← Chapters

အပိုင်း ၇၃-၇၅

Vol. 5 Ch. 73-75

အပိုင်း ၇၃-၇၅

Vol. 5 Ch. 73-75

အခန်း ၇၃

ကျောင်းတစ်ကျောင်းလုံးကို စိန်ခေါ်ခြင်း

“ဇီချန် သူ့ကို ကန်ထုတ်ပစ်၊ သူ့ကိုလည်း တက်ခွပြီး အရှက်ခွဲပစ်လိုက်!”

“စားသောက်တန်းမှာ တန်းစီတာကို ကြားဖြတ်ဝင်တာကတောင် လုံလုံလောက်လောက် ဆိုးရွားနေပြီကို ပြိုင်ပွဲစင်ပေါ်မှာတောင် စက်ဆုပ်ရွံရှာဖို့ကောင်းအောင် ပြုမူလိုက်သေးတယ်။ မင်းအရှက်တွေ ဘယ်နားရောက်ကုန်လို့လဲ!”

“သူ့ကို ပြင်းပြင်းထန်ထန် အရှက်ခွဲပစ်၊ ဟယ့်ယွီအတွက် ပြန်လက်စားချေပစ်!”

လင်းဇီချန် ပြိုင်ပွဲစင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့အတန်း၏ကျောင်းသားအားလုံးသည် ခံစားချက်ပြင်းထန်စွာဖြင့် စတင်အော်ဟစ်ကြသည်။ သူတို့အားလုံးသည် ဟယ့်ယွီ၏ စားသောက်တန်းတွင် ကြားဖြတ်ဝင်ခံရသည့်ကိစ္စကို သိထားကြသည်။ ပြိုင်ပွဲစင်ပေါ်ရှိ‌ စွပ်ကျယ်လက်ပြတ်နှ့င်ကျောင်းသားသည် ထိုနေ့က ကြားဖြတ်ဝင်ခဲ့သည့် ကျောင်းသားဖြစ်ကြောင်းကိုလည်း သိကြသည်။ ယခု၌ တစ်တန်းလုံးသည် မလိုမုန်းတီးမှုများဖြင့် ပေါင်းစည်းသွားကြလေပြီ။

“ချီယွဲ့ သူ့ခေါင်းကို တက်နင်းပစ်လိုက်!”

“ငါက တိုင်တန်းတတ်တဲ့ကောင်တွေကို အမုန်းဆုံးပဲ။ သူ့ခေါင်းပေါ် တက်မနင်းခင် အရင်ဆုံး ပြင်းပြင်းထန်ထန် နှိပ်စက်ပေးရမယ်”

“လုပ်ပစ်လိုက်!”

ပြိုင်ဘက်အတန်း၏ကျောင်းသားများသည်လည်း အော်ဟစ်ပြောဆိုနေကြသည်။ သို့သော် ထိုအော်ဟစ်နေသူများထဲတွင် အများစုမှာ မပါဝင်ပေ။ ထိုနေ့က စားသောက်တန်းတွင် ကြားဖြတ်ဝင်ခဲ့သော လူတစ်စုသာလျှင် အော်ဟစ်နေကြခြင်းဖြစ်သည်။

အတန်းနှစ်တန်း၏ အတန်းပိုင်ဆရာများသည် အခြေအနေမှာ အဘယ်ကြောင့် ရုတ်တရက်ကြီး အလွန်တင်းမာသွားရသည်ကို နားမလည်နိုင်ကြဘဲ ကြောင်အ,ကုန်ကြသည်။ အကြောင်းစုံကိုသိရှိသည့် ကျောင်းသားတစ်ယောက်ကို စုံစမ်းမေးမြန်းလိုက်ကာမှသာ ပြဿနာ၏အရင်းအမြစ်ဖြစ်သော စားသောက်တန်းတွင် ကြားဖြတ်ဝင်ခြင်းနှင့် ပတ်သက်သည့် ရန်ငြိုးဟောင်းကို သိရှိသွားခဲ့တော့သည်။

ဒုတိယနှစ် ဂုဏ်ထူးတန်း၏ အတန်းပိုင်ဆရာမှာ မိမိအတန်း၏ ကျောင်းသားအနည်းငယ်၏ အကျင့်စရိုက်ဆိုးသွမ်းခြင်းအတွက် ခေါင်းကိုက်သွားရသည်။ ထိုကျောင်းသားများ၏ အားကောင်းသော သိုင်းပညာအရည်အချင်းကို အခြေပြု၍ သူတို့သည် ပထမနှစ်တည်းကပင် မနည်းလှသော ပြဿနာများကို ဖြစ်စေခဲ့ပြီးဖြစ်ပြီး ထိန်းချုပ်မရကြပေ။ ဟန်ယွမ်ဖုန်းသည် အနည်းငယ် မနှစ်မြို့မိသော်ငြား များစွာ ဝင်မပြောလိုပေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်ပွားလျှင် ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ပြိုင်ပွဲစင်ထက်တွင် အနိုင်ရသူနှင့် ရှုံးနိမ့်သူကို ဆံုးဖြတ်ခြင်းပင် ဖြစသည်။ သူကြားဝင်၍ ညှိနှိုင်းဖြေရှင်းပေးရန် မလိုအပ်ပါချေ။

ပြိုင်ပွဲစင်ထက်၌ စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် လင်းဇီချန်အား ရန်လိုသောအကြည့်များဖြင့် ကြည့်လျက် ပြော၏။

“ဒါမှမဟုတ် မင်း အရှုံးပေးလိုက်ပါလား။ အဲ့လိုဆို ခဏနေရင် ငါတက်နင်းတာခံရဖို့ မလိုတော့ဘူးပေါ့”

အရှုံးပေးခြင်းသည် သိုင်းပညာပြိုင်ပွဲများတွင် မလုပ်သင့်ဆုံးသော အရာဖြစ်သည်။ သိုင်းပညာလေ့ကျင့်သူများသည် တိုက်ခိုက်လိုစိတ်ကို ပြသ၍ ယှဉ်ပြိုင်ဝံ့ရမည်ဖြစ်၏။ စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားမှ ထိုသို့ပြောလိုက်ခြင်းသည် မိမိကိုယ်ကိုယ် ကြွားဝါ၍ လင်းဇီချန်အား မထီလေးစား ပြုမူရန်အတွက်ဖြစ်သည်။

လင်းဇီချန်သည် ထိုကျောင်းသားအား လျစ်လျူရှုလျက် အရေးမထားဟန်ဖြင့် ဒိုင်လူကြီးအား ပြောလိုက်သည်။

“ကျွန်တော်တို့နှစ်ယောက်လုံး နေရာယူပြီးပြီ။ ပြိုင်ပွဲစလို့ရပြီ”

ဒိုင်လူကြီးသည် ခေါင်းညိတ်လိုက်ပြီး ပြိုင်ပွဲစရန် အချက်ပြသည်။

“ပြိုင်ပွဲ စတင်ပြီ”

ဒိုင်လူကြီး၏အသံ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် ကြမ်းပြင်ကိုတွန်းကန်၍ မြားတစ်စင်းအလား လင်းဇီချန်သို့ တစ်ဟုန်ထိုး ပြေးဝင်၏။ သူသည် ပြိုင်ပွဲတွင် ကြွားဝါလိုစိတ်ရှိသော်ငြား ပြိုင်ပွဲစတင်သည်တွင် ပြိုင်ဘက်အပေါ် အထင်မြင်သေးခြင်း မရှိပေ။ အားကုန်သုံးနိုင်လျှင် အားကုန်သုံးသင့်သည်သာ ဖြစ်၏။ အရင်ဆုံး ပြိုင်ဘက်ကို လဲကျအောင် ပြုလုပ်ပြီးမှသာ မောက်မာထောင်လွှားစွာ မိမိကိုယ်ကိုယ် ဝံ့ကြွားနိုင်ပေသည်။

ဝှစ်—

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသား လင်းဇီချန်အနီးသို့ ချဉ်းကပ်ပြီးသောအခါ ခြေထောက်ကိုမြှောက်၍ ရက်စက်ကြမ်းကြုတ်သော အမြင့်လွှဲကန်ချက်ဖြင့် လင်းဇီချန်၏ဦးခေါင်းကို ဦးတည်တိုက်ခိုက်သည်။ အရှိန်နှုန်းသည် အလွန်လျင်မြန်ပြီး အင်အားသည်လည်း အလွန်ပြင်းထန်သည်။ လေဟာပြင်ထက်တွင် လေထုပေါက်ကွဲသံ ခပ်ဖျော့ဖျော့ပင် ဖြစ်တည်သွား၏။ ထိုကန်ချက်အား သာမန်ကျောင်းသားတစ်ယောက်၏ ဦးခေါင်းသို့ ကန်ခဲ့လျှင် အသေးစား ဦးခေါင်းထိခိုက်မှုကြောင့် သတိမေ့ခြင်း သို့မဟုတ် ပို၍ပြင်းထန်ခဲ့လျှင် ရုတ်ချည်းသတိလစ်မေ့‌မြောခြင်းများ ဖြစ်သွားနိုင်ပေသည်။

