← Chapters

အပိုင်း ၅၅-၅၇

Vol. 4 Ch. 55-57

အပိုင်း ၅၅-၅၇

Vol. 4 Ch. 55-57

အခန်း ၅၅

အတန်းတွင် ဖယ်ကြဉ်ခံရခြင်း

“ဘယ်သူရှိသေးလဲ!!!”

ပြိုင်ပွဲစင်မြင့်ထက်၌ ဟယ့်ယွီသည် ပြိုင်ဘက်ကင်းသော ရှုံးပွဲမရှိသူတစ်ဦးအဖြစ် ပြိုင်ဘက်၇ယောက်ကို အနိုင်ယူခဲ့ပြီးဖြစ်ရာ မိမိကိုယ်ကိုယ်ယုံကြည်မှုသည်လည်း အလွန်အမင်း တိုးမြှင့်နေပြီဖြစ်သည်။ ဟယ့်ယွီသည် နဖူးထက်မှ ချွေးများကို သုတ်လိုက်ပြီး လုကန်းကိုကြည့်၍ အော်ပြောသည်။

“လုကန်း!!”

“ငါအခု ခန္ဓာကိုယ်ကို အကြောလျှော့ပြီးပြီ။ အခုက ငါ့ခန္ဓာကိုယ်ရဲ့ အကောင်းဆုံးအခြေအနေပဲ။ မင်းတက်လာပြီး ငါနဲ့တိုက်မလား!!”

“ဒီကိုတက်လာခဲ့!!!”

ထောင်လွှားနေသော ဟယ့်ယွီကိုမြင်သောအခါ လုကန်းသည် မထိန်းချုပ်နိုင်စွာ ဒေါသဖြင့် ရယ်မောလိုက်သည်။

ငါ လင်းဇီချန်ကို အနိုင်ရဖို့တော့ မသေချာပေမဲ့ မင်းကိုတော့ အနိုင်မနိုင်ဘူး ထင်နေတာလား။

ထို့နောက် ပြိုင်ပွဲစင်ပေါ်သို့ ကြမ်းတမ်းစွာတက်သွားခဲ့ပြီး ဟယ့်ယွီအား အထင်မြင်သေးစွာကြည့်လျက် ပြောသည်။

“မိနစ်ဝက်ပဲ။ ငါမင်းကို ပြားပြားဝပ်သွားအောင် လုပ်ပစ်ဖို့ မိနစ်ဝက်ပဲလိုတယ်”

“လာစမ်းပါ!!”

ဟယ့်ယွီ ကြိမ်းဝါးလိုက်ပြီး လျင်မြန်သည့်လှုပ်ရှားမှုဖြင့် လက်မောင်းအား ကန်ချက်ပြင်းပြင်းကန်ပစ်ရန် ရှေ့တိုးသွားခဲ့သည်။

လုကန်းသည် သူ၏ခန္ဓာကိုယ်အင်အားဖြင့် ဟယ့်ယွီ၏တိုက်ခိုက်မှူကို လက်ဦးမှုရယူရန် မရှောင်တိမ်းပေ။ ထို့နောက် အခွင့်အရေးရှာဖွေ၍ ဟယ့်ယွီ၏ ကန်‌လာသည့်ခြေထောက်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲယူလိုက်သည်။ ထို့နောက် သူ၏လက်မောင်းအင်အားကို အသုံးပြု၍ ဟယ့်ယွီအား လေတွင်ကိုင်မြှောက်၍ စက်ဝိုင်းသဏ္ဍာန် လှည့်ပစ်လိုက်သည်။ သို့ဖြင့် ဟယ့်ယွီသည် အကြိမ်ရေဒါဇင်ကျော်မျှ အလှည့်ခံလိုက်ရသည်။ နောက်ဆုံး၌ လုကန်းမှ ဟယ့်ယွီအား ပြန်ချပေးလိုက်ချိန်တွင်မူ ဟယ့်ယွီသည် ဦးခေါင်းမှာ အလှည့်ခံရလွန်းသောကြောင့် မူးနောက်သွားရပြီး ပြိုင်ပွဲစင်ထောင့်စွန်းတွင် လှဲလျက် အော့အန်နေတော့သည်။

“ဟယ့်ယွီ ငါနဲ့တိုက်ခိုက်ဖူးတဲ့သူတွေထဲမှာ မင်းရဲ့သိုင်းပညာက အားအကောင်းဆုံးပဲ။ အဲဒါကိုလေးစားတဲ့အနေနဲ့ မင်းက အတန်းထဲမှာ အားအကောင်းဆုံးလို့ ငါမင်းကို အသိအမှတ်ပြုပါတယ်”

ထိုသို့ပြောပြီးနောက် လုကန်းသည် ခပ်မဲ့မဲ့အပြုံးဖြင့် ဝံ့ကြွားစွာပြောသည်။

“ဒါ‌ေပမဲ့ ကံမကောင်းစွာနဲ့ပဲ ငါမင်းကို အနိုင်ရနေတုန်းပဲ”

ထိုအချိန်တွင် တစ်ဖက်ပြိုင်ပွဲစင်ရှိ လင်းဇီချန်သည် ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူလိုက်ပြီး ဖြစ်သည်။ လုကန်းရပ်နေသည့် ပြိုင်ပွဲစင်တွင် စိန်ခေါ်သူမရှိဘဲ လစ်လပ်နေသည်ကို မြင်သောအခါ လင်းဇီချန်သည် ထိုပြိုင်ပွဲစင်သို့ ဝင်လာပြီး အရေးမထားဟန်ပြောသည်။

“လာပါ ငါတို့ ခင်ခင်မင်မင် ပြိုင်ကြရအောင်”

“ကောင်းပြီ”

လင်းဇီချန်မှ ဦးစွာစိန်ခေါ်လာသောအခါ လုကန်းသည် အံကိုတင်းတင်းကြိတ်၍ အားအပြည့်ဖြင့် လင်းဇီချန်အား ရက်စက်ကြမ်းကြုတ်သော ပခုံးတိုက်ချက်ဖြင့် ထိုးနှက်ပစ်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဟုန်ထိုး ဦးတည်ဝင်လာသည်။

သို့သော် လုကန်းသည် လင်းဇီချန်၏ ဆွဲလိုက်ခြင်းကို ခံလိုက်ရပြီး ကိုယ်ကိုင်းညွှတ်သွားရကာ ခြေထောက်တစ်ဖက် ဖမ်းဆွဲခံလိုက်ရပြီး အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် လေထဲတွင် အလှည့်ခံလိုက်ရသည်။ အကြိမ်ရေဒါဇင်ကျော်ခန့်မျှ လှည့်လိုက်ပြီးနောက် ကြမ်းပြင်သို့ ပြန်ချပေးခံလိုက်ရချိန်တွင် လုကန်းမှာ အလွန်မူးဝေနေသောကြောင့် တောင်၊မြောက်ပင် ခွဲခြားမသိနိုင်တော့ဘဲ ဟယ့်ယွီ၏ဘေးတွင် အ‌ဆက်မပြတ် အော့အန်လျက် အဆုံးသတ်သွားလေသည်။

ပြိုင်ပွဲစင်ပေါ်မှ ထိုမြင်ကွင်းကို မြင်သောအခါ စင်အောက်တွင်ကြည့်နေကြသော မိန်းကလေးများသည် ရင်ခုန်မှုကြောင့် ပါးမို့များ နီမြန်းလာကြသည်အထိပင်။

“အာ ငါသည်းမခံနိုင်တော့ဘူး။ လုကန်းက လင်းဇီချန် လှည့်တာ ခံလိုက်ရလို့မူးနေတာ ငါကတော့ လင်းဇီချန်ရဲ့ ချောမောကြည့်ကောင်းမှုကြီးကြောင့် မူးနေရပြီ”

ထို့နောက် ချက်ချင်းပင် အတန်းထဲမှ ကျောင်းသားတစ်ယောက်သည် ကိစ္စများကို ကသိကအောက်ဖြစ်စေရန် ကျယ်လောင်စွာ ပြောလာခဲ့သည်။

“ဝမ်ရှုကျယ် မင်းရဲ့ညီနောင်လုကန်းက အပြတ်အသတ် အနိုင်ပိုင်းခံလိုက်ရပြီ။ မင်းသူ့အတွက် လက်စားချေပေးဖို့ သွားမတိုက်သေးဘူးလား”

“ဟုတ်တယ် နန်ကွမ်းမြို့ထိပ်တန်းကျောင်းသားဆိုတဲ့ ဂုဏ်သရေကို နင်ကာကွယ်ပေးဖို့ လိုနေပြီလေ”

“ဝမ်ရှုကျယ် သူရဲဘောကြောင်မနေနဲ့။ အမြန်တက်သွားလိုက်တော့”

ရှန့်ဟိုင်ဒေသခံကျောင်းသားများသည် ဝမ်ရှုကျယ်နှင့် လုကန်းတို့အား အလွန်စက်ဆုပ်နေကြသည်ဖြစ်၏။ သူတို့၏ အခြားသူထက် သာလွန်ကြောင်း ဝံ့ကြွားနေသော အပြုအမူများကို မနှစ်မြို့ခဲ့ကြပေ။ ယခု၌ အခွင့်အရေးရလာပြီဖြစ်ရာ စက်ဆုပ်မှုအား ရုတ်ချည်း ထုတ်ဖော်တုံ့ပြန်လာကြသည်။ လူအများကြီးမှ သူ့အား စင်ပေါ်တက်ရန် တိုက်တွန်းနေကြရာ ဝမ်ရှုကျယ်မှာ ရွေးချယ်စရာမရှိတော့ဘဲ တွန့်ဆုတ်စွာဖြင့် ယှဉ်ပြိုင်ရတော့သည်။ ထို့နောက် မိနစ်ဝက်မျှသောအချိန်အတွင်း၌ ဝမ်ရှုကျယ်သည်လည်း လုကန်း၏ဘေးတွင် အော့အန်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ နန်ကွမ်းမြို့၏ထိပ်တန်းကျောင်းသားနှစ်ယောက်ဟူသည် လူပြက်များကဲ့သို့ ခံစားရပေသည်။

တစ်ပြိုင်နက်တည်းပင် လင်းဇီချန်မှာ မရိုးဖြောင့်ကြောင်းကို အချိန်နှောင်းမှ နားလည်လိုက်ရသည်။ လင်းဇီချန်သည် အရမ်းအင်အားကြီးမားလှကြောင်း သိသာလွန်းသည့်တိုင် ကျောင်းစတက်ချိန်ကတည်းမှ စတင်၍ ယခုအချိန်အထိ အခြားသူများ ကြွားဝါနေခြင်းကို တိတ်တဆိတ်စောင့်ကြည့်၍ သိသာထင်ရှားမှုမရှိအောင် နေထိုင်ခဲ့သည်။ ထို့နောက် စာမေးပွဲအချိန်သို့ ကျရောက်လာသောအခါမှသာ သရုပ်မှန်ကို ထုတ်ဖော်ပြသ၍ အခြားသူများအားလုံးကို ဖြိုလှဲပစ်ခဲ့သည်။ သို့ဖြင့် ကြွားဝါနေသူများသည် သူတို့၏လက်ရှိကြွားဝါးမှုမှ မင်္ဂလာဝတ်စုံဖြစ်မြောက်မလာမီ၌ပင် အဆုံးသတ်သွားခဲ့သည်။

သောက်ကျိုးနဲ! ဘယ်လိုတောင် ဉာဏ်များတာလဲဟ!

