← Chapters

အပိုင်း ၂၅-၂၇

Vol. 2 Ch. 25-27

အပိုင်း ၂၅-၂၇

Vol. 2 Ch. 25-27

အပိုင်း ၂၅

ဧရာမကြွက်မြေပုံစာအုပ်

ပန်းခြံလမ်းတစ်လျှောက်၌ လင်းဇီချန် သူသယ်ဆောင်လာသည့် ပုပ်သိုးစပြုနေသောအသားသည် အနည်းငယ်လေးလံသည်ဟု ခံစားလာရသည်။ ထို့ကြောင့် အိတ်ကိုဖွင့်၍ လမ်းဘေးချုံပုတ်ထဲသို့ အသားများကို လွှင့်ပစ်လိုက်သည်။

ပုပ်သိုးနေသည့် ကင်းမွန်တ‌စ္ဆေအသားများသည် အလွန်စူးရှပြင်းထန်သောအနံ့ကို ထုတ်လွှတ်နေ၏။ ၎င်းအနံ့သည် လူကိုအော်ဂလီဆန်စေလေရာ ဆက်လက်သယ်ယူမထားနိုင်တော့ပေ။ ထို့ကြောင့် လွှင့်ပစ်ခြင်းသည်သာ အသုံးဝင်ပေလိမ့်မည်။ သဘာဝတရားကြီးထဲသို့ ပြန်လည်‌ပို့ဆောင်ပေးခြင်း၍ အပုပ်အဆွေးစားသုံးသော ပိုးကောင်များ၏အစာအာဟာရဖြစ်စေခြင်းဖြင့် ဂေဟစနစ်ကို အကျိုးပြုစေပေမည်။

အိမ်‌ပြန်ရောက်သောအခါ မိဘများကို ရှင်းပြရန်အတွက်မူ လမ်းတွင် နတ်ဆိုးယုံကြည်သူများ၏ပဋိပက္ခနှင့် ပက်ပင်းတိုးခဲ့သောကြောင့် ဖရိုဖရဲအခြေအနေကြားတွင် အသားထုပ်ကို ပျောက်ဆုံးသွားခဲ့သည်ဟု ရှင်းပြလိုက်ပေမည်။

ထို့ပြင် အနာဂတ်တွင် မလိုအပ်သောပြဿနာများကို ရှောင်ကြဉ်ရန်အတွက် နောက်တစ်ကြိမ် ထူးခြားဆန်းပြားသားရဲ၏အသားကို ဝယ်ယူ‌ရာ၌ မိမိအစား ဝယ်ယူပေးမည့် တခြားတစ်ယောက်ကို ရှာဖွေရန် နည်းလမ်းရှာရပေမည်…

အတွေးထဲနစ်မြောရင်းဖြင့်ပင် လင်းဇီချန်သည် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့်အတူ ပန်းခြံအရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။ ခရမ်းပြာရောင်မီးခိုးများသည် လေထုထဲတွင် ရစ်ဝဲနေဆဲဖြစ်သော်ငြား အများစုမှာ ပျယ်လွင့်ပျောက်ကွယ်သွားပြီးဖြစ်သည်။ မြေပြင်၏ နေရာအကျယ်အဝန်း အများစုမှာမူ မီးစွဲလောင်မှုကြောင့် မီးခိုးများရစ်သိုင်းနေဆဲပင်။

အနီးသို့ထပ်မံတိုးကပ်သွားလျှင် အလယ်ဗဟို၌ အချင်းဝက်တစ်မီတာခန့်ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခုကို မြင်တွေ့နိုင်ပေလိမ့်မည်။ ထိုတွင်းနက်အနီးသို့ ချဉ်းကပ်၍ အထဲသို့ကြည့်ရှုလျှင် မည်းနက်တူးခြစ်နေသည့် ရုပ်အလောင်းတစ်ခုကို မြင်တွေ့နိုင်သည်။ ၎င်းရုပ်အလောင်းသည် ဧရာမသန္ဓေပြောင်းကြွက်ကြီးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည့် နတ်ဆိုးယုံကြည်သူဖြစ်၏။

လင်းဇီချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤမျှအင်အားကြီးမားသော လေဆာအမြှောက်သည် သန္ဓေပြောင်းကြွက်လူသားကို အလုံးစုံလွင့်ပါးပျောက်ကွယ်မသွားစေဘဲ မည်းနက်နေသော ရုပ်အလောင်းအဖြစ် ကျန်ရစ်နေစေရုံသာ တတ်နိုင်လေသည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်းသည် အထင်ကြီးလောက်ပေ၏။

“မသက်ဆိုင်တဲ့သူတွေ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျောင်းသားလေး ဒီနေရာကနေ မြန်မြန်ထွက်သွားပေးပါ”

တွင်းနက်အစွန်း၌ ရပ်နေသော လင်းဇီချန်ကိုမြင်သောအခါ ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ဦးသည် လင်းဇီချန်ကို ထွက်သွားရန် အော်ပြော၏။ ထိုစကားသံကိုကြားသောအခါ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှ ပြောလာသည်။

“သူ့ကိုနေခိုင်းလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ဆိုချက်ယူဖို့ သူ့ကို ဌာနကို ခေါ်သွားရမှာပဲ”

“ထွက်ဆိုချက်ယူဖို့?”

လုံခြုံရေးဝန်ထမ်းလေးသည် အဘယ်ကြောင့် လင်းဇီချန်အား ဌာနသို့ခေါ်သွား၍ ထွက်ဆိုချက်ယူရမည်ကို နားမလည်နိုင်ပေ။ နတ်ဆိုးယုံကြည်သူလက်ထဲမှ ဓားစာခံသည် လင်းဇီချန်ကြောင့် လွတ်မြောက်နိုင်ခဲ့သည့်အကြောင်းကို သူမသိထားပေ။

ထိုစဉ် လင်းဇီချန်၏ဖုန်းမြည်လာသည်။ ရှန်ချင်းဟန် ခေါ်ဆိုခြင်းဖြစ်၏။ လင်းဇီချန် ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏စိုးရိမ်ပူပန်နေသာအသံသည် ဖုန်းထဲမှတစ်ဆင့် ရုတ်ချည်းဝင်ရောက်လာသည်။

“ရှောင်ချန် နင်သွားတာ ၁၀မိနစ်ကျော်သွားပြီကို အခုထိပြန်မလာသေးဘူး။ လမ်းမှာတစ်ခုခုဖြစ်နေလို့လား”

“ဘာမှမဖြစ်ပါဘူး။ စိတ်မပူနဲ့။ ကြွက်လူသားကို စက်ဖြင့်ပြုပြင်မွမ်းမံလူသားက သုတ်သင်ပြီးပြီ။ အခင်းနေရာကိုစစ်ဆေးဖို့ ငါကျန်နေခဲ့တာ။ နင်ငါ့ကို စတိုးဆိုင်မှာစောင့်နေ။ ငါခဏနေပြန်လာခဲ့မယ်”

“ငါနင့်ဆီ လာခဲ့ရမလား”

“မလာနဲ့။ နင်လာဖို့အတွက် လုံခြုံမယ်မထင်ဘူး။ ငါအခု နင့်ကိုလာခေါ်မယ် စောင့်နေနော်။ ခဏနေရင်ရောက်မယ်”

လင်းဇီချန် ဖုန်းကိုအမြန်ချလိုက်ပြီး ရှန်ချင်းဟန်ကိုခေါ်ရန် ပြေးသွားသည်။ အချိန်ခဏမျှကြာမြင့်ပြီးနောက်၌ ရှန်ချင်းဟန်နှင့်အတူ ပန်းခြံသို့ ပြန်ရောက်လာခဲ့သည်။ ရှန်ချင်းဟန်သည် မီးလောင်ကျွမ်းထားသော ကွင်းပြင်ကြီးကိုကြည့်၍ အံ့အားသင့်နေသည်။ ပန်းခြံကြီးအား ဤသို့အခြေအနေသို့ပြောင်းလဲသွားရန် အဘယ်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သူမ,စိတ်ကူးမှန်းဆ၍ မရနိုင်ချေ။

ထိုစဉ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် ရုပ်အလောင်းကို တွင်းထဲမှ ထုတ်ယူခဲ့ပြီး လူနာတင်ထမ်းစင်သို့တင်၍ လုံခြုံရေးယာဉ်ပေါ်သို့ သယ်ဆောင်သွားရန် ပြင်ဆင်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် လုံခြုံရေးယာဉ်၏ကိုယ်ထည်သည် အမျိုးမျိုးသော အရွယ်အစားစုံလင်သည့် ပစ္စည်းကိရိယာများကို သယ်ဆောင်ရန် လုံလုံလောက်လောက်ကြီးမား၏။ သို့မဟုတ်ပါက သန္ဓေပြောင်းကြွက်လူသား၏ လူနာထင်ထမ်းစင်ကို သယ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

လင်းဇီချန်သည် မည်းနက်နေသောရုပ်အလောင်းကို စူးစမ်းလေ့လာနေရင်းမှ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် တပ်ကူတောင်းဆိုခဲ့ချိန်က ပြောခဲ့သည့် ‘’ကြွက်ဘုရင်မျိုးရိုးဗီဇ'ဟူသော စကားလုံးကို အမှတ်ရလိုက်သည်။ လောင်ကျွမ်းသေဆုံးသွားပြီးသော ဤနတ်ဆိုးယုံကြည်သူသည် ကြွက်ဘုရင်မျိုးရိုး‌ဗီဇနှ့င် ပေါင်းစပ်ထားခြင်း ဖြစ်နိုင်သည်ဟု လင်းဇီချန် ခန့်မှန်းလိုက်သည်။ ထို့ပြင် ၎င်းကြွက်ဘုရင်မျိုးရိုးဗီဇဟူသည် ထူးခြားဆန်းပြားသားရဲ၏ မျိုးရိုးဗီဇတစ်မျိုး ဖြစ်လိမ့်မည်မှာ မလွဲဧကန်ပင်။

အဲဒီတော့… ငါဒီရုပ်အလောင်းကနေ ကြွက်ဘုရင်မျိုးရိုးဗီဇကို ဝါးမျိုလို့ရနိုင်လောက်မလား?

