်နိုင်သမျှမြန်မြန် ရယူလိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျောင်းတွင်းပထမအဆင့်ရ ထိပ်တန်းကျောင်းသားအဖြစ် ထိန်းသိမ်းထားခြင်းသည် လုံလောက်ပေသည်။
ဒီထက်ပိုရန် မလိုအပ်ပေ။
…
ယနေ့ လင်းဇီချန် အိမ်မှထွက်ခွာလာခဲ့ပြီး အတန်းထဲသို့ဝင်လိုက်သည်နှင့် အတန်းပိုင်ဆရာမှ လာရှာ၏။ ကျောင်းမှ သူ့အား နေ့လယ်တွင် စာလေ့လာနည်းဝေမျှခြင်းကဏ္ဍကို လုပ်ဆောင်စေလိုသည်ဟု ပြော၏။
ပြီးခဲ့သည့်စာသင်နှစ်ဝက်တွင် လင်းဇီချန်၏လုပ်ဆောင်ချက်များသည် အလွန်ထူးချွန်သည်ဖြစ်ရာ ဆရာရော ကျောင်းသားများပါ လင်းဇီချန်၏စာလေ့လာနည်းလမ်းများကို သိရှိလိုကြသည်။ ကျောင်း၏ အကြီးအကဲများသည် လင်းဇီချန်အား စာလေ့လာနည်းဝေမျှခြင်းကဏ္ဍကို အချိန်ခဏမျှ ပြုလုပ်ပေးစေလိုကြသည်။
“ဟုတ် သိပါပြီ”
လင်းဇီချန် ခေါင်းညိတ်လိုက်ပြီး ခေါင်းငုံ့၍ စာအုပ်ပြန်ဆက်ဖတ်သည်။ ထိုအခါ အတန်းပိုင်ဆရာသည် လင်းဇီချန်ကို ဆက်လက် မနှောင့်ယှက်တော့ပေ။ သို့သော် သူ၏ထိုင်ခုံတွဲဖက်လေး ရှန်ချင်းဟန်သည်တော့ ပြုံးရယ်လျက် လင်းဇီချန်အား လက်တို့၍ပြောလာသည်။
“ရှောင်ချန် နင်ဒီနေ့နေ့ခင်းကျ ထပ်ပြီး လူအာရုံစိုက်တဲ့အလယ်မှာ ထပ်ရပ်ရဦးမှာ၊ စိတ်လှုပ်ရှားနေလား”
“အဆင်ပြေပါတယ်”
လင်းဇီချန် ပြုံးလျက်တုံ့ပြန်သည်။ အစပိုင်းတွင် လူအာရုံစိုက်မှုအလယ်တွင် ရှိနေရခြင်းကို မိမိမှာ ရွေးချယ်ခံရသူတစ်ဦးကဲ့သို့ လင်းဇီချန် အတော်လေးပျော်မွေ့ခဲ့ဖူးပါ၏။ သို့သော် မကြာခဏတိုင်း လူအာရုံစိုက်ခြင်းအလယ်သို့ ထွက်ပြလုပ်ဆောင်ရသောအခါ တဖြေးဖြေးနှင့် ထင်ပေါ်မှု ပျောက်ဆုံးလာခဲ့သည်။
“နင်ကတော့ အဆင်ပြေပါတယ်လို့ပဲ စဉ်းစားပေမယ့် နင့်ရဲ့မိန်းကလေးပရိသတ်တွေကတော့ အဲဒီလိုခံစားရမှာ မဟုတ်ဘူး။ ဒီနေ့လည်ကျရင်
ကျောင်းရဲ့ပရိသတ်ထိုင်ခုံနေရာတွေကတော့ သူတို့တွေနဲ့ပြည့်နေတော့မှာပဲ။ ငါထိုင်ဖို့နေရာတောင် ရှိတော့မှာမဟုတ်ဘူး”
ရှန်ချင်းဟန် တွေးလိုက်ရုံဖြင့်ပင် အလွန်အထင်ကြီးဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။
ရှန့်ဟိုင်အထက်တန်းကျောင်းအတွင်း ပထမနှစ်ဝက်အတွင်း၌ လင်းဇီချန်၏ ချောမောသောရုပ်ရည်နှင့် ထူးခြားသော ပညာရေးလုပ်ဆောင်ချက်များကြောင့် အမြောက်အများသော ငယ်ရွယ်သည့် လေးစားအားကျသူများ၏ နှလုံးသားကို သိမ်းယူနိုင်ခဲ့သည်။
၇တန်းမှ ၉တန်းအထိ များစွာသော မိန်းကလေးများသည် လင်းဇီချန်ကို သဘောကျနှစ်ခြိုက်ကြသည်။ ၆လဟူသော အချိန်တိုလေးအတွင်း၌ ရာနှင့်ချီသော အချစ်စာလွှာများကို လက်ခံရရှိခဲ့သည်။
“စိတ်မပူနဲ့။ နင့်အတွက် ရှေ့တန်းမှာ ခုံတစ်ခုံသီးသန့်ထားပေးဖို့ ကျောင်းအုပ်ကြီးကို တောင်းဆိုပေးမယ်”
