← Chapters

အပိုင်း ၄၉-၅၁

Vol. 4 Ch. 49-51

အပိုင်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း ၄၉

ရှန်ချင်းဟန်၏လျှို့ဝှက်ချက်

နေ့လည်စာစားပြီးနောက် လင်းဇီချန်သည် နေ့လည်ခင်း လက်တွေ့အတန်းသို့ သွားခဲ့သည်။ ပထမတန်းသည် တောတွင်းရှင်သန်ခြင်းဘာသာရပ်အတန်းဖြစ်သည်။

ဆရာချန်းပေသည် အယူအဆများနှင့် အတွေးအခေါ်များကို ဆွေးနွေးရန် စိတ်မ၀င်စားပေ။ ထိုအစား ကျောင်းသားများကို သစ်သားပွတ်တိုက်ခြင်းဖြင့် မီးမွှေးသည့်နည်းကို သိကြသလားလို့ မေးမြန်းခဲ့ပြီး ကျောင်းသားများကို ချက်ချင်းလက်တွေ့လုပ်ဆောင်စေသည်။ ထိုသို့မေးမြန်းရင်းဖြင့် ဆရာချန်းပေသည် ဤအတတ်ပညာကို တတ်မြောက်ထားသူရှိမရှိကို သိနိုင်ရန် သစ်သားခြောက်ချောင်းများကို ထုတ်ယူ၍ ကျောင်းသားများရှေ့ မြေကြီးပေါ်သို့ ပစ်ချပေးသည်။

သို့သော် ဆရာချန်းပေသည် မည်သူမျှ မတတ်မြောက်နိုင်ဟု ခန့်မှန်းထားခဲ့သည်။ ဤအတတ်ပညာသည် နေ့စဉ်ဘ၀တွင် အသုံးပြုလေ့မရှိသောကြောင့် အကြောင်းပြချက်မရှိဘဲနှင့် မည်သူမျှ သင်ယူထားကြလိမ့်မည် မဟုတ်ပေ။ သို့သော် သူ၏ မှန်းဆထားမှုနှင့် ဆန့်ကျင်စွာ နန်ကွမ်းမြို့၏ ထိပ်တန်းကျောင်းသားနှစ်ယောက်ဖြစ်သော လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် ထင်းပွတ်တိုက်ခြင်းဖြင့် ‌မီးမွှေးနည်းကို တတ်မြောက်ထားကြသည်။ ဆရာချန်းပေမှ သစ်သားချောင်းများကို မြေပြင်ပေါ်ပစ်ချလိုက်သည်နှင့် သူတို့နှစ်ဦးသည် ရှေ့ထွက်လာပြီး ကျွမ်းကျင်စွာ သစ်သားချောင်းများကို စတင်ပွတ်တိုက်သည်။ ထို့နောက် မကြာမီတွင်ပင် မီးလျှံများထွက်လာပြီး အောင်မြင်စွာ မီးမွှေးနိုင်ခဲ့သည်။

"ဘယ်လိုတောင်လဲ။ မင်းတို့နှစ်ယောက်က အရမ်းတော်ကြတာပဲ။ သစ်သားပွတ်တိုက်ပြီး မီးမွှေးနည်းကိုတောင် သိထားကြတယ်”

ချန်းပေသည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေ၏။ လုကန်းမှ ပြုံးလျက် ပြောသည်။

"ဆရာ၊ ကျွန်တော် ၈တန်းကျောင်းနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ပြင်ပနွေရာသီစခန်းမှာ ပါဝင်ခဲ့တော့ အဲဒီမှာ မီးမွှေးနည်းကို သင်ယူခဲ့တာပါ”

ဝမ်ရှုကျယ်မှ အရေးမထားဟန်ပြော၏။

"ကျွန်တော် မူလတန်းကျောင်းတုန်းက အင်တာနက်ကနေ သင်ယူခဲ့တာပါ”

ဝမ်ရှုကျယ်၏စကားကိုကြားသော် အတန်းထဲရှိ ကျောင်းသားအများစုသည် အံ့ဩသွားကြသည်။

နန်ကွမ်းမြို့ရဲ့ ထိပ်တန်းကျောင်းသားတွေက တကယ်ကြီး အဲဒီလောက် အထင်ကြီးဖို့ကောင်းတာလား။

မူလတန်းကျောင်းသားအရွယ်မှာ အင်တာနက်ကနေ သစ်သားပွတ်တိုက်ပြီး မီး‌မွှေးနည်းကို သင်ယူခဲ့တာတဲ့လား။

ဒါက တကယ့်ကို မယုံနိုင်စရာပဲ။

လင်းဇီချန်လည်း ဝမ်ရှုကျယ်ကို လှည့်ကြည့်လိုက်သည်။ မိမိကဲ့သို့ ငယ်စဉ်အချိန်ကတည်းက ကျွမ်းကျင်မှုအတတ်ပညာအမျိုးမျိုးကို အွန်လိုင်းဗီဒီယိုများမှတစ်ဆင့် ကိုယ်တိုင်လေ့လာရန် စိတ်ပါဝင်စားသည့် နောက်ထပ်တစ်ယောက် ရှိနေလိမ့်မည်ဟု လင်းဇီချန် မျှော်လင့်မထားခဲ့ပေ။ ထိပ်တန်းကျောင်းသားများတွင် တူညီသောအရာအချို့ရှိပုံရ၏။

ထို့နောက်တွင် နန်ကွမ်းမြို့၏ ထိပ်တန်းကျောင်းသားနှစ်ဦးမှအပ အတန်းတွင်းရှိ အခြားကျောင်းသားများသည် ချန်းပေ၏သင်ကြားမှုအတိုင်း သစ်သားပွတ်တိုက်၍ မီး‌မွှေးနည်းကို သင်ယူကြသည်။

“ရှောင်ချန် ဒါက အရမ်းခက်တယ်၊ သစ်သားပွတ်‌ရတာ ငါ့လက်တွေ ပေါက်တော့မလိုပဲ။ မီးတောက်ဖို့ကို ဘယ်လောက်မြန်မြန် ပွတ်ရမှာလဲ”

ရံဖန်ရံခါ နာကျင်မှုများဖြင့် တုန်ခါနေသော အနည်းငယ်နီနေသော သူမ၏ လက်ဖဝါးနှစ်ဖက်ကို ကြည့်လျက် ရှန်ချင်းဟန်မှ စိတ်ညည်းညူစွာပြောသည်။

လီချူရှင်းနှင့် ဟယ့်ယွီတို့သည် မြေပြင်ပေါ်ရှိ သစ်သားချောင်းများကို မပွတ်တိုက်နိုင်ဘဲ တူညီသည့် အခြေအနေတွင် ရှိနေကြသည်။ သူတို့၏အခြေအနေကို မြင်သောအခါ လင်းဇီချန် သူတို့သုံးယောက်အား ပြောလိုက်သည်။

"လာ၊ ငါသင်ပေးမယ်"

ထိုစကားကိုကြားသော် ဟယ့်ယွီသည် လင်းဇီချန်အပေါ် သံသယထုတ်ဖော်ပြသည်။ “မင်းက သစ်သားပွတ်တိုက်ပြီး မီးမွှေးနည်းကို သိတယ်လား”

လင်းဇီချန် ရှင်းပြသည်။

“ငါလည်း အရင်က အင်တာနက်မှာ း ကိုယ်ဘာကိုယ် လေ့လာဖူးတယ်”

လီချူရှင်းက လေးစားအားကျစွာဖြင့် ပြောသည်။

"ဇီချန် နင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"

လင်းဇီချန်သည် ပြုံးရုံသာပြုံးလိုက်ပြီး သူတို့သုံးယောက်ကို သစ်သားပွတ်တိုက်းခြင်းဖြင့် မီးမွှေးရန်အတွက် လုပ်ဆောင်နည်းအနည်းငယ်ကို အမြန်သင်ပေးပြီး သူတို့၏ မှားယွင်းနေသော ပွတ်တိုက်မှုပုံစံများကိုလည်း ပြုပြင်ပေးခဲ့သည်။ ထိုသုံးယောက်ထဲတွင် ရှန်ချင်းဟန်သည် အတော်လေးကိုးယိုးကားယားနိုင်ကာ သူမ၏ ပွတ်တိုက်မှုပုံစံများသည် တသမတ်တည်း ဖြစ်မနေပေ။ ထို့‌ေကြာင့် လင်းဇီချန်သည် ရှန်ချင်းဟန်ဘေးတွင် ထိုင်ပြီး လက််ချင်းထပ်ပြသရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ လင်းဇီချန်သည် လူအများရှေ့တွင် ရှန်ချင်းဟန်၏လက်ကို အလွန်ရင်းနှီးကျွမ်းဝင်စွာ ဆုပ်ကိုင်ထားသောကြောင့် ရှန်ချင်းဟန်၏ မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်မှာ နားရွက်ဖျားလေးများအထိတိုင်ပင်။

တောတွင်းရှင်သန်ခြင်းဘာသာရပ်အတန်းပြီးဆုံးပြီးနောက် အတန်း၁မှ ကျောင်းသားများသည် နောက်ဆုံးတွင်တော့ သူတို့၏ အတန်းပိုင်ဆရာဟန်ယွမ်ဖုန်း၏ ကိုယ်ခံပညာလေ့ကျင့်ရေးအတန်းကို စတင်ခဲ့ကြသည်။ ဤဘာသာရပ်သည် အထက်တန်းကျောင်းအဆင့်တွင် အရေးကြီးဆုံးအတန်းများထဲမှ တစ်ခုဖြစ်သည်။ အတန်း၏ အဓိကအကြောင်းအရာမှာ လူ့ခန္ဓာကိုယ်ကို နားလည်ရန်၊ ခန္ဓာကိုယ်ကို လေ့ကျင့်ရန်၊ အမျိုးမျိုးသော သိုင်းပညာများကို သင်ယူရန်ဖြစ်သည်။

