← Chapters

အပိုင်း ၆၄-၆၆

Vol. 5 Ch. 64-66

အပိုင်း ၆၄-၆၆

Vol. 5 Ch. 64-66

အခန်း ၆၄

ငါက အစေခံ မဟုတ်ဘူး

“ချွေးထွက်များထားတဲ့ကျောင်းသားတွေ ရေချိုးခန်းကိုသွားပြီး အဝတ်လဲဝတ်ကြ။ ခဏနေရင် ဆရာတို့တွေ ကျောင်းမျက်နှာချင်းဆိုင်က မင်ရှန်းစားသောက်ဆိုင်ကို ညစာသွားစားကြမယ်”

ညစာစားချိန်ရောက်တော့မည်ဖြစ်ကြောင်း သတိထားမိသောအခါ ဟန်ယွမ်ဖုန်းသည် ဒုတိယနှစ် အတန်း၆၏အတန်းပိုင်ဆရာနှင့် ဆက်လက်စကားမပြောတော့ဘဲ ကျောင်းသားများဘက်သို့လှည့်၍ အော်ပြောလိုက်သည်။

ထိုအခါ ချွေးစိုရွှဲနေကြသော ကျောင်းသားများသည် ကြိုတင်ယူလာခဲ့သည့် အဝတ်သန့်များထုတ်ယူ၍ ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန် ဝင်သွားကြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးသည် ချွေးထွက်နည်းသူများဖြစ်ကြရာ သန့်ရှင်းနေသောကြောင့် ရေချိုးခန်းမဝင်ခဲ့ကြပေ။

၁၀မိနစ်ခန့်ကြာမြင့်ပြီးနောက် ရေချိုးခန်းဝင်သွားကြသည့် ကျောင်းသားအားလုံး ပြန်ထွက်လာခဲ့ပြီးဖြစ်သည်။ အားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြင်သောအခါ ဟန်ယွမ်ဖုန်းသည် ကျောင်းသားများအား မိမိ၏ပစ္စည်းများကို သိမ်းဆည်းယူ၍ စားသောက်ဖို့ထွက်ခွာကြရန် ပြောခဲ့သည်။ မထွက်ခွာမီတွင် ဟန်ယွမ်ဖုန်းသည် ဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာကို အပြုံးဖြင့် ပြောခဲ့၏။

“အားကျဲ့ ငါအတန်းထဲက ကျောင်းသားတွေကို စားသောက်ဖို့ ခေါ်သွားပေးပြီးရင် ငါမင်းကို WeChatမှာ ကုန်ကျငွေပို့ပေးလိုက်မယ်။ လွှဲပေးလိုက်ဖို့ မမေ့နဲ့နော်”

“စိတ်မပူပါနဲ့ဗျာ။ ကျွန်တော် လောင်းကြေးကို စောင့်ထိန်းမှာပါ။ ကုန်ကျစရိတ်ပေးဖို့ ရှောင်နေမှာ မဟုတ်ပါဘူး”

“အမြန် ကျောင်းသားတို့ မင်းတို့ရဲ့အစ်ကိုကျဲ့ကို ကျေးဇူးတင်စကားပြောလိုက်ကြဦး”

“ကျေးဇူးတင်ပါတယ် အစ်ကိုကျဲ့!!!”

ပထမနှစ် အတန်း၁ ကျောင်းသားများသည် ရွှတ်နောက်နောက်ရယ်မောကြလျက် အော်ပြောကြသည်။

မင်ရှန်းစားသောက်ဆိုင် ပထမထပ်‌၌ ဟန်ယွမ်ဖုန်းသည် အတန်းတစ်တန်းလုံး ထိုင်ရန်လုံလောက်နိုင်သည့် စားပွဲသုံးဝိုင်းပါဝင်သော အခန်းကြီးတစ်ခန်းကို ယူခဲ့သည်။ စားသောက်နေစဉ်တွင် အားလုံးသည် အားကစားခန်းမအတွင်းရှိ ပြိုင်ပွဲအကြောင်းကို ပြန်လည်ပြောဆိုနေကြ၏။ အတန်း၏ မည်သူက ကောင်းကောင်းလုပ်ဆောင်ခဲ့သည်၊ မည်သည့်ပြိုင်ဘက်များသည် အတော်လေး အားကောင်းသည် စသည့်အကြောင်းတို့ကို ပြောဆိုနေခဲ့ကြသည်။

ထိုအကြောင်းအရာများ အားလုံးထဲတွင် လူပြောအများဆုံး‌အကြောင်းအရာမှာ လင်းဇီချန်နှင့် အသားမဲမဲ ဝဖိုင့်ဖိုင့်စီနီယာ၏ ပြိုင်ပွဲဖြစ်သည်။ ပထမပြိုင်ပွဲတွင် ထိုစီနီယာကြီးမှ လုကန်းအား ပြိုင်ပွဲစင်ပေါ်မှ ကန်ချခဲ့သည့်မြင်ကွင်းကို မြင်တွေ့ထားကြရလေရာ လင်းဇီချန်မှာ ထိုစီနီယာကြီးအား ပြိုင်ပွဲစင်ပေါ်မှ ကန်ချလိုက်သည်ကို မြင်လိုက်ရသောအခါ အားလုံးသည် အတော်လေး အံ့ဩမင်သက်သွားခဲ့ကြရသည်။ ထိုပြိုင်ပွဲအတွက် မှတ်ချက်ပေးရန် လူတိုင်း၏စိတ်တွင် ထွက်ပေါ်လာခဲ့သော တစ်ခုတည်းသော စကားလုံးမှာ ‘အံ့ချီးဖွယ်ပဲ’ဟူ၍ ဖြစ်သည်။

သို့သော် လုကန်းအတွက်မူ ‘ကြက်သေသေသွားရသည်’ဟူ၍သာ ဖြစ်ခဲ့ရသည်။ ပထမတွင် ထိုစီနီယာကြီးမှ သူ့အား အနိုင်ယူခဲ့သည်။ ထို့နောက်တွင် လင်းဇီချန်မှ ထိုစီနီယာကြီးအား အနိုင်ယူပစ်ခဲ့သည်။ ၎င်းထိုးနှက်ချက်နှစ်ချက်သည် လုကန်းအား လုံးဝ ချွတ်ယွင်းပေါက်ကွဲသွားစေခဲ့သည်။ နာကျင်ရ၏။ အလွန်နာကျင်ရ၏။ မတော်တဆ အခြားသူထံ ရှုံးနိမ့်သွားခဲ့ရပြီး ၎င်းမှာ လူပြောများသည့် အကြောင်းအရာဖြစ်လာခဲ့သည့် နာကျင်မှုကို မည်သူကများ နားလည်နိုင်ပါအံ့နည်း။ လုကန်းမှာ စိတ်ထဲတွင် အမျက်ထွက်နေခဲ့သည်။

တစ်ဖက်တွင်တော့ ဟန်ယွမ်ဖုန်းသည် နေရာမှထရပ်၍ သီးသန့်အခန်းတွင်းရှိ လူများသို့ ဘီယာခွက်ကိုမြှောက်၍ ပြောနေသည်။

“ဇီချန်ရဲ့ကျေးဇူးကြောင့် ဆရာတို့ ဒီနေ့ ဒီတစ်နပ်ကို အခမဲ့စားခွင့်ရခဲ့တာပဲ။ ကဲ အားလုံးပဲ မတ်တပ်ရပ်ပြီး ဇီချန်ကို ဂုဏ်ပြုပေးလိုက်ကြဦး”

“ဇီချန်က အရမ်းတော်တယ်!”

“တော်တယ်!”

“အစ်ကိုကြီးချန်က စွမ်းအားကြီးမားပါတယ်!”

