← Chapters

အပိုင်း ၈၈-၉၀

Vol. 6 Ch. 88-90

အပိုင်း ၈၈-၉၀

Vol. 6 Ch. 88-90

အခန်း(၈၈) မြေအောက် ၂၀၀၀၀ မီတာ

ကလေးနှစ်ယောက်၏ မွေးနေ့ပွဲများ ကျင်းပပြီးနောက် မိသားစုနှစ်စုလုံးသည် ကြိုတင်သဘောတူညီမှုဖြင့် ဧည့်ခန်းထဲတွင် စု၍ မာကျောက်ကစားလျက် ရယ်မောနေကြသည်။

ဇီချန်နှင့်ရှန်ချင်းဟန်သည် အနည်းငယ် ဆူညံနေသဖြင့် အပြင်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ အိမ်နှင့် မဝေးလှသော သစ်ပင်တန်းလမ်းဆီသို့ ညနေခင်းလေနုအေးဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လျက် ည၏ အေးချမ်းမှုကို ခံစားနေကြသည်။ ရှန်ချင်းဟန်သည် ပန်းရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထား၍ လမ်းတစ်လျှောက် လျှောက်သွားစဉ်တွင် သူမ၏ သေးသွယ်ဖြောင့်စင်းသော ခြေတံများသည် ထင်ရှား၍ မျက်စိကျဖွယ် ကောင်းလှသည်။

ဇီချန်က အာရုံလွှဲကာ မစိုက်ကြည့်မိစေရန် ထိန်းသော်လည်း အချိန်တိုင်း လှည့်ကြည့်နေမိသည်။

"ဇီချန်၊ ဒီပန်းဘောင်ကို ဖန်တီးဖို့ ဘယ်လောက်ကြာခဲ့လဲ" လမ်းလျှောက်လာလျက် ရှန်ချင်းဟန်က ရုတ်တရက် မေးလိုက်သည်။

"တစ်နှစ်ခွဲလောက်ကြာတယ်" ဇီချန်က မျက်တောင်မခတ်ဘဲ လိမ်လိုက်သည်။

သူ၏ထူးခြားသော သဘာဝစွမ်းရည်ဖြင့်၊ နမူနာဘောင်ကို အပြီးသတ်ရန် တစ်ပတ်သာ အချိန်ယူခဲ့ရသည်။

ထို့အပြင်၊ တစ်ပတ်တာ အတွင်းတွင် တစ်နေ့ကို တစ်နာရီသာ သုံးခဲ့သည်။ သို့သော် ထိုအချက်ကို သူမကို မပြောပြတော့ပေ။ တစ်ပတ်သာကြာသည်ဟုဆိုပါက အလေးမထားပုံရသည်ဟု ထင်သွားနိုင်သည်။

ရှန်ချင်းဟန်သည် ထိုစကားကိုကြားသောအခါ လန့်သွားသည်။

လေပြေညှင်းလေးတိုက်ခတ်နေခြင်းသည် လွန်စွာ ခံစား၍ကောင်းသည်။အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှေ့တွင် သံတန်းနှစ်ခုကိုတွေ့သဖြင့် ထိုင်လျက် စကားစမြည်ပြောကြသည်။

ခြေထောက်များကို အသာအယာ လှုပ်ယမ်းကာ ရှန်ချင်းဟန်က ချိုချိုသာသာ ပြောသည်။

“ငါပြန်ရောက်ရင် အဲ့ပန်းဘောင်ကို ငါ့အခန်းထဲမှာ ဆွဲထားမယ်။ အဲ့တာဆို နင်ငါ့ကို ပေးခဲ့တဲ့ ပန်းတွေကို နေ့တိုင်း ကြည့်လို့ရတယ်”

"ငါလည်း အိမ်ပြန်ရင်၊ ငါ့အခန်းထဲမှာ နင်ပေးထားတဲ့ ရေဆေးပန်းချီကို ဆွဲထားလိုက်မယ်"

ဤသို့ပြောနေစဉ်၊ လင်းဇီချန်၏အကြည့်သည် သူ့ဘေးနားရှိ ရှန်ချင်းဟန်အပေါ် အမှတ်မထင်ရောက်သွားကာ သူမကိုစေ့စေ့အကဲဖြတ်လိုက်တော့သည်။

အရပ် ၁.၆၈ မီတာရှိ၍ သွယ်လျနေသောခြေထောက်များနှင့် သူငယ်ချင်းမလေးသည် တစ်ချိန်က သတိမထားမိသလောက် သေးသေးလေးသာဖြစ်ခဲ့သော်လည်း ယခုအခါ ပြည့်ပြည့်ဝိုင်းဝိုင်း နှင့် ဆွဲဆောင်မှုရှိကာ ချောမောလှပနေသည်။ ယခင်က သူမ၏ မျက်နှာအသွင်အပြင်သည် သေးငယ်သော်လည်း ယခုအခါ ပို၍ ထင်ရှားစွာ ချစ်စဖွယ်ကောင်းလာခဲ့သည်။ အထူးသဖြင့် ငယ်စဉ်က ရိုးရိုးတန်းတန်း ဖြစ်နေသော မျက်လုံးများသည် ယခု မထင်မှတ်ထားလောက်အောင် ချစ်စဖွယ်ကောင်းနေသည်။

ဆယ့်ရှစ်နှစ်အရွယ် ရှန်ချင်းဟန်သည် ပို၍ ဆွဲဆောင်မှုရှိလာသည်။

ထူထဲသောမိတ်ကပ်လိမ်းထားသည့် တီဗီရှိ နာမည်ကြီးများထက် သူမသည် အလှစစ်စစ်များဖြင့် ပိုလှနေသည်။

"ဇီချန်၊ နင် အခုတလော ငါ့မျက်နှာကို ပိုပိုပြီး စိုက်ကြည့်နေတယ်" ရှန်ချင်းဟန်က ဇီချန်၏ကြည့်နေမှုကို သတိထားမိ၍ တိုက်ရိုက်မေးလိုက်သည်။ ယခင်တုန်းက မျက်နှာနီ၍ ရှက်တတ်ခဲ့သော်လည်း ယခုအခါ လင်းဇီချန်၏ အကြည့်များကို ရင်ဆိုင်ရသောအခါတွင် သူမသည် ယခင်ကကဲ့သို့ ရှက်ရွံ့မှုမရှိတော့ပေ။

"မဟုတ်ဘူး၊ ငါကြည့်မိတာက… အချိန်တွေ အရမ်းမြန်တယ်လို့ ခံစားရလို့”

“ဒီလိုပါပဲ၊ ငါတို့အသက် ၁၈ နှစ်ထိ ရောက်လာပြီ။ ငါတို့ ငယ်ငယ်တုန်းက ရုပ်နဲ့မတူပဲ အများကြီး ရင့်ကျက်ပြောင်းလဲသွားပြီ။"

"တစ်ခါတစ်လေ ငယ်ငယ်က နင့် မျက်နှာနဲ့ ယခု မျက်နှာကို နှိုင်းယှဉ်ကြည့်ချင်တာ” လင်းဇီချန်က ပြောသည်။

ရုတ်တရက် ရှန်ချင်းဟန်၏ ခေါင်းထဲသို့ မေးခွန်းတစ်ခု ထွက်ပေါ်လာကာ သူမသည် စူးစမ်းလိုစိတ်ဖြင့်မေးလိုက်၏။

“ဒါဆို နင်က ငယ်ငယ်ကမျက်နှာကို ကြိုက်လား အခုမျက်နှာကို ကြိုက်လား”

"နှစ်မျိုးစလုံးကို ကြိုက်တယ်" ဇီချန်က မဆိုင်းမတွ ပြုံး၍ ဖြေသည်။

သူမလိမ်ခဲ့ပေ။ သူ နှစ်မျိုးစလုံးကို အမှန်တကယ်ကြိုက်သည်။

တစ်ခါက ရယ်မောပျော်ရွှင်ကာ ဖြူစင်သော ရှန်ချင်းဟန်ကိုလည်း ကြိုက်ခဲ့သည်။

တစ်ချိန်က မတည်မြဲ၊ တိတ်ဆိတ်သည့် သဘောသဘာဝရှိကာ သံသယများနှင့်ပြည့်နေသော ရှန်ချင်းဟန်ကိုလည်း ကြိုက်ခဲ့သည်။ ယခု ပို၍ အသက်ဝင်ကာ ရွှင်လန်းနေသော ရှန်ချင်းဟန်ကိုလည်း သဘောကျသည်။

ရှန်ချင်းဟန်၏ အသွင်အပြင် တစ်ခုချင်းစီသည် သူ့ရင်ထဲ၌ ထင်ရှား၍ ချစ်စဖွယ်ကောင်းသော အမှတ်တရများ ဖြစ်ပေါ်စေသည်။ တူတူကြီးပြင်းလာသော မောင်နှမဆန်ဆန် ချစ်ခြင်းမေတ္တာကြောင့်လည်းဖြစ်နိုင်သည်။

