အပိုင်း ၅၂-၅၄
Vol. 4 Ch. 52-54
အခန်း ၅၂
ရှန်ချင်းဟန်လည်း ထိပ်တန်းကျောင်းသားတစ်ယောက်ပါပဲ
“လင်းဇီချန် အမှတ်၁၀၀”
ထိုကြေညာချက်အဆုံး၌ တစ်တန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကမ္ဘာမြေကြီး လည်ပတ်မှု ရပ်တန့်သွားသည့်အလား၊ အချိန်များ ရပ်တန့်သွားသည့်အလားပင်… အားလုံးသည် ကျောက်ရုပ်များသဖွယ် အံ့ဩမှုကြောင့် တောင့်ခဲသွားကြသည်။
လင်းဇီချန် နေရာမှ ထရပ်၍ စာရွက်သွားယူရန် ရှေ့သို့လျှောက်သွားသောအခါမှသာ အားလုံးသည် တွေဝေမိန်းမောနေခြင်းမှ နိုးထလာကြပြီး မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်စွာ ပြောဆိုကြသည်။
“အမှတ်၁၀၀! သူတကယ်ကြီး အမှတ်၁၀၀ရသွားတာပဲ! သူဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ”
“အဓိပ္ပာယ်မရှိဘူး! ဒါလုံးဝ အဓိပ္ပာယ်မရှိဘူး”
“နန်ကွမ်းမြို့ရဲ့ ထိပ်တန်းကျောင်းသားနှစ်ယောက်ကိုတောင် အနိုင်ပိုင်းပစ်လိုက်တာဟ။ လင်းဇီချန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ရှန့်ဟိုင်ရဲ့ဂုဏ်ဆောင်ပဲ”
အနိုင်ပိုင်းတယ်…
ထိုသို့ရက်စက်ကြမ်းတမ်းသော စကားလုံးများကို ကြားလိုက်ရသောအခါ လုကန်းနှင့် ဝမ်ရှုကျယ်တို့၏ မျက်နှာအမူအရာတို့မှာ မကောင်းလှတော့ပေ။ အထူးသဖြင့် ဝမ်ရှုကျယ်ဖြစ်သည်။ သူ၏မျက်နှာတစ်ခုလုံးမှာ စိမ်းဖန့်နေပြီဖြစ်၏။
သူ၏တစ်ဘဝလုံး၌ ထိပ်တန်းကျောင်းသားများဖြင့် ပြည့်နှက်နေသော နန်ကွမ်းမြို့၌ပင် ဝမ်ရှုကျယ်သည် ကြယ်တစ်ပွင့်ကဲ့သို့ ချစ်ခင်မြတ်နိုးခံရကာ သက်တူရွယ်တူများမှ လေးစားအားကျရသူ ဖြစ်ခဲ့သည်။ သို့သော် ပညာရေးအဆင့်အတန်း ပို၍နိမ့်ပါးသည်ဟု သတင်းကျော်ဇောသော ရှန့်ဟိုင်မြို့တွင် ကျောင်း၏ ပထမဆုံး လပတ်စာမေးပွဲတွင် သူများခြေအောက်၌ နင်းခြေခံလိုက်ရမည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းမှာ မိမိကိုယ်ကို ထူးချွန်ထက်မြက်ပြီး အခြားသူများထက် သာလွန်သည်ဟု သတ်မှတ်ထားသော ဝမ်ရှုကျယ်အတွက် လက်ခံနိုင်ရန် ခက်ခဲသောဖြစ်ရပ် ဖြစ်သည်။
တစ်ဖက်၌ ဟယ့်ယွီသည်လည်း အနည်းငယ် မသက်မသာဖြစ်နေဟန် ရှိသည်။ ၈၈မှတ်ရရှိခြင်းသည် သေချာပေါက် တတိယအဆင့်ဝင်ရောက်နိုင်ပြီး ဆုကြေး၃၃၃ယွမ်ကို ရယူနိုင်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် လင်းဇီချန်၏ အမှတ်၁၀၀သည် သူ့အား ထိပ်တန်းသုံးဆင့်မှ တွန်းထုတ်ပစ်ခဲ့လေသည်။ မကြာမီက ဆုကြေးရရှိပြီးလျှင် အဖွဲ့ဝင်များအား တစ်နပ်ဝယ်ကျွေးမည်ဟူသော သူ၏စကားသည် သူ့အား လူပြက်တစ်ဦးကဲ့သို့ ဖြစ်သွားစေလေရာ ဟယ့်ယွီမှာ အတော်လေး ရှက်ရွံ့နေတော့သည်။
စင်မြင့်ထက်တွင် လင်းဇီချန်သည် အားလုံး၏ အံ့အားသင့်နေသော စကားသံများကို လျစ်လျူရှု၍ ချိုက်ယွမ်ဖေးသို့ ဦးတည်သွားခဲ့ပြီး သူ၏စာရွက်ကို လက်ခံယူသည်။ ချိုက်ယွမ်ဖေးသည် တောက်တောက်ပပပြုံးရယ်လျက် လင်းဇီချန်ကို ပြောခဲ့သည်။
“ဇီချန် မင်းက ရေးဖြေတွေမှာ လုပ်ဆောင်မှုကောင်းတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ မင်းက ဒီလောက်ထိ တော်လိမ့်မယ်လို့ ဆရာ တကယ် မျှော်လင့်မထားမိခဲ့ဘူး။ လုကန်းနဲ့ ဝမ်ရှုကျယ်တို့တောင်မှ မင်းကို မယှဉ်နိုင်ကြဘူး”
“ဆရာချိုက် ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ”
“မဟုတ်ရပါဘူး။ နည်းနည်းတောင် မမြှောက်ပင့်ရပါဘူးကွာ”
ချိုက်ယွမ်ဖေး ပြန်ပြောသည်။ ထို့နောက် ရယ်မောလျက် ထပ်မံပြောဆိုသည်။
“ဇီချန် သိုင်းပညာလေ့ကျင့်တဲ့သူတွေက ရိုးရိုးကုပ်ကုပ်နဲ့ ကိုယ့်ကိုယ်ကို အရမ်းမနှိမ့်ချသင့်ဘူး။ မင်းမှာအင်အားရှိရင် နည်းနည်းတော့ ဝံ့ကြွားနေသင့်တယ်။ အဲဒီလိုနဲ့ မင်းရဲ့တက်ကြွမှုကို ပြသနိုင်ပြီး ပိုပြီးတော့လည်း တိုးတက်နိုင်လိမ့်မယ်”
“ဆရာချိုက် ပြောတာမှန်ပါတယ်”
လင်းဇီချန် ခေါင်းညိတ်လက်ခံလိုက်ပြီး ထို့နောက် ဆက်ပြောသည်။
“ဒါနဲ့ ဆရာချိုက် ပထမဆုအတွက် ဆုကြေး၈၈၈ယွမ်ကို ဘယ်တော့ ပေးမှာလဲဗျ”
ချိုက်ယွမ်ဖေး ရယ်မောလိုက်သည်။
“အတန်းသားအားလုံးရဲ့ ရမှတ်တွေကို ကြေညာပြီးရင် ပေးမှာပါ။ ဆရာ ဆုကြေးငွေကို ကိုယ်ပိုင်ငွေလွှဲအကောင့်ကနေ အတန်းအဖွဲ့ထဲကို ပို့ပေးလိုက်ပါမယ်”
“သိပါပြီ ဆရာချိုက်”
လင်းဇီချန် စင်ပေါ်မှ ဆင်းလိုက်ပြီး ထိုင်ခုံနေရာသို့ ပြန်လာခဲ့သည်။ လင်းဇီချန် နေရာတွင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှေ့တန်းမှ ရှန်ချင်းဟန်သည် နောက်လှည့်လာပြီး ပြောသည်။
“ရှောင်ချန် နင်တကယ်ကြီး အမှတ်၁၀၀ရခဲ့တာပဲ။ အရမ်းတော်တယ်”
“မြန်မြန် မြန်မြန်၊ ငါ့ကို နင့်စာရွက်ပြပါဦး။ ငါနင်ဘယ်လိုဖြေခဲ့လဲဆိုတာ ကြည့်ချင်တယ်”
ရှန်ချင်းဟန်သည် သိချင်စိတ်ပြင်းပြစွာ၊ စိတ်အားထက်သန်စွာဖြင့် လင်းဇီချန်၏ လက်ထဲမှ အမှတ်ပြည့်အဖြေလွှာစာရွက်ကို တောင်းနေသည်။
လင်းဇီချန် ပြုံးလိုက်ပြီး စာရွက်ကိုပေးလိုက်သည်။ ထိုအခါ ဟယ့်ယွီနှင့် လီချူရှင်းတို့သည်လည်း မည်သို့အမှတ်ပြည့်ရရှိခဲ့သည်ကို လာကြည့်ကြသည်။
တစ်နာရီခန့်ကြာမြင့်ပြီးနောက် မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် ဆရာလျိုသဲ့ရန်သည် စာရွက်တစ်ထပ်ကိုသယ်၍ အတန်းထဲသို့ ဝင်လာခဲ့သည်။ လျို့သဲ့ရန်သည် စင်မြင့်ပေါ်သို့တက်ရပ်လိုက်ပြီး ကျောင်းသားများကိုကြည့်၍ ပြုံးလိုက်သည်။
“ကျောင်းသားတို့ တခြားဆရာတွေရဲ့ အကူအညီနဲ့ နောက်ဆုံးတော့ မင်းတို့ရဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် စာမေးပွဲရလဒ်တွေ ထွက်လာခဲ့ပြီ”
