အပိုင်း ၄၆-၄၈
Vol. 4 Ch. 46-48
အခန်း ၄၆
ပါရမီရှင်တစ်ယောက်၏ ကျဆုံးခန်း
တစ်နေ့လုံး အားလပ်ချိန်ပေးထားသည်ဖြစ်ရာ ကျောင်းသားများသည် ကျောင်းဝန်းအတွင်း လှည့်ပတ်ပျော်ပါးကြသည်။ အချို့သည် ကျောင်းဝန်းအတွင်း အဖွဲ့လိုက်လှည့်ပတ်ကြည့်ကြသည်။ အချို့သည် စုဝေး၍ စကားပြောဆိုကြသည်။ အချို့သည် ခေါင်းငုံ့၍ ဖုန်းကြည့်နေကြသည်။ သင်ရိုးပါ အကြောင်းအရာများကို ကြိုတင်စာဖတ်နေသည့် ကျောင်းသားအချို့လည်းရှိသည်။ စာဖတ်နေသည့်ကျောင်းသားများထဲတွင် ရှန်ချင်းဟန်သည် တစ်ဦးအပါအဝင်ဖြစ်သည်။ သူမသည် ဖတ်စာအုပ်တစ်အုပ်ကိုဖွင့်၍ အလွန်လုံ့လဝီရိယရှိစွာ၊ စိတ်အားထက်သန်စွာ ဖတ်ရှုနေခဲ့သည်။
လင်းဇီချန်လည်း ဖတ်စာအုပ်များကို အကြမ်းဖျင်းဖွင့်ဖတ်ကြည့်ခဲ့သည်။ သင်ရိုးပါ အကြောင်းအရာအများစုသည် သူငယ်စဉ်က တစ်ဦးတည်းလေ့လာသင်ယူခဲ့ပြီးသည့် အကြောင်းအရာများဖြစ်ကြောင်း သိလိုက်ရပြီးနောက် ဆက်မဖတ်တော့ပေ။ ဖုန်းကိုထုတ်၍ အွန်လိုင်းပေါ်မှ သတင်းများကို ကြည့်နေလိုက်သည်။
“မျှော်လင့်ချက်များနှင့်ကိုက်ညီစွာ ကြီးပြင်းလာခဲ့! တစ်ချိန်က တစ်တိုင်းပြည်လုံးကို တုန်လှုပ်စေခဲ့တဲ့ မြို့ကြီး၏ပါရမီရှင်ကလေးဟာ လက်ရှိမှာ ကျိုတိုတက္ကသိုလ်၊ ဆင့်ကဲတိုးတက်ရေးကောလိပ်မှာ တက်ရောက်ဖို့ အကြံပြုထောက်ခံချက် ရရှိထားပြီး တက္ကသိုလ်တက်ရောက်နေစဉ်အချိန်အတွင်းမှာ အဆင့်မြင့်အဆင့်သတ္တဝါအဖြစ် ဆင့်ကဲတိုးတက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်”
“ကြေကွဲဝမ်းနည်းဖွယ်ပါပဲ! ပါရမီရှင် စက်ဖြင့်မွမ်းမံလူသားမိန်းကလေးဟာ သူမရဲ့ ခန္ဓာကိုယ် အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အချိန်မှာ စက်ပိုင်းဆိုင်ရာ တိုးတက်မွမ်းမံမှုတွေ ပြုလုပ်ခဲ့တာကြောင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ချွတ်ယွင်းခြင်းကဲ့သို့သော ဇီဝဆိုင်ရာပြဿနာများစွာကို ခံစားနေရပါတယ်။ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို မသန်စွမ်းသူတစ်ဦးအဖြစ် ကုန်ဆုံးသွားရနိုင်ခြေ မြင့်မားပါတယ်”
“သတင်းကောင်းပါ! ဟွာ့ဝေးလုပ်ငန်းစုဟာ ရှားပါးသော အခြေခံအဆင့်၅ ဝိဉာဉ်သစ်ပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာဝိဉာဉ်သစ်ပင်ဈေးကွက်အနေနဲ့ ကြီးမားတဲ့အပြောင်းအလဲတွေကို ကြိုဆိုရတော့မှာပါ”
လင်းဇီချန် ထိုသတင်းသုံးခုကိုကြည့်လိုက်ပြီးနောက် ဒုတိယသတင်းဖြစ်သည့် စက်ဖြင့်ပြုပြင်မွမ်းမံမိန်းကလေးထံသို့ အာရုံကျရောက်သွားသည်။ အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် ခံစားချက်များ ရောထွေးသွားရ၏
။
မိဘများသည် အလွန်အံ့ချီးဖွယ်ကောင်းသူများဖြစ်ကြပါ၏။ သို့သော် ကလေးရှိသူတိုင်းသည် မိဘဖြစ်ရန် ထိုက်တန်ကြသူများ မဟုတ်ကြပေ။ ဤစက်ဖြင့်မွမ်းမံမိန်းကလေး၏ မိဘများသည် သမီးဖြစ်သူ၏အရည်အချင်းများကို ပိုက်ဆံရှာရန် ဈေးကွက်အဖြစ် အသုံးချခဲ့သည်။ သမီးဖြစ်သူ၏ လုံခြုံရေးကို လုံးဝလျစ်လျူရှု၍ အမျိုးမျိုးသော စက်ဖြင့်မွမ်းမံမှုများကို စမ်းသပ်ခံစေခဲ့သည်။ ထိုမိဘများသည် မိဘဖြစ်ရန် အတော်လေး မထိုက်တန်ပါချေ။ လူသားအဖြစ် သတ်မှတ်ရန်ပင် မထိုက်တန်ချေ။
လင်းဇီချန် ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းအရာကို အချိန်ကြာကြာတွေးတောမနေဘဲ ဖုန်းဖန်သားပြင်ကို အောက်သို့ ဆက်ဆွဲလိုက်သည်။ သတင်းဆောင်းပါး၂၀ကျော်ခန့် ဖတ်ပြီးနောက်တွင် သတင်းအတော်များများ၌ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုအကြောင်း ပါဝင်နေကြောင်း သတိထားမိလိုက်သည်။ ရေတွက်ကြည့်လိုက်ရာ သတင်းတစ်ဝက်လောက်မှာ ၎င်းနှင့်ပတ်သက်သောသတင်းများ ဖြစ်နေပေသည်။ လင်းဇီချန် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုအကြောင်း သတင်းတွေ များလာရတာလဲ။ တစ်ခုခုဖြစ်ထားလို့လား။ ထိုအတွေးဖြင့် လင်းဇီချန်သည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများအားလုံးကို ဝင်ဖတ်ကြည့်ခဲ့သည်။ ထို့နောက် လတ်တလော၌ မြို့လုံခြုံရေးဌာနချုပ်သည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူအချို့ကို ဖမ်းဆီးရမိခဲ့ပြီး လျှို့ဝှက်ချက်တစ်ခုကို ကောက်ချက်ချဖော်ထုတ်ထားခဲ့ကြောင်းကို သိလိုက်ရသည်။ ၎င်းနှင့်ပတ်သက်သည့်သတင်းများအားလုံးကို ယနေ့တွင် အစီရင်ခံတင်ပြထား၏။
နောက်လိုက်ကိုးကွယ်ယုံကြည်သူတွေကိုပဲ ဖမ်းမိခဲ့တာလား။ ကိုးကွယ်ယုံကြည်သူတွေ နတ်ဘုရားလို ရိုသေလေးမြတ်ထားတဲ့ ကြွက်ဘုရင်ကိုရော… ဖမ်းမိပြီလား။
