အပိုင်း ၃၁-၃၃
Vol. 3 Ch. 31-33
အခန်း ၃၁
သိုင်းပညာရှင်အဖွဲ့အား လွှမ်းမိုးခြင်း
“ဂျူနီယာမောင်လေးဇီချန် သူ့ကိုသင်ခန်းစာပေးလိုက်။ စီနီယာအစ်မက သူ့ကိုယ်သူ တခြားသူတွေကို ကျင့်ဝတ်တွေသင်ပေးခွင့်ရှိတယ်ထင်နေတဲ့ အဲဒီလိုလူတွေကို အမုန်းဆုံးပဲ”
“ဂျူနီယာမောင်လေးဇီချန် အစ်မ မင်းကို အသံအကျယ်ကြီးအားပေးနေမယ်”
“ဂျူနီယာမောင်လေးဇီချန် ကြိုးစားထား။ အစ်မ မင်းကို ပုံလှလှရိုက်ထားပေးမယ်”
လင်းဇီချန် စိန်ခေါ်မှုကို လက်ခံလိုက်သောအခါ ခန်းမကြီးတစ်ခုလုံး ဆူညံသွား၏။ ထိုအသံ၏အများစုမှာ လင်းဇီချန်၏ မိန်းကလေးပရိသတ်များထံမှ အသံများဖြစ်သည်။ တစ်ဖက်သတ်အားပေးသံများကို ကြားရသော်ငြား ကျန်းခိုင်သည် စိတ်လှုပ်ရှားသွားခြင်း၊ အံ့အားသင့်သွားခြင်း မရှိပေ။ ၎င်းနှင့် ဆန့်ကျင်ဘက်ခံစားချက်သာ ဖြစ်ပေါ်လာသည်။
ငါ့ကို ဦးနှောက်မရှိတဲ့တိရစ္ဆာန်လို့များ ထင်နေကြလား။
မှားသွားပြီ။ လုံးဝမှားသွားပြီကွ!
ငါက အရူးယောင်ဆောင်ထားတဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူပဲ။
မင်းတို့တွေက အဆင့်၃မှာရှိနေကြပြီး ငါ့ကိုအဆင့်၁ထင်နေကြတာ။ တကယ်တော့ ငါက အဆင့်၅ပဲ။
ငါက သူ့ကို လူသိရှင်ကြား အနိုင်ယူပြီး ငါ့ရဲ့သိုင်းပညာရှင်အသက်မွေးဝမ်းကျောင်းအတွက် ဂုဏ်သရေကြီးတဲ့အောင်ပွဲကို ရယူဖို့ ဒီပါရမီရှင်ကလေး အပြည့်အဝ မဖွံ့ဖြိုးသေးတာကို အခွင့်ကောင်းယူနေရုံပဲ။
လွန်ခဲ့သည့်လအတွင်း ကျန်းခိုင်သည် လင်းဇီချန်၏ စိတ်အနှောင့်အယှက်ဖြစ်လောက်သော အဆင့်မြင့်မားသည့် သိုင်းပညာပါရမီကို သတိထားမိခဲ့သည်။ လင်းဇီချန်အား နောက်ထပ်၆လ လေ့ကျင့်စေလိုက်လျှင် မည်သည့်အဖွဲ့ဝင်မျှ လင်းဇီချန်၏ ပြိုင်ဘက်ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် စတင်လေ့ကျင့်ရုံမျှသာရှိသေးပြီး အပြည့်အဝ မကျွမ်းကျင်သေးမီ ကာလအတွင်း၌ လင်းဇီချန်နှင့် လူသိရှင်ကြားယှဉ်ပြိုင်၍ လုံးလုံးလျားလျား အနိုင်ယူရပေမည်။ ဤနည်းဖြင့် အနာဂတ်၌ လင်းဇီချန် သိုင်းပညာရပ်တွင် အောင်မြင်မှုများ ရရှိလာသည်နှင့်အမျှ ကျန်းခိုင်သည်လည်း ပို၍ကြွားဝါးနိုင်လိမ့်မည်။
လူအားလုံးကို ဤသို့ကြွားဝါနိုင်လိမ့်မည်။
“ငါက ဟိုးအရင်က ပါရမီရှင်လင်းကို သိုင်းပညာပြိုင်ပွဲမှာ အနိုင်ယူခဲ့တဲ့သူလေ” ဟူ၍ဖြစ်၏။
လင်းဇီချန်သည် ကျန်းခိုင်၏ အတွေးထဲမှ အကြံအစည်များကို မသိပေ။ အတွေးဖြင့် လေဟာပြင်မှ အသိပေးစာများကို ဖယ်ရှားလိုက်ပြီး ရှန်ချင်းဟန်ကို အဝတ်အစားများပြန်ပေး၍ သိုင်းပညာပြိုင်ပွဲစင်မြင့်သို့ ဦးတည်လျှောက်သွားသည်။ လျှောက်သွားရင်းမှ ဤသို့ပြော၏။
“နောက်ကျနေပြီ။ ကျွန်တော် ညစာစားဖို့အတွက် အိမ်ပြန်ရတော့မှာ။ အဲဒါကြောင့် မြန်မြန်လုပ်လိုက်ကြရအောင်”
“လာလေ!”
ကျန်းခိုင်လည်း တုံ့ပြန်ပြော၍ ပြိုင်ပွဲစင်မြင့်သို့ ဦးတည်လျှောက်လာသည်။
စင်မြင့်ထက်၌ သူတို့နှစ်ဦးလုံး နေရာယူပြီးသောအခါ ကောရှောင်းယွမ်မှ ပြောသည်။
“ဒီလက်ဝှေ့ပြိုင်ပွဲကို ငါဒိုင်လုပ်ပေးမယ်။ မှတ်ထား.. ခင်မင်မှုက ပထမ၊ ပြိုင်ပွဲက ဒုတိယပဲ။ ရဲဘော်ရဲဘက်အချင်းချင်း မထိခိုက်မိစေနဲ့”
လင်းဇီချန်: “အမ်း သိပါပြီ နည်းပြကော”
ကျန်းခိုင်သည် ကောရှောင်းယွမ်ကို ပြန်လည်မတုံ့ပြန်ဘဲ စင်အောက်ဘက်ရှိ လီရွှီထုန်အား လှမ်းအော်ပြောသည်။
“ရှောင်လီ ငါတို့ရဲ့ပြိုင်ပွဲကို ကူညီပြီး မှတ်တမ်းတင်ထားပေးပါဦး”
ကျန်းခိုင်သည် ယနေ့၏အောင်မြင်မှုကို ဗွီဒီယိုအဖြစ် သိမ်းဆည်းထားလိုသည်။ လင်းဇီချန်မှ တစ်ခုခုလွဲမှားသွားခဲ့လျှင် မိမိကိုယ်ကိုယ် ဟန်ထုတ်ကြွားဝါနိုင်ရန်ဖြစ်၏။
“ကောင်းပြီ”
သိုင်းပညာရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် လီရွှီထုန်သည် ကျန်းခိုင်အား okဟု လက်ဟန်ပြလိုက်ပြီးနောက် ပြိုင်ပွဲကိုမှတ်တမ်းတင်ရန် ဖုန်းထုတ်လိုက်သည်။
အောက်ဘက်ရှိ ရှန်ချင်းဟန်သည်လည်း လင်းဇီချန်၏ပြိုင်ပွဲကို မှတ်တမ်းယူရန်အတွက် ဖုန်းထုတ်လိုက်သည်။ ကျန်းခိုင်နှင့်ကွာခြားစွာ ရှန်ချင်းဟန်သည် လင်းဇီချန် မည်မျှအင်အားကြီးမားသည်ကို သိထားပေသည်။ သို့ဖြစ်ရာ လင်းဇီချန်၏အောင်ပွဲကို မှတ်တမ်းတင်လိုခြင်းဖြစ်ပေသည်။
“နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီလား”
ကောရှောင်းယွမ်မှ ပြိုင်ပွဲဝင်နှစ်ဦးကို မေးသည်။
လင်းဇီချန်: “အသင့်ပဲ”
ကျန်းခိုင်: “စလို့ရပြီ နည်းပြ”
နှစ်ဦးလုံးအသင့်ဖြစ်ကြောင်း မြင်သောအခါ ကောရှောင်းယွမ်သည် ပြိုင်ပွဲစင်မြင့်အစွန်းဘက်သို့ လျှောက်သွားကာ လက်ယာလက်ကိုပင့်မြှောက်၍ အားဖြင့်အောက်ပြန်ချလိုက်ပြီး ကြေညာသည်။
“ပြိုင်ပွဲစတင်ပြီ!”
ကောရှောင်းယွမ်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်နှစ်ဦးသည် ရုတ်ချည်း စတင်လှုပ်ရှားတော့သည်။
ကျန်းခိုင်သည် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ဘဝင်လေဟပ်သောဟန်ပန်ဖြင့် ပြောသည်။
“ဂျူနီယာညီလေး မင်းအဖွဲ့ထဲဝင်တာ တစ်လကျော်လေးပဲရှိသေးတယ်။ ငါကတော့ အဖွဲ့ဝင်ဖြစ်နေတာ ၂နှစ်နီးပါးရှိနေပြီ။ အဲဒါကြောင့် ငါမင်းကို ပထမသုံးကွက် အလျှော့ပေးထားမယ်။ ငါက သက်တမ်းကိုအားသာချက်ယူပြီး မင်းကိုအနိုင်ကျင့်တယ်လို့ မစွပ်စွဲနိုင်အောင်လို့ပေါ့”
“ကောင်းပြီ”
လင်းဇီချန် ခပ်ပြတ်ပြတ်တုံ့ပြန်လိုက်သည်။ ထို့နောက် ရုတ်တရက် ရှေ့သို့တက်လာ၍ ကျန်းခိုင်၏အနီးသို့တိုးကပ်သွားပြီး ကျန်းခိုင်အား ပြိုင်ပွဲစင်မြင့်ပေါ်မှ ကန်ထုတ်လိုက်သည်။
ကျန်းခိုင်:
စင်အောက်ရှိ အဖွဲ့ဝင်များ: “ဘာတုန်းဟ!!”