လင်းဇီချန် ရုတ်တရက်တွေးမိလိုက်သည်။ စဉ်းစားဆင်ခြင်ပြီးနောက် ၎င်းမှာ ဖြစ်နိုင်သည်ဟု ခံစားရလေရာ ပြည်သူ့လုံခြုံရေးဌာနသို့ ရောက်သောအခါမှ ရုပ်အလောင်းကို အခွင့်အရေးရှာ၍ ထိကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့် သူ၏ခန့်မှန်းချက်ကို အတည်ပြုရပေမည်။

မကြာမီ.. အခင်းနေရာအား အလုံးစုံကိုင်တွယ်ရှင်းလင်းပြီးခဲ့သည်။ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် လင်းဇီချန်ကို မေး၏။

“ဦးလေးတို့ ပြည်သူ့လုံခြုံရေးဌာနကို ပြန်သွားတော့မှာ။ မင်းတို့နှစ်ယောက် ဌာနက ဘယ်နေရာမှာလဲဆိုတာ သိကြလား။ စက်ဘီးစီးပြီး လာနိုင်မလား”

“ကျွန်တော်တို့ စက်ဘီးချိန်းကြိုးပျက်နေတယ်။ စီးလို့မရဘူး”

“အဲဒါဆို ဦးလေးတို့နဲ့အတူ လုံခြံရေးယာဉ်နဲ့လိုက်ခဲ့ကြပေါ့”

“ကျွန်တော်တို့ရဲ့စက်ဘီးကိုရော သယ်လာပေးလို့ရမလား”

“ရတာပေါ့။ သွားယူလိုက်ပါ”

“ကျေးဇူးတင်ပါတယ်”

အပြန်အလှန်အကျဥ်းချုံးပြောဆိုပြီးနောက် လင်းဇီချန် ထွက်သွားပြီး ပျက်နေသည့်စက်ဘီးကို တွန်းယူလာခဲ့သည်။ ထို့နောက် လုံခြုံရေးအဖွဲ့၏ကားဖြင့် ပြည်သူ့လုံခြုံရေးဌာနသို့ ဦးတည်ခဲ့ကြသည်။

ကားထဲ၌ စတော်ဘယ်ရီဆရာမလေးကို မတွေ့ရပေ။ ပြည်သူ့လုံခြုံရေးအဖွဲ့သည် သူမအား ဆေးကုသပေးရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်လောက်ပေမည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အသက်မပြည့်သေးသော ကလေးများဖြစ်သောကြောင့် ဌာနသို့သွားရာလမ်း၌ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် သူတို့၏မိဘများကို ဌာနသို့လာခဲ့ရန် အကြောင်းကြားစေခဲ့သည်။

နှစ်ဦးလုံးသည် မိဘများကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။

…

၁၀မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ ပြည်သူ့လုံခြုံးရေးဌာနသို့ ရောက်ရှိခဲ့သည်။

ကားပေါ်မှဆင်းပြီးနောက် လင်းဇီချန်သည် နတ်ဆိုးယုံကြည်သူ၏အလောင်းကို ကားနောက်ခန်းမှ သယ်ထုတ်ရာ၌ ကူညီပေးလိုက်သည်။ ကြွက်ဘုရင်၏မျိုးရိုးဗီဇကို စုပ်ယူဝါးမျိုနိုင်မည်လောဟု အတည်ပြုရန်အတွက် လုံခြုံရေးဝန်ထမ်းများ အကြည့်လွှဲချိန်တွင် ရွံရှာစက်ဆုပ်မှုကိုထိန်းချုပ်၍ အလောင်းကို ထိကိုင်ခဲ့သည်။

အံ့အားသင့်စွာပင် စုပ်ယူဝါးမျိုးနိုင်ကြောင်း သိခဲ့ရ၏။

မျိုးရိုး‌ဗီဇသည်လည်း အသက်အမြုတေဖြစ်သည် သို့တည်းမဟုတ် အနည်းဆုံးတော့ အသက်အမြုတေများထဲမှ အမျိုးအစားတစ်ခု ဖြစ်နိုင်ပေသည်။

လင်းဇီချန် နှစ်ကြိမ်ပြန်မစဉ်းစားတော့ဘဲ စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။

(ဧရာမထူးခြားဆန်းပြားကြွက်သားရဲ၏ အသက်အမြုတေတစ်မျှင်ကို စုပ်ယူခဲ့ပါသည်)

(ဧရာမထူးခြားဆန်းပြားကြွက်သားရဲ၏ စုဆောင်းမှုမှတ်တမ်း - ၅%)

၅% အဲဒီလောက်တောင်လား?

စုဆောင်းမှုမှတ်တမ်းကို ကြည့်လျက် လင်းဇီချန် အတော်လေး အံ့အားသင့်သွားခဲ့သည်။ သို့သော် လင်းဇီချန်သည် စုဆောင်းမှုမှတ်တမ်း၏ တိုးတက်မှုထက် ဧရာမထူးခြားဆန်းပြားကြွက်သားရဲ၏စုဆောင်းမှုမှတ်တမ်းပြည့်သွားချိန်တွင် ရရှိမည့်စွမ်းရည်များကို ပို၍စိတ်ဝင်စား၏။

စေ့စပ်သေချာစွာ စဉ်းစားဆင်ခြင်ပြီးသော် ဧရာမထူးခြားဆန်းပြားကြွက်သားရဲသည် မျက်လုံး၈လုံးရှိခြင်းနှင့် အနည်းငယ်အကြမ်းခံသောအရေပြားရှိခြင်းမှအပ အခြားထူးခြားသောစွမ်းရည်များ မရှိချေ။ သေချာပေါက်ပင် ဧရာမထူးခြားဆန်းပြားကြွက်သားရဲများအကြောင်းကို လူသားများ အပြည့်အဝ နားမလည်နိုင်သေးခြင်းလည်း ဖြစ်နိုင်ပါ၏။ ခြုံငုံလိုက်လျှင် ဧရာမထူးခြားဆန်းပြားကြွက်သားရဲများသည် လတ်တလောတွင်မှ လူ့အဖွဲ့အစည်းအတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ရာ လူများ မသိ‌နားမလည်သောစွမ်းဆောင်ရည်များစွာလည်း ရှိနေသေးပေသည်။

“ထားလိုက်ပါတော့။ အများကြီးတွေးနေလည်း အသုံးဝင်တာမှ မဟုတ်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စုဆောင်းမှုမှတ်တမ်းပြည့်သွားရင် သိရမှာပဲလေ”

ထိုသို့အတွေးဖြင့် လင်းဇီချန် လူနာတင်ထမ်းစင်ပေါ်မှ အလောင်းကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိလေရာ ကြွက်ဘုရင်မျိုးရိုးဗီဇကို ဆုံးရှုံးသွားခြင်းသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပုံရ၏။ ခုနက ကင်းမွန်တစ္ဆေအသားကဲ့သို့ အချိန်တစ်ခုသို့ရောက်လျှင် ပုပ်သိုးသွားလိမ့်မည်လည်း ဖြစ်နိုင်ပေသည်။

…

ထို့နောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ထွက်ဆိုချက်ပေးရန် အတူထိုင်နေကြသည်။ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် လင်းဇီချန်၏ ရဲစွမ်းသတ္တိရှိသော လုပ်ဆောင်ချက်အပေါ် အလွန်စိတ်ဝင်တစားရှိကာ နတ်ဆိုးယုံကြည်သူအား ကျောက်တုံးတစ်တုံးဖြင့် မည်သို့ထိခိုက်ဒဏ်ရာရစေနိုင်ခဲ့သည်ကို သိချင်နေသည်။

အကွာအဝေးသည် အနည်းငယ်ဝေးကွာလွန်းပြီး ညအချိန်ဖြစ်သောကြောင့် မြင်ကွင်းသည်လည်း မရှင်းလင်းသည် မဟုတ်ပါလော။ ထိုသို့သော အခြေအနေများအောက်၌ နတ်ဆိုးယုံကြည်သူ၏ ဓားကိုင်ထားသောလက်ကို ကျောက်တုံးဖြင့် အတိအကျထိမှန်စေနိုင်ခြင်းဟူသည် အလယ်တန်းကျောင်းသားတစ်ဦး လုပ်ဆောင်နိုင်သည့်အရာ ဖြစ်နိုင်ပါ၏လော။

