အပိုင်း ၄၀-၄၂
Vol. 3 Ch. 40-42
အခန်း ၄၀
ပင်လယ်၏အသံ
ပင်လယ်ကမ်းခြေ၌ အပန်းဖြေသည့်နေ့ရက်များတွင် လင်းဇီချန်သည် တွေမှာ နေ့စဉ်နေ့တိုင်း အရာနှစ်ခုကို လုပ်ဆောင်သည်။ တစ်ခုမှာ နေ့ဘက်တွင် ရှန်ချင်းဟန်အား ပင်လယ်ထဲတွင် ရေအောက်လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်စေပြီး ရှန်ချင်းဟန်တွင် ပုန်းအောင်းနေသည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်ကြိုးပမ်း၍ ဘေးမှ စောင့်ကြည့်နေခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ညဘက် မည်သူမျှ မရှိသည့်အချိန်တွင် ပင်လယ်ထဲသို့ငုပ်ဆင်းပြီး မိမိ၏ ရေပြင်အတွင်း စွမ်းရည်အမျိုးမျိုးကို တိုးတက်စေရန်အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းဖြစ်သည်။
သို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ အချိန်သည် သူတို့အား ပင်လယ်ကမ်းခြေအပန်းဖြေခြင်း၏ နောက်ဆုံးညနေခင်းသို့ လျင်မြန်စွာ ပို့ဆောင်ပေးခဲ့သည်။ ထိုနေ့ညနေခင်းတွင် ညစာစားပြီးသောအခါ လင်းဇီချန်သည် အိပ်ယာပေါ်တွင် လှဲလျောင်းကာ ဖုန်းဖြင့် ဗီဒီယိုများကြည့်၍ ပင်လယ်သမုဒ္ဒရာနှင့်ပတ်သက်သည့် ဗဟုသုတမျိုးစုံကို သင်ယူနေခဲ့သည်။
လင်းဇီချန် စတင်ကြည့်ရှုပြီး မကြာမီ ရှန်ချင်းဟန်သည် WeChat မှ စာတစ်စောင် ပေးပို့ခဲ့သည်။
[ဟန်ဟန်: ရှောင်ချန် ငါ့အခန်းထဲကို လာခဲ့၊ ငါနင့်ကို အံ့သြစရာတစ်ခုပြမလို့။]
[ဇီချန်: ကောင်းပြီ၊ အခုလာပြီ။]
မက်ဆေ့ခ်ျကို ပြန်လည်ဖြေပြီးနောက် လင်းဇီချန်သည် အိပ်ယာမှထကာ ရှန်ချင်းဟန် ပြင်ဆင်ထားသည့် အံ့အားသင့်စရာကိုကြည့်ရှုရန် ရှန်ချင်းဟန်၏အခန်းသို့ ဦးတည်ထွက်လာခဲ့သည်။
"ဟန်ဟန် တံခါးဖွင့်”
အခန်းတံခါးရှေ့သို့ရောက်သောအခါ လင်းဇီချန် တံခါးခေါက်လိုက်သည်။
လွန်ခဲ့သည့်တစ်ကြိမ်က တံခါးမခေါက်ဘဲ ရှန်ချင်းဟန်၏ အခန်းထဲသို့ ဝင်ခဲ့ပြီး ရှန်ချင်းဟန်၏ သေးခံကို မတော်တဆ မြင်တွေ့လိုက်ရချိန်မှ စတင်၍ လင်းဇီချန် ပို၍သတိထားလာခဲ့သည်။
"တံခါးက သော့မခတ်ထားဘူး၊ ဝင်လာခဲ့"
ရှန်ချင်းဟန်၏ အသံသည် စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှု အငွေ့အသက်အချို့ကို သယ်ဆောင်ထား၏။
လင်းဇီချန်သည် ရှန်ချင်းဟန်၏ ပုံမှန်မဟုတ်သော အသံအနေအထားကို သတိပြုမိသောအခါ ပို၍သိချင်စိတ်ပြင်းပြလာခဲ့သည်။ရှန်ချင်းဟန်တစ်ယောက် ဒီလိုမျိုး စိတ်လှုပ်ရှားပြီး ရှက်ရွံ့တဲ့အသံ ဖြစ်ရတဲ့အထိ ဘယ်လိုအံ့အားသင့်စရာတွေ ပြင်ဆင်ထားလို့လဲ။ထိုအတွေးဖြင့် လင်းဇီချန် တံခါးဖွင့်၍ ဝင်လိုက်သည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းဇီချန် မြင်တွေ့ရသည်မှာ ကုတင်ဘေးတွင် ရပ်နေသော ရေကူးဝတ်စုံဝတ်ထားသည့် ရှန်ချင်းဟန်ကိုဖြစ်သည်။ သူမ၏မျက်နှာလေးသည် ရှက်ရွံ့မှုကြောင့် နီမြန်းနေ၏။ ဤရေကူးဝတ်စုံသည် နေ့ဘက်တွင် သူမဝတ်ဆင်ထားခဲ့သည့်တစ်စုံနှင့် မတူပေ။ ဤတစ်စုံသည် အသားအရေကို ပို၍လှစ်ဟထားပြီး ပို၍သာမန်ဆန်ပေသည်။ အတွင်းခံဝတ်ဆင်ထားခြင်းနှင့် သိပ်မကွာပေ။
“ရှောင်ချန် ဒီတစ်စုံနဲ့ ကြည့်ကောင်းတယ်ထင်လား"
ရှန်ချင်းဟန်သည် ရှက်ရွံ့မှုကို မျိုသိပ်၍ လင်းဇီချန်အနီးသို့ လျှောက်သွားကာ ရေကူးဝတ်စုံကို ၀တ်ဆင်ထားသည့်ပုံစံကို ကြွားဝါဟန်ဖြင့် ကိုယ်ကိုလှည့်ပြသည်။
ဤရေကူးဝတ်စုံသည် ရွှီမုန့်မှ ရှန်ချင်းဟန် ပင်လယ်ကမ်းခြေတွင်ဝတ်ဆင်ရန် အိမ်မှ ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ရှန်ချင်းဟန်သည် ထိုရေကူးဝတ်စုံကိုဝတ်ဆင်ရန် အလွန်ရှက်ရွံ့နေခဲ့သောကြောင့် ပင်လယ်ကမ်းခြေ၌ အပန်းေဖြရက်တစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ မဝတ်ဆင်ခဲ့ပေ။
ထို့ကြောင့်ပင် ထိုရေကူးဝတ်စုံကို မဝတ်ဆင်ခြင်းမှာ ဖြုန်းတီးခြင်းဖြစ်သည်ဟု ခံစားလာရသဖြင့် အခန်းထဲတွင် ဝတ်ဆင်၍ လင်းဇီချန်ကို ပြသကာ လင်းဇီချန်ထံမှ တုံ့ပြန်မှုအချို့ရရှိရန် မျှော်လင့်ခဲ့သည်။
"အရမ်းကြည့်ကောင်းတယ်၊ အထူးသဖြင့် နင်ဝတ်ဖို့အတွက် သင့်တော်တယ်”
လင်းဇီချန်သည် ရေကူးဝတ်စုံဝတ်ထားသည့် ရှန်ချင်းဟန်ကို အနည်းငယ်မျှ ကြည့်ရှုပြီးနောက် အလွန်ရိုးသားစွာ အဖြေပေးခဲ့သည်။
"တကယ်လား"
“တကယ်”
လင်းဇီချန်သည် မိမိ၏အသိစိတ်နှင့်ဆန့်ကျင်၍ ပြောနေခြင်း မဟုတ်ပါ။ အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ ရှန်ချင်းဟန်သည် သူမ၏ရေကူးဝတ်စုံဖြင့် မျက်နှာဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ မယုံနိုင်လောက်အောင် ပြီးပြည့်စုံပြီး လှပစွာ လိုက်ဖက်ပေသည်။ ဤဝတ်စုံဖြင့် အပြင်ဘက်ကမ်းခြေ၌ လမ်းလျှောက်လျှင် လူဦးရေ၏အနည်းဆုံး၈၀%သည် သူမကိို ဒုတိယတစ်ခေါက် ပြန်လှည့်ကြည့်ကြမည်ဖြစ်၏။
"ဒါနဲ့ ကမ်းခြေမှာ ညဘက်ဆို လေပြေအေးလေးနဲ့ လမ်းလျှောက်ရတာ အရမ်းအဆင်ပြေတယ်၊ နင်ဆင်းလာပြီး ငါနဲ့အတူ လေညင်းခံချင်လား”
ငယ်ရွယ်နုပျိုသည့်အရွယ်ဖြစ်သော လင်းဇီချန်သည် ရှန်ချင်းဟန်၏ ရေကူးဝတ်စုံနှင့်ပုံစံကို ဆက်လက်ကြည့်ရှုခြင်းသည် မသင့်လျော်သော အတွေးများ ဖြစ်ပေါ်လာစေနိုင်မည်ဟု သိထားသောကြောင့် ထိုသို့အကြံပြုခဲ့သည်။
ရှန်ချင်းဟန်မှ တုံ့ဆိုင်းမှုရှိပြော၏။
“ကျိန်းသေပေါက် ပင်လယ်လေညင်းကို ခံစားကြည့်ရမှာပေါ့။ ခဏစောင့်၊ ငါအဝတ်အစားလဲလိုက်ဦးမယ်။”
