အပိုင်း ၆၇-၆၉
Vol. 5 Ch. 67-69
အခန်း ၆၇
သာမန်လူတွေက အရသာ မကောင်းဘူး
“ညီနောင် ညီနောင် ငါတောင်းပန်ပါတယ်”
“ညီနောင် မင်းငါ့ကို ခွင့်လွှတ်ရမယ်။ ငါ ငါ မင်းကိုစားဖို့ မရည်ရွယ်ပါဘူး။ ငါက ဒီတိုင်း အရမ်းဗိုက်ဆာနေလို့ပါ”
“ငါဗိုက်ပြည့်တာနဲ့ ငါ ငါမင်းအတွက် နှစ်တိုင်း ပူဇော်ပေးပါ့မယ်”
လူကြီးသည် ကြွက်အား အားအပြည့် ကိုက်ဝါးနေရင်းဖြင့် နောင်တတရား၏ မျက်ရည်များသည်လည်း သူ၏ပုံပျက်နေသော မျက်နှာထက်တွင် စီးကျနေခဲ့ပုံမှာ အလွန်တရာ ထိတ်လန့်ချောက်ချားဖွယ် ကောင်းလှသည်။
ထိုလူကြီးမှာ တစ်စုံတစ်ခု မူမမှန်ကြောင်း နားလည်လိုက်ပြီးနောက် လင်းဇီချန် မျက်မှောင်ကြုတ်လိုက်သည်။ လင်းဇီချန် ချက်ချင်းပြန်လှည့်လိုက်ပြီး ထိုအမှိုက်ပုံရှေ့မှ ဖြတ်သွားမည့်အစား အခြားလမ်းမှ ရှောင်ကွင်းသွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လင်းဇီချန် ထွက်သွားရန် လှည့်ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူကြီးသည် လင်းဇီချန်၏ တည်ရှိမှုကို အာရုံခံမိသွားခဲ့ပြီး လှည့်ထွက်နေဆဲ လင်းဇီချန်၏ပုံရိပ်ကို ကြည့်လာခဲ့သည်။ ထို့နောက် သူ၏လက်ထဲရှိ တစ်ဝက်တစ်ပျက် စားပစ်လိုက်ပြီးသောကြွက်ကို ကြည့်၍ ပြောလာခဲ့သည်။
“ညီ ညီနောင် ငါ ငါမင်းကိုစားဖို့ မလိုအပ်တော့ဘူး။ ငါ ငါ လူကို စားလို့ရပြီ”
လူကြီး၏အသံသည် ရူးသွပ်နေခဲ့ကာ တိတ်ဆိတ်သော ညအချိန်အတွင် အလွန်တရာ ကြက်သီးမွေးညင်းထဖွယ် ကောင်းလှပေသည်။
'လူကိုစားမည်'ဟူသော စကားတွင် လင်းဇီချန်၏ မျက်နှာမှာ ဖြူဖျော့သွားရကာ ချက်ချင်း ထွက်ပြေးတော့သည်။ သို့သော် စက္ကန့်ပိုင်းအတွင်း၌ သူ၏နောက်မှ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ နောက်ပြန်လှည့်ကြည့်ရာ ကြွက်စားနေသည့်လူကြီးသည် သူ့နောက်သို့ လိုက်မီလာနေသည်ကို မြင်တွေ့လိုက်ရသည်။ လူကြီး၏မျက်နှာသည် သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သော အရှိန်နှုန်းဖြင့် ကွဲအက်လာခဲ့ကာ မျက်လုံးများစွာ ထွက်ပေါ်လာခဲ့ပြီး အရေပြားတွင်လည်း အမွေးများထွက်လာနေသည်။ ၎င်းသည် ဧရာမသန္ဓေပြောင်းကြွက်ကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေခဲ့သည်။
အဲဒါက နေ့လယ်တုန်းက တွေ့ခဲ့ရတဲ့ ရူးနေတဲ့လူကြီးလား။
ထိုလူကြီး အပြည့်အဝ ပြောင်းလဲမပြီးသေးခင်တွင် လင်းဇီချန်သည် ထိုလူကြီးမှာ နေ့လယ်က ဈေးထဲတွင်တွေ့ခဲ့သော လူကြီးဖြစ်ကြောင်းကို မှတ်မိသွားခဲ့သည်။
“အသား ငါ ငါ အသားစားချင်တယ်။ ငါ ငါ လူသား အသားကို လိုချင်တယ်။ လူအသားကို စားချင်တယ်”
လူကြီးသည် အရှိန်မြှင့်တင်၍ မျက်နှာအမူအရာမှာ ပို၍ကြမ်းတမ်းခက်ထန်လာခဲ့သည်။ လင်းဇီချန်၏နောက်သို့ သွားရည်များစီးကျလျက် ဆူညံသော အသံကြီးဖြင့် အဆက်မပြတ် လိုက်နေခဲ့သည်။
လူတစ်ပိုင်း ကြွက်တစ်ပိုင်းကြီးသည် သူ့အား စားသောက်ရန် ပစ်မှတ်ထားနေသည်ကို မြင်သောအခါ လင်းဇီချန်သည် ထွက်ပြေးမလွတ်နိုင်သည်ကို သိလိုက်ပေသည်။ ထို့ကြောင့် ထိုလူကြီး လိုက်မီလာသည်နှင့်တစ်ပြိုင်နက် လင်းဇီချန် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လူကြီး၏ရင်ဘတ်ကို အားပြင်းပြင်း ကန်ထုတ်လိုက်သည်။ ကျယ်လောင်လှစွာသော ‘’ဘန်း’ဟူသည့် အသံ ထွက်ပေါ်လာခဲ့သည်။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော လူကြီးသည် လေပေါ်မြောက်တက်အောင် ကန်ထုတ်ခံလိုက်ရပြီး လေထဲ၌ မီတာဒါဇင်ကျော်ခန့် လိမ့်ထွက်သွားပြီးေနာက်မှ မြေပြင်ပေါ်သို့ အသက်ငင်လျက် ပြုတ်ကျလာခဲ့သည်။
မတိုင်ခင်က စက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ အထူးပြုလုပ်ထားသော လက်နက်များထိမှန်ခဲ့သောကြောင့် အပြင်းအထန် ဒဏ်ရာရထားပြီးဖြစ်သည်။ ထို့ကြောင့် ထိုလူကြီးသည် ယခုအချိန်တွင် အလွန်အားနည်းနေလေရာ ကြွက်လူသားအဖြစ်သို့ အပြည့်အဝ မပြောင်းလဲနိုင်ဘဲ လင်းဇီချန်၏ အားပြင်းသောကန်ချက်ကိုလည်း ခံနိုင်ရည်မရှိချေ။
ကန်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားတာလား။
ကြွက်တစ်ပိုင်း လူတစ်ပိုင်း လူကြီး
သည် ခပ်ဖျော့ဖျော့ညည်းတွားလျက် လှုပ်ရှားမှုကင်းမဲ့စွာ မြေပြင်ပေါ်တွင် လဲကျနေသည်ကိုမြင်သောအခါ လင်းဇီချန်သည် မိမိမှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းပေလောဟု အချိန်ခဏမျှ တွေးထင်လိုက်သည်။ သူသိထားသည့် ကြွက်လူသားများသည် သေနတ်ပစ်ခတ်ခြင်းကိုပင် ခံနိုင်ရည်ရှိသည့် သတ္တဝါကြီးများ ဖြစ်ကြသည်ဟူ၍။ မွစာကြဲစုတ်ပြတ်သွားအောင် ပစ်ခတ်ခံရလျှင်သော်မှ သိသာမြင်သာသော မြန်ဆန်သည့်အရှိန်နှုန်းဖြင့် အားအင်ပြန်လည်ပြည့်ဝလာနိုင်ပြီး ရာနှုန်းပြည့်သော ကျန်းမာရေးအခြေအနေ၊ သက်လုံးအားတို့ဖြင့် ပြန်လည်ရပ်တည်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤလူကြီးအား အရင်အပြီးသတ်ရပေမည်။ ထိုသို့တွေးလျက် လင်းဇီချန်သည် ကျောက်တုံးများပုံနေသည့် လမ်းတစ်ဖက်သို့သွား၍ မြေပြင်ထက်မှ ကျောက်တုံးများကို ကောက်ယူလိုက်ပြီး မြေပြင်ထက်တွင် အသက်ငင်လျက် လဲကျနေသောလူကြီးအား ပစ်ပေါက်သည်။
“ဘုန်း…. ဘုန်း… ဘုန်း….!”
ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ထိုလူကြီး၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး အသွေးအသားများကို ထိုးဖောက်သွားလေရာ ကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
၁၀၊ ၁၂၊ ၁၀၀…
လင်းဇီချန်သည် အလွန်သတိကြီး၏။ အလောင်းအား အဝေးမှနေ၍ ကျောက်တုံးများဖြင့် ဆက်တိုက်ပစ်နေခဲ့သည်။ လူကြီး၏ခန္ဓာကိုယ်သည် မမှတ်မိနိုင်လောက်အောင် ကြေမွပျက်စီးနေပြီဖြစ်သည့်တိုင် အနီးသို့ ချဉ်းကပ်မသွားဘဲ သတိကြီးကြီးထားခဲ့သည်။ ၁၀မိနစ်ကျော်ခန့် ကြာမြင့်ပြီးနောက် လူကြီး၏ခန္ဓာကိုယ်သည် ကျောက်တုံးများကြောင့် အသားနုပ်နုပ်စဉ်းဖြစ်သွားသည့်အခါမှသာလျှင် လင်းဇီချန်သည် သတိကြီးစွာဖြင့် ချဉ်းကပ်ခဲ့သည်။
ထိုလူကြီး အမှန်တကယ် သေဆုံးသွားပြီလောဟု လင်းဇီချန် စစ်ဆေးကြည့်လို၏။ အသက်စွမ်းအင်ကို စုပ်ယူ၍ရနိုင်မည်လောကိုလည်း အတည်ပြုကြည့်ချင်သည်။ အသားနုပ်နုပ်စဉ်းဖြစ်သွားသည့် အမျိုးသား အမှန်တကယ် သေဆုံးသွားပြီဟု အတည်ပြုရန် မိနစ်ဝက်ခန့်ကြာမြင့်ခဲ့သည်။ ထိုအခါမှသာ လင်းဇီချန် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လေသည်။ ထို့နောက် စက်ဆုပ်ရွံရှာမှုကို ထိန်းချုပ်၍ ဆောင့်ကြောင့်ထိုင်ချကာ မြေပြင်ပေါ်ရှိ အသားပုံကို လက်ချောင်းဖြင့် ထိုးကြည့်ပြီးနောက် ထိုလူကြီး၏ကိုယ်ထဲရှိ ဧရာမသန္ဓေပြောင်းကြွက်၏ အသက်စွမ်းအင်ကို စုပ်ယူလိုက်သည်။
[ဧရာမသန္ဓေပြောင်းကြွက်၏ အသက်စွမ်းအင်တစ်မျှင်ကို စုပ်ယူခဲ့ပါသည်]
[ဧရာမသန္ဓေပြောင်းကြွက်၏ အသက်စွမ်းအင် စုဆောင်းမှုဇယား - ၇%]
လင်းဇီချန်၏ မျက်ခုံးတို့ အနည်းငယ်တွန့်ချိုးသွား၏။
၂%ပဲ တိုးလာတာလား။ လွန်ခဲ့သည့်တစ်ကြိမ်က ကြွက်လူသား၏ အသက်စွမ်းအင်ကို စုပ်ယူခဲ့စဉ်က စုဆောင်းမှုဇယားသည် ၅%တိုးတက်ခဲ့သည်ကို လင်းဇီချန် မှတ်မိပါ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ ၂%သာလျှင် တိုးတက်ခဲ့သည်။ ဘာလို့ ဒီလောက်တောင် နည်းရတာလဲ။
အဖြစ်အပျက်နှစ်ခု၏ ကွာခြားချက်များကို သိရှိနိုင်ရန် လင်းဇီချန် ပြန်လည်စဉ်းစားကြည့်သည်။ အမှန်တကယ်ပင် ကွာခြားချက်ကို ရှာတွေ့ခဲ့သည်။ လွန်ခဲ့သည့်တစ်ခေါက်က စက်ဖြင့်ပြုပြင်မွမ်းမံလူသား၏ လေဆာလက်နက်ဖြင့် တူးခြစ်အောင် လောင်ကျွမ်းခံလိုက်ရသည့် ကြွက်လူသားသည် ပို၍အင်အားကြီးမား၏။ ပြည်သူ့လုံခြုံရေးဌာနချုပ်မှ ကြားသိရသည့်အချက်အလက်အရ ထိုကြွက်လူသားသည် ကြွက်ဘုရင်၏မျိုးရိုးဗီဇနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပေသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဧရာမသန္ဓေပြောင်းကြွက်များ၏ အရည်အသွေးကွာခြားမှုများကြောင့် အသက်စွမ်းအင်ကို ဝါးမျိုသည့်အခါတွင်လည်း စုဆောင်းမှုဇယား တိုးတက်မှုလည်း ကွာခြားခြင်း ဖြစ်နိုင်ပေသည်။ လင်းဇီချန် အကြမ်းဖျင်းသာ စဉ်းစားလိုက်ပြီး အချိန်အကြာကြီး စွဲလမ်းမနေပါချေ။ ကျွမ်းကျင်သွက်လက်စွာဖြင့် မိမိရှိနေခဲ့ဖူးသည့် ခြေရာလက်ရာများကို ရှင်းလင်းလိုက်သည်။ အချိန်ခဏမျှ ရှင်းလင်းပြီးနောက် ချက်ချင်း ထွက်ခွာလာခဲ့သည်။
အချိန်သည် တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွား၏။ အရုဏ်ဦးအလင်းရောင်သည် ကောင်းကင်သို့ထိုးဖောက်လာပြီး အလင်းဖျော့ဖျော့ ထွက်ပေါ်လာသောအခါ ကြွက်လူသားကို လိုက်ရှာနေခဲ့သော စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် အမှိုက်ပုံအထက်သို့ ရောက်လာခဲ့သည်။ ထို့နောက်တွင် အမှိုက်ပုံနှင့် မကွာဝေးသည့်နေရာ၏ မြေပြင်ထက်ရှိ အသားစအပုံကြီးကို အလျင်အမြန်ပဲ ရှာတွေ့ခဲ့သည်။ ယခင်က ကြွက်လူသားများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသည်ဖြစ်ရာ ၎င်းအသားစအပုံကြီးမှာ ကြွက်လူသား၏ အသွေးအသားစများဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိရှိပေသည်။ ထို့ပြင် ၎င်းသည် အတိအကျပင် သူ တစ်ညလုံးရှာဖွေနေခဲ့သည့် ကြွက်လူသားဖြစ်ပေသည်။
စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် ထိုအသားပုံထက်တွင် ပျံသန်းကြည့်သည်။ ထို့နောက် မြေဆွဲအားဆန့်ကျင်တွန်းကန်ကိရိယာကို ပိတ်လိုက်သည်။ အသားပုံ၏ဘေးတွင် ဆင်းသက်ပြီးနောက် အလောင်းကို အချိန်ခဏမျှ စိုက်ကြည့်လျက် စိတ်ထဲမှ မေးခွန်းထုတ်နေခဲ့သည်။