ဒုန်း—-

ကျိုးသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဇီချန်သည် ပျင်းရိစွာဖြင့် ခြေထောက်တစ်ချက်ပင် မရွေ့လျားဘဲ သူ့ထံ ဦးတည်လာသည့် ခြေထောက်ကို လက်ဖြင့် ပေါ့ပါးစွာ ရိုက်ထုတ်လိုက်သည်။ ထို့နောက် ထိုကျောင်းသား၏ ဦးခေါင်းကို ဆွဲကိုင်၍ ကြမ်းပြင်သို့ အားပြင်းပြင်း ဖိတွန်းဆောင့်ပေးလိုက်သည်။ ကြမ်းပြင်နှင့် ဦး‌ခေါင်းတိုက်မိသည့် အသံကျယ်ကြီးလည်း ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် လင်းဇီချန်သည် စော်ကားသည့်အပြုအမူအဖြစ် ခြေထောက်မြှောက်၍ ထိုကျောင်းသား၏ကိုယ်ပေါ်သို့ ဖိနင်းလိုက်ပြီး ထို့နောက် ပြိုင်ပွဲစင်ပေါ်မှ ကန်ချလိုက်ခြင်းဖြင့် ပြိုင်ပွဲအား အလင်းအလျင်ဖြင့် အဆုံးသတ်ပစ်ခဲ့သည်။ လှုပ်ရှားမှုအားလုံးသည် ရေစီးဆင်းသည့်အလား အလွန်ချောမွေ့ကာ သပ်ရပ်လျင်မြန်စွာဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုများအတွက် ကြာချိန်မှာ သုံးစက္ကန့်မကျော်ပေ။

“ငါ… ရှုံးသွားတာလား”

စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် စင်အောက်တွင် ဖင်ထိုင်လျက် လဲကျနေခဲ့ပြီး နဖူးမှာ ပွန်းပဲ့နေကာ နှာခေါင်းမှ သွေးများစီးကျလျက် မိမိ၏ဘဝကို သံသယဝင်နေသော မျက်နှာအမူအရာနှင့်အတူ မျက်နှာတစ်ခုလုံးမှာ အလွန်အမင်း ဖရိုဖရဲဖြစ်နေတော့သည်။ ယခုထိတိုင် အဘယ်သို့ဖြစ်ပျက်သွားခဲ့ကြောင်းကို နားမလည်နိုင်ဖြစ်နေတော့သည်။ လင်းဇီချန်ကို ကန်ရန် တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ပြီးနောက်တွင် ဦး‌ေခါင်းကို မြေပြင်နှင့် တွန်းဆောင့်ခံလိုက်ရခြင်းနှင့်အတူ အရာအားလုံး မှောင်မည်းသွားခဲ့သည်ကိုသာ သူ သိလိုက်ရ၏။ ဦးခေါင်းမှာ နာကျင်နေဆဲဖြစ်ကာ တဝီဝီမြည်နေဆဲပင်။ သတိမေ့လုနီးပါး ဖြစ်နေ၏။

“ဘာဖြစ်သွားတာလဲ”

“ချီယွဲ့ရဲ့အင်အားက ငါတို့အတန်းရဲ့ ထိပ်တန်း၅ယောက်ထဲမှာ ပါတယ်။ ဘယ်လိုဖြစ်ပြီး အလွယ်လေး အနိုင်ယူခံလိုက်ရတာလဲ”

“အဲဒီကြည့်ကောင်းတဲ့ ဂျူနီယာလေးက အဲဒီလောက်တောင် အင်အားကြီးတာလား”

ဒုတိယနှစ် ဂုဏ်ထူးတန်း၏ကျောင်းသားများသည် လုံးဝ အံ့ဩမင်သက်ကုန်ကြလျက် မယုံကြည်နိုင်ဖြစ်နေကြသည်။ ပြိုင်ပွဲတွင် ပထမနှစ် အတန်း၁၏ ကျောင်းသားများသည် အေးဆေးကြပြီး သူတို့အတွက် ဒုက္ခမများနိုင်ပုံပေါ်၏။ သို့သော် သူတို့အားလုံးသည် လင်းဇီချန်၏အင်အားကို မျက်မြင်တွေ့လိုက်ကြရပြီး ထိုသို့အောင်မြင်စွာ အနိုင်ရယူနိုင်သည့် အရည်အချင်းရှိကြောင်းကိုလည်း သိခဲ့ရသည်။

“နောက်ထပ် အလွယ်လေး အနိုင်ယူလိုက်ပြန်တာလား”

ဟန်ယွမ်ဖုန်း မျက်မှောင်ကြုတ်လျက် ရေရွတ်နေသည်။

“ဒီကလေးက သေ‌ချာပေါက် သူ့ရဲ့အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ”

ပြိုင်ဘက်အတန်း၏ စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားသည် အင်အားမည်မျှကြီးမားသည်ကို ဟန်ယွမ်ဖုန်း သတိထားမိခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်ပြိုင်ပွဲတွင် ရင်ဆိုင်ခဲ့ရသော အသားမဲမဲ ဝဖိုင့်ဖိုင့်ကျောင်းသားထက် များစွာပို၍ သန်မာသူဖြစ်၏။ သို့တိုင် လင်းဇီချန်သည် ထိုကျောင်းသားအား ပေါ့ပေါ့ပါးပါးပင် အနိုင်ယူနိုင်ခဲ့သည်။ လင်းဇီချန်သည် သူ၏အင်အားအများစုကို မထုတ်ဖော်ဘဲ ဖုံးကွယ်ထားသည်မှာ သေချာ၏။ သို့မဟုတ်ပါက လင်းဇီချန်အနေဖြင့် မည်သို့မျှ အနိုင်ရနိုင်မည် မဟုတ်ပေ။ ဟန်ယွမ်ဖုန်း၏ ရေရွတ်သံကို ကြားသောအခါ ဝမ်ရှုကျယ်နှင့် လုကန်းတို့သည် လုံးဝ အံ့ဩမင်သက်သွားကြသည်။

ချီး– လင်းဇီချန်က ဒီလောက်အင်အားကို ထုတ်ပြနေတာတောင် အဲဒါက အကုန်မဟုတ်သေးဘူးလို့ ပြောလိုက်တာလား။ အဲဒီကောင်က လူရော ဟုတ်ရဲ့လား။

တစ်ဖက်၌ ဟယ့်ယွီသည် ပြိုင်ပွဲစင်ပေါ်ရှိ လင်းဇီချန်ကိုတစ်လှည့်၊ စင်အောက်ရှိ နှာခေါင်းသွေးလျှံလျက် လဲကျနေသော စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားကိုတစ်လှည့် ကြည့်လျက် ခံစားချက်များ ‌ရောပြွမ်းနေခဲ့သည်။

ငါ့ကို ခွေးရိုက်သလို ရိုက်သွားတဲ့ကောင်ကို လင်းဇီချန်က အလွယ်လေး ရှင်းပစ်လိုက်တာလား။ ငါကျောင်းစတက်တုန်းက သူ့ရှေ့မှာ အရမ်းတွေ ဝင့်ကြွားပြနေခဲ့တာ။ ဘယ်လိုတောင် လူပြက်ဆန်လိုက်သလဲလို့။

“ဟန်ဟန် နင့်ရဲံဇီချန်က မယုံကြည်နိုင်လောက်‌အောင် အရမ်းတော်တာပဲ”

လီချူရှင်းသည် လင်းဇီချန်၏ တိုက်ခိုက်မှုပုံစံကြောင့် မျက်နှာထက်တွင် လေးစားအားကျမှုများ အပြည့်ထင်ဟပ်လျက် တောက်ပနေသည်။

ငါ့ရဲ့ဇီချန်လား။ ရှန်ချင်းဟန်သည် ထိုသို့သော စကားစုကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ရာ စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားခဲ့သည်။

ပြိုင်ပွဲစင်ထက်၌ လင်းဇီချန်သည် ပတ်ဝန်းကျင်၏ မယုံကြည်နိုင်သော အာမေဍိတ်သံများကို လျစ်လျူရှုထားကာ ဒုတိယနှစ် ဂုဏ်ထူးတန်းဘက်သို့လှည့်၍ ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ကြားဝင်ဖြတ်ခဲ့သော ကျောင်းသားအုပ်စုကို ခေါ်ထုတ်လိုက်သည်။

“နောက်ထပ် ဘယ်သူလာမလဲ”

လင်းဇီချန်၏အသံသည် အလွန်တည်ငြိမ်အေးဆေးသည်။ သို့သော် ပုံမှန်မဟုတ်သော ခြိမ်းခြောက်သည့်ဖိအားတစ်မျိုးလည်း လှုံ့ဆော်နှိုးဆွနေ၏။ လင်းဇီချန်၏ ဦးတည်ခေါ်ခံရသော ထိုကျောင်းသားအုပ်စုသည် သူတို့ပြိုင်ပွဲစင်ပေါ်သို့ တက်သွားပြီးနောက်တွင် ကြုံတွေ့ရမည့် အပြတ်အသတ်ရှုံးနိမ့်မှုကို ခံစားမိနေသောကြောင့် မျက်နှာအရောင် မကောင်းလှ‌တော့ချေ။ ယခင်က မောက်မာထောင်လွှားမှုနှင့် အော်ဟစ်ကြိမ်းမောင်းသံများသည် ပျောက်ကွယ်သွားရပြီး စိုးရိမ်ထိတ်လန့်ခြင်းများ အစားထိုးဝင်ရောက်လာကြတော့သည်။