လင်းဇီချန်၏ တုန့်ပြန်မှုကို ကြားလိုက်ရသည်နှင့် ရှန်ချင်းဟန်၏ အပြုံးသည် ပိုချိုမြိန်လာကာ သူမ၏ခြေထောက်များလှုပ်ခါလျက် ပျော်ရွှင်စွာ သီချင်းတစ်ပုဒ်ကိုပင် အော်ညည်းနေတော့သည်။

"နင်ကရော ငါ့ ငယ်ငယ်ကမျက်နှာကို ကြိုက်လား အခုမျက်နှာကို ပိုကြိုက်လား" လင်းဇီချန်ကလည်း ထိုမေးခွန်းကို မေးသည်။

"ငါ နင့်အရွယ်တိုင်းကို အရမ်းကြိုက်တယ်"

“တကယ်တမ်းပြောရရင် နင့်ရဲ့ အခုပုံကို ပိုပြီး ကြိုက်မိတယ်။"

"ဘာဖြစ်လို့လဲ" လင်းဇီချန်က အလွန်စိတ်ဝင်စားသည့် မျက်နှာပြု၍ ပြန်မေးလိုက်သည်။

ရှန်ချင်းဟန်သည် သူ့ကို လခြမ်းကွေးကဲ့သို့ ကွေးနေသော မျက်လုံးကလေးများဖြင့် ပြုံးကြည့်လျက် ပြောသည်။

"ဖြတ်သန်းလာရတဲ့ နေ့ရက်တိုင်းမှာ ငါ နင့်ကို ပိုကြိုက်ကြိုက်လာလို့လေ”

လင်းဇီချန် ခဏတာ အံ့အားသင့်သွားသည်။

"ဒါဆို င့ါအရင်အဖြေကို ပြန်သုံးသပ်ရမှာပေါ့၊ ငါက နင်နဲ့အတူတူပါပဲ၊ နေ့တိုင်း နင့်ကို ပိုသဘောကျပြီး ငါတို့ရဲ့ ခင်မင်ရင်းနှီးမှု ထာဝရတည်တံ့ဖို့ မျှော်လင့်တယ်"

"အင်း ငါတို့ရဲ့ ခင်မင်မှု ထာဝရတည်မြဲပါစေ။"

ဒီလို ပြောပြီးနောက်၊ ရှန်ချင်းဟန်က သူမ၏ သွယ်လျ ဖြူဖျော့သော လက်လေးကို လင်းဇီချန်ဆီသို့ လှမ်း၍ လွမ်းဆွတ်တမ်းတသော အသံဖြင့် ပြောသည်။

“ငါတို့ ငယ်ငယ်တုန်းက လက်ချိတ်သစ္စာဆိုပြီး မပြောင်းမလဲ နေ့တိုင်း နှစ်တစ်ရာမက အတူရှိမယ်လို့ ကတိတွေ ပေးခဲ့ဖူးတယ်။ အဲဒါကို အခု ပြန်လုပ်ချင်သေးလား”

"အင်း၊ အဲဒါကို ပြန်လုပ်ကြည့်ရအောင်။" လင်းဇီချန်သည်လည်း သူ့လက်သန်းကို ဆန့်ထုတ်ကာ ရှန်ချင်းဟန်နှင့် ချိတ်လိုက်သည်။

သူတို့ လက်ချိတ်သစ္စာဆိုခါနီး ရုတ်တရက် မြေပြင် တုန်လာသည်။ ၎င်းတို့နှစ်ဦးသည်လည်း တုန်ခါမှုကို သိသာစွာ ခံစားရသည်။

"ငလျင်လှုပ်တာလား” ရှင်းချင်းဟန်သည် တုန်လှုပ်ချောက်ချားနေ၍ မျက်နှာသည်လည်း ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။

"ငလျင်လှုပ်သလိုပဲ"

သူ၏ စကားမပြီးမခင်၌၊ ရုတ်တရက် လေထဲတွင် စာသားကြောင်းများ ပေါ်လာသည်။

[သင်သည် ငလျင်မှ အသက်ရှင်ထွက်နိုင်ခဲ့သည်။]

[စွန့်စားမှုဆိုင်ရာ အောင်မြင်မှု ။ ။ 'အလွန်ပြင်းထန်သော ပတ်ဝန်းကျင်' သို့မဟုတ် 'ဘေးအန္တရာယ်များ' ထဲတွင် အကြိမ် ၁၀၀ အသက်ရှင်နိုင်ခဲ့]

[ဆုလာဘ် -ပင်ကိုယ်စွမ်းရည်တိုးတက်မှု - 'သန်မာသူဘဝရှင်']

[အသက်ရှင်ရမှုအရေအတွက် - ၁/၁၀၀]

မစ်ရှင်တစ်ခု အောင်မြင်သွားပြီလား လင်းဇီချန်၏ မျက်လုံးများသည် အနည်းငယ် ကျယ်လာကာ အံ့သြသွားသည်။

ငလျင်တစ်ခုကြောင့် အောင်မြင်မှုဆိုင်ရာ တာဝန်တစ်ခု ထွက်ပေါ်နိုင်လိမ့်မည်ဟုမထင်ခဲ့သော်လည်း အံ့သြဖွယ်ကောင်းစွာဖြင့် အမှန်တကယ်ဖြစ်သွားခဲ့သည်။

"ဇီချန် အခုက ငလျင်လှုပ်တာ။ လူတော်တော်များများက အဲတာကို ဆိုရှယ်မီဒီယာမှာ ပြောနေကြတာ၊ group chat ထဲက အတန်းဖော်တွေကလည်း အဲဒါကို ဆွေးနွေးနေကြတာ" ရှန်ချင်းဟန်က သူ့ဖုန်းကို ကြည့်လျက် ပြောသည်။

လင်းဇီချန်က မည်သည့်စကားမျှ ပြန်မပြောနိုင်ခင်၌ပင် သူ့ဖုန်း ရုတ်တရက် မြည်လာသည်။ ကျန်ဝမ်ရှင်းမှ ဗီဒီယိုခေါ်ဆိုမှုတစ်ခုဖြစ်သည်။ သူပြန်ဖြေသည်နှင့် တပြိုင်နက် ကျန်ဝမ်ရှင်း၏ စိုးရိမ်သံသည် ဖုန်းမှ ထွက်ပေါ်လာသည်။

သူမက မကြာသေးမီကဖြစ်သည့် ငလျင်ကို ပြောပြကာ ၎င်းတို့နှစ်ဦးကို အဆင်ပြေမပြေလှမ်းမေးခြင်းဖြစ်ကာ လင်းဇီချန်သည် ဖုန်းကင်မရာကို သူနှင့် ရှန်ချင်းဟန်ဘက်သို့ ပြထား၍ ကျန်းဝမ်ရှင်းကို အဆင်ပြေကြောင်း ပြလိုက်သည်။ နှစ်ယောက်လုံဂ ဘေးကင်းကြောင်း သူမအတည်ပြုပြီးသည်နှင့် ကျန်းဝမ်ရှင်းမှ သက်ပြင်းတစ်ချက်ချကာ အိမ်စောစောပြန်လာရန်နှင့် နောက်ကျမနေကြရန် ပြောခဲ့သည်။

ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် မိဘများစိတ်မပူစေရန် လင်းဇီချန်သည် ရှန်ချင်းဟန်ကို တောထဲမှ အိမ်သို့ အမြန်ပြန်ပို့ခဲ့သည်။

သူအိမ်ပြန်ရောက်သည့်အခ တီဗီတွင် ငလျင်နှင့် သက်ဆိုင်သော သတင်းများ ထုတ်လွှင့်နေသည်။ တစ်ကမ္ဘာလုံးသို့ ပြန့်သွားပြီဖြစ်၍ သတင်းထုတ်လွှင့်မှု၏ မြန်နှုန်းသည် အံ့ဩဖွယ်ကောင်းလှသည်။ လင်းဇီချန်သည် ဆိုဖာပေါ်တွင် ထိုင်၍သူ့မိဘများနှင့်အတူ သတင်းကို ကြည့်သည်။

ရှန်ဟိုင်းမြို့၌ ဖြစ်ပေါ်ခဲ့သော ဤငလျင်သည် ကြီးကြီးမားမားလှုပ်ခတ်ခြင်းမဟုတ်ကြောင်း အများပြည်သူများ အထိတ်တလန့်မဖြစ်စေရန် သက်ဆိုင်ရာဌာနများက ရှင်းပြလျက်ရှိသည်။

ရှန်းဟိုင်းမြို့ အောက်ဘက် မီတာနှစ်သောင်းအောက် အနက်တွင်….။

ဤနေရာတွင် အပူချိန်သည် သုံးဆမြင့်တက်လာကာ အချို့နေရာများတွင် ဘူမိဗေဒဆိုင်ရာ အင်္ဂါရပ်များနှင့်အတူ အပူချိန်သည် လေးဆအထိပင် မြင့်တက်၍ မြေပြင်ထက်မှ သက်ရှိများကိုပင် ချက်ပြုတ်နိုင်သည့် အပူချိန်ဖြစ်သည်။ သို့တိုင် ဤပြင်းထန်၍ ရန်လိုသောပတ်ဝန်းကျင်တွင် အပူချိန်မြင့်မားသည့်ဖိအားကိုခံနိုင်ရည်ရှိသော ဧရာမကြွက်များ ရာနှင့်ချီရှိကာ မြေအောက်တွင် တွင်းပေါက်များ တူးဖော်နေကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ၎င်းတို့တူးဖော်သွားသော တူးမြောင်းများသည် ပင်မမြေကြီးကို လမ်းဆုံဥမင်လိုဏ်ခေါင်းဝင်္ကဘာတစ်ခုကဲ့သို့ မြင်ရ၏။