“ဆရာ အဖြေလွှာစာရွက်တွေကို ကျွန်တော်တို့ကို မြန်မြန်ဝေပေးပါတော့”
ဝမ်ရှုကျယ်မှ လျိုသဲ့ရန်ကို တိုက်တွန်းသည်။
စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်တွင် လင်းဇီချန်မှ သူ့ထက် သာလွန်သွားခဲ့ရာ ဝမ်ရှုကျယ်သည် မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်တွင် လင်းဇီချန်ထက် သာလွန်သောရလဒ်ကို ပြသရန်အတွက် အလွန်စိတ်လောနေခဲ့သည်။
လျိုသဲ့ရန် ရယ်မောလိုက်ပြီး ပြောသည်။
“အားလုံးပဲ မလောကြပါနဲ့။ ဆရာ တစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ရမှတ်တွေကို အော်ပြောပေးမယ်။ ကိုယ့်နာမည်အခေါ်ခံရတဲ့အခါ ထွက်လာပြီး စာရွက်လာယူကြပါ”
ထို့နောက် ကျောင်းသားတစ်ဦးချင်း၏ နာမည်နှင့်ရမှတ်များကို ကြေညာသည်။ ကျောင်းသားအများစုမှာ စာမေးပွဲကျကြသည်။ နန်ကွမ်းမြို့ထိပ်တန်းကျောင်းသားနှစ်ဦးဖြစ်သော လုကန်းသည် ၈၁မှတ်နှင့် ဝမ်ရှုကျယ်သည် ၈၃မှတ်ဟူ၍ ဂုဏ်ထူးမှတ်ကို ကျော်ရုံမျှသာ အသီးသီးရရှိခဲ့ကြသည်။ တစ်တန်းလုံး၏ အာရုံစိုက်မှုဗဟိုချက်ဖြစ်နေသော လင်းဇီချန်သည် အမှတ်ပြည့် အမှတ်၁၀၀ဖြင့် အားလုံးကို နောက်တစ်ကြိမ် အံ့အားသင့်စေခဲ့ပြန်သည်။
နှစ်ကြိမ်ဆက်တိုက် အမှတ်ပြည့် ရရှိခြင်းပင်။ အထူးသဖြင့် ကျောင်းသားအများစု စာမေးပွဲကျကြသော မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်တွင်လည်း အမှတ်ပြည့်ရရှိခြင်းဖြစ်သည်။ ထိုသို့ သာလွန်ထူးကဲသော လုပ်ဆောင်ချက်သည် အားလုံး၏ ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ် သိမြင်နားလည်မှုကို တစ်ဖန်ပြောင်းလဲပစ်ခဲ့သည်။ လင်းဇီချန်သည် တော်သည့် ကျောင်းသားတစ်ဦးသာ မဟုတ်ဘဲ စာပေနတ်ဘုရားတစ်ပါးဖြစ်ပေသည်။
ထိုအခါ ဝမ်ရှုကျယ်သည် ဤအဓိပ္ပာယ်မရှိသောလက်တွေ့ကို ယုံကြည်ရန်ငြင်းဆန်ခဲ့ပြီး သူ၏သံသယကို လျိုသဲ့ရန်အား ထုတ်ဖော်ပြောခဲ့သည်။ ဒီလောက်ခက်ခဲတဲ့ စာမေးပွဲမှာ ဘယ်လိုလုပ်ပြီး အမှတ်ပြည့်ရတဲ့သူ ရှိနိုင်မှာလဲ။ ဒီလိုအမှတ်ပြည့်ရဖို့ဆို အဖြေကြိုသိနေမှပဲ ရလိမ့်မယ်။
သို့သော် လျိုသဲ့ရန်သည် ထိုသက်သေမရှိသော အခြေအမြစ်မရှိသည့် သံသယများကို ဖယ်ထုတ်ခဲ့သည်။ လျိုသဲ့ရန်သည် စာေမးပွဲမေးခွန်းများကို မိမိကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး အဖြေများကို အွန်လိုင်းတွင်လည်း မရှာဖွေနိုင်ကြောင်း၊ လိမ်လည်ဖြေဆိုဖို့ရာ မဖြစ်နိုင်ကြောင်း ပြန်ပြောခဲ့သည်။
ဝမ်ရှုကျယ် တိတ်ဆိတ်သွား၏။ မောက်မာထောင်လွှားသည့် ဝမ်ရှုကျယ်တစ်ယောက် ရိုကျိုးနှိမ့်ချသွားရခြင်းကို မြင်သောအခါ ဟယ့်ယွီသည် အားရမှုကြောင့် ဝမ်းမြောက်သွားရပြီး လင်းဇီချန်အား ပြောလာသည်။
“အဲဒီကောင်က ငါ့ကို ရယ်အောင်လုပ်နေတာပဲ။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ ကိုယ်ရှုံးနိမ့်တာကိုလည်း လက်မခံနိုင်ပြန်ဘူး။ မင်းကိုတောင် လိမ်လည်ဖြေဆိုတယ်လို့ သံသယဝင်လိုက်သေးတယ်။ ဘယ်လိုတောင် နန်ကွမ်းမြို့သားတွေအတွက် အရှက်ရစရာလဲကွာ”
“အမှန်ပဲ။ အဲဒီဝမ်ရှုကျယ်က အဆင့်အတန်းမရှိဘူး။ ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့ရုပ်လဲ”
အသွင်အပြင်နှင့်ပတ်သက်၍ ချေးများသော လီချူရှင်းသည်လည်း ကျီစယ်စကားဆိုသည်။
ထိုနှစ်ယောက်၏ အခြားသူအား နောက်ကွယ်တွင် မကောင်းပြောနေသည်ကို ကြားသောအခါ တင်းကျပ်သည့် ရှန်ချင်းဟန်သည် သတိကြီးစွာဖြင့် အလျင်အမြန် တီးတိုးပြောလိုက်သည်။
“နင်တို့နှစ်ယောက် အဲဒီလိုမပြောသင့်ဘူး။ တစ်ယောက်ယောက်ကြားသွားရင် မကောင်းဘူးလေ”
ဟယ့်ယွီသည်တော့ စိုးရိမ်ပူပန်ခြင်း မရှိပေ။
“ဘာကြောက်စရာရှိလို့လဲ။ ရှုံးတာကို လက်မခံနိုင်ဘဲနဲ့ ဇီချန်ကို လိမ်လည်ဖြေဆိုပါတယ်ဆိုပြီး အရင်သံသယဝင်တာက သူလေ။ ငါတို့သူ့ကို နည်းနည်းလောက် ကျိန်ဆဲတာ ဘာမှာလို့လဲ။ သူက ငါ့ကို လာဆွဲထိုးနိုင်မှာလား ဘာလား”
လီချူရှင်းသည်လည်း စိတ်ကျေနပ်ပုံမရပေ။
“ဟုတ်တယ်။ ဝမ်ရှုကျယ်က ကျိန်ဆဲခံရဖို့ ထိုက်တန်တယ်။ သူ့နောက်ကွယ်မှာ မကောင်းပြောရတာလောက်နဲ့ လုံးဝ စိတ်မကျေနပ်နိုင်သေးဘူး။ ငါဒီနေ့ည အိမ်ပြန်ရောက်ရင် သူ့အတွက် စုန်းပြုစားအရုပ် လုပ်ပစ်ဦးမှာ”
“အာ စုန်းပြုစားအရုပ်လား.. စုန်းပြုစားအရုပ်လုပ်မယ်တဲ့လား”
ရှန်ချင်းဟန်သည် ထိုစကားကြောင့် အလွန်ထိတ်လန့်သွားခဲ့သည်။
လီချူရှင်း၏စကားများသည် ပို၍ရိုင်းပျပြင်းထန်လာသည့်အလျောက် လင်းဇီချန်သည် ဆက်လက်စောင့်ကြည့်မနေတော့ဘဲ ကြားဖြတ်နှောင့်ယှက်လိုက်သည်။
“ချူရှင်း သူ့နောက်ကွယ်မှာ လူမသိအောင် မကောင်းပြောတာလောက်ဆိုရပြီ။ စုန်းပြုစားအရုပ်အထိတော့ မလုပ်နဲ့တော့”
“ကောင်းပြီ။ ငါမလုပ်တော့ဘူး”
လီချူရှင်းသည် ရှန်ချင်းဟန်၏ အကြံပြုချက်ကို လျစ်လျူရှုခဲ့သော်ငြား သန်းကိုးရာကျော်သော မိန်းကလေးများ၏ အိပ်မက်ချစ်သူကောင်လေး၏ စကားကိုဖြင့် နားထောင်လေသည်။
သူတို့အချင်းချင်း တီးတိုးပြောနေကြစဉ်တွင် လျိုသဲ့ရန်သည် အခြားကျောင်းသားများ၏ နာမည်နှင့်ရမှတ်များကို ဆက်လက်ကြေညာနေခဲ့သည်။ စာရွက်တစ်ရွက်သာ ကြေညာရန် ကျန်တော့သည့်အချိန်မှ နောက်ဆုံးတွင် ရှန်ချင်းဟန်၏နာမည်ကို ခေါ်လာခဲ့သည်။
“ရှန်ချင်းဟန် ၇၈မှတ်”
သူမ၏ရမှတ်ကိုကြားသောအခါ ရှန်ချင်းဟန်ဟည် အစပိုင်းတွင် မင်သက်သွားခဲ့ပြီးနောက်မှ စိတ်လှုပ်ရှားမှုကြောင့် လက်များတုန်ယင်လာခဲ့သည်။
၇၈မှတ်တဲ့!
