← Chapters

အပိုင်း ၂၂-၂၄

Vol. 2 Ch. 22-24

အပိုင်း ၂၂-၂၄

Vol. 2 Ch. 22-24

အပိုင်း ၂၂

နတ်ဆိုးဂိုဏ်း သစ္စာဖောက်ခြင်း

“အမေ ကျွန်တော် ထူးခြားဆန်းပြားသားရဲရဲ့အသား ကင်းမွန်တ‌စ္ဆေအသားဝယ်ဖို့ ၉၉၈ယွမ်သုံးချင်တယ်”

“ရတယ်လေ။ သားဝယ်ချင်ရင် ဝယ်လိုက်လေ။ သားပြန်လာရင် အမေချက်ပေးမယ်”

ကျန်းဝမ်ရှင်းသည် လင်းဇီချန်မှာ ကင်းမွန်တစ္ဆေအသားစားချင်သည်ဟု ထင်လိုက်သောကြောင့် များစွာမတွေးတောဘဲ အပြုံးဖြင့် သဘောတူညီခဲ့သည်။ အသားတစ်ကျင်းအတွက် ယွမ်တစ်ထောင်အသုံးပြုခြင်းသည် သာမန်မိသားစုဖြစ်သော သူတို့အတွက် အနည်းငယ်အလွန်အကျွံ သုံးဖြုန်းခြင်းဖြစ်သော်ငြား သူမ၏သားဖြစ်သူသည် အမြဲသိတတ်နားလည်ခဲ့ပြီး တစ်ပြားတစ်ချပ်သော်မျှ မဖြုန်းတီးခဲ့‌ဖူးပေ။ ယခု၌ ရှားရှားပါးပါးဖြင့် တစ်စုံတစ်ရာကို ဝယ်ယူချင်နေသည်ဖြစ်ရာ အမေတစ်ယောက်အနေဖြင့် သေချာပေါက် သဘောတူရပေမည်။

အကြမ်းဖျင်း စကားပြောဆိုပြီးနောက် လင်းဇီချန် ဗွီဒီယိုဖုန်းခေါ်ဆိုမှုကို အမြန်အဆုံးသတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ကျန်းဝမ်ရှင်းသည် WeChatမှတစ်ဆင့် ယွမ်၂၀၀၀ လွှဲပေးလာသည်။ ပိုများများဝယ်ရန်နှင့် ချင်းဟန်တို့မိသားစုကို ထမင်းစားဖိတ်ရန်‌ပြောထားသည့် စာတစ်စောင်ကိုလည်း ပို့လာခဲ့သည်။

လင်းဇီချန် အမေဖြစ်သူအား ကျေးဇူးတင်ကြောင်း စာပြန်ပို့လိုက်ပြီး‌ ရှေ့ရှိ အမျိုးသမီးစာရေးသို့လှည့်၍ ပြောလိုက်သည်။

“ကျွန်တော့်အမေက ဝယ်ဖို့သဘောတူထားပြီးပြီ။ ကျွန်တော့်ကို ကင်းမွန်တစ္ဆေအသား ၃ကျင်းပေးပါ”

“ကောင်းပြီ။ အခုပဲ ထုပ်ပိုးပေးပါမယ်”

အမျိုးသမီးစာရေးမှ အပြုံးဖြင့် စိတ်အားထက်သန်စွာပြောသည်။ ခဏကြာပြီးနောက် လင်းဇီချန်သည် ၂၉၉၄ယွမ်ကိုပေးချေခဲ့ပြီး သေချာထုပ်ပိုးထားသည့် ကင်းမွန်တစ္ဆေအသားနှင့်အတူ ထွက်ခွာလာသည်။ လမ်းသို့ရောက်သောအခါ ရှန်ချင်းဟန် မထိန်းချုပ်နိုင်စွာ မေးမြန်း၏။

“ထူးခြားဆန်းပြားသားရဲအသားကို ကိုင်ကြည့်ရုံပဲလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် ဝယ်လိုက်ရတာလဲ”

“ဘာလို့ဆို ငါနင်စားဖို့ ဝယ်ပေးချင်လို့လေ”

“ငါမယုံပါဘူး။ နင်စားချင်လို့ဆိုတာ အသိသာကြီးကို”

ရှန်ချင်းဟန် ပြော၏။ ထို့နောက် အံ့အားသင့်မှုနှင့်အတူ မှတ်ချက်ပြုလာသည်။

“ဒီထူးခြားဆန်းပြားသားရဲအသားက တစ်ကျင်းကို ၉၉၈ယွမ်ပေးရတယ်။ အရမ်းဈေးကြီးတာပဲ။ ဘယ်လိုအရသာရှိမလဲ မသိဘူးနော်”

လင်းဇီချန်သည် ထူးခြားဆန်းပြားသားရဲ၏ အသက်စွမ်းအင်ကို စုပ်ယူသင့်သည်၊ မသင့်သည်ကို စိုးရိမ်နေသောကြောင့် စကားပြန်မပြောနိုင်တော့ချေ။

ကနဦး၌ လင်းဇီချန်သည် ဤကင်းမွန်တစ္ဆေအသားကို လျှို့ဝှက်ဝယ်ယူပြီး အသက်စွမ်းအင်ကို စုပ်ယူရန် စီစဉ်ထားခြင်းဖြစ်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသောကြောင့် ဝယ်ယူရာ၌ မိဘ၏ခွင့်ပြုချက်ကို လိုအပ်ခဲ့သည်။ ယခု၌ သူကင်းမွန်တစ္ဆေအသားဝယ်ခဲ့သည်ကို တစ်မိသားစုလုံး သိနေကြပြီး ‌၎င်းကင်းမွန်တစ္ဆေအသားဖြင့် အိမ်ပြန်ရောက်လာမည်ကို စောင့်မျှော်နေကြသည်။ သို့ဖြစ်ရာ အဘယ်သို့များ အသက်စွမ်းအင်ကို စုပ်ယူနိုင်ပါ့အံ့နည်း။

အသားသည် သွားစွယ်ကဲ့သို့ မဟုတ်ချေ။ အသားထဲတွင်ပါဝင်သည့် အသက်စွမ်းအင်ကို စုပ်ယူလိုက်လျှင် ပုပ်သိုးသွားနိုင်ချေ မြင့်မား၏။

“ကြည့်ရတာ ငါအခု နည်းနည်းလေးပဲစုပ်ယူနိုင်မယ်ထင်တယ်။ နောက်မှပဲ ငါ့အတွက် ထူးခြားဆန်းပြားသားရဲအသားကို ဝယ်ပေးဖို့လူရှာရမယ်”

လင်းဇီချန် တွေးလိုက်သည်။

လင်းဇီချန် အသားအိတ်ကို ထိကိုင်ရန် လက်လှမ်းလိုက်ပြီး အသက်စွမ်းအင်ပမာဏ အနည်းငယ်ကို စုပ်ယူလိုက်သည်။ များပြားသောပမာဏ မဟုတ်ဘဲ တစ်လျန်မျှသော အလေးချိန်ရှိသည့် သေးငယ်သော အပိုင်းအစလေးသာ ညဖြစ်ပေသည်။

(ကင်းမွန်တစ္ဆေရဲ့ အသက်စွမ်းအင်တစ်မျှင်ကို စုပ်ယူခဲ့ပါသည်)

(ကင်းမွန်တစ္ဆေ၏ စုဆောင်းမှုမှတ်တမ်း - ၀.၁%)

အသားတစ်လျန်ကို စုပ်ယူခြင်းသည် ၀.၁%သော တိုးတက်မှုကို ရရှိစေသည်။

ထိုသို့တွက်ချက်လျှင် စုဆောင်းမှုမှတ်တမ်း ၁၀၀%ပြည့်ရန်အတွက် အသားကို ကျင်း၁၀၀ စုပ်ယူရန် လိုအပ်ပေမည်။ ကင်းမွန်တစ္ဆေအသား၏ဈေးနှုန်းသည် တစ်ကျင်းလျှင် ၉၉၈ယွမ်ဖြစ်သည်။ သို့ဖြစ်ရာ ယွမ်တစ်သိန်းခန့် ကုန်ကျပြီးမှသာ စုဆောင်းမှုမှတ်တမ်းသည် ၁၀၀%ပြည့်နိုင်ပေလိမ့်မည်။ ထိုမျှကုန်ကျစရိတ်သည် လက်မခံနိုင်လောက်သည်အထိ များပြားသည့်ပမာဏ မဟုတ်ပါချေ။ အနာဂတ်တွင်လည်း ကင်းမွန်တစ္ဆေအသားအား အသက်စွမ်းအင်စုပ်ယူရန်အတွက် ဆက်လက်ဝယ်ယူရန် လင်းဇီချန် ဆုံးဖြတ်လိုက်သည်။