လင်းဇီချန်သည် သူ၏စွမ်းရည်အကြောင်းကို အများကြီး ထုတ်ဖော်မပြောလိုပေ။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့သည့် လေးခွကိုအသုံးပြုခဲ့သည်ဟူသော ဆင်ခြေကိုသာ ပြောခဲ့သည်။

“အဲဒီလေးခွက ဘယ်မှာလဲ”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှ သင်္ကာမကင်း မေးမြန်းသည်။

လင်းဇီချန်သည် မျက်တောင်တစ်ချက်ပင်မခတ်ဘဲ တည်ငြိမ်စွာပြန်ဖြေသည်။

“အဲဒီနေရာကနေ ထွက်ပြေးတော့ သတိမထားမိဘဲ ပျောက်သွားခဲ့တယ်”

“သေချာလား”

“အရမ်းသေချာပါတယ်”

လင်းဇီချန်သည် တစ်ခဏမျှသော တုံ့ဆိုင်းတွေဝေမှုပင်မရှိဘဲ ချက်ချင်းပြန်ဖြေသည်။ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်ပြီး ထပ်မံမမေးမြန်းတော့ပေ။

ခဏကြာပြီးနောက် ထွက်ဆိုချက်ယူခြင်း ပြီးဆုံးသွားခဲ့သည်။

ထိုစဉ် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏မိဘများသည်လည်း လုံခြုံရေးဌာနသို့ ရောက်လာကြသည်။ မိဘများမှာ အလွန်တရာစိုးရိမ်ပူပန်နေကြ၏။ သူတို့သည် ကလေးများကို ညအချိန်အပြင်ထွက်ခွင့်ပြုလိုက်ရုံမျှဖြင့် နတ်ဆိုးယုံကြည်သူနှင့် ကြုံတွေ့သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ကံကောင်းထောက်မစွာဖြင့် ရလဒ်သည် ကလေးနှစ်ယောက်လုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ သို့မဟုတ်ပါက မိဘများမှာ အဘယ်သို့မျှ ခံနိုင်ရည်ရှိကြမည် မဟုတ်ချေ။ မိဘများနှင့် အကြမ်းဖျင်းပြောဆိုပြီးနောက် လင်းဇီချန်သည် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သို့လှည့်၍ မေးလိုက်သည်။

“တစ်ဆိတ်လောက်ပါ။ ရဲစွမ်းသတ္တိစွာ လုပ်ဆောင်ခဲ့တာအတွက် ကျွန်တော့်ရဲ့ဆုလာဘ်ကို ဘယ်အချိန်လျှောက်ရနိုင်မလဲဗျ”

“အခုပါပဲ။ လက်ဗွေရာနှိုင်းယှဉ်စစ်ဆေးပြီး ရလဒ်က မှန်ကန်တယ်လို့ထွက်လာရင် ဦးလေး မင်းအတွက်ဆုလာဘ်ကို လျှောက်လို့ရပြီ”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှ ပြန်ဖြေသည်။

လုပ်ငန်းစဉ်ကို နားလည်ပြီးနောက် လင်းဇီချန်သည် ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့်အတူ လက်ဗွေရာနှိုင်းယှဉ်ရန် လိုက်သွားခဲ့သည်။ ထိုမြင်ကွင်းကိုမြင်သောအခါ မိသားစုနှစ်စုလုံး၏မိဘများမှာ အနည်းငယ်ရှုပ်ထွေးသွားကြ၏။

ရဲစွမ်းသတ္တိရှိစွာလုပ်ဆောင်ခဲ့တာအတွက် ဆုလာဘ်တဲ့လား?

အဲဒါက ဘာလဲ?

မိသားစုနှစ်စု၏မိဘများသည် သူတို့၏ကလေးများသည် နတ်ဆိုးယုံကြည်သူနှင့် ကြုံတွေ့ခဲ့ရသည်ကို သိထားကြသော်ငြား လင်းဇီချန်သည် လူကယ်တင်ရန်အတွက် ရဲစွမ်းသတ္တိရှိစွာ လုပ်ဆောင်ခဲ့ခြင်းကိုမူ မသိကြသေးပေ။ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို မေးမြန်းပြီး ထွက်ဆိုချက်ကို ဖတ်ကြည့်ပြီးနောက်မှသာ ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားတော့သည်။

“ရှင်တို့ရဲ့သားက တကယ့်ကိုထူးချွန်ပါတယ်။ အလယ်တန်းကျောင်းသားအရွယ်လေးနဲ့ ‌အန္တရာယ်ကိုရင်ဆိုင်ဖို့သတ္တိနဲ့ တည်ငြိမ်အေးဆေးမှုရှိတယ်။ သူက သူရဲကောင်းလေးပါပဲ”

နေရာမှ ဖြတ်လျှောက်သွားသည့် အမျိုးသမီးဝန်ထမ်းတစ်ဦးမှ ချီးမွမ်းပြောဆိုသည်။

ထိုစကားကို ကျန်းဝမ်ရှင်းသည် ယဉ်ကျေးမှုအရ ဖျစ်ညှစ်ပြုံး၍ တုံ့ပြန်လိုက်ရသည်။ သူမ၏စိတ်နှလုံး၌ စိုးစဉ်းသော်မျှ ပျော်ရွှင်မနေပါချေ။ သူမ လင်းဇီချန်ကို သူရဲကောင်းတစ်ယောက် မဖြစ်စေလိုပါ။ ဘေးအန္တရာယ်ကင်းကင်းနှင့် ကြီးပြင်းလာနိုင်ရန်သာ မျှော်လင့်ပါ၏။

မြေပြင် သုညမှ အဆုံးမရှိ ပြောင်းလဲနေသည်

အပိုင်း ၂၆

ထူးခြားဆန်းကြယ်သော ဧရာမကြွက်

လက်ဗွေရာနှိုင်းယှဉ်ပြီး ဆုလာဘ်အတွက် လျှောက်လွှာတင်ပြီးနောက်၌

မိဘများသည် နောက်ကျနေပြီဖြစ်သောကြောင့် လုံခြုံရေးဌာနတွင် ဆက်လက်မနေလိုတော့ဘဲ ကလေးများကို အိမ်ပြန်ခေါ်သွားချင်ကြသည်။

ဌာနဂိတ်တံခါးကို ဖြတ်သွားချိန်တွင် လင်းဇီချန်သည် သူ၏ထူးကဲသောအကြားအာရုံစွမ်းရည်ဖြင့် အတွင်းဘက်မှ စကားပြောဆိုသံများကို အာရုံစူးစိုက်နားထောင်ခဲ့သည်။ ဝန်ထမ်းများသည် နတ်ဆိုးယုံကြည်သက်ဝင်သူများနှင့် ဧရာမသန္ဓေပြောင်းကြွက်များအကြောင်းကို ပြောနေကြခြင်းဖြစ်သည်။

“ကြွက်နတ်ဘုရားယုံကြည်ကိုးကွယ်မှုတွေ ခုနောက်ပိုင်းမှာ အရမ်းများပြားလာတယ်။ လူမှုအဖွဲ့အစည်းအပေါ် မကျေနပ်ချက်ရှိတဲ့သူတွေ၊ အငြိုးအာဃာတပြည့်နှက်နေတဲ့သူတွေကို သွေးဆောင်ဖျားယောင်းပြီး သူတို့ရဲ့ဂိုဏ်းဝင်အဖြစ် သိမ်းသွင်းကြတယ်”

“လကိရှိမှာ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းဝင်တွေက တရားဝင်လမ်းကြောင်းကနေ မျိုးရိုးဗီဇပေါင်းစပ်ခြင်းကို မလုပ်ဆောင်နိုင်တဲ့ ယဉ်ကျေးမှုကျောင်းသားတွေကို သွေးဆောင်ဖို့အတွက် တချို့တက္ကသိုလ်တွေထဲကို ထိုးဖောက်ဝင်ရောက်နေပြီးပြီလို့ သိရပါတယ်”

“ဒီနေ့ ပစ်သတ်ရှင်းလင်းခဲ့တဲ့ နတ်ဆိုးယုံကြည်သူဟာ အရင်က ကွမ်းယန်တက္ကသိုလ်ရဲ့ ယဉ်ကျေးမှုကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က မျိုးရိုးဗီဇပေါင်းစပ်ဖို့ စံသတ်မှတ်ချက်တွေနဲ့ မပြည့်မီပေမဲ့ မျိုးရိုးဗီဇပေါင်းစပ်လူသားတစ်ဦး ဖြစ်လာချင်တဲ့စိတ်ဆန္ဒကြောင့် ကြွက်နတ်ဘုရားယုံကြည်ကိုးကွယ်သူတွေရဲ့ လှည့်ဖြားသိမ်းသွင်းခြင်းကို ခံခဲ့ရပါတယ်”

“ဘယ်လိုတောင် ညစ်ညမ်းလိုက်တဲ့ ကြွက်ချေးတစ်သိုက်လဲ! အဲဒီရာဇဝတ်ကောင်တွေ အနှေးနဲ့အမြန် ဝန်းရံဖမ်းချုပ်ခံရမှာပဲ!”