နာရီဝက်ခန့်ကြာမြင့်ပြီး‌နောက်၌ ဒုတိယနှစ် ဂုဏ်ထူးတန်း၏ ကျန်ရှိသော ၂၉ယောက်လုံးသည် လင်းဇီချန်ထံတွင် ရှုံးနိမ့်သွားခဲ့သည်။ ယှဉ်ပြိုင်မှုအားလုံးမှာ လျင်မြန်စွာ အဆုံးသတ်သွားခြင်းဖြစ်၏။ အားလုံးထဲမှ ကြားဖြတ်ဝင်ရာတွင် ပါဝင်ခဲ့သောကျောင်းသားများသည် စွပ်ကျယ်လက်ပြတ်နှင့်ကျောင်းသားနှင့် တူညီသောကံကြမ္မာကို ခံစားခဲ့ကြရသည်။ သူတို့အားလုံးသည် လင်းဇီချန်၏ ဦးခေါင်းသို့တက်နင်း၍ အရှက်ခွဲခြင်းကို ခံခဲ့ရပြီး ပြိုင်ပွဲစင်ပေါ်မှ ကန်ချခံခဲ့ကြရသည်။ ယခုတွင်မူ နှာခေါင်းသွေးများလျှံကျလျက် ကြမ်းပြင်တွင် ထိုင်နေကြသည့်ပုံစံမှာ အလွန်သနားချင့်စဖွယ်ကောင်းလှပေသည်။

နောက်ဆုံးပြိုင်ပွဲပြီးနောက်တွင် လင်းဇီချန်သည် လေဟာပြင်သို့ကြည့်၍ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသောအောင်နိုင်သူ တိုးတက်မှုဇယားကို စစ်ဆေးကြည့်လိုက်သည်။

(အောင်မြင်မှု : တရားဝင်ပြိုင်ပွဲတွင် အခြေခံအကျဆုံးနည်းလမ်းကို အသုံးပြု၍ ပြိုင်ဘက် ၁၀၀၀ကို အနိုင်ရယူရန်)

(ဆုလာဘ် : ရရှိမည့် သွေးမျိုးဆက်ဆင့်ကဲတိုးတက်မှု – ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ)

(အနိုင်ရယူပြီးသော ပြိုင်ဘက်အ‌ရေအတွက် - ၁၁၉/၁၀၀၀)

၁၁၉ယောက်ပဲရှိသေးတာလား။

တိုးတက်မှုဇယားထက်ရှိ ကိန်းဂဏန်းကိုကြည့်ပြီးနောက် လင်းဇီချန် မထိန်းချုပ်နိုင်စွာ မျက်မှောင်ကြုတ်သွားရသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူအတွက် မစ်ရှင်သည် စုဝေးနေထိုင်သောသတ္တဝါမစ်ရှင်ထက် အချိန်ပိုစော၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် တိုးတက်မှုမှာမူ စုဝေးနေထိုင်သောသတ္တဝါမစ်ရှင်ထက် များစွာပို၍ တိုးတက်မှုနှေးကွေးပေသည်။ တိုးတက်မှုနှုန်းသည် အလွန်နှေးကွေး၏။ အကြောင်းရင်းမှာ လင်းဇီချန်သည် အမြဲတမ်း နောက်ဆုံးမှ တိုက်ခိုက်ရသူ ဖြစ်နေသောကြောင့်ပင်။

မဖြစ်ဘူး။ ဒီလိုဆက်ဖြစ်နေလို့ မဖြစ်ဘူး။ ငါ့ရဲ့အင်အားက အထက်တန်းကျောင်းသားအဆင့်ထက် အများကြီး သာလွန်တယ်။ ငါ့အနေနဲ့ အထက်တန်းကျောင်းရဲ့စည်းမျဉ်းတွေကို လိုက်နာနေဖို့ မလိုအပ်ဘူး။ ကိုယ်ပိုင်စည်းမျဉ်းတွေ ချမှတ်ဖို့လိုအပ်တယ်။ လာမယ့် တနင်္လာနေ့ကျရင် ကျောင်းပညာရေးစီမံဌာနကိုသွားပြီးတော့ ငါ့အတွက် ဆုကြေးအခြေခံတဲ့ ကိုယ်ပိုင်ပြိုင်ပွဲလုပ်ပေးဖို့ပြောရမယ်။ ငါ ကျောင်းတစ်ကျောင်းလုံးကို စိန်ခေါ်မယ်။

အခန်း ၇၄

တစ်ကျောင်းလုံး၏ ဘုံရန်သူ

နှစ်ရက်ကြာပြီးနောက် တနင်္လာနေ့မနက်တွင် လင်းဇီချန်သည် ကျောင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းအုပ်ဆရာမကြီးကိုရှာ၍ သူ့အတွက် ကိုယ်ပိုင်ပြိုင်ပွဲတစ်ခု ပြုလုပ်ပေးဖို့ တောင်းဆိုရန်အတွက် စီမံအုပ်ချုပ်ရေးအဆောက်အဦသို့ သွားခဲ့သည်။ စည်းမျဉ်းများသည် ရိုးရှင်း၏။ ကျောင်းတစ်ကျောင်းလုံး၏ ကျောင်းသားများကို စိန်ခေါ်ခွင့်ပြုထားပြီး သူကိုယ်တိုင်ကတော့ ခုခံမည်ဖြစ်သည်။

ကျောင်းအုပ်ကြီးသည် လင်းဇီချန်၏စကားကို နားထောင်ပြီးနောက် ကြောင်အသွားခဲ့သည်။

“မင်းက အခုမှ ပထမနှစ်ပဲ ရှိသေးတာကို ကျောင်းတစ်ကျောင်းလုံးက ကျောင်းသားတွေကို စိန်ခေါ်ချင်တယ်ပေါ့လေ။ မင်းတကယ်ပြောနေတာလား”

လင်းဇီချန်သည် ပြန်လည်မချေပဘဲ ကျောင်းအုပ်ကြီးအား လူသူရှင်းလင်းသော အားကစားခန်းမထောင့်သို့ ခေါ်သွား၍ လက်တစ်ဖက်တည်းဖြင့် ကီလို၇၀၀အလေးတုံးကို မ,နိုင်သည့် အင်အားကို ပြသပေးခဲ့သည်။ ကျောင်းအုပ်ကြီးသည် အလွန်အံ့ဩထိတ်လန့်သွား၏။

“၇၀၀ကီလိုဂရမ်”

“အဲဒါက ကျောင်းရဲ့သမိုင်းကြောင်းမှာ အင်အားအကြီးဆုံးကျောင်းသား ဝူထျန်းချန်း ပထမနှစ်ကထက်တောင် ပိုအင်အားကြီးသေးတယ်”

“ငါအိပ်မက်မက်နေတာလား”

အသိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

“ကိစ္စမရှိဘူး။ မင်းတစ်ကျောင်းလုံးကို စိန်ခေါ်နိုင်အောင်လို့ ငါစီစဉ်ပေးမယ်”

“ကျောင်းအုပ်ကြီး ဆုကြေးစီစဥ်ပေးဖို့ သတိရနော်။ ဆုကြေးမရှိရင် ဘယ်သူမှ စိတ်အားထက်သန်ကြမှာ မဟုတ်ဘူး”

“မစိုးရိမ်နဲ့။ အဲဒါကို ကျောင်းအုပ်ကြီးတာဝန်ထားလိုက်ပါ”

“ဆုကြေးနှစ်ခု စီစဉ်ပေးထားရင် အကောင်းဆုံးပဲ။ တစ်ဆုက ပါဝင်ယှဉ်ပြိုင်တဲ့သူတွေကို အားပေးဖို့အတွက်၊ နောက်တစ်ဆုက စိန်ခေါ်တဲ့ ကြိုးစားမှုအလိုက် တိုးတက်သွားမယ့် ဆုကြေးရယ်ထားပေးပါ။ စိန်ခေါ်မှုများလေလေ ဆုကြေးငွေများလေလေပေါ့။ ကျွန်တော့်ကို အနိုင်ရသွားတဲ့သူ ဘယ်သူမဆို ဆုကြေးငွေကိုရမယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကျွန်တော့်ကို အနိုင်ရတဲ့သူမရှိရင် ဆုကြေးကို ကျွန်တော်ရမယ်”

“ကောင်းပြီ မင်းပြောတဲ့အတိုင်း လုပ်မယ်”