ကင်းမွန်တစ္ဆေ‌သားရဲအကြောင်းကိုမူ လင်းဇီချန် ငယ်စဉ်ကတည်းက စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည်။ ကင်းမွန်တစ္ဆေသားရဲသည် ပင်လယ်အောက်အနက်မီတာ ထောင်ချီအောက်၌ အဓိကနေထိုင်လေ့ရှိသည့် သာမန်အဆင့်နိမ့်သားရဲတစ်မျိုးဖြစ်သည်။ ရံဖန်ရံခါ အစာရှာရန်အတွက် ရေတိမ်သို့ လာရောက်စွန့်စားတတ်သည်။ ရေထဲ၌ ချက်ချင်းပျော်ဝင်၍ ပျောက်ကွယ်သွားနိုင်သည့် စွမ်းရည်ရှိသောကြောင့် သရဲတစ္ဆေကဲ့သို့ ထင်မှတ်ရလေသည်။ ထို့ကြောင့် ကင်းမွန်တစ္ဆေသားရဲဟု အမည်ပေးခဲ့ကြသည်။

ကင်းမွန်တစ္ဆသည် ရေတိမ်ပိုင်းတွင် အားနည်းပြီး အရေအတွက် အမြောက်အများတည်ရှိသောကြောင့် အလွယ်တကူ ဖမ်းဆီးရနိုင်လေသည်။ ထို့ကြောင့် လူသားများအတွက် အစားအစာရင်းမြစ်တစ်မျိုး ဖြစ်လာခဲ့ပြီး အမျိုးမျိုးသော ထူးခြားဆန်းပြားသားရဲဈေးကွက်များတွင် ကုန်သွယ်ရောင်းချခံရတတ်သည်။

“ရေမှာ ချက်ချင်းပျော်ဝင်ပြီး ပျောက်ကွယ်နိုင်တယ်? စုဆောင်းမှုမှတ်တမ်းပြည့်သွားတဲ့အခါ ငါလည်း အဲဒီစွမ်းရည်ကိုရဖို့ မျှော်လင့်ပါတယ်”

လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။

ထိုသို့တွေးတောပြီးနောက် သူအသက်စွမ်းအင်စုပ်ယူခဲ့သည့် အသားစကိုထုတ်ယူ၍ လွှင့်ပစ်ရန် အမှိုက်ပုံးကိုရှာဖွေသည်။ အသက်စွမ်းအင်မရှိတော့လေရာ အသားသည်လည်း ပုပ်သိုးသွားမည်ဖြစ်ပြီး လွှင့်ပစ်ရမည်ဖြစ်၏။

သို့သော် သူထုတ်ယူလိုက်သည့်အသားစကို ကြည့်လိုက်သောအခါ မပုပ်သိုးသေးသဖြင့် လင်းဇီချန် အံ့အားသင့်သွားရ၏။ လင်းဇီချန်၏အမြင်၌ အနည်းငယ် လတ်ဆတ်မှုလျော့နည်းသွားရုံသာ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည်လည်း သူ၏စိတ်ထင်မြင်ခြင်းသာ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ စားသောက်နိုင်သည့်အရည်အသွေးကို မထိခိုက်ပေ။

လင်းဇီချန် အနည်းငယ် ရှုပ်ထွေးသွား၏။

အသက်စွမ်းအင်ကို စုပ်ယူပြီးသွားပြီကို ဘာလို့ ပုပ်သိုးမသွားရတာလဲ….အသက်စွမ်းအင်က အတိအကျဆို တကယ်ပဲဘာလဲ။

…

မျိုးရိုးဗီဇများလား? ဒါမှမဟုတ် မျိုးရိုးဗီဇတွေက အသက်ရဲ့ဇာစ်မြစ်တစ်မျိုးများလား?

ခြုံငုံလိုက်ပါက ‘ဇာစ်မြစ်’ဟူသော အခေါ်အဝေါ်သည် ကျယ်‌ပြန့်သောနယ်ပယ်အတိုင်းအတာ ဖြစ်နိုင်၏။ လင်းဇီချန် စဉ်းစားမရလေရာ အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လင်းဇီချန် ဖုန်းကိုထုတ်ပြီး browserကိုဖွင့်၍ ‘အသက်၏ဇာစ်မြစ်'ဟု ရှာကြည့်ခဲ့သည်။ သို့သော် မည်သည့်အရာမျှ ရှာမတွေ့ပေ။ အသက်၏ဇာစ်မြစ်ဟူသည့်အရာ မရှိချေ။

‘ထားလိုက်ပါတော့။ အဲဒီအပေါ် အရမ်းစွဲလမ်းနေဖို့ မလိုပါဘူး’

လင်းဇီချန်တွေးလိုက်သည်။ အသက်စွမ်းအင်ကို စုပ်ယူပြီးပါကလည်း အသားများ မပုပ်သိုးကြောင်း သိလိုက်ရခြင်းသည်လည်း လုံလောက်ပါသည်။ ခဏအကြာ၌ လင်းဇီချန်သည် ကင်းမွန်တစ္ဆေအသား ၃ကျင်းလုံး၏ အသက်စွမ်းအင်များကို စုပ်ယူခဲ့သည်။ စုဆောင်းမှုမှတ်တမ်းသည် ၃%သို့ တိုးတက်သွားသည်။ ထို့နောက် ရှန်ချင်းဟန်နှင့်အတူ သာမန်အရောင်းပစ္စည်းများ ရောင်းချသည့်နေရာသို့ ဆင်းလာခဲ့သည်။

ရှန်ချင်းဟန်သည် လက်သည်းစက်တစ်ခုနှင့် ထိုအထဲမှ အရုပ်များကို အလွန်သဘောကျလေရာ နှစ်ကြိမ်မစဉ်းစားဘဲ စတင်ကစားတော့သည်။ ကိုးယိုးကားယားနိုင်သော်ငြား ကစားရာ၌ စိတ်အားထက်သန်‌နေပြန်သည်။ သို့ဖြင့် အရုပ်တစ်ရုပ်မျှ မရလိုက်ဘဲ ၂၀ကုန်သွားတော့၏။

လင်းဇီချန် ဆက်လက်ရပ်မကြည့်နိုင်တော့ဘဲ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ သုံးကြိမ်ကြိုးစားပြီးနောက် အကြိမ်တိုင်း အရုပ်ရယူနိုင်ခဲ့ရာ ရှန်ချင်းဟန်နှစ်ခြိုက်သည့် အရုပ်သုံးရုပ်ကို ရယူပေးနိုင်ခဲ့သည်။

အချိန်များကုန်ဆုံးသွားခဲ့ပြီး သူတို့သတိမထားလိုက်မိခင်၌ပင် ည၁၀နာရီ ထိုးနေခဲ့လေပြီ။ မနက်ဖြန် အတန်းတက်ရမည်ဖြစ်သောကြောင့် ဈေးတန်းထဲတွင် အချိန်ကြာကြာမနေတော့ဘဲ အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။

“ရှောင်ချန် ညလေပြေက အရမ်း‌ခံစားလို့ကောင်းတာပဲ”

ရှန်ချင်းဟန် ပြောသည်။

“အင်း တကယ်ကောင်းတယ်”

လင်းဇီချန် ပြန်ဖြေသည်။

“ငါ နင်ယူပေးခဲ့တဲ့ အရုပ်သုံးရုပ်ကို အရမ်းကြိုက်တယ်”

ရှန်ချင်းဟန် ထုတ်ဖော်ပြော၏။

“နင်ကြိုက်တယ်‌ဆိုလို့ ဝမ်းသာပါတယ်”

လင်းဇီချန် ပြန်ပြောသည်။

“ရှောင်ချန် ငါ ကင်းမွန်တစ္ဆေအသားကို စားရဖို့မစောင့်နိုင်တော့ဘူး။ ငါအရင်က ထူးခြားဆန်းပြားသားရဲရဲ့အသားကို တစ်ခါမှ မစားခဲ့ဖူးဘူး”

ရှန်ချင်းဟန် စိတ်အားထက်သန်စွာပြောသည်။

“...”

