အပိုင်း ၈၅-၈၇
Vol. 6 Ch. 85-87
အခန်း (၈၅) ပြောင်းလဲလိုက်ပါ
"ဟန်ဟန် မင်းသီချင်းဆိုတာ တကယ်ကောင်းတယ် ကျောင်းပြီးရင် ငါတို့နဲ့ KTV သွားပြီး အတူသီချင်းဆိုမလား"
"KTV မသွားဘူး၊ ငါ့အိမ်မှာ သီချင်းဆိုခန်း ရှိတယ်"
“ဟုတ်တယ်၊ ယန်လင်းရဲ့မိသားစုက တကယ်ချမ်းသာတယ်။ သူ့အိမ်မှာ ကာရာအိုကေခန်း၊ ရေကူးကန်နဲ့ ကြက်တောင်ကွင်းတွေရှိတယ်။ သူက အိမ်အကြီးကြီးမှာ နေတာ”
ကျောင်းအတွင်း ထိပ်တန်းအဆိုတော်ဆယ်ယောက်ပြိုင်ပွဲပြီးသည့် နောက်နေ့
နေ့လည်စာစားချိန်။
ကျောင်းသူတစ်ဦးသည် သူမ၏ အခြားသူငယ်ချင်းနှင့်အတူ ရှန်ချင်းဟန်ထံ လာရောက်၍၊ အပြုံးဖြင့် သူမတို့၏ အိမ်သို့ သီချင်းဆိုရန် ဖိတ်ခေါ်လိုက်သည်။ ရှန်ချင်းဟန်သည် သူမကို လာဖိတ်ခေါ် သောကြောင့် သွားချင်သော်လည်း သူမ သွားသင့်၊ မသွားသင့်ကို တွေဝေနေခဲ့သည်။ လူတိုင်းက သူမကို အပေါင်းအသင်းမလုပ်ချင်ဟု ထင်ခဲ့သောကြောင့် အတန်းဖော်များက ယခုကဲ့သို့ နွေးထွေးစွာ ဖိတ်ကြားလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
အချိန်များစွာကြာ တုံ့ဆိုင်းပြီးနောက်တွင် လင်းဇီချန်၏ အကြံပြုချက်နှင့်အတူ သီချင်းဆိုရန် သူ့သူငယ်ချင်း၏အိမ်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့နှင့် အတူ လီချူရှင်း နဲ့ ဟီယူတို့လည်း ပါခဲ့သည်။ ရှန်ချင်းဟန်ကိုဖိတ်ခေါ်ခဲ့သော မိန်းကလေးက လင်းဇီချန်ကိုတွေ့လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှား၍ ပီတိဖြစ်လျက်ရှိသည်။
"ဒါက အတန်း ၁ က ပထမဆုရတဲ့ ရှန်ချင်းဟန်ပါ၊ သူသီချင်းဆိုတာ အရမ်းကောင်းတယ်၊ အဲ့နေ့တုန်းက ကစားကွင်းကိုသွားကြပြီး ကျောင်းသီချင်းဆိုပြိုင်ပွဲကို မလာကြတာ မင်းတို့တကယ်ကို လွတ်သွားတယ်။"
"သူ အရမ်းလှတာပဲ။ မျက်နှာမှာ မိတ်ကပ်နည်းနည်းပဲ လိမ်းထားတာတောင်မှ တကယ်ချစ်စရာကောင်းတယ်"
“သူက သီချင်းဆိုတော်တာတင် မဟုတ်ပဲ ပန်းချီဆွဲတဲ့နေရာမှာလည်း အရမ်းတော်တယ်လို့ ကြားရတယ်။ အတန်း ၁ ရဲ့ သတင်းစာတွေက ပြိုင်ပွဲတွေမှာ ပထမနေရာကို အမြဲအနိုင်ရရတဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ။”
“အရင်က သူက လင်းဇီချန်အနားက ပန်းအိုးတစ်လုံးသာသာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျ အရည်အချင်းရှိပြီး ကျွမ်းကျင်တယ်လို့ ထင်တယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင် သူက ကျောင်းရဲ့အလှမယ်တောင် ဖြစ်နိုင်တယ်။”
ကျောင်းတွင်း ထိပ်တန်းအဆိုတော် ဆယ်ယောက် ယှဉ်ပြိုင်ပြီးသည့်နောက်နေ့မှစ၍ ကျောင်းသွားရာလမ်း၌ဖြစ်စေ၊ ကျောင်းပြီး၍ အိမ်ပြန်ရသော လမ်း၌ဖြစ်စေ ရှန်ချင်းဟန်က သူမအကြောင်းကို ကျောင်းသားများက တီးတိုးပြောနေခြင်းကို အမြဲတစေ ကြားလာရသည်။
တီးတိုးပြောသံများအားလုံးသည် ချီးမွမ်းသံများသာဖြစ်သည်။ ရက်ပေါင်းများစွာ အဆက်မပြတ် ချီးကျူးလျက်ရှိကြသည်။ တဖြည်းဖြည်းနှင့် ရှန်ချင်းဟန်သည် ကျောင်းသို့ လာရာလမ်းတွင် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အနည်းငယ် တိုးလာသည်။
သူမအကြောင်း လူများပြောနေသည်ကို ကြားလျှင် ယခင်ကဲ့သို့ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့မနေကြတော့ဘဲ ရှက်ပြုံးပြုံး၍ တုံ့ပြန်သည်။
“ဟန်ဟန် လုပ်လိုက်ပါ အနိုင်ယူလိုက်”
"အသင်းသား၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ၊ မင်းနိုင်နိုင်တယ်"
"နှစ်ပွဲဆက်တိုက်တောင် အနိုင်ရတာပဲ ဟန်ဟန်၊ မင်းက အံ့သြစရာပဲ"
"ရှန်ချင်းဟန်က တကယ်တိုးတက်လာတယ်။"
"လူတိုင်း ချင်းဟန်ဆီက သင်ယူသင့်တယ်၊ ငါတို့က တခြားသူတွေလောက် ရုပ်ပိုင်းဆိုင်ရာ မသန်မာဘူးဆိုရင်တောင် သိုင်းပညာစွမ်းရည်ကို ကောင်းကောင်းအသုံးချပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်”
လဝက်ကြာပြီးသည့်နောက် စာမေးပွဲအပြီးတွင်၊ ရှန်ချင်းဟန်သည် အခြေအနေကို အောင်မြင်စွာဖြင့် ပြောင်းပြန်လှန်နိုင်ခဲ့ကာ သူမ၏ ထက်မြက်သော သိုင်းပညာကျွမ်းကျင်မှုဖြင့် သူမထက် အဆင့်သာသော ဝမ်ယွမ်တုန် နှင့် ချူးယုရှီi တို့ကို အနိုင်ယူခဲ့သည်။
