← Chapters

အပိုင်း ၃၄-၃၆

Vol. 3 Ch. 34-36

အပိုင်း ၃၄-၃၆

Vol. 3 Ch. 34-36

အခန်း ၃၄

ကံကောင်းခြင်း၏ရင်သွေး

လူထွားကောင်လေး၏ ရုတ်တရက်ပြောင်းလဲမှုသည် လင်းဇီချန်ကို မင်သက်သွားစေခဲ့သည်။ ဒီကလေးသည် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသောကောင် ဖြစ်ပေလိမ့်မည်။ တစ်ဖက်၌ ပရိသတ်ပွဲကြည့်သည့်နေရာတွင် ကျန်းဝမ်ရှင်းသည် ပြိုင်ပွဲစင်ထက်ရှိ လူထွားကောင်လေးကိုကြည့်၍ လုံးဝအံ့ဩထိတ်လန့်နေသည်။ ဒီကလေးက အလယ်‌တန်းကျောင်းသားအရွယ်မှာ ဒီလောက်ခန္ဓာကိုယ်ကြီးပြီး အရပ်ရှည်အောင် ဘာတွေများစားထားလို့လဲ။

ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် ပြော၏။

“ယောက်ျား ဟိုကလေးက အရမ်းထွားတယ်။ ရှောင်ချန်က ဘယ်လိုလုပ်ပြီး သူနဲ့ယှဥ်တိုက်ခိုက်နိုင်ပါ့မလဲ။ ရှောင်ချန် ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ”

“အဆင်ပြေပါတယ်။ ဒီလိုခန္ဒာကိုယ်ကြီးတဲ့သူတွေက ပုံမှန်ဆို အရမ်းလျင်မြန်ဖြတ်လတ်မှု မရှိဘူး။ ရှောင်ချန် ခြေမြန်သိုင်းကွက်ကို သုံးပြီးတိုက်ရင် နိုင်,နိုင်တယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာအတွက်ကတော့… စောင့်ကြည့်နေတဲ့ ဒိုင်ရှိနေတာပဲ ဘာမှမဖြစ်နိုင်ပါဘူး”

လင်းယန်ရှန်းမှ ကျေရာကျေကြောင်း ပြောသည်။

ထိုသို့ပြောလိုက်သော်ငြား တကယ်တမ်းတွင် လင်ယန်ရှန်းသည်လည်း ယုံကြည်ချက်မရှိပါချေ။ ကျန်းဝမ်ရှင်းကို ‌စိတ်အေးသက်သာစေရန် ကြိုးစားခြင်းသာ ဖြစ်၏။ လင်းဇီချန်၏ မိဘနှစ်ပါးနှင့်ကွာခြားစွာ ရှန်ချင်းဟန်သည် အလွန်ယုံကြည်ချက်ရှိသည်။

ရှန်ချင်းဟန်သည် ကျန်းဝမ်ရှင်းကို ယုံကြည်မှုရှိစွာ ပြောသည်။

“မစိုးရိမ်ပါနဲ့ အန်တီရှင်း။ ရှောင်ချန် သေချာပေါက်နိုင်မှာပါ။ အဲဒီတုံးအတဲ့ဘီလူးကောင်တွေကို ရှောင်ချန်က တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တယ်”

ရှန်ချင်းဟန်မှ လူတစ်ယောက်အား တုံးအသည့်ဘီလူးကောင်ဟု သုံးနှုန်းခြင်းကို ကြားသောအခါ ကျန်းဝမ်ရှင်းသည် နူးညံ့စွာပြောလာ၏။

“ဟန်ဟန် သူများတွေကို အဲဒီလိုမခေါ်သင့်ဘူးလေ။ အဲဒါမကောင်းဘူးနော်”

“အိုး သမီး နောက်ကိုအဲ့လိုမပြောတော့ပါဘူး အန်တီရှင်း”

ရှန်ချင်းဟန် မိမိ၏အမှားကိုဝန်ခံ၍ တုံ့ပြန်ပြောသည်။

ထို့နောက် ပြိုင်ပွဲစင်မြင့်သို့ကြည့်၍ သူမ၏ လှပသောလက်ဖြူဖြူလေးများကို မျက်နှာရှေ့တွင်အပ်ကာ သူမ၏အသံသေးသေးလေးဖြင့် အော်ဟစ်နေသည်။

“ရှောင်ချန် ကြိုးစားထား!”

သူမ၏အားပေးသံကိုကြားသောအခါ ဆန့်ကျင်ဘက်ရှိ ပွဲကြည့်ပရိသတ်များသည် သူများထက်နောက်ကျမကျန်စေရန် ပြန်လည်အော်ဟစ်ကြသည်။

“သာ့ကျွမ်း ကြိုးစားထား သူ့ကိုအနိုင်ယူပစ်!”

ထိုတန်ပြန်အော်ဟစ်သံကို ကြားသောအခါ ကျန်းဝမ်ရှင်းသည် စိတ်မကျေမနပ်ဖြစ်သွားပြီး သူမကိုယ်တိုင် အော်ဟစ်လိုက်သည်။

“ရှောင်ချန် ကြိုးစားထား၊ သား လုပ်နိုင်ပါတယ်။ မေမေ‌ သားကိုယုံကြည်တယ်”

အော်ဟစ်ပြီးနောက် ခင်ပွန်းဖြစ်သူလင်းယန်ရှန််းအား တံတောင်ဖြင့်တို့၍ လှုံ့ဆော်သည်။

“ယောင်္ကျား မြန်မြန်အော်တော့လေ။ ရှင့်အသံက ပိုကျယ်တယ်။ ကျွန်မတို့ အရှိန်အဟုန်မှာ ရှုံးလို့မဖြစ်ဘူး”

‌”ရှောင်ချန် ကြိုးစားထား!!”

လင်းယန်ရှန်း အားကုန်အော်ဟစ်လိုက်ရာ အနီးဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များမှာ နားအူသွားရလေသည်။

ပြိုင်ပွဲဝင်များ အနားယူသည့်နေရာရှိ ကောရှောင်းယွမ်သည် ထိုအားပေးသံကိုကြားသောအခါ ကျန်အဖွဲ့ဝင်လေးဦးကို လင်းဇီချန်အတွက် အားပေးခိုင်းသည်။ ထိုအခါ ရှန့်ဟိုင်နံပါတ်တစ်ကျောင်းသားများသည်လည်း သူတို့အတိုင်း တုပ၍ အော်ဟစ်အားပေးကြသည်။ အချိန်တစ်ခဏလေးအတွင်း၌ ခန်းမကြီးတစ်ခုလုံး အလွန်သက်ဝင်လှုပ်ရှားလာခဲ့သည်။

ပြိုင်ပွဲစင်ထက်၌ လင်းဇီချန်သည် မိသားစုနှင့်အဖွဲ့ဝင်များ၏ အားပေးသံကိုကြားသောအခါ နှစ်ဖက်လုံးသို့လှည့်၍ အပြုံးဖြင့်လက်ဝှေ့ယမ်းပြသည်။ သူ၏ပြိုင်ဘက် လူထွားကောင်လေးသည် အေးစက်စွာရပ်နေလျက် တုပ်တုပ်မလှုပ်ချေ။ သူ့ကို အားပေးနေသည့် မိသားစုနှင့်အဖွဲ့ဝင်များကို လုံးဝလျစ်လျူရှုထားလျက် ထိုသို့ပြုမူခြင်းသည် ပို၍မိမိုက်သည့်ပုံစံဖြစ်စေသည်ဟု‌ တွေးထင်နေပေသည်။

“ပြိုင်ဝင်များ ကျေးဇူးပြုပြီး အမြန်နေရာယူပေးကြပါ။ ပြိုင်ပွဲစတင်ပါတော့မယ်”

အချိန်ကျသောအခါ ဒိုင်လူကြီးသည် ပြိုင်ပွဲစင်မြင့်ထက်မှ ပြိုင်ပွဲဝင်နှစ်ဦးကို ကျယ်လောင်စွာပြောသည်။

ပြိုင်ပွဲဝင်နှစ်ဦးလည်း အမြန်နေရာယူလိုက်ကြသည်။ ပြိုင်ပွဲဝင်နှစ်ဦး အသင့်ဖြစ်ပြီးကြောင်း မြင်သောအခါ ဒိုင်လူကြီးသည် သူ၏လက်ယာလက်ကို ပင့်မြှောက်၍ အောက်သို့ ခုတ်ပိုင်းချသည်။

“ပြိုင်ပွဲ စတင်ပြီ”.