ဟန်ယွမ်ဖုန်းသည် ကျောင်းသားများကို အထူးအသက်ရှုလေ့ကျင့်ခန်း သင်ကြားပေးခြင်းဖြင့် အတန်းကို စတင်ခဲ့သည်။ ၎င်းအသက်ရှုလေ့ကျင့်ခန်းကို ကျွမ်းကျင်ပြီးလျှင် အသက်ရှူလမ်းကြောင်းကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်လေ့ကျင့်ခြင်း၏ ထိရောက်မှုကို မြှင့်တင်ပေးနိုင်သည်။ သို့သော် တိုးတက်မှုမှာ သိသာထင်ရှားခြင်းမရှိပေ။ မျက်လုံးလေ့ကျင့်ခန်းထက် အနည်းငယ်သာလျှင် သာလွန်သည်။

ဟန်ယွမ်ဖုန်း၏ ရှင်းပြချက်များကို နားထောင်ပြီး အသက်ရှုနည်းစနစ်ကို သရုပ်ပြခြင်းအား ကြည့်ရှုနေစဉ် လင်းဇီချန်သည် ၎င်းနည်းစနစ်ကို ချက်ချင်း သင်ယူတတ်မြောက်သွားခဲ့သည်။ ၎င်းမှာ မခက်ခဲပါချေ။ အသက်ရှုခြင်းကို စည်းချက်မှန်‌စေနိုင်လျှင် သင်ယူတတ်မြောက်သည်ဖြစ်၏။ သို့သော် ထိုသို့လွယ်ကူခြင်းမှာ လင်းဇီချန် တစ်ဦးတည်းအတွက်သာ ဖြစ်သည်။ လင်းဇီချန်မှအပ အတန်းထဲတွင် အခြားကျောင်းသားတစ်ယောက်မျှ မှန်ကန်စွာ မလုပ်နိုင်ပေ။ ကျောင်းသားများအားလုံးသည် မည်မျှခက်ခဲကြောင်းနှင့် လေ့ကျင့်နေစဉ်အတွင်း အကြိမ်ပေါင်းများစွာ အသက်ရှူကြပ်လုနီးပါး ဖြစ်သွားကြပုံတို့ကို ညည်းညူကြသည်။ မိန်းကလေးတစ်ဦးသည် လေ့ကျင့်မှုမှ အောက်ဆီဂျင်ပြတ်တောက်သွားခဲ့ပြီး သစ်ပင်တစ်ပင်ကို မှီ၍ အော့အန်မိရသည်အထိ ဖြစ်သွားခဲ့‌သေးသည်။

"အားလုံးပဲ အလျင်စလိုမလုပ်ကြနဲ့။ ဒီအသက်ရှုနည်းစနစ်က အတော်လေး ခက်ခဲတယ်။ လွန်ခဲ့တဲ့နှစ် ကျောင်းသားအသစ်အတန်းတုန်းက ထိပ်တန်းကျောင်းသားတွေလည်း ဒီနည်းစနစ်ကို သင်ယူတတ်မြောက်ဖို့ သုံးရက်လောက်ကြာတယ်”

လူတိုင်း၏မျက်နှာပေါ်ရှိ စိတ်ဓာတ်ကျနေသောအမူအရာကို မြင်လိုက်ရသဖြင့် ဟန်ယွမ်ဖုန်းသည်လည်း အခွင့်အရေးရှာ၍ အချိန်မီ နှစ်သိမ့်မှုပေးလိုက်သည်။ ဟန်ယွမ်ဖုန်း၏ စကားမဆုံးခင်၌ ဝမ်ရှုကျယ်မှ ပြောလာသည်။

“ဆရာ ကျွန်တော် ရသွားပြီ”

ဟန်ယွမ်ဖုန်း အံ့သြထိတ်လန့်သွားသည်။ ပထမဆုံးအတန်းချိန်ပဲ ရှိသေးတာကို သင်ယူတတ်မြောက်ပြီးတဲ့သူ ရှိနေပြီလား။ ဟန်ယွမ်ဖုန်း အံ့အားသင့်နေခြင်းမှ အသိစိတ်ပြန် မကပ်နိုင်သေးမီ၌ပင် လုကန်းမှ လက်မြှောက်ပြလာပြီး ပြော၏။

"ဆရာ၊ ကျွန်တော်လည်း ရသွားပါပြီ။ ကျွန်တော်လုပ်တာ ဘယ်လိုနေလဲ တစ်ချက်လောက်ကြည့်ပေးပါ”

ထို့နောက် လုကန်းသည် အသက်ရှုနှုန်းကို ထိန်းညှိ၍ အသက်ရှူနည်းစနစ်ကို အနည်းငယ် ကိုးယိုးကားယားနိုင်စွာ လေ့ကျင့်ပြသည်။ ထိုအခါ ဝမ်ရှုကျယ်သည်လည်း အသက်ရှူနည်းစနစ်ကို လေ့ကျင့်ပြသည်။ သူတို့နှစ်ဦးလုံး အသက်ရှူနည်းစနစ်ကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သွားကြောင်း မြင်တွေ့ရသောအခါ ဟန်ယွမ်ဖုန်းသည် အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။

ဟန်ယွမ်ဖုန်းသည် လုကန်းနှင့် ဝမ်ရှုကျယ်တို့အား ကြည့်၍ ကျောင်းသားအားလုံး၏ရှေ့မှောက်တွင် တွေဝေတွန့်ဆုတ်ခြင်းမရှိ ချီးမွမ်းပြောဆိုသည်။

“အံ့ဩစရာပဲ။ တကယ့်ကို အံ့ဩစရာပဲ။ မင်းတို့နှစ်ယောက်လုံး အပြိုင်အဆိုင်များတဲ့ နန်ကွမ်းမြို့မှာ ထူးချွန်ပြောင်မြောက်တဲ့ရလဒ်တွေ ရထားတာ မထူးဆန်းတော့ပါဘူး။ မင်းတို့ရဲ့သင်ယူမှုစွမ်းရည်က တကယ့်ကို သူမတူထူးချွန်တာပဲ”

ထိုမြင်ကွင်းကြောင့် အခြားကျောင်းသားများသည် မနာလိုအားကျစိတ်များ ခံစားလိုက်ကြရသည်။ တစ်ပြိုင်နက်တည်းတွင် ရှုံးနိမ့်နေ‌ရသော ခံစားချက်တစ်မျိုးလည်း သူတို့၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ရှန့်ဟိုင်အထက်တန်းကျောင်း၏ ဤလက်ရွေးစင်အတန်းသို့ တက်ရောက်ခွင့်ရရှိခဲ့ကြသူတိုင်းသည် သူတို့၏ အလယ်တန်းကျောင်းများ၏ ဂုဏ်ဆောင်များဖြစ်ကြပြီး လူအများ၏မျက်လုံးထဲတွင် ထူးချွန်ကြယ်ပွင့်လေးများဖြစ်ကြသည်။ သို့သော် လူကန်းနှင့် ဝမ်ရှုကျယ်တို့၏ရှေ့မှောက်၌မူ သူတို့သည် ထွန်းလင်းတောက်ပသော လမင်းကြီးအနားတွင် တောက်ပရန်ကြိုးစားနေကြသည့် ပိုးစုန်းကြူးလေးများကဲ့သို့ ခံစားကြရလေသည်။ မိမိတို့၏ ဂုဏ်ရောင်ထွန်းပြောင်မှုများ ပျောက်ဆုံးသွားရပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်အားလျော့မှုများအား ခံစားလိုက်ကြရသည်။

အချိန်များကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။ ကုန်လွန်သွားသည့်ရက်များအတွင်း၌ ကျောင်း၏အချိန်ဇယားသည် နေ့တိုင်းနီးပါး တူညီနေခဲ့သည်။ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ မနက်ခင်းတိုင်းတွင် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်နှင့် မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်အတန်းချိန်များ ရှိသည်။ နေ့လည်ခင်းတွင် တောတွင်းရှင်သန်ခြင်းဘာသာရပ်နှင့် သိုင်းပညာလေ့ကျင့်ခြင်းဘာသာရပ် အတန်းချိန်များ ရှိသည်။ သောကြာနေ့တွင် တစ်နေ့လုံး၏အတန်းချိန်များသည် ရွေးချယ်ဘာသာရပ်အတန်းချိန်များ ဖြစ်သည်။

ထိုအတန်းချိန်များတွင်လည်း လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် ‌ဆရာအားလုံး၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရန် သူတို့၏အရည်အချင်းများကို ဆက်လက်ထုတ်ဖော်ပြသကြမြဲ ဖြစ်သည်။ တစ်ဖက်တွင်တော့ လင်းဇီချန်သည် တိတ်ဆိတ်ငြိမ်သက်မှုစွာဖြင့်သာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုကို လေ့ကျင့်ခြင်းအတွက်သာ အဆက်မပြတ် လေ့ကျင့်နေခဲ့သည်။ ရံဖန်ရံခါတွင် သူ၏လေးယောက်အဖွဲ့နှင့်အတူ ကျောက်သင်ပုန်းဖျက်ခြင်း၊ အမှိုက်ပစ်ခြင်း၊ အတန်းတွင်း အပင်များကို ရေလောင်းခြင်းတို့ကို လုပ်ဆောင်သည်။ သို့ဖြင့် စုဝေးနေထိုင်သောသတ္တဝါသွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းအတွက်‌ အောင်မြင်မှုမစ်ရှင်ကို တိုးတက်စေသည်။ ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ၎င်းမစ်ရှင်သည် အနည်းငယ် တိုးတက်လာခဲ့သည်။