ရှန်ချင်းဟန်သည် သူမ၏ထူးချွန်သောတိုက်ခိုက်မှုပညာများဖြင့် ဝမ်ယွမ်တုန်နှင့် ချူးယုရှီတို့ကို ရှုံးနိမ့်စေကာ များစွာသောလူများကိုအံ့အားသင့်စေခဲ့သည်။ အတန်းထဲတွင် သူမ၏ အမှတ်များသည် နောက်ဆုံးအဆင့်မှ တတိယအဆင့်သို့ တရှိန်ထိုး တိုးလာကာ လူတိုင်းကို အံ့အားသင့်စေ၍ အတန်းပိုင်ဆရာမ ဟန်ယွမ်ဖန်း၏ ချီးကျူးမှုကို ရရှိခဲ့သည်။
အတန်းထဲတွင် သူမ၏ အမှတ်များသည် နောက်ဆုံးအဆင့် မဟုတ်တော့သည်ကို မြင်လိုက်ရသဖြင့် ရှန်ချင်းဟန်က ပီတိဖြစ်ကာ ပြုံးနေခဲ့သည်။
ယခုမှစပြီး အတန်းထဲတွင် သူမကို အပေါင်အသင်း မလုပ်ချင်ကြသူ မည်သူမျှ မရှိတော့ဟု တွေး၍ ပျော်ရွှင်နေခဲ့သည်။ သူမမျက်နှာပေါ်ရှိ အပြုံးကိုမြင်လိုက်ရသောအခါ လင်းဇီချန်လည်း ပြုံးလိုက်ကာ ယခင်ကကဲ့သို့ အပြစ်ရှိစိတ်မခံစားရတော့ပေ။
"ဇီးချန်၊၊ စက်ဘီးပတ်စီးပြီး သွားလည်ကြမလား။ အထက်တန်းနှစ် ကျောင်းတက်တုန်းကဆို မင်းငါ့ကို တင်နင်းတယ်မလား။ ဒီစက်ဘီးက မစီးတာကြာပြီထင်တယ်၊ တာယာတွေ ပြားနေသလိုပဲ။"
"ဒါက ပြဿနာမရှိပါဘူး၊ ငါတို့ တာယာတွေကို လေထိုးလို့ရတယ်လေ။ တကယ် စီးချင်တာဆိုရင် သွားစီးရအောင်"
ဆောင်းရာသီပိတ်ရက် အထက်တန်း ပထမဆုံးစာသင်ချိန်အပြီး နေ့လည်စာသုံးပြီးချိန်တွင်၊
ရှန်ချင်းဟန်သည် လင်းဇီချန်၏ အိမ်သို့ အပြေးသွားခဲ့ကာ စက်ဘီးစီးချင်ကြောင်း ပြောခဲ့သည်။ သူမငယ်စဉ်ကတည်းက လင်းဇီချန်နှင့် စက်ဘီးစီးချင်ခဲ့သော်လည်း ထိုအချိန်က သူမ၏ခန္ဓာကိုယ်အားနည်းလွန်းသောကြောင့် လင်းဇီချန်က ခွင့်မပြုခဲ့ပေ။
ယခု သူမ စက်ဘီးစီးနိုင်မည့် အင်အားရှိပြီဖြစ်၍ စက်ဘီးစီးသည့် အတွေ့အကြုံကို ယူနိုင်ပြီဖြစ်သည်။
ခဏအကြာတွင် နှစ်ယောက်သား အိမ်ထဲသို့ ပြန်ဝင်ကာ မသုံးသည်မှာကြာပြီဖြစ်သော စက်ဘီးကို ထုတ်လာကြသည်။ ခြံထဲ၌ ၎င်းတို့ စက်ဘီးကို သန့်ရှင်းရေးလုပ်ကာ စက်ဘီးလေဖြည့်လိုက်ကြသည်။ သန့်ရှင်းရေးလုပ်ပြီးချိန်တွင် စက်ဘီးသည် အသစ်ကဲ့သို့ တောက်ပြောင်နေသောကြောင့် ရှန်ချင်းဟန်သည် ချက်ချင်း စက်ဘီးပေါ်တက်လိုက်သည်။ သူ့နောက်၌ရှိနေသော လင်းဇီချန်ဆီကို အလျင်စလို လှမ်းပြောလိုက်သည်။
"ဇီချန် လာ လာ စီးမယ်လေ။"
"ကောင်းပြီ ငါလာပြီ"
“နောက်ခုံကို ကိုင်မထားနဲ့။ အန္တရာယ်များတယ်။ ငါငယ်ငယ်တုန်းက နင့်နောက် လိုက်စီးတုန်းက ဖက်ထားသလိုမျိုးပဲ နင့်လက်တွေ ငါ့ခါးကို ဖက်ထားဖို့လိုတယ်။ ဒီလိုမှ တကယ် အန္တရာယ်ကင်းတာ။” ရှန်ချင်းဟန်က သတိပေးသကဲ့သို့ ပြောလိုက်သည်။
လင်းဇီချန်က မည်သည့်စကားမျှ ပြန်မပြောဘဲ သူမပြောသကဲ့သို့သာ ခါးကို ဖက်ထားလိုက်သည်။
ရှန်ချင်းဟန်သည် သူမခါးကို လင်းဇီချန်ဖက်လိုက်သော အချိန်တွင် နှလုံးခုန်သံများ လျင်မြန်လာ၍ မျက်နှာသည်လည်း ပန်းရောင်သန်းလာသည်။ ထို့နောက် သူမသည် လင်းဇီချန်နှင့်အတူ မြို့ပြင်လမ်းများဆီသို့ စက်ဘီးနင်းသွားခဲ့သည်။
ထိုနေရာတွင် ကားအနည်းငယ်သာရှိ၍ မီးပွိုင့်အနည်းငယ်သာရှိသောကြောင့် စက်ဘီးစီးရာ၌ ပိုမိုလွတ်လပ်သည်။
"ဇီချန်၊ အဲဒီ့တောအုပ်က အရမ်းလှတယ်။ ဓာတ်ပုံကောင်းကောင်းတွေ ရိုက်နိုင်အောင် သစ်ပင်ပေါ်တက်ကြရအောင်” ရန်ချင်းဟန်က သစ်ပင်ကြီးတစ်ပင်ရှေ့၌ စက်ဘီးကို ရပ်၍ ပြောလိုက်သည်။
လင်းဇီချန်က မည်သို့မျှ ကန့်ကွက်ခြင်းမရှိ၊ သူမပြောသမျှကိုသာ နားထောင်နေခဲ့သည်။
စက်ဘီးရပ်ပြီးနောက် ရှန်ချင်းဟန်သည် သူမ၏ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ကာ စကားတစ်ခွန်းမှ မပြောဘဲ သစ်ပင်ပေါ်သို့ ချက်ချင်းတက်လိုက်သည်။ တောင်ဘက်တွင် ဆောင်းတွင်းကာလဆိုသော်ငြားလည်း မအေးသောကြောင့် သူမသည် ထိုနေ့တွင် အပြာရောင်စကတ်နှင့် အဖြူရောင်ခြေအိတ်တစ်စုံကို ၀တ်ထားခဲ့သည်။
ထို့ကြောင့် သူမသစ်ပင်တက်နေစဉ်တွင် လင်းဇီချန်ရှေ့တွင် အမှတ်တမဲ့ ပေါ်သွားခဲ့၏။
သူမသည် မီးခိုရောင် အတွင်းခံဝတ်ထားသော်လည်း လင်းဇီချန်သည် မြင်ကွင်းကို ရှောင်ရှားရန် သစ်ပင်တခြားကိုင်းသို့ ရွှေ့သွားခဲ့သည်။
ခဏအကြာတွင် နှစ်ယောက်စလုံးသည် သစ်ပင်အမြင့်တစ်နေရာတွင် ရပ်နေကြသည်။
ရှန်ချင်းဟန်က သစ်ပင်ကိုမကိုင်ဘဲ သူမ၏ဖုန်းကို ထုတ်ကာ အဝေးက တောအုပ်ကို ဓာတ်ပုံရိုက်နေသည်။