ကျောင်းသားအားလုံးသည် မိမိတို့၏သောက်စရာများကို ပင့်မြှောက်၍ လင်းဇီချန်အား ရယ်မောလျက် ဂုဏ်ပြုချီးမြှောက်ကြသည်။

ယခင်က လင်းဇီချန်အား သဘောမကျခဲ့ဘဲ မနာလိုဖြစ်ခဲ့ဖူးသည့် ကျောင်းသားများအားလုံးသည်လည်း ယခုတွင်မူ ပြုံးရယ်လျက် လင်းဇီချန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လိုကြသည်။ ပြိုင်ပွဲစင်မြင့်ထက်တွင် လင်းဇီချန် ထုတ်ဖော်ပြသခဲ့သည့် အလွန်ရှိန်လောက်၏။ လင်းဇီချန်သည် အနာဂတ်တွင် တိုင်းတာ၍မရနိုင်သော အလားအလာကောင်းများဖြင့် အဆင့်မြင့်ပြီးစွမ်းအားကြီးမားသော မျိုးရိုးဗီဇပေါင်းစပ်လူသားတစ်ဦး ကျိန်းသေပေါက် ဖြစ်လာပေလိမ့်မည်။ အားလုံးသည် ထိုအခြင်းအရာကို နားလည်ထားကြရာ အနာဂတ်တွင် အတန်းဖော်ဟောင်း၏ ကုတ်အင်္ကျီအနားစကို ကပ်တွယ်နိုင်ခြေရှိသည့် မျှော်လင့်ချက်ဖြင့် လင်းဇီချန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လိုကြပေသည်။

ခြုံငုံလိုက်ပါလျှင် အထက်တန်းကျောင်း ပထမနှစ်ကျောင်းသားများဟူသည် ၁၆နှစ်ပြည့်လုနီးဖြစ်သော အရွယ်ရောက်လုနီး‌ လူငယ်များပင် မဟုတ်ပါလော။ တစ်ခါတရံတွင် ကလေးဆန်စွာ ပြုမူတတ်ကြသော်ငြား အကျိုးအမြတ်နှင့် ဆိုးကျိုးများ၏ အခြေခံကျသော ‌ဆက်နွယ်မှုများကို အတော်လေး ရှင်းလင်းစွာ ကြည့်မြင်နိုင်ကြပါ၏။ သူတို့သည် ပါရမီရှင်တစ်ဦးအား ရှောင်ဖယ်ခြင်းဖြင့် ရန်သူလုပ်ရလောက်အောင်အထိ မတုံးအကြပါချေ။

“အစ်ကိုကြီးချန် အစ်ကို အိမ်မှာ ပုံမှန် ဘယ်လိုလေ့ကျင့်လဲ။ လျှို့ဝှက်ချက်တွေများ ရှိလားဗျ”

“အဲဒီလိုဆိုမှ အစ်ကိုကြီးချန် ကျွန်တော်တို့ အခုထိ တစ်ယောက်နဲ့တစ်ယောက် WeChat မaddရသေးဘူးထင်တယ်။ အခု addကြရအောင်လေ”

“အစ်ကိုကြီးချန် ကျွန်တော့်ရဲ့momentsမှာ အစ်ကိုနဲ့ ဝတုတ်စီနီယာရဲ့ ပြိုင်ပွဲကို တင်ထားတာကို ကျွန်တော့်အစ်မ မြင်သွားပြီး အစ်ကို့ကို တွေ့ချင်လို့တဲ့။ သူအခု အစ်ကို့ရဲ့ WeChatကို တောင်းနေတယ်။ ဒါနဲ့ ကျွန်တော့်အစ်မက ကျွန်တော်တို့ကျောင်းရဲ့ စီနီယာနှစ်ရဲ့ လက်ရွေးစင်ဂုဏ်ထူးဆောင်အတန်းတစ်ခုရဲ့ ကျောင်းသူလေ”

ဂုဏ်ပြုချီးမြှောက်မှုပြီးနောက်တွင် စကားဝိုင်းသည် လင်းဇီချန်ကို ဗဟိုပြုလျက် ‌အများစုသည် သူ့အား ချီးမွမ်းစကားများဖြင့် ရင်းနှီးရန် ကြိုးပမ်းနေကြလေသည်။ အားလုံးမှာ အလွန်အကြူး စိတ်အားထက်သန်နေလွန်းသည်ဟု လင်းဇီချန် ထင်မိသည်။ လင်းဇီချန်မှာ အတော်လေး စိတ်မသက်မသာ ခံစားလာခဲ့ရပြီး အနည်းငယ်လည်း စိတ်ရှုပ်လာရသည်။ သို့သော် ဤသည်မှာ ညစာစားပွဲဖြစ်ပြီး ‌ဤအခိုက်အတန့်လေးတစ်ခုသာလျှင် ဤမျှစိတ်အားထက်သန်နိုင်လိမ့်မည်ကို တွေးတောကြည့်လိုက်ပြီးနောက် အဖက်မလုပ်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်းသော အပြုံးဖြင့် ရံဖန်ရံခါ တုံ့ပြန်ခဲ့သည်။

ထိုစဉ် ရှန်ချင်းဟန်သည် လင်းဇီချန်၏ဘေးတွင် ထိုင်နေခဲ့ပြီး စကားနည်းနည်းသာ ဝင်ပြော၏။ အချိန်အများစုကို အခြားသူများ၏စကားများကို နားထောင်ခြင်းဖြင့်သာ ကုန်ဆုံးနေခဲ့သည်။ လင်းဇီချန်၏ခွက်ထဲ၌ သောက်စရာ ကုန်သွားသောအခါ ထပ်ဖြည့်ထည့်ပေးသည်။ စားပွဲပေါ်တွင် ပုစွန်များရှိနေသည်ကို မြင်သောအခါ အနည်းငယ်အခွံခွာပြီး ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ထားခဲ့သည်။ ရှန်ချင်းဟန်သည် သိမ်မွေ့‌၍ အိမ်မှုကိစ္စများကို နိုင်နင်းသော မိန်းကလေး‌တစ်ယောက်ကဲ့သို့ ပုံရိပ်ရှိ၏။ သို့ဖြစ်ရာ ယောက်ျားလေးအများစု၏ ‘ဘေးအိမ်က မိန်းကလေး’ စိတ်ကူးယဉ်ပုံရိပ်အား ပြီးပြည့်စုံစွာ သရုပ်ဖော်နေတော့သည်။

“ကျစ် ကျစ် ချင်းဟန်၊ နင်က အရမ်း အိမ်မှုကိစ္စနိုင်နင်းတာပဲ။ အနာဂတ်မှာ နင့်ကို လက်ထပ်တဲ့သူက တကယ့်ကို ကောင်းချီးပေးခံရတာပဲ။ သူ့ရဲ့ ဘိုးဘေးအုတ်ဂူတွေက အခိုးအငွေ့တွေ ထွက်လာတယ်ဆိုရင်တောင်မှ ချဲ့ကားတာ မဟုတ်နိုင်ဘူး”

လင်းဇီချန်အတွက် ပုစွန်အခွံခွာပေးနေသည့် ရှန်ချင်းဟန်ကို မြင်သောအခါ ‌တစ်ယောက်မှ စနောက်လာသည်။

ထိုအခါ လီချူရှင်းမှ လင်းဇီချန်အား စနောက်ဟန်သောအပြုံးဖြင့် ကြည့်လျက် ပြောသည်။

“ဇီချန် ဒါက နင့်အတွက် သုံးဘဝစာ ကောင်းချီးပဲနော်”

