အပိုင်း ၄၃-၄၅
Vol. 3 Ch. 43-45
အခန်း ၄၃
ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော ထိပ်တန်းကျောင်းသားများ
နောက်တစ်နေ့နံနက်၊ စက်တင်ဘာ ၂ ရက်နေ့။ပထမနှစ် အထက်တန်း ကျောင်းသားများ၏ စာသင်ခန်း ၁ အတွင်း၌ အဓိကဘာသာရပ်ဆရာလေးဦးသည် စင်မြင့်ပေါ်တွင်ရပ်၍ ကျောင်းသားသစ်လေးဆယ်အား အလှည့်ကျ မိတ်ဆက်သည်။ ကျောင်းသားသစ်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဂရုတစိုက် နားထောင်ကြသည်။
၎င်းမှာ ကျောင်းသားများသည် အထူးတလည် လိမ္မာယဉ်ကျေးကြသောကြောင့်မဟုတ်ကြပါချေ။ ကျောင်းသားများသည် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြသေးလေရာ မည်သို့စကားပြောရမည်ကို မသေချာသဖြင့် အပြန်အလှန် သတိထားနေကြသောကြောင့်ဖြစ်သည်။
“ကောင်းပြီ ကျောင်းသားတို့ စင်မြင့်ပေါ်က ဆရာတို့ လေးယောက်ကတော့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးသွားပြီ။ အခု မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ဖို့ အလှည့်ရောက်ပြီ”
အတန်းပိုင်ဆရာသည် ရှေ့ဆုံးတန်း ဘယ်ဘက်ရှိ မိန်းကလေးကို လှမ်းကြည့်၍ ပြုံးရယ်လျက်ပြောသည်
"ဒီကျောင်းသူလေးနဲ့ စလိုက်ရအောင်၊ ပြီးရင် အတန်းလိုက် အစဥ်လိုက် ဆက်သွားကြမယ်"
ထိုမိန်းကလေးသည် တက်ကြွပွင့်လင်းဟန်ရှိ၏။ အတန်းပိုင်ဆရာ၏ စကားဆုံးသည်နှင့် သူမသည် ထိုင်ခုံမှ ထရပ်ပြီး စင်ပေါ်တက်၍ သူမကိုယ်သူမ ပြုံးရွှင်စွာ မိတ်ဆက်သည်။
"အားလုံးပဲမင်္ဂလာပါ ငါ့နာမည်က ချူးယွီရှီးပါ။ ငါ့ရဲ့ထူးခြားစွမ်းရည်တွေကတော့ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီတွေပဲဖြစ်ပါတယ်…”
သူမ,ပြီးနောက် အခြားသူများလည်း အစဉ်လိုက်တက်လာပြပြီး မိမိကိုယ်ကိုယ် မိတ်ဆက်ကြသည်။
“ငါ့နာမည် ကျုံးယိကျားပါ၊ anime ကြည့်ရတာ၊ cosplay နဲ့ အားကစားတွေကို နှစ်ခြိုက်ပါတယ်..."
"ငါ့နာမည် ဖုန့်ဟော်ကွမ်းပါ၊ အိမ်မှာနေပြီး ဗီဒီယိုဂိမ်းကစားရတာကို နှစ်သက်ပါတယ်..."
လင်းဇီချန်သည် အလယ်တန်း၏အနောက်ဘက်တွင်ထိုင်၍ အတန်းဖော်များ၏ မိမိကိုယ်ကို မိတ်ဆက်စကားများကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ နားထောင်နေစဉ် ရှန်ချင်းဟန်၏ပခုံးပေါ်ရှိ ဆံပင်တစ်ချောင်းကို သတိပြုမိသောကြောင့် ဖယ်ပေးရန် လက်လှမ်းလိုက်သည်။ ရှန်ချင်းဟန်သည် အနောက်မှ ထိတွေ့မှုကို ခံစားလိုက်ရသောကြောင့် လင်းဇီချန် သူမအား ပြောစရာရှိသည်ဟု တွေးကာ နောက်လှည့်ကြည့်လိုက်သည်။
လင်းဇီချန် ရှင်းပြလိုက်သည်။
“နင့်ရဲ့နောက်ကျောမှာ ဆံပင်တစ်ချောင်းကျနေတာတွေလို့ လှမ်းယူပြီးဖယ်လိုက်တာ”
"အိုး သိပြီ"
ရှန်ချင်းဟန် ရေရွတ်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြ၍ ပြန်လှည့်သွားသည်။
သူတို့နှစ်ယောက်သည် ယခု၌ ထိုင်ခုံဖော်များမဟုတ်တော့ဘဲ ရှေ့ဆင့်နောက်ဆင့် ထိုင်နေကြခြင်းဖြစ်သည်။ ထို့ပြင် မသင်မနေရပညာရေးကာလများကဲ့သို့ ယောက်ျားလေးများနှင့် မိန်းကလေးများကို ရောနှောခြင်းမပြုတော့ဘဲ ယောက်ျားလေးများဘေးတွင် ယောက်ျားလေးများထိုင်ကာ မိန်းကလေးများ၏ဘေးတွင် မိန်းကလေးများသာ ထိုင်ကြရန် စီစဉ်ခဲ့သည်။
ပထမနှစ် အထက်တန်းကျောင်းသားများသည် ပုံမှန်အားဖြင့် အသက် ၁၆ နှစ် ဝန်းကျင်များဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ အကျင့်စရိုက်လက္ခဏာများ ကောင်းမွန်စွာ ဖွံ့ဖြိုးနေပြီဖြစ်ရာ ယောက်ျားလေးနှင့် မိန်းကလေးများကို အတူတကွ ရောနှောထိုင်စေခြင်းသည် မသင့်လျော်တော့ပေ။
ကနဦး၌ လင်းဇီချန်သည် သူ၏ဉာဏ်ကြီးရှင်ဖြစ်သော အကြောင်းရင်းကို အခွင့်အရေးယူ၍
ရှန်ချင်းဟန်နှင့် ဘေးကပ်ရပ်ထိုင်ရန် အသုံးချနိုင်ပေသည်။ သို့သော် အနည်းငယ် တွေးတောပြီးနောက် သူ၏အစီအစဉ်သည် ရှန်ချင်းဟန်၏ တိုးတက်ကြီးပြင်းမှုအတွက် အကျိုးမရှိဟု ခံစားခဲ့ရသည်။
ရှန်ချင်းဟန်၌ ရွယ်တူသူငယ်ချင်းအဖြစ် မူလတန်း ဒုတိယနှစ်တွင်သာ ဆံပင်ဖြူကောင်မလေးနှင့် အချိန်ခဏတာသာ သူငယ်ချင်းရှိခဲ့ဖူးသည်။ လင်းဇီချန် သူမ၏ လူမှုအသိုင်းအဝိုင်းတွင် တစ်ဦးတည်းသော ရွယ်တူသူငယ်ချင်းဖြစ်သည်။ ၎င်းသည် အရမ်းintroverted ဖြစ်လွန်းပြီး ကောင်းမွန်သည့်အရာတော့ မဟုတ်ပေ။ ကြီးပြင်းနေဆဲအရွယ်ဖြစ်သည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးတွင် ငယ်သူငယ်ချင်းသာမက သက်တူရွယ်တူ၊ လိင်တူ သူငယ်ချင်းများစွာ ရှိသင့်ပေသည်။
အကြောင်းမှာ အကြောင်းအရာများစွာနှင့် အချို့သောဝါသနာများသည် ကျား/မလိင်တူ၊ အသက်အရွယ်တူေသာ သူငယ်ချင်းများကြားတွင်သာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပြီး ပျော်ရွှင်မှုနှင့် စိုးရိမ်ဝမ်းနည်းမှုများစွာကိုလည်း ထိုသူများနှင့် မျှဝေပြီး ရင်ဖွင့်နိုင်သောကြောင့်ပင်။ ရှန်ချင်းဟန်အတွက် သက်တူရွယ်တူ မိန်းကလေးများနှင့် မိတ်ဖွဲ့ရန် အလျင်မြန်ဆုံးနည်းလမ်းမှာ မိန်းကလေးများနှင့်အတူ ထိုင်ရန်ဖြစ်သည်။
ထိုအချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့် သီးခြားစီထိုင်ရန် ရွေးချယ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော ထိုင်ဖော်များအဖြစ်မှ ရှေ့ဆင့်နောက်ဆင့်ထိုင်သည့် ဆက်ဆံရေးသို့ ပြောင်းလဲခဲ့သည်။ အချိန်အတော်ကြာမြင့်ပြီးနောက်တွင် စင်မြင့်ပေါ်တွင်မိတ်ဆက်ရန် ရှန်ချင်းဟန် အလှည့်ရောက်လာသည်။
သူမ၏ထူးခြားသော ရုပ်ရည်သွင်ပြင်ကြောင့် စင်မြင့်ပေါ်ကို တက်လိုက်သည်နှင့်တစ်ပြိုင်နက် စင်အောက်ရှိ လူတိုင်း၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ "အားလုံးပဲမင်္ဂလာပါ၊ ငါ... ငါ့နာမည်က ရှန်ချင်းဟန်ပါ။ ငါက... ပုံဆွဲရတာကို သဘောကျပါတယ်။ ကျေးဇူးပြုပြီး အနာဂတ်မှာ ကူညီပေးကြပါဦး”