အခန်း (၈၉) နဂါးမိန်းကလေး

အထက်တန်း အကြီးတန်း ဒုတိယနှစ်၊ ဇွန်လ ၆ ရက်။

အချိန်များ ကုန်လွန်သွားပြီး မည်သူမျှမသိမီအချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်မီ တစ်ရက်သာကျန်ရှိနေပြီဖြစ်သည်။ ထိုနေ့တွင် သင်တန်းကျောင်းသည် နောက်ထပ် အတန်းများ မတက်ကြစေဘဲ ကျောင်းသားများကို အနားယူစေကာ စာမေးပွဲအတွက် အကောင်းဆုံးအခြေအနေတွင် ရှိစေရန် ဆုံးဖြတ်ခဲ့သည်။

ကျောင်းဝင်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လမ်းလျှောက်လျက် စကားစမြည်ပြောကာ ရယ်မောနေကြသည်။

ရှန်ချင်းဟန်က နို့လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားကာ တစ်ကျိုက်သောက်၍ ပြောလိုက်သည်။

"ဇီချန်၊ မနက်ဖြန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဖြေရတော့မှာ၊ ငါ နည်းနည်း စိတ်လှုပ်ရှားနေတယ်"

"နင်က ထိပ်တန်းကျောင်းသားထဲက ကျောင်းသားတစ်ယောက်ပါ၊ ကျောင်းမှာ အကောင်းဆုံးစာရင်းဝင်နေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ၊ ဘာတွေများ စိတ်ပူစရာရှိလို့လဲ။"

လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။

သူမအထက်တန်းကျောင်းစတက်တုန်းကနှင့် ယှဉ်လျှင် အမှတ်များသည် သိသိသာသာ တိုးတက်လာခဲ့သည်။

အတန်းထဲတွင် နောက်ဆုံးနေရာမှ ၂၈အထိ တက်လာခဲ့ရာ ရမှတ်များသည် အတန်းရှိ မိန်းကလေးများအားလုံအနက် ဒုတိယဖြစ်၍ အချို့ယောက်ျားလေးများထက်ပင် ပိုများသည်။ အထက်တန်းကြီးထဲတစ်ခုလုံးတွင် ခြုံငုံပြီးပြောလျှင် သူမသည် ထိပ်တန်း ၄၀ စာရင်းထဲတွင် အခိုင်အမာနေရာယူထားနိုင်၍ အလွန်ထူးချွန်သူတစ်ဦးဖြစ်သည်။

ရှန်ချင်းဟန်သည် နို့လက်ဖက်ရည်အရသာကို အရသာခံ၍ လွန်စွာစိုးရိမ်လျက် ရှိသည်။ "ငါစာမေးပွဲကျမှာကြောက်လို့..."

"နင် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ နင်အိမ်သာ ခဏခဏသွားတာ သိသိသာသာ လျော့သွားပြီ၊ ကိုယ်ခန္ဓာလည်း နီးပါး ပုံမှန်ပြန်ဖြစ်လာပြီ။ ဒါ့အပြင် တကယ်လို့ နင်စိုးရိမ်လွန်လွန်းလို့ မထိန်းနိုင်ရင်တောင်၊ အသုံးဝင်မယ့် ဒိုင်ဘာတွေ ရှိတယ်မလား စိတ်လျှော့လိုက်ပါ၊ ဘာမှစိတ်မပူပါနဲ့။"

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အရွယ်ရောက်ပြီးချိန်မှစ၍ ရှန်ချင်းဟန်၏ ခန္ဓာကိုယ်သည် ပိုမိုကောင်းမွန်လာကာ ယခင်ကဲ့သို့ ခဏခဏ အိမ်သာသွားရန်မလိုတော့ပေ။

အကြောင်းရင်းအတိအကျကိုမူ မသိရသေးပေ။ သို့သော်လည်း လင်းဇီချန်သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်က ရင့်ကျက်တည်ငြိမ်လာ၍ သက်ဆိုင်ရာ အစိတ်အပိုင်းများသည် ရေဖြင့် အလွယ်တကူ စိမ့်ဝင်နိုင်ခြင်းမရှိသောကြောင့် ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။

"ဇီချန် ငါ့ခန္ဓာကိုယ်က ရေတွေ စိမ့်ဝင်နေတယ် အဲဒါဘာကြောင့်လဲ"

ရှန်ချင်းဟန်သည် တကယ်ပင် ယင်းအတွက် အဖြေကို သိချင်နေသည်။ သုံးနှစ်နီးပါး သုတေသနပြုကာ လင်းဇီချန်က သူမ၏ ခန္ဓာကိုယ်ကို အကြိမ်ရာနှင့်ချီ စစ်ဆေးပြီးသည့်တိုင် အကြောင်းရင်းကို ရှာမတွေ့သေးပေ။ ဤအရာက သူမအတွက်အလွန်စိတ်ပျက်ဖွယ် ဖြစ်ခဲ့သည်။

သူမ၏ စိတ်ပူပန်သောကရောက်နေသည့်အကြည့်ကို မြင်လိုက်ရသည့်အခါ လင်းဇီချန်က နူးညံ့သိမ်မွေ့သောလေသံဖြင့်ပြော၏။

"ဒါက ကောင်းတဲ့လက္ခဏာပါပဲ။ အကြောင်းပြချက်ရှာရခက်လေလေ၊ ဒီစူပါပါဝါကြီးဟာ ပိုရှေးကျလေလေ၊ လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းလေလေပဲ"

ဤအယူအဆသည် သူ၏ ယခင်ဘဝ၌ လှောင်ပြောင်ခံရမည်ဆိုသည်မှာ သေချာသည်။

သို့သော် ယခု ပြောင်းလဲသွားသော ကမ္ဘာ၌ ထူးခြားသတ္တဝါများ၊ ထူးဆန်းသည့် စွမ်းအားများ၊ နှင့် ရှေးဟောင်းသုတေသနသည့် အစွန်းရောက်နေရာများရှိနေပြီဖြစ်၍ ဤအချက်သည် တစ်စိတ်တစ်ပိုင်း မှန်နေသည်။ ပညာရှင်များစွာက သီအိုရီတစ်ခုကို မှန်းဆထားကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မထင်မရှားပေါ်လာခဲ့သည့် ထူးခြားသတ္တဝါများသည် ပြင်ပဂြိုလ်သားမျိုးစိတ်များမဟုတ်ဘဲ ကမ္ဘာမြေပေါ်တွင် အမြဲတည်ရှိခဲ့သော ရှေးဟောင်းသတ္တဝါများဖြစ်သည်ဟု ပညာရှင်အများအပြားက ထင်မြင်ယူဆခဲ့ကြသည်။

ဤယူဆချက်သည် ချို့ယွင်းချက်များစွာရှိ၍ အဓိပ္ပါယ်မဲ့ပုံပေါက်သော်လည်း လူအများ၏လက်ခံမှုကို ရရှိထားဆဲဖြစ်သည်။

အကြောင်းမှာ တခြားသီအိုရီများအားလုံးက ဤထက်ပို၍ အဓိပ္ပါယ်မဲ့နေခြင်းကြောင့်ပင်ဖြစ်သည်။

ထို့အပြင် ထူးခြားဆန်းပြားသောသားရဲများ ရုတ်တရက်ပေါ်ပေါက်လာခြင်းသည် အလွန်စဥ်းစားဖွယ် ဖြစ်နေ၏။

"အသက်ကြီးလာလေလေ ပိုလျှို့ဝှက်ဆန်းကြယ်လေလေ၊ ပိုအားကောင်းလာလေလေပဲ"

ရှန်ချင်းဟန်က မဲ့၍ပြောလိုက်သည်။

"အဲ့တာ အမှန် ဖြစ်နေရင်ကောင်းမယ်။ ဒါပေမယ့် ငါ စိုးရိမ်တာက အဲ့တာ စူပါပါဝါ လုံးဝ မဟုတ်ဘဲ ကိုယ်ခန္ဓာရဲ့ ချို့ယွင်းမှုသာ ဖြစ်နေလားဆိုတာပဲ"

လင်းဇီချန်းက ပြုံးရယ်၍ ပြောလိုက်သည်။

"တကယ်လို့ ကိုယ်ခန္ဓာချို့ယွင်းတာဆိုရင်တောင် နင့်ကို အဲ့တာကြောင့်နဲ့ ငါဘယ်တော့မှမစွန့်ပစ်ဘူး”