ဒိုင်လူကြီး၏စကားပြီးဆုံးသည်နှင့်တစ်ပြိုင်နက် လူထွားကောင်လေးသည် နွားရိုင်းကြီးကဲ့သို့ လင်းဇီချန်သို့ တစ်ဟုန်ထိုးဦးတည်လာသည်။ ဤသည်မှာ တရားဝင်ပြိုင်ပွဲဖြစ်၏။ တစ်ဖက်ပြိုင်ဘက်အား ဦးစွာတိုက်ခိုက်ခွင့်ပေးသည့် ပြိုင်ပွဲဝင်ဟူ၍ မရှိနိုင်ချေ။ ၎င်းသည် အောင်နိုင်ခြင်း ရရှိစေနိုင်မည်မဟုတ်သော အလေ့အထဖြစ်၏။ ပြိုင်ပွဲစင်ထက်ရှိ ပြိုင်ပွဲဝင်သည် ထိုသို့ပြုမူဝံ့ပါလျှင် စင်အောက်ရှိ နည်းပြသည် အော်ဟစ်ကျိန်ဆဲပစ်လာမည်ဖြစ်သည်။

တစ်ဟုန်ထိုးဦးတည်လာသည့် လူထွားကောင်လေးကို လင်းဇီချန် ဘေးသို့ အသာအယာခြေလှမ်း၍ ရှောင်လိုက်သည်။ ထို့နောက် ထိုကောင်လေး၏ နောက်ကျောပြင်ကို လက်ဖြင့် အသာအယာတွန်းလိုက်သည်။ ထိုအခါ လူထွားကောင်လေးသည် ဟန်ချက်ညီမှုကို ဆုံးရှုံးသွားပြီး ပြိုင်ပွဲစင်မှ ချော်ကျသွားခဲ့သည်။ သို့ဖြင့် စံချန်အတွင်း ရှုံးနိမ့်သွားခဲ့သည်။

တစ်ပြိုင်နက်တည်းပင် မမျှော်လင့်ထားသောမြင်ကွင်းကြောင့် ခန်းမကြီးတစ်ခုလုံး အံ့ဩမှုနှင့်အတူ တိတ်ဆိတ်သွား၏။ ၂စက္ကန့်ခန့် ကြာမြင့်ပြီးနောက်မှ ရှန်ချင်းဟန်သည် ပထမဆုံး အသိပြန်ဝင်လာကာ မျက်နှာလှလှ၌ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လာသည်။

“ရှောင်ချန် နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”

ကျန်းဝမ်ရှင်းသည်လည်း လင်းယန်ရှန်းကိုပွေ့ဖက်၍ စိတ်လှုပ်ရှားလျက် အံ့အားသင့်စွာပြော‌၏။

“ယောကျာ်း ရှင်တကယ် ကြိုတင်ခန့်မှန်းနိုင်တဲ့ဉာဉ်ရှိတာပဲ။ ရှောင်ချန်က အဲဒီလူထွားကလေးကို လျင်မြန်မှုနဲ့ အနိုင်ယူနိုင်ခဲ့တယ်”

“ဟားဟား ဟုတ်တာပေါ့ ဟုတ်တာပေါ့”

လင်းယန်ရှန်းသည် မည်သူမျှ မျှော်လင့်မထားလောက်သည့် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်သောကြောင့် အရမ်းပျော်ရွှင်နေသည်။ သူတို့သုံးယောက်၏အသံကြောင့် အခြားသူများသည်လည်း အသိစိတ်ပြန်ကပ်လာကြပြီး ပွဲကြည့်စင်၌ ညည်းတွားသံလှိုင်းတစ်ခု ဖြတ်သန်းသွားလေသည်။

“ဘာလဲဟ! သူက ပိုပြီးလူကောင်ကြီးပြီး အားကောင်းတာကို ဘယ်လိုလုပ်ပြီး ရှုံးရတာလဲ”

“ကြွက်သားအသေတွေ၊ သေချာပေါက် ကြွက်သားအသေတွေပဲ။ လုံးဝလျင်မြန်သွက်လက်မှု မရှိဘူး။ ရှုံးသွားတာ အံ့ဩစရာမရှိပါဘူး”

“သေစမ်း! အသုံးမကျတဲ့ကောင် ငါ့ပိုက်ဆံတွေတော့ လျော့ကုန်ပြီ”

တစ်ဖက်ရှိ ပြိုင်ပွဲဝင်များအနားယူသည့်နေရာ၌ ကောရှောင်းယွမ်နှင့် အဖွဲ့သားများသည် ရူးလောက်အောင် စိတ်လှုပ်ရှားနေကြကာ အဆုတ်ကွဲထွက်လုမတတ် အော်ဟစ်နေကြသည်။

“ဇီချန် မင်းအရမ်းအံ့ဩဖို့ကောင်းတာပဲ!”

ထိုစဉ် ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်း၏ အဖွဲ့ဝင်များသည်တော့ ‌မျက်မှောင်ကြုတ်လျက် စိတ်မကြည်မသာ ဖြစ်နေကြသည်။ ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်း၏ သီးသန့်နည်းပြသည် ဒေါသထွက်လွန်းသောကြောင့် မျက်နှာမှာ စိမ်းဖန့်နေလျက် လူထွားကောင်လေးကို ဆူပူနေသည်။

“ခြေနင်းကွက်! ခြေနင်းကွက်လို့ ငါမင်းကို ဘယ်နှကြိမ်ပြောရမလဲ။ ပြိုင်ပွဲစင်ပေါ်မှာ ပြိုင်ဘက်ဆီကို တည့်တည့်ကြီးပဲ တိုးဝင်မသွားနဲ့လို့။ ခြေနင်းကွက်ကိုသုံးပါလို့! မင်းဘာလို့ ဘယ်တော့မှ နားမထောင်ရတာလဲ!!!”

လူထွားကောင်လေးသည် ဆူပူမှုကြောင့် ကြောင်အသွားပြီး မျက်လုံးများ၌ မျက်ရည်များပြည့်တက်လာသည်။ သို့သော် မငိုရဲချေ။ သူ ပြိုင်ပွဲစင်မြင့်ထက်မှ တွန်းထုတ်ခံလိုက်ရသည့်အကြောင်းရင်းမှာ ပြိုင်ဘက်ဆီသို့ တန်းတန်းမတ်မတ် တစ်ဟုန်ထိုးပြေးသွားခြင်းကြောင့် ဟန်ချက်မထိန်းနိုင်ဖြစ်သွားရခြင်း မဟုတ်ပေ။ သူ၏နောက်ကျောကို တွန်းလိုက်သည့်အားသည် အလွန်အားကောင်းသောကြောင့် ဖြစ်ပါ၏။

ခြုံငုံသုံးသပ်လျှင် ကီလို၁၀၀၀ကျော်ကို မ,နိုင်သည့် လက်တစ်ဖက်သည် အလယ်တန်းကျောင်းသားတစ်ယောက် ခံနိုင်ရည်ရှိနိုင်သည့်အင်အား မဟုတ်ပါချေ။ ထိုအလယ်တန်းကျောင်းသားသည် အလွန်သန်မာထွားကြိုင်းလျှင်သော်မှ ထိုမျှအင်အားနှင့်ရင်ဆိုင်ရလျှင် ပြိုင်ပွဲစင်ပေါ်မှ ပြုတ်ကျရုံမှတစ်ပါး အခြားမရှိနိုင်ပါချေ။

(ပြိုင်ဘက်တစ်ဦးကို အောင်မြင်စွာ အနိုင်ယူခဲ့ပါပြီ။ ပြိုင်ပွဲများ၌ သင့်ရဲ့အဆင့် တိုးတက်သွားပါပြီ)

(အနိုင်ရယူပြီးသော ပြိုင်ဘက်အရေအတွက်: ၂/၁၀၀၀)

‌မျှော်လင့်ထားသည့်အတိုင်းပင် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်‌သော ပြိုင်ဘက်များသည် သူ၏မစ်ရှင်အောင်မြင်မှုတိုးတက်မှုဇယားကို တိုးတက်စေနိုင်ပေသည်။

လင်းဇီချန် စိတ်လှုပ်ရှားတက်ကြွလာပြီး နောက်ထပ်ပွဲစဉ်ကို အမြန်ယှဉ်ပြိုင်ရန် စိတ်အားထက်သန်လာ၏။ ကံကောင်းထောက်မစွာဖြင့် အလယ်တန်းကျောင်းသိုင်းပြိုင်ပွဲများတွင် နားချိန်မရှိပေ။ ပြိုင်ပွဲဝင်များသည် လက်ရှိပွဲစဉ်ကို အနိုင်ရပြီးနောက်တွင် နောက်ထပ်ပွဲစဥ်ကို ချက်ချင်းတိုက်ခိုက်ရသည်။

“ချန်ဖုန်း ဒီတစ်ပွဲကို မင်းသွားလိုက်။ ပြိုင်ပွဲစတာနဲ့ အားကုန်သုံးတိုက်ခိုက်ပြီး ရှန့်ဟိုင်အထက်တန်းကျောင်းရဲ့ အဲဒီလူသစ်‌လေးကို တတ်နိုင်သမျှမြန်မြန် အနိုင်ယူခဲ့လိုက်။ နားလည်လား”

ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်း၏ အနားယူရန်နေရာ၌ နည်းပြသည်‌ သူတို့၏အဖွဲ့ထဲတွင် အင်အားအရာ၌ အဆင့်၂ချိတ်သော ကတုံးဆံတောက်ဆံပင်ဖြင့်ကျောင်းသားလေးကို တင်းမာခက်ထန်သော မျက်နှာဖြင့် ပြော‌၏။

ကတုံးဆံ‌တောက်ဆံပင်ဖြင့် ကျောင်းသားသည် လေးလေးနက်နက်ပြန်ဖြေသည်။

“သိပါပြီ နည်းပြ”

ထို့‌နောက် ပြိုင်ပွဲစင်မြင့်သို့တက်၍ တည်ငြိမ်အေးဆေးစွာ နေရာယူလျက် ဒိုင်လူကြီးမှ စတင်ရန်အချက်ပြသည်ကို စောင့်ဆိုင်းနေသည်။ ပြိုင်ပွဲဝင်နှစ်ယောက်လုံး အဆင်သင့်ဖြစ်ကြောင်း မြင်သောအခါ လက်ယာလက်ကိုပင့်မြှောက်ပြီး အောက်သို့ခုတ်ပိုင်းချသည်။

“ပြိုင်ပွဲ စတင်ပြီ!”

