အပိုင်း ၆၁-၆၃
Vol. 5 Ch. 61-63
အခန်း ၆၁
နောက်ဆုံးသောပျိုးပင်
ဆက်လက်၍ အတန်းနှစ်တန်းသည် ပြိုင်ပွဲဝင်ရန်အတွက် ကျောင်းသားများကို တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် စေလွှတ်ခဲ့ကြသည်။
မနက်၁၀နာရီတွင် ပထမနှစ် အတန်း၁၌ ကျောင်းသား၄ဦးသာ ကျန်ရှိတော့သည်။ ဒုတိယနှစ် အတန်း၆၌ ၁၈ဦး ကျန်ရှိသည်။ အရေအတွက် ကွာခြားလွန်းနေ၏။ ရှင်းလင်းပြတ်သားစွာပင် အတန်းများ၏ပျမ်းမျှအင်အားအရာ၌ ပထမနှစ် အတန်း၁သည် ဒုတိယနှစ် အတန်း၆ထက် လျော့နည်းနေပြီး တူညီသည့်အဆင့်တွင် မဟုတ်ပေ။ ပထမနှစ် အတန်း၁၏ ကျောင်းသားသစ်လေးများသည် ကျောင်းစတင်တက်ရောက်သည့်အချိန်ကာလမှာ နည်းပါးသေးပြီး လေ့ကျင့်မှုမှာလည်း နည်းပါးသေးသည်။ သူတို့၏အရည်အချင်းအများစုမှာ အပြည့်အဝ မထွက်ပေါ်လာသေးပေ။
“အစ်ကိုဟန် မင်းရဲ့အတန်းက ၄ယောက်ပဲ ကျန်တော့တယ်။ ကြည့်ရတာ ဒီတစ်ကြိမ် လောင်းကြေး ထမင်းတစ်နပ်ကိုတော့ ကျွန်တော် ကျိန်းသေပေါက် အနိုင်ရတော့မယ့်ပုံပဲ”
ဒုတိယနှစ် အတန်း၆၏အတန်းပိုင်ဆရာဖြစ်သော ဆံပင်တိုကို စုစည်းထားသည့် ခေတ်ဆန်သည့်သက်လတ်ပိုင်းအရွယ်လူကြီးသည် ဂုဏ်ယူဝံ့ကြွားလျက် ဟန်ယွမ်ဖုန်းအား ကြည့်လာခဲ့သည်။ ဟန်ယွမ်ဖုန်းသည် တည်ငြိမ်အေးဆေးစွာ ပြုံးလျက် ပြန်ပြောသည်။
“အထင် မစောပါနဲ့ဦး။ စောင့်ကြည့်ရအောင်ပါ”
ပထမနှစ် အတန်း၁၏ အတန်းပိုင်ဆရာတစ်ဦးအနေဖြင့် ဟန်ယွမ်ဖုန်းသည် ဤတစ်ချက်ကိုတော့ ရှင်းလင်းပြတ်သား၏။ ၎င်းမှာ လင်းဇီချန်၊ ဝမ်ရှုကျယ်၊ လုကန်းနှင့် ဟယ့်ယွီတို့သည်သာလျှင် အတန်း၁၏ အင်အားအစစ်အမှန်ဖြစ်သည်ဟူသော အချက်ပင်။ မတိုင်ခင်က ပြိုင်ဆိုင်ခဲ့သည့် ကျောင်းသားများသည်တော့ ပြိုင်ပွဲတွင် ပါဝင်ကြရုံသာဖြစ်သော အမြှောက်ဆံလေးများမျှသာ ဖြစ်သည်။ သူတို့ မည်မျှဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ နောက်ဆုံးရလဒ်အား ကြီးမားသည့်သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ ပြိုင်ပွဲအစစ်အမှန်မှာ ယခုမှ စတင်ခြင်းဖြစ်ပေသည်။
မကြာမီ၌ ဟန်ယွမ်ဖုန်းသည် စိတ်အားထက်သန်စွာ သွေးပူလေ့ကျင့်ခန်းလုပ်နေသော ဟယ့်ယွီအား ပြောလိုက်သည်။
“ဟယ့်ယွီ နောက်တစ်ပွဲက မင်းအလှည့်ပဲ”
“ကောင်းပါပြီ!”
ဟယ့်ယွီမှ ပြန်ဖြေသည်။
ထို့နောက် ဟယ့်ယွီသည် ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့ပြီး ပြိုင်ဘက်အား အတော်လေး ကြောင်တောင်တောင်နိုင်သော ပြုံးဖြဲဖြဲပုံစံဖြင့် ပြောသည်။
“ကျွန်တော့်ရဲ့လက်သီးတွေက တိုက်ခိုက်ချင်လွန်းလို့ ယားနေတာဗျာ။ ကျွန်တော့်ရဲ့ ကျောက်တုံးလိုမာကြောတဲ့လက်သီးနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာလေး မေးကြည့်လို့ရမလားဗျ စီနီယာ”
“အရူးကောင်!”
ဟယ့်ယွီ၏ ကလေးဆန်လွန်းသည့်ပုံစံကို မြင်သောအခါ ပြိုင်ဘက်စီနီယာသည် ပုတ်ခတ်ပြောဆိုလာ၏။ အလွန်နာကျင်စေနိုင်သော စကားလုံးမဟုတ်သော်ငြား အလွန်တရာ စော်ကားမော်ကားနိုင်ပေသည်။
ဟယ့်ယွီသည် ဒေါသကြောင့် ရုတ်ချည်းနီရဲသွား၏။
ချီးပဲ လူတစ်ယောက် ဟိတ်ဟန်ထုတ်ကြွားဝါတာကို ဟန့်တားတာက အဲဒီလူရဲ့မိဘတွေကို သတ်လိုက်တာနဲ့ အတူတူပဲတဲ့! ဒီစီနီယာက အရမ်းဆတ်ဆတ်ထိမခံဖြစ်လွန်းတယ်။ ငါသူ့ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး ပြင်းပြင်းထန်ထန်ကို အရှက်ရသွားအောင် လုပ်ပစ်ဦးမယ်။
ပြိုင်ပွဲဝင်နှစ်ဦးလုံး နေရာယူပြီးသောအခါ ဒိုင်လူကြီးမှ အော်ပြောသည်။
“ပြိုင်ပွဲ စတင်မယ်!”
ဒိုင်လူကြီး၏အသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဟယ့်ယွီသည် အားအင်အပြည့်ကန်ချက်ဖြင့် ရှေ့သို့ ခုန်းပြေးတက်သည်။ သို့ဖြင့် ပြိုင်ဘက်နှင့်အကွာအဝေးကို နီးကပ်သွားစေခဲ့ပြီး လှည့်ကန်ချက်တစ်ချက်နှင့်အတူ ပြိုင်ဘက်အား ပြိုင်ပွဲစင်အောက်သို့ လဲကျသွားစေခဲ့သည်။ ဟယ့်ယွီမှ ပြိုင်ဘက်အား အနိုင်ယူလိုက်သည့်ပုံစံသည် အလွန်တရာ အရှက်ရစေပေသည်။ ထို့နောက် ဟယ့်ယွီသည် ပြိုင်ပွဲစင်အစွန်းတွင် ရပ်လျက် ဝင့်ကြွားစွာဖြင့် ပြိုင်ဘက်အား ရိုင်းပျစွာပြောခဲ့သည်။
“မဖြစ်နိုင်တာ၊ စီနီယာ လုပ်နိုင်တာ ဒါအကုန်ပဲလား။ ဘာလို့ လူတစ်ယောက်ကို အရူးလို့ခေါ်ပြီး အောက်ပြေးဆင်းသွားရတာလဲ။ စီနီယာကသာ ဒီနေရာမှာ အမှိုက်ပဲလေနော်”
“ဒိုင်လူကြီး ဒါက ပြိုင်ဘက်ကို အငြိုးနဲ့ ပုတ်ခတ်စော်ကားတာဖြစ်ပြီး သိုင်းပညာယှဉ်ပြိုင်မှုစိတ်ဓာတ်ကို ချိုးဖောက်လိုက်နေတာပါ။ သူ့ကို အရည်အချင်းမပြည့်မီလို့ သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်”
ဒုတိယနှစ် အတန်း၆၏အတန်းပိုင်မှ ဒိုင်လူကြီးအား တိုင်တန်းပြောဆိုသည်။
ထိုအခါ ဒိုင်လူကြီးသည် ဟယ့်ယွီသို့ ရုတ်ချည်းကြည့်လာခဲ့ပြီး တင်းမာစွာ သတိပေးသည်။
“ကောင်လေး ကျေးဇူးပြုပြီး မင်းရဲ့စကားအပြောအဆိုကို သတိထားပေးပါ။ မင်းအနေနဲ့ ပြိုင်ဘက်ကို အငြိုးနဲ့ ပုတ်ခတ်မစော်ကားသင့်ဘူး”
ထိုအခါ ဟယ့်ယွီသည် ရုတ်ချည်း မကျေမနပ်ဖြစ်သွားပြီး ပြန်လည်ခုခံပြောဆိုသည်။
“ခင်ဗျား သူတော်ကောင်းယောင်ဆောင်တာ ရပ်ပေးလို့ရမလား။ ခုနက အဲဒီကောင်က ကျွန်တော့်ကို အရူးကောင်လို့ပြောတုန်းက ခင်ဗျား ဘာလို့ သူ့ကို သတိမပေးခဲ့တာလဲ”
ဒိုင်လူကြီး: “ဒုတိယအကြိမ် သတိပေးပါတယ်”
ဟယ့်ယွီသည် ထပ်မံချေပပြောဆိုလိုသည်။ သို့သော် ဟယ့်ယွီ ဘာမျှမပြောမီ၌ပင် ဟန်ယွမ်ဖုန်းသည် စင်အောက်မှ အော်ပြောလာသည်။
“ဟယ့်ယွီ စကားကိုနည်းနည်းပဲပြော၊ လက်တွေ့ များများလုပ်။ ပြိုင်ပွဲစင်ပေါ်မှာ မင်းရဲ့သဘောထားအမြင်တွေကို သင့်တော်တဲ့အပြုအမူနဲ့ဖော်ပြဖို့ သင်ယူဖို့လိုတယ်”
ထိုအခိုက်အတန့်၌ ဟန်ယွမ်ဖုန်းသည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပေသည်။
ဒုတိယနှစ် အတန်း၆ရဲ့ အတန်းပိုင်ဆရာက ဟယ့်ယွီကို အရည်အချင်းမပြည့်မီသူအဖြစ် သတ်မှတ်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုလိုက်တာလား။ အဲဒါ ဘာအဓိပ္ပာယ်လဲ။ ထမင်းတစ်နပ်စာ လောင်းကြေးလေး အနိုင်ရဖို့အတွက်နဲ့ သိုင်းပညာကျင့်ဝတ်တွေကို စွန့်ပစ်လိုက်ပြီလား။ ဘယ်လိုကောင်က အဲဒီလိုလုပ်နိုင်ရတာလဲ!