လင်းဇီချန်သည် စာအုပ်ဖတ်နေမြဲဖြင့် ရှန်ချင်းဟန်ကို ပေါ့ပေါ့ပါးပါး စိတ်ချစေသည်။ ထိုစကားကိုကြားသော် ရှန်ချင်းဟန်၏စိတ်အခြေအနေသည် ရုတ်ချည်းတက်ကြွသွား၏။ နှစ်ဦးသည် အချိန်ခဏမျှသာ စကားစမြည်ပြောနိုင်ကြပြီးနောက် သူတို့၏ကိုယ်ပိုင်ကိစ္စများဖြင့် တစ်ဖန်အလုပ်များနေကြပြန်သည်။
လင်းဇီချန်သည် စာအုပ်ထဲသို့ ငြိမ်းအေးစွာ နစ်မြုပ်နေသည်။ ရှန်ချင်းဟန်သည် အဆင့်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မေးခွန်းစာရွက်များကို လုံ့လဝီရိယထား လေ့လာနေသည်။
ထိပ်တန်းအဆင့်အတန်း၏ သင်ရိုးသည် သူမအတွက် အလွန်အဆင့်မြင့်လွန်း၏။ ဘာသာရပ်များ ပိုမိုများပြားရုံသာမက မေးခွန်းများသည်လည်း ခက်ခဲသည်ဖြစ်ရာ ရှန်ချင်းဟန်မှာ အမီလိုက်နိုင်ရန်အတွက် အတော်လေးရုန်းကန်ရပေသည်။
အတန်း၏ သင်ကြားမှုအခြေအနေကို လိုက်မီရန်အတွက် စာလေ့လာချိန် ပိုလိုအပ်သည်။ အတန်းချိန်တစ်ခုနှင့်တစ်ခုကြားရှိ နားချိန်များ၌ပင် နေရာမှမခွာဘဲ လေ့ကျင့်ခန်းပုစ္ဆာများကို လေ့ကျင့်နေခဲ့သည်။
“ရှောင်ချန် ဒီပုစ္ဆာကို ဘယ်လိုဖြေရှင်းရမှာလဲ မသိဘူး။ ပြီးတော့ အဖြေကိုလည်း နားမလည်နိုင်ဘူး။ ငါ့ကိုသင်ပေးနိုင်မလား”
ရှန်ချင်းဟန်သည် ရူပဗေဒမးခွန်းစာရွက်တစ်ရွက်ကို ကောက်ယူလျက် လင်းဇီချန်၏ရှေ့တွင်ချကာ ဘောပင်ဖြင့် အထွေထွေမေးခွန်းတစ်ခုကို ညွှန်ပြနေသည်။ ၎င်းသည် အရာဝတ္ထုတစ်ခုအပေါ် အားအင်သက်ရောက်မှုအကြောင်း ပါဝင်သည့် မေးခွန်းဖြစ်သည်။
လင်းဇီချန်သည် မေးခွန်းကို လျင်မြန်စွာဖတ်ကြည့်လိုက်ပြီး ဘောပင်နှင့်စာရွက်ကို ကောက်ယူလိုက်ပြီး ရှန်ချင်းဟန်ဘက်သို့ တိုးကပ်လိုက်သည်။ ပခုံးချင်းကပ်ထိုင်၍ ပုစ္ဆာဖြေရှင်းနည်းလမ်းကို ရှင်းပြသည်။
သူတို့နှစ်ဦး အလွန်နီးကပ်စွာ ထိုင်နေကြသည်ကိုမြင်သောအခါ တစ်ခန်းလုံးနီးပါးသော မိန်းကလေးများမှာ မနာလိုအားကျကုန်ကြသည်။ သူတို့သည်လည်း ရှန်ချင်းဟန်ကဲ့သို့ လင်းဇီချန်နှင့် ရင်းနီးလိုကြပါ၏။
…
အချိန်များကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း နေ့လယ်ခင်း စာလေ့လာနည်းဝေမျှခြင်းကဏ္ဍအချိန်သို့ ကျရောက်လာခဲ့လေပြီ။ လင်းဇီချန် သင်ကြားပို့ချသည့်ခန်းမထဲသို့ရောက်သောအခါ ရှန်ချင်းဟန်ပြောသည့်အတိုင်း သူ၏မိန်းကလေးပရိသတ်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
သို့သော် ထိုအချိန်၌ လင်းဇီချန်သည် ထိုပရိသတ်များအကြောင်းကို စိတ်မဝင်စားပေ။ ရှေ့တန်းတွင်ထိုင်နေသည့် ကျောင်းသား၁၀ဦးကိုသာ စိတ်ဝင်စားမိ၏။ ထိုကျောင်းသား၁၀ယောက်၏ မျက်နှာများကို သူမှတ်မိသည်။ သူတို့ကို ကျောင်း၏မော်ကွန်းတင်ဂုဏ်ပြုအမည်စာရင်းများ၌ မကြာခဏတွေ့ရတတ်သည်။ သူတို့သည် ၉တန်း၏ ပညာရေးဆိုင်ရာ ထိပ်တန်းအောင်မြင်သူများ ဖြစ်ကြသည်။
