← Chapters

အပိုင်း ၂၈-၃၀

Vol. 2 Ch. 28-30

အပိုင်း ၂၈-၃၀

Vol. 2 Ch. 28-30

အပိုင်း ၂၈

သိုင်းပါရမီရှင်ပေလော?

အားကစားခန်းမ၊ အခန်းC

နေ့လည်ခင်းအတန်းပြီးသောအခါ လင်းဇီချန်သည် ရှန်ချင်းဟန်ကိုလည်း အတူခေါ်သွားခဲ့သည်။

သူတို့ဝင်သွားချိန်တွင် ကောရှောင်းယွမ်တစ်ဦးတည်းသာ အခန်းထဲတွင်ရှိနေပြီး အေးအေးဆေးဆေး လက်ဖက်ရည်သောက်လျက် ဗွီဒီယိုအတိုလေးများကို ကြည့်ရှုနေသည်။

“နည်းပြကော”

လင်းဇီချန် ခေါ်လိုက်သည်။ အခေါ်အဝေါ်အသုံးအနှုန်းသည် ‘’ဆရာ'မဟုတ်တော့ဘဲ ‘’နည်းပြ’ဖြစ်သွားခဲ့ပြီဖြစ်၏။အသံကြားသောအခါ ကောရှောင်းယွမ်သည် အပြုံးဖြင့် ချက်ချင်းလှည့်ကြည့်လာသည်။

“မင်း အစောကြီးရောက်လာတာပဲ။ အဖွဲ့ထဲက တစ်ယောက်မှ မင်းထက်စောပြီး ရောက်မလာကြဘူး။ သူတို့တော့ အကျင့်တွေပြင်ဖို့လိုနေပြီ”

“လာ ဝင်ခဲ့၊ ထိုင်ပြီး အရင်ဆုံး လက်ဖက်ရည်လေးသောက်နှင့်ပါဦး”

ကောရှောင်း‌ယွမ် ထိုသို့ပြောလျက် ခွက်နှစ်ခွက်သွားယူ၍ လင်းဇီချန်တို့နှစ်ယောက်အတွက် လက်ဖက်ရည်ထည့်ပေးသည်။

အချိန်ကြာမြင်လာသည်နှင့်အမျှ အခန်းထဲသို့ လူများ ဖြေးဖြေးချင်း ရောက်လာကြသည်။

အကုန်လုံး ယောင်္ကျားလေးများဖြစ်၏။ မိန်းကလေးတစ်ဦးမျှ မပါဝင်ပေ။ ထိုအဖွဲ့ဝင်များသည် ဝင်လာချိန်တွင် လက်ဖက်ရည်စားပွဲဝိုင်း၌ ထိုင်နေကြသော လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို စူးစမ်း‌ကြည့်ရှုသွားကြသည်။ အထူးသဖြင့် လင်းဇီချန်ကိုဖြစ်၏။

ရှန့်ဟိုင်ကျောင်း၌ လင်းဇီချန်သည် ဂုဏ်သတင်းကြီးမားသည်။ လင်းဇီချန်ကို မသိသည့်လူ မရှိပေ။ အများစုမှာ လင်းဇီချန်အား စာပေပညာပါရမီရှင်တစ်ဦးအဖြစ် အမျိုးမျိုးသောဇာတ်လမ်းများကို ကြားသိခြင်းမှ သိရှိနေကြခြင်းဖြစ်ကြသည်။ ထူးချွန်လှစွာသော စာပေပညာပါရမီရှင်သည် ထူးချွန်ပြောင်မြာက်သော အားကစားစွမ်းရည်ကိုလည်း ညီတူညီမျှ ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

“မင်းပဲ?”

ထို့နောက် အလျင်စလို ဝင်လာသည့် ကျောင်းသားတစ်ဦးသည် စားပွဲတွင်ထိုင်နေသည့် လင်းဇီချန်ကိုမြင်သောအခါ အနည်းငယ်ပိုကဲသော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်လာခဲ့သည်။ ထိုကျောင်းသားသည် ယခင် ကျောင်းအားကစားပွဲတွင် လင်းဇီချန်အနိုင်ယူခဲ့သောကြောင့် ရွှေတံဆိပ်အစား ငွေတံဆိပ်များသာ ရရှိခဲ့ရသည့် ကျောင်းသားလေးဖြစ်သည်။

လင်းဇီချန် အသံကြားသောအခါ ထိုကျောင်းသားသို့လှည့်၍ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ”

“ငါ့နာမည်က ကျန်းခိုင်၊ ငါ့နာမည်ကိုမှတ်ထား”

ထိုကျောင်းသားသည် ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။ ထို့နောက် ကျောပုးအိတ်လွယ်လျက် တစ်ဖက်သို့လျှောက်သွားပြီး လင်းဇီချန်ကို အာရုံမစိုက်တော့ချေ။

လင်းဇီချန်သည် ထိုကျန်းခိုင်ဆိုသူမှာ အတော်လေးထောင်လွှားသည်ဟု တွေးတောလိုက်ပြီး ပြုံးလိုက်ကာ ဘာမျှထပ်မပြောခဲ့ပေ။ အရွယ်ရောက်လုနီး အပိုင်းအခြားသို့ ဝင်ရောက်နေသော အလယ်တန်းကျောင်းသားများအတွက် ထိုသို့ပြုမူခြင်းသည် ပုံမှန်သာဖြစ်ပြီး နားလည်၍ရနိုင်သည်ဟု လင်းဇီချန် တွေးထား၏။

အဖွဲ့ဝင်အားလုံး ရောက်လာသောအခါ ကောရှောင်းယွမ်သည် မတ်တပ်ထရပ်၍ အဖွဲ့ဝင်အာလုံးကို အပြုံးဖြင့် ဝေ့ဝဲကြည့်လိုက်သည်။

“ဒီမှာရှိ‌ေနတဲ့ ချောမောတဲ့ကောင်လေးကတော့ လင်းဇီချန်ပါ။ အားလုံးပဲ သူ့ကို ရင်းနှီးနေကြမယ်ထင်တာမလို့ မိတ်ဆက်ပေးပြီး အချိန်ဖြုန်းမနေတော့ဘူး”

“ဒီနေ့ကစပြီး ဇီချန်က ငါတို့သိုင်းပညာရှင်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ။ အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါ”

ဖြောင်း ဖြောင်း ဖြောင်း…

ကောရှောင်းယွမ်သည် စကားဆုံးသည်နှင့် သူကိုယ်တိုင်ဦးဆောင်ကာ လက်ခုပ်တီးသည်။

ထိုအခါ အဖွဲ့ဝင်များသည်လည်း နောက်မှလိုက်၍ လက်ခုပ်တီးကြသည်။ နည်းပြနှင့်အဖွဲ့ဝင်များသည် အလွန်စည်းချက်ညီကြ၏။ ကျန်းခိုင်ဟူသော ကျောင်းသားတစ်‌ဦးသာလျှင် ချွင်းချက်ဖြစ်သည်။

လက်ခုပ်သံများ ရပ်စဲသွားပြီးနောက်၌ ကောရှောင်းယွမ်သည် အဖွဲ့ဝင်များကို ထပ်မံအမိန့်ပေးသည်။

“ကဲ အားလုံးပဲ ဇီချန် မင်းတို့ကိုသိရအောင်လို့ တစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးလိုက်ကြပါဦး”

“ငါ့နာမည်က ဟွမ်ထျန်းရှင်း၊ အခန်း ၉-၃က၊ ငါ့ကို အားရှင်းလို့ပဲခေါ်နိုင်ပါတယ်”

“ငါက အခန်း၉-၆က လီရွှီထုန်၊ ငါ့ကို အားလုံးခေါ်ကြတဲ့အတိုင်း ရှောင်လီလို့ ခေါ်လို့ရတယ်။ ငါအဲဒီ့နာမည်‌ပြောင်ကို တကယ်သဘောကျတယ်”

“ငါ့နာမည်က ဟန်ယိ‌ေဆာင်၊ အစ်ကို‌ေဆာင်လို့ပဲ ခေါ်နိုင်ပါတယ်…”

အဖွဲ့ဝင်များသည် အတော်လေး ပေါ့ပေါ့ပါးပါးရှိကြပုံရကာ မိမိကိုယ်ကိုယ်ရာတွင်လည်း ဖော်ရွေသောအပြုံးရှိကြသည်။ လင်းဇီချန်လည်း အပြုံးနှင့်အတူ ဖော်ရွေလှိုက်လှဲစွာဖြင့် ‘ကျွန်တော့်ကို သင်ကြားလမ်းညွှန်ပေးပါဦး'ဟူသော စကားဖြင့် တစ်ဦးချင်းစီ၏ မိတ်ဆက်မှုတိုင်းကို ပြန်လည်တုံ့ပြန်ခဲ့သည်။

သိုင်းပညာရှင်အဖွဲ့သည် အဖွဲ့ဝင်မများပေ။ လင်းဇီချန်နှင့် ကောရှောင်းယွမ်အပြင် နောက်ထပ်၇ဦးသာရှိသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ခြင်းသည်လည်း လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။

ထိုအချိန်အတွင်း ရှန်ချင်းဟန်သည် သူတို့၏ထမင်းဘူးနှစ်ဘူးကိုကိုင်လျက် လင်းဇီချန်၏ဘေးတွင် တိတ်တိတ်လေးရပ်နေခဲ့သည်။ သူမသည် လင်းဇီချန်တစ်ဦးတည်း၏ရှေ့၌သာ စကားများတက်ကြွတတ်သူဖြစ်၏။ သူစိမ်းများရှိနေလျှင် အထူးသဖြင့် မရင်းနှီးသော ယောင်္ကျားလေးများရှိနေလျှင် အတော်လေး တသီးတသန့်နေတတ်ပြီး လူမှုဆက်ဆံရာ၌ စိတ်လှုပ်ရှားပူပန်တတ်သူတစ်ဦးအလားပင်။