“ကျောင်းအုပ်ကြီး ကျွန်တော့်ရဲ့အင်အားအကြောင်းကို အရင်ဆုံး လျှို့ဝှက်ထားပေးပါ။ မဟုတ်ရင် အဲဒီအကြောင်းသိနေရင် ဘယ်သူမှ စိတ်အားထက်သန်ကြမှာ မဟုတ်ဘူး”

“ကောင်းပြီ ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း နားထောင်မယ်”

လင်းဇီချန် မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ ကျောင်းအုပ်ကြီးသည် တုံ့ဆိုင်းတွေဝေခြင်းမရှိ အလျင်အမြန် သဘောတူပေးသည်။ ပုံမှန်ရက်များတွင် ကျောင်းတစ်ကျောင်းလုံးကို ကြောက်ရွံ့စိတ်ဖြစ်ပေါ်စေသည့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော ပုံရိပ်နှင့် မတူတော့ပေ။ ဤသည်မှာ ကျောင်းတစ်ကျောင်းလုံး၏ အမြင့်သွန်းဆုံးသော အထူးချွန်ဆုံးသော ပါရမီရှင်ဖြစ်သူတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။ အဆင့်အတန်းမြင့်မားသော ကျောင်းအုပ်ဆရာမကြီးကို စိတ်အားထက်သန်သော နောက်လိုက်တစ်ဦးအဖြစ် ပြောင်းလဲလိုက်နိုင်ပေသည်။

နေ့လယ်ခင်းအားလပ်ချိန်၌ ကျောင်းအုပ်ကြီးသည် တစ်မနက်လုံး စဉ်းစားတွေးတောပြီးနောက် ပထမနှစ် အတန်း၁သို့ ကိုယ်တိုင်ရောက်လာပြီး သူမ ပြင်ဆင်ထားသည် တစ်ကိုယ်တော်စိန်ခေါ်ပြိုင်ပွဲ အစီအစဉ်ကို လင်းဇီချန်၏ အသိအမှတ်ပြုမှုကို ရယူရန်အတွက် လွှဲပြောင်း‌ပေးသည်။ လင်းဇီချန်သည် အစီအစဉ်ကို အမြန်ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။

“အဆင်ပြေတယ်ဗျ၊ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး”

ကျောင်းအုပ်ကြီးသည် ပြုံးရွှင်နေ၏

“အို ကိစ္စမရှိပါဘူး”

ဖြတ်သွားဖြတ်လာ ဆရာများနှင့် ကျောင်းသားများသည် မိမိတို့မှာ အိပ်မက်မက်နေသည်လောဟု မျက်လုံးများပင် ပွတ်သပ်မိကြသည်။

ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး အမြဲမျက်နှာတည်တည်နဲ့ ခက်ထန်တဲ့ပုံစံရှိတဲ့ ကျောင်းရဲ့ ကြောက်မက်ဖွယ်ပုံရိပ်ရှိသည့် ကျောင်းအုပ်ကြီးက ကျောင်းသားတစ်ယောက်ရဲ့ရှေ့မှာ မြှောက်ပင့်ဖားယားတတ်တဲ့လူတစ်ယောက်လိုမျိုး ပြုံးရယ်နေရတာလဲ။ ဒါက ဘယ်လိုအခြေအနေပြောင်းလဲမှုကြီးလဲ။

ထိုမြင်ကွင်းကို ထပ်တူမြင်လိုက်ရသည့် ရှန်ချင်းဟန်သည်တော့ အခြားကျောင်းသားများနှင့်ကွာခြားစွာ တစ်ချိန်လုံးတည်ငြိမ်အေးဆေးနေသည်။ ဆရာများ လင်းဇီချန်အပေါ် မျက်နှာလိုမျက်နှာရ လုပ်ကြခြင်းဖြစ်စေ၊ ကျောင်းအုပ်ကြီးမှ မျက်နှာလိုမျက်နှာရ လုပ်သည်ဖြစ်စေ ရှန်ချင်းဟန်သည် ထိုမြင်ကွင်းများကို မြင်တွေ့ရင်း ကြီးပြင်းလာခဲ့သူဖြစ်ပြီး ‌အသားကျနေပြီဖြစ်သည်။ တက္ကသိုလ်သို့ ရောက်ရှိလျှင်ပင် တက္ကသိုလ်ကျောင်းအုပ်ကြီးသည်လည်း လင်းဇီချန်၏ စိတ်အားထက်သန်သော နောက်လိုက်အဖြစ် ပြုမူလိမ့်ဦးမည်ဟု ရှန်ချင်းဟန် တွေးထင်မိသည်။

တစ်ဖက်၌ ကျောင်းအုပ်ကြီးသည် ပြိုင်ဘက်ကင်းပါရမီရှင်ကို ရှာ‌ဖွေတွေ့ရှိခြင်းအတွက် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အခြားသူများထံမှ မကောင်းသော အတွေးအမြင်များကို ဂရုမစိုက်ပါချေ။ အစီအစဉ်နှင့်ပတ်သက်ပြီး လင်းဇီချန်မှ ကန့်ကွက်မှုမရှိသော‌အခါ ကျောင်းအုပ်ကြီးသည် ဖုန်းဖြင့် အတန်းပိုင်ဆရာများကို ဆက်သွယ်၍ ကြေညာစရာကိစ္စရပ်ရှိသောကြောင့် နေ့လယ်၂နာရီတွင် ကျောင်းသားများနှင့်အတူ ကွင်းပြင်တွင် စုဝေးကြရန် ‌ချက်ချင်း ပြောလိုက်သည်။

နေ့လယ်၂နာရီတွင် ‌အတန်းပိုင်းဆရာများသည် မိမိ၏အတန်းသားများကို အသီးသီး ခေါ်ဆောင်လာကြသည်။ လင်းဇီချန်နှင့် ကျောင်းအုပ်ကြီးသည် စင်မြင့်ပေါ်တွင် ရပ်နေကြသည်။ လူအားလုံးစုဝေးပြီးသည်နှင့် ကျောင်းအုပ်ကြီးသည် မိုက်ဖြင့် လင်းဇီချန်၏ တစ်ကိုယ်တော်စိန်ခေါ်မှုပြိုင်ပွဲအကြောင်းကို တစ်ကျောင်းလုံးသို့ ကြေညာခဲ့သည်။ သူမသည် လင်းဇီချန်၏ အချက်အလက်များ၊ လက်တ‌လောအောင်မြင်မှုများ၊ စိန်ခေါ်မှုပြိုင်ပွဲ၏ စည်းမျဉ်းများ၊ ဆုကြေးငွေအကြောင်းများ စသည်တို့ကို အသေးစိတ်ကြေညာသည်။ ထိုကြေညာချက်ကြောင့် အောက်ဘက်တွင် နားထောင်နေကြသည့် ဆရာများနှင့် ကျောင်းသားများသည် အုံးအုံးကြွက်ကြွက်ဖြစ်ကုန်ကြသည်။

“ကျောင်းအုပ်ကြီး တကယ်လားဗျ”

“ကျောင်းအုပ်ကြီးက ရူးသွားပြီပဲ”

“မင်းလို ပထမနှစ်ကျောင်းသားလေးကို တစ်ကျောင်းလုံးနဲ့စိန်ခေါ်ဖို့အတွက် ပြိုင်ပွဲစီစဉ်ပေးတယ်ပါ့လေ။ အဲဒီယုံကြည်ချက်တွေ ဘယ်ကရလာတာလဲ”

“မင်းကိုယ်မင်း ငါတို့ရဲ့စိန်ခေါ်မှုနဲ့ ထိုက်တန်တယ်ထင်နေလား”

“‌ဒုတိယနှစ် ဂုဏ်ထူးတန်းကို အနိုင်ယူနိုင်တယ်ဆိုတာနဲ့ ဒီလိုမျိုးပြုမူနေတာ။ မသိတဲ့လူတွေကြားရင် မင်းက စီနီယာကြီးတွေရဲ့ ထိပ်တန်းအတန်းကို နိုင်သွားတယ်လို့ ထင်နေကြဦးမယ်”

“မောက်မာထောင်လွှားနေတာများ မင်းကိုယ်မင်း ‌သမိုင်းတစ်လျှောက် အင်အားအကြီးဆုံးကျောင်းသား ဝူထျန်းချန်းလို့ ထင်နေလား”

ပထမနှစ်ကျောင်းသားဖြစ်သော လင်းဇီချန်မှ တစ်ကျောင်းလုံးအား စိန်ခေါ်ဝံ့သည်ကို မြင်သောအခါ စီနီယာကျောင်းသားများသည် စိတ်အနှောင့်အယှက်ဖြစ်သွားကြပြီး လင်းဇီချန်အား စင်အောက်မှ ပြောဆိုကြိမ်းမောင်းကြသည်။

လူအားလုံး၏ မေးခွန်းထုတ်မှုများကို လင်းဇီချန်သည် ရိုးရှင်းစွာသာ ပြော၏။

“မနက်ဖြန်ကစပြီး နေ့လယ်ခင်းအားလပ်ချိန်၂နာရီတိုင်းမှာ ကျွန်တော် အားကစားခန်းမရဲ့ ခုခံနေရာမှာရှိနေပါမယ်။ အားလုံးပဲ လာပြီးယှဉ်ပြိုင်ကြဖို့ ကြိုဆိုပါတယ်”

အိမ်ပြန်လမ်း၌ ရှန်ချင်းဟန်၏ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးလေးများသည် စူးစမ်းလိုစိတ်ကြောင့် တောက်ပနေသည်။

“ရှောင်ချန် နင်ဘာလို့ ရုတ်တရက်ကြီး တစ်ကျောင်းလုံးကို စိန်ခေါ်ချင်သွားရတာလဲ။ အဲ့လိုက နင့်ပုံစံ မဟုတ်ဘူးလေ”

“အထက်တန်းကျောင်းက ပျင်းဖို့ကောင်းလို့ အပျော်ရှာကြည့်တာ”

“လူလိမ်!”