လင်းဇီချန် အမှန်တကယ် အံ့အားသင့်သွား၏။ သူ၏စာလေ့လာနည်းဝေမျှပွဲကို ၉တန်း၏ ထိပ်တန်းကျောင်းသားများပါ တက်ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ၉တန်းထိပ်တန်းကျောင်းသားများသည် ၇တန်းကျောင်းသားတစ်ဦး၏ စာလေ့လာနည်းဝေမျှခြင်းကို လာရောက်နားထောင်ခြင်းဟူသည် အခြားသူများကြားသိပါက ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။
“ကြည့်ရတာ ဒီကျောင်းရဲ့ စာလေ့လာမှုနယ်ပယ်မှာတော့ ငါက ဘုရင်ဖြစ်နေပြီထင်တယ်။ အားကစားမှာလည်း လွှမ်းမိုးနိုင်မယ်ဆိုရင် ‘ဂျူနီယာအထက်တန်းကျောင်းရဲ့အာဏာရှင်'ကို မကြာခင်ဖွင့်နိုင်လောက်တယ်”
လင်းဇီချန် စိတ်ထဲမှတွေးလိုက်သည်။
ထိုသို့အတွေးဖြင့် လင်းဇီချန်သည် နောက်လတွင်ကျင်းပမည့် ကျောင်းအားကစားပွဲတော်၌ သူ၏အရည်အချင်းများကိုပြသရန် မျှော်လင့်တကြီးစောင့်ဆိုင်းမိတော့သည်။
စာလေ့လာနည်းဝေမျှပွဲကို မကြာမီ စတင်ခဲ့သည်။ ရှေ့တန်းရှိ ကျောင်းသား၁၀ဦးသည် နားစွင့်၍ အသေးစိတ်အချက်တစ်ချက်မျှပင် လက်လွတ်မခံနိုင်သည့်အလား စူးစိုက်စွာ နားထောင်နေကြသည်။ ရှေ့တန်းတွင်ထိုင်နေသည့် ရှန်ချင်းဟန်သည်လည်း အာရုံစူးစိုက်လျက် မှတ်စုရေးမှတ်နေသည်။
ဝေးကွာသည့်နောက်ဘက်တွင် ထိုင်နေရသောမိန်းကလေးများသည် အကောင်းဆုံးနေရာတွင်ထိုင်နေသော ရှန်ချင်းဟန်ကို မြင်သောအခါ ရှန်ချင်းဟန်သည် လင်းဇီချန်၏ ငယ်သူငယ်ချင်းဖြစ်နေခြင်းကို အားကျကြသည်။ ဤသို့ လင်းဇီချန်ထံမှ အထူးတလည်ဆက်ဆံခံရခြင်းကိုလည်း အားကျကြသည်။
…
တစ်လကြာပြီးနောက် ရှန့်ဟိုင်အထက်တန်းကျောင်း၌ ၇၀ကြိမ်မြောက် အားကစားပွဲတော်ကို ကျင်းပသည်။ အချိန်ကိုက်သည် ထူးဆန်းပေသည်။ အားကစာပွဲတော်ကို ယခင်စာသင်နှစ်ဝက်၏ ဒီဇင်ဘာလတွင်မဟုတ်ဘဲ နောက်စာသင်နှစ်ဝက်၏ ဧပြီလတွင် စီစဉ်ထား၏။
ထို့ပြင် ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ မကျင်းပချေ။ တစ်ရက်တည်းသာ ကျင်းပ၏။ ရှန့်ဟိုင် အထက်တန်းကျောင်းသည် အားကစားပွဲတော်များအား အလေးမထားသည်မှာ သိသာထင်ရှားလှသည်။ သို့သော်ငြား လင်းဇီချန်သည် စိတ်လှုပ်ရှားတက်ကြွနေမြဲပင်။
အဘယ်ကြောင့်ဆိုသော် ယနေ့ အားကစားပွဲတော်၌ လွှမ်းမိုးနိုင်ခဲ့လျှင် ‘ဂျူနီယာအထက်တန်းကျောင်းရဲ့ အာဏာရှင်'ဟူသော ဂုဏ်ပုဒ်ကို ဖွင့်လှစ်နိုင်ပြီး ‘ပညာသင်နှစ်၉နှစ်ကို ကြီးစိုးရန်'ဟူသော မစ်ရှင်ကို အောင်မြင်နိုင်ခြေ မြင့်မားသည်။ သို့ဖြင့် ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’’ ဇီဝကမ္မမှတ်တမ်းကို ရရှိနိုင်ပေလိမ့်မည်။
“ပြိုင်ပွဲဝင်ဖို့ အမည်စာရင်းပေးသွင်းထားတဲ့ ကျောင်းသားများ ကျေးဇူးပြုပြီး ကိုယ့်ရဲ့ပြိုင်ပွဲနေရာအသီးသီးကို သွားရောက်စာရင်းသွင်းပေးပါ။ အချိန်မီစာရင်းမပေးသွင်းနိုင်ခဲ့ရင် ရှုံးနိမ့်သူအဖြစ် အလိုအလျောက် သတ်မှတ်ခံရပါမယ်”