လင်းဇီချန် ဘာမျှပြန်‌မပြောဘဲ ပြုံးရုံမျှပြုံးလိုက်သည်။ ရှန်ချင်းဟန်သည်တော့ ရုတ်ချည်း မျက်နှာနီရဲသွားပြီး ရှက်သွားသောကြောင့် ဘာမျှမဖြစ်ပျက်ခဲ့သည်ကဲ့သို့ ခေါင်းငုံ့၍ တိတ်ဆိတ်စွာ စားနေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ‌ထိုအကြောင်းအရာသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ စားသူ စား၊ သောက်သူ‌ သောက်၊ စကားပြောသူက ပြောနှင့် မည်သူမျှ ရှန်ချင်းဟန်အား ဆက်လက်အာရုံမစိုက်တော့ပေ။ ရှန်ချင်းဟန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နာရီဝက်အချိန် ကုန်ဆုံးသွားသည့်တိုင် မည်သူမျှ ထွက်ခွာရန် အလျင်မလိုကြသေးပေ။ ထိုအစား သီးသန့်ခန်းထဲရှိ စကားဝိုင်းသည် သက်ဝင်လှုပ်ရှားလျက် တက်ကြွနေပေသည်။

ရှန်ချင်းဟန်သည် လင်းဇီချန် ညစာစားပြီးနောက် အီစိမ့်မှုကို လျှော့ချနိုင်စေရန်အတွက် လိမ္မော်သီးတစ်လုံးယူလိုက်ပြီး ခွာပေးရန် လုပ်လိုက်သည်။ တစ်ဝက်ခန့် အခွံခွာပြီးနောက်၌ ရုတ်တရက် အရေးပေါ် ဆီးသွားချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းမှာ မထင်မှတ်ထားဘဲ ရုတ်တရက် ဖြစ်ပေါ်လာခြင်းပင်။ ထို့ပြင် အလွန် အလျင်စလိုဖြစ်၏။

ငါ့ခန္ဓာကိုယ်က ဘာလို့ ဒီလိုချို့ယွင်းမှုမျိုး ရှိနေရတာလဲ။ တကယ် စိတ်ရှုပ်စရာကြီး…

ရှန်ချင်းဟန်၏စိတ်အစဉ်မှာ အလွန်ဒုက္ခများနေရသည်။

ထို့နောက် လင်းဇီချန် အနီးသို့ ကပ်သွားလိုက်ပြီး တီးတိုးပြောလိုက်သည်။

“ရှောင်ချန် ငါ သန့်စင်ခန်းသုံးဖို့လိုတယ်”

“အင်း သွားလေ”

လင်းဇီချန် ပြန်ဖြေသည်။

ရှန်ချင်းဟန်သည် ခွာလက်စ လိမ္မော်သီးကို ချထားခဲ့ပြီး ခြေထောက်နှစ်ချောင်းကို ပူးကပ်ဖိညှစ်ပြီး အပြင်ဘက်ရှိ သန့်စင်ခန်းသို့ အမြန်သွားတော့သည်။ သန့်စင်ခန်းတံခါးရှေ့သို့ ရောက်သောအခါ အထဲဘက်ရှိ စကားများကို ကြားလိုက်ရသည်။ ထိုအသံများသည် ရင်းနှီးသော အသံများဖြစ်၏။ ထိုအသံပိုင်ရှင်များမှာ အတန်းထဲရှိ မိန်းကလေးနှစ်ဦးဖြစ်ကြသည်။

“နင်ခုနက မြင်လိုက်လား။ ရှန်ချင်းဟန်က လင်းဇီချန်ရဲ့ ခွက်ကို သောက်စရာပြန်ဖြည့်ပေးပြီး ပုစွန်တွေ အခွံခွာပေးနေတာကိုလေ။ သူက တကယ်ကြီး ကပ်မြှောင်နေတာပဲ။ အချိန်ပြည့် သခင်ဖြစ်သူကို ခစားနေတဲ့ အစေခံတစ်ယောက်လို့ လုပ်နေတာ”

“အဲဒါလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ အဲဒီလိုမှ မဟုတ်ရင် သူဘယ်လိုများ ငါတို့ဂုဏ်ထူးတန်းထဲကို ဝင်လာနိုင်ပါ့မလဲ။ အမြဲ လင်းဇီချန်ဆီကနေ အကျိုးရလဒ်တွေ စုပ်ယူနေလို့ပဲ မဟုတ်လား။ လင်းဇီချန် စိတ်ကျေနပ်မယ့်အရာတွေ လုပ်ပေးပြီး လင်းဇီချန်ရဲ့အဆက်အသွယ်နဲ့ နောက်ဖေးတံခါးကနေ ဝင်ပေါက်ရှာတာပဲပေါ့”

“ငါသူ့ကို အရမ်းအားကျမိပါရဲ့။ ငါလည်း လင်းဇီချန်လို ပါရမီရှင် ငယ်သူငယ်ချင်းတစ်ယောက်လောက် လိုချင်လိုက်တာ”

“ဘာများ အားကျစရာရှိလို့လဲ။ ကျောင်းသားဘဝ စိတ်လွတ်ကိုယ်လွတ်နေနိုင်တာလောက်ပဲ မဟုတ်လား။ လင်းဇီချန် လူမှုအဖွဲ့အစည်းထဲကို ဝင်ပြီဆိုတာနဲ့ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုးစုံနဲ့ ကြုံတွေ့ရတော့မှာ။ အဲဒီအခါကျ သေချာပေါက် လင်းဇီချန် သူ့ကို အာရုံစိုက်မှာ မဟုတ်တော့ဘူး”

“အမှန်ပဲ။ သူတို့ရဲ့အရည်အချင်းတွေက ဒီလောက် ကွာခြားချက် ကြီးမားနေတာ သူတို့ရဲ့နှောင်ကြိုးလည်း အနာဂတ်မှာ တစ်စစီ ပြိုကွဲသွားရမှာပဲ”

သန့်စင်ခန်းအပြင်ဘက်ရှိ ရှန်ချင်းဟန်သည် သူမ ကြားလိုက်ရသော စကားများကြောင့် အလွန်နာကျင်သွားခဲ့သည်။ ရှန်ချင်းဟန်သည် အထဲဝင်သွားပြီး သူမသည် ဇီချန်၏ ငယ်သူငယ်ချင်းဖြစ်ပြီး အစေခံ မဟုတ်ပါဟု ပြောပစ်လိုက်ချင်လှသည်။ သို့သော် သူမ၏ အလွန်ရှက်ကြောက်တတ်သောဗီဇကြောင့် သူမအတွက် ထိုသို့ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။

ရှန်ချင်းဟန် ‌အခြားအထပ်ရှိ သန့်စင်ခန်းသို့ သွားရန် လှည့်ထွက်လိုက်စဉ်တွင် ထိုမိန်းကလေးနှစ်ဦး ထွက်လာခဲ့သည်။ ရှန်ချင်းဟန်အား တံခါးရှေ့တွင် မြင်သောအခါ သူတို့၏မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကသိကအောက်နိုင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ရှန်ချင်းဟန်အား မမြင်တွေ့လိုက်သည့်အလား သူမအား အလျင်အမြန် ဖြတ်လျှောက်သွားခဲ့သည်။

“ငါက အစေခံ မဟုတ်ဘူး။ ငါက သူ့ရဲ့ ငယ်သူငယ်ချင်း…”

ရှန်ချင်းဟန်သည် နှုတ်ခမ်းများကို ဖိကိုက်ထား၏။ သူမ၏ အသံသည် တိမ်ဝင်ဖျော့တော့၍ ဝမ်းနည်းခြင်းစွက်နေခဲ့ကာ အလွန်တရာ ကြီးလေးသော ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အခန်း ၆၅

ဧရာမ သန္ဓေပြောင်းကြွက်အဖြစ် ပြောင်းလဲခြင်း

တစ်နာရီခန့်ကြာမြင့်ပြီးနောက်၌ ညစာစားပွဲ ပြီးဆုံးသွားခဲ့သည်။ ဆရာနှင့် ကျောင်းသားများအားလုံး အိမ်ပြန်၍ မိမိတို့၏ မိခင်ကို ပြန်သွားရှာကြသည်။ အိမ်ပြန်လမ်းတွင် လင်းဇီချန်သည် ရှန်ချင်းဟန်၏ စိတ်အခြေအနေမှာ တစ်ခုခုမူမမှန်ကြောင်း သတိထားမိလိုက်သောကြောင့် ရပ်မေးလိုက်သည်။