သူမထက် အမှတ်များသူဟူ၍ လင်းဇီချန်၊ ဝမ်ရှုကျယ်၊ လုကန်းနှင့် ဟယ့်ယွီတို့သာ ရှိပေသည်။ အတန်းတွင်း အဆင့်၅ဖြစ်၏။
“ဘုရားရေ ဟန်ဟန် နင်ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အမှတ်များရတာလဲ”
လီချူရှင်းသည် အလွန်အံ့အားသင့်သွားသောကြောင့် အချိန်ခဏမျှ နားကြားမှားသည်ဟု တွေးထင်လိုက်သေးသည်။ ထို့ကြောင့် မယုံကြည်နိုင်စွာဖြင့် ကြောင်အကြည့်နေခဲ့သည်။
ဟယ့်ယွီသည်တော့ မအံ့ဩပါချေ။ ထိုအရာကို သေချာပေါက်ဖြစ်နိုင်သည့်အရာဟု တွေးထားပေသည်။
“အဲဒါက ဘာများ အရမ်းထူးဆန်းနေလို့လဲ။ သူ့ရဲ့ငယ်သူငယ်ချင်းလေးက ဘယ်အဆင့်မှာလဲဆိုတာ မမြင်ဘူးလား။ သူက ကလေးဘဝကတည်းက ဇီချန်နဲ့အတူတူ ကြီးပြင်းလာခဲ့တာလေ.. သူ့ရဲ့ စာပေပညာရပ် လုပ်ဆောင်ချက်က ဆိုးရွားနိုင်ပါ့မလား”
တစ်ပြိုင်နက်တည်း၌ အတန်းသားအားလုံးနီးပါးသည် အလွန်အမင်း အံ့အားသင့်နေသော အမူအရာများဖြင့် ရှန်ချင်းဟန်ကို ကြည့်နေကြသည်။ ရှန်ချင်းဟန်သည် မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ်တွင် ထိုမျှ အမှတ်မြင့်မားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။ ပြီးခဲ့သည့် စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဘာသာရပ်တွင် ရှန်ချင်းဟန်သည် အောင်မှတ်ကျော်ရုံမျှသာ အမှတ်ရခဲ့သည် မဟုတ်ပါလော။ လူများစွာ၏ အံ့အားသင့်နေသော၊ မယုံကြည်နိုင်သော၊ မယုံသင်္ကာသောအကြည့်များကို ခံစားမိနေလျက်ဖြင့် ရှန်ချင်းဟန်သည် နေရာမှထ၍ စင်မြင့်ဆီသို့ အားရဝမ်းသာလျှောက်သွားခဲ့သည်။
စင်မြင့်ဆီသို့ လျှောက်နေစဉ်အတွင်းတွင် လင်းဇီချန်ကဲ့သို့ ထူးခြားဆန်းပြားသားရဲများအကြောင်း စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်လေ့ရှိသည့် ငယ်သူငယ်ချင်းလေးကို ပိုင်ဆိုင်ထားရခြင်းသည် အလွန်တရာအံ့ဩပျော်ရွှင်ဖွယ်ကောင်းသည်ဟု တွေးနေခဲ့သည်။ သို့မဟုတ်ပါက ယခုကဲ့သို့ အမှတ်မြင့်မြင့် ရရှိနိုင်မည် မဟုတ်ပေ။
အခန်း ၅၃
ရေးဖြေ၌ ရှုံးနိမ့်ခြင်း
မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ နေ့လယ်ခင်းအားလပ်ချိန် ကုန်ဆုံးသွားခဲ့သည်။ ရှန့်ဟိုင်အထက်တန်းကျောင်း Grade 10 အတန်း၁သည် နေ့လယ်ခင်း တောတွင်းရှင်သန်ခြင်းဘာသာရပ်အတန်းကို တက်ရောက်ကြရသည်။ အတန်းချိန်အတွင်း၌ တောတွင်းရှင်သန်ခြင်းဘာသာရပ် ဆရာချန်းပေသည် မနက်ခင်းစာတွေ့ဘာသာရပ်အတန်းများကဲ့သို့ ကျောင်းသားများကို စာမေးပွဲစစ်ခဲ့သည်။ စာမေးပွဲဆုကြေးသည်လည်း အတူတူပင်ဖြစ်သည်။
စာမေးပွဲအကြောင်းအရာတွင် အပိုင်းသုံးပိုင်းပါဝင်သည်။ အမြင့်တက်ခြင်း၊ ရေကူးခြင်း၊ ပွတ်တိုက်နည်းဖြင့် မီးမွှေးခြင်းတို့ဖြစ်သည်။ အမြင့်တက်ခြင်း၌ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ သစ်ပင်တက်ခြင်းနှင့် ကျောက်တောင်တက်ခြင်းတို့ဖြစ်သည်။
“လုကန်း ငါတို့ဒီနေ့မနက် သီအိုရီပိုင်းစာမေးပွဲတွေမှာ လင်းဇီချန်ကို မနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့လယ်ခင်း တောတွင်းရှင်သန်ခြင်းဘာသာရပ်နဲ့ သိုင်းပညာလေ့ကျင့်ရေးတွေမှာ ငါတို့နေရာကို ပြန်ယူရမယ်”
ဝမ်ရှုကျယ်မှ လုကန်းကိုပြောသည်။ သူ၏မျက်နှာထက်တွင် ပြိုင်ဆိုင်လိုစိတ်များ ပြင်းထန်နေသည်။
လုကန်းသည်လည်း လက်သီးတင်းတင်းဆုပ်လျက် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောသည်။
“မင်းငါ့ကို နှစ်ကြိမ်သတိပေးဖို့မလိုပါဘူး။ ငါသေချာပေါက် သူ့ကို ပစ်ပေါက်ပစ်ပြီး အရှက်ရခဲ့တာတွေ အကုန်လုံးကို ရှင်းလင်းပစ်လိုက်မယ်”
သူတို့နှစ်ဦးလုံးသည် လင်းဇီချန်အား သူတို့၏အကြီးမားဆုံး ပြိုင်ဘက်တစ်ဦးကဲ့သို့ ကြည့်နေကြသည်။ သူတို့နှစ်ဦးသည် ရှန့်ဟိုင်အထက်ကျောင်းသို့ ဂုဏ်ဆောင်တစ်ခုအဖြစ် ရောက်လာကြခြင်းဖြစ်ပြီး သူများထက် သာလွန်သည်ဟူသော ခံစားချက်မျိုးရှိလေရာ အတန်းထဲရှိ တခြားသူများမှ သူတို့ထက် သာလွန်သည့်ခံစားချက်ကို သည်းမခံနိုင်ပါချေ။
မကြာမီ စာမေးပွဲစတင်ခဲ့သည်။ စာမေးပွဲ၏ ပထမဆုံးအပိုင်းသည် သစ်ပင်တက်ခြင်းနှင့် ကျောက်တောင်တက်ခြင်းဖြစ်သည်။ ၎င်းကို တက်သည့် အရှိန်နှုန်းဖြင့် ရလဒ်ကိုဆုံးဖြတ်သည်။ ပထမနေရာကို လင်းဇီချန်သာရမြဲဖြစ်သည်။ ဝမ်ရှုကျယ်သည် အင်တင်တင်ဖြင့် ဒုတိယနေရာကို ရရှိခဲ့သည်။ ဟယ့်ယွီသည် နောက်ဆုံးတွင်တော့ သူ၏ကန့်သတ်ချက်များကို ကျော်လွန်၍ အဆင့်၄နေရာတွင် ပိတ်မိမနေတော့ဘဲ အဆင့်၃နေရာသို့ ရောက်ရှိလာခဲ့သည်။ လုကန်းသည်တော့ သူ၏အလွန်ဖွံ့ထွားသော ခန္ဓာကိုယ်ကြောင့် အမြင့်မတက်နိုင်လေရာ အဆင့်များစွာ ကျဆင်းသွားခဲ့သည်။