PEဆရာတစ်ဦးသည် ဒိုင်လူကြီးအဖြစ် ကွင်းအလယ်တွင်ရပ်၍ မိုက်ဖြင့်ကြေညာသည်။ ထိုစကားကိုကြားသောအခါ လင်းဇီချန် စာရင်းပေးသွင်းရန် ချက်ချင်းသွားလိုက်သည်။ လင်းဇီချန်သည် လျင်မြန်မှုအရှိန်ကို စမ်းသပ်စစ်ဆေးသော မီတာ၁၀၀အပြေးပြိုင်ပွဲ၊ ခုန်နိုင်သည့်စွမ်းရည်ကို စမ်းသပ်စစ်ဆေးသော ပြေးခုန်ပစ်ပြိုင်ပွဲ၊ အင်အားကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေးသည့် သံလုံးပစ်ပြိုင်ပွဲများကဲ့သို့သော တစ်ဦးချင်းပြိုင်ပွဲများ၌သာ စာရင်းပေးသွင်းထားခဲ့သည်။
“ဂျူနီယာလေးဇီချန် မင်း ရွှေတံဆိပ်ဆု အနိုင်ရရမယ်နော်”
“ဂျူနီယာလေးဇီချန် မင်းမီတာ၁၀၀ပြေးတဲ့အခါ ငါပန်းတိုင်းမျဉ်းကနေ မင်းကိုစောင့်နေမယ်”
“...”
လင်းဇီချန် စာရင်းပေးသွင်းရန် တန်းစီနေစဉ် ၉တန်းစီနီယာကျောင်းသူများစွာသည် လင်းဇီချန်ကို တောက်ပစွာသောအပြုံးများဖြင့် အားပေးနေကြသည်။ လင်းဇီချန်လည်း ယဉ်ကျေးပျူငှာစွာသောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
လင်းဇီချန် ပြုံးပြလိုက်သောအခါ စီနီယာကျောင်းသူများမှာ မူးမေ့လဲကျမတတ်ဖြစ်ကုန်ကြလေသည်။ လင်းဇီချန်၏နောက်မှ တန်းစီနေသော ကျောင်းသားတစ်ဦးမှာ မနာလိုအားကျခြင်းကြောင့် အချဉ်ဓာတ်စူးအောင့်သွားရလေသည်။
ထိုကျောင်းသားသည် ၉တန်း၏ ထူးကဲသောအားကစားပါရမီရှိသည့် သိုင်းပညာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြုအဖြစ် မကြာခဏ ပါဝင်ယှဉ်ပြိုင်တတ်သည်။
ပုံမှန်အားဖြင့် ထိုကျောင်းသားသည် ကျောင်းအားကစားပွဲကဲ့သို့သော အသေးအမွှားပွဲလေးများကို အထင်အမြင်သေးတတ်၏။
သို့သော် လင်းဇီချန် ပါဝင်ယှဉ်ပြိုင်မည်ဟု သိလိုက်ရသည်တွင် လင်းဇီချန်အား အနိုင်ရယူပြီးအဆင့်ဆွဲချရန် ရည်ရွယ်ချက်ဖြင့် အထူးတလည်လာရောက်၍ စာရင်းပေးသွင်းခြင်းဖြစ်သည်။ သူတစ်ဖက်သတ် သဘောကျနေရသော မိန်းကလေးသည် လင်းဇီချန်၏ပရိသတ်တစ်ယောက် ဖြစ်သွားခဲ့သည်ကို လက်မခံနိုင်ချေ။
“ဟမ့် မင်းက ငါ့လောက်လည်း မချောဘဲနဲ့ အဆင့်လည်း ငါ့လောက် မကောင်းဘူးကို၊ ငါ့ရဲ့အားကစားစွမ်းရည်ကလည်း မင်းထက် အဆင့်နိမ့်တာ ဖြစ်နိုင်ပါ့မလား။ ငါမင်းကို ဘယ်လိုအနိုင်ယူလွှမ်းမိုးပြီး ချန်ပီယံအဖြစ် ထွက်ပေါ်လာမလဲဆိုတာသာ စောင့်ကြည့်နေလိုက်တော့”
ထိုကျောင်းသားသည် သူ၏ရှေ့တွင် တန်းစီေနသည့် လင်းဇီချန်ကိုကြည့်၍ ထိုသို့တွေးတောနေခဲ့သည်။ လင်းဇီချန်အား လမ်းကြောင်းပေါ်မှ အပြတ်အသတ်အနိုင်ယူပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
အပိုင်း ၁၈
ပညာသင်နှစ်၉နှစ်ကို ကြီးစိုးခြင်း
ပြိုင်ပွဲဝင်များအားလုံး စာရင်းပေးသွင်းပြီးနောက် တာဝန်ကျPEဆရာသည် အတန်းတစ်တန်းစီအတွက် ဖွင့်ပွဲအခမ်းအနားကို စတင်စီစဉ်သည်။ ထိုအချိန်၌ အားကစားသမားများသည် ကွင်းအလယ်တွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေကြသည်။