သိုင်းပညာအတန်း၏ ကျောင်းသားတစ်ဦးဖြစ်သည့်အတွက်ကြောင့် ကျောင်း၏တောကန္တာရ ရှင်သန်ရေးသင်တန်းများတွင် သစ်ပင်တက်ခြင်းကို မကြာခဏ လေ့ကျင့်ခဲ့ရသည်။ ထို့ကြောင့် သူမသည် သစ်ပင်ပေါ်တွင် တည်ငြိမ်နေကာ ပြုတ်ကျမည်ကို ကြောက်မနေခဲ့ပေ။
ထိုအချိန်၌ပင် လေညှင်းတိုက်လိုက်သောကြောင့် ရှန်ချင်းဟန်၏ ဆံနွယ်များ လေထဲလွင့်သွားသည်။
လင်းဇီချန်သည် ထိုအခိုက်အတန့်ကို လှပလွန်းသည်ဟု ထင်မိသဖြင့် ဖုန်းကို ချက်ချင်းထုတ်ကာ အလွန်စွဲမက်ဖွယ်ကောင်းနေသောသူမကို ဓာတ်ပုံရိုက်လိုက်သည်။
အချိန်မည်မျှကြာသွားသည်ကို မသိလိုက်ကြပေ။ ထပ်မံ၍ ဓာတ်ပုံများမရိုက်ကြတော့ဘဲ နှစ်ဦးစလုံး ဖုန်းများကို ပြန်ထည့်လိုက်ကြသည်။
ရှန်ချင်းဟန်သည် အဝေးကရှုခင်းကို ငေးကြည့်ကာရုတ်တရက် ပြောလိုက်သည်။
" ဇီချန်၊ ငါတို့ရဲ့ခင်မင်မှုကြောင့် နင်နဲ့အတူတူ အလယ်တန်းရော အထက်တန်းရော တူတူတက်ခဲ့တယ်။ ငါ ဒီတိုင်း ဆက်လုပ်လို့မရဘူး။ ငါ နင့်ကို အမြဲတမ်း အားကိုးလို့ မရဘူး။"
သူမက ဤသို့ပြော၍ တောက်ပနေသော မျက်လုံးဝိုင်းကလေးများဖြင့် လင်းဇီချန်ကို ကြည့်လိုက်သည်။
"နှစ်နှစ်ခွဲကြာရင် ငါကိုယ်တိုင်ကြိုးစားပြီး သေချာပေါက် နင်နဲ့တူတူတက္ကသိုလ်တက်နိုင်မှာ”
"အင်း၊ ငါ မင်းကို ယုံတယ်”လင်းဇီချန်သည် တုံ့ဆိုင်းမနေဘဲ ယုံကြည်စွာဖြင့် ချက်ချင်းဖြေလိုက်သည်။
ရှန်ချင်းဟန်သည် ကျောင်း၏ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲတွင် ပထမနေရာရရှိခဲ့သည့်အပြင် သိုင်းပညာသင်တန်း၌ပင် အနိုင်ရရှိခဲ့သောကြောင့် ယုံကြည်မှု ပိုမိုရှိလာသည်ကို လင်းဇီချန်သတိထားမိသည်။ ယခင်ကကဲ့သို့ စိုးရိမ်တတ်လွန်း၊ ရှက်တတ်လွန်းသော ရှန်ချင်းဟန်နှင့် မတူတော့ပေ။
လင်းဇီချန်သည် ကိုယ့်အရည်ချင်းများကို သိ၍ မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာသော ရှန်ချင်းဟန်အသစ်ကို ပိုမို နှစ်သက်လာသည်။
အခန်း (၈၆) ကျီရှန်းအုပ်စု
"ဇီချန်၊ မင်းက အံ့သြစရာပဲ"
"ငါ့သား၊ ချန်ပီယံ မင်း ချန်ပီယံဖြစ်သွားပြန်ပြီ"
"ခေါင်းဆောင်က အရမ်းမိုက်တယ်"
"ဟိတ်၊ ဒါက မိုက်လွန်းတယ်။ ပထမအထက်တန်း၊ ဒုတိယအထက်တန်းနဲ့ တတိယအထက်တန်းက ထိပ်တန်း ကျောင်းသား အားလုံးထက် ဇီချန်က ပိုတော်နေတာကြောင့် အခု သူတို့အသည်းကွဲသွားကြတော့မှာပဲ”
"ငါးနှစ်ကြာပြီးတဲ့နောက်မှာ ငါတို့ ရှန်ဟိုင်းအထက်တန်းကျောင်းက ချန်ပီယံဆုဖလားကို နောက်တခါ ထပ်ရခဲ့ပြီကွ”
လပေါင်းများစွာကြာပြီးနောက် အထက်တန်းကျောင်းပထမနှစ်၏ နွေရာသီအားလပ်ရက်တွင်၊
မြို့တော်၏အားကစားကွင်း ရှန်ဟိုင်းမြို့ အထက်တန်းကျောင်း သိုင်းပညာ ဖလှယ်ပြိုင်ပွဲတွင် ရှန်ဟိုင်းကျောင်း ကိုယ်စားပြု၍ ပြိုင်ပွဲဝင်ခဲ့သော လင်းဇီချန်သည် စင်ပေါ်၌ သူ၏အားဖြင့် မည်သည့်ပြိုင်ဘက်ကိုမဆို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ သူတိုက်ခိုက်ရသည့် အချိန်တိုင်း၌လည်း လျင်မြန်စွာ အနိုင်ယူနိုင်ခဲ့သည်။ နောက်ဆုံးတွင် ချန်ပီယံဆုကို ထပ်မံရရယူနိုင်ခဲ့သည်။
ဤကဲ့သို့ ထူးခြားသည့် စွမ်းဆောင်မှုကြောင့် သူ၏ပြိုင်ဘက်များအပြင် အသင်းဖော်များနှင့် ပရိသတ်များကိုပါ အံ့အားသင့်စေခဲ့သည်။
ပြိုင်ပွဲပြီးနောက်။
ပြည်တွင်းသိုင်းပညာအားကစားရုံ အများအပြားက လင်းဇီချန်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ခေါ်ယူလိုကြောင်း ပြောကြားကာ ဈေးနှုန်း ညှိနှိုင်းချင်ကြသည်။ ဟယ့်ယွီမိသားစု၏ အားကစားရုံလည်း ပါဝင်သည်။ လင်းဇီချန်သည် ဤကြီးလေးသောကိစ္စများအတွက် အချိန်မဖြုန်းချင်သောကြောင့် ကျန်းဝမ်ရှင်းနှင့် လင်းယန်ရှင်းတို့ကို အလုံးစုံ တာဝန်ပေးလိုက်သည်။
သူကမူ အိမ်၌ အေးအေးဆေးဆေး ထိုင်၍ ငွေရှာရန်သာ စောင့်ဆိုင်းလျက်ရှိသည်။ စာချုပ်များကို အသေးစိတ်ဖတ်ပြီးနောက် ကျန်းဝမ်ရှင်းနှင့် လင်းယန်ရှင်းတို့သည် ဟယ့်ယွီမိသားစုမှ ဖွင့်လှစ်ထားသော အားကစားရုံကို ရွေးချယ်ခဲ့ကြသည်။
ရွေးချယ်ရသည့် ပထမဆုံး အကြောင်းပြချက်မှာ ဟယ့်ယွီက လင်းဇီချန်၏ အတန်းဖော်ဖြစ်သောကြောင့်