“‌ဒါနဲ့ ဒီက သူငယ်ချင်းလေးရဲ့ နာမည်ကရော”

ကောရှောင်းယွမ်သည် လင်းဇီချန်၏ဘေး၌ ရှန်ချင်းဟန် အမြဲလိုလိုရှိနေတတ်သည်ကို မြင်တွေ့ခဲ့သောကြောင့် သူတို့နှစ်ဦးမှာ ခွဲခြားမရသူများဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့် ရှန်ချင်းဟန်နှင့်လည်း ပိုမိုရင်းနှီးမှုရယူရမည်ဟု တွေးလိုက်သည်။

“ကျွန်မက ရှန်ချင်းဟန်ပါ။ ရှောင်ဟန် ဒါမှမဟုတ် ချင်းဟန်လို့ ခေါ်နိုင်ပါတယ်”

ရှောင်ချင်းဟန်သည် အနည်းငယ်စိတ်လှုပ်ရှားလျက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။

ကောရှောင်းယွမ်မှ ပြုံးလျက်ပြောသည်။

“ဒါဆို အခုကစပြီး မင်းကို ရှောင်ရှန်လို့ခေါ်မယ်”

ထို့နောက် ကောရှောင်းယွမ်သည် အဖွဲ့ဝင်ဟောင်းများကို မိမိဘာသာလေ့ကျင့်ရန် ပြောခဲ့ပြီး လင်းဇီချန်အား သိုင်းပညာလေ့ကျင့်ရေး ပစ္စည်းကိရိယာများနှင့် ရင်းနှီးစေရန် အခန်းတစ်ပတ်သို့ အမြန်လိုက်ပြပေးသည်။ သို့သော် ၎င်းပစ္စည်းကိရိယာများသည် လက်ဝှေ့ထိုးသဲအိတ်များ၊ အလေးမ သဲအိတ်များ၊ သစ်သားရုပ်တုများကဲ့သို့ သာမန်ပစ္စည်းများသာဖြစ်ရာ အထူးတလည် ကြည့်ရှုစရာ မရှိပါချေ။

“ဇီချန် အဖွဲ့ဝင်တွေမှာ ၅ယောက်က ၉တန်း၊ ၂ယောက်က ၈တန်းကျောင်းသားတွေ၊ မင်းတစ်ယောက်ပဲ ၇တန်းကျောင်းသားရှိတယ်။ ငါမင်းအပေါ် မျှော်လင့်ချက်ကြီးမားတယ်။ ငါ့နောက်ကို သေချာလိုက်ပါ။ တစ်နှစ်အတွင်းမှာ မင်းက အဖွဲ့ရဲ့aceဖြစ်လာရမယ်လို့ ငါအာမခံတယ်”

အခန်းတစ်ပတ်ကြည့်ရှုပြီးနောက် ကောရှောင်းယွမ်သည် လင်းဇီချန်အား ထိုသို့ ရုတ်တရက်ပြောလာသည်။ ထိုစကားများသည် ကတိကဝတ်အတုအယောင်များ ‌ပေးနေခြင်းဟု ထင်ရနိုင်သော်ငြား တကယ်တော့ မဟုတ်ပါချေ။

လင်းဇီချန်: “ကျွန်တော့်ကို တန်ဖိုးထားပေးတဲ့အတွက် နည်းပြကို ကျေးဇူးတင်ပါတယ်”

ကောရှောင်းယွမ်: “ဒါနဲ့ ဇီချန် မင်းအရင်က သိုင်းပညာလေ့ကျင့်ခဲ့ဖူးလား”

လင်းဇီချန်: “မလေ့ကျင်ဖူးဘူး”

ကောရှောင်းယွမ် ခေါင်းညိတ်လိုက်ပြီး လင်းဇီချန်ကို ပြောသည်။

“ကောင်းပြီ။ ဒီနေ့ ငါမင်းကို အခြေခံအကျဆုံး လက်ဝှေ့ထိုးနည်းနဲ့ ခြေကန်ချက်နည်းစနစ်တွေကို သင်ပေးမယ်။ အဲဒါနဲ့ သိုင်းပညာလေ့ကျင့်တယ်ဆိုတာ ဘယ်လိုခံစားချက်လဲဆိုတာ မင်းခံစားမိနိုင်အောင်လို့”

လင်းဇီချန် ပြန်ဖြေသည်။

“ကောင်းပြီ”

ထို့နောက် ကောရှောင်းယွမ်သည် ရှေ့ဘက်ရှိ နေရာလွတ်သို့လျှောက်သွားပြီး ရပ်လိုက်ကာ လင်းဇီချန်အတွက် အေးအေးဆေးဆေးခံစားရနိုင်မည့် အရှိန်နှုန်းဖြင့် အခြေခံလက်ဝှေ့ထိုးနည်း၊ ခြေကန်ချက်နည်းစနစ်များကို သရုပ်ဖော်ပြသည်။

လင်းဇီချန်သည် အသေးစိတ်အနီးကပ်ကြည့်ရှု၍ ကောရှောင်းယွမ် သရုပ်ဖော်ပြသည့် လှုပ်ရှားမှုတစ်ချက်ချင်းစီတိုင်းကို စိတ်ထဲသို့ ပုံနှိပ်မှတ်ယူသည်။ ၁၀မိနစ်ခန့်ကြာမြင့်ပြီးနောက် သရုပ်ဖော်ပြမှု ပြီးဆုံးသွားခဲ့သည်။

ကောရှောင်းယွမ်သည် သိုင်းပညာရှင်ကြီးတစ်ဦးကဲ့သို့ သူ၏သိုင်းကွက်လှုပ်ရှားမှုများကို ဖြေးဖြေးချင်းဖြေလျှော့ရပ်တန့်ပြီးနောက် လင်းဇီချန်အား ပြုံးပြလာသည်။

“ဒီသိုင်းကွက်တွေက ရိုးရှင်းတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ တကယ်တော့ ဒီသိုင်းကွက်တွေက အတော်လေးခက်ခဲတယ်။ အဖွဲ့ထဲမှာ ဒီသိုင်းကွက်တွေကို အမြန်ဆုံးကျွမ်းကျင်ခဲ့တဲ့ ရှောင်လီတောင်မှ အစပိုင်းမှာ တစ်ပတ်ကြာလေ့ကျင့်ခဲ့ရတယ်”

“ဒါပေမဲ့ ငါဘယ်လောက်ပဲပြောပြပါစေ ဒီသိုင်းကွက်တွေကို တကယ်လက်တွေ့လုပ်မကြည့်ဘဲ အမှန်တကယ်နားလည်ဖို့ ခက်ခဲတယ်”

“လာ တစ်ခါလောက်လုပ်ကြည့်”

ကောရှောင်းယွမ် ထိုသို့ပြောလျက် လင်းဇီချန် ကြိုးစားကြည့်ရန် နေရာမှ ဘေးဖယ်ပေးသည်။ လင်းဇီချန် ရှေ့သို့လျှောက်သွားလိုက်ပြီး ရပ်လိုက်ကာ ဘေးလူအဖြစ် ကြည့်ရှုလေ့လာထားခဲ့သော မှတ်ဉာဏ်ကိုအခြေခံ၍ ကောရှောင်းယွမ် သရုပ်ပြခဲ့သည့် လက်ဝှေ့ထိုးခြင်းနှင့်ခြေကန်ချက်နည်းစနစ်များအတိုင်း ပုံစံတူလုပ်ဆောင်သည်။ ထို့ပြင် ပုံစံတူလုပ်ဆောင်ချက် တစ်ချက်စီတိုင်းသည် ပြီးပြည့်စုံ၏။

လင်းဇီချန်၏ ပါရမီထူးသောပင်ကိုဗီဇသည် တစ်ချက်ကြည့်ရှုရုံမျှဖြင့် သိုင်းကွက်လှုပ်ရှားမှုအားလုံးကို ကျွမ်းကျင်စေခဲ့သည်။ သင်ယူထားသည်ကို အားဖြည့်တင်း၍ သိုင်းကွက်လှုပ်ရှားမှုတစ်ချက်စီကို ပုံတူလုပ်ဆောင်ရာတွင် တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်စေခဲ့သည်။ သူ၏သိုင်းကွက်လှုပ်ရှားမှုများ ပိုမိုမြန်ဆန်လာသည်နှင့်အမျှ လင်းဇီချန် ရင်းနှီးနေပြီးဖြစ်သော အသိပေးစာများ လေဟာပြင်တွင် ပေါ်ပေါက်လာခဲ့သည်။

(လက်ဝှေ့ထိုးခြင်းကို လေ့ကျင့်နေပါတယ်

ချီသွေး +၁၊ လက်ကြွက်သား၏အင်အား +၁၊ လက်၏လျင်မြန်သွက်လက်မှု +၁၊ ကျွမ်းကျင်မှု +၁)

(ခြေကန်ချက်ကို လေ့ကျင့်နေပါတယ်။

ချီသွေး +၁၊ ခြေထောက်ကြွက်သား၏အင်အား +၁၊ ခြေထောက်၏လျင်မြန်သွက်လက်မှု +၁၊ ကျွမ်းကျင်မှု +၁)

ဘေးတွင်ရပ်ကြည့်နေသော ကောရှောင်းယွမ်မှာ လုံးဝအံ့ဩမင်သက်နေတော့သည်။

ဒါက သိုင်းပညာကို ပထမဆုံးအကြိမ် လေ့ကျင့်တာတဲ့လား?

တကယ်ကြီးလား?

သူလိမ်ပြောနေတာတော့ မဟုတ်ပါ‌ဘူးနော်?