“မိသွားပြီပဲ”

“ပြောပြပါဆို”

ရှန်ချင်းဟန်သည် လင်းဇီချန်၏ လက်မောင်းကို တွယ်ကပ်လိုက်သည်။

လင်းဇီချန် : “အခု မပြောပြနိုင်သေးဘူး။ ငါနင့်ကို ပြောပြဖို့ ဆင်ခြေကောင်းကောင်း ရတဲ့အထိ စောင့်ပေးဦး”

ရှန်ချင်းဟန် : “???”

ရှန်ချင်းဟန် မကျေမနပ်ဖြင့် နှုတ်ခမ်းဆူသွားသောသည်ကို မြင်သောအခါ လင်းဇီချန်သည် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

“ကျောင်းအုပ်ကြီးက ငါ အတန်းပြိုင်ပွဲမှာ ဘယ်လောက်တော်ကြောင်း မြင်သွားပြီးတော့ ငါ့ရဲ့အကန့်အသတ်ကို သိချင်နေတာ။ အဲဒါကြောင့် ဒီစိန်ခေါ်မှုကို ငါ့အတွက် အထူးတလည် စီစဉ်ပေးခဲ့တာ”

“နင်တကယ်ကြီး ကျောင်းအုပ်ကြီးကို သဘောတူလိုက်တယ်ပေါ့လေ။ နင်ပုံစံ မဟုတ်ဘူးနော်”

“သေချာပေါက် သဘောတူလိုက်တာပေါ့။ ဆုကြေးရှိတယ်လေ”

လင်းဇီချန် ထပ်ပြောသည်။

“‌ဆုကြေးရရင် ငါတို့မိသားစုနှစ်စု အပြင်မှာသွားစားသောက်ဖို့ အချိန်စီစဉ်ရအောင်”

“အင်း ဟုတ်ပြီ”

ရှန်ချင်းဟန်သည် အတွေးဖြင့်ပင် သွားရည်ကျလျက် ကြက်အစာကောက်သည့်အလား ခေါင်းတဆတ်ဆတ်ညိတ်လာသည်။

ထိုအခါ လင်းဇီချန် မထိန်းချုပ်နိုင်စွာ ပြုံးမိရသည်။ ရှန်ချင်းဟန်သည် ငယ်စဉ်ကအတိုင်း အစားအသောက်နှစ်သက်သူ ဖြစ်နေဆဲပင်။

ညနေခင်း၌ ညစာစားပြီးနောက် လင်းဇီချန်သည် အချိန်ခဏမျှ အနားယူပြီးနောက် နေ့စဉ်လေ့ကျင့်ခန်းများကို လုပ်ဆောင်သည်။ မနေ့ညက သန်မာကြံ့ခိုင်မှုလေ့ကျင့်ခန်းဖြစ်သောကြောင့် ဒီနေ့သည် လျင်မြန်မှုလေ့ကျင့်ခန်းဖြစ်သည်။ လင်းဇီချန် ဖိနပ်လဲဝတ်ပြီး သော့များကို ယူလိုက်သည်။ အိမ်တံခါးမှ အပြင်ထွက်၍ လမ်းပေါ်၌ အပြေးလေ့ကျင့်ရန် အသင့်ပြင်သည်။ သူထွက်ခွာလုနီးတွင် အနီးအနားရှိ အဆောက်အဦတစ်ခုဆီမှ ချိုသာသည့် သီချင်းဆိုသံကို ကြားလိုက်ရသည်။ နားထောင်ရသည်မှာ အလွန်သာယာကြည်းနူးဖွယ် ကောင်းလှပေသည်။

ထိုအသံမှာ ရှန်ချင်းဟန်၏ အသံဖြစ်သည်။ ဒီဇင်ဘာလ သီချင်းဆိုပြိုင်ပွဲအတွက် ကြိုးကြိုးစားစား လေ့ကျင့်နေခြင်းဖြစ်၏။ ထိုကဲ့သို့သော နူးညံ့စွာ ချစ်ခင်နှစ်သက်ဖွယ်သော အသံလေးကို ပိုင်ဆိုင်ထားသည့်တိုင် စိတ်အားထက်သန်စွာ လေ့ကျင့်နေလေရာ ဤနှုန်းအတိုင်းဆိုလျှင် ရှန်ချင်းဟန်တို့ အနိုင်ရမည်မှာ သေချာပေသည်။

ငါအဲဒီအတွက် ပန်းစည်းဝယ်ထားမှပဲ။ သူ သီချင်းဆိုပြိုင်ပြီး အနိုင်ရပြီးသွားရင် ငါစင်ပေါ်တက်ပြီး သူ့ကို ပန်းစည်းပေးရမယ်။ ဘယ်လိုပန်းမျိုး ဝယ်ရမလဲဆိုတာလည်း သေချာစဉ်းစားထားရမယ်။ အချိန်ရှိပါသေးတယ်။ အပြေးလေ့ကျင့်တဲ့လမ်းမှာ ပန်းဆိုင်ကိုလည်း ဝင်လိုက်တာပေါ့…

ထိုအတွေးဖြင့် လင်းဇီချန်သည် အပြေးလေ့ကျင့်ခန်းကို အနီးဆုံးပန်းဆိုင်သို့ ဦးတည်ခဲ့သည်။

ပျားပန်းခတ်လှုပ်ရှားသွားလာနေကြသော လမ်းမထက်တွင် အနည်းငယ် ‌ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦးသည် ၄ယွမ်ကျသင့်သော လီမွန်တီးတစ်ခွက်ကိုကိုင်၍ လမ်းဘေးတွင်ရပ်လျက် ဖြတ်သွားဖြတ်လာများကို စူးစမ်းကြည့်ရှုနေသည်။ ထူးဆန်းစွာပင် ထိုလူငယ်သည် လှပသော အမျိုးသမီးများအပေါ် စိတ်မဝင်စားပေ။ အသားကပ်ဘောင်းဘီဝတ်ထားကြသည်ဖြစ်စေ၊ ပိုးသားဂါဝန်ကို ဝတ်ဆင်ထားကြသည်ဖြစ်စေ နောက်တစ်ကြိမ် ပြန်မကြည့်ပေ။ သူ၏အကြည့်တို့သည် ငယ်ရွယ်၍ ရုပ်ရည်ချောမောသော အမျိုးသားများထံတွင်သာ စွဲမြဲနေခဲ့သည်။

ငါတော့ လက်လျှော့ပြီ။ ရှန့်ဟိုင်မြို့က ဒီလောက်တောင်ပဲ ဆိုးရွားရသလား။ ငါက ရုပ်ရည်ပိုင်းမှာ ပြီးပြည့်စုံတဲ့ ၁၀မှတ်ပိုင်ရှင်ကို လိုချင်ရုံလေးပါပဲ။ ဘယ်လိုလုပ်ပြီး ရက်အတော်ကြာရှာနေတာတောင် ကံမကောင်းနိုင်ရတာလဲ။ ဒီဖြတ်သွားဖြတ်လာလုပ်နေတဲ့ ယောက်ျားလေးတွေအကုန်လုံးက ပြစ်ချက်တွေရှိကြတယ်။ အရမ်းစိတ်တိုဖို့ကောင်းတာပဲ။ ငါ ဒီယဇ်ကောင်ရှာဖွေဖို့တာဝန်ကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ရင် ဂိုဏ်းအကြီးအကဲက ငါ့ကို ဘယ်လိုမြင်လိမ့်မလဲ။ နောက်ပိုင်းကျ ဂိုဏ်းထဲမှာ ငါ့ကို ဖယ်ကြဉ်ထားကြမှာလား။

အတွေးနှင့်အတူ လူငယ်မှာ ပို၍ပို၍ ဒေါသထွက်လာတော့သည်။ ဒေါသကြောင့် ခြေထောင့်ဆောင့်ချလုမတတ်ပင် ဖြစ်နေ၏။ ပြီးပြည့်စုံသည့်ရုပ်ရည်ပိုင်ရှင်အား ရှာဖွေခြင်းကို ‌လက်လျှော့ပြီး ကြည့်ကောင်းသည့်ရုပ်ရည်ပိုင်ရှင်ကို ရွေးချယ်ရန် ‌ဆုံးဖြတ်လိုက်တော့မည်တွင် လမ်းတစ်ဖက်ရှိ ပန်းဆိုင်တွင် ပြီးပြည့်စုံသောရုပ်ရည်ပိုင်ရှင်ကောင်လေးကို မြင်တွေ့လိုက်ရလေသည်။

