← Chapters

အပိုင်း ၁၉-၂၁

Vol. 2 Ch. 19-21

အပိုင်း ၁၉-၂၁

Vol. 2 Ch. 19-21

အပိုင်း ၁၉

ဘဝ၏ဇာစ်မြစ်

('ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’ - သင့်ရဲ့အသက်အမြု‌တေသည် အရာအားလုံးကို အုပ်စိုးချုပ်ကိုင်နိုင်သည်။ သင့်ရဲ့ဆင့်ကဲတိုးတက်မှုအတွက် အခြားသတ္တဝါရဲ့ အသက်အမြုတေကို ဝါးမျိုနိုင်သည်)

ထိုအသိပေးစာကို မြင်လိုက်သည့်အခိုက်အတန့်တွင် လင်းဇီချန် ပထမဆုံးတွေးမိသည်မှာ ဤသို့ဖြစ်သည်။

အသက်မှာတောင် အဆင့်အတန်းတွေရှိသေးတာလား။

ရှေးဦးကမ္ဘာသို့ ပြန်ရောက်သွားသည့်အလားပင်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်ခြင်းဟူသည် လိုက်လျောညီထွေစွာ ရှင်သန်ခြင်းဖြစ်ပေသည်။ သို့သော် လင်းဇီချန်သည် ထိုအတွေးကို ကြာကြာစွဲလမ်းမနေဘဲ ‘အသက်အမြုတေ'ဟူသော စာလုံးပေါ်၌သာ အာရုံစိုက်လိုက်သည်။

အသက်အမြုတေလား။

အဲဒါက ဘာကိုဆိုလိုတာလဲလား။

ဆံပင်ဖြူမိန်းကလေး‌ သူနှင့်ရှန်ချင်းဟန်ကိုပေးခဲ့သည့် တိရစ္ဆာန်သွားစွယ်ကို ရုတ်တရက်သတိရလိုက်သည်။ ထိုသွားစွယ်ကို သူလေ့လာခဲ့ချိန်က အသက်စွမ်းအင်တစ်မျိုး ခံစားမိသည်ကိုလည်း အမှတ်ရလိုက်သည်။ ထို့ကြောင့် သူ၏ဘေးတွင် ‌သံစဥ်ညည်း‌နေသည့် ရှန်ချင်းဟန်သို့ လှည့်၍မေးလိုက်သည်။

“ဟန်ဟန် နင်လည်ဆွဲထားတဲ့သွားစွယ်လေး တစ်ချက်လောက်ချွတ်ပြီး ငါ့ကိုပေးကြည့်ပါလား”

“ဘာလို့ရုတ်တရက်ကြီး သွားစွယ်ကို ကြည့်ချင်သွားရတာလဲ”

ရှန်ချင်းဟန်သည် နာခံစွာဖြင့် သွားစွယ်ကိုချွတ်၍ လင်းဇီချန်သို့ ကမ်းပေးရင်းဖြင့် မေးမြန်းသည်။ လင်းဇီချန်သည် အကြောင်းပြချက်တစ်ခု ချက်ချင်းပြုလုပ်လိုက်သည်။

“ဒီသွားစွယ်ရဲ့ဒြပ်ထုက အတော်လေးကောင်းတယ်ထင်လို့ နင့်အတွက် လက်ဝတ်ရတနာအဖြစ် ပြောင်းလုပ်ပေးလို့ရမလား သိချင်လို့ပါ”

“အာ?”

ရှန်ချင်းဟန်သည် လင်းဇီချန်၏စကားကြောင့် အနည်းငယ် မင်သက်သွားရပြီး အခက်တွေ့နေသည့် မျက်နှာအမူအရာဖြင့် ပြောလာသည်။

“ဇီချန် ဒါက ပိုင်ရွှယ် ငါတို့ကိုပေးခဲ့တဲ့လက်ဆောင်လေ။ ခွင့်ပြုချက်မရှိဘဲ တခြားတစ်ခုအဖြစ် ပြောင်းပစ်လိုက်တာက မသင့်တော်လောက်ဘူးထင်တယ်”

“ဟုတ်တာပဲ။ ဒါဆိုလည်း ပြောင်းမလုပ်တော့ဘူး”

လင်းဇီချန် အမှုမထားသကဲ့သို့ ပြန်ပြောသည်။ သူ၏အာရုံအလုံးစုံသည် သူ၏လက်ဖဝါးထက်ရှိ သွားစွယ်ထံတွင်သာ ကျရောက်နေခဲ့ပြီး အသက်စွမ်းအင်ကို ခံစားကြည့်နေသည်။

အသက်စွမ်းအင်ကို ခံစားမိလိုက်သည်တွင် သွားစွယ်ကိုကိုင်ထားသည့်လက်သည် ရုတ်တရက် ‌ေနွးထွေးလာခဲ့သည်။ ထို့နောက် သွားစွယ်အတွင်းမှ အသက်စွမ်းအင်သည် လက်ဖဝါးမှတစ်ဆင့် လင်းဇီချန်၏ကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်။

တစ်ပြိုင်နက်တည်းပင် လေဟာပြင်၌ အသိပေးစာအမြောက်အများ ထွက်ပေါ်လာသည်။

('ဧရာမအသူတရာလိပ်ပြာ'ရဲ့ အသက်အမြုတေစွမ်းအင်တစ်မျှင်ကို ဝါးမျိုခဲ့ပါသည်)

(ဧရာမအသူတရာလိပ်ပြာ စုစည်းမှုမှတ်တမ်း - ၁%)

(စုစည်းမှုမှတ်တမ်း ၁၀၀%သို့ ရောက်ရှိလျှင် သက်ဆိုင်ရာ ထူးခြားဆန်းပြားသားရဲ၏ ပင်ကိုအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ရရှိမည်)

ဒါက လိပ်ပြာရဲ့သွားလား။ လင်းဇီချန် အသိပေးစာကိုဖတ်ပြီးနောက် သူ၏လက်ဖဝါးထက်ရှိ လက်တစ်ချောင်းစာခန့် အရွယ်အစားရှိသည့် သွားစွယ်ကို ငုံ့ကြည့်လိုက်သည်။ လင်းဇီချန်သည် အနည်းငယ်အံ့အားသင့်မှုနှင့်အတူ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဤသန္ဓေပြောင်းကမ္ဘာ၏ ထူးခြားဆန်းပြားသားရဲများသည် သူ၏အရင်ဘဝမှ အသိပညာတို့ဖြင့် နားမလည်နိုင်သည့် ထူးခြားသည့်သတ္တဝါများဖြစ်ကြသည်ဟုသာ ဆိုနိုင်ပေသည်။ ထို့နောက် လင်းဇီချန်၏အတွေးသည် ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’သို့ ပြန်လည်ရောက်ရှိလာသည်။

တိုက်ရိုက်ဆိုရသော် ၎င်း၏ဆိုလိုရင်းမှာ မိမိကိုယ်ကိုယ် ပိုမိုအင်အားသန်မာလာစေရန်အတွက် အခြားသတ္တဝါများကို ဝါးမျိုနိုင်သည့်စွမ်းရည် ပိုင်ဆိုင်ထားပြီဟူ၍ ဖြစ်သည်။ ထိုအကြောင်းအရာသည် လင်းဇီချန်ကို အတွေးများစေ၏။

ပုရွက်ဆိတ်များ၊ ခြင်များ၊ ယင်ကောင်များ၊ ပိုးဟပ်များကဲ့သို့ နေရာတိုင်းတွင်တည်ရှိသော တိရစ္ဆာန်များ၏ အသက်အမြုတေကိုလည်း ဝါးမျိုနိုင်လိမ့်မည်လော။ သို့ဖြင့် သူတို့၏ ပင်ကိုအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ရယူနိုင်လိမ့်မည်လော။

ဥပမာ… ပိုးဟပ်ရဲ့ စွဲမြဲကြံ့ခိုင်တဲ့ ရှင်သန်မှုအရည်အချင်းလိုမျိုးလေ?