ပြိုင်ပွဲစတင်ဖို့ ကြေညာလိုက်သည်နှင့် ကတုံးကတောက်ဆံပင်ဖြင့်ကျောင်းသားသည် လင်းဇီချန်၏လည်တိုင်ကို တိပသောခြေကန်ချက်ဖြင့် ကန်ရန်ရည်ရွယ်၍ ရုတ်ချည်းရှေ့တက်လာသည်။

လင်းဇီချန်သည် ထိုခြေကန်ချက်ကို ပွတ်ကာသီကာဖြင့် တည်ငြိမ်စွာရှောင်တိမ်းလိုက်ပြီး ကတုံး‌ကတောက်ဆံပင်ဖြင့်ကျောင်းသားလေး၏ လက်ကောက်ဝတ်ကို လက်ဖြင့်တွန်းလိုက်သည်။ ထို့ကြောင့် ခြေကန်ချက်ကို မရုတ်သိမ်းရသေးဘဲ ခြေတစ်ဖက်တည်းဖြင့်ရပ်နေသော ကတုံးဆံတောက်ဆံပင်ဖြင့် ကျောင်းသားလေးသည် ရုတ်ချည်းဟန်ချက်ပျက်သွား၏။ အဝေးမှ ပွဲကြည့်သူများအတွက်မူ ထိုကျောင်းသားလေး ခြေချော်သွားသည်ဟု မြင်ရလေသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့သည်။ အလိုက်သင့်ပင် ထိုကျောင်းသားလေးသည် ခေါင်းနောက်ပိုင်းဖြင့် လဲကျသွားခဲ့လေရာ နေရာ၌ပင် သတိလစ်သွားလေသည်။

ခန်းမကြီးတစ်ခုလုံး တစ်ဖန် တိတ်ဆိတ်သွားပြန်၏။ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကို လုံးလုံးလျားလျား အံ့ဩမင်သက်ကုန်ကြသည်။ ပထမဆုံးတုံ့ပြန်လာသူများမှာ ပြိုင်ပွဲစင်အောက်ရှိ ‌ဆေးဝန်ထမ်းများဖြစ်သည်။ ကတုံးဆံတောက်ဆံပင်ဖြင့်ကျောင်းသားလေး နောက်စေ့နှင့်ရိုက်မိပြီး သတိလစ်သွားသည်ကိုမြင်သောအခါ ဆေးဝန်ထမ်းများသည် စင်‌ေပါ်သို့ ချက်ချင်းပြေးတက်လာကြပြီး ကုသရန် လူနာထမ်းစင်ဖြင့် သယ်ဆောင်သွားကြသည်။ ထို့နောက် ပွဲကြည့်ပရိသတ်များထံမှ ‌ဆွေးနွေးပြောဆိုသံများစွာ ပျံ့လွင့်လာသည်။

“ဘယ်လိုဖြစ်တာလဲ။ ဘယ်လိုလုပ်ပြီး အဲဒီရှန့်ဟိုင်အထက်ကျောင်းက ကျောင်းသားလေးက အရမ်းကံကောင်းနေရတာလဲ”

“အင်း ပထမပြိုင်ဘက်တုန်းက ပြိုင်ပွဲစင်အပြင်ကို အရှိန်လွန်ပြုတ်ကျပြီး ရှုံးသွားတယ်။ အခုတစ်ယောက်ကျ မတော်တဆခြေချော်တာ ခေါင်းထိပြီးသတိလစ်သွားတယ်။ အဲဒီကျောင်းသားလေးက ကံကောင်းမှုရဲ့သားတော်များလား”

“ဒါနဲ့ ကံကောင်းမှုကြောင့်ပဲ မဟုတ်ဘူး။ ခုနက ခြေကန်ချက်ကိုရှောင်လိုက်တဲ့ လှုပ်ရှားမှုက တကယ်အရမ်းမြန်တယ်။ သူ့မှာ အရည်အချင်းရှိတယ်”

“ဘုရားသခင်! ဒါက အကြံအဖန်လုပ်ထားတဲ့ပြိုင်ပွဲလား”

ရှန့်ဟိုင်နံပါတ်တစ်‌အလယ်တန်းကျောင်း၏ အနားယူသည့်နေရာတွင် ရှန့်ဟိုင်နံပါတ်တစ်ကျောင်း၏နည်းပြသည် မျက်စိရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် မင်သက်ကြောင်အနေတော့သည်။

ကံကောင်းတာတဲ့လား။ အဲဒါက တကယ်ကြီး ကံကောင်းမှုကြောင့်လား။မဟုတ်ဘူး။ ကံကောင်းမှုမဟုတ်ဘူး။ အဲဒီရှန့်ဟိုင်အထက်တန်းကျောင်းရဲ့ကျောင်းသားလေးက တကယ်အရည်အချင်းရှိတယ်။

ထိုသို့နားလည်လိုက်ပြီးနောက် ရှန့်ဟိုင်နံပါတ်တစ်ကျောင်း၏နည်းပြသည် မီတာ၁၀၀ကို ၉စက္ကန့်အတွင်း ပြေးနိုင်သည့် အဖွဲ့၏အင်အားအကြီးဆုံးသူသို့ ချက်ချင်းပြောင်းလဲလိုက်သည်။ ထို့နောက် အနည်းငယ် အထိတ်တလန့်သောအသံဖြင့် ပြောသည်။

“ကောင်းဖေး နောက်တစ်ပွဲကို မင်းသွားလိုက်။ ခုခံဖို့ကို အာရုံစိုက်၊ လက်ဦးမှုယူပြီးတိုက်ခိုက်ဖို့ အရမ်းမလုပ်နဲ့။ အဲဒီရှန့်ဟိုင်အထက်ကျောင်းရဲ့ လူသစ်လေးရဲ့အရည်အချင်းကို ကြည့်လိုက်ကြရအောင်။ မင်းသေချာပေါက် ရှုံးလို့မဖြစ်ဘူး”

“မစိုးရိမ်ပါနဲ့ နည်းပြ၊ ကျွန်တော် နိုင်မှာပါ”

ကောင်းဖေးဟုအမည်ရသော ကျောင်းသားသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့်ပြောပြီး ယုံကြည်မှုပြည့်ဝသော အမူအရာဖြင့် ပြိုင်ပွဲစင်ပေါ်သို့ တက်လာသည်။

ကောင်းဖေးသည် လွန်ခဲ့သည့်ပြိုင်ပွဲနှစ်ခုလုံးကို လေ့လာခဲ့ပြီးဖြစ်ပြီး လင်းဇီချန်သည် ရုပ်ပိုင်းဆိုင်ရာ၌ အထူးတလည် ကြံ့ခိုင်သန်မာမှုမရှိဟု ခံစားရသည်။ လင်းဇီချန်သည် လျင်မြန်သွက်လက်ရုံသာဖြစ်ပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုအား မည်သို့အခွင့်ကောင်းယူရမည်ကို သိရှိခြင်းသာ ဖြစ်သည်။ ထိုနည်းဖြင့် ပြိုင်ပွဲများကို ချောချောမွေ့မွေ့ အနိုင်ယူနိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် ကောင်းဖေးသည် သူ၏လျင်မြန်ဖျတ်လတ်သော၊ တိုက်ခိုက်မှုအတွေ့အကြုံပြည့်ဝသော၊ မီတာ၁၀၀ကို ၉စက္ကန့်အတွင်း ပြေးနိုင်သော စွမ်းရည်ညီမျှသည့် ခန္ဓာကိုယ်သည် ဤပြိုင်ပွဲကို အလေးအနက်ထား၍ သေချာ အာရုံစူးစိုက်ပြီး ယှဉ်ပြိုင်လျှင် ရှုံးနိမ့်ရန် အကြောင်းရင်းမရှိဟု ယုံကြည်ထားပေသည်။

အခန်း ၃၅

မရှုံးနိမ့်သောချန်ပီယံ

“ရှန့်ဟိုင်နံပါတ်တစ်ကျောင်းရဲ့ ကောင်းဖေးက မီတာ၁၀၀ကို ၉စက္ကန့်အတွင်း ပြေးနိုင်တယ်လို့ကြားတယ်။ သူ့ကို ဂျူနီယာအထက်တန်းကျောင်းသားလို့ သတ်မှတ်သေးတယ်ဆိုတာ တကယ်ဟာသပဲ”

“အဲဒါပုံမှန်ပါပဲ။ သူ့ရဲ့အဖေက မျိုးရိုးဗီဇပေါင်းစပ်လူသားလေ။ အဲ့တော့ မျိုးရိုးဗီဇပေါင်းစပ်လူသားရဲ့ မျိုးဆက်အနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်အရည်အသွေးက သာမန်လူတွေထက် သေချာပေါက် အများကြီးပိုသာတာပေါ့”

“မင်းတို့ပြောတဲ့အတိုင်းဆို ရှန့်ဟိုင်အထက်တန်းကျောင်းရဲ့လူသစ်လေးမှာ အခွင့်အရေးမရှိတော့ဘူးပဲ”

“အဲ့‌တော့ရော ဘာစိုးရိမ်စရာရှိလဲ။ သူက အခုမှ လူသစ်လေးရှိသေးတာ။ သူ့ကို တိုးတက်ဖို့ နှစ်နည်းနည်းလောက်အချိန်ပေးလိုက်၊ အဲဒါဆို ရှန့်ဟိုင်အထက်တန်းကျောင်းက သေချာပေါက် ထိပ်တန်းနေရာကိုရမှာ…”