“ရှောင်ချန် ငါနင့်အတွက် အားဖြည့်အချိုရည်ဝယ်လာတယ်။ ဒါကိုသောက်ရင် လုပ်ဆောင်မှုစွမ်းရည် တိုးတက်နိုင်တယ်တဲ့။ နည်းနည်းသောက်မလား”
ရှန်ချင်းဟန်သည် အရွတ်အကြောများကို ဖြေလျှော့နေသည့် လင်းဇီချန်သို့ လျှောက်လာခဲ့ပြီး နွားရိုင်းတံဆိပ်ခတ်နှိပ်ထားသော အချိုရည်တစ်ဘူးကို ကမ်းပေးသည်။ လင်းဇီချန်သည် ၎င်းမှာ အသုံးမဝင်ဟု ခံစားရပေသည်။ သူ၏အင်အားကို တိုးတက်စေရန်အတွက် ပြင်ပအကူအညီ မလိုအပ်ပေ။ သို့သော် ရှန်ချင်းဟန် ဝယ်လာပေးခြင်းဖြစ်သောကြောင့် နှစ်ကြိမ်ပြန်မစဉ်းစားဘဲ တစ်ငုံသောက်လိုက်သည်။
“ဘယ်လိုနေလဲ ရှောင်ချန်”
“နည်းနည်းအကျိုးရှိသလိုပဲ။ ငါပိုပြီး တက်ကြွလာသလို ခံစားရတယ်”
လင်းဇီချန် အဖြူရောင်မုသားစကား ဆိုလိုက်သည်။ ထိုစကားကြောင့် ရှန်ချင်းဟန်ပြုံးလိုက်ပြီး အားပေးသည့်အမူအရာပြုလုပ်ကာ ပြော၏။
“ရှောင်ချန် နင်ရွှေတံဆိပ်သုံးခုယူပြီးပြန်လာတာကို ဓာတ်ပုံအတူရိုက်ဖို့ ငါစောင့်နေမယ်”
“ငါယူလာမှာပါ”
လင်းဇီချန် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောသည်။ အနီးတွင်ရပ်နေသော သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် လင်းဇီချန်၏ ရွှေတံဆိပ်သုံးဆုရရှိရန် ယုံကြည်ချက်ပြည့်ဝနေခြင်းအပေါ် စိတ်ထဲမှ ရယ်မောလှောင်ပြောင်နေပေသည်။
…
နာရီဝက်ခန့်ကြာမြင့်ပြီးနောက် အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့သည်။ ပြိုင်ပွဲ တရားဝင်စတင်ခဲ့ပီး လင်းဇီချန် စာရင်းပေးသွင်းထားသည့် ပထမဆုံးပြိုင်ပွဲသည် သံလုံးပစ်ပြိုင်ပွဲဖြစ်ပြီး ထို့နောက် အမြင့်ခုန်နှင့် နောက်ဆုံးစိတ်ဝင်စားမှု အများဆုံးဖြစ်သော မီတာ၁၀၀အပြေးပြိုင်ပွဲများဖြစ်သည်။
“ဇီချန် ပထမနေရာအတွက် ကြိုးစားထား။ စီနီယာအစ်မ မင်းကိုယုံတယ်”
လင်းဇီချန် သံလုံးပစ်ပြိုင်ပွဲအတွက် တန်းစီနေစဉ် သူ၏လက်ဝဲဘက်ရှိ လူအုပ်ထဲမှ မိန်းကလေးတစ်ယောက်သည် သူ့အား လက်ဝှေ့ယမ်းပြလာသည်။ လင်းဇီချန် အပြုံးဖြင့်လှည့်ကြည့်၍ သူမကို ယဉ်ကျေးမှုဖြင့်သာ အသိအမှတ်ပြုလိုက်သည်။
လင်းဇီချန်၏ရှေ့ရှိ သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် ထိုမြင်ကွင်းကြောင့် လုံးလုံးလျားလျားညှဉ်းဆဲခံလိုက်ရပြီး ပြိုင်ပွဲအမြန်စတင်ရန် စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည် သူတိတ်တခိုးသဘောကျနေသည့် မိန်းကလေးဖြစ်သောကြောင့်ပင်။ မကြာမီ သိုင်းပညာအဖွဲ့ဝင်ကျောင်းသား၏ သံလုံးပစ်ရန်အလှည့်သို့ ကျရောက်လာသည်။ ထိုကျောင်းသားသည် သံလုံးကိုကောက်ယူ၍ ကိုယ်ကိုပြင်းထန်စွာလှည့်လျက် လက်မှ အားကုန်ပစ်လွှတ်လိုက်သည်။