အိမ်ပြန်ရောက်လျှင် တိရစ္ဆာန်အသေးလေးများကို ရှာဖွေ၍ ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’၏ အကျိုးလက္ခဏာတို့ကို စမ်းသပ်ကြည့်ရပေမည်။

“ရှောင်ချန် နင်ဒီသွားစွယ်ကို နေ့တိုင်းမြင်နေတာပဲ မဟုတ်ဘူးလား။ ဘာလို့ရုတ်တရက်ကြီး အာရုံဝင်စားလာတာလဲ”

သွားစွယ်ကို လက်ထဲတွင်ကိုင်၍ မလှုပ်မယှက်ရပ်ကြည့်နေသော လင်းဇီချန်ကို မြင်သောအခါ ရှန်ချင်းဟန် ရှုပ်ထွေးသွားခဲ့သည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏စကားကြောင့် ပို၍အသေးစိတ် စီစစ်မနေတော့ဘဲ လေဟာပြင်ထဲမှ စိတ်အစဉ်ကို ပြန်လည်ဆွဲခေါ်လိုက်သည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏အမေးစကားကို ပေါ့ပေါ့ပါးပါးပင် ငြင်းပယ်လိုက်ပြီး အတန်းထဲသို့ မဝင်မီ သွားစွယ်အား ရှန်ချင်းဟန်ကို ပြန်ပေးလိုက်သည်။

သွားစွယ်ထဲရှိ အသက်စွမ်းအင်အားလုံး ကုန်ခမ်းသွားပြီဖြစ်သော်ငြား အသွေးအသားများနှင့်ကွာခြားလေရာ ပုပ်သိုးမသွားဘဲ အချိန်ကြာမြင့်စွာ မူလအတိုင်း တည်ရှိနိုင်ပေသည်။

…

အတန်းထဲသို့ပြန်လည်ရောက်ရှိရန် အချိန်မကြာလိုက်ပေ။ အတန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းဇီချန်မှာ စားပွဲခုံအံဝှက်၏အခြေအနေကြောင့် အံ့ဩသွားရသည်။ မူလက ဗလာဖြစ်နေခဲ့သော စားပွဲအံမှာ ချစ်ခြင်းဖွင့်ဟသောစာများဖြင့် ပြည့်လျှံနေခဲ့သည်။ ပြည့်လျှံနေသည်မှာ နေရာလွတ်လေးတစ်ခုတစ်လေမျှ မမြင်တွေ့နိုင်သည်အထိပင်။

တွေးတောနေရန်မလိုအပ်ပေ။ ၎င်းစာများမှာ လင်းဇီချန်အား တစ်ဖက်သတ်‌သဘောကျနေသည့် မိန်းကလေးမှ လာပေးထားခြင်းဖြစ်ပေမည်။ မျက်နှာချင်းဆိုင်ပေးရန် ရှက်သောကြောင့် လင်းဇီချန် အခန်းထဲမရှိသည့် အချိန်ကို အခွင့်ကောင်းယူ၍ သူစုဆောင်းသိမ်းထားခဲ့သည့် စာများကို လာထည့်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းမှာ လင်းဇီချန်အတွက် ပထမဆုံးအကြိမ် မဟုတ်ပါချေ။

“စာတွေအများကြီးပဲ။ ငါဒါတွေကို ဘယ်လို‌ရှင်းရပါ့မလဲ”

စားပွဲအံထဲရှိ စာအစုအပြုံလိုက်ကြီးကိုကြည့်၍ လင်းဇီချန် အခက်တွေ့သွားရသည်။ ထိုအခိုက်အတန့်၌ ရှန်ချင်းဟန်သည် လင်းဇီချန်ကို နောက်ထပ်စာတစ်စောင် ကမ်းပေးလာသည်။ လင်းဇီချန်၏ ကံဆိုးမှုကို စိတ်သာယာနေသည့်အတိုင်းပင်။

“ခုနက အားကစားကွင်းမှာ ဘေးအခန်းက စာကျက်ဝိုင်းမော်နီတာက နင့်ကိုပေးပေးဖို့ တောင်းဆိုခဲ့တာ။ နင့်ကိုကိုယ်တိုင်ပေးဖို့ကျ သူအရမ်းရှက်နေလို့လေ”

လာပြန်ပြီ နောက်တစ်စောင်…

လင်းဇီချန်သည် ရှန်ချင်းဟန်လက်ထဲမှစာကိုယူလိုက်ပြီးနောက် ပို၍ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။ တစ်ဦးတည်းသက်ပြင်းချလိုက်ပြီး စားပွဲအံထဲမှ စာများကို စတင်ရှင်းလင်းသည်။ ရှင်းလင်းနေစဥ်အတွင်း၌ စာအိတ်အဖုံးမှ လက်ရေးများကို ကြည့်လိုက်သည်တွင် ဤစာများမှာ တစ်ဦးတည်းထံမှ မဟုတ်ဘဲ လူအများကြီးထံမှ ပေးလာသောစာများဖြစ်ကြောင်းကို လင်းဇီချန် အံ့အားခြင်းကြီးစွာ နားလည်လိုက်ရပေသည်။

“ဒီမိန်းကလေးတွေက အတော်လေးစိတ်ထားကောင်းကြသားပဲ။ သူတို့ပြိုင်ဘက်ရဲ့စာတွေကို လွှင့်ပစ်မသွားကြဘူး”

လင်းဇီချန် စိတ်ပျက်စွာဖြင့် ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်သည်။ ထို့နောက် စာများကို လွှင့်ပစ်ရန်အတွက် လူသူဝေးရာ‌တစ်နေရာကိုရှာဖွေရန် လက်ထဲသို့ သပ်သပ်ရပ်ရပ်စီထည့်လိုက်သည်။ ထိုအခြေအနေကိုမြင်သော ရှန်ချင်းဟန်မှ ရုတ်ချည်း ကြားဝင်နှောင့်ယှက်သည်။

“ရှောင်ချန် အဲဒီစာတွေကို လွှင့်မပစ်လိုက်နဲ့။ စာတွေရေးထားတဲ့ မိန်းကလေးသာ မြင်သွားရင် ဘယ်လောက်တောင် ဝမ်းနည်းလိမ့်မလဲ။ နင် မလိုချင်ဘူးဆိုရင် ငါနင့်အတွက် သိမ်းထားပေးမယ်။ နင်ဖတ်ကြည့်ချင်တဲ့အခါ ငါ့ဆီလာပြီး ယူကြည့်လို့ရတယ်”

ထိုသို့ပြောပြီးနောက် ရှန်ချင်းဟန်သည် လင်းဇီချန်လက်ထဲမှ စာများကိုယူလိုက်ပြီး သူမ၏ကျောပိုးအိတ်ထဲသို့ ဖိထည့်သည်။လင်းဇီချန်သည်တော့ သူ့အတွက် သက်သာစေသည့်အစီအစဉ်ဖြစ်သောကြောင့် ခွင့်ပြုလိုက်လေသည်။ ထိုအခိုက်တွင် ဆံပင်ဖြူမိန်းကလေးသည် သူ့ကိုလည်း သွားစွယ်တစ်ခု ပေးခဲ့သည်ကို သတိရလိုက်ကာ ပေါ့ပေါ့ပါးပါးပင် ဝါးမျိုလိုက်သည်။

(ဧရာမအသူတရာလိပ်ပြာရဲ့ အသက်အမြုတေတစ်မျှင်ကို ဝါးမျိုလိုက်ပါပြီ)

(ဧရာမအသူတရာလိပ်ပြာ၏ စုစည်းမှုမှတ်တမ်း - ၂%)

ယခု၌ သွားစွယ်ပိုင်ရှင် ထူးခြားဆန်းပြားသားရဲ၏အမည်ကို သိရှိခဲ့ပြီဖြစ်ရာ အွန်လိုင်းတွင် သတင်းအချက်အလက်အချို့ကို ရှာဖွေတွေ့နိုင်မည်လောဟု သိချင်မိသည်။

ကဲ တစ်ချက်လောက်ကြည့်ရအောင်

ထိုအတွေးဖြင့် လင်းဇီချန်သည် ချက်ချင်းဖုန်းထုတ်၍ ‘ဧရာမအသူတရာလိပ်ပြာ'ဟု ရိုက်ထည့်ရှာကြည့်လိုက်သည်။ မူလတန်းကျောင်းတုန်းက သွားစွယ်၏ဓာတ်ပုံကိုရိုက်ကူးပြီး ဓာတ်ပုံအသိအမှတ်ပြု အချက်အလက်ရှာဖွေ‌ေရးအွန်လိုင်းတွင် တင်ခဲ့ဖူးသော်ငြား ဘာမျှမတွေ့ခဲ့ရပေ။