(အောင်မြင်မှု- ပူးပေါင်းဆောင်ရွက်မှု အဆိုအောက်တွင် အကြိမ်၁၀၀၀ ပူးပေါင်းလုပ်ဆောင်ခြင်း)

(ဆုလာဘ်- သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း — စုဝေးနေထိုင်သောသတ္တဝါ)

(တာဝန်ပြီးမြောက်မှုဇယား - ၅၆/၁၀၀၀)

ယနေ့ စနေနေ့မနက်ခင်းတွင် လင်းဇီချန် မနက်စောစောထ၍ ရှန်ချင်းဟန်၏အိမ်ရှေ့၌ ရှန်ချင်းဟန် ထွက်အလာကို စောင့်ဆိုင်းနေသည်။ သူတို့နှစ်ဦး‌သည် မနေ့ညကတည်းက ပင်လယ်ကမ်းခြေတွင် သွားပျော်ပါးကြရန် သဘောတူညီထားကြသည်။ မိဘများမပါဘဲ သူတို့နှစ်ယောက်တည်းဖြစ်သည်။ ရှန့်ဟိုင်မြို့သည် ပင်လယ်ကမ်းခြေမြို့ဖြစ်သောကြောင့် မြို့၏နေရာတိုင်းကို ပင်လယ်ပြင်ဖြင့် ဝန်းရံထားသည်။ အနီးဆုံးကမ်းခြေသည် ၃၀ကီလိုမီတာအောက်သာ ကွာဝေးသည်။ ထို့ကြောင့် သူတို့နှစ်ယောက် သွား‌ေရာက်ပျော်ပါးရန်အတွက် ပြဿနာမရှိပေ။ မနက်ခင်းတွင် စတင်ထွက်ခွာပြီး ညဘက်တွင် ပြန်လာနိုင်သည်ဖြစ်ရာ မိဘများသည်လည်း စိတ်ချနိုင်ကြသည်။ သေချာပေါက်ပင် မိဘများသည် လင်းဇီချန်အပေါ် အလွန်စိတ်ချလက်ချရှိခြင်းဖြစ်ပါ၏။

“ရှောင်ချန် သွားကြစို့”

ချိုသာသည့်အသံလေး ထွက်ပေါ်လာသည်။ ရှန်ချင်းဟန်သည် ပစ္စည်းအပြည့်ထည့်ထားသော ကျောပိုးအိတ်ကိုလွယ်၍ အိမ်ထဲမှထွက်လာကာ လင်းဇီချန်အား တက်ကြွစွာ ပြုံးရယ်ပြနေသည်။

ထို့နောက် အနီးဆုံးကမ်းခြေသို့ နှစ်ယောက်သား ဦးတည်ထွက်လာခဲ့ကြသည်။ ဤခရီးတိုသည် ပျော်ပါးရန်ထွက်လာခဲ့ခြင်းဟု ဆိုသော်ငြား တကယ်တမ်းတွင် ရေကူးစွမ်းရည်ကို လေ့ကျင့်လိုသောကြောင့်ဖြစ်ပြီး ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်‌စစ်ဆေးရန်အတွက်လည်းဖြစ်သည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ ဆီးမထိန်းနိုင်ရသည့်အကြောင်းရင်းနှင့် သဘာဝအလျောက် ရေကူးကျွမ်းကျင်သူဖြစ်နေရသည့် အကြောင်းရင်း စသော ခန္ဓာကိုယ်လျှို့ဝှက်ချက်ကို အမြဲလိုလို ဖော်ထုတ်လိုနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့်တစ်ခေါက်က ရှန်ချင်းဟန် ပင်လယ်ထဲတွင်ကြားခဲ့ရသည့် အသံအကြောင်းကိုလည်း သိချင်သည်။ ၎င်းအသံသည် ထင်ယောင်ထင်မှားဖြစ်ခြင်းပေလော သို့မဟုတ် အခြားအရာတစ်ခုပေလော လင်းဇီချန် သိချင်မိသည်။

အဲဒါတွေက ရှန်ချင်းဟန်မှာ နှစ်ပေါင်းများစွာဖြစ်နေခဲ့တဲ့ မူမမှန်မှုတွေနဲ့ ဆက်စပ်မှုရှိနေမလား။

လင်းဇီချန်၏စိတ်ထဲတွင် ထိုသို့ ပဟေဠိများဖြင့် ရစ်ဝဲနေခဲ့ပြီး နေ့ရက်တိုင်းတွင် ၎င်းပဟေဠိကို ဖြေရှင်းလိုစိတ်များ ဖြစ်ပေါ်နေခဲ့ရသည်။

အခန်း ၅၀

လက်တွေရှိရင် အဆင်ပြေတယ်

တစ်နာရီခန့်ကြာမြင့်ပြီးနောက် ဘတ်စ်ကားသည် သတ်မှတ်နေရာသို့ ချောချောမွေ့မွေ့ရောက်ရှိခဲ့ပြီး သူတို့နှစ်ဦးသည် ကားပေါ်မှဆင်း၍ ကမ်းခြေသို့ ဦးတည်ခဲ့ကြသည်။ ထို့နောက် အဝတ်လဲခန်းသို့ ဝင်ကြပြီး ရေကူးဝတ်စုံများ လဲဝတ်ကြသည်။ လင်းဇီချန်သည် ရေကူးဘောင်းဘီတိုကိုသာ ဝတ်ဆင်ထား၍ သူ၏ကောင်းမွန်စွာ အချိုးအစားကျနကြည့်ကောင်းသော ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြသထားသည်။ ရှန်ချင်းဟန်သည် သူမ,ဝတ်ဆင်နေကျအတိုင်း ရိုးစင်းလုံခြုံသော ရေကူးဝတ်စုံကိုသာ ဝတ်ဆင်ထားရာ ပေါင်သားအနည်းငယ်သာလျှင် လှစ်ဟနေသည်။

“ဟိုဘက်မှာ လူနည်းတယ်၊ အဲဒီဘက်ကို သွားကြရအောင်”

လင်းဇီချန် ပြောလိုက်သည်။

“ကောင်းပြီ”

ရှန်ချင်းဟန်သည် ခေါင်းညိတ်တုံ့ပြန်ပြီး နာခံစွာဖြင့် လင်းဇီချန်နောက်သို့ လိုက်ခဲ့သည်။

မကြာမီ၌ နှစ်ဦးလုံးသည် ရေတိမ်ပိုင်းသို့ ဆင်းခဲ့ကြသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်အား ဦးစွာ ရေအောက်တွင် အသက်ရှူအောင့်ထားနိုင်သည့် ကြာချိန်ကို စမ်းသပ်စစ်ဆေးသည်။ လွန်ခဲ့သည့်တစ်ခေါက်ကဲ့သို့ ရေအောက်တွင် ၁၀မိနစ်ကျော် အသက်ရှူအောင့်နိုင်ခြင်းရှိ၊မရှိကို စစ်ဆေးခြင်းဖြစ်သည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ရှန်ချင်းဟန်သည် ရေအောက်တွင် မိနစ်၂၀ကြာ အသက်ရှူအောင့်နိုင်ခဲ့သည်။

“ဇီချန် ဘယ်လောက်ကြာလဲ”

“မိနစ်၂၀နဲ့ ၃၈စက္ကန့်”

လင်းဇီချန် ပြန်ဖြေသည်။

“အာ အဲဒီလောက်တောင်ကြာတယ်လား”

ရှန်ချင်းဟန် မယုံကြည်နိုင်စွာ ပင့်သက်ရှိုက်မိလိုက်၏။ သူမကိုယ်တိုင်၏လုပ်ဆောင်မှုအား သူမကိုယ်တိုင် ပြန်လည်အံ့အားသင့်နေပေသည်။

လင်းဇီချန် ရှန်ချင်းဟန်အား ပြောသည်။

“ဟန်ဟန် နင့်ရဲ့ရေကူးစွမ်းရည်က အရမ်းကောင်းတယ်။ ဒါက နင်ငယ်ငယ်က ရှူးပေါက်တာကို မထိန်းချုပ်နိုင်တာနဲ့ ဆက်စပ်နေလိမ့်မယ်။ ငါတို့တွေ ဒီကိစ္စကို သေချာလေ့လာဖို့လိုအပ်တယ် ပြီးတော့ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က အကြောင်းရင်းကို တတ်နိုင်သမျှမြန်မြန် နားလည်အောင်လုပ်ဖို့ လိုတယ်”

“အင်း ငါလည်း အဲဒါက ဆက်စပ်မှုရှိတယ်လို့ထင်တယ်”

ရှန်ချင်းဟန်မှ ပါးမို့လေးများ အနည်းငယ်နီရဲလျက် ပြန်ပြောသည်။

လင်းဇီချန်သည် ထိုအကြောင်းအရာကို အတော်လေး ပေါ့ပေါ့ပါးပါးသဘောထား၍ ရှန်ချင်းဟန်၏ ဆီးမထိန်းနိုင်သည့်အကြောင်းကို ဘွင်းဘွင်းရှင်းရှင်းပြောလာခဲ့ရာ ရှန်ချင်းဟန် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။ သူတို့နှစ်ဦးသည် အတူတကွကြီးပြင်းလာကြပြီး အရမ်းရင်းနှီးကြသည့်တိုင် ကျား၊မ ကွဲပြားကြသည်ဖြစ်ရာ အချို့သော ကိုယ်ရေးကိုယ်တာဆန်သော အကြောင်းအရာများကို ဆွေးနွေးရာ၌ အနည်းငယ် ကသိကအောက်ဖြစ်နိုင်ပေသည်။