အိမ်ပြန်လမ်းတစ်လျှောက်၌ နှစ်ဦးသားသည် ပြတ်တောင်းပြတ်တောင်းဖြင့် စကားပြောလာခဲ့ကြသည်။ စကားအများစုကို ရှန်ချင်းဟန်မှ ဦးဆောင်ပြောခြင်းဖြစ်ပြီး လင်းဇီချန်မှ ပြန်လည်တုံ့ပြန်ခြင်းဖြစ်၏။

ထိုစကားဝိုင်းသည် ပန်းခြံတစ်ခုကို ဖြတ်ကျော်သွားချိန်အထိ ဆက်လက်ဖြစ်တည်နေခဲ့သည်။ ပန်းခြံသို့ဖြတ်သွားချိန်၌ ပန်းခြံအတွင်းရှိ အုတ်အော်သောင်းတင်းဖြစ်နေမှုကြောင့် သူတို့နှစ်ဦး၏စကားဝိုင်း ရပ်တန့်သွားခဲ့သည်။

“ဓားကိုချထား!”

အသံတစ်ခု မြည်ဟီးလာ၏။

“မင်းမေ-ိုးလိုက်! မင်းတို့လှည့်ဖျားတတ်တဲ့ကောင်တွေ! လူသားတွေပျက်စီးသွားရင် မင်းတို့တွေ လက်တွေ့မကျတဲ့အပြစ်ပဲ!”

နောက်ထပ်အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ငါနောက်တစ်ကြိမ် ထပ်ပြောမယ်။ အခုချက်ချင်း ဓားကိုချလိုက်ပါ”

ပထမအသံပိုင်ရှင်မှ တောင်းဆိုသည်။

“လူသားဖြစ်နေတာက ကမ္ဘာပေါ်က လူသားတွေကို မကယ်တင်နိုင်ဘူး! လူသားဖြစ်နေတာက မင်းကိုယ်မင်း မကယ်တင်နိုင်ဘူး။ အဲဒါကို နားမလည်နိုင်ဘူးလား!!”

ဒုတိယအသံပိုင်ရှင်မှ ကယောင်ချောက်ချားဖြင့် အော်ဟစ်သည်။

ထိုလူ့ထံမှ ထွက်ပေါ်လာသည့်အသံသည် အလွန်စိတ်ကယောင်ချောက်ချားဖြစ်နေဟန်ပင်။

လင်းဇီချန် ထိုအသံကြောင့် မျက်မှောင်ကြုတ်မိ၏။

‘နတ်ဆိုးဂိုဏ်းကလူတွေ ပန်းခြံထဲမှာ ပြဿနာရှာနေကြတာလား?’

စူးစမ်းလိုစိတ်သည် ရုတ်ချည်းဆောင့်တက်လာရာ လင်းဇီချန်သည် အုတ်အော်သောင်းတင်း ဖြစ်ပွားနေသည့်နေရာသို့ စက်ဘီးကိုအရှိန်တင်နင်းသွားလိုက်သည်။ အသံလားရာရင်းမြစ်ကို ဖြတ်သန်းသွားချိန်၌ အသံလားရာအတိုင်း လှည့်ကြည့်ခဲ့သည်။ ထိုအခါ ရင်းနှီးနေသည့်မျက်နှာကို မြင်တွေ့လိုက်ရပေသည်။

ထိုသူမှာ သက်တံသူငယ်တန်းကျောင်း၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတန်း၏ဆရာမ- စတော်ဘယ်ရီဆရာမလေးဖြစ်၏။ စတော်ဘယ်ရီဆရာမလေးသည် သူမ၏လည်တိုင်အား စိတ်ဖောက်ပြန်နေသော လူကြီးတစ်ဦး၏ ဓားဖြင့်ထောက်ခြင်း ခံထားရကာ သွေးအနည်းငယ်လည်း စိမ့်ထွက်နေလေပြီ။ အခြေအနေသည် သေရေးရှင်ရေးတမျှ ပြင်းထန်နေ၏။

သို့တိုင် အခင်းနေရာရှိ ပြည်သူ့လုံခြုံရေးအရာရှိများသည် နှုတ်ဖြင့်ညှိနှိုင်းနေကြပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ သတိပေးပြောဆိုရုံသာ ပြုလုပ်နေကြသည်။

စတော်ဘယ်ရီဆရာမလေး၏ အသားအရောင်သည် ပို၍ဖြူဖျော့လာနေပြီး လည်တိုင်မှလည်း သွေးများပို၍ စီးကျလာနေသည်ကို မြင်နေရသည်ဖြစ်ရာ လင်းဇီချန်သည် သူ၏စွမ်းရည်ဖြင့် တစ်ခုခုပြုလုပ်သင့်သည်ဟု သိလိုက်သည်။ စက်ဘီးကို ရပ်နားသည့်နေရာသို့ ယူဆောင်သွားပြီး ရပ်ထားလိုက်ပြီးနောက် မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။

ထို့နောက် ခိုင်ကြည်မြဲမြံသောအကြည့်တို့ဖြင့် ဓားကိုင်ထားသည့်လက်ကို ရည်ရွယ်ကာ ကျောက်တုံးဖြင့် အားကုန်ပစ်ပေါက်လိုက်သည်။

အပိုင်း ၂၃

ကြွက်လူသား

“အားပင်း မင်းအခုထိ အဆင်သင့်မဖြစ်သေးဘူးလား။ နတ်ဆိုးယုံကြည်သူက ပိုပိုပြီးစိတ်လှုပ်ရှားလာနေပြီ။ ဓားစာခံရဲ့လည်ပင်းကလည်း သွေး‌ထွက်နေပြီ။ အခြေအနေက အရမ်းအရေးကြီးနေပြီ”

“ခေါင်းဆောင် အဲဒီကောင်က ကျွမ်းကျင်သူပါ။ ခန္ဓာကိုယ်ကို သေချာကာကွယ်ထားနိုင်တယ်။ ရှင်းလင်းတဲ့ပစ်မှတ်နေရာမရှိတာကြောင့် ပစ်ဖို့အခွင့်အရေးမရပါဘူး”

“ချန်းယန် နတ်ဆိုးယုံကြည်သူရဲ့ သရုပ်မှန်ကို အတည်ပြုပြီးပြီလား။ သူ့ရဲ့မိသားစုကို တတ်နိုင်သမျှ မြန်မြန်ဆက်သွယ်။ သူ့ကိုဖျောင်းဖျဖို့ ဒီနေရာကို ခေါ်လာခဲ့”

“ခေါင်းဆောင် သံသယရှိသူက မိဘမဲ့ပါ”

“...”

သူ၏အဖွဲ့သားနှစ်ဦးထံမှ တင်ပြချက်များကို နားထောင်ပြီးနောက်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာ စိုးရိမ်ပူပန်လာတော့သည်။ တစ်ဟုန်ထိုးပြေးဝင်သွားပြီး ဓားစာခံကို ကယ်တင်ရန် အလွန်တရာ စိတ်အားထက်သန်နေသည့်တိုင် သူတို့၌ လှုပ်ရှားနိုင်ရန် အခွင့်အရေးမရှိပေ။

နတ်ဆိုးယုံကြည်သူသည် ထောင့်စွန်းတစ်ခုတွင် ဓားစာခံ၏ခန္ဓာကိုယ်ကို ဒိုင်းကာအဖြစ်အသုံးပြု၍ ဝပ်တုပ်နေသည်။ ဓားစာခံ၏လည်ပင်းထက်ရှိ ဓားမှအပ အခြားမည်သည့်နေရာမျှ ထွက်ပေါ်နေခြင်း မရှိပေ။

“ခေါင်းဆောင် ကျွန်တော်တို့ မျက်ရည်ယိုဗုံးနဲ့ ကြိုးစားကြည့်ရင်ရော?”