လင်းဇီချန်၏စိတ်အစဉ်၌ အတွေးများပြည့်နှက်သွားလျက် သတင်းများကို အောက်သို့ ဆက်လက်ဆွဲယူကြည့်ရှုသည်။ ဝဘ်ဆိုက်မှ အကြံပြုသတင်းများအားလုံးကို ဖတ်ပြီးနောက်၌ အခြားဆက်နွယ်မှုရှိသော သတင်းများကို ရှာဖွေခဲ့သည်။ သို့သော် ရှာဖွေရခဲ့သည့်သတင်းများသည် လင်းဇီချန်ကို စိတ်ပျက်စေခဲ့သည်။ ပြည်သူ့လုံခြုံရေးဌာနချုပ်၏ လက်တလော လျှို့ဝှက်ချက်ဖော်ထုတ်မှုသည် ဟောင်သံသက်သက်သာဖြစ်ပြီး ကိုက်ဖြတ်မှု မပါဝင်ချေ။ နောက်လိုက်ကိုးကွယ်ယုံကြည်သူများကိုသာ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဧရာမသန္ဓေပြောင်းကြွက်တစ်ကောင်မျှပင် မဖမ်းမိခဲ့ချေ။
သတင်းများကို အချိန်ခဏကြာ ထပ်ကြည့်ပြီးနောက်တွင် အနည်းငယ်ပျင်းဖို့ကောင်းသည်ဟု လင်းဇီချန် ခံစားလာရသည်။ ထို့ကြောင့် ဖုန်းကိုချ၍ တိတ်တဆိတ်ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ အခန်းထဲတွင် အချိန်ဖြုန်းနေမည့်အစား မျက်ကွယ်ရာထောင့်တစ်နေရာကို ရှာဖွေ၍ ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းတစ်ခွင်ကို လျှောက်ပတ်ကြည့်ပြီး နောက်ဆုံး၌ လူသူကင်းမဲ့သော တောအုပ်လေးတစ်ခုသို့ ရောက်ရှိခဲ့သည်။ ဤတောအုပ်လေး၌ လူသူကင်းမဲ့သည့်အပြင် စောင့်ကြည့်ကင်မရာလည်း မရှိပေ။ လေ့ကျင့်ရန် လျှို့ဝှက်နေရာအဖြစ် အသုံးပြုရန် ပြီးပြည့်စုံပေသည်။ ထို့ကြောင့် လင်းဇီချန်သည် ပေါ့ပေါ့ပါးပါးပင် ပေါင်ရာချီအလေးချိန်ရှိသည့် ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ပြီး ပြင်းထန်မှုအဆင့်မြင့်မားသော ခန္ဓာကိုယ်လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်သည်။
(အလေးချိန်ဖြင့် push-upsလေ့ကျင့်ခန်းကို လုပ်ဆောင်နေပါသည်။ ချီသွေး +၂၊ လက်မောင်းကြွက်သား သန်မာမှု +၂၊ ရင်အုပ်ကြွက်သား သန်မာမှု +၂၊ ကျွမ်းကျင်မှု +၁)
(အလေးချိန်ဖြင့် အိပ်ထမတင် လေ့ကျင့်ခန်းကို လုပ်ဆောင်နေပါသည်။ ချီသွေး +၂၊ ဝမ်းဗိုက်ကြွက်သား သန်မာမှု +၂၊ ကျွမ်းကျင်မှု +၁)
(အလေးချိန်ဖြင့် squatsလေ့ကျင့်ခန်းကို လုပ်ဆောင်နေပါသည်။ ချီသွေး +၂၊ ခြေထောက်ကြွက်သား သန်မာမှု +၂၊ ကျွမ်းကျင်မှု +၁…)
အချိန်မည်မျှကြာမြင့်သွားခဲ့ပြီ မသိပေ။ နောက်ဆုံးတွင်တော့ နဖူးမှ ခြေဖျားအထိ ချွေးများစိုရွှဲလျက် လင်းဇီချန် လေ့ကျင့်ခန်းပြီးဆုံးသွားခဲ့သည်။ အတော်လေးပင်ပန်းရပေမဲ့ ဆန္ဒပြည့်မြောက်ခဲ့၏။ ပိုပြီးသန်မာလာတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သိသိသာသာခံစားရတယ်။
“အရွယ်ရောက်ပြီးတဲ့ ဧရာမသန္ဓေပြောင်းကြွက်တွေက များသောအားဖြင့် အခြေခံအဆင့်၅ရှိကြတယ်။ ငါနောက်တစ်ဆင့်ပဲထပ်ပြီး ဆင့်ကဲတိုးတက်နိုင်ရင် ငါသူတို့ထက် သာလွန်နိုင်ပြီ…”
ထိုအတွေးဖြင့် လင်းဇီချန် နောက်တစ်ကြိမ် လေ့ကျင့်ခန်းပြန်စလုပ်သည်။ မကြာသေးမီကမှ ဖယ်လိုက်သည့်ကျောက်တုံးကို ကျောပေါ်သို့တင်၍ ဒိုက်ထိုးလေ့ကျင့်ခန်းကို ရူးသွပ်ထက်သန်စွာ ဆက်လက်လုပ်ဆောင်သည်။
(အလေးချိန်ဖြင့် ဒိုက်ထိုးလေ့ကျင့်ခန်းကို အကြိမ်၃၀၀ လုပ်ဆောင်ခဲ့ပါတယ်။ ချီသွေး +၆၀၀၊ လက်မောင်းကြွက်သား သန်မာမှု +၆၀၀၊ ရင်အုပ်ကြွက်သားသန်မာမှု +၆၀၀၊ ကျွမ်းကျင်မှု +၃၀၀)
အလေးချိန်ဖြင့် ဒိုက်ထိုးလေ့ကျင့်ခန်းကို အမြန်လုပ်ဆောင်ပြီးနောက် လင်းဇီချန်သည် အချိန်ကျပြီဟုခံစားရသောကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်တန့်လိုက်ပြီး မျက်နှာမှ ချွေးများကိုသုတ်၍ အချိန်ကြည့်ရန် ဖုန်းထုတ်လိုက်သည်။ ဖုန်း၏ညာဘက်ထိပ်ထောင့်ဖျား၌ နေ့လယ်၁၇:၂၀နာရီဟု ပြသနေသည်။ ကျောင်းဆင်းချိန် နီးကပ်နေလေပြီ။ ထို့နောက် ဖုန်းဖန်သားပြင်ထိပ်၌ ရှန်ချင်းဟန်ထံမှ WeChat မက်ဆေ့ချ်ပို့ထားကြောင်း notiကို မြင်လိုက်ရသည်။ လင်းဇီချန် notiကိုဖွင့်ကြည့်လိုက်ရာ စာသုံးစောင် တွေ့လိုက်ရသည်။
နေ့လယ် ၁၅:၁၂နာရီ
(ဟန်ဟန် : ရှောင်ချန် နင်ဘယ်သွားနေတာလဲ။ သွားတာ အကြာကြီးရှိနေပြီ ဘာလို့ခုထိ ပြန်မလာသေးတာလဲ။)
နေ့လယ် ၁၆:22နာရီ
(ဟန်ဟန် : နင်ဘယ်မှာလဲ (စိတ်ရှုပ်ထွေးနေသော အီမိုဂျီ))
နေ့လယ် ၁၇:၁၁နာရီ
(ဟန်ဟန် : ရှောင်ချန် ကျောင်းဆင်းချိန်ရောက်ဖို့ ၁၉မိနစ်ပဲ လိုတော့တယ်။ ငါနင့်ကို အခန်းထဲမှာစောင့်နေမယ် တစ်ယောက်တည်း အိမ်ပြန်မသွားနဲ့နော်။ ဒီစာကိုတွေ့ရင် ငါ့ကိုလာရှာဖို့ မမေ့နဲ့)
နေ့လယ် ၁၇:၂၂နာရီ
(ဇီချန် : ငါ လေ့ကျင့်ခန်းလုပ်နေလို့ ဖုန်းကို မကြည့်လိုက်မိတာ။ ငါအခု ပြန်လာနေပြီ)
ထိုသို့ စာပို့လိုက်ပြီးနောက် လင်းဇီချန် ဖုန်းကိုသိမ်း၍ အခန်းသို့ပြန်သွားသည်။ အခန်းတံခါးကို ဖြတ်လျှောက်လိုက်သည်နှင့်တစ်ပြိုင်နက် လီချူရှင်းသည် ချွေးများစိုရွှဲနေသည့် လင်းဇီချန်ကိုကြည့်၍ သိချင်စိတ်ကို မထိန်းချုပ်နိုင်စွာဖြင့် မေးလာခဲ့သည်။
“နင်ဘယ်ကိုသွားခဲ့တာလဲ။ ဘာလို့ တစ်ကိုယ်လုံး ချွေးတွေရွှဲစိုနေတာလဲ”
ဟယ့်ယွီလည်း ရှုပ်ထွေးသွား၏။
“အင်းလေ မင်းတစ်ချိန်လုံး ဘယ်ရောက်နေခဲ့တာလဲ။ ဘက်စကက်ဘော သွားကစားလာတာလား၊ ဘောလုံးသွားကန်လာတာလား”