မကြာမီ နောက်ထပ်ပြိုင်ပွဲ စတင်ခဲ့သည်။ ပြိုင်ဘက်သည် ကြွက်သားဖွံ့ထွားပြီး အားကောင်းသန်မာသော အင်အားအပြည့်ခန္ဓာကိုယ်ဖြင့် အရပ်၁.၉မီတာခန့်ရှိသော စီနီယာဖြစ်သည်။ ထိုမျှ အရပ်မြင့်မားသောပြိုင်ဘက်နှင့် ရင်ဆိုင်ရသော်ငြား ဟယ့်ယွီသည် ယိမ်းယိုင်သွားခြင်း မရှိပေ။ သူ၏ ထူးကဲပြောင်မြောက်သော လက်ဝှေ့ထိုးနည်းများနှင့် ကန်ချက်သိုင်းပညာများကို အသုံးချ၍ ထိုပြိုင်ဘက်စီနီယာအား ၅မိနစ်အတွင်း အနိုင်ရယူခဲ့ပြီး အလွယ်တကူပင် အောင်ပွဲရယူခဲ့သည်။ ထို့နောက်တွင် ဟယ့်ယွီသည် ပြိုင်ပွဲတစ်ပွဲစီ၌ ပို၍ကြံ့ခိုင်ဖျတ်လတ်လာခဲ့ပြီး နောက်ထပ်ပြိုင်ဘက်၃ဦးကို ဆက်တိုက် အနိုင်ရယူခဲ့သည်။ ပြီးခဲ့သည့်နှစ်ယောက်နှင့် ပေါင်းလိုက်လျှင် ၅ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းပင်…။ ၆ယောက်မြောက် ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ရချိန်တွင်မူ မောပန်းနွမ်းနယ်မှုကြောင့် ကတ်သတ်ရှုံးနိမ့်သွားခဲ့တော့သည်။ ထိုအခါ ပထမနှစ် အတန်း၁သည် ကျောင်းသား၃ဦး ကျန်ရှိပြီး ဒုတိယနှစ် အတန်း၆သည် ၁၃ဦး ကျန်ရှိသည်။
“ဝမ်ရှုကျယ် မင်းတက်လိုက်”
“ဟုတ်ကဲ့!”
တစ်နာရီခန့်ကြာမြင့်ပြီးနောက် ဝမ်ရှုကျယ်၏ ယှဉ်ပြိုင်မှုလည်း ပြီးဆုံးသွားခဲ့သည်။ ဝမ်ရှုကျယ်သည် ဟယ့်ယွီထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့၏။ ပြိုင်ဘက်၁၀ဦးကို ဆက်တိုက်အနိုင်ယူခဲ့ပေသည်။ ၁၁ယောက်မြောက် ပြိုင်ပွဲတွင်တော့ မောပန်းမှုကြောင့် ရှုံးသွားခဲ့သည်။ ယခု၌ ကျန်ရှိသည့်ကျောင်းသားအရေအတွက်သည် ပထမနှစ် အတန်း၁တွင် ၂ဦးနှင့် ဒုတိယနှစ် အတန်း၆တွင် ၃ဦးဖြစ်သည်။
“လုကန်း မင်းအလှည့်ပဲ”
“ဟုတ်ကဲ့!”
လုကန်း ပြန်ဖြေလိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ ရုတ်ချည်း တက်သွားခဲ့သည်။ ၁၀မိနစ်မပြည့်သောအချိန်အတွင်း၌ လုကန်းသည် တစ်ဖက်အတန်း၏ ထိပ်တန်းကစားသမားနှစ်ဦးကို အလင်းအလျင်ဖြင့် အနိုင်ယူပစ်ခဲ့သည်။ သို့ဖြင့် ပြိုင်ဘက်တစ်ဦးသာ ကျန်ရှိတော့ပေသည်။
“ရှုကျဲ့ မင်းအတန်းရဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားတွေတော့ ကိစ္စတုံးတော့မယ်နဲ့တူတယ်။ ကြည့်ရတာ လောင်းကြေးထမင်းတစ်နပ်ကို ငါစားရတော့မယ်ထင်တယ်”
အခြေအနေသည် သူ့ဘက်တွင် အကျိုးများနေသည်ကို မြင်သောအခါ ဟန်ယွမ်ဖုန်းသည် ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာကို ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဒုတိယနှစ် အတန်း၆၏အတန်းပိုင်သည်လည်း ရယ်မောလျက် တုံ့ပြန်သည်။
“အဲဒီလိုတော့ မသေချာသေးပါဘူး”
ထိုသို့ပြောပြီးနောက် သူ၏အတန်းတွင် ကျန်ရှိနေသေးသော အသားညိုမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားအား အပြုံးဖြင့် ပြောလိုက်သည်။
“ဝမ်ကျင့်ဟယ် မင်းအလှည့်ပဲ”
ထို့နောက် ဝမ်ကျင့်ဟယ်ဟု အမည်ရသော အသားညိုမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားသည် ပြိုင်ပွဲစင်ပေါ်သို့ တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးကဲ့သို့ လုံးဝန်းနေကာ လှုပ်ရှားမှုသည်လည်း အလွန်နှေးကွေးပေသည်။ ကြည့်ရှုသူနေရာမှ ပြိုင်ပွဲစင်ပေါ်သို့ သွားသည့်အချိန်ပင်လျှင် မိနစ်ဝက်ခန့် ကြာမြင့်၏။ သူ၏ပုံစံမှာ လိပ်အိုကြီးအလားပင်။
ဟန်ယွမ်ဖုန်းသည် ပြိုင်ပွဲစင်ပေါ်ရှိ ဝမ်ကျင့်ဟယ်အား ကြည့်လျက် အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့သည်။
“ရှုကျဲ့ သူက မင်းအတန်းရဲ့ကျောင်းသားဆိုတာ သေချာရဲ့လား။ ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်မှ ရှင်းပြသည်။
“သူက ဒီစာသင်နှစ်မှာမှ ကျွန်တော့်အတန်းကို ပြောင်းလာခဲ့တာလေ၊ သေချာပေါက် မမြင်ဖူးဘူးပေါ့”
ဟန်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။ တစ်ဖက်၌ ရှန်ချင်းဟန်သည် လင်းဇီချန်ကို မှီထိုင်လျက် လင်းဇီချန်၏ နား,နားကပ်၍ သံသယဖြစ်စွာ ပြောနေသည်။
“ဇီချန် သူက အရမ်းဝတာပဲ။ အဲဒီလောက် ဝနေတဲ့သူက သိုင်းပညာအတန်းကို တက်လို့ရတယ်လား”
“ငါလည်း သိချင်နေတာ။ လာမယ့်ပြိုင်ပွဲမှာ သူ လုကန်းကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ကြည့်ကြတာပေါ့။ စောင့်ကြည့်လိုက်ရင် သိပြီပဲလေ”
လင်းဇီချန် တည်ငြိမ်အေးဆေးစွာ ပြောသည်။
အားကစားခန်းမသို့ ရောက်ရှိသည့် အချိန်ကတည်းက ထိုအသားညိုမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားကို လင်းဇီချန် သတိထားမိခဲ့သည်။ သိုင်းပညာအတန်းတွင် အဘယ်သို့များ ဤသို့ဝဖိုင့်သည့်ကျောင်းသား ရှိနေရသနည်းဟုလည်း တွေးမိခဲ့သေး၏။ ကျိုးကြောင်းသင့်လျော်စွာဆိုရသော် သိုင်းပညာအတန်းကျောင်းသားများ နေ့စဉ်နေ့တိုင်း လုပ်ဆောင်ရသည့် များပြားလှသည့် လေ့ကျင့်ခန်းတစ်ပုံတစ်ပင်ဖြင့်ပင် မည်သူမျှ အဝလွန်နိုင်တော့မည် မဟုတ်ပေ။
သူက အဆက်အသွယ်နဲ့ နောက်ဖေးတံခါးကနေ ဝင်လာခဲ့တာလား။ ဒါပေမဲ့ အဲဒီလိုပုံလည်း မပေါ်ပါဘူး။
ခြုံငုံလိုက်လျှင် ထိုဝဖိုင့်ဖိုင့်ကျောင်းသားသည် နောက်ဆုံးမှ ယှဉ်ပြိုင်ရသည်ဖြစ်ရာ အတန်း၏ အသန်မာဆုံးကျောင်းသားဟု ဆိုလိုပေသည်။