ယခု၌ နာမည်အတိအကျသိရပြီဖြစ်ရာ ပတ်သက်ဆက်နွယ်သည့် အချက်အလက်များကို ရှာဖွေနိုင်ကောင်း၏။

သို့သော်ငြား ရလဒ်သည် လင်းဇီချန်ကို စိတ်ပျက်သွားစေခဲ့သည်။ အွန်‌လိုင်းပေါ်၌ ဧရာမအသူတရာလိပ်ပြာအကြောင်း အချက်အလက်များ မရှိပေ။ ထို့ကြောင့် ၎င်းသည် လူသားများ ရှာဖွေတွေ့ရှိခြင်းမရှိသေးသော၊ မှတ်တမ်းမတင်ရသေးသော ထူးခြားဆန်းပြားသားရဲတစ်မျိုးဖြစ်ပေသည်။

သို့ဖြစ်ရာ ‘ဧရာမအသူတရာလိပ်ပြာ၏ စုစည်းမှုမှတ်တမ်း’ဟူသည် ရှေ့ဆက်ဖွယ်မရှိသော လမ်းဆုံးသာဖြစ်ပေသည်။ ဆက်နွယ်နေသည့် အချက်အလက်တစ်စုံတစ်ရာမျှ ရှာမတွေ့နိုင်လေရာ ထိုစုစည်းမှုမှတ်တမ်းကို အပြည့်ဖြည့်နိုင်ရန် နည်းလမ်းမရှိတော့ပေ။ ဆံပင်ဖြူမိန်းကလေး၏မိခင်နှင့် ဆုံတွေ့ရပြီး ဧရာမအသူတရာလိပ်ပြာအကြောင်း အချက်အလက်များကို ရရှိနိုင်သည့်နည်းလမ်းတစ်ခုသာ ရှိပေသည်။

…

အတန်းထဲမှ ထွက်လာပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောင်း၏စက်ဘီးရပ်နားရာနေရာမှ စက်ဘီးအသစ်လေးကို ထုတ်ယူလိုက်သည်။ ဤစက်ဘီးကို လွန်ခဲ့သည့်နှစ်ဝက်ခန့်က ဝယ်ယူထားခဲ့ခြင်းဖြစ်သည့်တိုင် သစ်လွင်နေဆဲဖြစ်၏။ ကျောင်းမုန့်ဈေးတန်းကို ဖြတ်သွားချိန်တွင် ရှန်ချင်းဟန်သည် တုတ်ထိုးချိုချဉ်စားချင်ကြောင်း ရုတ်တရက်ပြောလာခဲ့သောကြောင့် လင်းဇီချန် တစ်ခုဝယ်ပေးလိုက်၏။

“ရော့ စားတော့။ ဒီလောက်တောင် အသက်ကြီးနေပြီကို တခြားတစ်ယောက်က ဝယ်ကျွေးဖို့လိုအပ်နေတုန်းပဲ”

လင်းဇီချန်သည် တုတ်ထိုးချိုချဉ်မှ ပလတ်စတစ်ကိုခွာ၍ ရှန်ချင်းဟန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ဤသို့နီးကပ်လွန်းသောအပြုအမူများနှင့် ကျင့်သားရနေပြီး‌ဖြစ်သော ရှန်ချင်းဟန်သည် တုတ်ထိုးချိုချဉ်ကို ဆက်လက်ငုံထားလိုက်သည်။ အချိုအရသာကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးလေးများ ကွေးနေအောင်ပြုံးရယ်လျက် ပြောလာခဲ့သည်။

“မတတ်နိုင်ဘူးလေ။ နင်ကျွေးရင် ပိုချိုတယ်လို့ ခံစားရတာကို”

“အဲဒါအကုန် စိတ်နဲ့ပဲဆိုင်တာ”

ထိုသို့ပြောရင်းဖြင့်ပင် ချိုချဉ်ငုံထားသောကြောင့် ဖောင်းဖောင်းလေးဖြစ်နေသည့် ရှန်ချင်းဟန်၏ပါးလေးကို မထိန်းချုပ်နိုင်စွာ လက်ဖြင့်တို့မိရသည်။ ရှန်ချင်းဟန်သည် ပါးစပ်ထဲမှ ချိုချဉ်ကိုပြန်ထုတ်၍ နှင်းဆီနှုတ်ခမ်းလေးများကို စူပုတ်နေသည်။

“ငါ့ပါးကို လက်နဲ့ မထိုးနဲ့”

“ဒါပေမဲ့ နင့်ရဲ့ပါးက အရမ်းနူးညံ့တော့ လက်နဲ့ထိုးရင် အရမ်းခံစားလို့ကောင်းတယ်လေ”

လင်းဇီချန် ပြုံးရယ်လျက်ပြောသည်။

“ခံစားလို့ကောင်းတယ်ဆိုလည်း ပွတ်သပ်တာဖြစ်ဖြစ် ဖိညှစ်တာဖြစ်ဖြစ်လုပ်ပေါ့။ လက်နဲ့မထိုးနဲ့။ အဲ့လိုလုပ်တာ နေလို့မကောင်းဘူး”

“အိုကေ အဲဒါဆို အခုကစပြီး ပါးကိုညှစ်မယ်နော်”

“ဟင့်အင်း ပွတ်သပ်တာပိုကောင်းတယ်။ သက်သောင့်သက်သာဖြစ်တယ်”

“...”

နှစ်ဦးသည် အချင်းချင်းစနောက်ရင်းဖြင့် ကျောင်းဝင်ပေါက်သို့ စက်ဘီးတွန်းသွားနေကြသည်။ ကစားကွင်းဘေးမှ ဖြတ်သွားချိန်တွင် ကျောင်း၏သိုင်းပညာအဖွဲ့ဝင်များသည် ကွင်းထဲတွင် လေ့ကျင့်နေကြသည်။ ထိုအထဲမှ ရင်းနှီးနေသည့်မျက်နှာကို လင်းဇီချန် မြင်လိုက်သည်။

ထိုကျောင်းသားမှာ ကံဆိုးစွာဖြင့် လင်းဇီချန်ကို အနိုင်မယူနိုင်ဘဲ ကြေကွဲဖွယ်ကောင်းလှစွာ ငွေတံဆိပ်သုံးခု ရရှိသွားခဲ့သည့် ကောင်ငယ်လေးပင်။ ယခု၌ ထိုကံဆိုးလှသည့် ဝိဉာဉ်ပိုင်ရှင်လေးသည် ခါးထက်တွင် တးအဝတ်တစ်စချည်နှောင်၍ မြက်ခင်းပေါ်၌ အပြင်းအထန်ပြေးနေသည်။ ၎င်းချည်နှောင်ထားသော အဝတ်စသည် မြေပြင်ထက်တွင်လဲလျောင်းနေသည့်အရာနှင့် ချည်နှောင်ထားခြင်းဖြစ်၏။

၎င်းသည် ခြေထောက်ကြွက်သားများ သန်မာကြံ့ခိုင်ရေးအတွက် အသုံးပြု‌လေ့ရှိသည့် သာမန်လေ့ကျင့်ရေးနည်းလမ်းတစ်ခုဖြစ်သည်။

“ရှောင်ချန် မြက်ခင်းပြင်ပေါ်က တစ်ယောက်က အရမ်းပြင်းပြင်းထန်ထန်လေ့ကျင့်နေတာပဲ။ အားကစားပွဲမှာတုန်းက နင့်ကြောင့် စိတ်ဓာတ်လှုံ့ဆော်ခံလိုက်ရတာများလား”

ရှန်ချင်းဟန်သည် ချိုချဉ်ကိုငုံထားလျက် တီးတိုးပြော၏။

လင်းဇီချန် : “ဖြစ်နိုင်ပါတယ်”

ထိုစဉ် အဖွဲ့ဝင်များကို လေ့ကျင့်ရန်အားပေးနေသည့် သိုင်းပညာအဖွဲ့နည်းပြသည် လင်းဇီချန်တို့ဘက်သို့ လှည့်ကြည့်လာသည်။ထို့နောက် လင်းဇီချန်သို့ ဦးတည်လျှောက်လာ၏။ ရှန်ချင်းဟန် ထိတ်လန့်သွားလျက် တုန်တုန်ယင်ယင်ပြောလာ၏။

“အိုး ဒုက္ခပဲ ရှောင်ချန်ရေ ငါတို့ခုနကပြောတာ အသံကျယ်သွားတာလား။ သူကြားသွားတာလား”

“ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း သူတို့ကို မကောင်းပြောနေတာမှ မဟုတ်တာ”

လင်းဇီချန်သည် တောင့်တင်းသွားသော ရှန်ချင်းဟန်ကို စိတ်ချလက်ချ‌ဖြစ်စေလိုက်သည်။

အပိုင်း ၂၀

‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’ဇီဝကမ္မမှတ်တမ်း၏ အရည်အချင်းကို ရှာဖွေခြင်း

သိုင်းပညာ အဖွဲ့နည်းပြသည် လင်းဇီချန်တို့ဆီသို့ လျှောက်လာပြီးနောက် ရပ်တန့်လိုက်သည်။

သို့သော် မျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာ လင်းဇီချန်တို့နှင့် ငြင်းခုံရန်ဖြစ်ရန် မဟုတ်ဘဲ လင်းဇီချန်ကို သိုင်းပညာအဖွဲ့သို့ဝင်ရောက်ရန် ဖိတ်ခေါ်လေသည်။

“ဇီချန် ငါက ကျောင်းတွင်းသိုင်းပညာအဖွဲ့ရဲ့ နည်းပြကောပါ။ အားကစားပွဲတုန်းက မင်းရဲ့အံ့ဩဖို့ကောင်းတဲ့လုပ်ဆောင်နိုင်စွမ်းရည်တွေကို မျက်မြင်တွေ့ခဲ့ရပြီး လုံးဝအံ့ဩသွားခဲ့ရတယ်”

နည်းပြကောမှ ပြောသည်။

“ငါရှန့်ဟိုင်အထက်တန်းကျောင်းမှာ ရှိနေခဲ့တဲ့နှစ်တွေအတွင်း စာပေပညာမှာ ထူးချွန်ပြီး အားကစားမှာလည်း ဒီလောက်ထိ သိသိသာသာထူးချွန်တဲ့ကျောင်းသားကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

“ငါရဲ့အမြင်အရ မင်းရဲ့အားကစားစွမ်းရည်က မင်းရဲ့စာပေပိုင်းဆိုင်ရာစွမ်းရည်ထက် သေချာပေါက်ပိုသာတယ်လို့ မြင်မိတယ်”

“အဲဒါကြောင့် ငါမင်းကို သိုင်းပညာအဖွဲ့ဆီ ဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်တယ်”

“ဒါပေါ့။ ငါ့ရဲ့ဖိတ်ခေါ်မှုက နည်းနည်းရုတ်တရက်ဆန်တာ သိပါတယ်။ မင်းအနေနဲ့ အရင်ဆုံး သိုင်းပညာအဖွဲ့နဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီးတော့မှ ဆုံးဖြတ်ချက်ချနိုင်ပါတယ်”

“ကျောင်းအားကစားရုံရဲ့ အခန်းCက ငါတို့သိုင်းပညာအဖွဲ့ရဲ့ ဌာနချုပ်ပဲ။ မနက်ဖြန် ဒါမှမဟုတ်လည်း မင်းအဆင်ပြေတဲ့အချိန် လာပြီးလေ့လာကြည့်လှည့်ပေါ့”

နည်းပြကောမှ ဆက်ပြောခဲ့သည်။

ကောရှောင်းယွမ်သည် လင်းဇီချန်ကိုပင် စကားပြောခွင့်မပေးဘဲ ထိုစကားများကို တစ်ဆက်တည်းပြောချသွားခဲ့သည်။ ကောရှောင်းယွမ်သည် လင်းဇီချန်၏ အားကစားစွမ်းရည်သည် စာပေစွမ်းရည်ထက် ပိုမိုသာလွန်သည်ဟု အမှန်တကယ်‌တွေးနေခဲ့ခြင်းဖြစ်ပါ၏။

ခြုံငုံလိုက်လျှင် စာမေးပွဲများတွင် အမြဲပထမရသည့်၊ သူ၏အချိန်အများစုကို စာလေ့လာခြင်းဖြင့် ကုန်ဆုံးရသည့် ပါရမီရှင်ကလေးတစ်ယောက်အတွက် ကိုယ်ခန္ဓာလေ့ကျင့်ခန်းလုပ်ရန် အချိန်နည်းပါးပေလိမ့်မည်။

သို့သော် ထိုအခြေအနေများအောက်၌ လင်းဇီချန်သည် အားကစားပွဲတော်တွင် သိုင်းပညာအဖွဲ့ဝင်ကို ကျော်လွန်၍ ရွှေတံဆိပ်ဆုသုံးဆု ရရှိနိုင်ခဲ့သည်။ သို့ဖြစ်ရာ လင်းဇီချန်သည် သိုင်းလောက၌ တောက်ပလာမည့်ကြယ်ပွင့်တစ်ပွင့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

လင်းဇီချန်သည် သိုင်းပညာရပ်လမ်းကြောင်းကို မရွေးချယ်ခဲ့လျှင် လွန်ကဲလွန်းလှသော ဖြုန်းတီးမှုဖြစ်သောကြောင့် နတ်ဘုရားများပင်လျှင် နာကြည်းဝမ်းနည်းကုန်ကြလောက်၏။

လင်းဇီချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အရောင်းဝန်ထမ်းတစ်ဦးကဲ့သို့ သူ့ထံသို့ချဉ်းကပ်လာပြီး မနားတမ်းစကားအူပေါက်ပြောနေသည့် သိုင်းပညာအဖွဲ့၏ နည်းပြဆိုသူအပေါ် အမြင်ကောင်းမရှိချေ။ ထို့ကြောင့် ကောရှောင်းယွမ် စကားဆုံးသည်နှင့် လင်းဇီချန်သည် ယဉ်ကျေးစွာ‌သောအပြုံးဖြင့် ချက်ချင်းပြောခဲ့သည်။

“‌ကျွန်တော် စဉ်းစားကြည့်ပါ့မယ်။ ကျွန်တော် အခု အိမ်ပြန်ရတော့မယ်။ နှုတ်ဆက်ပါတယ် နည်းပြကော”

ထိုသို့ပြောပြီးသည်နှင့် လင်းဇီချန်သည် စက်ဘီးကိုတွန်း၍ ရှန်ချင်းဟန်နှင့်အတူ ထွက်လာခဲ့သည်။ ကျောင်းဂိတ်တံခါးမှ ထွက်လာပြီးနောက်တွင် လင်းဇီချန်သည် စက်ဘီးပေါ်တက်၍ ခြေထောက်လွှဲလိုက်ပြီး ဘေးရှိရှန်ချင်းဟန်ကို ပြောလိုက်သည်။

“ဟန်ဟန် ခုန်တက်လိုက်”

“ဇီချန် ဒီနေ့အိမ်ကို ငါစက်ဘီးနင်းမယ်လေ”

ချိုချဉ်ငုံလျက် ရှန်ချင်းဟန်သည် စိတ်အားထက်သန်စွာဖြင့် စက်ဘီးရှေ့သို့ ခုန်တက်နေသည်။

လင်းဇီချန် ခိုင်မာစွာ ငြင်းပယ်၏။

“ထားလိုက်ပါ။ နင်နောက်ဆုံးတစ်ခေါက် တစ်ယောက်တည်းစီးတုန်းက ရေမြောင်းထဲ ပြုတ်ကျလုနီး ဖြစ်ခဲ့တာ။ ငါ့ကိုတင်နင်းမယ်ဆိုရင်တော့ နင်ငါ့ကိုသတ်ဖို့ကြိုးစားနေတာပဲ ပိုဖြစ်နိုင်တယ်”

“အဲဒါက မတော်တဆဖြစ်သွားတာပါ”

“လက်လျှော့လိုက်တော့။ နင့်ရဲ့ခြေထောက်ပိန်ပိန်သေးသေးလေးတွေနဲ့ သေချာပေါက် လူတစ်ယောက်ကို စက်ဘီးတင်မနင်းနိုင်ဘူး”

“ကောင်းပါပြီ။ နင်ပြောတာပဲ နားထောင်လိုက်မယ်”