ရှန်ချင်းဟန်သည်တော့ ဘာမှ မပြောပေ။ တစ်ရှူးအနည်းငယ် ဆွဲထုတ်၍ လင်းဇီချန်အား မျက်နှာရှိချွေးများကိုသုတ်ရန် ကမ်းပေးး၏။ သူမသည် လင်းဇီချန်ကို ကိုယ်တိုင်ချွေးသုတ်ပေးချင်ပါ၏။ သို့သော် အခန်းထဲ၌ စောင့်ကြည့်နေသည့်မျက်လုံးများစွာ ရှိသည်ဖြစ်ရာ ရှန်ချင်းဟန်သည် ရှက်ရွံ့သောကြောင့ မလုပ်ဝံ့တော့ပေ။
လင်းဇီချန် ရှန်ချင်းဟန်ပေးသည့် တစ်ရှူးများကို ယူလိုက်ပြီး မျက်နှာမှ ချွေးများကိုသုတ်၍ အမှန်အတိုင်းပြောလိုက်သည်။
“ငါဘယ်မှ မသွားပါဘူး။ ဒီတိုင်း အခန်းထဲမှာ ထိုင်နေရတာ ပျင်းလာတာနဲ့ အပြင်ဘက်မှာ လူရှင်းတဲ့နေရာပြီး လေ့ကျင့်ခန်းနည်းနည်း လုပ်နေတာ”
လီချူရှင်းသည် လင်းဇီချန်အား လေးစားသောအကြည့်များဖြင့် ကြည့်လာ၏။
“နင်က အရမ်းတော်ရုံတင် မကဘူး အရမ်းလည်း ကြိုးစားတာပဲ။ အလယ်တန်းကျောင်းစာမေးပွဲမှာ နင် ငါတို့ဒေသရဲ့ ထိပ်တန်းကျောင်းသားဖြစ်တာ မထူးဆန်းတော့ပါဘူး”
ဟယ့်ယွီမှ စနောက်သည်။
“ဝိုး လေ့ကျင့်ခန်းလုပ်ဖို့ တိတ်တိတ်လေး ခိုးထွက်သွားတယ်ပေါ့လေ။ မင်းကလည်း အဲ့လောက်ကြီး ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ဖို့ လိုအပ်လို့လားကွာ”
ဟယ့်ယွီသည် အတော်လေး အသံကျယ်ကျယ်ပြောလိုက်ခြင်းဖြစ်ရာ အနီးရှိကျောင်းသားများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“တိုးတိုးပြောစမ်းပါ ဟယ့်ယွီ”
လီချူရှင်းသည် ဟယ့်ယွီအား မကျေမနပ်ကြည့်လိုက်၏။ ဤနန်ကွမ်းမြို့သားကောင်လေးသည် ကျယ်လောင်လွန်းသည်မှာ ကြက်ဖတွန်သံထက်ပင် ဆူညံသည်ဟု ခံစားလိုက်ရပြီး စိတ်မသာမယာဖြစ်သွားရသည်။
ဟယ့်ယွီသည် မိမိ၏ မဆင်မခြင်အပြုအမူကို ချက်ချင်းနားလည်လိုက်ပြီး ပြေရာပြေကြောင်း အမြန်ရယ်မောလိုက်သည်။
“ဆောရီး ဆောရီး”
ထိုအချိန်၌ ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာခဲ့သည်။ ကျောင်းသားများ အိမ်ပြန်နိုင်ပြီဖြစ်သည်။
လီချူရှင်းသည် သူမ၏ကျောပိုးအိတ်ထဲမှ အိတ်သုံးအိတ်ကိုထုတ်ယူ၍ သူမ၏အဖွဲ့ဝင်များကို တစ်ယောက်တစ်ထုပ် ဝေပေးသည်။
“ရော့ နင်တို့ရဲ့ယူနီဖောင်းတွေထည့်ဖို့ တစ်ယောက်တစ်အိတ်”
“ကျေးဇူးပါပဲ”
“ကျေးဇူးပဲ ချူရှင်း”
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အိတ်များကိုလက်ခံယူပြီးနောက် အပြုံးဖြင့် ကျေးဇူးတင်စကားဆိုခဲ့သည်။
ဟယ့်ယွီသည်တော့ ပုံမှန်အတိုင်းပင် ကျေးဇူးတင်စကားကို ဆူညံမြူးထူးလျက် ပြောပေသည်။
“ဝိုး နင်က ကျောပိုးအိတ်ထဲ အိတ်တွေထည့်လာပြီးတော့တောင် ကြိုတင်ပြင်ဆင်လာခဲ့တာပဲ။ ထက်မြက်လိုက်တဲ့ အကွက်ကွာ”
ထပ်မံ၍ ကျယ်လောင်နေပြန်သော ဟယ့်ယွီအား လီချူရှင်းသည် စိတ်အနှောင့်အယှက်ဖြစ်နေသောအကြည့်ဖြင့် ကြည့်လေသည်။ ထိုအချိန်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်တော့ တစ်ယောက်သည် အိမ်ပြန်ညစာစားရန် စိတ်အားထက်သန်စွာဖြင့်၊ တစ်ယောက်သည် အိမ်ပြန်စာဖတ်ရန် စိတ်အားထက်သန်စွာဖြင့် ပစ္စည်းများကို အသံမထွက်ဘဲ သိမ်းဆည်းနေကြပေသည်။
အခန်း ၄၇
ကမ္ဘာသို့ဖြတ်လျှောက်သော ကြွက်
“ရှောင်ချန် ငါပစ္စည်းတွေသိမ်းပြီးပြီ။ သွားရအောင်”
“သယ်ရမယ့်အိတ် ငါ့ကိုပေး”
“ကောင်းပြီ”
ရှန်ချင်းဟန်သည် ရှက်ရွံ့မူပိုမနေဘဲ ကျောင်းယူနီဖောင်းထည့်ထားသည့်အိတ်ကို လင်းဇီချန်အား ကမ်းပေးလိုက်သည်။ လင်းဇီချန်သည် ရှန်ချင်းဟန်ပေးသည့်အိတ်ကိုယူ၍ အခန်းထဲမှ ထွက်သွားသည်။ သူတို့နှစ်ဦးထွက်သွားသည်ကိုကြည့်၍ အတန်းထဲရှိမိန်းကလေးများ အထူးသဖြင့် လင်းဇီချန်နှင့် တစ်တန်းတည်း ကျောင်းတက်နိုင်ရန်အတွက် ရှန့်ဟိုင်ကျောင်းသို့ ရွှေ့ပြောင်းလာခဲ့ကြသည့် ကျောင်းသူလေးများသည် စိတ်ကူးယဉ်မိန်းမောလျက် ပြောကြသည်။
“လင်းဇီချန်က အရမ်း လူကြီးလူကောင်းပီသတာပဲ။ မိန်းကလေးရဲ့အိတ်ကို ဘယ်လိုသယ်ပေးရမယ်ဆိုတာတောင် သိတယ်။ ငါသူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်ချင်လိုက်တာ”
“လူကြီးလူကောင်းဆန်တယ်တဲ့လား။ ငါ့ကိုလာမေးရန်တော့ တမင်ဟန်များနေတယ်လို့ပဲ ထင်တယ်။ ဒီနေ့က အားလပ်ချိန်ပေးထားတာမလို့ အားလုံးက စကားပြောနေကြတာ မဟုတ်ရင် ကျောင်းဝန်းထဲ လျှောက်သွားကြည့်နေကြတာကို သူတစ်ယောက်ပဲ လေ့ကျင့်ခန်းသွားလုပ်နေတာလေ။ အရမ်း ဟန်များနေတာပဲ”
မိန်းကလေး၏ဘေးရှိ ပိန်ပါးပါးအရပ်ရှည်ရှည်နှင့် ကျောင်းသားတစ်ယောက်မှ မနှစ်မြို့ဟန်ဖြင့်ပြောသည်။
ထိုကျောင်းသားသည် ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်း၏ အမှတ်အမြင့်ဆုံးကျောင်းသားဖြစ်သည်။ စာပေပညာရပ်တွင် အတော်လေး အမှတ်ကောင်းမွန်ပြီး အနည်းငယ် ချောမောသော ရုပ်ရည်သွင်ပြင်ရှိ၏။ ဂျူနီယာအထက်တန်းကျောင်းသုံးနှစ်လုံး၌ သူသည် ကျောင်းဂုဏ်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး သူ့အား လေးစားအားကျသော သက်တူရွယ်တူများ ခြံရံလျက် အချစ်စာလွှာများ လက်အပြည့် လက်ခံရရှိခဲ့သူဖြစ်သည်။ သူ၏ဘေးနေရာရှိ မိန်းကလေးတစ်ဦးတည်းသာလျှင် ဂျူနီယာအလယ်တန်းတစ်လျှောက် သူ၏တစ်ဦးတည်းသောပြိုင်ဘက် ဖြစ်ခဲ့သည်။ ထိုသို့ယှဉ်ပြိုင်နေစဉ်အတွင်း သူမအပေါ် ခံစားချက်များလည်း ရှိလာခဲ့သည်။