ဒီကြွက်လူသားကို ဘယ်သူသတ်ခဲ့တာလဲ။
မှိန်ဖျော့ဖျော့အလင်းရောင်ရှိသော လိုဏ်ဂူတစ်နေရာတွင် ဝဖိုင့်သော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်သည် ငယ်ရွယ်လှပသော အမျိုးသမီးတစ်ယောက်ကို သယ်ပိုးထားကာ မှိန်ဖျော့ဖျော့ယဇ်ပလ္လင်ဆီသို့ အလျင်အမြန် လျှောက်သွားခဲ့ပြီးနောက် ရပ်သွား၏။ အမျိုးသမီးကို ယဇ်ပလ္လင်ထက်တွင် လဲလျောင်းစေပြီးသောအခါ ရှေ့ဘက်ရှိ အမှောင်ထုထဲမှ ကြက်သွေးရောင် မျက်လုံးကြီး၈လုံး တောက်ပလာ၏။ မျက်လုံးတစ်လုံးလျှင် ဘောလုံးတစ်လုံးမျှ ကြီးမားပြီး ထူးဆန်းသော အနီရောင်တောက်ပမှုနှင့် ဖိနှိပ်သည့်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
“ဘာလို့ တစ်ယောက်တည်းလဲ”
အမှောင်ထုထဲမှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံကိုကြားသောအခါ သက်လတ်ပိုင်းအရွယ်လူကြီးသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး နဖူးကို မြေပြင်နှင့် ထိစပ်သည်အထိ ငုံ့ကိုင်းကာ နှိမ့်ချကျိုးနွံစွာဖြင့် ရှင်းပြသည်။
“အရှင်ကြွက်နတ်ဘုရား အခုကာလမှာ အပြင်ဘက်က အမျိုးသမီးငယ်လေးတွေက အရမ်းစိုးရိမ်ပူပန်နေကြပါပြီ။ ညဘက်လည်း အပြင်မထွက်တော့ဘဲ နေ့ဘက်မှာလည်း အဖော်တွေနဲ့ အုပ်စုလိုက်ပဲ အပြင်ထွက်ကြပါတော့တယ်။ အဲဒါကြောင့် သူတို့ကို ဖမ်းဖို့ခက်ခဲနေပါတယ်”
“ဒါဆိုလည်း နောက်တစ်ခါကျ လူငယ်ယောက်ျားလေးတစ်ယောက် ဆွဲလာခဲ့လိုက်”
အသံအိုကြီးမှ ထပ်မံပြောသည်။
သက်လတ်ပိုင်းလူကြီးက ရိုကျိုးစွာဖြင့် ပြောသည်။
“နားလည်ပါပြီ အရှင်ကြွက်နတ်ဘုရား”
သက်လတ်ပိုင်းလူကြီး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အမှောင်ထုထဲမှ လူးလွန့်နေသော အသားတစ်စအား ပစ်ပေးလာသည်။ ထိုအသားတစ်စကို မြင်သောအခါ သက်လတ်ပိုင်းလူကြီးသည် စိတ်လှုပ်ရှားလာ၏။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သည်။
“အရှင်ကြွက်နတ်ဘုရားရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် အသားစကို အလျင်စလိုကောက်ယူ၍ ပါးစပ်ထဲသို့ ထိုးထည့်ကာ အငမ်းမရ ဝါးမျိုတော့သည်။ တစ်ပြိုင်နက်တည်းပင် ယဇ်ပလ္လင်ထက်တွင် သတိလစ်မေ့မြောလျက် လဲလျောင်းနေသော အမျိုးသမီးသည် အမှောင်ထဲမှ ထွက်ပေါ်လာသော လျှာကြီး၏ ရစ်ပတ်ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် ထိုအမှောင်ထုထဲမှ အသွေးအသားများကို ကိုက်ဝါးနေသည့် စူးရှသောအသံကြီး ထွက်ပေါ်လာခဲ့သည်။
အချိန်အတန်အသင့် ကြာမြင့်ပြီးနောက်တွင် အမှောင်ထုထဲမှ အသံအိုကြီးသည် တတိယအကြိမ် ထွက်ပေါ်လာခဲ့သည်။
“နောက်တစ်ခါကျ သာမန်လူတွေကို မဖမ်းနဲ့တော့။ သူတို့ရဲ့အရသာက အရမ်းခါးပြီး စားမကောင်းဘူး။ ငါအဆင့်မြင့်တဲ့လူတွေကို စားချင်တယ်။ အဲဒီလူတွေက စည်းစိမ်ရှိရှိနေကြတော့ သူတို့ရဲ့အသားက နူးညံ့ပြီး စားကောင်းတယ်”
အခန်း ၆၈
ရှန်ချင်းဟန်အတွက် ရပ်တည်ပေးခြင်း
ရှန့်ဟိုင်အထက်တန်းကျောင်း ပထမနှစ် အတန်း၁တွင် လင်းဇီချန်သည် တစ်မနက်လုံး သင်ခန်းစာများတွင် အာရုံမရှိပေ။ မနေ့ညက ကြုံတွေ့ခဲ့ရသည့်အကြောင်းကိုသာ တွေးတောနေခဲ့သည်။
အဲဒီကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူကို နေ့လယ်ခင်းက ပြည်သူ့လုံခြုံရေးအဖွဲ့က သေချာပေါက် ဖမ်းသွားခဲ့တာပဲကို ဘယ်လိုဖြစ်ပြီး ညဘက်ကျတော့ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့ အမှိုက်ပုံမှာ ကြွက်တွေစားနေရတာလဲ။ ထောင်ကနေ ထွက်ပြေးလာခဲ့တာလား။ ပြီးတော့ ထွက်ပြေးရင်းနဲ့ ဒဏ်ရာအပြင်းအထန်ရခဲ့တာလား။ အဲဒီလိုပဲဖြစ်ရမယ်…
ထိုသို့အတွေးဖြင့် လင်းဇီချန်သည် ဒေသတွင်းသတင်းများကို စစ်ဆေးကြည့်ရန် ဖုန်းထုတ်ယူလိုက်သည်။ မနေ့ညက ကြွက်ကဲ့သို့သော သတ္တဝါနှင့်စပ်လျဉ်းသည့် သတင်းတစ်ခုခု ရှိနေရန် မျှော်လင့်နေခဲ့သည်။ ကံဆိုးစွာဖြင့် တစ်မနက်လုံး ရှာဖွေနေသည့်တိုင် ၎င်းအကြောင်းအရာနှင့် ပတ်သက်သည့် သတင်းတစ်စမျှ ရှာမတွေ့ခဲ့ပေ။ ထိုအစား စက်ကိရိယာဆိုင်ရာ ကြီးမားတိုးပွားလာသည့် အမြင်ကိုဖမ်းစားနိုင်သည့် သတင်းတစ်ပုဒ်သို့ အာရုံကျရောက်သွားခဲ့သည်။