ကောရှောင်းယွမ်လည်း ကြောင်အ,သွားသည်။ာနွားနို့ပေးသည့် စီနီယာအစ်မမှ အော်ဟစ်ပြော၏။
“အားး! ဂျူနီယာမောင်လေးဇီချန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ! မောင်လေး အစ်မရဲ့စိတ်ဝိဉာဉ်ကို လုံးဝခိုးယူသွားခဲ့ပြီ”
အခြားပရိသတ်များသည်လည်း စတင်အော်ဟစ်ကြလေသည်။ ပြိုင်ပွဲစင်မြင့်ထက်၌ လင်းဇီချန်သည် အောက်ဘက်မှ အော်ဟစ်အားပေးသံများကို စိုးစဉ်းမျှ ဂရုမစိုက်ပေ။ သူ၏အာရုံအလုံးစုံသည် လေဟာပြင်တွင် ထွက်ပေါ်လာသည့် အသိပေးစာ၌သာ ကျရောက်နေ၏။
(ပြိုင်ဘက်တစ်ယောက်ကို အနိုင်ရခဲ့ပြီး ဆန့်ကျင်ဘက်လိင်၏ နှလုံးသားကို အောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။ ကြင်ဖော် ပထမဆုံးရွေးချယ်ခွင့်ကို ရရှိပါသည်)
(အနိုင်ရယူပြီးသော ပြိုင်ဘက်စုစုပေါင်း - ၁/၁၀၀၀)
အနိုင်ယူရမယ့်ပြိုင်ဘက် ၉၉၉ယောက်လိုနေသေးတယ်ဟု ထိုသို့တွေးလိုက်ပြီးနောက် လင်းဇီချန်သည် အသိပေးစာကိုဖယ်ရှားလိုက်ပြီး စင်အောက်ဘက်ရှိ အခြားအဖွဲ့ဝင်၆ယောက်ကို ငုံ့ကြည့်၍မေးလိုက်သည်။
“မင်းတို့၆ယောက်ထဲက တစ်ယောက်ယောက်များ ကျွန်တော်နဲ့ ပြိုင်ချင်သေးလား”
သို့သော် လင်းဇီချန်၏မေးခွန်းကို မည်သူမျှ ပြန်မဖြေကြပေ။ အားလုံးသည် တွေဝေမိန်းမောနေကြလျက် ခုနက မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားခြင်းမှ သတိပြန်မကပ်ကြသေးပေ။ ပထမဆုံး ပြန်လည်အသိကပ်သွားသူမှာ လင်းဇီချန် ပြိုင်ပွဲစင်ပေါ်မှ ကန်ထုတ်လိုက်သည့် ကျန်းခိုင်ဖြစ်သည်။
ကျန်းခိုင်သည် ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုကိုတောင့်ခံ၍ မြေပြင်မှပြန်ထ၍ ပြိုင်ပွဲစင်ပေါ်သို့ပြန်တက်ရန် ရုန်းကန်နေသည်။ ဖြစ်ပျက်သွားခဲ့သည်ကို လက်မခံနိုင်ဘဲ ပြောလာ၏။
“ဒီတစ်ကြိမ်ကို မတွက်ဘူး။ ငါအဆင်သင့် မဖြစ်သေးတာကို တိုက်ခိုက်တာလေ။ နောက်တစ်ခေါက် ပြန်ပြိုင်မယ်”
ထိုအခါမှ ကောရှောင်းယွမ်သည် အသိပြန်ဝင်လာကာ ကျန်းခိုင်အား မျက်မှောင်ပြုတ်လျက် အနည်းငယ် ဒေါသစွက်လျက် ပြောလိုက်သည်။
“ကျန်းခိုင် ကိုယ့်စကားကိုယ်တည်ပါ။ ပြိုင်ပွဲကြောင့် ကိုယ့်ရဲ့သိုင်းပညာရှင်စိတ်ဝိဉာဉ်ကို မဆုံးရှုံးသွားစေနဲ့”
ကျန်းခိုင်သည် ပြန်လည်ငြင်းဆန်ရန် ဟန်ပြင်၏။ သို့သော် ကောရှောင်းယွမ်သည် ကျန်းခိုင်ကို အခွင့်အရေး မပေးပေ။ စင်အောက်ရှိ လီရွှီထုန်ကိုငုံ့ကြည့်၍ အော်ပြော၏။
“လီရွှီထုန် အပေါ်တက်လာပြီး ဇီချန်နဲ့လာပြိုင်လှည့်”
“အိုး ကောင်းပြီ ကောင်းပြီ!”
ကောရှောင်းယွမ်မှ ခေါ်လိုက်သောကြောင့် လီရွှီထုန်သည် ဖုန်းကိုချ၍ ပြိုင်ပွဲစင်ထက်သို့ တက်သွားလိုက်သည်။
ထို့နောက်တွင် လင်းဇီချန်သည် သိုင်းပညာရှင်အဖွဲ့၏ အဖွဲ့ဝင်အားလုံးနှင့် ယှဉ်ပြိုင်ခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် ပွဲတိုင်း အနိုင်ရခဲ့သည်။ သို့သော် သူ၏အင်အားမှာ ပုံမှန်ဖြစ်သည်ဟု မြင်နိုင်စေရန်အတွက် အခြားပြိုင်ဘက်များကို ကျန်းခိုင်အား ပြုလုပ်ခဲ့သည်ကဲ့သို့ ချက်ချင်း အနိုင်မယူခဲ့ပေ။ ထိုအစား တိုက်ခိုက်မှုကို အချိန်ဆွဲ၍ သိုင်းကွက်အနည်းငယ်ကို အပြန်အလှန်လဲလှယ်ပြီးနောက်မှ အနိုင်ယူခဲ့သည်။
ဤနည်းဖြင့် ကျန်းခိုင်ကို ချက်ချင်းရှုံးနိမ့်သွားစေသည့် သူ၏သာမန်ထက်လွန်ကဲသော တိုက်ခိုက်စွမ်းရည်ကိုလည်း အလွယ်တကူရှင်းပြပြီး ဖြစ်သွားပေမည်။ မလိုလားအပ်သော အရှုပ်အထွေးများမှလည်း ရှောင်ကြဉ်ပြီးဖြစ်သွားမည်ဖြစ်၏။ ကျန်းခိုင် ချက်ချင်းရှုံးနိမ့်သွားရခြင်းမှာ ကျန်းခိုင်သည် ဘဝင်မြင့်ဟန်လုပ်နေခဲ့ပြီး အဆင်ခြင်မဲ့စွာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေခဲ့သောကြောင့်ဖြစ်သည်ဟု တွေးကြပေလိမ့်မည်။ လင်းဇီချန်၌ ကျန်းခိုင်အား တစ်ချက်တည်းဖြင့် ရှုံးနိမ့်အောင်လုပ်ဆောင်နိုင်သည့်စွမ်းရည် ရှိနေသောကြောင့်ဟု မည်သူမျှ ထင်ကြလိမ့်မည် မဟုတ်တော့ပေ။
“ပါရမီရှင်ပဲ ဇီချန် မင်းက တကယ်ပါရမီရှင်ပဲ”
“မင်းသိုင်းပညာရှင်အဖွဲ့ကိုဝင်လာတာ တစ်လကျော်လေးပဲရှိသေးတာကို အခုတည်းက အဖွဲ့ရဲ့aceဖြစ်သွားပြီ”
“ဒီနှစ် ခရိုင်အဆင့်သိုင်းပညာပြိုင်ပွဲကျရင် ငါတို့ရှန့်ဟိုင်အထက်ကျောင်းက သေချာပေါက် တခြားကျောင်း၉ကျောင်းကို အနိုင်ရပြီး ခရိုင်အဆင့် ပထမဆုကိုသိမ်းပိုက်နိုင်တော့မှာပဲ”
ကောရှောင်းယွမ်သည် တောက်ပသောအပြုံးဖြင့် လင်းဇီချန်ကို ပခုံးပုတ်လျက်ပြောနေသည်။
ထိုစဉ် ကနဦး၌ လင်းဇီချန်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေခဲ့သော ကျန်းခိုင်သည်လည်း သူ၏အဆင်အခြင်မဲ့ခြင်းကြောင့် လင်းဇီချန်အား ရှုံးနိမ့်ခဲ့ရသည်ဟု ယုံကြည်သွားခဲ့ကာ မိမိရှုံးနိမ့်ကြောင်း လက်ခံသွားခဲ့သည်။ ကျန်းခိုင်သည် လင်းဇီချန်နှင့် အခြားအဖွဲ့ဝင်များ၏ပြိုင်ပွဲကို သေချာအာရုံစိုက်ကြည့်ခဲ့ပြီးနောက် မိမိမှာ လင်းဇီချန်ထက် အမှန်တကယ် နောက်ကျကျန်ရစ်နေခဲ့သည်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့် စောဒသတက်ဖွယ်အကြောင်းရင်းလည်း မရှိတော့ချေ။