အလယ်တန်းစာမေးပွဲပြီးနောက် သူသဘောကျရသော မိန်းကလေးသည် ရှန့်ဟိုင်အထက်တန်းကျောင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိလိုက်ရသောအခါ ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်း၏ အထက်တန်းကျောင်းအုပ်ကြီး၏ စွဲမြဲသောအားစိုက်ထုတ်မှုများကို လျစ်လျူရှုခဲ့ပြီး ရှန့်ဟိုင်အထက်တန်းကျောင်းကို ရွေးချယ်ခဲ့သည်။ သူ သဘောကျနေသော ထိုမိန်းကလေးသည် လင်းဇီချန်အား နှစ်သက်နေသည်ကို မြင်ရခြင်းသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
အရင်ရောက်နေခဲ့တဲ့သူက ငါပဲကို ဘာလို့ အဲဒီကောင်က ငါမပိုင်ဆိုင်နိုင်တဲ့အရာကို ပိုင်ဆိုင်နိုင်နေရတာလဲ။ ဘာလို့ ဒီလိုတွေဖြစ်သွားရတာလဲ။
“ဟေး ငါတို့အကုန်လုံးက အတန်းဖော်တွေပဲ။ အချင်းချင်း နောက်ကွယ်မှာ မကောင်းမပြောကြရအောင်။ မင်းမှာ တကယ်ပဲ သူနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်ဆိုရင် သိုင်းပညာအတန်းမှာ သူ့ကို စိန်ခေါ်လိုက်”
ပိန်ပါးပါးအရပ်ရှည်ရှည်ကောင်လေး၏ စကားကိုကြားသောအခါ ကီလို၃၀၀ကို လက်တစ်ဖက်ဖြင့် မ,နိုင်သည့် လုကန်းမှ ပြောသည်။
ပိန်ပါးပါးအရပ်ရှည်ရှည်ကောင်လေးသည် လုကန်း၏စကားကိုကြားသော် ရန်စောင်၍ပြန်ပြောရန်ပြင်၏။ သို့သော် တစ်ဖက်သို့လှည့်ကြည့်လိုက်ချိန်တွင် အရပ်နှစ်မီတာခန့်မြင့်သော ကြီးမားသည့်လူကြီးကို မြင်တွေ့လိုက်ရလေသည်။ ထိုအခါ အသံတစ်စပင် မထွက်ဝံ့တော့ဘဲ နေရာမှ လစ်ထွက်သွားတော့သည်။
ထိုဖြစ်စဉ်ကိုမြင်လိုက်သော ပိန်ပါးပါးအရပ်ရှည်ရှည်ကောင်လေး၏ ဘေးနေရာရှိ မိန်းကလေးသည် သူ့အား မဆိုင်းမတွ ကန်လိုက်ပြီး ပြောဆိုလာ၏။
“ဟုတ်တယ်။ နင့်မှာ လင်းဇီချန်နဲ့ပတ်သက်ပြီး ပြဿနာရှိရင် သူနဲ့ပြိုင်လိုက်လေ။ ကျောင်း၈ကျောင်းပြိုင်ပွဲတုန်းကလို အဆုံးသတ်မသွားဖို့တော့ သတိထားပေါ့။ ပြိုင်ပွဲစင်ပေါ် တက်တက်ချင်းပဲ ခြေကန်ချက်တစ်ချက်နဲ့ ကန်ချခံလိုက်ရပြီး မြေကြီးပေါ် မျက်နှာအပ်ကျသွားတာလေ”
“နင်…”
ပိန်ပါးပါးအရပ်ရှည်ရှည်ကောင်လေးသည် ဒေါသထွက်လွန်းသောကြောင့် စကားမပြောနိုင်တော့ပေ။ သူ၏ဘေးရှိ ဤမိန်းကလေးမှာ စက်ဆုပ်ဖွယ်ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
လုကန်းမှ ထိုမိန်းကလေးကို မေးသည်။
“အဲဒီလင်းဇီချန်က အဲဒီလောက်တောင် တော်တာလား”
အကြောင်းအရာသည် လင်းဇီချန်သို့ ပြောင်းသွားသောအခါ မိန်းကလေး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပြီး သူမ၏အိုင်ဒေါ၏ အားသာချက်များကို စိတ်အားထက်သန်စွာဖြင့် လုကန်းအား ပြောပြတော့သည်။
“အရမ်းတော်တာ။ လုံးဝအံ့ဩဖို့ကောင်းလောက်အောင်ပဲ။ သူ့ကို လုံးဝ အနိုင်ယူလို့ မရနိုင်ဘူး”
“လင်းဇီချန်က ငါ့ဘဝမှာမြင်ဖူးတဲ့ ငယ်ငယ်ကတည်းက မယုံကြည်စရာကောင်းလောက်အောင် Aချည်းပဲ တစ်သမတ်တည်းရလာခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားပဲ”
“နင် မယုံကြည်နိုင်လောက်ပေမဲ့ လင်းဇီချန် ဂျူနီယာအထက်တန်းကျောင်း စတက်တော့ ဒေသတစ်ခုလုံးရဲ့ အလယ်တန်းကျောင်းသားအားလုံးကို အနိုင်ယူပစ်ခဲ့တာလေ”
“ငါပြောတဲ့အားလုံးဆိုတာ ဂျူနီယာအထက်တန်း ဒုတိယနှစ်နဲ့ တတိယနှစ်တွေလည်းပါတယ်”
“ပြီးတော့ ရိုးရိုးရှင်းရှင်း တစ်ယောက်ချင်းတိုက်ခိုက်တာမျိုးလည်း မဟုတ်ဘူး”
မိန်းကလေးသည် ပြောလေလေ ပို၍စိတ်ကူးယဉ်ဆန်စွာ ချဲ့ကားလာခဲ့သည်။ လင်းဇီချန်သည် သူမအတွက် အရေးပါသောလူတစ်ဦးအလား သူမ၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး အလွန်အမင်း ရင်ဖိုပျော်မြူးနေဟန်လည်း ရှိသည်။ အချိန်ခဏကြာပြီးနောက် သူမ၏ လင်းဇီချန်အကြောင်း အကျဉ်းချုပ်ကို နားထောင်ပြီးသော် လုကန်းမှ အပြုံးဖြင့် ပြောသည်။
“စိတ်ဝင်စားစရာပဲ။ ငါတစ်နေ့နေ့တော့ သူနဲ့ယှဉ်ပြိုင်ဖို့ အခွင့်အရေးရှာရမယ်”
“အဲဒီ့အတွေးကို မေ့လိုက်တော့ လုကန်း”
ထိုစဉ် ခန္ဓာကိုယ်ဖွံ့ထွားသော ကျောင်သားတစ်ယောက်မှ လုကန်းသို့ လျှောက်လာပြီး ပြောသည်။
ထိုကျောင်းသားသည် နန်ကွမ်းမြို့၏ အလယ်တန်းစာမေးပွဲတွင် တတိယအဆင့်ရရှိသူဖြစ်သည်။ ဝမ်ရှုကျယ်ဟု အမည်ရသော ပါရမီရှင်ကျောင်းသားသည် မီတာတစ်ရာကို ၇.၉၈စက္ကန့်အတွင်း ပြေးနိုင်ပေသည်။ ဝမ်ရှုကျယ်သည် လုကန်းအနားသို့ လျှောက်လာပြီးနောက် ရပ်တန့်လိုက်သည်။ သူ၏မျက်နှာသည် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။