သူ့ အတန်းဖော်၏ အားကစားခန်းမကိုရွေးချယ်ခြင်းသည် ပို၍ယုံကြည်စိတ်ချရသည်ဟုခံစားရသည်။ ဒုတိယတစ်ချက်မှာ ဟယ့်ယွီမိသားစု၏အားကစားရုံမှ ကမ်းလှမ်းသောစာချုပ်သည် အသင့်လျော်ဆုံးဟု ထင်ရသောကြောင့်ဖြစ်သည်။ ရက်အနည်းငယ်ကြာသောအခါ ပြိုင်ပွဲမှ ဆုငွေများကို ထုတ်ဝေခဲ့၍ ကြော်ငြာစာချုပ်အတွက် ကြိုတင်ပေးချေမှုလည်း လွှဲပြောင်းပြီးဖြစ်သည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း သိမ်းဆည်းထားသည့် ဆုငွေများအပါအဝင် သူသည် ယွမ် ၉သိန်းကို စုဆောင်းနိုင်ခဲ့ကာ၊ ယခုအခါ ကိုယ်ပျောက်နဂါးအသားကို ဝယ်ယူသုံးဆောင်၍ စွမ်းအားကို ဖြန့်ကာ ပင်ကိုယ်အရည်အချင်းကို အရယူနိုင်တော့မည်ဖြစ်သည်။
လင်ဇီချန်သည် နောက်ထပ်မတွေးဘဲ ရှော့ပင်းမောလ်သို့ အမြန်သွားကာ အိမ်ရှင်ဦးလေးစားသုံးရန် ကိုယ်ပျောက်နဂါးအသား ၁၀၀ ကျင်းကို ဝယ်ခဲ့သည်။
[သင်သည် ကိုယ်ပျောက်နဂါး၏ အသက်စွမ်းအင် များစွာကို သုံးဆောင်လိုက်ပြီ။]
[ကိုယ်ပျောက်နဂါးစွမ်းအား ။ ။ ၁၀၀%]
မက်ဆေ့ချ်ဝင်လာချိန်တွင် ဟင်းလင်းပြင်၌ ကြည်လင်ပြတ်သားသော ပုတ်သင်ညိုတကောင်သည် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုပုတ်သင်ညိုသည် ကောင်းကင်မှ အမဲလိုက်နေသော လင်းယုန်ငှက်ကြီးရန်မှ ရှောင်ရှားရန် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်။
မကြာမီ၌ ထိုမြင်ကွင်းပျောက်ကွယ်သွားကာ မက်ဆေ့ခ်ျအသစ်နှစ်ခု ထပ်ဝင်လာသည်။
[သင်သည် ကိုယ်ပျောက်နဂါးစွမ်းအားကို အောင်မြင်စွာသော့ဖွင့်ခဲ့ပြီး၊ ပင်ကိုယ်အရည်အသွေး "သဘာဝလျှို့ဝှက်နိုင်မှု" ကို ရရှိပါပြီ]
[သဘာဝ လျှို့ဝှက်နိုင်မှု- သင့်ရဲ့အသက်စွမ်းအင်ကို လျှော့ချနိုင်ပြီး သွေးမျိုးဆက်အဆင့်အတန်းကို ဖုံးကွယ်ဖို့ အသုံးပြုနိုင်ပါတယ်]
သတင်းအချက်အလက်များကို ဖတ်ပြီးနောက်၊ လင်းဇီချန်အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဤပင်ကိုယ်အရည်အသွေးသည် အမှန်တကယ် အကျိုးသက်ရောက်မှု နှစ်ခုရှိသည်။
တစ်။ ။ တည်ရှိမှု လျှော့ချနိုင်ခြင်း။ ရန်သူများကို ရှောင်ရန် သို့မဟုတ် အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် မတော်တဆထိုးစစ်ရန် အသုံးပြုနိုင်သည်။
နှစ်။ ။ ကိုယ်ခန္ဓာအဆင့် ဖုံးကွယ်နိုင်မှု - ရန်သူများကို လှည့်ဖျားရန် သုံးနိုင်ကာ ၎င်းတို့ကို သတိလက်လွတ်တိုက်ခိုက်နိုင်သည်။
"သဘာဝလျှို့ဝှက်နိုင်မှု" ၏ သက်ရောက်မှုကို အနည်းငယ် စမ်းသပ်ပြီးနောက်၊ လင်းဇီချန်သည် ထူးြခားဆန်းပြားတိရစ္ဆာန် အသားရောင်းချမှုဧရိယာကို လျင်မြန်စွာ သွားခဲ့သည်။
လော့ခ်ဖွင့်ရန် နောက်ထပ်ဆန်းပြားတိရစ္ဆာန်စွမ်းအားကို ရှာဖွေလျက်ရှိသည်။ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူသည် ၁ ကျင်းလျှင် ယွမ် ၂၀,၀၀၀ ကျသင့်သော အလွန်စျေးကြီးသည့် ဆန်းပြားတိရစ္ဆာန်၏အသားကို ရွေးချယ်လိုက်သည်။
အလွန်အစွမ်းထက်၍ အန္တရာယ်သတိပေးနိုင်စွမ်းရှိကာ ထူးခြားဆန်းပြားသော သားရဲဖြစ်သည့် ကိုယ်ပျောက်ငါးရှဥ့်ကို ဝယ်ယူခဲ့ကာ ၎င်းသည် အခြားသတ္တဝါများ၏ မကောင်းမှုများကို အလွန်အမင်း သတိထားနိုင်ကာ မုဆိုးများက ဖမ်းမိခဲသည်။ လင်းဇီချန်သည် အန္တရာယ်ကိုသိမြင်နိုင်စွမ်းကို နှစ်လိုသဖြင့် ဤကိုယ်ပျောက်ငါးရှဥ်စွမ်းအားကို ဖွင့်ရန်ဆုံးဖြတ်ခဲ့သည်။
သို့သော် အသား၏စျေးနှုန်းမှာ တစ်ကျင်းလျှင် ယွမ် ၂၀,၀၀၀ ဖြစ်၍ စွမ်းအားကိုဖွင့်ရန် ယွမ် ၂ သန်းအထိ သုံးရန် လိုအပ်သည်။
ရှည်လျားသော ခရီးတစ်ခု။
လင်းဇီချန်သည် ခေါင်းကိုခါယမ်းကာ ကုန်တိုက်မှထွက်ကာ အိမ်သို့ပြန်ခဲ့သည်။
အိမ်ပြန်လမ်းတွင် ဘားတစ်ခုကို ဖြတ်သွားရာ လင်းဇီချန်သည် စက်ပိုင်းဆိုင်ရာ ပြင်ဆင်သည့်လူအနည်းငယ်က အမျိုးသမီးတစ်ဦးကို ဖမ်းဆွဲကာ ဘားမှ ဆွဲထုတ်လာသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ကျည်ဆန်မာမာ အမျိုးမျိုးဖြင့် ထိုးဖောက်ထားသဖြင့် အလွန်အားနည်းနေပုံရ၍ လမ်းမှန်မှန်မလျှောက်နိုင်ဘဲ ထိုလူနှစ်ဦးက သူမ၏ လက်ကိုဆွဲလျက် ထောက်ထားပေးနေရသည်။