အဆက်အသွယ်ဖြင့်ဝင်ရောက်လာခဲ့သည့် ရှန်ချင်းဟန်သည် သူမ၏ ခန္ဓာကိုယ်စွမ်းဆောင်ရည်မှာ အတန်း၏အောက်ခြေအဆင့်၌သာ ရှိသည်ဖြစ်ရာ အမြင့်တက်စစ်ဆေးမှုတွင် နောက်ဆုံးအဆင့်ရရှိခဲ့သည်။ ထိုရလဒ်ကြောင့် ရှန်ချင်းဟန်သည် မျက်နှာတစ်ခုလုံး ပူပြင်းနေသကဲ့သို့ ခံစားနေရပြီး စိတ်အစဉ်မှာလည်း ရှုံးနိမ့်မှုခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ မနက်ခင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းဘာသာရပ် စာမေးပွဲတွင်ရှိခဲ့သော မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ဂုဏ်ယူဝံ့ကြွားမှုများသည် ဤအခိုက်အတန့်၌ လုံးဝ ပျောက်ကွယ်သွားခဲ့ရလေသည်။ တဖြည်းဖြည်း အသိပြန်ဝင်လာခဲ့ပြီး သူမသည် အဆက်အသွယ်ဖြင့် နောက်ဖေးတံခါးမှ ဝင်ရောက်လာခဲ့သူဖြစ်ကြောင်းကို တစ်ဖန်နားလည်သွားရပြန်သည်။ သူမ၏ အစစ်အမှန်အဆင့်သည် ဤထိပ်တန်းကျောင်းသားများ၏အတန်းနှင့် မကိုက်ညီပေ။
လင်းဇီချန်သည် ရှန်ချင်းဟန် စိတ်အခြေအနေ မကောင်းမွန်သည်ကို သတိထားမိသော်ငြား သူမကို သွားရောက်နှစ်သိမ့်မပေးခဲ့ပေ။ အမြင့်တက်ခြင်းတွင် နောက်ဆုံးအဆင့် ရရှိခဲ့ခြင်းသာဖြစ်ပြီး ကိစ္စအကြီးကြီး မဟုတ်ပေ။ ရေကူးပြိုင်ပွဲအလှည့်သို့ရောက်လျှင် ရှန်ချင်းဟန်သည် မိမိကိုယ်ကိုယ်ယုံကြည်မှု ပြန်လည်ရရှိလာလိမ့်မည်ဖြစ်သည်။
အမြင့်တက်စစ်ဆေးမှုပြီးနောက် ပွတ်တိုက်နည်းဖြင့် မီးမွှေးခြင်းစစ်ဆေးမှုဖြစ်သည်။ ရှန်ချင်းဟန်သည် လင်းဇီချန်ထံမှ နည်းလမ်းများ သင်ယူထားခဲ့ရာ ဤစစ်ဆေးမှုတွင် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့သည်။ သူမ၏ အားနည်းသော ခန္ဓာကိုယ်အခြေအနေကြောင့် အခြားသူများလောက် လျင်မြန်မှုမရှိနိုင်ဘဲ အကန့်အသတ်ရှိနေခြင်းအား သာလွန်သောနည်းလမ်းကျွမ်းကျင်မှုဖြင့် အစားထိုးပြီး အတန်းတွင်း အလယ်အလတ်အဆင့်ကို ရရှိနိုင်ခဲ့သည်။
တစ်ဖက်ရှိ လင်းဇီချန်သည်တော့ သူ၏လက်လျင်မြန်မှုစွမ်းရည်၊ နည်းလမ်းကျွမ်းကျင်မှုများဖြင့် သူ၏ အတန်းတစ်ခုလုံးအား ဖြိုခွင်းခြင်းသော ဩဇာကြီးမားသည့် လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ တစ်မိနစ် မပြည့်သည့် အချိန်အတွင်း၌ပင် မီးစများ ဖန်တီးနိုင်ခဲ့ပြီး အောင်မြင်စွာ မီးမွှေးနိုင်ခဲ့သည်။ အတန်းသားများအားလုံးသည် သူ၏လုပ်ဆောင်ချက်များကြောင့် လုံးဝအံ့ဩထိတ်လန့်ကုန်ကြလေသည်။
ဟယ့်ယွီမှ အံ့အားသင့်လျက်ပြော၏။
“ဇီချန် မင်းရဲ့လက်လျင်မြန်မှုနှုန်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ သစ်သားချောင်းတွေ သူ့ဘာသူ မီးထတောက်သွားတဲ့အတိုင်းပဲ။ မင်းပုံစံက နှစ်ပေါင်း၅၀၀လောက် တစ်ယောက်တည်းရှင်သန်နေထိုင်မှုကို ကျွမ်းကျင်လာခဲ့တဲ့အတိုင်းပဲ”
ထိုစကားကိုကြားသောအခါ အနီးတစ်ဝိုက်ရှိ ကျောင်းသားများ၏မျက်နှာအမူအရာများသည် ထူးခြားသည့်အမူအရာသို့ ပြောင်းလဲသွားကြသည်။ ဝမ်ရှုကျယ်နှင့် လုကန်းတို့သည် မျက်မှောင်များကြုတ်လျက် ယနေ့ ထုတ်ဖော်ပြသခဲ့သည့် လင်းဇီချန်၏ စွမ်းဆောင်ရည်များအောက်တွင် သူတို့မှာ အင်အားမရှိသူများကဲ့သို့ ခံစားလိုက်ရပေသည်။ လင်းဇီချန်၏အရည်အချင်းသည် ဒေသထိပ်တန်းကျောင်းသားမျှမဟုတ်ဘဲ တစ်မြို့လုံးအဆင့် ထိပ်တန်းကျောင်းသားဖြစ်သည်ဟု ခန့်မှန်းသတ်မှတ်နိုင်ပေသည်။
လင်းဇီချန်က အလယ်တန်းကျောင်းတုန်းက နေမကောင်းဖြစ်နေခဲ့လို့များလား။ သူတို့ လုံးဝနားမလည်နိုင်ပါတော့ချေ။
တစ်ဖက်ရှိ တောတွင်းရှင်သန်ခြင်းဘာသာရပ် ဆရာချန်းပေသည်လည်း ရှုပ်ထွေးလျက် ပြောလာသည်။
“ဇီချန် မင်းက ပွတ်တိုက်နည်းနဲ့ မီးမွှေးတာ အရမ်းမြန်တာပဲ။ မင်းအရင်က ဘာလို့ မင်းရဲ့အရည်အချင်းတွေကို ထုတ်မပြဘဲ ဖုံးကွယ်ထားရတာလဲ”
“ဆရာ သူက သူ့အရည်အချင်းကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ အတန်းချိန်တွေမှာတုန်းက သူက သမီးတို့သုံးယောက်ကို အမြဲသင်ပေးနေရလို့ သူ့ရဲ့အရည်အချင်းကို ပြဖို့အချိန်မရတာပါ”
လင်းဇီချန် ပြန်မဖြေမီ၌ ရှန်ချင်းဟန်သည် သတ္တိမွေး၍ လင်းဇီချန်အစား ကြားဝင်ရှင်းပြလိုက်သည်။
ထိုအခါ ချန်းပေ ပြုံးလိုက်ပြီး ပြောသည်။
“ဪ အားလုံးအတူတူ တိုးတက်မှုရှိအောင်လို့ အတန်းဖော်တွေကို ဘယ်လိုဦးဆောင်ပေးရမယ်ဆိုတာကို နားလည်မှုရှိတာကလည်း ချီးမွမ်းထိုက်တဲ့ အရည်အချင်းပဲ”
မီးမွှေးခြင်းစစ်ဆေးမှုပြီးနောက်တွင် နောက်ဆုံးစစ်ဆေးမှုဖြစ်သည့် ရေကူးခြင်းသာလျှင် စစ်ဆေးရန်ကျန်ရှိတော့သည်။ ချန်းပေသည် ကျောင်းသားများကို ဦးဆောင်၍ အားကစားခန်းမရှိ ရေကူးကန်သို့ ခေါ်သွားခဲ့သည်။ လင်းဇီချန် လှည့်ပတ်ကြည့်ရှုပြီးနောက် ရေကူးကန်သည် အတော်လေးကြီးမားသည်ကို သတိထားမိခဲ့သည်။ အလျား၂၀၀မီတာ၊ အနံ မီတာ၁၀၀ခန့် ရှိနိုင်သည်။ ဘေးတွင် ရေကန်အနက်ကို ဖော်ပြထားသာ ဆိုင်းဘုတ်ရှိသည်။ အတိမ်ဆုံးအပိုင်းသည် ၁မီတာဖြစ်ပြီး အနက်ဆုံးအပိုင်းသည် ၃မီတာဖြစ်သည်။ ဤရေကူးကန်သည် သူနှင့် ရှန်ချင်းဟန်တို့ ရေကူးလေ့ကျင့်ရန် အလွန်သင့်တော်သည်ဟု လင်းဇီချန် ခံစားလိုက်ရသည်။