ထို့နောက်၌ လင်းဇီချန်သည် ရှန်ချင်းဟန်၏ အမျိုးမျိုးသော ရေအောက်စွမ်းရည်များကို စမ်းသပ်စစ်ဆေးသည်။ စစ်ဆေးနေစဉ်အတွင်း၌ ရှန်ချင်းဟန်၏ ခန္ဓာကိုယ်ပြောင်းလဲမှုများကို အဆက်မပြတ် စောင့်ကြည့်လေ့လာနေခဲ့သည်။ သို့သော် ရှန်ချင်းဟန်၏ခန္ဓာကိုယ်သည် အထူးတလည်ပြောင်းလဲမှု မရှိဘဲ ပုံမှန်အတိုင်း တည်ရှိနေမြဲပင်။ တစ်ခုတည်းသောကွာခြားချက်မှာ ရှန်ချင်းဟန်၏ ရေအောက်စွမ်းရည်များသည် လွန်ခဲ့သည့်တစ်ခေါက်ကထက် တိုးတက်လာခြင်းပင်ဖြစ်သည်။ ရှန်ချင်းဟန် ဤကြားကာလများအတွင်း၌ ရေကူးလေ့ကျင့်ခန်းများ တစ်ကြိမ်တစ်ခါမျှ လေ့ကျင့်ခဲ့ခြင်းမရှိလေရာ ထိုသို့တိုးတက်မှုသည် ထူးဆန်းပေသည်။

ဘယ်လိုလုပ်ပြီး သူ့ရဲ့ ရေအောက်စွမ်းရည်တွေက တိုးတက်လာရတာလဲ။

၎င်းမှာ အဓိပ္ပာယ်မရှိပေ။ ဂရုတစိုက်စောင့်ကြည့်လေ့လာမှု လိုအပ်ပေသည်။

ထိုသို့အတွေးဖြင့် လင်းဇီချန် ရှန်ချင်းဟန်အား ပြောလိုက်သည်။

“ဟန်ဟန် ရေအောက်ကမ္ဘာကိုသွားပြီး စူးစမ်းကြည့်ကြရအောင်”

လင်းဇီချန် အကြံပြုလိုက်သည်။

“ကောင်းပြီ”

ရှန်ချင်းဟန် ခေါင်းညိတ်သည်။

ထို့နောက် နှစ်ဦးသားသည် ရေထဲသို့ အတူတကွ ရေငုပ်သွားကြပြီး မီတာ၁၀ခန့်နက်ရှိုင်းသော ရေအောက်ရေညှိကြမ်းပြင်ပေါ်၌ လမ်းလျှောက်ကြသည်။ ထိုအချိန်အတွင်း၌ လင်းဇီချန်သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ ရှန်ချင်းဟန်သည် ရေထဲသို့ စတင်ဝင်ရောက်ချိန်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။ သို့သော် အလျင်အမြန် အသားကျအောင် ညှိယူနိုင်ခဲ့ပြီး မီတာ၁၀ခန့် အနက်အထိ ရေအောက်ကမ္ဘာတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပေသည်။ သူမ၏ရေကူးစွမ်းရည်သည် အလွန်ထူးချွန်ပြောင်မြောက်လှသည်မှာ လူသားမဆန်သည်အထိပင်။ ကုန်းနေသတ္တဝါတစ်ဦးထက် ရေနေသတ္တဝါတစ်ဦးနှင့် ပို၍ဆင်တူပေသည်။ ရွှီမုန့်၏စကားသည် မှန်ကန်နိုင်ကောင်း၏။ ရှန်ချင်းဟန်သည် ရေဖြင့်ပြုလုပ်ထားခြင်း ဖြစ်နိုင်ပေသည်။

လင်းဇီချန် ထိုသို့စဉ်းစားတွေးတောနေစဉ်အတွင်း မကြာမီကပင် ကျေနပ်အားရနေခဲ့သော ရှန်ချင်းဟန်သည် ရုတ်တရက် စိတ်အခြေအနေပြောင်းလဲသွားကာ စိုးရိမ်ထိတ်လန့်နေလျက် လင်းဇီချန်၏လက်မောင်းကို အားဖြင့်လှုပ်ယမ်း၍ ရေမျက်နှာပြင်သို့ ပြန်တက်ရန်လိုအပ်ကြောင်း အချက်ပြလာသည်။ လင်းဇီချန်လည်း တွေဝေမနေဘဲ ရှန်ချင်းဟန်နှင့်အတူ ရေမျက်နှာပြင်သို့ ပြန်တက်ခဲ့ပြီး ကမ်းခြေသို့ အလျင်အမြန် ကူးခတ်သွားလိုက်သည်။

“အရင်တစ်ခေါက်က ကြားခဲ့တဲ့အသံကို ထပ်ကြားရလို့လား”

ကမ်းခြေသို့ရောက်သည်နှင့်တစ်ပြိုင်နက် လင်းဇီချန် မေးလိုက်သည်။

ရှန်ချင်းဟန်သည် အနည်းငယ် ဖြူဖျော့နေလျက် ပြန်ပြောသည်။

“ငါ ထူးဆန်းတဲ့အသံကြီးကို ထပ်ကြားရပြန်ပြီ။ ဒီတစ်ခေါက်က ပိုပြတ်သားပြီး အသံပိုကျယ်တယ်။ အမျိုးသမီးတစ်ယောက်က ငါ့နားမှာ တိုးကပ်ပြောနေသလိုပဲ အရမ်းကြက်သီးထစရာကြီး”

“ဒီတစ်ခေါက်ရော သူဘာပြောတာလဲဆိုတာကို နားလည်ခဲ့လား”

လင်းဇီချန် မေးသည်။

ရှန်ချင်းဟန် ခေါင်းခါရမ်းသည်။

“ငါ မပြောတတ်ဘူး။ ဒီကမ္ဘာရဲ့ အသုံးများတဲ့ဘာသာစကားတော့ ဟုတ်မယ်မထင်ဘူး။ ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဂါထာရွတ်ဆိုသံလိုမျိုးပဲ”

“ဂါထာရွတ်သံလား”

လင်းဇီချန် မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံမေးမြန်းသည်။

“နင်အဲဒီအသံကို ငါနားထောင်ကြည့်ရအောင်လို့ တစ်ပုံစံတည်း ပြန်ရွတ်ပြနိုင်မလား”

“ဟင့်အင်း လူသားတွေရဲ့အသံကြိုးက အဲဒီလိုအသံမျိုးထွက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး”

ရှန်ချင်းဟန် ခေါင်းခါရမ်း၍ ပြန်ဖြေသည်။ ထို့နောက် ဆက်ပြော၏။

“ဇီချန် ငါတို့ပြန်ကြရအောင်၊ ငါဒီနေရာမှာ ဆက်မနေချင်တော့ဘူး။ မလုံခြုံဘူးလို့ ခံစားရတယ်”

“ကောင်းပြီ ငါတို့ပြန်ကြမယ်”

လင်းဇီချန် ပြန်ပြောသည်။ ရှန်ချင်းဟန်၏ အခြေအနေသည် သိပ်မကောင်းမွန်သောကြောင့် လင်းဇီချန်သည် သူမအား ကမ်းခြေမှ ဝေးကွာရာသို့ အလျင်အမြန် ခေါ်လာခဲ့သည်။

ဘတ်စ်ကားပေါ်၌ ရှန်ချင်းဟန်သည် ပင်လယ်ထဲတွင်ကြားခဲ့ရသည့် အသံကို ပြန်လည်တွေးတောမိပြီး မထိန်းချုပ်နိုင်စွာ ကြောက်ရွံ့စိတ်ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် လင်းဇီချန်ဘက်သို့လှည့်၍ အသနားခံသောအသံလေးဖြင့် ပြောလာသည်။

“ဇီချန် ငါကမ်းခြေကို ထပ်မသွားတော့လို့ ရမလား။ ငါ ရေကူးစွမ်းရည် မလေ့ကျင့်ချင်တော့ဘူး…”

“ကောင်းပြီ ငါတို့ဒီနေရာကို ထပ်မလာတော့ဘူး”

လင်းဇီချန် နှစ်ခါပြန်စဉ်းစားမနေဘဲ ချက်ချင်းသဘောတူလိုက်သည်။

ရှန်ချင်းဟန်သည် ပင်လယ်ထဲသို့ဆင်းခဲ့သည့် နှစ်ကြိမ်လုံးတွင် ထူးဆန်းသည့်အသံများကို ကြားခဲ့ရလေရာ လင်းဇီချန်ကိုလည်း နေမထိထိုင်မသာဖြစ်စေသည်။ ယခုအချိန်ကစပြီး ပင်လယ်ကမ်းခြေကို ရှောင်ကြဉ်သင့်သည်ဟု လင်းဇီချန် စဉ်းစားလိုက်သည်။ သူတို့၏ ရေကူးစွမ်းရည်ကို လေ့ကျင့်ရန် လိုအပ်ခဲ့လျှင် သန့်ရှင်းသည့် သီးသန့်ရေကူးကန်များကို အသုံးနိုင်ပြုနိုင်ပေသည်။ ရှန်ချင်းဟန် ပင်လယ်ထဲတွင်ကြားခဲ့ရသည့် ထိတ်လန့်ချောက်ချားဖွယ်သော အမျိုးသမီးအသံကို သိရှိနိုင်ရန်အတွက်မူ သူတို့နှစ်ယောက် ပို၍ အားကောင်းသန်မာလာသည့်အချိန်ကို စောင့်ဆိုင်းရပေမည်။ ထို့နောက်မှသာ ပင်လယ်ရေနက်ထဲသို့ ရေငုပ်ဆင်း၍ အဖြစ်အပျက်အမှန်အား နားလည်ရန် ကြိုးပမ်းရပေမည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သတိမထားမိလိုက်မီတွင် တစ်လကျော် ကုန်ဆုံးသွားခဲ့သည်။