ရှန့်ဟိုင်နံပါတ်တစ်ကျောင်း၏ကောင်းဖေး ပြိုင်ပွဲစင်ပေါ်သို့ တက်လာသောအခါ ပွဲကြည့်စင်များ၌ ကောင်းဖေးအကြောင်း ဆွေးနွေးပြောဆိုသံများဖြင့် ပြည့်နှက်သွားသည်။ အများစုသည် ကောင်းဖေး၏ ချို့ယွင်းချက်မရှိသော ခန္ဓာကိုယ်အရည်အသွေးတွင် ညှို့ယူဖမ်းစားခံလိုက်ရ၏။

လင်းဇီချန်ကိုမူ မည်သူမျှ ယုံကြည်စိတ်ချမှု မရှိကြလုနီးပါးပင်။ ကျန်းဝမ်ရှင်းနှင့် လင်းယန်ရှန်းတို့ပင်လျှင် သူတို့၏သားမှာ ဤတစ်ကြိမ်တွင် ရှုံးနိမ့်နိုင်သည်ဟု ခံစားရသောကြောင့် မျှော်လင့်ချက်ကြီးကြီးမားမား မထားရှိပေ။

မိဘများ၏မျက်လုံးထဲတွင် မိမိ၏သားသည် သေချာပေါက် အရည်အချင်းရှိပါ၏။ သို့သော် မိမိတို့၏သားသည် သာမန်လူတစ်ဦး၏ လုပ်ဆောင်နိုင်စွမ်းအတွင်း၌သာ ရှိပေသည်။ သို့ဖြစ်ရာ မီတာ၁၀၀ကို ၉စက္ကန့်အတွင်းပြေးနိုင်သည့် မိစ္ဆာကောင်ကြီးနှင့် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်လောက်ဟု တွေးထားကြသည်။

သို့တိုင် ကျန်းဝမ်ရှင်းသည် လင်းဇီချန်ကို ပုံမှန်အတိုင်း အော်ဟစ်အားပေးမြဲဖြစ်၏။

“ရှောင်ချန် ကြိုးစားထား၊ ‌သား အကောင်းဆုံးကြိုးစားသ၍ သေချာပေါက် အနိုင်ရနိုင်တယ်”

ထို့နောက် လင်းယန်ရှန်းနှင့် ရှန်ချင်းဟန်တို့သည်လည်း လင်းဇီချန်ကို စတင်အားပေးကြသည်။

ပြိုင်ပွဲစင်မြင့်ထက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်မိဘများ၏ အားပေးသံကိုကြားသောအခါ အပြုံးဖြင့် လက်ဝှေ့ယမ်းလျက် ချက်ချင်းတုံ့ပြန်သည်။

ထိုမြင်ကွင်းကိုကြည့်နေခဲ့သည့် ကောင်းဖေးမှ ပြော၏။

“‌ရှန့်ဟိုင်ကျောင်းရဲ့ဂျူနီယာလေး မင်းက မင်းရဲ့မိသားစုနဲ့ ဆက်ဆံရေးကောင်းပုံပဲ။ ငါမင်းကို အားကျမိတယ်”

“အဆင်ပြေပါတယ်”

လင်းဇီချန် အပြုံးဖြင့်တုံ့ပြန်သည်။

ထို့နောက် ကောင်းဖေးမှ အားကျနေသောအကြည့်များဖြင့် ပြောလာ၏။

“ကံဆိုးစွာနဲ့ပဲ ငါက တခြားလူတွေမှာ သင့်မြတ်တဲ့မိသားစုဆက်ဆံရေးရှိနေတာကို သည်းမခံနိုင်ဘူး။ ‌အခုပြိုင်ပွဲအတွက် မင်းကိုယ်မင်း စိတ်ပြင်ဆင်ထားတာ ကောင်းမယ် ဘာလို့ဆို… ငါမင်းအပေါ် အပြင်းထန်ဆုံး ရက်စက်ကြမ်းတမ်းတဲ့တိုက်ခိုက်မှုကို သုံးတော့မှာမလို့”

ထိုစကားကိုကြားပြီးနောက်တွင် လင်းဇီချန် ဒေါသဖြစ်သွား၏။ ပွဲစတင်ချိန်မှစ၍ ယခုအချိန်အထိ လင်းဇီချန်သည် အနည်းငယ်ရိုင်းပျသော ဂျူနီယာအထက်တန်းကျောင်းသားများနှင့် ဆုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ကြည့်ရသည်မှာ ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်းသည် ဤသို့ရွှင်မြူးတက်ကြွလွန်းသော လူငယ်များ ပေါက်ဖွားရာနေရာ ဖြစ်ပုံရပေသည်။

“ပြိုင်ပွဲ စတင်တော့မယ်။ နေရာယူကြပါ”

ဒိုင်လူကြီးမှ ပြောသည်။

ထို့ကြောင့် ပြိုင်ပွဲဝင်နှစ်ဦးလုံး နေရာယူလိုက်ကြပြီး ပြိုင်ပွဲစတင်ရန် ပြင်ဆင်ကြသည်။

ပြိုင်ပွဲဝင်များ အသင့်ဖြစ်သောအခါ ဒိုင်လူကြီးသည် လက်ယာလက်ကို ပင့်မြှောက်၍ အောက်သို့ပြန်ချသည်။

“ပြိုင်ပွဲ စတင်ပြီ”

ထိုအချက်ပေးသံတွင် ကောင်းဖေးသည် ခြေသလုံးကြွက်သားများ၏ ကန်အားဖြင့် လင်းဇီချန်ရှေ့သို့ အရှိန်ဖြင့်ပြေးသွားသည်။ ထို့နောက် မိသားစုသိုင်းပညာဖြစ်သည့် ကျောက်သားဖြိုခွင်းရေစီးသိုင်းကို စတင်အသုံးပြုသည်။

တစ်မဟုတ်ချင်းပင် ကောင်းဖေး၏လက်သီးထိုးချက်များသည် မိုးရေစက်များကဲ့သို့ အရှိန်လျင်မြန်စွာ၊ တိကျစွာ၊ ကြမ်းကြုတ်ရက်စက်စွာဖြင့် လင်းဇီချန်သို့ ဦးတည်ကျရောက်လာသည်။

လင်းဇီချန်သည် ကောင်းဖေး၏လက်သီးသိုင်းမှာ အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးထင်မိသောကြောင့် ကောင်းဖေးကို အနိုင်ယူရန် အလျင်မလိုပေ။ ထိုအစား အသာအယာရှောင်တိမ်း၍ ကောင်းဖေး၏လှုပ်ရှားမှုနှင့် နည်းစနစ်၊ ပုံစံအားလုံးကို မှတ်သားနေခဲ့သည်။

“ကောင်းဖေး ဘာလုပ်နေတာလဲ။ ငါမင်းကို ခုခံဖို့ပဲ အာရုံစိုက်ထားဖို့ပြောထားတာလေ။ ဘာလို့တိုက်ခိုက်နေတာလဲ”

စင်အောက်ဘက်၌ ရှန့်ဟိုင်နံပါတ်တစ်ကျောင်း၏နည်းပြသည် သူ၏ကျောင်းသားသည် သူ၏စီစဉ်မှုကို လျစ်လျူရှုထားသည်ကိုမြင်သောအခါ ဒေါသဖြစ်လွန်း၍ အော်ဟစ်ပြောဆိုလေသည်။ သို့သော်ငြား ပြိုင်ပွဲစင်မြင့်ထက်ရှိ ကောင်းဖေးသည် နည်းပြကို ဂရုမစိုက်ဘဲ မိမိဆန္ဒအတိုင်း ခေါင်းမာစွာဖြင့် လင်းဇီချန်ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သည်။

‘ခုခံရမယ်လား။

အဲဒီလို လိပ်နည်းဗျူဟာကို ငါလိုအရည်အချင်းနဲ့လူက မလိုအပ်နေဘူး။’

ပြိုင်ပွဲစင်ပေါ်သို့ တက်ပြီးသည်နှင့် ကောင်းဖေးသည် ပြိုင်ဘက်အား အပြင်းထန်ဆုံးသောတိုက်ခိုက်မှုကို ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

လျင်မြန်စွာ အောင်နိုင်သည်ဖြစ်စေ သို့မဟုတ် လျင်မြန်စွာ ရှုံးနိမ့်သည်ဖြစ်စေ… တွန့်ဆုတ်နေမည် မဟုတ်ပေ။

တိုက်ခိုက်မှု စတင်ချိန်ကတည်းက ကောင်းဖေးသည် ဤသို့ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လင်းဇီချန်ကို မထိခိုက်နိုင်ကြောင်း နားလည်သွားခဲ့ပြီး စိတ်ဓာတ်ပြိုလဲသွား၏။

“ဘာတွေဖြစ်နေတာလဲ”

“သူဘယ်လိုလုပ်ပြီး ငါ့ရဲ့တိုက်ခိုက်မှုတွေကို ရှောင်နိုင်နေတာလဲ”

“ဒါအဓိပ္ပာယ်မရှိဘူးလေ”

ကောင်းဖေး တိုက်ခိုက်မှုကိုရပ်တန့်လိုက်ပြီး လင်းဇီချန်ကို မယုံကြည်နိုင်စွာကြည့်လျက် ကျယ်လောင်စွာထုတ်ပြောမိလေသည်။

လင်းဇီချန်သည် ပြန်မဖြေဘဲ ပြန်မေး၏။

“မင်းမှာ တခြားတိုက်ကွက်တွေ ရှိသေးလား။ အကုန်ထုတ်သုံးပြစမ်းပါ”

“မင်း…!”