ထိုသို့ကြားလိုက်သည့်အခါ ရှန်ချင်းဟန်စိတ်အေးချမ်းလာကာ ချိုမြိန်မှုတစ်ခုကို အနည်းငယ်ခံစားရသည်။ ထို့နောက် သူမ လမ်းမလျှောက်တော့ဘဲ လင်းဇီချန်၏ အင်္ကျီလက်ကို ဆွဲကိုင်၍ ငြှိုးငယ်သောမျက်လုံးများဖြင့် တောင်းပန်စကားဆိုသည်။

"ဇီချန်း၊ နင် ဘယ်တော့မှ ငါ့ကို ရှက်စရာလို့ မထင်ဘူးလို့ ကတိပေးရမယ် ဟုတ်ပြီလား"

"ငါနင့်ကို ဘယ်တော့မှ ရှက်စရာထင်မှာမဟုတ်ဘူး။"

လင်းဇီချန်သည် ရှန်ချင်းဟန်၏ မျက်လုံးကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"ငါ နင့်ကို မထီမဲ့မြင်လုပ်ရဲရင် ငါ့အမေက ငါ့ကို ခွင့်မပြုတဲ့ ပထမဆုံးသူဖြစ်မှာ သေချာတယ်"

ညနေပိုင်းတွင်။

ညစာစားပြီးနောက် လင်းဇီချန်သည် မိမိ၏ဘဏ်အကောင့်ရှိ ငွေများကို စစ်ဆေးခဲ့ရာ စုစုပေါင်း ၂ သန်းအထိ ရှိနေပြီဖြစ်သဖြင့် ကိုယ်ပျောက်စွမ်းအားကို ဖွင့်နိုင်ခဲ့သည်။ ထို့နောက် အချိန်မဖြုန်းမိစေရန် အလျင်အမြန် ၊ သူ့အိမ်မှထွက်ကာ အသားဝယ်ရန် စျေးသို့ ထွက်လာခဲ့သည်။ သူက ဈေးရုံ၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် သွားကာ ကိုယ်တိုင် အသားဝယ်သည်။ ယခု သူ့အသက် ၁၈ ပြည့်သွားပြီဖြစ်သောကြောင့် သူ့အစား ဝယ်ပေးရန် အခြားသူ မလိုအပ်တော့ပေ။

မကြာမီ သူ့လက်ထဲတွင် ပေါင် ၁၀၀ ရှိသည့် ကိုယ်ပျောက်ငါးရှဥ့်အသား ရောက်လာသည် ဆိတ်ငြိမ်သော နေရာကို ရှာတွေ့သည်နှင့် အတွေးတစ်ခုနှင့်အတူ အသားကို ကိုက်စားလိုက်တော့သည်။

[သင်သည် "ကိုယ်ပျောက်ငါးရှဥ့်" ၏ တသက်တာအနှစ်သာရတွေကို စားလိုက်ပါတယ်]

[ စွမ်းအား- ၁၀၀%]

စာသားအချက်အလက် ပေါ်လာသည်နှင့် လေဟာနယ်ထဲမှ အနက်ရောင် ငါးရှဉ့် ထွက်ပေါ်လာသည်။ ဤငါးရှဉ့်သည် အလွန်ထက်မြက်စွာဖြင့် အန္တရာယ်ကို ခံစားသိရှိနိုင်သည်။ သားရဲတစ်ကောင်က သတ်မှတ်ထားသည့် အကွာအဝေးတစ်ခုအတွင်း ပေါ်လာသည်နှင့်တပြိုင်နက် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားပေလိမ့်မည်။

မြင်ကွင်းမှေးမှိန်လာသည်နှင့်အမျှ စာသားအချက်အလက်အသစ်နှစ်ခု ပေါ်လာသည်။

[သင်သည် ပင်ကိုယ်စွမ်းရည် “အန္တရာယ်သိရှိမှု” ကို ရယူပြီး ကိုယ်ပျောက် ငါးရှဥ့်စွမ်းအားကို အောင်မြင်စွာ ဖွင့်ပြီးပါပြီ]

[အန္တရာယ်သိရှိမှု- အချို့သောအကွာအဝေးတစ်ခုအတွင်း၊ သင်သည် အခြားသတ္တဝါများထံမှ ထွက်လာသော ရန်လိုမုန်းတီးမှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပြီး ၎င်းတို့ထုတ်လွှတ်သည့် ဖိနှိပ်ချုပ်ချယ်သည့် ရောင်ဝါကို ပိုမိုအကဲဆတ်နိုင်သောကြောင့် သင့်ပစ်မှတ်များ၏ ဇီဝဗေဒအဆင့်ကို ပိုမိုလွယ်ကူစွာ ဆုံးဖြတ်နိုင်စေမည်ဖြစ်သည်။]

စာသားအချက်အလက်ကိုဖတ်ပြီးနောက်၊ လင်းဇီချန်သည် ဤ ပင်ကိုယ်စွမ်းရည်၏အကျိုးသက်ရောက်မှုများကို လျင်မြန်စွာစတင်ခံစားလာရသည်။ လှည့်လည်ကြည့်ပြီးနောက် သူသည် ရန်ငြိုးရန်စကို မခံစားခဲ့ရသော်လည်း ဇီဝဗေဒဆိုင်ရာ ဖိအားများ မြင့်တက်လာသည်ကို ရိပ်မိခဲ့သည်။

ဖိအား၏ပြင်းထန်မှုကိုအခြေခံ၍ သူ့ပတ်ဝန်းကျင်ရှိလူတိုင်း၏ ဇီဝဗေဒအဆင့်ကို အကြမ်းဖျင်းခန့်မှန်းနိုင်လာသည်။ အများစုသည် သာမန်ပထမအဆင့်၊ ရုပ်ပိုင်းဆိုင်ရာ သန်မာသူအချို့သည် သာမန်ဒုတိယအဆင့်သို့ ရောက်ရှိကြကာ ယင်းထက်ကျော်လွန်၍ မည်သည့်အရာကိုမျှ မမြင်နိုင်ပေ။

ဤကမ္ဘာပေါ်ရှိ လူအများစုသည် သာမန်လူများဟုသာ ဆိုနိုင်သည်။ မျိုးရိုးဗီဇပေါင်းစည်းမှုများနှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများကဲ့သို့ သတ္တဝါများသည် အလွန်ရှားပါးသော တည်ရှိမှုများဖြစ်သည်။

မဟုတ်လျှင် ၎င်းတို့၏ လူမှုအခြေအနေက ယခုကဲ့သို့ မြင့်လိမ့်မည်မဟုတ်ပေ။

မထွက်ခွာမီ လင်းဇီချန်သည် ကုန်တိုက်တစ်ဝိုက်တွင် အမြန်လမ်းလျှောက်ကာ စားသုံးရန် နောက်ထပ် ဆန်းပြားအသားအမျိုးအစားများကို ရှာဖွေခဲ့သည်။ နောက်ဆုံး၌ မသနေိုင်သောပက်ကျိအသာူ ကို ရွေးချယ်ခဲ့ရာ စျေးနှုန်းသည် ၅၀၀ ဂရမ်ကို တစ်သိန်းဖြစ်သည်။

အကြောင်းရင်းမှာ မသေနိုင်သောပက်ကျိ သည် သာမန်မျှော့တစ်ကောင်ထက် အဆတစ်ရာပို၍ အစွမ်းထက်သော ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော သတ္တဝါဖြစ်သည်။

အခင်းဖြစ်နေရာ၌ မသေဘဲ၊ လုံလောက်သော စွမ်းအင်ထောက်ပံ့မှုရှိနေသရွေ့၊ အပြင်းထန်ဆုံး ဒဏ်ရာများပင် သက်သာပျောက်ကင်းနိုင်သည်။

သူ့ထံမှ စွမ်းအားကို ရရှိခဲ့လျှင် အလွန် ကောင်းမွန်သော အကျိုးအာနိသင်များ ဖြစ်စေမည်မှာသေချာသည်။

"၅၀၀ ဂရမ်မှာ ၁၀၀၀၀၀၊ ၁၀၀,၀၀၀ ၁၀၀ ချိန်ဆို ၁၀ သန်း။ ငါ့ လစဉ် ၀င်ငွေ ၁၀၀၀၀၀ ကို အားကိုးပြီး ချွေတာသုံးရင်တောင် ၈ နှစ်ကျော်လောက် အချိန်ယူရလိမ့်မယ်။ အရမ်းကြာတယ်။ ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးတာနဲ့ ဝင်ငွေတိုးဖို့ လိုတယ်"

နန်ကျင်း ပြည်နယ်၊ ပညာရေးဌာနချုပ်။ ဝန်ကြီးရုံး။

အရပ်နှစ်မီတာနီးပါးရှိသော အမျိုးသားတစ်ဦးသည် ယခုနှစ်အတွင်း နန်ကျန်းပြည်နယ်ရှိ ပညာရေးအခြေအနေများကို ရုံးခန်းထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးအား အစီရင်ခံရန် ပရိုဂျက်တာတစ်ခုကို အသုံးပြုလျက်ရှိသည်။

"နန်ကျန်းပြည်နယ်ရဲ့ မြို့တွေမှာ ဒီနှစ်ရဲ့ ပညာရေးအောင်မြင်မှုတွေက ယေဘုယျအားဖြင့် မနှစ်ကနဲ့ အတူတူပါပဲ။"