“အဲဒီတစ်ယောက်က ဘယ်လောက်ပဲ အထင်ကြီးစရာကောင်းစေဦးတော့ အဆုံးမှာတော့ သူက ရှန့်ဟိုင်မြို့ရဲ့ ဒေသတွေထဲက ဒေသတစ်ခုရဲ့ထိပ်တန်းကျောင်းသားပဲ။ ပြောရရင် အဲဒီကောင်က တောတောင်တွေထဲမှာ ကျားမရှိတာကြောင့် သူ့ကိုယ်သူ ဘုရင်လို့ခေါ်နေတဲ့ မျောက်တစ်ကောင်ပဲ”
“ပြီးတော့ မင်း.. မင်းက နန်ကွမ်းတစ်မြို့လုံးအဆင့်၅အတွင်း ဝင်ရောက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အဲဒီလိုပြိုင်ဘက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ဖို့အခွင့်အရေးရှာပြီးတော့ မင်းရဲ့အဆင့်အတန်းကို နှိမ့်ချလိုက်ဖို့ မလိုအပ်ဘူးလေ”
“မင်းပြိုင်ချင်တယ်ဆိုရင် ငါ့ဆီလာခဲ့လိုက်”
ဝမ်ရှုကျယ်ဟုအမည်ရသည့် ကျောင်းသားသည် ရှန့်ဟိုင်မြို့၏ကျောင်းသားများကို အလွန်အထင်မြင်သေးနေလေရာ အတန်းထဲရှိ ဒေသခံကျောင်းသားများကို စိတ်မသက်မသာ ခံစားရစေသည်။
လုကန်း လက်ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့။ မင်းနဲ့ပြိုင်တာလည်း ဘာမှ အဓိပ္ပာယ်မရှိဘူး။ မင်းက မြန်တော့ ငါမင်းကို မထိနိုင်ဘူး။ မင်းက အားနည်းတော့ မင်းလည်းငါ့ကို မထိခိုက်နိုင်ဘူး။ ငါတို့ ပြိုင်ပွဲစင်ပေါ်မှာ အချိန်အကြာကြီးတိုက်ခိုက်လည်း အနိုင်ရသူကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ရှုကျယ် ပြုံးလိုက်ပြီး ပြောသည်။
“ဒါဆိုရင် ဒီလိုဆိုရင်ရော– ငါ မကြာခင် ဒုတိယနှစ်ကျောင်းသားတွေကို စိန်ခေါ်ဖို့ စီစဉ်နေတာ။ ငါတို့အတူတူ စိန်ခေါ်ကြမလား”
“ငါတော့ အဆင်ပြေတယ်”
လုကန်း နှစ်ကြိမ်မစဥ်းစားဘဲ သဘောတူလိုက်သည်။
ထိုသို့ စကားအပြန်အလှန်ပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် အတန်းထဲမှ ထွက်သွားကြသည်။ သူတို့နှစ်ဦးကို ကျောင်းမှ သူတို့အား အခွင့်အလမ်းများ ကမ်းလှမ်း၍ ခေါ်ယူထားခြင်းဖြစ်ပြီး ကျောင်းမှ ထောက်ပံ့ပေးသော အဆောင်တွင် နေကြရသူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးတည်းဖြင့် အိပ်ခန်းသုံးခန်းပါဝင်သော ဇိမ်ခံတိုက်ခန်းအတွင်း နေထိုင်ကြရခြင်းဖြစ်သည်။
သူတို့နှစ်ဦးထွက်ခွာသွားပြီးနောက်၌ ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်းမှ ပြောင်းရွှေ့လာကြသော ကျောင်းသား၊ကျောင်းသူများအားလုံးမှာ တွေဝေမိန်းမောနေမိကြ၏။
နန်ကွမ်းတစ်မြို့လုံးအဆင့်၅အတွင်း ဝင်တဲ့ ပါရမီရှင်ကျောင်းသားတဲ့လား။ ဘာတွေဖြစ်နေတာလဲ။ ငါတို့ကျောင်းက ဘယ်လိုလုပ်ပြီး နန်ကွမ်းမြို့ရဲ့ကျောင်းပညာရေးချန်ပီယံတွေကို ရလာခဲ့တာလဲ။
နန်ကွမ်းမြို့၏ ပညာရေးအဆင့်သည် ရှန့်ဟိုင်မြို့ထက် ပိုမိုမြင့်မား၏။ နန်ကွမ်းမြို့မှ နှစ်အနည်းငယ်ကြာမြင့်ပြီးတိုင်းတွင် ခရိုင်အဆင့်ထိပ်တန်းကျောင်းသားများ မွေးထုတ်ပေးတတ်ပေသည်။ ရှန့်ဟိုင်မြို့သည်တော့ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ခရိုင်အဆင့်ထိပ်တန်းကျောင်းသားတစ်ဦးသာလျှင် မွေးထုတ်နိုင်ခဲ့သည်။ ၎င်းမှာလည်း နှစ်ပေါင်း၂၀ကျော် ကြာမြင့်သွားခဲ့ပြီးဖြစ်ရာ နန်ကွမ်းမြို့နှင့် မယှဉ်နိုင်ပေ။
အဲဒါကို နန်ကွမ်းမြို့ရဲ့ ပါရမီရှင်ကျောင်းသားနှစ်ယောက်က ရှန့်ဟိုင်မြို့ရဲ့ကျောင်းကိုတက်ဖို့ ရောက်လာတယ်တဲ့လား။ ရှန့်ဟိုင်နံပါတ်တစ်အလယ်တန်းကျောင်းမှ ကျောင်းသားများသည် ထိုအတွေးဖြင့် ဇဝေဇဝါဖြစ်နေကြသည်။
ကျောင်းလမ်းတစ်လျှောက်၌ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အေးအေးလူလူ လမ်းလျှောက်နေကြသည်။ အတန်းထဲမှ ထွက်လာသည်နှင့် ရှန်ချင်းဟန်သည် တက်ကြွလာကာ လင်းဇီချန်နှင့် လမ်းတစ်လျှောက်လုံး စကားပြောနေခဲ့သည်။ စကားပြောနေရင်းဖြင့် သူမသည် တစ်ခုခုကို သတိရသွားသဖြင့် လင်းဇီချန်သို့ ပြောလာသည်။
“အိုး ဒါနဲ့ အမေရယ် စာပို့ထားတယ်။ သူဒီနေ့ ကျောင်းအလုပ်တွေကြောင့် အိမ်ပြန်နောက်ကျမှာမလို့ ငါ့ကို အိမ်ပြန်ရင်း အသီးအရွက်တွေ ဝယ်လာခဲ့ပါတဲ့။ ကျောင်းဂိတ်ပေါက်ရဲ့ ညာဘက်ခြမ်းမှာ အသီးအရွက်ဈေးရှိတယ်။ အဲဒီမှာ ဝယ်သွားကြရအောင်”
“ကုန်တိုက်မှာ ဝယ်ကြရအောင်။ ငါတို့က ငယ်သေးတယ် ပြီးတော့ စားသောက်ကုန်တွေလည်း ဝယ်လေ့ဝယ်ထ မရှိဘူး။ လမ်းဘေးဈေးဆိုင်တွေမှာဆို လွယ်လွယ် အလိမ်ခံရနိုင်တယ်”
“ဒါဆိုလည်း ကုန်တိုက်မှာ သွားဝယ်ကြရအောင်”
နှစ်ဦးသား ရိုးရိုးရှင်းရှင်း တိုင်ပင်ပြီးနောက် ဘတ်စ်ကားစီး၍ အနီးဆုံးရှိကုန်တိုက်သို့ သွားကြသည်။
လူသွားလမ်းကိုဖြတ်လျှောက်သောအခါ ရှန်ချင်းဟန်သည် လန့်ဖျပ်သွားခဲ့ပြီး လမ်းကြားထဲသို့ ညွှန်ပြသည်။
“ရှောင်ချန် ဟိုမှာကြွက်တွေအများကြီးပဲ”