လင်းဇီချန်၏စကားကြောင့် ကောင်းဖေး၏မျက်နှာမှာ ဒေါသဖြင့်နီရဲလာသည်။

ဒါက ရဲရဲတင်းတင်းလှောင်ပြောင်နေတာပဲ!

-ျီးပဲ!

ဒေါသကြောင့် အသားအရောင် နီရဲသွားပြီး လင်းဇီချန်သို့ ဒေါသတကြီးဖြင့် လက်သီးထိုးချက်များ တရစပ် ထိုးသွင်း၍ အရှိန်လျင်မြန်စွာ တိုက်ခိုက်ပြန်သည်။ တူညီသည့် သိုင်းကွက်ကိုပဲ အသုံးပြုနေသည်ကို မြင်သောအခါ ကောင်းဖေး၌ ပညာကုန်သွားပြီဟု နားလည်လိုက်ပြီး လင်းဇီချန်သည် အချိန်မဖြုန်းလိုတော့ပေ။ ထို့ကြောင့် ပြိုင်ပွဲစင်ပေါ်မှာ မဆိုင်းမတွ ကန်ချလိုက်ပြီး အောင်ပွဲရယူလိုက်သည်။

ကောင်းဖေးက တကယ်ကြီး ရှုံးသွားတာလား။ ထိုအခိုက်အတန့်တွင် ပွဲကြည့်ပရိသတ်အားလုံးသည် အံ့ဩမင်သက်သွားကြလေသည်။ သူတို့အားလုံးသည် ဤရလဒ်ကို မျှော်လင့်မထားခဲ့ကြပေ။ ခဏအကြာတွင်မှ ခန်းမကြီးသည် အံ့အားသင့်စွာ မယုံကြည်နိုင်သော ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ရှောင်ချန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”

“ဟန်နီ ငါတို့ရဲ့သားက အရမ်းတော်တာပဲ”

“ဇီချန် လူဆိုးကောင်!”

“ဘာဖြစ်သွားတာလဲ။ အဲဒီရှန့်ဟိုင်အထက်တန်းကျောင်းက လူသစ်လေးက ဘာလဲဟ”

“အရမ်းယုတ္တိမတန်လိုက်တာ။ ဒါက သေချာပေါက် အကြံအဖန်လုပ်ထားတဲ့ပြိုင်ပွဲပဲ ဖြစ်မယ်”

ထိုအခိုက်အတန့်၌ ခန်းမကြီးတစ်ခုလုံးသည် လူအုပ်ကြီး၏ စူးရှသော အော်ဟစ်ပြောဆိုသံများဖြင့် ပြည့်နှက်သွားသည်။ လင်းဇီချန်သည် ထိုအသံများကို ဂရုမစိုက်ဘဲ နောက်တစ်ချီပြိုင်ပွဲကို အလျင်အမြန် စတင်သည်။

လေးကြိမ်မြောက်ပြိုင်ပွဲသည်လည်း အလင်းအလျင်ဖြင့် ပြီးဆုံးသွားခဲ့သည်။ ၁၀မိနစ်မပြည့်သော အချိန်လေးအတွင်း၌ လင်းဇီချန်သည် ကျန်ရှိနေသည့် ပြိုင်ပွဲဝင်နှစ်ဦးကို အနိုင်ယူခဲ့သည်။ ကျောင်းတစ်ကျောင်းလုံးကို တစ်ဦးတည်း အနိုင်ရယူခဲ့လေသည်။

ထို့နောက် နောက်နှစ်ရက်တွင်လည်း ပထမဆုံးနေ့နှင့် တူညီစွာပင် လင်းဇီချန်သည် နောက်ထပ်ယှဥ်ပြိုင်ရသည့် ကျောင်းနှစ်ကျောင်းလုံးကို တစ်ဦးတည်းဖြင့် အနိုင်ယူခဲ့သည်။ သို့ဖြင့် ကျောင်း၈ကျောင်းပေါင်းစု သိုင်းပညာပြိုင်ပွဲတွင် ရှန့်ဟိုင်အထက်တန်းကျောင်းအား အောင်မြင်စွာဖြင့် ချန်ပီယံရရှိစေခဲ့သည်။

သူ၏အဖွဲ့ဝင်လေးဦးသည် တစ်ပွဲတစ်လေမျှ မပြိုင်လိုက်ရဘဲ လဲလျောင်းလျက် အနိုင်ရသွားခဲ့၏။ သူတို့အတွက်မူ နောက်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်မရလိုက်ခြင်းအတွက် နှမြောတသသည့်စိတ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် လင်းဇီချန်သည် ထိုအရာများကို ဂရုမစိုက်ပေ။ သူ၏မစ်ရှင်အောင်မြင်မှု တိုးတက်မှုဇယားကိုသာ အာရုံစိုက်၏။

အနိုင်ရရှိသူစင်မြင့်ထက်၌ လင်းဇီချန်သည် ချန်ပီယံဆုဖလားကို ကိုင်မြှောက်၍ နည်းပြကော၊ အဖွဲ့ဝင်များ၊ မိသားစုများ၊ ငယ်သူငယ်ချင်းများနှင့် အချို့သော ဖြတ်သွားဖြတ်လာ ပွဲကြည့်ပရိသတ်များနှင့်ပင် ဓာတ်ပုံရိုက်ခဲ့သည်။ အောင်နိုင်ခြင်း၏ပျော်ရွှင်မှုကို ဝေမျှပြီးနောက်တွင် လင်းဇီချန်သည် လေဟာပြင်တွင် မစ်ရှင်အောင်မြင်တိုးတက်မှု အခြေအနေကို စစ်ဆေးသည်။

(အနိုင်ရပြီးသော ပြိုင်ဘက်စုစုပေါင်း - ၁၆/၁၀၀၀)

မစ်ရှင်အောင်မြင်ရန်အတွက် ပြိုင်ဘက်၉၈၄ယောက်ကို အနိုင်ရယူရန် လိုသေး၏။ ထိုမျှဝေးကွာသေးလေရာ တိုးတက်မှုဇယားကို အချိန်အနည်းငယ်အတွင်း ဖြည့်ဆည်းရန်မှာ မဖြစ်နိုင်ပေ။ နှစ်အနည်းငယ် ကြာမြင့်လောက်ပေမည်…

ထိုအတွေးဖြင့် လင်းဇီချန်သည် ခေါင်းခါရမ်းလိုက်ပြီး မစ်ရှင်အောင်မြင်တိုးတက်မှုဇယားအကြောင်းကို စိုးရိမ်ပူပန်မနေတော့ပေ။ ကောရှောင်းယွမ်အား ခရိုင်အဆင့်ပြိုင်ပွဲ၏ဆုကြေးငွေကို မေးလိုက်သည်။ ကျောင်း၈ကျောင်းပေါင်းစု သိုင်းပညာပြိုင်ပွဲ၏ ဆုကြေးငွေစုစုပေါင်းသည် ယွမ်သုံးသောင်းဖြစ်သည်။ ကျောင်း၊ နည်းပြနှင့် အဖွဲ့ဝင်များကို ဝေစုခွဲပေးရ၏။ နောက်ဆုံး၌ အဓိကအားစိုက်ထုတ်ခဲ့ရသူဖြစ်သည့် လင်းဇီချန်သည် ဆုကြေးငွေ ယွမ်နှစ်သောင်းရရှိခဲ့သည်။ စုစုပေါင်းပမာဏ၏ သုံးပုံနှစ်ပုံကို ရရှိခဲ့ခြင်းဖြစ်၏။ ၎င်းမှာ သူခန့်မှန်းထားသည့်ပမာဏထက် များပြားပေသည်။

ထိုနေ့ညနေတွင် မိသားစုနှစ်စုသည် စုဝေး၍ ညစာစားပွဲကျင်းပကြသည်။ အစမှ အဆုံးအထိ ချန်ပီယံဖြစ်သောလင်းဇီချန်သည် မိသားစုနှစ်စုလုံး၏ မိဘများထံမှ ချီးမွမ်းခံနေရ၏။

သူ့မှာ စက်ဖြင့်ပြုပြင်မွမ်းမံလူသားရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမျိုးရှိတယ်။

မျိုးရိုးဗီဇပေါင်းစပ်လူသားရဲ့ အရပ်အမောင်းရှိတယ်။

သူတို့အားလုံးသည် လင်းဇီချန်အပေါ် မြင့်မားသည့်မျှော်လင့်ချက်များကို ပြသ၍ ချီးမွမ်းပြောဆိုခဲ့ကြသည်။ လင်းဇီချန်သည်တော့ ထိုစကားများအပေါ် စိတ်ခံစားချက် မ‌ရှိပေ။ သူစုဆောင်းပြီးသော ငွေပမာဏကို တွက်ချက်ရင်းဖြင့် အလုပ်ရှုပ်နေသည်။

သိုင်းပညာပြိုင်ပွဲ အနိုင်ရရှိငွေ ယွမ်နှစ်သောင်းနှင့် ယခင်က စာပေပညာရပ်ဆိုင်ရာ ပြိုင်ပွဲအမျိုးမျိုးမှ ဆုကြေးငွေများလည်း ရှိသည်။ ကျောင်းမှရရှိသည့် ပညာသင်ဆုကြေးလည်း ရှိသည်။ ထိုငွေအားလုံးကို ပေါင်းလိုက်လျှင် ယွမ်သုံးသောင်းခန့်ဖြစ်၏။