ရှန်ချင်းဟန်သည် ‌ဆက်လက်ငြင်းဆန်မနေတော့ဘဲ နာခံစွာဖြင့် နောက်မှထိုင်လိုက်သည်။ လင်းဇီချန်၏ခါးကို သူမ၏လက်များဖြင့် ကျင့်သားရ‌နေသည့်အတိုင်း ပွေ့ဖက်လိုက်သည်။ ရှန်ချင်းဟန် နေရာယူပြီးသောအခါ လင်းဇီချန်သည် စက်ဘီးစတင်နင်းလိုက်သည်။ လင်းဇီချန်သည် များစွာအားစိုက်ထုတ်၍ မနင်းနေသည့်တိုင် စက်ဘီးသည် အရှိန်လျင်မြန်စွာဖြင့် အချိန်ခဏလေးအတွင်း မီတာပေါင်းရာချီအကွာအဝေးသို့ ရောက်သွားခဲ့လေသည်။

လင်းဇီချန်၏ စက်ဘီးစီးစွမ်းရည်သည် အရည်အချင်းမြင့်မားပြီး ကျွမ်းကျင်စက်ဘီးအားကစားသမားများနှင့် တန်းတူဖြစ်သည်။ လမ်းသွားလမ်းလာများမှ အာရုံစိုက်ရခြင်း အလျဉ်းမရှိစေဘဲ လှုပ်ရှားသက်ဝင်နေသော လမ်းမကြီးများနှင့် လမ်းကြားများကို ချောမွေ့စွာဖြတ်သန်းစီးနင်းလာခဲ့သည်။ နောက်ဘက်ရှိ ရှန်ချင်းဟန်သည် လင်းဇီချန်၏ခါးကို လက်ဖြင့် တင်းတင်းကျပ်ကျပ်ပွေ့ဖက်၍ တုတ်ထိုးချိုချဉ်လေးစုပ်လျက်၊ လေပြည်ကိုခံစားကာ အလွန်တရာရွှင်ပျမြူးတူးနေပေသည်။ လမ်းတစ်လျှောက်၌ ရှန့်ဟိုင်ကျောင်း၏ ကျောင်းသူများစွာ သွားလာနေကြလေရာ အားလုံးသည် လင်းဇီချန်၏ စက်ဘီးနောက်ခုံတွင် ထိုင်စီးခွင့်ရသည့် ရှန်ချင်းဟန်ကို မနာလိုအားကျကြရပြန်သည်။

ရှန်ချင်းဟန်သည် သူ့အသက်အရွယ်အတူ မိန်းကလေးများကြားတွင် သူမသည် အကြိမ်များစွာ မနာလိုဖြစ်ခံခဲ့ရသည်။ ထိုအချိန်တိုင်းတွင်လည်း သူမ၏ နှလုံးသားသည် ကျေနပ်မှုကို ခံစားရသလို ထိုခံစားချက်များကို ကြည်နူးနေချိန်တွင် သူမ မထိန်းချုပ်နိုင်ဘဲ ခပ်ပြုံးပြုံးရယ်နေမိသည်။

"ဘာလို့ ရုတ်တရက်ရယ်နေတာလဲ" လင်းဇီချန် က မေးလိုက်၏။

“အိုး ဘာမှမဖြစ်ပါဘူး”

“ရှေ့မီးစိမ်းတုန်း ရှိသေးတယ် ငါမှီဖို့ အရှိန်မြှင့်တော့မယ်၊ ဒါကြောင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါ”

"ဇီချန် ငါတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်။ မြန်မြန် မီးစိမ်းပြီးခါနီးပြီ!" ရှန်ချင်းဟန် က အလျင်လိုစွာ ပေြာလိုက်၏။

"ဒီမှာ ငါရောက်တော့မယ် " လင်းဇီချန်က အော်လိုက်၏။

"ဆက်လုပ်ထား မြန်မြန်!" ရှန်ချင်းဟန်သည် သူမပါးစပ်ထဲရှိ ချိုချဉ်ကို အပြင်ထုတ်ရင်း သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရွှင်မြူးနေသည်။ စက်ဘီးနင်း‌ေနသော လင်းဇီချန်သည် ရှေ့မှာ အသဲအသန်နင်းကာ မကြာမီ‌ေရာက်မည့်လမ်းဆုံတွင် မီးစိမ်းပြီးမည်ကို စိတ်ပူနေ၏။

…

သူ့အိမ်တံခါးဝမှာ ရပ်လိုက်ပီး ဇီချန် သည် ရှန်ချင်းဟန်ကို နှုတ်ဆက်ပြီး သူ့စက်ဘီးကို အိမ်ထဲသို့တွန်းဝင်လိုက်သည်။ သူဝင်လာသည် နဲ့ အမေဖြစ်သူက သူ့ကို စိတ်အားထက်သန်တဲ့ မျက်နှာနဲ့ နှုတ်ဆက်ပြီး ပြုံးပြုံးကြီးနဲ့ မေး‌ေန၏။

"ရှောင်ချန် ကျောင်းအားကစားနေ့ ဘယ်လိုဖြစ်သွားလဲ၊ မင်း ရွှေတံဆိပ်တွေ အကုန်ရခဲ့တာလား။"

"ဟုတ်တယ်၊ ရွှေတံဆိပ်သုံးခုရခဲ့တယ်"

ဇီချန်သည် သူ၏ ကျောပိုးအိတ်ကို ချွတ်ပီး ဇစ်ဖွင့်ကာ အမေအား ရွှေတံဆိပ် (၃) ခု ထုတ်ယူ‌ေပးလိုက်သည်။

အမေဖြစ်သူ၏ ဝမ်းသာပီတိအမူအရာနဲ့အတူ မျက်လုံးများပင် မှေးကုန်၏။

"အမေသိပါတယ်၊ ငါ့ရဲ့ ရေ‌ှာင်ချန်က စာပေနဲ့ သိုင်းပညာနှစ်ခုစလုံးမှာ ထူးချွန်သူဆိုတာ"

ထိုစကားကိုပြောပြီးနောက် သူမသည် ဆိုဖာပေါ်တွင် ဘောလုံးပွဲကြည့်ရင်း နှစ်မြုပ်နေသော ယောကျာ်းစီသို့ ခေါင်းလှည့်ကာ မကျေနပ်မှုအချို့ဖြင့် အော်လိုက်သည်။

" ယောကျား ရှင့်သားက အားကစားနေ့ကနေ ရွှေတံဆိပ် ၃ ခု ပြန်ယူလာတာ‌ေလ သူ့ကို ချီးမွမ်းဖို့ မလာသေးဘဲ ဘာဂိမ်းကို မက်မောစွာ ကြည့်တုန်းလဲ!"

"အင်း၊ လာမယ်!"

လင်းယန်ရှန်သည် ပြုံးရယ်ကာ ပြေးလာသည်။ ယင်းနောက် မိသားစု သုံးဦးစလံုးက ရွှေတံဆိပ်တစ်ခုစီ ၀တ်ဆင်ကြပြီး ပျော်ရွှင်ဖွယ် မိသားစု ဓာတ်ပုံရိုက်လိုက်၏။ အဓိကအားဖြင့် ကျန်ဝမ်ရှင်းသည် ဓာတ်ပုံရိုက်ချင်သည့် အ‌ေကြာင်းအရင်းသည် သားဖြစ်သူကို သူမ၏သူငယ်ချင်းအသိုင်းအဝိုင်းတွင် ကြွားချင်‌ေနသည်။

ညစာစားပြီးနောက် ဇီချန် ခြင်များကိုလိုက်လံ ဖမ်းဆီးရန် ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နေသော အိမ်ခေါင်မိုးပေါ်သို့ တက်သွားသည်။ ခြင်များမှ သက်ရှိရင်းမြစ်ကို စုပ်ယူနိုင်ပြီး ၎င်းတို့၏ ဂုဏ်ရည်များ သို့မဟုတ် အရည်အချင်းများကို ရယူနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်လိုသည်။ သို့သော်လည်း ခြင် 20 ကျော်ကို သတ်ဖြတ်ပြီးနောက်တွင် မည်သည့် အလက်အလက်မျှ ဖော်ပြခြင်းမရှိသေးပေ။

ခြင်များသည် အသက်ရင်းမြစ် မပိုင်ဆိုင်ကြဟု ထင်ရသည်။ ခြင်တွေကို တင်းကျပ်စွာ လိုက်မရှာတော့ဘဲ ပိုးဟပ်တွေကို လိုက်ရှာရန် အိမ်ထဲသို့ ပြန်ဝင်လိုက်၏ နှစ်နာရီကျော်ကြာပြီးနောက်တွင် ပိုးဟပ်ဆယ်ကောင်ကျော်ကို သတ်ပစ်ခဲ့သည်။ သို့ပေမယ့် ရလဒ်က အတူတူပင်။ စုပ်ယူနိုင်သော အသက်အရင်းအမြစ် မရှိခဲ့ပါ။

