အပိုင်း ၃၇-၃၉
Vol. 3 Ch. 37-39
အခန်း ၃၇
ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းမှု ပြီးမြောက်အောင်မြင်ခြင်း
လင်းဇီချန်သည် ရှန်ချင်းဟန်ကို အိမ်ထဲသို့ ဦးဆောင်ခေါ်သွားသည်။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ရှန့်ဟိုင်အထက်တန်းကျောင်းပိုင်းဆိုင်ရာ ကျောင်းအုပ်ကို မြင်တွေ့ရ၏။ ကျောင်းအုပ်ကြီးသည် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ရွှေရောင်အနားကွပ်မျက်မှန်ကို ဝတ်ဆင်ထားကာ ဆံပင်ကို မြင့်မြင့်ထုံးဖွဲ့ထားပြီး အမျိုးသမီးဝတ်အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားလေရာ စွမ်းဆောင်ရည်မြင့်မားသည့်အမျိုးသမီး၏ အရှိန်အဝါများ ဖြာထွက်နေသည်။
“ရှောင်ချန် ဟန်ဟန် လာ ဒီမှာထိုင်ကြ၊ ကျောင်းအုပ်ပိုင်နဲ့ ကောင်းကောင်းစကားပြောလိုက်ဦး”
ကလေးနှစ်ယောက်ရောက်လာသည်ကိုမြင်သောအခါ ကျန်းဝမ်ရှင်းသည် ကလေးနှစ်ယောက်အား ဆိုဖာတွင်ထိုင်ကြရန် ပြောသည်။
လင်းဇီချန်သည် ကျောင်းအုပ်ပိုင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ထိုကျောင်းအုပ်ပိုင်၏ လာရင်းအကြောင်းရင်းမှာ ကျောင်းသာခေါ်ယူရန် ရည်ရွယ်ချက်ဖြစ်ကြောင်းကို လင်းဇီချန် သိပါ၏။ ထို့ကြောင့် အကြမ်းဖျင်း စကားစမြည်ပြောဆိုပြီးနောက် လိုရင်းကိုတိုက်ရိုက်ပြောရန်ဆုံးဖြတ်လိုက်ပြီး မေးမြန်းလိုက်သည်။
“ကျောင်းအုပ်ပိုင် ကျွန်တော် ကျောင်းအုပ်ကြီးရဲ့အထက်တန်းကျောင်းကို တက်ရောက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာလေးတစ်ခုရှိတယ်။ ကျွန်တော့်ရဲ့ ဒီငယ်သူငယ်ချင်းလေးနဲ့ တစ်ခန်းထဲမှာ ကျောင်းတက်ချင်ပါတယ်။ အဲဒီတောင်းဆိုချက်ကို ကျောင်းအုပ်ကြီး ဘယ်လိုသဘောရပါသလဲ”
“ရတာပေါ့ ပြဿနာမရှိပါဘူး”
ကျောင်းအုပ်ကြီးမှ တုံ့ဆိုင်းတွေဝေခြင်းမရှိ ပြန်ဖြေသည်။
သူမသည် ဂျူနီယာအထက်တန်းကျောင်းဌာန၏ ကျောင်းအုပ်ချန်နှင့် ဆွေးနွေးတိုင်ပင်ပြီးခဲ့ပြီဖြစ်၏။ ကျောင်းအုပ်ကြီးချန်သည် လင်းဇီချန်မှ ထိုတောင်းဆိုမှုတစ်ခုကို ပြုလုပ်လာလိမ့်မည်ဟု သူမကို ပြောပြထားခဲ့သည်။ ထို့ကြောင့် သူမသည် ရှန်ချင်းဟန်၏အကြောင်းကို ရင်းနှီးကျွမ်းဝင်စေရန် ကြိုတင်လေ့လာထားခဲ့သည်။
ရှန်ချင်းဟန်သည် စာပေပညာရပ်တွင် အဆင့်ကောင်းမွန်သည်။ သူမ၏ သွေးမျိုးဆက်ဆင့်ကဲတိုးတက်မှုသည် အနည်းငယ်လိုအပ်နေသောကြောင့် လက်ရွေးစင်သိုင်းပညာအတန်းသို့ မဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်၏။ ရှန်ချင်းဟန်ကဲ့သို့ အဆင့် မဆိုးရွားသည့် ကျောင်းသားများအတွက် အနည်းငယ်မျှဘက်လိုက်ပေးရခြင်းသည် သူမအတွက် ကိစ္စကြီးမဟုတ်ပါချေ။
ထိုသို့ ရိုးရှင်းသည့် စကားဝိုင်းအဆုံး၌ အရင်တစ်ကြိမ်ကဲ့သို့ပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် တစ်ခန်းထဲ အတူတက်ရောက်ခွင့် သဘောတူညီချက်ဖြင့် ရှန့်ဟိုင်အထက်တန်းကျောင်း၌ တက်ရောက်ရန် အတည်ပြုခဲ့ကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ရှန်ချင်းဟန်သည် မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့စဉ်ကဲ့သို့ မပျော်ရွှင်တော့ခြင်းပင်။
ဤနှစ်ကြိမ်လုံးသည် အထူးအခွင့်အရေးကို အသုံးချခဲ့ခြင်းဖြစ်ခဲ့သည်။ မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့စဉ်က ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် တူညီသောကျောင်း၊ တူညီသောအခန်းတွင် ထိုင်ခုံဖော်များအဖြစ် တက်ခွင့်ရခြင်းကို အလွန်ပျော်ရွှင်ခဲ့သည်။ သို့သော် ယခု၌ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ချိန်၌မူ ရှက်ရွံ့မှု၊ မိမိကိုယ်ကိုယ် မဝံ့မရဲဖြစ်မှုနှင့် စိတ်ပျက်အားငယ်ခြင်းတို့ကိုသာ ခံစားရလေသည်။
အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ ရှန်ချင်းဟန်သည် ဤသို့အထူးအခွင့်အရေးများသည် တကယ်တမ်းတွင် အတော်လေးဂုဏ်သိက္ခာကျဆင်းရသည်ဟု နားလည်လာခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း လင်းဇီချန်နှင့်ဘေးချင်းယှဉ်လျက် ရပ်တည်နိုင်ပြီး တူညီသောအခန်းတွင်တက်ရောက်၍ ထိုင်ခုံဖော်ဖြစ်ရန်အတွက် သူတို့၏ဆက်ဆံရေးကို အသုံးချပြီး အခွင့်အရေးယူရဦးပေမည်။ ထိုအကြောင်းအရာသည် ရှန်ချင်းဟန်အား မိမိကိုယ်ကိုယ် အသုံးမကျသူတစ်ယောက်ဟု ခံစားရစေပြီး အခြားသူအပေါ် မှီခိုရုံသာ တတ်နိုင်သည့် ကလေးကြီးတစ်ယောက်ဟု ခံစားရစေသည်။
ရက်အနည်းငယ်ကြာမြင့်ပြီးနောက်၌
ရှန့်ဟိုင်အထက်တန်းကျောင်း၏ ဂျူနီယာအထက်တန်း အားကစားခန်းမတွင် သိုင်းပညာရှင်အဖွဲ့၏နည်းပြ ကောရှောင်းယွမ်သည် အဖွဲ့ဝင်၂၆ယောက်ကို အပြင်းအထန် လေ့ကျင့်ပေးနေသည်။ ယခင်က ကျောင်း၏ခေါင်းဆောင်ပိုင်းများသည် သိုင်းပညာရှင်အဖွဲ့ကို တန်ဖိုးမထားကြပေ။ အဖွဲ့ဝင်လည်း အနည်းငယ်သာရှိသည်။ ထို့ကြောင့် လေ့ကျင့်သင်တန်းပေးခြင်း၌ စိတ်အားထက်သန်မှု လျော့နည်းခဲ့ပြီး အဖွဲ့ဝင်များအား လွတ်လပ်သောအခြေအနေကို ခွင့်ပြုထားခဲ့သည်။
သို့သော် သိုင်းပညာရှင်အဖွဲ့ထဲသို့ လင်းဇီချန်ရောက်လာခဲ့ပြီး အဆင့်တစ်ခုသို့ မြှင့်တင်ပေးခဲ့ပြီးနောက်တွင် အရာအားလုံးပြောင်းလဲသွားခဲ့သည်။ ကျောင်း၏ခေါင်းဆောင်များသည် သိုင်းပညာရှင်အဖွဲ့ကို စတင်တန်ဖိုးထားလာကြသည်။ သိုင်းပညာရှင်အဖွဲ့သို့ ဝင်ရောက်လိုသည့် ကျောင်းသားများလည်း အများအပြားရှိလာခဲ့သည်။ ထိုအပြောင်းအလဲများသည် ကောရှောင်းယွမ်အား ပို၍တာဝန်ရှိစိတ် ကြီးလေးစေပြီး သိုင်းပညာရှင်အဖွဲ့အား ကောင်းမွန်စွာ စီမံခန့်ခွဲရန် ဆုံးဖြတ်ချက်ခိုင်မာစေခဲ့သည်။
