← Chapters

အပိုင်း ၇၀-၇၂

Vol. 5 Ch. 70-72

အပိုင်း ၇၀-၇၂

Vol. 5 Ch. 70-72

အခန်း ၇၀

နောက်ကို သေချာပေါက်လာခဲ့မယ်

အချိန်များကုန်ဆုံးသွားခဲ့ပြီး သတိမထားမိလိုက်မီ၌ပင် နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့သို့ ရောက်လာခဲ့သည်။ ထိုနေ့က မိုးထိအောင်သော လင်းဇီချန်၏စာအုပ်သည် တစ်ပြိုင်နက်တည်း စာလုံးရေ ၅၀၀၀၀ကို ရေးတင်လိုက်ခြင်းဖြင့် သူ၏စာမူကြမ်းအားလုံးကို ဖြုန်းပစ်ခဲ့သည်။ စာဖတ်သူများသည် ရင်ခုန်စိတ်လှုပ်ရှားလျက် သူ့အား စာရေးစက်ဟု တင်စားချီးမွမ်းကြသည်။ ထို့နောက်တွင် စာလုံးရေတစ်ထောင်ကို နေ့စဥ် ရေးတင်ခဲ့ပြီး စာဖတ်သူများကို ပျော်ရွှင်ကျေနပ်စေသည်။ စာဖတ်သူများသည် voteများ၊ လက်ဆောင်များဖြင့် သူတို့၏အား‌ပေးထောက်ခံမှုကို ပြသကြသည်။ လင်းဇီချန်၏ ကောင်းချီးခံရသော ပါရမီအရည်အချင်းများဖြင့် တစ်လကြာ စာရေးလေ့ကျင့်ခြင်းများအဆုံးတွင် တစ်နာရီလျှင် စာလုံးရေတစ်သောင်းကို အလွယ်တကူ ရေးနိုင်ခဲ့သည်။ စာရေးခြင်းအတွက် တစ်နေ့လျှင် အချိန်တစ်နာရီမျှ အသုံးပြုခြင်းသည် သူ၏နေ့စဥ်လေ့ကျင့်ရေးအစီအစဥ်များကို မထိခိုက်စေနိုင်ဘဲ လက်ခံနိုင်သောအခြေအနေဖြစ်ပေသည်။

“ရှောင်ချန် မင်းရဲ့စာအုပ်လုပ်ဆောင်ချက်တွေက တကယ်အထင်ကြီးလောက်စရာပဲ။ နေ့တိုင်း စာလုံးရေတစ်သောင်း ရေးတင်သွားနိုင်ရင် ပြီးတော့ ဇာတ်အိမ်လည်း ထိုးကျသွားတာမျိုး မဖြစ်ဘူးဆိုရင် ပထမလမှာ စာမူခ ၅သောင်းလောက်ရမယ်လို့ မှန်းထားလို့ရတယ်။ စာလုံးရေများလာတာနဲ့ တစ်လမှာ တစ်သိန်းလောက်ရှာနိုင်ဖို့ဆိုတာ ပြဿနာမရှိနိုင်တော့ဘူး”

လင်းယန်ရှန်းမှ တောက်ပစွာပြုံးရယ်လျက် ပြောသည်။

ကျန်းဝမ်ရှင်းမှလည်း စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

“ကျွန်မတို့ရှောင်ချန်လေးက တကယ့်ကို ဘက်စုံတော်တဲ့ ဥာဏ်ကြီးရှင်လေးပဲ။ အထက်တန်းကျောင်းသားပဲ ရှိသေးပေမဲ့ မိဘတွေကိုတောင် ပြန်လုပ်ကျွေးနိုင်တော့မယ်”

လင်းယန်ရှန်းမှ အနည်းငယ်ဂုဏ်ငယ်သော ခံစားချက်ဖြင့် ပြန်ပြောင်းသတိရလျက် ပြောလာခဲ့သည်။

“ငါ့ရဲ့ ပထမဆုံးစာအုပ်အကြောင်းကို ပြန်တွေးကြည့်လိုက်ရင် စာဖတ်သူဆိုလို့ လက်တစ်ဆုပ်စာလေးပဲရှိတယ်။ လတိုင်း အားသွန်ခွန်စိုက် စာရေးတာတောင် စာမူခ ရာဂဏန်းလေးပဲ ရှာနိုင်ခဲ့တာ”

ထိုအခါ ဇနီးမောင်နှံနှစ်ဦးမှာ မထိန်းချုပ်နိုင်စွာဖြင့် ခံစားချက်များ ပြည့်နှက်သွားရတော့သည်။ ပါရမီရှင်ဟူသည် အမှန်တကယ် ထူးခြားပြောင်မြောက်ပါ၏။ မည်သည့်နယ်ပယ်တွင်ဖြစ်စေ သာမန်လူများထက် သာလွန်သော အောင်မြင်မှုများ ရရှိနိုင်ပေသည်။ ထို့ပြင် ထိုသို့သောအောင်မြင်မှုကို ရရှိရန်အတွက် ပါရမီရှင်များ၏ အားစိုက်ထုတ်မှုသည် သာမန်လူများ၏ ဆယ်ပုံတစ်ပုံခန့်မျှလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

“ရှောင်ချန် မင်းအခု စာရေးပြီး ဝင်ငွေရှာနိုင်နေပေမဲ့ ပညာရေးကိုတော့ အဓိကထား အာရုံစိုက်ရမယ်နော်။ စာရေးတာကြောင့် ပညာရေးကို မထိခိုက်စေနဲ့ နားလည်လား”

“ဒါကို‌တော့ သား အဖေ့စကားကို နားထောင်ရမယ်။ သာမန်လူတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ လူသားအကန့်အသတ်ကို ချိုးဖောက်သာလွန်နိုင်တဲ့ မျိုးရိုးဗီဇပေါင်းစပ်သူတွေနဲ့တော့ မယှဥ်နိုင်ဘူး”

ဇနီးမောင်နှံနှစ်ဦးမှ စိတ်အားထက်သန်စွာဖြင့် ပြောသည်။

လင်းဇီချန် ခေါင်းညိတ်၏။

‘အမေ အဖေ မစိုးရိမ်ပါနဲ့။ ကျွန်တော် ဘာကို ဦးစားပေးရမယ်ဆိုတာကို သိပါတယ်”

ထို့နောက် လင်းဇီချန် စိတ်ထဲမှ တွေးလိုက်သည်။

တစ်လကို ၅သောင်း ဒါမှမဟုတ် တစ်သိန်းလည်း ဖြစ်နိုင်တယ်တဲ့လား။ ဒီလောက်ဝင်ငွေနဲ့ဆိုရင် ထူးခြားဆန်းပြားသားရဲ အသက်စွမ်းအင်တွေကို စုဆောင်းဖို့အတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး။ ပထမလရဲ့ စာမူခက ကြမ်းကြုတ်သောလင်းယုန်သားရဲ အသက်စွမ်းအင် စုဆောင်းမှုဇယားကို အပြည့်ဖြည့်ဖို့ လုံလောက်အောင်လို့ ဝတ္ထုကို များများရေးတင်ရမယ်။

ထိုအတွေးဖြင့် လင်းဇီချန်သည် နေ့စဥ်လေ့ကျင့်ရေးနှင့် ရှန်ချင်းဟန်အား အထူးလေ့ကျင့်ရေးတွင် ကူညီပေးခြင်းမှအပ သူ၏တစ်ခုတည်းသော ပူပန်မှုမှာ ဝတ္ထု၏လုပ်ဆောင်ချက်ဖြစ်သည်။ ဝတ္ထု၏လုပ်ဆောင်ချက် ကောင်းမွန်သည်နှင့်အမျှ စာမူခသည်လည်း များပြားမည်ဖြစ်သောကြောင့် မကြာမီတွင် ကြမ်းကြုတ်သောလင်းယုန်သားရဲ အသက်စွမ်းအင်ကို အပြည့်အဝ စုဆောင်းနိုင်ပေလိမ့်မည်။ စာမူခ ပိုမိုရရှိနိုင်ရန်အတွက် တစ်ခါတရံ အတန်းချိန်များတွင်ပင် ဖုန်းဖြင့် စာရေးသည်။