ထို့ကြောင့် ချန်းပေသို့လှည့်၍ မေးလိုက်သည်။
“ဆရာချန် ရေကူးကန်က ပုံမှန်ဖွင့်လား”
လင်းဇီချန်သည် ဤနေရာကို မရောက်ဖူးပေ။ ယခင်က သူတို့၏ ရေကူးလေ့ကျင့်ရေးအတန်းများကို ရေကန်အသေးတစ်ခုတွင် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ ချန်းပေ ပြန်ဖြေသည်။
“ဒီရေကူးကန်ကို ပြိုင်ပွဲတွေနဲ့ စစ်ဆေးမှုတွေမှာပဲ သုံးတာ၊ ပုံမှန်အားဖြင့် လစ်လပ်တယ်”
ထိုအခါ လင်းဇီချန် နှမြောမိသွားသည်။ သို့သော် ခဏမျှ တွေးတောကြည့်ပြီးနောက် ဤရေကန်အား အသုံးပြုနိုင်ရန် အခွင့်အရေးရှိသည်ဟု ခံစားလိုက်ရသည်။ အထက်တန်းဂျူနီယာကျောင်းတွင်ကဲ့သို့ သူ၏အားကောင်းသော အရည်အချင်း၊ သန်မာမှုများကို ပထမနှစ်အတွင်း ထုတ်ဖော်ပြသလျှင် ကျောင်းသားအားလုံးကို အားသာ၍အနိုင်ရယူပြီး ကျောင်းခေါင်းဆောင်များ၏ အာရုံကိုဖမ်းစားနိုင်ပြီး အထူးအခွင့်အရေးများ ရရှိနိုင်လောက်ပေသည်။ သို့ဖြင့် ကျောင်းခေါင်းဆောင်များကို ရေကူးကန်ဖွင့်ပေးရန် ဖျောင်းဖျရမည်။ လူတိုင်းအတွက် မဟုတ်ဘဲ သူနှင့် ရှန်ချင်းဟန် နှစ်ဦးတည်းအတွက် ဖြစ်သည်။ သူတို့ရေကူးနေချိန်တွင် စောင့်ကြည့်ကင်မရာများ ပိတ်ထားပေးရန်ဟူသော တောင်းဆိုချက်အထိ ထည့်သွင်းရေပမည်။ ထိုအတွေးဖြင့် လင်းဇီချန်သည် ကျန်ရှိသည့် ကျောင်းသားဘဝအတွက် ပို၍တက်ကြွလာခဲ့သည်။
မကြာမီ ရေကူးခြင်းစစ်ဆေးမှုကို စတင်ကြသည်။ လင်းဇီချန်သည် ပုံမှန်အတိုင်း အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ပထမရရှိခဲ့သည်။ လုကန်းနှင့် ဝမ်ရှုကျယ်တို့မှာ ပင့်သက်ရှိုက်လျက် သူတို့၏ဘဝအပေါ် သံသယဝင်ေနသည့် အငွေ့အသက်များပင် ထင်ဟပ်လာရသည်။
တစ်ဖက်၌ ရှန်ချင်းဟန်သည် သူမ၏အမြင့်တက်အရည်အချင်းကို ပြောင်းပြန်လှန်ပစ်၍ ရေကူးခြင်းအား ရေထဲရှိ ငါးတစ်ကောင်ကဲ့သို့ သွက်လက်ကျွမ်းကျင်စွာဖြင့် အထင်ကြီးလောက်ဖွယ်သော အတန်းတွင်း ဒုတိယနေရာကို ရရှိခဲ့သည်။
“ဝိုး ဟန်ဟန် နင်ဘာလို့ ရေကူးတာ ဒီလောက်တောင် တော်ရတာလဲ။ ငါးတစ်ကောင်လိုပဲ ကူးခတ်သွားလိုက်တာ လှုပ်ရှားမှုတွေက အရမ်းလှနေရောပဲ”
လီချူရှင်းသည် သူမ၏အံ့အားသင့်မှုကို ဖော်ပြလာသည်။
လွန်ခဲ့သည့် ရေကူးလေ့ကျင့်ရေးအတန်းများတွင် ရှန်ချင်းဟန်သည် သူမ၏အရည်အချင်းကို ထုတ်ဖော်မပြခဲ့ပေ။ လင်းဇီချန်နှင့် ထူးဆန်းသည် ရေငုပ်နည်းလမ်းများကိုသာ လေ့ကျင့်နေခဲ့သည်။ ရလဒ်အနေဖြင့် ရှန်ချင်းဟန် ရေကူးရာတွင် လျင်မြန်သည့်အကြောင်းကို တစ်တန်းလုံး မသိလိုက်ကြပေ။ လျင်မြန်လွန်းသည်မှာ လုကန်းနှင့် ဝမ်ရှုကျယ်တို့ကို ကျော်တက်နိုင်သည် အထိပင်။
လီချူရှင်း၏ အံ့အားသင့်နေမှုကို ရှန်ချင်းဟန် အပြုံးဖြင့် ရှင်းပြလိုက်သည်။
“အကုန်လုံး ရှောင်ချန် သင်ပေးထားတာပါ”
ရှန်ချင်းဟန်သည် ရေနှင့်ပတ်သက်သော မွေးရာပါ ပါရမီရှိသည့်အကြောင်းသည် သူနှင့် လင်းဇီချန်နှစ်ဦးသား သိထားသည့်လျှို့ဝှက်ချက်ဖြစ်ပြီး တတိယလူကို ပေးမသိနိုင်ပါချေ။
လီချူရှင်းသည် ရှန်ချင်းဟန်၏ လက်များကို ချစ်ခင်မြတ်နိုစွာ ဆုပ်ကိုင်လာသည်။
“ဟန်ဟန် နောက်တစ်ကြိမ် ရေကူးအတန်းချိန်ကျရင် နင်ငါ့ကို ရေဘယ်လို မြန်မြန်ကူးရမလဲဆိုတာ သင်ပေးပါလား”
“ရတာပေါ့ ငါနင့်ကို သင်ပေးမယ်”
ရှန်ချင်းဟန် ပြုံးလျက် သဘောတူညီလိုက်သည်။
မနီးမဝေး၌ ချန်းပေသည် လီချူရှင်းနှင့် စကားပြောနေသည့် ရှန်ချင်းဟန်ကိုကြည့်လျက် ရှုပ်ထွေးနေသည်။
အမြင့်တက်ခြင်းတွင် လုပ်ဆောင်ချက် ဆိုးရွားခဲ့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေသည် တစ်တန်းလုံးတွင် အဆင့်အနိမ့်ဆုံးနီးပါးဖြစ်သည်။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ရေထဲမှာ အရမ်းအားကောင်းကောင်းနဲ့ ကူးခတ်နိုင်ရတာလဲ။ နည်းလမ်းကျကျတွေးရရင် အရည်အချင်းရှိတယ်ဆိုရင်တောင်မှ ခန္ဓာကိုယ်ကြံ့ခိုင်မှု မလုံလောက်ရင် ရေကူးတာ မမြန်ဆန်နိုင်ဘူးလေ။ တကယ်ကို ဆန်းကြယ်တာပဲ…
ဝမ်ရှုကျယ်နှင့် လုကန်းတို့သည်လည်း ရှုပ်ထွေးနေကြသည်။
လင်းဇီချန်ကို ရှုံးနိမ့်တာတင် ကိစ္စကြီးတစ်ခုဖြစ်နေပြီကို အခုကျ သူ့ရဲ့ငယ်သူငယ်ချင်းကိုတောင် မနိုင်တော့ဘူးတဲ့လား။ ပြီးတော့ အဲဒါက မိန်းကလေးတစ်ယောက်လေ… အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားလေးနှစ်ယောက်က မိန်းလေးတစ်ယောက်ကို အနိုင်မယူနိုင်ဘူးတဲ့။
၎င်းမှာ လက်ခံယုံကြည်နိုင်သည်ထက် ကျော်လွန်နေသော ယောက်ျားလေးများအတွက် သည်းမခံနိုင်သော အရှက်ရမှုကြီး ဖြစ်ပေသည်။ ဝမ်ရှုကျယ်နှင့် လုကန်းတို့မှာ တွေးတောလေလေ ပို၍ စိတ်ပျက်လက်ပျက် ဖြစ်လာရသည်။
မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ တောတွင်းရှင်သန်ခြင်းဘာသာရပ်အချိန် ကုန်ဆုံးသွားခဲ့သည်။ အထက်တန်းကျောင်း အတန်း၁သည် နေ့လယ်ခင်း သိုင်းပညာအတန်းချိန်ကို စတင်ကြိုဆိုကြသည်။ အတန်းပိုင်ဆရာ ဟန်ယွမ်ဖုန်းသည် ပြီးခဲ့သော ဆရာသုံးဦးကဲ့သို့ ကျောင်းသားများအား စစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
“သတိမထားမိလိုက်တဲ့ အချိန်လေးအတွင်းမှာပဲ မင်းတို့တွေ သိုင်းပညာလေ့ကျင့်တာ တစ်လကျော်သွားခဲ့ပြီ။ ဒီနေ့ကတော့ မင်းတို့ရဲ့လေ့ကျင့်မှုရလဒ်ကို စစ်ဆေးရမယ့်နေ့ပဲ”
“စစ်ဆေးမယ့်နည်းလမ်းကတော့ မင်းတို့အားလုံး စင်မြင့်ပေါ်ကိုတက်လာပြီး လက်ဝှေ့ထိုးယှဉ်ပြိုင်ကြရမှာပဲဖြစ်တယ်”
“ထိပ်တန်းသုံးယောက်အတွက် ဆုကြေးရှိတာမလို့ အားလုံးပဲ အစွမ်းကုန်ကြိုးစားကြမယ် နားလည်ပြီလား”
ဟန်ယွမ်ဖုန်းမှ ကျောင်းသားများကို ပြောသည်။
ထိုအခါ ကျောင်းသားအားလုံးသည် ‘’နားလည်ပါပြီ’ဟု တစ်ပြိုင်နက်တည်း တုံ့ပြန်ကြသည်။ လက်ဝှေ့ထိုးယှဉ်ပြိုင်ခြင်းသည် ပြိုင်ပွဲတစ်ခု၏ အခြေခံအကျဆုံးနည်းလမ်းဖြစ်ပြီး ယှဉ်ပြိုင်မှုကို အနိုင်ရရှိခြင်းသည် ‘’ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ'ဟူသည့် အောင်မြင်မှုမစ်ရှင်ကို တိုးတက်စေနိုင်ပေသည်။
တစ်ဖက်တွင်လည်း လုကန်းနှင့် ဝမ်ရှုကျယ်တို့သည် မျက်လုံးများတောက်ပနေကြသည်။
ရေးဖြေမှာ ကောင်းကောင်းလုပ်နိုင်တော့ရော ဘာအသုံးဝင်မှာလဲ။ တောတွင်းရှင်သန်ခြင်းမှာ အရည်အချင်းရှိတော့ရော ဘာအရေးလဲ။ သိုင်းပညာတွင် တန်ဖိုးအရှိဆုံးသော ကဏ္ဍမှာ ‘သိုင်းပညာ'ဟူသော ကဏ္ဍဖြစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် သိုင်းပညာအရည်အချင်းများ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သိုင်းပညာအင်အား မလုံလောက်လျှင် အခြားအဆင့်များသည် မည်မျှကောင်းမွန်သည်ဖြစ်စေ မတည်ရှိသည်ကဲ့သို့ဖြစ်၏။ လေထဲမှနန်းတော်ကြီးကဲ့သို့ အဓိပ္ပာယ်မရှိနိုင်တော့ချေ။
ရေးဖြေနှင့် တောတွင်းရှင်သန်ခြင်းဘာသာရပ်များတွင် ရှုံးနိမ့်ခဲ့ရုံမျှနှင့် လက်တွေ့တိုက်ခိုက်ရာတွင်လည်း ရှုံးနိမ့်မည်ဟု မဆိုလိုပါချေ။ နောက်ထပ်စစ်ဆေးမှုတွင် နန်ကွမ်းမြို့ထိပ်တန်းကျောင်းသားနှစ်ဦးသည် လင်းဇီချန်အား ပြိုင်ပွဲစင်မြင့်ထက်မှ ပြင်းပြင်းထန်ထန်တွန်းချခြင်းဖြင့် သူတို့၏ မာနနှင့် တစ်ပါးသူထက် သာလွန်သော ခံစားချက်တို့ကို ပြန်လည်ရယူရန် စိတ်ဆုံးဖြတ်ထားကြပေသည်။
အခန်း ၅၄
လမ်းပျောက်နေသော ရှန်ချင်းဟန်
ပြိုင်ပွဲ မစတင်မီ၌ သွေးပူလေ့ကျင့်ခန်းတစ်ခုအဖြစ် ဟန်ယွမ်ဖုန်းသည် ကျောင်းသားများအားလုံး၏ ကိုယ်ကာယကြံ့ခိုင်မှုကို စစ်ဆေးသည်။ တိုင်းတာမှုသုံးခုကိုသာလျှင် စစ်ဆေးမည်ဖြစ်သည်။ ၎င်းတို့မှာ မီတာတစ်ရာပြေးခြင်း၊ လက်တစ်ဖက်တည်းဖြင့် အလေးမခြင်း၊ အမြင့်ခုန်ခြင်းတို့ဖြစ်ကြသည်။
မိန်းကလေးများကို အရင်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအားလုံးပြီးနောက် ရှန်ချင်းဟန်၏ရလဒ်များသည် နောက်ဆုံးအဆင့်အဖြစ် အဆုံးသတ်သွားခဲ့သည်။ ရှန်ချင်းဟန်သည် မီတာတစ်ရာကို ၁၂.၈၈စက္ကန့်အတွင်းသာ ပြေးနိုင်ခဲ့ရာ လင်းဇီချန်၏ အရင်ဘဝရှိ ပထမအဆင့်အားကစားသမားအဖြစ်ပင် အဆင့်မမီချေ။ လက်တစ်ဖက်တည်းဖြင့် ၃၈ကီလို မ,နိုင်ခြင်းသည်လည်း အလွန်သာမန်ဖြစ်၏။ အမြင့်ခုန် ၀.၉၈မီတာသည် တိုင်းတာမှုသုံးခုအတွင်း အကောင်းဆုံးရလဒ်ဟု ဆိုနိုင်ပေသည်။ သို့သော် ၎င်းမှာ သိုင်းပညာအထူးတန်းတွင် သတိထားမိရန် ခက်ခဲသော စံချိန်ဖြစ်လေသည်။
အတန်းသားများသည် ရှန်ချင်းဟန်၏ ရလဒ်များကြောင့် အလွန်အံ့အားသင့်ကုန်ကြသည်။
ဒီအတန်းက သိုင်းပညာကြယ်ပွင့်တွေရဲ့ အထူးတန်းပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုဆိုးရွားတဲ့ရလဒ်ပိုင်ရှင် ရှိနေရတာလဲ။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ အတန်းက နောက်ပြန်ဆွဲခံနေရတာ မထူးဆန်းတော့ပါဘူး။
ပုံမှန်လေ့ကျင့်ရးအချိန်များတွင် ရှန်ချင်းဟန်သည် သူမ၏ အစစ်အမှန်အဆင့်ကို ဖုံးကွယ်ထားခဲ့သောကြောင့် အတန်းသားများသည် ရှန်ချင်းဟန်၏ ကိုယ်ကာယကြံ့ခိုင်မှုသည် အရမ်းမကောင်းမွန်ကြောင်း သိထားကြသည့်တိုင် ဤမျှဆိုးရွားလိမ့်မည်ဟု မျှော်လင့်မထားကြပါချေ။
“ဟန်ဟန် နင်နေမကောင်းလို့လား”
လီချူရှင်းသည် ရှန်ချင်းဟန်၏ လုပ်ဆောင်ချက် မကောင်းမွန်သည်ကို မြင်သောအခါ ရာသီစက်ဝန်းအချိန်ဖြစ်နိုင်သည်ဟု တွေးထင်လိုက်ပြီး ရှန်ချင်းဟန်အပေါ် စိုးရိမ်မှုကို ပြသလာသည်။
ရှန်ချင်းဟန်သည်လည်း သူမသည် အဆက်အသွယ်ဖြင့် နောက်ဖေးတံခါးမှ ဝင်လာခဲ့သည်ကို အတန်းသားများ သိသွားကြမည်စိုးသောကြောင့် လီချူရှင်း၏စကားအတိုင်း အလိုက်သင့်ပြန်ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ငါမနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရလို့ ဒီနေ့ အခြေအနေ သိပ်မကောင်းနေတာဖြစ်မယ်”