လူအများကြီးမှ စိုက်ကြည့်နေခြင်းကို ခံစားလိုက်ရသောကြောင့် ရှန်ချင်းဟန်သည် များစွာတုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့် လျင်မြန်စွာ ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြီးနောက် စင်ပေါ်မှ ထိုင်ခုံဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။ ရှန်ချင်းဟန်သည် မိတ်ဆက်စာကို အလေးအနက်ထားပြီး စိတ်ထဲတွင် အစမ်းလေ့ကျင့်နေခဲ့သည်။ သို့သော် စင်ပေါ်တက်ပြီးသည်နှင့် အလွန်စိတ်ရှုပ်ထွေးလာခဲ့ပြီး မိတ်ဆက်မည့် စကားအားလုံးကို မေ့သွားခဲ့ရာ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။
နောက်ထပ် ကျောင်းသားများစွာ မိမိကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် နောက်ဆုံးတွင် လင်းဇီချန်၏အလှည့်သို့ ရောက်လာသည်။ အတန်းထဲမှ ကောင်မလေးများအားလုံး၏ အာရုံစိုက်မှုကို မခံရခင် လင်းဇီချန် ထိုင်ခုံမှ အမြန်ထလာလိုက်သည်။ ရုတ်ချည်းပင် အခန်းတစ်ခုလုံး၌ လင်းဇီချန် မည်မျှချောကြောင်း မှတ်ချက်ပေးနေကြသော တီးတိုးသံများကို မိန်းကလေးများထံမှ ဆက်တိုက်ကြားရလေသည်။ ထိုစကားသံများကို လင်းဇီချန် လျစ်လျူရှု၍ စင်မြင့်ဆီသို့ တည့်တည့်လျှောက်သွားကာ တည်ငြိမ်သောမျက်နှာအမူအရာဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်သည် ။
"အားလုံးပဲမင်္ဂလာပါ၊ ငါ့နာမည်က လင်းဇီချန်ပါ၊ ရှေ့လျှောက်ကူညီပေးကြပါဦး”
လင်းဇီချန်သည် ရိုးရှင်းသော စကားကိုသာ ပြောပြီးနောက် ထိုင်ခုံနေရာသို့ ပြန်သွားခဲ့သည်။ စင်မြင့်ပေါ်တက်ခဲ့၍ မိတ်ဆက်ခဲ့ကြသူများအားလုံးတွင် သူ၏မိတ်ဆက်သည် အတိုဆုံးဖြစ်သည်။
"ဒီကောင်က အရမ်းထောင်လွှားနေတာ မဟုတ်ဘူးလား”
"သူ့ကိုယ်သူ လူတိုင်းရဲ့ အထက်မှာရှိနေသလို ပြုမူနေတာပဲ”
"ဒါပေမယ့် သူက တကယ်ကို မယုံနိုင်လောက်အောင် ချောတယ်။ ငါ့အရင် အတန်းက ယောက်ျားလေးတွေထက် ဆယ်ဆလောက် ပိုချောတယ်"
ယောက်ျားလေးများသည်လည်း လင်းဇီချန် အကြောင်းကို တိုးတိုးပြောေနကြပြီး အချို့မှာ ကြည်သာသောစကားများမဟုတ်ကြပေ။ လင်းဇီချန်၏ လက်ခံနိုင်စွမ်းသည်လည်း ထူးကဲ၏။ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်းကြားနေသော်လည်း စိတ်ထဲမထားပေ။
အထက်တန်းကျောင်းနေအရွယ် ယောက်ျားလေးများ အထူးသဖြင့် အလယ်တန်းကျောင်းမှ အထက်တန်းပထမနှစ်အထိ ငယ်ရွယ်သောကောင်လေးများသည် ထိုကဲ့သို့ ရှုတ်ချပြီး မကျေမနပ်ဖြစ်နှုန်း မြင့်မားသည်။ သို့ဖြစ်ရာ ကျင့်သားရသွားလျှင် ပြဿနာမရှိတော့ပေ။
အချိန်များကုန်ဆုံးသွား၏။
နောက်ဆုံးကျန်သည့် လူငယ်အချို့ မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း ပြီးဆုံးပြီးနောက် အတန်းပြီးဆုံးကြောင်း အချက်ပြ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ အတန်းထဲတွင် မိမိကိုယ်ကို မိတ်ဆက်ပြီးသည့်နောက် ကျောင်းသားများသည် မနက်ခင်းအချိန်ကဲ့သို့ စိမ်းသက်မနေတော့ဘဲ အချင်းချင်း ပိုမိုရင်းနှီးလာကြသည်။ အဓိက ဘာသာရပ် ဆရာလေးယောက် ထွက်သွားသည်နှင့် စာသင်ခန်းသည် ရုတ်တရက် ဗရုတ်သုတ်ခ ဖြစ်သွားပေသည်။
လူတိုင်းသည် သူတို့၏အနီးရှိလူများနှင့် စကားစမြည်ပြောနေကြသည်။ ရေပန်းအစားဆုံး အကြောင်းအရာမှာ အလယ်တန်းစာမေးပွဲ အောင်စာရင်းဖြစ်သည်။
ပထမနှစ်၏ အတန်း ၁ သည် ဂုဏ်ထူးတန်းဖြစ်သည်။ ဤအတန်းတွင် တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားတိုင်းသည် အဆင့်များကို အထူးအလေးထားသော ထိပ်တန်းပညာတော်သင်များဖြစ်ကြပြီး အကောင်းဆုံးဖြစ်ရန် အမြဲကြိုးစားနေကြသူများဟု ဆိုလိုပေသည်။ ထို့ကြောင့် ဤအခိုက်အတန့်၌ အားလုံးသည် အခြားသူများ၏ အလယ်တန်းစာမေးပွဲရမှတ်များအကြောင်း သိချင်နေကြပြီး နှိုင်းယှဉ်ကြည့်ကာ အဆင့်သတ်မှတ်ချက်ကို ကြည့်လိုကြသည်။
"ချင်းဟန် နင်အလယ်တန်းစာမေးပွဲမှာ အမှတ်ဘယ်လောက်ရခဲ့လဲ”
ရှန်ချင်းဟန် အနားတွင် ထိုင်နေသည့် ကျစ်ဆံမြီးနှစ်ဖက်ခွဲ၊ လိုလီတာဝတ်စုံဖြင့် မိန်းကလေးသည် ရှန်ချင်းဟန်ကို စူးစမ်းမေးမြန်းသည်။
ရှန်ချင်းဟန် ရုတ်တရက် သတိလက်လွတ်ဖြစ်သွား၏။
ရှန်ချင်းဟန်သည် ကျောထောက်နောက်ခံ အခွင့်အရေးမှတစ်ဆင့် ဝင်ခွင့်ရသောကြောင့် သူမ၏ အလယ်တန်းစာမေးပွဲရမှတ်များကို ထုတ်မပြောနိုင်ပေ။ ထိုသို့အတွေးဖြင့် ရှန်ချင်းဟန်သည် ယဉ်ကျေးမှု ဘာသာရပ်၏ ရမှတ်များကိုသာ ခပ်တိုးတိုးေရရွတ်လိုက်သည်။
“၇၀၉မှတ်…”
“အထင်ကြီးစရာပဲ၊ ငါ့ထက် ဆယ်မှတ်ပိုများတယ်။ ငါက ၆၉၈ မှတ်ပဲ ရခဲ့တာ”
ထိုသို့ပြောပြီးနောက် ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးသည် ထပ်မံမေးမြန်းလာပြန်သည်။
“ကိုယ်ကာယစစ်ေဆးမှုမှာ အမှတ်ဘယ်လောက်ရခဲ့လဲ။ ငါတော့ အလယ်တန်းစာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ ၉၅မှတ်ပဲရခဲ့တယ်။ စွမ်းဆောင်ရည်ညံ့ဖျင်းလွန်းတယ်မလား”
ကိုယ်ကာယစစ်ဆေးမှု အမှတ်ပြည့်၁၀၀တွင် ရမှတ်၉၅မှတ် ရထားလေရာ ထိပ်တန်းစွမ်းဆောင်ရည်ရှိသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ ကိုယ်ကာယစစ်ဆေးမှုအတွက် အမှတ်ပေး စံနှုန်းများသည် အလွန်တင်းကြပ်၏။ ရမှတ်၆၀ဟူသည် သိုင်းပညာအတန်းကို လျှောက်ထားရန်အတွက် အရည်အချင်းပြည့်မီရုံမျှသာ ဖြစ်သည်။ ရမှတ် ၉၀ရရှိမှသာ ဤဂုဏ်ထူးတန်းတွင် နေရာတစ်ခုရမည်ဟု အာမခံချက်ရှိနိုင်ပေသည်။
ကျစ်ဆံမြီးမိန်းကလေးသည် ၉၅ မှတ်ရရှိခြင်းကို သူ၏စွမ်းဆောင်ရည်ညံ့ဖျင်းသည်ဟု ပြောဆိုနေသည်။ ၎င်းမှာ သူမ၏ လိမ္မာပါးနပ်စွာ ကြွားဝါပြောဆိုသည့် နည်းလမ်းတစ်ခုသာဖြစ်ပေသည်။
"ငါလည်း ကိုယ်ကာယစစ်ဆေးမှုမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး၊ ငါနင့်ထက်ပိုပြီး အမှတ်နိမ့်တယ်..."