လင်းဇီချန် ရှန်ချင်းဟန် ညွှန်ပြသည့်နေရာသို့ကြည့်လိုက်ရာ အမှန်တကယ်ပင် လမ်းကြားထဲ၌ ကြွက်များစွာကို တွေ့လိုက်ရသည်။ ထို့ပြင် ကြွက်ကြီးတစ်ကောင်သည် ကြောင်စာအတွက် ရန်ဖြစ်နေကြသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ လင်းဇီချန် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ကြောင်နှင့်တိုက်ခိုက်နေသည့် ကြွက်ကို ထုချေပစ်ရန်ရည်ရွယ်ချက်ဖြင့် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ သို့သော် နောက်ဆုံး၌ မလုပ်တာပိုကောင်းမည်ဟူ၍တွေးတောလိုက်ပြီး မလုပ်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ယခုအချိန်တွင် ကြွက်ကဲ့သို့သောသတ္တဝါများနှင့် သွားမရှုပ်သည်မှာ ပိုကောင်းပေလိမ့်မည်။
ဧရာမသန္ဓေပြောင်းကြွက်ကြီးများသည် ယနေ့အချိန်အထိ ပဟေဠိအဖြစ် မဖြေရှင်းနိုင်ဘဲ ကျန်ရှိနေပေသည်။ ထိုကြွက်ကြီးများသည် အဘယ်သို့ လူမှုအဖွဲ့အစည်းတွင် ရုတ်တရက်ပေါ်ပေါက်လာသည်ကို မည်သူမျှ မသိကြပေ။ သာမန်ကြွက်များနှင့် ဆက်နွယ်မှုရှိခြင်း၊ မရှိခြင်းကိုလည်း မသိရသေးပေ။ လမ်းကြားထဲရှိ ကြွက်ကြီးကို သတ်လိုက်ခြင်းသည် ပြဿနာများ သယ်ဆောင်လာမည်ကို လင်းဇီချန် စိုးရိမ်မိပေသည်။
အခန်း ၄၈
လူတိုင်း ကြွားဝါရခြင်းကို သဘောကျကြသည်
ညနေ ညစာစားပြီးနောက် လင်းဇီချန်သည် အပေါ်ထပ်ရှိ သူ၏အခန်းထဲ၌ ပြင်းထန်မှုမြင့်မားသော လေ့ကျင့်ခန်းများ မပြုလုပ်မီ အချိန်ခဏမျှ အနားယူသည်။ သုံးနာရီကြာလေ့ကျင့်ပြီးနောက် ကြွက်သားများထုံကျင်လာသည်ဟု ခံစားရသောကြောင့် ရပ်တန့်လိုက်ပြီး အနားယူလိုက်သည်။ အနားယူနေချိန်တွင်လည်း အချိန်မဖြုန်းတီးပေ။ ကြမ်းပြင်တွင်ထိုင်၍ ဖုန်းဖြင့် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်း၏ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီသိရှိရန် သတင်းများကို ရှာဖွေဖတ်ကြည့်သည်။
လျင်မြန်စွာဖတ်ကြည့်ပြီးနောက် တစ်ရက်ပင်မပြည့်သော အချိန်အတွင်း၌ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူများစွာကို ဖမ်းမိခဲ့ကြောင်း သိခဲ့ရသည်။ မြို့လုံခြုံရေးဌာနချုပ်၏ စွမ်းဆောင်ရည်သည် မြင့်မားသည်ဟု ဆိုနိုင်ပေသည်။ တစ်ခုတည်းသောအားနည်းချက်မှာ ဧရာမသန္ဓေပြောင်းကြွက်ကို မဖမ်းသေးခြင်းသာ ဖြစ်သည်။ အတိအကျဆိုရသော် သန္ဓေပြောင်းကြွက်များ၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရသေးခြင်း ဖြစ်ပေသည်။ ၎င်းသတ္တဝါသည် ဤလူ့လောကအတွင်း လုံးဝ မတည်ရှိသည့်အလား ဝေခွဲမရဖြစ်စေသည်အထိပင်။
အချိန်ခဏမျှ အနားယူပြီးနောက် လင်းဇီချန် ဖုန်းကိုသိမ်းလိုက်ပြီး အဝတ်များကိုယူ၍ ရေချိုးခန်းသို့သွားလိုက်သည်။ ရေချိုးပြီးနောက် မီးပိတ်၍ အိပ်ရာဝင်သည်။ မအိပ်ခင်၌ လူသူကင်းမဲ့ချိန်တွင် ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရန်အတွက် မနက်၃နာရီ နှိုးစက်ပေးထားခဲ့သည်။
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ နာရီပေါင်းများစွာကုန်ဆုံးသွားခဲ့သည်။ လင်းဇီချန်၏ ဖုန်းနှိုးစက်မြည်လာသည်။ လင်းဇီချန် နှိုးစက်သံကြောင့် နိုးလာခဲ့ပြီး အဝတ်လဲဝတ်၍ တိုင်းတာရန်ကိရိယာများကို ယူဆောင်၍ အိမ်မှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။ ထို့နောက် စောင့်ကြည့်ကင်မရာများနှင့် ဝေးကွာသည့်နေရာတစ်ခုကိုရှာဖွေ၍ စစ်ဆေးမှုကို စတင်သည်။
၁၀မိနစ်မပြည့်သည့်အချိန်လေးအတွင်း၌ ရလဒ်များထွက်လာခဲ့သည်။ ၃.၅၉စက္ကန့်အတွင်း မီတာတစ်ရာပြေးနိုင်သည်။ ၇.၀၂မီတာ အမြင့်ခုန်နိုင်သည်။ ကီလို၁၆၅၀ခန့် အလေးချိန်ရှိသောကားကို လက်တစ်ဖက်တည်းဖြင့် မ,နိုင်သည်။
မြက်ခင်းစိမ်းကွင်းပြင်တစ်ခုကို ဖြတ်လျှောက်သွားချိန်တွင် ဖွံ့ထွားသည့်ကြွက်တစ်ကောင်ကို လင်းဇီချန် မြင်လိုက်သည်။ အနီးကပ်ကြည့်လိုက်သောအခါ ထိုကြွက်သည် မြေပြင်တွင်လဲလျောင်းလျက် ငှက်တစ်ကောင်အား စားနေသည်ကို အံ့အားသင့်ဖွယ်ကောင်းစွာ မြင်တွေ့လိုက်ရသည်။ စာကလေးငှက်ကို စားနေခြင်းဖြစ်၏။ စာကလေးသည် အသက်ရှင်နေဆဲဖြစ်ပြီး အတောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ရုန်းကန်နေသည်။ ကြွက်၏သွားစွယ်များအောက်မှ လွတ်မြောက်ရန်ကြိုးစားနေ၏။ သို့သော် အချည်းနှီးသာဖြစ်ခဲ့သည်။ လင်းဇီချန်သည် မျက်လုံးရှေ့ရှိမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားခဲ့ရသည်။ ကြောင်မှ ငှက်အား စားသောက်ခြင်းကို သူမြင်တွေ့ဖူးသည်။ သို့သော် ကြွက်တစ်ကောင်မှ ငှက်အား စားသောက်ခြင်းကိုမူ မမြင်တွေ့ဖူးပါချေ။
ဘာတွေဖြစ်နေတာလဲ။ ကြွက်က ဘယ်လိုလုပ်ပြီး ငှက်ကိုဖမ်းနိုင်တာလဲ။
ဤမြင်ကွင်းသည် ယုတ္တိမတန်ဟု ခံစားရသောကြောင့် လင်းဇီချန် မျက်မှောင်ကြုတ်လျက် ထိုကြွက်နှင့်ဝေးဝေးသို့ ရှောင်သွားလိုက်ပြီး အိမ်သို့ အမြန်ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတွင် လင်းဇီချန်သည် ထိုအခြေအနေအား တိုင်ကြားရန် ပြည်သူ့လုံခြုံရေးဌာနကို ဖုန်းဆက်ခဲ့သည်။ ရဲဝန်ထမ်းများသည် သူ့အား ထိုကြွက်နှင့် ဝေးဝေးရှောင်နေရန်သာ ပြောခဲ့ပြီး အခြားမည်သည့်အရာကိုမျှ မပြောပေ။ တည်နေရာကိုပင် မမေးမြန်းချေ။ ထိုအကြောင်းအရာအား များစွာ ဂရုမစိုက်ဟု ထင်ရ၏။