ကြမ်းကြုတ်သောလင်းယုန်သားရဲ၏ အသက်စွမ်းအင်ကို အပြည့်အဝ စုဆောင်းပြီးနောက်မှ မူလ စာလေ့လာသည့်အချိန်ဇယားသို့ နဂိုအတိုင်း ပြန်လည်လုပ်ဆောင်ရန် စီစဥ်ထား၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီး နေ့တစ်နေ့၏ သိုင်းပညာအတန်းတွင် ဟန်ယွမ်ဖုန်းသည် ကျောင်းသားများ၏ တိုးတက်မှုကို စစ်ဆေးရန်အတွက် အတန်းတွင်းပြိုင်ပွဲကို စီစဥ်ခဲ့သည်။ လင်းဇီချန်သည် ပုံမှန်ကဲ့သို့ပင် အားလုံးကို အနိုင်ယူသည်မှာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အ‌ရေးပင် မပေးချေ။ ဆုကြေးငွေ၈၈၈ယွမ်ကို ရရှိခြင်းနှင့်အတူ ‘ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’မစ်ရှင်အတွက် အမှတ်အချို့လည်း ရရှိခဲ့သည်။

တစ်ဖက်တွင်လည်း ရှန်ချင်းဟန်သည် မည်သူ့ကိုမျှ အနိုင်မယူနိုင်သေးဘဲ အတန်း၏နောက်ဆုံးအဆင့်အဖြစ်သာ တည်မြဲနေခဲ့သည်။ သို့သော် အရင်နှင့်မတူဘဲ ပြန်လည်တိုက်ခိုက်နေနိုင်ပြီဖြစ်သည်။ နောက်ဆုံးမှရေတွက်လျှင် ဒုတိယဖြစ်သော ဝမ်ယွင်ထုန်နှင့် ယှဥ်ပြိုင်ရသော လွန်ခဲ့သည့်ပြိုင်ပွဲတွင် ရှန်ချင်းဟန်သည် သုံးစက္ကန့်အတွင်း ပြိုင်ပွဲစင်ပေါ်မှ ချက်ချင်း ကန်ချခံခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်ပြိုင်ပွဲတွင်တော့ ဝမ်ယွင်ထုန်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြင့် သုံးမိနစ်နီးပါးခန့် ပြိုင်ပွဲစင်ပေါ်တွင် ရပ်တည်နိုင်ခဲ့သည်။ လိပ်ကဲ့သို့ ခုခံနေခဲ့ခြင်းမဟုတ်ဘဲ ဝမ်ယွင်ထုန်နှင့် သုံးမိနစ်ကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအခါ ဟန်ယွမ်ဖုန်းသည် သူမ၏ သိသာထင်ရှားသော တိုးတက်မှုအတွက် ချီးမွမ်းခဲ့ပြီး ဆက်လက်ကြိုးစားရန် ပြောခဲ့သည်။

အချိန်များ စက္ကန့်နှင့်အမျှ ကုန်လွန်သွားခဲ့ပြီး အတန်းမပြီးဆုံးမီတွင် ဟန်ယွမ်ဖုန်းမှ အတန်းသားများအား ပြောသည်။

“တစ်လအတွင်းမှာ ဆရာတို့တွေ ဒုတိယနှစ်ရဲ့ အသန်မာဆုံးဖြစ်တဲ့ ဂုဏ်ထူးတန်းကို စိန်ခေါ်မယ်။ ဆရာတို့ရဲ့ ရည်မှန်းချက်က သူတို့အတန်းရဲ့ ထိပ်တန်းကျောင်းသားသုံးယောက်ကလွဲပြီး တခြားသူတွေအကုန်လုံးကို အနိုင်ယူနိုင်ဖို့ပဲ။ အဲဒီရည်မှန်းချက်ကို လုပ်နိုင်ဖို့ ယုံကြည်ချက်ရှိကြလား”

“ရှိပါတယ်”

ကျောင်းသားများသည် ကျယ်လောင်ပြတ်သားသောအသံဖြင့် တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

အဖြေကိုကျေနပ်စွာဖြင့် ဟန်ယွမ်ဖုန်း ပြုံးလိုက်သည်။ ထို့နောက် အတန်း၏ အင်အားအကြီးဆုံးကျောင်းသား၄ယောက်ကို ခေါ်၍ ဒုတိယနှစ် ဂုဏ်ထူးတန်း၏ အမြင့်ဆုံးတိုက်ခိုက်မှုစွမ်းရည်အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။

မကြာမီ၌ ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၊ လီချူရှင်း၊ ဟယ့်ယွီတို့နှင့်အတူ အတန်းထဲသို့ ပြန်လာခဲ့သည်။ ဒီနေ့သည် သူတို့အဖွဲ့ တာဝန်ကျသည့်နေ့ဖြစ်သောကြောင့် အတန်းထဲသို့ပြန်သွားပြီး သန့်ရှင်းရေးလုပ်ရ၏။

(သင်နှင့် သင်၏အဖွဲ့ဝင်များ အတူတကွ သင်ပုန်းဖျက်ခဲ့ပါတယ်။ စုပေါင်းလုင်ဆောင်မှုတာဝန် ပြီးမြောက်ခြင်း +၁)

(သင်နှင့် သင်၏အဖွဲ့ဝင်များ အတူတကွ ကြမ်းပြင်ကို သန့်ရှင်းအောင် လှည်းကျင်းခဲ့ကြပါတယ်။ စုပေါင်းလုပ်ဆောင်မှုတာဝန် ပြီးမြောက်ခြင်း +၁)

(သင်နှင့် သင်၏အဖွဲ့ဝင်များ အတူတကွ ခုံများကို သပ်ရပ်အောင် စီခဲ့ကြပါတယ်။ စုပေါင်းလုပ်ဆောင်မှုတာဝန် ပြီးမြောက်ခြင်း +၁)

“သေရော နောက်ဆုံးတော့ သန့်ရှင်းရေးလုပ်ပြီးခဲ့ပြီ”

အတန်း၏နောက်ဆုံးခုံကို စီလိုက်ပြီးနောက် ဟယ့်ယွီသည် ကြီးလေးလှသော ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားသည့်အလား ပြောဆိုလာခဲ့သည်။

ထို့နောက် မထိန်းချုပ်နိုင်စွာ မကျေမနပ် ပြောဆိုလာပြန်သည်။

“လုပ်စမ်းပါ လင်းဇီချန်ရာ မင်းက အရမ်းတာဝန်သိတတ်တာပဲ။ တခြားအဖွဲ့တွေဆို ကြမ်းပြင်ပဲ တံမြက်စည်းလှည်းပြီးတော့ တာဝန်ကျနေ့ပြီးသွားတာ။ မင်းကတော့ ကြမ်းတိုက်ပြီး ခုံတွေလည်းစီတယ်။ ငါတို့ကို အချိန်ပြည့် အလုပ်လုပ်ရ‌အောင် လုပ်နေတာပဲ”

လီချူရှင်းသည် ဟယ့်ယွီအား အထင်မြင်သေးစွာ ကြည့်လိုက်သည်။

“နင် မလုပ်ချင်ဘူးဆိုရင်လည်း မလုပ်နဲ့လေ။ ဘယ်သူမှ နင့်ကို အတင်းအကျပ် ခိုင်းမနေဘူး”

ဟယ့်ယွီသည် သူဌေးကြီးတစ်ယောက်ကဲ့သို့ ခြေချိတ်ထိုင်လျက် ပြော၏။

“အဲ့လိုကျ အဆင်မပြေဘူး။ ငါတို့လေးယောက်က တစ်ဖွဲ့တည်းသားတွေလေ၊ အကုန်လုံး လုပ်ရင်လုပ်၊ မလုပ်ဘူးဆိုလည်း လေးယောက်လုံး မလုပ်ဘူးပေါ့။ ငါတော့ တစ်ဦးတည်းသောဝံပုလွေ အဖြစ်မခံနိုင်ပါဘူး”

လင်းဇီချန် : “ဒါက ငါ့ကြောင့်ပါ။ ငါ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာကြောင့်မလို့ အားလုံးကို အလုပ်ပိုစေမိတယ်။ အဲဒီအတွက် ငါအားလုံးကို ဘာဘယ်တီးဝယ်တိုက်မယ်လေ”

ထိုအခါ ဟယ့်ယွီသည် အထွန့်တက်ခြင်းမရှိတော့ဘဲ ပြုံးရွှင်လာ၏။

“ဇီချန် မဟုတ်ဘူး မွေးစားအဖေ ကျွန်တော် အဲဒါကို ဘယ်လိုများ လက်ခံနိုင်ပါ့မလဲ”

လင်းဇီချန် ပြုံးသာပြုံးနေလိုက်ပြီး ဘာမျှပြန်မပြောပေ။ ထို့နောက် အတွေးတစ်စနှင့်အတူ လေဟာပြင်သို့ကြည့်၍ စုဝေးနေထိုင်သောသတ္တဝါမစ်ရှင်၏ တိုးတက်မှုအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