မကြာမီ၌ ပြိုင်ပွဲစတင်ခဲ့သည်။ ညိုမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားသည် နေရာ၌သာ မလှုပ်မယှက် ရပ်နေလျက် တိုက်ခိုက်မည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။ ဝဖိုင့်သည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည်တွင် လုကန်းသည် တွန့်ဆုတ်မသွားဘဲ ပြိုင်ဘက်ဆီသို့ တန်းတန်းမတ်မတ် တက်သွားခဲ့သည်။ လုကန်း၏ ပထမဆုံးနည်းဗျူဟာမှာ ခွန်အားအလွန်အကျွံဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
မြန်ဆန်သော လက်သီးထိုးချက်များ၊ ကွေ့ဆွဲသော ထိုးချက်များ…
ဘေးတိုက်ကန်ချက်များ၊ မိုးပျံကန်ချက်များ၊ သိမ်းကျုံးကန်သော ခြေထောက်များ…
တံတောင်တိုက်ကွက်၊ ဒူးတိုက်ချက်များ…
ပခုံးတိုက်ခြင်း၊ သံမဏိတောင်ယိမ်းယိုင်တိုက်ကွက်…
လုကန်းသည် ညိုမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားအား သိုင်းပညာ၁၈မျိုးလုံးဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သူမည်မျှ အပြင်းအထန်တိုက်ခိုက်သည်ဖြစ်စေ ပြိုင်ဘက်၏ခုခံမှုကို မထိုးဖောက်နိုင်ဘဲ ဖြစ်နေရသည်။
အဆီအရမ်းများလွန်းတယ်။ အသားက အရမ်းထူတယ်။
လုကန်း သူ့အား မထိခိုက်စေနိုင်ပေ။ လုကန်း စိုးရိမ်ပူပန်လာခဲ့၏။ သို့သော် သူ့၌ အကြံဉာဏ်မကျန်ရစ်တော့လေရာ အင်အားကိုမြှင့်တင်အသုံးပြု၍ အရူးတစ်ယောက်ကဲ့သို့ တိုက်ခိုက်ရန်သာ တတ်နိုင်ပေသည်။ သို့သော် ကံအကြောင်းမလှစွာဖြင့် ဝမ်ကျင့်ဟယ်အား မည်သို့မျှ မထိခိုက်နိုင်မြဲပင်။
“ပြီးပြီလား။ မင်းပြီးပြီဆိုရင် ငါ့အလှည့်ပဲ”
ဝမ်ကျင့်ဟယ်သည် ပြုံးဖြဲဖြဲဖြင့် လုကန်း၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး လုကန်းအား အလွယ်လေးပင် ပင့်မြှောက်လိုက်ကာ ပြိုင်ပွဲစင်ပေါ်မှ ပစ်ချလိုက်သည်။
လုကန်း ရှုံးနိမ့်သွားသောကြောင့် အတန်းနှစ်ခုလုံး၌ ပြိုင်ပွဲဝင်တစ်ဦးစီသာ ကျန်ရှိတော့သည်။
“ဟန် အစ်ကိုတို့အတန်းလည်း တစ်ယောက်ပဲ ကျန်တော့တယ်နော်။ ကြည့်ရတာ ကျွန်တော် နိုင်တော့မယ်ထင်တယ်”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာသည် ဟန်ယွမ်ဖုန်းအား ဝင့်ကြွားလျက် ပြောသည်။
ဟန်ယွမ်ဖုန်းသည်လည်း မိမိ ရှုံးတော့မည်ဟု ခံစားနေရ၏။ သူ၏အတန်းထဲတွင် အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သော လုကန်းပင်လျှင် ထိုဖက်တီးကျောင်းသား၏ရှေ့တွင် အားနည်းသည့် ကြက်လေးတစ်ကောင်ကဲ့သို့ အလွယ်တကူ ပင့်မြှောက်ခံလိုက်ရပြီး ပြိုင်ပွဲစင်ပေါ်မှ ပစ်ချခံခဲ့ရသည်။ ကျန်ရှိသည့် လင်းဇီချန်သည်လည်း ထိုဖက်တီးကျောင်းသားကို အနိုင်ရယူနိုင်မည့်ပုံ မပေါ်ပေ။
အာ တစ်ဖက်က အသာစီးရနေပြီ…
ဟန်ယွမ်ဖုန်း ခေါင်းခါရမ်း၍ မွန်းကျပ်စွာ သက်ပြင်းချလိုက်ကာ ယူကြုံးမရသောအပြုံးဖြင့် ပြောလိုက်၏။
“မင်းဘာလို့ ငါနဲ့ ဒီလိုမျိုးလောင်းကြေးထပ်ရဲပါလိမ့်လို့ ငါတွေးနေခဲ့တာ။ လတ်စသတ်တော့ မင်းလက်ထဲမှာ ဒီလိုaceတစ်ယောက် ဝှက်ဖဲရှိနေတာပဲ။ သိုင်းပညာဂုဏ်အသရေ မရှိလိုက်တာ”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်မှ ရယ်မောလျက်ပြောသည်။
“ဟားဟား အပြန်အလှန်ပေါ့ဗျာ။ အစ်ကိုဟန်လည်း ကျွန်တော့်ကို အလွယ်လေး အနိုင်ရမယ်ထင်လို့ လောင်းကြေးထပ်ခဲ့တာပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့နှစ်ယောက်လုံး အတူတူပါပဲ”
ထိုစကားကိုကြားသည်တွင် ဟန်ယွမ်ဖုန်းမှာ နှလုံးသွေးများ ပန်းထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့် ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်တို့ ထပ်ခဲ့သည့် လောင်းကြေးမှာ ရှုံးနိမ့်သူသည် အနိုင်ရသူတစ်တန်လုံးအား ကျောင်းမျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်တွင် တစ်နပ်ဝယ်ကျွေးရန်ဖြစ်သည်။ အတန်းတစ်တန်းလုံးရှိ ကျောင်းသားများကို တစ်နပ်စာဝယ်ကျွေးခြင်းမှာ ဈေးပေါသည် မဟုတ်ပေ။ လစာတစ်ဝက်ခန့် ကုန်သွားနိုင်၏။ ဟန်ယွမ်ဖုန်းမှာ တွေးလေလေ နောင်တရလေလေ ဖြစ်လာရသည်။ သူကြိုသိခဲ့လျှင် လောင်းကြေးထပ်ခဲ့မည် မဟုတ်ပေ။ ပုံမှန်ချစ်ကြည်ရေးပြိုင်ပွဲလေးအဖြစ်သာ ပြုလုပ်ခဲ့မည်ဖြစ်၏။
အခန်း ၆၂
မေးခွန်းအမှတ်အသားများ ပြည့်နှက်နေ
“သွားပြီ။ ငါတို့အတန်း ရှုံးတော့မယ်”
“အဲဒီ အသားမဲမဲ ဝဖိုင့်ဖိုင့်စီနီယာက ဘာကြီးလဲ။ သူဘာလို့ အဲဒီလောက်တောင် အားကောင်းနေရတာလဲ။ သူက တကယ်ကြီး သာမန်ကျောင်းသားတစ်ယောက်ရော ဟုတ်ရဲ့လား”
“ဟူး ငါတို့အတန်းက ဒုတိယနှစ် ဂုဏ်ထူးတန်းနဲ့ သိုင်းပညာနည်းနည်းလောက် ဖလှယ်နိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ငါတို့က ဒုတိယနှစ် သာမန်အတန်းကိုတောင် အနိုင်မယူနိုင်ဘူးပဲ”
လုကန်း၏ အင်အားကင်းမဲ့စွာဖြင့် ပြိုင်ပွဲစင်ပေါ်မှ လက်တစ်ဖက်တည်းဖြင့် ကိုင်မြှောက်ပစ်ချခံလိုက်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ ပထမနှစ် အတန်း၁၏ကျောင်းသားများသည် ခပ်ပြင်းပြင်းရိုက်ချက်တစ်ခုဖြင့် ရိုက်ချခံလိုက်ရသည့်အလား စိတ်ပျက်အားငယ်သွားကြလေသည်။ လူအုပ်အလယ်၌ ဝမ်ရှုကျယ်သည် အတန်းဆီသို့ ပြန်ရောက်လာသည့် လုကန်းအနီးသို့ ချဉ်းကပ်သွားလိုက်ပြီး မေးမြန်း၏။
“လုကန်း ဘယ်လိုခံစားရလဲ”
လုကန်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်မှာ ထင်ရှားသည့်တိုင် မိမိကိုယ်ကိုယ် ယုံကြည်မှုအား ထိန်းသိမ်းထားဆဲပင်။
“အဲဒီဝဖိုင့်ဖိုင့် စီနီယာက အရမ်းသန်မာတယ်။ သူ့ရဲ့အဲဒီအဆီအောက်မှာက ကြွက်သားတွေချည်းပဲ။ ထိုးချက်ကန်ချက်တွေကို ခံနိုင်ရည်ရှိတယ်။ ငါရဲ့အခုအခြေအနေအရတော့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး”