လဲလျောင်းအော့အန်နေသူများကိုကြည့်လျက် လင်းဇီချန်သည် ဤပြိုင်ပွဲစင်မှာ ညစ်ပတ်သွားပြီး အသုံးမပြုနိုင်တော့ဟု တွေးလိုက်သည်။ ထို့ကြောင့် အခြားသန့်ရှင်းသည့် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားလိုက်သည်။ ထို့နောက် အတန်းထဲရှိ မိန်းကလေးများကို နှလုံးသားကင်းမဲ့စွာ‌ေသာ အကြည့်များဖြင့် ပြောလိုက်သည်။

“စင်အောက်က မိန်းကလေးတွေ အပေါ်တက်လာပြီး ငါနဲ့ပြိုင်ချင်လား”

လင်းဇီချန်သည် အတန်းထဲရှိ ယောင်္ကျားလေးများအားလုံးကို ညှဉ်းဆဲပြီးဖြစ်ရာ ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’ မစ်ရှင်အား ဆက်လက်တိုးတက်စေလိုပါက မိန်းကလေးများနှင့် ဆက်လက်ယှဉ်ပြိုင်ရပေမည်။

“ငါပြိုင်မယ် ငါပြိုင်မယ်!”

အတန်းထဲရှိမိန်းကလေးများသည် လင်းဇီချန်နှင့် ယှဉ်ပြိုင်ရန် ပြိုင်ပွဲစင်သို့ အမြန်တက်လာကြသည်။

အခြားမိန်းကလေးများသည်လည်း လင်းဇီချန်နှင့် ယှဉ်ပြိုင်ရန်အတွက် အလျင်စလို တန်းစီကြသည်။ လင်းဇီချန်သည် အလွန်ချောမောကြည့်ကောင်းလွန်းသောကြောင့် အတန်းထဲရှိ မိန်းကလေးများသည် ပြိုင်ပွဲစင်ပေါ်တက်၍ သူနှင့်ယှဉ်ပြိုင်လိုကြသည်။ လင်းဇီချန်ထံမှ အရိုက်ခံရခြင်းသည်ပင် သူတို့အတွက် ဆုလာဘ်ကြီးဖြစ်ပေသည်။ အချို့သည် အလွန်အရူးအမူးဖြစ်နေကြလေရာ ထပ်မံ၍ အရိုက်ခံရရန်ပင် လိုလားနေကြသေးသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အရိုက်ခံရပြီး တစ်ကိုယ်လုံးကို ထိတွေ့မှု ရှိစေချင်ကြသည်။

၁၀မိနစ်ခန့်မျှ အချိန်အတွင်း၌ ရှန်ချင်းဟန်မှအပ အတန်းထဲရှိ အခြားမိန်းကလေးများအားလုံးသည် လင်းဇီချန်၏ ပြင်းထန်စွာ အပြတ်အသတ် အနိုင်ယူခြင်း ခံလိုက်ရသည်။ ထို့နောက် လင်းဇီချန်သည် ရှန်ချင်းဟန်ကိုလည်း သက်ညှာခြင်းမရှိပါဘဲ စင်အောက်ရှိ သူမကို ခေါ်ခဲ့သည်။

“ချင်းဟန် အပေါ်တက်လာပြီး ငါနဲ့ပြိုင်ပါ”

“အာ ငါလည်းပြိုင်ရမှာလား”

ရှန်ချင်းဟန်သည် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ လင်းဇီချန်သည် အဘယ်ကြောင့် သူမနှင့် ယှဉ်ပြိုင်လိုရခြင်းကို သူမ နားမလည်ပါချေ။

သို့သော် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အရေးမကြီးပေ။ လင်းဇီချန်၏ စကားကို လိုက်နာခြင်းသည် မှန်ကန်သည့်အရာဖြစ်သည်။ ထို့ကြောင့် ရှန်ချင်းဟန်သည် နာခံစွာဖြင့် လင်းဇီချန်နှင့်ယှဉ်ပြိုင်ရန် ပြိုင်ပွဲစင်ပေါ်သို့ တက်လာခဲ့ခြင်းဖြင့် ရှန်ချင်းဟန်သည်လည်း လင်းဇီချန်၏ မစ်ရှင်တိုးတက်မှုရရှိရေးအတွက် အမှတ်တစ်မှတ် ဖြစ်လာခဲ့သည်။

“အိုကေ အားလုံးပဲ ဒီကိုလာပြီး လူစုကြမယ်”

အတန်းပြီးဆုံးတော့မည်ကို မြင်သောအခါ ဟန်ယွမ်ဖုန်းသည် အတန်းသားအားလုံးကိုခေါ်၍ ပြိုင်ပွဲအတွင်း သူတို့၏လုပ်ဆောင်ချက်များအား အကျဉ်းချုပ်ဝေဖန်ပေးသည်။ ချီးမွမ်း‌ထောက်ပြခြင်းသာဖြစ်ပြီး ဝေဖန်ပြစ်တင်ခြင်း မပြုပေ။ ဟန်ယွမ်ဖုန်းသည် လင်းဇီချန်မှာ အတန်း၏မျှော်လင့်ချက်ဖြစ်သည်ဟု ပွင့်လင်းစွာပြောဆိုခြင်းဖြင့် အထူးတလည် ချီးမွမ်းခဲ့သည်။ ဟန်ယွမ်ဖုန်းသည် ယခင်က သူတို့ကိုလည်း ထိုသို့ပြောခဲ့သောကြောင့် ဝမ်ရှုကျယ်နှင့်လုကန်းတို့အနေဖြင့် နားထောင်ရသည်မှာ စိတ်မသက်မသာ ဖြစ်နေကြသည်။

အကျဉ်းချုံးဝေဖန်‌အကဲဖြတ်ပေးပြီးနောက် ဟန်ယွမ်ဖုန်းသည် အသံကိုအနည်းငယ်မြှင့်၍ အတန်းသားများကို ပြောခဲ့သည်။

“ဒီနေ့ ဆရာတို့အတန်းက အတန်းတွင်းယှဉ်ပြိုင်မှု လုပ်ခဲ့ကြတယ်။ မင်းတို့အားလုံး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အင်အားတွေကို နားလည်သွားကြပြီလို့ ဆရာ ယုံကြည်တယ်”

“ပြီးတော့ လက်ရွေးစင်ဂုဏ်ထူးတန်းမှာတက်နေကြတဲ့ ထိပ်တန်းကျောင်းသားတွေအနေနဲ့ မင်းတို့အားလုံး ရည်ရွယ်ချက်မြင့်မြင့်ထားပြီး ကိုယ့်ရဲ့အထက်မှာရှိတဲ့အရာတွေကို စိန်ခေါ်ကြည့်ဖို့ သင်ယူကြသင့်တယ်”

“တစ်လကြာပြီးရင် ဆရာတို့အတန်းက ဒုတိယနှစ်ရဲ့သာမန်အတန်းတွေမှာ အားအကောင်းဆုံးအတန်းကို စိန်ခေါ်မယ်။ အဲဒီအတွက် အားလုံးပဲ ကြိုးကြိုးစားစား လေ့ကျင့်ပြင်ဆင်ဖို့လိုမယ်”

“ဒါက ရှန့်ဟိုင်အထက်တန်းကျောင်း လက်ရွေးစင်ဂုဏ်ထူးတန်းရဲ့ အစဉ်အလာပဲ။ ထိပ်တန်းကျောင်းသားတွေအနေနဲ့၊ ဉာဏ်ကြီးရှင်ကျောင်းသားတွေအနေနဲ့ ကိုယ့်ရဲ့ အထက်အဆင့်မှာရှိနေတဲ့ အားကောင်းတဲ့ပြိုင်ဘက်တွေကို စိန်ခေါ်သင့်တယ်”

“ဆရာတို့ရဲ့ရည်မှန်းချက်က ဒုတိယနှစ်ရဲ့ သာမန်အတန်းတွေထဲက အားအကောင်းဆုံးအတန်းကို ထိုးဖောက်အနိုင်ယူနိုင်ဖို့ပဲ!”

“ကိုယ့်ထက်အဆင့်မြင့်သူတွေကို စိန်ခေါ်ဖို့အတွက် ယုံကြည်ချက်ရှိကြသလား!!!”

ဟန်ယွမ်ဖုန်းမှ နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် သူ၏အသံသည် ဟန်ပါပါ မြင့်တက်သွားသည်။ ငယ်စဉ်ကတည်းက မိမိတို့၏ကျောင်းအသီးသီးတွင် ထိပ်တန်းကျောင်းသားများဖြစ်ကြသော အတန်းသားများသည် ယုံကြည်ချက်အပြည့်ဖြင့် ကျယ်လောင်စွာ ပြန်ဖြေကြသည်။

“ဟုတ်ကဲ့ ယုံကြည်ချက်ရှိပါတယ်!!!”