"ချန်ကျန်းမြို့က ဦးဆောင်နေဆဲဖြစ်ပြီး အနီးကပ်အနေနဲ့ ချန်ကျိုးမြို့၊ နောက်ပြီး နန့်ကွမ်မြို့၊ နောက် ရှန်ဟိုင်းမြို့၊ သောင်ရှန်းမြို့တို့ရှိပြီး…ပြီးတော့ ဟိုက်ယွမ်မြို့က အောက်ခြေမှာရှိပါတယ်”

"ထူးထူးခြားခြားက ရှန်ဟိုင်းမြို့၏ ပညာရေးရရှိမှုက မနှစ်ကထက် အများကြီးတိုးတက်လာခဲ့ပါတယ်။ အဲ့မြို့ရဲ့ ပညာရေးအဆင့်တိုးတက်မှုနှင့်အတူ အခြာမြို့တွေက အရည်အသွေးမြင့်ကျောင်းသားများတွေကို ကျော်လွန်နေပါတယ်"

"ပြီးတော့…"

တစ်နာရီခန့်ကြာပြီးနောက်။

နောက်ဆုံးတွင် အမျိုးသားသည် အချက်အလက်ကိုအစီရင်ခံခြင်းပြီးစီး၍ အမျိုးသမီးကို ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး ယွမ်၊ ဒါက ဒီနှစ်တွေမှာ ပြည်နယ်တစ်ဝှမ်းက ပညာရေးဆိုင်ရာ အချက်အလက်တွေပါ”

"အင်း၊ ရှင့်ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"

အစိမ်းဖျော့ဖျော့ တရုတ်ဝတ်စုံကို ၀တ်ဆင်ထားသော ရုံးခန်းကုလားထိုင်တွင် ထိုင်နေသည့် အမျိုးသမီးသည် ရေတံခွန်ကဲ့သို့ ဆံပင်များရှည်လျားစွာဖြင့် ခေါင်းပေါ်တွင် နဂါးချိုတစ်စုံ စီခြယ်ထားကာ လက်ဖက်ရည်သောက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထိုအမျိုးသမီး၏ အမည်က ယွမ်တုန်ကျီဖြစ်ကာ အသက်လေးဆယ်ကျော်မျှသာ ရှိပုံရသော်လည်း အမှန်တကယ်မှာ တစ်ရာနီးပါးရှိနေပြီဖြစ်သည်။ သူမသည် ရှန်ဟိုင်းတက္ကသိုလ်၏ ဒုအဓိပတိချုပ်ဖြစ်သည့်အပြင် နန့်ကျန်းမြို့ဝန်ကြီးလည်းဖြစ်ကာ အင်အားကောင်းသော မျိုးရိုးဗီဇပေါင်းစပ်သူလည်းဖြစ်သည်။

လူတိုင်းက သူ့ကို ကျောင်းအုပ်ယွမ် သို့မဟုတ် ဝန်ကြီးယွမ်ဟုလည်း ခေါ်ကြသည်။

အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်တစ်ခုက ဆင့်ကဲပြောင်းလဲခြင်းကောလိပ် နှင့် စက်မှု အကယ်ဒမီ ကို ပို့ချပေးနေသည့် ကမ္ဘာတွင် တိုင်းဒေသကြီးအတွင်း၌ အင်အားအရှိဆုံးမှာ ယင်းပင်ဖြစ်သည်။ သဘာဝအားဖြင့်၊ ထိုကဲ့သို့သော တက္ကသိုလ်များ၏ အဓိပတိသည် ထိုဒေသ၏ အချုပ်အခြာအာဏာဖြစ်သည်။ ထို့ကြောင့် ရာထူးနှင့်အာဏာအရ ပြည်နယ်တက္ကသိုလ်တစ်ခု၏ ဒု-အဓိပတိသည် ပြည်နယ်ပညာရေးရုံးချုပ်၏ ဝန်ကြီးထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။

အများအားဖြင့် ဒေသန္တရပညာရေးရုံးချုပ်၏ ဝန်ကြီးသည် ဒေသရှိ တက္ကသိုလ်မှ ဒု-အဓိပတိများအောက်တွင် တာဝန်ထမ်းဆောင်ရလိမ့်မည်။

“ကျောင်းအုပ်ကြီး ယွမ်၊ အခု ပြည်နယ် အမှတ် ၃၆ မှာ ဘယ်လိုအခြေအနေရှိလဲ" အဆိုပါလူက မေးခွန်းကို တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

ယွမ်တုန်ကျီသည် သူမ၏လက်ဖက်ရည်ခွက်ကိုချကာပေါ့ပါးစွာပြော၏။

"အခြေအနေက နည်းနည်းတည်ငြိမ်လာပါပြီ၊ မဟုတ်ရင် ပြည်နယ်မှာ ဒီနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဦးစီးဖို့ အချိန်မရှိတော့ဘူး"

ဤသည်ကို ကြားသောအခါ အမျိုးသားက သက်တောင့်သက်သာရှိစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြည်နယ်အမှတ် ၃၆ က မငြိမ်မသက်ဖြစ်နေပါက ရှန်ဟိုင်းမြို့တစ်ခုလုံးနှင့်နန်ကျန်းပြည်နယ်အားလုံးတွင် အန္တရာယ်ဖြစ်နိုင်သည်။ ထိုအခါ ထိုနေရာ၌ နေနေသူတိုင်း ဒုက္ခရောက်ပေလိမ့်မည်။

သိပ်မကြာခင်၌ပင် ထိုသူ ထွက်ခွာသွားပြီးနောက် ယွမ်တုန်ကျီသည် သူမ၏ ရုံးခန်းခုံမှ ထကာ ပြတင်းပေါက်မှတစ်ဆင့် ပင်လယ်ပြင်ကို လှမ်းလျက် တီးတိုးရေရွတ်လိုက်သည်။

"အဲဒါကို သတိမထားမိဘဲ၊ ငါ တပည့်တစ်ယောက်ကို နောက်ဆုံးလက်ခံခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီ။ ဒီနှစ် တက္ကသိုလ်ဝင်တန်းဝင်တွေထဲ စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်များ ရှိမလား”

အခန်း ၉၀။ ကောလိပ်ဝင်ခွင့်စာမေးပွဲ တရားဝင်စတင်ပါပြီ။

ဤကမ္ဘာတွင် သိုင်းပညာကောလိပ်ဝင်ခွင့်စာမေးပွဲသည် စုစုပေါင်း ကိုးရက်ကြာသည်။

ပထမနေ့ နံနက်ပိုင်း သီအိုရီ ဗဟုသုတ အကဲဖြတ် ရေးဖြေ စာမေးပွဲဖြစ်၍ နေ့ခင်းပိုင်းတွင် ကာယကြံ့ခိုင်မှု စာမေးပွဲ ဖြစ်သည်။ ဒုတိယနေ့မှ အဋ္ဌမနေ့အထိ၊ ပြည်နယ်မှ သိုင်းပညာ လျှောက်ထားသူများကို တောတွင်း၌ ရှင်သန်ရန် တောထဲသို့ စေလွှတ်မည့် တစ်ပတ်ကြာ စာတွေ့စာမေးပွဲ ရှိသည်။

နဝမနေ့တွင် မျိုးရိုဗီဇပေါင်းစပ်ခြင်း အပြင် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများနှင့် ကိုက်ညီမှုရှိမရှိ စမ်းသပ်မှုတစ်ခု ပါဝင်သည်။

ယနေ့ ဇွန်လ (၇) ရက်နေ့သည် ကောလိပ်ဝင်ခွင့် စာမေးပွဲ၏ပထမနေ့ ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စောစောထကာ မနက်စာ အတူတူစားကြ၍ စာမေးပွဲဖြေဆိုရန် ကျောင်းသွားကြသည်။

"ဇီချန်၊ ငါအရမ်းစိတ်ပူနေတယ်၊ စာမေးပွဲမှာ ဆီးသွားမိမှာ ကြောက်တယ်။ ငါ ကောင်းကောင်းမလုပ်နိုင်မှာကိုလည်း ကြောက်တယ်။"

လမ်းတစ်လျှောက်တွင် ရှန်ချင်းဟန်သည် မရပ်မနား စကားပြောကာ လင်းဇီချန်အား သူမ၏ ကြောက်ရွံ့မှုကို ဖော်ပြခဲ့သည်။ လင်းဇီချန်သည် သူမကို ဤကဲ့သိုထပ်တွေ့ရသောအခါ မနှစ်သိမ့်လိုတော့ပေ။ သူမကို အကြိမ်ကြိမ် နှစ်သိမ့်ခဲ့ဖူးသည်။ သူမသည်လည်း အကြိမ်ကြိမ် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။