လေ့ကျင့်နေသည့် အဖွဲ့ဝင်ဟောင်းများသည်လည်း လင်းဇီချန်ကို မကြာခဏ လှည့်ကြည်နေကြသည်။ လင်းဇီချန်သည် အခြေခံလက်ဝှေ့နှင့်ခြေကန်ချက်နည်းစနစ်များအား ချက်ချင်းဖမ်းဆုပ်နိုင်သည်ကို မြင်တွေ့ကြသော‌အခါ သူတို့အားလုံးမှာ မယုံကြည်နိုင်သော မျက်နှာအမူအရာများ ဖြစ်ကုန်ကြရသည်။

“ဇီချန် ဒါက မင်းတကယ်ပဲ ပထမဆုံးအကြိမ် သိုင်းပညာလေ့ကျင့်ဖူးတာလား”

ကောရှောင်းယွမ်သည် မိမိကိုယ်ကို အသိစိတ်ကပ်ရန် အချိန်ခဏမျှ ယူလိုက်ရပြီးနောက် အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလာသည်။ လင်းဇီချန်သည် မိမိမှာ သာမန်ထက်ကျော်လွန်သော ထူးခြားစွမ်းရည်ကို ထုတ်ဖော်ပြသမိသွားကြောင်း နားလည်လိုက်ပြီး ဆင်ခြေတစ်ခုကို အလျင်အမြန်ပြုလုပ်လိုက်သည်။

“တကယ်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မူလတန်းတုန်းက စိတ်ဝင်စားရာအတန်းတချို့ယူပြီး လက်ဝှေ့နဲ့ခြေကန်နည်းစနစ်တွေကို အချိန်ခဏလောက် လေ့ကျင့်ခဲ့ဖူးတယ်”

“အဲဒါကြောင့်ကိုး”

ကောရှောင်းယွမ် သက်ပြင်းတစ်ချက်မှုတ်ထုတ်လျက် ပြော၏။ ထို့နောက် နဖူးကိုထိကိုင်ပြီး ပြုံးလိုက်သည်။

“ငါ့မှာ မင်း ပထမဆုံးအကြိမ်လုပ်ကြည့်တာကို ဘာလို့ ဒီလောက်ပြီးပြည့်စုံနေလဲ အံ့ဩသွားတာ။ မင်းငါ့ကို အတော်လေးလန့်သွားအောင် လုပ်လိုက်တာပဲ”

ကောရှောင်းယွမ် မိမိ၏ အတွေးလွန်ခြင်းအား ရယ်မောလိုက်သည်။ ဘယ်လိုလုပ်ပြီး သိုင်းပညာကို တစ်ခါမှ မသင်ယူဖူးတဲ့သူက တစ်ကြိမ်ကြည့်လိုက်ရုံနဲ ရနိုင်မှာတဲ့လဲ။ လူသားတွေမှာသာ အဲဒီလိုအားကောင်းတဲ့ သင်ယူမှုစွမ်းရည်ရှိရင် အခုလို လူသားကမ္ဘာအပြင်ဘက်က ထူးခြားဆန်းပြားသားရဲတွေရဲ့ အဆက်မပြတ် ခြိမ်းခြောက်မှုရှိ‌ေနတဲ့ အကျပ်အတည်းကြားထဲမှာ ရှိနေကြပါဦးမလား။

လက်ရှိကာလတွင်တော့ မရေမတွက်နိုင်သော ပါရမီရှင်များ မွေးဖွားလာခဲ့ပြီး ၎င်းလူသားကမ္ဘာအပြင်ဘက်ရှိ ထူးခြားဆန်းပြားသားရဲများကို အနိုင်ယူ‌နိုင်နေခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အချိန်များကုန်ဆုံးသွားခဲ့ပြီး မသိလိုက်ခင်မှာပင် ညနေ၆နာရီခွဲသွားခဲ့လေပြီ။ သိုင်းပညာရှင်အဖွဲ့သည် ပုံမှန်အားဖြင့် ည၇နာရီခွဲအထိ လေ့ကျင့်ကြသည်။ သို့သော် လင်းဇီချန်သည် ထိုမျှနောက်ကျသည်အထိ မလေ့ကျင့်လိုသောကြောင့် တစ်နာရီစော၍အိမ်ပြန်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ကောရှောင်းယွမ်သည် အဖွဲ့အား ဦးဆောင်ရာ၌ သက်သောင့်သက်သာ သဘောထားရှိသောကြောင့် ထိုအရာများကို စိတ်မရှိတတ်ပေ။ အချိန်အများစုကို အဖွဲ့ဝင်များ၏ ကိုယ်ပိုင်အသိစိတ်အပေါ် ယုံကြည်ထားပေသည်။ ည၇နာရီခွဲ လေ့ကျင့်ချိန်အထိကိုမူ နည်းပြဖြစ်သည့် ကောရှောင်းယွမ်သာလျှင် အားကစားခန်းမထဲ၌ ကျန်ရစ်ခဲ့တတ်သည်။

“ဇီချန် မနက်ဖြန် ကျောပိုးအိတ်ထဲ အဝတ်အစားအသန့်တစ်စုံ ထည့်လာဖို့မမေ့နဲ့ဦး။ မဟုတ်ရင် လေ့ကျင့်ပြီးချွေးတွေနဲ့ဆို အိမ်ပြန်တဲ့အခါ အအေးမိလိမ့်မယ်”

အိမ်ပြန်ရန်ပြင်ဆင်နေသည့် လင်းဇီချန်ကို ကောရှောင်းယွမ်မှ သတိပေးသည်။

လင်းဇီချန် ခေါင်းညိတ်တုံ့ပြန်သည်။

“ကျွန်တော် သိပါပြီ။ သတိပေးပေးတဲ့အတွက် ကျေးဇူးပါ နည်းပြကော”

ထို့နောက် လင်းဇီချန် ရှန်ချင်းဟန်နှင့်အတူ အားကစားခန်းမထဲမှ ထွက်လာခဲ့သည်။

စက်ဘီးရပ်နားသည့်နေရာသို့ ရောက်သောအခါ လင်းဇီချန် ချွေးများရွှဲနေဆဲဖြစ်ကြောင်း သတိထားမိသောကြောင့် ရှန်ချင်းဟန်သည် တစ်ရှူးတစ်ရွက်ထုတ်ယူ၍ ပြောလာ၏

“ရှောင်ချန် နင်ချွေးတွေထွက်နေတုန်းပဲ။ ငါနင့်ကို သုတ်ပေးမယ်”

ထိုသို့ပြောရင်းဖြင့် လင်းဇီချန်၏မျက်နှာနှင့်လည်ပင်းတို့ကို ဂရုတစိုက်ချွေးသုတ်ပေးသည်။

အဝတ်အောက်ရှိ ချွေးများအတွက်မူ ရှန်ချင်းဟန် မကူညီနိုင်တော့ပေ။

လင်းဇီချန်သည် အတော်အသင့်သုတ်ပြီးသွားပြီဟု ခံစားမိသောကြောင့် ရှန်ချင်းဟန်ကို စက်ဘီးနောက်ခုံတွင် ထိုင်စေ‌လိုက်သည်။ ကြည်နူးဆွတ်ပျံ့ဖွယ်သော ညနေခင်းနေရောင်အောက်၌ လင်းဇီချန်သည် ရှန်ချင်းဟန်ကို စက်ဘီးနောက်ခုံတွင်တင်လျက် အိမ်သို့ အေးအေးဆေးဆေး ပြန်ခဲ့သည်။

အပိုင်း ၂၉

မအေးဘဲ တုန်ရီနေ

“ရှောင်ချန် ငါမင်းအမေဆီက ကြားတယ်။ ကျောင်းသိုင်းပညာရှင်အဖွဲ့ကို ဝင်လိုက်တယ်ဆို ဘယ်လိုနေလဲ”

လင်းဇီချန် အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲမှ လင်းယန်ရှန်း၏ အမေးစကား ထွက်ပေါ်လာသည်။

လင်းဇီချန်သည် ကျောင်းဆင်းသောအခါ ကျန်းဝမ်ရှင်းသို့ ဖုန်းခေါ်၍ ‌သိုင်းပညာအဖွဲ့ကို ဝင်လိုက်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ပြန်နောက်ကျမည့်အကြောင်းတို့ကို အသိပေးထားခဲ့သည်။

“အတော်လေးကောင်းပါတယ်။ ကျောင်းချိန်ပြီးတော့ ချွေးလည်းထုတ်နိုင်ပြီး လေ့ကျင့်ခန်းလည်း နည်းနည်းလုပ်ဖြစ်သွားတာပေါ့”

လင်းဇီချန် ဖိနပ်ချွတ်နေရင်းမှ ပြန်ဖြေသည်။

လင်းယန်ရှန်းမှ နောက်ထပ်မေးခွန်းတစ်ခု မေးမြန်းလာသည်။

“ရှောင်ချန် စာပေဖြစ်ဖြစ် အားကစားဖြစ်ဖြစ် သားက နှစ်မျိုးလုံးမှာ ထူးချွန်တယ်။ အနာဂတ်မှာ ဘယ်လမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုတာ ‌ဆုံးဖြတ်ပြီးပြီလား”

“ကျွန်တော့်အထင် ကျွန်တော့်ရဲ့အားကစားစွမ်းရည်က စာပေပညာစွမ်းရည်ထက် ပိုပြီးထူးချွန်တယ်လို့ထင်တယ်။ ကျွန်တော် စီနီယာအထက်တန်းကျောင်းကို ရောက်တာနဲ့ သိုင်းပညာအတန်းတွေကိုယူပြီး သိုင်းပညာကို သင်ယူမယ်”

လင်းဇီချန် တွေဝေတုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။

ဤကမ္ဘာ၏ အခြေခံပညာအဆင့်များ၌ သိုင်းပညာအတန်းများ မရှိပေ။ သိုင်းပညာကို အချိန်စောစီးစွာ လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်နိုင်သောကြောင့်ဖြစ်၏။ အထက်တန်းကျောင်းသားများနှင့် အပြည့်အဝနီးပါး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးသူများသာလျှင် ကျောင်းများသည် သိုင်းပညာအတန်းများကို တက်ရောက်ရန် စတင်ကမ်းလှမ်းကြသည်။ ထိုမတိုင်မီအထိ ကျောင်းသားများသည် စာပေပညာရပ်ကိုသာ အာရုံစိုက်ကြရသည်။