ရှန်ချင်းဟန် စိတ်မလုံမလဲဖြစ်လျက် ပြန်ဖြေသည်။
သူမသည် ကိုယ်ကာယစစ်ဆေးမှုတွင် ၇၉ မှတ်သာရခဲ့ပြီး ဤဂုဏ်ထူးတန်းအတွက် အရည်အချင်းပြည့်မီရန် ၁၁ မှတ်လိုအပ်ခဲ့သည်။ သို့ဖြစ်ရာ ထိုရမှတ်ကို သူမ ထုတ်မပြောနိုင်ပါချေ။ သို့မဟုတ်ပါက အခြားသူများသည် ရရမှတ်ကိုကြားလိုက်သည်နှင့် သူမသည် နောက်ဖေးတံခါးမှ ဝင်ရောက်လာသူမှန်း ချက်ချင်းသိသွားကြပေလိမ့်မည်။
သို့သော် ကျစ်ဆံမြီးမိန်းကလေးသည် မရပ်တန့်သေးဘဲ ဆက်လက်မေးမြန်းသည်။ “ဒါဆို နင်အမှတ်ဘယ်လောက်ရခဲ့တာလဲ။ ၉၄လား ဒါမှမဟုတ် ၉၃မှတ်လား”
“အဲဒီထက် နိမ့်တယ်…”
ရှန်ချင်းဟန် မလိမ်ချင်သော်ငြား ရမှတ်အတိအကျကို ထုတ်မပြောနိုင်ပေ။ ထို့ကြောင့် မရေရာသော အဖြေတစ်ခုကိုသာ ပေးနိုင်ပေသည်။ ကံဆိုးစွာဖြင့် ကျစ်ဆံမြီးမိန်းကလေးသည် ရမှတ်အတိအကျကို သိရန် စိတ်ပိုင်းဖြတ်ထားပြီး လက်မလျှော့ဘဲ မေးမြန်းနေသည်။
“၉၂ မှတ်ပဲလား။ ဒါမှမဟုတ် ၉၁မှတ်လား? ဒါမှမဟုတ် ၉၀လား”
မေးမြန်းခံနေရသော ရှန်ချင်းဟန်မှာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး လက်ဖဝါးများမျ ချွေးစေးများ ထွက်လာကာ တုန်လှုပ်နေတော့သည်။ ထိုအခါ အနောက်တွင် ထိုင်နေသော လင်းဇီချန်သည် ရှန်ချင်းဟန်ကို
ကယ်တင်ရန်အတွက် ကျစ်ဆံမြီးမိန်းကလေးအား အပြုံးဖြင့်ပြောလိုက်သည်။
"ဒါနဲ့ ငါမင်းကို WeChat addလို့ရမလား?"
"အာ WeChat addဖို့လား။ ဟုတ် ရတာပေါ့။ ငါနင့်ကိုစကင်န်ဖတ်ရမလား၊ နင်ငါ့ကိုစကင်န်ဖတ်မလား”
လင်းဇီချန်ဘက်မှ စတင်၍ သူမကို WeChat addရန် ပြောလိုက်သောအခါ ကျစ်ဆံမြီးမိန်းကလေးသည် ရင်ခုန်သွား၏။ ဖုန်းကို ထုတ်ယူချိန်တွင်လည်း လက်များ တုန်ရီနေပေသည်။
လင်းဇီချန်သည် အလွန်ချောမောလွန်း၏။ လင်းဇီချန်နှင့် မျက်နှာချင်းဆိုင် စကားပြောရခြင်းသည်ပင် ကျစ်ဆံမြီးမိန်းကလေး၏ ပါးပြင်များကို နီမြန်းသွားစေသည်။ သူမ၏ မျက်နှာသည် ချွေးများစိုရွှဲလုနီးပါးဖြင့် ရှန်ချင်းဟန်၏ ကိုယ်ကာယစစ်ဆေးမှုရမှတ်အကြောင်းကို လုံးလုံးလျားလျား မေ့သွားတော့သည်။
အခန်း ၄၄
လူလေးယောက်အဖွဲ့ ဖွဲ့စည်းခြင်း
"ငါ မင်းကို စကင်န်ဖတ်လိုက်မယ်"
လင်းဇီချန် WeChat ကိုဖွင့်ပြီး Scan ကိုရွေးချယ်သည်။ ကျစ်ဆံမြီးမိန်းကလေးသည် သူမ၏ကိုယ်ပိုင် WeChat ပရိုဖိုင်ကို စိတ်လှုပ်ရှားစွာ ဖွင့်၍ လင်းဇီချန်အား QR ကုဒ်ကိုပြသသည်။
ရှန်ချင်းဟန်သည် စကားမပြောဘဲ နှတ်ခမ်းကိုဖိကိုက်နေကာ ဘေးမှ ငြိမ်သက်စွာ ကြည့်နေလျက် အနည်းငယ် စိတ်ပျက်ေနမိသည်။ လင်းဇီချန်သည် သူမအတွက် အဆင်မပြေသော အခြေအနေကို ဖယ်ရှားပေးရန် ကြိုးစားနေမှန်း သူမ,သိသည်။ ထိုကြောင့်ပင် ပို၍ မိမိကိုယ်ကိုယ် အသုံးမဝင်ဟု ခံစားလာရသည်။
သူမသည် အလယ်တန်းစာမေးပွဲရမှတ်များအကြောင်း ပြောဆိုရန် စကားလုံးများပင် မစုစည်းနိုင်ခဲ့ပေ။
အသုံးမဝင်သောဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေသည်။
ကျစ်ဆံမြီးမိန်းကလေးကို WeChat addပြီးနောက် လင်းဇီချန်သည် သူ၏ထိုင်ခုံဖော်ဘက်သို့ လှည့်၍ ပြောလိုက်သည်၊
"ဟယ့်ယွီ ငါတို့WeChat မှာ အချင်းချင်း add ထားကြရအောင်”
လင်းဇီချန်၏ထိုင်ခုံဖော်သည် ကတုံးဆံပင်ကေ၊ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ သက်ဝင်တောက်ပသော မျက်လုံးများဖြင့် ကောင်လေးတစ်ယောက်ဖြစ်သည်။
ဟယ့်ယွီသည် ဖုန်းကိုထုတ်၍ WeChat ပရိုဖိုင်ကိုဖွင့်ကာ လင်းဇီချန်၏ရှေ့တွင် QR ကုဒ်ကို တင်လိုက်သည်။ "မင်းငါ့ကိုစကင်န်ဖတ်လိုက်”
သူငယ်ချင်းများအဖြစ် အချင်းချင်း addပြီးနောက် လင်းဇီချန်သည် WeChat အဖွဲ့ကို ဖန်တီးခဲ့ပြီး ရှန်ချင်းဟန်၊ ဟယ့်ယွီနှင့် ကျစ်ဆံမြီးမိန်းကလေး လီချူရှင်းတို့ကို အဖွဲ့ထဲသို့ ထည့်သွင်းခဲ့သည်။ ထို့နောက် သုံးယောက်အား ပြုံး၍ ပြောလိုက်သည်။
“ငါတို့ရဲ့ ထိုင်ခုံနေရာတွေအရဆို အခုကစပြီး ငါတို့လေးယောက်က အဖွဲ့တစ်ဖွဲ့တည်းဖြစ်မယ့်ပုံပဲ။ ငါအခုပဲ အဖွဲ့တစ်ခုဖွဲ့ပြီး မင်းတို့အားလုံးကို ထည့်ထားတယ်”
ဟယ့်ယွီမှ ပြုံးလိုက်ပြီး ပြောသည်။
“မိုက်တယ်၊ ကြိုတင်ပြင်ဆင်မှုရှိတာပဲ”
WeChat အဖွဲ့ကိုကြည့်လိုက်ပြီးနောက် လီချူရှင်းမှ ပြောသည်။
“ဒါဆို ငါတို့အဖွဲ့နာမည်ပေးကြရအောင်။ မိုးသောက်ချိန်အဖွဲ့ဆိုရင်ရော ဘယ်လိုလဲ။ အရုဏ်တက်ချိန်ရဲ့ 'မိုးသောက်ချိန်'လေ”
ချိုးဖျက်တဲ့လား(သံတူ၊အနက်ကွဲစကားလုံးပါ)
လင်းဇီချန် ထိုနာမည်နှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းသည်ဟု ခံစားမိပေသည်။
သို့သော် ကျန်နှစ်ယောက်သည် အသံတူ၊အနက်ကွဲစာလုံးအကြောင်းကို စဉ်းစားကြပုံမပေါ်ပေ။ နှစ်ယောက်စလုံးက အဖွဲ့နာမည်က တော်တော်ကောင်းသည်ဟု ပြောကြသည်။