[အောင်မြင်မှု- ပူးပေါင်းဆောင်ရွက်မှု အဆိုအောက်တွင် အကြိမ်၁၀၀၀ ပူးပေါင်းလုပ်ဆောင်ခြင်း]

[ဆုလာဘ်- သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်း — စုဝေးနေထိုင်သောသတ္တဝါ]

[တာဝန်ပြီးမြောက်မှုဇယား - ၆၀၈/၁၀၀၀]

၃၉၂သာ ကျန်တော့၏။ ဆက်လက်ကြိုးစားသွားလျှင် နောက်တစ်လအတွင်း ဤမစ်ရှင်ကို ပြီးမြောက်နိုင်ပေသည်။

“စုဝေးနေထိုင်သောသတ္တဝါ သွေးမျိုးဆက်ဆင့်ကဲတိုးတက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို သိချင်မိတယ်…”

လင်းဇီချန်သည် သူ၏ရှေ့ရှိ စာများကိုကြည့်လျက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

အချိန်ခဏမျှကြာမြင့်ပြီးနောက်၌ မကြာမီက အဆင်ပြေနေခဲ့သော လီချူရှင်းသည် ခုံပေါ်တွင်ခေါင်းငုံ့၍ ခပ်ဖျော့ဖျော့ရှိုက်ငင်လျက် ငိုကြွေးလာခဲ့သည်။ ထိုအခါ ရှန်ချင်းဟန်သည် စိုးရိမ်စွာဖြင့် လီချူရှင်းအား မေးမြန်းသည်။

“ချူရှင်း နင်ဘာလို့ ငိုနေတာလဲ”

လီချူရှင်း ခေါင်းမော့လာခဲ့ပြီး မျက်ရည်များကိုသုတ်ရင်းဖြင့် ပြောသည်။

“ငါ့အမေ အခုပဲ စာပို့လာတယ်။ နောက်ပြန်ခုန်လှည့်နိုင်တဲ့ ငါ့ရဲ့ကြောင်လေးက ဝရံတာကနေ မတော်တဆပြုတ်ကျပြီး သေသွားပြီတဲ့။ အဟင့်ဟင့်…”

“ကြောင်လေးတစ်ကောင်ပဲကို အဲ့လောက်ငို‌နေဖို့ ထိုက်တန်လို့လား”

ဟယ့်ယွီမှ နားမလည်နိုင်သည့် အမူအရာဖြင့် ပြောသည်။

လီချူရှင်းသည် ဟယ့်ယွီအား စူးရဲစွာ စိုက်ကြည့်လိုက်၏

“နင့်လို နှလုံးသားမရှိတဲ့လူက ကြောင်နဲ့သခင်ရဲ့ကြားက သံယောဇဉ်ကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး”

“အာ ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ငါဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး”

ဟယ့်ယွီ တစ်ရှူးတစ်ရွက် ထုတ်ယူပြီး လီချူရှင်းအား ကမ်းပေး၍ ပြန်ပြောသည်။

“မငိုနဲ့တော့။ ရော့ မျက်ရည်တွေသုတ်လိုက်”

လီချူရှင်း တစ်ရှူးကို ယူလိုက်သည်။ သူမ၏မျက်လုံးများသည် ငိုထားသောကြောင့် နီရဲနေလျက် အနည်းငယ်လည်း အံ့အားသင့်နေခဲ့သည်။

“အမြဲပူညံပူညံလေထွားနေတဲ့လူက မိန်းကလေးတစ်ယောက်ကို မျက်ရည်သုတ်ဖို့ တစ်ရှူးယူပေးတတ်ဖို့ မျှော်လင့်မထားခဲ့ဘူးပဲ။ အတော်လေး လူကြီးလူကောင်းဆန်သားနော်”

ထိုသို့ပြောပြီးနောက် လီချူရှင်းသည် တစ်ရှူးဖြင့် မျက်ရည်သုတ်လိုက်သည်။ သုတ်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ လီချူရှင်းသည် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ဟယ့်ယွီအား မေးလိုက်သည်။

“ဘာလို့ နင့်ရဲ့တစ်ရှူးက အနံ့ထွက်နေတာလဲ”

“အဲဒါက ငါဒီမနက် သန့်စင်ခန်းသုံးတုန်းက ကျန်တဲ့ဟာလေ”

ဟယ့်ယွီက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောသည်။

“အာ့—”

လီချူရှင်းမှာ ဝမ်းနည်းနေရာမှ စက်ဆုပ်ရွံရှာခြင်းသို့ ချက်ချင်းပြောင်းလဲသွားရသည်။

သူတို့ လမ်းခွဲ၍အိမ်ပြန်ကြချိန်တွင် ဟယ့်ယွီသည် မျက်နှာထက်တွင် လက်ဝါးရာကြီးဖြင့် သူတို့သုံးဦးအား တက်ကြွရွှင်လန်းစွာဖြင့် ပြော၏။

“ဒါနဲ့ ငါတို့မိသားစုရဲ့ ရှန့်ဟိုင်မြို့မှာ ပထမဆုံးဖွင့်မယ့် သိုင်းပညာအာကစားရုံက ရက်နည်းနည်းကြာရင် ဖွင့်တော့မှာ။ မင်းတို့သုံးယောက် လာပြီး အားပေးမှုလေးပြသကြပါဦး။ ငါမင်းတို့ကို အကောင်းဆုံးVIPအဖွဲ့ဝင်ကတ် အလကားပေးမယ်”

“နောက်ကို သေချာပေါက်လာခဲ့ပါ့မယ်”

အခန်း ၇၁

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်း အစည်းအဝေး

သတိမထားမိမီ၌ပင် ဝတ္ထုကို စတင်ရောင်းချခြင်းမှာ တစ်‌လကျော်ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ပထမလ၏ စာမူခလည်း ထွက်ပေါ်လာခဲ့သည်။ ယွမ်၈သောင်းကျော်ဖြစ်၏။ လင်းဇီချန်သည် ၎င်းကိုကြည့်လျက် အနည်းငယ် စိတ်လှုပ်ရှားမိ၏။ ဘေးမှ စောင့်ကြည့်နေခဲ့သော သူ၏မိဘများသည် ပို၍စိတ်လှုပ်ရှားနေကြသည်။ ပါရမီရှင်သည် ပါရမီရှင် ပီသပါ၏၊ အရာအားလုံး၌ တော်သည်ဟု ပြောနေကြသည်။

“ရှောင်ချန် ဒီဘဏ်ကဒ်ကိုယူထား။ သားရဲ့ စာရေးသူအကောင့်ကို ဒီဘဏ်ကတ်နဲ့ ချိတ်ထားတယ်။ နောက်ရက်ကျ ဝဘ်ဆိုက်ကနေ စာမူခတွေ လွှဲပေးတာနဲ့ ပိုက်ဆံတွေက ဒီကတ်ထဲကို ဝင်လာလိမ့်မယ်”

လင်းယန်ရှန်သည် ဘဏ်ကတ်တစ်ကတ်အား လင်းဇီချန်သို့ ပေး၍ ဆက်ပြောသည်။

“ဒီပိုက်ဆံတွေကို သားကိုယ်တိုင် ရှာထားတာဖြစ်တဲ့အတွက် ဘယ်လိုသုံးမယ်ဆိုတာကို ကိုယ်တိုင်ပဲဆုံးဖြတ်ပါ။ သား လုပ်ချင်တာလုပ်လို့ရတယ်။ အဖေနဲ့ အမေက မေးခွန်းတွေ အများကြီးမေးနေမှာ မဟုတ်ဘူး”

လင်းဇီချန် ဘဏ်ကတ်ကိုယူလိုက်ပြီး နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် စာမူခများကို အကောင့်ထဲသို့ လွှဲပြောင်းပေးလာချိန်တွင် လင်းဇီချန်သည် ကြမ်းကြုတ်သောလင်းယုန်သားရဲကသားကို ဝယ်ရန်ရည်ရွယ်ချက်ဖြင့် ကုန်တိုက်သို့ ချက်ချင်း သွားခဲ့သည်။ ဤတစ်ကြိမ်၌ လင်းဇီချန်သည် ကူဝယ်ပေးသည့် မြေပိုင်ရှင်ဦးလေးကြီးဆီသို့ မသွားတော့ဘဲ ကောင်တာသို့ တန်းသွား၍ အရောင်းဝန်ထမ်းအား ကြမ်းကြုတ်သောလင်းယုန်သားရဲကို ပမာဏအများကြီးဝယ်ယူပါက လျှော့ဈေးရှိသလားဟု စုံစမ်းမေးမြန်းသည်။ ထို့နောက် ပေါင်၁၀၀ ဝယ်ယူပါက ၅%လျှော့ဈေးရှိကြောင်း သိခဲ့ရသည်။ ထိုအခါ လင်းဇီချန်သည် ယခုချက်ချင်း မဝယ်ယူသေးဘဲ ‌ပေါင်၁၀၀ ဝယ်ယူနိုင်သည့်ပမာဏ ပြည့်သည်အထိ စုဆောင်းပြီးမှ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ နောက်လအထိသာ စောင့်ဆိုင်းရန် လိုအပ်ခြင်းဖြစ်ပေသည်။