“ဇီချန် ငါကျန်းခိုင် ရှုံးတာ ဝန်ခံပါတယ်။ နောက်ဆက်တွဲအကျိုးဆက်ကိုလည်း ငါလက်ခံမှာပါ။ မင်းငါ့ခေါင်းပေါ်မှာ အညစ်အကြေးစွန့်ရင်တောင်မှ ငါမင်းကို မကျေနပ်တဲ့စကား လုံးဝပြောမှာမဟုတ်ဘူး”
ကျန်းခိုင်သည် လင်းဇီချန်ကိုကြည့်လျက်ပြောသည်။ အော်ပြောနေသောကြောင့် သူ၏အသံမှာ ဟိန်းထွက်နေလေရာ ကျမ်းကျိန်နေသည့်အလားပင်။
ကျန်းခိုင်၏အတွေးထဲ၌ ဤသို့ မိမိစကားကိုတည်၍ ရှုံးနိမ့်မှုကို ဝန်ခံရန်ဆန္ဒရှိခြင်းသည် မိန်းကလေးများ၏ သဘောကျနှစ်ခြိုက်မှုကို သေချာပေါက်ရယူနိုင်ပြီး ကြည့်ကောင်းလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် ပွဲကြည့်နေသည့်မိန်းကလေးများသည် ကျန်းခိုင်၏စကားကို “ခေါင်းပေါ် အညစ်အကြေးစွန့်”ဟူသည့် မနှစ်မြို့ဖွယ်စကားလုံးများကိုသာ တဲ့တိုးဆန်စွာ ကြားသိနားလည်လိုက်ကြ၏။ ထို့ကြောင့် မိန်းကလေးများသည် ကျန်းခိုင်သည် ကြမ်းတမ်းရိုင်းစိုင်းသည်ဟု တွေးထင်လိုက်ကြပြီး အကြည့်တစ်ချက်ပင် မစွန့်ကြဲလိုကြတော့ပေ။
လင်းဇီချန်သည် ကျန်းခိုင်ကို အရေးစိုက်ရန် အချိန်မရှိချေ။ လေဟာပြင်ရှိ အသိပေးစာကိုသာ မျက်မှောင်ကြုတ်လျက် ကြည့်နေ၏။
(အောင်မြင်မှုမစ်ရှင် - တရားဝင်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်၁၀၀၀ကို အခြေခံအကျဆုံးသိုင်းကွက်များဖြင့် အနိုင်ယူရန်)
(ဆုလာဘ် - သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း - ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ)
(အနိုင်ရပြီးသော ပြိုင်ဘက်စုစုပေါင်း - ၁/၁၀၀၀)
အနိုင်ရရှိပြီးသူမှတ်တမ်းသည် ကျန်းခိုင်ကို အနိုင်ရယူချိန်၌သာ တိုးတက်သွားခဲ့ပြီး ကျန်အဖွဲ့ဝင်၆ယောက်အား အနိုင်ယူခဲ့ခြင်းကို ထည့်မတွက်ပေ။
ကျန်းခိုင်ကို အနိုင်ယူခဲ့ချိန်က ထွက်ပေါ်လာသည့် အသိပေးစာကို ပြန်လည်တွေးတော၍ ဂရုတစိုက်စဥ်းစားတွေးတောပြီးနောက် နောက်ဆုံးတွင်တော့ ကောက်ချက်ချနိုင်ခဲ့သည်။
ပြိုင်ပွဲတိုင်းသည် မစ်ရှင်၏တိုးတက်မှုမှတ်တမ်းကို တိုးတက်စေနိုင်သည် မဟုတ်ပေ။ ပြိုင်ဘက်သည် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီး ကြင်ဖက်ရွေးချယ်ခွင့်အတွက် ယှဉ်ပြိုင်လိုခြင်းကဲ့သို့သော ရှုပ်ထွေးပွေလီသော စိတ်ဝင်စားမှုရှိသည့် ပြိုင်ဘက်မျိုး ဖြစ်ရပေမည်။
“ကြည့်ရတာ ဒီမစ်ရှင်ကိုအောင်မြင်ဖို့အတွက်ဆို ငါနောက်ကို ပြိုင်ပွဲတွေ အများကြီးဝင်ပြိုင်ရမယ်ထင်တယ်”
လင်းဇီချန် စိတ်ထဲမှရေရွတ်လိုက်သည်။
ပြိုင်ပွဲအားလုံးသည် ယှဉ်ပြိုင်လိုစိတ် ပြည့်ဝကြသည်ဖြစ်၏။ အဆင့်အတွက် ယှဉ်ပြိုင်ခြင်း၊ ဆုကြေးငွေအတွက် ယှဉ်ပြိုင်ခြင်းစသည်ဖြင့် အကြောင်းရင်း အမျိုးမျိုးရှိကြသည်။ ထို့ကြောင့် ပြိုင်ပွဲများတွင် ပြိုင်ဘက်ကို အနိုင်ရယူနိုင်သ၍ ဤအောင်မြင်မှုမစ်ရှင်၏ တိုးတက်မှုမှတ်တမ်းကို သေချာပေါက် တိုးတက်စေနိုင်လိမ့်မည်ဖြစ်သည်။
အခန်း ၃၂
သိုင်းပညာ၏လမ်းစဉ်နောက်လိုက်ခြင်း
အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီး သတိမထားမိလိုက်မီ၌ပင် လင်းဇီချန် သိုင်းပညာရှင်အဖွဲ့အား လွှမ်းမိုးခဲ့သည်မှာ အချိန်တစ်လကျော်ကြာမြင့်သွားခဲ့လေပြီ။
ထိုနေ့မှစတင်၍ လင်းဇီချန်၏ အဖွဲ့အတွင်းအဆင့်အတန်းမှာ ပြောင်းလဲသွားခဲ့သည်။ လူသစ်လေးမှ အဖွဲ့၏ aceအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့၏။ မည်သို့ပင်ဖြစ်စေ ပြောင်းလဲသွားခဲ့သည်မှာ အဖွဲ့၏နည်းပြနှင့် အဖွဲ့ဝင်များ၏ သူ့အပေါ် သဘောထားအမြင်များသာ ဖြစ်ခဲ့သည်။ လင်းဇီချန်ကိုယ်တိုင်သည်တော့ စိုးစဉ်းမျှ မပြောင်းလဲပါချေ။
ကျောင်းဆင်းချိန်ပြီးနောက် အားကစားခန်းမသို့ လေ့ကျင့်ရန် သွားရောက်မြဲဖြစ်ပြီး တစ်ဦးတည်းလေ့ကျင့်ရန် နေရာရှာဖွေမြဲဖြစ်သည်။ ပုံမှန်ကဲ့သို့ ညနေ၆နာရီခွဲအထိ လေ့ကျင့်ပြီးနောက် ရေချိုး၍ အိမ်ပြန်သွားမြဲဖြစ်သည်။
ရှန်ချင်းဟန်သည်လည်း လင်းဇီချန်နှင့် အိမ်အတူတူပြန်ရန်အတွက် အားကစားခန်းမတွင် လင်းဇီချန်ကို နေ့တိုင်းစောင့်ဆိုင်းပေးမြဲဖြစ်သည်။ လင်းဇီချန်ကို စောင့်ဆိုင်းနေချိန်တွင် ရှန်ချင်းဟန်သည် စာဖတ်နေခြင်း သို့မဟုတ် မေးခွန်းများလေ့ကျင့်နေတတ်သည်။ ရံဖန်ရံခါတွင် ဖုန်းထုတ်၍ လင်းဇီချန်ကို ဓာတ်ပုံများ ရိုက်နေတတ်သည်။ သို့ဖြင့် လင်းဇီချန်အား စောင့်ဆိုင်းချိန်ကို အတော်လေးသာသာယာယာ ဖြတ်သန်းပေသည်။
တစ်ခါတစ်ရံတွင် ချွေးများ အလွန်အမင်းစီးကျနေသည့် လင်းဇီချန်ကို ချွေးသုတ်ပေးတတ်သည်။ သူတို့၏အပြန်အလှန် ပြောဆိုပြုမူကြသည့်မြင်ကွင်းကို မြင်တွေ့နေရသည့် အားကစားခန်းမထဲမှလူများသည် သူတို့နှစ်ဦးကို အားကျခြင်းကြီးစွာ ကြည့်တတ်ကြသည်။
မိန်းကလေးများသည် ရှန်ချင်းဟန်ကို အားကျကြ၏။ လင်းဇီချန်၏ ငယ်သူငယ်ချင်းဖြစ်နေပြီး လင်းဇီချန်၏ဘေးတွင် နေ့တိုင်းအတူရှိနေနိုင်သောကြောင့် အားကျကြသည်။ ယောင်္ကျားလေးများသည် လင်းဇီချန်၌ ရှန်ချင်းဟန်ကဲ့သို့ အခြားသူကို မည်သို့ဂရုစိုက်ပေးရမည်ကိုသိနားလည်သည့် ငယ်သူငယ်ချင်းရှိသောကြောင့် အားကျကြသည်။