ထိုသို့ ပြောပြီးနောက် ကုတင်ပေါ်မှ ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံကို ကောက်ယူလိုက်ပြီး အဝတ်လဲခန်းနှင့် ဘေးချင်းကပ်ရပ်ရှိ ရေချိုးခန်းထဲသို့ ဝင်သွားသည် ။ သူမသည် လင်းဇီချန်၏ ရှေ့တွင် ရှက်ရွံ့မနေဘဲ လင်းဇီချန်အား အခန်းအပြင်၌ စောင့်ပေးရန်လည်း မတောင်းဆိုပေ။
ညဥ့်ကမ်းခြေ၌ လေပြည်သည် ညင်သာစွာ တိုက်ခတ်နေ၏။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးသည် ဖိနပ်မပါဘဲ ကမ်းခြေပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ခဲ့ကြပြီး ခြေချောင်းများမှ သဲ၏အထိေတွ့ကို ခံစားနေသည်။
“ရှောင်ချန် ညဘက်ကမ်းခြေမှာ လမ်းလျှောက်ရတာ အရမ်းသက်သောင့်သက်သာရှိတာပဲ။ ပြီးခဲ့သောညတွေတုန်းက ကမ်းခြေကို လမ်းလျှောက််ထွက်မလာခဲ့မိတာ မယုံနိုင်စရာပဲ။ နှမြောဖို့ကောင်းလိုက်တာ”
ရှန်ချင်းဟန်သည် လွတ်ချော်သွားခဲ့ရသော ခံစားချက်ဖြင့်ပြော၏။
လင်းဇီချန် ပြုံးလိုက်သည်။
"ရပါတယ်၊ အနာဂတ်မှာ ကမ်းခြေကို လာဖို့ အခွင့်အလမ်းတွေ အများကြီး ရှိဦးမှာပါ။ နွေရာသီ အားလပ်ရက်တိုင်း ငါတို့ လာလို့ရတယ်လေ”
"အင်း အားလပ်ရက်တိုင်း ငါတို့မိသားစုနှစ်စု ပင်လယ်ကမ်းခြေကို လာပြီးတော့ အတူတူကစားတာ၊ ရေကူးတာ၊ ကမ်းခြေမှာ ဘော်လီဘောကစားတာတို့၊ အရသာရှိတဲ့အသားကင်စားတာတွေ လုပ်ကြမယ်”
အသားကင်များအကြောင်း ပြောလိုက်ချိန်၌ ရှန်ချင်းဟန်သည် တံတွေးကိုမျိုချလိုက်သည်မှာ စားချင်နေကြောင်း သိသာထင်ရှားပေသည်။
ထိုအခါ လင်းဇီချန်သည် ငယ်စဉ်က သူတို့နှစ်ယောက် ကုန်တိုက်တွင် ဈေးဝယ်ထွက်ခဲ့သည်အကြောင်းများကို သတိရမိသည်။ ထိုအချိန်က ကျန်းဝမ်ရှင်းသည် ဈေးဝယ်ထွက်ခြင်းကို နှစ်သက်ပြီး ရွှီမုန့်ကို သူမနှင့်အတူသွားရန် မကြာခဏ ဖိတ်ကြားခဲ့သည်။ ရွှီမုန့်နှင့်အတူ ပါလာသော ရှန်ချင်းဟန်သည် သရေစာဆိုင်များကို ဖြတ်သွားတိုင်းတွင် အမြဲလိုလို သွားရည်ယိုမိသောကြောင့် ရပ်တန့်ကာ အခြားသို့သွားရန် ငြင်းဆန်ပြီး သရေစာစားချင်သည်ဟု ကလေးအသံလေးနှင့် ပြောတတ်ခဲ့သည်။ ၎င်းသည် ခြွင်းချက်မရှိ အချိန်တိုင်း အတူတူပင်။
ထိုအကြောင်းကိုတွေးတောမိရာ လင်းဇီချန်သည် မထိန်းချုပ်နိုင်စွာဖြင့် ထိုနှစ်များက အစားအသောက်မက်မောသူလေး ရှန်ချင်းဟန်နှင့် လက်ရှိရှန်ချင်းဟန်ကို နှိုင်းယှဉ်မိရသည်။
တစ်နည်းဆိုရသော် အမျိုးသမီးများသည် ကြီးပြင်းလာသည်နှင့်အမျှ ပြောင်းလဲလာတတ်သည် မဟုတ်ပါလော။
ထိုစဥ်က ရှန်ချင်းဟန်သည် ပါးဖောင်းဖောင်း၊ ခြေတိုတိုလိုလီလေးကဲ့သို့ဖြစ်ခဲ့ပြီး ယခု၌ သူမသည် လှပသော မျက်နှာ၊ ခြေတံသွယ်သွယ်တို့ဖြင့် ငယ်ရွယ်နုပျိုသော မိန်းကလေးငယ်တစ်ဦးဖြစ်နေပြီဖြစ်ပြီး ချစ်စရာအသွင်မှ လှပတင့်တယ်ခြင်းသို့ ပြောင်းလဲလာသည်။
"ငါ့မျက်နှာက တကယ်ပဲ အဲ့လောက်တောင် လှနေတာလား။ မီတာတစ်ရာကျော် လမ်းလျှောက်ပြီးပြီကို နင်ငါ့မျက်နှာကို အခုထိ စိုက်ကြည့်နေတုန်းပဲ”
ရှန်ချင်းဟန်သည် လင်းဇီချန်၏အကြည့်ကို မခံမရပ်နိုင်တော့ဘဲ စကားပြောနေစဉ်တွင်လည်း မျက်နှာလေးနီမြန်းနေပေသည်။
လင်းဇီချန် ရယ်လိုက်သည်။
“တကယ်လှတယ်။ လှတာမှ အမျိုးသမီးအနုပညာရှင်တွေထက်တောင် ပိုလှတယ်”
"အိုး အဲဒီလိုစကားမျိုး ပြောတာရပ်စမ်းပါ၊ နင်က ကောင်းတဲ့ရည်ရွယ်နဲ့ ပြောတာမှမဟုတ်တာပဲ။ နင်ငါ့ကို ရှက်အောင်လုပ်ဖို့ ကြိုးစားနေတာ"
ရှန်ချင်းဟန်သည် ထိုကဲ့သို့ ချီးမွမ်းစကားကို မ
ခံနိုင်ရည်မရှိလေရာ လမ်းမလျှောက်နိုင်လောက်အောင် ရှက်ရွံ့မှုကို ခံစားနေရသည်။
ထိုအချိန်တွင် နှစ်ယောက်လုံးသည် သတိမထားမိလိုက်ဘဲ အနီးနားရှိ ပင်လယ်ထဲသို့ လျှောက်သွားနေကြမိပြန်သည်။ ခြေထောက််များကို အေးမြသည့်ရေထဲတွင် နစ်မြှုပ်ထား၏။ လင်းဇီချန်သည် သူ၏ခြေဖဝါးအောက်ရှိ ပင်လယ်ရေကိုကြည့်၍ ရောင်စုံရေအောက်ကမ္ဘာအကြောင်းကို တွေးတောနေရင်းမှ ရှန်ချင်းဟန်သို့ လှည့်လာပြီး မေးလိုက်သည်။
"နင် ငါနဲ့အတူ ရေငုပ်ပြီး ရောင်စုံပင်လယ်အောက်ကမ္ဘာမှာ ပျော်မွေ့ချင်လား"
"ဘယ်လို ရေငုပ်ကြမလဲ"
"ငါ သင်ပေးမယ်"
ထိုသို့ပြော၍ လင်းဇီချန်သည် ရှန်ချင်းဟန်ကို ရေတိမ်ပိုင်းအတွင်း နက်ရှိုင်းသည့်နေရာများသို့ ပို့ဆောင်ပြီး မီတာအနည်းငယ်မျှသာ နက်ရှိုင်းသော ရေအောက်ကမ္ဘာထဲသို့ နှစ်ေယာက်အတူတူ ရေကူးငုပ်လျှိုးသွားကြသည်။
သို့သော် ရေငုပ်ပြီး နှစ်စက္ကန့်အကြာတွင် ရှန်ချင်းဟန်သည် ရုတ်တရက် တးမျက်နှာအမူအရာတင်းမာလျက် သူမ, ရေမငုပ်ချင်တော့ကြောင်း လင်းဇီချန်ကို အချက်ပြသည်။
ထိုအခါ ရှန်ချင်းဟန် ရေပေါ်ပြန်တက်ရန် လင်းဇီချန် အမြန်ကူညီပေးခဲ့သည်။
ရေပေါ်ပြန်ရောက်သောအခါ ရှန်ချင်းဟန်၏ မျက်နှာသည် ဖြူဖျော့နေ၏။
"ရှောင်ချန် ကမ်းပေါ်ပြန်တက်ရအောင် ပင်လယ်နဲ့ဝေးဝေးကိုသွားကြမယ်”
လင်းဇီချန်သည် အကြောင်းရင်းကို နားမလည်သော်လည်း မမေးမြန်းဘဲ ကမ်းစပ်သို့ သူတစ်ယောက်တည်း ဦးစွာ ရေကူးသွားမည့်အစား သူမနှင့်အတူတူ ရေကူးပြီး ကမ်းေခြသို့ပြန်လာခဲ့သည်။
ကမ်းခြေသို့ရောက်သောအခါ ရှုပ်ထွေးစွာဖြင့် မေးမြန်းခဲ့သည်။
“ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက်ကြီး အရမ်းစိတ်လှုပ်ရှားနေတာလဲ”
“အသံ ငါအသံတစ်ခုကြားရတယ်။ ငါပင်လယ်ရေအောက်ကြမ်းပြင်ဆီ ရေငုပ်လိုက်တာနဲ့ ထူးဆန်းတဲ့အသံတွေ နားထဲမှာ ဆက်တိုက် ပဲ့တင်ထပ်လာတယ်။ အသံတွေက အရမ်းထူးဆန်းေတာ့ နည်းနည်းကြောက်ဖို့ကောင်းလို့”
"ဘာသံလဲ?"