သီအိုရီဆိုင်ရာ အသိပညာတွင် သူမ၏ရမှတ်များသည် ၎င်းတို့အတန်း၏ ထိပ်တန်းငါးဦးတွင် ပါဝင်ခဲ့သည်။ သို့သော် သူမ စိတ်လှုပ်ရှားနေခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုသည် လွန်စွာ ဆိုးရွားလှပေသည်။ လိုအပ်သည်များကို အားလုံးပြုလုပ်ပြီးသားဖြစ်သောကြောင့် ယခု သူမကိုယ်တိုင်ကျော်လွှားနိုင်ရန်သာ လိုတော့သည်။ အပိုစကားပြော၍ အားပေးနေရန် မလိုတော့ပေ။

ကျောင်းသို့ရောက်သောအခါ သူတို့နှစ်ဦးဖြေဆိုရမည့် နေရာများသည် မတူညီကြသောကြောင့် လျင်မြန်စွာ လမ်းခွဲလိုက်ကြသည်။ လင်းဇီချန်သည် များမကြာခင် ဝေးသွားတော့မည်ဟုဆိုသော်လည်း ရှန်ချင်းဟန်ကို အနည်းငယ် စိတ်ပူနေသောကြောင့် ပြန်လှည့်၍ သူမကို ခေါ်လိုက်သည်။

"ဟန်ဟန်၊ ခဏစောင့်ဦး။"

"ဘာဖြစ်တာလဲ" ရှန်ချင်းဟန်သည် ရပ်တန့်ကာ လှည့်ကြည့်၍ လင်းဇီချန်ကို ပဟေဠိဆန်သောအမူအရာဖြင့် ကြည့်လိုက်သည်။ လင်းဇီချန်သည် သူမ အနည်းငယ်စိတ်လှုပ်ရှားနေသည့်အပြင် တဖြည်းဖြည်းတုန်နေသည်ကိုမြင်လိုက်ရ၍ နူးညံ့သိမ်မွေ့စွာ ပွေ့ဖက်လိုက်သည်။

သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ အားပေးစကားပြော၏။

"သီအိုရီကို ကောင်းကောင်းလေ့လာပြီးပြီ၊ နင် ဒိုက်ဘာလည်း ဝတ်ထားပြီးပြီ၊ အစွမ်းကုန်လုပ်လိုက်နော် စိတ်ပူမနေပါနဲ့"

လင်းဇီချန်၏ ခန္ဓာကိုယ်အပူရှိန်ကို ခံစားရ၍ နှလုံးခုန်သံကို နားထောင်ကာ ရှန်ချင်းဟန်သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်စုံတစ်ရာ ရလာသကဲ့သို့ ခံစားမိသည်။ ခဏကြာသောအခါ သူမက ခပ်တိုးတိုးပြောသည်။

“ငါ အကောင်းဆုံးကြိုးစားပါ့မယ်၊ နင်လည်း ကြိုးစားနော်။”

လင်းဇီချန်သည်လည်း ပြုံးလိုက်၍ ခပ်တိုးတိုးပြန်ဖြေသည်။

"ဟုတ်တယ်၊ ငါတို့နှစ်ယောက်လုံး အကောင်းဆုံးလုပ်ကြရအောင်။"

သူစကားပြောပြီးသည်နဲ့တပြိုင်နက်၊ ဖြတ်သွားသော ကျောင်းသားအများအပြားသည် ရှန်ချင်းဟန်ကို ပွေ့ဖက်ထားသည်ကို ရပ်ကြည့်နေကြသည်။ လူတစ်ချို့သည် ဓာတ်ပုံရိုက်ရန် ဖုန်းများကိုပင် ထုတ်နေကြသည်ကို သတိပြုမိသွားသည်။ ဤသည်ကိုသိလိုက်ချိန်၌ပင် လင်းဇီချန်သည် အများအမြင်၌ မသင့်တော်သည်ကို သိရှိလိုက်၍ ချက်ချင်းပင် ရှန်ချင်းဟန်ကို လွှတ်ပေးလိုက်သည်။

ထို့နောက် နှစ်ဦးသား ခွဲခွာကာ သက်ဆိုင်ရာ စာမေးပွဲခန်းဆီသို့ ဦးတည်သွားကြသည်။လင်းဇီချန်သည် စာမေးပွဲခန်းသို့ရောက်သောအခါတွင် ထိုင်ကာ ဝတ္ထုဇာတ်လမ်းများကို တွေးတောကာ အချိန်ဖြုန်းနေသည်။ မကြာမီ နာရီဝက်ကျော်သွား၍ စာမေးပွဲ တရားဝင်စတင်သည်။

လင်းဇီချန်သည် စာမေးပွဲစာရွက်ကို လက်ခံရရှိ၍ မေးခွန်းအားလုံးကို တစ်ချက်ကြည့်လိုက်ကာ နာရီဝက်မပြည့်ခင်၌ပင် အားလုံးဖြေနိုင်ပြီးဖြစ်သည်။

ပြီးသွားသောအခါ စာမေးပွဲစာရွက်ကို စားပွဲပေါ်တင်ကာ ဘောပင်နှင့် စာရွက်ကို ချလိုက်သည်။ ထို့နောက် သူသည် ဝတ္ထု၏ ဇာတ်လမ်းကို စဉ်းစားကာ အေးဆေးအချိန်ဖြုန်းနေသည်။

ထိုအတောအတွင်း၊ နောက်စားပွဲရှိ ကောင်လေးသည် လင်းဇီချန်၏ အဖြေစာရွက်ကို လှမ်းကြည့်ရန် ကူးချနေသည်မှာ မျက်စိပြုတ်ကျမတတ်ပင်ဖြစ်သည်။ လင်းဇီချန်သည် ကောင်လေး၏အကြည့်ကို သတိပြုမိ၍ သူ့ကိုကြည့်ရန် ခေါင်းကို အနည်းငယ်လှည့်လိုက်သည်။ မျက်လုံးချင်းဆုံသည့်အခိုက်တွင် ကောင်လေးသည် ရှက်ရွံ့စွာ ပြုံးပြကာ လင်းဇီချန်၏ အဖြေစာရွက်ကို ခိုးကြည့်ရန် ကြိုးစားလျက်ရှိသည်။

လင်းဇီချန်သည် အဖြေစာရွက်ကို မရွှေ့ဘဲ မူလနေရာမှာပင် ထားလိုက်သည်။

စာမေးပွဲခန်းထဲ၌ ထိုင်ခုံများသည် အလွန် ဝေးကွာနေသောကြောင့် အဖြေစာရွက်ကိုလှမ်းမြင်နိုင်သည်ဆိုလျှင် သူ၏အရည်ချင်းပင်ဖြစ်သောကြောင့် ကူးယူလိုက်သော်လည်း သူ့အားနည်းချက်ပင်ဖြစ်သည်။ အချိန်များ လျင်မြန်စွာကုန်သွားသည်။ သိပ်မကြာခင်၌ စာမေးပွဲပြီးမြောက်ရန် နာရီဝက်သာကျန်တော့သည်။

အဖြေစာရွက်များကိုတင်ရန် ခွင့်ပြုချိန်ကိုမြင်သောအခါ လင်းဇီချန်သည် ထရပ်လျက် စာရွက်ကိုကိုင်ကာ ထိုင်ခုံမှ စင်ပေါ်သို့လျှောက်သွား၍ အဖြေစာရွက်ထပ်လိုက်သည်။ အခြားကျောင်းသားများသည် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့ဩ၍ ကြီးမားသောဖိအားကို ခံစားကြရသည်။

ကျောင်းသားအများစုမှာ စာမေးပွဲမေးခွန်းများ မဖြေနိုင်သေးသည့်အပြင် မေးခွန်းများစွာ ကျန်ရှိနေသေး၍ အားလုံးဖြေနိုင်မှာမဟုတ်မည်ကို သိနေကြသည်။

လင်းဇီချန်နှင့် မနှိုင်းယှဉ်နိုင်သည်ကို ၎င်းတို့သိထားသော်လည်း သူ့၏အဖြေစာရွက်စောစောထပ်ခြင်းကြောင့် စိတ်လှုပ်ရှားလာမိကြသည်။ စာမေးပွဲခန်းမှ ထွက်သွားပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန် စာမေးပွဲဖြေဆိုနေသည့်အခန်းကို တန်းတန်းမတ်မတ်သွားခဲ့သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ရှန်ချင်းဟန်သည် နောက်တန်း၌ ထိုင်နေ၍ စာမေးပွဲကို စေ့စေ့စပ်စပ် ဖြေနေသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမ၏ ခြေထောက်များသည် စားပွဲခုံအောက်တွင် တင်းတင်းကြပ်ကြပ် လိမ်ထားသည်ကို သတိပြုမိသည်။ သူမသည် ဆီးသွားရန်လိုအပ်နေ၍ ၎င်းကို တင်းတင်းကြပ်ကြပ် ထိန်းထားခြင်းကြောင့် ဖြစ်နိုင်သည်။ မိနစ်နှစ်ဆယ်အကြာတွင် စာမေးပွဲပြီးဆုံးကြောင်း အချက်ပြခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