အဖွဲ့သားတစ်ဦးမှ အလျင်စလို အကြံပြုလာသည်။

ခေါင်းဆောင်ဖြစ်သူမှ ခေါင်းခါရမ်း၏။

“အသုံးမဝင်ဘူး။ မျက်ရည်ယိုဗုံးက အရမ်းသိသာလွန်းတယ်။ အကျိုးသက်ရောက်မှုမရှိခင်မှာ ပြစ်မှုကျူးလွန်သူကို စိတ်ဆွသလိုဖြစ်ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်တယ်”

အားလုံး ကူကယ်ရာမဲ့ခြင်းကို ခံစားနေရချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာမှ လေကိုဖြိုခွင်းလာသည့်အသံတစ်မျိုး ထွက်ပေါ်လာခဲ့သည်။

ဝှစ်!

ထို့နောက် ကြက်ဥခန့်အရွယ်အစားရှိ ကျောက်တုံးတစ်တုံးသည် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အရှိန်နှုန်းဖြင့် ခေါင်းဆောင်၏ရှေ့မှ ဖြတ်သန်းသွားကာ နတ်ဆိုးယုံကြည်သူ၏လက်ကို တိတိကျကျ ထိမှန်သွားသည်။

“အာ့–!”

နတ်ဆိုးယုံကြည်သူထံမှ နာကျင်စွာ‌ အော်ညည်းသံ ထွက်ပေါ်လာသည်။ ကျောက်တုံးသည် သူ၏ဓားကိုင်ထားသည့် လက်ကို ထိမှန်သွားခဲ့၏။ ထို့ပြင် ထိမှန်သွားသည့်နေရာသည် ချက်ကောင်းဖြစ်ပြီး ထိမှန်သည့်အင်အားသည် ထိုလူ၏ဓားကိုင်ထားသည့်လက်ကို အပြင်ဘက်သို့လည်ထွက်သွားစေသည်။ သို့ဖြင့် ဓားသည် ဓားစာခံ၏လည်ပင်းမှ ဝေးကွာသွားပြီး မြေပြင်သို့ပြုတ်ကျသွားသည်။

တစ်ပြိုင်နက်တည်း၌ ဓားစာခံဖြစ်သည့် စတော်ဘယ်ရီဆရာမလေး လွတ်မြောက်သွားခဲ့ပြီး သူမ၏ အသက်ရှင်လိုသည့်စိတ်ဆန္ဒသည် ပြည်သူ့လုံခြုံရေးဝန်ထမ်းများဆီသို့ အားကုန်ပြေးလွှားသွားနိုင်စေခဲ့သည်။ ပြည်သူ့လုံခြုံရေးဝန်ထမ်းများသည်လည်း အလျင်အမြန် တုံ့ပြန်လိုက်ကြပြီး ဝန်ထမ်းအချို့သည် စတော်ဘယ်ရီဆရာမလေးကို ကူညီရန်သွားခဲ့ကြပြီး အချို့သည် နတ်ဆိုးယုံကြည်သူကို ဖမ်းချုပ်ရန် ပြေးသွားခဲ့ကြသည်။

ဖြစ်ရပ်အစမှအဆုံးအထိ ပြည်သူ့လုံခြုံရေးဝန်ထမ်းများသည် အဘယ်သို့ဖြစ်ပျက်သွားခဲ့ကြောင်းကို နားမလည်နိုင်ကြပေ။ သူတို့သိခဲ့သည်မှာ နတ်ဆိုးယုံကြည်သူသည် ရုတ်တရက် သူ၏လက်ကိုဆုပ်ကိုင် အော်ဟစ်လာခဲ့ပြီးနောက် ဓားစာခံသည် သူမ,ဘာသာ လွတ်မြောက်လာခဲ့သည် ဟူ၍ပင်။

အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည့် ရှန်ချင်းဟန်သာလျှင် အလွန်တရာအံအားသင့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

“ရှောင်ချန် နင်…”

“သွားရအောင် ပြန်ရောက်မှ ပြောကြမယ်”

လင်းဇီချန်သည် အချိန်ကြာကြာနေရန် အစီအစဉ်မရှိပေ။ စတော်ဘယ်ရီဆရာ‌မလေး လွတ်မြောက်သွားကြောင်း မြင်တွေ့ရသည်နှင့် စက်ဘီးပေါ်ပြန်တက်၍ ရှန်ချင်းဟန်နှင့်အတူ ထွက်သွားရန်ပြင်ဆင်သည်။ သို့သော် စက်ဘီးမထွက်ခွာမီ၌ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် အပြေးအလွှားရောက်လာခဲ့ပြီး အသက်ပြင်းပြင်းရှူသွင်းလျက် ပြောလာသည်။

“ကျောင်းသားလေး ခဏနေပါဦး။ ချက်ချင်းထွက်မသွားလိုက်နဲ့ဦး။ ခုနက ကျောက်တုံးပစ်လိုက်တာ မင်းလား”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် သူ၏လက်ထဲမှ ကျောက်တုံးကို လင်းဇီချန်၏ရှေ့သို့ ထုတ်ပြသည်။ နတ်ဆိုးယုံကြည်သူသည် ဒဏ်ရာရသွားခဲ့ပြီး သွေးပေနေသည့်ကျောက်တုံးသည် ထိုလူ၏ခြေထောက်နားတွင် ပြုတ်ကျနေခဲ့သည်။ ကျောက်တုံးပစ်လိုက်သည့် အရပ်မျက်နှာနှင့် ဆက်စပ်တွေး‌လိုက်သောအခါ ကျောက်တုံးကိုပစ်လိုက်သူမှာ လင်းဇီချန်ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ၎င်းမှာ ယုံကြည်နိုင်ရန်ခက်ခဲသော်ငြား ဖြစ်ပွားခဲ့သည့်အခြေအနေအတွက် ယခုထက်ပို၍ ကျိုးကြောင်းဆီလျော်သည့် ဖြေရှင်းချက် မရှိပါချေ။

“ကျွန်တော် ပစ်လိုက်တာ မဟုတ်ပါဘူး”

လင်းဇီချန်သည် နောက်ဆက်တွဲများကြောင့် စိတ်အနှောင့်အယှက် မဖြစ်လိုပေ။ ထို့ကြောင့် အရေးမထားဟန်ဖြင့် ထိုသို့ပြန်ပြောလိုက်သည်။ ထို့နောက် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ဝေးရာသို့ စက်ဘီးနင်းထွက်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူသည် အဘယ်သို့ဖြစ်ပျက်သွားခဲ့ကြောင်းကို နားလည်ပြီးနောက် တခဏမျှ အံ့ဩမင်သက်နေခဲ့သည်။ ထို့နောက် ထွက်ခွာသွားသည့် လင်းဇီချန်တို့၏ပုံရိပ်ကို ကြည့်လျက် အော်ပြော၏။

“ကျောင်းသားလေး!”

“ကျောင်းသားလေး ခဏနေပါဦး!”

“ကျောင်းသားလေး မင်းခုနက ကောင်းတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာလေ။ ဘာလို့ မဝန်ခံရတာလဲ”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှ မည်မျှကျယ်လောင်စွာ အော်ဟစ်ပြောနေခဲ့သည်ဖြစ်စေ လင်းဇီချန်သည် ရပ်တန့်ရန်ဆန္ဒမရှိပေ။ သူ၏ပုံရိပ်သည် လမ်းထောင့်ချိုးတစ်ခုအရောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

“ဒါက ယုတ္တိမတန်ဘူး။ လူတစ်ယောက်က ဘာလို့ သူလုပ်ခဲ့တဲ့လုပ်ရပ်ကောင်းအတွက် အသိအမှတ်ပြုမခံချင်ရတာလဲ”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာ လုံးဝရှုပ်ထွေးနေ‌ခဲ့သည်။ သို့သော် ခေါင်းဆောင်သည် ဤကိစ္စရပ်အပေါ် အကြာကြီးစွဲလမ်း မနေပါချေ။ နောက်တစ်နေ့မှ ပြန်လာ၍ ထိုကျောင်းသားလေး ပစ်ခဲ့ခြင်းဟုတ်သည်၊ မဟုတ်သည်နှင့် အဘယ်သို့ ပစ်နိုင်ခဲ့သည်ကို စောင့်ကြည့်ကင်မရာ၌ စစ်ဆေးကြည့်ရန် တွေးထားလိုက်သည်။

ထို့နောက်၌ လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ပြန်ရောက်လာပြီး မေးမြန်း၏။

“ကျွန်တော် ရုတ်တရက် တစ်ခုသတိရသွားလို့။ သူရဲကောင်းလို လုပ်ဆောင်ခဲ့တာအတွက် ဆုလာဘ်တစ်ခုခုများရှိလား”

“အမ်.. ရှိပါတယ်”

“ဟုတ်ပါတယ်။ ကျောက်တုံးကိုပစ်ခဲ့တာ ကျွန်တော်ပါ။ ကျောက်တုံးပေါ်မှာ ကျွန်တော့်ရဲ့လက်ဗွေရာရှိလိမ့်မယ်။ အရာရှိကြီး ယူသွားပြီး နှိုင်းယှဉ်ကြည့်လို့ရတယ်”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် : “...”