“ငါ နားမလည်ဘူး၊ အဲဒါက ငါ မသိတဲ့ ဘာသာစကားတစ်ခု ဖြစ်နိုင်တယ်။ ငါသိတာတော့ အဲဒါက မိန်းမတစ်ယောက်ရဲ့အသံပဲ။ အဲဒီအသံက ငါရေပေါ်ပြန်တက်တဲ့အထိ ငါ့နားထဲမှာ မရပ်မနားပဲ့တင်ထပ်နေခဲ့တာ”
ရှန်ချင်းဟန် စိတ်မသက်သာစွာဖြင့် ပြောသည်။
လင်းဇီချန်သည် နားထောင်ပြီးနောက် ပို၍ ရှုပ်ထွေးလာခဲ့သည်။
မိန်းမအသံ၊ သူ နားမလည်တဲ့ ဘာသာစကား၊ နားထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတယ်တဲ့။ ငါလည်း ရေငုပ်နေခဲ့တာကို ဘာလို့ ဘာသံမှ မကြားရတာလဲ။
"သွားကြစို့ ရှောင်ချန် မြန်မြန်ပြန်ကြရအောင်။ ငါဒီကမ်းခြေမှာ ဆက်မနေချင်တော့ဘူး။ ငါ့နောက်ကျောမှာ ကြက်သီးထနေသလိုကြီး ခံစားရတယ်၊ နည်းနည်းကြောက်စရာကြီး”
ရှန်ချင်းဟန်မှ ကြောက်ရွံ့စွာဖြင့် ပြောသည်။
သူမ အရမ်းကြောက်နေသည်ကိုမြင်သောအခါ လင်းဇီချန်သည် ကမ်းခြေတွင် ဆက်မနေတော့ဘဲ အခန်းကို အမြန်ပြန်ခေါ်သွားလိုက်သည်။
ညဉ့်နက်အချိန်၊ အိပ်ယာပေါ်၌
လင်းဇီချန်သည် အိပ်မပျော်နိုင်ဘဲ ရှန်ချင်းဟန်ပြောခဲ့သည့် ရေငုပ်နေစဉ် အမျိုးသမီးတစ်ဦး၏ အသံကို ကြားရသည်ဟူသော အကြောင်းများသာ သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။
ထိုအကြောင်းမှာ တွေးတောသည်နှင့်အမျှ ရေတစ္ဆေများအကြောင်းသို့ မထိန်းချုပ်နိုင်စွာ အတွေးလွင့်မျောသွားပြီး ကျောရိုးများ စိမ့်တက်လာရသည်။
သို့သော် မကြာမီတွင် ဤအရာအားလုံးသည် အဓိပ္ပါယ်မရှိသော ထင်မြင်ယူဆချက်များဖြစ်သည်ကို သူသဘောပေါက်လိုက်သည်။ ပို၍တွေးတောလေလေ အချိန်ပိုဖြုန်းတီးမိလေသာ ဖြစ်ပေသည်။ ထို့ကြောင့် ဆက်မတွေးတော့ဘဲ ဖုန်းကိုထုတ်၍ အွန်လိုင်းတွင် လက်ရှိသတင်းများကို စတင်ရှာဖွေသည်။ ထို့နောက် မထင်မှတ်ထားသော သတင်းတစ်ပုဒ်ကို တွေ့လိုက်ရ၏။
ရှန့်ဟိုင်မြို့တွင် ဧရာမ သန္ဓေပြောင်း ကြွက်များ၏ ခြေရာလက်ရာများ ထပ်မံ ပေါ်ထွက်လာခဲ့သည်။ ငါးမျှားဝါသနာရှင်တစ်ဦးသည် ညဘက်ငါးဖမ်းရန်အတွက် မြစ်ကမ်းစပ်သို့သွားခဲ့ရာ ရုတ်တရက်ပေါ်လာသော သန္ဓေပြောင်းကြွက်ကြီးတစ်ကောင်၏ သယ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ထိုလူ၏ သေခြင်းရှင်ခြင်းကို မသိရသေးပေ။
ထိုသတင်းကိုဖတ်ပြီးနောက် လင်းဇီချန်သည် ရုတ်တရက် အလျင်လိုေသာ ခံစားချက်များဖြင့် ပြည့်နှက်သွား၏။ မည်သို့ပင်ဖြစ်စေ သူလည်း အိပ်မပျော်နိုင်လေရာ အိပ်ရာမှထကာ လေ့ကျင့်ခန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့ဖြင့်… အိပ်ရာမှ ထ၍ လေ့ကျင့်ခန်းစလုပ်သည်။
(အလေးချိန်ဖြင့် push-ups အကြိမ်တစ်ထောင် လုပ်ခဲ့ပါတယ်။ ချီသွေး +၂၀၀၀၊ လက်မောင်းကြွက်သားသန်မာမှု +၂၀၀၀၊ ရင်ဘတ်ကြွက်သားခွန်အား +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)
(အလေးချိန်ဖြင့် sit-ups အကြိမ်တစ်ထောင် လုပ်ခဲ့ပါတယ်။ ချီသွေး +၂၀၀၀၊ ဝမ်းဗိုက်ကြွက်သားခွန်အား +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)]
(အလေးချိန်ဖြင့် squats အကြိမ်တစ်ထောင်လုပ်ဆောငခဲ့ပါတယ်။ ချီသွေး +၂၀၀၀၊ ခြေထောက်ကြွက်သားသန်မာမှု +၂၀၀၀၊ ကျွမ်းကျင်မှု +၁၀၀၀)
(သွေးမျိုးဆက်အဆင့် အခြေခံအဆင့်၅သို့ တိုးတက်သွားပါပြီ)
သူလေ့ကျင့်နေစဉ် အမှန်တကယ် တိုးတက်ပြောင်းလဲလာခဲ့သည့်အတွက် လင်းဇီချန် ဝမ်းမြောက်သွားခဲ့သည်။ သူ၏ ေသွးမျိုးဆက်အဆင့်သည် အခြေခံ အဆင့်၄မှ အဆင့်၅သို့ တိုးတက်သွားခဲ့သည်။
အခြေခံအဆင့်၅သည် အရွယ်ရောက်ပြီးသော ဧရာမ သန္ဓေပြောင်းကြွက်တစ်ကောင်နှင့် ရင်ဆိုင်နိုင်သည့် အဆင့်ဖြစ်သည်။
“အခြေခံစွမ်းရည်သုံးခုလည်း ဘယ်လောက်များ တိုးတက်လာလဲ မသိဘူး။ ငါစမ်းကြည့်ရမယ်…”
လင်းဇီချန် တွေးလိုက်သည်။
ထိုအတွေးဖြင့် လင်းဇီချန်သည် ခရီးဆောင်အိတ်ထဲမှ တိုင်းတာရေးကိရိယာတစ်ခုကို ချက်ချင်းထုတ်ယူလိုက်သည်။ လင်းဇီချန်သည် ခန္ဓာကိုယ်၏ တိုးတက်မှုအချက်အလက်များကို အပြင်ထွက်ပြီး စမ်းသပ်ကြည့်ရန် မစောင့်ဆိုင်းနိုင်ပါတော့ချေ။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက် အခြေခံစွမ်းရည် ၃ ခု၏ အချက်အလက်များကို တိုင်းတာခဲ့သည်။
၃.၆၄စက္ကန့်အတွင်း မီတာတစ်ရာပြေးနိုင်သည်။
၆.၉၈မီတာအထိ အမြင့်ခုန်နိုင်သည်။
အလေးချိန် ၁၆၀၀ ကီလိုဂရမ်ခန့်ရှိသော ကားတစ်စီးကို လက်တစ်ဖက်တည်းဖြင့် မ,နိုင်သည်။
အဆင့် ၄ သို့ တက်လှမ်းခဲ့ချိန်နှင့် နှိုင်းယှဉ်ပါကလည်း အချက်အလက်တိုးတက်မှုများမှာ သိသာထင်ရှားသည်။
မီတာတစ်ရာ အပြေးစံချိန်ကို ၀.၈၅စက္ကန့် လျှော့ချနိုင်ခဲ့ပြီး အမြင့်ခုန်စံချိန်သည် ၁.၃၃မီတာ တိုးတက်လာကာ လက်တစ်ဖက်ဖြင့် မ,နိုင်သည့် အလေးချိန်သည် ၅၁၀ကီလိုဂရမ် တိုးတက်လာခဲ့သည်။
အခန်း ၄၁
အထက်တန်းကျောင်း စတင်ပြီ
စက်တင်ဘာ ၁ ရက်နေ့၊ ကျောင်းစတက်ရသော ပထမဆုံးနေ့၌
လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့သည် စောစောထကာ မနက်စာစားပြီးနောက် ကျောင်းတွင် စာရင်းသွင်းရန် အတူတူထွက်လာခဲ့ကြသည်။ မိဘများလိုက်ရန် မလိုသောကြောင့် သူတို့ နှစ်ယောက်တည်း အတူတူ ထွက်လာခဲ့ကြသည်။