ရှန့်ဟိုင်အထက်တန်းကျောင်း ပထမနှစ် အတန်း၁၌ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်ဆရာ ချိုက်ယွမ်ဖေးသည် မေးခွန်းစာရွက်တစ်ထပ်ကို သယ်၍ ဝင်လာခဲ့ပြီး ကျောင်းသားများကို ကြည့်လိုက်သည်။

“ဒီလိုနဲ့ပဲ ဆရာတို့တွေ အောက်တိုဘာလကို ရောက်လာခဲ့ပြီ၊ ကျောင်းတက်တာလည်း တစ်လကျော် ရှိသွားခဲ့ပြီ။ ဒီအချိန်ကာလအတွင်းမှာ ငါတို့တွေ သင်ခန်းစာ အတော်အတန်လည်း သင်ယူခဲ့ပြီးကြပြီ။ အခု မင်းတို့တွေ ဘယ်လောက်များများ မှတ်ယူထားနိုင်ခဲ့ကြလဲဆိုတာကို စစ်ဆေးကြည့်ဖို့ အချိန်ပဲ”

“ဒီစာမေးပွဲအတွက် ဆုကြေးရှိတယ်၊ ပထမအဆင့်အတွက် ငွေသား ၈၈၈ယွမ်၊ ဒုတိယအဆင့်အတွက် ၆၆၆ယွမ်၊ တတိယအဆင့်အတွက် ၃၃၃ယွမ် ဆုပေးမှာ”

“ဆုကြေးက အများကြီးမဟုတ်ဘဲ ဒီတိုင်း မင်းတို့အတွက် လှုံ့ဆော်မှုတစ်ခုပါပဲ။ ဒါပေမဲ့ မင်းတို့အားလုံး ဒီစာမေးပွဲကို အလေးအနက်ထားပြီး လွန်ခဲ့တဲ့တစ်လကျော်အတွင်း မင်းတို့ဘာတွေသင်ယူနိုင်ခဲ့လဲဆိုတာကို အမှန်တကယ် ဆန်းစစ်ကြည့်ကြဖို့ ဆရာ မျှော်လင့်တယ်။ ဒီစာမေးပွဲကို အရေးမကြီးဘူးလို့ မမှတ်ယူလိုက်နဲ့”

ထိုသို့ပြောပြီးနောက် ချိုက်ယွမ်ဖေးသည် မေးခွန်းစာရွက်များကို ရှေ့ဆုံးတန်းရှိ ကျောင်းသားများကို ခွဲပေးလိုက်ပြီး နောက်တန်းရှိကျောင်းသားများကို လက်ဆင့်ကမ်း ဝေမျှစေသည်။

“ဝိုး တကယ်ကြီးလား၊ ဒီလိုစစ်ဆေးမှုအတွက် စာမေးပွဲလေးမှာတောင် ဆုကြေးငွေရှိတာလား”

ဟယ့်ယွီသည် ထိုစကားကြောင့် အလွန်အံ့သြထိတ်လန့်သွားသည်။

လီချူရှင်းသည် ရှုပ်ထွေးနေဟန်ဖြင့်ပြော၏။

“သူတို့ နန်ကွမ်းမြို့အထက်တန်းကျောင်းမှာ‌ရော ဒီလိုမျိုးမရှိဘူးလား”

ဟယ့်ယွီ ခေါင်းခါရမ်းလိုက်သည်။

“ငါတော့ အဲဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး”

လီချူရှင်းမှ ဟယ့်ယွီကို ရှင်းပြသည်။

“ငါတို့ရှန့်ဟိုင်အထက်တန်းကျောင်းမှာက ကျောင်းသားတေွကို လစဥ်အကဲဖြတ်စစ်ဆေးမှုတွေမှာ ကြိုးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ဖို့အတွက် ကျောင်းကနေ ဆရာတွေကို လတိုင်း ငွေကြေးထောက်ပံ့ပေးတယ်”

“ဝိုး မိုက်လိုက်တာ”

ဟယ့်ယွီ အံ့အားသင့်စွာဖြင့် တုံ့ပြန်၏။ ထို့နောက် မထိန်းချုပ်နိုင်စွာ မကျေမနပ်ပြောလာသည်။

“နန်ကွမ်းမြို့က အခြေခံပညာရေးစနစ် အားကောင်းပေမဲ့ ကျောင်းသားတွေကိုပေးတဲ့ အကျိုးအမြတ်တွေကျတော့ ရှန့်ဟိုင်မြို့နဲ့ မယှဉ်နိုင်ဘူး၊ လက်မခံနိုင်စရာပဲ”

ဘေးတွင်ထိုင်နေသည့် လင်းဇီချန်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဆုကြေးငွေရှိတယ်လား။ ပြီးတော့ ပထမဆုအဆင့်အတွက်က ၈၈၈ယွမ်တဲ့လား။ ဒီပမာဏက ရက်ရောတဲ့ပမာဏပဲ။ ကြမ်းကြုတ်သောလင်းယုန်သားရဲအသား ကျင်းတစ်ဝက်ဝယ်ဖို့ လုံလောက်တယ်။

“အားလုံးပဲ မေးခွန်းစာရွက်ရတာနဲ့ တိတ်တိတ်ဆိတ်ဆိတ် စဖြေကြမယ်”

ကျောင်းသားများသည် ဆုကြေးငွေအကြောင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ချိုက်ယွမ်ဖေးသည် အတန်း၏အခြေအနေကို ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်သည်။

မကြာမီ၌ အတန်းတစ်ခုလုံး ငြိမ်သက်သွားပြီး ကျောင်းသားများအားလုံးသည် မေးခွန်းစာရွက်အပေါ် စတင်အာရုံစိုက်ကြလေသည်။ အမျိုးမျိုးသော အသိပညာဗဟုသုတများအကြောင်းကို မေးခွန်းထုတ်ထားသော လှည့်ကွက်ပါဝင်သော မေးခွန်းများကြောင့် စာမေးပွဲသည် အနည်းငယ်ခက်ခဲ၏။ ကျောင်းသားအများစုမှာ ဖြေဆိုရင်းဖြင့် မျက်မှောင်ကြုတ်ကုန်ကြသည်။

လင်းဇီချန်အတွက်မူ ထိုမေးခွန်းများသည် လွယ်ကူသောကြောင့် ပေါ့ပေါ့ပါးပါးပင် ဖြေဆိုနိုင်ခဲ့သည်။ မေးခွန်းကို တစ်ချက်ကြည့်ရုံမျှဖြင့် အဖြေကို သိရှိနေလေရာ ဦးနှောက်ကိုပင် များစွာမသုံးလိုက်ရပေ။ တွေးတောရန်ထိုက်တန်သည့် တစ်ခုတည်းသောအရာမှာ နောက်ဆုံးသောမေးခွန်းဖြစ်သည်။ သို့သော် မိနစ်ဝက်ခန့်မျှ တွေးတောပြီးနောက်တွင် လုံလောက်သွားပြီဖြစ်၏။ ပြီးပြည့်စုံသော ရမှတ်၁၀၀ကိုရရှိရန်မှာ လက်ဖြင့်ရေးချရန်သာ လိုအပ်တော့သည်။ ဆိုလိုသည်မှာ ပထမအဆင့်အတွက် ဆုကြေးငွေ၈၈၈ယွမ်သည် သူ့လက်ထဲသို့ ရောက်ရှိနေပြီဟူ၍ ဖြစ်သည်။

တစ်နာရီကျော်ခန့်ကြာမြင့်ပြီးနောက်တွင် စာမေးပွဲပြီးဆုံးသွားခဲ့သည်။ ချိုက်ယွမ်ဖေးသည် ကျောင်းသားများကို အဆင့်သတ်မှတ်ပေးခြင်းအား နေ့လည်ခင်းကျောင်းဆင်းချိန်မတိုင်မီ ပြီးဆုံးစေရန်ရည်ရွယ်ချက်ဖြင့် အဖြေလွှာများကို ရုံးခန်းသို့ ယူသွားခဲ့သည်၊ ချိုက်ယွမ်ဖေး အတန်းထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ညည်းညူသံများစွာ ထွက်ပေါ်လာတော့သည်။

“သေရောကွာ စာမေးပွဲက အရမ်းခက်တာပဲ။ လေဆာအမြောက်ရဲ့ စွမ်းအင်လှိုင်းအလျားကိုပါ မေးထားတယ်။ ငါတို့က အဲဒါကို ဘယ်လိုလုပ်မှတ်မိနေမှာလဲလို့။ အဲဒါကို မှတ်ထား‌လို့ရော ဘယ်နေရာမှာ အသုံးဝင်မှာမလို့လဲ”

“အမှန်ပဲ၊ စာမေးပွဲက အရမ်းခက်ခဲလွန်းတယ်”

“နောက်ဆုံးက ပြဿနာဖြေရှင်းတဲ့မေးခွန်းက တကယ်တရားလွန်တယ်။ နောက်ပြန်ကန်အားမဲ့ လေကြောင်းစက်ကိရိယာနဲ့ လေထုဖိအားရဲ့ ဆက်နွယ်မှုကို မေးထားတာ။ သူတို့က ငါတို့ကို ကိန်းဂဏန်းအတိအကျကိုပါ တွက်ချက်ပေးစေချင်နေတာ။ အဲဒီဆယ်လီစိတ်တွေကို တွက်ချက်တာက ဘာအဓိပ္ပာယ်ရှိမှာလဲ"