နောက်တစ်နေ့၌ ကျောင်းတွင် အတန်းဆင်းခေါင်းလောင်း မြည်သည်နှင့်တစ်ပြိုင်နက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စားသောက်တန်းသို့ အမြန်သွားခဲ့ကြသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က စားသောက်တန်းတွင် အကြော်‌ဆိုင်တစ်ဆိုင် အသစ်ဖွင့်ခဲ့ပြီး ကျောင်းသားများသည် ထိုစားဖိုမှူး၏ ဟင်းပွဲများသည် မွှေးပျံ့ပြီး အရသာကောင်းသည်ဟု ပြောကြသည်။ ရှန်ချင်းဟန်သည် ထိုအကြောင်းကို မနေ့က သိခဲ့ပြီးနောက် လင်းဇီချန်ကို စားချင်သည့်အကြောင်း ပြောခဲ့သည်။ လင်းဇီချန်လည်း သဘောတူခဲ့သည်။ ထို့ကြောင့် သူတို့နှစ်‌ဦး‌သည် စားသောက်တန်းတွင် စားသောက်ရန် တမင်ရည်ရွယ်၍ ဒီနေ့အတွက် ထမင်းဘူး ယူမလာခဲ့ကြပေ။

လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် အမြန်လျှောက်ခဲ့ကြသည်။ သူတို့ စားသောက်တန်းသို့ရောက်သောအခါ တန်းစီနေသည့်သူ အများကြီး မရှိသေးပေ။ ထိုအခါ ရှန်ချင်းဟန်သည် အကြော်ဆိုင်သို့ အမြန်သွား၍ အသားဟင်းတစ်ပွဲနှင့် အသီးအရွက်ဟင်းနှစ်ပွဲ၊ စုစုပေါင်းသုံးပွဲ မှာခဲ့သည်။ စောစောရောက်ခဲ့ပြီး တန်းစီရန် မလိုအပ်သောကြောင့် ဟင်းပွဲသုံးခုလုံး ရရန်အတွက် မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်ခဲ့သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ဟင်းပွဲများကို သယ်၍ ထိုင်စားရန် နေရာလွတ်တစ်ခု အဆင်ပြေသလို ရှာဖွေလိုက်ပြီး စတင်စားသောက်သည်။ သူတို့စားသောက်စဉ်တွင် စားသောက်တန်းကြီး၌ တန်းစီနေသည့်လူများဖြင့် လူတန်းရှည်ကြီးဖြစ်လာတော့သည်။

“ရှောင်ချန် ငါတို့စောစောလာလိုက်လို့ တော်သေးတယ်။ မဟုတ်ရင် ငါတို့ ဒီလူတန်းရှည်ကြီးထဲ တန်းစီနေရတော့မှာ”

စားသောက်တန်းအပြင်ဘက်သို့ ရောက်လုနီးပါးသော လူတန်းရှည်ကြီးကို မြင်သောအခါ ရှန်ချင်းဟန်သည် မိမိတို့မှာ ကံကောင်းသွားသည်ဟု တွေးမိရပေသည်။

လင်းဇီချန်သည် စကားနည်းသူဖြစ်ရာ ရိုးရှင်းစွာသာ ပြော၏။

“ဟုတ်တယ်”

ထိုစဉ် ရှေ့ဘက်ရှိ လူတန်းရှည်တစ်ခုမှ ဆူညံပွက်‌ေလာရိုက်သံများ ထွက်ပေါ်လာသည်။

“ဘာလို့ ကြားဖြတ်ဝင်တာလဲ။ နောက်ဆုံးကို ပြန်သွားစမ်း”

“ငါကြားဖြတ်ဝင်တာမဟုတ်ဘူး။ ငါ့ရဲ့ထိုင်ခုံဖော်က ငါ့အတွက် ဒီနေရာကို ဦးထားပေးတာ”

“တန်းစီတာမှာ အခြားလူတစ်ယောက်အတွက် သီးသန့်နေရာထားပေးလို့ ရတယ်လို့ ထင်နေတာလား။ ဟာသပဲ။ ကြားဖြတ်ဝင်တာက ကြားဖြတ်ဝင်တာပဲ။ ဒီနေရာကနေ ထွက်သွားပြီး နောက်မှာသွား တန်းစီစမ်းပါ”

“ငါကြားဖြတ်ဝင်တော့ရော ဘာဖြစ်လဲ။ ငါ့ထိုင်ခုံဖော်ရှေ့ ငါကြားဖြတ်ဝင်တာ။ မင်းနဲ့ ဘာသောက်ကြောင်းမှ ဆိုင်မနေဘူး”

“မင်းက သောက်ရူးလား။ မင်းရဲ့ထိုင်ခုံဖော်က ငါ့ရှေ့မှာလေ။ မင်းရဲ့ထိုင်ခုံဖော်ရှေ့မှာ ကြားဖြတ်ဝင်တာက ငါ့ရှေ့မှာ ကြားဖြတ်ဝင်တာနဲ့ ဘာကွာခြားသွားလို့လဲ”

“ငါ့ဘာငါ ကြားဖြတ်ဝင်တယ်ကွာ။ အဲ့တော့ မင်းဘာလုပ်ချင်လဲ”

ငြင်းခုံနေသံကြားမှ ဟယ့်ယွီ၏အသံကို လင်းဇီချန် မှတ်မိလိုက်သည်။ ငြင်းခုံနေသည့် အသံလာရာသို့ ကြည့်လိုက်ရန် အမှန်တကယ်ပင် ဟယ့်ယွီသည် တစ်စုံတစ်ယောက်နှင့် အငြင်းပွားနေခြင်းဖြစ်၏။ သေချာစူးစမ်းကြည့်လိုက်သောအခါ ကြည့်ရသည်မှာ ဟယ့်ယွီသည် ကြားဖြတ်ဝင်သည့် တစ်စုံတစ်ယောက်ကို မကျေနပ်ဖြစ်ကာ ကြိမ်း‌မောင်းပြောဆိုနေပုံရသည်။

“ရှောင်ချန် ဟယ့်ယွီ တစ်ယောက်ယောက်နဲ့ အငြင်းပွားနေတယ်။ ငါတို့သွားကြည့်ကြမလား”

ရှန်ချင်းဟန်သည်လည်း ဟယ့်ယွီကို သတိထားမိခဲ့ပြီး ရှေ့မှ ကြားဖြတ်ဝင်ခံရသူမှာ ဟယ့်ယွီဖြစ်ကြောင်း သိလိုက်ရရာ သွား၍ ကူညီသင့်၊ မကူညီသင့် စဉ်းစားနေသည်။

လင်းဇီချန်မှ အရေးမထားဟန်ပြော၏။

“ငါတို့သွားဖို့ မလိုပါဘူး။ ဟယ့်ယွီက ခက်ထန်တဲ့ဥပဓိရုပ်ရှိတယ်။ ကြားဖြတ်ဝင်တဲ့ကောင် အမြီးကုပ်သွားလိမ့်မယ်”

တကယ်ပင် ထိုသို့ဖြစ်ခဲ့သည်။ အမှားလုပ်သူဖြစ်သော ကြားဖြတ်ဝင်သူသည် ဟယ့်ယွီကို အနိုင်ရအောင် မပြောနိုင်ဘဲ နေရာမှ အလျင်အမြန် ထွက်ခွာသွား၏။ ပြဿနာပြီးဆုံးသွားပြီးဟု အားလုံး အထင်ရောက်နေချိန်တွင် ရုတ်တရက် အနီးအနားတွင် တန်းစီနေကြသော လူတန်းရှည်များထဲမှ လူအများအပြားထွက်လာကြပြီး ခုနက ကြားဖြတ်ဝင်ခဲ့သော တစ်ယောက်နှင့်အတူ ဟယ့်ယွီသို့ ဦးတည်လျှောက်လာကြပြီး ဟယ့်ယွီရှေ့၌ ကြားဖြတ်ဝင်လိုက်ကြသည်။