“မင်္ဂလာပါ ခေါင်းဆောင်”
“မင်္ဂလာပါ ခေါင်းဆောင်”
“မင်္ဂလာပါ စီနီယာအစ်မရှန်”
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦး အားကစားခန်းမထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အားကစားခန်းမထဲတွင် လေ့ကျင့်နေကြသော အဖွဲ့ဝင်များသည် လေ့ကျင့်ခြင်းကိုရပ်တန့်၍ သူတို့နှစ်ဦးကို နှုတ်ဆက်လာကြသည်။ နည်းပြကောရှောင်းယွမ်ပင်လျှင် တင်းမာခက်ထန်သော မျက်နှာအမူအရာမှ အပြုံးမျက်နှာသို့ ပြောင်းလဲသွားပြီး ပြောလာသည်။
“ဇီချန် ရှောင်ရှန် စားပွဲပေါ်မှာ လက်ဖက်ရည်ပြင်ပေးထားတယ်။ အခုဆို အပူချိန်အနေတော်လေးပဲ။ အရင်ဆုံးထိုင်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်လိုက်ဦး”
“မလိုပါဘူး။ ကျွန်တော်တို့ ယောဂဖျာကို ခဏလောက်သုံးချင်လို့ လာခဲ့တာ။ ခဏနေရင် သွားတော့မှာ”
ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် ယောဂဖျာကို ကောက်ယူ၍ အခန်းထောင့်တစ်နေရာတွင် ဖြန့်ခင်းပြီး ရှန်ချင်းဟန်ကို ကြွက်သားဖြေလျှော့ရန် ကူညီပေးသည်။
ရှန်ချင်းဟန်သည် အပြင်ဘက်အားကစားကွင်းတွင် လေ့ကျင့်ခဲ့ပြီးဖြစ်သောကြောင့် တစ်ကိုယ်လုံးနာကျင်နေကာ အလွန်အမင်း ပင်ပန်းနေပြီဖြစ်သည်။ လင်းဇီချန် ကြမ်းပြင်ပေါ်တွင် ယောဂဖျာကို ဖြန့်ခင်းပြီးသည်နှင့်တစ်ပြိုင်နက် ရှန်ချင်းဟန်သည် မောဟိုက်စွာဖြင့် ရုတ်ချည်းလှဲချလိုက်တော့သည်။ ထို့နောက် သူမ၏ ခြေထောက်ကြွက်သားများကို လင်းဇီချန် နှိပ်နယ်ပေးရန်အတွက် ကျွမ်းကျင်စွာပင် ခြေထောက်များကို ဆန့်ကားလိုက်သည်။
နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက်၌ ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အခြေအနေသည် များစွာတိုးတက်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားသည်လည်း ပို၍ပြီးပြည့်စုံစွာ ကြည့်ကောင်းလာခဲ့သည်။ ယခင်က တူနှစ်ချောင်းကဲ့သို့ ဖြောင့်တန်းသွယ်လျကာ အသားအနည်းငယ်သာရှိသော ပြင်လျာတင့်မောမှု အနည်းငယ်လိုအပ်နေသည့် ခြေထောက်များမှသည် ယခု၌မူ အသားများလာပြီး ပြည့်ပြည့်လေးနှင့် ထိကိုင်ရ ပိုကောင်းလာပေသည်။ ထို့ပြင် ပို၍ကျန်းမာသန်စွမ်းဟန်ရှိပြီး ပို၍ဆွဲဆောင်မှု ရှိလာခဲ့သည်။
“ရှောင်ချန် ပေါင်ကို နည်းနည်းပိုပြီး ခပ်ပြင်းပြင်းဖိလို့ရတယ်”
ရှန်ချင်းဟန် ပြောသည်။
“ကောင်းပြီ”
“မဟုတ်ဘူး မဟုတ်ဘူး အရမ်းပြင်းလွန်းသွားပြီ နာတယ်”
“အခုရော”
“အခု အနေတော်ပဲ”
ရှန်ချင်းဟန်သည် ယောဂဖျာပေါ်တွင် လဲလျောင်း၍ မျက်လုံးများကိုဖိမှိတ်ထားပြီး လင်းဇီချန်၏ အတော်အသင့်အားပြင်းသော နှိပ်နယ်ပေးမှုကို ခံစား၍ အနားယူနေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်၌ နှိပ်နယ်မှုပြီးဆုံးသွားခဲ့သည်။ ရှန်ချင်းဟန် ယောဂဖျာပေါ်မှ ထရပ်လိုက်ပြီး စိတ်ကျေနပ်နေသော မျက်နှာအမူအရာဖြင့် နွမ်းလျစွာ အကြောဆန့်လိုက်သည်။ ထို့နောက် သူမ၏ဘေးတွင် ထိုင်နေသော လင်းဇီချန်ကို ငုံ့ကြည့်၍ အပြုံးဖြင့်ပြော၏။
“ရှောင်ချန် အခု ငါ့ရဲ့နှိပ်နယ်မှုပညာမှာ ပျော်မွေ့ဖို့ နင့်အလှည့်ရောက်ပြီ။ အမြန်လှဲချလိုက်”
“အားထည့်ဖို့ မမေ့နဲ့နော်”
“ပြဿနာမရှိဘူး။ နင့်ရဲ့လိုအပ်ချက်အားလုံးကို ကျေနပ်မှုရရှိစေရမယ်”
“ဒါဆို ငါ့ရဲ့ခြေသလုံးကြွက်သားကနေ စလိုက်ကြတာပေါ့”
လင်းဇီချန် ယောဂဖျာထက်တွင် လဲလျောင်းလိုက်ပြီး ရှန်ချင်းဟန်၏ လှပတင့်တယ်သော လက်ကလေးများဖြင့် သူ၏ခန္ဓာကိုယ်ကို အလုပ်အကျွေးပြုရန် ခွင့်ပြုလိုက်သည်။
တစ်လကြာမြင့်ပြီးနောက်
ဩဂုတ်လ ၁ရက်နေ့၌ သိုင်းပညာရှင်အဖွဲ့ဝင်အဖြစ် သုံးနှစ်ပြည့်ခဲ့ပြီးဖြစ်သော လင်းဇီချန်သည် သူ၏သုံးကြိမ်မြောက် ကျောင်း၈ကျောင်းပေါင်းစု သိုင်းပညာပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သည်။ ဤတစ်ကြိမ်ပြိုင်ပွဲတွင်လည်း လွန်ခဲ့သည့်ပြိုင်ပွဲနှစ်ကြိမ်ကဲ့သို့ ပြိုင်ဘက်ကျောင်းများကို လင်းဇီချန်တစ်ဦးတည်းဖြင့် အနိုင်ရယူခဲ့သည်။ ပွဲစဉ်သုံးခုကို တစ်ချီတည်း အနိုင်ရယူပြီး ရှုံးပွဲမရှိသောပြိုင်ပွဲဝင်အဖြစ် ချန်ပီယံဆုကို ရရှိခဲ့သည်။
သူ၏ဆုကြေးငွေဝေစုကို လက်ခံရရှိပြီးသည်နှင့် လင်းဇီချန်သည် ဈေးတန်းသို့သွား၍ ကိုယ်စားဈေးဝယ်ပေးမည့် တိုက်ခန်းပိုင်ရှင်ဦးလေးကြီးကိုရှာသည်။
ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းမှုဇယားကို အပြည့်ဖြည့်ရန် ၂၀%သာ လိုအပ်တော့သည်။ သို့ဖြစ်ရာ ယနေ့ရရှိခဲ့သော ဆုကြေးငွေယွမ်နှစ်သောင်းဖြင့် ယနေ့ချက်ချင်း ဖြည့်ဆည်းရန်လုံလောက်ပေသည်။
ခဏအကြာ၌ ကိုယ်စားဝယ်ယူပြီးဖြစ်သော ကင်းမွန်တစ္ဆေအသားများ လင်းဇီချန်၏လက်ထဲသို့ ရောက်ရှိခဲ့သည်။ လင်းဇီချန် ဈေးတန်းမှ အမြန်ထွက်ခွာ၍ စောင့်ကြည့်ကင်မရာများမရှိသည့် သစ်ပင်ကြီးများရှိသော တောအုပ်ငယ်နေရာသို့ အမြန်လျှောက်သွားခဲ့ပြီး အသက်စွမ်းအင်များကို အလောတကြီး ဝါးမျိုခဲ့သည်။
(ကင်းမွန်တစ္ဆေရဲ့ အသက်စွမ်းအင် ပမာဏအမြောက်အများကို စုပ်ယူခဲ့ပါတယ်)
(ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းမှုဇယား - ၁၀၀%)