“ဒါပေမဲ့ ငါ့ကို ၆လပဲ လေ့ကျင့်ဖို့အချိန်ပေးရင် ပထမနှစ် ဒုတိယနှစ်ဝက်မှာ ငါသူ့ကို သေချာပေါက် မြေကြီးပေါ်စိုက်ချပစ်ပြီး သူ့မျက်နှာကို မြေကြီးနဲ့ ပွတ်တိုက်ပစ်နိုင်တယ်”
“တိတိကျကျပြောရရင် အဲဒီစီနီယာက သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားကိုပဲ သူ့ရဲ့အားသာချက်အဖြစ် အသုံးချနေတာ။ ငါတို့ရဲ့အင်အားတွေက သူ့ကိုအနှောင့်အယှက်ဖြစ်လောက်အောင်အထိ မဖွံ့ဖြိုးသေးတာကို အခွင့်ကောင်းယူနေတာပဲ။ ငါတို့တွေ ဒီထက်ပိုဖွံ့ဖြိုးသန်မာလာတာနဲ့ သူက ငါတို့အတွက် ရွေးလျားနေတဲ့ ပစ်မှတ်တစ်ခုပဲဖြစ်တော့မှာ”
လုကန်းမှာ ထိုအကြောင်းကို ပြောသည်နှင့်အမျှ ယုံကြည်ချက်ရှိလာခဲ့သည်။ ခုနကပင် ထိုစီနီယာထံမှ ကြက်လေးတစ်ကောင်ကဲ့သို့ ပြိုင်ပွဲစင်ပေါ်မှ ကိုင်မြှောက်ပစ်ချခံခဲ့ရသည့်တိုင် ထိုစီနီယာအား အထင်မြင်သေးနေဆဲပင်။ ဝမ်ရှုကျယ်သည်လည်း လုကန်းအား ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် မေးမြန်းသည်။
“ဒါဆို လာမယ့်ပြိုင်ပွဲမှာ လင်းဇီချန် အနိုင်ရနိုင်ခြေရှိမယ်ထင်လား”
“သုညပဲ”
လုကန်းသည် သေချာပင်မစဉ်းစားဘဲ ဖြေလိုက်သည်။
ထို့နောက် အမြန်ရှင်းပြ၏။
“လင်းဇီချန်က အရမ်းသန်မာပါတယ်။ ငါ့ထက်တောင် အများကြီးပိုသန်မာတယ်။ ဒါပေမဲ့ အဲဒါအကုန်ခြုံငုံတွက်ချက်ထားတာပဲ။ အင်အားတစ်ခုတည်း ယှဉ်မယ်ဆိုရင် သူလည်း ငါ့ထက် နည်းနည်းပဲ သာတာ။ သူလည်း အဲဒီစီနီယာရဲ့ခုခံမှုကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး”
“အမ်းး သေချာပေါက်ပဲ”
ဝမ်ရှုကျယ်လည်း သဘောတူကြောင်း ခေါင်းညိတ်သည်။
“ငါမှတ်မိသေးတယ်။ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးတုန်းက သူလက်တစ်ဖက်တည်း မ,နိုင်တဲ့အလေးချိန်က မင်းထက် ၃၀ကီလိုပဲ များတယ်။ အရမ်းကြီးမကွာဘူး”
နန်ကွမ်းမြို့၏ထိပ်တန်းကျောင်းသားနှစ်ဦးသည် လင်းဇီချန်၌ အနိုင်ရနိုင်သည့် အခွင့်အရေးရှိကြောင်းကို မသိကြပေ။ သူတို့သည် လင်းဇီချန်အား အားနည်းသည်ဟု တွေးထင်သောကြောင့် မဟုတ်ပါဘဲ ပြိုင်ပွဲစင်ပေါ်မှ ထိုဝဖိုင့်သောစီနီယာသည် ပို၍အင်အားကြီးမားသည်ဟု ယုံကြည်သောကြောင့်သာ ဖြစ်ပါ၏။ သူတို့သည် လင်းဇီချန်အား ဤပထမနှစ်ကျောင်းသားသစ်များတွင် ပြိုင်ဘက်ကင်းသော ရွာသူကြီးအဖြစ် သတ်မှတ်ထားပါသည်။
အနီးရှိ ကျောင်းသူတစ်ယောက်သည် သူတို့နှစ်ယောက်၏ စကားများကို နားမထောင်နိုင်တော့သောကြောင့် သရော်လာခဲ့သည်။
“ဟမ့် နင်တို့နှစ်ယောက်က သုံးစားမရတဲ့အမှိုက်တွေ ဖြစ်တာနဲ့ပဲ လူတိုင်းက နင်တို့လိုအမှိုက်တွေလို့ မဆိုလိုဘူးလေ။ နင်တို့ နည်းနည်းလောက် အရှက်ရှိကြပါလားဟင်”
ဝမ်ရှုကျယ်နှင့်လုကန်းတို့သည် ထိုကျောင်းသူအား တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမသည် လင်းဇီချန်၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း မြင်တွေ့လိုက်သောအခါ သူမကို အာရုံစိုက်ရန် စိတ်အနှောင့်အယှက် အဖြစ်မခံတော့ဘဲ ငြင်းခုန်ပြောဆိုရခြင်းမှ ရှောင်ကြဉ်နိုင်ရန် နေရာမှ ရှောင်ထွက်လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် သူမ၏ ကိုကိုလင်းဇီချန်မှာ စကြဝဠာတွင် အင်အားအကြီးမားဆုံးဟု တွေးထင်နေသည့် ထိုပရိသတ်မိန်းကလေးအား ဦးနှောက်မရှိသည့် အရူးအမူးစွဲလမ်းလွန်သူဟု သတ်မှတ်လိုက်ကြပြီး သူမနှင့် ငြင်းခုန်ပြောဆိုရခြင်းမှာ အဓိပ္ပာယ်မရှိဟု သတ်မှတ်လိုက်ကြသည်။
တစ်ဖက်၌ ရှန်ချင်းဟန်သည် လင်းဇီချန်ကို အရည်လဲ့နေသော စူးစမ်းလိုသောမျက်လုံးအစုံဖြင့် ကြည့်လျက် မေးမြန်းသည်။
“ရှောင်ချန် နင်မြင်လိုက်လား။ အဲဒီစီနီယာ ဝဝကြီးက ဘာတွေ အထူးတလည် စွမ်းရည်ရှိနေတာလဲ”
“အင်း ငါသတိထားမိလိုက်တယ်”
လင်းဇီချန် ရှန်ချင်းဟန်အား ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။
“အဲဒီစီနီယာ ဝဝကြီးက ဒီတိုင်း ဝနေတာ မဟုတ်ဘူး။ သူက အဆီတစ်လွှာနဲ့ ဖုံးအုပ်ထုပ်ပိုးထားတဲ့ ကြွက်သားအပြည့်နဲ့လူတစ်ယောက်ပဲ။ လျင်မြန်သွက်လက်မှု မရှိတာအပြင် သူက သူ့ရဲ့အင်အားကို အစွမ်းကုန်ထုတ်သုံးပြီး ခုခံတာ”
“အဆီတစ်လွှာနဲ့ ဖုံးအုပ်ထုပ်ပိုးထားတဲ့ ကြွက်သားအပြည့်နဲ့လူလား”
ရှန်ချင်းဟန်မှာ ပို၍ပင် ရှုပ်ထွေးသွားရပြီး မေးလာခဲ့သည်။
“ဒါပေမဲ့ အဲဒါက ဇီဝဗေဒအရ အဓိပ္ပာယ်မရှိဘူးလေ။ ခန္ဓာကိုယ်ကို အဲဒီလိုဖြစ်အောင် လေ့ကျင့်ဖို့ဆိုတာ ဖြစ်နိုင်လို့လား”
လင်းဇီချန်: “သူက အစားတနင့်တပိုးစားတာမျိုး မကောင်းတဲ့အကျင့်ဆိုးတစ်ခုခုကို စွဲလမ်းသွားပြီး ပုံစံပျက်ယွင်းသွားခဲ့တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် နေမကောင်းဖြစ်တာနဲ့ တခြား အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ငါလည်း မသေချာဘူး”
သူတို့ ဆွေးနွေးပြောဆိုနေစဉ် ဟန်ယွမ်ဖုန်းရောက်လာပြီး လင်းဇီချန်ကို ပြုံးပြလျက် ပြောသည်။
“ဇီချန် မင်းအလှည့်ပဲ”
“ဟုတ်”
လင်းဇီချန် တုံ့ပြန်လိုက်ပြီး ပြိုင်ပွဲစင်သို့ ထွက်သွားခဲ့သည်။ သို့သော် ဟန်ယွမ်ဖုန်းသည် လင်းဇီချန်အား ပြိုင်ပွဲစင်သို့ အလျင်စလို မတက်စေဘဲ ခဏစောင့်ဆိုင်းစေပြီး စကားပြောခဲ့သည်။
“ဇီချန် အဲဒီပြိုင်ပွဲစင်ပေါ်က စီနီယာက ဂုဏ်ထူးတန်းတွေထဲမှာတောင်မှ ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ဖြစ်နိုင်တဲ့ အရည်အချင်းရှိတယ်”