ဟယ့်ယွီသည် အချိန်ခဏမျှ မင်သက်သွားပြီးနောက် ရှက်ရွံ့မှုနှင့်အတူ ဒေါသထွက်သွား၏။

“မင်းတို့ကိုယ်မင်းတို့ ဘာလုပ်နေတယ်ထင်နေလဲ”

“ဘာရယ် မဟုတ်ပါဘူး။ မင်းရှေ့မှာ ကြားဖြတ်ဝင်ချင်ရုံပဲ”

ဟယ့်ယွီ၏ရှေ့ရှိလူမှ နောက်သို့ပင် လှည့်မကြည့်ဘဲ မောက်မာစွာ ပြောသည်။

ဟယ့်ယွီသည် ဒေါသထွက်သွားပြီး ကြားဖြတ်ဝင်သူများကို တွန်းထုတ်ရန် ကြိုးပမ်းသည်။ သို့သော် တွန်းထုတ်နေစဉ်တွင် ထိုလူများကို လုံးဝ ရွေ့လျားအောင် မလုပ်နိုင်ကြောင်း နားလည်လိုက်ရသည်။ ကြားဖြတ်ဝင်သူများသည် ဟယ့်ယွီထက် များစွာပို၍ အင်အားကြီးမားကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လင်းဇီချန်သည် နေရာတွင် မလှုပ်မယှက် ဆက်ထိုင်မနေတော့ဘဲ ချက်ချင်းထရပ်ပြီး ဟယ့်ယွီဆီသို့ သွားလိုက်သည်။

လင်းဇီချန်သည် ဟယ့်ယွီအနားသို့ သွားရပ်လိုက်ပြီး ရှေ့မှ ကြားဖြတ်ဝင်သူများကို ကြည့်၍ အရေးမထားဟန် ပြော၏။

“ထွက်သွားကြ”

ထိုလူများထဲမှ တစ်ယောက်သည် ပြန်လည်ချေပပြောဆိုသည်။

“မသွားဘူးဆိုရင်ရော မင်းဘာလုပ်နိုင်မှာလဲ”

လင်းဇီချန် ဖုန်းထုတ်လိုက်ပြီး မှတ်တမ်းတင်ခြင်းကို ဖွင့်လိုက်သည်။ ကြားဖြတ်ဝင်သည့်အုပ်စုကို မှတ်တမ်းတင်ရိုက်ကူး၍ အေးစက်စွာပြော၏။

“မင်းတို့ကို တိုင်ကြားမယ်”

ထိုအခါ သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့သည် လင်းဇီချန်အား ထိုသို့ အရှက်မဲ့လိမ့်မည်ဟု မျှော်လင့်မထားကြပေ။ ပုံမှန်အားဖြင့် ကျောင်းသားများသည် အရှက်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် ဆရာများ၊ ကျောင်းခေါင်းဆောင်များကို မပါဝင်စေဘဲ ပဋိပက္ခများကို ကိုယ်တိုင်ဖြေရှင်းတတ်ကြသည်။ မည်သူကမျှ ‌ဤသို့ သိုင်းပညာရှင်ကျင့်ဝတ်ကို မထိန်းသိမ်းဘဲ မပြုမူကြပေ။ မကြာမီ၌ ထိုအုပ်စုသည် တိုင်ကြားခံရမည်ကို ကြောက်ရွံ့သောကြောင့် ကြားဖြတ်မဝင်ဝံ့တော့ပေ။

လင်းဇီချန်ကို ဖြတ်လျှောက်သွားကြချိန်တွင် သူတို့ထဲမှ တစ်ယောက်သည် အထင်မြင်သေးစွာဖြင့် ပြော၏။

“ဒီလို တိုင်ကြားတဲ့ ကစားနည်းမျိုးက ဂုဏ်သိက္ခာမရှိဘူးနော်”

လင်းဇီချန် ပြန်ပြော၏။

“ကျွန်တော်တော့ သူများတွေ တန်းစီ‌နေတာကို ကြားဖြတ်ဝင်တဲ့လုပ်ရပ်ကို ပိုပြီး ဂုဏ်သိက္ခာမဲ့တယ်လို့ မြင်တာပဲ”

ထိုလူမှာ ပြောစရာစကားတို့ ပျောက်ရှသွားရပြီး အရှက်ရသွားရကာ နေရာမှ အမြန်ထွက်ခွာသွားတော့သည်။ အခြားသူများလည်း အလျင်အမြန် ထွက်သွားကြ၏။

ရှန့်ဟိုင်မြို့၏ ချမ်းသာကြွယ်ဝသော နယ်မြေဒေသတစ်ခု၌ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းအကြီးအကဲသည် ကိုးကွယ်ယုံကြည်သူများအားလုံးကို အစည်းအဝေးပြုလုပ်ရန် ဆင့်ခေါ်ခဲ့သည်။ ကိုးကွယ်ယုံကြည်သူဂိုဏ်းသားများသည် အရေအတွက် အများကြီး မဟုတ်ပေ။ ၂၀ကျော်ခန့်သာ ဖြစ်၏။ အားလုံးရောက်ရှိနေပြီဖြစ်ကြောင်း မြင်သောအခါ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းအကြီးအကဲသည် အစည်းအဝေးကို စတင်‌လိုက်သည်။

“လူသန်အရူးကြီး သေသွားပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူစိတ်ဖောက်သွားပြီး ဈေးထဲမှာ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ သွားရှုပ်ခဲ့တယ်။ ရလဒ်ကတော့ အသက်ဆုံးရှုံးသွားရတယ်”

ထိုအကြောင်းအရာကို နားထောင်ပြီးနောက် လူတစ်ယောက်မှ လက်ခုပ်တီး၍ အားပေးအားမြှောက်ပြု၏။

“အဲဒီအရူးကောင် မရှိတာပဲအေးတယ်။ သူက အမြဲ အရူးထပြီး ပြဿနာရှာနေတာ။ ငါသူ့ကို သေစေချင်နေတာ ကြာလှပြီ။ မဟုတ်လည်း သူ့ကြောင့်နဲ့ ငါတို့ကို တစ်ချိန်မဟုတ်တစ်ချိန် ငြိစွန်းလာမှာပဲ”

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းအကြီးအကဲသည် ထိုလူအား လျစ်လျူရှု၍ နောက်တွင်ရပ်နေသော လူငယ်လေးကို ခေါ်လိုက်သည်။ ထို့နောက် လူငယ်လေးအား အခြားသူများနှင့် မိတ်ဆက်ပေးသည်။

“ဒီလူငယ်လေးက ငါတို့ရဲ့ဂိုဏ်းဝင်အသစ်ပဲ။ သူက လူသန်အရူးကြီးရဲ့နေရာကို အစားထိုးလိမ့်မယ်။ အားလုံးပဲ သူကို ရင်းရင်းနှီးနှီးဆက်ဆံကြပါ”

မိတ်ဆက်ခြင်းပြီးနောက် ဆက်ပြော၏။

“ပြီးတော့ ကြွက်နတ်ဘုရားက ငါ့ကိုပြောခဲ့တယ်။ သာမန်လူတွေက နုံချာလွန်းပြီး အရသာမရှိဘူးတဲ့။ အခုကစပြီး ငါတို့ရဲ့ပစ်မှတ်ကို အထက်တန်းလွှာတွေဆီကို ပြောင်းလဲပစ်မှတ်ထားကြမယ်။ အားလုံးပဲ ယဇ်ကောင်မှားယွင်းပြီး ယူမလာမိကြဖို့ သတိထားကြပါ”

လူတစ်‌ယောက်မှ မေးခွန်းထုတ်လာ၏။

“ဂိုဏ်းအကြီးအကဲဗျ အထက်တန်းလွှာတွေကို ဖမ်းဖို့က အရမ်းအန္တရာယ်များလွန်းတယ်ရော”

နောက်တစ်ယောက်မှ ထပ်ပြောသည်။

“ဟုတ်တယ်‌ဗျ ဂိုဏ်းအကြီးအကဲ သာမန်လူတစ်ယောက်၊နှစ်ယောက် ပျောက်တာက ကိစ္စမရှိဘူး။ ဒါပေမဲ့ အထက်တန်းလွှာတစ်ယောက်‌ ပျောက်ရင်တော့ ကိစ္စအကြီးကြီးဖြစ်လာမှာ”

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းအကြီးအကဲမှ ပြောသည်။

“အင်အားအာဏာမရှိတဲ့ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ သားတွေကို ဖမ်းဖို့ကြိုးစား။ အဲဒီလိုဆိုရင် အန္တရာယ်ပိုနည်းသွားနိုင်တယ်”