ထိုအော်ဟစ်သံများကြောင့် လင်းဇီချန် စိတ်လှုပ်ရှားလာခဲ့သည်။ လင်းဇီချန်သည် ပြိုင်ပွဲများစွာ မပြိုင်ရသောကြောင့် အောင်မြင်မှုမစ်ရှင်အတွက် တိုးတက်မှုမရှိလိမ့်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ပြိုင်ပွဲသည် သူ့တံခါးဝကို အချိန်ကိုက် လာခေါက်ခဲ့ပေသည်။ နှင်းမုန်တိုင်းအတွင်း အချိန်ကိုက်ရောက်ရှိလာခဲ့သော အကူအညီတစ်ခုအတိုင်းပင်။

ထို့နောက် အတန်းဆင်းခေါင်းလောင်းသံ မြည်လာသည်။ အားကစားခန်းမထဲရှိ ဒုတိယနှစ်ကျောင်းသားများသည် လင်းဇီချန်တို့၏ အတန်း၁ မတိုင်မီ လူစုခွဲသွားကြသည်။ အတန်းကြီးကျောင်းသားအချို့သည် သူတို့ရှေ့မှ ဖြတ်သွားချိန်တွင် အပြုံးဖြင့် စကားပြောသွားကြသည်။

“ပထမနှစ် လက်ရွေးစင်ဂုဏ်ထူးတန်းက ဂျူနီယာလေးတွေ၊ နောက်လ စိန်ခေါ်မှုအတွက် ကြိုးစားကြနော်။ လက်ရွေးစင်ဂုဏ်ထူးတန်းရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေနဲ့”

“ပထမဆုံး ဒုတိယနှစ် သာမန်အတန်းတွေထဲက အားအကောင်းဆုံးအတန်းကို စိန်ခေါ်တယ်။ ပြီးရင် အဓိကအတန်း၊ နောက်ဆုံးကျရင် လက်ရွေးစင်ဂုဏ်ထူးတန်းပဲ။ မင်းတို့တွေ ဒုတိယနှစ် လက်ရွေးစင်ဂုဏ်ထူးတန်းအထိ ချောချောမွေ့မွေ့ တက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့တော့မှ စီနီယာတွေက မင်းတို့ကို ကောင်းကောင်းလေး အနိုင်ပိုင်းပြနိုင်မှာပေါ့”

“ဂျူနီယာချောချောလေး မင်းမှာ ပရိသတ်‌အတော်လေးရှိတာပဲ။ ငါမင်းကို မနာလိုဘူးကွာ။ မင်းက မင်းရဲ့အတန်းကိုဦးဆောင်ပြီး ဒုတိယနှစ် လက်ရွေးစင်ဂုဏ်ထူးတန်းအထိ တက်လာနိုင်ဖို့မျှော်လင့်ပါတယ်။ အဲဒီအခါကျ မင်းရဲ့ပရိသတ်လေးတွေရှေ့မှာ ငါမင်းကို ခပ်ပြင်းပြင်းလေး တိုက်ပေးလို့ရတာပေါ့”

အရပ်ရှည်ရှည်နှင့် သန်မာပုံရသည့် စီနီယာတစ်ဦးသည် လင်းဇီချန်သို့ အထူးတလည်လျှောက်လာပြီး ပြုံးရယ်လျက် ပြောသွားခဲ့ခြင်းဖြစ်သည်။

လင်းဇီချန် ပြန်ပြုံးပြလိုက်ပြီး စကားမဆိုလိုက်ပေ။ ထို့နောက် ပထမနှစ် အတန်း၁သည်လည်း လူစုခွဲကြသည်။ လုကန်းမှ လင်းဇီချန်သို့ရောက်လာပြီး ပြောသည်။

“ငါရှန့်ဟိုင်ကျောင်းကို ရောက်လာပြီးရင် ငါ့မှာ ပြိုင်ဘက်မရှိတော့မှာကို စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ ငါရှန့်ဟိုင်ကို အထင်သေးခဲ့မိပြီထင်တယ်။ အခုကစပြီး ဒီကျောင်းတစ်ခုလုံးမှာ မင်းက ငါ့ရဲ့မဟာရန်သူပဲ”

ဝမ်ရှုကျယ်သည်လည်း စိတ်မပါလက်မပါဖြင့် လာပြောခဲ့သည်။

“လင်းဇီချန် အခုချိန် ရှုံးတာနဲ့ပဲ အနာဂတ်မှာလည်း ရှုံးမယ်လို့ မဆိုလိုဘူး။ ဘွဲ့မရခင်မှာ ငါသေချာပေါက် ရှုံးနိမ့်မှုအတွက် မင်းကိုပြန်လက်စားချေမယ်”

လင်းဇီချန်သည် ထိုနှစ်ဦးကို အရေးမစိုက်နိုင်ဘဲ ရှန်ချင်းဟန်နှင့်အတူ အိမ်ပြန်ရန်သာ ပြင်ဆင်နေခဲ့သည်။ ထိုစဉ် ဟယ့်ယွီနှင့် လီချူရှင်းတို့ ရောက်လာကြသည်။ ဟယ့်ယွီမှ ရယ်မောလျက် ပြောသည်။

“ဇီချန် မင်းဒီနေ့ ၈၈၈ယွမ်ကို ၄ကြိမ်စာရခဲ့တာဆိုတော့ စုစုပေါင်း ယွမ်သုံးထောင်ကျော်တယ်။ မင်းငါတို့ကို တစ်ခုခုဝယ်ကျွေးသင့်တယ် မဟုတ်ဘူးလား”

လင်းဇီချန်သည် ပိုက်ဆံအများကြီးရှာနိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်နေသည်ဖြစ်ရာ ချက်ချင်း သဘောတူလိုက်သည်။

“ကောင်းပြီ။ ဒီနေ့က ‌ကြာသပတေးနေ့ဆိုတော့ ငါမင်းတို့ကို ခန်းသဲ့ကျီဝယ်ကျွေးမယ်”

ထိုအခါ ဟယ့်ယွီသည် အလွန်ပျော်ရွှင်သွားပြီး ချက်ချင်းဒူးထောက်ချ၍ လင်းဇီချန်၏လက်အား ဂါရဝပြုနေသည်ကဲ့သို့ ကိုင်လိုက်သည်။

“အို ကြီးမြတ်လှတဲ့ အဖေ.. ကျေးဇူးပြုပြီး သားတော်ရဲ့ ဂါရဝပြုခြင်းကို ခံယူပါ”

လီချူရှင်းမှလည်း ပြုံးရယ်လျက် ပြောသည်။

“ဘော့စ်လင်းကို ကျေးဇူးတင်ပါတယ်”

“သွားစို့ အခုစားကြမယ်”

ထို‌့နောက် လင်းဇီချန်နှင့်သုံးဦးသည် အားကစားခန်းမထဲမှ ထွက်လာခဲ့ကြပြီး ကျောင်းဂိတ်တံခါးအပြင်ဘက်ရှိ ခန်းသဲ့ကျီဆိုင်သို့ ဦးတည်ခဲ့ကြသည်။

သူတို့အဖွဲ့ အားကစားခန်းမ ဝင်ပေါက်နားသို့ ရောက်ရှိချိန်တွင် ရှန်ချင်းဟန်သည် ရုတ်တရက် ခြေထောက်နှစ်ဖက်ကို ဖိညှပ်လိုက်ပြီး ဆီးသွားရန် အရေးပေါ်လိုအပ်လာသောကြောင့် သန့်စင်ခန်းသို့သွားရန် လိုအပ်လာခဲ့သည်။ ထို့ကြောင့် ကျန်သုံးဦးကို ဝင်ပေါက်တွင်စောင့်ပေးရန် တောင်းဆိုခဲ့ပြီး အားကစားခန်းမထဲရှိ သန့်စင်ခန်းသို့သွားပြီး အမြန်ပြန်လာမည်ဟု ပြောခဲ့သည်။

သန့်စင်ခန်းထဲ၌ ရှန်ချင်းဟန်သည် အိမ်သာသုံးစွဲပြီးနောက် အခန်းထဲမှ ထွက်တော့မည်တွင် အပြင်ဘက်ရှိ စကားပြောနေသံများကို ကြားလိုက်ရသည်။ အသံသည် ရင်းနှီးနေသောအသံဖြစ်သည်။ ၎င်းသည် သူမကို ပြိုင်ပွဲစင်မှ ကန်ချခဲ့သည့် ဆံထုံးဖြင့်မိန်းကလေး၏အသံဖြစ်သည်။ ထိုဆံထုံးဖြင့်မိန်းကလေးသည် လက်ဆေးနေရင်းဖြင့် အခြားမိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည်။

“အဲဒီရှန်ချင်းဟန်က ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးချက်သုံးခုမှာလည်း နောက်ဆုံးရတယ်။ ပြိုင်ပွဲမှာလည်း ချက်ချင်းလဲကျသွားတယ်။ အဲဒီလိုအရည်အချင်းမျိုးနဲ့ သူဘယ်လိုများ ငါတို့ရဲ့ လက်ရွေးစင်ဂုဏ်ထူးတန်းကို ဝင်လာတာလဲပဲ”

“သူနဲ့လင်းဇီချန်က ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေမလို့ အရမ်းရင်းနှီးကြတယ်တဲ့လေ။ သူလင်းဇီချန်ကို အဆက်အသွယ်အဖြစ် အသုံးချပြီး နောက်ဖေးတံခါးကနေ ဝင်လာခဲ့တာလို့ မထင်ဘူးလား”

ဆံထုံးဖြင့်မိန်းကလေး၏စကားကို တခြားမိန်းကလေးမှ ရယ်မောလျက် တုံ့ပြန်သည်။

“အဲဒီလိုပဲဖြစ်ရမယ်။ မဟုတ်ရင် သူ့ရဲ့အဆင့်နဲ့ ဘယ်လိုလုပ်ပြီး လက်ရွေးစင်ဂုဏ်ထူးတန်းကို ဝင်နိုင်မှာတဲ့လဲ”

ဆံထုံးဖြင့်မိန်းကလေးမှ မကျေမနပ်ပြောသည်။

“အဲဒါက ငါ့ကိုတကယ် စက်ဆုပ်စေတယ်။ ငါတို့တွေကတော့ ငယ်ငယ်လေးကတည်းက အရမ်းကြိုးစားပြီးတော့မှ ဒီလက်ရွေးစင်ဂုဏ်ထူးတန်းထဲကို ခက်ခက်ခဲခဲ ဝင်နိုင်ခဲ့ကြတာ”

“သူကျတော့ရော။ သူကတော့ အရမ်းတော်တဲ့ ငယ်သူငယ်ချင်းလေး‌တစ်ယောက်ရှိတာနဲ့ပဲ ငါတို့အတန်းထဲကို ဘာအားစိုက်ထုတ်မှုမှ မရှိဘဲ ဝင်လာတယ်”