သို့သော် မျိုးရိုးဗီဇပေါင်းစပ်လူသားများ၊ စက်ဖြင့်ပြုပြင်မွမ်းမံလူသားများ၊ ထူးခြားဆန်းပြားသားရဲများနှင့်စပ်လျဉ်းသော သင်ခန်းစာများကိုမူ ကျောင်းသားများ ပြည့်ပြည့်စုံစုံ သိရှိစေရန်အတွက် သင်ယူခွင့်ပြုထားသည်။

“တိုက်ဆိုင်လိုက်တာ။ သားအမေနဲ့ ‌အဖေတို့ကလည်း သားကို သိုင်းပညာ‌သင်ယူစေချင်နေတာ။ ကြည့်ရတာ အဖေတို့ မိသားစုသုံးယောက်က လုံးဝလိုက်ဖက်ညီကြတယ်ထင်တယ်”

လင်းယန်ရှန်းသည် စိတ်ကျေနပ်စွာ ပြုံးရယ်နေခဲ့သည်။

ထူးခြားဆန်းပြားသားရဲများ၏ အဆက်မပြတ်ခြိမ်းခြောက်မှုရှိနေသော ဤကမ္ဘာ၌ အခြားအသက်မွေးပညာအားလုံးသည် နိမ့်ပါးကြပြီး သိုင်းပညာသာလျှင် အဆင့်မြင့်မားသာလွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အတိုင်းအတာတစ်ခုအထိ သိုင်းပညာကို လေ့ကျင့်ခြင်းဖြင့်သာလျှင် မျိုးရိုးဗီဇပေါင်းစပ်မှုနှင့် စက်ဖြင့်ပြုပြင်မွမ်းမံမှု၏ တုံ့ပြန်မှုများကို ခံနိုင်ရည်ရှိနိုင်ပြီး သာမန်ထက် သာလွန်သော မျိုးရိုး‌ဗီဇပေါင်းစပ်လူသားများ၊ စက်ဖြင့်ပြုပြင်မွမ်းမံလူသားများ ဖြစ်လာနိုင်သောကြောင့်ဖြစ်ပေသည်။

“ဒါနဲ့ အမေ ဘယ်ရောက်နေလဲ”

“မင်းအမေနဲ့ အန်တီရွှီတို့တွေ ဈေးဝယ်ထွက်သွားကြတယ်။ သူတို့ပြောတာ ဒီနေ့သောကြာနေ့ဆိုတော့ ဒီနေ့ည အကုန်လုံးစုဝေးကြမယ်တဲ့”

“ အမေ့ကို အိမ်ထဲမှာ မမြင်မိတာ မထူးဆန်းတော့ပါဘူး”

လင်းဇီချန် ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ဘဲ အပေါ်ထပ်သို့ ရေးချိုးရန် တက်သွားလိုက်သည်။

သိုင်းပညာလေ့ကျင့်စဉ်က ချွေးထွက်များခဲ့သောကြောင့် ယခု၌ ခန္ဓာကိုယ်မှာ စေးကပ်ကပ်ဖြင့် သက်သောင့်သက်သာ မရှိလှပေ။

ရေချိုးခန်းထဲ၌ လင်းဇီချန်သည် ရေချိုးပြီးနောက် ခန္ဓာကိုယ်ကိုရေသုတ်၍ မှန်ရှေ့တွင် အဝတ်ဗလာဖြင့်ရပ်လျက် မိမိကိုယ်ကို သေချာဆန်းစစ်နေသည်။ ပြင်းထန်သည့်လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်လေ့ရှိသော်ငြား သူ၏ကြွက်သားများသည် အလွန်‌ဖုဖောင်းနေခြင်း မရှိပေ။ ခန္ဓာကိုယ်ကြွက်သားထိန်းသိမ်းတည်ဆောက်သူများကဲ့သို့ လွန်ကဲခြင်းမရှိသော်ငြား ကျစ်လျစ်ကြံ့ခိုင်ပေသည်။ လင်းဇီချန်သည် အဝတ်ဝတ်ထားချိန်တွင် ပိန်ပါးသွယ်လျဟန်ရှိ၍ အဝတ်ဗလာချွတ်လိုက်ချိန်၌ ကြွက်သားအပြည့်ဖြစ်သည်။

“မဆိုးဘူး။ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာပဲ”

မိမိ၏ပုံရိပ်ကိုကြည့်လျက် လင်းဇီချန် အလွန်စိတ်ကျေနပ်မိသည်။

ထို့နောက်တွင် မှန်ရှေ့၌ပင် ထိုးချက်၊ကန်ချက်များကို လေ့ကျင့်တော့သည်။

(လက်သီထိုး လေ့ကျင့်နေပါတယ်။

ချီသွေး +၁၊ လက်ကြွက်သား၏အင်အားသန်မာမှု +၁၊ လက်၏ပြောင်းလွယ်ပြင်လွယ်ရှိမှု +၁၊ ကျွမ်းကျင်မှု +၁)

(ကန်ချက် လေ့ကျင့်နေပါတယ်

ချီသွေး +၁၊ ခြေထောက်ကြွက်သား၏ အင်အားသန်မာမှု +၁၊ ခြေထောက်၏ပြောင်းလွယ်ပြင်လွယ်ရှိမှု +၁၊ ကျွမ်းကျင်မှု +၁)

အောက်ထပ်မှ ရယ်မောသံ၊ စကားပြောသံများ ပျံ့လွင့်လာသောကြောင့် လင်းဇီချန် အချိန်ကြာကြာ မလေ့ကျင့်လိုက်ရပေ။ ထိုအသံများသည် ဈေးဝယ်ပြန်လာကြသည့် ကျန်းဝမ်ရှင်းနှင့် ရွှီမုန့်တို့၏ စကားသံများဖြစ်သည်။ တစ်ပြိုင်နက်တည်းပင် ရှန်ချင်းဟန်နှင့် ရှန်ကျန်းယဲ့ တို့၏ အသံများကိုလည်း ကြားလာရသည်။

မိသားစုနှစ်စုသည် ယနေ့ညတွင် အတူတကွ ညစာစားကြမည်ဖြစ်ပြီး တစ်ဖက်မိသားစုမှ မိသားစုဝင်သုံးဦးလုံး ရောက်လာကြပြီဖြစ်သည်။ အားလုံးလူစုံနေကြပြီဖြစ်သောကြောင့် လင်းဇီချန်သည်လည်း အဝတ်အစားဝတ်ဆင်၍ အခန်းတံခါးဖွင့်ပြီး ‌ေအာက်ထပ်သို ဆင်းလာခဲ့သည်။

လင်းဇီချန် အောက်ထပ်သို့ရောက်သောအခါ အမေနှစ်ဦးသည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေကြပြီး အဖေနှစ်ဦးသည် လက်ဖက်ရည်စားပွဲ‌၌ အေးအေးလူလူ စကားပြောဆိုနေကြကာ ရှန်ချင်းဟန်သည် ဆိုဖာပေါ်တွင်ထိုင်၍ မေးခွန်းစာရွက်များအား ကြိုးကြိုးစားစား လေ့လာနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းဇီချန် အောက်ထပ်သို့ဆင်းလာသည့်အသံကို ကြားသောအခါ ရှန်ချင်းဟန်သည် လင်းဇီချန်ကို မော့ကြည့်လာပြီး မကျေမနပ်ရေရွတ်၏။

“ရှောင်ချန် နင်ရေချိုးတာ အရမ်းကြာတာပဲ။ ငါရောက်နေတာ နာရီဝက်လောက်ရှိပြီ”

“အဲဒီလောက်ကြာတာက အဆင်ပြေပါတယ်ဟ”

လင်းဇီချန်သည် သာမန်ကာလျှံကာ ပြန်ပြောလိုက်ပြီး သူမ၏ဘေးတွင်ထိုင်၍ ဖုန်းကြည့်သည်။

လင်းဇီချန်သည် လက်ရှိသတင်းများကို ကြည့်ရှုခြင်းဖြင့် နေရာအရပ်ရပ်ရှိ အခြေအနေများကို စောင့်ကြည့်နေသည်။ ခဏအကြာ၌ ရှန်ချင်းဟန်သည် ပဟေဠိဆန်စွာ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် လင်းဇီချန်ကို မှီလိုက်ပြီး ပြောလာသည်။

“ရှောင်ချန် နင့်အမေ အန်တီရှင်း ဘာတွေဝယ်လာခဲ့လဲ ခန့်မှန်းကြည့်စမ်း။ နင်ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး”

“ဂဏန်းကြီးတွေလား”

“မဟုတ်ဘူး”

“ကျောက်ပုစွန်ကြီးလား”

“မှားပြန်ပြီ”

“ဒါဆိုရင်တော့ ငါလည်း မသိတော့ဘူး”

“နင် မခန့်မှန်းနိုင်ဘူးဆိုတာ ငါသိသားပဲ”

ရှန်ချင်းဟန်သည် အဖြေကိုမပြောမီ အောင်နိုင်သူအပြုံး ပြုံးလိုက်သေး၏။

“ကင်းမွန်တစ္ဆေအသားပဲ။ ၃ကျင်းတောင်မှ”

ကင်းမွန်တစ္ဆေအသားလား?