ဤသို့မျက်နှာအပြောင်းအလဲသည် အလွန်ရုတ်တရက်ဆန်လွန်းလှရာ ပြည်သူ့လုံခြုံရေး‌အဖွဲ့ခေါင်းဆောင်မှာ ပြောစရာစကားလုံးရှာမတွေ့နိုင်ဘဲ ဖြစ်သွားရလေသည်။ လင်းဇီချန်သည်လည်း ယခုကဲ့သို့ မလုပ်လိုပါချေ။ သို့သော် ကင်းမွန်တစ္ဆေ၏ စုဆောင်းမှုမှတ်တမ်းကို တတ်နိုင်သမျှမြန်ဆန်စွာ အပြည့်ဖြည့်ရန်အတွက် ပိုက်ဆံရနိုင်မည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြည့်ခဲ့ပြီးနောက်တွင် မဖြစ်စလောက်သော ပမာဏများအောက်၌ ဦးညွှတ်သွားခဲ့ရသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်: “ဒါဆို ဒီလိုလုပ်ရင်ရော။ အကျဉ်းချုံး ထွက်ဆိုချက်ပေးဖို့အတွက် နောက်ကျရင် ပြည်သူ့လုံခြုံရေးရုံးကို လာခဲ့လိုက်။ ငါတို့ရောက်တဲ့အခါ လက်ဗွေရာကို နှိုင်းယှဉ်ကြမယ်။ ပြဿနာတစ်စုံတစ်ရာမရှိတာ သေချာပြီဆိုရင် မင်းရဲ့ရဲစွမ်းသတ္တိရှိတဲ့လုပ်ဆောင်ချက်အတွက် ဆုလာဘ်ချီးမြှင့်ဖို့ တောင်းခံပေးမယ်”

“ကောင်းပြီ။ ကိစ္စမရှိပါဘူး”

လင်းဇီချန် အမြန် သဘောတူလိုက်သည်။

စက်ဘီးနောက်ခုံတွင်ထိုင်နေသည့် ရှန်ချင်းဟန်သည် သူမ၏ဖုန်းကိုထုတ်၍ မကြာမီ အိမ်ပြန်လာမည့်အကြောင်း ဖုန်းဆက်ပြောနေသည်။ ထိုစဉ် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် နောက်ဆက်တွဲကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ပန်းခြံသို့ပြန်သွားခဲ့သည်။ နတ်ဆိုးယုံကြည်သူအား ပြည်သူ့လုံခြုံရေးရုံးသို့ ဖမ်းချုပ်သွားရပေမည်။

“ဒါနဲ့ ရှောင်ချန်… စတော်ဘယ်ရီဆရာမလေး အခုဘယ်လိုနေလဲ မသိဘူးနော်။ ဆရာမကို သွားကြည့်ရအောင်လေ”

ဖုန်းချပြီးသည်နှင့် ရှန်ချင်းဟန်မှ ပြောသည်။

လင်းဇီချန် : “ကောင်းပြီ”

နေရာသို့ရောက်သောအခါ စက်ဘီးကို ရပ်နားရန်နေရာ၌ ရပ်နားထားခဲ့ပြီး နှစ်ဦးသားသည် ပန်းခြံထဲရှိ လုံခြုံရေးယာဉ်သို့ ဦးတည်လျှောက်သွားခဲ့သည်။ စတော်ဘယ်ရီဆရာမလေးသည် ကယ်တင်ခံရပြီးနောက်၌ လည်ပင်းဒဏ်ရာကိုကုသရန်အတွက် လုံခြုံရေးယာဉ်ပေါ်သို့ သယ်ဆောင်သွားခံခဲ့ရသည်။ သို့ဖြစ်ရာ ယခုတွင် လုံခြုံရေးယာဉ်ပေါ်၌ အနားယူနေလောက်၏။

သူတို့နှစ်ဦး လုံခြုံရေးယာဉ်အနီးသို့ ရောက်လုနီးတွင် ဘေးဘက်မနီးမဝေးမှ လက်ထိပ်ခတ်ခံထားရသည့် နတ်ဆိုးယုံကြည်သူသည် ရုတ်တရက်ကြီး ‘ဟင်း ဟင်း'အသံများထွက်၍ နာကျင်စွာ ညည်းတွားလာလေသည်။ ထို့နောက် ထိုလူ၏မျက်နှာသည် စတင်အက်ကွဲလာခဲ့ပြီး အံ့ဩထိတ်လန့်ဖွယ်သော၊ သွေးသံတရဲရဲသော ဟက်တက်အက်ကွဲရာများ ထွက်ပေါ်လာသည်။

အက်ကွဲရာများသည် ပို၍ပို၍ရှည်လျားကျယ်ပြန့်လာခဲ့ပြီး နောက်ဆုံး၌ မျက်နှာနှစ်ဖက်ခြမ်းလုံးတွင် အချိုးညီညီပြန့်ကားသည့် မျက်လုံးကြီးများဖြစ်ပေါ်လာခဲ့လေသည်။ နဂိုရှိနေပြီးဖြစ်သည့် မျက်လုံးတစ်စုံကို ထည့်သွင်းရေတွက်လျှင် စုစုပေါင်း မျက်လုံး၈လုံးဖြစ်၏။

နတ်ဆိုးယုံကြည်သူကို ပို့ဆောင်ရန်တာဝန်ကျသည့် ပြည့်သူ့လုံခြုံရေးဝန်ထမ်းသည် မူမမှန်ခြင်းကို သတိထားမိလိုက်ပြီး စိတ်လှုပ်ရှားတုန်လှုပ်စွာဖြင့် သေနတ်ကို အမြန်ထုတ်ယူ၍ သေနတ်ပြောင်းလှည့်ကာ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို အော်ဟစ်အသိပေးသည်။

“ခေါင်းဆောင် သန္ဓေပြောင်းဖြစ်ရပ် ဖြစ်ပွားနေတယ်! နတ်ဆိုးယုံကြည်သူက အသွင်ပြောင်းလဲတဲ့ လက္ခဏာတွေပြ‌သနေပြီး ဧရာမသန္ဓေပြောင်းကြွက်အဖြစ် ပြောင်းလဲနေပါတယ်!”

ထိုဝန်ထမ်း အသိပေးပြီးသည်နှင့်တစ်ပြိုင်နက် သန္ဓေပြောင်းသွားသည့် နတ်ဆိုးယုံကြည်သူသည် ရုတ်တရက်ဆန်လှစွာ မယုံကြည်နိုင်လောက်အောင် အင်အားကြီးမားလာခဲ့ပြီး လက်ထိပ်များကို အလွယ်တကူဆွဲဖြုတ်လိုက်ကာ ပြည်သူ့လုံခြုံရေးဝန်ထမ်းအား ရက်စက်ကြမ်းကြုတ်စွာခုန်အုပ်၍ ကိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် ပြည်သူ့လုံခြုံရေးဝန်ထမ်းသည် သတိနိုးကြားနေခဲ့ပြီး အလျင်အမြန်တုံ့ပြန်နိုင်ခဲ့သည်။ ‌တိုက်ခိုက်မှုကို အချိန်မီလေးပင် ဘေးသို့ရှောင်တိမ်းနိုင်ခဲ့သည်။

ဧရာမသန္ဓေပြောင်းကြွက်အဖြစ်ပြောင်းလဲတယ်?!