ဟယ့်ယွီသည်တော့ အဖွဲ့နာမည်သည် သိပ်အရေးမကြီးပါဟု တွေးပေသည်။ ရှန်ချင်းဟန်သည်တော့ သူစိမ်းများရှေ့တွင် တွေဝေတွန့်ဆုတ်နေခြင်းဖြစ်သောကြောင့် ပြောသမျှကို သဘောတူသည်။
“ဇီချန် နင်ရော ဘယ်လိုထင်လဲ”
လီချူရှင်းက လင်းဇီချန်ကို မေးသည်။
လင်းဇီချန်သည် အဖွဲ့နာမည်သည် အနည်းငယ်ရယ်စရာကောင်းသည်ဟု ထင်မိသော်လည်း အခြားမည်သူမျှ ကန့်ကွက်ခြင်းမရှိသောကြောင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ငါလည်း ကောင်းတယ်ထင်ပါတယ်"
"အားလုံးသဘောတူတယ်ဆိုတော့ အခုကစပြီး ငါတို့အဖွဲ့ကို မိုးသောက်ချိန်အဖွဲ့လို့ ခေါ်မယ်နော်"
လီချူရှင်းသည် WeChat အဖွဲ့နာမည်ကို မိုးသောက်ဟူေသာ စကားလုံးနှစ်လုံးအဖြစ် ပြောင်းရေးလိုက်သည်။
[အလုပ်တာဝန်တစ်ခုကို ပြီးမြောက်ရန် လူအများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စံနှုန်းနှင့်ကိုက်ညီသော လူလေးယောက်အဖွဲ့ကို အောင်မြင်စွာ ဖန်တီးခဲ့ပါသည်]
[တာဝန်ပြီးမြောက်မှုဇယား - ၂/၁၀၀၀]
ဒါကို ထည့်တွက်တယ်လား?
ရုတ်တရက် ထွက်ပေါ်လာသည့် စာကြောင်းနှစ်ကြောင်းကို ဖတ်ရင်း လင်းဇီချန် အနည်းငယ် အံ့သြသွားသည်။ ကြည့်ရသည်မှာ လူအများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမစ်ရှင်သည် ခက်ခဲလွန်းလှသည်မဟုတ်ပေ။ အများကြီးအားထုတ်ရန် မလိုအပ်ဘဲ ပြီးမြောက်နိုင်ကောင်း၏။ လူလေးယောက်အဖွဲ့ကို ဖန်တီးလိုက်ခြင်းသည်ပင် တာဝန်ပြီးမြောက်မှုဇယားကို တိုးတက်စေနိုင်လေသည်။ သို့ဖြစ်ရာ ကျောက်သင်ပုန်းကို အတူတကွ သန့်ရှင်းရေးလုပ်ခြင်း၊ ကြမ်းပြင်ကို အတူတူ လှည်းကျင်းခြင်း၊ အမှိုက်များကို အတူတူ စွန့်ပစ်ခြင်းများသည်လည်း တာဝန်ပြီးမြောက်မှုဇယားကို သေချာပေါက် တိုးတက်စေမည်ဖြစ်သည်။ ဤအောင်မြင်မှုမစ်ရှင်အတွက် လိုအပ်သမျှမှာ လက်တစ်ချောင်းသာဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့နောက်တွင် WeChatတွင် အားလုံးကို addထားပြီးဖြစ်သော လင်းဇီချန်မှအပ ကျန်သုံးယောက်သည် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် add လိုက်ကြသည်။ ထို့နောက် ဟယ့်ယွီမှ ဦးဆောင်ကာ အချင်းချင်း၏ နောက်ခံအကြောင်းရာများကို စတင်စစ်ဆေးကြသည်။အချိန်အတော်ကြာ စကားစမြည်ပြောဆိုပြီးနောက်တွင် အောက်ပါတို့ကို သိရှိခဲ့ရသည်။
ဟယ့်ယွီသည် ရှန့်ဟိုင်မြို့ဒေသခံတစ်ဦးမဟုတ်ဘဲ အနီးအနားရှိ နန်ကွမ်းမြို့မှဖြစ်သည်။ ဟယ့်ယွီသည် ထိုနန်ကွမ်းမြို့၌ မျိုးရိုးအစဉ်အဆက် သိုင်းပညာစတူဒီယိုများ ဖွင့်လှစ်ထားသည့် မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ရာ သိုင်းပညာမျိုးနွယ်စုတစ်ခု၏ မျိုးဆက်တစ်ယောက်ဖြစ်ပေသည်။ ဟယ့်ယွီ၏ အထက်တန်းကျောင်းတက်ရန် ရှန့်ဟိုင်မြို့သို့ ရောက်လာရသည့် အကြောင်းအရင်းမှာ သူ၏မျိုးနွယ်စုသည် ဤမြို့အတွင် သူတို့၏ဈေးကွက်ကို ချဲ့ထွင်ရန်စီစဉ်နေခဲ့ရာ သူ၏မိဘများသည် ထိုပရောဂျက်ကို တာဝန်ယူခဲ့သောကြောင့်ဖြစ်သည်။ ပရောဂျက် အဆင်ပြေချောမွေ့စေရေးအတွက် သူ၏မိဘများသည် ရှန့်ဟိုင်မြို့၌ အခြေချနေထိုင်ရန် ပြောင်းရွှေ့ခဲ့ရာ တစ်ဦးတည်းသောသားဖြစ်သည့် ဟယ့်ယွီသည်လည်း မိဘများနောက်သို့ လိုက်ခဲ့ရုံမှအပ ရွေးချယ်စရာမရှိခဲ့ချေ။
“ဟယ့်ယွီ နင့်ရဲ့မိသားစုက မျိုးရိုးအစဥ်အဆက် သိုင်းပညာစတူဒီယိုတွေ ဖွင့်တာဆိုတော့ နင့်ရဲ့သိုင်းပညာစွမ်းရည်က တကယ်ကို အားကောင်းနေမှာပဲနော်”
လီချူရှင်းမှ တွေးတွေးဆဆ ပြောသည်။
ဟေး၊ ဒါက ငါစောင့်နေတဲ့ မှတ်ချက်အတိအကျပဲဟ။
ဟယ့်ယွီသည် စိတ်ထဲတွင် ပျော်ရွှင်ကြည်နူးသွားသော်ငြား အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြောသည်။
“တကယ်တော့ ငါ့ရဲ့စွမ်းရည်က ငါ့မိသားစုကို ဂုဏ်မညှိုးနွှမ်းစေဖို့ လုံလောက်ရုံလောက်ပါပဲ။ မနှစ်က ငါကံကောင်းခဲ့ပြီး နန်ကွမ်းမြို့ရဲ့ လူငယ်သိုင်းပညာပြိုင်ပွဲမှာ အဆင့်၈နေရာကို ရယူနိုင်ခဲ့တယ်”
“ဝိုး တစ်မြို့လုံး အဆင့်၈! ဟယ့်ယွီ နင်က တကယ် အံ့သြစရာပဲ"
လီချူရှင်းသည် ဟယ့်ယွီကို လေးစားသဘောကျစွာ ကြည့်နေသည်။
"အရမ်းအထင်ကြီးစရာပဲ"
ရှန်ချင်းဟန်သည်လည်း ဝင်ရောက် ချီးမွမ်းလိုက်သည်။ သို့သော် လင်းဇီချန်သာလျှင် အတော်ဆုံးသူဟု စိတ်ထဲမှ တွေးနေခဲ့သည်။
လင်းဇီချန်လည်း ထောက်ခံပြောဆိုသည်။
“ငါတို့အဖွဲ့မှာ သိုင်းပညာကျွမ်းကျင်သူတစ်ယောက်ရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးပဲ။ ဒါဆို နောက်ပိုင်း သိုင်းခံပညာအတန်းတွေမှာ ငါတို့ နားမလည်တာတွေရှိခဲ့ရင် မင်းကို အကြံဉာဏ် တောင်းမယ်"
"ကိစ္စမရှိပါဘူး၊ ငါ့တာဝန်ထားလိုက်!"