သူတို့သည် ၁၆ နှစ်နီးပါးရှိပြီဖြစ်ပြီး ကိုယ်တိုင် စီမံခန့်ခွဲနိုင်သ၍ မိဘများကို အနှောက်အယှက်မဖြစ်စေဘဲ လုံလောက်စွာ လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ေပသည်။
သေချာပါက်ပင် အဓိကအကြောင်းအရင်းမှာ ရှန့်ဟိုင်အထက်တန်းကျောင်းခွဲသည် အိမ်နှင့် အလွန်နီးသောကြောင့်ဖြစ်ပါ၏။ အိမ်နှင့် မီတာရာဂဏန်းမျှသာ ဝေးကွာသည်ဖြစ်ရာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ရုံသာ လိုအပ်ပေသည်။
"ဇီချန် ကျောင်းက အရမ်းနီးတော့ ငါတို့ရဲ့စက်ဘီးက အသုံးမဝင်တော့ဘူး။ နှမြောစရာကြီး"
အပြာနုရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ဖြောင့်စင်းသော ခြေတံများဖြင့် ရှန်ချင်းဟန်သည် လမ်းပေါ်တွင် လင်းဇီချန်နှင့် ဘေးချင်းကပ် လမ်းလျှောက်လာသည်။
ထို့နောက် ဤအခြေအနေအား အနည်းငယ် ဝမ်းနည်းမိကြောင်း ဖော်ပြလာ၏။
လင်းဇီချန်: "အဆင်ပြေပါတယ်။ ငါတို့ စနေ၊ တနင်္ဂနွေတွေမှာ စီးလို့ရတာပဲလေ။ နှမြောစရာမလိုပါဘူး”
“ဒါဆို စနေ၊ တနင်္ဂနွေတွေမှာ စက်ဘီးအပျော်စီးကြမယ်။ ငါနင့်ကို တင်နင်းမယ်လေ။ အခု ငါ့ခြေထောက်တွေ အရမ်းသန်မာနေပြီ။ နင့်ကို တင်နင်းရတာလောက်တော့ ဘာပြဿနာမှ မရှိဘူး"
ထိုသို့ပြောပြီးနောက် ရှန်ချင်းဟန်သည် သူမ၏ ကြည်လင်သော မျက်လုံးကြီးများဖြင့် လင်းဇီချန်ကို စိုက်ကြည့်နေသည်။
လင်းဇီချန် ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဒါဆို ငါနင့်ရဲ့ စက်ဘီးစီးစွမ်းရည်ကို မျှော်လင့်နေမယ်"
သူတို့နှစ်ယောက် စကားစမြည်ပြောဖ၍ လမ်းလျှောက်လာကြသည်။
ရှေ့လမ်းဆုံသို့ ရောက်လုနီးတွင် ရှန်ချင်းဟန်သည် လမ်းတစ်ဖက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြလာ၏။
“ဇီချန် တစ်ဖက်လမ်းက ဆံပင်ညှပ်ဆိုင်ကို ကြည့်လိုက်၊ အထဲမှာ ကျန်းခိုင် မဟုတ်ဘူးလား။”
ကျန်းခိုင်လား။
အဲဒီတုန်းက ကိုယ်ခံပညာအဖွဲ့ထဲက အရမ်းတက်ကြွတဲ့ ကောင်လေးလား။
လင်းဇီချန် ရှန်ချင်းဟန် ညွှန်ပြရာဘက်သို့ကြည့်လိုက်ရာ ယခင် ကိုယ်ခံပညာ အဖွဲ့မှ ကျန်းခိုင် ကို အမှန်ပင် မြင်တွေ့လိုက်ရသည်။
သို့သော် လက်ရှိ ကျန်းခိုင်သည် အရင်အချိန်များကဲ့သို့ တောက်ပသော ကတုံးဆံပင်ကေနှင့်ကောင်လေး မဟုတ်တော့ဘဲ ဘယ်ဘက်နားတွင် နားကပ်ပန်ထားကာ ညာဘက်မျက်လုံးကို ဆံပင်ကောက်များဖြင့် ဖုံးအုပ်ထားလျက် ဆံပင်ကို အရောင်အသွေးစုံစွာ ဆေးဆိုးထားပြီး လူ့အဖွဲ့အစည်းနှင့်သွေဖည်သည့် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပေသည်။ ဆံပင်ညှပ်ဆိုင်ရှေ့တွင် ရပ်ထားသည့် တစ္ဆေမီးသတ်ဆိုင်ကယ်တစ်စီး သူ၏ဆိုင်ကယ်ဖြစ်နိုင်သည်ဟု ယူဆရသည်။
"အဲဒီတုန်းက ပညာရေးဘာသာရပ်တွေ ကျသွားပြီး အထက်တန်းကျောင်း ဆက်မတက်ဘဲ နောက်တော့ လူအဖွဲ့အစည်းနဲ့သွေဖည်တဲ့ တစ္ဆေမီးလူငယ်တစ်ယောက် ဖြစ်လာခဲ့တာလား"
ထိုသို့အတွေးဖြင့် လင်းဇီချန် မထိန်းချုပ်နိုင်စွာ လွမ်းဆွတ်သွားပြီး အတိတ်၏ ရောင်ပြန်ဟပ်မှုကို ခံစားမိခဲ့သည်။
သို့သော် လင်းဇီချန်သည် ကျန်းခိုင်ကို အများကြီးဂရုစိုက်မနေဘဲ ရှန်ချင်းဟန်နှင့်အတူ ရှန့်ဟိုင်အထက်တန်းကျောင်းခွဲသို့ အလျင်အမြန် ဆက်လျှောက်ခဲ့သည်။
ကျောင်းသားသစ်ကြိုဆိုသည့် ခန်းမ။ ထိုကြိုဆိုခန်းမဟူသည့် ခန်းမသည် တကယ်တမ်းတွင် ပညာရေးဆိုင်ရာ အဆောက်အဦတစ်ခုအောက်ရှိ ကျယ်ဝန်းသောစင်္ကြံတစ်ခုသာ ဖြစ်ပါ၏။ ထိုခန်းမထဲတွင် ကျောင်းသားအသစ်များ၏ အတန်းပိုင်ဆရာတစ်ယောက်စီသည် စားပွဲ၊ထိုင်ခုံတစ်လုံးစီဖြင့် သူတို့အတန်း၏ ကျောင်းသားသစ်များ၏ အစီရင်ခံခြင်းကို စောင့်မျှော်နေကြသည်။ ထို့ပြင် အသစ်ရောက်လာသူများကို ကြိုဆိုရန် စေတနာ့ဝန်ထမ်းကျောင်းသားဟောင်းများ အနည်းအကျဉ်းမျှ ရှိသဖြင့် မြင်ကွင်းသည် သက်ဝင်လှုပ်ရှားနေပေသည်။
လင်းဇီချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ခဏလေးအတွင်း သူ့အတန်းအတွက် ကြိုဆိုသည့်နေရာ—စီနီယာ ၁ အတန်း ၁—ကို ချက်ချင်း ရှာတွေ့ခဲ့ပြီး ရှန်ချင်းဟန်နှင့်အတူ ချက်ချင်းလျှောက်သွားလိုက်သည်။
"မင်္ဂလာပါ ဆရာ၊ ကျွန်တော်တို့က ကျောင်းသားသစ်နှစ်ယောက်ပါ။ ဒီမှာ စာရင်းသွင်းဖို့ပါ”
"မင်းတို့ အစောကြီးရောက်နေတာပဲ”
Senior 1 အတန်း 1 ကြိုဆိုသည့်နေရာ၌ ထိုင်နေသည့် လူထွားကြီးသည် သူ့ဖုန်းမှ WeChat မက်ဆေ့ချ်ကို ပို့ပြီးသွားချိန်မှ လင်းဇီချန်ကို သာမန်ကာလျှံကာမျှ တုံ့ပြန်သည်။ ထို့နောက်မှ ဖုန်းကိုချ၍ ကျောင်းသားသစ်များကို မော့ကြည့်၏။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ ထူးကဲထင်ရှားသောအသွင်အပြင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
ထို့နောက် သူတို့နာမည်များကို စစ်ဆေးရန် မှတ်ပုံတင်ဖောင်ကို ထုတ်ကြည့်ပြီးနောက် စူးစမ်းမေးမြန်းလာ၏။
“မင်းတို့နှစ်ယောက်က အရမ်းချော၊ အရမ်းလှကြတာပဲ။ မောင်နှမတွေလား”