အသိပေးစာပေါ်ထွက်လာပြီးနောက်၌ လေဟာပြင်တွင် အပြာရောင်ကင်းမွန်တစ်ကောင်၏ ရုပ်အသွင်ထွက်ပေါ်လာပြီး ၎င်းရုပ်အသွင်သည် လေဟာပြင်သမုဒ္ဒရာအတွင်း အေးဆေးစွာ၊ ကျေနပ်အားရစွာ၊ အနှောင့်အယှက်ကင်းစွာဖြင့် ကူးခတ်နေသည်။ ၎င်းသည် ကင်းမွန်တစ္ဆေဖြစ်၏။ ကင်းမွန်တစ္ဆေသည် လက်၁၈ချောင်းရှိပြီး လက်တစ်ချောင်းစီ၌ မျက်လုံးတစ်လုံးစီ ရှိသည်။ အတော်လေး တစ်မူထူးခြားသော ပုံပန်းသွင်ပြင်ရှိ၍ ယုတ္တိမတန်စွာ ထူးခြားဆန်းကြယ်ပေသည်။
ထိုကင်းမွန်တစ္ဆေသည် ရုတ်တရက် လင်းဇီချန်၏အကြည့်ကို အာရုံခံမိလိုက်သည့်အလား လေဟာပြင်သမုဒ္ဒရာ၏ အနက်ပိုင်းအတွင်းသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားပြီး ခြေရာလက်ရာ မကျန်ရစ်ဘဲ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ တစ်ပြိုင်နက်တည်း၌ အသိပေးစာအသစ် ထွက်ပေါ်လာသည်။
(ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းမှုဇယားကို အောင်မြင်စွာ ဖြည့်ဆည်းနိုင်ခဲ့ပြီး သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း - ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်းကို ရရှိပါသည်)
(ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း - သင်၏ ရေနှင့်နှီးနွှယ်မှုကို များစွာတိုးတက်စေနိုင်ပြီး ရေတွင် ခြေရာလက်ရာ မကျန်ရစ်စေဘဲ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည်)
အဲဒါပဲလား။
သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း၏ အကျဉ်းချုပ်ဖော်ပြချက်ကို ဖတ်ရှုပြီးနောက် လင်းဇီချန် ပထမဆုံးတွေးမိသည့်အရာမှာ ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း၏ အကျိုးသက်ရောက်မှုသည် အနည်းငယ်အားလျော့ဖွယ်ဖြစ်သည်ဟူ၍ပင်။
စေ့စေ့စပ်စပ်လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း၏ အကျိုးသက်ရောက်မှုကို လက်တွေ့စမ်းသပ်နိုင်မည့် ရေကူးကန်တစ်ကန်ကို အနီးအနားတွင် ရှာတွေ့ခဲ့သည်။ လင်းဇီချန် ထိုရေကူးကန်ထဲတွင် သုံးနာရီကြာနေခဲ့သည်။ နောက်ဆုံး၌ ‘ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း’၏ အကျိုးသက်ရောက်မှုများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ရှာဖွေသိရှိနိုင်ခဲ့သည်။
တစ်: ရေထဲ၌ အချိန်ကြာမြင့်စွာ နစ်မြုပ်နေသည့်တိုင် အသားအရေများ အရေတွန့်ခြင်းမရှိခြင်း။
နှစ်: ရေထဲ၌ နစ်မြုပ်နေရခြင်းမှာ အလွန်သက်သောင့်သက်သာဖြစ်သည်ဟု ခံစားရခြင်း။
သုံး: ရေကူးစဉ် သိသာမြင်သာသော ရေခုခံစွမ်းအားလျော့နည်းခြင်း။ ဟူ၏။
ထိုသုံးချက်အပြင် အခြားအကျိုးသက်ရောက်မှုများ မရှိတော့ပေ။
လင်းဇီချန် အနည်းငယ်စိတ်ပျက်သွားမိသည်။ ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း၏ အကျိုးသက်ရောက်မှုသည် ဆုတ်ယုတ်ခြင်း၊ နတ်ဘုရားဉာဏ်ပညာ၊ ကြီးနိုင်ငယ်ညှဉ်း သဘာဝတရား စသော သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းများထက် များစွာပို၍ အဆင့်နိမ့်ပါးညံ့ဖျင်းလေသည်။ သို့သော် သေချာတွေးတောကြည့်လိုက်သောအခါ အကျိုးသက်ရောက်မှုများ ပို၍အဆင့်နိမ့်ခြင်းသည်လည်း သဘာဝကျပါ၏။ ခြုံငုံသုံးသပ်လိုက်ပါက ကင်းမွန်တစ္ဆေဟူသည် မျိုးရိုးဗီဇပေါင်းစပ်နိုင်သော တန်ဖိုးမရှိဘဲ စားသောက်ကုန်တန်ဖိုးသာရှိသော အဆင့်နိမ့်ထူးခြားဆန်းပြားသားရဲတစ်ကောင်ပင် မဟုတ်ပါလော။ သို့ဖြစ်ရာ ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းခြင်းမှ ရရှိလာသည့် သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းသည်လည်း အဆင့်နိမ့်ပင် ဖြစ်နိုင်ပေသည်။
သို့ဖြင့် လင်းဇီချန် ရလဒ်ကို လက်ခံနိုင်ခဲ့သည်။ ခြုံငုံသုံးသပ်ကြည့်လျှင် ‘ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း’ သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းအား ယွမ်တစ်သိန်းဖြင့် ရယူနိုင်ခဲ့ခြင်းသည် ကောင်းမွန်သော အလဲအလှယ်ဖြစ်ပြီး စိတ်ပျက်ရန် အကြောင်းရင်း မရှိပါချေ။ ပိုမိုကောင်းမွန်သော သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းများကို ရယူနိုင်ရန်အတွက် ပိုက်ဆံစုဆောင်း၍ အချိန်နှင့်အမျှ ဝယ်ယူခြင်းသည် လင်းဇီချန် လုပ်ဆောင်နိုင်သည့် နောက်ဆုံးသောအခြေအနေဖြစ်သည်။ သို့မဟုတ် အနာဂတ်၌ သူ၏အင်အားများ တိုးတက်လာသောအခါ ထူးခြားဆန်းပြားသားရဲများကို ကိုယ်တိုင်အမဲလိုက်၍ အသက်စွမ်းအင်များကို ဝါးမျိုနိုင်ပေသည်။
သာဓကအားဖြင့်… သူနှင့် အနီးစပ်ဆုံးဖြစ်သော ဧရာမထူးခြားဆန်းပြားကြွက်သားရဲကြီးများဖြစ်၏… လင်းဇီချန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အခန်း ၃၈
ရှန်ချင်းဟန် ရှူးပေါက်လေ့ရှိရတဲ့ အကြောင်းရင်း
အချိန်များကုန်ဆုံးသွားခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းသို့ရောက်လာခဲ့သည်။ ကျောင်းစတက်ဖို့ရာ တစ်ပတ်ပင် မလိုတော့ချေ။
ကလေးနှစ်ယောက်၏ နွေရာသီကျောင်းပိတ်ရက် ပြီးဆုံးလုနီးသည့်တိုင် မိသားစုနှစ်ခုလုံး အပြင်ထွက် မပျော်ပါးဖြစ်ခဲ့သောကြောင့် ကျန်ရှိသည့်အားလပ်ရက်အနည်းငယ်အတွင်း ပင်လယ်ကမ်းခြေသို့ အတူတကွ အပန်းဖြေခရီးသွားကြရန် ကျန်းဝမ်ရှင်းမှ အကြံပြုသည်။ အားလုံးလည်း ထိုအကြံပြုချက်ကို လက်ခံကြသည်။
နောက်တစ်နေ့မနက်ခင်းတွင် မိသားစုနှစ်ခုလုံး စောစောထ၍ အနီးဆုံးရှိ ပင်လယ်ကမ်းခြေသို့ ကားမောင်းသွားရန် ပြင်ဆင်ကြသည်။ ရှန်ချင်းဟန်သည် ပုံမှန်ကဲ့သို့ လင်းယန်ရှန်း၏ကားနောက်ဘက်တွင် လင်းဇီချန်နှင့်အတူ ထိုင်လိုသည်။ လင်းဇီချန်သည် သူများမိသားစု၏သမီးဖြစ်သူအား အမြဲတစေ မိမိတို့ မိသားစု၏ကားထဲသို့ ခေါ်ယူထားခြင်းသည် မသင့်တော်ဟု ခံစားရသောကြောင့် သူနှင့်အတူ ရှန်ကျန်ယဲ့၏ကားကို စီးရန် အကြံပြုခဲ့သည်။