“ဘုရားရေ သောက်ရမ်းချောတာပဲ”

“ကြိုးတောင် မကြိုးစားလိုက်ရဘဲ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတွေ့သွားသလိုပဲ”

“ပီကာချူးလေး ငါမင်းကိုရွေးလိုက်ပြီ”

အခန်း ၇၅

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်း၏ ကျဆုံးခန်း

ညအချိန် ခြောက်ကပ်နေသော အဝေးပြေးလမ်းမကြီးတွင် လင်းဇီချန်သည် မြေပြင်ထက်ရှိ ကြွက်တစ်ပိုင်းလူတစ်ပိုင်းအလောင်းကို တွေဝေရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။

ဒါပဲလား။ ကျောက်တုံးလေးတစ်တုံး ကောက်ပြီး ပေါက်လိုက်တာကို ဒီလိုပဲ သေသွားလိုက်ပြီလား။ ကြွက်နတ်ဘုရားဂိုဏ်းရဲ့ ယုံကြည်ကိုးကွယ်သူတွေက တကယ်ကြီး အဲဒီလောက်တောင် အားနည်းတာလား။

သူ ပန်းဆိုင်မှ ထွက်လာချိန်တွင် တစ်ယောက်ယောက် နောက်ယောင်ခံလိုက်လာသည်ကို လင်းဇီချန် သတိထားမိခဲ့သည်။ ကနဦး၌ တိုက်ဆိုင်ခြင်းသာဖြစ်ပြီး သံသယလွန်ကဲမိခြင်းဟု ထင်နေခဲ့သည်။ သို့သော် မမျှော်လင့်စွာဖြင့် အဝေးပြေးလမ်းမသို့ ရောက်သောအခါ ထိုလူသည် ရုတ်တရက် အရှိန်တင်လာခဲ့ပြီး သူ့နောက်သို့ လိုက်လာခဲ့သည်။ အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ မျက်နှာထက်တွင် မျက်လုံးရှစ်လုံးဖြင့် အမွေးအမျှင်များ ထူထပ်နေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ လင်းဇီချန် စကားမဆိုဘဲ ချက်ချင်းထွက်ပြေးခဲ့သည်။ သို့သော် ပြေးသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ ထိုလူ၏အရှိန်နှုန်းသည် အနည်းငယ် နှေးကွေးလာခဲ့ပြီး သူ့အား အမီမလိုက်နိုင်သည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့် မပြေးတော့ဘဲ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ထိုလူ၏အင်အားကို စမ်းသပ်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ပေါက်လိုက်သည်။ ရလဒ်အနေဖြင့် ထိုကျောက်တုံးတစ်ချက်ဖြင့် ထိုလူသည် သေဆုံးသွားခဲ့လေသည်။

ဒါက ဘယ်လို ကလေးပေါက်စ အတွေ့အကြုံလေးတုန်း?

လင်းဇီချန် ရှုပ်ထွေးသွားသော်ငြား အကြာကြီး စဉ်းစားမနေဘဲ ဆောင့်ကြောင့်ထိုင်ချ၍ မြေပြင်ရှိ အလောင်းကို လက်ချောင်းဖြင့် ထိတွေ့လိုက်သည်။ ထို့နောက် အသက်စွမ်းအင်ကို ဝါးမျိုသည်။

(ဧရာမ သန္ဓေပြောင်းကြွက်သားရဲ၏ အသက်စွမ်းအင်တစ်မျှင်ကို ဝါးမျိုခဲ့ပါတယ်)

(ဧရာမသန္ဓေပြောင်းကြွက်သားရဲ၏ အသက်စွမ်းအင် စုဆောင်းမှုဇယား - ၈%)

၁%ပဲ တိုးသွားတာလား။ အရမ်းနည်းတာပဲ။ အဲဒါကြောင့် ဒီကြွက်လူသားက အမှိုက်ကောင်လို နည်းနည်းလေးမှ အသုံးမကျတာလည်း မထူးဆန်းတော့ပါဘူးလေ။

လင်းဇီချန် ခေါင်းခါရမ်းလိုက်ပြီး အခင်းနေရာကို အမြန်ရှင်းလင်းပြီး အဝေးပြေးလမ်းမမှ အမြန်ထွက်ခွာလာခဲ့သည်။ ညဘက် အပြေးလေ့ကျင့်ခန်းကို ဆက်မလုပ်တော့ဘဲ အိမ်သို့ တန်းပြန်လာခဲ့လိုက်သည်။ အပြေးလေ့ကျင့်ရန် အချိန်ခဏမျှ အပြင်ထွက်လိုက်ရုံနှင့် ကြွက်လူသားတစ်ယောက်၏ ပစ်မှတ်ထားခံရခြင်းမှာ အနည်းငယ် အန္တရာယ်များ၏။ ထို့ကြောင့် လုံခြုံရေးအတွက် အချိန်တစ်ခုအထိ ညဘက် ‌အပြေးမလေ့ကျင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ ခြုံငုံလိုက်ပါက ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူတိုင်းသည် သူ ဒီနေ့ညကြုံတွေ့ရသည့်လူကဲ့သို့ အမှိုက်ကောင်များ ဖြစ်ကြလိမ့်မည် မဟုတ်နိုင်ပေ။ အချို့သော ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူများသည် သန္ဓေပြောင်းပြီးနောက်တွင် ကျည်လက်နက်များကိုပင် ခံနိုင်ရည်ရှိသော အလွန်အားကောင်းသည့် အသွေးအသားမျိုး ပိုင်ဆိုင်သွားကြပေသည်။

အိမ်ပြန်ရောက်ပြီးနောက် လင်းဇီချန်သည် အိမ်ထဲတွင် ပြင်းထန်အဆင့်လေ့ကျင့်ခန်းများကို ပြုလုပ်သည်။ နာရီပေါင်းများစွာ ဆက်တိုက်လေ့ကျင့်၏။ ထိုအချိန်တွင် တစ်ဖက်အိမ်ရှိ နူးညံ့ချိုသာသော သီချင်းသံလေးသည်လည်း ဖြည့်စွက်ပေးနေပေသည်။ ရှန်ချင်းဟန် နောက်တစ်ကြိမ် သီချင်းဆိုလေ့ကျင့်နေခြင်းဖြစ်သည်။ သူမသည် ဒီဇင်ဘာလကုန် သီချင်းဆိုပြိုင်ပွဲအား အလေးအနက်ထားကြောင်း သိသာပေသည်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးသည်။ ထို့နောက် လင်းဇီချန်သည် အိပ်ရာထက်တွင် နံရံကိုမှီထိုင်၍ ဖုန်းဖြင့် သတင်းများကြည့်နေခဲ့သည်။ အကြာကြီး မရှာဖွေလိုက်ရဘဲ ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းအကြောင်း သတင်းကို တွေ့ရှိလိုက်ရသည်။ သတင်းထဲတွင် မြို့တော်လုံခြုံရေးဝန်ကြီး လတ်တလောရှိ လူချမ်းသာဒုတိယမျိုးဆက်များ ဆက်တိုက်ပျောက်ဆုံးခြင်းသည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်း၏ လုပ်ရပ်ဖြစ်ကြောင်း ဖော်ထုတ်ပြောကြာခဲ့သည်။ မြို့တော်လုံခြုံရေးဝန်ကြီးသည် အမျက်ဒေါသနှင့် နှမြောတသဖြစ်မှုတို့ကို ဖော်ပြခဲ့ပြီး ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းအား တတ်နိုင်သမျှမြန်မြန် သုတ်သင်ရှင်းလင်းမည်ဖြစ်ပြီး ရှန့်ဟိုင်မြို့အား ကောင်းမွန်သည့် အများပြည်သူဆိုင်ရာ ပတ်ဝန်းကျင်အဖြစ် ပြန်လည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြို့သူမြို့သားများကို ကတိပေးခဲ့သည်။ ဤတာဝန်ကို မအောင်မြင်ခဲ့လျှင် ရာထူးမှ နှုတ်ထွက်ပြီး တောင်းပန်ပါမည်ဟုလည်း ပြောခဲ့သည်။

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းက အဲဒီလူချမ်းသာဒုတိယမျိုးဆက်တွေဆီကနေ ဘာလိုချင်တာလဲ။ သေ‌ဖို့‌လမ်းကြောင်းရှာနေကြတာလား။ လင်းဇီချန် နားမလည်နိုင်ပေ။ သို့သော် လင်းဇီချန်သည် အများကြီးစဉ်းစားမနေဘဲ အိပ်ချိန်ကျသောအခါ မီးပိတ်ပြီး အိပ်တော့သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ဖုန်းနှိုးစက်သံ မြည်မလာမီ လင်းဇီချန် နိုးလာခဲ့သည်။ ဖုန်းဖွင့်၍ အချိန်ကြည့်လိုက်ရာ အချိန်စောသေးသောကြောင့် အိပ်ရာမထသေးဘဲ အိပ်ရာထက်တွင် သတင်းကြည့်နေလိုက်သည်။ သတင်းappထဲသို့ ဝင်လိုက်သည်နှင့် ထိပ်တန်းသတင်းအသစ်ကြောင့် အံ့သြထိတ်လန့်သွားရသည်။