"မောင်နှမတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာကြတာပါ"
လင်းဇီချန်သည် စားပွဲပေါ်က ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာရင်းထဲက သူ့နာမည်ကို အမှတ်ခြစ်လိုက်ပြီးနောက် ရှန်ချင်းဟန်၏နာမည်ကိုလည်း အမှတ်ခြစ်လိုက်သည်။
ထွားကြိုင်းသောလူသည် လင်းဇီချန် အမှတ်ခြစ်လိုက်သည့်နေရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားခဲ့ပြီး တောက်ပစွာပြုံးလျက် ပြောသည်။
"ဒါဆို မင်းက ဇီချန်ပေါ့။ ငါမင်းနာမည်ကို ကြားဖူးေနခဲ့တာကြာပြီ။ ဒီနေ့တော့ မင်းကို လူကိုယ်တိုင်တွေ့ခွင့်ရခဲ့ပြီ”
လင်းဇီချန်သည် ရှန့်ဟိုင်အထက်တန်းကျောင်း၏ အလယ်တန်းဌာနတွင် အထူးချွန်အပြောင်မြောက်ဆုံး ကျောင်းသားဖြစ်သည်။ အထက်တန်းကျောင်းခွဲမှ ဆရာအများအပြားသည် သူ့အကြောင်းကို ကြားဖူးသော်ငြား အနည်းငယ်သာလျှင် လူကိုယ်တိုင် တွေ့မြင်ဖူးပေသည်။
"ကျွန်တော် ဆရာ့ကိုဘယ်လိုခေါ်ရမလဲဗျ”
လင်းဇီချန် ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
ထွားကြိုင်းသောလူကြီးသည် စိတ်ရင်းအပြည့်ဖြင့် ပြုံးပြပြီး ပြော၏။
“ငါ့မျိုးရိုးနာမည်က ဟန်၊ ငါ့ကို လောင်ဟန်လို့ပဲ ခေါ်ပါ”
လင်းဇီချန် ပြုံးလိုက်သည်။
"ဒါဆို ဆရာဟန်ပေါ့။ မင်္ဂလာပါ ဆရာဟန်”
“မင်္ဂလာပါ ဆရာဟန်…”
ရှန်ချင်းဟန်လည်း နောက်မှ လိုက်နှုတ်ဆက်သည်။ သူမ၏ အသံသည် ဖျော့တော့နေလေရာ အနည်းငယ် လူကြောက်၍ရှက်ရွံ့နေသယောင် ထင်မှတ်ရပေသည်။
"ဟားဟား ကောင်းပြီ ကောင်းပြီ"
ဟန်ယွမ်ဖုန်းသည် သဘောကျစွာ ပြုံးရယ်နေ၏။ သူ၏ပုံစံမှာ အလွန်ခင်မင်ရင်းနှီးလွယ်ကူသည့်ပုံစံ ဖြစ်ပေသည်။
စကားပြောပြီးနောက် ဆရာဟန်သည် အဝေးရှိ စေတနာ့ဝန်ထမ်းတစ်ဦးကို လှမ်းအော်ခေါ်သည်။
“ဟယ့်ရွှီ ကျေးဇူးပြုပြီး မင်းသူတို့ကို ကျောင်းပတ်ဝန်းကျင်ကို လိုက်ပြပေးပြီး နေရာမျိုးစုံကို မိတ်ဆက်ပေးနိုင်မလား"
“မလိုပါဘူး ဆရာဟန်၊ ကျွန်တော်တို့ ကိုယ့်ဘာကိုယ်ပဲ လှည့်ပတ်ကြည့်လိုက်ပါမယ်”
လင်းဇီချန်ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်ကို ခေါ်၍ စင်္ကြံမှ ထွက်ခွာလာခဲ့သည်။
ကျောင်းပတ်ပတ်လည်ကို လျှောက်ပတ်ကြည့်ရန် ဆယ်မိနစ်ခန့်ကြာမြင့်သည်။ ထို့နောက် ရှန့်ဟိုင်အထက်တန်းကျောင်း၏ အထက်တန်းကျောင်းအပိုင်းသည် အခြေခံအားဖြင့် အလယ်တန်းကျောင်းပိုင်း၏ ကျယ်ပြန့်သောပုံစံတစ်မျိုးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ပန်းခြံပုံစံဖြစ်ေစ၊ ဗိသုကာပုံစံပဲဖြစ်စေ အရာအားလုံးမှာ တူညီပေသည်။ ပတ်ပတ်လည်ကိုကြည့်ပြီးနောက် ဘာမျှ စိတ်ဝင်စားဖွယ်မတွေ့သဖြင့် စာသင်ခန်းဆီသို့ ဦးတည်ခဲ့ကြသည်။
သင်ကြားရေးအဆောက်အဦ ၃။
ပထမနှစ် အတန်း ၁။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ဝင်လာချိန်၌ စာသင်ခန်းတွင် မည်သူမျှ မရှိပေ။
သူတို့ရောက်လာသည့်အချိန်မှာ စောလွန်းသည်။ မနက်စာစားပြီးပြီးချင်း စာရင်းသွင်းရန် ထွက်လာခဲ့ကြသည်ဖြစ်ရာ အတန်းဖော်အများစုသည် စာသင်ခန်းထဲကို ရောက်ရှိရန် မဆိုထားနှင့် အိပ်ရာမှပင် ထွက်မလာရလောက်သေးပေ။ ယနေ့သည် စာရင်းသွင်းရမည့်နေ့ဖြစ်ရာ အားလုံးသည် အိမ်တွင် အိပ်ရေးဝဝအိပ်၍ နေ့လည်စာစားပြီးနောက်မှ အစီရင်ခံရန် လာရောက်ကြပေလိမ့်မည်။
"ရှောင်ချန် နောက်နံရံမှာ ငါတို့အတန်းရဲ့ ဆရာတွေရဲ့ပုံတွေရှိတယ်။ ပုံတွေက ခုနကမှ တင်ထားသလိုပဲ၊ သွားကြည့်ရအောင်”
ရှန်ချင်းဟန်သည် စာသင်ခန်းနောက်ဘက်သို့ အပြေးသွား၍ နံရံတွင်ချိတ်ထားသည့် ဓာတ်ပုံများကို သေချာကြည့်ရှုသည်။
လင်းဇီချန်သည်လည်း နံရံသို့လျှောက်သွားပြီး ဆရာတစ်ဦးစီ၏ ဓာတ်ပုံအောက်တွင် ရေထိုးထားသော သူတို့၏ မိတ်ဆက်စာများကို ဖတ်ကြည့်သည်။ ဤပုံများကို ကျောင်းသားသစ်များ ဆရာများနှင့် အမြန်ရင်းနှီးစေရန်အတွက် အကူအညီဖြစ်စေရန် စီစဉ်ထားခြင်း ဖြစ်နိုင်ပေသည်။ ကျောင်းသည် ဤကိစ္စတွင် တကယ်ကို လေးလေးနက်နက် သဘောထားကြီးစွာဖြင့် စီစဉ်ထားလေရာ အပိုအမှတ်များနှင့် ထိုက်တန်သည်ဟု ဆိုနိုင်ပေသည်။
ကျောင်းသင်ရိုးညွှန်းတမ်းရှိ အဓိက ဘာသာရပ်လေးခုအတွက် အမျိုးသားဆရာများ၏ ဓာတ်ပုံတစ်ပုံချင်းစီဖြင့် စုစုပေါင်း ပုံလေးပုံချိတ်ဆွဲပေးထားသည်။
ပထမပုံ- သိုင်းပညာဆရာ၊ အမည်မှာ ဟန်ယွမ်ဖုန်းဖြစ်ပြီး အတန်းပိုင်ဆရာလည်း ဖြစ်သည်။
ဒုတိယပုံ- ကန္တာရအတွင်းရှင်သန်ရေးဘာသာရပ် ဆရာ ချန်းပေ။
တတိယပုံ- မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် ဆရာ လျိုသဲ့ရန်။
စတုတ္ထပုံ- စက်ပိုင်းဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ် ဆရာ ချိုက်ယွမ်ဖေး။
ဆရာများနှင့်ပတ်သက်သော အခြေခံအချက်အလက်များအပြင် ဓါတ်ပုံများအောက်၌ အဓိကဘာသာရပ် လေးခုကိုလည်း မိတ်ဆက်ပေးထားသည်။
သိုင်းပညာဘာသာရပ် - အဓိကအားဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ရန်နှင့် သိုင်းပညာစွမ်းရည်ကို လေ့ကျင့်ရန်။ လက်တွေ့လေ့ကျင့်ခြင်းကို အဓိက အလေးပေးသည်။