နှစ်နာရီခန့်ကြာမြင့်ပြီးနောက် သတ်မှတ်နေရာသို့ ရောက်ရှိခဲ့ကြသည်။ မိသားစုနှစ်ခုသည် ပင်လယ်ကမ်းခြေရှိ အိမ်တစ်လုံးကို ငှားရမ်းခဲ့ကြသည်။ ကားထဲမှ ပစ္စည်းများကို အိမ်ထဲသို့ပြောင်းရွှေ့နေရာချထားပြီးနောက် ပင်လယ်ကမ်းခြေသို့ အလျင်အမြန် ထွက်ခွာကြသည်။ နွေရာသီ၏ နေမင်းအမြင့်ဆုံးပေါ်ထွန်းချိန်ဖြစ်ရာ ပင်လယ်ကမ်းခြေ၌ လှုပ်ရှားသွားလာသူများဖြင့် ယောက်ယက်ခတ်နေသည်။ ကြည့်လိုက်သည့်နေရာတိုင်း၌ လူများရှိနေ၏။
လင်းယန်ရှန်းနှင့် ရှန်ကျန်ယဲ့တို့ အရွယ်ရောက်ပြီး အမျိုးသားနှစ်ဦးသည် ရံဖန်ရံခါဖြတ်သွားသော ရေကူးဝတ်စုံများဝတ်ဆင်ထားသည့် အမျိုးသမီးများကို မျက်နှာချင်းဆိုင်မြင်တွေ့မိကြ၏။ သူတို့နှစ်ဦးမှာ တစ်ချက်မျှကြည့်လိုက်ချင်သော်ငြား မကြည့်ရဲကြဘဲ ကသိကအောက်နိုင်လှစွာဖြင့်သာ အချင်းချင်းစောင်းငဲ့ကြည့်လိုက်ကြသည်။ ယောကျ်ားလေးတစ်ယောက်ဖြစ်သော လင်းဇီချန်သည်လည်း ထိုရေကူးဝတ်စုံဖြင့်အမျိုးသမီးများကို စိတ်မဝင်စားပါချေ။ သူ၏အကြည့်များသည် ကမ်းခြေတစ်လျှောက်တွင်သာ ကျရောက်နေလျက် ရေကူးရန်အတွက် လူနည်းသည့်နေရာကို ရှာဖွေနေခဲ့သည်။
‘ရေပျော်ကောင်းချီး’သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းကြောင့် လင်းဇီချန်သည် ရေပြင်ကိုမြင်ရချိန်တွင် စိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။ လွန်ခဲ့သည့်တစ်ကြိမ်က ရေကူးကန်ထဲတွင် ခံစားခဲ့ရသည့် အံ့ဩဖွယ်ခံစားမှုအထိအတွေ့ကြောင့် လင်းဇီချန်သည် ကမ်းခြေမှ ထွက်မသွားနိုင်ဖြစ်စေပြီး ထိုခံစားချက်ကို နောက်တစ်ကြိမ် ခံစားလိုစိတ်ဖြစ်ပေါ်စေသည်။
“ရှောင်ချန် ဟိုနားမှာ အဝတ်လဲခန်းရှိတယ်။ ငါသွားပြီး ရေကူးဝတ်စုံလဲဝတ်မလို့ နင်ငါ့ကို အပြင်မှာစောင့်နေပေးပါ”
ရှန်ချင်းဟန်သည် ရှေ့နားရှိအဆောက်အဦကို လက်ညှိုးညွှန်ပြလျက်ပြောသည်။
သူမတို့ ငှားရမ်းထားသည့် ပင်လယ်ကမ်းခြေအိမ်လေးတွင် လဲဝတ်ခဲ့၍ရသော်ငြား ရှန်ချင်းဟန်သည် အနည်းငယ် ရှက်ရွံ့မိသောကြောင့် လူတိုင်း ရေကူးဝတ်စုံကိုဝတ်ဆင်ထားသည့် ကမ်းခြေသို့ရောက်သောအခါမှသာ စိတ်လျှော့၍ လဲဝတ်နိုင်လေသည်။ လင်းဇီချန်သည် သူမကိုအဖော်ပြု၍ အဝတ်လဲရန်လိုက်သွားပေးခဲ့ပြီး အဆောက်အဦ၏အပြင်၌ စောင့်ဆိုင်းခဲ့သည်။ လင်းဇီချန်ကိုယ်တိုင်မှာမူ ရေကူးဘောင်းဘီတိုကိုသာ ဝတ်ဆင်ထား၏။ သို့သော် လင်းဇီချန်သည် ရှန်ချင်းဟန်လောက် မရှက်ရွံ့မိပေ။
၁၀မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ ရှန်ချင်းဟန် အဝတ်လဲခန်းထဲမှ ပြန်ထွက်လာသည်။ သူမသည် ဝမ်းဗိုက်သားပင် မပေါ်ဘဲ ခြေထောက်နှင့်လက်များသာလျှင် အသားပေါ်သည့် အလွန်လုံခြုံ၍ အလွန်ခေတ်နောက်ကျသော ရေကူးဝတ်စုံကိုဝတ်ဆင်ထား၏။ သူမဝတ်ဆင်ထားသည်မှာ ရေကူးဝတ်စုံနှင့် လုံးဝ မတူပေ။ သို့တိုင် ရှန်ချင်းဟန်သည် ရှက်ရွံ့နေဆဲဖြစ်လေရာ အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် မျက်နှာနီရဲနေတော့သည်။
“ရှောင်ချန် ငါရေကူးဝတ်စုံဝတ်ထားတာ ထူးဆန်းတဲ့ပုံပေါက်နေလား”
“လုံးဝပဲ၊ ငါတော့ အရမ်းကြည့်ကောင်းတယ်လို့ထင်တယ်”
လင်းဇီချန် ပြန်ဖြေသည်။
“တကယ်လား”
“တကယ်”
လင်းဇီချန် မိမိ၏အသိစိတ်ကိုဆန့်ကျင်၍ ပြန်ဖြေလိုက်သည်။
ကြည့်ကောင်းလားဆို အရမ်းကြည့်ကောင်းပါတယ်။ ဒါပေမဲ့ အရမ်းလုံခြုံလွန်းနေတော့ နည်းနည်းကြောင်တိကြောင်တောင်နိုင်နေတယ်။
ရှန်ချင်းဟန်သည် လင်းဇီချန်၏စိတ်ထဲမှ အတွေးတို့ကို မသိနိုင်လေရာ လင်းဇီချန်ထံမှ ကြည့်ကောင်းသည်ဟူသောစကားကို ကြားပြီးနောက်တွင် သူမ၏မျက်နှာလှလှလေးမှာ တောက်ပသောအပြုံးလေး ပွင့်လန်းသွားခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် လူနည်းသည့်နေရာကိုရှာဖွေ၍ ရေထဲသို့ဆင်း၍ကစားကြသည်။ ထိုနေရာ၌ သူတို့၏မိဘများလည်း ရှိနေသည်။ မိသားစုဝင်၆ဦးသည် တိုက်ဆိုင်စွာဖြင့် တူညီသောအတွေးရှိနေခဲ့ကြပြီး နေရာတစ်ခုတည်းကို ရွေးချယ်ခဲ့ကြလေသည်။
“ရှောင်ချန် ပင်လယ်ရေက အရမ်းအေးတယ်”
“စစချင်း ဝင်တဲ့အချိန်ဆို အဲဒီလိုပဲခံစားရတယ်။ နောက်မှ ဖြေးဖြေးချင်း ခန္ဓာကိုယ်က ညှိယူနိုင်သွားပြီး အဲဒီနောက်တော့ အေးတယ်လို့ ခံစားရမှာ မဟုတ်တော့ဘူး”
လင်းဇီချန် ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် လင်းဇီချန် ပင်လယ်ရေထဲသို့ မိမိကိုယ်ကိုယ် နှစ်မြှုပ်လိုက်ပြီး သူအချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသော ရေကူးခြင်းကို စတင်တော့သည်။ ‘ရေပျော်ကောင်းချီး’၏အကျိုးသက်ရောက်မှုကြောင့် လင်းဇီချန်သည် ရေထဲတွင်နေထိုင်ရခြင်းကို အိမ်တွင်နေရသည်ကဲ့သို့ သက်သောင့်သက်သာရှိလှသည်။ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် ပုံမှန်ထက် သက်သောင့်သက်သာဖြစ်နေသည်။
(သင်ရေကူးနေပါတယ်။ သွေးချီ +၁၊ ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများသန်မာမှု +၁၊ ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများပူးပေါင်းဆောင်ရွက်မှု +၁၊ ရေနှင့်နှီးနွှယ်မှု +၁၊ ရေကူးကျွမ်းကျင်မှု +၁)
(သင်ဒိုင်ဗင်ထိုးနေပါတယ်။ သွေးချီ +၁၊ ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများသန်မာမှု +၁၊ ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများပူးပေါင်းဆောင်ရွက်မှု +၁၊ ရေနှင့်နှီးနွယ်မှု +၁, အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ စွမ်းဆောင်ရည် +၁၊ ရေဖိအားဒဏ်ခံနိုင်ရည် +၁၊ ကျွမ်းကျင်မှု +၁)