“ ယနေ့မနက်ခင်း ၉နာရီ သတင်းစာရှင်းလင်းပွဲမှာ စက်ကိရိယာနတ်ဘုရားအဖွဲ့အစည်းက စက်ကိယာဆိုင်ရာ ကြီးမားတိုးပွားခြင်းနည်းပညာအသစ်ကို တိုးတက်တီထွင်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ၎င်းနည်းပညာအတွက် လူသားစမ်းသပ်ခံ အယောက်၅၀၀ကို လစဉ်ထောက်ပံ့ကြေး၊ ရာသက်ပန် အာမခံကြေးတို့ဖြင့် ကမ်းလှမ်းထားပါတယ်။ နွေးထွေးကြင်နာစွာ သတိပေးချင်တာကတော့ ဒီစမ်းသပ်မှုဟာ ကိုယ်ခန္ဓာမသန်စွမ်းဖြစ်ခြင်းနှင့် အသက်သေဆုံးခြင်းကဲ့သို့သော အန္တရာယ်များ ရှိနိုင်ပါတယ်”
လစဉ်ထောက်ပံ့ကြေး? ရာသက်ပန် အာမခံကြေး? ဒါပေမဲ့ လူတစ်ယောက်က စမ်းသပ်မှုလုပ်နေစဉ်အတွင်းမှာ သေသွားခဲ့ရင်ရော ဒီအကျိုးခံစားခွင့်တွေကို ရနိုင်ဦးမှာလား။ မဟုတ်ရင်တော့ ဒါကြီးက အခြေခံအားဖြင့် အကျိုးအမြတ်တစ်ခုခု ရနိုင်ရင် ရ၊ မရနိုင်ရင်တော့ အကုန်ဆုံးရှုံးတာပဲ…
လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။
မကြာမီ၌ အတန်းဆင်းခေါင်းလောင်း မြည်လာခဲ့ခြင်းနှင့်အတူ မနက်ခင်း အတန်းချိန်များ ပြီးဆုံးသွားခဲ့သည်။ ကျောင်းသားများသည် နောက်ကျသောကြောင့် တန်းစီနေရမည်စိုးလျက် စိုးရိမ်လျက် အတန်းထဲမှ အမြန်ထွက်သွားကြပြီး စားသောက်တန်းသို့ အပြိုင်ပြေးသွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်တော့ လုံးဝ အလျင်လိုခြင်းမရှိဘဲ နေရာ၌ပင် ထိုင်နေကြသည်။ အထက်တန်းဂျူနီယာကျောင်းတက်စဉ်ကဲ့သို့ပင် သူတို့နှစ်ဦးလုံးသည် အိမ်မှာ နေ့လယ်စာယူလာခဲ့ကြသောကြောင့် အခြားကျောင်းသားများကဲ့သို့ တန်းစီရန် မလိုအပ်ပေ။
မိနစ်အနည်းငယ်မျှ ကုန်ဆုံးသွား၏။ ရှန်ချင်းဟန်သည် ကိုင်ထားသည့် ဘောပင်ကို ချထားလိုက်ပြီး လင်းဇီချန်နှင့် သူမ၏ ထမင်းဘူးနှစ်ခုလုံးကို ယူလိုက်သည်။ ထို့နောက် နေ့လယ်စာများကို အပူပေးရန် ဆရာများရုံးခန်းသို့ သွားခဲ့သည်။ အချိန်ခဏကြာပြီးနောက် ပူနွေးနွေး နေ့လယ်စာထမင်းဘူးများကိုယူ၍ ပြန်လာခဲ့သည်။ လင်းဇီချန်သည် သူ၏နေ့လယ်စာဘူးကို ယူလိုက်ပြီး တစ်ပြိုင်နက်တည်းပင် ဖုန်းဖွင့်၍ သတင်းများကို ပွတ်ဆွဲရှာဖွေနေခဲ့သည်။ မနေ့ညက ကြွက်နတ်ဘုရားယုံကြည်သူ၏ သတင်းကို ရှာမတွေ့ခင်အထိ မရပ်တန့်ရန် လင်းဇီချန် ဆုံးဖြတ်ထား၏။ စားပြီးသောအခါ နေ့လယ်စာဘူးကိုယူ၍ ဆေးကြောတော့မည်တွင် နောက်ဆုံးတွင် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို ရှာတွေ့ခဲ့သည်။ ထိုသတင်းကို ဒေသပိုင်တရားဝင်မီဒီယာ၏ ဝဘ်ဆိုက်တွင် တင်ထားခြင်းဖြစ်သည်။ ဖွင့်ကြည့်လိုက်သောအခါ သူသိချင်သည့် အကြောင်းရာပါဝင်သော သတင်း အတိအကျကို တွေ့လိုက်ရသည်။ မနေ့ညက မြို့ဆင်ခြေဖုံးရှိ အမှိုက်ပုံတစ်ခုတွင် ကြွက်စားနေသည့် အကြောင်းအရာကို ဆွေးနွေးနေကြသည်။
“ရှောင်ချန် နင်ဘာကို အဲဒီလောက် စူးစိုက်ပြီးကြည့်နေတာလဲ”
သူမ၏ နေ့လယ်စာဘူးကို ဆေးကြောပြီး ပြန်လာသော ရှန်ချင်းဟန်မှ မေးသည်။ ထိုင်ခုံတွင် ထိုင်မြဲအတိုင်းပင် နေ့လယ်စာဘူးကို ဆေးကြောရန်ပင် အာရုံမရဘဲ ဖုန်းထဲသို့ အာရုံရောက်နေသည့် လင်းဇီချန်ကို မြင်လိုက်သောအခါ ရှန်ချင်းဟန် သိချင်စိတ်ပြင်းပြသွား၏။
“ငါကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူအကြောင်း သတင်းကို ဖတ်နေတာ”
လင်းဇီချန် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ရှန်ချင်းဟန်သည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုအကြောင်း အထူးတလည် စိတ်ဝင်စားမှု မရှိပေ။ လင်းဇီချန်၏ နေ့လယ်စာဘူးထဲမှ ဆီများ ပျစ်ခဲလာသည်ကို မြင်သောအခါ ရှန်ချင်းဟန်သည် ဆေးကြောပေးရန် ရည်ရွယ်ချက်ဖြင့် လှမ်းယူလိုက်သည်။ သို့သော် အပြင်ဘက် စင်္ကြံလမ်းတွင် သူမအား လင်းဇီချန်၏ အစေခံဟု လှောင်ပြောင်ခဲ့ဖူးသည့် မိန်းကလေးနှစ်ဦးကို မြင်သောအခါ တုံ့ဆိုင်းရပ်တန့်သွားခဲ့သည်။ ရှန်ချင်းဟန်သည် သူမ လင်းဇီချန်၏ နေ့လယ်စာဘူးကို ဆေးကြောနေသည့်မြင်ကွင်းကို ထိုမိန်းကလေးများ မြင်သွားခဲ့လျှင် လင်းဇီချန်၏အစေခံဟု ထပ်မံ လှောင်ရယ်ကြလိမ့်မည်ကို စိုးရိမ်နေခဲ့သည်။ အနည်းငယ်မျှ စဉ်းစားဆင်ခြင်ပြီး စိတ်အတွင်း၌ လွန်ဆွဲနေပြီးနောက် လင်းဇီချန်၏ နေ့လယ်စာဘူးကိုယူ၍ အတန်းထဲမှ ထွက်သွားလိုက်သည်။