ကန္တာရအတွင်းရှင်သန်ရေးဘာသာရပ် - တောင်တက်ခြင်း၊ ထင်းပွတ်တိုက်ခြင်းဖြင့် မီးဖန်တီးခြင်း၊ ရေအရင်းအမြစ်ရှာဖွေနည်း စသည့် အမျိုးမျိုးသော ရှင်သန်မှုစွမ်းရည်များကို လေ့လာသင်ယူရန်။ လက်တွေ့လေ့ကျင့်ခြင်းကို အဓိကအားဖြင့်အလေးပေးသည်။
မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် - မျိုးရိုးဗီဇပေါင်းစပ်ခြင်း၏နည်းပညာအကြောင်းလေ့လာရန်၊ အမျိုးမျိုးသော ထူးခြားဆန်းပြားသားရဲများကို သိရှိရန်၊ ထူးခြားဆန်းပြားသားရဲများ၏ အရည်အချင်းများနှင့် အလေ့အထများကို နားလည်ရန်။ အဓိကအားဖြင့် ပြဌာန်းစာအုပ်များဖြင့် သင်ကြားသည်။ သီအိုရီကို အဓိက အလေးပေးသည်။
စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်- အဓိကအားဖြင့် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းနည်းပညာအကြောင်း လေ့လာရန်၊ အမျိုးမျိုးသော သတ္တုပစ္စည်းများနှင့် သတ္တုစပ်စ္စည်းများကို သိရှိရန်။ ပြဌာန်းစာအုပ်များဖြင့် သင်ကြားသည်။ သီအိုရီကို အဓိက အလေးပေးသည်။
“ရှောင်ချန် အထက်တန်းကျောင်းမှာ ဘာသာရပ်နည်းနည်းပဲရှိတယ်။ လေးခုတည်းရယ် အလယ်တန်းကျောင်းထက်တောင် နည်းသေးတယ်နော်"
ရှန်ချင်းဟန်သည် ဓာတ်ပုံများအောက်ရှိ မိတ်ဆက်စာများကို ဖတ်ပြီးနောက် အနည်းငယ်ပျော်ရွှင်နေခဲ့သည်။
လင်းဇီချန်သည် သူမ၏ စိတ်လှုပ်ရှားမှုပျော်ရွှင်မှုကို ရေအေးလောင်းချလိုက်သည်။ "ပျော်မနေနဲ့ဦး။ သင်ခန်းစာအရေအတွက် နည်းလေ ပိုခက်ခဲလေပဲ။ ဒါတွေက ငါတို့ အဓိက လေ့လာဖို့ပဲရှိသေးတယ်။ ရွေးချယ်ဘာသာရပ်တွေ ကျန်သေးတယ်လေ”
“ကိစ္စမရှိပါဘူး။ ရွေးချယ်ဘာသာရပ်တွေက ဝါသနာပိုင်းနဲ့ ယဉ်ကျေးမှုအတန်း တချို့ပါပဲ။ အဲဒါတွေက ငါ့အတွက် လုံးဝခက်ခဲမှာ မဟုတ်ပါဘူး”
ရှန်ချင်းဟန်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
ယဉ်ကျေးမှုဘာသာရပ်များတွင် ခရိုင်အဆင့် ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်ခဲ့သူတစ်ဦးအနေဖြင့် ရှန်ချင်းဟန်သည် ယခုအချိန်တွင် အနည်းငယ်ဂုဏ်ယူဝံ့ကြွားနိုင်ပါ၏။ လင်းဇီချန် ပြုံးလိုက်ပြီး စကားမဆိုတော့ပေ။ ရှန်ချင်းဟန်၏ ဂုဏ်ယူဝံ့ကြွားသည့်ပုံစံကို မြင်တွေ့ရခြင်းအတွက် သူပျော်ရွှင်မိပါ၏။
ငယ်စဥ်ကတည်းက အမြဲထူးချွန်ထက်မြက်နေခဲ့သော လင်းဇီချန်အတွက်မူ ရှန်ချင်းဟန် ဂုဏ်ယူဝံ့ကြွားနေမည်ကို မကြောက်ရွံ့ပါချေ။ ရှန်ချင်းဟန် မိမိကိုယ်ကိုယ် သိမ်ငယ်သည်ဟု ခံစားနေရမည်ကိုသာ ကြောက်ရွံ့ပါ၏။
အဘယ်ကြောင့်ဆိုသော် မာနကြီး၍ဂုဏ်ယူဝံ့ကြွားခြင်းသည် အနည်းဆုံးတော့ ရှန်ချင်းဟန် ပျော်ရွှင်နေသည်ဟု ဆိုလိုပေသည်။ သို့သော် ဆန့်ကျင်ဘက်အေနဖြင့် သိမ်ငယ်မှုကို ခံစားနေရလျှင် သူမ ဝမ်းနည်းနေပြီး အချိန်မရွေး စိတ်ဓာတ်ကျသွားနိုင်သည်ဟု ဆိုလိုနေခြင်းဖြစ်သောကြောင့်ပင်။
မိမိ၏ ထူးချွန်တောက်ပနေမှုကြောင့် ရှန်ချင်းဟန်အား မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့စေပြီး ရှက်ကြောက်နေခြင်းမျိုး မဖြစ်စေလိုပါချေ။
အခန်း ၄၂
စုဝေးနေထိုင်သော သတ္တဝါ
"ရှောင်ချန် ကြမ်းပြင်မှာ ဖုန်မှုန့်တွေ အများကြီးရှိနေတယ်၊ အခု ငါတို့မှာ ဘာမှလုပ်စရာမရှိတာပဲဟာ စာသင်ခန်းကြမ်းပြင်ကို သန့်ရှင်းပေးကြမယ်လေ”
သူတို့နှစ်ဦးသည် နံရံပေါ်မှ ဓာတ်ပုံများကို ကြည့်ပြီးနောက် စာသင်ခန်းထဲမှ ထွက်ခွာလုဆဲတွင် ရှန်ချင်းဟန်သည် ကြမ်းပြင်ပေါ်မှ ဖုန်မှုန့်များကို သတိပြုမိပြီး သန့်ရှင်းရေးလုပ်ရန် အကြံပြုသည်။ လင်းဇီချန်လည်း ကန့်ကွက်ခြင်းမရှိပါ။ ထို့ကြောင့် နှစ်ယောက်သားသည် တံမြက်စည်းကို ရှာဖွေလိုက်ကြပြီး စာသင်ခန်းအတွင်းရှိ ကြမ်းပြင်ကို တိတ်တဆိတ် လှည်းကျင်းေနခဲ့သည်။
သူတို့ စတင်လှည်းကျင်းပြီး မကြာမီအချိန်တွင် အပြင်ဘက်မှ မိန်းကလေးနှစ်ယောက် ဝင်လာသည်။ ဆံပင်ကို ဆံထုံးချည်နှောင်ထားသော မိန်းကလေးတစ်ဦးသည် ကြမ်းပြင်တွင် တံမြက်လှည်းနေသူနှစ်ယောက်ကို မြင်သောအခါ ခဏမျှတုံ့ဆိုင်းသွားပြီး မေးမြန်းလာခဲ့သည်။
“အမ်… နင်တို့နှစ်ယောက်ရော ကျောင်းသားသစ်တွေပဲလား”
လင်းဇီချန်သည် စကားသံကိုကြားသောအခါ ရပ်တန့်လိုက်ပြီး တံခါးဝရှိ မိန်းကလေးနှစ်ယောက်ကို လှမ်းကြည့်ကာ ပြန်ဖြေသည်။
"ဟုတ်တယ်၊ ငါတို့လည်း ကျောင်းသားသစ်တွေပဲ။ ခုနကမှ ရောက်တာ၊ အဲဒါ ကြမ်းပြင်ပေါ်မှာ ဖုန်မှုန့်တွေ တွေ့တာနဲ့ သန့်ရှင်းပေးနေတာ”
ဘာလဲ။ တကယ်တော့ လင်းဇီချန်ဖြစ်နေတာပဲ။ ဘုရားရေ… လင်းဇီချန်၏ ထူးကဲစွာချောမောလှပသော မျက်နှာကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မိန်းကလေးနှစ်ယောက်သည် ချက်ချင်း စိတ်လှုပ်ရှား ပျော်မြူးသွားကြသည်။ အထူးသဖြင့် ဆံပင်ထုံးချည်ထားသော မိန်းကလေးသည် မျက်နှာတစ်ခုလုံး နီရဲသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
“ဒါနဲ့… လင်းဇီချန် ငါက နင့်ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ”
"ပရိတ်သတ်လား?"