'အသုံးပြုမည်လော အသုံးမပြုလျှင် ပျက်ပြယ်သွားမည်’၏ လောင်စာအဖြစ် အကျိုးသက်ရောက်မှုကြောင့် လင်းဇီချန်သည် မွေးဖွားချိန်မှစတင်၍ ပင်လယ်တွင်နေထိုင်ခဲ့သည့် ပင်လယ်နေငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရေထဲတွင် သက်သောင့်သက်သာ ကူးခတ်နေသည်။ ပက်လက်ရေကူးခြင်း၊ မှောက်လျက်ရေကူးခြင်း၊ လိပ်ပြာသဏ္ဍာန်၊ စိတ်တိုင်းကျပုံစံ… စသဖြင့် တစ်ခုပြီးတစ်ခု မထပ်ေစဘဲ ကြိုးစားကူးခတ်ခဲ့သည်။
ကမ်းခြေထက်၌ ထိုင်ခုံပေါ်တွင် လဲလျောင်း၍ နေရောင်ခံနေသော ကျန်းဝမ်ရှင်းသည် လင်းဇီချန်၏ အထင်ကြီးလောက်သော ရေကူးဟန်ကိုကြည့်၍ မထိန်းချုပ်နိုင်စွာ အံ့အားသင့်မှုကို ထုတ်ဖော်လာသည်။
“ဟန်နီ ရှောင်ချန်ကိုကြည့်ပါဦး။ ဒီကလေးက ဘယ်လိုလုပ်ပြီး ရေကူးတာ ဒီလောက်တော်နေရတာလဲ။ ကျွန်မ မှတ်မိသလောက်ဆိုရင် ကျွန်မတို့ သူငယ်ငယ်တုန်းက ရေကူးကန်ကို ခေါ်သွားတာမျိုးလည်း သိပ်မရှိခဲ့ပါဘူး။ ဟုတ်တယ်မလား”
“ကျောင်းမှာသင်ထားတာနေမှာပေါ့”
လင်းယန်ရှန်သည် သာမန်ကာလျှံကာမျှ ပြန်ပြော၍ အားရကျေနပ်စွာ အနီးအနားတွင် ဝင်ထိုင်လိုက်ကာ အရသာအမျိုးမျိုးသော အသားတုတ်ထိုးများကို ကင်နေသည်။
ထိုစဉ် မဝေးလှသည့်အကွာအဝေးရှိ ကျောက်တုံးထက်တွင်ရပ်နေသည့် ရှန်ကျန်ယဲ့မှ လင်းယန်ရှန်းကို အော်ပြော၏။
“လောင်လင် ဒီကိုလာခဲ့။ ဒီမှာ ဒိုင်ဗင်ထိုးဖို့ သင့်တော်တဲ့ကျောက်တုံးရှိတယ်။ ငါအောက်ဘက်ကိုလည်း စစ်ဆေးပြီးပြီ။ အောက်မှာ မာကျောတဲ့ကျောက်တုံးတွေဘာတွေ မရှိဘူး။ ခုန်ချဖို့ ဘေးကင်းတယ်”
“လာပြီ လာပြီ”
ဒိုင်ဗင်ထိုးရန် သင့်တော်သည့်နေရာရှိသည်ဟု ကြားသိသည်နှင့် လင်းယန်ရှန်းသည် နှစ်ခါပြန်မစဉ်းစားဘဲ အသားကင်များကို ထားခဲ့တော့သည်။
ခဏအကြာ၌ ထိုကျောက်တုံးနေရာမှ ကလေးဆန်သော အသံများကို ကြားရလေသည်။
“ဝူးဟူး လေယာဉ်ပျံပေါ်မှာ ပျံနေတဲ့ကျီးကန်းကွ!”
“ဘုန်း!!!”
“ဟေး ဟေးး!”
“ငါ့ရဲ့ ရေအောက်ပေါက်ကွဲဗုံးဒိုင်ဗင်ထိုးတာကို ကြည့်ထားကွ!”
“ဘုန်း!!!”
“ဟေး ဟေးး!”
အရွယ်ရောက်ပြီးယောကျ်ားနှစ်ဦးသည် တစ်ကြိမ်ခုန်ပြီးတိုင်း၌ ပို၍ပို၍စိတ်လှုပ်ရှားတက်ကြွလာကြပြီး နေရာအနှံ့သို့ ရေများလျှောက်ပက်လျက် မည်သူက ပို၍မြင့်မြင့်ပက်နိုင်သည်ကို ပြိုင်ဆိုင်နေကြသည်။ ကမ်းခြေပေါ်ရှိ ကျန်းဝမ်ရှင်းနှင့် ရွှီမုန့်တို့သည် ပြောစရာစကားကင်းမဲ့စွာ ကြောင်အလျက်ကြည့်နေကြသည်။ ကလေးများထက်ပင် ပို၍ကလေးဆန်စွာပြုမူနေသည့် အဖေနှစ်ယောက်ကို ဝေဖန်ရှုံ့ချဟန်သောအကြည့်များဖြင့် ကြည့်နေကြသည်။ အခြားတစ်နေရာ၌ လင်းဇီချန်သည် သူ၏ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်အင်အားဖြင့် ရေမျက်နှာပြင်ထက်တွင် သက်သောင့်သက်သာဖြင့် ကူးခတ်နေလျက် ဒိုင်ဗင်ထိုးနေသည့် အရွယ်ရောက်ပြီးလူကြီးနှစ်ယောက်ကို ကလေးဆန်သည်ဟူသော အတွေးမရှိဘဲ ကြည့်နေခဲ့သည်။ အဆုံးသတ်တွင်တော့ အမျိုးသားများဟူသည် ကောင်ငယ်လေးတစ်ယောက်အဖြစ်သာ တစ်သက်လုံးကျန်ရစ်ခဲ့ကြသည်ဖြစ်လေရာ လင်းဇီချန် နားလည်နိုင်ပေသည်။
“ရှောင်ချန် နင်တစ်ယောက်တည်း ရေကူးမနေနဲ့လေ။ ငါ့ကို ရေကူးသင်ပေးဦး”
သူမ၏ဒူးဆစ်ခန့်ထိ ရေမြုပ်သော ရေတိမ်ပိုင်း၌ ရှန်ချင်းဟန်သည် သူမကို လျစ်လျူရှုထားသော လင်းဇီချန်ကို ညည်းတွဲ့စွာခေါ်လိုက်သည်။ ထိုအခါမှ လင်းဇီချန်သည် မိမိမှာ ရေကူးခြင်းဖြင့် အရမ်းပျော်မွေ့နေခဲ့ပြီး ရှန်ချင်းဟန်အား မရည်ရွယ်ပါဘဲ တစ်ယောက်တည်း ထားပစ်ခဲ့မိကြောင်း သတိရလိုက်သည်။ ထို့ကြောင့် ရှန်ချင်းဟန်ဆီသို့ ရုတ်ချည်းရေကူးသွားလိုက်ပြီး သူမအား ရေကူးနည်းကို တစ်ဆင့်ချင်း စိတ်ရှည်ရှည်ဖြင့် သင်ပေးသည်။
“ရှောင်ချန် ရေကူးတာက အရမ်းရိုးရှင်းတာပဲ။ ငါခဏလေးနဲ့ သင်လိုက်နိုင်တယ်”
“ရှောင်ချန် ဒိုင်ဗင်ထိုးတာလည်း အရမ်းလွယ်တယ်။ ငါချက်ချင်း လုပ်တတ်သွားပြီ”
“ဝိုး ရှောင်ချန် ငါအရမ်းတော်တာပဲ။ ပင်လယ်ထဲမှာ မျက်လုံးဖွင့်ဖို့ခက်တယ်လို့ လူတွေပြောတာ ငါအများကြီးကြားဖူးတယ်။ မျက်လုံးသားနဲ့ ပင်လယ်ရေထိတွေ့မိရင် နာတယ်တဲ့။ ငါတော့ နည်းနည်းလေးမှ သက်သောင့်သက်သာ မဖြစ်ဘူးလို့ မခံစားရဘူး။ တကယ်တော့ အတော်လေး လန်းဆန်းတယ်လို့ခံစားရစေတယ်”
လင်းဇီချန်၏ညွှန်ကြားမှုအောက်၌ ရှန်ချင်းဟန် ရုတ်တရက်ပျော်မြူးလာခဲ့သည်။ ရေထဲဆင်းလိုက်သည်နှင့် အိမ်သို့ပြန်ရောက်သည်ကဲ့သို့ ခံစားရသည်။ ရေကူးနည်းလမ်းအစုံကို တစ်ကြိမ်ကြိုးစားကြည့်ရုံမျှဖြင့် ကျွမ်းကျင်သွား၏။ အတိအကျဆိုရလျှင် ရှန်ချင်းဟန်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန်အချိန်လည်း မလိုအပ်ခဲ့ပေ။ အေးအေးသက်သာပင် ရေထဲတွင် မျက်လုံးဖွင့်နိုင်လေသည်။ ရေကူးမျက်မှန်ဝတ်ဆင်ထားခြင်းထက် ပို၍ သက်သောင့်သက်သာရှိပေသည်။
လင်းဇီချန်သည် ရှန်ချင်းဟန် အဘယ်ကြောင့် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိနေသည်ကို နားမလည်နိုင်ပေ။
မွေးရာပါရေနဲ့နှီးနွှယ်မှုရှိတာလား။
သို့သော် သဘာဝအလျောက် ရေနှင့်နှီးနွှယ်မှုစွမ်းရည်အား ပိုင်ဆိုင်ထားလျှင်ပင် ရေကူးနည်းအားလုံးကို ချက်ချင်းကျွမ်းကျင်တတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါက ပုံမှန်ထက်ပိုနေတာပဲ။
ဟမ်!.. ပုံမှန်မဟုတ်ဘူးဆိုရင်.. ခဏနေပါဦး!