“ဟန်ဟန် နင်နည်းနည်း စိတ်မပျော်နေသလိုပဲ။ တစ်ခုခုဖြစ်ခဲ့လို့လား”

“မဟုတ်ပါဘူး။ နည်းနည်း မူးဝေနေရုံပါ”

ရှန်ချင်းဟန် အတင်းအကျပ် ပြုံးပြလိုက်သည်။

ရှန်ချင်းဟန် သန်မာဟန်ဆောင်နေကြောင်း လင်းဇီချန် အတပ်သိပါ၏။ သို့သော် ရှန်ချင်းဟန်မှ ပြောမပြချင်လေရာ လင်းဇီချန်လည်း ထပ်မံ မတိုက်တွန်းတော့ပါချေ။ ကုန်တိုက်တစ်ခုကို ဖြတ်သန်းသွားချိန်တွင် ရှန်ချင်းဟန် ရပ်လိုက်ပြီး ပြောသည်။

“ရှောင်ချန် ငါပစ္စည်းနည်းနည်းဝယ်ချင်လို့ အထဲကို အတူလိုက်ခဲ့ပေးမလား”

“အင်း”

လင်းဇီချန် ခေါင်းညိတ်သဘောတူလိုက်ပြီး ရှန်ချင်းဟန်နောက်သို့ လိုက်ခဲ့သည်။

ကုန်တိုက်ထဲသို့ ဝင်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် နောက်ဘက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့ပြီး နံရံကပ်စင်တစ်ခုရှေ့‌တွင် ရပ်လိုက်သည်။ ထိုစင်တွင် အမျိုးသမီးသုံးပစ္စည်းများ အပြည့်စီထား၏။ ရှန်ချင်းဟန်သည် ကျွမ်းကျင်စွာဖြင့် ထိပ်ဆုံးစင်ကို လက်လှမ်းလိုက်ပြီး အမျိုးသမီးများအတွက် အထူးပြုလုပ်ထားသော လူကြီးသေးခံအထုပ်ကြီးတစ်ထုပ်ကို ယူလိုက်သည်။

ထို့နောက် လင်းဇီချန်သို့ ပါးမို့လေးများ အနည်းငယ်နီရဲလျက် လှည့်ကြည့်လာခဲ့ပြီး တီးတိုးပြော၏။

“ငါဒါတွေကို ညဘက် အိပ်တဲ့အချိန်ပဲ ဝတ်တာပါ။ နေ့ဘက်ဆို လုံးဝ မဝတ်ဘူး”

လင်းဇီချန်: “အမ်း နင်အရင်က ပြောဖူးတယ်”

ရှန်ချင်းဟန် ခါးသီးစွာပြုံးလျက် ပြောသည်။

“ငါငယ်ငယ်တုန်းက အမေ အမြဲပြောတယ်။ ငါအသက်ကြီးလာတဲ့အခါ ‌အိပ်ရာကို သေးစိုစေမှာ မဟုတ်တော့ဘူးလို့လေ”

“ဒါပေမဲ့ အခုချိန်အထိ ငါညဘက်တွေ အိပ်ရာပေါ် ‌ဆီးသွားမိတုန်းပဲ။ ငါအိပ်တဲ့အခါ သေးခံဝတ်အိပ်ရတယ်။ အဲဒါက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ”

ပြောရင်းဖြင့် ရှန်ချင်းဟန်၏ စိတ်အခြေအနေသည် အလွန်ကျဆင်းလာခဲ့သည်။

“ရှောင်ချန် ငါကိုယ့်ငါ တစ်ခုခုချို့ယွင်းနေတဲ့သူလို ခံစားရတယ်။ ဆီးမထိန်းနိုင်တဲ့ မသန်စွမ်းလူ‌တစ်ယောက်လိုပဲ”

“နင်က ဘာမှ ချို့ယွင်းမနပါဘူး”

လင်းဇီချန် ရှန်ချင်းဟန်အား အလေးအနက်ကြည့်ပြီး ပြောခဲ့သည်။

“ဆီးမထိန်းနိုင်တာက နင့်ရဲ့ထူးခြားစွမ်းအင်ပဲ။ အဲဒီစွမ်းအင်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အခုထိ အပြည့်အဝ ရှာမတွေ့သေးရုံပဲ”

“ထူးခြားစွမ်းအင်လား”

ရှန်ချင်းဟန်၏ မျက်လုံးများ ပြန်လည်‌တောက်ပလာခဲ့ပြီး မကြာမီကလောက် မှေးမှိန်မနေတော့ပေ။

“အင်း ထူးခြားစွမ်းအင်ပဲ”

လင်းဇီချန် သေချာမှုဖြင့် ပြောခဲ့သည်။

“နင့်ရဲ့ ရေကူးအရမ်းတော်တဲ့ အရည်အချင်းက အဲဒီစွမ်းအင်ရဲ့ သရုပ်သကန်တစ်ခုပဲ”

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှန်ချင်းဟန်သည် လင်းဇီချန်၏ မျက်လုံးများကိုကြည့်လျက် မေးလာခဲ့သည်။

“ဒါဆို ရှောင်ချန် နင်ငယ်ငယ်လေးကတည်းက အရမ်းတော်ခဲ့တာဆိုတော့ နင့်မှာလည်း ထူးခြားစွမ်းအင် ရှိတာလား”

“အမ်မ် ငါ့မှာလည်း နင့်လိုမျိုး ထူးခြားစွမ်းအင်ရှိတယ်”

လင်းဇီချန် တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။

“တကယ်လား”

“တကယ်”

“ဘယ်လိုစွမ်းအင်လဲ”

“ငါ့ရဲ့ထူးခြားစွမ်းအင်က သန်မာတဲ့ခန္ဓာကိုယ်နဲ့ အားကောင်းတဲ့ သင်ယူမှုစွမ်းရည်ပဲ”

“အာ”

ရှန်ချင်းဟန် စိတ်ပျက်အားငယ်စွာ ပြောသည်။

“အဲဒါက ဒီတိုင်း အရည်အချင်း မဟုတ်ဘူးလား”

လင်းဇီချန် ရှင်းပြသည်။

“အရည်အချင်းဆိုတာလည်း ထူးခြားစွမ်းအင်တစ်မျိုးပဲ။ နင့်ရဲ့ ရေကူးတဲ့အရည်အချင်းလိုမျိုးလေ”

“အင်း အဓိပ္ပာယ်ရှိတယ်”

ရှန်ချင်းဟန်၏ စိတ်အခြေအနေ သိသိသာသာ တိုးတက်လာခဲ့၍ စိတ်ပါဝင်စားမှု မြင့်တက်လာ၏။

“ငါ့မှာ တကယ်ပဲ ထူးခြားစွမ်းအင်ရှိတယ်ဆိုရင် ဘယ်လိုမျိုးဖြစ်မလဲ သိချင်မိတယ်”

“အဲဒါက သေချာပေါက် အရမ်းအင်အားကြီးမားတဲ့ ထူးခြားစွမ်းအင်ဖြစ်မှာ”

လင်းဇီချန် ပြုံးလျက်ပြောသည်။

“သွားစို့ ရှောင်ချန်၊ စစ်ဆေးကြည့်ရအောင်”

ရှန်ချင်းဟန် ချိုမြိုန်စွာပြုံးလျက် ပြောသည်။ ထို့နောက် လက်ထဲတွင် သေးခံထုပ်များကို ကိုင်လျက် ကောင်တာသို့ သွားသည်။