"သာမန်သတ္တဝါတွေ မလုပ်နိုင်ဘဲ ထူးခြားတဲ့ သားရဲမှ ဖြစ်မှာလား

လင်းဇီချန် ဤအရာကို တွေးပြီး ဖြစ်နိုင်ချေ များသည်ဟု ခံစားမိသည်။ ထိုကဲ့သို့ အစွမ်းထက်သော သတ္တဝါများသာ ၎င်းတို့အတွင်း၌ သက်ရှိရင်းမြစ်ကို စုပ်ယူနိုင်လောက်အောင် ရှိနေနိုင်သည် ။

ခြင်နှင့် ပိုးဟပ်ကဲ့သို့သော တိရစ္ဆာန်ငယ်လေးများသည် အစာကွင်းဆက်၏အောက်ခြေတွင်သာ ရှိပီး ၎င်းတို့ပါရှိသော အသက်အရင်းအမြစ်မှာ အလွန်နည်းပါးလှပါသည်။ မဟုတ်ရင် သူအခုလုပ်ခဲ့‌ေသာ စမ်းသပ်မှုတွေရဲ့ ရလဒ်တွေကို ရှင်းပြဖို့ နည်းလမ်းမရှိ‌ေပ။

ထိုကဲ့သို့ နားလည်လာတဲ့အတွက် လင်းဇီချန် ကုန်တိုက်ကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဤကမ္ဘာကြီးတွင် ကုန်တိုက်များသည် သားရဲများ နှင့်ပတ်သက်သည့် ကုန်ပစ္စည်းများကို ရောင်းချကြသည်။

ဈေးတွေက မြင့်မား နေပေမယ့် ဇီချန်က သူ့သံသယတွေကို စမ်းသပ်ရန် မတားဆီးနိုင်ခဲ့‌ေတာ့‌ေပ။

ထို့နောက် အမေဖြစ်သူအား အောက်ထပ်ဆင်းသွားပြီး တစ်ခုခုဝယ်ဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်ထွက်ခွင့်ရအောင် ဖန်တီးလိုက်သည်။

" ရှောင်ချန် ကိုသွားမလို့လဲ"

လင်းဇီချန် စက်ဘီးကို တံခါးကနေ ထုတ်နေစဉ်၊ အိမ်နီးချင်းအိမ်ရဲ့ လေသာပြင်ကနေ လှမ်းအော်သံကို ကြားလိုက်ရ၏။ သူငေးကြည့်လိုက်ရာ ရှန်ချင်းဟန်က လေသာပြင်မှာ ရပ်မှီနေတာကို တွေ့လိုက်ရသည်။

"ငါ စျေးဝယ်ဖို့ သွားမလို့!"

"ငါလည်း လိုက်ချင်တယ်၊ ငါ့အမေ၊ အဖေကို ပြောပြီးရင် ဆင်းလာမယ်!"

စကားကို ပြောပြီးတာနဲ့ ရှန်ချင်းဟန် လေသာပြင်ကနေ ပျောက်ကွယ်သွားပြီး မိဘနှစ်ပါးကို ဇီချန် နဲ့အတူ အပြင်ထွက်ခွင့်တောင်းရန် အိမ်ထဲကို ပြန်ဝင်သွား၏။

…

အပိုင်း ၂၁

ကင်းမွန်တစ္ဆေ

ခဏအကြာ၌ ရှန်ချင်းဟန်သည် လင်းဇီချန် ‌အချိန်အကြာကြီးစောင့်နေရမည်စိုးသောကြောင့် အပေါ်ထပ်မှ အလျင်စလို ဆင်းလာသည်။

“ဘာလို့ ညအိပ်ဝတ်စုံနဲ့ထွက်လာတာလဲ”

“အမြန်ထွက်လာလိုက်တော့ အဝတ်လဲဖို့မေ့သွားတယ်”

“အဲဒါဆိုလည်း ပြန်သွားပြီးလဲဝတ်လိုက်”

“ပြန်သွားလဲရမှာ ပျင်းတယ်။ ဈေးတန်းကိုပဲ အမြန်သွားကြရအောင်ပါ။ ငါ့အဖေ ငါ့ကိုယွမ်၂၀၀ပေးလိုက်တယ်။ အခုငါက ချမ်းသာတဲ့မိန်းကလေးပဲ။ နင်နောက်ကျ ဝယ်ချင်တာရှိရင် ငါဝယ်ပေးမယ်”

ရှန်ချင်းဟန်သည် လင်းဇီချန်၏ စက်ဘီးနောက်ခုံ၌ ကျွမ်းကျင်စွာထိုင်လိုက်ပြီး လင်းဇီချန်၏မျက်နှာရှေ့သို့ ယွမ်တစ်ရာတန်နှစ်ရွက်ကို ဝှေ့ယမ်းပြနေသည်။ သူမ၏ချစ်စဖွယ်မျက်နှာလေးမှာ အောင်နိုင်သူကြီးကဲ့သို့ တောက်ပနေ၏။

လင်းဇီချန် သူ၏အိတ်ကပ်ထဲမှ ယွမ်တစ်ထောင်တန်ကို သတိရလိုက်သည်။ သို့သော် သူမ၏ပျော်ရွှင်မှုလေးကို မဖျက်ဆီးလိုသောကြောင့် ပြုံး၍ပြောလိုက်သည်။

“ကောင်းပြီ။ ဒီနေ့ည မိန်းကလေးရှန် ပြေစာရှင်းမယ်”

“စကားပြောတာရပ်လိုက်တော့။ သွားကြမယ်။ အရမ်းနောက်ကျသွားရင် ဈေးဝယ်ထွက်ဖို့ အချိန်သိပ်ရမှာ မဟုတ်တော့ဘူး။ ငါ့‌အမေနဲ့အဖေက သေချာပေါက် အိမ်စောစောပြန်လာဖို့ ဖုန်းဆက်ခေါ်လိမ့်မယ်”

“ဒါဆို သေချာကိုင်ထား”

“ငါသေချာကိုင်ထားပြီ”

ရှန်ချင်းဟန်သည် လင်းဇီချန်၏ခါးကို ပွေ့ဖက်လိုက်ပြီး အပြုံးဖြင့်ပြော၏။ လင်းဇီချန်သည် စကားမဆိုတော့ဘဲ စက်ဘီးကို ခပ်ပြင်းပြင်းနင်းလိုက်သည်။ စက်ဘီး၏အရှိန်သည် အလွန်တရာမြန်ဆန်သွား၏။

…

ဟွားမြောင်ကမ္ဘာသစ် ပထမထပ် ပင်မဝင်ပေါက်၌ လင်းဇီချန်သည် စက်ဘီးရပ်နားရန် နေရာရှာထားခဲ့ပြီးနောက် ရှန်ချင်းဟန်နှင့်အတူ ဈေးတန်း၏ထိပ်ဆုံးထပ်သို့ အမြန်ဦးတည်ကြသည်။ နေ့ဘက်ဖြစ်ခဲ့လျှင် လင်းဇီချန်သည် ရှန်ချင်းဟန်အား အောက်ထပ်ရှိ ပုံမှန်ကုန်သွယ်တန်းများ၌ စားသောက်ပျော်ပါးရန် လျှောက်ပတ်ဖို့ ခေါ်သွားမည်ဖြစ်သည်။

သို့သော် ယခု၌ အချိန်နောက်ကျနေပြီဖြစ်ရာ အပေါ်ဆုံးထပ်ရှိ ထူးခြားဆန်းပြားသားရဲပစ္စည်းအရောင်းတန်းသို့ အမြန်သွားရန်လိုအပ်ပေသည်။ ထူးခြားဆန်းပြားသားရဲပစ္စည်းများကို ထိကိုင်ကြည့်ပြီး သူ၏ထင်မြင်ချက်ကို အတည်ပြုရပေမည်။

“ရှောင်ချန် နင်ဘာဝယ်ချင်လို့လဲ။ ဘာလို့ ဒီအပေါ်ကိုတက်လာတာလဲ”

အပေါ်ထပ်ရှိ ထူးခြားဆန်းပြားသားရဲပစ္စည်းအရောင်းတန်း၌ ရှန်ချင်းဟန်သည် သူမ၏ရှေ့ရှိ ထူးခြားဆန်းပြားသားရဲပစ္စည်းများ၏ တောက်ပသော အခင်းအကျင်းကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။