ပုံမှန်မဟုတ်ဘူးဆိုမှ ရှန်ချင်းဟန်မှာ ရေနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တာရှိသေးတယ်။
ထိုအခိုက်အတန့်၌ ‘ပုံမှန်မဟုတ်’ဟူသော စကားလုံးသည် လင်းဇီချန်အား ရှန်ချင်းဟန်၏ အိပ်ရာနှင့်ဘောင်းဘီများကို စိုရွှဲစေနိုင်သည့်စွမ်းရည်ကို ရုတ်တရက် သတိရသွားစေသည်။ ထို့ပြင် ရွှီမုန့်သည် ရှန်ချင်းဟန်နှင့်ပတ်သက်၍ မကြာခဏ ဤသို့ပြောတတ်သေး၏။
‘ဟန်ဟန် ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စိုရွှဲအောင် လုပ်ထားပြန်တာတုန်း။ ရေနဲ့လုပ်ထားတာ ဘာလားပဲ”
သို့ဖြင့် လင်းဇီချန် ရဲတင်းစွာ ခန့်မှန်းလိုက်သည်။ ရှန်ချင်းဟန်၏ အိပ်ရာစိုရွှဲစေသည့်အလေ့အကျင့်သည် ဆီးလမ်းကြောင်း၊ ဆီးအိမ်နှင့် အာရုံကြောထိန်းချုပ်မှုဆိုင်ရာပြဿနာများကြောင့်မဟုတ်ဘဲ မွေးဖွားချိန်မှစတင်၍ ရေနှင့် အထူးတလည် ဆက်နွယ်မှုရှိနေသောကြောင့် ဖြစ်နိုင်ပေသည်။ ရိုးရှင်းစွာဆိုရသော် သူမ၏ ရှူးပေါက်ချသောပြဿနာသည် ဆေးဘက်ဆိုင်ရာပြဿနာကြောင့် မဟုတ်ဘဲ သာမန်ထက် သာလွန်ထူးခြားသော အကြောင်းရင်းကြောင့် ဖြစ်နိုင်ပေသည်။
အားလုံးတွေးထင်ထားသည်ကဲ့သို့ မကောင်းသည့်အရာတစ်ခု မဖြစ်နိုင်ဘဲ အကြောင်းရင်းကို ရှာဖွေမတွေ့ရှိသေးသော အကြောင်းရာတစ်ခု ဖြစ်နိုင်ပေသည်။ ဆိုလိုသည်မှာ… အရင်ဘဝ၏ဝတ္ထုဇာတ်လမ်းများတွင် တွေ့ရတတ်သော ထူးခြားသည့်ဖွဲ့စည်းပုံတစ်မျိုး ဖြစ်နိုင်ပေသည်။ လင်းဇီချန် တွေးတောသည်နှင့်အမျှ မိမိမှာ ကမ္ဘာပြိုကွဲလောက်သော လျှို့ဝှက်ချက်ကြီးတစ်ခုကို မထင်မှတ်ဘဲ ဝင်တိုက်မိသည့်အလား ပို၍စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။
အခန်း ၃၉
မင်းက ဘာမှအသုံးမကျတဲ့သူ မဟုတ်ပါဘူး
“ရှောင်ချန် ငါ ရေအောက်မှာ အကြာကြီး အသက်ရှုနေနိုင်တယ်!"
"ရှောင်ချန် ငါ ရေအောက်မှာ ရှင်းရှင်းလင်းလင်းမြင်နိုင်တာများ ရေအောက်ကြမ်းပြင်က သဲပွင့်တွေကိုတောင် မြင်ရတယ်”
“ရှောင်ချန် ရေထဲက ငါးတွေကလည်း ငါ့ကို မကြောက်ဘူး”
လင်းဇီချန်၏ အကြံပြုချက်ဖြင့် ရှန်ချင်းဟန်သည် သူမ၏ ရေနှင့်ပတ်သက်နှီးနွှယ်မှုကို စမ်းသပ်ရန်အတွက် ရေထဲတွင် အမျိုးမျိုးသော လုပ်ဆောင်ချက်များကို အဆက်မပြတ် စမ်းသပ်ပြုလုပ်ကြည့်ခဲ့သည်။ ရှန်ချင်းဟန်သည် မိမိ၌ ဤသို့ မယုံကြည်နိုင်လောက်အောင်သော ရေအောက်ကမ္ဘာအတွင်း စွမ်းဆောင်ရည်များ ရှိနေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ဖူးသောကြောင့် တစ်ကြိမ်စမ်းသပ်မှုပြီးတိုင်းတွင် သူမ၏မျက်နှာလေးသည် အံ့အားသင့်မှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ မိမိကိုယ်မိမိ နားမလည်နိုင်ဟုလည်း ရုတ်တရက်ခံစားလိုက်ရသည်။
သူမ၏ဘေး၌ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည့် လင်းဇီချန်သည်လည်း ရှန်ချင်းဟန်ကဲ့သို့ပင် မျက်နှာထက်၌ အံ့အားမှုများ ပြည့်နှက်နေခဲ့သည်။
တစ်စုံတစ်ယောက်မှ ရှန်ချင်းဟန်အား “ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း"၏ အကျိုးသက်ရာက်မှုကို ကောင်းချီးပေးထားသကဲ့သို့ ရှန်ချင်းဟန်၏ ရေထဲတွင်ရှိနေစဉ်အချိန်အတွင်း စွမ်းရည်သည် လင်းဇီချန်ထက် ထက်နိမ့်ပါးခြင်းမရှိချေ။
ဤထူးခြားသော ရေနေစွမ်းရည်များသည် ထူးကဲသာလွန်သော သဘာဝလွန်စွမ်းအားများ မဟုတ်ပါက ၎င်းတို့သည် အဘယ်အရာများဖြစ်သနည်း။
အိပ်ရာစိုရွှဲအောင် ရှူးပေါက်ချတတ်တဲ့သူတဲ့လား။ မဟုတ်ဘူး၊ ရေဒြပ်စင်လူသားပဲ!