“ဝန်းရံဖမ်းချုပ်တာက အသုံးမဝင်ဘူး။ အဲဒါက ရောဂါလက္ခဏာကိုပဲ သက်သာစေတာ ရောဂါဖြစ်စေတဲ့အရင်းမြစ်ကို ကုသပေးနိုင်တာ မဟုတ်ဘူး။ ကိုယ့်ဘာကိုယ်ကြေညာထားတဲ့ ကြွက်ဘုရင်ကို ရှင်းလင်းပစ်ဖို့လိုတယ်”

“...”

ကြွက်နတ်ဘုရားယုံကြည်ကိုးကွယ်မှု?

လင်းဇီချန်သည် ထိုအခေါ်အဝေါ်ကို ပထမဆုံးကြားဖူးခြင်းဖြစ်လေရာ ဖုန်းထုတ်၍ ချက်ချင်းရှာဖွေလိုက်သည်။

၎င်းမှာ ဧရာမသန္ဓေပြောင်းကြွက်အား နတ်ဘုရားအဖြစ်ကိုးကွယ်ကြသည့် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်လေသည်။ သူတို့၏ဌာနချုပ်သည် ရှန့်ဟိုင်မြို့တွင်တည်ရှိပြီး ဂိုဏ်းသားအများစုမှာ လူမှုအဖွဲ့အစည်း၏ အပယ်ခံများဖြစ်ကြသည်။ ထိုဂိုဏ်း၏လှုပ်ရှားမှုများသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့၏။ကြွက်ဘုရင်သည် ရှေ့ပြေးအဆင့်သတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲရန် ဆန္ဒရှိနေသောကြောင့် သူ၏ဂိုဏ်းသားများသည် ဆင့်ကဲဖြစ်စဉ်နှင့်စပ်လျဉ်းသည့် ရင်းမြစ်ပမာဏ အမြောက်အများကို လိုအပ်နေခြင်း ဖြစ်နိုင်ပေသည်။ ထိုအကြောင်းအရာများအားလုံးသည် တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များဖြစ်ကြသည်။

“ကြွက်တစ်ကောင်ကို နတ်ဘုရားအဖြစ် ကိုးကွယ်တယ်?”

လင်းဇီချန် ခေါင်းခါရမ်းလိုက်ပြီး ဆက်လက်မရှာဖွေတော့ပေ။ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ပြည်သူ့လုံခြုံရေးဌာနမှ ကားပါကင်ရပ်နားရာနေရာသို့ လမ်းလျှောက်ထွက်လာသည်။

ရှန်ချင်းဟန်သည် ပုံမှန်အတိုင်းပင် လင်းဇီချန်နှင့်အတူထိုင်ရန်အတွက် လင်းယန်ရှန်း၏ကားနောက်ခုံသို့ ဝင်ထိုင်သည်။

ရှန်ကျန်းယဲ့သည် ထိုမြင်ကွင်းကိုကြည့်လျက် ခါးသက်စွာပြုံးရယ်၏။

“ဟူး ငါတို့သမီးက လင်းမိသားစုဝင်လုံးလုံးဖြစ်နေပြီလိုပဲ”

ရွှီမုန့်မှ တည်ငြိမ်အေးဆေးစွာပြော၏။

“တကယ်တော့ လင်းမိသားစုနဲ့ရင်းနှီးခွင့်ရတာက ဟန်ဟန်အတွက် ကောင်းချီးပဲကို ရှင်က ဘာလို့ သက်ပြင်းချနေရတာလဲ”

“ဟုတ်ပါတယ်လေ”

ရှန်ကျင်းယယ့် ပြုံးလိုက်ပြီး ရွှီမုန့်နှင့်အတူ ကားပေါ်တက်လိုက်သည်။

တစ်ဖက်ကားထဲ၌ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အပြန်အလှန်စကားပြောနေကြသည်။ အများစုမှာ ရှန်ချင်းမှ ဆက်တိုက်ပြောဆိုနေခြင်းဖြစ်ပြီး လင်းဇီချန်မှ ပြန်လည်တုံ့ပြန်ခြင်းဖြစ်၏။

“ဇီချန် ငါ စတော်ဘယ်ရီဆရာမလေး အခုဘယ်လိုနေလဲ သိချင်လိုက်တာ။ ငါဆရာမကိုမြင်လိုက်တုန်းက လည်ပင်းမှာသွေးတွေထွက်နေတာ။ သူအဆင်ပြေမှာပါနော်”

“အရမ်းပြင်းထန်မယ့်ပုံ မပေါ်ပါဘူး။ ဒီတိုင်းဆေးထည့်ပတ်တီးစည်းလိုက်ရုံနဲ့ လုံလောက်တယ်။ အဆင်ပြေမှာပါ”

“ဇီချန် ခုနက သန္ဓေပြောင်းကြွက်ကြီးဖြစ်သွားတဲ့ နတ်ဆိုးယုံကြည်သူကလေ ရုတ်တရက်ကြီး မျက်လုံး၈လုံးထွက်လာတာ အရမ်းကြောက်ဖို့ကောင်းတာပဲ”

“သန္ဓေပြောင်းတယ်ဆိုတာ အဲ့လိုပဲလေ”

လင်းဇီချန် သာမန်ကာလျှံကာ ပြန်ဖြေသည်။

ထိုစဉ် တစ်ချိန်လုံးအရပ်မနားစကားပြောလာခဲ့သည့် ရှန်ချင်းဟန်သည် ရုတ်တရက်တိတ်ဆိတ်သွား၏။ ဖုန်းလည်း ကြည့်မနေတော့ဘဲ ခြေထောက်နှစ်ချောင်းကို ဖိညှစ်ပူးကပ်၍ စိတ်မကြည်သော မျက်နှာအမူအရာဖြင့် ထိုင်နေလေသည်။ လင်းဇီချန် သူမ၏မူမမှန်မှုကို သတိထားမိလိုက်ပြီး သူမ၏ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်ရာ သူမ,ငယ်စဉ်ကကဲ့သို့ အနည်းငယ်ဖောင်းနေသည်ကို မြင်လိုက်ရသည်။ သို့သော် ၎င်းသည် သူမ,ငယ်စဥ်ကကဲ့သို့ သေးခံမဟုတ်တော့ဘဲ အခြားရေစုပ်သည့်အရာတစ်ခုဖြစ်ပေသည်။

လင်းဇီချန် နားလည်သဘောပေါက်လိုက်ပြီးနောက် ရှန်ချင်းဟန် မသက်မသာ မဖြစ်ရစေရန် တစ်ဖက်သို့လှည့်၍ ကားပြတင်းမှတစ်ဆင့် အပြင်ဘက်ကို ကြည့်နေလိုက်သည်။ ရှန်ချင်းဟန်သည်လည်း လင်းဇီချန် သတိထားမိသွားကြောင်း သိရှိနေလေရာ ခေါင်းငုံ့လျက် နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ကာ လမ်းတစ်လျှောက်လုံး စကားမပြောတော့ချေ။ သို့ဖြင့် ကားတွင်းလေထုသည် ရုတ်တရက် တိတ်ဆိတ်မှုကြီးစိုးသွားခဲ့သည်။

ဟမ်?

လင်းဇီချန် ရုတ်တရက် မျက်လုံးပြူးသွား၏။ ကြောင်တစ်ကောင်အရွယ်အစားခန့်ရှိ ကြွက်‌တစ်ကောင်သည် တစ်ဖက်လမ်းမှ ဆန့်ကျင်ဘက်ခြမ်းသို့ ဖြတ်ကူးသွားပြီး ရေဆိုးပိုက်မှတစ်ဆင့် ပြည်သူ့လုံခြုံရေးရဲဌာန၏ ဒုတိယထပ်သို့ လျင်မြန်စွာဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ဘယ်လိုလုပ်ပြီး အဲဒီလောက်ကြီးတဲ့ကြွက်ကြီး ရှိနေရတာလဲ?

ဧရာမသန္ဓေပြောင်းကြွက်များလား?