“ဟူးး ငါ အစက အမှတ်၉၀ရဖို့ မှန်းထားတာ ဒါပေမဲ့ အခုတော့ ၆၀ကျော်ရင်တောင် ကံကောင်းတာပဲ”

စာမေးပွဲ မည်မျှခက်ခဲကြောင်းကို အားလုံးညည်းညူနေကြစဥ်တွင် ဝမ်ရှုကျယ်သည် နေရာမှထ၍ လုကန်းဆီသို့ လျှောက်သွားပြီး ပြုံးရယ်လျက် မေးမြန်းသည်။

“စာမေးပွဲက တကယ်ကို ခက်ခဲတယ်။ မင်းရော ဘယ်လောက်ထိ ဖြေနိုင်ခဲ့တယ်ထင်လဲ”

“၉၅မှတ်လောက် ရနိုင်မယ်ထင်တာပဲ”

လုကန်းမှ ပြန်ဖြေသည်။ ထို့နောက် ဝမ်ရှုကျယ်အား မေးသည်။

“မင်းရော”

ဝမ်ရှုကျယ် ပြုံးလိုက်သည်။

“ငါလည်း အတူတူပါပဲ။ နောက်ဆုံးမေးခွန်းရဲ့ နောက်ဆုံးအပိုင်းးကို မသိတာလေးပဲ။ အဲဒါကြောင့် ငါလည်း ၉၅မှတ်ဝန်းကျင်လောက် ရမယ်လို့ထင်တယ်”

ထိုနှစ်ယောက်၏ ၉၅မှတ်ဝန်းကျင်ရရှိလိမ့်မည်ဟု ခန်းမှန်းနေကြသော စကားဝိုင်းကို ကြားလိုက်သောအခါ ကျောင်းသားအများစုသည် အသက်ရှူသံတမျှ တိုးလျသောအသံဖြင့် ထိုနှစ်ယောက်ကို ကျိန်ဆဲလိုက်ကြသည်။

ဒီလိုခက်ခဲတဲ့မေးခွန်းကိုတောင် အဲဒီလောက် အမှတ်အများကြီးရဖို့ မှန်းနိုင်သေးတယ်လား။ သူတို့က တခြားသူတွေကို မျှော်လင့်ချက်မဲ့အောင် လုပ်နေတာလားပဲ။

ထိုစဉ် ရှန်ချင်းဟန်သည်လည်း လင်းဇီချန်ကို သူမ,ခက်ခဲခဲ့သည့်အကြောင်းများကို ပြောပြနေသည်။

“ဇီချန် စာမေးပွဲက တကယ် အရမ်းခက်တာပဲ၊ ငါ စာမေးပွဲကျမယ်ထင်တယ်”

“အဆင်ပြေပါတယ်။ အကုန်လုံးအတွက် ခက်ခဲတာပဲဟာ နင်တစ်ယောက်တည်း ခက်တာ မဟုတ်ဘူးလေ။ ပျမ်းမျှရမှတ်ထက် ပိုရနိုင်သ၍ ပြဿနာမရှိနိုင်ပါဘူး”

လင်းဇီချန် နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

ရှန်ချင်းဟန် စဉ်းစားကြည့်လိုက်ပြီးနောက် လင်းဇီချန်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသောကြောင့် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာသည် အတော်လေး ပြေလျော့သွားခဲ့ပြီး ချိုသာသောအပြုံးလေး ပြန်လည်ဖြစ်ပေါ်လာသည်။

“ဟုတ်တာပဲ။ ငါက စာမေးပွဲတိုင်းမှာ ရလဒ်တွေ အတော်လေးကောင်းခဲ့တာပဲဟာ၊ ကျိန်းသေပေါက် ပျမ်းမျှရမှတ်ထက် ပိုရမှာ သေချာတယ်”

အခန်း ၅၁

ဆရာ: လင်းဇီချန် အမှတ်၁၀၀

မကြာမီ၌ အတန်းတက်ခေါင်းလောင်းသံမြည်လာခဲ့သည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်း ဘာသာရပ်အတန်းချိန်ဖြစ်ကြောင်း အချက်ပြခြင်းဖြစ်သည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်ဆရာ လျိုသဲ့ရန်သည်လည်း စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဆရာ ချိုက်ယွမ်ဖေးကဲ့သို့ မေးခွန်းစာရွက် တစ်ထပ်ကြီးကိုသယ်၍ အတန်းထဲသို့ ဝင်လာသည်။

၎င်းသည်လည်း လပတ်စာ‌မေးပွဲဖြစ်ပြီး ချိုက်ယွမ်ဖေး၏စာမေးပွဲနှင့် ဆုကြေးအတူတူပင်ဖြစ်သည်။ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ တစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် စာမေးပွဲ ပြီးဆုံးသွားခဲ့သည်။ လျိုသဲ့ရန်သည် ‌မေးခွန်းစာရွက်များကို စုဆောင်း၍ ရုံးခန်းသို့ ပြန်လည်ယူဆောင်သွားခဲ့သည်။ နေ့လယ်ခင်းနားချိန်မတိုင်မီ အဆင့်သတ်မှတ်ခြင်း ပြီးဆုံးမည်ဟုလည်း ပြောခဲ့သေးသည်။ လျိုသဲ့ရန် ထွက်ခွာသွားပြီးသည်နှင့် တစ်ပြိုင်နက် အတန်းတစ်ခုလုံး၌ ညည်းတွားသံများ ပြည့်နှက်သွားပြန်သည်။

“သူတို့ ခေါင်းထဲ တစ်ခုခုဖြစ်နေကြတာလား။ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်ထက် ပိုခက်တဲ့မေးခွန်းတွေ ထုတ်လာတယ်။ ငါတို့ကို ကမောက်ကမဖြစ်အောင်လို့ တမင်လုပ်နေတာလားပဲ”

“ငါတော့ လက်လျှော့ပြီ။ သူတို့တွေက ငှက်ခြေထောက်ပုံတစ်ပုံပြထားပြီး အဲဒါက ဘယ်ထူးခြားဆန်းပြားသားရဲရဲ့ ခြေထောက်လဲလို့ မေးထားတယ်။ သွေးမျိုးဆက်အဆင့် အတိအကျကိုပါ ခန့်မှန်းခိုင်းထားသေးတယ်။ ငါတို့က အဲဒါကို ဘယ်လို ခန့်မှန်းရမှာလဲလို့”

“ငါငယ်ငယ်ကတည်းကနေ အခုချိန်အထိ စာမေးပွဲတိုင်းမှာ အမှတ်၉၀အောက် မလျော့ဖူးဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ အမှတ်၆၀တောင် မပြည့်နေမှာ စိုးရိမ်မိတယ်”

“ဟက် ငါအခုနားလည်သွားပြီ။ ဒီစာမေးပွဲက ငါတို့ရဲ့အတောင်ပံတွေကို ဖိညှပ်ထားဖို့အတွက် ဆရာတွေရဲ့ ခြောက်လှန့်တဲ့နည်းဗျူဟာပဲ”

အတန်းထဲရှိ ကျောင်းသားတစ်ဝက်ကျော်မှာ စိတ်ဓာတ်ကျကုန်ကြတော့သည်။ နန်ကွမ်းမြို့၏ လက်ရွေးစင်ကျောင်းသားနှစ်ဦးဖြစ်သည့် လုကန်းနှင့် ဝမ်ရှုကျယ်တို့ပင်လျှင် ဤတစ်ကြိမ် မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် စာမေးပွဲတွင် အမှတ်၈၀ခန့်သာ ရနိုင်လိမ့်မည်ဖြစ်သောကြောင့် အကျပ်ရိုက်သွားကြရသည်။

စာသင်ခန်းတစ်ဖက်၌ ရှန်ချင်းဟန်သည် လင်းဇီချန်သို့ လှည့်လာခဲ့ပြီး စိတ်လှုပ်ရှားတက်ကြွစွာ ပြောနေသည်။

“ရှောင်ချန် ငါမျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်မှာ အနည်းဆုံး အမှတ်၇၀တော့ ရမယ်ထင်တယ်”

ရှန်ချင်းဟန်သည် ငယ်စဉ်ကတည်းက လင်းဇီချန်နှင့်အတူ ထူးခြားဆန်းပြားသားရဲများအကြောင်း စာအုပ်များကို မကြာမဏ ဖတ်လေ့ရှိပြီး အခြားအတန်းဖော်များထက် ထူးခြားဆန်းပြားသားရဲများအကြောင်းကို အကျွမ်းတဝင်ရှိသည်။ ထို့ကြောင့် မေးခွန်းအများစုကို အဖြေသိနေခဲ့သည်။

လင်းဇီချန်သည် ပြုံးရယ်လျက် ရှန်ချင်းဟန်ကို စနောက်သည်။

“ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချနေပြန်ပါပြီ။ အမှတ်၇၀ဆိုတာ နင့်ရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ မသင့်တော်ပါဘူး။ အ‌နည်း‌ဆုံး အမှတ်၈၀မှ နင့်ရဲ့ဉာဏ်ရည်နဲ့ ကွက်တိဖြစ် မယ်ထင်တယ်”

လီချူရှင်းသည်လည်း သူတို့အနီးတွင်ရှိနေသောကြောင့် ထိုစကားများကို ကြားနေခဲ့ရပြီး စနောက်ပြောဆိုနေခြင်းဟုသာ မှတ်ယူခဲ့သည်။ အမှတ်၇၀ပင်လျှင် ချဲ့ကားလွန်းနေပြီဖြစ်ရာ အမှတ်၈၀ဟူသည် မဖြစ်နိုင်ပေ။ မေးခွန်း၏ခက်ခဲမှုအဆင့်အရ အမှတ်၆၀ရရှိ‌အောင်မြင်နိုင်ခြင်းပင်လျှင် အောင်မြင်မှုကြီးတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