“ဒီလောက်ဆို လုံလောက်တဲ့ပမာဏပဲ။ ကင်းမွန်တစ္ဆေအသား ကိုယ်စားသွားဝယ်ပေးဖို့ လူရှာရမယ့်အချိန်ပဲ။ ဂျူနီယာအထက်တန်းကျောင်းမပြီးဆုံးခင် ကင်းမွန်တစ္ဆေအသက်စွမ်းအင် စုဆောင်းမှုဇယားကို အပြည့်ဖြည့်ရမယ်…”

လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။

အခန်း ၃၆

ဂျူနီယာအထက်တန်းကျောင်းပြီးဆုံး

လင်းဇီချန် ဈေးတန်းထဲ၌ ရက်အနည်းငယ်ကြာ လှည့်လှည်သွားလာခဲ့ရသည်။ နောက်ဆုံးတွင်တော့ ကိုယ်စားဝယ်ယူပေးနိုင်မည့် လူအိုကြီးတစ်ယောက်ကို ရှာတွေ့နိုင်ခဲ့သည်။

ထိုလူအိုကြီးသည် ဒေသခံတိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်ပြီး ငှားရမ်းနိုင်သည့် အိမ်ရာအဆောက်အအုံများစွာကို ပိုင်ဆိုင်သည်။ နားရက်များတွင် ဘောင်းဘီတိုပွပွ၊ ခြေညှပ်ဖိနပ်တို့ဖြင့် ဈေးတန်းအတွင်း လမ်းလျှောက်လေ့ရှိကာ စားပွဲများကို ကူညီရှင်းလင်းပေးခြင်း သို့မဟုတ် ရောင်းချန်ရန်ဘူးခွံများကို အမှိုက်ပုံးများအတွင်း ရှာဖွေခြင်းများကို လုပ်ဆောင်တတ်သည်။

ထိုလူအိုကြီးသည် ငွေပြတ်လပ်သောကြောင့် မဟုတ်ပါဘဲ အမှိုက်စုဆောင်း၍ ငွေရှာဖွေခြင်းကို နှစ်ခြိုက်ရုံသာ ဖြစ်၏။ ဘူးခွံတစ်ခု ရှာတွေ့တိုင်းတွင် ကြီးစွာသောစိတ်ကျေနပ်မှုကို ခံစားရပြီး တစ်စိမ့်စိမ့်တွေးတော၍ စိတ်အားတက်ကြွ ဝမ်းသာတတ်ပေသည်။ လင်းဇီချန် သဘောတူညီချက်ပေးရန် လိုအပ်သည်မှာ မိမိ၏အိမ်ရှိ ဘူးခွံတိုင်းသည် သူ့အတွက်ဖြစ်ပါသည်ဟူ၍သာ ဖြစ်ခဲ့ပြီး လူအိုကြီးသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် လင်းဇီချန်ကို ကူညီဝယ်ယူပေးရန် သဘောတူခဲ့သည်။

ကိုယ်စားဝယ်ပေးမည့်သူကို စီစဉ်ပြီးနောက် သူ၏ယွမ်သုံးသောင်းကို လျင်မြန်စွာပင်သုံးစွဲပြီးခဲ့သည်။ ကင်းမွန်တစ္ဆေအသား ကျင်းသုံးဆယ်ကို တစ်ပြိုင်နက်တည်း စုပ်ယူစားသုံး၍ ကင်းမွန်တစ္ဆေ၏အသက်စွမ်းအင် စုဆောင်းမှုဇယားကို ၃၃%အထိ တိုးတက်စေနိုင်ခဲ့သည်။

ကျန်ရှိသည့် နွေရာသီကျောင်းပိတ်ရက် လဝက်ခန့်၌ လင်းဇီချန်သည် တစ်နေ့လျှင် မနက်၊ နေ့လည်၊ ညသုံးကြိမ်ကို လေ့ကျင့်ခန်း အပြင်းအထန် နေ့တိုင်းလုပ်ဆောင်သည်။ အားလပ်ချိန်များတွင် ရှန်ချင်းဟန်ကိုခေါ်ထုတ်၍ ခန္ဓာကိုယ်လေ့ကျင့်ရေးတွင် ကူညီပေးသည်။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

နွေရာသီကျောင်းပိတ်ရက် ပြီးဆုံးသွားပြီး ဂျူနီယာအလယ်တန်းကျောင်းဒုတိယနှစ်သို့ တက်ရောက်ရမည့် အချိန်ကျရောက်လာသည်။

လင်းဇီချန်၏ ဆင့်ကဲတိုးတက်ခြင်းအဆင့် တိုးတက်သွားခဲ့သည်။

သွေးမျိုးဆက် အခြေခံအဆင့်၃မှ အခြေခံအဆင့်၄သို့ အောင်မြင်စွာ တိုးတက်သွားခဲ့သည်။ တစ်ပြိုင်နက်တည်း၌ သူ၏ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်အလက်များသည်လည်း အလွန်တရာတိုးတက်သွားခဲ့သည်။

ကီလို၁၀၉၀အလေးချိန်ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ မ,နိုင်သည်။ အမြင့်၅.၆၅မီတာကို ခုန်နိုင်သည်။ ထို့ပြင် မီတာတစ်ရာကို ၄.၄၉စက္ကန့်အတွင်း ပြေးနိုင်သည်။

သို့သော် အနီးကပ် စမ်းသပ်စစ်ဆေးကြည့်လျှင် ဤတစ်ကြိမ်တိုးတက်မှုသည် နှစ်ဆ၊သုံးဆတိုးတက်ခဲ့သော ယခင်အကြိမ်များလောက် မမြင့်မားသည်ကို သတိထားမိနိုင်၏။

လင်းဇီချန် နားလည်နိုင်ပါ၏။ ခြုံငုံလိုက်ပါက ဆင့်ကဲတိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်အင်အားကိုတိုးမြှင့်ရန်လည်း ပိုမိုခက်ခဲလာခဲ့သည်။ တိုးတက်မှုနှုန်းသည် အမြဲ ဆတိုး၍ တိုးတက်နေနိုင်လိမ့်မည် မဟုတ်ပေ။ မူလအခြေအနေပေါ်တွင်လည်း မူတည်သေးသည်။

အင်အားတိုးတက်မှုဟူသည် သာဓကအားဖြင့်

ကီလို၁၀၀မှ ကီလို၄၀၀သို့ တိုးတက်သွားခြင်းသည် ၄ဆ တိုးတက်သွားခြင်းဖြစ်သည်။

သို့သော် ကီလို၄၀၀မှ ကီလို၈၀၀သို့ တိုးတက်သွားခြင်းမှာမူ ၂ဆသာ ဖြစ်၏။

သို့တိုင် တိုးတက်မှုပမာဏသည် ကီလို၁၀၀ ပို၍ကြီးမားပေသည်။

“အရင်တုန်းက ဂျူနီယာအထက်တန်း မပြီးဆုံးခင် အခြေခံအဆင့်၄ကို ရောက်နိုင်တာက အောင်မြင်မှုကြီးတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဂျူနီယာအထက်တန်းဒုတိယနှစ်မှာပဲ လုပ်ဆောင်နိုင်ခဲ့တယ်။ ကြည့်ရတာ ငါ့ကိုယ်ငါ လျှော့တွက်ခဲ့မိပုံပဲ…”

လင်းဇီချန် စိတ်ထဲမှတွေးတော၍ ပြုံးရယ်နေသည်။

အချိန်များကုန်ဆုံးသွားခဲ့ပြီး ၂နှစ်ဟူသောအချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အလယ်တန်းကျောင်းစာမေးပွဲကို ဖြေဆိုပြီးခဲ့ကြပြီး ရှန့်ဟိုင်အထက်တန်းကျောင်း၏ ဂျူနီယာအထက်တန်းကို အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ကျောင်းပြီးဆုံးခြင်းအခမ်းအနားနေ့တွင် မိဘလေးဦးလုံးသည် ကလေးများ၏ကျောင်းပြီးဆုံးခြင်းအခမ်းအနားကို အချိန်ပေးတက်ရောက်ကြသည်။

“လာ သားတို့နှစ်ယောက် ပိုကပ်ပြီးရပ်လိုက်ကြ၊ တောက်တောက်ပပလေးပြုံးမယ်”

ကျန်းဝမ်ရှင်းသည် ပုံမှန်ကဲ့သို့ပင် ငယ်သူငယ်ချင်းနှစ်ယောက်ကို ဓာတ်ပုံရိုက်ရာတွင် တာဝန်ယူထားခဲ့ပြီး ကလေးနှစ်ယောက်၏ ကျောင်းနှစ်စဉ်အလိုက် ကြီးပြင်းလာကြပုံကို မှတ်တမ်းတင်ရိုက်ကူးသည်။