တစ်ဖက်၌ ယောင်္ကျားလေးများ၏ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို စတင်ခဲ့သည်။ လင်းဇီချန် အနည်းငယ်သာ အားစိုက်လိုက်သည်တွင် တိုင်းတာမှုအားလုံး၏ ပထမနေရာကို အလွယ်တကူ ရယူနိုင်ခဲ့သည်။ မီတာတစ်ရာကို ၇.၇၈စက္ကန့်ဖြင့် ပြေးခဲ့ပြီး လက်တစ်ဖက်တည်းဖြင့် ၃၃၀ကီလို အလေးချိန်ကို မ,ခဲ့သည်။ အမြင့်ခုန်ကို ၂.၁၈မီတာ ခုန်ခဲ့သည်။ စံချိန်သုံးခုလုံးသည် ပထမနေရာကို ရရှိရန်လုံလောက်ပြီး လုကန်းနှင့် ဝမ်ရှုကျယ်တို့ထက် အနည်းငယ်မျှသာ ပို၍သာလွန်သော စံချိန်ဖြစ်သည်။ သို့တိုင် တစ်တန်းလုံးသည် အလွန်အံ့ဩနေကြဆဲပင်။
လင်းဇီချန်၏ ကိုယ်ကာယကြံ့ခိုင်မှုသည် ထိုမျှ ကြောက်ခမန်းလိလိဖြစ်လိမ့်မည်ဟာ မည်သူမျှ မျှော်လင့်မထားခဲ့ပေ။ ဤလုပ်ဆောင်ချက်အား လွန်ခဲ့သည့်နှစ်၏ ရှန့်ဟိုင်အလယ်တန်းစာမေးပွဲများတွင် လုပ်ဆောင်ခဲ့လျှင် ပြိုင်ပွဲကို မေးခွန်ထုတ်ဖွယ်မရှိ အနိုင်ပိုင်းနိုင်ခဲ့ပြီး ချန်ပီယံအဖြစ် ရယူနိုင်လောက်သည်။
“ဘယ်လိုဖြစ်တာလဲ။ ဇီချန်က ဘာလို့ အဲဒီလောက်တောင် အားကောင်းနေရတာလဲ”
“အင်း ဝမ်ရှုကျယ်ထက် ပိုမြန်ပြီး လုကန်းထက် ပိုသန်မာတယ်။ အဲဒါကို သူ့ရဲ့အလယ်တန်းကျောင်းရလဒ်က ဒေသတွင်းချန်ပီယံပဲတဲ့လား”
“အလယ်တန်းကျောင်းမှာတုန်းက သူ့ပုံစံက အဲ့လောက်ကြီး မကောင်းခဲ့သေးလို့များလား”
“ဒါမှမဟုတ် နွေရာသီအားလပ်ရက်မှာ တိုးတက်လာတာလည်း ဖြစ်နိုင်တာပဲ။ တချို့လူတွေက အရွယ်ရောက်ကြီးပြင်းတာ နောက်ကျကြတယ်။ အလယ်တန်းကျောင်းပြီးတော့မှ ရုတ်တရက် အရှိန်မြှင့်ပြီး ကြီးထွားလာကြတာ။ အဲ့လိုနဲ့ အချိန်တိုအတွင်း ဖွံ့ဖြိုးမှုပုံမှန်ရှိသူတွေ၊ စောစီးသူတွေကို အမီလိုက်နိုင်သွားကြတာပဲ”
အချိန်တစ်ခုအထိ အတန်းသားများသည် လင်းဇီချန်၏ ကိုယ်ကာယကြံ့ခိုင်မှုရလဒ်အကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။ လူတိုင်းနီးပါးသည် လင်းဇီချန်၏ မယုံကြည်နိုင်လောက်သော လုပ်ဆောင်ချက်ကို ကျိုးကြောင်းဆီလျော်စေရန် အကြောင်းပြချက်အမျိုးမျိုးကို စဉ်းစားနေကြသည်။ ထောင့်တစ်နေရာတွင်တော့ ဝမ်ရှုကျယ်နှင့် လုကန်းတို့သည် သူတို့၏ဘဝအပေါ် သံသယများဖြင့် ရပ်နေကြသည်။ သူတို့နှစ်ဦးလုံးသည် ကိုယ်ကာယကြံ့ခိုင်မှုတွင်လည်း လင်းဇီချန်အား ရှုံးနိမ့်ခဲ့သည်ကို မယုံကြည်နိုင်ကြသေးပေ။ အထူးသဖြင့် လုကန်းဖြစ်၏။ သူ၏အင်အားထက် လင်းဇီချန်မှ ပို၍အားကောင်းသန်မာနေသည်ကို နားမလည်ဘဲ ဖြစ်နေခဲ့သည်။
လင်းဇီချန်က ကြွက်သားတောင့်တင်းတဲ့ပုံတောင် မရှိဘူးကို.. ဒါ သိပ္ပံနည်းလမ်းမကျဘူး။
“လုကန်း စိတ်လှုပ်ရှားမသွားနဲ့။ ကိုယ်ကာယကြံ့ခိုင်မှုမှာ ရှုံးနိမ့်တာက လက်ဝှေ့ထိုးတာမှာလည်း ရှုံးနိမ့်မယ်လို့ မဆိုလိုဘူး။ တိုက်ခိုက်ရေးဆိုတာ ကိုယ်ကာယကြံ့ခိုင်မှုတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး။ သိုင်းပညာအရည်အချင်းလည်း လိုအပ်တယ်။ ငါတို့မှာ အခွင့်အရေးရှိသေးတယ်”
ဝမ်ရှုကျယ်သည် စိတ်ဓာတ်ကျနေခြင်းမှ အလျင်အမြန်ပြန်ကောင်းမွန်လာပြီး လုကန်းသို့ ပြောသည်။
ထိုအခါ လုကန်းသည် စိတ်ခံစားချက်ကို တည်ငြိမ်စေလိုက်ပြီး မိမိကိုယ်ကိုညွှန်းဆိုသည်။
“မင်းပြောတာ မှန်တယ်။ ကိုယ်ကာယကြံ့ခိုင်မှုမှာ ရှုံးတာက လက်ဝှေ့ထိုးလည်း ရှုံးမယ်လို့ မဆိုလိုဘူး။ ငါတို့ရဲ့ သိုင်းပညာအရည်အချင်းက ငါတို့ရဲ့သက်တူရွယ်တူတွေထက် အများကြီးပိုကောင်းတယ်။ ငါတို့မှာ အခွင့်အရေးရှိသေးတယ်”
အားကစားခန်းမ သိုင်းပညာပြိုင်ပွဲစင်မြင့်၌
ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးပြီးနောက် ဟန်ယွမ်ဖုန်းသည် ယှဉ်ပြိုင်ချိန်လုံလောက်စေရန် ကျောင်းသားများကို ပြိုင်ပွဲနေရာသို့ ချက်ချင်းခေါ်လာခဲ့သည်။ သိုင်းပညာလေ့ကျင့်ရေးစင်တာတွင် ဒုတိယနှစ်ကျောင်းသားများသည် ပြိုင်ပွဲစင်အများစုကို နေရာယူထားရာ သုံးနေရာသာ လစ်လပ်သည်။ ကျောင်းသားများ တစ်ယောက်ချင်းယှဉ်ပြိုင်ခြင်းကို အားပေးရန်အတွက် ဟန်ယွမ်ဖုန်းသည် ကျန်ရှိသည့် ပြိုင်ပွဲစင်သုံးခုလုံးကို ပြိုင်ပွဲအတွက် တစ်ပြိုင်နက်တည်း အသုံးပြုခဲ့သည်။ အတန်းထဲတွင် ကျောင်းသားဦးရေသည် ကျောင်းသူဦးရေထက် ပိုများသောကြောင့် ကျောင်းသားများအတွက် ပြိုင်ပွဲစင်နှစ်ခု၊ ကျောင်းသူများအတွက် ပြိုင်ပွဲစင်တစ်ခုဟူ၍ စီစဉ်လိုက်သည်။
လင်းဇီချန်သည် ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ'မစ်ရှင်အတွက် အနိုင်ရရန် လိုအပ်သည်။ တတ်နိုင်သမျှ ပြိုင်ဘက်အရေအတွက်များများကို အနိုင်ယူရမည်ဖြစ်သည်။ ထို့ကြောင့် လင်းဇီချန်သည် ပြိုင်ပွဲစင်ပေါ်သို့ ဦးစွာတက်သွားခဲ့ပြီး အတန်းထဲရှိ အခြားသူများကို စိန်ခေါ်လိုက်သည်။ တစ်ချိန်တည်း၌ ဟယ့်ယွီသည်လည်း နောက်ထပ်ပြိုင်ပွဲစင်တစ်ခုသို့ တက်သွားခဲ့ပြီး စိန်ခေါ်ခဲ့သည်။