လူအများ၏အားကျမှုအပေါ် လင်းဇီချန်၏ စိတ်အတွင်းမှ တုံ့ပြန်မှုသည်တော့ မည်သည့်လှိုင်းဂယက်မျှ မရှိပါချေ။ ရှန်ချင်းဟန်သည်တော့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ စိတ်နှလုံးနှင့်လိုက်ဖက်ညီစွာ သက်တူရွယ်တူမိန်းကလေးများ၏ သူမအပေါ် အားကျသည့်အကြည့်များကို ကျေနပ်နှစ်ခြိုက်ပေသည်။
“ဟန်ဟန် သွားရအောင်”
အားကစားခန်းမထဲ၌ လင်းဇီချန်သည် လေ့ကျင့်မှုပြီးဆုံးသွားပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာကာ တံခါးနားတွင် တိတ်တဆိတ်စောင့်ဆိုင်းနေသည့် ရှန်ချင်းဟန်ကို ပြောလိုက်သည်။
လင်းဇီချန်၏အသံကိုကြားသောအခါ ရှန်ချင်းဟန်သည် နာခံစွာဖြင့် လင်းဇီချန်နောက်သို့ လိုက်လာသည်။ ခပ်မြင့်မြင့်စည်းနှောင်ထားသော ဆံပင်သည် သူမ၏ခြေလှမ်းနှင့်အတူ လှုပ်ယိမ်းနေလျက် မိန်းကလေးငယ်လေးတစ်ဦး၏ ငယ်ရွယ်နုပျိုတက်ကြွသော စိတ်ဝိဉာဉ်များ ပြည့်လျှံနေပေသည်။
အားကစားခန်းမတွင် လေ့ကျင့်မှုလုပ်ဆောင်နေကြဆဲဖြစ်သော အဖွဲ့ဝင်၇ဦးသည် အမြဲအတူ တွဲသွားတွဲလာလုပ်နေကြသည့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို အားကျမှုပြည့်နှက်သောအကြည့်များဖြင့် လိုက်ကြည့်နေကြ၏။
“တော်ပြီ။ အားကျနေတာတွေရပ်ပြီး လေ့ကျင့်တာကို အာရုံစိုက်ကြမယ်”
“နွေရာသီကျောင်းပိတ်ရက် နီးလာပြီ။ နှစ်သစ်အတွက် အလယ်တန်းကျောင်း၈ကျောင်း ပါဝင်ကြမယ့် သိုင်းပညာပြိုင်ပွဲလည်း နီးလာနေပြီ။ အရင်လိုပဲ ပြိုင်ပွဲဝင်၅နေရာပဲရှိမှာ။ အတော်ဆုံးလူတွေကပဲ နေရာရယူနိုင်လိမ့်မယ်”
“အခု ဇီချန်က တစ်နေရာရဖို့ အာမခံချက်ရှိပြီ။ မင်းတို့၇ယောက်ယှဉ်ပြိုင်ဖို့ ၄နေရာပဲကျန်မယ်။ ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့သူကပဲ ယှဉ်ပြိုင်ဖို့အခွင့်အရေးရနိုင်မယ်”
ငယ်သူငယ်ချင်းနှစ်ဦး ထွက်ခွာသွားသည်ကို ငေးမောနေကြသော အဖွဲ့ဝင်များကိုမြင်သောအခါ ကောရှောင်းယွမ်သည် စကားလုံးအချို့ဖြင့် ချက်ချင်းလှုံ့ဆော်လိုက်သည်။ ထိုအခါမှ အဖွဲ့ဝင်၇ယောက်သည် လေးနက်သည့်အမူအရာများသို့ ရုတ်ချည်းပြောင်းလဲသွားကြပြီး လေ့ကျင့်ရေးတွင် ပြန်လည်အာရုံစိုက်ကြတော့သည်။
သူတို့ထဲမှ ၅ဦးသည် ဂျူနီယာအထက်တန်း တတိယနှစ်ကျောင်းသားများဖြစ်ကြသည်။ ထို့ကြောင့် ဤနှစ်၏ အလယ်တန်းကျောင်းသိုင်းပညာပြိုင်ပွဲသည် သူတို့အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လေရာ သူတို့အားလုံး နောင်တများ မကျန်ရစ်လိုကြပါချေ။
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ပထမနှစ် ဒုတိယနှစ်ဝက်သည် ပြီးဆုံးတော့မည်ဖြစ်၏။ နောက်ဆုံးစာမေးပွဲဖြေဆိုရန် တစ်ပတ်ခန့်သာ လိုတော့သည်။
ထိာတစ်ပတ်အတွင်း ရှန်ချင်းဟန် ရလဒ်ကောင်းရရှိရေးအတွက် ကူညီနိုင်ရန် လင်းဇီချန်သည် ရှန်ချင်းဟန်၏အခန်းသို့ ညတိုင်းသွားရောက်၍ သူမအတွက် လိုအပ်သည့်အသိပညာများကို ရှာဖွေဖြည့်ဆည်းပေးသည်။
ယနေ့ညနေတွင်
ညစာစား၍ ရေချိုးသန့်စင်ပြီးနောက် လင်းဇီချန် ရှန်ချင်းဟန် အိမ်သို့သွားခဲ့သည်။ ရွှီမုန့်သည် လင်းဇီချန် အချိန်မှန်ရောက်လာမည်ကို သိသောကြောင့် တံခါးဖွင့်လျက် အိမ်တံခါးဝတွင် စောင့်ဆိုင်းနေသည်။
လင်းဇီချန်ကိုမြင်သောအခါ အပြုံးဖြင့်ပြော၏။
“ရှောင်ချန် သား ခုရက်ပိုင်း ဟန်ဟန်ကို စာပြပေးဖို့အတွက် ညတိုင်းလာပေးနေတာ တကယ်ကို အကူအညီအကြီးကြီးဖြစ်ရပါတယ်။ စာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် အန်တီမုန့်က သားလိုချင်တာ ဘာဖြစ်ဖြစ် လက်ဆောင်တစ်ခုဝယ်ပေးမယ်”
“ကျွန်တော့်ကို အားနာဖို့မလိုဘူး အန်တီမုန့်။ ကျွန်တော်နဲ့ ဟန်ဟန်က အတူတူကြီးပြင်းလာခဲ့ကြတာ။ အဲဒါကြောင့် ဟန်ဟန့်ကို ကူညီပေးတယ်ဆိုတာ ဖြစ်သင့်တာပါပဲ”
လင်းဇီချန် ပြုံးလျက် ပြန်ပြောလိုက်သည်။
ထို့နောက် အိမ်ထဲသို့ဝင်၍ ဒုတိယထပ်သို့ တက်သွားခဲ့သည်။ ရှန်ချင်းဟန်၏အခန်းသည် ဒုတိယထပ်တွင်ဖြစ်သောကြောင့် လင်းဇီချန်၏အခန်းနှင့် နံရံနှစ်ထပ်သာ ခြား၏။ အခန်းချင်းကပ်နေသည်ဟုလည်း သတ်မှတ်နိုင်ပေသည်။ ရှန်ချင်းဟန်၏ တစ်ဝက်ဖွင့်ထားသော အခန်းတံခါးရှေ့တွင် လင်းဇီချန် ရပ်တန့်လိုက်သည်။
လင်းဇီချန်သည် များများစားစားတွေးတောမနေဘဲ အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။
“ချင်းဟန် ငါ…”
လင်းဇီချန်သည် ‘’ငါရောက်ပြီ'ဟု ပြောချင်ခဲ့ခြင်းဖြစ်၏။ သို့သော် စကားမဆုံးမီ၌ လျှာကိုက်မိလုနီးဖြစ်သွားရကာ ခန္ဓာကိုယ်သည် နေရာ၌ တောင့်ခဲသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် လင်းဇီချန် တံခါးတွန်းဖွင့်ဝင်လိုက်ချိန်တွင် အခန်းထဲရှိမိန်းကလေးသည် အိပ်ရာထက်တွင်ထိုင်၍ သူမ၏ညဝတ်ဘောင်းဘီကို ဆွဲတင်နေခဲ့သောကြောင့်ပင်။ ဆွဲတင်လက်စ ညဝတ်ဘောင်းဘီအထက်တွင် သေးခံဘောင်းဘီကို ထင်ထင်ရှားရှားမြင်နေရ၏။
လင်းဇီချန်: “...”
ရှန်ချင်းဟန် : “...”