ဟယ့်ယွီသည် စိတ်အားထက်သန်စွာဖြင့် သူ့ရင်ဘတ်ကို ရိုက်ပုတ်လိုက်ပြီး ပြန်ပြောသည်။
အဖွဲ့သား သုံးယောက်စလုံးက သူ့အား ဤသို့ ချီးမွမ်းကြလေရာ အလွန်စိတ်လှုပ်ရှား ကြည်နူးမိပေသည်။ အထူးသဖြင့် ရှန်ချင်းဟန်နှင့် လီချူရှင်းတို့ကဲ့သို့ ချောမောလှပသော မိန်းကလေးနှစ်ယောက်မှ သူ့ကို သဘောကျစွာ ကြည့်နေကြပြီး ချီးမွမ်းခဲ့ရာ အလွန်တရာ ပီတိဖြာနေတော့သည်။ ထိုအခိုက်အတန့်လေးကို သေချာခံစားပြီးနောက် ဟယ့်ယွီသည် သူတို့ဘက်သို့လှည့်၍ မေးသည်။
“ဒါနဲ့ မင်းတို့မိသားစုတွေရော ဘာလုပ်ကြလဲ”
လီချူရှင်းက ပြန်ဖြေသည်။
“ငါ့မိသားစုက အထည်ဆိုင်ဖွင့်တယ်။ ငါတို့ ခရိုင်ထဲမှာ ဆိုင်ခွဲတွေ အများကြီးရှိတယ်”
ထိုအခါ ဟယ့်ယွီမှ ချီးမွမ်းစကားဆိုသည်။
"ဝိုး ကြည့်ရတာ ငါတို့မှာ ချမ်းသာတဲ့ ကောင်မလေးတစ်ယောက်ရှိတာပဲ။ မင်းအမြဲတမ်း နာမည်ကြီးတံဆိပ်အဝတ်အစားတွေ ၀တ်ထားတာ မထူးဆန်းတော့ပါဘူး။ အရမ်းအားကျတယ်ကွာ”
လီချူရှင်းသည် ရယ်မောလျက် လက်ကို ဝှေ့ယမ်း၍ပြောသည်။
“အို ငါ့ကို စနောက် မနေပါနဲ့တော့။ သခင်လေးဟယ့် နင့်မိသားစုရဲ့ သိုင်းပညာစတူဒီယိုတွေက တခြားမြို့တွေအထိပါ ချဲ့ထွင်နေပြီကို တကယ်တမ်းဆို ငါက နင့်ကို အားကျရမှာပေါ့”
ထို့နောက် သူမသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ဘက်သို့ လှည့်၍ သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။
"ဇီချန် ချင်းဟန် နင်တို့မိသားစုတွေက ဘာလုပ်ကြလဲ"
ရှန်ချင်းဟန်မှ အနည်းငယ်ရှက်ရွံ့စွာ ဖြေသည်။
"ငါ့မိဘနှစ်ယောက်လုံးက အထက်တန်းကျောင်းဆရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်တွေကို သင်ကြတယ်"
"ကျောင်းဆရာအလုပ်က အရမ်းကောင်းတယ်။ တည်ငြိမ်တဲ့ဝင်ငွေတင်မကဘဲ လေးစားလည်း ခံရတယ်။ နင်က ပညာတတ်မိသားစုမှာ မွေးဖွားလာတဲ့ ကလေးပဲ"
ဟယ့်ယွီမှ ကျွမ်းကျင်စွာ ချီးမွမ်းပြောဆိုသည်။
လီချူရှင်း ရုတ်တရက် သဘောပေါက်သွား၏။
"နင် ယဉ်ကျေးမှု ဘာသာရပ်မှာ အရမ်းတော်တာ မထူးဆန်းတော့ပါဘူး။ နင့်မိဘတွေက ဆရာတွေပဲ”
ထို့နောက် သူမသည် လင်းဇီချန်ဘက်လှည့်ကာ မေးသည်။
"ဇီချန် နင်ရော"
လင်းဇီချန် တည်ငြိမ်အေးဆေးစွာ ပြောသည်။
"ငါ့မိဘတွေက freelancer တွေ။ အိမ်မှာပဲ ဝဘ်ဆိုက်မှာ ဝတ္ထုတွေရေးကြတယ်"
"မဖြစ်နိုင်တာ၊ သူတို့က ဝတ္ထုစာရေးဆရာတွေပဲ!"
ဟယ့်ယွီသည် အတော်လေး အံ့သြသွားပြီး သိချင်စိတ်ပြင်းပြစွာ မေးမြန်းသည်။
“ငါက အားလပ်ချိန်တွေမှာ ဝတ္ထုတွေဖတ်ရတာ ဝါသနာပါတယ်။ မင်းမိဘတွေက ဘာဝတ္ထုတွေရေးတာလဲ။ ငါရှာပြီး ဖတ်ကြည့်မယ်”
လင်းဇီချန် ပြုံး၍ ပြောလိုက်သည်။
"ငါ မင်းတို့တွေ ရှာကြည့်လို့ရအောင် အဖွဲ့စကားေပြာခန်းထဲမှာ ခေါင်းစဉ်တွေ ပို့လိုက်မယ်”
သို့ဖြင့် လင်းဇီချန်သည် ခေါင်းစဉ်များကို အဖွဲ့စကားေပြာခန်းထဲသို့ ပေးပို့ခဲ့သည်။ သူ၏ငယ်သူငယ်ချင်းဖြစ်သော ရှန်ချင်းဟန်သည်တော့ ဤစာအုပ်များအားလုံးကို ဖတ်ပြီးပြီဖြစ်သည်။
ရှန်ချင်းဟန်သည် သူ၏အမာခံတပ်ဖွဲ့ဝင်အဖြစ် စေတနာ့ဝန်ထမ်းလုပ်ကာ စာဖတ်သူအကောင့်များစွာကို ဖန်တီးပြီး စာအုပ်များ၏ မှတ်ချက်ရေးရန်နေရာ၌ "အပိုင်းသစ်မြန်မြန်တင်ပေးပါ ညအိပ်မပျော်တော့ဘူး"၊ "အရမ်းဖတ်လို့ကောင်းတယ် စောင့်နေတာကို ရပ်လို့မရတော့ဘူး”၊ “ဒီစာအုပ်ရဲ့ အရေးအသားက အရမ်းကောင်းတာပဲ၊ ဇာတ်ကွက်ကလည်း အားရစရာကောင်းတယ်”စသော
ချီးမွမ်းစကားမှတ်ချက်များဖြင့် ပြည့်လျှံနေစေရန် အားထုတ်ခဲ့သည်။
စူးစမ်းလိုစိတ်ဖြင့် ဟယ့်ယွီနှင့် လီချူရှင်းတို့သည် အဖွဲ့စကားေပြာခန်းကိုဖွင့်ကာ ခေါင်းစဉ်များကို စစ်ဆေးပြီးနောက် အွန်လိုင်းတွင် စတင်ရှာဖွေသည်။
စာအုပ်များကို ဖတ်ကြည့်ပြီး မကြာမီ၌ ဟယ့်ယွီသည် ချီးမွမ်းပြောဆိုလာ၏။
“ကောင်းလိုက်တာ။ ခေါင်းစဉ်နဲ့ ဇာတ်လမ်းအကျဉ်းက အရမ်းစွဲမက်စရာကောင်းတယ်။ ငါဒီည ဒီစာအုပ်တွေကို ဖတ်ရမယ်”
လီချူရှင်းမှ အံ့အားသင့်လျက် ပြော၏။ “ဒီဝတ္ထုေတွက ဘာလို့ အကုန် အမျိုးသားဇာတ်ကောင် အသားပေးဝတ္ထုတွေ ဖြစ်နေတာလဲ။ နင့်အမေက အမျိုးသမီးဇာတ်ကောင် အသားပေးဝတ္ထုတွေ ရေးတာ မဟုတ်ဘူးလား”
လင်းဇီချန် အပြုံးဖြင့် ရှင်းပြသည်။
“အမေက အမျိုးသမီးပရိသတ်အတွက် စာရေးလေ့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားဇာတ်ကောင် အသားပေးဝတ္ထုတွေ ရေးဖြစ်သွားတယ်။ အဲဒါကြောင့်ပဲ အဖေနဲ့တွေ့ပြီး ငါဖြစ်လာခဲ့တာပေါ့”