လင်းဇီချန်၏အာရုံကြောများ ရုတ်ချည်းတောင့်တင်းသွားသည်။

…

ထို့နောက် အိမ်သို့ပြန်ရောက်ကြသည်။ ရှန်ချင်းဟန်သည် ‘မနက်ဖြန်တွေ့မယ်'ဟု နှုတ်ဆက်စကားဆိုခဲ့ပြီး ကသိကအောက်ဖြစ်စွာ ကားပေါ်မှဆင်းထွက်သွားခဲ့သည်။

ကျန်းဝမ်ရှင်း အနည်းငယ်ရှုပ်ထွေးသွား၏။

“ဟန်ဟန် ဒီနေ့ဘာဖြစ်နေတာလဲ? သူပုံမှန်ဆို သားနဲ့အတူကပ်နေပြီး စကားတွေအကြာကြီးပြောနေရတာကို ကြိုက်တာမဟုတ်ဘူးလား။ ခုနက ကားထဲမှာလည်း အရမ်းတိတ်နေတာ။ ပြီးတော့ အခုလည်း ကားရပ်ရပ်ချင်း ထွက်သွားလိုက်ပြီ”

“သူအရမ်းပင်ပန်းနေတဲ့ပုံပဲ။ အဲဒါကြောင့် အိပ်ချင်နေပြီး စကားပြောဖို့ စိတ်မပါတာနေမှာ”

လင်းဇီချန် ရှင်းပြလိုက်သည်။

ကျန်းဝမ်ရှင်းသည် ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ပေ။ ထို့နောက် မိသားစုသုံးဦးသည် ကားပေါ်မှဆင်း၍ အိမ်ထဲသို့ဝင်လာခဲ့ကြသည်။ အိမ်ထဲဝင်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းဝမ်ရှင်းသည် တည်ကြည်လေးနက်စွာဖြင့် လင်းဇီချန်ကို အကြုံပြုလာသည်။

“ရှောင်ချန် သား နောက်တစ်ကြိမ် ဒီနေ့ညလိုမျိုးတစ်ခုခုနဲ့ ကြုံတွေ့ရတာမျိုး ဖြစ်လာတဲ့အခါ မေမေ သားကို ကိုယ့်ရဲ့လုံခြုံရေးကိုပဲ ဦးစားပေးစေချင်တယ်။ သား ကိုယ့်အကန့်အသတ်ကို ကောင်းကောင်းသိပြီး အဆင်အခြင်မဲ့ မပြုမူစေချင်ဘူး”

“အမေ သားနားလည်ပါတယ်။ နောက်တစ်ခါ အဲဒီလိုလုပ်မှာပါ”

လင်းဇီချန် နာခံစွာ ခေါင်းညိတ်သည်။ လင်းဇီချန် နာခံရန်ဆန္ဒရှိသည်ကိုမြင်သောအခါ ကျန်းဝမ်ရှင်း၏စိုးရိမ်ပူပန်မှုများ အနည်းငယ်ပျောက်ကွယ်သွား၏။ ထို့နောက်မှ တစ်ခုခုလုပ်နေရင်းဖြင့် မေးမြန်းလာသည်။

“ဟုတ်သားပဲ။ ရှောင်ချန် သား ကင်းမွန်တစ္ဆေအသား ၃ကျင်းဝယ်ခဲ့တယ် မဟုတ်ဘူးလား။ အသားတွေဘယ်မှာလဲ။ စက်ဘီးခြင်းထဲမှာလည်း မတွေ့ဘူး။ သား ကိုင်ထားတာလည်း မတွေ့မိဘူးရော”

“မေမေ ကျွန်တော်ပြောပြရင် စိတ်မဆိုးနဲ့နော်။ ခုနက နတ်ဆိုးယုံကြည်သူ သန္ဓေပြောင်းတာနဲ့ ကြုံလိုက်ရတုန်းကလေ ဟန်ဟန်နဲ့ ကျွန်တော် အမြန်ထွက်ပြေးကြရတာနဲ့ သတိမထားမိဘဲ အသားထုပ်ပျောက်သွားတယ်…”

လင်းဇီချန် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောပြသည်။

ထိုအခါ ကျန်းဝမ်ရှင်း၏မျက်လုံးများ ပြူးကျယ်သွား၏။ သူမသည် အသားထုပ်ပျောက်သွားခြင်းမှာ အလွန်ဆိုးဝါးသည်ဟု ခံစားလိုက်ရသော်ငြား လင်းဇီချန်၏ရှေ့တွင် ထုတ်မပြမိအောင် သူမကိုယ်သူမ ထိန်းချုပ်ခဲ့သည်။ ထို့နောက် လင်းဇီချန်ကို နှစ်သိမ့်သည်။

“အဆင်ပြေပါတယ်။ ပျောက်သွားတယ်ဆိုတော့လည်း ပျောက်သွားတယ်ပေါ့။ နတ်ဆိုးယုံကြည်သူတစ်ယောက် ပြဿနာရှာတာနဲ့ ကြုံလိုက်ရတာကြောင့်ပဲ မဟုတ်လား။ ဘယ်သူမှ ထိခိုက်မသွားခဲ့တာပဲ အဆိုးထဲက အကောင်းဖြစ်နေပါပြီ။ ပြီးတော့လည်း ရဲရဲဝံ့ဝံ့နဲ့ တခြားသူကိုတောင် ကယ်တင်ပေးခဲ့သေးတယ်။ သားက မေမေ့ရဲ့ဂုဏ်ယူစရာလေးပါပဲ”

“ပျောက်တာ မကြာသေးဘူးဆိုရင် ငါအဲဒီကို ကားမောင်းသွားပြီး လမ်းတစ်လျှောက် ရှာကြည့်လိုက်မယ်လေ”

လင်းယန်ရှန်းမှ အကြံပြုသည်။

ကျန်းဝမ်ရှင်းမှ ချက်ချင်းငြင်းပယ်၏။

“မသွားနဲ့။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်။ အထူးသဖြင့် ခုနလေးကမှ အဲဒီနေရာမှာ နတ်ဆိုးယုံကြည်သူအမှု ဖြစ်သွားခဲ့တာကို”

“ဟုတ်တာပဲ”

လင်းယန်ရှန်း ခေါင်းညိတ်သည်။

လင်းဇီချန် ဘာမျှမပြောပေ။ အနာဂတ်တွင် ပြိုင်ပွဲများများပိုဝင်ပြိုင်ရန် စိတ်ထဲမှ တွေးတောနေ၏။ ဆုကြေးငွေလုံလုံလောက်လောက် စုဆောင်းပြီးလျှင် သူ၏မိဘများကို ကင်းမွန်တစ္ဆေအသားသုံးကျင်း ပြန်ဝယ်ကျွေးရပေမည်။

…

ပြည်သူ့လုံခြုံရေးရဲဌာန၏ အဖွဲ့ခေါင်းဆောင်ရုံးခန်း၌ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် သူ၏လက်ထဲရှိ ထွက်ဆိုချက်ကိုကြည့်လျက် မထိန်းချုပ်နိုင်စွာ ရယ်မောနေသည်။

လေးခွနဲ့ပစ်တာပေါ့လေ?

ဘယ်သူက လေးခွပစ်ရင် ကြက်ဥအရွယ်အစားလောက်ရှိတဲ့ကျောက်တုံးနဲ့ ပစ်လို့လဲ။ အဲဒီလောက်ကျောက်တုံးနဲ့ဆို ပစ်လို့ရော ထွက်မှာတဲ့လား ဒီကျောက်တုံးက သေချာပေါက် လက်နဲ့ပဲ ပစ်လိုက်တာကြီးကို သူတကယ်ပဲ ငါ့ရဲ့ဒီအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကြီးကို သိနေ‌တာတောင် ကျောင်းသားအရွယ်လေးနဲ့ ငါ့ကိုအရူးလုပ်နိုင်မယ်လို့ ထင်နေတာလား။

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် စီးကရက်ကို မီးညှိ၍ ခပ်ပြင်းပြင်းရှိုက်ဖွာလိုက်ပြီးနောက် အငွေ့များကို မှုတ်ထုတ်လိုက်သည်။ ပျံ့ဝဲသွားသည့် အငွေ့များနှင့်အတူ သူ၏အတွေးများသည်လည်း ရစ်ဝဲနေသည်။

ဆိုတော့ ‌အလယ်တန်းကျောင်းသားတစ်ယောက်က ကျောက်တုံးကို ဒီလိုအင်အားမျိုးနဲ့ ဘယ်လိုများပစ်ပေါက်နိုင်ခဲ့တာလဲ။ မဖြစ်ဘူး။ ငါမနက်ဖြန်ကျရင် စောင့်ကြည့်ကင်မရာမှာ သူဘယ်လိုပစ်ခဲ့လဲဆိုတာ သွားစစ်ဆေးကြည့်ရမယ်။

ထိုအတွေးဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် ထွက်ဆိုချက်စာရွက်ကို စာရွက်စာတမ်းသေတ္တာထဲသို့ ပြန်ထည့်၍ သော့ခတ်လိုက်ပြီး အလုပ်ဆင်းအိမ်ပြန်ရန် ပြင်ဆင်သည်။ ထို့နောက် ပြတင်းပေါက်ရှိ ကြောင်အရွယ်အစားမျှကြီးမားသော ကြွက်တစ်ကောင်ကို သတိထားမိလိုက်၏။

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် အနည်းငယ် အံ့အားသင့်သွား၏။

“ဒီကြွက်က ဘယ်ကရောက်လာတာလဲ? ပြီးတော့ ဘာလို့ဒီလောက်တောင် ကြီးနေတာလဲ?”