“သတင်းကောင်းပါ! မနေ့ည မနက်ခင်းသုံးနာရီခန့်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ ရှန့်ဟိုင်တက္ကသိုလ် ဆင့်ကဲတိုးတက်ခြင်းကောလိပ် ပါမောက္ခများနှင့် ပူးပေါင်းပြီး ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းကို တစ်ချီတည်း သုတ်သင်ရှင်းလင်းခဲ့ပါတယ်”

“ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်း သုတ်သင်ခံလိုက်ရပြီလား”

လင်းဇီချန် မယုံကြည်နိုင်စွာ အံ့ဩထိတ်လန့်သွား၏။ ထို့နောက် အသေးစိတ်ဖတ်ရန် သတင်းကို နှိပ်ကြည့်လိုက်သည်။

ပြည်သူ့လုံခြုံရေးဌာနချုပ်သည် ရှန့်ဟိုင်တက္ကသိုလ် ဆင့်ကဲတိုးတက်ခြင်းကောလိပ် ပါမောက္ခများ၏ အကူအညီကို တောင်းခံခဲ့သည်။လူ‌ေဟာင်းများသည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူများကို ရင်ဆိုင်ရန် တာဝန်ယူကြပြီး လူသစ်သည် ကြွက်ဘုရင်နှင့်ရင်ဆိုင်ရန် တာဝန်ယူသည်။ ပါမောက္ခသည် မျိုးရိုးဗီဇပေါင်းစပ်သူတစ်ဦးဖြစ်ပြီး ဝူထျန်းချန်းဟု အမည်ရသော အဆင့်မြင့်အဆင့် သတ္တဝါကြီးဖြစ်သည်။

ဝူထျန်းချန်းလား။ ရှန့်ဟိုင်အထက်ကျောင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် အင်အားအကြီးဆုံးကျောင်းသားလား။ သူက လွန်ခဲ့တဲ့ စာသင်နှစ် အနည်းငယ်တုန်းကမှ အထက်ကျောင်းဘွဲ့ရသွားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရှန့်ဟိုင်တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်နေတာလဲ။ အထက်တန်းဘွဲ့ရပြီးတာနဲ့ အလုပ်ခန့်အပ်ခံရတာလား။

‌‌မေးခွန်းများစွာ ထုတ်မိရင်းဖြင့် လင်းဇီချန် အွန်လိုင်းတွင် ရှာဖွေလိုက်သည်။ ထို့နောက်တွင် သတင်းထဲရှိ ဝူထျန်းချန်းသည် အမှန်တကယ်ပင် ရှန့်ဟိုင်အထက်တန်းကျောင်း၏ သမိုင်းကြောင်းတစ်လျှောက် အင်အားအကြီးမား‌ဆုံးကျောင်းသား ဖြစ်ပေသည်။ ဝူထျန်းချန်းသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က အထက်တန်းဘွဲ့ရခဲ့ခြင်းဖြစ်ပြီး ကျိုတိုတက္ကသိုလ်တွင် တက်ရောက်ရန်ဖြစ်ခဲ့သည်။ သို့သော် ရှန့်ဟိုင်မြို့၏ ရှန့်ဟိုင်တက္ကသိုလ်မှ ပြန်ခေါ်ခံခဲ့ရသည်။

လင်းဇီချန်သည် ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်မှုဂိုဏ်းအား သုတ်သင်ရှင်းလင်းခြင်းအကြောင်း သတင်းများကို ဆက်လက်ရှာဖွေနေခဲ့သည်။ ထို့နောက် လင်းဇီချန်သည် ဗီဒီယိုတစ်ခု ရှာတွေ့ခဲ့သည်။ ပြည်သူ့လုံခြုံရေးဌာနချုပ်မှ ထုတ်ပြန်လာခြင်းဖြစ်သည်။ ဗီဒီယိုကို ဖွင့်လိုက်သောအခါ လူသူကင်းမဲ့သော တောအုပ်ရှုခင်းတစ်ခုကို မြင်တွေ့ရသည်။ ကင်မရာလှုပ်ရှားသွားခြင်းနှင့်အတူ ၁၀မီတာခန့်မြင့်သွန်းသော ဧရာမသန္ဓေပြောင်းကြွက်ကြီး ထွက်ပေါ်လာခဲ့သည်။ ထိုကြွက်ဘုရင်ကြီးသည် သူ့ကိုယ်သူ ကြွက်နတ်ဘုရားအဖြစ် သတ်မှတ်၍ မြေပြင်ထက်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ထိုင်နေသည်။ နေရောင်ကို ပိတ်ကာထားသောကြောင့် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ဟန်ရှိပေသည်။

ဗီဒီယိုထဲတွင် လေဟာပြင်ထက်တွင် ရစ်ဝဲနေသည့် ငှက်လူသားသည် ထိုကြွက်ဘုရင်နှင့် ရန်‌ေစာင်နေသည်။ မကြာမီတွင် နှစ်ဦးသား စတင်တိုက်ခိုက်ကြ၏။ တိုက်ပွဲသည် ကမ္ဘာမြေကို ပြိုကျပျက်စီးစေမည့်အလား၊ မြင်ကွင်းမှာလည်း မယုံကြည်နိုင်လောက်အောင် တင်းမာပေသည်။ သို့သော် မိနစ်ဝက်ခန့်အတွင်း၌ ဧရာမ ကြွက်ဘုရင်ကြီးသည် သာမန် အရွယ်ရောက်ပြီးလူတစ်‌ယောက်၏ အရွယ်အစားခန့်သာရှိသော ငှက်လူသား‌၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

၁၀မီတာခန့်မြင့်သွန်းသော ခန္ဓာကိုယ်ကြီးသည် ငှက်လူသားမှ ပစ်လွှတ်လိုက်သော အမွှေးအတောင်များကြောင့် အစိတ်စိတ်အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသည်။ ကြွက်ဘုရင်ကို သတ်ဖြတ်ပြီးနောက် ငှက်လူသားသည် အတောင်ပံများကို ပြန်ရုတ်သိမ်းလိုက်ပြီး မြေပြင်သို့ ဆင်းသက်လာသည်။ စက္ကန့်ပိုင်းအတွင်း၌ သူ၏ခန္ဓာကိုယ်ထက်မှ ငှက်လူသား၏အသွင်အပြင်များ အလုံးစုံ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ဖွံ့ထွားသန်မာသော လူငယ်လေးတစ်ဦးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ထိုလူငယ်မှာ ဝူထျန်းချန်းမှတစ်ပါး အခြားမဖြစ်နိုင်ပြီ။ လူသားသဏ္ဍာန်နှင့် ငှက်သဏ္ဍာန်ကို အခက်အခဲမရှိ ပြောင်းလဲနိုင်၏။ အဝေးမှ တိုက်ခိုက်မှုအဖြစ် အမွေးအတောင်များကို ပစ်လွှတ်နိုင်သည်။

ဒါက အဆင့်မြင့်အဆင့်သတ္တဝါဆိုတာလား။ တကယ့်ကို အင်အားကြီးမားတာပဲ…

လင်းဇီချန်သည် ဗီဒီယိုထဲမှ ဝူထျန်းချန်းကို အားကျနေမိတော့သည်။

ရှန့်ဟိုင်မြို့ ပြည်သူ့လုံခြုံရေးဌာနချုပ် ဒါရိုက်တာရုံးခန်း၌ တင်းမာသောမျက်နှာဖြင့် သက်လတ်ပိုင်းအရွယ်လူကြီးသည် ခန္ဓာကိုယ်ဖွံ့ထွားသန်မာသော လူငယ်လေးတစ်ဦးနှင့်အတူ လက်ဖက်ရည်သောက်နေသည်။ သက်လတ်ပိုင်းအရွယ်လူကြီးသည် လက်ဖက်ရည်ကြမ်းတစ်ငုံ သောက်‌လိုက်ပြီးနောက် မေးမြန်းသည်။

“ထျန်းချန်း မင်းရဲ့ဆရာနဲ့ အခုထိ အဆက်အသွယ်မရသေးဘူးလား”

လူငယ်လေးမှ ခေါင်းခါရမ်း၏

“ပျောက်ဆုံးနေတုန်းပါပဲ။ အဲဒီနှစ်က ရင်းမြစ်နယ်မြေ ၃၆မှာ ပုန်ကန်ထကြွမှုတွေကို ဖိနှိပ်ဖို့သွားခဲ့တဲ့ အင်အားကြီးလူတွေက အခုထိ ပျောက်ဆုံးနေဆဲပါပဲ”

“အခု ရင်းမြစ်နယ်မြေ ၃၆ရဲ့ အခြေအနေရော ဘယ်လိုရှိလဲ”