ဓာတ်ပုံရိုက်ရန် ပို့စ်ပေးသောအခါ မိန်းကလေးများစွာသည် သူတို့ကို ရပ်ကြည့်နေကြ၏။ လင်းဇီချန်ကို တွယ်ကပ်နေသည့် ရှန်ချင်းဟန်ကိုမြင်သောအခါ ကြည့်ရှုနေသည့် မိန်းကလေးများမှာ အားကျမှုဖြင့် မျက်လုံးများတောက်ပနေကြသည်။ ရှန်ချင်းဟန်ကို နေရာမှဆွဲထုတ်၍ လင်းဇီချန်၏ဘေးရှိ သူမ၏နေရာသို့ အစားထိုးဝင်ရောက်လိုကြသည်။ သက်တူရွယ်တူမိန်းကလေးများ၏ အားကျသောအကြည့်များကို ခံစားမိသောရှန်ချင်းဟန်သည် အလွန်တရာပျော်ရွှင်မြူးတူးလျက် သူမသည် ဤလောကတွင် အပျော်ရွှင်ဆုံးမိန်းကလေးဟုပင် ယုံကြည်နေတော့သည်။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင် ဓာတ်ပုံရိုက်ချိန် ပြီးဆုံးသွားခဲ့သည်။ လင်းဇီချန် သူ၏ဘေးရှိ ရှန်ချင်းဟန်ကို ငုံ့ကြည့်လိုက်သည်တွင် သတိမထားမိလိုက်ခင်၌ပင် မိမိမှာ သူမထက် ခေါင်းတစ်လုံးစာ အရပ်မြင့်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ရှန်ချင်းဟန်သည် လင်းဇီချန်၏အကြည့်ကို သတိထားမိသောကြောင့် လင်းဇီချန်ဘက်သို့ လှည့်လာ၍ သူမ၏မျက်နှာလှလှလေး ဦးမော့လာခဲ့ပြီး တောက်ပသော မျက်ဝန်းအစုံဖြင့် မေးမြန်းသည်။

“နင်ဘာလို့ ငါ့ခေါင်းကို စိုက်ကြည့်နေတာလဲ။ တစ်ခုခုရှိနေလို့လား”

“မဟုတ်ပါဘူး။ ဒီတိုင်း ရုတ်တရက် ငါနင့်ထက် ခေါင်းတစ်လုံး‌နီးပါး အရပ်ပိုမြင့်နေပြီဆိုတာ နားလည်လိုက်လို့ပါ”

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ဘယ်လိုလုပ်ပြီး ခေါင်းတစ်လုံးဖြစ်နိုင်မှာလဲ။ လွန်ခဲ့ရက်နည်းနည်းကပဲ ငါတို့တွေ အရပ်တိုင်းထားတာကို၊ နင်က ၁.၇၈မီတာ ငါက ၁.၆၂မီတာ နင်နဲ့ငါနဲ့ ၁၆စင်တီလေးပဲကွာတာ။ ခေါင်းတစ်လုံးကွာတယ်ဆို အနည်းဆုံး ၂၀စင်တီတော့ ကွာရမှာလေ”

ရှန်ချင်းဟန်သည် သူမ၏နှင်းဆီနှုတ်ခမ်းလေးများကို ဖိကိုက်၍ လင်းဇီချန်၏ မတိကျသောစကားကို မကျေနပ်ကြောင်းပြသသည်။

သူတို့နှစ်ယောက်၏ အရပ်ကွာခြားမှုတိုးမြင့်လာချိန်မှစတင်၍ ရှန်ချင်းဟန်သည် သူမ၏အရပ်အကြောင်းကို အလွန်သတိထားလာခဲ့၏။ ၁စင်တီပင်လျှင် မှားယွင်း၍ မရချေ။

လင်းဇီချန် ပြင်ပြောလိုက်သည်။

“အဲ့လောက် စိတ်လောပြီးပြန်မပြောပါနဲ့။ ငါပြောတာ ခေါင်းတစ်လုံးနီးပါးလို့ ပြောလိုက်တာပါ။ နီးပါးဆိုတဲ့စကားကို လျစ်လျူမရှုထားလိုက်နဲ့လေ”

ရှန်ချင်းဟန် ဆူပုတ်လာ၏။

“ငါဂရုမစိုက်ဘူး။ ‘နီးပါး'လို့ပြောတာ အဆင်မပြေဘူး။ စင်တီမီတာနဲ့ အတိအကျပြောသင့်တာ”

ထိုသို့ပြောပြီးနောက် သူမနှင့် လင်းဇီချန်၏ ပိုမိုတိုးမြင့်လာသော အရပ်အမြင့်ကိုကြည့်လျက် ရှန်ချင်းဟန်သည် မထိန်းချုပ်နိုင်စွာ စိုးရိမ်ပူပန်နေတော့သည်။

“နင်က အခု ၁.၈မီတာနီးပါး ဖြစ်နေပြီ။ အထက်တန်းကျောင်းတက်ပြီးတဲ့အထိ ဆက်ပြီးထွားနေဦးမယ်ဆိုရင် ငါနင့်မျက်နှာကို ချွေးသုတ်ပေးတဲ့အခါ ခြေဖျားထောက်ပြီး သုတ်ပေးရတော့မှာပဲ”

“နင် အတွေးလွန်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နင်က အရမ်းပုလွန်းလို့ ခြေဖျားထောက်လည်း ငါ့ကိုမီနိုင်မှာ မဟုတ်တော့ဘူး။ အနည်းဆုံးတော့ ထိုင်ခုံပေါ်တက်ပြီး ရပ်ရလောက်မှာ”

လင်းဇီချန် စနောက်ပြောဆို၍ သူမ၏ဦးခေါင်းကိုပုတ်ပေးရန် လက်လှမ်းလိုက်သည်။

“အာ ဟုတ်ပါတယ်!”

ရှန်ချင်းဟန်သည် လင်းဇီချန်ကို မခံမရပ်နိုင်သောအကြည့်ဖြင့် စိုက်ကြည့်လာ၏။

“နောက်နှစ်နည်းနည်းလောက်ဆိုရင် ငါက အရမ်းအရပ်ပုလွန်းလို့ နင့်ဒူးကို မီဖို့တောင် ခုန်နေရလိမ့်မှာ!”

ကျန်းဝမ်ရှင်းသည် သူတို့နှစ်ယောက်ကို စိတ်ကြည်နူးစွာဖြင့် ပြုံးကြည့်နေလျက် ပြောလာသည်။

“အဆင်ပြေပါတယ် ဟန်ဟန် ခြေဖျားထောက်တာက မလုံလောက်ဘူးဆိုရင် ရှောင်ချန်ကိုပဲ သမီးကို ချီခိုင်းလိုက်ရင်ရပြီ။ ဒီလိုဆို ဟန်ဟန် သူ့မျက်နှာကို ချွေးသုတ်ပေးလို့ရပြီလေ”

“အန်တီရှင်း အန်တီလည်း သမီးကို စနောက်နေပြန်ပြီ”

ကျန်းဝမ်ရှင်းထံမှ ရုတ်တရက် နောက်ပြောင်ခံလိုက်ရလေရာ ရှန်ချင်းဟန်၏ပါးမို့လေးများသည် ရှက်ရွံ့မှုကြောင့် နီမြန်းလာသည်။

တစ်ဖက်ရှိ လင်းဇီချန်သည်တော့ စိတ်ထဲမထားပုံရ၏။ ဘာမျှမပြောဘဲ ပြုံးရယ်နေပေသည်။

သို့သော် ယခုစဉ်းစားကြည့်လိုက်ရာ လင်းဇီချန် ရှန်ချင်းဟန်ကို မပွေ့ချီရသည်မှာ ‌အတော်လေး ကြာမြင်ခဲ့လေပြီ။ သူငယ်တန်းကျောင်းတွင် သူမကို မကြာခဏ ပွေ့ချီတတ်ခဲ့၏။ ကျောင်း၏ နေ့လည်ခင်းအိပ်ချိန်များတွင် ရှန်ချင်းဟန်သည် သူ၏စောင်အောက်သို့ တွားသွားလာပြီး သူ့အား ပွေ့ဖက်အိပ်ရသည်ကို နှစ်ခြိုက်ခဲ့သည်။ ထိုသုံးနှစ်ကျော်ခန့်အတွင်း ရှန်ချင်းဟန်သည် သူ့ကိုယ်ပေါ်သို့ အကြိမ်တစ်ရာမက သေးပေါက်ချခဲ့သည်။

မူလတန်းကျောင်းသို့ရောက်သောအခါ သူမကို အကြိမ်အနည်းငယ်သာ ပွေ့ချီဖြစ်ခဲ့၏။ သို့သော် နောက်ကျောထက်တွင် မကြာခဏ ကျောပိုးလေ့ရှိခဲ့သည်။ အလယ်တန်းကျောင်းတက်နေသည့် နှစ်များတွင်မူ မိစ္ဆာဒိဌိဂိုဏ်းနှင့် ကြုံတွေ့ခဲ့သော အချိန်၌သာ ပွေ့ချီခဲ့ပြီး ထိုအချိန်မှစတင်၍ နောက်ပိုင်းတွင်း သူမကို မပွေ့ချီဖြစ်ခဲ့တော့ချေ။ အကြောင်းရင်းမှာ သူတို့နှစ်ယောက်လုံး ကြီးပြင်းလာသောကြောင့်ဟု ဆိုနိုင်ပေသည်။

သူတို့နှစ်ဦး၏ စိတ်ပိုင်းဆိုင်ရာကွာခြားချက်များ သိသိသာသာ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ လိင်ကွာခြားမှုအရ ပင်ကိုလက္ခဏာများသည်လည်း ပို၍သိသာထင်ရှားလာခဲ့ခြင်းနှင့်အတူ ဆန့်ကျင်ဘက်လိင်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအပေါ် ပို၍သတိထားဆင်ခြင်လာခဲ့ကြသည်။ အမျိုးမျိုးသော စဉ်းစားသုံးသပ်ချက်များပြီးနောက် သူတို့နှစ်ဦးသည် ငယ်ရွယ်စဉ်အချိန်များကဲ့သို့ သာမန်ကာလျှံကာ ပွေ့ဖက်ထိကိုင်ခြင်း မပြုလုပ်နိုင်ကြတော့ပေ။