ထိုအခိုက်အတန့်၌ နှစ်ဦးလုံးသည် တိတ်ဆိတ်နေကြသည်မှာ လေထုပင် အခဲဖြစ်တည်လာတော့မည့်အလား အတော်လေး ကသိကအောက်နိုင်လှပေသည်။ အချိန်ခဏကြာပြီးနောက် ပြန်လည်စိတ်တည်ငြိမ်သွားခဲ့သော လင်းဇီချန်မှ တိတ်ဆိတ်မှုကို ဦးစွာဖြိုခွင်းလိုက်သည်။
“အာ… ငါခဏနေမှ ပြန်လာခဲ့လိုက်မယ်”
ထို့နောက် အခန်းတံခါးကိုပိတ်ပေးခဲ့ပြီး ကတိုက်ကရိုက် လှည့်ထွက်လာခဲ့သည်။ လင်းဇီချန် ထွက်သွားပြီးနောက် ရှန်ချင်းဟန်၏မျက်နှာသည် နီရဲလာခဲ့ကာ စောင်ကို ခေါင်းပေါ်သို့အုပ်ပစ်လိုက်ပြီး အိပ်ရာထက်တွင် မလှုပ်မယှက်နှင့် ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေတော့သည်…
လူမှုအဖွဲ့အစည်းမှ ပျောက်ကွယ်သွားပြီး တခြားဂြိုဟ်တစ်ခု၌ သွားနေပစ်လိုက်ချင်သည်ဟု ခံစားနေရပေသည်။
၁၀မိနစ်ကြာပြီးနောက်
လင်းဇီချန်သည် အချိန်လုံလောက်ပြီဟု ခံစားရပေသည်။ ထို့ကြောင့် လက်ဆန့်ထုတ်၍ တံခါးခေါက်လိုက်သည်။ အသံထဲမှ ကသိကအောက်ဖြစ်နေမှုကိုမူ မဖုံးကွယ်နိုင်ပေ။
“ဟန်ဟန် ငါဝင်လာလို့ရပြီလား”
“အမ်…”
ကြားနိုင်ရုံမျှသောအသံလေး အခန်းထဲမှထွက်လာသည်။ ရှန်ချင်းဟန်သည်လည်း မကြာမီက ဖြစ်သွားခဲ့သည့် ကသိကအောက်အခြေအနေမှ ပြန်လည်မကောင်းမွန်လာသေးကြောင်း ဖော်ပြနေပေသည်။
လင်းဇီချန်သည် ဘာမျှမဖြစ်ပျက်ခဲ့သည့်အလား ဟန်ဆောင်၍ တည်ငြိမ်အေးဆေးသောမျက်နှာအမူအရာဖြင့် အခန်းထဲသို့ ဝင်လိုက်သည်။
“ငါ… ငါညအိပ်တဲ့အချိန်ပဲ သေးခံဝတ်ဖို့လိုတာပါ။ နေ့ဘက်ဆို ဝတ်ဖို့မလိုပါဘူး”
ရှန်ချင်းဟန်သည် နှုတ်ခမ်းကိုဖိကိုက်လျက် တုံ့ဆိုင်းစွာပြောလာသည်။ သူမ၏ မျက်နှာလှလှလေးမှာ ရှက်ရွံ့မှုကြောင့် သွေးနီရောင်သန်းနေ၏။
လင်းဇီချန်သည် မည်သို့တုံ့ပြန်ရမည် မသိသောကြောင့် ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
“အင်း ငါသိတယ်”
ထို့နောက် နှစ်ဦးလုံးတိတ်ဆိတ်သွားကြပြန်ကာ လေထုအခြေအနေသည် ပြန်လည်၍ ကသိကအောက်ဆန်လာခဲ့သည်။ သို့သော် ရှန်ချင်းဟန်သည် အေးစက်မှုကို ဖြိုခွင်းရန် ခပ်မြန်မြန်ဆုံးဖြတ်လိုက်သည်။ သူမ၏လက်ချောင်းဖြူသွယ်သွယ်များဖြင့် ဆံပင်ကိုဆော့ကစားလျက် တတ်နိုင်သမျှ ပုံမှန်အတိုင်း စကားစမြည်ပြောဆိုသည်။
“ဒီနေ့ညစာစားတော့ ငါ အဖေနဲ့အမေကို တစ်ခုမေးခဲ့တယ်။ ငါ ဆံပင်စည်းထားတာနဲ့ ဆံပင်ချထားတာ ဘယ်ဟာပိုလှလဲလို့လေ”
“အဲဒါ ငါ့အဖေက ဆံပင်ချထားတာ ပိုလှတယ်တဲ့။ ငါ့အမေကကျ ဆံပင်စည်းတာ ပိုလှတယ်တဲ့လေ”
“ဒါဆို နင့်အမြင်မှာရော ငါ ဆံပင်ကိုတစ်ချောင်းတည်းစည်းတာ၊ နှစ်ဖက်ခွဲစည်းတာနဲ့ ဆံထုံးထုံးတာ ဘယ်ဟာပိုလှတယ်ထင်လဲ”
“ဆံထုံးထုံးတာနဲ့ တစ်ချောင်းတည်းစည်းတာ ပိုကြိုက်တယ်”
“အဲဒါဆို ငါမနက်ဖြန်ကျ ဆံထုံးထုံးမယ်။ နောက်တစ်နေ့ကျ ဆံပင်စည်းမယ်… အိုး ဟုတ်သားပဲ ဆံပင်စည်းတာက အမြင့်စည်းတာနဲ့ အနိမ့်စည်းတာ ဘယ်ဟာပိုလှတယ်ထင်လဲ”
“အမြင့်စည်းတာ ပိုလှတယ်ထင်တယ်…”
တဖြေးဖြေးနှင့် စကားဝိုင်းသည် ပို၍လွတ်လပ်လာခဲ့ပြီး လင်းဇီချန် အခန်းထဲသို့ ဝင်လာခဲ့ခါစထက် ပို၍သက်သောင့်သက်သာဖြစ်လာသည်။ သေးခံအကြောင်းကို လုံးဝမေ့လျော့သွားကြပြီး ဘယ်သောအခါမျှ ထပ်မံထုတ်မပြောကြတော့မည်ကဲ့သို့ပင်။ ေထို့နောက် ညပိုင်း၏ အဓိကအစီအစဉ်ကို စတင်လုပ်ဆောင်ကြသည်။ တစ်ယောက်သည် ကျောင်းသားအဖြစ်၊ တစ်ယောက်သည် ဆရာအဖြစ် သင်ပြပေးပြီး စာကြည့်စားပွဲရှေ့၌ အကျိုးရှိသည့်တစ်ညနေကို ကုန်ဆုံးခဲ့ကြသည်။
အချိန်များကုန်ဆုံးသွားခဲ့ပြီး ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ရှန့်ဟိုင်အထက်တန်းကျောင်းတွင် စာသင်နှစ်ဆုံးစာမေးပွဲကြီးကို ကျင်းပသည်။
ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်သော လင်းဇီချန်သည် တစ်ကျောင်းလုံးပထမနေရာကို အခက်အခဲမရှိ ရယူနိုင်ခဲ့ပြန်သည်။ ရှန်ချင်းဟန်လည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တစ်နှစ်အတွင်း၌ ပထမနှစ်စတွင် နောက်ဆုံးနံပါတ်၃နေရာမှ ယခု၌ အတန်းတွင်း ထိပ်ဆုံးကျောင်းသား၂၀သို့ ရောက်ရှိလာခဲ့သည်။ သို့ဖြင့် တိုးတက်မှုအားအကောင်းဆုံးဆုကို ဂုဏ်ယူဖွယ် လက်ခံရရှိခဲ့သည်။ ဤဖြစ်စဉ်တစ်လျှောက်၌ သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုသာမက လင်းဇီချန်၏ကူညီသင်ပြမှုသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။
“ရှောင်ချန် ငါ့ရဲ့အားနည်းချက်တွေကို ရှာဖွေပြင်ဆင်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ငါတကယ်စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တာ”
စာသင်ခန်းထဲ၌ ရှန်ချင်းဟန်သည် “တိုးတက်မှုအားအကောင်းဆုံး'ဆုတံဆိပ်ကို ကိုင်ဆောင်၍ လင်းဇီချန်အား ပျော်ရွှင်မြူးထူးစွာဖြင့် ပြောသည်။
လင်းဇီချန် ပြုံးလျက် ပြောလိုက်သည်။
“နင် စာလေ့လာတာ လုံ့လဝီရိယရှိလို့ပါ”
“ရှောင်ချန် ဒီတိုးတက်မှုနှုန်းနဲ့ဆိုရင် ၂နှစ်အတွင်းမှာ ငါနင်နဲ့အခန်းအတူတူ သေချာပေါက်ရနိုင်လောက်တယ်။ အဲဒါဆို ငါတို့နှစ်ယောက် ထိုင်ခုံဖော်တွေ ဆက်လုပ်လို့ရပြီ”
ရှန်ချင်းဟန်မှ စိတ်အားထက်သန်စွာပြောသည်။
တစ်ခန်းထဲမှာ ထိုင်ခုံဖော်တွေဆက်လုပ်ကြမယ်။
ထိုအခါမှ လင်းဇီချန်သည် အထက်တန်းတွင် သိုင်းပညာအတန်းကိုယူရန် ဆုံးဖြတ်ထားခဲ့သည်အား ရှန်ချင်းဟန်ကို မပြောပြရသေးကြောင်း ရုတ်တရက် သတိရသွား၏။ ထို့ကြောင့် ပြောလိုက်သည်။
“ဟန်ဟန် ငါအထက်တန်းကျရင် သိုင်းပညာအတန်းကိုယူဖို့ ဆုံးဖြတ်ထားတယ်”
“ဒါဆို ငါလည်း အထက်တန်းကျ သိုင်းပညာအတန်းကိုယူလိုက်မယ်လေ”
ရှန်ချင်းဟန်မှ တွေဝေတုံ့ဆိုင်းခြင်းမရှိ ပြန်ပြောသည်။