ထို့နောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်၏ခန္ဓာကိုယ်အတွင်း အထူးတလည်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်လောဟု သိရှိနိုင်ရန်အတွက် ရှန်ချင်းဟန်အား အမျိုးမျိုးသော ရေအောက်လုပ်ဆောင်ချက်များကို ပြုလုပ်စေခဲ့သည်။ ဥပမာအားဖြင့် သူမ၏ အသားအရေထက်ရှိချွေးပေါက်များ ပုံမှန်မဟုတ်စွာ ကျယ်လာခြင်း သို့မဟုတ် ကျဥ်းသွားခြင်း၊ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် မြင့်တက်လာခြင်း သို့မဟုတ် ကျဆင်းသွားခြင်း၊ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာခြင်း သို့မဟုတ် နှေးကွေးသွားခြင်း စသည်တို့ကို စောင့်ကြည့်ခဲ့သည်။
သို့သော် အချိန်အတော်ကြာ စောင့်ကြည့်ပြီးသည့်တိုင် ဘာမျှ ရှာမတွေ့ခဲ့ချေ။ ရှန်ချင်းဟန် ရေအောက်သို့ ငုပ်လျှိုးလိုက်ချိန်တွင်လည်း သူမ၏ ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်နှင့် မကွာခြားပေ။ ထူးခြားသော အပြောင်းအလဲတစ်စုံတစ်ရာလည်း မရှိပေ။
"ကြည့်ရတာ ဘေးကနေ စောင့်ကြည့်ရုံနဲ့ ဘာအဖြေမှ ထွက်လာမှာ မဟုတ်ဘူးထင်တယ်။ နောက်မှ အွန်လိုင်းမှာ ရှာကြည့်တာဖြစ်ဖြစ် ဒါမှမဟုတ် ဆက်စပ်မှုရှိတဲ့ စာအုပ်တွေကို ရှာကြည့်ရမယ်။ အဲလိုမှပဲ ဒီပဟေဠိကို ဖြေရှင်းနိုင်မယ်ထင်တယ်…”
လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။
လင်းဇီချန် ထိုသို့တွေးတောနေစဉ် ရေအောက်၌ ဆယ်မိနစ်ကျော်ခန့် ရေငုပ်နေခဲ့သော ရှန်ချင်းဟန်သည် ရုတ်တရက် ရေထဲမှ ထွက်လာသည်။ အသက်ရှုအောင့်ထားခဲ့သောကြောင့် သူမ၏ မျက်နှာလေးမှာ နီမြန်းနေလျက် လတ်ဆတ်သော လေကောင်းလေသန့်များကို တစ်ဝကြီး ရှူသွင်းနေသည်။ အသက်အနည်းငယ် ရှူသွင်းပြီးနောက် လင်းဇီချန်ကို မျှော်လင့်နေသော မျက်နှာအမူအရာဖြင့် ကြည့်၍ မေးလာ၏
"ဇီချန် ငါ ဘယ်လောက်ကြာကြာ ရေငုပ်နေခဲ့တာလဲ”
“၁၁ မိနစ်နဲ့ ၂ စက္ကန့်”
လင်းဇီချန် ဖုန်းထဲရှိ အချိန်မှတ်စက်ကိုကြည့်လိုက်ပြီး ပြန်ဖြေသည်။
ဤသို့ ရေအောက်၌ အသက်ရှူအောင့်ထားသည့်ကြာချိန်သည် ကျွမ်းကျင်သူအဖြစ် လေ့ကျင့်ခြင်းမရှိဘဲ ရရှိနိုင်သည့် စံချိန်မဟုတ်ပေ။ သို့သော် တစ်ကြိမ်တစ်ခါမျှ ရေကူးကန်သို့ပင် မရောက်ဖူးခဲ့သော ရှန်ချင်းဟန်သည် ထိုမျှအချိန်အကြာကြီး ရေငုပ်နိုင်ခြင်းမှာ သဘာဝကိုဖီဆန်နေသည် မဟုတ်ပါလော။
၎င်းအား နားလည်သဘောပေါက်လိုက်သော ရှန်ချင်းဟန်သည် အလွန်စိတ်လှုပ်ရှားသွားလျက် ပြော၏။
“ဇီချန် ကြည့်ရတာ ငါ့မှာ တကယ်ကြီး ရေနဲ့ပတ်သက်တဲ့စွမ်းရည်တွေ ရှိပုံရတယ်။ ငါက ဘာမှအသုံးမကျတဲ့မိန်းကလေးတစ်ယောက် မဟုတ်ဘူးပဲ!”
“နင်ဘယ်တုန်းကမှ ဘာမှအသုံးမကျတဲ့မိန်းကလေးတစ်ယောက် မဖြစ်ခဲ့ဖူးပါဘူး။ ခရိုင်အလယ်တန်းကျောင်းစာမေးပွဲမှာ ယဉ်ကျေးမှုဘာသာရပ်ကို ထိပ်တန်း၁၀၀ထဲ ဝင်နိုင်ခဲ့တယ်။ အဲဒီရလဒ်က လူအများကြီးက လိုချင်လွန်းလို့ အိပ်မက်မက်ရတဲ့ ရလဒ်တစ်ခုပဲလေ”
"ဒါပေမဲ့ နင့်ရှေ့မှာဆို ငါက ဘာမှအသုံးမကျတဲ့လူတစ်ယောက်ပဲ…”
"... ငါပြောပြီးပြီလေ နင်က ဘာမှအသုံးမကျတဲ့လူ မဟုတ်ဘူးလို့”
ရှန်ချင်းဟန် စကားမဆုံးမီ၌ လင်းဇီချန်သည် သူမ၏ရှေ့သို့ကူးခတ်လာပြီး စကားဖြတ်ပြောလိုက်သည်။ ထို့နောက်တွင်တော့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ ရံဖန်ရံခါ သူတို့၏နားစည်သို့ ဖြတ်သန်းစီးဆင်းသွားသည့် ရေစီးသံနှင့် ပင်လယ်လေညှင်းသံများသာလျှင် ကျန်ရစ်ခဲ့လေသည်။
သုံးစက္ကန့်ခန့်ကြာမြင့်ပြီးနောက် ရှန်ချင်းဟန်မှ ချိုမြိန်သော အပြုံးဖြင့်ပြော၏။
"ဟုတ်တယ်၊ ငါက ဘာမှအသုံးမကျတဲ့သူ မဟုတ်ဘူး။ အရင်ကလည်း မဟုတ်ခဲ့ဘူး၊ အခုလည်း မဟုတ်ဘူး၊ အနာဂတ်မှာလည်း အဲ့လိုလူဖြစ်လာမှာ မဟုတ်ဘူး”
ရှန်ချင်းဟန်၏ အပြုံးသည်
နှလုံးသားမှ ဆင်းသက်လာသော စစ်မှန်သည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသောအပြုံး ဖြစ်ပေသည်။
ထိုစဉ် ကမ်းခြေမှ လင်းယန်ရှန်းသည် သူတို့ကို အော်ပြောလာသည်။
"ဇီချန် ဟန်ဟန် အသားကင်စားဖို့ လာကြတော့!”
လင်းယန်ရှန်း၏ အော်ပြောသံနှင့်အတူ လူကိုစိတ်လှုပ်ရှားစေသော အသားရနံ့များလည်း သူတို့ထံ ပျံ့လွင့်လာခဲ့သည်။ အဝေးမှ အနံ့ရရုံမျှဖြင့် ရှန်ချင်းဟန်သည် မထိန်းချုပ်နိုင်စွာ တံတွေးမျိုချလိုက်ရပြီး ပြုံးလျက် လင်းဇီချန်ဘက်သို့ လှည့်လာခဲ့သည်။
"ဇီချန် အသားကင်သွားစားရအောင်!"