"ဝိုး ကံကြမ္မာဖန်တဲ့ ဆုံတွေ့မှုလိုပဲ"
လီချူရှင်းသည် အနာဂတ်တွင် သူမနှင့်ဆင်တူသော အခြားတစ်ခြမ်းကို တွေ့ဆုံရခြင်းသည် မည်မျှချိုမြိန်၍ ကြည်နူးဖွယ်ကောင်းလိမ့်မည်နည်းဟု စိတ်ကူးယဉ်လျက် အားကျနေသောအမူအရာဖြင့် ပြောခဲ့သည်။
အခန်း ၄၅
ကျောင်းမှ ခေါ်ယူခဲ့သော ပါရမီရှင်များ
သူတို့လေးယောက်သည် အဖွဲ့ထဲတွင် အကြောင်းအရာများစွာကို ကုန်စင်လုနီးပါး ပြောဆိုခဲ့ကြပြီးနောက် အတော်ကြာ စကားမပြောဖြစ်ကြတော့ပေ။ စကားဝိုင်းကို တွန်းအားပေးသူဖြစ်သော ဟယ့်ယွီသည် ပြောဆိုဆွေးနွေးရန် ကုန်စင်လုနီးပါးဖြစ်ကြောင်း သတိထားမိသောအခါ အခြားအတန်းဖော်များထံ စကားလမ်းကြောင်းလွှဲ၍ အစပြုသည်။ ဟယ့်ယွီသည် သူတို့သုံးယောက်ကို လျှို့ဝှက်ဆန်းကြယ်စွာပြော၏–
“ငါတို့အတန်းထဲမှာ ဘယ်သူက အင်အားအကြီးဆုံးလဲ ခန့်မှန်းကြည့်။ မင်းတို့ မခန့်မှန်းနိုင်ဘူးလို့ ငါလောင်းရဲတယ်”
လီချူရှင်း အံ့အားသင့်သွား၏
"နင်က နန်ကွမ်းမြို့က မဟုတ်ဘူးလား။ ယုတ္တိကျကျပြောရရင် နင်ငါတို့အတန်းအကြောင်းကို အများကြီး မသိနေသင့်ဘူး မဟုတ်ဘူးလား။ ဘယ်သူက အင်အားအကြီးဆုံးလဲဆိုတာ နင်ဘယ်လိုသိလဲ"
ခဏကြာပြီးေနာက် လီချူရှင်းသည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး အနည်းငယ် အံ့အားမင်သက်စွာဖြင့် ပြောလာ၏။
“အတန်းထဲမှာ နင်က အင်အားအကြီးဆုံးလို့ ပြောမှာတော့ မဟုတ်ပါဘူးနော်”
"လုံးဝမဟုတ်ပါဘူး၊ ငါက အဲ့လောက် မာနမထောင်လွှားပါဘူးဟ။ ငါ့မှာ လက်တွေ့ကျတဲ့ အသိစိတ်ရှိပါတယ်။ ငါက အများဆုံးမှ ငါတို့အတန်းထဲမှာ တတိယအဆင့်ပဲ ဖြစ်နိုင်မယ်”
ဟယ့်ယွီမှ နှိမ့်ချစွာ ပြောသည်။
လီချူရှင်းသည် ခေါင်းခါလိုက်ပြီး ပြော၏။
“ဒါဆို ငါ မပြောတတ်ဘူး။ ငါအတန်းထဲက လူတော်တော်များများကို မသိဘူး”
ထိုသို့ပြောပြီးသည်နှင့် လင်းဇီချန်ကို ရုတ်တရက် သတိရသွားပြီး ပြုံးလိုက်ကာ ဆက်ပြော၏။
"တကယ်လို့ နင်ငါ့ကို ကျိန်းသေပေါက် ခန့်မှန်းစေချင်ရင်တော့ ငါတော့ ဇီချန်က အင်အားအကြီးဆုံးသူလို့ ပြောမယ်။ ဇီချန်က အလယ်တန်းစာမေးပွဲမှာ ဒေသအဆင့်တစ်ပဲ”
"ဘုရားရေ ဇီချန် မင်းက အဲ့လောက်တောင် တော်တာလား"
ဟယ့်ယွီ အနည်းငယ် ထိတ်လန့်သွားသည်။ လင်းဇီချန်သည် ဒေသအဆင့်တစ်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
အသွင်အပြင်များသည် လှည့်စားနိုင်ပေသည်။
ပုံမှန်အားဖြင့် ချောမောသူများသည် တကယ်တမ်း အရည်အချင်းရှိလှသည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အခွင့်အာဏာများသည် တရားမျှတရပေမည်။ လူတစ်ယောက်တည်းအား ရုပ်ရည်ချောမောခြင်းနှင့် အင်ပအားကြီးမားသန်မာခြင်း နှစ်ခုလုံးပိုင်ဆိုင်ေစရန် ဖန်တီးမပေးသင့်ပေ။ သို့မဟုတ်ပါက Earth OLဂိမ်း၏ချိန်ခွင်လျှာကို လုံးဝ နှောင့်ယှက်လိုက်ခြင်းပင် မဟုတ်ပါလော။
အချိန်ခဏမျှတုန်လှုပ်သွားပြီးနောက်တွင် ဟယ့်ယွီသည် ဤသည်မှာ ကိစ္စကြီးမဟုတ်၊ ေဒသအဆင့်တစ်သာဖြစ်ပြီး တစ်မြို့လုံးအဆင့်တစ်မဟုတ်ေပ၊ မိမိထက်ပင် အင်အားမကြီးမားသည်လည်း ဖြစ်နိုင်ပါသည်ဟု တွေးလိုက်သည်။
ထိုသို့အတွေးဖြင့် ဟယ့်ယွီသည် သူတို့သုံးယောက်ကို ခပ်တိုးတိုးပြောသည်။
“ဒေသအဆင့်တစ်က နည်းနည်း လိုအပ်နေနိုင်သေးတယ်။ ဒါကို မင်းတို့မယုံနိုင် လောက်ပေမဲ့ ငါတို့အတန်းထဲမှာ နန်ကွမ်းမြို့က ကျောင်းအုပ်ကြီးရဲ့ ခေါ်ယူမှုခံရတဲ့လူ နှစ်ယောက်ရှိတယ်”
"ဘယ်လိုမျိုးလဲ"
လီချူရှင်းသည် အလွန်သိချင်နေခဲ့သည်။
လင်းဇီချန်သည်လည်း အနည်းငယ် စိတ်ဝင်စားသောကြောင့် ဟယ့်ယွီ၏ အဖြေကို စောင့်မျှော်နေသည်။ ဟယ့်ယွီသည် သူတို့သုံးယောက်ကို ပို၍နီးကပ်စေပြီး အသံနိမ့်ဖြင့်ပြောသည်။
"ဘယ်ဘက်တတိယတန်းပြတင်းပေါက်နားမှာထိုင်နေတဲ့ကောင်လေး၊ စင်ပေါ်မှာ သူ့ကိုယ်သူ ဝမ်ရှုကျယ်လို့ မိတ်ဆက်ခဲ့တဲ့တစ်ယောက်က နန်ကွမ်းမြို့ အလယ်တန်းစာမေးပွဲမှာ တတိယဆုရှင်ပဲ။ မီတာ၁၀၀ကို ၇.၉၈စက္ကန့်အတွင်း ပြေးနိုင်တယ်”
"ပြီးတော့ လုကန်းဆိုတဲ့ ညာဘက်နောက်ဆုံးတန်းမှာထိုင်နေတဲ့ အရပ်ရှည်ရှည်နဲ့တစ်ေယာက်က မွေးရာပါ အရမ်းသန်မာပြီး ၃၀၀ ကီလိုဂရမ်လေးတဲ့ အလေးတုံးကို လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ မြှောက်နိုင်တယ်တဲ့!"