လင်းဇီချန်သည် ရှန်ချင်းဟန်မှာ သိုင်းပညာလမ်းကြောင်းနှင့် ကိုက်ညီမှုရှိ၊မရှိ မသေချာပေ။ သို့သော် ရှန်ချင်းဟန်၏ သူမနှင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သူနှင့်အတူ အတန်းတက်ရန် ပြတ်သားခိုင်မာနေသည်ကို ကြည့်ရသည်မှာ ဆုံးဖြတ်ချက်ချပြီးဖြစ်ပုံရ၏။
“သိုင်းပညာလမ်းကြောင်းကိုလျှောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် အခုကစပြီး နင်ရဲ့အဓိကအာရုံစိုက်လေ့လာမှုကို ပြောင်းလဲဖို့လိုတယ်။ ထူးခြားဆန်းပြားသားရဲတွေ၊ မျိုးရိုးဗီဇပေါင်းစပ်မှုတွေ၊ စက်ဖြင့်ပြုပြင်မွမ်းမံမှုအကြောင်းတွေကို ပိုပြီးလေ့လာဖို့လိုတယ်”
လင်းဇီချန် အကြံပေးလိုက်သည်။
“အင်း ငါအကောင်းဆုံးကြိုးစားမယ်”
ရှန်ချင်းဟန်မှ ပြတ်သားခိုင်ကြည်စွာ ပြောသည်။
ရှန်ချင်းဟန်သည် ထိုနယ်ပယ်၏အသိပညာဗဟုသုတတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပါ၏။ မည်သို့ပင်ဖြစ်စေ သူမ ငယ်ငယ်က လင်းဇီချန်နှင့်အတူ ထိုနယ်ပယ်နှင့်သက်ဆိုင်သည့် စာအုပ်များစွာကို ဖတ်ခဲ့ဖူးသည် မဟုတ်ပါလော။ သူမ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိသည့် တစ်ခုတည်းသောအပိုင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြစ်သည်။
လင်းဇီချန်လည်း ထိုအချက်ကိုတွေးမိသောကြောင့် အကြံပေးလာခဲ့၏။
“ဒါဆို နေ့လည်ခင်းကျောင်းဆင်းချိန်တွေမှာ ငါနဲ့အတူ အားကစားခန်းမကိုလိုက်ခဲ့။ ငါနင့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းနည်းနည်း သင်ပေးမယ်”
“ကောင်းပြီ။ငါ ရှောင်ချန်ပြောသမျှ နားထောင်မယ်”
ရှန်ချင်းဟန်မှ နာခံစွာ ခေါင်းညိတ်သည်။
လင်းဇီချန် အကြံပေးသည့်အတိုင်း လိုက်နာလုပ်ဆောင်ခြင်းသည် အမြဲမှန်ကန်သည်ဟု သူမ၏ငယ်ဘဝအတွေ့အကြုံများမှ ပြောပြနေခဲ့သည်။
အခန်း ၃၃
အကွာအဝေးလျှော့ချတိုက်ကွက်
“အားလုံးပဲ သေချာလေ့ကျင့်ကြမယ်”
“အားထုတ်မှုကို မလျှော့ချလိုက်နဲ့”
“ပြိုင်ပွဲအတွက် နေရာ၄နေရာပဲကျန်တယ်။ ကောင်းကောင်းလုပ်နိုင်တဲ့သူပဲ ပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြုအဖြစ် ပါဝင်နိုင်မှာ”
အားကစားရုံထဲ၌ ကောရှောင်းယွမ်သည် ပုံမှန်မြင်တွေ့ရတတ်သော လွတ်လပ်စွာဆောင်ရွက်သောစနစ်ကို စွန့်ပစ်၍ အဖွဲ့ဝင်များကို လေ့ကျင့်ရန် တင်းတင်းကျပ်ကျပ် လှုံ့ဆော်နေသည်။ နောက်ဆုံးစာမေးပွဲပြီးဆုံးသည်နှင့် သိုင်းပညာရှင်အဖွဲ့သည် နွေလယ်တွင်ကျင်းပပြုလုပ်မည့် ဤတစ်နှစ်၏ အရေးကြီးဆုံးသော သိုင်းပညာပြိုင်ပွဲအတွက် အသင့်ပြင်နေကြသည်။
ထိုသိုင်းပညာပြိုင်ပွဲကို ခရိုင်အတွင်း အလယ်တန်းကျောင်း၈ကျောင်း အတူတကွ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဩဂုတ်လ၁ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထား၏။ ထို့ကြောင့် ပြိုင်ပွဲမကျင်းပမီလများတွင် ကောရှောင်းယွမ်သည် အဖွဲ့ဝင်များကို ကျောင်းသို့ခေါ်၍ လေ့ကျင့်ရေးဆင်းစေခဲ့သည်။ ထို့နောက်တွင်မှ လေ့ကျင့်ရေးစခန်းအတွင်း သူတို့၏လုပ်ဆောင်ချက်အပေါ် မူတည်၍ ကျောင်းကိုယ်စားပြုယှဉ်ပြိုင်မည့် အဖွဲ့ဝင်လေးဦးကို ရွေးချယ်ပေမည်။
ကောရှောင်းယွမ်သည် အဖွဲ့ဝင်၇ဦးကို ကြိုးစားလေ့ကျင့်ရန် တိုက်တွန်းနေစဉ်၌ လင်းဇီချန်သည်တော့ ပြိုင်ပွဲဝင်တစ်နေရာကို ရရှိပြီးဖြစ်ရာ အခြားအဖွဲ့ဝင်များနှင့်အတူ မလေ့ကျင့်ပေ။ ထိုအစား အဖွဲ့ဝင်များ လေ့ကျင့်နေသည့်ဘေးတွင် ရှန်ချင်းဟန်ကို လေ့ကျင့်သင်ပြပေးနေသည်။
အထက်တန်းတွင် သိုင်းပညာအတန်းကိုယူရန် ရှန်ချင်းဟန် ဆုံးဖြတ်ချက်ချပြီးချိန်မှ စတင်၍ လင်းဇီချန်သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အခြေအနေကို တိုးတက်စေရန်အတွက် နွေရာသီလေ့ကျင့်ရေးအစီအစဉ်တစ်ခု တီထွင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကြီးထွာဖွံ့ဖြိုးမှုကို သက်ရောက်မှုမရှိစေရန်အတွက် လေ့ကျင့်ရေးအစီအစဉ်၏ ပြင်းထန်မှုအဆင့်မှာ မမြင့်မားပေ။ နေ့စဉ်လုပ်ဆောင်ရမည့် အရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
တစ်: သက်လုံအားကောင်းစေရန်အတွက် မီတာ၃၀၀၀ အနှေးပြေးရန်။
နှစ်: ခြေလက်ကြံ့ခိုင်ဖို့အတွက် သိုင်းကွက်တစ်နာရီလေ့ကျင့်ရန်။
သုံး: ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးတက်ရန်အတွက် ဒိုက်ထိုးခြင်း၊ အိပ်ထမတင်၊ squatsထိုင်ခြင်း၊ pull-upsနှင့် အခြားကြွက်သားလေ့ကျင့်ခန်းများကို လုံလောက်ရုံမျှ ပြုလုပ်ရန်ဟူ၍ဖြစ်သည်။ ထိုထက်ပိုသည့် အခြားလေ့ကျင့်ခန်းများ မပြုလုပ်ခိုင်းပေ။ သို့တိုင် အနည်းငယ်အားနည်းထိခိုက်လွယ်သော ရှန်ချင်းဟန်သည် ထိုလေ့ကျင့်ခန်းများမှာ အနည်းငယ်များလွန်းသည်ဟု တွေးထင်မိပေသည်။ လေ့ကျင့်ရေးပြီးဆုံးသည်နှင့် ရှန်ချင်းဟန်သည် မြေပြင်သို့လဲကျသွားကာ အဆက်မပြတ် မောဟိုက်နေလျက် ချွေးများရွှဲရွှဲစိုနေတော့သည်။
“ဟန်ဟန် နင်လုပ်နိုင်ပါတယ်။ ဒီနေ့အတွက် လေ့ကျင့်ရးခန်းတွေကိုလည်း ချောချောမွေ့မွေ့လုပ်နိုင်ခဲ့တယ်လေ”
လင်းဇီချန် အားဖြည့်အချိုရည်ဘူးကို အဖုံးဖွင့်၍ ရှန်ချင်းဟန်ကို ကမ်းပေး၏။ နှုတ်မှလည်း ရှန်ချင်းဟန်၏လေ့ကျင့်ရေးခံယူချက်ကို ခိုင်မာစေရန်ပြောပေးနေသည်။
ရှန်ချင်းဟန် အားဖြည့်အချိုရည်ကို တစ်ငုံ၊နှစ်ငုံခန့်သောက်လိုက်သည်။ သူမ၏ အသက်ရှူနှုန်းသည် မတည်ငြိမ်သေးပေ။
“ဇီချန် လေ့ကျင့်ခန်းလုပ်ရတာ အရမ်းပင်ပန်းတာပဲ။ စာလုပ်ရတာထက် အများကြီးပိုပင်ပန်းတယ်”
“ဒါပေါ့။ ချွေးထွက်ရတာကိုး”
လင်းဇီချန် ဘေးဘက်ရှိ ယောဂဖျာကိုဖြန့်ခင်းရန် လှမ်းယူလိုက်ရင်းမှ ပြန်ပြောသည်။ ထို့နောက် ဖျာထက်တွင် ဒူးထောက်ချလိုက်ပြီး ဆက်ပြောသည်။
“လာ ယောဂဖျာပေါ်လှဲပြီး ခြေထောက်ဆန့်လိုက်၊ ငါနင့်ကို ကူညီပြီးအကြောလျှော့ပေးမယ်”