“မဖြစ်ဘူး။ ငါအဲဒါကို တွေးလိုက်မိတာနဲ့ အရမ်းစိတ်ပျက်မိတယ်”

ဆံထုံးဖြင့်မိန်းကလေးသည် မျက်မှောင်ကြုတ်လျက် စိတ်ညစ်ညူးစွာပြောသည်။

“ငါသူနဲ့ ပြိုင်ပွဲစင်မှာ နောက်တစ်ခါ ထပ်ဆုံခဲ့ရရင် ငါသူ့ကို သေချာပေါက် ကောင်းကောင်းနှိပ်စက်ပစ်ဦးမယ်”

အိမ်သာခန်းထဲတွင် ရှန်ချင်းဟန်သည် အပြင်ဘက်မှ စကားများကိုကြားခဲ့ရပြီး နှုတ်ခမ်းများကို ဖိကိုက်ထားလျက် ဝမ်းနည်းနေသည်။ သူမသည် ရင်းနှီးသောဆက်‌ဆံရေးကို အကျိုးအမြတ်ရယူခဲ့သည်ဟူသော အချက်ကို နောက်ဆုံးတွင်တော့ အတန်းဖော်များမှ သတိထားမိသွားခဲ့ပြီဖြစ်ရာ သူမ၏အတန်းဖော်များသည် သူမကို နှစ်မြို့ကြတော့မည် မဟုတ်ပေ။

အခန်း ၅၆

ဒေသတစ်ခုလုံး ကြွက်တွေပြည့်နှက်နေသည်

ကျောင်းဂိတ်တံခါးဝ အပြင်ဘက် ခန်းသဲ့ကျီးအမြန်ပြင် စားသောက်ဆိုင်၌ သူတို့လေးဦးသည် အတူတကွထိုင်လျက် ကိုလာ၊ ကြက်ကြော်၊ ဟမ်ဘာဂါနှင့် ကြက်ဥမုန့်များကို စားသောက်ကြသည်။

ဟယ့်ယွီနှင့် လီချူရှင်းတို့သည် စားသောက်ရင်းဖြင့် စကားပြောလိုက် ရယ်မောလိုက်ဖြင့် အချိန်ကောင်းလေးကို ခံစားနေကြသည်။ သူတို့နှစ်ယောက်လုံး၏ မိသားစုများသည် အလွန်ချမ်းသာကြပြီး စိတ်ရှိသမျှ ဝယ်စားသောက်နိုင်ကြသော်ငြား ပုံမှန်အားဖြင့် ယွမ်တစ်ဆယ်ဝန်းကျင်မျှသော အမြန်ပြင်အစားအသောက်များကို တစ်ကြိမ်ထက်ပို၍ လှည့်ကြည့်လေ့ရှိကြသည် မဟုတ်ပေ။ သို့သော် ဤတစ်နပ်သည်တော့ ကွာခြား၏။ ဤတစ်နပ်သည် လင်းဇီချန်မှ ဝယ်ကျွေးခြင်းဖြစ်ပြီး အလကားစားရသောပျော်ရွှင်မှုသည် ငွေဖြင့်ဝယ်ယူရနိုင်သည့်အရာ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရှန်ချင်းဟန်သည်တော့ စားသောက်နေကြသည့် တစ်လျှောက်လုံးတွင် စိတ်ဗလာဖြင့် တိတ်ဆိတ်စွာ စားနေခဲ့သည်။ မည်သူမျှ သူမနှင့် စကား စတင်မပြောသောကြောင့် သူမလည်း တိတ်ဆိတ်နေလိုက်သည်။ တစ်ယောက်ယောက်မှ သူမအား ‌စကားပြောလာလျှင် အရေးမထားဟန်သော တုံ့ပြန်မှုတစ်ခုပြုသည်။

လင်းဇီချန်သည် ရှန်ချင်းဟန်၏ စိတ်အခြေအနေ‌မကောင်းသည်ကို သတိထားမိခဲ့သည်။ ထိုသို့ဖြစ်နေရခြင်းမှာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် လက်ဝှေ့ပြိုင်ပွဲတို့တွင် ကောင်းကောင်းမလုပ်နိုင်သောကြောင့် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် လင်းဇီချန်သည် ရှန်ချင်းဟန်ကို နှစ်သိမ့်မပေးဘဲ ဘာမျှမဖြစ်ပျက်ခဲ့သည်ကဲ့သို့ နေခဲ့သည်။ တချို့အရာများသည် ထုတ်မပြောခြင်းသည် ပိုကောင်းသည့်ရွေးချယ်မှုဖြစ်၏။ ထုတ်ဖော်ပြောခြင်းသည် ဒဏ်ရာပေါ် ဆားသိပ်သည်ကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

မကြာမီ၌ သူတို့လေးယောက်လုံး စားသောက်ပြီးစီးသွားခဲ့သည်။ ရှန်ချင်းဟန်၏ စိတ်အခြေအနေသည် မှိုင်းထိုင်းနေဆဲဖြစ်သည်ကို မြင်သောအခါ လင်းဇီချသည် ရှန်ချင်းဟန်အား အပြုံးဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“နင့်ရဲ့ ရေဆေးအရောင်ဘူးတွေ ကုန်တော့မှာ ငါသတိထားမိတယ် ဟုတ်တယ်မလား။ လာ ကုန်တိုက်အပေါ်ထပ်ကို လျှောက်ပတ်ကြည့်ကြရအောင်။ ငါနင့်ကို ရေဆေးsetအသစ်တစ်ခု ဝယ်ပေးမယ်”

“အာ မလိုပါဘူး။ ငါအခုနောက်ပိုင်း ပန်းချီသိပ်မဆွဲဖြစ်တော့ဘူး။ ပိုက်ဆံ မဖြုန်းတီးပါနဲ့”

ရှန်ချင်းဟန်မှ လက်ခါရမ်းလျက် ငြင်းဆန်သည်။

သူမ အထက်တန်းကျောင်း စတင်တက်ရောက်ချိန်မှ စတင်၍ ကျောင်းစာများသည် ဝန်တာပိုမိုကြီးမားလာခဲ့သောကြောင့် ပန်းချီဆွဲခြင်းကို ရပ်တန့်ထားခဲ့သည်။ အားလပ်ချိန်များကို အိမ်တွင် စာလေ့လာခြင်း သို့မဟုတ် ခန္ဓာကိုယ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။

“ဘာမှမဖြစ်ပါဘူး။ ဝယ်ထားပြီး အိမ်မှာသိမ်းထားလိုက်ပေါ့။ နင်ပန်းချီဆွဲချင်လာတဲ့အခါကျ အခုဝယ်ထားတာတွေကို ထုတ်သုံးလိုက်လေ။ ဘာပဲဖြစ်ဖြစ် ဒါတွေက တာရှည်အသုံးခံတဲ့ ပစ္စည်းတွေပဲဟာ”

ရှန်ချင်းဟန်အား ငြင်းဆန်ရန် အခွင့်အရေးမပေးတော့ဘဲ လင်းဇီချန်သည် ရှန်ချင်းဟန်၏လက်ကိုဆွဲ၍ ကုန်တိုက် အပေါ်ထပ်သို့ ဦးတည်သွားလိုက်သည်။ ထို့နောက် ကုန်တိုက်အပေါ်ထပ်ရှိ ပန်းချီပစ္စည်းအရောင်းဆိုင်ထဲသို့ ဝင်ခဲ့သည်။

“နင် အထူးတလည် သဘောကျတဲ့ပုံစံရှိလား”

“အကုန်လုံး ကောင်းပါတယ်”

“ဒါဆို ငါနင့်အတွက် ရွေးပေးမယ်”

လင်းဇီချန်သည် ဆိုင်တစ်ပတ် ပတ်ကြည့်၍ ရေဆေးများထဲတွင် ဈေးအကြီးဆုံးသောsetတစ်ခုကို ရွေးချယ်လိုက်သည်။ ဈေးနှုန်းသည်၅၈၈ယွမ်ဖြစ်သည်။ ရှန်ချင်းဟန်သည် ဈေးနှုန်းကိုမြင်သောအခါ ပို၍ဈေးနည်းသည့် အမျိုးအစားကို ပြောင်းယူချင်သည်။ သို့သော် လင်းဇီချန်သည် သူမကို ပြောင်းယူရန် အခွင့်အရေးမပေးဘဲ ချက်ချင်း scanဖတ်၍ ငွေရှင်းပေးခဲ့သည်။

“ရှောင်ချန် အဲဒါက အရမ်းဈေးကြီးလွန်းတယ်…”

“ဈေးကြီးပေမဲ့ တန်တယ်လေ”

လင်းဇီချန် ပြုံးလျက် ပြောသည်။

“ဒီsetမှာက အရောင်တွေ အများကြီးပါတယ်။ နင့်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းနဲ့ ပေါင်းစပ်လိုက်ရင် သေချာပေါက် အရမ်းလှတဲ့ အနုပညာလက်ရာတွေကို ဖန်တီးနိုင်မှာပဲ။ နင်ပန်းချီဆွဲဖြစ်ရင် ငါ့ကိုလည်း နည်းနည်းပေးဖို့ သတိရနော်။ ငါ့အခန်းထဲမှာ အလှဆင်ချိတ်ထားချင်လို့”

လင်းဇီချန်၏စကားကို နားထောင်ရင်း သူမ၏လက်ထဲမှ လှပသည့် ဆေးရောင်များကို ကြည့်‌လိုက်သောအခါ ရှန်ချင်းဟန်၏ စိတ်အခြေအနေသည် နောက်ဆုံးတွင်တော့ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ ဖြတ်လမ်းလိုက်ခဲ့သည့်အကြောင်းကို လူမိသွားခြင်းအား ခဏတာ မေ့လျော့သွားခဲ့သည်။ အိမ်ပြန်လမ်းတွင် ရှန်ချင်းဟန်၏ စိတ်အခြေအနေသည် သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လင်းဇီချန်နှင့် စကားပြောဆို၍ ရယ်မောနေသည်။ ရှန်ချင်းဟန်သည် လင်းဇီချန် နှစ်ခြိုက်သည့် ပန်းချီအမျိုးအစားကို မေးမြန်းပြီး သူမ အားလပ်သည့်အချိန် ဆောင်းရာသီအားလပ်ရက်အတွင်း လင်းဇီချန်အား ပန်းချီတစ်ချပ်ပေးရန် ကတိပေးခဲ့သည်။ ‌စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အချိန်ရခဲ့လျှင်လည်း လင်းဇီချန်နှင့်အတူ စက်ဘီးစီးထွက်ကြမည်ဟု ပြောခဲ့သည်။