ထို့နောက် ဂိုဏ်းသားအသစ်အား ပြော၏။

“မင်းက လူသစ်ဆိုတော့ လောလောဆယ် အထက်တန်းလွှာတွေကို ဖမ်းဖို့ မလိုသေးဘူး။ အရင်ဆုံး လေ့ကျင့်ဖို့အတွက် ရုပ်ရည်ချောမောတဲ့ သာမန်လူငယ်ကောင်လေးတစ်ယောက်ကို ဖမ်းကြည့်ပါ။ ပြီးမှ ဖမ်းလာတဲ့လူကို ကြွက်နတ်ဘုရားရဲ့ ယဇ်ကောင်အဖြစ် ကမ်းလှမ်းကြည့်”

ဂိုဏ်းသားအသစ်သည် ဇဝေဇဝါဖြစ်နေ၏။

“ဂိုဏ်းအကြီးအကဲဗျ ဘာလို့ ရုပ်ရည်ချောမောတဲ့သူ ဖြစ်ရမှာလဲ။ ရုပ်ဆိုးတဲ့သူကို ယဇ်ကောင်လုပ်လို့ မရဘူးလား”

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူဂိုဏ်းအကြီးအကဲမှ ပြန်ပြောသည်။

“ဘာလို့ဆို ကြွက်နတ်ဘုရားက လှပတဲ့အရာတွေကို ကြိုက်နှစ်သက်လို့လေ”

“ဪ”

ဂိုဏ်းသားအသစ်လေးသည် ခေါင်းညိတ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

“မစိုးရိမ်ပါနဲ့ ဂိုဏ်းအကြီးအကဲ၊ ကျွန်တော် မြို့ရဲ့ရုပ်ရည်ချောမောဆုံးလူကို ကြွက်နတ်ဘုရားအတွက် ဖမ်းခေါ်လာပေးပါ့မယ်”

အခန်း ၇၂

ခွကြားအောက်‌၌ အရှက်ရစေခြင်း

စားသောက်ဆိုင်တွင် တန်းစီနေသည်ကို ကြားဖြတ်ဝင်သည့် ကိစ္စဖြစ်ပွားပြီး ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။ ယနေ့တွင် ဟယ့်ယွီသည် ကျောင်းသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် လင်းဇီချန်အား မခံမရပ်နိုင်သော မျက်နှာအမူအရာဖြင့် လင်းဇီချန်အား အဖြစ်အပျက်ကို ပြောလာခဲ့သည်။

“ငါရက်အတော်ကြာ စုံစမ်းလိုက်ရတာ နောက်ဆုံးတော့ အဲဒီနေ့က ကြားဖြတ်ဝင်တဲ့ကောင်တွေ ဘယ်အတန်းကလဲဆိုတာ သိခဲ့ရပြီ”

“မင်းကြားရင် မယုံနိုင်လောက်ဘူး။ ဒါပေမဲ့ အဲဒီလူတွေက ငါတို့စိန်ခေါ်ရမယ့် ဒုတိယနှစ် အတန်း၃ ဂုဏ်ထူးတန်းက စီနီယာကျောင်းသားတွေပဲ”

ပြောရင်းဖြင့် ဟယ့်ယွီသည် မထိန်းချုပ်နိုင်စွာဖြင့် မကျေမနပ်ပြောလာခဲ့သည်။

“ဂုဏ်ထူးတန်းကျောင်းသားတွေတောင်မှ အကျင့်စရိုက်ကောင်း မရှိကြဘူး။ ငါတကယ် ပြောစရာစကားပျောက်တယ်”

“တော်တယ်ဆိုတာနဲ့ပဲ အကျင့်စရိုက်ကောင်းမယ်လို့ မဆိုလိုဘူးလေ”

လင်းဇီချန်သည် ဖုန်းဖြင့် သတင်းကြည့်နေရင်းမှ အရေးမထားဟန် တုံ့ပြန်သည်။

ထိုစဉ် သတင်းတစ်ပုဒ်သည် သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။ မြို့ထဲမှ လူချမ်းသာဒုတိယမျိုးဆက်တစ်ဦးသည် သုံးရက်ကြာ ဆက်သွယ်မရနိုင်ဘဲ ပျောက်ဆုံးနေသည်ဟူ၏။ ပြန်ပို့ပေးလျှင် ဆုငွေအမြောက်အများ ပေးအပ်မည်ဟု ကမ်းလှမ်းထား၏။

နောက်ထပ် လူချမ်းသာဒုတိယမျိုးဆက်‌တစ်ယောက် ပျောက်ပြန်ပြီလား။

လင်းဇီချန် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ဤရက်ပိုင်းအတွင်းတွင် ၅ခုမြောက်သော လူချမ်းသာဒုတိယမျိုးဆက် ပျောက်ဆုံးမှု သတင်းဖြစ်သည်။ ကနဦး၌ ၎င်းအမှုမှာ ပြန်ပေးရွေးငွေအတွက် ပြန်ပေးဆွဲခြင်းဟု ထင်ထားခဲ့သည်။ သို့သော် နေ့ရက်များစွာ ကြာမြင့်ပြီးနောက်တွင်မူ မိသားစုကို ပြန်ပေးသမားများ ဆက်သွယ်လာခြင်းမရှိကြောင်း သိခဲ့ရသည်။ အလွန်ထူးဆန်းပြီး အလွန်ကြောက်မက်ဖွယ်ဖြစ်၏။

လင်းဇီချန် အမှုအကြောင်း တွေးတောနေစဉ်တွင် သူ၏ရှေ့‌တွင်ထိုင်နေသော လီချူရှင်းမှ ရှန်ချင်းဟန်အား ပြောသည်။

“ဟန်ဟန် ဒီဇင်ဘာလကုန်ကျရင် ကျောင်းမှာ သီချင်းဆိုပြိုင်ပွဲရှိတယ်။ ငါက အတွဲလိုက် ဆို‌ချင်‌တာပေမဲ့ နူးညံ့သိမ်မွေ့တဲ့ အသံပိုင်ရှင်လိုနေတာ။ နင့်ရဲ့အသံက အရမ်းနူးညံ့တယ်လေ။ အဲဒါကြောင့် ငါတို့အတူတူ ပြိုင်ပွဲဝင်ကြမလား”

“ငါသီချင်း မဆိုတတ်ဘူး…”

“ကိစ္စမရှိဘူး။ နင်ဆိုရမယ့် သီချင်းစာသားက နည်းပါတယ်။ ရံဖန်ရံခါ ငါနဲ့အတူ သံပြိုင်လိုက်ဆိုပေးရုံပါပဲ”

“နင် တခြားတစ်ယောက်ရှာလိုက်ပါလားဟင်….”

ရှန်ချင်းဟန်သည် ကျောင်းတွင် လူမှုဆက်ဆံရေးစိုးရိမ်ပူပန်ခြင်းကို ခံစားနေရသည်ဖြစ်ရာ စင်ပေါ်တွင် မဖျော်ဖြေနိုင်ပါချေ။ ရှန်ချင်းဟန်၏ ငြင်းဆန်မှုအား လီချူရှင်းသည် ရှန်ချင်းဟန်၏လက်ကို ဆုပ်ကိုင်၍ တောင်းဆိုသည်။

“ဟန်ဟန် ကျေးဇူးပြုပြီး ငါနဲ့အတူ ပြိုင်ပွဲဝင်ပေးပါလား။ နင့်ရဲ့အသံက အရမ်းနူးညံ့ပြီး ချစ်ဖို့ကောင်းတယ်။ နင်သာ ငါ့ရဲ့ပါတနာဖြစ်ပေးရင် သေချာပေါက် အနိုင်ရမှာရယ်”

“ဒါပေမဲ့…”

ရှန်ချင်းဟန်မှာ အတော်လေး အကြပ်ရိုက်သွားရပြီး လီချူရှင်းအား မည်သို့ ငြင်းဆန်ရမည် မသိတော့ပေ။

ထိုစဉ် နောက်တွင်ထိုင်နေသော လင်းဇီချန်မှ အကြံပေးလာ၏။

“ဟန်ဟန် ဘာလို့ ချူရှင်းနဲ့အတူ ပြိုင်ပွဲမဝင်လိုက်လဲ။ နင့်အသံက သီချင်း‌ဆိုဖို့ အရမ်းသင့်တော်တယ်။ ဆိုလိုက်ရင် အရမ်းနားထောင်ကောင်းမယ် ထင်တာပဲ”

ရှန်ချင်းဟန်သည် ကျောင်းတွင် အရမ်းရှက်ကြောက်လွန်းသည်ဟု လင်းဇီချန် ခံစားရသည်။ သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ပြီး စင်ပေါ်တွင် ဖျော်ဖြေခြင်းသည် သူမ၏ မိမိကိုယ်ကိုယ်ယုံကြည်မှုအား မြှင့်တင်ပေးနိုင်မည့် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပေသည်။