ရှန်ချင်းဟန်သည် နာခံစွာဖြင့် ယောဂဖျာပေါ်တွင် လှဲအိပ်လိုက်ပြီး သူမ၏ဖြောင့်စင်းသွယ်လျသော ခြေထောက်များကို ဆန့်လိုက်သည်။ ထို့နောက် လင်းဇီချန်သည် ကျွမ်းကျင်ပိုင်နိုင်စွာ နှိပ်နယ်ပေးသည်။ နှိပ်နယ်ပေးသည်မှာ အလွန်အားပြင်းသောကြောင့် သို့မဟုတ် ကြွက်သားများအပေါ် လှုံ့ဆော်မှုပြင်းထန်သွားသောကြောင့်လည်း ဖြစ်နိုင်၏.. ရှန်ချင်းဟန်ထံမှ ရံဖန်ရံခါ ရှက်ကိုးရှက်ကန်းနိုင်သော၊ ထိန်းချုပ်ထားသည့် ညည်းတွားသံဖျော့ဖျော့ ထွက်လာခဲ့သည်။ သူမ၏လက်များသည် ဖျာကို အလိုအလျောက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလျက် မျက်နှာလေးမှာ နာကျင်နေသည့်အမူအရာဖြစ်နေသည်။ တစ်ခါတစ်ရံ မထိန်းချုပ်နိုင်ဘဲ နာကျင်စွာအော်ညည်း၍ အားလျှော့ပါရန် ပြောထွက်လာတတ်သည်။
သို့သော် ကံဆိုးစွာဖြင့် ၎င်းမှာ ရွေးချယ်နိုင်သည့်အခွင့်အရေးမရှိပေ။
ကြွက်သားများ၌ စုပုံနေသည့် လက်တစ်အက်ဆစ်ကို အလျင်အမြန် ပပျောက်စေရန်အတွက် နှိပ်နယ်ချိန်တွင် အားသုံးဖိအားပေးရပေမည်။ သို့မဟုတ်ပါက အကျိုးသက်ရောက်မှုရှိလမ့်မည် မဟုတ်ပေ။
ဦးစွာ ခြေသလုံးကြွက်သားများကို နှိပ်နယ်သည်။ ထို့နောက် ပေါင်ကြွက်သားများ၊ နောက်ဆုံး၌ လက်မောင်းကြွက်သားများကို နှိပ်နယ်သည်။ ၁၅မိနစ်ခန့်မျှ အချိန်အတွင်း၌ လင်းဇီချန်သည် သူမ၏ တစ်ကိုယ်လုံးနီးပါးကို နှိပ်နယ်ပြီးခဲ့ပြီဖြစ်၏။
နှိပ်နယ်ခြင်း လုံလောက်ပြီဟု ခံစားရသောအခါ လင်းဇီချန်သည် သူ၏ကျောပိုးအိတ်ထဲမှ အဝတ်သန့်တစ်စုံကို ထုတ်ယူလိုက်ပြီး ရှန်ချင်းဟန်ကို ကမ်းပေးသည်။
“သွားရေချိုးလိုက်။ ပြီးရင် အိမ်ပြန်ကြမယ်”
“ကောင်းပြီ ငါမြန်မြန်ချိုးလိုက်မယ်”
ရှန်ချင်းဟန် ပြန်ပြောသည်။ ထို့နောက် ယောဂဖျာပေါ်မှထ၍ လင်းဇီချန် လက်ထဲမှ အဝတ်များကိုယူကာ အဝတ်လဲခန်းသို့ ထွက်သွား၏။ လေ့ကျင့်ရေးပြီးဆုံးတိုင်းတွင် လင်းဇီချန်၏လက်များဖြင့် နှိပ်နယ်ပေးခံရခြင်းကို ရှန်ချင်းဟန် သဘောကျပေသည်။ အနည်းငယ် မသက်မသာခံစားရသော်ငြား နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားသည်ကို ခံစားရလေရာ အလွန်တရာ စိတ်ကျေနပ်ဖွယ်ကောင်းလှပေသည်။
တစ်လကြာပြီးနောက် လေ့ကျင့်ရေးစခန်း ပြီးဆုံးသွားခဲ့သည်။ ပြိုင်ပွဲဝင်၅ယောက်ကိုလည်း ရွေးချယ်ပြီးခဲ့လေပြီ။ အဖွဲ့ဝင်များထဲမှ တက်ကြွနေခဲ့သော ကျင်းခိုင်သည် ရွေးချယ်မခံခဲ့ရပေ။ ရလဒ်ကိုသိရှိပြီးနောက်တွင် ကျန်းခိုင်သည် စိတ်ဓာတ်ကျသွားခဲ့ပြီး သိုင်းပညာရှင်အဖွဲ့ထဲမှ ထွက်သွားခဲ့သည်။ ပြိုင်ပွဲသို့ ပွဲကြည့်ပရိသတ်အဖြစ်ပင် မတက်ရောက်ခဲ့ပေ။ သို့သော် ထိုဖြစ်ရပ်ကို မည်သူမျှ များစွာဂရုမစိုက်ကြဘဲ ပုံမှန်အတိုင်းပင် ဆက်လက်လည်ပတ်နေသည်။
နောက်တစ်နေ့နံနက်၌ ကောရှောင်းယွမ်သည် ကျောင်းဘတ်စ်ကားဖြင့် အဖွဲ့ဝင်များကို ပြိုင်ပွဲအတွက် မြို့တော်အားကစားခန်းမသို့ ပို့ဆောင်ပေးသည်။ ရှန်ချင်းဟန်သည် လင်းဇီချန်၏ ပရိသတ်လေးအဖြစ် လင်းဇီချန်ကို အားပေးချင်သည်ဟူသော အကြောင်းပြချက်ဖြင့် သူတို့နှင့်အတူလိုက်ပါခဲ့သည်။
လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့သည်လည်း သားဖြစ်သူကို အားပေးရန်အတွက် အချိန်ပေး၍ ပြိုင်ပွဲသို့တက်ရောက်ကြသည်။ ရွှီမုန့်နှင့် ရှန်ကျန်ယဲ့တို့သည် စီနီယာတန်းကျောင်းသားများ၏ အတန်းများကိုဦးဆောင်ကိုင်တွယ်ခြင်းဖြင့် အလုပ်များနေကြရာ ပြိုင်ပွဲသို့တက်ရောက်ရန် အချိန်မရချေ။ သို့သော် ရှန်ချင်းဟန်အား လင်းဇီချန် ပြိုင်ပွဲဝင်နေသည်ကို ဗွီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ရန် မှာလိုက်သည်။
မြို့တော်အားကစားခန်းမ ပြိုင်ပွဲဝင်များ နားနေခန်း၌ ကျောင်း၈ကျောင်းမှပြိုင်ပွဲဝင်များ တန်းစီ၍ မိမိနှင့်ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကို မဲနှိုက်ရန် စောင့်ဆိုင်းနေကြသည်။ ပြိုင်ပွဲစည်းမျဉ်းများသည် ရိုးရှင်း၏။ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ချန်ပီယံကိုဆုံးဖြတ်ရန် ပွဲစဉ်၃ခုသာ လိုအပ်သည်။ တစ်နေ့လျှင် ပွဲစဉ်တစ်ခုနှင့် ၃ရက်ကြာပြီးနောက် ပြိုင်ပွဲပြီးဆုံးပေမည်။
ခဏအကြာ၌ ရလဒ်ထွက်လာသည်။ လင်းဇီချန်၏ ရှန့်ဟိုင်အထက်တန်းကျောင်းသည် ကံဆိုးစွာဖြင့် အင်အားအကောင်းဆုံးဖြစ်သည့် ရှန့်ဟိုင်နံပါတ်၁ အလယ်တန်းကျောင်းကို မဲနှိုက်မိခဲ့သည်။ ကောရှောင်းယွမ်သည် ရလဒ်ကိုမြင်သောအခါ ရုတ်ချည်း မျက်နှာအမူအရာပြောင်းလဲသွား၏။ အခြားအဖွဲ့ဝင်လေးဦး၏မျက်နှာများသည်လည်း သိပ်မကောင်းလှပေ။ သူတို့အားလုံး ပထမပွဲစဉ်၌ပင် ပြုတ်သွားရတော့မည်ဟု ခံစားနေရသည်။
သူတို့ထဲမှ အဖွဲ့ဝင်လီရွှီထုန်သည် ပြိုင်ပွဲမစတင်မီ၌ပင် ရှုံးနိမ့်မည့်အကြောင်း လက်လျှော့ပြောဆိုလာ၏။
“သွားပြီပဲ။ ဒီနှစ် နံပါတ်၁အလယ်တန်းကျောင်းမှာ မီတာ၁၀၀ကို ၉စက္ကန့်အတွင်းပြေးနိုင်တဲ့ လူတစ်ယောက်ပါတယ်လို့ ငါကြားထားတယ်။ ငါတို့တော့ သေချာပေါက် ကန်ထုတ်ခံရပြီပဲ”
“မင်းဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ ငါတို့မှာ ဇီချန်ရှိတယ်လေ။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာ ခုချိန််မှာ မသေချာနိုင်ဘူး”
ကောရှောင်းယွမ် လီရွှီထုန်ကို စူးရဲစွာစိုက်ကြည့်လျက် ပြော၏။
ထိုသို့ပြောခဲ့သော်ငြား နည်းပြဖြစ်သော ကောရှောင်းယွမ်သည်လည် ယုံကြည်ချက်မရှိပါချေ။ သူ၏အမြင်တွင် လင်းဇီချန်သည် အမှန်တကယ် အင်အားကြီးမားပါ၏။ သို့သော် ခြုံငုံသုံးသပ်လျှင် လင်းဇီချန်သည် ပထမနှစ်ကျောင်းသားတစ်ဦးသာဖြစ်ပြီး အပြည့်အဝ မဖွံ့ဖြိုးသေးပေ။ မီတာ၁၀၀ကို ၉စက္ကန့်အတွင်းပြေးနိုင်သည့်သူနှင့် ယှဉ်ပြိုင်ရလျှင် ရှုံးနိမ့်နိုင်သည့်ရာခိုင်နှုန်း ပိုများပေသည်။