သူမ လှည့်သွားပြီး လင်းဇီချန်၏ အဝေးသို့ရောက်သောအခါ သူမ၏အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ မကြာမီက တောက်ပသော မျက်နှာသည် သန်မာချင်ယောင်ဆောင်ထားသော မျက်နှာဖုံးသာ ဖြစ်ခဲ့သည်။ ယခု၌ သူမ၏ သရုပ်ဆောင်စွမ်းရည်သည် တိုးတက်လာခဲ့ပြီး သူမ၏အပြုံးသည် ယခင်ကကဲ့သို့ အတင်းအကျပ်လုပ်ယူထားပုံနှင့် မတူတော့ပေ။ သူမတွင် ထူးခြားစွမ်းအင်ရှိသည်ဟူသော စကားကို ရှန်ချင်းဟန် မယုံကြည်ပါ။ လင်းဇီချန်သည် သူမအား နှစ်သိမ့်နေခြင်းသာဖြစ်သည်ဟု ခံစားရ၏။ ရှာဖွေမတွေ့နိုင်သည့် ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားခြင်းဆိုသည်ထက် ကျိန်စာသင့်နေသည်ဟု ပို၍ခံစားရပေသည်။

ကောင်တာတွင် ငွေရှင်းပြီးနောက် ‌ကုန်တိုက်မှ ထွက်လာခဲ့ကြသည်။ ဈေးကိုဖြတ်လျှောက်သောအခါ ကြွက်များကို သုတ်သင်နေသည့် ပြည်သူ့ဝန်ထမ်းများကို ထပ်မံ မြင်တွေ့ရပြန်သည်။ လွန်ခဲ့သည့်တစ်ခေါက်နှင့် ခြားနားစွာ ဒီနေ့တွင် ပြည်သူ့ဝန်ထမ်းများ ကြွက်များသုတ်သင်ရှင်းလင်းခြင်းကို သွေးရူးသွေးတန်း ဟန့်တားနေသည့် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ ထိုအမျိုးသားသည် ဈေးအလယ်တွင် အော်ဟစ်ငိုယိုလျက် ပြေးလွှားနေလေသည်။

“ရပ် ရပ်လိုက် ငါ့ရဲ့ညီနောင်တွေကို မသတ်ကြနဲ့”

“ငါပြောတာကြားလား အခုရပ်လို့”

“အားးး မင်းတို့ ငါ့ရဲ့ညီနောင်တွေကို ဆက်ပြီးသတ်နေမယ်ဆိုရင် ငါမင်းတို့ကို တိုက်ခိုက်တော့မှာနော်”

အော်ဟစ်ရင်းဖြင့် ထိုအမျိုးသားသည် တံမြက်စည်းတစ်ချောင်းကိုယူ၍ ပြည်သူ့လုံခြုံရေးဝန်ထမ်းများကို မောင်းထုတ်နေသည်။ သူအော်ဟစ်နေသည့် ‘’ညီနောင်များ’ဟူသည် ဈေးတစ်ခုလုံးတွင် ပြေးလွှားနေသည့် ကြွက်များဖြစ်သည်။

“ရှောင်ချန် အဲဒီလူကြီးက ရူးနေတာလား”

“စိတ်မကျန်းမာတာနေမယ်”

“သူ့ပုံစံက ကြောက်စရာကြီး”

“စိတ်မကျန်းမာတဲ့သူတွေက အဲ့လိုပဲ။ သွားရအောင် အိမ်ပြန်ကြမယ်”

“အမ်း”

ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် ရုန်းရင်းဆန်ခတ်ဖြစ်နေခြင်းအား ခဏမျှသာ ရပ်ကြည့်ခဲ့ပြီး ထွက်လာခဲ့ကြသည်။ သူတို့ထွက်သွားပြီး မကြာမီ၌ အနှောင့်အယှက်ပြုနေသော အမျိုးသားသည် လုံခြုံရေးဝန်ထမ်းများ၏ ဖမ်း‌ဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။ လက်ထိပ်ခတ်၍ စစ်ဆေးမေးမြန်းရန်အတွက် စခန်းသို့ခေါ်သွားရန် ထိုအမျိုးသားကို ကားနောက်ခန်းထဲသို့ ထည့်ထားလိုက်သည်။

ညနေခင်း အိမ်တွင် ဖြစ်သည်။

လင်းဇီချန်နှင့် မိဘများသည် ပုံမှန်အတိုင်း ညနေခင်းသတင်းများ ကြည့်ရင်းဖြင့် အတူတကွ ညစာစားနေခဲ့ကြသည်။ လူပျောက်သတင်း ကြေညာနေခြင်းဖြစ်၏။ ဆရာမတစ်ဦးသည် လွန်ခဲ့အပတ်က ကျောင်းသို့ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး ယခုအချိန်အထိ ရှာမတွေ့သေးပေ။

“ဘယ်လိုဖြစ်ပြီး နောက်ထပ် အမျိုးသမီးငယ်လေးတစ်ယောက် ပျောက်နေရပြန်တာလဲ။ ဒီတစ်ယောက်နဲ့ဆို အခုလထဲ လေးယောက်ရှိပြီ မဟုတ်လား”

ကျန်းဝမ်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။

လင်းယန်ရှန်းမှ သူမကို အမှန်ပြင်ပြောလာ၏။

“မင်း မှားနေပြီ။ သူက ၅ယောက်မြောက်ပဲ”

ကျန်းဝမ်ရှင်း ဇဝေဇဝါဖြစ်သွားပြီး ပြောလာ၏။

“လူပျောက်တာ ၅ယောက်တောင်ရှိနေပြီကို ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က တရားခံကို ဖမ်းမမိနိုင်သေးဘူးလား”

လင်းဇီချန်သည် ဘာမျှဝင်မပြောဘဲ သတင်းကြည့်ရင်းဖြင့် မိဘများ၏စကားကို နားထောင်နေခဲ့သည်။ သတင်းကြေညာသူသည် ဤလအတွင်း ပျောက်ဆုံးသွားသူ ၅ဦးလုံးသည် ငယ်ရွယ်လှပသော အမျိုးသမီးလေးများဖြစ်ကြသောကြောင့် ဖြစ်နိုင်ပါက အမျိုးသမီးငယ်လေးများကို ညဘက် အပြင်မထွက်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရလျှင် အဖော်အပေါင်းဖြင့်သွားလာ၍ လူ‌သူကင်းဝေးရာနေရာများကို ရှောင်ကြဉ်ကြရန် အကြံပြုခဲ့သည်။

“ရှောင်ချန် ခုတလော အပြင်မှာ သိပ်မအေးချမ်းဘူး။ သားက ‌ယောက်ျားလေးတစ်ယောက်အနေနဲ့ ဟန်ဟန့်ကို ဂရုစိုက်ရမယ်နော်။ ဟန်ဟန့်ကို တစ်ယောက်တည်း အပြင်မထွက်စေနဲ့ သိပြီလား”

ကျန်းဝမ်ရှင်း လင်းဇီချန်အား ညွှန်ကြား၏။

လင်းဇီချန်: “အမေ မစိုးရိမ်ပါနဲ့။ ကျွန်တော် ဟန်ဟန့်ကို ကောင်းကောင်းဂရုစိုက်မှာပါ”

ကျန်းဝမ်ရှင်းသည် စိတ်ပူပန်နေဆဲဖြစ်လေရာ ထပ်မံပြောသည်။

“အခု ဟန်ဟန့်ကို WeChatကနေ စာပို့လိုက်။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဂရုစိုက်ဖို့နဲ့ အပြင်သွားမယ်ဆိုရင် သားကို အတူခေါ်သွားဖို့ သတိရပါလို့”

“ဟုတ် ကျွန်တော် အခုပို့လိုက်မယ်”

ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် ဖုန်းကို ထုတ်ယူလိုက်ပြီး ရှန်ချင်းဟန်အား လုံခြုံရေးကို ဂရုစိုက်ရန် စာပို့လိုက်သည်။