“အဲဒီနှစ်ယောက်က သေချာပေါက် အတန်းထဲမှာ အင်အားအကြီးဆုံးဖြစ်လိမ့်မယ်။ သူတို့ပြီးရင်တော့ ဇီချန်နဲ့ ငါက အင်အားအကြီးဆုံးလို့ ယူဆလို့ရနိုင်တယ်”
ဟယ့်ယွီမှ ဆက်ပြောသည်။
မူလက ထိုနှစ်ယောက်ပြီးလျှင် မိမိသည် အင်အားအကြီးဆုံးဟု ဟယ့်ယွီ ပြောချင်ခဲ့သည်။ သို့သော် လင်းဇီချန်သည် သူ၏အဖွဲ့ဝင်တစ်ဦးဖြစ်ရာ သူ့ကို ဖယ်ထုတ်လိုက်ခြင်းငှာ မသင့်တော်ပေ။ ထို့ကြောင့် လင်းဇီချန်ကိုလည်း ထည့်ပြောခဲ့သည်။
"ဘုရားရေ! တကယ်လား?!”
လီချူရှင်း အံ့ဩသွားပြီး သူမ၏မျက်နှာသည် မယုံကြည်နိုင်ကြောင်း ထင်ရှားနေသည်။
ရှန်ချင်းဟန်သည်တော့ လင်းဇီချန်သာလျှင် အတန်းထဲတွင် အင်အားအကြီးဆုံးဖြစ်သည်ဟု အခိုင်အမာယုံကြည်ထားေလရာ တည်ငြိမ်နေ၏။ သို့သော် သူမ၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါချေ။
လင်းဇီချန်သည် ပြုံးရယ်နေပြီး ဘာမှ မပြောပေ။
၇.၉၈စက္ကန့်အတွင်း မီတာ၁၀၀ပြေးခြင်း၊ အလေးချိန် ၃၀၀ ကီလိုဂရမ်ကို လက်တစ်ဖက်တည်းဖြင့် မ,ခြင်း စသည်တို့ကို လင်းဇီချန်သည် မူလတန်းကတည်းကပင် လုပ်ဆောင်နိုင်ခဲ့၏။
“ကျောင်းသားတချို့လောက် စာအုပ်တွေနဲ့ ယူနီဖောင်းတွေကို လာကူရွှေ့ပေးနိုင်မလား”
အတန်းပိုင်ဆရာ ဟန်ယွမ်ဖုန်းသည် တံခါးဝ၌ ပေါ်လာပြီး လူတိုင်း စိတ်လှုပ်ရှားစွာ စကားပြောနေကြသည့် စာသင်ခန်းထဲသို့ လှမ်းအော်ပြောသည်။
တံခါးနားတွင်ထိုင်နေသော ကျောင်းသားအနည်းငယ်သည် စာအုပ်များနှင့် ယူနီဖောင်းများကို ကူညီရွှေ့ပေးရန် ချက်ချင်းထရပ်ကြသည်။
အချိန်မကြာမြင့်လိုက်ပေ။
စာအုပ်များနှင့် ယူနီဖောင်းများအားလုံးကို သယ်ဆောင်ပြီးခဲ့သည်။
ဟန်ယွမ်ဖုန်း၏ လမ်းညွှန်မှုအောက်တွင် ရှေ့ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားအများသည် စာအုပ်များနှင့် ယူနီဖောင်းများကို အတန်းဖော်များအား လျင်မြန်စွာ စနစ်တကျ ဝေပေးကြသည်။ စာအုပ်များစွာ မရှိပါချေ။ အဓိက ဘာသာရပ်လေးခုနှင့် သက်ဆိုင်သော စာအုပ်များသာဖြစ်ရာ ကျောင်းသားတစ်ဦးလျှင် စာအုပ်လေးအုပ်သာ ဖြစ်ပေသည်။
" မသင်မနေရ သိုင်းပညာလေ့ကျင့်ခြင်းဘာသာရပ်”
“မသင်မနေရ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်”
"မသင်မနေရ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်”
"မသင်မနေရ ကန္တာရအတွင်းရှင်သန်ခြင်းဘာသာရပ်”
ခေါင်းစဉ်များသည် ရိုးရှင်းပြီး တဲ့တိုးဆန်သောကြောင့် မည်သည့်အကြောင်းအရာဖြစ်ကြောင်း ရှင်းလင်းသည်။ ယူနီဖောင်းကိုမူ ကျောင်းသားတစ်ဦးလျှင် နွေရာသီအတွက် ၃ စုံနှင့် ဆောင်းရာသီအတွက် ၂ စုံ၊ စုစုပေါင်း ၅စုံ ပေးသည်။ လင်းဇီချန်သည် အထုပ်တစ်ထုပ်ကိုဖွင့်၍ ယူနီဖောင်းကို ထိတွေ့ခံစားကြည့်လိုက်သည်။ ထိတွေ့ရသည်မှာ အလွန်ကောင်းမွန်ပြီး ကုန်တိုက်များတွင် ရာနှင့်ချီ၍ ရောင်းချသည့် အဝတ်အစားများထက် မညံ့ဖျင်းကြောင်း အံ့သြဖွယ်ကောင်းစွာ သိရှိခဲ့ရသည်။ ပင်မ အထက်တန်းကျောင်းကြီးဟူသည် ခြားနားသည်ဟု ဆိုနိုင်ပေသည်။ ရန်ပုံငွေပမာဏ များပြားပြီး ကျောင်းသားများကို ထောက်ပံ့ပေးသည့် ပစ္စည်းများသည် ဘယ်သောအခါမှ မညံ့ဖျင်းပေ။
စာအုပ်များနှင့် ယူနီဖောင်းများအားလုံး ဝေပြီးသွားခဲ့သည်။ ဟန်ယွမ်ဖုန်းသည် စင်မြင့်ပေါ်သို့တက်၍ ပရိုဂျက်တာကိုဖွင့်ကာ အတန်းအရာရှိရာထူးဇယားကို ဖွင့်ပြသည်။ ရာထူးများစွာမရှိဘဲ စုစုပေါင်း ၅ခုသာ ရှိသည်။ ၎င်းတို့မှာ အတန်းဥက္ကဋ္ဌ၊ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်၊ စာလေ့လာရေးခေါင်းဆောင်၊ အနုပညာခေါင်းေဆာင်နှင့် လှုပ်ရှားမှုခေါင်းဆောင်များဖြစ်သည်။
ဟန်ယွမ်ဖုန်းသည် စင်အောက်ရှိ ကျောင်းသားများကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
"အတန်းအရာရှိရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်ချင်သူတိုင်း အခုပဲ စင်ပေါ်တက်လာပြီး အားလုံးပဲဆုံးဖြတ်မဲပေးနိုင်ပါတယ်”
လင်းဇီချန်သည် ဤအခန်းကဏ္ဍများကို စိတ်မဝင်စားသောကြောင့် တစ်ချက်မျှသာကြည့်ကာ ထုတ်ပေးလိုက်သော ကျောင်းစာအုပ်ကိုလှန်လှောကြည့်ရန် ခေါင်းငုံ့လိုက်သည်။
ရှန်ချင်းဟန်သည်လည်း အလွန်ရှက်ကြောက်တတ်သူဖြစ်ရာ အတန်းအရာရှိတစ်ဦးဖြစ်ရန် ရည်ရွယ်ချက်မရှိပေ။ သူမသည်လည်း ကျောင်းစာအုပ်ထဲသို့ ခေါင်းမြှုပ်ထားလိုက်သည်။
ဟယ့်ယွီသည် အတန်းဥက္ကဌရာထူးကို မျက်စိကျသွားပြီး အဖွဲ့ဝင်များကို ပြော၏။
"ဟေ့ကောင်တွေ ငါ ခဏနေရင် အတန်းဥက္ကဌအတွက် ဝင်အရွေးခံမှာ၊ ငါ့ကို မဲပေးဖို့ မမေ့နဲ့"
လီချူရှင်းမှလည်း ရုတ်ချည်း အပြုံးဖြင့် ပြောလာသည်။
“ငါလည်း အနုပညာခေါင်းဆောင်ရာထူးကို ဝင်အရွေးခံမှာ ၊ ငါ့ကို သေချာပေါက် မဲပေးကြနော်”