ထို့နောက် စက်ဖြင့်ပြုပြင်မွမ်းမံခြင်း ဘာသာရပ်ဆရာ ချိုက်ယွမ်ဖေးသည် လောလောလတ်လတ် အဆင့်သတ်မှတ်ပေးထားသည့် အဖြေစာရွက်တစ်ထပ်ကို ကိုင်ဆောင်၍ အတန်းအား အပြုံးဖြင့် နှုတ်ဆက်သည်။

“ကျောင်းသားအားလုံး စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ် စာမေးပွဲရလဒ်တွေ ထွက်လာပြီ”

ချိုက်ယွမ်ဖေး၏ မျက်နှာအမူအရာအရ ကျောင်းသားများသည် သူ၏မျှော်လင့်ချက်သို့ ရောက်ရှိ၍ ကောင်းကောင်းလုပ်ခဲ့ကြပုံရ၏။

“ဆရာ မြန်မြန်လေး စာရွက်‌တွေ ဝေပေးပါ ကျွန်တော် အမှတ်သိချင်တာ မစောင့်နိုင်တော့ဘူး”

ဟယ့်ယွီမှ ဆရာချိုက်ယွမ်ဖေးအား အော်ပြော၍ တိုက်တွန်းသည်။

သို့သော် ချိုက်ယွမ်ဖေးသည် စင်ပေါ်တွင်ထိုင်ချလိုက်ပြီး ပြော၏။

“ဆရာ မင်းတို့ကို ကိုယ့်ဘာကိုယ် အမှတ်‌တွေ ကြည့်ခိုင်းမှာ မဟုတ်ဘူး။ မင်းတို့ရဲ့ နာမည်နဲ့အမှတ်တွေကို ဆရာ အော်ပေးမှာ။ ဆရာ နာမည်နဲ့အမှတ်ကို အော်လိုက်တဲ့သူက စာရွက်ယူဖို့ထွက်လာခဲ့ပါ။ ဆရာ မင်းတို့တစ်ယောက်ချင်းစီကို လူသိရှင်ကြား ချီးမွမ်းတာ၊ ဝေဖန်ပေးတာတွေ လုပ်ပေးမယ်”

“ဆရာ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကောင်းကောင်းလုပ်ခဲ့တဲ့လူကို လူသိရှင်ကြား ချီးမွမ်းလို့ရတယ်။ ဒါပေမဲ့ ကောင်းကောင်းမလုပ်နိုင်တဲ့သူတွေကို လူသိရှင်ကြား မပြောလို့မရဘူးလား။ အဲဒါက အရမ်းရက်စက်တယ်”

ကျောင်းသားတစ်ယောက်မှ ကန့်ကွက်သည်။

ကံဆိုးစွာဖြင့် ချိုက်ယွမ်ဖေးသည် ကန့်ကွက်မှုကို လက်မခံဘဲ သူ့နည်းလမ်းအတိုင်း ဆက်လုပ်သည်။

“ကျောင်းသားတို့ သိုင်းပညာလက်‌ေရွးစင်အတန်းကို ဝင်ရောက်ပြီး ပထမဆုံးလုပ်ရမယ့်အရာက ကိုယ့်ရဲ့ကျရှုံးမှုကို ရှက်ရွံ့တယ်လို့ မခံစားဘဲ ရင်ဆိုင်ပြီး ပိုကောင်းအောင်လုပ်ဖို့ စိတ်အားထက်သန်ဖို့ပဲ”

“မင်းတို့ အထက်တန်းဂျူနီယာနှစ်မှာ ထူးချွန်ရတဲ့အကြောင်းရင်းက မင်းတို့က ထူးခြားတဲ့သူတွေဖြစ်နေတာကြောင့် မဟုတ်ဘဲ မင်းတို့အနားမှာ ရှိနေတဲ့သူတွေက မင်းတို့လောက် မတော်တာကြောင့်ပဲ”

“အခု မင်းတို့က လက်ရွေးစင်အတန်းမှာ တက်ရောက်နေကြတာဖြစ်တဲ့အတွက် ကျောင်းပေါင်းစုံက ထိပ်တန်းကျောင်းသားတွေ အများကြီးစုနေကြတာ။ အဲဒီတော့ မင်းတို့ အထက်တန်းဂျူနီယာကျောင်းတုန်းကလို ဆက်ပြီးထူးချွန်နေကြပါဦးမလား”

“အနည်းဆုံးတွက်ကြည့်မယ်ဆိုရင်တောင် မင်းတို့ထဲက အများစုက အရင်လို ဆက်မဖြစ်နိုင်ကြလောက်တော့ဘူး”

“ပြီးတော့ မင်းတို့အများစုက ဒီအထက်တန်းကျောင်းသုံးနှစ်အတွင်း တချို့အချိန်တွေမှာ ကျရှုံးမှုတွေကို ကြုံတွေ့ရဦးမယ်”

“ကိုယ့်ရဲ့ကျရှုံးမှုကိုတောင် မရင်ဆိုင်နိုင်ဘူးဆိုရင်တော့ လက်ရွေးစင်အတန်းကနေ ထွက်သွားလိုက်ပြီး သာမန်အတန်းတစ်ခုကိုပြောင်း‌ရွှေ့ပြီး ရေကန်ငယ်လေးထဲက ငါးအကြီးကြီးဆက်လုပ်နေလိုက်ဖို့ပဲ ဆရာ မင်းတို့ကို အကြံပေးချင်တယ်”

ထိုသို့ အလွန်လေးနက်သောစကားများကို ပြောပြီးနောက်၌ ချိုက်ယွမ်ဖေးသည် ပထမဆုံးစာရွက်ကို ကောက်ယူလိုက်ပြီ စတင်ဖတ်သည်။

“ချူးယွီရှီး ၄၈မှတ်”

ထိုအခါ ကျောင်းသူလေးသည် ရှေ့သို့ထွက်ပြီး ခေါင်းငုံ့၍ စာရွက်ကိုလက်ခံယူသည်။ အမှတ်၅၀အောက် လျော့နည်းခြင်းသည် အလွန်ရှက်ရွံ့ဖွယ်ဖြစ်ရာ ခေါင်းမမော့နိုင်တော့ပေ။

“ကျန်းကျစ်ဟောက် ၅၉မှတ်”

“လီကွမ်း ၆၂မှတ်”

“ကောယန်လင်း ၅၂မှတ်”

“ရှန်ချင်းဟန် ၆၁မှတ်”

ရှန်ချင်းဟန်သည် အောင်မှတ်ကျော်သွားသည်ကို ကြားလိုက်သောအခါ တောက်တောက်ပပပြုံးလိုက်ပြီး ထိုင်ခုံမှ အမြန်ထ၍ စာရွက်ယူရန် သွားလိုက်သည်။ စာရွက်ယူပြီးပြန်လာသောအခါ လင်းဇီချန်ကို ပျော်ရွှင်စွာဖြင့် ပြောသည်။

“ရှောင်ချန် ငါအောင်တယ်”

လင်းဇီချန် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“ကြိုးစားမှုက အရာထင်တာပါပဲ”

“ကောင်းဖန်းဖန်း ၅၇မှတ်”

“ဟယ့်ယွီ ၈၈မှတ်”

“ဝိုး—”

ရမှတ်၈၈မှတ်ကို ကြားလိုက်ရသော‌အခါ အတန်းတစ်ခုလုံး၌ အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားသည်။ ယခုအချိန်အထိ ကြေညာခဲ့ပြီးသော ရမှတ်ပေါင်းများစွာထဲတွင် အမှတ်၇၀ရရှိသူပင် ထွက်ပေါ်မလာသေးချေ။ သို့ဖြစ်ရာ ၈၈မှတ်ရရှိသူ ရုတ်တရက် ထွက်ပေါ်လာသောအခါ အတန်းတွင် သက်ရောက်မှုကြီးမားပေသည်။ အတန်းသားများ၏ အကြည့်များအောက်၌ ဟယ့်ယွီသည် ခေါင်းမော့ရင်ကော့လျက် ရှေ့ထွက်လျှောက်လာပြီး စာရွက်ကို လက်ခံယူခဲ့သည်။

“မင်းကောင်းကောင်းလုပ်ခဲ့တယ်။ ဆရာ မင်းအပေါ် ယုံကြည်စိတ်ချပြီ”

ချိုက်ယွမ်ဖေးသည် ဟယ့်ယွီ၏ပခုံးကိုပုတ်၍ ရမှတ်အတွက် ချီးမွမ်းသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ကျောင်းသားများစွာတို့သည် မနာလိုအားကျမှုကြောင့် စိမ်းဖန့်ကုန်ုကြသည်။ သို့သော် လင်းဇီချန်၊ လုကန်းနှင့် ဝမ်ရှုကျယ်တို့သည်တော့ မည်သည့်ခံစားချက်မျှ မရှိပေ။ အထူးသဖြင့် ၇.၉၈စက္ကန့်အတွင်း မီတာတစ်ရာပြေးနိုင်သည့် ဝမ်ရှုကျယ်သည် ဟယ့်ယွီသည်လည်း နမ်ကွမ်းမြို့ကျောင်းသားဟူသည့် အကြောင်းကို စိတ်ထဲမထည့်ဘဲ အထင်အမြင်သေးသည့် အကြည့်တဖျတ်ပင် ထင်ဟပ်သွားလိုက်သေးသည်။

“ဟယ့်ယွီ နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”