လင်းဇီချန်၏အစေခံအဖြစ် လှောင်ရယ်ခံရခြင်းသည် ခံရခက်သော်ငြား ၎င်းသည် အခြားသူများ၏ အတွေးအမြင်သာဖြစ်သည်။ မကြားချင်ယောင်ဆောင်၍ စိတ်ထဲမထားလျှင် အဆင်ပြေပေသည်။ ရှန်ချင်းဟန် ထိုသို့တွေး၏။ သို့သော် လင်းဇီချန်၏ နေ့လယ်စာဘူးကိုကိုင်၍ ထိုမိန်းကလေးများရှေ့မှ ဖြတ်သွားသောအခါ ‘အစေခံ'ဟူသော စကားလုံးကို ကြားရမည်ကိုမူ ကြောက်ရွံ့နေသေးသည်။ ကံကောင်းထောက်မစွာဖြင့် ထိုသို့ဖြစ်မလာခဲ့ဘဲ ဖြတ်သွားသည့်တစ်လျှောက်လုံးတွင် မည်သည့်လှောင်ရယ်သံကိုမျှ မကြားခဲ့ရပေ။ သို့သော် အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ထိုစင်္ကြံလမ်းမှ မိန်းကလေးများသည် ရှန်ချင်းဟန်အကြောင်း စတင် အတင်းပြောကြတော့သည်။
“တွေ့လား ငါပြောပါတယ်၊ သူက လင်းဇီချန်ရဲ့ အစေခံပါဆို။ အခု သူက လင်းဇီချန်ရဲ့ ထမင်းဘူးကိုတောင် ဆေးပေးနေတယ်။ သူအရမ်းကြိုးစားတာပဲ ဟုတ်တယ်မလား”
“တခြားသူတွေရဲ့ အထက်မှာရှိနေဖို့ဆိုရင် အကြီးမားဆုံး အခက်အခဲတွေကို တောင့်ခံနိုင်ရတယ်တဲ့။ သူ့ရဲ့ အရမ်းအားနည်းလွန်းတဲ့ သိုင်းပညာစွမ်းရည်နဲ့ သခင်ရဲ့စိတ်ကို ရယူမထားနိုင်ရင် ဂုဏ်ထူးတန်းကို တက်နိုင်မှာ မဟုတ်တော့ဘူးလေ”
“မင်းတို့ ဘယ်သူ့ကို အစေခံလို့ ခေါ်နေတာလဲ”
ရုတ်တရက် မိန်းကလေးနှစ်ဦး၏ရှေ့မှ အသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ယောက် ချဉ်းကပ်လာသည်ကို သတိမထားမိသောကြောင့် ထိတ်လန့်သွားကြသည်။
“မဟုတ်ဘူး။ ဘာမှမဟုတ်ပါဘူး နင်နားကြားမှားတာပါ”
အသံပိုင်ရှင်မှာ လင်းဇီချန်ဖြစ်နေလေရာ မိန်းကလေးတစ်ယောက်မှ အလျင်အမြန် ငြင်းဆိုသည်။ အခြားတစ်ယောက်သည်တော့ တိတ်ဆိတ်နေလျက် လင်းဇီချန်နှင့် အကြည့်ချင်းမဆုံဝံ့ဘဲ ခေါင်းငုံ့နေခဲ့သည်။ ထိုမိန်းကလေးနှစ်ယောက်သည် ဝမ်ယွင်ထုန်နှင့် ချူးယွီရှီးဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း အတန်း၏ အောက်ဆုံးအဆင့်များတွင်ဖြစ်ကြကာ ရှန်ချင်းဟန်ထက် အနည်းငယ်မျှ လုပ်ဆောင်ချက်ပိုကောင်းရုံသာ ဖြစ်သည်။
လင်းဇီချန်သည် ထိုမိန်းကလေးနှစ်ဦးကို များများစားစား မပြောဆိုလိုက်ဘဲ တည်ငြိမ်အေးဆေးစွာဖြင့် ထုတ်ဖော်ပြောသည်။
“မင်းတို့တွေ ရှန်ချင်းဟန်ကို မကောင်းပြောတာကို နောက်ထပ် ထပ်မကြားချင်ဘူး”
လင်းဇီချန်၏အသံသည် အေးဆေးတည်ငြိမ်၏။ သို့သော် နားထောင်ရသူများအဖို့မူ ထိုသို့ မခံစားရချေ။ ထိုမိန်းကလေးနှစ်ဦးမှာ လင်းဇီချန်အား စိတ်အနှောင့်အယှက်ပြုလိုက်မိပြီဖြစ်ရာ သူတို့၏ အထက်တန်းကျောင်းသုံးနှစ်သည်တော့ ပျက်စီးသွားရပါပြီဟု စိတ်ထဲမှ တွေးမိလိုက်ကြသည်။
“ပြီးတော့ တခြားတစ်ယောက်ယောက်က ရှန်ချင်းဟန်ကို မကောင်းပြောနေတာ ကြားခဲ့ရင်လည်း ကျေးဇူးပြုပြီး သူတို့ကို ခုနက ငါပြောခဲ့တဲ့စကားကို တစ်ဆင့်ပြန်ပြောပေးပါဦး”
ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် အတန်းထဲသို့ လှည့်ပြန်သွားခဲ့သည်။
လင်းဇီချန် ထွက်သွားမှသာ မိန်းကလေးနှစ်ဦးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လေသည်။ ယခုအချိန်မှစတင်၍ ရှန်ချင်းဟန်အား သရော်လှောင်ရယ်ခြင်း မပြုသင့်တော့ဟုလည်း တွေးလိုက်ကြသည်။ သို့မဟုတ်ပါက လင်းဇီချန်အား အပြစ်ပြုမိခဲ့လျှင် ရှန့်ဟိုင်အထက်တန်းကျောင်းသားဘဝသည် အလွန်တရာ ခက်ခဲကြမ်းတမ်းသွားနိုင်ပေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ အတန်းဆင်းခေါင်းလာင်းသံ မြည်လာခဲ့ပြန်သည်။ နေ့လယ်ခင်းအတန်းချိန်များ ပြီးဆုံးသွားပြီဖြစ်၏။
အိမ်ပြန်လမ်းတွင် လင်းဇီချန်သည် အချိန်ခဏမျှ စဉ်းစားတွေးတောနေခဲ့ပြီးနောက်
နောက်ဆုံးတွင်တော့ ရှန်ချင်းဟန်အား မေးလိုက်သည်။
“နင်အခုနောက်ပိုင်း စိတ်အခြေအနေမကောင်းနေတာက တခြားသူတွေ နင့်ကို မကောင်းပြောတာကို ကြားခဲ့ရလို့လား”
“အဲဒီလိုတော့ ဖြစ်ခဲ့ပေမဲ့ ငါတကယ် အဆင်ပြေပါတယ်။ ငါစိတ်အခြေအနေမကောင်းတာလည်း မဟုတ်ဘူး။ ဘာမှလည်း မဖြစ်ပါဘူး”
ရှန်ချင်းဟန်မှ အရေးမထားဟန်ဆောင်၏။
လင်းဇီချန် ညင်သာနူးညံ့စွာ ပြောသည်။
“နင် စိတ်မကောင်းဖြစ်စရာ တစ်ခုခုကြုံတွေ့ခဲ့ရင် နင်ငါ့ကို ပြောပြလို့ရတယ်။ ငါတို့က ငယ်သူငယ်ချင်းတွေလေ။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်မရှိသင့်ဘူး”