ခဏကြာပြီးနောက် ဒိုင်လူကြီး၏အသံ ပဲ့တင်ထပ်လာသည်။
“၁၅.၆၇မီတာ”
အကွာအဝေးကို ကြေညာပြီးနောက်၌ ပွဲကြည့်ပရိသတ်အားလုံးမှာ ‘ဝါး'ဟု အာမေဋိတ်သံပြုမိကြကာ ရလဒ်ကို အံ့အားသင့်နေကြသည်။ နောက်ဘက်တွင် တန်းစီနေသည့် လင်းဇီချန်သည်လည်း မျက်ခုံးတစ်ဖက်ပင့်မြှောက်လိုက်၏။ အလယ်တန်းကျောင်းသားတစ်ဦးသည် ထိုမျှအကွာအဝေးအထိ ပစ်လွှတ်နိုင်ခြင်းကို အံ့အားသင့်သွားခဲ့သည်။ ။
၁၅.၆၇မီတာဟူသည် သူ၏အရင်ဘဝတွင် ပထမတန်းစားအားကစားသမားဟု သတ်မှတ်နိုင်သော အကွာအဝေးဖြစ်ပေသည်။ အဆုံးတွင်တော့ ကမ္ဘာများမှာ မတူညီကြပေ။ ဤကမ္ဘာ၏လူသားများသည် သူ၏အရင်ဘဝမှ လူသားများထက် ကိုယ်ခန္ဓာကြံ့ခိုင်မှု ပိုမိုမြင့်မားသည်။
အဖြူရောင်မျဉ်းမှ ထွက်ခွာသွားစဉ် သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် မိမိကိုယ်ကိုယ်စိတ်ကျေနပ်နေသော အမူအရာဖြင့် လင်းဇီချန်ကို လှည့်ကြည့်ခဲ့သည်။ လင်းဇီချန်သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ ထိုကျောင်းသားသည် ထိုသို့မိမိကိုယ်ကိုယ်ဂုဏ်ယူဝံ့ကြွားနေသော အမူအရာဖြင့် အဘယ်ကြောင့် သူ့ကို တကူးတက လှည့်ကြည့်ရန် လိုအပ်ရသနည်းဟု နားမလည်နိုင်ပေ။
“ရှောင်ချန် ရွှေတံဆိပ်ဆုအတွက် ကြိုးစားထား!”
နေရာနှင့်မနီးမဝေး၌ ရှန်ချင်းဟန်သည် သူမ၏ လက်လှလှလေးများကို လက်သီးဆုပ်လျက် လင်းဇီချန်ကို အားပေးနေသည်။ လင်းဇီချန်သည်လည်း ပြုံးလျက် အဖြူရောင်မျဉ်းသို့ လျှောက်မသွားခင် ဟန်အမူအရာ ပြန်လုပ်ပြလိုက်သည်။ ထို့နောက် သံလုံးကို ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ပစ်လိုက်သည်။
ရလဒ်အနေဖြင့် သံလုံးသည် အမြှောက်ဖြင့်ပစ်လိုက်သည့်အလား အလွန်ဝေးကွာသည့်အကွာအဝေးသို့ ပျံထွက်သွားခဲ့သည်။ အကွာအဝေးကို မှတ်တမ်းယူရန်တာဝန်ကျသည့် PEဆရာသည် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ချေ။ အံ့အားသင့်မှုမှ အသိစိတ်ပြန်ကပ်လာပြီးနောက် တိုင်းတာသည့်တိပ်ကို အလျင်အမြန်ယူ၍ မည်မျှအကွာအဝေးသို့ ရောက်ရှိကြောင်းကို တိုင်းတာသည်။
“၂၀.၁၂မီတာ”
ထိုအတိုင်းအတာကို ကြေညာလိုက်သည့်အခိုက်တွင် လူအုပ်ကြီးထံမှ ကျယ်လောင်လွန်းလှသော အံ့ဩဘနန်းပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ လူအားလုံး၏ မျက်နှာအမူအရာများမှာ အံ့အားသင့်နေကြသည်။
အထူးသဖြင့် သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် အလွန်အံ့အားသင့်လွန်းသောကြောင့် သံလုံးကိုပင် မြိုချနိုင်လောက်သည်အထိ ပါးစပ်အဟောင်းသား ပွင့်ဟနေတော့သည်။ မျက်နှာအမူအရာမှာ မယုံကြည်နိုင်ကြောင်း ထင်ရှားပေါ်လွင်နေ၏။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ!
ဘယ်လိုလုပ်ပြီး မီတာ၂၀တောင် ပစ်နိုင်ရတာလဲ?!