ကြွက်သည် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ အသံကိုကြားသည့်တိုင် ထွက်ပြေးမသွားဘဲ ပြတင်းပေါက်ဘောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။ မျက်လုံးများသည် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို စူးရဲစွာငေးစိုက်ကြည့်နေ၏။

မြေပြင် သုညမှ အဆုံးမရှိ ပြောင်းလဲနေသည်

အပိုင်း ၂၇

သိုင်းပညာရှင်အဖွဲ့သို့ဝင်ရောက်

ရှန့်ဟိုင်အထက်တန်းကျောင်း ပထမနှစ်အတန်းတစ်ခုထဲ၌ လင်းဇီချန်သည် အတန်းထဲတွင်ရှိနေသော်ငြား သင်ခန်းစာတွင် အာရုံမရှိချေ။ စာအုပ်ကိုပင် ဖွင့်မထားဘဲ မနေ့က အဖြစ်အပျက်သာလျှင် စိတ်ထဲ၌ စိုးမိုးနေသည်။

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုအကြောင်းကို စဉ်းစားကြည့်ပြီးနောက်တွင် ၎င်းသည် ဘေးအန္တရာယ်ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်ပြီး အနာဂတ်တွင် ပို၍သတိထားရန် ဆုံးဖြတ်ခဲ့သည်။

အမျိုးသမီးစက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ အမြှောက်လက်နက်အကြောင်းကို စဉ်းစားဆင်ခြင်ကြည့်ပြီးနောက်၌ လင်းဇီချန်သည် မိမိ၏အားနည်းချက်ကို အသိအမှတ်ပြုသကဲ့သို့ အသက်ငယ်ရွယ်မှုဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်သည်။ “ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ”၊ “နတ်ဘုရားဉာဏ်ပညာ”နှင့် “အသက်အရွယ်နှင့်အမျှ သန်မာလာခြင်း”စ‌သည့် ဆင့်ကဲတိုးတက်မှုများ၏ အထောက်အပံ့ကြောင့် လင်းဇီချန်သည် အခြားသူများထက် ကြံ့ခိုင်သန်မာလာနိုင်သည့် အလားအလာပိုကောင်းပေသည်။

ကင်းမွန်တစ္ဆေအသက်စွမ်းအင် စုဆောင်းမှုမှတ်တမ်းကို အပြည့်ဖြည့်ရန်အတွက် ပိုက်ဆံရှာဖွေရန်နည်းလမ်းကိုလည်း စဉ်းစားနေခဲ့သည်။ ထို့နောက် စုဆောင်းမှုမှတ်တမ်းကိုဖွင့်လှစ်၍ ကင်းမွန်တစ္ဆေသားရဲ၏စွမ်းရည်အချို့ကို ရယူသိုမှီးပေမည်။

ကျောင်းစကောလားရှစ်ယူရင်ရော?

ကျောင်းသားပေါင်းစုံပြိုင်ပွဲတွေကရတဲ့ ဆုကြေးငွေဆိုရင်ရော?

တခြားဘာရှိဦးမလဲ?

တခြားဝင်ငွေရမယ့်နေရာရှိနိုင်ဦးမလား?

ကင်းမွန်တစ္ဆေအသားရဲ့ဈေးနှုန်းက အရမ်းများလွန်းတယ်။ အဲဒီ မလောက်ငှတဲ့ နှစ်စဉ်ဝင်ငွေလေးနဲ့ဆို စုဆောင်းမှုမှတ်တမ်းကို အပြည့်ဖြည့်ဖို့ ဘယ်နှနှစ်တောင်ကြာလိမ့်မလဲ?

ဝင်ငွေတိုးတက်ရန်အတွက် နည်းလမ်းရှာရပေမည်။ အွန်လိုင်းကျောင်းပညာရေးပုဂ္ဂိုလ်ကျော်တစ်ယောင် ဖြစ်လာရင်ရော။မဖြစ်ဘူး။ အဲဒါကျ အရမ်းထင်ပေါ်လွန်းတယ်။ နည်းပညာပိုင်းဆိုင်ရာ ရောင်းချသူလုပ်ရင်ရော?

အဲဒါလည်း ဖြစ်နိုင်ချေရှိမယ့်ပုံ မပေါ်ဘူး။

လင်းဇီချန်၏အချိန်ဇယားမှာ စာလေ့လာခြင်း၊ လေ့ကျင့်ခန်းအချိန်များနှင့် ပြည့်နှက်နေလေရာ အချိန်ပိုမရှိပေ။

ငါ့ရဲ့စာလေ့လာချိန်နဲ့ လေ့ကျင့်ခန်းအချိန်တွေကို အနှောင့်အယှက်မဖြစ်စေဘဲနဲ့ ပိုက်ဆံရှာနိုင်မယ့် တခြားလုပ်လို့ရတာတစ်ခုခု မရှိနိုင်ဘူးလား?

‘ထားလိုက်ပါတော့’

လင်းဇီချန် တွေးလိုက်သည်။

‘ဖိနပ်ချုပ်သမားသုံးယောက်ရဲ့ ဉာဏ်ရည်ကိုပေါင်းလိုက်မှ ကြိုးကိုင်ခြယ်လှယ်သူ ကျူးကယ့်လျန်နဲ့ ညီမျှတယ်'တဲ့။ ဗဟုသုတကြွယ်ဝတဲ့ အွန်လိုင်းက မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်တာ ပိုကောင်းပါတယ်လေ။

ထိုအတွေးဖြင့် လင်းဇီချန် ဖုန်းထုတ်၍ ဖိုရမ်ပေါ်တွင် ပို့စ်တစ်ခုတင်လိုက်သည်။

(အကြံဉာဏ်တောင်းခံပါတယ် - အလယ်တန်းကျောင်းသားတစ်ယောက်က စာလေ့လာမှုကို မထိခိုက်စေဘဲနဲ့ ယွမ်တစ်သိန်းကို ဘယ်လိုနည်းနဲ့ အမြန်ရှာဖွေနိုင်မလဲ)

ခေါင်းစဉ်၏ လက်ခံနိုင်ဖွယ်မရှိသော အကြောင်းရာကြောင့် ဖြစ်လိမ့်မည်ထင်… လင်းဇီချန်၏ပို့စ်အောက်၌ စိတ်ဝင်စားကြီးစွာသော တုံ့ပြန်မှုများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားတော့သည်။

ပထမမှတ်ချက် - အိပ်မက်ထဲမှာ ဘာဖြစ်ဖြစ်ရယူနိုင်တယ်လေ။

ဒုတိယမှတ်ချက် - ငါ့အထင် မင်းပြစ်မှုဆိုင်ရာဥပဒေကို လေ့လာသင့်တယ်ထင်တယ်။

တတိယမှတ်ချက် - သိုင်းပညာရှင်အဖွဲ့ကိုဝင်ပြီး ပြိုင်ပွဲတွေဝင်ပြိုင်လို့ရတယ်။ ငါ့သူငယ်ချင်းတစ်ယောက်ဆို အလယ်တန်းနဲ့ အထက်တန်းကာလအတွင်းမှာ ယွမ်၃သိန်းနီးပါးရှာနိုင်ခဲ့တာ။ အရမ်းအားကျတာပဲ။

ဆုကြေးငွေကို ယွမ်၃သိန်းတောင်လား?

အဲဒီလောက်တောင် များတယ်လား?

လင်းဇီချန် အနည်းငယ်အံ့အားသင့်သွားပြီး ဖိုရမ်မှ အလျင်အမြန်ထွက်၍ သိုင်းပညာပြိုင်ပွဲများအ‌ေကြာင်း သတင်းအချက်အလက်များကို ရှာဖွေခဲ့သည်။ ရှန့်ဟိုင်မြို့ ဒေသတွင်းပြိုင်ပွဲများကို အဓိကထားရှာဖွေခဲ့သည်။

အကြမ်းဖျင်းရှာဖွေပြီးနောက် ကျောင်းအားလပ်ရပ်များတွင် ရှန့်ဟိုင်မြို့သည် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများကို အဓိကထား၍ အရွယ်အစားအမျိုးမျိုးသော သိုင်းပညာပြိုင်ပွဲများကို ကျင်းပကြောင်း သိရှိခဲ့ရသည်။

လင်းဇီချန် ပြိုင်ပွဲအသေးစိတ်များကို စစ်ဆေးကြည့်ခဲ့ရာ ထိုဖိုရမ်၏အသုံးပြုသူမှာ လေလုံးထွားနေခြင်းသက်သက် မဟုတ်ကြောင်း သိရှိခဲ့ရ၏။ ဆုကြေးများသည် အမှန်တကယ်ပင် အတော်လေးများပြားပေသည်။ ပထမဆုရကျောင်းအတွက် ဆုကြေးငွေယွမ်၅သောင်း ရရှိနိုင်သော ဂျူနီယာအထက်တန်းကျောင်း၉ကျောင်းပြိုင်ပွဲလည်းရှိသည်။ ဆိုလိုသည်မှာ ဆုကြေးငွေကို ဟိုဟိုသည်သည် ခွဲဝေပေးရသည့်တိုင် အဓိကအဖွဲ့ဝင်များသည် အနည်းဆုံးတော့ ယွမ်ထောင်ဂဏန်းခန့်ကို ရရှိနိုင်ပေသည်။