ဟယ့်ယွီ စာရွက်ယူပြီး နေရာသို့ ပြန်ရောက်လာသည်နှင့် လီချူရှင်းသည် လေးစားသော မျက်နှာအမူအရာဖြင့် ပြောသည်။ ဟယ့်ယွီသည် စိတ်အတွင်း၌ အလွန်တရာ ကျေနပ်ပီတိဖြစ်နေသော်ငြား တည်ငြိမ်သည့် အသွင်အပြင်ကို ဟန်ဆောင်ထိန်းသိမ်းထားသည်။

“ကံကောင်းသွားတာပါ။ ကံကောင်းပြီး ငါသိတဲ့မေးခွန်းတွေ ပါလာလို့ပါ”

ဘေးထိုင်ခုံရှိ မိန်းကလေးတစ်ယောက်သည် လီချူရှင်းအား ပြုံးလျက် ပြောသည်။

“ချူရှင်း ဟယ့်ယွီက လုကန်းနဲ့ ဝမ်ရှုကျယ်တို့လောက် မတောက်ပပေမဲ့ သူလည်း နန်ကွမ်းမြို့ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ‌ဆိုတာ မမေ့လိုက်နဲ့။ သူလည်း မယုံနိုင်‌စရာကောင်းတဲ့ လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

အခြားကျောင်းသူတစ်ဦးမှ သူ့အား ချီးမွမ်းပြောဆိုလာသည့်တိုင် ဟယ့်ယွီသည် မျက်နှာအမူအရာမပြောင်းလဲအောင် ထိန်းထားခဲ့သည်။ သို့သော် စိတ်ထဲတွင်တော့ အလွန်အမင်း ကျေနပ်ပျော်ရွှင်နေပြီဖြစ်သည်။ ဟယ့်ယွီသည် စိတ်ပျော်ရွှင်မြူးကြွနေလေရာ သူ၏အဖွဲ့သားသုံးယောက်အား ပွင့်လန်းသောမျက်နှာဖြင့် ပြောလိုက်သည်။

“အဖွဲ့ဝင်လေးတွေရေ ငါတတိယဆု ၃၃၃ယွမ်ကို ရတာနဲ့ ငါမင်းတို့ကို တစ်နပ်စာ ကောင်းကောင်းဝယ်ကျွေးမယ်”

ဟယ့်ယွီသည် မိမိမှာ လုကန်းနှင့် ဝမ်ရှုကျယ်တို့ထက် မသာလွန်နိုင်သည်ကို သေချာနေသောကြောင့် မိမိကိုယ်ကို တတိယနေရာအတွက် လျာထားလိုက်သည်။ ဟယ့်ယွီ၏ ထိုစကားကိုကြားသောအခါ လီချူရှင်းသည် မထိန်းချုပ်နိုင်စွာဖြင့် ဆန့်ကျင်ပြောသည်။

“နင်ဘာပြောတာလဲ ဟယ့်ယွီ။ နင့်ကိုယ်နင် ၃၃၃ယွမ်ရပါမယ်လို့ ဘယ်လိုများ အရမ်းတွေ သေချာနေရတာလဲ”

“ဇီချန်လည်း ‌ရေးဖြေစာမေးပွဲတွေမှာ အရမ်းတော်တဲ့သူပါနော်။ သူ့ရဲ့လက်မောင်းတွေဆိုတာလည်း အလယ်တန်းကျောင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရယူရတာကြောင့်နဲ့ ဖုထစ်ဖောင်းနေတာ။ ဇီချန်က နင့်ထက် အမှတ်ပိုများတာလည်း ဖြစ်နိုင်တာပဲ”

“ငါတော့ ဇီချန်က တတိယဆုရဲ့ ဆုကြေးငွေကို ရနိုင်ခြေများတယ်လို့ ထင်တယ်”

လီချူရှင်းသည် လင်းဇီချန်၏ ပရိသတ်တစ်ဦး‌ဖြစ်သောကြောင့် ဟယ့်ယွီ၏စကားကို မကျေနပ်ပေ။ သူမအတွက်မူ လင်းဇီချန်သည် တတိယဆုရနိုင်ခြေ ပိုမြင့်မားသည်ဟု ထင်မြင်မိပေသည်။

လီချူရှင်းသည်လည်း လင်းဇီချန်ကို တတိယအဆင့်ဟု သတ်မှတ်ရသည့်အကြောင်းရင်းမှာ လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် ပထမ၊ဒုတိယအဆင့်များကို သေချာပေါက်ရရှိလိမ့်မည်ဟု ထင်သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ကျန်အတန်းသားများသည် တတိယ‌အဆင့်ကိုသာ ရယူနိုင်ပေတော့မည်။ ဟယ့်ယွီသည်လည်း မိမိမှာ အနည်းငယ် စကားကျွံသွားခဲ့သည်ကို နားလည်လိုက်သောကြောင့် ကသိကအောက်နိုင်စွာ ရယ်မောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်။ ငါဇီချန်ကို ရုတ်တရက် မေ့သွားခဲ့တာ။ တတိယအဆင့်ကို ဇီချန်နဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်ယောက်ရမှာ၊ တခြားသူတော့ လုံးဝမဖြစ်နိုင်ဘူး”

ဟယ့်ယွီသည် ထိုသို့ပြောလိုက်သည့်တိုင် လင်းဇီချန်သည် သူ့ထက် အမှတ်ပိုများလိမ့်မည်ဟု သူ မယုံကြည်ပါချေ။ ထိုမှတ်ချက်စကားသည် သူ၏အဖွဲ့ဝင်များကို မျက်နှာ‌သာပေးရန်အတွက် ပါးစပ်လှုပ်ဝန်ဆောင်မှုပေးလိုက်ခြင်းသာ ဖြစ်သည်။

ထို့နောက် ချိုက်ယွမ်ဖေးသည် လုကန်းနှင့် ဝမ်ရှုကျယ်တို့၏ ရလဒ်များကို ကြေညာသည်။

“လုကန်း ၉၅မှတ်”

“ဝမ်ရှုကျယ် ၉၅မှတ်”

ထိုရမှတ်များကို ကြေညာလိုက်သောအခါ အတန်းတစ်ခုလုံးမှာ အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားပြီး မိမိတို့မှာ အချည်းနှီးဖြစ်သွားရသော သက်ပြင်းချသံများဖြင့် လှိုင်းဂယက်ထသွားခဲ့သည်။

“ဘုရားရေ! ၉၅မှတ်တဲ့! သူတို့ ဘယ်လိုများ အဲဒီအမှတ်ကို ရနိုင်ရတာလဲ။ သူတို့ လူတွေမှ ဟုတ်ကြရဲ့လား”

“နန်ကွမ်းမြို့ရဲ့ ထိပ်တန်းကျောင်းသားတွေက အရမ်းအားကောင်းလွန်းတယ်”

“ဟူး တစ်ခါတစ်လေကျ လူအချင်းချင်းကြားက ကွာခြားမှုက လူနဲ့ခွေးကြားက ကွာခြားမှုထက်တောင် ပိုကြီးမားနေတတ်တယ်”

အတန်းသားအားလုံး၏ အကြည့်များအောက်၌ လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် သူတို့၏စာရွက်များကို သွားခဲ့ကြသည်။ ချိုက်ယွမ်ဖေးသည် အပြုံးဖြင့် သူတို့နှစ်ဦးကို ချီးမွမ်းသည်။

“အထင်ကြီးလောက်စရာပဲ။ မင်းတို့နှစ်ယောက်က နောက်ဆုံးမေးခွန်းရဲ့ နောက်ဆုံးအပိုင်းကိုပဲ မှားခဲ့ကြတာ၊ တခြားမေးခွန်းတွေမှာ အကုန်မှန်တယ်”

ဝမ်ရှုကျယ်သည် တည်ငြိမ်စွာသော မျက်နှာအမူအရာဖြင့် ပြောသည်။

“ဆရာ နောက်ဆုံးမေးခွန်းက အများကြီး တွက်ချက်ဖို့လိုတယ်။ ကျွန်တော့်ကို နောက်ထပ်အချိန်၁၀မိနစ်ပဲပေးရင် ကျွန်တော် သေချာပေါက် အဖြေရအောင်ရှာနိုင်ပါတယ်”

လုကန်းမှ ပြောသည်။

“ကျွန်တော်ရောပဲ”

ချိုက်ယွမ်ဖေးသည် သူတို့နှစ်ဦးလုံးကို ပခုံးခပ်ဖွဖွပုတ်ပေး၍ ယုံကြည်မှုရှိစွာဖြင့် ပြောသည်။

“မင်းတို့နှစ်ယောက်လုံး လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ဆရာ သိပါတယ်”

နန်ကွမ်းမြို့‌ထိပ်တန်းကျောင်းသားနှစ်ဦး စာရွက်ယူပြီး နေရာသို့‌ပြန်သွားပြီးနောက် ချိုက်ယွမ်ဖေးသည် နောက်ထပ်စာရွက်တစ်ရွက်ကို ကောက်ကိုင်၍ မျက်မှန်ကို တစ်ချက်ညှိလိုက်ကာ ကျောင်းသားများကို ပြောသည်။

“ဒီနေ့စာမေးပွဲက အရမ်းခက်ပါတယ်။ ဒါပေမဲ့ မင်းတို့‌ ယုံကြည်နိုင်ကြမှာ မဟုတ်ဘူး– ငါတို့အတန်းထဲမှ အမှတ်ပြည့်ရတဲ့လူတစ်ယောက် ရှိတယ်”

ထိုစကားကို ကျောင်းသားများ မတုံ့ပြန်နိုင်မီ၌ပင် ချိုက်ယွမ်ဖေးသည် တည်ငြိမ်စွာသောအသံဖြင့် နာမည်နှင့်ရမှတ်ကို ကြေညာလိုက်သည်။

“လင်းဇီချန် အမှတ်၁၀၀”

All Chapters