လဝက်ခန့်ကြာမြင့်ပြီးနောက် အလယ်တန်းကျောင်း စာမေးပွဲရလဒ်များ ထွက်လာခဲ့သည်။ အားလုံးမျှော်လင့်ထားသည့်အတိုင်းပင် လင်းဇီချန်သည် ဒေသတစ်ခုလုံး၏ ပထမနေရာကို ရရှိခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များဖြစ်စေ၊ သိုင်းပညာအတန်းလျှောက်လွှာတင်သွင်းရန်အတွက် လိုအပ်သော ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုဆိုင်ရာ အချက်အလက်များဖြစ်စေ လင်းဇီချန်သည် ဒေသတစ်ခုလုံး၏ ပထမရရှိသူဖြစ်လေသည်။

တကယ်တမ်းတွင် လင်းဇီချန်သည် တစ်မြို့လုံးအတိုင်းအတာ ပထမနေရာကို ရယူနိုင်၏။ သို့သော် နှိမ့်ချ‌စွာနေထိုင်ခြင်းသည် ပို‌မိုကောင်းမွန်လိမ့်မည်ဟုတွေးခဲ့ပြီး ဒေသတစ်ခုလုံး ပထမအဆင့်ဖြင့် လုံလောက်သည်ဟု တွေးခဲ့သည်။

ရှန်ချင်းဟန်အတွက်မူ မျှော်လင့်မထားသည့် အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ သူမသည် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များတွင် ‌ဒေသတစ်ခုလုံး အဆင့်၁၀၀အတွင်း ဝင်ရောက်ခဲ့ပြီး ရှန့်ဟိုင်အထက်တန်းကျောင်းသို့ ဝင်ရောက်ရန် လုံလောက်သည်ထက်ပင် ပိုခဲ့သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုဆိုင်ရာ ရမှတ်သည် ရှန့်ဟိုင်အထက်တန်းကျောင်း၏ သိုင်းပညာအတန်းသို့ ဝင်ရောက်ရန် မလုံလောက်ခဲ့ပေ။ အတော်လေးနီးကပ်သော ပမာဏဖြစ်သည့် ၁၀မှတ်အလိုဖြင့် လွဲချော်သွားခဲ့သည်။

“ရှောင်ချန် ငါကြိုးစားလေ့ကျင့်ခဲ့ပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရလဒ်က တိုးတက်မလာဘူး။ ငါ့ကိုယ်ငါ သိုင်းပညာနဲ့ မသင့်တော်ဘူးလို့ ခံစားရတယ်”

ရှန်ချင်းဟန်သည် အိပ်ရာထက်တွင် လဲလျောင်း၍ သူမ၏မျက်လုံးများကို လက်ယာလက်ဖြင့် အုပ်ထားသည်။ သူမ၏ပုံစံမှာ လုံးဝစိတ်ပျက်အားလျော့နေပုံရ၏။

လင်းဇီချန်သည် သူမ၏အိပ်ရာဘေးတွင်ထိုင်၍ နှစ်သိမ့်ပေးနေသည်။

“ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစမ်းပါ။ နင်က ထိပ်တန်းအခန်းကို မဝင်‌နိုင်ခဲ့ရုံပါပဲ။ တခြားသူတွေအများကြီးထက် ပိုတော်နေပြီပဲလေ။ ပြီးတော့ နင်က အခုမှ အသက်၁၅နှစ်ရှိသေးတာ၊ ငယ်သေးတော့ ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးဘူးလေ။ နင့်မှာ အလားအလာကောင်းတွေ အများကြီးရှိပါတယ်”

“ငါက ငယ်သေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ နင်က ငါ့ထက်တစ်ရက်ပဲ အသက်ကြီးတာလေ။ ဘာလို့ နင့်ကိုယ်နင် ငါ့အဖေအရွယ်လိုမျိုး ပြောနေတာလဲ”

ရှန်ချင်းဟန် မထိန်းချုပ်နိုင်စွာ ပြန်ခံပြော၏။

လင်းဇီချန် ပြုံးရယ်လျက် စနောက်လိုက်သည်။

“ငါက နင့်ရဲ့အဖေလုပ်ရရင်လည်း ကိစ္စမရှိပါဘူး”

“အား နင်က အရမ်းစိတ်တိုဖို့ကောင်းတာပဲ။ ငါဒီတိုင်းတောင် အရမ်းဝမ်းနည်းနေပြီကို နင်က ငါ့ကို နောက်ပြောင်နေနိုင်သေးတယ်ပေါ့လေ”

ရှန်ချင်းဟန် လင်းဇီချန်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။ သို့သော် အားမထည့်ဘဲ ထိုးခြင်းဖြစ်ရာ စုံတွဲများကြား ကျီစယ်စနောက်နေသည့် ပုံရိပ်အလားပင် ဖြစ်နေတော့သည်။

ထို့နောက် ရှန်ချင်းဟန်သည် စိတ်ပျက်အားလျော့သော အသံဖြင့် ထပ်ပြော၏။

“ငါတို့ခန္ဓာကိုယ်‌တွေက အပြည့်အဝ မဖွံ့ဖြိုးသေးရင်တောင် နင့်ရဲ့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရမှတ်တွေက ငါ့ထက် ပိုကောင်းတယ်လေ။ ငါနင်နဲ့ယှဉ်လိုက်ရင် ငါ့ကိုယ်ငါ အသုံးမကျတဲ့အိမ်တွင်းပုန်းလိုမျိုး ခံစားရတယ်”

လင်းဇီချန် ရှန်ချင်းဟန်ကို နှစ်သိမ့်စကားဆိုတော့မည်တွင် အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ ကျန်းဝမ်ရှင်းမှ ဖုန်းခေါ်ခြင်းဖြစ်၏။ ဖုန်းဖြေလိုက်သောအခါ ရှန့်ဟိုင်အထက်တန်းကျောင်း၏ အထက်တန်းပိုင်းဆိုင်ရာ ကျောင်းအုပ်ကြီးသည် သူ၏အိမ်သို့ ရောက်နေသည်ကို သိလိုက်ရသည်။ ကျောင်းအုပ်ကြီးသည် ဒေသတစ်ခုလုံး၏ ပထမအဆင့်ကျောင်းသားဆီသို့ အထူးတလည် လာရောက်လည်ပတ်ခြင်းဖြစ်သည်။ လာရင်းအကြောင်းရင်းမှာ လင်းဇီချန်အား အခြားအထက်တန်းကျောင်းများ၏ လျှို့ဝှက်စွာချဉ်းကပ်မှုမှ ကင်းရှင်းစေကာ ရှန့်ဟိုင်အထက်တန်းကျောင်းတွင် တက်ရောက်မည်ဖြစ်ကြောင်း သေချာစေရန်ဖြစ်သည်။

ဖုန်းချပြီးနောက် လင်းဇီချန်သည် အိပ်ရာထက်ရှိ ရှန်ချင်းဟန်သို့လှည့်၍ ပြောခဲ့သည်။

“ချင်းဟန် ရှန့်ဟိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ငါ့အိမ်မှာရောက်နေတယ်။ ငါနဲ့အတူလိုက်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့လိုက်”

“ငါလိုက်ချင်စိတ်မရှိဘူး…”

ရှန်ချင်းဟန်သည် စိတ်ဓာတ်ကျနေသောကြောင့် သူမ၏အခန်းထဲတွင် တိတ်တိတ်လေးငြိမ်နေလိုသည်။

လင်းဇီချန် နူးညံ့စွာပြောဆို၍ သူမကို ဖျောင်းဖျသည်။

“ဒါပေမဲ့လည်း လိုက်ခဲ့ပါ။ နင့်ကိုသိသွားအောင်လို့ ကျောင်းအုပ်ကြီးကို နှုတ်ဆက်လိုက်ပေါ့။ အဲဒါဆို ကျောင်းပြန်တက်တဲ့အခါ ငါတို့နှစ်ယောက် တစ်ခန်းထဲမှာ ထိုင်ခုံဖော်တွေ ဖြစ်နိုင်သေးတယ်လေ”

ထိုစကားကိုကြားသောအခါ ရှန်ချင်းဟန်သည် နှုတ်ခမ်းကိုဖိကိုက်၍ အိပ်ရာမှ တွန့်ဆုတ်စွာ ထလာပြီး ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံရန် လင်းဇီချန်နောက်မှ လိုက်သွားခဲ့သည်။ ခြုံငုံလိုက်လျှင် သူမ၏ သာမန်ဖြစ်သော ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်မှုရမှတ်ဖြင့် အထက်တန်းကျောင်းတွင် ထိပ်တန်းသိုင်းပညာအတန်းကို ဝင်ရောက်နိုင်ရန် မဖြစ်နိုင်ပေ။ လင်းဇီချန်နှင့် တစ်ခန်းတည်းအတူ ကျောင်းတက်လိုပါက မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ချိန်ကဲ့သို့ လင်းဇီချန်နှင့် သူမ၏ဆက်ဆံရေးကို အသုံးချ၍ မျက်နှာသာပေးခံရခြင်း၏ အကျိုးခံစားခွင့်ကို အခွင့်ကောင်းယူရရန်သာ တတ်နိုင်ပေသည်။

All Chapters