လီချူရှင်းမှလည်း တိုက်တွန်းသည်။

“ဟုတ်တယ်ဆို ဟန်ဟန်၊ နင့်ရဲ့အသံက သီချင်းဆိုဖို့ ကွက်တိပဲ။ ပြိုင်ပွဲမှာ နင့်ရဲ့အရည်အချင်းကို ထုတ်မပြလိုက်ရင် နှမြောစရာကြီးဖြစ်နေမှာ”

အချိန်ခဏကြာ တွေဝေနေခဲ့ပြီး နောက်ဆုံးတွင်တော့ ရှန်ချင်းဟန်သည် လင်းဇီချန်၏ သဘောထားကို ထည့်တွက်စဉ်းစား၍ လီချူရှင်းနှင့်အတူ ပြိုင်ပွဲတွင်ပါဝင်ရန် သဘောတူခဲ့သည်။

(သင်နှင့်လီချူရှင်းသည် ရှန်ချင်းဟန်ကို သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်အောင် ဖျောင်းဖျနိုင်ခဲ့ပါတယ်။ တာဝန်ပြီးမြောက်မှု +၁)

လင်းဇီချန် အနည်းငယ် အံ့အားသင့်သွား၏။ ဤအကြောင်းအရာကိုလည်း တာဝန်ပြီးမြောက်မှုဇယားကို တိုးတက်ရန် ထည့်တွက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ရက်အနည်းငယ်ကြာမြင့်ပြီးနောက် စနေနေ့ မနက်ခင်း အားကစားခန်းမထဲတွင် ဖြစ်သည်။ လင်းဇီချန်ရဲ့အတန်း ပထမနှစ် အတန်း၁က ဒုတိယနှစ်ရဲ့ ဂုဏ်ထူးဆောင်အတန်း အတန်း၃ကို စိန်ခေါ်မှာလား။‌ သွေးပူလေ့ကျင့်ခန်းလုပ်နေကြစဉ် ဒုတိယနှစ် အတန်း၃မှ ကျောင်းသားများသည် လူစုဝေး စကားပြောနေရင်းဖြင့် လင်းဇီချန်နှင့် ဟယ့်ယွီကိုလည်း ရံဖန်ရံခါ လှည့်ကြည့်နေသည်။ ထိုကျောင်းသားမှာ လွန်ခဲ့သည့်အပတ်က ဟယ့်ယွီ၏ရှေ့သို့ ကြားဖြတ်ဝင်ခဲ့သူဖြစ်သည်။

လင်းဇီချန်သည် သူတို့၏အကြည့်များကို သတိထားမိသော်ငြား လျစ်လျူရှု‌လျက် ရှန်ချင်းဟန်ကိုသာ သွေးပူလေ့ကျင့်ခန်းလုပ်ရန် ကူညီပေးနေခဲ့သည်။ သို့သော်ငြား ဟယ့်ယွီသည် သူတို့အား ပြန်ကြည့်လိုက်ရာ ထိုသူတို့မှ လက်ခလယ်ထောင်ပြသည်နှင့် ပက်ပင်းတိုးသွားလေသည်။ ထိုအခါ ဟယ့်ယွီသည် ဒေါသအလျောက် လက်ခလယ်ပြန်ထောင်ပြလိုက်သည်။ အချိန်ခဏကြာမြင့်ပြီးနောက်တွင် အတန်းနှစ်ခုလုံး သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသွားခဲ့၍ ပြိုင်ပွဲစတင်တော့မည်ဖြစ်သည်။

လွန်ခဲ့သည့်တစ်ခေါက်ကဲ့သို့ ပထမနှစ် အတန်း၁မှ ပထမဆုံးပြိုင်မည့်သူသည် ရှန်ချင်းဟန်ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤတစ်ကြိမ်တွင် ရှန်ချင်းဟန်သည် စင်ပေါ်တက်ပြီး သုံးစက္ကန့်အတွင်း ရှုံးနိမ့်သွားခြင်းဖြစ်သည်။ ပြိုင်ဘက်၏ခြေကန်ချက်ကြောင့် လဲကျသွားခဲ့ပြီး မလှုပ်နိုင်တော့ချေ။ ဒုတိယနှစ်၏ ဂုဏ်ထူးတန်းမှ စီနီယာကျောင်းသူသည် အလွန်သန်မာလေရာ သူ၏လိပ်ကဲ့သို့ ခုခံသည့် နည်းဗျူဟာသည် သူမ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ၎င်းမှာ ရှန်ချင်းဟန်တစ်ဦးတည်းသာ မဟုတ်ဘဲ ဝမ်ယွင်ထုန်၊ ချူးယွီရှီး၊ လီချူရှင်းနှင့် အခြားပထမနှစ်ကျောင်းသူများစွာသည်လည်း ပြိုင်ပွဲစင်ပေါ်တက်လိုက်သည်နှင့် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရလိုက်ဘဲ ထိုစီနီယာကျောင်းသူတစ်ယောက်တည်းထံတွင် ရှုံးနိမ့်ခဲ့ရသည်။

၉ကြိမ်မြောက်ပြိုင်ပွဲသို့ ရောက်မှသာလျှင် ထိုစီနီယာကျောင်းသူသည် ကြံ့ခိုင်သောခန္ဓာကိုယ်ဖြင့် ဆံပင်တိုတိုကျောင်းသူနှင့် လူစားလဲခဲ့ရသည်။ ဆိုလိုသည်မှာ ၉ယောက်မြောက် ပြိုင်ပွဲမှသာလျှင် ပထမနှစ် အတန်း၁သည် ဒုတိယနှစ် ဂုဏ်ထူးတန်း၏ ပထမဆုံးပြိုင်ပွဲဝင်ကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့နောက်တွင် ပြိုင်ဘက်အဖွဲ့မှ ပို၍သန်မာသော စီနီယာကျောင်းသူသည် ပြိုင်ပွဲစင်ပေါ်တွင် တစ်ဖန် လွှမ်းမိုးချုပ်ကိုင်ပြန်သည်။ ၁၀မိနစ်အတွင်း တစ်ပြိုင်နက်တည်း ၉ယောက်ကို အနိုင်ယူပစ်ခဲ့သည်။ ထို၉ယောက်ထဲတွင် ယောင်္ကျားလေး၃ယောက် ပါဝင်၏။ ပြိုင်ပွဲတောက်လျှောက်၌ ဒုတိယနှစ်၏ ဂုဏ်ထူးဆောင်အတန်းသည် ဤသို့ အင်အားကွာဟမှုကို ထိန်းသိမ်းထားခဲ့သည်။

မကြာမီ၌ ပထမနှစ် အတန်း၁တွင် လင်းဇီချန်၊ ဝမ်ရှုကျယ်၊ လုကန်းနှင့် ဟယ့်ယွီတို့လေးဦးသာ ကျန်ရစ်တော့၏။ ဒုတိယနှစ် ဂုဏ်ထူးဆောင်အတန်းမှာမူ ရှုံးနိမ့်သူ၅ဦးသာ ရှိသေးရာ ကျောင်းသား၃၆ယောက် ကျန်ရစ်နေသေးသည်။ ရှုံးနိမ့်သွားသည့် စီနီယာ၅ဦးသည် မိန်းကလေးများသာဖြစ်ကြပြီး ယောက်ျားလေးတစ်ယောက်ပင် မရှုံးနိမ့်သေးပေ။ အင်အားကွာဟမှုသည် အလွန်ကြီးမားလေရာ တန်ပြန်တိုက်ခိုက်နိုင်ရန် နည်းလမ်းမရှိပေ။ ထိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ ပထမနှစ် အတန်း၁၏ ကျောင်းသားအားလုံးသည် မျက်မှောင်ကြုတ်လျက် အင်အားကင်းမဲ့ခြင်းနှင့် စိတ်ပျက်အားငယ်မှုတို့ကို အနည်းငယ်ခံစားနေကြရသည်။

လင်းဇီချန်မှအပ အားလုံး ထိုသို့ခံစားနေရ၏။ လင်းဇီချန်သည် ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီထွေဆုံးသော အောင်နိုင်သူမစ်ရှင်ကို အောင်မြင်နိုင်ရန်အတွက် ပြိုင်ဘက်များများကို အနိုင်ယူရန် လိုအပ်သည်။ သူ၏အတန်းဖော်များ အားလုံးနီးပါး ရှုံးနိမ့်သွားသည်ကို မြင်သောအခါ လင်းဇီချန်သည် စိတ်ထဲမှ ဝမ်းမြောက်နေမိ၏။ မကြာမီတွင် မိမိတစ်ဦးတည်းသာ ကျန်ရစ်တော့ရန်အတွက် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။