ရှန့်ဟိုင်မြို့၊ ××ဒေသ၊ ××လမ်း၊ လုံခြုံရေးရုံး။

အလင်းတောက်ပနေသော စစ်မေးခန်းအတွင်း၌ နေ့လယ်က လင်းဇီချန်တို့ ဈေးထဲတွင် တွေ့ခဲ့သည့် စိတ်ဖောက်ပြန်နေသော သက်လတ်ပိုင်းအရွယ်လူကြီးသည် ယခု၌ သူ၏စိတ်အခြေအနေအား စိတ်ရောဂါကုဆရာဝန်များမှ စစ်ဆေးခြင်းကို ခံနေရသည်။ အခန်းအပြင်ဘက်တွင် ညဂျူတီကျသည့် လုံခြုံရေးဝန်ထမ်းနှစ်ဦး စောင့်ကြည့်နေသည်။

နာရီဝက်ကြာမြင့်ပြီးနောက် ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ဦးသည် စစ်မေးခန်းထဲသို့ ဝင်လာခဲ့ပြီး စိတ်ရောဂါကုဆရာဝန်အား မေးမြန်းသည်။

“ဘယ်လိုနေလဲ။ သူက စိတ်ရောဂါသည်လား”

“အခုတော့ မသေချာသေးဘူး”

စိတ်ရောဂါကုဆရာဝန်မှ ခေါင်းခါရမ်းသည်။

“ကျွန်တော် သူနဲ့ ပြောဆိုဆက်ဆံဖို့ ကြိုးစားနေခဲ့ပေမဲ့ လုံးဝ စကား‌မပြောဘူး။ အ နေတဲ့သူလိုပဲ”

“သူ မ အ ဘူး။ ခုနက ဈေးထဲမှာတုန်းက အဆက်မပြတ် အော်ဟစ်နေခဲ့တာ”

ပြည်သူ့လုံခြုံရေးဝန်ထမ်းမှာ ပြုံးလိုက်ပြီး ပြောသည်။

ထိုသို့ပြောပြီးနောက်တွင် လက်ထိပ်ခတ်ခံထားရသော သက်လတ်ပိုင်းအရွယ်လူကြီး၏ မျက်နှာကြွက်သားများ အနည်းငယ်လှုပ်ရှားသွားကြောင်း မြင်တွေ့လိုက်ရသည်။ ထို့ပြင် သေးမျှင်သည့် အမွေးများလည်း မြင်သာသော နှုန်းထားဖြင့် ပေါက်လာနေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ပြည်သူ့လုံခြုံရေးဝန်ထမ်း၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ရပြီး ချက်ချင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အမြန် ဌာနချုပ်ကို ဒီကို စက်ဖြင့်ပြုပြင်မွမ်းမံလူသားတစ်ယောက် တပ်ကူလွှတ်လိုက်ပါလို့ တောင်းဆိုလိုက်။ စစ်မေးခန်းထဲက လူက ဧရာမသန္ဓေပြောင်းကြွက်အဖြစ် ပြောင်းလဲနေပြီ!!!”

အခန်း ၆၆

ကြွက်ကိုစားသုံးသော အမျိုးသား

“မင်းတို့… အား သတ်– မင်းတို့ ငါ့ညီနောင်တွေကို သတ်ခဲ့တယ်”

“နေ့တိုင်း နေ့တိုင်း ဟင်းသီးဟင်းရွက်ဈေးမှာ ကြွက်ဖမ်းသေနတ်တွေနဲ့… အား မင်းတို့ မင်းတို့ ငါ့ညီနောင်တွေကို သတ်ခဲ့တာ”

“ငါ ငါ သွေးကို သွေးနဲ့ ပြန်ဆပ်စေချင်တယ်”

နောက်ဆုံးစကားလုံးများ ထွက်အံကျလာပြီးနောက်တွင် ထိုအမျိုးသား၏ ခန္ဓာကိုယ်သည် မျက်နှာတွင် မျက်လုံးရှစ်လုံးပါရှိသော ကြွက်သတ္တဝါကြီးအဖြစ် ‌အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ ထိုစဉ် အာဏာရှိပြည်သူ့လုံခြုံရေးဝန်ထမ်းများသည် လက်နက်အပြည့်အဝ တပ်ဆင်ပြီး‌၍ ကြွက်လူသားအား သေနတ်များဖြင့် ကသုတ်ကရက် ပစ်ခတ်နေကြသည်။ ကံဆိုးစွာဖြင့် ကြွက်လူသားသည် အလွန်မြန်ဆန်‌လေရာ အဆက်မပြတ် တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့သည်။ ထိုကြွက်လူသားအား သေနတ်ကျည်ဆံထိမှန်စေရန် ခက်ခဲနေ၏။

မည်သို့ပင်ဖြစ်စေ ပြည်သူ့လုံခြုံရေးဝန်ထမ်းများသည်လည်း ကြွက်လူသားအား အမှန်တကယ် ကျည်ဆံထိမှန်စေရန် ရည်ရွယ်ချက် မရှိပါချေ။ စက်ဖြင့်ပြုပြင်မွမ်းမံလူသား ရောက်လာပြီး မရှင်းလင်းမီအထိ ထိုကြွက်လူသားအား ဖိနှိပ်၍ အချိန်ဆွဲလိုခြင်းသာ ဖြစ်ပါ၏။ ကြွက်လူသားသည် ဉာဏ်မထက်မြက်လှလေရာ ထိုအခြင်းအရာကို နားမလည်ပေ။ သူ၏ညီနောင်များအတွက် လက်စားချေရန်အတွက်သာ ကြမ်းတမ်းစွာ အော်ဟစ်ကြိမ်းဝါးနေခဲ့ပြီး ကျည်ဆံများ၏ တိုက်ခိုက်မှုကို ချိုးဖောက်၍ ပြည်သူ့လုံခြုံရေးဝန်ထမ်းအားလုံးကို သတ်ဖြတ်ပစ်ရန် ရည်ရွယ်နေခဲ့သည်။

“ခေါင်းဆောင် စက်ဖြင့်ပြုပြင်မွမ်းမံလူသားတွေ အကုန်လုံး မစ်ရှင်လုပ်နေကြတယ်လို့ ဌာနချုပ်က ပြောပါတယ်။ အဲဒါကြောင့် ဌာနချုပ်က ကျွန်တော်တို့ဆီ အကူပို့ဖို့အတွက် ၁၀မိနစ်ကြာပါဦးမယ်။ ကျွန်တော်တို့မှာ ကျည်နည်းနေပြီ။ အကူရောက်လာတဲ့အထိ တောင့်မခံနိုင်မှာ စိုးမိတယ်”

ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ယောက်မှ စိုးရိမ်ပူပန်စွာဖြင့် ပြော၏။

သူတို့၏ ပြည်သူ့လုံခြုံရေးရုံးလေးသည် လမ်းအဆင့်သာဖြစ်ပြီး သိုလှောင်ထားရှိသည့်ကျည်ဆံသည် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကို ထိန်းသိမ်းထားရန်အတွက် မလောက်ငှပေ။

“ဆက်ပြီး ဖိနှိပ်ပစ်နေ။ ငါကားသွားယူလိုက်မယ်။ ပြီးရင် ငါတို့အားလုံး ကားပေါ်တက်ပြီး ဒီကြွက်လူသားကို မြို့စွန်ကို ‌မြှားခေါ်သွားပြီး တပ်ကူရောက်လာတဲ့အထိ အချိန်ဆွဲထားမယ်”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်ဖြစ်သူသည် ကားယူရန်အတွက် အလျင်စလို ထွက်ခွာသွားခဲ့သည်။

ဤကြွက်လူသားသည် အလွန်ဉာဏ်ထက်မှု မရှိကြောင်း သူနားလည်ထား၏။ ဤကြွက်လူသားသည် သုတ်သင်ရှင်းလင်းခံလိုက်ရသော သူ၏ကြွက်များအတွက် လက်စားချေရန်အတွက် ပြည်သူ့လုံခြုံရေးဝန်ထမ်းများအား သတ်ဖြတ်ရန်သာ အာရုံရှိပေသည်။ ထိုသုံးသပ်ချက်ကို အခြေခံ၍ ပြည်သူ့ဝန်ထမ်းများအားလုံး ကားပေါ်သို့တက်၍ မြို့စွန်သို့ မောင်းသွားခဲ့လျှင် ဤဉာဏ်မထက်သော ကြွက်လူသားသည် သေချာပေါက် လိုက်လာမည်ဖြစ်၏။