လင်းဇီချန်သည် ထိုအမျိုးသမီးအား ဂရုမစိုက်ဘဲ ကျည်ဆန်ကဲ့သို့ မာကျောသော အရာဝတ္ထုများကို ဦးတည်စိုက်ကြည့်နေသည်။ ၎င်းတို့သည် သံချောင်းအရွယ်အစားသာ ဖြစ်သည်။ ၎င်းတို့ကို အထူးသတ္တုစပ်ပစ္စည်းဖြင့် ပြုလုပ်ထားပုံရသည်။ ၎င်းတို့သည် အဆင့်မြင့်နည်းပညာသုံး တားမြစ်ကိရိယာတစ်မျိုးဖြစ်နိုင်၏။ ၎င်းတို့သည် အကျဉ်းသားတစ်ဦး၏ လှုပ်ရှားမှုကို ကန့်သတ်ရန် အသုံးပြုသည့် လက်ထိပ်နှင့် ခြေထောက်စီးကြိုးများနှင့် ဆင်တူသည်။
"ဇီချန် တိုက်ဆိုင်လိုက်တာ”
ထိုအချိန်တွင် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများထဲမှ ဆံပင်ရှည်ဖြင့် လူငယ်တစ်ဦးသည် လင်းဇီချန်ကို လှမ်းခေါ်လိုက်သည်။ လင်းဇီချန်သည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် အံ့အားသင့်မှု ထွက်ပေါ်လာသည်။ သူ့ကိုလှမ်းခေါ်သောသူက သူ၏ အထက်တန်း သိုင်းပညာအဖွဲ့ထဲမှ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ကျန်းခိုင် အထက်တန်းကျောင်းဆက်မတက်နိုင်တော့ဘဲ မော်တော်ဆိုင်ကယ် မတော်တဆမှုမ၌ ခြေထောက်ကျိုးသွားပြီးသည့်နောက် တစ္ဆေမီးလျှံလူငယ်တစ်ဦးဖြစ်လာခဲ့သည်။
ကျန်းခိုင်သည် သူ၏ ရောင်စုံမီးတောက်ဆံပင်များကို ရိတ်ပြီးစဥ်မှစ၍ အထက်တန်းကျောင်းက ညှပ်ထားလေ့ရှိသော ရိုးရှင်းသော ဆံပင်အအုပ်ကေသို့ ပြန်ပြောင်းထားသည်။ အထူးခြားဆုံးသော ပြောင်းလဲမှုမှာ သူ၏ခြေထောက်နှစ်ဖက်သည် ယခုအခါ သတ္တုစပ် ခြေထောက်များ တပ်ဆင်ထားခြင်း ဖြစ်သည်။
လမ်းပေါ်၌ တစ်ယောက်နှင့်တစ်ယောက်တွေ့ခဲလှသဖြင့် နှစ်ယောက်သား စကားစမြည်ပြောကြသည်။
ထို့နောက်တွင်ကျန်းခိုင်သည် မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် ခြေထောက်များကျိုးသွားပြီးနောက် MechGod အဖွဲ့မှ စက်ရုပ်အစားထိုးလက်တွေ့စမ်းသပ်မှုများအတွက် ပါဝင်ခဲ့သည်။ ထွက်လာသည်နှင့်အမျှ၊ MechGod အဖွဲ့၏ စမ်းသပ်မှုများက အမှန်တကယ်ပင် အောင်မြင်ခဲ့၍ ဇန်ကိုင်ကို မသန်စွမ်းဖြစ်နေသူမှ စက်ရုပ်အစားထိုးလူသားအဖြစ် ပြောင်းလဲစေခဲ့သည်။ ယခု သူသည် MechGod အဖွဲ့တွင် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးအဖွဲ့၌ အလုပ်သင်အဖြစ် လုပ်ကိုင်နေသည်။
“မင်း မယုံနိုင်လောက်ဘူး၊ ဒါပေမယ့် ဒီသတ္တုခြေထောက်တွေဟာ မျက်စိထင်ထင် စျေးပေါပေါလို့မြင်ရပေမယ့် တကယ်တော့ မင်းယုံမလား၊ မီတာတစ်ရာကို ငါ့အနေနဲ့ ငါးစက္ကန့်အတွင်း ပြေးနိုင်တယ်၊ ထိပ်တန်းကျောင်းသားတွေအများကြီးထက် ပိုစွမ်းဆောင်နိုင်တာပဲ”
ကျန်းခိုင်က လင်းဇီချန်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ သတ္တုစပ် ခြေတုလက်တုကို ညွှန်ပြလိုက်သည်။
“ငါးစက္ကန့်အတွင်း မီတာတစ်ရာဆိုတာ တကယ်ထူးခြားတာပဲ” လင်းဇီချန်က သဘောကျစွာ ခေါင်းညိတ်ပြသော်လည်း အတွင်းစိတ်က သံသယဖြစ်မိသည်။
ထိပ်တန်းကျောင်းသားများဟု ခေါ်ဆိုကြသူများသည် အထက်တန်းကျောင်းသားများဖြစ်သည်။ တက္ကသိုလ်တက်၍ နိုင်ငံ မျိုးရိုးဗီဇ ပေါင်းစပ်မှုပြုလုပ်မှသာ ၎င်းတို့၏ ခွန်အားအစစ်အမှန်ကို မြင်နိုင်မည်ဖြစ်သည်။ သတ္တုခြေတုလက်တုများအကြောင်း အကျဉ်းချုပ် ဆွေးနွေးပြီးနောက် လင်းဇီချန်သည် စောစောက အမျိုးသမီးကို တွေးကာ ကျန်းခိုင်ကို စူးစိုက်ကြည့်၍ မေးလိုက်သည်။
"ဒါနဲ့ ကျန်းခိုင် မင်းတို့နှစ်ယောက် မိန်းမတစ်ယောက်ကို ဘားထဲက ခေါ်ထုတ်လာတာ ငါတွေ့တယ်။ သူဘယ်သူလဲ"
“အဲ့အမျိုးသမီးက ကြွက်နတ်ဘုရားအသင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ကိုးယောက်ထဲက တစ်ယောက်ပဲ”
“သူ့ကို လိုက်ရှာနေတာ ကြာပါပြီ။ ပလက်စတစ်ဆာဂျရီခိုးလုပ်ထားလို့ မရှာနိုင်ခဲ့ကြတာ”
ထို့နောက် ကျန်းခိုင်က မျက်ခုံးပင့်၍ ဆက်ပြော၏။
“သိလား၊ သူက ကြွက်နတ်ဘုရားအသင်းကို မ၀င်ခင်မှာ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကျောင်းရှိတယ်။ သူက နိုင်ငံအနှံ့ ထင်ရှားတဲ့ ကောလိပ်ကျောင်းသူတစ်ဦး ဖြစ်ခဲ့တာ”
သူပြောပြီးသည်နှင့် နောက်ထပ် ခပ်တိုးတိုးပြောမည့်ပုံပေါက်နေချိန်တွင် ဘေးနားက စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူတစ်ယောက်က သူ့ကို ရှေ့သို့ တွန်းလိုက်သည်။