ထိုသို့ စကားပြောရင်းဖြင့် ဈေးတစ်ခုကို ဖြတ်သွားသောအခါ အကြီးအကျယ် သန့်ရှင်းရေးလုပ်‌ေနကြသည့် သန့်ရှင်းရေးလုပ်သားများစွာကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် ဈေးအတွင်းထဲတွင် လုံခြုံရေးဝန်ထမ်းများသည် ပိုးမွှားတိရစ္ဆာန်ထိန်းသိမ်းရေးကိရိယာများကို ကိုင်ဆောင်ထားကြပြီး နေရာအနှံ့အပြားမှ ပြေးလွှားထွက်လာကြသည့် ကြွက်များကို ပစ်ခတ်နေသည့်မြင်ကွင်းကိုလည်း မြင်တွေ့လိုက်ရသည်။ သေဆုံးသွားသည့်ကြွက်များကို ဈေးအလယ်ခေါင်တွင် ရပ်ထားသည့် အမှိုက်ကားထဲသို့ ထုပ်ပိုးထည့်နေကြသည်။ လင်းဇီချန် အမှိုက်ကားကို သေချာလှမ်းကြည့်လိုက်ရာ ကားထဲတွင် ကြွက်‌အလောင်းများ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ အမှိုက်ကား၏ကိုယ်ထည်အရွယ်အစားအရ ချင့်တွက်ကြည့်လျှင် ကားထဲရှိ ကြွက်အလောင်းကောင်အရေအတွက်သည် ရာနှင့်ချီနိုင်ပေသည်။

“ဇီချန် ဟိုမှာ ကြွက်တွေအများကြီးပဲ”

“အမှိုက်ကားရဲ့ အပေါ်ဆုံးက ကြွက်ကြီးကိုကြည့်ဦး။ ကြောင်တစ်ကောင် အရွယ်အစားလောက် ကြီးတယ်။ ကြောက်စရာကြီး”

“ဒီနေရာရဲ့လမ်းတွေက သန့်ရှင်းတဲ့ပုံပါပဲ။ ဘာလို့ ကြွက်တွေ ဒီလောက်တောင်များနေရတာလဲ”

ရှန်ချင်းဟန်သည် အဆက်မပြတ် စကားပြောနေ၏။ သူမ၏ မျက်နှာလှလှလေးမှာ သိချင်လိုစိတ်များ၊ ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။ လင်းဇီချန်သည် ကြွက်တစ်ကောင်ကို ကြည့်နေရင်းဖြင့် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းအကြောင်းကို ရုတ်ချည်း သတိရမိလိုက်သည်။

ထို့ကြောင့် မျက်မှောင်ကြုတ်လျက် ရှန်ချင်းဟန်ကို ပြောလိုက်သည်။

“သွားရအောင်။ ဆက်ကြည့်မနေနဲ့တော့။ ကြွက်တွေက ညစ်ပတ်တယ်။ သူတို့ကိုယ်မှာက ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ပြည့်နှက်နေတာ။ ငါတို့ ဝေးဝေးနေသင့်တယ်”

“အင်း”

ရှန်ချင်းဟန်သည် နာခံစွာဖြင့် တုံ့ပြန်လိုက်ပြီး လင်းဇီချန်နောက်သို့ အမြန်လိုက်သည်။

ညနေအချိန်တွင် အိမ်ထဲ၌ လင်းဇီချန်သည် ဧည့်ခန်းထဲတွင် မိဘများနှင့်အတူ TVမှ ညနေခင်းသတင်းအစီအစဥ်ကို ကြည့်ရင်းဖြင့် ညစာစားနေခဲ့သည်။ သူတို့ စားသောက်ပြီးစီးလုနီးတွင် သတင်းတစ်ပုဒ်သည် လင်းဇီချန်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ယနေ့ ဒေသအတွင်းမှာ ကြွက်များစွာကို မကြာခဏတွေ့နေရပါတယ်။ အခြေအနေအရ ပြည်သူ့လုံခြုံရေးဌာနက ဆယ်ရက်ကြာ ကြွက်အမြစ်ဖြတ်သုတ်သင်ခြင်း စီမံကိန်းကို ချက်ချင်း စီမံဆောင်ရွက်ခဲ့ပါတယ်…”

ကြွက်တွေ မကြာခဏတွေ့ရတယ်တဲ့လား။

လင်းဇီချန်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွား၏။ သူ၏စိတ်အစဉ်တွင် မကောင်းသည့်အတိတ်နိမိတ်ကဲ့သို့သော စိတ်လေးသည့်ခံစားချက်ကြီး အမြဲဖြစ်တည်နေခဲ့သည်။ လင်းဇီချန်သည် ထိုကြွက်များ အများအပြားပေါ်ထွက်လာခြင်းသည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းနှင့် ဆက်စပ်မှုရှိိနိုင်သည်ဟု သံသယဝင်နေမိသည်။

ထိုခံစားချက်သည် စိတ်မအေးနိုင် ဖြစ်စေ၏။ သို့သော် မိမိကဲ့သို့သော အထက်တန်းကျောင်းသားတစ်ဦးပင်လျှင် ထိုဆက်စပ်မှုကို တွေးတောနိုင်လျှင် ပြည်သူ့လုံခြုံရေးဌာနသည်လည်း သေချာပေါက် တွေးတောသိထားခဲ့ပြီး ‌ဖြစ်လောက်ပေမည်။ သို့သော် လက်ရှိအချိန်အထိ သိထားသည့် သတင်းအချက်အလက်များအရ ပြည်သူ့လုံခြုံရေးဌာနသည် ကြီးမားသည့် မည်သည့်လှုပ်ရှားမှုကိုမျှ မလုပ်ဆောင်ခဲ့သေးပေ။ ကြွက်များကို အမြစ်ဖြတ်သုတ်သင်ရန်အတွက် အဖွဲ့များ ဖွဲ့စည်းရုံမျှသာ လုပ်ဆောင်ထားပေသည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းနှင့် စပ်လျဉ်းသည့် သိသာထင်ရှားသော ပြဿနာများ မရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သူ စိုးရိမ်မှုလွန်ကဲနေခြင်း ဖြစ်နိုင်ပါ၏။

ထိုအတွေးဖြင့် လင်းဇီချန် စိတ်သက်သာရာရသွားရသည်။ အချိန်ခဏမျှ အနားယူပြီးနောက် အတော်လေး အစာကြေသွားပြီဟု ခံစားရလေရာ အပေါ်ထပ်အိပ်ခန်းသို့တက်၍ ပြင်းထန်ဆင့်မြင့်မားသည့် ကိုယ်ခန္ဓာလေ့ကျင့်ခန်းများကို ပြုလုပ်သည်။ ချွေးအများကြီးထွက်စေခြင်းဖြင့် စိတ်နှလုံးကို ပို၍အေးချမ်းစေသည်။

ဘဝ၏ စိုးရိမ်ပူပန်မှုအားလုံးသည် အင်အားမလုံလောက်မှုကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။ မရပ်မနား‌ လေ့ကျင့်ခြင်းဖြင့် အဆက်မပြတ် သန်မာမှုတိုးတက်လာပြီး အဆင့်မြင့်သတ္တဝါကြီးများနှင့် ရင်ဆိုင်နိုင်သည်အထိ အင်အားကြီးမားလာမှသာလျှင် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့မည်ဖြစ်၏။ ခြုံငုံလိုက်လျှင် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူများ ကိုးကွယ်နေကြသည့် ‘ကြွက်နတ်ဘုရား'ဟူသည် အဆင့်မြင့်သတ္တဝါအဖြစ်သို့ ဆင့်ကဲပြောင်းလဲလုနီးဖြစ်သော ဧရာမသန္ဓေပြောင်းကြွက်သားရဲကြီး ဖြစ်ပေသည်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် တနင်္ဂနွေနေ့ နေ့လည်ခင်းတွင် လင်းဇီချန်သည် အိမ်ထဲတွင် ပြင်းထန်မှုအဆင့်မြင့်မားသည့် လေ့ကျင့်ခန်းများကို လုံးဝ မောပန်းလာသည်အထိ လုပ်ဆောင်ခဲ့သည်။ ထို့နောက် အဝတ်အစားလဲဝတ်၍ ရှန်ချင်းဟန်အား ခန္ဓာကိုယ်လေ့ကျင့်ပေးရန်အတွက် ထွက်လာခဲ့သည်။ လင်းဇီချန် ဖိနပ်လဲဝတ်ပြီး အိမ်မှထွက်လာချိန်တွင် ရှန်ချင်းဟန်သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီဖြစ်သည်။ သူမသည် ပေါ့ပါးသော အာကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်စည်းထားရာ ငယ်ရွယ်မှု၏အရှိန်အဝါကို ဖြန့်ကျက်နေပေသည်။

“သွားကြစို့။ ငါတို့ ကီလိုမီတာနည်းနည်းလောက် အနှေးပြေးတာနဲ့ စလိုက်ကြရအောင်။ ပြီးရင် အရှိန်ပြောင်းပြီး ၃ကီလိုမီတာပြေးမယ်။ ပြီးရင် နောက်ဆုံးအနေနဲ့ ကြွက်သားသန်မာမှုလေ့ကျင့်ခန်း လုပ်ကြမယ်”

လင်းဇီချန်သည် ရှန်ချင်းဟန်အား လေ့ကျင့်ခန်းအစီအစဉ်ကို အကြမ်းဖျင်းရှင်းပြပြီး‌နောက် ရှေ့ဘက်ရှိလမ်းသို့ ဦးဆောင်၍ စတင်ပြေးစေသည်။ ထို့နောက်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်၏ ညွှန်ကြားမှုအောက်၌ ပြင်းထန်မှုအဆင့်မြင့်မားသည့် ‌ခန္ဓာကိုယ်လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်သည်။ ယနေ့၏ ခန္ဓာကိုယ်လေ့ကျင့်ခန်းပမာဏသည် ပုံမှန်ထက် ပိုများ၏။ ရှန်ချင်းဟန်သည် အလွန်ပင်ပန်းသော်ငြား အံကြိတ်၍ ဆက်လက်လုပ်ဆောင်သည်။ အပိုလေ့ကျင့်ခန်းများ လုပ်ဆောင်ရန်ပင် စိတ်လိုလက်ရ ပြောလာခဲ့သေးသည်။