လင်းဇီချန် ထိုစကားလုံးများကိုကြားလိုက်ရပြီးနောက် နတ်ဆိုးယုံကြည်သူ၏မျက်နှာထက်မှ မျက်လုံး၈လုံးကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဘာမျှစဉ်းစားမ‌နေတော့ဘဲ ဘေးရှိ ရှန်ချင်းဟန်ကို ပွေ့ချီ၍ ပန်းခြံထွက်ပေါက်သို့ တစ်ဟုန်ထိုးပြေးတော့သည်။ ဖြစ်ပွားနေသည့်အခြေအနေ အတိအကျကို မသိရှိသော်ငြား အခင်းနေရာနှင့် ‌ဝေးဝေးသို့ရှောင်ဖယ်နေခြင်းသည် မလွဲမှားနိုင်‌ေသာ မှန်ကန်သည့်ရွေးချယ်မှုဖြစ်သည်။

ရှန်ချင်းဟန်သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည့်တိုင် ငယ်ရွယ်စဉ်ကတည်းကပင် လင်းဇီချန်၏ ဤသို့ပွေ့ချီခြင်းနှင့် ကျင့်သားရနေခဲ့ပြီးဖြစ်ရာ နာခံစွာဖြင့် လင်းဇီချန်၏လည်တိုင်ကို လက်များဖြင့်ပွေ့ဖက်လိုက်ပြီး လင်းဇီချန် ပွေ့ချီရလွယ်ကူစေရန် လင်းဇီချန်၏ခန္ဓာကိုယ်ဘက်သို့ မျက်နှာအပ်ထားလိုက်သည်။

“ပစ်တော့ အခုပစ်တော့!”

လင်းဇီချန် ထွက်ပြေးပြီး မကြာမီ၌ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် ထိတ်ထိတ်ပျာပျာဖြင့် ပြည်သူ့လုံခြုံရေးဝန်ထမ်းများကို အော်ဟစ်အမိန့်ပေးသည်။ ထို့နောက် နားကွဲလုမတတ်သော သေနတ်ပစ်သံများသည် တိတ်ဆိတ်သောညကို ဖြိုခွင်းသွားခဲ့သည်။

ဒိုင်း!

ဒိုင်း! ဒိုင်း! ဒိုင်း! ဒိုင်း! ဒိုင်း!

ဒိုင်း! ဒိုင်း! ဒိုင်း!

“...”

ထိုအချိန်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ပန်းခြံအပြင်သို့ ပြေးထွက်လာနိုင်ခဲ့ပြီးဖြစ်သည်။ နှစ်ဦးသည် စက်ဘီးပေါ်သို့ အလျင်အမြန်တက်၍ အန္တာရာယ်ဇုန်ကို နောက်ချန်ထားရစ်ခဲ့ပြီး အမြန်ထွက်ခွာလာခဲ့ကြသည်။

သို့သော် လင်းဇီချန် အရမ်းမြန်မြန်နင်းလွန်း၍လော၊ စက်ဘီး၌ တစ်စုံတစ်ရာ မှားယွင်းနေသောကြောင့် မသိပေ။ စက်ဘီးချိန်းကြိုးသည် မီတာ၂၀မျှ အကွာအဝေးသို့ရောက်သောအခါ ပျက်သွားခဲ့သည်။ ချိန်းကြိုးကျခြင်းမဟုတ်ဘဲ လုံးဝပြတ်သွားခဲ့ခြင်းဖြစ်၏။

“-ျီးပဲ!”

လင်းဇီချန် ဆဲရေးလိုက်သည်။

အပိုင်း ၂၄

အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသား

ပန်းခြံထဲ၌ ပြည်သူ့လုံခြုံရေးဝန်ထမ်းများသည် သေနတ်များထုတ်၍ နတ်ဆိုးယုံကြည်သူ၏ ဦးခေါင်းနှင့်နှလုံးတို့ကို ဦးတည်ပစ်ခတ်နေကြသည်။ အချိန်ခဏလေးအတွင်း၌ ဧရာမသန္ဓေပြောင်းကြွက်အဖြစ်သို့ ပြောင်းလဲနေသော နတ်ဆိုးယုံကြည်သူကို ဆန်ခါအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

သို့သော် ကျည်ပေါက်ရာများအပြည့်ဖြင့် နတ်ဆိုးယုံကြည်သူသည် မြေပြင်သို့ လဲကျသွားရုံမျှသာဖြစ်ပြီး ဆက်လက်ပြောင်းလဲနေသည်။ နောက်ထပ် စနိုက်ပါပစ်ချက်များစွာကို ခံယူပြီးနောက်၌ သူ၏ဦးခေါင်း ပေါက်ကွဲထွက်သွားခဲ့သည်။ သို့တိုင် ဆက်လက်ပြောင်းလဲနေဆဲပင်။

“ကျန်းပေအနောက်လမ်း၊ ပြည်သူ့ပန်းခြံမှာ နတ်ဆိုးယုံကြည်သူက ဧရာမသန္ဓေပြောင်းကြွက်အဖြစ် အသွင်ပြောင်းလဲနေပြီး သာမန်ခြောက်လုံးပြူးသေနတ်တွေက အသက်သေစေလောက်အောင် ထိခိုက်ဒဏ်ရာမရစေနိုင်ပါဘူး”

“ကနဦးအကဲဖြတ်ချက်အရ ကြွက်ဘုရင်မျိုးရိုးဗီဇနဲ့ ပေါင်းစပ်ထားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်”

“ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ တပ်ကူအနေနဲ့ စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေ တပ်ဖြန့်ပေးဖို့တောင်းဆိုပါတယ်”

အခြေအနေကို မကိုင်တွယ်‌နိုင်သည်ကို နားလည်လိုက်သောအခါ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် မြို့တော်လုံခြုံရေးဌာနချုပ်ကို ရုတ်ချည်းဆက်သွယ်လိုက်ပြီး စက်ဖြင့်ပြုပြင်မွမ်းမံလူသားများကို တပ်ကူတောင်းဆိုလိုက်သည်။

“ခေါင်းဆောင် အဲဒီအကောင်ကြီး ပြန်ထလာပြီ”

ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ယောက်မှ အော်ပြောသည်။ မကြာမီက မြေပြင်ပေါ်သို့လဲကျနေသည့် နတ်ဆိုးယုံကြည်သူသည် ပြန်လည်ထရပ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ကြွက်တစ်ကောင်နှင့် ပိုမိုဆင်တူလာခဲ့ပြီး နှုတ်ခမ်းမွေးရှည်ကြီးများ၊ စုချွန်သောပါးစပ်သဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့သည်။ မျက်နှာသည်လည်း ကြွက်မွေးများဖြင့် ဖုံးလွှမ်းလာခဲ့ကာ မတ်တပ်ရပ်လမ်းလျှောက်နိုင်သည့် လူသားကြွက်တစ်ကောင် ဖြစ်လာခဲ့သည်။

ဒိုင်း! ဒိုင်း! ဒိုင်း!

“ထိန်းထားကြ!”

“ဆက်တိုက်ပစ်ပြီး ဒီသားရဲကောင်ကို ထိန်းထား!”

“၂မိနစ်ပဲ ထပ်ပြီးထိန်းထာဖို့လိုတာ။ စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေ တပ်ကူရောက်လာတာကို ငါတို့စောင့်ရမယ်”

“တားထားကြ! ပန်းခြံအပြင်ကို ထွက်မသွားစေနဲ့!”

ဒိုင်း! ဒိုင်း! ဒိုင်း!..