ရှန်ချင်းဟန် ခေါင်းညိတ်၏။
“အင်း ငါပြောမှာပါ”
ထို့နောက် နှစ်ဦးသည် အချိန်တစ်ခုအထိ တိတ်ဆိတ်စွာ ဆက်လျှောက်နေခဲ့ကြသည်။ အိမ်နှင့် နီးကပ်လာသောအခါ လင်းဇီချန်မှ မေးလိုက်သည်။
“အတန်းထဲမှာ အမြဲတမ်း နောက်ဆုံးအဆင့်ရတာက ဖိအားအများကြီး ခံစားရတာလား”
“အတော်အတန်ပေါ့”
ရှန်ချင်းဟန် ရေရွတ်လိုက်သည်။ သူမ၏နှုတ်ခမ်းများ၌ ကူကယ်ရာမဲ့ခြင်းများ အနည်းငယ် ထင်ဟပ်နေ၏။
“ဒါပေမဲ့ ရုပ်ခန္ဓာအရည်အချင်းဆိုတာက သတ်မှတ်ထားပြီးသားပဲ။ ဘယ်လောက်ပဲ ကြိုးစားပါစေ အတန်းထဲက တခြားသူတွေကို ငါလိုက်မမီနိုင်ဘူး”
လင်းဇီချန် သဘောမတူပေ။
“ရုပ်ခန္ဓာအရည်အချင်းက သတ်မှတ်ထားပြီးသား ဖြစ်နိုင်တယ်၊ မှန်တယ်။ ဒါပေမဲ့ သိုင်းပညာကတော့ မဟုတ်ဘူး။ နင့်ရဲ့ရုပ်ခန္ဓာအရည်အချင်းက အဲဒီဝမ်ယွင်ထုန်၊ ချူးယွီရှီးတို့နဲ့ သိပ်မကွာဘူး။ နင့်ရဲ့သိုင်းပညာသာ သူတို့ထက် အများကြီးပိုသာလွန်နိုင်ခဲ့ရင် ယှဉ်ပြိုင်တဲ့အခါ နင်သူတို့ကို အနိုင်ရနိုင်တယ်”
“အဲဒါက တကယ်အလုပ်ဖြစ်ပါ့မလား”
“ဖြစ်တယ်”
လင်းဇီချန် ယုံကြည်ချက်အပြည့်ဖြင့် အခိုင်အမာပြောဆိုသည်။
“အခုကစပြီး ငါနင့်အတွက် တစ်ပတ်ကိုသုံးကြိမ် အထူးလေ့ကျင့်ချိန် လုပ်ပေးထားမယ်။ အဲဒီအချိန်မှာ အထူးသဖြင့် နင့်ရဲ့သိုင်းပညာကို တိုးတက်အောင်လုပ်ရမယ်။ နောက်ဆုံးစာသင်နှစ်ဝက်ကျရင် နင် သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မယ်”
လင်းဇီချန်၏စကားတို့ကို နားထောင်ပြီးနောက်တွင် ရှန်ချင်းဟန်၏ ယခင်က အနည်းငယ်မှုန်မှိုင်းနေခဲ့သော မျက်လုံးများသည် ရုတ်ချည်း တောက်ပလာခဲ့သည်။ သူမ အတန်းထဲတွင် ထပ်မံ၍ နောက်ဆုံးအဆင့် မရလိုတော့ပါချေ။ အတန်း၏ အကြွင်းမဲ့နောက်ဆုံးကျောင်းသားဟူသော တံဆိပ်ကို ဖယ်ရှားနိုင်သ၍ သူမသည် နောက်ဖေးတံခါးမှ အဆက်အသွယ်နှင့် ဝင်လာခဲ့သည်ဟု ပြောကြလျှင်သော်မှ သူမအတွက် အများကြီးပို၍ ခံနိုင်ရည်ရှိလိမ့်မည်ဖြစ်သည်။
အခန်း ၆၉
ရေတပ် တပ်မှူး
“လက်သီးထိုးတဲ့ရှုထောင့်က အရမ်းမြင့်လွန်းနေတယ်။ နည်းနည်းနှိမ့်ဦး။ အဲ့လိုဆို အားလည်းပိုပြင်းပြင်းသုံးနိုင်မယ်”
“ခြေထောင်တွေကိုလည်း ဖိကပ်ထားတာ အရမ်းတင်းလွန်းကြီးနေတယ်။ နည်းနည်းလောက် ချဲလိုက်”
“ကိုယ်နေဟန်ထားကိုလည်း ညှိရမယ်။ ပြိုင်ဘက်ကို တည့်တည့် မျက်နှာချင်းမဆိုင်နဲ့။ နည်းနည်း ခပ်စောင်းစောင်းရှုထောင့်ကနေ ကြည့်”
စနေနေ့ညနေ ၄နာရီ၊ ရှန်ချင်းဟန်၏အိမ်တွင်ဖြစ်သည်။ လင်းဇီချန်သည် အိမ်ထဲတွင် လေ့ကျင့်ခန်းလုပ်ပြီးနောက် အထူးလေ့ကျင့်ခန်းများ လေ့ကျင့်ပေးရန်အတွက် ရှန်ချင်းဟန်၏အိမ်သို့ ရောက်လာခဲ့ပြီး သူမအား သိုင်းပညာနည်းစနစ်များကို စိတ်ရှည်ရှည်ဖြင့် ညွှန်ကြားပေးနေခြင်းဖြစ်သည်။ ရှန်ချင်းဟန်သည် သိုင်းပညာသင်ယူခြင်းအား အလွန်အလေးအနက်ထား၍ လင်းဇီချန် ညွှန်ကြားသည့်အတိုင်း အတိအကျ လိုက်ပါလုပ်ဆောင်သည်။
ပြဿနာဖြစ်နိုင်သည့်အရာ အတော်များများကို ပြင်ဆင်ပေးပြီးပြီဟု ခံစားရသောကြောင့် လင်းဇီချန် ရှန်ချင်းဟန်အား ပြောလိုက်သည်။ “လာ လက်တွေ့လေ့ကျင့်ရအောင်။ ငါ့ကို အားကုန်သုံးပြီး တိုက်ခိုက်ကြည့်”
“အိုကေ လာပြီ”
ထိုသို့ပြောလိုက်ခြင်းနှင့်အတူ ရှန်ချင်းဟန်သည် ခြေသလုံးကြွက်သားတွန်းကန်အားဖြင့် လင်းဇီချန်သို့ ပြေးဝင်သည်။ လင်းဇီချန် မည်မျှသန်မာကြောင်းကို ကောင်းစွာသိထားသည်ဖြစ်ရာ ရှန်ချင်းဟန်သည် ထိန်းချုပ်မနေဘဲ အားကုန်တိုက်ခိုက်၏။
“ဖြန်း!”
လင်းဇီချန်သည် ရှန်ချင်းဟန်၏ သူ့ထံ ဦးတည်လာသော လက်သီးကို ဖမ်းထိန်းလိုက်ပြီး အသိအမှတ်ပြုသော အမူအရာဖြင့် ပြောသည်။
“မဆိုးဘူး။ လက်သီးထိုးတဲ့ပုံစံက အရမ်းသာမန်ကျတယ်။ သုံးထားတဲ့အားကတော့ အရင်ကထက် အများကြီးပိုအားကောင်းလာတယ်”
“ဖြန်း!”
လင်းဇီချန်သည် သူမ၏ ခြေကန်ချက်ကို ဖမ်းထိန်းလိုက်ပြီး စိတ်ရှည်စွာဖြင့် အမှန်ပြင်ပေးသည်။
“ခြေထောက်လွှဲကန်တဲ့ အနေအထားက မှားနေတယ်။ မလွှဲကန်ခင်မှာ ခြေထောက်နှစ်ချောင်းကို အရမ်းပူးကပ်မထားနဲ့။ နည်းနည်းခွဲထား”
“အခု ငါအခုပြောလိုက်တဲ့အတိုင်း ပြင်ပြီးတော့ ထပ်ပြီးကန်ကြည့်”
“ကောင်းပြီ”
“ဖြန်း! ဖြန်း! ဖြန်း!....”