“ပုံမှန်ဆိုရင် အဲဒီလိုအရည်အချင်းမျိုးနဲ့ကျောင်းသားကို သယမန်အတန်းတွေမှာ မတွေ့ရတတ်ဘူး”
“ဒီနှစ်တော့ ဘယ်လိုဖြစ်သွားလဲ ဆရာလည်း မသိဘူး။ သာမန်အတန်းမှာ ရုတ်တရက်ကြီး အားကောင်းတဲ့ပြောင်းရွှေ့ကျောင်းသားတစ်ယောက် ရောက်နေတယ်”
“အဲဒါကြောင့် ခဏနေ ပြိုင်ပွဲမှာ ရှုံးသွားခဲ့ရင်လည်း စိတ်ပျက်မသွားလိုက်နဲ့။ သူ့ကို ရှုံးသွားတယ်ဆိုတာ ပုံမှန်ပါပဲ။ နိုင်သွားမှသာ ထူးဆန်းနေမှာ”
ဟန်ယွမ်ဖုန်းမှ တည်ကြည်လေးနက်စွာ ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဖြောင့်မတ်မှန်ကန်တဲ့ စိတ်သဘောထားကို ထိန်းသိမ်းထား။ ပြိုင်ပွဲစင်ပေါ်မှာ တတ်နိုင်သမျှ အချိန်ကြာကြာနေဖို့ကြိုးစား။ ဒီပြိုင်ပွဲက မင်းအတွက် အတွေ့အကြုံစုဆောင်းနိုင်တဲ့ တန်ဖိုးရှိတဲ့ အစစ်အမှန်ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အနိုင်အရှုံးကို အရမ်းအာရုံမထားနဲ့”
လင်းဇီချန်: “ကျွန်တော် နိုင်မှာပါ”
ဟန်ယွမ်ဖုန်း: “¿”
ထားလိုက်ပါလေ။ လူငယ်တွေဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို မသိကြဘူး။ ခုနက ပြောလိုက်သမျှ အားလုံးက ဘာမှအဓိပ္ပာယ်မရှိဘူး ဖြစ်သွားတာပဲ။ ကဲပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာလည်း ကောင်းပါတယ်လေ။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးမားလေလေ စိတ်ပျက်အားငယ်မှုလည်း ကြီးမားရလေလေပဲ။ ခဏနေ သူရှုံးသွားတဲ့အခါကျ အရမ်းကြီး ပြိုလဲမသွားဖို့ပဲ မျှော်လင့်ပါတယ်…
ထိုအတွေးဖြင့် ဟန်ယွမ်ဖုန်းသည် လင်းဇီချန်၏ပခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
“ကံကောင်းပါစေ”
“ဟုတ်”
စကားနည်းသော လင်းဇီချန်သည် အကြမ်းဖျင်းသာ ပြန်ပြောလိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့သည်။ အားလုံး၏အကြည့်အောက်၌ လင်းဇီချန်သည် တစ်ချက်သာ ခုန်၍ စင်ပေါ်သို့ ရောက်သွားခဲ့သည်။ ပြိုင်ပွဲစင်ထက်၌ သူ၏ချောမောသောမျက်နှာလေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဒုတိယနှစ် အတန်း၆၏ ကျောင်းသူများထံမှ ချစ်ခင်နှစ်သက်ခြင်းမည်သော အသံများ သံပြိုင်ထွက်ပေါ်လာသည်။ ဂျူနီယာလေးမှာ မည်မျှချောမောကြောင့် ပြောဆိုဆွေးနွေးနေကြကာ မျက်နှာအမူအရာတို့မှာ မချိတင်ကဲ အပြုံးဆောင်နေကြပေသည်။
အချို့သော ရှန့်ဟိုင်ဂျူနီယာအထက်တန်းကျောင်းမှ ရွှေ့ပြောင်းလာခဲ့သော ကျောင်းသားများသည် လင်းဇီချန်၏ ဂျူနီယာအထက်တန်းအတွင်း လုပ်ဆောင်မှုများအကြောင်းကို ပြန်လည်ပြောပြကြသည်။ စီနီယာကျောင်းသူများ၏ အားပေးချစ်ခင်သော စကားများအပြင် သူ၏အတန်းဖော်များထံမှ အားပေးအော်ဟစ်သံ အမြောက်အများလည်း ရှိသည်။ ပုံမှန်အချိန်များတွင် လင်းဇီချန်အား သဘောမကျဘဲ မနာလိုကြသော ယောင်္ကျားလေးများပင်လျှင် ယခု၌မူ အားပေးနေကြသည်။ နောက်ဆုံးတွင်တော့ လင်းဇီချန်သည် အတန်း၏ နောက်ဆုံးသောမျှော်လင့်ချက်၊ အားလုံးသော နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေသည်။ အတန်းဖော်များဖြစ်ကြရာ အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အတူတကွ မျှဝေခံစားလိုကြပေသည်။
ပြိုင်ပွဲစင်ထက်၌ ဝဖိုင့်ဖိုင့် ပြိုင်ဘက်စီနီယာ လင်းဇီချန်အတွက် ရည်ရွယ်သော အားပေးချစ်ခင်သံများကို ကြားရသောအခါ မထိန်းချုပ်နိုင်စွာဖြင့် အားကျမနာလိုမှုအား ထုတ်ဖော်ပြလာသည်။
“ရုပ်ရည်ချောမောတာက အရမ်းကောင်းတာပဲ။ မိန်းကလေးအားလုံးရဲ့ အာရုံစိုက်မှုကို ရယူနိုင်တယ်”
“စိတ်ဝိဉာဉ်ရဲ့ အလှတရားကသာ စစ်မှန်တဲ့ အလှတရားပါ’
လင်းဇီချန် မရိုးဖြောင့်စွာဖြင့် နှစ်သိမ့်လိုက်သည်။
သို့သော် ထိုအသားမဲမဲ ဝဖိုင့်ဖိုင့် ပြိုင်ဘက်စီနီယာသည် စိတ်ပိုင်းဆိုင်ရာဆင်ခြင်နိုင်စွမ်းရည် ညံ့ဖျင်းလှပေသည်။
“ဂျူနီယာ မင်းမှားနေပြီ။ ခွေးက ခွေးကိုစားသုံးတဲ့ ဒီလောကမှာ အင်အားအကြီးဆုံးသူကိုသာ လှပတယ်လို့ သတ်မှတ်နိုင်တယ်”
ထိုသို့ပြောပြီးနောက် ပြိုင်ဘက်စီနီယာသည် ရုတ်တရက် နက်နက်နဲနဲ စဉ်းစားလာ၏။
“တကယ်တော့ ဒီဘဝတစ်ခုစာ ဂိမ်းက အတော်လေး မျှတပါတယ်။ ငါ့ကို ဥပမာကြည့်။ ငါက ရုပ်ရည်ကြည့်မကောင်းတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ငါ့ရဲ့အင်အားကြီးမားသန်မာမှုက အရမ်းကြီးမားတယ်လေ”
ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် စင်အောက်ရှိ လင်းဇီချန်၏ပရိသတ်တစ်ယောက်မှ အော်ပြောလာသည်။
“ဒါပေမဲ့ ဇီချန်က ရုပ်ရည်လည်းချောမောပြီး တိုက်ခိုက်ရေးမှာလည်း အားကောင်းတယ်”
ထိုအခါ အသားမဲမဲ ဝဖိုင့်ဖိုင့်စီနီယာမှာ ပြောစရာစကားများ ပျောက်ရှသွားလျက် မင်သက်သွားခဲ့သည်။ မိမိကိုယ်ကိုယ် ရှက်ရွံ့မိသွားခြင်းအား ပြေလျော့စေရန်အတွက် အလျင်အမြန် ပြုံးဖြဲဖြဲလုပ်လာခဲ့ပြီး ပြောသည်။
“ဂျူနီယာလေး အနိုင်ကျင့်ခံရတဲ့ဇာတ်ရုပ်မျိုး မလုပ်ပါနဲ့ကွာ။ လာမယ့်ယှဉ်ပြိုင်မှုမှာ ငါဒီတိုင်းရပ်နေပြီး မင်းကို ဆယ်ကွက် အသာပေးမယ်။ အဲဒါဆို မင်းနဲ့ မင်းရဲ့ပရိသတ်လေးတွေ နောက်ပိုင်းကျ ဝမ်းနည်းမနေရအောင်လို့။ ငါအနိုင်ရသွားခဲ့ရင်တောင်မှ ငါ့ကို ခန္ဓာကိုယ်နဲ့ အခွင့်ကောင်းယူတယ်ဆိုပြီး ဂုဏ်မရှိတဲ့အောင်နိုင်မှု မဖြစ်ရအောင်လို့ပေါ့”
ခန္ဓာကိုယ်နဲ့ အခွင့်ကောင်းယူတယ်? နောက်ပိုင်းကျ ဝမ်းမနည်းရအောင်?