ထို့နောက် လီဗာကို အသားကုန်နင်း၍ မြို့စွန်သို့ အရှိန်တင်မောင်းခဲ့သည်။ သေချာပေါက်ပင် ကြွက်လူသားသည် ကားနောက်သို့ ချက်ချင်းလိုက်လာခဲ့သည်။ ကားထဲရှိ ပြည်သူ့ဝန်ထမ်းအားလုံးကို မသတ်ရသ၍ ရပ်တန့်မည့်ဟန် မရှိပေ။ ထိုသို့ ကားနောက်သို့ လိုက်နေခြင်းမှာ သုံးမိနစ်ခန့် ကြာသွားခဲ့သည်။ ထိုအချိန်တွင် ဌာနချုပ်မှ စက်ဖြင့်ပြုပြင်မွမ်းမံလူသားလည်း ရောက်လာခဲ့သည်။ ထိုအခါ ပြည်သူ့လုံခြုံရေးဝန်ထမ်းခေါင်းဆောင်သည် စက်ဖြင့်ပြုပြင်မွမ်းမံလူသား တိုက်ခိုက်မှုလုပ်ဆောင်ရန် နေရာအလုံအလောက်ရရှိစေရန်အတွက် လီဗာကို ကြမ်းပြင်ထိတိုင် ဖိနင်းလိုက်သည်။

ကားသည် ကြွက်လူသားနှင့် အများကြီးကွာဝေးသွားသည်နှင့်တစ်ပြိုင်နက် လေတွင်ရစ်ဝဲနေသော စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် ရုတ်ချည်း အင်အားကုန်ထုတ်လွှတ်၍ တပ်ဆင်ထားသော လက်နက်အားလုံးဖြင့် ကြွက်လူသားအား ပစ်ခတ်ခဲ့သည်။ လက်နက်ကျည်အားလုံးကို အသုံးပြုပြီးနောက် မြေဆွဲအားဆန့်ကျင်တွန်းအားကို ပိတ်သိမ်းလိုက်ပြီး အထူးတလည် သွန်းလုပ်ထားသော သတ္တုဓားရှည်ကို ကိုင်ဆောင်၍ ထူထဲသော မီးခိုးငွေ့များကြား၌ မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ မြေပြင်ထက်တွင် ကြွက်လူသား မရှိတော့သည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။ အဆုံးမဲ့သည်ထင်ရသော တွင်းနက်ကြီးသာလျှင် တည်ရှိနေပြီး သွေးစ၊ အသားစများသည် ပတ်ဝန်းကျင်တစ်ခွင်၌ ပြန့်ကျဲနေခဲ့သည်။ ကြွက်လူသားသည် လက်နက်ကျည်တစ်ပုံကြီးကြားမှ တွင်းတစ်တွင်းတူး၍ ထွက်ပြေးသွားခဲ့‌ပေသည်။

သို့သော် သတင်းကောင်းမှာ တွင်းနက်အတွင်း ပြန့်ကျဲကျန်ရစ်ခဲ့သော သွေးစ၊အသားစများအရ ကြွက်လူသားသည် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး ဝေးဝေးထွက်မပြေး‌နိုင်လောက်ပေ။ ခြေရာခံလိုက်၍ သတ်ဖြတ်ရနိုင်ခြေ မြင့်မား၏။ ၎င်းကို စစ်ဆေးသုံးသပ်ပြီးသောအခါ စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် မြေဆွဲအားဆန့်ကျင်တွန်းအားကို အမြန် ပြန်အသက်သွင်းလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ကောင်းကင်ထက်တွင် သိမ်းငှက်တစ်ကောင်ကဲ့သို့ လှည့်ပတ်၍ ကြွက်လူသား၏ အရိပ်အယောင်ကို ရှာဖွေသည်။

မြို့ထဲရှိ ရွာတစ်ရွာတွင်ရှိသော လုံးချင်းအိမ်တစ်အိမ်၌ လင်းဇီချန်သည် ညစာစားပြီးနောက် ခဏအနားယူသည်။ ထို့နောက် ပြင်းထန်မှုအဆင့်မြင့်လေ့ကျင့်ခန်းများကို လုပ်ဆောင်ရန်အတွက် အပေါ်ထပ်ရှိ သူ၏အခန်းသို့ တက်လာခဲ့သည်။ လေ့ကျင့်ခန်းသည် ဒိုက်ထိုးခြင်း၊ အိပ်ထမတင်၊ sit-ups၊ squats များကဲ့သို့ အခြေခံလှုပ်ရှားမှုများ မဟုတ်တော့ဘဲ ထွေပြား၏။ အစားအသောက်ထိန်းသိမ်းလေ့ကျင့်နည်းကို ပို၍မသိမသာကွဲပြားသော လေ့ကျင့်ခန်းများ ပါဝင်စေခဲ့သည်။ လက်ချောင်းများ၊ လက်ကောက်ဝတ်များ၊ လည်ပင်းများ၊ စသည်တို့ကို လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးကို နည်းစနစ်ကျကျ လေ့ကျင့်ခဲ့သည်။

လေ့ကျင့်‌ခန်းကဏ္ဍသည် ၄နာရီကြာမြင့်၏။ လင်းဇီချန်သည် အနည်းငယ်ပင်ပန်းလာခဲ့သောကြောင့် ညနေခင်းလေ့ကျင့်ခန်းများကို ဖယ်ရှားလိုက်သည်။ ထိုအခိုက်အတန့်တွင် လင်းဇီချန်သည် ချွေးထွက်လွန်ခြင်းမရှိ၊ အသက်ရှူနှုန်း ဖောက်ပြားခြင်းလည်း မရှိပါချေ။ အနည်းငယ် ပင်ပန်းရုံသာဖြစ်၏။ ဤသည်မှာ ‘အသုံးပြုမည်လော အသုံးမပြုလျှင် ပျက်ပြယ်သွားမည်' စည်းမျဉ်းအောက်၌ နှစ်ပေါင်းများစွာ လေ့ကျင့်ခြင်း၏ ရလဒ်ဖြစ်သည်။ ရုပ်ခန္ဓာအင်အားသည် အများကြီးပို၍ အင်အားကြီးမားသန်မာလာခဲ့သည်။ မောပန်းမှုဒဏ်ကို အလွန်ခံနိုင်ရည်ရှိလာခဲ့သည်။

ကြမ်းပြင်တွင် ထိုင်နားနေရင်း လင်းဇီချန် ဖုန်းကိုထုတ်ယူ၍ ဒေတာများကို စစ်ဆေးရန် စာရေးသူ၏ဝဘ်ဆိုဒ်ကို ကြည့်ရှုလိုက်သည်။ တစ်နေ့လျှင် စာလုံးရေ၄၀၀၀ကျော်ခန့်ကို ဖြေးဖြေးမှန်မှန် ရေးတင်ခဲ့ပြီးနောက်တွင် ယခု၌ စာလုံးရေတစ်သိန်းနီးပါး ဖြစ်လာခဲ့ပြီဖြစ်သည်။ စုဆောင်းမှု တစ်သောင်းကျော်ခန့်နှင့် ဒေတာသည်လည်း အခြေအနေကောင်းမွန်သည်။ အရေးအကြီးဆုံးအချက်မှာ စာဖတ်သူများ၏ တုံ့ပြန်မှုသည် အလွန်အကောင်းဘက်သွား၏။ စာဖတ်သူများစွာသည် စာအုပ် စာအုပ်စင်ပေါ်သို့ ရောက်ရှိသည်နှင့် သေချာပေါက် အသင်းဝင်ကြေးဖြင့် ထောက်ပံ့မည်ဟု ပြောကြပေသည်။