အကြောင်းရင်းမှာ ရှန်ချင်းဟန်သည် အတန်းထဲတွင် နောက်ဆုံးအဆင့်အဖြစ် မကျန်ရှိ‌လိုသောကြောင့် သူမ၏ ကိုယ်ကာယကြံ့ခိုင်မှုကို တိုးတက်အောင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ နှစ်နာရီနီးပါးခန့် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် နောက်ဆုံးတွင်တော့ လေ့ကျင့်မှု ပြီး‌ဆုံးသွားခဲ့ကြသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်အား လမ်းဘေးထိုင်ခုံတစ်ခုံတွင် လဲလျောင်းစေပြီး သူမကို ကြွက်သားများပြေလျော့စေရန် ကူညီဖြေလျှော့ပေးသည်။

ဘွန်း ဘွန်း ဘွန်း—

ရုတ်တရက် သူတို့၏နောက်ဘက်မှ ဆိုင်ကယ်အိတ်ဇောသံ ထွက်ပေါ်လာသည်။ လင်းဇီချန် မျက်ခုံးတွန့်ချိုးသွားပြီး စိတ်ညစ်ညူးဖွယ်ကောင်းလောက်အောင် ကျယ်လောင်ဆူညံနေသည့် အသံလားရာသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ မြင်လိုက်ရသည်မှာ လမ်း‌တစ်လျှောက် စီးနင်းလာသည့် ‌ တစ္ဆေဆိုင်ကယ်သမားတစ်ဦးဖြစ်သည်။ ဆိုင်ကယ်သည် အရှိန်မြန်ဆန်လွန်းသည်ဖြစ်ရာ နှစ်စက္ကန့်မျှဖြင့် သူတို့အနားမှ ဖြတ်သန်းသွား၏။ ဆိုင်ကယ်သည် အဝေးသို့ ရောက်ရှိပျောက်ကွယ်သွားပြီး လေတွင် ပရမ်းပတာလွင့်မြောနေသည့် ရောင်စုံဆံပင်များသာလျှင် မြင်ကွင်းထဲတွင် ကျန်ရစ်ခဲ့ပေသည်။ အဘယ်ကြောင့် မသေချာသော်ငြား လင်းဇီချန်သည် ထိုဆိုင်ကယ်သမားကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် မည်သူဖြစ်ကြောင်းကို မမှတ်မိနိုင်ဘဲ ‌ဖြစ်နေခဲ့သည်။

အခန်း ၅၇

မိသားစုစီးပွားရေးကို ဆက်ခံခြင်း

လင်းဇီချန်သည် ထိုဆိုင်ကယ်သမားမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိရန်ကြိုးစားနေ၏။

ဘွန်း ဘွန်း ဘွန်း—

မကြာမီက ဖြတ်သန်းသွားခဲ့သော ရင်းနှီးနေသည့် တစ္ဆေမီးလျံဆိုင်ကယ်၏ အင်ဂျင်စက်သံသည် တခြားဘက်မှ တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ဆိုင်ကယ်ပေါ်တွင် လူနှစ်ယောက်ထိုင်နေပြီး ဆိုင်ကယ်မောင်းနေသူသည် သက်တံရောင်ဆံပင်ဆေးဆိုးထားသည်။ နောက်တွင် ထိုင်စီးသူသည်တော့ ရွှေရောင်ဆံဆေးဆိုးထားသည်။

“ဇီချန် ရှောင်ရှန် တကယ်နင်တို့ပဲ”

သက်တံရောင်ဆံပင်များဖြင့်ကောင်လေးသည် သူတို့နှစ်ယောက်အား အံ့အားသင့်စွာဖြင့် အော်ပြောလာသည်။ ရင်းနှီးနေသည့်အသံနှင့် ရင်းနှီးနေသော ထိုလူငယ်၏ မျက်နှာအသွင်အပြင်ကို မြင်တွေ့လိုက်ရသောအခါ လင်းဇီချန် နောက်ဆုံးတွင်တော့ ထိုကောင်လေးကို မှတ်မိသွားခဲ့သည်။ ထိုလူငယ်မှာ ဂျူနီယာအထက်တန်းကျောင်း သိုင်းပညာအဖွဲ့၏ ကျန်းခိုင်ဖြစ်သည်။ တစ်ဖက်လူကို မှတ်မိသွားပြီ‌ဖြစ်သောကြောင့် လင်းဇီချန် ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ကျန်းခိုင် မတွေ့တာကြာပြီ”

“အင်း မတွေ့တာကြာပြီ”

ကျန်းခိုင်သည် ကျွမ်းကျင်စွာဖြင့် မျက်လုံးဖုံးနေသည့် ရှေ့ဆံပင်တို့ကို သပ်တင်လိုက်ပြီး သူတို့နှစ်ယောက်အား စူးစမ်းလျက်ကြည့်လာသည်။

“မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”

လင်းဇီချန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“အခုပဲ သူနဲ့အတူ လေ့ကျင့်ခန်းလုပ်ပြီးသွားတာ၊ အခု သူ့ကို ကြွက်သားပြေလျော့အောင် ကူညီပေးမလို့”

“အခုပဲ လေ့ကျင့်ခန်းလုပ်ပြီးတာလား”

ကျင်းခိုင်၏မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

“မင်းတို့နှစ်ယောက် အထက်တန်းကျောင်း သိုင်းပညာအတန်းကို တက်နေကြတာလား”

လင်းဇီချန်: “ဟုတ်တယ်”

ကျန်းခိုင်သည် လျှာဖြင့် တက်ခနဲအသံတစ်ခု ပြုလုပ်လိုက်ပြီး ပြောလာသည်။

“အရင်တုန်းက အားနည်းတဲ့ ရှောင်ရှန်ကလည်း သိုင်းပညာအတန်းကို တက်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူးပဲ။ လုံးဝအမိုက်စားပဲကွာ”

ထိုသို့ပြောလိုက်သော်ငြား စိတ်ထဲတွင် ခါးသီးမှုကိုခံစားလိုက်ရသည်။ နူးညံ့သိမ်မွေ့၍ အားနည်းသော ရှန်ချင်းဟန်ကဲ့သို့ မိန်းကလေးတစ်ဦးသည်ပင် သိုင်းပညာအတန်းကို တက်ရောက်နိုင်စဉ်တွင် အလယ်တန်းကျောင်းသုံးနှစ်အတွင်း သိုင်းပညာလေ့ကျင့်ခဲ့သည့် သူသည်တော့ ထိုအတန်းကို မတက်ရောက်နိုင်ခဲ့ပေ။

ဟူး တကယ်ရှက်စရာပဲ။

စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေစဉ် ရွှေရောင်ဆံပင်ဖြင့်လူငယ်သည် ကျန်းခိုင်အား တိုက်တွန်းလာသည်။

“ဇီချန် ငါအိမ်မှာ လုပ်စရာလေးရှိသေးလို့ မင်းတို့နဲ့ စကားဆက်မပြောနိုင်တော့ဘူး။ ငါသွားတော့မယ်”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းခိုင်သည် လီဗာကိုနင်းလိုက်ပြီး ရွှေရောင်ဆံပင်လူငယ်နှင့်အတူ အရှိန်တင်ထွက်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ ကျန်းခိုင်၏မျက်နှာအမူအရာသည် ဘဝ၏မသေချာမ‌ရေရာမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့နှစ်ဦးလုံးသည် သိုင်းပညာအဖွဲ့မှဖြစ်ကြပြီး လင်းဇီချန်သည် အထက်တန်းကျောင်း သိုင်းပညာအတန်းသို့ တက်ရောက်နိုင်ခဲ့သည်ဖြစ်ရာ သူ့ထက်ပိုသာလွန်သော တောက်ပသည့်အနာဂတ်ရှိနေပြီဖြစ်သည်။ သူသည်တော့ ဆိုင်ကယ်တစ်စီးဖြင့် လမ်းတစ်လျှောက် ဝံ့ကြွားပြနေရုံသာ တတ်နိုင်ပေသည်။

ဘဝက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကွာခြားချက်တွေကြီးမားရတာလဲ။ လင်းဇီချန် တစ်ယောက်တည်းဆိုရင်တောင် အဲဒီလောက်ကြီး ခံစားရမှာ မဟုတ်ပေမဲ့ ဘယ်လိုလုပ်ပြီး လင်းဇီချန်ရဲ့ဘေးက နူးညံ့တဲ့ကောင်မလေးကပါ သိုင်းပညာအတန်းကို ဝင်နိုင်သွားရတာလဲ။ အဲဒါက ဘာကိုဆိုလိုနေတာဖြစ်မလဲ။

ရှန်ချင်းဟန် သိုင်းပညာအတန်းသို့ ဝင်ရောက်နိုင်ခဲ့သည့်အကြောင်းကို တွေးလိုက်တိုင်းတွင် ကျန်းခိုင်သည် အလွန်စိတ်မသက်မသာ ခံစားရသည်။ မိမိမှာ အဘယ်ကြောင့် အားနည်းသည့်မိန်းကလေးတစ်ယောက်နှင့်ပင် မယှဉ်နိုင်ရခြင်းကို ကျန်းခိုင် နားမလည်နိုင်ပါချေ။ ၎င်းမှာ ကျိုးကြောင်းမဆီလျော်ပေ။

ငါက မိန်းကလေးတစ်ယောက်ထက်တောင် ဆိုးရွားရတဲ့အကြောင်းရင်းကို ဘယ်လိုမှစဉ်းစားမရနိုင်ဘူး။ မဖြစ်ဘူး၊ ငါပြောင်းလဲမရနိုင်ဘူး။ ငါအထက်တန်းကျောင်းကို မဝင်နိုင်ရင် စစ်ထဲကိုဝင်မယ်။