ထိုသို့ပြောပြီးနောက် ကမ်းစပ်ဘက်သို့ ဦးတည်ရေကူးသွားပြီး အရသာရှိသော အသားကင်ကိုစားသောက်ရန် စိတ်အားထက်သန်နေတော့သည်။ သို့သော် ရေကူးသွားတော့မည်တွင် ရုတ်တရက် ရေထဲတွင်ရပ်သွားခဲ့ပြီး လုံးဝ မလှုပ်ရှားတော့ချေ။ သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် ထူးခြားနေ၏။ ထိုသို့ ရှန်ချင်းဟန်၏ ပုံမှန်မဟုတ်သောအမူအရာကို မြင်လိုက်ရသောအခါ လင်းဇီချန်သည် တစ်စုံတစ်ရာကို သဘောပေါက်သွားလေရာ ရုတ်ချည်းထုံထိုင်းသွားပြီး မသိဟန်ဆောင်ကာ ကမ်းစပ်သို့ အမြန်ကူးခတ်သွားလိုက်သည်။
လင်းဇီချန် အနည်းငယ်ကြောင်အ,သွားခဲ့သော်ငြား ရှန်ချင်းဟန်သည် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းမဟုတ်ကြောင်း သူသိပါ၏။ ထို့ကြောင့် ရှန်ချင်းဟန်အား သူ အပြစ်မတင်ပါချေ။ သူမ ထိန်းချုပ်မရနိုင်သောအရာများစွာ တည်ရှိနေသည် မဟုတ်ပါလော။
ညနေအချိန်၌ လင်းဇီချန်သည် ဖုန်းကိုင်လျက် အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး ယနေ့ ရှန်ချင်းဟန်ပြုလုပ်ခဲ့သည့် မယုံကြည်နိုင်လောက်သော ရေထုအတွင်း လုပ်ဆောင်ချက်များကို တစ်ခုချင်းဖော်ပြ၍ သတင်းအချက်အလက်များကို အွန်လိုင်းတွင် ရှာဖွေနေသည်။
သို့သော် ဘာမျှရှာမတွေ့ပေ။ လင်းဇီချန် အထင်ကြီးမိသွား၏။ ဒီကမ္ဘာရဲ့ ရှာဖွေရေးအင်ဂျင်တွေက ညံ့ဖျင်းလိုက်တာများ ဘယ်လိုလုပ်တောင် အကြိမ်တိုင်းမှာ သဲလွန်စမရှိ ဖြစ်နေရတာလဲ။
ပထမ “ဧရာမအသူရာလိပ်ပြာ”၊ ထို့နောက် “သက်ရှိရင်းမြစ်” နှင့် ယခုလည်း ရှန်ချင်းဟန်၏ “ကောင်းကင်ကိုဆန့်ကျင်နေသော ရေနှင့်နှီးနွှယ်မှုစွမ်းရည်”— လင်းဇီချန်လိုချင်သည့် အချက်အလက်များကို တစ်ခုမျှ ရှာဖွေမရနိုင်ခဲ့ချေ။
ဤကမ္ဘာသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လွန်း၏။ အရာအားလုံးမှာ ဘာကိုမျှ ရေရေရာရာ မသိရသော လျှို့ဝှက်ဆန်းကြယ်တစ်ခုဖြစ်ေနပေသည်။
သိပ္ပံပညာကို မသင်ယူရသော ဒဏ္ဍာရီပုံပြင်တစ်ခုအတွင်း နေထိုင်ရသကဲ့သို့ အလှတရားတစ်မျိုးတော့ရှိပါ၏။
လင်းဇီချန် ခေါင်းခါရမ်း၍ ဖုန်းကိုချလိုက်သည်။
လင်းဇီချန်သည် အနီးနားတွင် မည်သူမျှမရှိသော ည၏တိတ်ဆိတ်မှုကို အခွင့်ကောင်းယူ၍ ပင်လယ်ကမ်းစပ်အခန်းမှထွက်ကာ ပင်လယ်ထဲတွင် ရေကူးခြင်းဖြင့် လေ့ကျင့်ရန် ပင်လယ်ကမ်းခြေသို့ အပြေးသွားခဲ့သည်။ ကနဦး၌ လင်းဇီချန်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အပြေးလေ့ကျင့်ခန်းလုပ်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ရေထဲတွင် နှစ်မြုပ်နေရခြင်း၏ ကြည်နူးဖွယ်ခံစားချက်ကို တွေးမိသောအခါ မထိန်းချုပ်နိုင်စွာဖြင့် ရေကူးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ရန် ရည်ရွယ်ချက်ပြောင်းလဲလိုက်သည်။
လင်းဇီချန်၏ ရေကိုတောင့်တသည့် လက်ရှိအခြေအနေသည် ယခင်ကထက် ပို၍ပြင်းထန်လာ၏။ ဤပြောင်းလဲမှု၏ အကြောင်းရင်းမှာ "သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း - ရေနှင့်ပေါင်းစည်းနိုင်သောအခွင့်အလမ်း" ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။ ရေထဲတွင် အကြိမ်အနည်းငယ် ပိုနေခြင်းဖြင့် ကျင့်သားရလာပြီး အသစ်အဆန်းဖြစ်ကာ ပျော်မွေ့နေသောစိတ်ခံစားချက်များ ပျောက်ကွယ်သွားပြီး ငြီးငွေ့လာပြီးနောက်မှသာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မည်ဟု လင်းဇီချန် သိလိုက်၏။
(၁၀ကီလိုမီတာ ရေကူးခဲ့ပါတယ်။ သွေးချီ +၈၈၈၈၊ ကြွက်သားသန်မာမှုအင်အား +၂၀၀၀၊ ကြွက်သားများပူးပေါင်းဆောင်ရွက်မှု +၂၀၀၀၊ ရေနှင့်နှီးနွှယ်မှု +၁၀၀၀၊ အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည် +၁၀၀၀၊ ရေဖိအားခံနိုင်ရည် +၁၀၀၀၊ ရေကူးကျွမ်းကျင်မှု +၁၀၀၀)
(၁၀ကီလိုမီတာ ရေငုပ်၍ရေကူးခဲ့ပါတယ်။ ချီသွေး +၈၈၈၈၊ ကြွက်သားသန်မာမှုအင်အား +၂၀၀၀၊ ကြွက်သားများပူးပေါင်းဆောင်ရွက်မှု +၂၀၀၀၊ ရေနှင့်နှီးနွှယ်မှု +၁၀၀၀၊ အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည် +၁၀၀၀၊ ရေဖိအားခံနိုင်ရည် +၁၀၀၀၊ ရေငုပ်ကျွမ်းကျင်မှု +၁၀၀၀)
နှစ်နာရီကျော်ကြာမြင့်ပြီးနောက် လင်းဇီချန် ရေကူးလေ့ကျင့်မှုကို ပြီးမြောက်ခဲ့သည်။ ကမ်းစပ်တွင် နာရီဝက်နီးပါးခန့် အနားယူပြီးနောက် အင်အားပြန်လည်ပြည့်လာခဲ့ပြီဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ရေထဲသို့ ပြန်ငုပ်သွားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ရေကူးလေ့ကျင့်ခြင်း မဟုတ်ပေ။ ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာရန်အတွက် ရေငုပ်ခဲ့ခြင်းဖြစ်သည်။
(နက်ရှိုင်းတဲ့ ပင်လယ်ရေအောက်မှာ မျက်လုံးကို အသုံးပြုနေပါတယ်။ အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည် +၁၊ ရေဖိအားခံနိုင်ရည် +၁၊ ရေအောက်အတွင်း အမြင်စွမ်းရည် +၁၊ ညအမှောင်အတွင်း အမြင်စွမ်းရည် +၁…)
အနည်းငယ် စူးစမ်းလေ့လာပြီးနောက် အဏ္ဏဝါကမ္ဘာသည် ကုန်းမြေထက် များစွာပို၍ ကြွယ်ဝဟန်ရှိကြောင်း လင်းဇီချန် တွေ့ရှိခဲ့ရသည်။ ၎င်းကို စကားနှစ်ခွန်းဖြင့် ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းသည် အရောင်အသွေးစုံလင်တောက်ပပြီး မျိုးကွဲများစွာနှင့် အမျိုးအစားစုံလင်ပေသည်။
ပင်လယ်အောက်ခြေရှိ ရေနေသက်ရှိသတ္တဝါများသည် ကုန်းနေသတ္တဝါများထက် ပို၍ပင် အမျိုးအစားစုံလင်တောက်ပ၍ ထူးခြားပေသည်။
“ပင်လယ်က တကယ်ကို သက်ရှိရဲ့မူလမြေပဲ။ ပင်လယ်ရဲ့အတိမ်အနက်က ကုန်းမြေထက် အများကြီးပိုတယ်။ တစ်နေ့နေ့မှာ ငါ ပင်လယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နက်နဲမှုတွေကို စူးစမ်းလေ့လာဖို့ ရေထဲမှာ အသက်ရှင်နေထိုင်နိုင်အောင် ဆင့်ကဲပြောင်းလဲနိုင်မယ်လို့ မျှော်လင့်မိတယ်…”
အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည်စွမ်းရည်နှင့် ရေဖိအားခံနိုင်ရည်ကိုလည်း တစ်ပြိုင်တည်း လေ့ကျင့်ပြီးဖြစ်လေရာ ထိုသို့ဖြစ်နိုင်ချေရှိသောအိပ်မက်ကိုဆုပ်ကိုင်၍ လင်းဇီချန်သည် ရေငုပ်၍ ပင်လယ်ကြမ်းပြင်ကို ဆက်လက်စူးစမ်းလေ့လာသည်။
(ပင်လယ်ရေအောက်မှာ ရေငုပ်နေပါတယ်။ အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည် +၁၊ ရေဖိအားခံနိုင်ရည် +၁)
(နက်ရှိုင်းတဲ့ ပင်လယ်ရေအောက်မှာ မျက်လုံးကို အသုံးပြုနေပါတယ်။ အောက်ဆီဂျင်ကင်းမဲ့မှုအောက်၌ ခံနိုင်ရည် +၁၊ ရေဖိအားခံနိုင်ရည် +၁၊ ရေအောက်အတွင်း အမြင်စွမ်းရည် +၁၊ ညအမှောင်အတွင်း အမြင်စွမ်းရည် +၁…)
(ပင်လက်ရေအောက်မှာ လှုပ်ရှားသွားလာနေပါတယ်။ ရေတွင် ရွေ့လျားနိုင်မှု +၁၊ ရေနှင့်နှီးနွှယ်မှု +၁…)
သို့ဖြင့် လင်းဇီချန်သည် ပင်လယ်အောက်၌ နှစ်နာရီခန့်မျှ ရေငုပ်ခဲ့သည်။ အချိန်ကျသင့်နေကြောင်း မြင်သောအခါ ကမ်းစပ်သို့ပြန်တက်၍ အခန်းသို့ပြန်ခဲ့သည်။