“ကျန်းခိုင်း စကားပြောတာ ရပ်ပြီး၊ သွားကြစို့"
"လာပြီ"
ကျန်းခိုင်က ဤသို့ တုံ့ပြန်ပြီးနောက် လင်းဇီချန်ဘက်သို့ လှည့်၍ နှုတ်ဆက်လိုက်၏။
"အချိန်ရရင် ငါတို့ ထပ်ပြောဦးမယ်။ ငါသွားပြီ။"
“အိုကေ၊ နောက်မှ ပြန်တွေ့ကြမယ်။”
ကျန်းခိုင်ထွက်သွားသည်ကို မြင်ပြီးနောက် လင်းဇီချန်သည် MechGod အဖွဲ့နှင့်ပတ်သက်သည့် သတင်းအချို့ကို ရှာဖွေရန် ကြံရွယ်ကာ သူ့ဖုန်းကို ထုတ်လိုက်သည်။ သတင်းအက်ပလီကေးရှင်းကို ဖွင့်လိုက်သည်နှင့် မြို့ထဲက ကျော်ကြားသော အဆောက်အအုံတစ်ခု မြေပြိုကျသွား၍ ဒေသခံပြည်သူများ ဒေါသတကြီး ပြစ်တင်ရှုတ်ချကာ ဒေါသထွက်စွာ ဆန္ဒပြနေကြသည်ဆိုသော သတင်းကို တွေ့လိုက်ရသည်။
လင်းဇီချန်သည် ဤသတင်းကို စိတ်မဝင်စားဘဲ MechGod အဖွဲ့နှင့် ပတ်သက်သည့် သတင်းများကိုသာ ရှာဖွေဖတ်လိုက်သည်။
နောက်ဆုံးတွင်၊ သူသည် မကြာသေးမီက ထွက်ရှိသည့် သတင်းနှစ်ခုကို တွေ့ခဲ့သည်။
တစ်ခုမှာ MechGod အဖွဲ့မှ အောင်မြင်စွာ ကုသပြီးသည့် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုကြောင့် မသန်စွမ်းဖြစ်ခဲ့သည့် စက်ပိုင်းဆိုင်ရာ ပါရမီရှင် မိန်းကလေးတစ်ဦးအကြောင်း ဖြစ်သည်။ သတင်းဆောင်းပါနှင့်အတူ သက်ဆိုင်ရာ ဓာတ်ပုံများလည်း ပါဝင်သည်။ သူမသည် အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်။
တစ်ခုတည်းသောအားနည်းချက်မှာ မိန်းကလေး၏ ခန္ဓာကိုယ်၏ ၄၀%ကျော်သည် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှု ခံယူခဲ့ရ၍ သူမသည် လူသားတစ်ဝက် စက်ရုပ်တစ်ဝက်ကဲ့သို့ ဖြစ်လျက်ရှိသည်။ လင်းဇီချန်က သနားစရာဟု ခံစားမိသည်၊ သူ့အသက်အရွယ်အရ မိန်းကလေးတစ်ယောက်၏ အသားအရေသည် အနူးညံ့ဆုံးဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်တစ်ဝက်နီးပါးသည် အေးခဲနေသော သံမဏိအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းဇီချန်သည် ခေါင်းကိုခါယမ်းကာ ထပ်ရှာဖွေကြည့်ရန် အခြားသတင်းကို ဖွင့်ကြည့်လိုက်သည်။
MechGod အဖွဲ့၏ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးအဖွဲ့က ကြွက်နတ်ဘုရားအသင်းမှ ကျန်ရစ်သူ ကိုးဦးလုံးကို ဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့များထံ လွှဲပြောင်းပေးကြောင်းဖြစ်သည်။ ထိုသတင်းကို ဖတ်ပြီးနောက် လင်းဇီချန်၏ စိတ်ထဲတွင် ထင်မြင်ချက်တစ်ခု ပေါ်လာသည်။
“MechGod အဖွဲ့ရဲ့ အာဏာက ဒေသခံလုံခြုံရေးတပ်ဖွဲ့ထက် လွှမ်းမိုးနေပြီး အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပြီပဲ”
အခန်း (၈၇) ဆယ့်ရှစ်နှစ်မြောက် အခမ်းအနား
အချိန်များကုန်ဆုံး၍ တစ်နှစ်ကျော်ကြာသွားခဲ့သည်။
ဇီချန်နှင့် ရှန်ချင်းဟန်တို့၏ ကျောင်းသားဘဝသည် ၁၅ နှစ်တိုင်ရောက်ခဲ့ပြီဖြစ်၍ ဆိုလိုသည်မှာ ၎င်းတို့သည် အထက်တန်းကျောင်း၏ အကြီးတန်းနှစ်သို့ရောက်နေပြီဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း၊ ဇီချန်၏ဇီဝဗေဒအဆင့်သည် အောင်မြင်စွာ စတုတ္ထအဆင့်မှ ဆဋ္ဌမအဆင့်သို့တိုးတက် ပြောင်းလဲခဲ့သည်။
မီတာတစ်ရာပြေးခြင်းသည် ၂.၈၇ စက္ကန့်သာ ကြာသည်။ အမြင့်ခုန်ခြင်းသည် ၈.၃၂ မီတာအထိ ရောက်ရှိနိုင်သည်။ လက်တစ်ဖက်ဖြင့် အလေးချိန် ၂၄၅၀ ကီလိုဂရမ် (၂.၄၅ တန်) ကို အလွယ်တကူ မြှောက်နိုင်သည်။ ဤအတောအတွင်း သူ၏ဂျူနီယာနှစ်၏ နွေရာသီအားလပ်ရက်တွင် သူသည် ရှန်ဟိုင်းအထက်တန်းကျောင်းသို့ ချန်ပီယံဆုဖလားကို တစ်ဖန်ယူဆောင်လာခဲ့ကာ အောင်ပွဲများရယူ၍ ကျောင်းသမိုင်းတစ်လျှောက် ရှန်ဟိုင်းအထက်တန်းကျောင်း၏ ပထမဆုံးသော စံချိန်တစ်ခုဖြစ်လာခဲ့သည်။
ရှန်ချင်းဟန်သည် ဇီချန်ကဲ့သို့ ထူးချွန်သူမဟုတ်သော်လည်း လွန်ခဲ့သည့်တစ်နှစ်တွင် သူမသည် ကြီးမားစွာ တိုးတက်လာခဲ့သည်။ တစ်နေ့ပြီးတစ်နေ့ အားစိုက်ထုတ်ပြီးနောက် သူမသည် အတန်းထဲတွင် သိုင်းပညာအဆင့်တွင် အောက်ခြေမှ ထိပ်တန်း ၁၀ ယောက်သို့ ဝင်ရောက်ခဲ့ကာ အောက်ခြေမှ အဆင့် ၁၂ အထိ ရောက်ရှိခဲ့သည်။ ၃၄ ယောက်ရှိသောအတန်းထဲတွင် ပထမတန်းမှ ရေတွက်လျှင် သူမသည် အတန်းရှိ မိန်းကလေးများထဲ၌ ထိပ်တန်းဖြစ်လာခဲ့သည်။ ထိုသို့သော ရလဒ်ကောင်းများကြောင့် သူမကို ကျောထောက်နောက်ခံ အဆက်အသွယ်များမှတစ်ဆင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်သော်လည်း ယခု မည်သူမျှ ငြင်းဆန်နိုင်တော့မည်မဟုတ်ပေ။