နောက်တစ်နေ့မနက်တွင် မနက်စာစားပြီးနောက် လင်းဇီချန်သည် အိမ်ရှေ့တံခါး၌ ရှန်ချင်းဟန် ထွက်လာသည်ကို စောင့်ဆိုင်းရင်းဖြင့် ဖုန်းသုံးနေသည်။ ခဏကြာပြီးနောက် ရှန်ချင်းဟန်သည် ကွတ်ကီးထုပ်တစ်ထုပ်ဖြင့် ထွက်လာသည်။ သူမသည် လင်းဇီချန်၏ရှေ့တွင်ရပ်လိုက်ပြီး ကွတ်ကီးထုပ်ထဲမှ ကွတ်ကီးတစ်ချပ်ကိုယူ၍ လင်းဇီချန်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီကွတ်ကီးတွေကို မနေ့ညက အမေ လုပ်ပေးထားတာ တစ်ခုစားကြည့်”
ထိုကွတ်ကီးများသည် ရှန်ချင်းဟန် အတန်းဖော်များနှင့် ဝေမျှစားသောက်ပြီး မိတ်ဆွေဖွဲ့ရာတွင် အဆင်ပြေစေရန်အတွက် ရွှီမုန့်မှ အထူးတလည် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ လင်းဇီချန် တစ်ကိုက်စားလိုက်ပြီး ပြုံးလိုက်သည်။
“အန်တီမုန့်ရဲ့ ကွတ်ကီးတွေက အမြဲလိုပဲ အရမ်းစားကောင်းတယ်”
“ဒါပေါ့”
ရှန်ချင်းဟန်မှ ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။
အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် ကျောင်းသို့ အမြန်ဦးတည်သွားကြသည်။ ကျောင်းဂိတ်တံခါးသို့ ဝင်ရောက်ပြီး ကျောင်းလမ်းအတိုင်း လျှောက်နေစဉ် နောက်ဘက်မှ သူ၏နာမည်ကို ခေါ်နေသံအား လင်းဇီချန် ကြားလိုက်ရသည်။ လင်းဇီချန် နောက်လှည့်ကြည့်လိုက်ရာ အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမသည် စီနီယာကျောင်းသူတစ်ဦး ဖြစ်ဟန်ရသည်။
“အာ ဂျူနီယာလေးဇီချန် တကယ်မင်းပဲ။ အဲဒါကြောင့် မင်းရဲ့အရိပ်က အရမ်းရင်းနှီးနေပါတယ်လို့ တွေးနေတာ”
မိန်းကလေးသည် လင်းဇီချန်၏ အလွန်ရင်းနှီးကျွမ်းဝင်နေသော လင်းဇီချန်၏ ချောမောသည့်မျက်နှာကို မြင်လိုက်သောအခါ စိတ်လှုပ်ရှားတက်ကြွဟန်ဖြင့် လင်းဇီချန်အနီးသို့ ပြေးလာခဲ့ပြီး ပြောသည်။ လင်းဇီချန်သည် ထိုမိန်းကလေးအား ခြေဆုံးခေါင်းဆုံးကြည့်ပြီးသည်တိုင် မမှတ်မိသောကြောင့် အနည်းငယ်ရှုပ်ထွေးသွားရ၏။
မိန်းကလေးမှ ပြုံးလျက် ဆက်ပြောသည်။
“ဂျူနီယာလေးဇီချန် မင်းငါ့ကို မှတ်မိလား။ မင်းရဲ့ ပထမနှစ်ကျောင်းအားကစားပွဲမှာတုန်းက ငါအမြဲ မင်းဘေးမှာရှိနေခဲ့ပြီး လည်ချောင်းကွဲလုမတတ် ငါမင်းကို အားပေးခဲ့တာ”
လင်းဇီချန် လုံးဝမမှတ်မိပါချေ။ သို့သော် ယဉ်ကျေးစွာပြုံး၍ ပြန်ပြောခဲ့သည်။
“ဟုတ် ကျွန်တော်မှတ်မိပါတယ်”
မိန်းကလေးသည် လင်းဇီချန်၏ မှတ်မိပါသည်ဟူသော စကားကြောင့် အလွန်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့သည်။
လင်းဇီချန်သည်တော့ သူမနှင့် ကြာကြာစကားမပြောဘဲ “နောက်မှတွေ့ကြပါမယ် စီနီယာ”ဟူ၍သာ ပြောခဲ့ပြီးေနာက် ရှန်ချင်းဟန်နှင့်အတူ Grade 10 အခန်း၁သို့ ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်၌ ရှန်ချင်းဟန်သည် မထိန်းချုပ်နိုင်စွာဖြင့် လေးစားအားကျမှုကို ထုတ်ဖော်ပြသသည်။
“ရှောင်ချန် နင်က အရမ်းပေါ်ပြူလာဖြစ်တာပဲ။ နင့်ရဲ့ပရိသတ်လေးတွေ နေရာတိုင်းမှာ အများကြီးရှိနေတာ”
လင်းဇီချန် ဘာမျှမပြောဘဲ ပြုံးနေလိုက်သည်။ အတန်းထဲသို့ရောက်ရှိပြီးနောက် ရှန်ချင်းဟန်သည် လီချူရှင်း၊ ဟယ့်ယွီတို့နှင့်အတူ ကွတ်ကီးများကို ဝေမျှပေးသည်။ သူတို့နှစ်ဦးလုံးသည် ထိုမျှအရသာရှိသော ကွတ်ကီးများကို အရင်က မစားသောက်ဖူးကြသည်ဖြစ်ရာ ရှန်ချင်းဟန်၏အမေဖြစ်သူ ရွှီမုန့်မှ ကိုယ်တိုင်လုပ်ထားပေးခြင်းဖြစ်ကြောင်း သိရသောအခါ အဆက်မပြတ် ချီးမွမ်းကြလေသည်။ ရွှီမုန့်၏သမီးအဖြစ် ရှန်ချင်းဟန်သည် ထိုချီးမွမ်းစကားများကို ကြားရခြင်းအတွက် အလွန်စိတ်ကျေနပ်ပီတိဖြစ်မိပေသည်။
ခဏကြာပြီးနောက် အတန်းတက်ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။ Grade 10 အတန်း၁၏ကျောင်းသားများသည် သူတို့၏ပထမဆုံးသော အထက်တန်းကျောင်းသင်ခန်းစာကို စတင်ထိတွေ့ရလေပြီ။ အတန်းချိန်သည် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်ဆရာ မျက်မှန်တပ်ထားသောဆရာချိုက်ယွမ်ဖေး၏ အတန်းချိန်ဖြစ်သည်။ ပထမဆုံးအတန်းချိန်၏ အကြောင်းရာသည် အလွန်အခြေခံကျသော အခြေခံအကြောင်းရာများနှင့် ကျောင်းသားများအတွက် စည်းမျဉ်းများကို အဓိကထား၍ ရှင်းပြထားခြင်းဖြစ်သည်။
လင်းဇီချန် အနည်းငယ်မျှနားထောင်ပြီးနောက် ငယ်စဉ်ကတည်းက လေ့လာပြီးသော အကြောင်းရာများဖြစ်ကြောင်း အတည်ပြုပြီးသောအခါ အိမ်မှယူလာသည့်စာအုပ်ကို တိတ်တိတ်လေးထုတ်ယူ၍ ဖတ်နေလိုက်သည်။ လေ့လာပြီးသားဖြစ်သော သင်ခန်းစာများကို နားထောင်ခြင်းဖြင့် သူ အချိန်မဖြုန်းလိုပေ။ လင်းဇီချန်မှအပ ကျန်အတန်းသားများအားလုံးသည် အာရုံစိုက်၍ နားထောင်နေကြသည်။ လူတိုင်းသည် လင်းဇီချန်ကဲ့သို့ ငယ်စဉ်ကတည်းက စာများလေ့လာဖတ်ရှုပြီး တစ်ကြိမ်ကြည့်ရုံမျှဖြင့် မှတ်မိနိုင်ကြသည် မဟုတ်ပေ။ ထို့ကြောင့် ဆရာသင်ကြားပေးသည့် သင်ခန်းစာများကို အမီလိုက်ရန် လိုအပ်သည်။