“စာအုပ်အသစ်က ထောက်ခံချက်တွေ အများကြီး ကျန်‌ေနသေးတယ်။ အဲဒါတွေ ပြီးတာနဲ့ ဒေတာတွေက ပိုတောင် ကောင်းလာလိမ့်ဦးမှာ။ ထုတ်ဝေပြီး ပထမ လမှာ ပိုက်ဆံဘယ်လောက်ရှာနိုင်မယ်ဆိုတာ ပြောစရာတောင် မလိုဘူး…”

စာရေးသူappအတွင်းရှိ ဒေတာကိုကြည့်၍ မျှော်လင့်ချက်များသည် လင်းဇီချန်၏ မျက်နှာထက်တွင် မထိန်းချုပ်နိုင်စွာ ထင်ဟပ်လာခဲ့သည်။ ထို့နောက် အဝတ်သန့်တစ်စုံကိုယူ၍ ရေချိုးခန်းသို့ သွားခဲ့သည်။ ရေချိုး၍ ဆံပင်ခြောက်အောင် သုတ်ပြီးနောက် အချိန်ကျသောအခါ မီးပိတ်၍ အိပ်ရာဝင်သည်။ မအိပ်မီတွင် ခန္ဓာကိုယ်တိုးတက်မှုအချက်အလက်များကို တစ်လကြာ မစစ်ဆေးခဲ့ရသည်ကို သတိရသွားခဲ့ပြီး မနက်၃နာရီ နှိုးစက်ပေးထားလိုက်သည်။

၃နာရီတိတိတွင် နှိုးစက်သည် အချိန်တိကျစွာ အသံမြည်လာသည်။ လင်းဇီချန်သည် ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ရာ အိပ်ရာထဲတွင် လူးလွန့်မနေဘဲ ချက်ချင်းအိပ်ရာထ၍ အဝတ်လဲပြီးနောက် ပုံမှန်လုပ်နေကျအတိုင်း မျက်နှာကိုကာရန် maskနှင့် ဦးထုပ်များ ဝတ်ဆင်လိုက်သည်။ ထို့နောက် အချက်အလက်များ တိုင်းတာစစ်ဆေးရန် ကိရိယာများကို ယူဆောင်၍ အိမ်ထဲမှ တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။ ထို့နောက် စောင့်ကြည့်ကင်မရာများကို ကျွမ်းကျင်စွာ ရှောင်တိမ်းသွားလာသည်။

မကြာမီ၌ လင်းဇီချန်သည် မြို့ပြင်ရှိ လွင်တီးခေါင်ပြင်သို့ ရောက်ရှိလာခဲ့သည်။ အနီးအနားတွင် မည်သူမျှမရှိကြောင်း သေချာစေပြီးနောက် ချက်ချင်း ခန္ဓာကိုယ်အချက်အလက်များကို စတင်စစ်ဆေးသည်။ ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက် အချက်အလက်များ ထွက်လာခဲ့သည်။ ၃.၄၃စက္ကန့်အတွင်း မီတာတစ်ရာပြေးနိုင်သည်။ အမြင့်ခုန် ၇.၂၂မီတာ ခုန်နိုင်သည်။ လက်တစ်ဖက်တည်းဖြင့် အလေးချိန်၁၇၅၀ကီလိုဂရမ် အလေးချိန်ရှိသော ကားကို မ,နိုင်သည်။ တိုးတက်မှုသည် အတော်လေး သိသာထင်ရှား၏။ ဤတိုးတက်မှုနှုန်းအတိုင်း ထိန်းထားနိုင်ခဲ့လျှင် နောက်စာသင်နှစ်အတွင်း သူ၏မီတာတစ်ရာပြေးသည့်စံချိန်သည် ၃စက္ကန့်ကို ချိုးဖျက်လိမ့်မည်။ အမြင့်ခုန်ခြင်းသည် ၈မီတာ ကျော်လိမ့်မည်။ လက်တစ်ဖက်တည်းဖြင့် မနိုင်သည့် အလေးချိန်သည် ၂၀၀၀ကီလို ကျော်လွန်ပေလိမ့်မည်။

ထိုတိုးတက်မှုများအားလုံးသည် မျိုးရိုးဗီဇပေါင်းစပ်ခြင်း၊ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းများ မပါဝင်ဘဲ သူ၏အင်အားတစ်ခုတည်းဖြင့် ရရှိထားသော အောင်မြင်မှုများဖြစ်၏။ တိုးတက်မှုသည် အလွန်တည်ငြိမ်မြဲမြံသည်။ ဤနှုန်းအတိုင်း ဆက်လက်တိုးတက်သွားနိုင်ခဲ့လျှင် မိမိမှာ တခဏအတွင်း သူတော်စင်တစ်ဦး ဖြစ်လာနိုင်ပြီး စက်ဖြင့်ပြုပြင်မွမ်းမံလူများကို ထိုးနှက်ပစ်၍ မျိုးရိုးဗီဇပေါင်းစပ်လူများကို ကန်ပစ်နိုင်မည်ဟု ခံစားရပေသည်။

ထိုအတွေးများတွင် အချိန်ခဏမျှ နစ်မြုပ်နေခဲ့ပြီးနောက် လက်တွေ့သို့ အသိပြန်ရောက်လာခဲ့ပြီး ‌မြေပြင်ရှိ တိုင်းတာသည့်ကိရိယာများကို သိမ်းဆည်း၍ အိမ်သို့ အနှေးပြေး၍ ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတွင် ဆင်ခြေဖုံးရှိ အမှိုက်ပုံကိုဖြတ်သွားချိန်တွင် အမှိုက်ပုံ၌ ဆောင့်ကြောင့်ထိုင်လျက် အမှိုက်များကို လှန်လှောရှာဖွေနေသည့် လူတစ်ယောက်ကို မြင်တွေ့ခဲ့သည်။ ဆာလောင်မှုကြောင့် အစားအသောက်ရှာဖွေနေခြင်း ဖြစ်ဟန်တူသည်။ အနီးကပ်ကြည့်လိုက်သော စုတ်ပြဲ၍ သွေးများပေကျံနေသည့် လူကြီးတစ်ယောက်ဖြစ်သည်။

အိမ်ခြေရာမဲ့လူလား။ သွေးတွေလွှမ်းနေတာ အရိုက်ခံထားရတာလား။

ထိုလူကြီးမှာ အတော်လေး သနားချင့်စဖွယ်ဖြစ်နေခဲ့ရာ ပြည်သူ့လုံခြုံရေးအဖွဲ့သို့ ဖုန်းဆက်၍ ထိုလူကြီးအား လာရောက်ကယ်ဆယ်ပေးပါရန် အကြောင်းကြားရမည်ဟု လင်းဇီချန် တွေးလိုက်သည်။ ထိုအတွေးဖြင့် လင်းဇီချန် ဖုန်းထုတ်ယူလိုက်သည်။ ဖုန်းခေါ်လုနီးတွင် ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။

အမှိုက်ပုံကို လှန်လှောနေသော လူကြီးသည် သူ၏ရှေ့မှ ကြွက်တစ်ကောင်ကို ရုတ်တရက် ဖမ်းလိုက်ပြီး နာကျင်နေသော မျက်နှာအမူအရာဖြင့် တုံ့ဆိုင်းနေခဲ့ပြီးနောက် ဖမ်းထားသည့်ကြွက်အား ပါးစပ်ထဲသို့ထည့်ကာ ပေါင်မုန့်ဝါးသည့်အလား ဝါးနေတော့သည်။ အားအပြည့်ကိုက်ဝါးလိုက်မှုတွင် ကြွက်မှာ သွေးများအလွန်အမင်း ပန်းထွက်သွားခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။

All Chapters