လင်းဇီချန်သည် သူနားကြားမှားယွင်းသည်ဟုပင် တွေးထင်လိုက်မိပြီး သိသိသာသာ အံ့ဩသွားခဲ့သည်။

ရှေ့ဘက်ရှိ လင်းယန်ရှန်းမှ ပြော၏။

“မင်းရဲ့အမေက မင်းနဲ့ချင်းဟန်တို့ အဲဒီအသားစားချင်နေတယ်ဆိုတာကိုသိလို့ မင်းရဲ့အန်တီရွှီကို ဈေးမှာဝယ်ကြဖို့ အထူးတလည်တောင်းဆိုခဲ့တာ”

ထိုစကားကိုကြားသောအခါ လင်းဇီချန်၏စိတ်နှလုံး၌ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။မီးဖိုချောင်ထဲတွင် အလုပ်များနေသော ကျန်းဝမ်ရှင်းကို ကြည့်လိုက်ပြီး လင်းဇီချန် ထရပ်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ လျှောက်သွားပြီး

“အမေ ကျွန်တော် ကူညီပေးမယ်”

ရှန်ချင်းဟန်လည်း မီးဖိုချောင်ထဲသို့ ကူညီပေးရန် ဝင်လာခဲ့သည်။ ၈နာရီခွဲပြီဖြစ်၏။ ညစာလည်း အဆင်သင့်ဖြစ်လေပြီ။ ညစာသည် ပုံမှန်ထက်နောက်ကျသွား‌ေသာကြောင့် အားလုံးဆာလောင်နေကြသော်ငြား စားပွဲပေါ်ရှိ ဟင်းပွဲ၈မျိုးနှင့် အရည်ဟင်းတစ်ခွက်သည် စောင့်ဆိုင်းရကျိုးနပ်သည်ဟု‌ တွေး‌မိစေသည်။

“ရှောင်ချန် ကင်းမွန်တစ္ဆေအသားက အရမ်းမွှေးတာပဲ။ ဝါးလို့လည်းကောင်းတယ်။ အရမ်းစားကောင်းတယ်”

ရှန်ချင်းဟန်၏ မျက်နှာလေးသည် ပျော်ရွှင်မှုဖြင့် တောက်ပနေလျက် ကင်းမွန်တစ္ဆေအသားတစ်ဖတ်ကို ဦးငင်စွာယူ၍ လင်းဇီချန်၏ပန်းကန်ထဲသို့ ထည့်ပေးသည်။ လင်းဇီချန် တစ်ကိုက်စားကြည့်ရာ အမှန်တကယ်ပင် အရသာရှိလှပေသည်။

(ကင်းမွန်တစ္ဆေသားရဲ၏ အသက်စွမ်းအင်တစ်မျှင်ကို စုပ်ယူလိုက်ပါပြီ)

(ကင်းမွန်တစ္ဆေသားရဲ၏ အသက်စွမ်းအင် စုဆောင်းမှုမှတ်တမ်း - ၃.၀၁%)

ဟမ်

စုဆောင်းမှုမှတ်တမ်းက တိုးသွားတယ်လား?

လင်းဇီချန် ဦးစွာ လန့်သွားခဲ့ပြီးမှ အနည်းငယ် အံ့ဩသွားခဲ့ပြီး ထို့နောက် အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။

လက်ဖြင့်ထိတွေ့ခြင်းသည် အသက်စွမ်းအင်ကို စုပ်ယူနိုင်လျှင် စားသောက်ခြင်းသည်လည်း အသက်စွမ်းအင်ကို စုပ်ယူနိုင်လိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထိုစဉ် TVမှ သတင်းတစ်ပုဒ်ကို ထုတ်လွှင့်နေသည်။

“တစ်တိုင်းပြည်ကို အံဩသွားစေခဲ့တဲ့ မိန်းကလေး!”

“အသက်၁၄နှစ်မှာပဲ သူမဟာ နှလုံးစွမ်းအင်နဲ့ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပြီး တိုင်းပြည်ရဲ့သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး စက်ဖြင့်ပြုပြင်မွမ်းမံသူ ဖြစ်လာခဲ့ပါတယ်”

“စွမ်းအင်ကို အသက်သွင်းပြီးတဲ့နောက်မှာ ကီလို၂၀၀၀အလေးချိန်ရှိတဲ့ယာဉ်ကို လက်တစ်ဖက်တည်းနဲ့ မ,နိုင်ခဲ့ပါတယ်။ မီတာ၁၀၀ကို ၃စက္ကန့်နဲ့ပြေးနိုင်ပြီး ၈မီတာအထိ အမြင့်ခုန်နိုင်ခဲ့ပါတယ်”

“မနှစ်က မြို့တော်ကြီးရဲ့ ပါရမီရှင်ကလေးနဲ့ အခု ပါရမီရှင်မိန်းကလေးထဲ ဘယ်တစ်ယောက်ကများ ဒီခေတ်ရဲ့ဘုရင်ဖြစ်လာလိမ့်မလဲ”

“မျိုးရိုးဗီဇပေါင်းစပ်လူသားက ပြိုင်ဘက်ကင်းဖြစ်မလား ဒါမှမဟုတ် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းက မရှုံးနိမ့်နိုင်ဘူးဆိုတာကို သက်သေပြသွားမလား? အနာဂတ်မှာ ဒီပါရမီရှင်နှစ်ယောက်ရဲ့ နောက်ဆုံး‌‌ဗိုလ်လုပွဲကြီးကို စောင့်မျှော်ကြည့်ရှုကြရအောင်ပါ”

ညစာစားပွဲရှိ လူအားလုံးသည် သတင်းအစီအစဉ်ကို နားထောင်နေကြသည်။

ကျန်းဝမ်ရှင်းမှ မယုံကြည်နိုင်စွာ ပြောလာ၏။

“နောက်ထပ် ပါရမီရှင်မိန်းကလေးတစ်ယောက် ထပ်ထွက်ပေါ်လာပြန်ပြီလား? သူ့ရဲ့အသက်က ၁၄ဆို ခန္ဓာကိုယ်လည်း အပြည့်အဝ မကြီးထွားမဖွံ့ဖြိုးသေးတာကို စက်ဖြင့်ပြုပြင်မွမ်းမံမှု လုပ်လိုက်ပြီတဲ့လား။ အဲ့ကလေးရဲ့မိဘတွေ ဘာတွေတွေးနေကြလဲ ငါတကယ်နားမလည်နိုင်ဘူး”

လင်းယန်ရှန်းလည်း ဟင်းရည်တစ်ငုံသောက်၍ ပြောလာသည်။

“မြို့ကြီးက ပါရမီရှင်ကလေးက ဘယ်လောက်တောင် အောင်မြင်ကျော်ကြားသွားပြီး ကံကြမ္မာကောင်းပိုင်ဆိုင်ခဲ့လဲဆိုတာကိုမြင်တော့ သူတို့လည်း ရေပန်းစားနေတဲ့အလုပ်ကို လိုက်လုပ်ကြတာနေမှာပေါ့”

ထိုစကားကိုနားထောင်ပြီးနောက် လင်းဇီချန်သည်လည်း ထိုပြိုင်ဘက်ကင်းပါရမီရှင်များဟူသည် ပိုက်ဆံရှာရန်အတွက် ဈေးကွက်လုပ်ဆောင်မှုတစ်မျိုးသာဖြစ်ကြောင်း ခံစားလိုက်ရသည်။

ထိုသို့ပိုက်ဆံရှာဖွေရာတွင် ရှက်ရွံ့ဖွယ်မရှိလေရာ နားလည်နိုင်ပေသည်။

TVဖန်သားပြင်ကိုကြည့်နေသည့် ရှန်ချင်းဟန်သည် ‘ပြိုင်ဘက်ကင်းအမြွှာသူရဲကောင်းများ’ဟူသော အသုံးအနှုန်းကို အလွန်ကောင်းမွန်သည်ဟု တွေးမိသောကြောင့် လင်းဇီချန်အား စိတ်အားထက်သန်စွာကြည့်လျက် ပြောလာသည်။

“ရှောင်ချန် ငါ ငါ့ကိုယ်ငါ ပိုတိုးတက်လာအောင် ကြိုးစားပြီးတော့ နင်နဲ့အတူ ပြိုင်ဘက်ကင်းအမြွှာသူရဲကောင်းဖြစ်လာအောင် ကြိုးစားမယ်”

“အင်း ကြိုးစားထား”

လင်းဇီချန် အားပေးသည့် လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။

ကလေးနှစ်ယောက် အပြန်အလှန်ပြောဆိုနေကြပုံကိုကြည့်၍ တစ်ဖက်စားပွဲထိပ်ရှိ ရှန်ကျန်းယဲ့နှင့်ရွှီမုန့်တို့သည် အနည်းငယ် ခါးသီသွားရကာ ရှန်ချင်းဟန်၏အနာဂတ်ကို စိုးရိမ်မိကြလေသည်။

ပြိုင်ဘက်ကင်းအမြွှာသူရဲကောင်းဖြစ်လာဖို့ ကြိုးစားမယ်တဲ့?

သို့သော် လက်တွေ့၌ ကလေးနှစ်ယောက်ကြားထဲရှိ ကွာဟချက်သည် ကြီးမားသထက် ပို၍ကြီးမားလာနေခဲ့သည်။

ထားပါ။ ဟန်ဟန်က ငယ်ပါသေးတယ်။

သူမ၏ ပျော်ရွှင်ဖွယ်နေ့ရက်များကို ကြာရှည်ခံသမျှအထိ ခွင့်ပြုပေးထားပြီး သူတို့နှစ်ဦး၏ ခင်မင်မှုသံယောဇဉ်ကိုလည်း ကြာရှည်တည်မြဲနိုင်သမျှ ဆက်လက်တည်မြဲသွားစေ‌ထားလိုက်ပေမည်။ သူမကို လက်ရှိအချိန်၌ ပျော်ရွှင်စွာ နေထိုင်ခွင့်ပြုထားလိုက်ပေမည်။

နောင်လာမည့်အရာများကို နောင်အခါမှ ဖြေရှင်းပေမည်….

ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့သည် ၎င်းအချိန်ကာလရောက်ရှိလာသောအခါ ကလေးအား သဘာဝအလျောက် သင်ယူခွင့်ပြုလိုက်ခြင်းသည် အကောင်းဆုံးချဉ်းကပ်မှုအဖြစ် ယုံကြည်သည်။ ထို့ကြောင့် မလိုအပ်သော စိုးရိမ်ပူပန်မှုများကို အချိန်ကြာကြာ စွဲလမ်းမနေပါချေ။ အဆုံးသတ်တွင်တော့ စိုးရိမ်ပူပန်ခြင်းဟူသည် မကောင်းမွန်သော စိတ်အစဉ်ကိုသာ ဆောင်ကြဉ်းလာနိုင်ပြီး အဘယ်အရာကိုမျှ မပြောင်းလဲနိုင်သည် မဟုတ်ပါလော။

ခဏကြာပြီးနောက် TVအစီအစဉ်သည် အခြားဇာတ်ကြောင်းအသစ်တစ်ခုသို့ ပြောင်းလဲသွားသည်။

“ရှန့်ဟိုင်မြို့ရဲ့ ××စီရင်စုရဲ့ ဒေသပိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဟာ ယမန်နေ့ည ၁၁နာရီခန့်က သူရဲ့ရုံးခန်းထဲမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးနေခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာအရ အဆောက်အအုံဥပစာကို ဖောက်ထွင်းဝင်ရောက်လာတဲ့ ဧရာမထူးခြားဆန်းပြားကြွက်ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်”

“ဟယ့်ချွမ်ရှန်းအမည်ရသော ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဟာ ရာထူးမှာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ××စီရင်စုရဲ့ ပြည်သူ့လုံခြုံရေးဌာနကို သူ၏တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ထူးချွန်ပြောင်မြောက်စွာသော ဂုဏ်ထူးဆောင်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါတယ်။ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူ ၁၉ယောက်ကို ဖမ်းဆီးခဲ့ခြင်း၊ စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေကို ဧရာမထူးခြားဆန်းပြားကြွက်သားရဲသုံးကောင်ကို သုတ်သင်ရှင်းလင်းရာမှု ကူညီပေးခြင်း၊ စတဲ့ ဂုဏ်ယူဖွယ်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်….”

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် သေဆုံးသည့်သတင်းကို တင်ဆက်ပြီးနောက် TVဖန်သားပြင်၌ အင်တာဗျူးတစ်ခုကို ပြသလာသည်။ အင်တာဗျူးခံရသူများမှာ ဌာနအတွင်းမှ ဝန်ထမ်းများဖြစ်ကြပြီး အားလုံးသည် ဒေါသဖြစ်နေကြကာ ယခုအချိန်မှစတင်ပြီး ကြွက်နတ်ဘုရားကိုးကွယ်ဂိုဏ်းနှင့် အသက်ရင်း၍ တိုက်ခိုက်မည်ဟု ပြောဆိုနေကြသည်။

ထိုသတင်းကိုကြည့်ပြီးနောက် အခန်းတွင်းရှိလူအားလုံးမှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင် ဖြစ်ကုန်ကြလေသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် သေသွားပြီလား?

မနေ့ည ၁၁နာရီဆို… သူတို့ လုံခြုံရေးဌာနကနေ ထွက်လာပြီး သိပ်မကြာခင်လေး မဟုတ်ဘူးလား?

ထိုအတွေးဖြင့် သူတို့အားလုံး ကြောက်ရွံ့မှုကြောင့် ချမ်းစိမ့်သွားကြသည်။ အထူးသဖြင့် လင်းဇီချန်ဖြစ်၏။ ထိုနေ့ညက သူမြင်တွေ့ခဲ့သည့် ကြွက်ကြီးကို ပြန်တွေးမိပြီး တုန်ရီသွားခဲ့သည်။

အပိုင်း ၃၀

လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ

ညဉ့်နက်ထိတိုင် လင်းဇီချန်သည် အိပ်ရာထက်တွင် အိပ်မပျော်နိုင်ဘဲ ရှိနေသည်။ သူ၏စိတ်အစဉ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ သေဆုံးမှုဖြင့် ကြီးစိုးနေ၏။ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို ဧရာမသန္ဓေပြောင်းကြွက်မှ သတ်ဖြတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ငါ ကားပေါ်ကနေ မြင်ခဲ့တဲ့ကြွက်ကြီးက ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို သတ်ခဲ့တဲ့ ဧရာမသန္ဓေပြောင်းကြွက်များလား။ ဒါပေမဲ့ အဲဒီကြွက်က ကြောင်တစ်ကောင် အရွယ်အစားပဲရှိတာလေ။ ဘယ်လိုလုပ်ပြီး ၃မီတာရှည်တဲ့ ဧရာမသန္ဓေပြောင်းကြွက် ဖြစ်နိုင်မှာလဲ။

လင်းဇီချန် မည်မျှတွေးတောသည်ဖြစ်စေ အဖြေမရှာနိုင်ချေ။ ပြတင်းအပြင်သို့ကြည့်လိုက်ရာ ညသည် အမှောင်ထုလွှမ်းနေ၏။ လမ်းတစ်လျှောက်ရှိ လမ်းမီးတိုင်များ ကွယ်ပျောက်သွားပြီး မည်သည့်အရာကိုမျှ မမြင်ရချေ။

“ဆိုတော့မှ ငါ့ရဲ့သွေးမျိုးဆက်အချက်အလက်တွေကို မစစ်ဆေးကြည့်တာတောင် ကြာနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်မပျော်နိုင်မှတော့ အပြင်ထွက်ပြီး စစ်ဆေးကြည့်တာပေါ့လေ”

ထိုအတွေးဖြင့် လင်းဇီချန် ဦးထုပ်နှင့်မျက်နှာဖုံးကို ဝတ်ဆင်လိုက်ပြီး အိမ်မှ တိတ်တိတ်လေး ထွက်လာခဲ့သည်။ စောင့်ကြည့်ကင်မရာမရှိသည့်လမ်းကို ရွေးချယ်၍ အချိန်အတော်ကြာ ဖြတ်လျှောက်လာပြီးနောက်၌ စွန့်ပစ်ထားသော အဝေးပြေးလမ်းမသို့ ရောက်ရှိသည်။ ဦးစွာ သွေးပူလေ့ကျင့်ခန်းလုပ်သည်။ ထို့နောက် ဖုန်းကိုထုတ်၍ အချိန်မှတ်appကိုဖွင့်ကာ မီတာ၁၀၀ပြေးရန်အတွက် အချိန် စမှတ်သည်။

ထို့နောက် အချိန်ခဏလေးအတွင်း၌ပင် သူကြိုတင်တွက်ဆထားသည့် မီတာ၁၀၀အကွာအဝေးသို့ ပြေးပြီးခဲ့သည်။ သူ၏ဖုန်းရှိ အချိန်မှတ်နာရီသည် ၄.၆၁စက္ကန့်ဟု ပြသနေသည်။ နောက်ဆုံးတစ်ကြိမ်က ၆စက္ကန့်ဖြစ်ခဲ့ပြီး ယခု၌ ၄.၆၁စက္ကန့်ဖြစ်ရာ ၁.၄စက္ကန့်ခန့် တိုးတက်လာပေသည်။

မဆိုးပါဘူး’

လျင်မြန်မှုအရှိန်နှုန်းကို စစ်ဆေးပြီးနောက် အမြင့်ခုန်နိုင်သည့်စွမ်းရည်ကို စစ်ဆေးသည်။ အမြင့်အချို့ရှိသည့် နေရာအချို့ကို ရှာဖွေခဲ့ပြီး အမြင့်ပေတိုင်းတာသည်။ ထို့နောက် ထိုအမြင့်ပေါ်သို့ ခုန်တက်ပြီး သူ၏စွမ်းရည်ကို အကြမ်းဖျင်းတွက်ချက်သည်။ ၁၀ကြိမ်ခန့် ကြိုးစားပြီးနောက် အတော်အသင့်တိကျသော အတိုင်းအတာ ထွက်လာခဲ့သည်။

၅.၅၁မီတာ နောက်ဆုံးတစ်ခေါက်၌ ၄မီတာဖြစ်ခဲ့ရာ ၁.၅မီတာခန့် တိုးတက်လာခဲ့ပေသည်။

လျင်မြန်မှုနှင့် အမြင့်ခုန်စွမ်းရည်တို့ကို စစ်ဆေးပြီးနောက် ကြံ့ခိုင်မှုအင်အားကို စစ်ဆေးရပေမည်။

လင်းဇီချန်သည် လမ်းတစ်လျှောက်ရှိ ကင်မရာများကို ရှောင်တိမ်းခဲ့ပြီး လမ်းဘေးရှိ ရပ်နားထားသောကားများကို ကြည့်ရှုနေသည်။ လင်းဇီချန်သည် ဤကမ္ဘာ၏ ကားအမျိုးအစားများအားလုံးနှင့် ၎င်းတို့၏အလေးချိန်များကို မှတ်သားထားပြီးဖြစ်သည်။

အလေးတုံးအဖြစ် အသုံးပြုရန် သင့်တော်သည့်ကားတစ်စီး ရှာဖွေပြီး လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ မ,နိုင်သည်လောဟု စစ်ဆေးရန်သာ လိုအပ်သည်။

“မင်းနဲ့ အဆင်ပြေလောက်မယ်”

ကားဆယ်စီးကျော်ခန့်ကို ကြည့်ရှုပြီးနောက် လင်းဇီချန်သည် ကီလို၁၅၀၀အလေးချိန်ခန့်ရှိသည့် ကားတစ်စီးကို ရွေးချယ်လိုက်သည်။ ကားတစ်ပတ်လျှောက်ပတ်ကြည့်၍ ကားကို မ,တင်နိုင်မည့် သင့်တော်သည့်နေရာကို ရှာဖွေသည်။ ထို့နောက် လက်တစ်ဖက်တည်းဖြင့် မ,ကြည့်သည်။