ဂျူနီယာအထက်တန်းပထမနှစ်ပဲ ရှိသေးတာကိုလေ!
ငါအိပ်မက်မက်နေတာပဲဖြစ်မယ်!
ထိုအတွေးဖြင့် သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် ကိုယ့်ပါးကိုယ်ရိုက်ချလိုက်သည်။
နာတယ်ဟ! ဒါက တကယ်ကြီးပဲ!
ထိုကျောင်းသား၏အနီးအနားရှိလူများသည် သူအဘယ်ကြောင့် အကြောင်းရင်းမရှိ မိမိကိုယ်ကို ပါးရိုက်ရသည်ကို နားမလည်နိုင်ဘဲ ရှုပ်ထွေးသွားရ၏။
“ရှောင်ချန် နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”
ရှောင်ချင်းဟန်သည် ခုနကအခိုက်အတန့်ကို မှတ်တမ်းတင်ထားသည့် ဖုန်းလေးကိုကိုင်လျက် လင်းဇီချန်သို့ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ဦးတည်ပြေးသွားသည်။ လင်းဇီချန် သူမ၏ဦးခေါင်းလေးကို ထိကိုင်လိုက်ပြီး ပြုံးလိုက်သည်။
“ငါရွှေတံဆိပ်ဆုတစ်ဆု ရထားပြီ။ နှစ်ခုကျန်သေးတယ်။ အားကစားပွဲတော်ပြီးရင် ဓာတ်ပုံရိုက်ဖို့သာ စောင့်နေလိုက်တော့”
…
ထို့နောက် လင်းဇီချန်သည် အမြင့်ခုန်နှင့် မီတာ၁၀၀အပြေးပြိုင်ပွဲများတွင် ပါဝင်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အခက်အခဲမရှိ ပထမရရှိခဲ့ပြီး ရွှေတံဆိပ်ဆုသုံးဆုကို ချောချောမွေ့မွေ့ စုဆောင်းနိုင်ခဲ့သည်။
မူလက လင်းဇီချန်ကို အနိုင်ရယူရန် ယုံကြည်ချက်ပြည့်ဝနေခဲ့ေသာ သိုင်းပညာအဖွဲ့ဝင်ကျောင်းသားသည် မိမိကိုယ်ကို သံသယဝင်ရင်းဖြင့် အဆုံးသတ်သွားရလေသည်။ ငွေတံဆိပ်ဆုများသာ ရရှိခဲ့ပြီး လုံးဝကြောင်အ,နေတော့သည်။
“ဂျူနီယာဇီချန် မင်းက အရမ်းတော်တာပဲ။ အကုန်ရွှေတံဆိပ်ဆုတွေချည်းပဲ။ စီနီယာအစ်မတော့ မင်းကိုအရမ်းလေးစားသွားပြီ”
“ဂျူနီယာဇီချန် အစ်မ မင်းအတွက် ရေဝယ်လာပေးတယ်”
“ဂျူနီယာဇီချန်! အစ်မ ယူလာတာကိုသောက်ပါ! အစ်မ ယူခဲ့တာကိုသောက်! အမြန်အားပြည့်စေမယ့် အားဖြည့်အချိုရည် ဝယ်လာခဲ့ပေးတယ်”
လင်းဇီချန် ရွှေတံဆိပ်ဆုသုံးဆုကို ကိုင်ဆောင်၍ အားကစားကွင်းထဲမှ ထွက်ခွာလာသည်နှင့်တစ်ပြိုင်နက် များစွာသောစီနီယာအစ်မများ၏ ဝန်းရံခြင်းခံလိုက်ရသည်။ သူတို့သည် လင်းဇီချန်ကို တင်းတင်းကျပ်ကျပ် ဝန်းရံထားကြရာ အဝေးသို့ထွက်သွားရန် မဖြစ်နိုင်ပေ။
ရှန်ချင်းဟန်သည် သူမ,ဝယ်ထားသည့် အားဖြည့်အချိုရည်ဘူးလေးကို ကိုင်ဆောင်လျက် အပြင်ဘက်မှနေ၍ လင်းဇီချန်ကိုကမ်းပေးရန် ကြိုးစားသော်ငြား မရောက်နိုင်ပေ။ ထိုမြင်ကွင်းကြောင့် လင်းဇီချန်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ့အားဝန်းရံနေသည့် စီနီယာအစ်မများကို ပြောလိုက်ရသည်။
“ကျွန်တော့်အပေါ် ကြင်နာမှုနဲ့တွေးတောပေးတာအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မတို့။ ကျွန်တော် ကိုယ့်ဘာကိုယ် ရေဝယ်ထားတာရှိတယ်။ အဲဒါပဲ သောက်လိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် လူအုပ်ထဲမှ တိုးထွက်ကာ ရှန်ချင်းဟန်သို့လျှောက်သွားပြီး သူမ,ကမ်းပေးသည့် အားဖြည့်အချိုရည်ကို အဖုံးဖွင့်၍ အားရပါးရသောက်သုံးလိုက်သည်။