ဤအတွက်ကြောင့် သူမ၏စိတ်နေသဘောထားသည် နေ့စဉ်နဲ့အမျှ ပိုမိုတက်ကြွလာကာ ကျောင်းမတက်ခင်က
သူမ၏ ကလေးဘဝကဲ့သို့ ထပ်မံအသက်ဝင်လာ၍ နေ့တိုင်း ပြုံးနေသည့် လူတစ်ယောက် ဖြစ်လာသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း သဘာဝလွန်စွမ်းအားဆိုင်ရာ သုတေသန၌ တိုးတက်မှု မရှိခဲ့ပေ။
ယနေ့ အောက်တိုဘာ ၁၄ ရက်၊
ရှန်ချင်းဟန်သည် သူမ၏ ၁၈ နှစ်မြောက်မွေးနေ့ကို ကျင်းပလျက်ရှိသည်။
ဇီးချန်သည် သူမထက်တစ်ရက်သာပိုကြီးကာ ယမန်နေ့က သူ၏မွေးနေ့ကို ကျင်းပခဲ့သည်။
ထို့ကြောင့် ညနေပိုင်းတွင် မိသားစုနှစ်စုလုံးသည် အတူတူကြီးပြင်းခဲ့ကြသည့် ငယ်သူငယ်ချင်းနှစ်ယောက်အတွက် ၁၈ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို အိမ်၌ ရိုးရိုးရှင်းရှင်း ကျင်းပရန် စီစဉ်ခဲ့ကြသည်။
"အိုကေ၊ ဖယောင်းတိုင်တွေ ငြှိမ်းပြီးပြီဆိုတော့ လက်ဆောင်ပေးရမယ့်အချိန် ရောက်ပြီ"
"တော်တော်လှတဲ့ ကလေးနှစ်ယောက်ပဲ။ တစ်ယောက်နှင့်တစ်ယောက် အတွက် သီးသန့် ပြင်ထားတဲ့ လက်ဆောင်တွေ အမြန်ထုတ်လိုက်လေ။ ငါ အမှတ်တရ ဓာတ်ပုံရိုက်ပေးမယ်”
"ငါ ဗီဒီယိုရိုက်ပေးပါ့မယ်။"
လင်းယန်ရှင်း နှင့် ကျန်းဝမ်ရှင်းတို့ ဇနီးမောင်နှံနှစ်ဦးသည် တယောက်က ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးနေကာ နောက်တယောက်က ကင်မရာဖြင့် ဓာတ်ပုံရိုက်ပေးနေကြသည်။ ရှန်ကျန်းယဲ့ နှင့် ရွှီမုန့်တို့ နောက်ထပ်ဇနီးမောင်နှံနှစ်ယောက်သည် ပျော်ရွှင်စွာ ရယ်မောနေကြကာ ကလေးနှစ်ယောက် လက်ဆောင်လဲလှယ်ပေးသည့် အခိုက်အတန့်ကို ရိုးရှင်းစွာ ပြုံး၍ ထိုင်ကြည့်နေကြသည် ။
"ဇီချန် ဒါက ငါမင်းကိုပေးတဲ့ လက်ဆောင်"
ရှန်ချင်းဟန်သည် အနောက်မှ ထုပ်ပိုးထားသော လက်ဆောင်ကို ထုတ်ကာ စားပွဲပေါ်တွင် ဂရုတစိုက် မတ်မတ်ထားလျက် ဇီးချန်ကို ချိုသာသော အပြုံးဖြင့် ပြောသည်။ ပန်းချီပုံဘောင်သည် အလျား ၁မီတာနှင့် အနံ၁မီတာ စုစုပေါင်း နှစ်မီတာခန့် ကြီးမားသည်။
“လုပ်လေ အပေါ်က အဝတ်ကို ဖယ်လိုက်၊ အထဲက ပန်းချီကားကိုတွေ့ရင် အံ့သြသွားလိမ့်မယ်” ရှန်ချင်းဟန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
“ဟန်ဟန်ရဲ့စကားတွေက ဇနီးမောင်နှံ ထိမ်းမြားပွဲမှာ သတို့သမီးရဲ့ အနီရောင် ပုဝါကို ဖယ်ဖို့ သတို့သားကို တိုက်တွန်းနေသလိုပဲ”
လင်းယန်ရှင်းကလည်း ရယ်မော၍ပြောလိုက်သည်။
“ဟားးဟားးး ဟုတ်တယ်၊ ငါ့သားက အနီရောင်ပုဝါကို ဘယ်တော့ ဖယ်ရမလဲလို့ စဉ်းစားမိတယ်”
ရှန်ချင်းဟန်သည် ရှက်သွားပြီးနောက် ရယ်မော၍ ဇီချန်ကို ကြည့်လိုက်သော်လည်း သူနှင့် မျက်လုံးချင်းဆုံလိုက်သောအခါ ရှက်သွားပြန်သည်။ ဇီချန်သည် တည်ငြိမ်နေ၍ ခပ်ပါးပါးပြုံးကာ အဝတ်ကို မျှော်လင့်တကြီးဖြင့် အမြန်ဆွဲယူကာ ဖယ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ရောင်စုံပုံတူပန်းချီကားတစ်ချပ် သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ရေဆေးပန်းချီကားတစ်ချပ်ဖြစ်သည်။ လူသုံးယောက် တွဲရပ်နေသည်။ တစ်ယောက်က သူဖြစ်ကာ၊ နောက်တစ်ယောက်သည်လည်း သူသာဖြစ်သည်။ နောက် ကျန်သော တစ်ယောက်သည်လည်း သူပင်ဖစ်၏။
သို့ရာတွင် ဤသုံးမျိုးလုံးသည် အသွင်သဏ္ဍန်အားဖြင့် ကွဲပြားသည်။
ဘယ်ဘက်၏အနောက်တွင် အတောင်ပံရှိသော မျိုးရိုးဗီဇပေါင်းစပ်သူဖြစ်၍ သူ၏မျက်လုံးများသည် ချစ်ခြင်းမဲ့၍ အရိုင်းဆန်သည်။ အရှေ့နှင့်ပိုနီးသော အလယ်လူသည် သာမာန်လူသားတစ်ဦးကဲ့သို့ ကျောင်းဝတ်စုံကို ၀တ်ဆင်ထားပုံပေါ်သည်။ ညာဘက်၏အနောက်ဘက်တွင် စက်ပိုင်းဆိုင်ရာ မွမ်းမံထားသော လူတစ်ဦးပုံဖြစ်ကာ၎င်း၏ခန္ဓာကိုယ်ကို သတ္တုစပ်ဖြင့် ဖုံးအုပ်ထားသည်။
ယှဉ်တွဲရပ်နေသော ပုံစံသုံးမျိုးသည် ကောင်းကင်တမန်များနှင့် နတ်ဆိုးများအငွေ့အသက်များနှင့် ပြည့်နှက်နေ၍ အနုပညာအသွင်ဖြင့် ကြွယ်ဝသော သာမန်လူတစ်ဦးနှင့် အမြဲအတူရှိနေသည်ဟူသော ခံစားချက်ကို ပေးစွမ်းသည်။