ကြိုးစားလိုသူတိုင်းအတွက် နည်းလမ်းဟူသည် ရှိစမြဲပင်။ စစ်တပ်ထဲသို့ ဝင်ရောက်ခြင်းသည်လည်း မျိုးရိုးဗီဇပေါင်းစပ်ခြင်း သို့မဟုတ် စက်ဖြင့်ပြုပြင်မွမး်မံခြင်းများကို လုပ်ဆောင်ခွင့်ရရှိနိုင်ပေသည်။ ရှန်ချင်းဟန်၏ အောင်မြင်မှုကြောင့် အံ့အားသင့်သွားခဲ့ပြီး ကျန်းခိုင်သည် ဆိုင်ကယ်ကို မရောင်းပစ်မီ ရက်အနည်းငယ်ကြာ လျှောက်ပတ်စီးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်အား အပြင်းအထန်လေ့ကျင့်ပြီး စစ်ထဲသို့ဝင်ရန် နည်းလမ်းရှာဖွေပေမည်။

ထိုစဉ် ရှန်ချင်းဟန်သည် အတန်းထဲတွင် အမြဲလိုလို နောက်ဆုံးအဆင့်ဖြစ်သော သူမသည် တခြားသူတစ်ယောက်အား စိတ်အားထက်သန်စေရန် အလင်းပြနိုင်လိမ့်မည်ဟု လုံးဝ စိတ်ကူးမထားခဲ့ပါချေ။ ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် ကျန်းခိုင်အကြောင်းကို ပြောနေခဲ့သည်။ သူမသည် သက်ပြင်းချလျက် သူမ၏အတွေးတို့ကို ဖော်ပြနေသည်။

“ရှောင်ချန် ကျန်းခိုင်က အရင်‌က ဘယ်လောက်တောင် ‌တောက်ပနေခဲ့သလဲ မှတ်မိလား။ ဘယ်လိုလုပ်ပြီး အခုလို သမာရိုးကျမဟုတ်တဲ့ သာမန်လူတစ်‌ေယာက်အဖြစ် ပြောင်းလဲသွားရတာလဲ”

“သူကြိုက်တဲ့ပုံစံမလို့ နေမှာပေါ့”

လင်းဇီချန် အရေးမထားဘဲ ပြောခဲ့သည်။

တခြားသူတစ်ယောက်ရဲ့ ဘဝနေထိုင်နည်းတစ်ခုဖြစ်ရာ သူအများကြီး မဝေဖန်လိုပေ။ လူတိုင်းတွင် မိမိတို့နှင့်သင့်တော်သော ဘဝ‌ရှင်သန်နည်းလမ်းများရှိကြသည်ဖြစ်ရာ သူတို့၏ဘဝကို သူတို့ကိုယ်တိုင်နှစ်သက်သ၍၊ ထိုဘဝတွင် သူတို့ကိုယ်တိုင် ပျော်ရွှင်ကြသ၍ အဆင်ပြေပေသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် စကားပြောဆို၍ ကြွက်သားဖြေလျှော့ပြီးနောက်တွင် အိမ်ပြန်ရမည့်အချိန်ကျပြီဖြစ်ရာ အိမ်သို့ အနှေးပြေးပြန်ခဲ့ကြသည်။

အိမ်ပြန်လမ်းတွင် ‌လမ်းဘေးအမှိုက်‌ပုံးများတွင် လှန်လှောရှာဖွေနေသည့် ကြွက်များကို မြင်လိုက်သောကြောင့် လင်းဇီချန် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းမှာ သာမန်မြင်ကွင်းလေးသာဖြစ်သော်ငြား လင်းဇီချန် စိတ်မအေးမှုကို ခံစားလိုက်ရကာ မထိန်းချုပ်နိုင်စွာဖြင့် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းကို တွေးမိသွားရသည်။

မဖြစ်ဘူး။ ငါမြန်မြန် သန်မာလာမှဖြစ်မယ်။ ဒီထက်ပိုပြီး သန်မာလာမှပဲ ငါလုံခြုံတယ်လို့ ခံစားနိုင်မှာ။

ထိုအတွေးဖြင့် လင်းဇီချန်သည် အိမ်သို့ဦးတည်နေသည့် အပြေးအရှိန်နှုန်းကို မြှင့်တင်လိုက်သည်။ အိမ်ပြန်ရောက်ပြီးနောက် ညစာစား၊ ရေချိုးသန့်စင်ပြီးနောက်တွင် လင်းဇီချန် အတွေးဝင်လာခဲ့ပြီး ထူးခြားဆန်းပြားသားရဲဇယားကို ဖွင့်၍ ကြမ်းကြုတ်သောလင်းယုန်သားရဲ အသက်စွမ်းအင်စုဆောင်းမှုဇယားကို စစ်ဆေးလိုက်သည်။ တိုးတက်မှုသည် ၅ရာခိုင်နှုန်းပင် မပြည့်သေးပေ။

တိုးတက်မှုနှုန်းသည် အလွန်နှေးကွေးလွန်းသည်။ ဝင်ငွေပိုကောင်းမည့် နည်းလမ်းရှာဖွေပြီး အသက်စွမ်းအင်စုပ်ယူရန် ကြမ်းကြုတ်သောလင်းယုန်သားရဲအသားများကို ဝယ်ယူရပေမည်။ ပုံမှန်ခန္ဓာကိုယ်လေ့ကျင့်ခန်းများကို မှီခိုရုံဖြင့် သန်မာခြင်းဟူသည် အကန့်အသတ်ရှိ၏။ သွေးမျိုးဆက်ဆင့်ကဲတိုးတက်ရန်အတွက် ထူးခြားဆန်းပြားသားရဲ၏ အသက်စွမ်းအင်စုဆောင်းမှုကို ပို၍မှီခိုအားထားရန် လိုအပ်ပေသည်။ ခြုံငုံလိုက်ပါက သွေးမျိုးဆက်ဆင့်ကဲတိုးတက်မှုတိုင်းသည် အရည်အချင်းကောင်းမွန်သော အင်အားကို သယ်ဆောင်လာပေးသည်ပင်။

အင်အားကြီးမားသန်မာလာရန်အတွက် လင်းဇီချန်၏ စိတ်ရှည်မှုသည် ဂျူနီယာအထက်တန်းကာလများ‌ထက် လျော့နည်းလာခဲ့သည်။ ယခု၌ လင်းဇီချန်သည် နေ့စဉ်နေ့တိုင်းတွင် အင်အားကြီးမားသန်မာလာနိုင်ရန် အလွန်စိတ်အားထက်သန်နေသည်။ သူ၏စိတ်ရှည်မှုသည် ဆိုးရွားလာခဲ့ခြင်း မဟုတ်ပါဘဲ ပုံမှန်မဟုတ်သော ကြွက်များ၏ အပြုအမူများကို မကြာခဏမြင်တွေ့လာရခြင်းသည် သူ၏လုံခြုံမှုရှိခြင်းသော ခံစားချက်ကို တိုက်စားသွားခဲ့ခြင်း ဖြစ်ပါ၏။ ပြည်သူ့လုံခြုံရေးဌာနမှ သိသာထင်ရှားသော မည်သည့်လုပ်ဆောင်ချက်ကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့် ထိုကြွက်များ၏ မူမမှန်များသည် အသေးအဖွားလေးဟု ထင်ရပေသည်။ သို့သော် လင်းဇီချန်သည် မိမိ၏လုံခြုံရေးကို အခြားသူ၏လက်ထဲ ပုံအပ်မထားလိုပါချေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူ့လုံခြုံဌာနသည် အကြွင်းမဲ့အာဏာရှိနေခြင်း မဟုတ်သောကြောင့်ဖြစ်၏။

ပြည်သူ့လုံခြုံရေးဌာနသည် လက်တလောဖြစ်ပွားနေသည့် ကြွက်များ၏မူမမှန်မှုများသည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်ဆက်နွယ်ခြင်းဟု ယုံကြည်ထားသည်။ သို့သော် ၎င်းသည် လုံးဝ ပတ်သက်ဆက်နွယ်မှုမရှိဟု မဆိုလိုပေ။ အကယ်၍ ပြည်သူ့လုံခြုံရေးဌာနသည် အရာအားလုံးကို အတပ်သိလျှင် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဟောင်းသည် ကြွက်များကြောင့် သေဆုံးသွားခဲ့ရမည် မဟုတ်ပေ။ ထို့ကြောင့် လင်းဇီချန်သည် မိမိကိုယ်ကိုယ်သာ မှီခိုအားထားရပေမည်။ ပို၍အင်အားကြီးမားသန်မာလာခြင်းဖြင့်သာ သူကိုယ်တိုင်၏လုံခြုံမှုကို အာမခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် အရေးကြီးဆုံးသောတာဝန်သည် ကြမ်းကြုတ်သောလင်းယုန်သားရဲအသားကို ဝယ်ယူရန် ပိုက်ဆံပိုရှာခြင်းဖြစ်သည်။ ထို့နောက် သွေးမျိုးဆက်ဆင့်ကဲတိုးတက်ပြီး ပို၍အင်အားကြီးမားသန်မာလာပေမည်။

ဤနေရာတွင် မေးခွန်းရှိလာ၏။

ငါဘယ်လို ပိုက်ဆံပိုရှာရမှာလဲ။ ကွန်ပြူတာညွှန်ကြားချက်ရေးသားရမလား။

၎င်းသည်လည်း တကယ်တမ်းပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ သင်ယူရန် အချိန်ယူရပြီး သင်ယူပြီးနောက်တွင်လည်း အလုပ်ရှာဖွေရမည်ဖြစ်ပြီး clientများနှင့် ရင်ဆိုင်ရလိမ့်ဖြစ်ရာ အလွန်ဒုက္ခများပေသည်။ အရေးအကြီးဆုံးအချက်မှာ ကွန်ပြူတာညွှန်ကြားချက်ရေးသားခြင်းသည် အလွန်ပျင်းရိဖွယ်ကောင်း၏။ သင်ယူချိန်တွင်ဖြစ်စေ၊ အပိုငွေရှာဖွေချိန်တွင်ဖြစ်စေ အလွန်ပျင်းရိငြီးငွေ့‌ဖွယ်ကောင်းပေသည်။