လင်းဇီချန် တိတ်တဆိတ် စာအုပ်ဖတ်နေချိန်တွင် နန်ကွမ်းမြို့၏လက်ရွေးစင်ကျောင်းသားနှစ်ဦးဖြစ်သော လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် အတန်းထဲတွင် အလွန်တက်ကြွကြ၏။ ဆရာမှ မေးခွန်းတစ်ခုထုတ်လိုက်တိုင်းတွင် ထိုနှစ်ဦးသည် ချက်ချင်း အဖြေပြန်ဖြေကြသည်။ သို့ဖြစ်ရာ အတန်းထဲတွင် သူတို့နှစ်ဦးသည် အလွန်တရာအံ့ဩသင့်ဖွယ်ကောင်းလောက်အောင် တော်လွန်းကြသည်ဟု ထင်မှတ်ရစေသည်။ ဆရာချိုက်ယွမ်ဖေးသည်လည်း သူတို့နှစ်ဦးအား ဤမျှကျယ်ပြန့်များပြားသော အသိပညာဗဟုသုတများ ပိုင်ဆိုင်ထားခြင်းမှာ နန်ကွမ်းမြို့၏ ထိပ်တန်းကျောင်းသားများဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်သည် စသဖြင့် များစွာချီးမွမ်းသည်။
စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်ပြီးနောက် နောက်ထပ်အတန်းချိန်မှာ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်ဖြစ်သည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်ဆရာမှာ လျိုသဲ့ရန်ဖြစ်ပြီး ဆရာလျိုသဲ့ရန်သည်လည်း မျက်မှန်တပ်သောဆရာတစ်ဦးဖြစ်ပေသည်။ ဤဘာသာရပ်ပထမဆုံးအတန်း၏ အကြောင်းရာသည်လည်း အခြေခံအကြောင်းအရာနှင့် စည်းမျဉ်းများအကြောင်း ရှင်းပြခြင်းဖြစ်ပေသည်။ လင်းဇီချန် အချိန်ခဏမျှနားထောင်ပြီးနောက် လွန်ခဲ့သည့်အချိန်များကတည်းက မိမိဘာသာလေ့လာပြီးသည့် အကြောင်းအရာဖြစ်ကြောင်း နားလည်လိုက်သောအခါ အိမ်မှယူလာသည့်စာအုပ်ကိုသာ ဆက်လက်ဖတ်နေလိုက်သည်။ ထိုစဉ် လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် စာသင်ကြားမှုတွင် စိတ်အားထက်သန်စွာဖြင့် ဆက်လက်ပါဝင်ကြသည်။
နှစ်ပေါင်းများစွာ စာသင်ကြားမှုအတွေ့အကြုံရှိသည့် လျိုသဲ့ရန်သည် ဤမျှအသိပညာဗဟုသုတကြွယ်ဝသော ကျောင်းသားများကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသည်ဖြစ်ရာ သူတို့နှစ်ဦးအား အများကြီးသဘောတကျဖြင့် ချီးမွမ်းပြောဆိုသည်။
“မယုံကြည်နိုင်စရာပဲ။ နန်ကွမ်းမြို့ရဲ့ကျောင်းသားတွေက အရမ်းတော်ကြတယ်။ ဆရာ စာသင်လာတာ နှစ်ပေါင်းများစွာရှိပြီ တစ်ခါမှ ဒီကျောင်းသားနှစ်ယောက်လို ထူးချွန်တဲ့ကေျာင်းသားမျိုး မကြုံတွေ့ဖူးဘူး။ တကယ့်ကို အမြင်ကျယ်ရပါတယ်”
ဆရာ၏ ထိုသို့သုံးသပ်ချက်ကို လက်ခံလိုက်ရသောအခါ လုကန်းနှင့် ဝမ်ရှုကျယ်တို့နှစ်ဦးသည် အလွန်စိတ်ကျေနပ်ပီတိဖြစ်မိကြသည်။ထို့နောက် ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်။ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်၊ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်အတန်းချိန်တို့ဖြင့် မနက်ခင်းသင်ခန်းစာများ ပြီးဆုံးသွားခဲ့သည်။
“ရှုကျယ် နင်က အလယ်တန်းကျောင်းစာမေးပွဲမှာ နန်ကွမ်းတစ်မြို့လုံးအဆင့်တတိယလို့ကြားတယ်။ အဲဒါက အရမ်းအံ့ဩဖို့ကောင်းတာကြီးမဟုတ်လား”
“လုကန်း ငါကြားတာ နင်က ကီလို၃၀၀အလေးချိန်ကို လက်တစ်ဖက်တည်းနဲ့ မ,နိုင်တယ်ဆို တကယ်ပဲလား”
“ဘုရားရေ နန်ကွမ်းမြို့ရဲ့ထိပ်တန်းကျောင်းသားတွေက အရမ်းတော်ကြတာပဲ”
နေ့လယ်ကျောင်းဆင်းချိန်တွင် အတန်းထဲရှိကျောင်းသားအများစုသည် နန်ကွမ်းမြို့၏ထိပ်တန်းကျောင်းသားနှစ်ယောက်အနားတွင် စုဝေး၍ သူတို့နှစ်ယောက်အား ချီးမွမ်းပြောဆိုနေကြသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ ဟယ့်ယွီသည် မနာလိုဖြစ်လာပြီး မထိန်းချုပ်နိုင်စွာ အသံနိမ့်ဖြင့် ရေရွတ်ပြောဆိုတော့သည်။
“သောက်ကျိုးနဲ ဒီနှစ်ယောက်က အရမ်းကြွားဝါတတ်ကြတာပဲ။ အတန်းထဲမှာ ဆက်တိုက် သူတို့ကိုယ်သူတို့ ကြွားဝါဖို့ကြိုးစားနေကြတာများ သူတို့ဘယ်လောက်တော်ကြောင်း ဘယ်သူမှမသိကြမှာ စိုးရိမ်နေတဲ့အတိုင်းပဲ”
သို့သော် လင်းဇီချန်သည်တော့ ထိုကျောင်းသာနှစ်ဦးကြွားဝါနေကြသည်မှာ ပုံမှန်ဖြစ်သည်ဟု တွေးထင်သည်ဖြစ်ရာ စိတ်အလိုမကျ မဖြစ်မိပါချေ။ သူတို့သည် လုံ့လဝီရီယရှိစွာဖြင့် ကြိုးစားလေ့လာခဲ့ကြရသည်။ နောက်ဆုံးတွင်တော့ ပြောင်မြောက်သောရလဒ်များကို ရရှိနိုင်ခဲ့ပြီဖြစ်ရာ သူတို့အား အနည်းငယ်မျှ ဂုဏ်ယူဝံ့ကြွားခွင့်မပြုလျှင် ရက်စက်လွန်းရာကျလိမ့်မည် မဟုတ်ပါလော။ ကိစ္စအမြောက်အများတွင် ရှေ့ဆက်လျှောက်ဖို့ရာ စိတ်အားထက်သန်စေရန် တွန်းအားပေးလှုံ့ဆော်သည့်အကြောင်းအရင်းမှာ အောင်မြင်မှုအား ဂုဏ်ယူဝံ့ကြွားပြခြင်းပင် မဟုတ်ပါလော။ ဂုဏ်ယူကြွားဝါခြင်းမပြုရဘဲ ကြွယ်ဝမှုနှင့်ဂုဏ်သရေတို့ကို အိမ်သို့ သယ်ဆောင်သွားရခြင်းသည် ညအချိန်တွင် ပိုးထည်ဝတ်ဆင်လျှောက်လှမ်းသောကြောင့် လူမမြင်သည့် ဖြစ်ရပ်ကဲ့သို့ပင် မဟုတ်ပါလော။ ဂုဏ်ယူကြွားဝါခြင်းနောက်ကွယ်ရှိ ဆင်ခြင်တွေးခေါ်မှုပုံစံဟူသည် ဤသို့ပင် ဖြစ်ချေသည်။