ခေါင်းဆောင်၏ အမိန့်ပေးမှုအောက်၌ ပြည်သူ့လုံခြုံရေးဝန်ထမ်းများသည် လူသားကြွက်ကြီး ပန်းခြံအပြင်သို့ ထွက်မသွားစေရန် အဆက်မပြတ် ပစ်ခတ်ဖိနှိပ်ရင်းဖြင့် ပန်းခြံအတွင်းပိုင်းသို့ ဆုတ်ကြသည်။

…

ပန်းခြံအပြင်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ စကားကိုကြားသောအခါ လင်းဇီချန်သည် စက်ဘီးကိုထားခဲ့ပြီး စက်ဘီးနောက်ခုံမှ ရှန်ချင်းဟန်ကို ပွေ့ချီ၍ စတင်ထွက်ပြေးတော့သည်။ အခြေအနေသည် သူတွေးထင်ထားသည်ထက် ပို၍ပြင်းထန်လာခဲ့သည်ဖြစ်ရာ ဤနေရာမှ အမြန်ထွက်ခွာရန် လိုအပ်ပေသည်။

(အပိုအလေးချိန်ကိုသယ်ဆောင်ပြီး အမြန်ဆုံးအရှိန်နှုန်းဖြင့် ပြေးနေပါတယ်။

ချီသွေး +၄၊ ခံနိုင်ရည်အား +၂၊ ခန္ဓာကိုယ်ပူးပေါင်းဆောင်ရွက်မှု +၂၊ လျင်မြန်မှုနှုန်း +၂၊ နည်းလမ်း +၂)

(အပိုအလေးချိန်ကိုသယ်ဆောင်ပြီး အမြန်ဆုံးအရှိန်နှုန်းဖြင့် မီတာ၁၀၀၀ပြေးခဲ့ပါတယ်။ ချီသွေး +၄၀၀၊ ခံနိုင်ရည်အား +၂၀၀၊ ခန္ဓာကိုယ်ပူးပေါင်းဆောင်ရွက်မှု +၂၀၀၊ လျင်မြန်မှုနှုန်း +၂၀၀၊ နည်းလမ်း +၂၀၀)

တစ်မိနစ်ကျော်မျှသော အချိန်အတွင်း၌ လင်းဇီချန်သည် ရှန်ချင်းဟန်ကို ပွေ့ချီထားလျက် မီတာတစ်ထောင်ကျော်အထိ ရောက်ရှိခဲ့သည်။ အန္တရာယ်များသည့်ပန်းခြံကို လုံးဝ နောက်ချန်ရစ်ထားပြီးခဲ့လေပြီ။ မီတာတစ်ထောင်ခန့်သာ ပြေးခဲ့ခြင်းဖြစ်သော်ငြား ပြင်းထန်မှုသည် အလွန်တရာမြင့်မားလေရာ ဒူးပေါ်လက်ထောက်လျက် အသည်းအသန် မောဟိုက်နေတော့သည်။

ထိုအခါ ရှန်ချင်းဟန်သည် အနီးအနားရှိ စတိုးဆိုင်သို့‌ပြေးသွားပြီး အားဖြည့်အချိုရည်တစ်ဘူး ဝယ်သည်။ အဖုံးဖွင့်ပေး၍ လင်းဇီချန်ကို မောဟိုက်ခြင်းသက်သာစေရန် ကူညီသည်။ လင်းဇီချန်သည် အချိုရည်ဘူးကို ယူလိုက်သော်ငြား ချက်ချင်း မသောက်သေးပေ။ အသက်ပြင်းပြင်းရှူနေ၏။ အသက်ရှူနှုန်း ပုံမှန်မဖြစ်သေးသောကြောင့် သောက်သုံးမရသေးချေ။

“အာ သေလိုက်ပါတော့! ရှောင်ချန် ငါစက်ဘီးခြင်းထဲက ကင်းမွန်တစ္ဆေအသားကို ယူဖို့မေ့ခဲ့တယ်”

ရှန်ချင်းဟန် ရုတ်တရက် သတိရသွားပြီးနောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

ထိုစကားကိုကြားသောအခါ လင်းဇီချန် စူးအောင့်နာကျင်သွားရသည်။ သူ၏ ပထမဆုံးတုံ့ပြန်မှုသည် ပြန်သွားယူရန်ဖြစ်၏။ သို့သော် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းသည် သူ၏ရူးမိုက်သည့်လှုပ်ရှားမှုအား ဟန့်တားလိုက်လေသည်။ ပန်းခြံသည် အလွန်အန္တရာယ်များပြီး အဆင်အခြင်မဲ့ပြုမူခြင်းသည် မတော်တဆဖြစ်စေနိုင်သည်။ ထို့ကြောင့် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မိမိ၏လုံခြုံမှုကို သေချာစေပြီးနောက်မှသာ ကင်းမွန်တစ္ဆေအသားအတွက် ပြန်သွားသည်မှာ ထိုက်တန်သည်၊ မထိုက်တန်သည်ကို ဆုံးဖြတ်ပေမည်။ ထိုအခိုက်အတန့်၌ ကောင်းကင်ထက်မှ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာခဲ့သည်။ စွမ်းဆောင်ရည်မြင့်မားသော ‌မော်တော်ဆိုင်ကယ်တစ်စီး အရှိန်ဖြင့်ဖြတ်ကျော်သွားသည်ကဲ့သို့ နားစည်များကို တုန်လှုပ်သွားစေ‌ပြီး မသက်မသာခံစားရစေသည်။

လင်းဇီချန် အသံလာရာသို့ မော့ကြည့်လိုက်သည်။ ၎င်းသည် စက်ဖြင့်ပြုပြင်မွမ်းမံလူသားဖြစ်၏။ သို့သော် တခဏမျှ ဖျတ်ခနဲမြင်လိုက်ရပြီးနောက် မီတာရာချီခန့်အကွာအဝေးသို့ တမဟုတ်ချင်းရောက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။ ပုံရိပ်ကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။

ထိုစက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် ပြည်သူ့လုံခြုံအဖွဲ့မှ တောင်းဆိုခဲ့သည့် တပ်ကူဖြစ်နိုင်သည်။ စက်ဖြင့်ပြုပြင်မွမ်းမံလူသား ရောက်ရှိလာပြီဖြစ်ရာ လုံခြုံရေးကို အာမခံနိုင်လေပြီ။ ထိုအတွေးဖြင့် လင်းဇီချန် ပြန်သွား၍ ကင်းမွန်တစ္ဆေအသားကို ပြန်ယူရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ရှန်ချင်းဟန်သို့ လှည့်၍ပြောသည်။

“ဒီမှာခဏစောင့်နေ။ ငါပန်းခြံကို ကင်းမွန်တစ္ဆေအသား ပြန်သွားယူလိုက်မယ်။ ငါမြန်မြန်ပြန်လာခဲ့မှာပါ”

“ငါလည်းလိုက်မယ်”

“ငါတစ်ယောက်တည်းသွားရင် ပိုမြန်တယ်”

“အမ်း”

လင်းဇီချန် စကားထပ်မပြောတော့ဘဲ ပန်းခြံသို့ အမြန်ပြန်သွားရန် ဦးတည်လိုက်သည်။ ရှန်ချင်းဟန်ကို ပွေ့ချီမထားရ‌သည်ဖြစ်ရာ လင်းဇီချန် တစ်ဦးတည်းအတွက် ပန်းခြံသို့ရောက်ရန် တစ်မိနစ်ပင် မကြာမြင့်နိုင်ပေ။

ထိုအချိန်၌ ပန်းခြံတစ်ခုလုံးကို ထူထဲလှစွာသော ခရမ်းပြာရောင်မီးခိုးငွေ့ကြီးဖြင့် ဖုံးလွှမ်းနေသည်။ ပန်းခြံထဲမှ ပြင်းထန်လှစွာသော တိုက်ခိုက်နေသည့်အသံများကိုလည်း ကြားနေရ၏။

လင်းဇီချန် ထိုအရာများအားလုံးကို လျစ်လျူရှုလိုက်ပြီး စက်ဘီးဆီသို့ ပြေးသွားခဲ့သည်။ ထို့နောက် စက်ဘီးခြင်းထဲမှ ကင်းမွန်တစ္ဆေအသားကို ထုတ်ယူလိုက်သည်။ ကင်းမွန်တစ္ဆေအသားထုပ်ကို လင်းဇီချန် ထိကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ပုပ်သိုးသည့်အနံ့ဖျော့ဖျော့ကို ခံစားမိလိုက်သည်။ လင်းဇီချန် အနံ့ခံကြည့်ရာ ထိုအပုပ်နံ့သည် ကင်းမွန်တစ္ဆေအသားထုပ်မှ ထွက်ပေါ်လာခြင်း ဖြစ်နေခဲ့သည်။

လင်းဇီချန် မကောင်းသည့်ခံစားချက်ရလိုက်၏။ အနည်းငယ်တုန်လှုပ်နေလျက် ကင်းမွန်တစ္ဆေအသားထုပ်ကို ဖွင့်ကြည့်လိုက်သည်။ အသားသည် မကောင်းတော့ဘဲ ပုပ်သိုးသည့်လက္ခဏာများ ပြ‌သနေပြီကို တွေ့လိုက်ရပေသည်။

ချီး!