၃မိနစ်ကြာပြီးနောက် လင်းဇီချန် ကျရှုံးခဲ့သည်။ SUVသည် အလွန်လေးလံသောကြောင့် သူ မ၍ မရချေ။ ထို့ကြောင့် အနည်းပိုပေါ့ပါးသည့် တစ်စီးကို ပြောင်းလဲရွေးချယ်သည်။ ကီလို၁၂၀၀အလေးချိန်ခန့်ရှိသည့် ကားတစ်စီးကို ပြောင်းလဲရွေးချယ်ခဲ့သည်။ တစ်ဝက်တစ်ပြတ်သာ မ,နိုင်ခဲ့ပြီး ဆက်တိုက် မ,မထားနိုင်ချေ။

ထို့နောက် အမျိုးသမီးမောင်းနှင်သည့် ကီလို၁၀၀၀ခန့်အလေးချိန်ရှိသည့် ကား‌အသေးတစ်စီးကို ရှာတွေ့ခဲ့ပြီး ခက်ခက်ခဲခဲ မ,နိုင်ခဲ့သည်။ နောက်ဆုံးတစ်ခေါက်သည် ကီလို၇၀၀ဖြစ်ခဲ့ရာ ကီလို၃၀၀ တိုးတက်မှုရှိခဲ့သည်။

အခြေခံစွမ်းရည်များအားလုံး တိုးတက်မှုများ ရှိကြသည်။ တိုးတက်မှုပိုမိုလာသည့်ဖြစ်စဉ်၌ ခန္ဓာကိုယ်သည် လျင်မြန်စွာကြီးထွားလာပြီးနောက် အခြေခံတန်ဖိုးများအားလုံးလည်း လျင်မြန်စွာ တိုးတက်ပေသည်။

အချိန်များစွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း‌၌ နောက်ထပ်တနင်္လာနေ့သို့ ရောက်ရှိခဲ့ပြန်သည်။ ထိုနေ့လည်ကျောင်းဆင်းချိန်၌ လင်းဇီချန်သည် သိုင်းပညာလေ့ကျင့်ရန် အားကစားခန်းမသို့ ဦးတည်သွားခဲ့သည်။ သူ၏သိုင်းပညာလေ့ကျင့်မည်ဟူသော အဓိပ္ပာယ်မှာ ရိုးရှင်းသောလက်သီးထိုးနည်းများ၊ ခြေကန်ချက်များကို လေ့ကျင့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ သိုင်းဝတ္ထုများတွင် ရေးထားသည်ကဲ့သို့ အင်အားကြီးမားသည့် သိုင်းကွက်များ မဟုတ်ပေ။

သို့သော် လင်းဇီချန် ထိုအရာများကို ဂရုမစိုက်ပါ။ သူ သိုင်းပညာရှင်အဖွဲ့သို့ ဝင်ရောက်ရသည့် ရည်ရွယ်ချက်သည် ဆုကြေးငွေအတွက် ပြိုင်ပွဲဝင်လိုသောကြောင့်သာ ဖြစ်ပြီး အဖွဲ့ထံမှ အမှန်တကယ် တစ်ခုခုသင်ယူရမည်ဟု တစ်ခါမျှ မတွေးထားခဲ့ဖူးပေ။

“ဇီချန် မင်းရဲ့သိုင်းပညာပါရမီက အရမ်းအားကောင်းတာပဲ။ ငါဘယ်သိုင်းကွက်ကိုပဲ သင်ပေးလိုက်ပါစေ အမြဲတမ်း အမြန်ဆုံးသင်ယူနိုင်တယ်။ မင်းရဲ့အနာဂတ်ကတော့ တောက်ပနေရောပဲ”

ကောရှောင်းယွမ်မှ ချီးမွမ်းသည်။

သရုပ်ပြသမှုပြီးဆုံးသည်နှင့် လင်းဇီချန်သည် ချက်ချင်း ကျွမ်းကျင်သွားသည်။ အခြားအဖွဲ့ဝင်၇ယောက်အတွက် မည်သို့ပင်ဖြစ်စေ သိုင်းကွက်အသစ်များ၌ တောင့်ခဲနေတတ်ပြီး ကမောက်ကမဖြစ်တတ်လေသည်။ ကျွမ်းကျင်ဖို့အတွက် အနည်း‌ဆုံးတော့ ရက်အနည်းငယ်မျှ ဦးနှောက်ကိုအလုပ်ပေးရလေသည်။

“နည်းပြ အသင်အပြကောင်းတာကြောင့်ပါ”

ထိုသို့ပြောလိုက်ပြီး လင်းဇီချန်သည် ရှန်ချင်းဟန် ကမ်းပေးလာသည့် အဝတ်သန့်များကို လှမ်းယူလိုက်ပြီး အဝတ်လဲခန်းသို့ ထွက်သွားသည်။

မြောက်ပိုင်းဒေသ၏ ရိုးရာဓလေ့အပြည့်သော ခန္ဓာကိုယ်ဆေးကြောသန့်စင်ခြင်းမျိုး မဟုတ်ဘဲ တောင်ပိုင်းဒေသ၏ ရိုးရှင်းသော ခန္ဓာကိုယ်သန့်စင်သည့်ပုံစံဖြင့် လင်းဇီချန် ဆေးကြောသန့်စင်လိုက်သည်။ ထို့ကြောင့် ၅မိနစ်ပင် မကြာလိုက်ဘဲ လင်းဇီချန်သည် အဝတ်လဲခန်းမှ ပြန်ထွက်လာသည်။

“ရှောင်ချန် ငါနင့်ရဲ့ညစ်ပေနေတဲ့အဝတ်တွေကို သိမ်းပြီးသွားပြီ”

အဝတ်လဲခန်းအပေါက်ဝ၌ စောင့်ဆိုင်းနေသည့်‌ ရှန်ချင်းဟန်သည် အပြုံးချိုချိုလေးဖြင့်ပြောသည်။ သူမ၏ရှေ့ဆံပင်လေးများ အနည်းငယ်ရှုပ်နေသည်ကို သတိထားမိလိုက်သောကြောင့် လင်းဇီချန်သည် သူမ၏ဆံပင်ကို နူးနူးညံ့ညံ့ပြင်ဆင်ပေးလိုက်ပြီး ပြောလိုက်သည်။

“အိမ်ပြန်ရအောင်”

“အင်း”

ရှန်ချင်းဟန်သည် နူးညံ့စွာ ပြန်ဖြေပြီးနောက် လင်းဇီချန်၏ဘေးမှ တိတ်ဆိတ်စွာပင် လျှောက်ထွက်လာသည်။

ထို့‌ေနာက် စက်ဘီးရပ်နားသည့်နေရာသို့ ရောက်ရှိကြသည်။ လင်းဇီချန် စက်ဘီး တွန်းထုတ်နေစဉ် ရှန်ချင်းဟန်သည် သူမ၏ဖုန်းကိုထုတ်၍ အားကစားခန်းမထဲတွင် ရိုက်လာခဲ့သည့်ဓာတ်ပုံများကို ပြသည်။

“ရှောင်ချန် ဒီမှာကြည့် နင်လက်ဝှေ့ထိုးနေတဲ့အချိန် အရမ်းမိုက်တာပဲ”

“နင့်ရဲ့ဆံပင်တွေက ဖြေးဖြေးလေးလွင့်နေပြီး ချွေးစက်လေးတွေ စီးကျနေတာလည်း လုံးဝမိုက်နေရောပဲ”

“နင့်ရဲ့ ပရိသတ်လေးတွေ ဒီမြင်ကွင်းကိုမြင်ကြရင် သူတို့လုံးဝရူးသွားကြလောက်မှာ”

ရှန်ချင်းဟန်သည် ဖုန်းကို လင်းဇီချန်၏မျက်နှာရှေ့တည့်တည့်၌ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံဆွဲပြကာ လင်းဇီချန်၏ အသိအမှတ်ပြုခြင်းကို စောင့်ဆိုင်းနေသည်။

လင်းဇီချန် ရယ်မောလျက် ပြောလိုက်သည်။

“အဓိကအချက်က နင်ဓာတ်ပုံရိုက်တာ တော်လို့ပါပဲ”

နေ့ရက်များသည် ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ သတိမထားမိလိုက်မီ၌ပင် လင်းဇီချန်သည် သိုင်းပညာရှင်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ တစ်လကြာမြင့်ခဲ့လေပြီ။

ကနဦး၌ အားကစားခန်းတွင် လင်းဇီချန် လေ့ကျင့်သည်ကိုစောင့်ကြည့်၍ ပြီးဆုံးသည်အထိ စောင့်ဆိုင်း‌သည့်မိန်းကလေးမှာ ရှန်ချင်းဟန် တစ်ဦးတည်းသာဖြစ်ခဲ့သည်။ တဖြေးဖြေးနှင့် လင်းဇီချန် သိုင်းပညာရှင်အဖွဲ့သို့ ဝင်လိုက်သည့်သတင်းသည် ပျံ့နှံ့သွားခဲ့ပြီး လင်းဇီချန်၏ ပရိသတ်များသည် ကျောင်းဆင်းချိန်တွင် အားကစားခန်းမသို့လာ၍ လာစောင့်ကြည့်ကြသည်။ ထို့ကြောင့် လင်းဇီချန် လေ့ကျင့်ရန်အတွက် အာကစားခန်းမသို့ ရောက်ရှိချိန်တွင် လင်းဇီချန် ချွေးစီးကျနေသည့်ပုံစံကို ကြည့်ရှုရန်အတွက် မိန်းကလေးများ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသည်။ နာရီဝက်ခန့်ကြာမြင့်ပြီနောက်၌ ပရိသတ်အုပ်စုမှာ လူသုံးဆယ်ကျော်အထိ များပြားသွားခဲ့သည်။

“ဝိုး ဇီချန် ခုနက ကန်လိုက်တဲ့ကန်ချက်က အရမ်းမိုက်တာပဲ။ ဇီချန် ကန်တာခံရရင် အရမ်းနာလောက်‌မှာပဲနော်”

လင်းဇီချန် သစ်သားရုပ်တုကို ကန်လိုက်ချိန်၌ ဂျူနီယာအထက်တန်းကျောင်းသူတစ်ယောက်သည် စိတ်ကူးယဉ်နေသော မျက်နှာအမူအရာဖြင့် ပြောလာခြင်းဖြစ်သည်။