၎င်းပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်တွင် ဈေးနှုန်းများမှာ ပစ္စည်းတစ်ခုထက်တစ်ခုပို၍ မတန်တဆ ဈေးနှုန်းများနေသည်ကို မြင်တွေ့လိုက်ရသည်။ သူမ၏ ယွမ်၂၀၀သည် မည်သည့်ပစ္စည်းတစ်ခုကိုမျှ ဝယ်ယူနိုင်ရန် မကုံလုံပေ။ လင်းဇီချန် ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“တကယ်တော့ ငါဘာမှမဝယ်ချင်ပါဘူး။ ထူးခြားဆန်းပြားသားရဲပစ္စည်းတွေကို အနီးကပ်ကြည့်ချင်ခဲ့ရုံပဲ”

ရှန်ချင်းဟန်သည် သူမ,နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ လင်းဇီချန်သည် ငယ်စဉ်ကတည်းကပင် ထူးခြားဆန်းပြားသားရဲများအကြောင်း စိတ်ဝင်စားခဲ့သည်ဖြစ်ရာ ‌ထူးခြားဆန်းပြားသားရဲပစ္စည်းများကို အနီးကပ်မြင်တွေ့လိုခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

“ဒါဆိုလည်း မြန်မြန်လှည့်ပတ်ကြည့်ရအောင်။ ငါလည်း ထူးခြားဆန်းပြားသားရဲတွေအကြောင်း နည်းနည်းလောက် စူးစမ်းကြည့်ချင်တယ်”

ရှန်ချင်းဟန်သည် ငယ်စဉ်က လင်းဇီချန်နှင့်အတူ ထူးခြားဆန်းပြားသားရဲများအကြောင်း စာအုပ်များကို ဖတ်ခဲ့ဖူးသည်။ လင်းဇီချန်၏စာအုပ်များစွာကိုလည်း စိုရွှဲစေအောင် လုပ်ခဲ့မိဖူးသည်ကို ဝိုးတဝါးမှတ်မိနေပေသည်။

ထို့နောက် နှစ်ဦးသားသည် ထူးခြားဆန်းပြားသားရဲပစ္စည်းအရောင်းတန်းကို စတင်ကြည့်ရှုလေ့လာကြသည်။

ထူးခြားဆန်းပြားသားရဲ၏ အသားများအပြင် ထူးခြားဆန်းပြားသားရဲများနှင့် ဆက်နွယ်နေသည့် အခြားသော ဆင့်ပွားထုတ်ကုန်များလည်းရှိသည်။

ထူးခြားဆန်းပြားသားရဲ၏ ကြေးခွံများမှ ပြုလုပ်ထားသည့် ရတနာပစ္စည်းများလည်းရှိသည်။ ထူးခြားဆန်းပြားသားရဲ၏ ပုံပန်းသွင်ပြင်အတိုင်း တုပပြုလုပ်ထားသည့် ရုပ်တုငယ်များလည်းရှိသည်။ ထူးခြားဆန်းပြားသားရဲများ၏ နမူနာပုံစံငယ်များ စသည်ဖြင့်လည်းရှိသည်။

လင်းဇီချန်သည် ထိုပစ္စည်းများကို စိတ်မဝင်စားပေ။ ရှန်ချင်းဟန်အား အဖော်ပြု၍ တစ်ပတ်ပတ်ကြည့်ပေးခြင်းသာဖြစ်သည်။ ထို့နောက် ထူးခြားဆန်းပြားသားရဲ၏အသားများ ရောင်းချသည့်နေရာသို့ ဦးတည်သွားခဲ့သည်။

လင်းဇီချန်သည် ထူးခြားဆန်းပြားသားရဲ၏ အသားအပိုင်းအစပေါင်းများစွာကို ကြည့်ရှုခဲ့ပြီးနောက် ၎င်းအသားအပိုင်းအစများကို မူလထူးခြားဆန်းပြားသားရဲအား ခွဲခြားမသိရှိနိုင်ရန် ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ပြင် ပစ္စည်းအားလုံးကို ဂရုတစိုက်အရေးထားလျက် ဖောက်ထွင်းမြင်နိုင်သော ဆလင်ဒါပုံဖလင်၊ လေလုံသောအဖုံးတို့ဖြင့် ထုပ်ပိုးထားသည်။ ထို့ကြောင့် မည့်သည့်အရာကိုမျှ ထိကိုင်မရချေ။ သို့ဖြစ်ရာ လင်းဇီချန်သည် ‘’ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’၏ အကျိုးသက်ရောက်မှုကို မစမ်းသပ်နိုင်တော့ပေ။

လင်းဇီချန်သည် ဇွဲကောင်းစွာဖြင့် ထိုနေရာတစ်ဝိုက်၌ ပတ်လျှောက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ထောင့်တစ်ခု၌ ထိကိုင်လို့ရသည့် ထူးခြားဆန်းပြားသားရဲအသားအချို့ကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ ဝန်ထမ်းတစ်ဦးမှ လတ်လတ်ဆတ်ဆတ် သားသတ်၍ ထုပ်ပိုးစိတ်ပိုင်းထားခြင်းဖြစ်သည်။

“ဟန်ဟန် ဒီမှာ ခဏလောက်စောင့်နေ”

လင်းဇီချန် ပြောလိုက်သည်။

“နင်ဘာလုပ်မလို့လဲ”

“ငါဟိုနားက ထူးခြားဆန်းပြားသားရဲအသားကို သွားကိုင်ကြည့်မလို့”

…

“အာ?”

ရှန်ချင်းဟန် အနည်းငယ်ရှုပ်ထွေးသွား၏။ လင်းဇီချန်သည် သူမကို အများကြီးရှင်းပြမနေပေ။ ထုပ်ပိုးနေသည့်ဝန်ထမ်း၏ အာရုံမစိုက်ခြင်းကို အခွင့်ကောင်းယူကာ ဝန်ထမ်း၏နောက်နေရာမှ တိတ်တဆိတ် အနီးသို့ချဉ်းကပ်သည်။

ထို့နောက် သူနှင့် အနီး‌ဆုံးတွင်ရှိနေသော ထူးခြားဆန်းပြားသားရဲအသားကို ထိကိုင်ရန် လက်လှမ်းလိုက်သည်။ ထိကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ထူးခြားဆန်းပြားသားရဲ၏ အသားတွင်ပါဝင်သော အသက်စွမ်းအင်ကို ခံစားနိုင်ခဲ့သည်။ ၎င်းသည် အလွန်တရာအားမာန်တက်ကြွပြီး ထူးကဲပြည့်စုံစွာ အားကောင်းပေသည်။

အလိုအလျောက်ပင် လင်းဇီချန်သည် ထူခြားဆန်းပြားသားရဲအသား၏ အသက်စွမ်းအင်အားလုံးကို တစ်စက်‌မျှမကျန်ရစ်သည်အထိ ဝါးမျိုပစ်ချင်ခဲ့သည်။ မဖြစ်ချေ။ ထိုသို့ မလုပ်နိုင်ပေ။ အသားသည် အသက်စွမ်းအင်ဆုံးရှုံးသွားလျှင် လုံးဝပုပ်သိုးသွားမည်ဖြစ်၏။ ထို့ကြောင့် အသက်စွမ်းအင်ကို ဝါးမျိုလိုပါက မိမိ၏ပိုက်ဆံဖြင့် ဝယ်ယူ‌ရပေမည်။

လင်းဇီချန်သည် သူ၏အလိုအလျောက်တုံ့ပြန်မှုကို စဉ်းစားချင့်ချိန်နိုင်စွမ်းဖြင့် ကျော်လွှားခဲ့ပြီး လျင်မြန်စွာ အသိစိတ်ပြန်ကပ်လာခဲ့ကာ ထူးခြားဆန်းပြားသားရဲအသားထံမှ အသက်စွမ်းအင်ခိုးယူသည့် မသင့်လျော်သည့်အပြုအမူကို ထိန်းသိမ်းလိုက်သည်။ အသက်စွမ်းအင်ကို မသိမသာ ခိုးယူလိုက်ပါက တစ်ကြိမ်မျှပြုလုပ်ရုံမျှဖြင့် သူ၏လုပ်ရပ်ကို ဖမ်းမမိနိုင်‌ပါချေ။ သို့သော် ထိုသို့လမ်းကို တစ်ကြိမ်လျှောက်လှမ်းလိုက်သည်နှင့် သူသည် အနာဂတ်တွင် အဘယ်သို့သောလူတစ်ဦး ဖြစ်လာနိုင်ပါအံ့နည်း။