ဘုရားသခင်! ဇီချန်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို မထိခိုက်သွားဖို့ပဲ မျှော်လင့်ပါတယ်။
သို့မဟုတ်ပါက လင်းဇီချန်၏ မိမိကိုယ်ကိုယ်ယုံကြည်မှုကို ထိခိုက်သွားနိုင်ပေသည်။ သို့ဖြစ်လျှင် ဆုံးရှုံးမှုကြီးဖြစ်ပေလိမ့်မည်။ သိုင်းပညာရှင်အဖွဲ့၏ နောင်လာမည့်၂နှစ်အတွက် အနာဂတ်အလံကို လင်းဇီချန် သယ်ပိုးထားရဦးမည်ဖြစ်၏…
ကောရှောင်းယွမ် စိတ်ထဲ၌ တွေးနေမိသည်။
လင်းဇီချန်ကိုယ်တိုင်မှာမူ မျက်နှာအမူအရာသည် တည်ငြိမ်နေလျက် စိတ်အစဉ်သည်လည်း အေးဆေးနေပေသည်။ မီတာ၁၀၀ကို ၉စက္ကန့်အတွင်း ပြေးနိုင်ခြင်းသည် အားကောင်းပါ၏။ သို့သော် ၄.၆၁စက္ကန့်အတွင်း ပြေးနိုင်သည့် လင်းဇီချန်အတွက်မူ ပုရွက်ဆိတ်ကောင်လေးကဲ့သို့ တစ်ချက်ဖိညှစ်လိုက်ရုံမျှဖြင့် အလွယ်တကူ ရှင်းလင်းပစ်နိုင်သည့်အရာလေး ဖြစ်ပေသည်။
ခဏကြာပြီးနောက် ပြိုင်ပွဲ ပထမပွဲစဉ် စတင်ခဲ့သည်။ ပထမပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များသည် ရှန့်ဟိုင်အထက်တန်းကျောင်းနှင့် ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်းဖြစ်သည်။
“မင်းတို့လေးယောက်ထဲက ဘယ်သူအရင်သွားမလဲ”
ကောရှောင်းယွမ်သည် လင်းဇီချန်၏ဘေးမှ အဖွဲ့ဝင်လေးယောက်ကို မေးမြန်း၏။
လေးယောက်လုံးသည် ပြိုင်ဘက်နှင့် ပထမဆုံးရင်ဆိုင်သူ မဖြစ်ချင်ကြသောကြောင့် တိတ်ဆိတ်လျက် နောက်ဆုတ်နေကြသည်။ လွန်ခဲ့သည့်နှစ်၏ ချန်ပီယံသည် ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်းဖြစ်ခဲ့သည်။ ယခုနှစ်တွင် လွန်ခဲ့သည့်နှစ်ကထက်ပင် ပိုမိုအားကောင်းလာကြသည်ဖြစ်ရာ တစ်ဖက်ပြိုင်ဘက်နှင့် ပထမဆုံးရင်ဆိုင်ရသူသည် ပထမဆုံး အရိုက်ခံရသူ ဖြစ်လိမ့်မည်ပင်။ ဂျူနီယာအထက်တန်းဟူသည် အရှက်တရားအပေါ် အထူးဂရုစိုက်သည့် အသက်အရွယ်ဖြစ်၏။ သို့ဖြစ်ရာ မည်သူမျှ ပထမဆုံး အရှက်ကွဲရသူ မဖြစ်လိုကြချေ။
“ဘယ်သူမှ ပထမဆုံး မပြိုင်ချင်ကြဘူးလား”
ကောရှောင်းယွမ် မျက်မှောက်ကြုတ်သွား၏။ သို့တိုင် မည်သူမျှ ပထမဆုံး မသွားလိုသည်ကို မြင်သောအခါ နောက်ဆုံးတွင်တော့ ပြောလိုက်ရလေသည်။
“ဘယ်သူမှ ပထမဆုံး မပြိုင်ချင်ဘူးဆိုမှတော့ မဲနှိုက်ဆုံးဖြတ်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ကောရှောင်းယွမ်သည် ဘောပင်နှင့်စာရွက်ယူရန် လှည့်သွားသည်။ သို့သော် ခြေနှစ်လှမ်းခန့်သာ လျှောက်ရသေးချိန်၌ လင်းဇီချန် ပြောလိုက်၏။
“နည်းပြကော ကျွန်တော်ပြိုင်မယ်”
ကောရှောင်းယွမ် ချက်ချင်းတုံ့ပြန်၏။
“မဖြစ်ဘူး။ မင်းက ငါတို့အဖွဲ့ရဲ့aceပဲ။ အကျိုးများဖို့အတွက်ဆို မင်းနောက်ဆုံးသွားမှဖြစ်မှာ”
နောက်ဆုံးမှထွက်ပြိုင်ခြင်း၏ အကျိုးကျေးဇူးသည် ပြိုင်ဘက်၏အလေ့အကျင့်များကို ဘေးမှ လေ့လာနိုင်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုယ်နှင့် ပြိုင်ဘက်ကို နားလည်သိရှိခြင်းဖြင့် ပြိုင်ပွဲတိုင်းကို အနိုင်ရရှိနိုင်ပေသည်။ သို့သော် သူ၏အင်အားဖြင့် အားလုံးကိုလွှမ်းမိုးနိုင်သည့် လင်းဇီချန်အတွက်မူ ထိုအကျိုးကျေးဇူးကို မလိုအပ်ပါချေ။ ထို့ကြောင့် လင်းဇီချန် အလေးအနက် ထပ်ပြောခဲ့သည်။
“နည်းပြကော ကျွန်တော် ပထမဆုံးသွားပြိုင်ချင်ပါတယ်”
ကောရှောင်းယွမ် တိတ်ဆိတ်သွားပြီး ချက်ချင်းပြန်မဖြေပေ။ သို့သော် လင်းဇီချန်၏ မျက်လုံးများထဲမှ လေးနက်မှုနှင့် ကျန်လေးယောက်သည်လည်း ပထမဆုံး မပြိုင်လိုကြသည်ကို မြင်သောအခါ အဆုံးတွင်တော့ သဘောတူလိုက်ရန်သာ တတ်နိုင်လေသည်။
“ဒါဆိုလည်း ကောင်းပြီ။ ဇီချန် မင်းအရင်ဆုံးပြိုင်လိုက်ပါ”
ပထမဆုံးပြိုင်ပွဲဝင်ကို ကျောင်းနှစ်ကျောင်းလုံး ဆုံးဖြတ်ပြီးသောအခါ ပထမဆုံးပွဲစဉ်ကို စတင်သည်။ ပြိုင်ဘက်ကျောင်း၏ ပထမဆုံးပြိုင်ပွဲဝင်သည် ၁.၉မီတာခန့် အရပ်အမြင့်နှင့် ကြွက်သားအပြည့် ခန္ဓာကိုယ်ပိုင်ရှင် လူကောင်ကြီးကြီးကောင်လေးဖြစ်သည်။ ပြိုင်ပွဲစင်ထက်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားကြီးကို ထုတ်လွှတ်နေ၏။
ခန္ဓာကိုယ်အပြည့်အဝ မဖွံ့ဖြိုးသေးသည့် လင်းဇီချန်သည် ၁.၇မီတာခန့် အရပ်အမြင့်သာရှိရာ သူ၏ ပြိုင်ဘက်၏ရှေ့တွင် ရပ်နေသည့်ပုံစံမှာ ကြက်ပေါက်လေးကဲ့သို့ တစ်ချက်ဖိညှစ်လိုက်ရုံဖြင့်ပင် အလွယ်တကူ ကျိုးကြေပျက်စီးသွားလိမ့်မည်ဟု ထင်မှတ်ရပေသည်။
“ရှန့်ဟိုင်ကျောင်းရဲ့ ဂျူနီယာညီလေး.. ငါမင်းရဲ့အချက်အလက်တွေကို ကြည့်ခဲ့ပြီးပြီ။ ပထမနှစ်ကျောင်းသားဘဝမှာ ကျောင်း၈ကျောင်းပေါင်းစု သိုင်းပညာပြိုင်ပွဲရဲ့ ပြိုင်ပွဲစင်ပေါ်ကို တက်နိုင်တယ်ဆိုတာ အထင်ကြီးစရာပါပဲ။ မင်းက ပါရမီကောင်းရှိတာပဲ”
ပြိုင်ပွဲစင်ထက်တွင် အသားညိုညိုကောင်လေးသည် ရိုးသားပွင့်လင်းသောအပြုံးဖြင့် လင်းဇီချန်ကိုပြောသည်။
ထိုအပြုံးကိုမြင်သောအခါ ဤကောင်လေးသည် အတော်လေးကောင်းမွန်သည်ဟု လင်းဇီချန်တွေးမိ၏။ လင်းဇီချန် ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်တော့မည်တွင် တစ်ဖက်လူ၏အသံအနေအထားသည် ရုတ်တရက်ပြောင်းလဲသွား၏။ အလွန်အထင်အမြင်သေးဟန်သော အကြည့်များဖြင့် ပြောလာခဲ့သည်။
“ဒါပေမဲ့ ငါပြောချင်တာက ဒီနေရာက မင်းလိုပထမနှစ်လေးအတွက် နေရာမဟုတ်ဘူးလို့လေ။ အထူးသဖြင့် အရပ် ၁.၇မီတာတောင်မပြည့်တဲ့ ပထမနှစ်လေးအတွက် မဟုတ်ဘူး”
ထို့နောက် ထိုလူကောင်ကြီးကြီးကောင်လေးသည် ခန္ဓာကိုယ်ကို တောင့်ခဲလျက် သူ၏ရင်အုပ်ကြွက်သားများကို ကြွားဝါပြသ၏။
“ခဏနေရင် ငါမင်းကို ခန္ဓာကိုယ်အရွယ်အစားကွာခြားမှုရဲ့ ကွာဟချက်ကို ခံစားရအောင်လုပ်ပေးမယ်။ အင်အားကွာခြားမှုကိုလည်း သိအောင်လုပ်ပေးမယ်”