မကြာမီ၌ပင်၊ ရှန်ချင်းဟန်သည် သူမ၏အဖြေစာရွက်ထပ်လိုက်၍ ထွက်လာခဲ့သည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ လင်းဇီချန်သည် သူမအဆင်မပြေဖြစ်နေနိုင်သည်ဟု ထင်ကာ ချက်ချင်း နှစ်သိမ့်ပေးခဲ့သည်။

"ငါတို့က သိုင်းပညာအတန်းရဲ့ ကျောင်းသားတွေဆိုတော့ သီအိုရီစာမေးပွဲက သိပ်အရေးမကြီးပါဘူး၊ အောင်ရုံ ဖြေနိုင်ရင်ရပြီလေ၊ အမှတ်မြင့်မြင့်ရဖို့တော့ မလိုပါဘူး။"

"အင်း ငါကောင်းကောင်းဖြေခဲ့တယ်၊ နင် ငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး"

"ဒါဆို မင်းမျက်နှာက ဘာလို့ ဒီလောက် ဖြူဖျော့နေတာလဲ"

“ငါ ဆီးသွားမိသွားပြီ” ရှန်ချင်းဟန်သည် လင်းဇီချန်ကို ခပ်တိုးတိုးပြောလျက် သူမ၏ ချောမောသော မျက်နှာမှာ နီရဲနေသည်။

လင်းဇီချန်သည် ခဏတာ စကားမပြောနိုင်တော့ပေ။

"ဒီမှာ ခဏစောင့်၊ ငါ သန့်စင်ခန်းသွားပြီး ဒိုက်ဘာချွတ်လိုက်ဦးမယ်၊ ခဏနေ ပြန်လာခဲ့မယ်"

ဤစကားကို တိုးတိုးပြောပြီးနောက် ရှန်ချင်းဟန်သည် သူမ၏ ခြေထောက်များကို ပူးကပ်ကာ သန့်စင်ခန်းဆီသို့ အလျင်အမြန် လျှောက်သွားသည်။ လင်းဇီချန်သည် ခြေထောက်လိမ်၍ လမ်းလျှောက်သွားသော သူမနောက်ကျောကို ကြည့်ကာ ကျန်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရှန်ချင်းဟန်သည် သန့်စင်ခန်းမှထွက်လာသည်။

သူတို့နှစ်ဦးသည် အတန်းကြီး (၁) တန်းဆီ ပြန်သွားကြ၍ အိမ်မှ ယူလာသော အစားအစာများကို ရုံးခန်းထဲ၌ ပြန်နွေးကြသည်။ အစားအသောက် နွေးပြီးသည်နှင့်၊ တိတ်ဆိတ်၍ လူနည်းသော ခေါင်မိုးပေါ်၌ အတူတူ ထိုင်စားကြသည်။ နေ့လယ်စာစားပြီးနောက် ခေါင်မိုးထပ်၌ လေအေးကို ခံစားကာ သက်တောင့်သက်သာ အနားယူနေကြသည်။

လင်းဇီချန်က ရှန်ချင်းဟန်ကို အကြံပေးလိုက်သည် ။

“ဒီနေ့ နေ့လယ်ပိုင်းမှာ အားကစားစစ်ဆေးမှုရှိတယ်။ ဒိုက်ဘာမဝတ်ထားရင်ကောင်းမယ်၊ နင့်ရဲ့ လှုပ်ရှားမှုကို ထိခိုက်စေနိုင်တယ်။၊ နင် တကယ် ဆီးသွားမိရင်လည်း အထက်တန်းကျောင်းပြီးရင် ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး"

"နင်က စိတ်အနှောင့်အယှက်ဖြစ်စရာပဲ၊ နင်ငါ့ကို လျှော့တွက်လိုက်ပြန်ပြီ၊ ဒီနေ့လည်ပိုင်းအားကစားစစ်ဆေးမှုမှာ ငါမစီစဉ်ထားဘူးထင်နေလား"ရှန်ချင်းဟန်က စိတ်မချမ်းသာစွာဖြင့် နှုတ်ခမ်းစူကာပြောသည်။

"ကိုယ်ကာယစစ်ဆေးမှုက ခဏလေးပဲ၊ ငါတကယ် ဆီးသွားဖို့လိုရင်တောင် ဆုံးတဲ့အထိ ထိန်းထားနိုင်တယ်၊ ငါ ဆီးမသွားဘူး"

ယခု သူမသည် လင်းဇီချန်၏ရှေ့တွင် ဒိုက်ဘာအကြောင်း အရှက်အကြောက်မရှိဘဲ ဆွေးနွေးနိုင်ပြီဖြစ်သည်။သူ့ရှေ့မှောက်တွင် မတော်တဆမှုတစ်ခုမျှ မရှိသရွေ့တော့ သူမရှက်ရွံ့မှု လုံးဝမရှိပါပေ။

နောက်ဆုံးနှစ်နှစ်ခွဲအတွင်း သူတို့နှစ်ဦးသည် ရေကူးကန်၌ ဤကိစ္စကို အကျယ်တဝင့် သုတေသနပြုခဲ့ကြသည်။ အရှက်ရမှုမှန်သမျှကို ကျော်ဖြတ်ခဲ့ရသည်မှာ ကြာခဲ့ပြီ၊ ယခုအခါ ရင်းနှီးထုံမွှမ်းမှုတစ်ခုသာ ကျန်ရှိတော့သည်။

တစ်နာရီကျော်အကြာ၊ အားကစားစစ်ဆေးမှု စတင်သည်။ အမျိုးသားနှင့် အမျိုးသမီးတို့ကို သီးခြားစီ စစ်ဆေးကြသည်။ အခြေခံဖြစ်ရပ် သုံးခုဖြစ်သော မီတာ၁၀၀ပြေးပွဲ၊ ပြေးခုန်ပြစ်ပြိုင်ပွဲနှင့် ခွန်အားကို ကိုယ်စားပြုသည့် လက်တစ်ဖက်တည်း အလေးမခြင်းတို့ကို စစ်ဆေးခဲ့ကြသည်။

စမ်းသပ်မှုအတွင်း လင်းဇီချန်သည် ၎င်း၏ ခွန်အားကို အပြည့်အဝအသုံးမချသည့်တိုင် မြို့တော်၏ ထိပ်တန်းပညာရှင်နေရာကို ရနိုင်ရန်လုံလောက်သည်။ နောက်ဆုံးတွင်၊ တိုင်းတာသည့်ရလဒ်သုံးခုမှာ မီတာ၁၀၀ပြေးပွဲ - ၅.၁၂ စက္ကန့်၊ ပြေးခုန်ပြစ် - ၄.၉၁ မီတာဖြစ်၍ ၉၅၀ ကီလိုဂရမ်အလေးချိန်ရှိသော ဝိတ်တုံးကို လက်တစ်ဖက်ဖြင့် မ ခြင်း ဖြစ်သည်။

ဤရလဒ်များထွက်လာသည့်အခါတိုင်း လူတိုင်း တအံ့တသြဖြစ်ခဲ့ရသည်။

လင်းဇီချန်၏စံချိန်များ တစ်ခုချင်းစီ ထွက်လာတိုင်း၊ အားကစားကွင်းတစ်ဝိုက်၌ အံ့အားသင့်သံများနှင့်အတူအုတ်အော်သောင်းတင်းဖြစ်ကုန်သည်။ ရှန်ဟိုင်းမြို့၏ သိုင်းပညာကောလိပ်ဝင်ခွင့်စာမေးပွဲတွင် စာမေးပွဲစင်တာများသည် အဓိကအထက်တန်းကျောင်း အနည်းငယ်တွင်သာ တည်ရှိသောကြောင့် ပုံမှန်အထက်တန်းကျောင်းများ၏ သိုင်းပညာအတန်းများမှ ကျောင်းသားများသည် စာမေးပွဲဖြေဆိုရန် ဤနေရာကို လာခဲ့ကြရသည်။

မကြာခင်၌ပင် ရှန်ချင်းဟန်၏ရလဒ်များလည်း ထွက်လာခဲ့သည်။ မီတာ ၁၀၀ပြေးပွဲ - ၉.၃၂ စက္ကန့်၊ ပြေးခုန်ပြစ် - ၁.၆၂ မီတာ၊ ၁၂၅ ကီလိုဂရမ်အလေးချိန်ရှိသော ဝိတ်တုံးကို လက်တစ်ဖက်ဖြင့် မ ခြင်း ဖြစ်သည်။

ဤရလဒ်များကြောင့် သူမသည် ကျောင်းသူများထဲ၌ ထိပ်တန်းစာရင်းဝင်ခဲ့သည်။

သို့သော် လင်းဇီချန်၏ စွမ်းဆောင်ချက်များနှင့် ယှဉ်ကြည့်လိုက်မည်ဆိုလျှင် ပုရွက်ဆိတ်နှင့် ဆင်ကြီးကို နှိုင်းယှဉ်သကဲ့သို့ ဖြစ်နေသည်။ လင်းဇီချန်နှင့် မနှိုင်းယှဥ်လျှင်တောင်မှ သူမ၏ရလဒ်များသည် အတန်းထဲ၌ များစွာသောယောက်ျားများနှင့်ပင် ကြီးမားသောကွာခြားမှုရှိနေသည်။