အလယ်တန်းကျောင်းသားဆစ်ဦးအတွက် ထိုပမာဏသည် များပြားသောပမာဏဖြစ်၏။ ထို့ပြင် ပြိုင်ပွဲသည်လည်း အချိန်ကြာရှည်သည် မဟုတ်ပေ။ အနည်းဆုံး၃ရက်မှ အများဆုံးတစ်ပတ်သာ အချိန်ကြာတတ်သည်။ ရက်အနည်းငယ်အတွင်း ယွမ်ထောင်ဂဏန်း ရှာဖွေနိုင်ခြင်းဟူသည် မိုးကာဖျင်ကြမ်းအိတ်ဖြင့် ပိုက်ဆံသိမ်းယူခြင်းပင် မဟုတ်ပါလော။ ပို၍အဓိကကျဆုံးသောအချက်မှာ ကိုယ်ခံညာအား လေ့ကျင့်ခြင်းသည် သူ၏ကိုယ်ခန္ဓာကို ပို၍ကြံ့ခိုင်သန်မာစေနိုင်ပြီး ပိုက်ဆံလည်းရှာ‌နိုင်ကာ တစ်ပြိုင်နက်တည်း၌ ဆင့်ကဲတိုးတက်စေနိုင်ပေသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောင်းမှာ သိုင်းပညာရှင်အဖွဲ့ရှိနေတယ်။ ကျောင်းဆင်းရင် သွားကြည့်လိုက်ဦးမှ”

လင်းဇီချန် တွေးလိုက်သည်။

ခဏကြာပြီးနောက် အတန်းပြီးဆုံးသော ခေါင်းလောင်းမြည်လာသည်။ နောက်ဆုံးတွင်တော့ မနက်ပိုင်းအတန်းများ ပြီးဆုံးခဲ့လေပြီ။ အတန်းပြီးဆုံးသည်နှင့် ကျောင်းသားများသည် အတန်းထဲမှ အမြန်ထွက်ခွာ၍ နေ့လယ်စာစားသောက်ရန် စားသောက်ဆိုင်ကန်တင်းသို့ သွားကြသည်။ ကျောင်းနှင့်အိမ် နီးသူများသည် အိမ်ပြန်စားကြသည်။ အချို့သည် အနီးအနားရှိ ကလေးစောင့်ရှောက်ရေးအတန်းများ၌ စာရင်းသွင်း၍ နေ့လယ်စာစားကြသည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးသည် ချွင်းချက်ဖြစ်၏။ သူတို့နှစ်ဦးသည် အိမ်မှ နေ့လယ်စာထုပ်ပိုးထည့်လာကြပြီး ဆရာများရုံးခန်းရှိ မိုက်ခရိုဝေ့ဗ်ဖြင့် နွှေးစားကြသည်။ ၎င်းသည်လည်း ကျောင်းအတွက် ဂုဏ်သတင်းကောင်းများ ဆောင်ကြဉ်းပေးခြင်းအတွက် အပြန်အလှန်အနေဖြင့် ရရှိခဲ့သည့် လင်းဇီချန်၏အထူးအခွင့်အရေးများထဲမှ တစ်ခုဖြစ်သည်။ လင်းဇီချန်၏ အရင်းနှီးဆုံး ငယ်သူငယ်ချင်းဖြစ်သော ရှန်ချင်းဟန်သည် ကံကောင်းထောက်မစွာဖြင့် လင်းဇီချန်နှင့်အတူ ထိုအထူးအခွင့်အရေးကို မျှဝေခံစားခွင့်ရခဲ့သည်။

“ဇီချန် ဒါလေးစားကြည့် အရမ်းစားကောင်းတယ်”

ရှန်ချင်းဟန်သည် အလွန်သဘာဝကျစွာ လင်းဇီချန်၏နေ့လယ်စာဘူးထဲသို့ ကြက်ဥလိပ်တစ်လိပ် ထည့်ပေးလိုက်သည်။ မနေ့ညက ကားထဲတွင်ရှိခဲ့သော အနည်းငယ်ရှက်ဖွယ်ကောင်းသော အခြေအနေကို စိတ်ထဲမရှိတော့ချေ။ လင်းဇီချန်သည် ကြက်ဥလိပ်ကိုစားကြည့်လိုက်ပြီး ‌ခေါင်းညိတ်၏။

“အင်း တကယ်စားကောင်းတယ်”

“ဘယ်သူချက်ထားလဲ ခန့်မှန်းကြည့်”

“ငါ့ကို ခန့်မှန်းစေချင်တာလား”

“စကားလုံးကစားနေတာတွေ ရပ်လိုက်တော့။ ဒီတိုင်း ခန့်မှန်းလိုက်စမ်းပါ”

“နင်ချက်ခဲ့တာ”

“မှန်တယ်!”

ရှန်ချင်းဟန်၏အပြုံးသည် ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာခဲ့၏။ ထို့နောက် မျက်နှာကိုလက်ထောက်လျက် လင်းဇီချန်အား မျက်လုံးတောက်တောက်များဖြင့်ကြည့်၍ ပြောလာသည်။

“ဇီချန် ငါအမေ့ဆီမှာ ချက်ပြုတ်နည်း စသင်နေပြီ။ အခုကစပြီး ငါနင့်အတွက် နေ့တိုင်းချက်ပြုတ်ပေးရင်ကောင်းမလား”

“ကောင်းတာပေါ့”

လင်းဇီချန် အပြုံးဖြင့် ပြန်ဖြေသည်။

မကြာမီ နေ့လယ်စာ စားသောက်ပြီးသွားခဲ့သည်။

လင်းဇီချန် နေ့လယ်စာထမင်းဘူးကို ဆေးကြောရန်ထွက်သွားစဥ် အတန်းအပြင်ဘက် စင်္ကြံလမ်းတွင် သိုင်းပညာရှင်အဖွဲ့၏နည်းပြနှင့် ဆုံတွေ့ခဲ့သည်။

“ဇီချန် တိုက်ဆိုင်လိုက်တာ”

လင်းဇီချန်ကို မြင်သောအခါ ကောရှောင်းယွမ်သည် ပြုံးရယ်လျက် လင်းဇီချန်နှင့် စကားစမြည်ပြောဆိုရန် ချက်ချင်းလျှောက်လာသည်။ ကောရှောင်းယွမ်သည် စင်္ကြံလမ်း၌ လင်းဇီချန်ကို အချိန်အတော်ကြာ တမင်ရည်ရွယ်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင်တော့ နေ့လယ်စာစားပြီး ထွက်လာသည့် လင်းဇီချန်နှင့် ဆုံတွေ့နိုင်ခဲ့သည်။

လင်းဇီချန်နှင့် တွေ့ဆုံရန်အတွက် ကောရှောင်းယွမ် ထိုမျှအထိ လုပ်ဆောင်ရသည့်အကြောင်းရင်းမှာ မနေ့ကကဲ့သို ရုတ်ချည်းဆန်သွားပြီး ကောင်းမွန်သောအမြင် မကျန်ရစ်ခဲ့မည်ကို စိုးရိမ်သောကြောင့်ပင်။

လင်းဇီချန်ကဲ့သို့သော အားကစားပါရမီရှင်များကို မိမိဘက်မှ ဦးစွာချဉ်းကပ်သင့်သည်ဟု ကောရှောင်းယွမ် ယုံကြည်သည်။ လင်းဇီချန်အား သိုင်းပညာလေ့ကျင့်ရန် အချိန်တစ်ရက်သော်မျှ မဖြုန်းတီးဘဲ တတ်နိုင်သမျှမြန်မြန် အဖွဲ့ထဲသို့ ခေါ်ရပေမည်။ ဖြုန်းတီးခဲ့ရသော နေ့ရက်တိုင်းသည် မီးမောင်းထိုးပြရန် ထိုက်တန်သော အတုအယောင်တစ်ခုသာ ဖြစ်ချေမည်။

“နည်းပြကော တကယ်တော့ ကျွန်တော် ဆရာ့ကိုရှာနေတာ”

ကနဦး၌ လင်းဇီချန်သည် ကျောင်းဆင်းချိန်၌ အားကစားခန်းမသို့သွား၍ သိုင်းပညာအဖွဲ့အကြောင်းကို လေ့လာကြည့်ရန် စီစဉ်ထားခြင်းဖြစ်ခဲ့သည်။ သို့သော် ယခု၌ ကောရှောင်းယွမ်နှင့် ဆုံတွေ့ခဲ့ရလေရာ ဤအခွင့်အရေးကို အသုံးချ၍ အဖွဲ့အကြောင်းကိစ္စရပ်များကို နားလည်စေရန် လုပ်ဆောင်ရပေမည်။

ထိုစကားကိုကြားသောအခါ ကောရှောင်းယွမ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက်မှ တက်ကြွစွာပြောလာသည်။

“မင်း သိုင်းပညာရှင်အဖွဲ့အကြောင်းကို ပိုသိရဖို့ စိတ်ဝင်စားနေတယ်လား”

“ဟုတ်ပါတယ်”