“ဟယ့်ယွီ မင်းအလှည့်ပဲ”

ဟန်ယွမ်ဖုန်းသည် ဟယ့်ယွီအား ခက်ခဲသည့်တာဝန်ကို ပေးအပ်၏။

“ပြိုင်ဘက်အဖွဲ့မှာ မိန်းကလေး၆‌ယောက် ကျန်နေသေးတယ်။ သူတို့အကုန်လုံးကို အနိုင်ယူပစ်လိုက်။ လုပ်နိုင်တယ်မလား”

“ပြဿနာမရှိပါဘူး”

ဟယ့်ယွီသည် ယုံကြည်ချက်ရှိစွာ ပြန်ဖြေ၍ ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားသည်။

ထို့နောက် မျှော်လင့်ထားသည့်အတိုင်း ကိုက်ညီစေရန် အားစိုက်ထုတ်၍ ပြိုင်ဘက်အဖွဲ့၏ မိန်းကလေး၆ယောက်လုံးကို အနိုင်ယူခဲ့သည်။ ထို့နောက် ပြိုင်ဘက်အဖွဲ့မှ စွပ်ကျယ်လက်ပြတ်နှင့် ‌ကျောင်းသားတစ်ဦး ပြိုင်ပွဲစင်ပေါ်သို့ တက်လာခဲ့သည်။ အသစ်ရောက်လာသော ပြိုင်ဘက်သည် မိတ်ဆွေဟောင်းကြီးဖြစ်ကြောင်းကို ဟယ့်ယွီ မှတ်မိလိုက်၏။ လွန်ခဲ့သည့်အပတ်က စားသောက်ဆိုင်တွင် ကြားဖြတ်ဝင်ခဲ့သည့်တစ်ယောက်ဖြစ်လေသည်။

“သေဖို့အဆင်သင့်ဖြစ်ပြီလား”

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ပြုံးဖြဲဖြဲဖြင့် ဟယ့်ယွီအနီးသို့ ချဉ်းကပ်လျက် ပြောသည်။

ဟယ့်ယွီ ပြုံးလိုက်သည်။

“မင်းက အကျင့်စရိုက် မကောင်းရုံတင် မကဘူး။ ကိုယ့်ကိုယ်ကိုသိနားလည်မှုလည်း အားနည်းနေတာပဲ”

ပြိုင်ဘက်သည် တစ်ဖက်အဖွဲ့၏ ယောက်ျားလေးများထဲတွင် ပထမဆုံးပြိုင်ပွဲဝင်ရသူဖြစ်သောကြောင့် သေချာပေါက် အားနည်းသူဖြစ်ပေလိမ့်မည်။ ဟယ့်ယွီသည် ဤပြိုင်ပွဲအတွက် ယုံကြည်ချက်ရှိပါ၏။ ပြိုင်ပွဲဝင်နှစ်ယောက်လုံး နေရာယူပြီးသောအခါ ဒိုင်လူကြီးမှ ပြိုင်ပွဲစတင်ကြောင်း အချက်ပြသည်။

“ပြိုင်ပွဲစတင်ပြီ!”

ဒိုင်လူကြီး၏ ကြေညာသံ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် လျင်မြန်သောခြေလှမ်းများဖြင့် ဟယ့်ယွီ၏ရှေ့သို့ နေရာရွှေ့လိုက်ပြီး ဟယ့်ယွီ မတုံ့ပြန်မီ၌ပင် လက်မြှောက်၍ ဟယ့်ယွီအား ကြမ်းပြင်သို့ ထိုးချပစ်လိုက်သည်။ ထို့နောက် လူများစွာ၏အကြည့်အောက်၌ ဟယ့်ယွီ၏ကိုယ်ပေါ်သို့ တက်ခွပြီး ဟယ့်ယွီအား တမင်ရည်ရွယ်၍ အရှက်ခွဲလေသည်။

“မင်းမေ–!”

ဟယ့်ယွီသည် ဒေါသစိတ်၊ ရှက်စိတ်တို့နှင့်အတူ စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားအား ထိုးရန် ထရပ်လိုက်သည်။ သို့သော် ဟယ့်ယွီ မထိုးမီ၌ပင် စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် သူ့အား ကန်လိုက်ပြီး နောက်တစ်ဖန် ကိုယ်ပေါ်သို့ ဖိနင်းပြန်သည်။

ဒိုင်လူကြီး: “ကျောင်းသား ပြိုင်ဘက်ကို တမင်ရည်ရွယ်ပြီး အရှက်ခွဲခွင့်မပြုပါဘူး။ ပထမတစ်ကြိမ် သတိပေးပါတယ်”

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ဒိုင်လူကြီးကို လျစ်လျူရှု၍ ထရပ်လာသည့် ဟယ့်ယွီကို တစ်ဖန် ထပ်ကန်လိုက်ပြီး ကိုယ်ပေါ်သို့ ထပ်မံ ဖိနင်းပြန်သည်။

ဒိုင်လူကြီး : “ဒုတိယအကြိမ် သတိပေးပါတယ်”

နှစ်ကြိမ်သတိပေးခံရပြီးနောက်တွင် စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ဟယ့်ယွီကို ဆက်လက် အရှက်မခွဲတော့ဘဲ ဟယ့်ယွီအား ပြိုင်ပွဲစင်ပေါ်မှ ကန်ချလိုက်သည်။ ကန်ချက်သည် အလွန်ပြင်းထန်သောကြောင့် ဟယ့်ယွီသည် ‌ပြိုင်ပွဲစင်ဘးတွင် နာကျင်စွာဖြင့် ကိုယ်ကိုကွေးနေခဲ့သည်။ မျက်နှာအမူအရာမှာလည်း အလွန်အမင်းနာကျင်ခံစားရခြင်းကြောင့် ရှုံ့မဲ့နေပေသည်။

‌စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ဒိုင်လူကြီးအား ကြည့်၍ မေးသည်။

“၃ကြိမ် သတိပေးခံရတာ မဟုတ်ရင် အရည်အချင်းမပြည့်မီတာ မဖြစ်ဘူးမလား”

ဒိုင်လူကြီး မျက်မှောင်ကြုတ်လိုက်သည်။

“စည်းမျဉ်းက အဲဒီလိုဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပြိုင်ဘက်ကို‌ စော်ကားပြုမူတယ်ဆိုတာ ကဲ့ရဲ့ပြစ်တင်ခံရဖို့ ထိုက်တန်တဲ့ အပြုအမူပဲ။ အဲဒီလို မလုပ်ဖို့ ငါမင်းကို အကြံပေးချင်တယ်”

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ဒိုင်လူကြီးကို အရေးမလုပ်ဘဲ လင်းဇီချန်ရှိရာ စင်အောက်သို့ ငုံ့ကြည့်၍ အပြုံးဖြင့်ပြောသည်။

“ဂျူနီယာလေး မင်းက ကိုယ်နဲ့မဆိုင်တာကို ဝင်စွက်ရတာ အရမ်းကြိုက်တယ်လို့ ငါမှတ်မိတယ်။ အခုရော စင်ပေါ်တက်လာပြီး ဝင်စွက်ဖက်ချင်သေးလား”

ထို့နောက် လင်းဇီချန်အား လက်ချောင်းချိတ်သည့်အမူအရာလုပ်ပြ၏။ မျက်နှာအမူအရာမှာလည်း လင်းဇီချန်အား စော်ကားပုတ်ခတ်ဟန် လှစ်ဟပြသထား၏။

“မင်းမှာ သတ္တိရှိရင် လာ စင်ပေါ်တက်လာခဲ့။ မဟုတ်ရင်တော့လည်း ထားလိုက်တော့ပေါ့ကွာ”

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ရှေ့ပိုင်းထိပ်တန်းကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ကြောင်း လင်းဇီချန် သတိထားမိ၏။ ထိုကျောင်းသားသည် ဟယ့်ယွီကို လူအများကြားတွင် အရှက်ခွဲရန်အတွက် ပထမဆုံးထွက်လာခဲ့ခြင်းဖြစ်သည်။ ယခု၌ လင်းဇီချန်အလှည့် ဖြစ်၏။

ဒါပေမဲ့… ငါက ငါ ဝင်ပြိုင်ဖို့ အခွင့်အရေးမရလိုက်မှာကိုပဲ စိုးရိမ်နေတာလေ။

ထိုအတွေးဖြင့် လင်းဇီချန်သည် တစ်ချက်ခုန်လိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့သည်။

All Chapters