အရာရာကို အားစိုက်ထုတ်ခြင်းမရှိဘဲရယူခြင်းကို နှစ်ခြိုက်သည့် ရာဇဝတ်မှုကျူးလွန်ရန် ဝန်မလေးသူတစ်ဦး၊ လူလိမ်တစ်ဦး၊ ခိုးဆိုးလုယက်ခြင်းနှင့် အဓမ္မလုယူခြင်းများကို ကျူးလွန်ရာ၌ မွေ့လျော်သည့်လူတစ်ဦး ဖြစ်သွားနိုင်ပေသည်။ လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ခြင်းကို လက်ခံရနိုင်သည့်တိုင် လူဆိုး‌တစ်ယောက်တော့ ဖြစ်မလာ‌သင့်ပေ။ အနည်းဆုံးတော့ မိမိ၏ဂုဏ်သိက္ခာကို မစွန့်ပစ်သင့်ပေ။

ထိုသို့အတွေးဖြင့် လင်းဇီချန်သည် ရှန်ချင်းဟန် ရပ်နေသည့်နေရာသို့ အမြန်ပြန်လာခဲ့သည်။ လင်းဇီချန် ပြန်လာသည်ကိုမြင်သောအခါ ရှန်ချင်းဟန်သည် သိချင်စိတ်ပြင်းပြစွာ ချက်ချင်းမေးမြန်လာသည်။

“ဇီချန် ထူးခြားဆန်းပြားသားရဲအသားကို ကိုင်ကြည့်ရတာ ဘယ်လိုခံစားချက်လဲ။ ပုံမှန်အသားနဲ့ မတူတာရှိလား”

“ဘာမှသိပ်မကွာပါဘူး။ ကွာခြားတာရှိိမယ်ဆိုရင် ဒါက နည်းနည်းပိုပြီး လတ်ဆတ်တယ်ထင်ရရုံပါပဲ”

လင်းဇီချန် အမှုမထားဟန်ဖြင့် ဖြေလိုက်သည်။

လင်းဇီချန်သည် သူ၏ထင်မြင်ချက်ကို အတည်ပြုပြီးခဲ့လေပြီ။ ထူးခြားဆန်းပြားသားရဲသာလျှင် သူဝါးမျိုရန်အတွက် လုံလောက်သော အသက်အမြု‌‌တေစွမ်းအင်ကို ပိုင်‌ဆိုင်ပေသည်။ သို့ဖြစ်ရာ အသက်စွမ်းအင်ဝါးမျိုနိုင်ရန်အတွက် ထူးခြားဆန်းပြားသားရဲအသားကို ဝယ်ယူနိုင်ရန် ပိုက်ဆံရှာ‌ဖွေနိုင်မည့်နည်းလမ်းကို ရှာဖွေရန် လိုအပ်ပေသည်။

ထိုအကြောင်းကို အများကြီးဆက်မတွေးနေတော့ဘဲ လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ဈေးတန်းကို လှည့်ပတ်ကြည့်ရှုသည်။ သူတို့နှစ်ဦးသည် ဟိုဟိုသည်သည်ကြည့်ရှုနေခဲ့ရာ အရာအားလုံးမှာ အလွန်တရာဆန်းသစ်သည်ဟု ခံစားရပေသည်။ အချို့သော ဈေးနည်းသည့် ဆင့်ပွားထုတ်ကုန်များမှအပ ထူးခြားဆန်းပြားသားရဲနှင့် ပတ်သက်ဆက်နွယ်နေသည့် ပစ္စည်းအားလုံးသည် သာမန်မိသားစုများ လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည့် အလွန်ဈေးကြီးသော ဇိမ်ခံပစ္စည်းများဖြစ်ကြသည်။ ထိုသို့သောပစ္စည်းအများကြီးကို တစ်ပြိုင်နက်တည်းမြင်တွေ့ရလေရာ မအံ့ဩရန်မှာ မဖြစ်နိုင်ပေ။

ဟိုသည်လှည့်ပတ်ကြည့်ရှုခြင်းမှာ လုံလောက်ပြီဟု လင်းဇီချန် ခံစားလိုက်ရသည်။ သူ၏အသိပညာဗဟုသုတသည်လည်း လုံလုံလောက်လောက် ကျယ်ပြန့်ခဲ့ပြီဖြစ်၏။ လင်းဇီချန်သည် ထူးခြားဆန်းပြားသားရဲ‌အသား ရောင်းချသည့်ကောင်တာရှေ့တွင် ရပ်လိုက်ပြီး ‘ကင်းမွန်တစ္ဆေအသား'ဟူသည့် အမျိုးအစားကို ညွှန်ပြ၍ ‌အမျိုးသမီးစာရေးကို ပြောလိုက်သည်။

“မင်္ဂလာပါ။ ကျွန်တော် ဒီအသား တစ်ကျင်းဝယ်ချင်ပါတယ်”

အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုခဲ့ရာ ကင်းမွန်တစ္ဆေအသားသည် ဈေးအသက်အသာဆုံးအသားဖြစ်ပြီး သူတတ်နိုင်သည့် တစ်ခုတည်းသောအသားဖြစ်သည်။ ဈေးနှုန်းမှာ တစ်ကျင်းလျှင် ၉၉၈ယွမ်ဖြစ်၏။ ဒုတိယဈေးအပေါဆုံး ထူးခြားဆန်းပြားသားရဲအသားသည် တစ်ကျင်းလျှင် ယွမ်၂၀၀၀ဖြစ်သည်။ ထိုမျှ သိသာထင်ရှားသော ဈေးနှုန်းကွာခြားမှုဖြစ်လေရာ မည်သည့်တစ်ခုအား ရွေးချယ်သင့်သည်ကို ‌တွေးတောနေရန် မလိုအပ်ပေ။

“ဒါကိုဝယ်ချင်လို့လား။ မင်းရဲ့မိဘတွေရော.. မင်းတစ်ယောက်တည်းလား”

အမျိုးသမီးစာရေးသည် လင်းဇီချန်၏ ရှန့်ဟိုင်အထက်တန်းကျောင်းဝတ်စုံကိုကြည့်လျက် တွေဝေနေသည်။ အလယ်တန်းကျောင်းသားတစ်ဦးသည် အဘယ်ကြောင့်များ ထူးခြားဆန်းပြားသားရဲအသား လာဝယ်ရသည်ကို သူမ,နားမလည်နိုင်ချေ။ လင်းဇီချန်သည် အိတ်ကပ်ထဲမှ ယွမ်တစ်ထောင်ကို ထုတ်ယူလိုက်ပြီး ကောင်တာထက်တွင်တင်၍ တည်ငြိမ်စွာပြောလိုက်သည်။

“ဟုတ် ကျွန်တော်တစ်ယောက်တည်းပါ။ ကျွန်တော် ကင်းမွန်တစ္ဆေအသားတစ်ကျင်း ဝယ်ချင်ပါတယ်”

“မရဘူး။ မင်းက အရမ်းငယ်သေးတယ်။ ဝယ်လို့မရဘူး”

အမျိုးသမီးစာရေးသည် လင်းဇီချန်ကို ရောင်းချရန်ငြင်းဆန်သည်။ ခြုံငုံလိုက်လျှင် ငွေပမာဏသည် ကြီးမားလွန်းပြီး အသက်မပြည့်သေးသူတစ်ဦးအား ရောင်းချခြင်းသည် စွန့်စားလွန်းရာကျပေသည်။ နောက်ပိုင်း၌ မိဘများရောက်လာကြပြီး စာရင်းလာရှင်းနိုင်၏။

အမျိုးသမီးစာရေး စိုးရိမ်ပူပန်နေသည့်အကြောင်းရာကို လင်းဇီချန်သိသည်။ ထို့ကြောင့် ကျန်းဝမ်ရှင်းကို ဗွီဒီယိုဖုန်းခေါ်လိုက်ပြီး အမျိုးသမီးစာရေး၏ရှေ့၌ ကင်းမွန်တစ္ဆေအသားကို ဝယ်ယူရန်အတွက် ခွင့်ပြုချက်တောင်းခံလိုက်သည်။

All Chapters