လင်းဇီချန်မှာ ဆွံ့အသွားရပြီး လေ့ကျင့်ရန် စိတ်ပါဝင်စားမှု ပျောက်သွားတော့သည်။ ကောရှောင်းယွမ်အား ဤကိစ္စနှင့်ပတ်သက်၍ လင်းဇီချန် ပြောထားခဲ့ပြီးဖြစ်သည်။ အားလုံး၏ လေ့ကျင့်မှုကို သက်ရောက်မှုဖြစ်စေသောကြောင့် မိန်းကလေးများကို ဝင်ခွင့်မပြုရန် ပြောထားခဲ့သည်။

အဆုံးသတ်‌တွင်တော့ လင်းဇီချန်မှာ အခြားယောက်ျားလေး၇ယောက်၏ တက်ညီလက်ညီဆန့်ကျင်မှုဖြင့် ရင်ဆိုင်ခဲ့ရလေသည်။ ကျယ်ဝန်းလှသည့်ခန်းမထဲ၌ ယောင်္ကျားလေးအနည်းငယ်သာ အလေးအနက်လေ့ကျင့်နေခြင်းသည် ထိုင်းမှိုင်းလွန်းသည်ဟူ၏။

ယခုတွင်လည်း မိန်းကလေးပရိသတ်များ အများကြီးရောက်ချလာခဲ့ရာ ထိုအဖွဲ့ဝင်၇ဦးမှာ ကောင်းကင်ဘုံသို့ ရောက်သွားသည့်အလား ခံစားလိုက်ရပြီး မိန်းကလေးများ၏တည်ရှိမှုကြောင့် အားအင်တက်ကြွကာ ဤအခြေအနေကို မပြောင်းလဲစေလိုတော့ပေ။

ကောရှောင်းယွမ်သည်လည်း ထိုသို့ထပ်တူခံစားရပေသည်။ မိန်းကလေးများ ရောက်လာသောအခါ အဖွဲ့ဝင်များသည် ပို၍အပြင်းအထန် လေ့ကျင့်ကြကြောင်း မြင်တွေ့လိုက်ရပြီး သိုင်းပညာရှင်အဖွဲ့ကိုလည်း ပို၍အာရုံစိုက်လာကြောင်း မြင်တွေ့ရသောအခါ ကောရှောင်းယွမ်သည် ဤသည်မှာ ကောင်းမွန်သည့်အရာဟု ခံစားရလေသည်။ ထို့ကြောင့် လင်းဇီချန်မှ အနည်းငယ် အနစ်နာခံပေးပါရန်သာ တောင်းဆိုခဲ့သည်။ လင်းဇီချန်လည်း တစ်ဖန်ပြန်စဉ်းစားကြည့်ခဲ့ပြီး အခြားသူများအားလုံး အဆင်ပြေလျှင် သူလည်း ကိစ္စ‌မရှိပေ။

အချိန်များစွာကုန်ဆုံးသွားသလိို ညနေ၆နာရီခွဲလုနီးခဲ့ပြီဖြစ်၏။ လင်းဇီချန်လည်း အချိန်ကျပြီဖြစ်သောကြောင့် ရှန်ချင်းဟန် ကမ်းပေးသည့် အဝတ်အသန့်များကိုယူ၍ အဝတ်လဲခန်းသို့ ဦးတည်ထွက်သွားခဲ့သည်။

ထို့နောက် ဂျူနီယာအထက်တန်းကျောင်းသူတစ်ဦးသည် သူ၏လမ်းရှေ့မှ ပိတ်ရပ်၍ သူမ၏မျက်နှာသည် အရူးအမှူးစွဲလမ်းမှုများဖြင့် ပြည့်နှက်နေသည်။

“ဇီချန် ငါနင့်အတွက် နွားနို့ဝယ်လာပေးတယ်။ လတ်ဆတ်တဲ့နွားနို့ပါ”

“မလိုတော့ပါဘူး။ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါက နို့နဲ့ဓာတ်မတည့်ဘူး”

လင်းဇီချန်သည် အထင်လွဲမှားခြင်းများကို ရှောင်ဖယ်ရန် မိန်းကလေးများထံမှ လက်ဆောင်များကို လက်မခံလိုပေ။ ထို့ကြောင့် ယဉ်ကျေးစွာငြင်းနိုင်မည့် ဆင်ခြေတစ်ခုဖန်တီးလိုက်ပြီး သူမကို ရှောင်သွားလိုက်သည်။ သို့သော် ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက်၌ သူ၏နောက်မှ မကျေမနပ်အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

“ဇီချန် မင်းဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ရိုးသားတဲ့အပြုအမူကို ငြင်းနိုင်ရတာလဲ”

“မင်း နို့နဲ့ဓာတ်မတည့်ဘူးဆိုရင်တောင်မှ လက်ခံထားလိုက်ပြီး တခြားတစ်ယောက်ကိုပေးလိုက်လည်း ဖြစ်တာပဲလေ။ ဘာလို့ မိန်းကလေးတစ်ယောက်ရဲ့‌ခံစားချက်ကို နာကျင်စေရတာလဲ”

“မင်းနည်းနည်းလောက်ပိုပြီး လူကြီးလူကောင်းဆန်ပေးလို့ မရဘူးလား”

၎င်းမှာ ကျန်းခိုင်၏အသံဖြစ်သည်။ ကျောင်းအားကစားပွဲနေ့က ငွေတံဆိပ်ရခဲ့သည့်တစ်ယောက်ဖြစ်၏။ လင်းဇီချန်အား နွားနို့လာပေးသည့် မိန်းကလေးသည် ကျန်းခိုင် တစ်ဖက်သတ်ချစ်မြတ်နိုးနေခဲ့သော မိန်းကလေးဖြစ်ပေသည်။

လင်းဇီချန်သည် ကျန်းခိုင်၏ အဓိပ္ပာယ်မရှိသော ကြားဝင်နှောင့်ယှက်မှုကို ‌အေးစက်စက် တုံ့ပြန်လိုက်သည်။

“ကျွန်တော့်ကိစ္စကို ကျွန်တော်ပဲ ဆုံးဖြတ်မယ်။ အဲဒါ‌ေကြာင့် ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်ပါ”

ထောင်လွှားတတ်သော ဂျူနီယာအထက်တန်းကျောင်းသား ကျန်းခိုင်သည် ထိုသို့အပြောခံရခြင်းကို မကျေနပ်ပေ။ သူ၏မာနကို ထိပါးသည်ဟု ခံစားရ၏။ ထို့ကြောင့် လင်းဇီချန်ကို ချက်ချင်း စိန်ခေါ်သည်။

“မင်းငါနဲ့ လက်ဝှေ့ထိုးပြိုင်ရဲလား။ မင်းနိုင်ရင် ငါမင်းနဲ့ ဘယ်တော့မှ အငြင်းအခုံ မလုပ်တော့ဘူး။ ငါနိုင်ရင် မင်း အဲဒီနွားနို့ကိုယူလိုက်”

ကျန်းခိုင်၏စကားတွင် နေရာရှိလူအားလုံးသည် စိတ်လှုပ်ရှားတက်ကြွလာ၏။ ကောရှောင်းယွမ်သည်လည်း ချွင်းချက်မဟုတ်ပေ။ လင်းဇီချန် သိုင်းပညာရှင်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထိုတစ်လတာအတွင်း လင်းဇီချန်သည် တစ်ဦးတည်း အေးအေးဆေးဆေးလေ့ကျင့်၍ မည်သူနှင့်မျှ ယှဉ်ပြိုင်ခြင်းမရှိဘဲ ရေချိုးပြန်သွားတတ်သည်။ သို့ဖြစ်ရာ အချိန်အချို့ ကြာမြင့်လာပြီးနောက် အခြားအဖွဲ့ဝင်များသည် လင်းဇီချန်၏ လက်ရှိအင်အားကို သိရှိလိုကြသည်။

ကျန်းခိုင်၏ စိန်ခေါ်မှုကြောင့် လင်းဇီချန်သည်လည်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

ထိုထောင်လွှားသည့်ကလေးကို ပြဿနာရှာခြင်းကို ရပ်တန့်ပြီး နှိမ့်ချစွာပြုမူတတ်ရန် သင်ခန်းစာပေးလို၏။ ထို့ကြောင့် တွေဝေခြင်းမရှိ တုံ့ပြန်လိုက်သည်။

“ကောင်းပြီ။ ပြိုင်ရအောင်”

လင်းဇီချန် စကားဆုံးသည်နှင့် လေဟာပြင်၌ အသိပေးစာများ ထွက်ပေါ်လာသည်။

(အောင်မြင်မှု - တရားဝင်ပြိုင်ပွဲမှာ အခြေခံအကျဆုံးနည်းလမ်းများကို အသုံးပြုပြီး စုစုပေါင်း ပြိုင်ဘက်၁၀၀၀ကို အနိုင်ယူပါ)

(ဆုလာဘ် - သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း - လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ)

(အနိုင်ရယူပြီးသော ပြိုင်ဘက်အရေအတွက် - ၀/၁၀၀၀)

လေဟာပြင်၌ ထွက်ပေါ်လာသော အသိပေးစာများကိုကြည့်၍ လင်းဇီချန် အချိန်ခဏမျှ အံ့အားသင့်နေခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားတက်ကြွလာ၏။ အချိန်များစွာ ကြာမြင့်ပြီးနောက်တွင်တော့ လေးခုမြောက် အောင်မြင်မှုမစ်ရှင်ကို လက်ခံရရှိခဲ့လေပြီ။

‘လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’ သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း၏ အကျိုးသက်ရောက်မှုကို လင်းဇီချန် သိချင်လှသည်။ ‌

ပြီးခဲ့တဲ့၃ခုထက် ပိုအင်အားကြီးလောက်မလား?

All Chapters