ဝန်းကျင်တစ်ခွင်တွင် ထိုးသံ၊ ကန်ကျောက်သံများဖြင့် ပဲ့တင်ထပ်သွားသည်။ သတိမထားမိလိုက်မီ၌ပင် နှစ်နာရီကျော်ခန့် ကုန်ဆုံးသွားခဲ့သည်။ ထိုသို့ ပြင်းထန်သော လေ့ကျင့်မှုပြီးနောက်တွင် ရှန်ချင်းဟန်သည် လုံးဝ မောပန်းနွမ်းနွယ်နေခဲ့ပြီဖြစ်၏။ ချွေးများစိုရွှဲကာ ဟောဟဲလိုက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်နေတော့သည်။ သို့သော် ငြီးငွေ့စိတ်ပျက်ဖွယ်ကောင်းသည်ဟု ရှန်ချင်းဟန် မခံစားမိပေ။ ထိုအစား အလွန်စိတ်ကျေနပ်ရသည်ဟု ခံစားမိပေသည်။ အဘယ်ကြောင့်ဆိုသော် လင်းဇီချန်နှင့် နှစ်နာရီကျော်ခန့် လေ့ကျင့်ပြီးနောက်တွင် သူမ၏သိုင်းပညာအင်အားမှာ တိုးတက်လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့်ပင်။ ယခင်က သူမ၏ သိုင်းပညာအင်အားသည် ၇၅ဟု ဆိုပါလျှင် ယခုတွင် အနည်းဆုံးတော့ ၈၀ဟု သတ်မှတ်နိုင်လောက်၏။
“ရှောင်ချန် တစ်ပတ်ကို သုံးကြိမ်က မလုံလောက်ဘူးထင်တယ်။ ငါတို့ အထူးလေ့ကျင့်ရေးကို နေ့တိုင်းလုပ်လို့ရမလား”
ရှန်ချင်းဟန်သည် ဝမ်ယွင်ထုန်နှင့် ချူးယွီရှီးတို့ကို တတ်နိုင်သမျှမြန်မြန် အနိုင်ရယူပြီး အတန်း၏နောက်ဆုံးအဆင့်ဟူသော တံဆိပ်ကို ဖျက်ဆီးပစ်ချင်လှသည်။
လင်းဇီချန် ခေါင်းခါရမ်း၍ ပြောသည်။
“မလိုအပ်ဘူး။ တစ်ပတ်သုံးကြိမ်ဆိုတာတောင် များနေပြီ။ နေ့တိုင်းဆိုရင် နင်ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
၎င်းမှာ အဓိပ္ပာယ်ရှိသည်ဟု ရှန်ချင်းဟန် တွေးမိသည်။
“ဒါဆိုလည်း ကောင်းပြီ။ တစ်ပတ်သုံးကြိမ်ပဲ ထားကြတာပေါ့”
ထိုအခိုက်တွင် WeChat မှ အသိပေးသံ မြည်လာ၏။ လင်းဇီချန် ဖုန်းခေါ်ဆိုမှုကို ဖြေလိုက်ရာ ကျန်းဝမ်ရှင်း၏အသံ ထွက်ပေါ်လာခဲ့သည်။ ညစာ အဆင့်သင့်ဖြစ်လုပြီ ဖြစ်သောကြောင့် ညစာစားဖို့ပြန်လာခဲ့ရန် ပြောခြင်းဖြစ်သည်။ အထက်တန်းကျောင်းအကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော ရှန်ကျန်ယဲ့နှင့် ရွှီမုန့်တို့သည် အိမ်ပြန်ချက်ပြုတ်ရန် အမြဲလိုလို မအားလပ်ကြသောကြောင့် ကျောင်းကန်တင်း၌သာ စားသောက်ရလေ့ရှိကြပေသည်။ ထိုသို့အခြေအနေများကြောင့် ရှန်ချင်းဟန်အား လင်းဇီချန်၏အိမ်တွင် ထမင်းစားရန်သာ စီစဉ်ကြရသည်။ ယနေ့တွင်လည်း ရှန်ချင်းဟန်၏မိဘများသည် အလုပ်များနေသောကြောင့် အိမ်ပြန်၍ မချက်ပြုနိုင်ကြပေ။
ဖုန်းပြောပြီးနောက်တွင် လင်းဇီချန် ရှန်ချင်းဟန်ဘက်အား ပြောသည်။
“နင်ချွေးတွေ စိုရွှဲနေတယ်။ ရေသွားချိုးလိုက်ဦး။ ပြီးရင် ညစာစားဖို့ သွားကြမယ်”
“အင်း အခုသွားချိုးလိုက်မယ်”
ထို့နောက် ရှန်ချင်းဟန်သည် ကြမ်းပြင်တွင်ထိုင်၍ ဖိနပ်များ၊ ခြေအိတ်များကို ချွတ်၍ ရေချိုးရန် အသင့်ပြင်သည်။
“ရှောင်ချန် ထူးဆန်းတယ်နော်။ တခြားသူတွေဆို လေ့ကျင့်ခန်းလုပ်ပြီး ချွေးအများကြီးထွက်ထားရင် ခြေအိတ်တွေက အနံ့ထွက်တယ်လေ။ ဒါပေမဲ့ ငါကတော့ လုံးဝ အနံ့မထွက်ဘူး”
ရှန်ချင်းဟန်သည် သူမ ချွတ်လိုက်သည့် ခြေအိတ်ကို နမ်းကြည့်ပြီးနောက် လင်းဇီချန်သို့ ကမ်းပေးလိုက်ပြီး ပြောသည်။
“အနံ့ခံကြည့် အနံ့ရလားဆိုတာ”
ဘာကို အနံ့ခံကြည့်ရမှာတုန်း… လင်းဇီချန်၏နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ်တွန့်ချိုးသွားကာ ရှန်ချင်းဟန်၏ခြေအိတ်အား တစ်ချက်ပင် မကြည့်ပါချေ။ လင်းဇီချန်၏ ခပ်မဲ့မဲ့အပြုံးအား မြင်သောအခါ ရှန်ချင်းဟန်သည် ရွှတ်နောက်နောက်ရယ်မောလျက် ပြောသည်။
“နောက်တာပါ။ နင့်ကို ငါ့ရဲ့ခြေအိတ်တွေကို အနံ့ခံခိုင်းရအောင်အထိ ငါက ထူဆန်းတဲ့သူ မဟုတ်ပါဘူးေနာ်”
“နင်ကျောင်းမှာလည်း ဒီလောက်သာ ပျော်ပါးကစားတတ်ရင် ကောင်းမှာ”
“အဲဒါေတာ့ မဖြစ်နိုင်ဘူး။ ငါက နင့်ရှေ့မှာပဲ ဒီလိုပြုမူတာ”
“ကဲပါ ရေသွားချိုးတော့။ မဟုတ်ရင် ငါ့အမေက နင့်ကို မြန်မြန်လုပ်ခိုင်းဖို့ ဖုန်းထပ်ခေါ်လာလိမ့်မယ်”
“အခုသွားချိုးပြီ”
ထိုသို့ပြောပြီးနောက် ရှန်ချင်းဟန် ရေသွားချိုးသည်။
သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် လင်းဇီချန် အတွေးများထဲ နစ်မြုပ်သွားခဲ့သည်။ ငယ်စဉ်ကတည်းက ဆီးမထိန်းနိုင်ခြင်းဖြစ်စေ၊ သာမန်လူများထက် ပိုမိုသာလွန်သော ရေပြင်ဆိုင်ရာ အရည်အချင်းများဖြစ်စေ၊ အနံ့ဆိုးမနံသည့်အပြင် အနည်းငယ် မွှေးပျံ့သယောင်ရှိသော ချွေးနံ့ဖြစ်စေ၊ ထိုထူခြားနေသည့် အရာအားလုံးသည် ရေနှင့်သက်ဆိုင်နေပေသည်။
သူ့ရဲ့ခန္ဓာကိုယ်က ဘာလို့ အဲဒီလိုဖြစ်နေရတာလဲ။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။
လင်းဇီချန် တွေးတောနေစဉ် ဖုန်းတုန်ခါလာခဲ့သည်။ ဖုန်းဖွင့်ကြည့်လိုက်သောအခါ ဝတ္ထုဝဘ်ဆိုက်တည်းဖြတ်သူထံမှ သူ၏စာအုပ်အား နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မှ စတင်၍ အခကြေးငွေဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း အသိပေးစာတစ်ခုကို မြင်တွေ့လိုက်ရသည်။
လင်းဇီချန် ပြန်ပြောလိုက်သည်။
“သိပြီ”