ဝတ္ထုရေး၍ လက်ရေးစာမူခ ရယူခြင်းသည် ပိုကောင်းနိုင်ပေသည်။ ပိုက်ဆံရှာဖွေခြင်းနှင့်အတူ သူသဘောကျနှစ်ခြိုက်သည့် ဇာတ်လမ်းလေးများကို ရေးသားနိုင်ပေသည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။ လင်းဇီချန် တွေးတောဆင်ခြင်ပြီးနောက် ဖခင်ဖြစ်သူ၏ ခြေရာကိုနင်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏အရင်ဘဝတွင် ဝတ္ထုများစွာကို ဖတ်ခဲ့သည်ဖြစ်ရာ အမျိုးမျိုးသော ရင်ဖိုစိတ်လှုပ်ရှားဖွယ် ဇာတ်အိမ်အလှည့်အပြောင်းများကို နောကျေသည်ဖြစ်၏။ ဤကမ္ဘာတွင် စာရေးသူတစ်ယောက်အဖြစ် ငွေရှာခြင်းသည် လွယ်ကူနိုင်ပေသည်။ အရေးအကြီးဆုံးအချက်မှာ ဝတ္ထုရေးခြင်းသည် အချိန်သိပ်မကုန်သောကြောင့် သူ၏ခန္ဓာကိုယ်လေ့ကျင့်မှု အချိန်ဇယားကို မထိခိုက်နိုင်ပေ။ ဝတ္ထုတစ်ပုဒ်အတွက် အနည်းဆုံး updateတင်ရန် လိုအပ်ချက်သည် တစ်နေ့လျှင် စာလုံးရေ၄၀၀၀ဖြစ်သည်။ တစ်နာရီလျှင် စာလုံးရေ၂၀၀၀နှုန်းဖြင့် တွက်ချက်ပါက တစ်နေ့စာအလုပ်အတွက် အချိန်၂နာရီပေးရန်သာ လိုအပ်ပေသည်။ နောက်ပိုင်း၌ အသားကျသွားခဲ့လျှင် စာလုံးရေ၄၀၀၀ကို တစ်နာရီအတွင်း ပြီးမြောက်နိုင်သည်လည်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် ပို၍ရဲတင်းစွာ မှန်းဆရလျှင် စာရေးစက်အဖြစ် ပြောင်းလဲသွားပြီး တစ်နာရီလျှင် စာလုံးရေတစ်သောင်း ရေးထုတ်နိုင်သည်လည်း ဖြစ်နိုင်ပေသည်။

သူ့အား ကောင်းကင်ဘုံမှ ပေးအပ်သောလက်ဆောင်၏ အင်အားကို ယုံကြည်ရပေမည်။ မဟုတ်ပေ။ မိမိကိုယ်တိုင်၏အင်အားကို ယုံကြည်ရမည်ဖြစ်၏။ အတိုချုပ်ဆိုရသော် ဝတ္ထုရေးခြင်းသည် ကွန်ပြူတာညွှန်ကြားမှုရေးသားခြင်းထက် ပိုမိုလွယ်ကူပေသည်။ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ဝတ္ထုရေးသားခြင်းသည် ပို၍ပျော်ရွှင်စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ငန်းဖြစ်သည်။ သေချာပေါက်ပင် ၎င်းသည် သူ့အနေဖြင့် အရေးအသားကောင်းမွန်ရမည်ဖြစ်ပြီး လူများသည်လည်း ဖတ်ချင်စိတ် ရှိရပေမည်။ သို့မဟုတ်ပါက အရာအားလုံးသည် အလဟသဖြစ်‌ပေလိမ့်မည်။

စိတ်ကူးရသည်နှင့်တစ်ပြိုင်နက် လင်းဇီချန်သည် မိဘများဆီသို့သွား၍ သူ၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ထိုစိတ်ကူးကိုကြားသောအခါ လင်းဇီချန်၏ မိဘနှစ်ပါးလုံးသည် အတော်လေး အံ့အားသင့်သွားကြသည်။ ထို့နောက် ကျန်းဝမ်ရှင်းမှ မေးလာခဲ့သည်။

“ရှောင်ချန် မင်းဘာလို့ ရုတ်တရက်ကြီး ဝတ္ထုရေးဖို့ အတွေးဝင်လာတာလဲ”

“စာလေ့လာတာနဲ့ လေ့ကျင့်ရေးတွေက အရမ်းပင်ပန်းတယ်။ ကျွန်တော့်ရဲ့အားလပ်ချိန်တွေမှာ စိတ်အပန်းပြေမယ့်တစ်ခုခု လုပ်ချင်လို့ပါ။ ပြီး တော့ ကျွန်တော် ဝတ္ထုရေးရတာကို ကြိုက်တယ်”

လင်းဇီချန် ထိုသို့ ဆင်ခြေပေးခဲ့သည်။

တကယ်တမ်းတွင်တော့ ဝတ္ထုရေးသားခြင်း မဟုတ်ဘဲ ဝတ္ထုဖတ်ရခြင်းကို ကြိုက်နှစ်သက်ခြင်းသာ ဖြစ်ပါ၏။ ဝတ္ထုရေးခြင်းသည် ပင်ပန်းပေသည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို အင်အားကုန်ခမ်းစေသည်ဖြစ်၏။ အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ လည်ပင်းကျောရိုးဆိုင်ရာ ပြဿနာများ၊ ခါးရိုးဆစ်ကျွံခြင်း၊ ပခုံးရိုးဆစ်‌လေးဘက်နာ၊ လက်ကောက်ဝတ်အကြောလွဲခြင်း… စသည်တို့သည် ဝတ္ထုစာရေးဆရာများတွင် အဖြစ်များသော ရောဂါများဖြစ်ကြသည်။

သို့သော်ငြား လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့သည် သားဖြစ်သူ၏စကားကို သံသယမရှိကြပေ။ စာရေးဆရာမိဘနှစ်ပါးမှ မွေးဖွားလာခဲ့သော သူတို့၏သားဖြစ်သူသည် ဝတ္ထုရေးသားရန် ဝါသနာပါသည်မှာ ကျိုးကြောင်းသင့်လျော်သည်ဟု တွေးထင်ပေသည်။ ဤမိသားစုဝင်သုံးဦးသည် တစ်မိုးအောက်ထဲတွင် နေ့စဉ်နေ့တိုင်း အတူတကွ နေထိုင်ကြသည်ဖြစ်ရာ မိမိတို့၏သားဖြစ်သူအား အချိန်နှင့်အမျှ လွှမ်းမိုးမှုသက်ရောက်သည်မှာ သဘာဝကျပေသည်။

အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက် မိဘနှစ်ဦးသည် လင်းဇီချန်၏ အားလပ်ချိန်တွင် ဝတ္ထုရေးမည်ဟူသော စိတ်ကူးကို ထောက်ခံခဲ့သည်။ လင်းဇီချန်သည် ပါရမီရှင်တစ်ဦးဖြစ်ရာ ဝတ္ထုရေးခြင်းသည် စာလေ့လာခြင်းကို ထိခိုက်မည့်အရေးကို စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ မိဘများမှ သဘောတူလိုက်သောအခါ လင်းဇီချန်သည် ကျန်းဝမ်ရှင်းအား သူ့အတွက် စာရေးဆရာအကောင့်တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ လင်းဇီချန်သည် အသက်မပြည့်သေးသောကြောင့် ကိုယ်ပိုင်အကောင့်ကို စာရင်းမသွင်းနိုင်သေးပေ။ အကောင့်အတွက် မိဘများ၏IDကို အသုံးပြုရန် လိုအပ်သည်။ အကောင့်ဖွင့်သောအခါ လင်းဇီချန်သည် ကလောင်နာမည်အား ဇီချန်၏အလယ်တွင် ဟန်ပေါင်းထည့်သော အမည်ကို ကျပန်းရွေးချယ်လိုက်သည်။ ထို့နောက် အကောင့်ဖွင့်ခြင်း ပြီးဆုံးသွားခဲ့သည်။

ကျန်းဝမ်ရှင်းသည် စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။

“သားလေး မင်း ဘယ်အမျိုးအစားကို ရေးချင်လဲ”

“ကျွန်တော် ငယ်သူငယ်ချင်းနဲ့အတူ ကြီးပြင်းလာတဲ့အကြောင်း မြို့ပြဝတ္ထုတွေ ရေးချင်တယ်”

လင်းဇီချန်သည် အလားအလာရှိနိုင်သည့် ဈေးကွက်ကို စဉ်းစားချင့်ချိန်၍ ပြန်ပြောခဲ့သည်။

ခြုံငုံလိုက်ပါက ငယ်သူချင်းများ၏အချစ်ဇာတ်လမ်းဟူသည် လူများစွာအတွက် မရရှိနိုင်သော စိတ်ကူးယဉ်တစ်ခုဖြစ်သည်။ ထိုအကြောင်းကို ဝတ္ထုရေးပါက သေချာပေါက် စာဖတ်သူများစွာကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ကလေးဘဝမှ အတူတကွ ကြီးပြင်းလာခြင်းဖြစ်စဉ်သည် စာဖတ်သူများအပေါ် အထူးတလည် ပြုစုပျိုးထောင်ခြင်းကဲ့သို့သော ဆွဲဆောင်မှုတစ်မျိုး ရှိပေသည်။ အရေးအကြီးဆုံးမှာ လင်းဇီချန်တွင် ငယ်သူငယ်ချင်း ရှန်ချင်းဟန်တစ်ယောက်လုံး အမှန်တကယ် တည်ရှိနေလေရာ ဇာတ်လမ်းထဲတွင် သူတို့၏ လက်တွေ့ဘဝအတွေ့အကြုံများကို ထည့်သွင်းရေးသားခြင်းဖြင့် စစ်မှန်မှုနှင့် ကိုယ်ချင်းစာခံစားနိုင်မှုကို ကမ်းလှမ်းနိုင်လိမ့်မည်။

လင်းဇီချန်၏အဖြေကို ကြားသောအခါ ကျန်းဝမ်ရှင်းသည် မထိန်းချုပ်နိုင်စွာဖြင့် အန်တီကြီးတစ်ယောက်၏အပြုံးမျိုး လှစ်ဟပြသလျက် မေးမြန်းလာသည်။

“ဘုရားရေ သားက ဟန်ဟန့်အကြောင်း ရေးမလို့လား”

လင်းဇီချန် ပြုံးလိုက်ပြီး စကားမပြောတော့ပေ။ ထိုစကားကို သူ မငြင်းဆန်ခဲ့ပါချေ။ လင်းဇီချန် ဝတ္ထုထဲတွင် အခြေအနေများကို ပြောင်းပြန်လှန်ရန် စီစဉ်ထား၏။ ရှန်ချင်းဟန်အား ပါရမီရှင်တစ်ဦးအဖြစ် တောက်ပစေပြီး အောင်နိုင်သူ၏အရသာကို ခံစားသိစေပေမည်။

All Chapters