“အခြေအနေ တည်ငြိမ်သွားပါပြီ။ မဟုတ်ရင် ကျွန်တော်လည်း ဒီနေ့ဒီနေရာကိုလာပြီး အဲဒီတုန်းက ဖရိုဖရဲအခြေအနေတွေကနေ ဒီကို လမ်းမှားပြီးရောက်လာတဲ့ အကောင်လေးကို လာရှင်းလင်းပေးနိုင်မှာ မဟုတ်လောက်ဘူး”

“အကောင်လေးတဲ့လား”

သက်လတ်ပိုင်းအရွယ်လူကြီးသည် ရယ်မောလျက် လက်ဖက်ရည်ခွက်ကိုချ၍ သက်ပြင်းချလိုက်သည်။

“ရင်းမြစ်နယ်မြေ ၃၆ ပုန်ကန်ထကြွမှုဖြစ်ခဲ့တဲ့ အချိန်တုန်းက မင်းက အလယ်တန်းကျောင်းသားလေးပဲ ရှိသေးတာ။ မယုံကြည်နိုင်လောက်အောင်ပဲ ၁၀နှစ်လေးအတွင်းမှာ မင်းက အဆင့်မြင့်အဆင့်သတ္တဝါအဖြစ် ဆင့်ကဲတိုးတက်သွားခဲ့ပြီ။ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တစ်ခုလုံး ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ ကြွက်ဘုရင်က‌ မင်းအတွက်တော့ အကောင်လေးဖြစ်နေပြီ။ အထုံပါရမီက တကယ်ကို လူကို ကွာခြားစေတာပဲ”

ထို့နောက် လူငယ်လေးအား မေးသည်။

“ဒါနဲ့ မင်းဒီတစ်ခေါက် ရင်းမြစ်နယ်မြေကနေ ထွက်လာပြီးမှတော့ မင်းတက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ စာသင်ပေးဖို့ ဆန္ဒရှိလား”

လူငယ်လေးမှ လက်ဝှေ့ယမ်းလျက် ငြင်းဆန်သည်။

“နေပါစေ‌ဗျာ။ ကျွန်တော့်မှာ အဲဒီလောက် အချိန်အများကြီး မရှိဘူးဗျ။ ကျွန်တော့်အလုပ်တွေအတွက် ရင်းမြစ်နယ်မြေကို ပြန်သွားမှဖြစ်မှာ။ ကြွက်ဘုရင်က သူနဲ့ထိုက်တန်တာထက် ပိုများတဲ့လူတွေကို စားနေတာကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်လည်း ဒီနေရာကို စေလွှတ်ခံခဲ့ရမှာ မဟုတ်ဘူး”

ရှန့်ဟိုင်မြို့၏ တစ်ကီလိုမီတာ နက်ရှိုင်းသော လိုဏ်ဂူကြီးထဲ၌ ၁၀မီတာထက် အလျားရှိသော ဧရာမသန္ဓေပြောင်းကြွက်ကြီးသည် ၄မီတာခန့် မြင့်သွန်း‌သော မျက်လုံးသုံးလုံးပါ ဧရာမသားရဲကြီးရှေ့တွင် ကိုယ်ကို ကျုံ့ထား၏။

“မင်းက သူတောင်းစားတွေ၊ အိမ်ခြရာမဲ့တွေကို စားသောက်တာကနေ စတင်ခဲ့တယ်။ နောက်တော့ ငယ်ရွယ်နူးညံ့ပြီး ရုပ်ရည်ချောမောတဲ့သူတွေကို ပြောင်းပြီး စား‌တယ်။ နောက်ကျတော့ အထက်တန်းလွှာလူတွေကို ပစ်မှတ်ထားပြီး စားသောက်ပြန်တယ်”

“ငါ့မှာ မင်းကို ရှန့်ဟိုင်မြို့ကို ခေါ်လာနိုင်ဖို့အတွက် စောင့်ကြည့်ကင်မရာတွေကို ရှောင်တိမ်းဖို့ အများကြီးအားစိုက်ထုတ်ခဲ့ရတယ်။ ငါတို့ရဲ့မျိုးနွယ်စုကို ကျယ်ပြန့်စေနိုင်ပြီး လိုဏ်ခေါင်းတွေ တူးဖော်နိုင်ဖို့ ငါမင်းအပေါ် မျှော်လင့်ခဲ့တယ်။ မင်းကတော့ လျှောက်သွားပြီး လူတွေကို စားသောက်နေတယ်။ မင်းရဲ့အစားအသောက်အကြိုက်က အတော်လေး ကြီးပြင်းလာတာပဲ”

“ပြောစမ်း မင်းကိုယ်မင်း သေဖို့ထိုက်တန်တယ်လို့ တွေးသလား”

မျက်လုံးသုံးလုံးပါ သားရဲကြီးသည် သူ၏ညာခြေထောက်ကို မြင့်မြင့်မြှောက်၍ သန္ဓေပြောင်းကြွက်သားရဲ၏ နှာခေါင်းပေါ်သို့ ဆောင့်နင်းချသည်။ ထို့နောက် ဩဇာလွှမ်းမိုးစွာ ငုံ့ကြည့်လျက် မေးမြန်းသည်။

သန္ဓေပြောင်းကြွက်သားရဲသည် ရုတ်ချည်း တောင်းပန်တိုးလျှိုးလေသည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခေါက်လောက် ထပ်ပေးပါ”

“အခွင့်အရေးလား ကောင်းပြီ၊ အခွင့်အရေးပေးလို့ရတယ်.. ဒါပေမဲ့ အပြန်အလှန်အနေနဲ့ မင်းဘက်က တစ်ခုခု ပြန်ကမ်းလှမ်းဖို့ လိုတယ်”

ဧရာမသားရဲကြီးမှ ပြောသည်။

စကားပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မျက်လုံးသုံးလုံးပါ ဧရာမသားရဲကြီးသည် ညာဘက်လက်ကို ပင့်မြှောက်၍ ဧရာမသန္ဓေပြောင်းကြွက်ကြီး၏ မျက်လုံးတစ်လုံးထဲသို့ ထိုးစိုက်ပစ်လိုက်သည်။ ‘စွပ်ကနဲ’ အသံကြီး ထွက်ပေါ်သွား၏။ ထိုအသံနှင့်အတူ သန္ဓေပြောင်းကြွက်ကြီး၏ စူးရှသောအော်သံကြီး ထွက်ပေါ်လာသည်။ ထို့နောက်တွင် မျက်လုံးသုံးလုံးပါ ဧရာမသားရဲကြီးသည် ဘက်စကက်ဘောလုံး အရွယ်အစားရှိ မျက်လုံးတစ်လုံးကို လက်ထဲတွင် ကိုင်ထားသည်။ သူ၏ရှေ့၌ နာကျင်စွာအော်ဟစ်နေသည့် သန္ဓေပြောင်းကြွက်ကြီးကို လျစ်လျူရှု၍ ပါးစပ်ကြီးကို ကျယ်ကျယ်ဟကာ မျက်လုံးကြီးကို ပါးစပ်ထဲသို့ ထည့်သွင်း၍ စိတ်ကျေနပ်အားရစွာဖြင့် ဖြည်းဖြည်းချင်း ဝါးနေခဲ့သည်။

“မြေကြွက်တွေရဲ့ မျက်လုံး‌‌က အရင်လို အနံ့ဆိုးရွားနေတုန်းပဲ။ ဒါပေမဲ့ အရသာတော့ ကောင်းတယ်”

“မင်းက ပုံမှန်ဆိုရင် ငတုံးကောင်လိုပဲ။ ဒါပေမဲ့ ကိုယ့်အသက်နဲ့ သက်ဆိုင်လာရင်တော့ အတော်လေး ဉာဏ်ကောင်းတယ်ပြောရမယ်။ မင်းရဲ့ညီကို စင်ရှေ့မှာ ကြွက်ဘုရင်အဖြစ်ထားပြီး အန္တရာယ်ကိုရင်ဆိုင်ခိုင်းတယ်။ မင်းကတော့ နောက်ကွယ်ကနေ အကျိုးအမြတ်ကို ပျော်မွေ့နေတယ်”

“ဒါပေမဲ့ မင်း ရှန့်ဟိုင်မြို့အောက်မှာ ဥမင်လိုဏ်ခေါင်းတွေ စ မတူးသေးဘူးဆိုရင်… ကောင်းကောင်းလုပ်၊ မင်းရဲ့အသက်ကို မင်းကိုယ်တိုင်တောင် သတိမထားမလိုက်ဘဲ ဆုံးရှုံးသွားရလိမ့်မယ်”

ဧရာမသားရဲကြီးမှ ဆက်ပြောသည်။

ထို့နောက် မျက်လုံးသုံးလုံးပါ ဧရာမသားရဲကြီးသည် သန္ဓေပြောင်းကြွက်၏ နောက်ထပ်မျက်လုံးတစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲသို့ထည့်၍ ဝါးခြင်းဖြင့် သူ၏အမျက်ဒေါသကို တည်ငြိမ်စေရန် ပြုလုပ်နေတော့သည်။

All Chapters