လင်းဇီချန်သည် ထိုစကားလုံးများနှင့် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက်တွင် ဂျူနီယာအထက်တန်းကျောင်းသားကာလများ၌ သူတို့၏သိုင်းပညာအဖွဲ့ လေ့ကျင့်နေစဉ်တွင် ဟန်ယွမ်ဖုန်းမှ အနည်းငယ် ဝင့်ကြွားသောအမူအရာဖြင့် ပြောခဲ့သည့်စကားများနှင့် အတော်လေး ဆင်တူနေကြောင်း သတိရလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်ကြပြီလား”
သူတို့နှစ်ဦးလုံး နေရာယူပြီးသောအခါ စင်အလယ်ရှိ ဒိုင်လူကြီးမှ မေးမြန်းသည်။
“အဆင့်သင့်ဖြစ်ပြီ”
နှစ်ဦးသား ပြိုင်တူဖြေလိုက်ကြသည်။
ထိုအခါ ဒိုင်လူကြီးသည် ညာဘက်လက်ကိုမြှောက်၍ အမြန်ပိုင်းချလိုက်သည်။
“ပြိုင်ပွဲ စပြီ”
ပြိုင်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် အသားမဲမဲ ဝဖိုင့်ဖိုင့်စီနီယာသည် ထောင်လွှားစွာ အော်ဟစ်သည်။
“လာစမ်းပါ ဂျူနီယာလေး! မင်းရဲ့စီနီယာအစ်ကိုက ဒီတိုင်းရပ်နေပြီး မင်းကို ဆယ်ကွက် အသာပေးမယ်။ အားကုန်သုံးပြီး တိုက်ခိုက်လိုက်စမ်း”
“ကောင်းပြီ”
လင်းဇီချန် ခေါင်းညိတ် သဘောတူသည်။
ထို့နောက် နေရာရှိလူအားလုံး၏ ရှုပ်ထွေးစွာသောအကြည့်များအောက်၌ ထိုပြိုင်ဘက်စီနီယာသို့ တည်ငြိမ်အေးဆေးစွာ လျှောက်သွားလိုက်ပြီး ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ညာဘက်ခြေထောက်ကို သာမန်ကာလျှံကာမျှ ပင့်မြှောက်လိုက်ပြီး ပြိုင်ပွဲစင်ေပါ်မှ ကန်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် အသားမဲမဲ ဝဖိုင့်ဖိုင့်စီနီယာကြီးသည် ကြမ်းပြင်ထက်တွင် လူးလိမ့်လျက် သူ၏ဦးနှောက်တစ်ခုလုံး၌ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်နေတော့သည်။
အခန်း ၆၃
ကျောင်း၏သမိုင်းကြောင်းတွင် အင်အားအကြီးမားဆုံးသော ကျောင်းသား
“အမ်”
လင်းဇီချန်သည် သူ၏ပြိုင်ဘက်အား သာမန်ကာလျှံကာမျှပင် ကန်ချလိုက်သည်ကို လူတိုင်းမြင်တွေ့လိုက်ကြ၏။ သို့ဖြစ်ရာ လူတိုင်း၏စိတ်အစဉ်တွင် တူညီသောအသံတစ်မျိုးသာ ဝဲလွင့်နေခဲ့သည်။
တကယ်ကြီး ဝဖိုင့်ဖိုင့်လူက ရှုံးသွားတာလား။ ပြိုင်ပွဲစင်ပေါ်ကနေ လူသစ်လေး ကန်ချတာကို ခံလိုက်ရတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
နေရာရှိလူအားလုံးသည် မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်နေကြလျက် အချိန်တစ်ခုအထိ မိမိကိုယ်ကိုယ် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် ထင်မိကြရသည်။ စီနီယာကျောင်းသူတစ်ယောက်ဆိုလျှင် အံ့အားမင်သက်မှုကြောင့် ပါးစပ်မှာ ‘O’ပုံသဏ္ဍာန်ပွင့်ဟလျက် မျက်ဆံများထွက်ကျလုမတတ် မျက်လုံးအပြူးသားဖြင့် သူမ၏မျက်နှာအမူအရာမှာ အလွန်တရာ ချဲ့ကားလွန်းနေပေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ငါက ဘယ်လိုလုပ်ပြီး ပြိုင်ပွဲစင်ပေါ်ကနေ အလွယ်တကူ ကန်ချခံလိုက်ရတာလဲ”
“ဒါက သိပ္ပံနည်းလည်းမကျဘူး”
ဝဖိုင့်ဖိုင့်စီနီယာသည် ကြမ်းပြင်ထက်တွင် ၁၀မီတာကျော်ခန့် လိမ့်နေခဲ့ပြီးနောက်မှ ရပ်တန့်သွားခဲ့၏။ လူးလိမ့်မှု ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်ပြောလေသည်။
သူ၏ကိုယ်အလေးချိန်သည် ၂၅၀ကီလိုဂရမ်ဖြစ်ပြီး သူ၏ဖိနပ်များသည် ကြမ်းတမ်းပြီး မချော်သော ဖိနပ်များဖြစ်ကြသည်။ မြေပြင်နှင့် ပွတ်တိုက်မှုအားကောင်းကြောင်း အာမခံချက်ရှိ၏။ ပုံမှန်အားဖြင့် လူအများကြီးမှ သူ့အား တွန်းလျှင်သော်မှ သူ့ကိုရွေ့လျားစေနိုင်မည် မဟုတ်ပေ။
အဲဒါကို ဘယ်လိုလုပ်ပြီး လူသစ်လေးတစ်ယောက်က ငါ့ကို ပြိုင်ပွဲစင်ပေါ်ကနေ ကန်ချနိုင်ရတာလဲ။ ဒါက လုံးဝ ကျိုးကြောင်းဆီလျော်မှုမရှိဘူး။ သို့သော်ငြား မည်မျှကျိုးကြောင်းဆီလျော်မှု မရှိသည်ဖြစ်စေ အဖြစ်အပျက်သည် လူအားလုံး၏ရှေ့မှောက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဇီချန် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးတုန်းက မင်း ကိုယ့်စွမ်းရည်ကို ကွယ်ဝှက်ထားခဲ့တာလား”
အံ့အားမင်သက်မှုမှ အသိပြန်ဝင်လာပြီးနောက် ဟန်ယွမ်ဖုန်းသည် ပြိုင်ပွဲစင်ထက်ရှိ လင်းဇီချန်ကိုကြည့်လျက် မေးလိုက်သည်။လင်းဇီချန်သည် တစ်ချက်ပင် ပြန်လှည့်မကြည့်ပေ။
“ဟုတ်တယ်။ ကျွန်တော် ကွယ်ဝှက်ထားခဲ့တာ။ ဒါပေမဲ့ အများကြီး မဟုတ်ပါဘူး။ ကျွန်တော် ခုနက စီနီယာကို ပြိုင်ပွဲစင်ပေါ်ကနေ ကန်ချနိုင်ခဲ့ရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ခြေထောက်တွေမှာ သဘာဝအလျောက် ပြင်းထန်တဲ့အင်အားရှိလို့ပါ”
ဟန်ယွမ်ဖုန်းသည် လင်းဇီချန်၏စကားများကို သံသယမဝင်ဘဲ အမြန် မေးမြန်းသည်။
“ဇီချန် မင်းအခု လက်တစ်ဖက်တည်းနဲ့ အလေးချိန် ဘယ်လောက် မ,နိုင်လဲ”
လင်းဇီချန် တည်ငြိမ်စွာ ပြန်ဖြေသည်။
“ကျွန်တော် လွန်ခဲ့တဲ့အပတ်က အိမ်မှာ စစ်ဆေးကြည့်ခဲ့တာ ၄၀၀ကီလိုဂရမ်လောက် မ,နိုင်တယ်”
၄၀၀ကီလိုဂရမ်လား။ ထိုကိန်းဂဏန်းကို ကြားသောအခါ သူတို့အတန်း၏ လုကန်းမှာ လုံးဝမင်သက်သွားတော့သည်။ ၄၀၀ကီလိုဂရမ် အလေးချိန်ကို လက်တစ်ဖက်တည်းနဲ့ မ,နိုင်တယ်လား။ ငါ့မှာ ဘုရားက ချီးမြှင့်တဲ့အင်အားရှိတာတောင် ငါအများဆုံး မ,နိုင်တဲ့ အလေးချိန်က ၃၁၀ကီလိုဂရမ်စွန်းစွန်းလေးပဲလေ။ ဒီလိုဆိုရင်တော့ ဘုရားက ချီးမြှင့်တဲ့အင်အားရှိတဲ့သူက ဘယ်သူဖြစ်ဦးမလဲ။