လင်းဇီချန် ခေါင်းညိတ်သည်။

ထိုအခါ ကောရှောင်းယွမ်သည် လင်းဇီချန်အနီးသို့ အားတက်သရော လျှောက်လာပြီး စိတ်အားထက်သန်တက်ကြွစွာ ပြောသည်။

“ဘာမေးခွန်းဖြစ်ဖြစ် လွတ်လွတ်လပ်လပ်မေးလို့ရတယ်။ ငါသိသမျှအားလုံးနဲ့ မင်းကို အကောင်းဆုံးကြိုးစားပြီး ဖြေပေးမယ်”

သို့ဖြင့် လင်းဇီချန်သည် ကောရှောင်းယွမ်အား မေးခွန်းများစွာ မေးမြန်းခဲ့သည်။

မြို့တွင်း သိုင်းပညာပြိုင်ပွဲများအကြောင်း…

ပြိုင်ပွဲဆုကြေးများအကြောင်း…

ကျောင်းအမျိုးမျိုး၏ သိုင်းပညာရှင်အဖွဲ့များ၏ အင်အားအကြောင်းများ… စသည်ဖြင့် မေးမြန်းခဲ့သည်။

ကောရှောင်းယွမ်သည် ထိုမေးခွန်းများကို စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေပေးခဲ့သည်။ အနီးအနားတွင်ရှိနေခဲ့သော ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် ကောရှောင်းယွမ်တို့နှစ်ဦးမှာ အချိန်တစ်ခုကြာ စကားထပ်ပြောကြဦးမည်ကို သတိထားမိသောကြောင့် လင်းဇီချန်၏ထမင်းဘူးကိုယူ၍ ဆေးကြောခဲ့ပြီး လင်းဇီချန်တို့၏စကားဝိုင်းကို ကြားဝင်မနှောင့်ယှက်ပေ။

နာရီဝက်ခန့်ကြာမြင့်ပြီးနောက် စင်္ကြံလမ်းရှိ နှစ်ဦးသည် စကားပြောဆိုပြီးသွားခဲ့သည်။ လင်းဇီချန်သည် သိုင်းပညာရှင်အဖွဲ့ကို ဝင်ရောက်မည့်အကြောင်း နှုတ်ဖြင့်သဘောတူညီခဲ့ပြီး ကျောင်းဆင်းလျှင် အားကစားခန်းမ၏အခန်းCသို့ လာခဲ့မည်ဟု ပြောခဲ့သည်။

ထို့နောက် အခန်းထဲသို့ ပြန်လာခဲ့သည်။ နေ့လယ်စာစားချိန်ဖြစ်ရာ အခန်းထဲမှာ လူမရှိသလောက်ပင်။ ကျောင်းသားဒါဇင်ခန့်မျှသာ ရှိနေကြပြီး ထိုကျောင်းသားများသည် တရေးအိပ်စက်နေကြမည့်အစား စာလေ့လာနေကြ၏။ လုံလဝီရိယကောင်း၍ စာကြိုးစာသော ရှန်ချင်းဟန်သည်လည်း ထိုကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

လင်းဇီချန် မိမိစားပွဲတွင်ထိုင်လိုက်သည်။ ထို့နောက် နားကြပ်တပ်၍ သိုင်းပညာပြိုင်ပွဲများ၏ လုပ်ငန်းစဉ်ကို နားလည်စေရန် ပြိုင်ပွဲဗွီဒီယိုများကို ဖုန်းဖြင့်ရှာဖွေကြည့်ခဲ့သည်။ သူ၏ဘေးတွင်တော့ ရှန်ချင်းဟန်သည် စာရွက်တစ်ပုံထဲ ခေါင်းစိုက်လျက် ရံဖန်ရံခါ မျက်မှောင်ကြုတ်သွားလိုက် ပြေလျော့သွားလိုက် ဖြစ်နေလေသည်။

နာရီဝက်ခန့်ကြာမြင့်ပြီးနောက် ရှန်ချင်းဟန်သည် ထိုစာရွက်တစ်ပုံကြီးကို လေ့လာပြီးစီးသွားခဲ့သည်။ သူမသည် အောင်မြင်ပြီးစီးသော မျက်နှာအမူအရာဖြင့် စာရွက်များကို သပ်သပ်ရပ်ရပ်သိမ်းဆည်းလိုက်သည်။ ထို့နောက် လင်းဇီချန်နှင့် စကားပြောလိုသောကြောင့် ပခုံးပုတ်လာ၏။

လင်းဇီချန် နားကြပ်ဖြုတ်လိုက်ပြီး ရှန်ချင်းဟန်ကို လှည့်ကြည့်၍မေးလိုက်သည်။

“စာလုပ်ပြီးသွားပြီလား”

“အကုန်ပြီးသွားပြီ”

“မဆိုးဘူး။ ဒီတစ်ခေါက် တစ်နာရီမပြည့်ခင်ပြီးသွားတယ်။ တိုးတက်လာပြီ”

“‌ဒါပေါ့ ငါက နင့်လောက်တော့ ဉာဏ်မကောင်းပေမဲ့ ရှောင်ချန်… ငါလည်း အတော်လေး ဉာဏ်ကောင်းတဲ့သူပါနော်”

ရှန်ချင်းဟန်သည် ဘဝင်ခိုက်‌နေသော အမူအရာဖြင့်ပြော၏။

ထို့နောက် လင်းဇီချန်ကို စူးစမ်းလျက် မေးမြန်းလာသည်။

“‌ဒါနဲ့ ရှောင်ချန် နင် ကျောင်းသိုင်းပညာရှင်အဖွဲ့ကိုဝင်မလို့လား”

“ဟမ် ငါစကားနဲ့တော့ ဝင်ပြီးသွားပြီ”

“ဒါဆို နောက်ကို ငါနင်ပြိုင်ပွဲဝင်တာကို စောင့်ကြည့်နိုင်ပြီလို့ ဆိုလိုတာပေါ့?”

“ကြည့်နိုင်မှာပါ”

ထိုအခါ ရှောင်ချင်းဟန်၏မျက်နှာလေးသည် အပြုံးနှင့်အတူ တောက်ပသွားပြီး မျက်လုံးလှလှလေးများ ကွေးညွှတ်သွား၏။

“ဒါဆို ငါနင့်ရဲ့ပရိသတ်လေးဖြစ်ပေးမယ်။ နေ့တိုင်း ပွဲကြည့်စင်မှာ နင့်အတွက် အော်ဟစ်အားပေးနေမယ်လေ ရလား”

“ဒါပေါ့”

လင်းဇီချန် ပြုံး၍ပြောလိုက်သည်။

လင်းဇီချန် စကားဆုံးသည်နှင့် ရှန်ချင်းဟန်သည် အိပ်ချင်မူးတူးဖြင့် သမ်းဝေတော့သည်။ ထိုအခါ လင်းဇီချန်သည် စာခုံတစ်ခုံမှ ထိုင်ခုံတစ်ခုယူလိုက်ပြီး ရှန်ချင်းဟန် လက်ရှိထိုင်နေသည့် ထိုင်ခုံနှင့်ဆက်၍ ရှန်ချင်းဟန်ကို ပြောသည်။

“နေ့လယ်နားချိန်က နာရီဝက်ကျော်ကျော် ကျန်သေးတယ်။ အိပ်ချင်နေရင် တစ်ရေးလောက်အိပ်လိုက်”

“အမ်း ဒါဆို ငါတစ်ရေးလောက်အိပ်လိုက်ဦးမယ်။ အချိန်ပြည့်‌ခါနီးရင် ငါ့ကိုနှိုးဖို့ မမေ့နဲ့နော်”

ထိုသို့ပြောပြီးနောက် ရှန်ချင်းဟန်သည် ဆက်ထားသောထိုင်ခုံနှစ်ခုံထက်တွင် ကြောင်ပေါက်လေးကဲ့သို့ ကိုယ်‌ကိုကွေး၍ လင်းဇီချန်၏ပေါင်ထက်တွင် ခေါင်းအုံးလျက် အလျင်အမြန်ပင် အိပ်ပျော်သွားတော့သည်။

လင်းဇီချန်သည် စောင်အသေးတစ်ခုယူ၍ ရှန်ချင်းဟန်ကို ခြုံပေးလိုက်သည်။ ထို့နောက် နားကြပ်ပြန်တပ်၍ ဖုန်းဖြင့် သိုင်းပညာပြိုင်ပွဲဗွီဒီယိုများကို ဆက်လက်ကြည့်ရှုသည်။ အိပ်မက်မက်နေသည်လော၊ အခြားကြောင့်လော မသိပေ။ ရှန်ချင်းဟန်၏ ချယ်ရီနှုတ်ခမ်းလေးများသည် အနည်းငယ်လှုပ်ရှားလျက် တစ်စုံတစ်ရာကို ရေရွတ်နေသည်။

“ရှောင်ချန်…”

“ငါကြိုးစားခဲ့တာ ရှန့်ဟိုင်စီနီယာအထက်တန်းကျောင်းကို ဝင်ခွင့်ရတယ်…”

“ငါတို့နှစ်ယောက်က ထိုင်ခုံတွဲဖက်တွေ ဖြစ်နေကြတုန်းပဲ…”

All Chapters