“ရှောင်ချန် နင်က ကျောင်းမှာ အရမ်းနာမည်ကြီးတာပဲ။ ၉တန်းက စီနီယာအစ်မတွေတောင်မှ နင့်ရဲ့ပရိသတ်တွေဖြစ်ကုန်ကြပြီ”
ရှန်ချင်းဟန်မှ အားကျစွာဖြင့်ပြောသည်။ လင်းဇီချန်သည် အချိုရည်ဘူးအဖုံးကို ပြန်လှည့်ပိတ်လိုက်ပြီး တစ်ခစ်ခစ်ရယ်မော၏။
“ဒါပေမဲ့ ငါ့အတွက် မိန်းကလေးပရိသတ်တွေ အများကြီးမလိုအပ်ဘူးလေ။ ငါ့ရဲ့ပရိသတ်က နင်တစ်ယောက်ရှိတာနဲ့ လုံလောက်ပြီ”
“ငါက နင့်ရဲ့ပရိသတ်မဟုတ်ပါဘူးနော်။ ငါက နင့်ရဲ့ငယ်သူငယ်ချင်းပါ ဟုတ်ပြီလား”
ရှန်ချင်းဟန်သည် သူမ၏နှင်းဆီနှုတ်ခမ်းလေးများကို စူလျက် မကျေနပ်ကြောင်း ပြသသည်။ လင်းဇီချန်သည် ရယ်မောနေပြီး ဘာမျှမပြောချေ။ အနီးတစ်ဝိုက်ရှိ မိန်းကလေးများသည် ထိုမြင်ကွင်းကို မနာလိုအားကျစွာဖြင့် ကြည့်နေကြရသည်။ သူတို့အားလုံးသည် ရှန်ချင်းဟန်ကို အားကျကြသည်။
သာမန်မိန်းကလေးတစ်ဦးသည် ရုပ်ရည်ချောမောရုံမျှမက စာပေနှင့်အားကစားနှစ်ခုလုံး၌ ထူးချွန်သည့် ငယ်သူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ထား၏။ ၎င်းမှာ စင်ဒရဲလားနှင့်မင်းသားလေးပုံပြင်ကဲ့သို့ပင် မဟုတ်ပါလော။
ရှန်ချင်းဟန်သည် အခြားမိန်းကလေးများ၏ မနာလိုအားကျသောအကြည့်များကို ခံစားမိသောကြောင့် စိတ်ထဲမှ ပျော်ရွှင်နေမိသည်။ သူမကို လူအများ မနာလိုအားကျစေနိုင်သော လင်းဇီချန်အား ငယ်သူငယ်ချင်းအဖြစ် ပိုင်ဆိုင်ရခြင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရသည်ကဲ့သို့ ခံစားရစေသည်။
အချိုရည်ကို ခဏအတွင်း အကုန်သောက်ပြီးနောက် နှစ်ဦးသား အတူတကွ ဓာတ်ပုံရိုက်ကြသည်။ ရိုက်ကူးထားသည့်ဓာတ်ပုံများကို စိတ်ကျေနပ်သွားသောအခါ အတန်းထဲသို့ အတူပြန်သွားကြသည်။ ထို့နောက် ပစ္စည်းများကိုသိမ်းဆည်း၍ စက်ဘီးဖြင့် အိမ်ပြန်ကြသည်။
အိမ်နှင့်ကျောင်းသည် အနည်းငယ်ကွာဝေးသောကြောင့် ကျန်းဝမ်ရှင်းသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ကျောင်းသွားကျောင်းပြန် အဆင်ပြေစေရန်အတွက် လင်းဇီချန်ကို စက်ဘီးတစ်စီးဝယ်ပေးခဲ့သည်။
အတန်းထဲသို့ပြန်သွားစဉ်၌ လင်းဇီချန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး လေဟာပြင်သို့ အတွေးပို့လွှတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူစိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည့် အသိပေးစာကို လေဟာပြင်၌ မြင်တွေ့လိုက်ရသည်။
(သင့်ရဲ့စာပေနဲ့အားကစားဆိုင်ရာ အောင်မြင်မှုတွေက တစ်ကျောင်းလုံးကို လုံးလုံးလျားလျား ကျော်လွန်သွားခဲ့ပါပြီ။
'ဂျူနီယာအထက်တန်းကျောင်းရဲ့အာဏာရှင်'ဂုဏ်ပုဒ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ)
(သူငယ်တန်းကျောင်း ကလေးဘုရင်၊ မူလတန်းကျောင်းခေါင်းဆောင်၊ ဂျူနီယာအထက်တန်းရဲ့အာဏာရှင်'ဂုဏ်ပုဒ်များအားလုံး ပွင့်သွားခဲ့ပါပြီ။ ‘ပညာသင်နှစ်၉နှစ်ကို ကြီးစိုးရန်'မစ်ရှင်ကို အောင်မြင်သွားပါပြီ)
(ရရှိသော ဆုလာဒ် - 'ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’)