"ဟုတ်တယ်၊ အလယ်တန်းကျောင်းတက်တုန်းက နင်ယှဉ်ပြိုင်ခဲ့တဲ့ ဒေသတွင်းပြိုင်ပွဲတိုင်းကို ငါရောက်ဖူးပါတယ်၊ နင်က တကယ်အံ့ဩစရာပဲလို့ ငါထင်တယ်၊ အဲဒါကြောင့် ငါနင့်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်လာခဲ့တာ" ဆံပင်ထုံးချည်ထားသော မိန်းကလေးမှ ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။
လူလိမ်၊ မရိုးသားတဲ့လူ! သူက ရုပ်ချောလို့ သူ့ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်နေတာ သိသာနေတာကို… သူမ၏ဘေးရှိ ဆံပင်တိုဖြင့်ကောင်မလေးသည် ဆံပင်ထုံးချည်ထားသော မိန်းကလေး၏ စကားများကို စိတ်ထဲမှ မျက်ဖြူလှန်လျက် သရော်နေသည်။ ထို့နောက် သူမသည်လည်း လင်းဇီချန်ကိုကြည့်လာပြီး ပါးပြင်များ နီရဲကာ ရှက်ရွံ့သောအသံဖြင့် ပြောသည်။
"လင်းဇီချန် ငါလည်း နင့်ရဲ့ပရိသတ်တစ်ယောက်ပါ။ ငါတို့နှစ်ယောက်လုံး ရှန့်ဟိုင်နံပါတစ်အလယ်တန်းကျောင်းမှာ တက်ခဲ့ကြတာလေ။ နင်နဲ့အတူ တစ်ကျောင်းတည်းတက်ချင်တာကြောင့် ငါတို့ဒီကျောင်းကိုရွေးချယ်ခဲ့ကြတာ။ နင်က ဒီအထက်တန်းကျောင်းခွဲကို သေချာပေါက်ပြောင်းမယ်လို့ထင်ခဲ့ကြတာလေ။ အဲဒါကြောင့် ငါတို့တွေ ရှန့်ဟိုင်အထက်တန်းကျောင်းကိုပဲ အတိအကျလျှောက်ခဲ့ကြတာ”
ထိုပြောဆိုချက်သည် အမှန်ပင် မှန်ကန်ပါသည်။ သူတို့နှစ်ဦးသည် လင်းဇီချန်၏ ပရိတ်သတ်များဖြစ်ကြပြီး ရှန့်ဟိုင်အထက်တန်းကျောင်းတွင် သူမတို့၏ အိုင်ဒေါနှင့် အတူတူကျောင်းတက်နိုင်ရန်အတွက် တမင်ရည်ရွယ်ပြီး ဤကျောင်းကို လျှောက် ခဲ့ကြခြင်းဖြစ်သည်။ ကံကောင်းလျှင် တစ်တန်းတည်း အတန်းတူတက်ရန်ပင် မျှော်လင့်ထားကြပေသည်။
လင်းဇီချန်သည် ထိုအကြောင်းကိုကြားလိုက်ရသည်တွင် တုန်လှုပ်သွားခဲ့သည်။ သူ၏ပရိသတ်အဖွဲ့သည် အခြားကျောင်းများအထိပါ ပြန့်နှံ့သွားခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် သူ၏အထင်ကြီးလေးစားသူများနှင့် ကံကြမ္မာမှာ အနည်းငယ်လွန်ကဲနေပုံရ၏။
ဤသည်မှာ ကောင်းမွန်သည့်ကိစ္စ မဟုတ်ပေ။ အချိန်တစ်ခုအတွင်း သူ၏စားပွဲအံဆွဲတွင် မလိုလားအပ်သော ပြဿနာအစုံအလင်ကိုဖြစ်သော အချစ်စာများဖြင့် ပြည့်နှက်နေတော့ပေမည်။
သူတို့သုံးယောက် စကားစမြည်ပြောနေကြစဉ်တွင် ရှန်ချင်းဟန်သည် ဘေးနားတွင်ရပ်၍ ကိုယ်ပျောက်လူသားတစ်ဦးကဲ့သို့ တစ်ချိန်လုံး ကြမ်းပြင်ကိုသာ တိတ်တဆိတ် လှည်းကျင်းနေသည်။ မူလတန်းကျောင်းတွင် သက်ဝင်လှုပ်ရှား၍ တက်ကြွခဲ့သောအချိန်မှအပ ရှန်ချင်းဟန်သည် အမြဲတစေ ရှက်ကြောက်ဟန်ရှိတတ်ပြီး အခြားသူများနှင့် စကားစမြည်ပြောဆိုသည်မှာလည်း ရှားပါးပေသည်။ သူမသည် လင်းဇီချန်၏ ရှေ့၌သာ စကားများတတ်၏။ သူတို့နှစ်ယောက်သည် အတူတကွကြီးပြင်းလာခဲ့ခြင်းဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဆက်ဆံရခြင်းမှာ ပို၍သက်သောင့်သက်သာဖြစ်ပြီး ပိုမိုအဆင် ပြေသည်။
"စာသင်ခန်းကြမ်းပြင်မှာ ဖုန်တွေ အများကြီးရှိနေတာပဲ။ ငါတို့နှစ်ယောက်လည်း လုပ်စရာမရှိဘူးဆိုတော့ စာသင်ခန်းသန့်ရှင်းရေးကို အတူကူလုပ်ပေးမယ်လေ”
ဆံပင်ထုံးချည်ထားသော မိန်းကလေးမှ ပြောလိုက်ပြီး အခန်းထောင့်ရှိ တံမြက်စည်းကို ကောက်ယူ၍ စတင် လှည်းကျင်းလေသည်။ထိုအခါ ဆံပင်တိုမိန်းကလေးလည်း အတူလှည်းကျင်းသည်။
ထိုမိန်းကလေးနှစ်ယောက်ပါ ကူညီလှည်းကျင်းပေးသောကြောင့် စာသင်ခန်းကြမ်းပြင်သည် အမြန်သန့်ရှင်းသွားခဲ့သည်။ ထိုစဉ် လင်းဇီချန်သည် လေဟာပြင်တွင် ထွက်ပေါ်လာသော အသိပေးစာများကို မြင်လိုက်ရ၏။
[အောင်မြင်မှု- ပူးပေါင်းဆောင်ရွက်မှု အဆိုအောက်တွင် အကြိမ်၁၀၀၀ ပူးပေါင်းလုပ်ဆောင်ခြင်း]
[ဆုလာဘ်- သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း — စုဝေးနေထိုင်သောသတ္တဝါ]
[တာဝန်ပြီးမြောက်မှုဇယား - ၁/၁၀၀၀]
အကြောင်းအရာကိုဖတ်ပြီးနောက် လင်းဇီချန် စိတ်လှုပ်ရှားသွား၏။ မမျှော်လင့်စွာဖြင့် သူ၏ ၅ကြိမ်မြောက် အောင်မြင်မှုမစ်ရှင်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ဘယ်လိုတောင် စိတ်ကျေနပ်ဖို့ကောင်းတဲ့ အံ့သြစရာလဲလေ!
'စုဝေးနေထိုင်သောသတ္တဝါ' သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းသည် မည်သို့သော အကျိုးသက်ရောက်မှုရှိလိမ့်မည်ကို လင်းဇီချန် မသိပါချေ။
ငါတကယ် မျှော်လင့်မိပါတယ်...
ထိုစဥ် အတန်းပိုင်ဆရာ ဟန်ယွမ်ဖုန်းသည် စာသင်ခန်းအပြင်ဘက်ရှိ စင်္ကြံကိုဖြတ်၍ အရှေ့ဘက်သန့်စင်ခန်းဆီသို့ လျှောက်သွား၏။ စာသင်ခန်းသန့်ရှင်းရေးလုပ်နေသော ကျောင်းသားအချို့ကိုမြင်သောအခါ ဆရာဟန်သည် ချက်ချင်းပြုံးရယ်သွားလျက် ပြော၏။
“မင်းတို့ စာသင်ခန်းတစ်ခုလုံးကို သန့်ရှင်းလိုက်ကြပြီလား။ မဆိုးပါဘူး၊ အရမ်းသန့်ရှင်းသွားပြီ၊ အရမ်းတော်တယ်!”