လုကန်း စိတ်ပျက်အားလျော့သွားချိန်တွင် ဝမ်ရှုကျယ်သည်လည်း ခံစားချက်ကောင်းမနေပါချေ။ သူ၏မျက်နှာထက်တွင် မိမိ၏ဘဝကို မေးခွန်းထုတ်နေသည့်အမူအရာများ အပြည့်အနှက် နေရာယူထားတော့သည်။ ဝမ်ရှုကျယ်သည် ကနဦး၌ အထက်တန်းကျောင်း မပြီးဆုံးမီတွင် လင်းဇီချန်ထက် သာလွန်နိုင်ရန် စီစဉ်ထားခဲ့သည်။ တစ်တန်းလုံး၏ရှေ့မှောက်တွင် လင်းဇီချန်အား ပြိုင်ပွဲစင်ထက်မှ ပြိုလဲကျစေပြီး ကြမ်းပြင်နှင့်မျက်နှာကို ပွတ်တိုက်ပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ယခုတွင်တော့ ၎င်းမှာ အိပ်မက်မက်နေခြင်းသာဖြစ်ကြောင်း နားလည်လိုက်ရသည်။ လက်ရှိအခြေအနေတွင်ဖြစ်စေ၊ အနာဂတ်အလားအလားတွင်ဖြစ်စေ သူသည် ယခင်ကဲ့သို့ အားလုံးထက် သာလွန်တောက်ပသောသူ မဖြစ်နိုင်တော့ပေ။ ကွာဟချက် ကြီးမားမလာခြင်းပင်လျှင် ကျေးဇူးတင်ရမည့်အရာ ဖြစ်ချေရော့မည်။
မနီးမဝေးရှိ ဟယ့်ယွီသည်လည်း တွေဝေမိန်းမောနေရာမှ အသိပြန်ဝင်လာခဲ့သည်။ သူ၏မျက်နှာမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။
“အာ သူက ၄၀၀ကီလိုအလေးချိန်ကို လက်တစ်ဖက်တည်းနဲ့ မ,နိုင်တာလား။ အဲဒါက တကယ်ရော အထက်တန်းပထမနှစ်ကျောင်းသား ဟုတ်နိုင်ရဲ့လား။ ဇီချန်က တစ်ချိန်လုံး လူတွေကို လှည့်စားနေခဲ့တာလား”
လီချူရှင်းသည် သူမ၏ဘေးရှိ ရှန်ချင်းဟန်အား ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
“ဟန်ဟန် ဇီချန်က ဘာလို့ ငါတို့မြို့ရဲ့ ထိပ်တန်းကျောင်းသား မဖြစ်ရတာလဲဆိုတာ ငါတကယ် နားမလည်နိုင်ဘူး။ သူအလယ်တန်းကျောင်း စာမေးပွဲဖြေတုန်းက ဝမ်းလျှောနေခဲ့လို့လား”
“ဟမ်မ် ဇီချန်က အလယ်တန်းကျောင်းစာမေးပွဲတုန်းက နည်းနည်းနေမကောင်းဖြစ်ပြီး ကောင်းကောင်းမလုပ်နိုင်ခဲ့တာ။ စာမေးပွဲပြီးတော့လည်း နွေရာအားလပ်ရက်တွေမှာ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သေးတယ်။ အဲဒါကြောင့် အဲဒီအချိန်အတွင်းမှာ ဇီချန်က အများကြီးတိုးတက်လာခဲ့တာရယ်”
ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် ပတ်သက်သည့် ကျိုးကြောင်းမဆီလျော်မှုများကို အရေးထား ဖုံးကွယ်လိုက်သည်။ ၎င်းသည်သာလျှင် သူမအနေဖြင့် လင်းဇီချန်ကို ကူညီနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်ပေသည်။
လင်းဇီချန် အဘယ်ကြောင့် ထိုမျှအင်အားကြီးမားသန်မာနေရသည့် အကြောင်းရင်းကိုမူ ငယ်သူငယ်ချင်းဖြစ်သော သူမ,သည်လည်း မသိပါချေ။ အခြားသူများထက် သူမ,ပိုမိုသိရှိနေသည့် တစ်ခုတည်းသောအချက်မှာ လင်းဇီချန်သည် သူပြသထားသည်ထက် အများကြီးပို၍ အင်အားကြီးမားသန်မာသည်ဟူသော အချက်ပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အတော်ကြာက သူတို့နှစ်ယောက်၏ အိမ်ပြန်လမ်းတွင် လူကုန်ကူးသူတစ်ဦး၏ အလိုက်ခံခဲ့ရချိန်က မတော်တဆဖြစ်ရပ်ကို ရှန်ချင်းဟန် ဝေဝေဝါးဝါး မှတ်မိနေပါသေးသည်။ ထိုအချိန်က အသက်၈နှစ်အရွယ်သာရှိသေးသော လင်းဇီချန်သည် အရွယ်ရောက်ပြီးလူကြီးဖြစ်သော လူကုန်ကူးသူအား လက်သီးတစ်ချက်တည်းဖြင့် မြေပြင်သို့ လဲကျမေ့မြောသွားစေခဲ့ကာ ပါးစပ်မှ သွေးများစီးကျလျက် အသက်ငင်သည့်အလား အသက်ရှူနေရသည်အထိ ဖြစ်စေခဲ့သည်။
“အား ဂျူနီယာလေးဇီချန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ရုပ်ရည်ချောမောတဲ့အပြင် တိုက်ခိုက်ရေးမှာလည်း အရည်အချင်းရှိတယ်။ ဒီစီနီယာအစ်မရဲ့ စိတ်ဝိဉာဉ်ကို မင်းဆီမှာ ခိုးယူခံလိုက်ရပြီလို့တောင် ခံစားရတယ်”
“ဂျူနီယာလေးဇီချန် အစ်မ မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်။ WeChat addလို့ရမလား”
“ဂျူနီယာလေးဇီချန် အစ်မက မင်းရဲ့ပရိသတ်ပါ။ မင်း ပထမနှစ်မှာတည်းက အစ်မက မင်းရဲ့ပရိသတ်တစ်ယောက်ပါ”
လင်းဇီချန် ပြိုင်ပွဲစင်ပေါ်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် များစွာသော စီနီယာအစ်မများသည် သူ့ကိုဝန်းရံလိုက်ကြသည်။ လင်းဇီချန် ထိုစီနီယာအစ်မများကို WeChat မပေးခဲ့ပါ။ ညံ့ဖျင်းလှသော ဆင်ခြေတစ်ခုဖြင့် အတင်းအကြပ် ရှောင်တိမ်းခဲ့လိုက်သည်။ မရင်းနှီးသော မိန်းကလေးများနှင့် သူ မဆက်သွယ်လိုပါချေ။
“ဇီချန် မင်းကတော့ တစ်ခုခုပဲ။ ကျားကိုစားဖို့အတွက် ဝက်တစ်ကောင်လို အကြာကြီးဟန်ဆောင်နေခဲ့တာ။ မင်းဒီနေ့ အတော်ကောင်းတဲ့ပြဇာတ်လေး ဖန်တီးပေးခဲ့တာပဲ။ အရမ်းတွေ ခံစားချက်ကောင်းနေရောပေါ့ ဟမ်”
လင်းဇီချန် မိမိ၏အတန်းဆီသို့ ပြန်လျှောက်လာခဲ့ပြီး မကြာမီ၌ ဟယ့်ယွီသည် အနားရောက်လာခဲ့ပြီး စနောက်လေသည်။
လင်းဇီချန် ရယ်မောလျက် ပြောလိုက်သည်။
“အတော်လေး ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်”