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ခေါင်းညိတ်သဘောတူခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်
အရာရှိရာထူးရွေးချယ်ခြင်း စတင်ခဲ့သည်။
လူအများစုသည် အတန်းအရာရှိများဖြစ်ချင်ကြရာ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ရှေ့ထွက်ကြသည်။
ဟယ့်ယွီသည်လည်း ပထမဆုံးတက်သွားသည့် လူများထဲတွင် ပါဝင်ခဲ့သည်။ ဟယ့်ယွီသည် အတန်းဥက္ကဌရာထူးကို ရည်မှန်းထားခြင်းဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ရွေးချယ်မခံခဲ့ရပေ။ ၇.၉၈စက္ကန့်အတွင်း မီတာ၁၀၀ ပြေးနိုင်သူ ဝမ်ရှုကျယ်မှ အတန်းဥက္ကဌရာထူးကို ရယူခဲ့သည်။ ထို့ကြောင့် ဟယ့်ယွီသည် ပစ်မှတ်ကိုပြောင်းလဲပြီး စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထပ်မံ၍ ရွေးချယ်မခံခဲ့ရပေ။ ၃၀၀ ကီလိုဂရမ်ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ မြှောက်နိုင်သူ လုကန်း မှ စည်းကမ်းထိန်းသိမ်းရေးခေါင်းေဆာင်ရာထူးကို ရသွားခဲ့သည်။
ထုံထိုင်းသွားရသော ခံစားချက်ဖြင့် ဟယ့်ယွီသည် မိမိ၏ဘဝကို သံသယပြည့်နှက်နေသော မျက်နှာအမူအရာဖြင့် ထိုင်ခုံဆီသို့ ပြန်လာခဲ့ပြီး အချိန်အတော်ကြာမှ မကျေမနပ်ဖြင့် ပြောလာခဲ့သည်။
“-ျီးပဲကွာ အဲဒီကောက်ကျစ်စဉ်းလဲတဲ့နှစ်ကောင် မင်းတို့စောင့်နေလိုက်။ အနှေးနဲ့အမြန် ငါမင်းတို့ရဲ့အထက်ကိုကျော်တက်ပြီး မင်းတို့ကို မြေကြီးပေါ် လူးလှိမ့်ပစ်မယ်”
ဟယ့်ယွီနှင့်ကွာခြားစွာ လီချူရှင်းသည် သူမ၏စိတ်ကူးအတိုင်း အနုပညာခေါင်းေဆာင်အဖြစ် အောင်မြင်စွာရွေးချယ်ခံခဲ့ရသည်။
[သင့်ရဲ့အဖွဲ့ဝင်တွေနဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ပြီး လီချူရှင်းကို အနုပညာခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ဖို့ အောင်မြင်စွာ ကူညီပေးခဲ့ပါတယ်]
[ တာဝန်ပြီးမြောက်မှုဇယား : ၃/၁၀၀၀ ]
“ဟန်ဟန် ငါတို့ အတန်းထဲမှာ သတင်းပြန်ကြားရေးခေါင်းဆောင် မရှိဘူး။ အဲဒါကြောင့် ငါက အနုပညာခေါင်းဆောင်အနေနဲ့ ကြေညာသင်ပုန်းကို တာဝန်ယူရမယ်။ ဒါပေမဲ့ ငါက ပုံဆွဲမကျွမ်းကျင်လို့.. နင်ကိုယ့်ကိုယ်ကို မိတ်ဆက်တုန်းက ပန်းချီဆွဲရတာ သဘောကျတယ်လို့ ပြောခဲ့တာကို ငါမှတ်မိတယ်။ နင်ငါ့ကိုကူညီနိုင်မလား”
စင်ပေါ်မှဆင်းလာပြီးနောက် လီချူရှင်းသည် လင်းဇီချန် ရှန်ချင်းဟန်အေပါ် အသုံးပြုလေ့ရှိသည့် တူညီသော နှစ်လိုဖွယ်အကြည့်မျိုးဖြင့် ရှန်ချင်းဟန်အား တောင်းဆိုသည်။
သူမ၏ထိုင်ခုံဖော်၏ အကူအညီတောင်းခံမှုကို ရှန်ချင်းဟန်သည် မဆိုင်းမတွသဘောတူလိုက်သည်။
"အမ်း ငါနင့်ကိုကူညီပါ့မယ်”
ရှန်ချင်းဟန်သည် ပုံဆွဲခြင်းကို နှစ်သက်သည်ဖြစ်ရာ ကြေညာသင်ပုန်းကို တာဝန်ယူလိုစိတ်ရှိပါသည်။ လီချူရှင်းသည် ထိုစကားကိုကြားလိုက်ရသည်နှင့် ချက်ချင်းပျော်မြူးသွားကာ ရှန်ချင်းဟန်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်၏
"အချစ်ဆုံးသူငယ်ချင်းလေး အခုကစပြီး နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ!"
ရှန်ချင်းဟန်သည် ပွေ့ဖက်ခံရခြင်းကို မနေတတ်လေရာ လက်ကို ဘယ်နားထားရမည်မသိ ဖြစ်နေတော့သည်။ လီချူရှင်းသည် စိတ်အားထက်သန် တက်ကြွလွန်းသောကြောင့် ရှန်ချင်းဟန်မှာ အစပိုင်းတွင် အသားကျရန် ခက်ခဲခဲ့ရသည်။
လင်းဇီချန်သည်တော့ ထိုမြင်ကွင်းကို ကြည့်ရှုရင်း တစ်ကိုယ်တည်း ပြုံးလိုက်သည်။ ဤသည်မှာ ကောင်းမွန်သော တိုးတက်မှုတစ်ခုဟု လင်းဇီချန် တွေးပါ၏။ ရှန်ချင်းဟန်၌ အရာအားလုံးကို မျှဝေနိုင်သည့် ညီအစ်မတစ်ယောက်ရရှိရန် အချိန်သိပ်မကြာလောက်တော့ဟု လင်းဇီချန် တွေးလိုက်သည်။
စာအုပ်များနှင့် ယူနီဖောင်းများ ပေးအပ်ခဲ့ပြီး
အတန်းအရာရှိများကိုလည်း ရွေးချယ်ပြီးခဲ့လေပြီ။
အခြားဘာမျှလုပ်စရာမကျန်တော့ကြောင်း မြင်သောအခါ စင်ပေါ်မှ ဟန်ယွမ်ဖုန်းသည် ကျောင်းသားများကို အတန်းထဲမှာ အားလပ်ချိန်အဖြစ် လွတ်လပ်စွာနေနိုင်ပြီး အတန်းချိန်ပြီးလျှင် အိမ်ပြန်နိုင်ပြီဟု ပြောခဲ့သည်။
စင်အောက်တွင်ထိုင်နေသည့် ကျောင်းသားများသည် ထိုစကားကိုကြားသောအခါ အံ့သြသွားကြသည်။ မနေ့တုန်းက စာရင်းသွင်းသည့်နေ့ဖြစ်ရာ အတန်းမရှိခြင်းကို နားလည်ပါ၏။
ဒါပေမဲ့ ဒီနေ့ရောလား။ ဒီနေ့က ဘာလို့ အတန်းမရှိတာလဲ။
လီချူရှင်းသည် အကြောင်းပြရင်းကို သိသောကြောင့် သူမ၏ရှုပ်ထွေးနေသော အဖွဲ့ဝင်သုံးယောက်အား ရှင်းပြသည်။
"ဒါဟာ ကျောင်းသားတွေကို ကျောင်းနဲ့ ကိုယ့်ရဲ့အတန်းဖော်တွေကို တတ်နိုင်သမျှ မြန်မြန် ရင်းနှီးစေဖို့အတွက် ရှန့်ဟိုင်အထက်တန်းကျောင်းရဲ့ အစဉ်အလာတစ်ခုပဲ။ ပထမနှစ်ရက်မှာ အတန်းမရှိဘူး။ အားလပ်ချိန်ပေးထားတယ်”
လင်းဇီချန်သည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်ရာ မိမိကိုယ်ကို ဗဟုသုတမပြည့်စုံဟု ခံစားလိုက်ရပေသည်။