အသားသည် အသက်စွမ်းအင်ကို စုပ်ယူခံရပြီးနောက်တွင် မပုပ်သိုးဘဲ တည်ရှိနိုင်မည့်အချိန်ကို ကျော်လွန်သွားခဲ့လေပြီ။

ငါအခု ဘာလုပ်ရမလဲ။

အိမ်ပြန်ရောက်ရင် အမေတို့ကို ဘယ်လိုရှင်းပြရမလဲ။

လင်းဇီချန် အကျပ်ရိုက်သွား၏။ ထိုအချိန်တွင် ပန်းခြံထဲမှ တိုက်ခိုက်သံများသည်လည်း ပို၍ပြင်းထန်လာခဲ့သည်။ ထိုတိုက်ခိုက်သံများနှင့်အတူ စူးရှသော ရုတ်တရက်ကျယ်လောင်စွာ အော်သံကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။ အသံမှာ ကြွက်သံကဲ့သို့ဖြစ်သည့်တိုင် လူသံလည်းဖြစ်နေ၏။

တစ်စက္ကန့်မျှကြာပြီးနောက်၌ ကျစ်လျစ်သောပုံရိပ်တစ်ခုသည် သူ၏ခြေထောက်အောက်မှ တန်ပြန်တွန်းကန်အားစက်ပစ္စည်း၏ အကူအညီဖြင့် ခရမ်းပြာရောမီးခိုးထုထဲမှ ကောင်းကင်သို့ ဆန်တက်လာသည်။

လင်းဇီချန်‌ ကောင်းကင်သို့မော့ကြည့်လိုက်ရာ အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။ သူမ၏ရင်ဘတ်သည် သန့်စင်သောသတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး အလယ်၌ စွမ်းအင်ထုတ်လွှတ်ကိရိယာဟု ထင်ရသည့် စက်ဝိုင်းသဏ္ဍာန်တောက်ပနေကာ ကပ်ရပ်ပိပြားသည်။ ထိုသတ္တုစပ်တစ်ခုတည်းဖြင့်ပင် သူမသည် လင်းဇီချန် မူလတန်းကျောင်းသားအရွယ်က လမ်းကြားထဲတွင် ကြုံ‌တွေ့ခဲ့ဖူးသည့် အမျိုးသားစက်ဖြင့်ပြုပြင်မွမ်းမံလူသားများထက် ပိုမိုအားကောင်းကြောင်း ထင်ရှားပေသည်။ ရုတ်တရက် အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ စွမ်းအင်ထုတ်လွှတ်ကိရိယာသည် အလွန်တရာ စူးရှတောက်ပသောအလင်း ထုတ်လွှတ်လာသည်။

ခဏအကြာ၌ စွမ်းအင်ထုတ်လွှတ်ကိရိယာမှ စွမ်းအင်အလင်းတန်းဖြာထွက်လာပြီး မြည်ဟီးသံကြီးနှင့်အတူ မြေပြင်သို့ ဦးတည်ပစ်လွှတ်သည်။ ထို့နောက် ကျယ်လောင်လှစွာသော ‘ဘုန်း’ဟူသောအသံကြီး ပဲ့တင်ထပ်သွားသည်။ ယခင်က မှောင်မဲနေသောပန်းခြံ၏ အကျယ်အဝန်းတစ်ဝက်ကျော်ခန့်သည် လင်းထိန်သွား၏။

အချိန်ခဏမျှကြာပြီးသောအခါ အလင်းရောင်ပျောက်ကွယ်သွားသည်။ ဆူညံနေခဲ့သောပန်းခြံသည်လည်း တိတ်ဆိတ်သွားခဲ့သည်။ မီးလောင်ကျွမ်းထားသည့် အနံ့အသက်ဖျော့ဖျော့သာလျှင် ကျန်ရစ်ခဲ့တော့သည်။ လင်းဇီချန်သည် မျက်လုံးရှေ့ရှိမြင်ကွင်းကြောင့် နေရာ၌ တောင့်တောင့်ကြီး ကြောင်အရပ်နေမိလေသည်

ဒီအမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသားက လေဆာအမြောက်တွေ ပစ်နိုင်တယ်လား?

ရှန့်ဟိုင်မြို့က စီရင်စုအဆင့် မြို့သေးသေးလေးပဲကို ဘယ်လိုလုပ်ပြီး ဒီလိုအဆင့်မြင့်စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေရှိနေရတာလဲ?

လေဆာအမြောက်သည် အလွန်တရာကြောက်မက်ဖွယ် အင်အားကောင်း၏။ ဤလေဆာ‌အမြောက်၏ အဖျက်စွမ်းအားကို ခံနိုင်ရည်ရှိရန်အတွက် အဘယ်သို့သော သက်ရှိသတ္တဝါ၏ အသွေးအသားမျိုးဖြစ်သည်အထိ ဆင့်ကဲပြောင်းလဲရန် လိုအပ်လိမ့်မည်နည်း။

လင်းဇီချန် အတွေးထဲနစ်မြောနေသည်။

ထိုစဉ် လေဟာပြင်တွင်ရပ်နေသော အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ ရင်ဘတ်မှ မီးခိုးများထွက်နေသည်။ အနီးဝန်းကျင်သည်လည်း ‌မည်းမှောင်‌နေသည်။ ၎င်းမှာ ပစ်လွှတ်လိုက်သည့် လေဆာအမြှောက်၏ လောင်ကျွမ်းဖျက်ဆီးအား မည်မျှကြီးမားကြောင်းကို သက်သေပြနေပေသည်။

မြေပြင်ရှိ ကြွက်ဘုရင်သေဆုံးသွားကြောင်း အတည်ပြုပြီးသောအခါ အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် နေရာ၌ရစ်ဝဲမနေဘဲ အဝေးသို့လှည့်ထွက်သွားသည်။ ထွက်ခွာသွားသည့် သူမ၏ပုံရိပ်ကို ငေးကြည့်နေသည့် လင်းဇီချန်မှာ အတွေးများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

လင်းဇီချန်ကိုယ်တိုင်သည်လည်း သူ၏ကြိုးစားအားထုတ်မှုနှင့် နေ့စဉ်လေ့ကျင့်ခန်းများ၏ အကျိုးကျေးဇူးကြောင့် သူ၏သက်တူရွယ်တူများထက် သာလွန်သော ရုပ်ခန္ဓာပိုင်းဆိုင်ရာအရည်အချင်းများရှိသည်။ စက်ဖြင့်ပြုပြင်မွမ်းမံလူသားများသည် အခြားဘာမျှလုပ်ဆောင်ရန် မလိုအပ်ဘဲ အားကောင်းသော သတ္တုစပ်ကိရိယာများကို တပ်ဆင်ရုံဖြင့် မယုံကြည်‌နိုင်လောက်အောင် အံ့ချီးဖွယ်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်နိုင်လေသည်။ ဤသို့လျင်မြန်သော အင်အားသိုမှီးနိုင်ခြင်းသည် လူကို မက်မောအားကျစေ၏။

လင်းဇီချန် ထိုအတွေးများထဲ နစ်မြုပ်နေစဉ် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်နှင့် ဝန်ထမ်းများသည် မနီးမဝေးမှ ထွက်လာကြကာ အခင်းနေရာကို ရှင်းလင်းရန်အတွက် ‌‌အပြေးသွားကြသည်။

ထိုအခါ လင်းဇီချန်သည် ခဏမျှတွေဝေနေခဲ့၏။ ထို့နောက် ထိုဝန်ထမ်းများနောက်သို့ လိုက်သွားခဲ့သည်။ လင်းဇီချန်သည် အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ လေဆာအမြှောက်၏ အဖျက်စွမ်းအားပမာဏကို သိရှိလိုခြင်းဖြစ်သည်။

All Chapters