ဆရာဟန်၏ စကားကြောင့် မိန်းကလေးသုံးဦးသည် ပျော်မြူးသွား၏ စာသင်နှစ်အစတွင် အတန်းပိုင်ဆရာကို အထင်ကြီးစေခဲ့ပြီးသည်မှာ ကြီးမားသော အကျိုးအမြတ်ကြီး ဖြစ်သည်။ စာသင်ခန်းကြမ်းပြင်ကို သန့်ရှင်းလိုက်ခြင်းမှာ အမှန်ပင် အကျိုးရရှိလိုက်ပါ၏။ မိန်းကလေးသုံးယောက်နှင့် ကွာခြားစွာ လင်းဇီချန်သည်တော့ စိုးစဥ်းမျှ ခံစားချက် မရှိပေ။ ငယ်စဥ်ကတည်းက များစွာ ချီးမွမ်းခံခဲ့ရလေရာ ကျင့်သားရနေခဲ့လေပြီ။
အချိန်များ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း၌ နေ့လယ်ထမင်းစားချိန်သို့ ရောက်လာခဲ့သည်။
လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ထမင်းစားရန် အိမ်ပြန်ခဲ့သည်။ ထမင်းစားပြီးနောက် အမြန်ပြန်မထွက်ခွာခင် အိမ်မှာ ခဏလောက် အနားယူသည်။
လင်းဇီချန် ရှန်ချင်းဟန်ကို မခေါ်ဘဲ တစ်ယောက်တည်း ထွက်လာခဲ့သည် ။ ကင်းမွန်တစ္ဆေ၏ အသက်စွမ်းအင်စုဆောင်းမှုဇယား ပြည့်သွားပြီး ဖွင့်လှစ်ခဲ့ပြီးသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခု၌ အခြားထူးခြားဆန်းပြားသားရဲတစ်မျိုး၏ အသက်စွမ်းအင်စုဆောင်းမှုကို ဖွင့်လှစ်ရန် အချိန်ကျရောက်လေပြီ။ ထို့ကြောင့် မည်သည့် ထူးခြားဆန်းပြားသားရဲအသားကို စားသုံးရန်သင့်တော်မည်ကို လေ့လာရန် ကုန်တိုက်သို့ ထွက်လာခဲ့သည်။ စက်ဘီးသည် လေပြင်းအဟုန်ဖြင့် ကုန်တိုက်သို့ ရောက်ရှိသွားသည်။
လင်းဇီချန် စက်ဘီးရပ်လိုက်ပြီး သင့်လျော်သောစျေးနှုန်းရှိသည့် ထူးခြားဆန်းပြားသားရဲအသားကို ရှာဖွေကြည့်ရန် အပေါ်ဆုံးထပ်သို့ ဦးတည်သွားခဲ့သည်။ လှည့်ပတ်ကြည့်ပြီးနောက် ကြမ်းကြုတ်သော လင်းယုန်အသားကို မျက်စိကျသွား၏။
ကင်းမွန်တစ္ဆေအသားထက် အနည်းငယ် ပို၍အဆင့်မြင့်သော ကြမ်းကြုတ်သောလင်းယုန်သားရဲကိုလည်း စားသုံးရန်အတွက် အဓိက အသုံးပြုကြသည်။ ၎င်း၏သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းမှာ ထူးကဲသောအမြင်အာရုံဖြစ်သည်။ လင်းယုန်ငှက်၏ အမြင်အာရုံသည် သာမန်အားဖြင့် သာမန်လူထက် ရှစ်ဆခန့်ရှိပြီး ကြမ်းကြုတ်သော လင်းယုန်သားရဲကြီး၏ အမြင်အာရုံသည် သာမန်လူထက် အဆသုံးဆယ်အထိ သာလွန်သည်ဖြစ်ရာ အလွန်အစွမ်းထက်လှပေသည်။ ထို့ပြင် ၎င်း၏ မြင်ကွင်းနယ်ပယ်ကို ဖမ်းယူနိုင်မှုမှာလည်း မယုံနိုင်လောက်အောင် အားကောင်းသည်။ ၎င်းသည် ခဏပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သော ထူးခြားဆန်းပြားယုန်များကိုပင် အမြင်အာရုံ၌ အတိအကျဖမ်းယူနိုင်သည်။
လွန်ခဲ့သည့် နွေရာသီအားလပ်ရက်၌ ကင်းမွန်တစ္ဆေအသက်စွမ်းအင်ကို စုဆောင်းဖွင့်လှစ်ခဲ့သော အတွေ့အကြုံအရ လင်းဇီချန်သည် ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင်စုဆောင်းမှုတွင်လည်း အမြင်အာရုံနှင့်ပတ်သက်သော သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းကို ရရှိနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။
အမြင်အာရုံသည် အလွန်အရေးကြီးသော ဇီဝအင်္ဂါရပ်တစ်ခုဖြစ်သည်။ လုံလောက်စွာ ကောင်းမွန်ပါက၊ ၎င်းသည် လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသာထင်ရှားစွာ တိုးမြှင့်ပေးနိုင်သည်။ ဥပမာဆိုရေသာ် သိုင်းပညာပြိုင်ပွဲများဖြစ်သည်။ အမြင်အာရုံကောင်းမွန်သူများသည် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာ ဖမ်းယူနိုင်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပြီး ပြိုင်ဘက်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်သည်။ ထိုအရာအားလုံးကို ထည့်သွင်းစဉ်းစားထားလိုက်သည်တွင် ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင်ကို စုဆောင်းခြင်းသည် အကျိုးများကြောင်း သေချာပေသည်။ သေချာပေါက်ပင် အဓိကအကြောင်းအရင်းမှာ ကြမ်းကြုတ်သော လင်းယုန်သားရဲအသားသည် စျေးသက်သာပြီး တစ်ကျင်းလျှင် ၁၉၉၈ယွမ်သာ ကျသင့်သောကြောင့် ဖြစ်ပါ၏။
ဤ “စျေးသက်သာသော”ဟူသည် အခြားသော ထူးခြားဆန်းပြားသားရဲအသားများ၏ စျေးနှုန်းများနှင့် နှိုင်းယှဉ်လျှင်ဖြစ်သည်။ တစ်ကျင်းလျှင် ၉၉၈ ယွမ်သာ ကျသင့်သော ကင်းမွန်တစ္ဆေအသားမှအပ အခြားသော ထူးခြားဆန်းပြားသားရဲများ၌ ကြမ်းကြုတ်သောလင်းယုန်သားရဲအသားထက် ပို၍ဈေးသက်သာသော အခြားထူးခြားဆန်းပြားသားရဲအသား မရှိတော့ပေ။ တတိယစျေးအသက်သာဆုံး ထူးခြားဆန်းပြားသားရဲအသားသည် တစ်ကျင်းလျှင် ၅၈၈၈ ယွမ်ဖြစ်သည်။
စျေးနှုန်းကွာဟချက်သည် အတော်လေးကို ကြီးမား၏။
ကင်းမွန်တစ္ဆေအသားကဲ့သို့ တစ်ကျင်းစားသုံးခြင်းသည် အသက်စွမ်းအင်တိုးတက်မှုကို ၁% တိုးတက်စေနိုင်လျှင် ပြီးမြောက်အောင်မြင်ရန် လိုအပ်သည့် စုစုပေါင်းကုန်ကျစရိတ်သည် ယွမ် ၉၀၀,၀၀၀ ခန့်ရှိမည်ဖြစ်သည်။
၉၀၀,၀၀၀ ယွမ်!
အားလုံးပေါင်းလိုက်လျှင် မီလီယံနီးပါးခန့်ဖြစ်နေလေပြီ။
မတတ်နိုင်ပေ။ မတတ်နိုင်ပါချေ။
ကြမ်းကြုတ်သော လင်းယုန်သားရဲအသားကို ဝယ်ရန် ဆုံးဖြတ်ပြီးနောက် လင်းဇီချန်သည် တိုက်ခန်းပိုင်ရှင်ဦးေလးကြီးကို အမြန်ရှာဖွေပြီး ကြမ်းကြုတ်သော လင်းယုန်သားရဲအသားတစ်ကျင်းကို ဝယ်ယူရန် အကူအညီတောင်းခဲ့သည်။ ခဏကြာပြီးနောက် သူ့လက်ထဲတွင် အသားများ ပါလာသည်။
သူ၏စုဆောင်းငွေ ၁၉၉၈ ယွမ်သည်လည်း အငွေ့ပျံသွားခဲ့သည်။
လင်းဇီချန်သည် ကုန်ဆုံးသွားသောငွေကြေးကို ဂရုမစိုက်တော့ဘဲ ကြမ်းကြုတ်သော လင်းယုန်သားရဲအသားကို စတင်စားသုံးရန် ဆိတ်ငြိမ်သောနေရာတစ်ခုကို ရှာဖွေသည်။
[ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင်တစ်မျှင်ကို သင် စားသုံးခဲ့ပါတယ်]
[ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင် စုေဆာင်းမှုဇယား- ၁%]
မျှော်လင့်ထားသည့်အတိုင်းပင် အသားတစ်ကျင်းစားသုံးခြင်းသည် အသက်စွမ်းအင်စုဆောင်းမှုကို ၁% တိုးတက်စေပေသည်။ တွက်ချက်လိုက်ပါက ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင် စုဆောင်းမှုကို ပြီးမြောက်စေပြီး ဖွင့်လှစ်ရန်အတွက် ယွမ် ၂၀၀,၀၀၀ ခန့်ကုန်ကျမည်ဖြစ်သည်။
“ယွမ် ၂၀၀,၀၀၀… ကြည့်ရတာတော့ အထက်တန်းမှာ ပြိုင်ပွဲတွေ ပိုများများ ပါဝင်ပြီး ပိုက်ဆံစုရတော့မှာပဲ။ အထက်တန်းဒုတိယနှစ်မတိုင်ခင် ကြမ်းကြုတ်သောလင်းယုန်သားရဲရဲ့ အသက်စွမ်းအင်စုဆောင်းမှုဇယားကို ပြည့်အောင်ကြိုးစားရမယ်”
လင်းဇီချန် တွေးလိုက်သည်။
လင်းဇီချန်သည် အထက်တန်းဒုတိယနှစ်မတိုင်မီ ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင်စုဆောင်းမှု အောင်မြင်ပြီးမြောက်စေပြီး သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းအသစ်တစ်ခု ရရှိနိုင်ရန် စီစဉ်ထားသည်။ ကြမ်းကြုတ်သော လင်းယုန်သားရဲ၏ အသက်စွမ်းအင်စုဆောင်းမှုမစ်ရှင်ကို အောင်မြန်ရန်အတွက် လိုအပ်သောကုန်ကျစရိတ်မှာ ကင်းမွန်တစ္ဆေသားရဲထက် နှစ်ဆမြင့်မားသော်လည်း အကြောင်းတိုက်ဆိုင်စွာပင် အထက်တန်းကျောင်းအဆင့် သိုင်းပညာပြိုင်ပွဲများအတွက် ဆုငွေသည် အလယ်တန်းကျောင်းအဆင့်ပြိုင်ပွဲများထက် များစွာပို၍မြင့်မားပေသည်။