မိန်းကလေးပြိုင်ပွဲစင်တွင်လည်း အတောင့်တင်းဆုံးသော အသွင်အပြင်ရှိသည့် မိန်းကလေးတစ်ဦးသည် ပြိုင်ပွဲစင်သို့ အလျင်အမြန်တက်သွားခဲ့ပြီး စိန်ခေါ်သူနေရာကို ရယူလိုက်သည်။ သို့သော် အချိန်မကြာမြင့်လိုက်ပေ။ ဟယ့်ယွီနှင့် မိန်းကလေး၏ ပြိုင်ပွဲစင်မြင့်တွင် သူတို့အား စိန်ခေါ်သူများစွာ ထွက်ပေါ်လာခဲ့သည်။ လင်းဇီချန်၏ ပြိုင်ပွဲစင်မြင်ကိုမူ ချဉ်းကပ်သူမရှိချေ။
လင်းဇီချန်သည် ပြီးခဲ့သည့်စစ်ဆေးမှုများတွင် အားကောင်းသည့်ပုံစံကို ပြသခဲ့သည်ဖြစ်ရာ အားလုံးသည် ကိုယ့်နေရာကိုယ် အသိရှိကြပါ၏။ သူတို့အနေဖြင့် လင်းဇီချန်အား အနိုင်မရနိုင်သည်ကို သိရှိလေရာ သူ့အား စိန်မခေါ်ကြပေ။ ခြုံငုံသုံးသပ်လိုက်ပါက ဤမျှအင်အားကွာခြားမှုကြီးမားသူအား ယှဉ်ပြိုင်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ ထိုယှဉ်ပြိုင်မှုမှ ဘာကိုမျှ သင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ လုကန်းနှင့် ဝမ်ရှုကျယ်တို့မှာမူ လင်းဇီချန်နှင့် အခြားသူများ ယှဉ်ပြိုင်ခြင်းကို ဘေးမှစောင့်ကြည့်ရန် စီစဉ်ထားခြင်း ဖြစ်ခဲ့သည်။ ‘ရန်သူအား သိရှိပြီး မိမိကိုယ်ကိုယ် သိရှိခြင်းသည် တိုက်ပွဲတစ်ရာတွင် အောင်ပွဲတစ်ရာရရှိစေမည်’ဟူသော နည်းဗျူဟာကို အသုံးပြုလိုခြင်း ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးသည် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ၌ အရိပ်မည်းကြီး ထင်ဟပ်နေခဲ့ပြီဖြစ်၍ ထပ်မံ မရှုံးနိမ့်လိုကြတော့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကိုယ်တိုင်မလှုပ်ရှားမီ၌ အနိုင်ရရှိနိုင်မည့် အခွင့်အရေးကို တတ်နိုင်သမျှ အမြင့်ဆုံးဖြစ်စေရန် ဆုံးဖြတ်ထားခဲ့သည်။
“လုဝေ့ ဇီချန်နဲ့ သွားပြိုင်ချည်”
ဟန်ယွမ်ဖုန်းမှ ပြောသည်။
လင်းဇီချန်ကို မည်သူမျှ စိန်မခေါ်ကြောင်း မြင်သောအခါ ဟန်ယွမ်ဖုန်းသည် မတတ်နိုင်စွာဖြင့် တစ်ယောက်ရွေးချယ်ပြီး ယှဉ်ပြိုင်စေရတော့သည်။ လုဝေ့သည် လုံးလုံးလျားလျား ရှုံးနိမ့်သွားရမည်ကို တွန့်ဆုတ်နေမိသော်ငြား ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့သည်။ ရလဒ်သည် ၁၀စက္ကန့်ပင် မပြည့်လိုက်သည့် လျင်မြန်သောရှုံးနိမ့်မှုဖြစ်ခဲ့ပြီး အထီးကျန်သည့် ယှဉ်ပြိုင်မှုဖြစ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲစင်သုံးခုလုံး၌ ယှဉ်ပြိုင်မှုများ အဆက်မပြတ် ဖြစ်ခဲ့သည်။ အတန်းချိန်မပြီးဆုံးခင် အတန်းသားအားလုံး ယှဉ်ပြိုင်ပြီးစီးရန်အတွက် လင်းဇီချန်သည် သူ့ထံရောက်လာသည် စိန်ခေါ်သူအားလုံးကို အလျင်အမြန် ရှုံးနိမ့်စေသည်။ လင်းဇီချန်၏ ထိုမျှချဲ့ကားသော လုပ်ဆောင်ချက်သည် စင်အောက်တွင် အကဲခတ်ေလ့လာနေသည့် လုကန်းနှင့် ဝမ်ရှုကျယ်တို့အား အလွန်တရာ အံ့ဩထိတ်လန့်သွားစေခဲ့သည်။
သူက ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် သန်မာရတာလဲ။ လင်းဇီချန်က ဒီလောက်တောင် အင်အားကြီးတာလား။ ငါသူ့ကို ဘယ်လိုလုပ်ပြီ အနိုင်ရနိုင်ပါ့မလဲ။
သူတို့နှစ်ဦးမှာ မိမိတို့၏ဘဝကို သံသယဝင်မိသည့်ခံစားချက်များ တစ်ဖန်ပြန်၍ ထွက်ပေါ်လာရပြန်လေသည်။
တစ်ဖက်၌ ရှန်ချင်းဟန်သည်လည်း ယှဉ်ပြိုင်ရန် ပြိုင်ပွဲစင်သို့ တက်လာခဲ့သည်။ ပြိုင်ဘက်များကို အဆက်မပြတ် ချက်ချင်းအနိုင်ယူပစ်နေသည့် လင်းဇီချန်နှင့် ကွာခြားစွာ ရှန်ချင်းဟန်သည်တော့ စင်ပေါ်တက်လိုက်သည်နှင့် ရှုံးနိမ့်သွားခဲ့ရသည်။ သူမသည် ဆံထုံးဖြင့် မိန်းကလေး၏ ပြိုင်ပွဲစင်ပေါ်မှ ကန်ချခံလိုက်ရပြီး ပြင်းပြင်းထန်ထန်ကျသွားခဲ့သောကြောင့် နာကျင်စွာ ညည်းညူနေသည်။ ဆံထုံးဖြင့် မိန်းကလေးသည် စင်အောက်သို့ ပျာပျာသလဲ ဆင်းလာခဲ့ပြီး ရှန်ချင်းဟန်ကို ပြန်လည်ထူမတ်ပေးရင်းဖြင့် တောင်းပန်သည်။
“ချင်းဟန် အဆင်ပြေရဲ့လား။ ငါဒီလိုဖြစ်သွားဖို့ မရည်ရွယ်ပါဘူး။ အဲဒီကန်ချက်ကို နင်မတားနိုင်ဘူးလို့ ငါမထင်လိုက်လို့ပါ…”
“အာ မဟုတ်တာ ငါအဆင်ပြေပါတယ်။ ကိစ္စမရှိပါဘူး။ ခုနက ငါ့အမှားပါ။ နင် စင်ပေါ်ပြန်တက်ပြီး ဆက်ပြိုင်ပါ၊ ငါ့ကိုစိတ်မပူနဲ့”
ရှန်ချင်းဟန် ကသိကအောက်နိုင်စွာသောအပြုံးဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် ဘေးဘက်သို့လျှောက်သွားပြီး လူရှင်းသည့်နေရာတွင်ထိုင်၍ အနားယူလိုက်သည်။ သူမအပေါ် အာရုံစိုက်မှုမရှိကြသည်ကို အခွင့်ကောင်းယူ၍ အဝတ်များကိုလှန်၍ စူးအောင့်နာကျင် သူမ၏ဝမ်းဗိုက်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။ ညိုမဲစွဲနေခဲ့ပြီဖြစ်၏။ ထိုအခါ ရှန်ချင်းဟန်၏ စိတ်အခြေအနေသည် အတော်လေး ကျဆင်းသွားတော့သည်။
ငါက အရမ်းအားနည်းလွန်းတယ်။ အရမ်းအားနည်းလွန်းလို့ အတန်းဖော်ရဲ့ ကန်ချက်တစ်ချက်ကိုတောင် မကိုင်တွယ်နိုင်ဘူး။ ငါက ဒီလက်ရွေးစင်အတန်းနဲ့ မသက်ဆိုင်ဘူး…