ထို့နောက် စာရေးသူလက်ထောက်appကိုဖွင့်၍ ဝတ္ထု၏ကိန်းဂဏန်းအချက်အလက်များကို စစ်ဆေးကြည့်သည်။ တစ်လအတွင်း စာလုံးရေ ၁၅၀၀၀၀ကို ရေးတင်ခဲ့ပြီး စာဖတ်သူ ၂၀၀၀၀ကျော်ခန့်သည် ကြိုနှစ်သက်သောစာအုပ်များစာရင်းထဲသို့ ထည့်သွင်းထားသည်။ ထိုအချက်အလက်များသည် အတော်လေး အားရကျေနပ်ဖွယ်ကောင်းသည်မှာ အထူးကောင်းမွန်မည့် အလားအလာများကို ပြသနေပေသည်။ တိုက်ရိုက်ထုတ်လွှင့်ပြီးနောက်တွင် လုပ်ဆောင်ချက်များ တစ်ဟုန်ထိုး တိုးတက်ကောင်းမွန်လာပြီး ပို၍များပြားသော စာမူခများကို ရရှိကာ ကြမ်းကြုတ်သောလင်းယုန်ငှက်၏ အသက်စွမ်းအင်စုဆောင်းမှုဇယားကို တတ်နိုင်သမျှမြန်မြန် အပြည့်ဖြည့်နိုင်ရန် မျှော်လင့်မိပါ၏။ ထိုအတွေးဖြင့် လင်းဇီချန်သည် စာဖတ်သူများထံသို့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် စာအုပ်ကို တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်းကို အသိပေးစာ တင်လိုက်သည်။ ထို့နောက် စာရေးသူအကောင့်မှထွက်၍ သတင်းများကို ရှာဖွေကြည့်သည်။
“ပြည်သူ့လုံခြုံရေးဌာန၏ ရက်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုအဆုံးမှာ မြို့အတွင်း ကြွက်အေရအတွက်ဟာ သိသိသာသာလျော့နည်းသွားခဲ့ပြီး ပြည်သူလူထုရဲ့ ချီးမြှောက်မှုများကို လက်ခံရရှိခဲ့ပါတယ်”
“ကျစ်ရှန်းလုပ်ငန်းစုက စက်ဖြင့်ပြုပြင်မွမ်းမံခြင်းဆိုင်ရာ ပါရမီရှိသော မိန်းကလေးတစ်ဦးအား အချိန်မတိုင်မီ စက်ဖြင့်ပြုပြင်မွမ်းမံခြင်းလုပ်ဆောင်ချက်ကြောင့် မသန်စွမ်းသူဖြစ်သွားခဲ့ရသည့် မိန်းကလေးအား အခမဲ့ကုသမှုပေးမည်ဟု လုပ်ငန်းစုရဲ့ တရားဝင်တဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်”
“မြို့တော်၏ တက္ကသိုလ်ကျောင်းသားပါရမီရှင်ဟာ ကြိုးမျှင်ထောင်ချီပင့်ကူသားရဲမျိုးရိုးဗီဇနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး ဒုတိယမြောက်မျိုးရိုးဗီဇပေါင်းစပ်ခြင်းကို လုပ်ဆောင်နိုင်ခဲ့သော အငယ်ဆုံးလူအဖြစ် တက္ကသိုလ်ရဲ့စံချိန်ကို ချိုးဖျက်သွားခဲ့ပါတယ်”
‘တက္ကသိုလ်ကျောင်းသားပါရမီရှင်’ဟူသော စကားလုံးကို မြင်သောအခါ လင်းဇီချန်၏ ပထမဆုံးအတွေးမှာ လွန်ခဲ့သည့်နှစ်က မြို့တော်က ပါရမီရှင်ကလေးအကြောင်းဖြစ်သည်။ လင်းဇီချန် ထိုသတင်းကို နှိပ်ဝင်ကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုကလေးဖြစ်နေခဲ့သည်။ လင်းဇီချန် အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုပါရမီရှင်ကလေး၏ အချက်အလက်များကို လင်းဇီချန် ရှာဖတ်ကြည့်ခဲ့ဖူး၏။ ထိုကလေးသည် လင်းဇီချန်ထက် တစ်နှစ်ခွဲမျှသာ အသက်ကြီးသည်ဖြစ်ရာ ယခုနှစ်တွင် ၁၈နှစ်မပြည့်သေးဟု ဆိုလိုပေသည်။ ပုံမှန်အခြေအနေများ၌ မျိုးရိုးဗီဇပေါင်းစပ်ခြင်းကို လုပ်ဆောင်ရန်အတွက် အရွယ်ရောက်သည်အထိ စောင့်ဆိုင်းကြရသည်။ သို့မဟုတ်ပါက ခန္ဓာကိုယ်သည် ထူးခြားဆန်းပြားသားရဲမျိုးရိုးဗီဇ၏ လွှမ်းမိုးမှုကို မကိုင်တွယ်နိုင်ဘဲနှင့် သန္ဓေပြောင်းခြင်းဖြစ်စဥ်များ ဖြစ်ပေါ်နိုင်ပေသည်။ သို့သော် ထိုမြို့တော်၏ပါရမီရှင်ကလေးသည် တက္ကသိုလ်ကျောင်းသားဟု အမည်အတပ်ခံရပြီး ၁၈နှစ်မပြည့်မီတွင် ဒုတိယမျိုးရိုးဗီဇပေါင်းစပ်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့သော မျိုးရိုးဗီဇပါရမီသည် အထင်ကြီးလောက်ပါပေသည်။ စဥ်းစားတွေးတောရင်းဖြင့် လင်းဇီချန်သည် သတင်းတွင်ပါဝင်သော ဗီဒီယိုကို နှိပ်ကြည့်လိုက်သည်။ ဗီဒီယိုထဲတွင် ပင့်ကူလူသားကဲ့သို့ ပင့်ကူမျှင်များ ပစ်လွှတ်၍ အဆောက်အဦများတွင် တွဲလောင်းသွားလာနေသော ပုံစံမှာ အတော်လေး ကြည့်ကောင်းပေသည်။
ထိုအချိန်တွင် ရှန်ချင်းဟန် ရေချိုးပြီး၍ ထွက်လာခဲ့သည်။ သူမ၏ဆံပင်များသည် အနည်းငယ်စိုစွတ်နေကာ သူမ၏ ဖြူဖွေးသောမျက်နှာလေးသည် အနည်းငယ် ရဲနေသည်။ ဒူးဖုံးရုံမျှသော စကတ်လေးကို ဝတ်ဆင်ထားသောကြောင့် သူမ၏ သေးသွယ်ဖြူဖွေးသော ခြေသလံုးသားလေးများလည်း ထင်ပေါ်နေခဲ့သည်မှာ အလွန်တင့်တယ်လှပပေသည်။
“ရှောင်ချန် နင်ရဲ့စာအုပ်ကို တိုက်ရိုက်ထုတ်လွှင့်တော့မှာလား”
ဆံပင်ကို ရေသုတ်နေရင်းဖြင့် ဖုန်းကိုငုံ့ကြည့်လိုက်ရာ လင်းဇီချန်တင်ထားသည့် စာအုပ်တိုက်ရိုက်ထုတ်လွှင့်မည့် အသိပေးစာကို မြင်လိုက်ခြင်းဖြစ်၏။
လင်းဇီချန် ပြန်ပြောသည်။
“အင်း အယ်ဒီတာက ပြောတယ်။ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ နေ့လယ်ကို တိုက်ရိုက်ထုတ်လွှင့်မယ်တဲ့”
“ဒါဆို ငါနင့်အတွက် မှတ်ချက်ကောင်းကောင်း ရေးပေးခဲ့မယ်”
ထို့နောက် ရှန်ချင်းဟန်သည် ချက်ချင်းလက်တွေ့လုပ်ဆောင်တော့သည်။ သူမ၏ ဒါဇင်ကျော်သော အကောင့်များကိုဝင်၍ မှတ်ချက်ကဏ္ဉထဲတွင် အမျိုးသမီးတစ်ဦးတည်းစစ်တပ်အဖြစ် စတင်လုပ်ဆောင်သည်။ လင်းဇီချန် စာရေးသူအကောင့်ကို ဖွင့်ကြည့်လိုက်သောအခါ ၅မိနစ်မပြည့်သည့် အချိန်လေးအတွင်း၌ပင် ရှန်ချင်းဟန်သည် အကောင့်၁၇ခုပြောင်း၍ ကောင်းမွန်သည့် မှတ်ချက်များကို ၂၀နီးပါးခန့် ရေးပြီးသွားကြောင်း မြင်တွေ့လိုက်ရသည်။
ကြောက်စရာ.. သူက ဘယ်လို စစ်တပ်တပ်မှူးလဲဟ။