သို့သော် ပါးစပ်မှသာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ပြောခဲ့ခြင်းဖြစ်ပြီး တကယ်တမ်းတွင်တော့ သူနည်းနည်းလေးမှ ရင်ခုန်စိတ်လှုပ်ရှားခြင်း မရှိပါချေ။ သူလိုချင်သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဟူသည် အတန်းတစ်တန်းလုံးအား သူတစ်ယောက်တည်းဖြင့် အနိုင်ယူပစ်ရန်ဖြစ်သည်။ သို့မှသာ အခြားသူများရှေ့တွင် အမြင့်မားဆုံးအဆင့်ဖြင့် ဝင့်ကြွားပြနိုင်မည်ဖြစ်ပြီး ‘ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွဆုံးသော အောင်နိုင်သူ' သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းကိုလည်း အောင်မြင်စွာ ရယူနိုင်မည်ဖြစ်သည်။ သို့သော် ယနေ့ကဲ့သို့ အချိန်အများစုကို ဘေးမှကြည့်ရှုသူအဖြစ်သာ ကုန်ဆုံးခဲ့ရပြီး နောက်ဆုံးပြိုင်ပွဲမှသာ ပါဝင်နိုင်သည့်အခြေအနေသည် အမှန်အတိုင်းပြောရလျှင် စိုးစဉ်းသော်မျှ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မရှိပါဘဲ အချိန်ဖြုန်းတီးသည်ဟုသာ ခံစားရပေသည်။
“နောက်တစ်ကြိမ် ငါတို့ဂုဏ်ထူးတန်းကို တိုက်ခိုက်တဲ့အခါကျ ပိုပြီးသန်မာတဲ့ပြိုင်ဘက်တွေနဲ့ ကြုံတွေ့ရပြီး အချိန်ခဏလေးအတွင်း သူတို့တစ်တန်းလုံးကို အနိုင်ယူပစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆို ငါလည်း အဆင့်ဝင်နိုင်ပြီး အောင်ပွဲတွေ သိမ်းကျုံးရယူနိုင်မှာ”
လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက်တွင် အတန်းနှစ်တန်းသည် လင်းဇီချန်၏ အရင်ဘဝက ဘက်စကက်ဘောပြိုင်ပွဲများ ပြီးဆုံးသောအခါ လက်ဆွဲနှုတ်ဆက်ကြသည့် ကဏ္ဍကဲ့သို့ တန်းစီလိုက်ကြပြီး မျက်နှာချင်းဆိုင်ရှေ့သို့ လျှောက်ခဲ့ကြသည်။ ၎င်းသည် အားကစားသမားများ၏ အပြုအမူဓလေ့ဖြစ်သည်။
ပြိုင်ဘက်များနှင့် လက်ဆွဲနှုတ်ဆက်ခြင်းကဏ္ဍပြီးနောက် အတန်းပိုင်ဆရာနှစ်ဦးသည် အတူတကွရပ်လျက် ရည်ရွယ်ချက်မရှိ အချိန်ဖြုန်းလျက် စကားပြောဆိုကြသည်။ စကားဝိုင်း အနည်းငယ်စဲသွားသောအခါ ဟန်ယွမ်ဖုန်းသည် လင်းဇီချန်အား ပြိုင်ပွဲစင်ထက်ရှိ သူ၏အံ့ချီးဖွယ်လုပ်ဆောင်မှုအကြောင်းကို ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာအား ပြောပြရန်အတွက် လှမ်းခေါ်သည်။
“အစ်ကိုဖုန်းရဲ့ကျောင်းသား ဇီချန်က အရမ်းတော်တာပဲ။ ဝူထျန်းချန်းရဲ့ ကျောင်းသားသစ်ကာလတုန်းက အရည်အချင်းနဲ့ ယှဉ်နိုင်လောက်တယ်လို့တောင် ခံစားမိတယ်”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာသည် လင်းဇီချန်မှ ပြိုင်ဘက်စီနီယာအား ပြိုင်ပွဲစင်ပေါ်မှ ကန်ချခဲ့သည့်မြင်ကွင်းကို ပြန်လည်စဉ်းစားရင်းဖြင့် မထိန်းချုပ်နိုင်စွာ အံ့အားသင့်စွာ ပြောလာခဲ့သည်။
ဟန်ယွမ်ဖုန်းမှ ပြုံးလျက် ပြောသည်။
“ဒါတော့ သိပ်မဟုတ်ဘူး။ ဝူထျန်းချန်းက လူမဆန်ဘူး။ သူပထမနှစ်တုန်းက မယုံကြည်နိုင်လောက်အောင် သူ့ရဲ့အရမ်းအင်အားကြီးမားမှုကို လုပ်ဆောင်ပြလိုက်တာများ ကျောင်းအုပ်ကြီးကို သေအောင်ခြောက်လှန့်မိတော့ မလို့လေ”
“ဆရာ ဝူထျန်းချန်းက ဘယ်သူလဲ”
ထိုစကားဝိုင်းကိုကြားရလေရာ လင်းဇီချန် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ဟန်ယွမ်ဖုန်းမှ ပြန်ပြောသည်။
“ဝူထျန်းချန်က လွန်ခဲ့တဲ့ စာသင်နှစ်အနည်းငယ်တုန်းက ဘွဲ့ရခဲ့တဲ့ စီနီယာတစ်ယောက်ပဲ။ သူပထမနှစ်တုန်းက စီနီယာကျောင်းသားတွေရဲ့ ဂုဏ်ထူးတန်းကို အနိုင်ရှင်းပစ်ခဲ့ပြီး သူ့ရဲ့ သူမတူထူးကဲတဲ့ အရည်အချင်းကို ပြသခဲ့တာလေ၊ ကျောင်းခေါင်းဆောင်တွေကိုတောင် ထိတ်လန့်သွားစေခဲ့တယ်”
“ဆရာ သူ့ရဲ့ပထမနှစ်တုန်းက ကိုယ်ကာယကြံ့ခိုင်မှု အချက်အလက်တွေကို သိပ်မမှတ်မိတော့ဘူး။ ဒါပေမဲ့ ငါမှတ်မိသလောက်ဆို မင်းထက်တော့ အများကြီးမြင့်တယ်”
“ဘာပဲဖြစ်ဖြစ် သူက ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ်ပေါ်ထွန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒီနေ့အချိန်အထိလည်း သူက ရှန့်ဟိုင်အထက်တန်းကျောင်း သမိုင်းကြောင်းတစ်လျှောက်မှာ အင်အားအကြီးမားဆုံးပဲ။ ဒုတိယအဆင့်ကျောင်းသားဆိုတာလည်း သူနဲ့ အကွာကြီးဖြစ်ကျန်ခဲ့တာ”
ထိုသို့မှတ်ချက်ပြုပြီးနောက် ဟန်ယွမ်ဖုန်းသည် ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ကို မေးလိုက်သည်။
“ဒါနဲ့ အားကျဲ့ ဝူထျန်းချန်းရဲ့ ပထမနှစ်တုန်းက ပထမဆုံး ကိုယ်ကာယကြံ့ခိုင်မှုအချက်အလက်တွေကို မှတ်မိသေးလား”
“သေချာပေါက် မှတ်မိတာပေါ့”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာမှ ပြောသည်။
“၆.၁၂စက္ကန့်အတွင်း မီတာတစ်ရာပြေးနိုင်တယ်၊ အမြင့်ခုန် ၃.၉၆မီတာနဲ့ လက်တစ်ဖက်တည်းနဲ့ မ,နိုင်တဲ့အလေးချိန်က ၆၅၀ကီလိုဂရမ်”
ထိုအချက်အလက်သုံးခုကို နားထောင်ပြီးနောက်တွင် ရှန့်ဟိုင်အထက်တန်းကျောင်း၏ အင်အားအကြီးမားဆုံးသော ကျောင်းသားသည် သူ၏၆တန်းနှစ် နွေရာသီအချိန်မှ အင်အားသန်မာမှုအခြေအနေနှင့် ညီမျှကြောင်းကို လင်းဇီချန် နားလည်သွားခဲ့သည်။ ထိုဝူထျန်းချန်းသည် ကျောင်း၏သမိုင်းကြောင်းတစ်လျှောက် အင်အားအကြီးမားအသန်မာဆုံးသော ကျောင်းသားဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ခြင်းကိုမူ မည်သို့ပင်ဖြစ်စေ လက်ခံရပေမည်။
“အဲ့တော့ မင်းရဲ့အဲဒီစီနီယာအကြောင်းကို နားထောင်လိုက်ရတော့ ဘယ်လိုလဲ။ နည်းနည်းကြောက်သွားပြီလား”
ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာသည် လင်းဇီချန်အား ပြုံးစစဖြင့်ကြည့်လျက် မေးသည်။
လင်းဇီချန် ခေါင်းညိတ်၍ ပြောလိုက်သည်။
“နည်းနည်းကြောက်မိတယ်”