ဤပန်းချီကားကို ထုတ်ဖော်ပြသလိုက်သောအခါမှာတွင် လင်းဇီချန်က မပြောခင်၌ပင် ရှေ့က ကျန်းဝမ်ရှင်းက အံ့အားသင့်ကြွေးကြော်လိုက်သည်။
"ဟန်ဟန် တကယ် အံ့သြစရာပဲ၊ ဒီပန်းချီကားက အရမ်းလှတယ်၊ အန်တီရှင်းက သမီးလက်ရာကို တကယ်ကို လွမ်းနေတာ"
“ဒီရေဆေးပန်းချီကားဟာ ဟန်ဟန် တစ်နှစ်ပတ်လုံး ဖန်တီးထားတာပဲ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ အပြီးသတ်ခဲ့တဲ့ လက်ရာပဲ။ ဒီပန်းချီဆွဲရင်း မပြီးသေးပဲ ပစ်ထားတဲ့ အကြမ်းစာရွက်တွေစုရင် ကျောပိုးအိတ်တစ်ခုစာတောင် ပြည့်နိုင်တယ်” ရွှီမုန့်က ပြုံး၍ပြောသည်။
ရှန်ချင်းဟန်သည် လွန်ခဲ့သော တစ်နှစ်ကျော်က သူစတင်ရေးဆွဲခဲ့သော ပန်းချီကားကို ကြည့်လိုက်သည်။
မိခင်တစ်ဦးအနေဖြင့် သူမသည် သမီးဖြစ်သူ၏ စိတ်ရင်းစေတနာများကို လင်းဇီချန်ကို ထုတ်ဖော်ပြသ၍ ၎င်းတို့နှစ်ဦးကြား ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစေလိုသည်။ မိခင်၏ စကားကို နားထောင်လျက် ပန်းချီကားကိုကြည့်၍ လင်းဇီချန်သည် ရှန်ချင်းဟန်ကို မော့ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောသည်။
"ဒါက ငါရဖူးသမျှ အကောင်းဆုံးလက်ဆောင်ပဲမို့ တစ်သက်လုံး တန်ဖိုးထားမှာပါ"
"တကယ်လား" ရှန်ချင်းဟန်၏ မျက်နှာသည် ရွှင်လန်းသော အပြုံးများဖြင့် ပြည့်နေသည်။
လင်းဇီချန်၏ တုံ့ပြန်မှုကို ကြားပြီးနောက် သူမသည် ပြီးခဲ့သောနှစ်အတွင်း ရေဆေးပန်းချီထဲသို့ စိတ်နှစ်ထားသော သူမ၏ကြိုးစားမှုအားလုံးကို ထိုက်တန်သည်ဟု ခံစားရသည်။ လင်းဇီချန်သည် စားပွဲပေါ်တွင် ရေဆေးပန်းချီကို သေချာသိမ်းဆည်းကာ အနီးနားရှိ ဆိုဖာပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။
ထို့နောက် သူသည် ဆိုဖာမှ လွယ်အိတ်ကို ကောက်ယူ၍ ချင်းဟန်ကို ခပ်တိုးတိုးပြောလိုက်သည်။
“ဒါက မင်းအတွက် ငါ့လက်ဆောင်ပဲ။ ငါကိုယ်တိုင် လက်နဲ့သေချာလုပ်ထားတာ။ ကြည့်ပြီးရင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်။”
"သဘောကျမှာ သေချာပါတယ်။" ရှန်ချင်းဟန်က ပြုံး၍ လက်ဆောင်ကို လက်ခံလိုက်သည်။
သူမသည် လက်ဆောင်အိတ်ကို ချက်ချင်းဖွင့်လိုက်ရာ အထဲတွင် ဓာတ်ပုံဘောင်ပါဝင်သည်။ ဤဘောင်သည် အနည်းငယ်သေးငယ်သည်၊ ၎င်း၏ အလျားနှင့် အနံသည် အောင်လက်မှတ်တစ်ခုစာရှိသည်။
သို့သော် အဘိဓာန်ကဲ့သို့ အနည်းငယ်ထူသည်။
အတွင်းပိုင်းသည် ပန်းချီများမဟုတ်သော်လည်း ကြယ်ပန်းများ၊ ဆောင်းဦးပန်းမျာ၊ သစ်ခွပန်းများ၊နှင့် အခြားပန်းအသေးစားအမျိုး ၂၀ ကျော်ခန့်ပါဝင်သည်။ ဘောင်၏အလယ်ဗဟိုတွင်ရှိသော သေးငယ်သောပန်းပွင့်သည် သူမအကြိုက်ဆုံး၊ ဒုဓလီပန်းဖြစ်သည်။ ဤပန်းပွင့်နမူနာငယ်များကို ကွက်ကွက်ကွင်းကွင်းနှင့် မယုံနိုင်ဖွယ်ကောင်းလောက်အောင် လှပပုံပေါ်သော အထူးနူးညံ့သည့် ဂျယ်ဖြည့်ပစ္စည်းဖြင့် ဖရိန်၏အကွက်တွင် တပ်ဆင်ထားသည်။
"ဇီချန် ငါ ဒီလက်ဆောင်ကို အရမ်းကြိုက်တယ်" နမူနာဘောင်ထဲက ပန်းများကို ကြည့်၍ ရှန်ချင်းဟန်၏မျက်လုံးများ တောက်ပနေသည်။
၎င်းတို့နှစ်ယောက်လုံး၏ လက်ဆောင်များသည် ဓာတ်ပုံဘောင်းများဖြစ်နေသည်ကို ကျန်းဝမ်ရှင်းက စပ်စု၍ မေးလိုက်၏။
“မင်းတို့ လက်ဆောင်တွေက ဘောင်တွေပဲ၊ မင်းတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ပေးဖို့ ကြိုပြီး သဘောတူခဲ့တာလား”
"သားတို့ မစီစဥ်ထားပါဘူး။ တကယ် တိုက်ဆိုင်တာ”
"အတူတူကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်း မင်းတို့နှစ်ယောက်လုံးက အတူတူ လက်ဆောင်ပေးဖို့ တွေးမိတာပဲ။ တစ်ယောက်ရဲ့ တစ်ယောက် ခံစားချက်တွေ တစ်ယောက် သိမြင်နိုင်တဲ့ အဆင့်အထိ ရောက်လာပြီထင်တယ်။”
"လာလာ၊ မင်းတို့ရဲ့လက်ဆောင်တွေနဲ့ အတူတူထိုင်ကြ မေမေ အမှတ်တရ ဓာတ်ပုံရိုက်ပေးမယ်”
ဒီလိုပြောပြီးနောက် လင်းဇီချန်နဲ့ရှန်ချင်းဟန်တို့သည် ၎င်းတို့၏ လက်ဆောင်များကို အသီးသီးယူကာ ဆိုဖာပေါ်တွင် ကပ်လျက် ထိုင်လိုက်ကြသည်။
၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခြေထောက်နှစ်ဖက်ထိလျက်၊ ပခုံးချင်းယှဥ်၍ အလွန်နီးကပ်စွာထိုင်နေကြရာ ရင်ခုန်သံများ နိုးကြားလာ၏။