ဤပြောင်းလဲသွားသောကမ္ဘာတွင်၊ ပါရမီရှင်များနှင့် သာမန်လူများကြား ကွာဟချက်သည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ အမျိုးသားနှင့် အမျိုးသမီးကြား ကွာဟချက်မှာလည်း အလားတူပင် ပိုမိုကျယ်ပြန့်လာသည်။ အောင်နိုင်သူသည် အလုံးစုံကို သိမ်းပိုက်နိုင်သကဲ့သို့ ခံစားရသည်။

ညနေ ၅ နာရီ ဝန်းကျင်တွင် အားကစားစစ်ဆေးမှု ပြီးဆုံးသွားခဲ့သည်။

လင်းဇီချန်၏ မှတ်တမ်းတင်ထားသော ရလဒ်သုံးခုသည် ကွင်းတစ်ခုလုံး၏ နံပါတ်တစ်ဖြစ်ခဲ့၍ ဒုတိယနေရာရသူနှင့်ပင် ဝေးကွာလွန်းလှသည်။ တစ်ပြိုင်နက်တည်း၌ပင်မနက်ပိုင်း ရေးဖြေစာမေးပွဲ အောင်စာရင်းထွက်လာသည်။ လူတိုင်းသည် ရမှတ်များကို ၎င်းတို့၏ဖုန်းများတွင် စစ်ဆေးနိုင်သည်။

လင်းဇီချန်သည် ချက်ချင်းစစ်ဆေးခဲ့၍ မျှော်လင့်ထားသည့်အတိုင်း အမှတ် ၁၀၀ အပြည့် ရခဲ့သည်။

ရှန်ချင်းဟန်သည်လည်း ၈၂ မှတ်နှင့် ကောင်းကောင်းလုပ်နိုင်ခဲ့သည်။ ဝမ်ရှုကျယ်၊ လုကန်း ၊ ဟယ့်ယွီတို့၏ ရမှတ်များသည်လည်း ၈၀ ကျော်ကျော်၌ ရှိနေကြသည်။ အထူးသဖြင့်၊ ဟီယူသည် ၈၀ မှတ်သာ ရရှိခဲ့၍ ရှန်ချင်းဟန်ထက် နည်းသည်။ ဤသည်မှာ ဟီယူ ညံ့ဖျင်းသောကြောင့်မဟုတ်၊ ရှန်ချင်းဟန်က တော်လွန်းသောကြောင့်ဖြစ်သည်။

လင်းဇီချန်၏ လွှမ်းမိုးမှုအောက်တွင် အချိန်ကြာမြင့်စွာ ရှိနေခြင်းသည် အမှန်တကယ်ပင် အကျိုးရှိစေသည်ဟု ဆိုနိုင်သည်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသည့် ဆိုရိုးစကားအတိုင်း၊ အနားနီးသည့်လူသည် သင့်ကို လွှမ်းမိုးသက်ရောက်နိုင်သည်။

"ဇီချန်၊ တစ်ပတ်ကြာ ကွင်းဆင်းတိုက်ခိုက်ရေး အကဲဖြတ်မှု မနက်ဖြန် စတော့မှာမို့လို့ စမ်းသပ်နေရာအနေနဲ့ ဒီသစ်တောက ဘယ်လိုမျိုး ဖြစ်မလဲလို့ တွေးမိတယ်။ အဲဒါကို တွေးကြည့်ရုံနဲ့ နည်းနည်းတော့ တုန်လှုပ်စရာပဲ"

ရှန်ချင်းဟန်သည် အားကစားစစ်ဆေးမှုရလဒ်များကို စစ်ဆေးပြီးနောက် အနည်းငယ်တုန်လှုပ်လျက် မနက်ဖြန်မှစ၍ သဲကန္တာရ တောအုပ်တစ်ခုသို့တစ်ပတ်ကြာ စေလွှတ်ခံရမည့် အကြောင်းကို ပြောကြားခဲ့သည်။

လင်းဇီချန်သည် သူမတဖန်ပြန်၍ ကြောက်ရွံ့လာသည်ကို မြင်လိုက်ရသည်နှင့် စကားအတော်ပင် မပြောနိုင်ပေ။ သူ့ငယ်သူငယ်ချင်းဖြစ်သည့် သူမ စိတ်မလှုပ်ရှားသော အခိုက်အတန့်မျိုးတစ်ကြိမ်မျှ မရှိခဲ့ပေ။

"ဇီချန် စစ်ဆေးအကဲဖြတ်မှုမှာ ဘာမှ ယူလာလို့မရဘူး၊ ဒိုက်ဘာကောပဲ။ မတော်တဆဖြစ်ရင် ဘာလုပ်ရမလဲ" ရှန်ချင်းဟန်သည် တုန်လှုပ်ကာ ချစ်စဖွယ် မျက်ခုံးများကို ကျုံ့နေခဲ့သည်။

"နင်က တောထဲသွားမယ်ဆိုရင် အဲ့အခါကျ ပုန်းဖို့ သစ်ပင်တစ်ပင်ကို ရှာလိုက်၊ ဒီအတွက် စိတ်ပူစရာ မလိုပါဘူး"

“နေ့ခင်းဘက်အတွက် စိတ်မပူပါဘူး၊ ညဘက်အိပ်ရင် ဘောင်းဘီမစိုဖို့ အဓိက စိတ်ပူတယ်။ အဝတ်မပြောင်းရတာကြောင့် တောထဲမှာ ဘောင်းဘီစိုနေရင် အဆင်မပြေဘူး” သူမဆက်ပြောကာ စိုးရိမ်နေခဲ့သည်။

"ဒါက ဖြေရှင်းဖို့ လွယ်ပါတယ်၊ ဘောင်းဘီမပါဘဲ အိပ်ရုံပါပဲ"

လင်းဇီချန်သည် ဤကိစ္စက ကြီးကြီးမားမားမဟုတ်ဟု ခံစားမိ၍ပြတ်သားစွာ အကြံပြုလိုက်သည်။

“ကောင်းပြီ၊ အဲဒါက အဖြေတစ်ခုပဲ” သူမ ဝန်ခံခဲ့သည်။

ဤဆွေးနွေးမှုတွင် ရှန်ချင်းဟန်က အနည်းငယ်စိုးရိမ်ပူပန်နေသည်ကို သိလိုက်ရ၍ လင်းဇီချန်သည် မည်သည်မျှ ဆက်မပြောခဲ့ပေ။ ရှန်ဟိုင်းမြို့ရှိ အခန်းတစ်ခန်းတွင် ကျောင်းသားအသက်အရွယ်ရှိ လူငယ်တစ်ဦးသည် မျက်နှာဖုံးတပ်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အရက်သောက်ကာ စကားစမြည်ပြောနေသည်။ ၎င်းတို့၏ အနေအထိုင်နှင့် စကားပြောဆိုမှုသည် အလွန်ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရသည်။ သို့သော် သူတို့စကားဝိုင်း၏ အကြောင်းအရာသည်မှာမူ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။

"ကွင်းဆင်းတိုက်ခိုက်ရေးအကဲဖြတ်မှု မနက်ဖြန်စပါမယ်။ မင်းယူရမယ့် အထူးမျိုးစေ့ ၁၀ စေ့ပါ။ အဖွဲ့အစည်းက အရည်အချင်းရှိတဲ့ လူ ၁၀ယောက် ထိန်းချုပ်ရာမှာ ကူညီဖို့ လုံခြုံရေးအရာရှိတစ်ဦးအနေနဲ့ မင်းရဲ့အဆင့်ကို အသုံးချပါ"

မျက်နှာဖုံးရှိလူသည် သူ၏ရင်ဘတ်မှ သေးငယ်၍ အံဝင်ခွင်ကျရှိသော သစ်သားသေတ္တာကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ လူငယ်သည် သစ်သားသေတ္တာကို ကောက်ကိုင်၍ အဖုံးဖွင့်လိုက်သောအခါ အတွင်းတွင် အနီရောင် အစေ့အဆန် ၁၀ စေ့ကို တွေ့လိုက်ရသည်။

မြေပဲအရွယ်အစားဖြစ်၍ အစေ့တစ်ခုချင်းစီ၏ မျက်နှာပြင်သည် သေးငယ်သော တိရိစ္ဆာန်နှလုံးသားများကဲ့သို့ ပုံသဏ္ဍာန်ရှိသော သွေးပြန်ကြောများဖြင့် ဖုံးအုပ်ထားသည်။

"ဒီအလုပ်ကို ကောင်းကောင်းလုပ်ပါ၊ အဖွဲ့အစည်းထဲက အထက်လူကြီးတွေနဲ့ မိတ်ဆက်ပေးမယ်၊ မင်းကို တရားဝင်အဖွဲ့ဝင်ဖြစ်အောင် ငါလုပ်မယ်" မျက်နှာဖုံးစွပ်ထားသည့်အမျိုးသားသည် လူငယ်အား ပြောသည်။

လူငယ်သည်လည်း သေတ္တာအဖုံးကိုပိတ်၍ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"တရားဝင်အသင်းဝင်ဖြစ်ဖို့ အလျင်မလိုပါဘူး။ အခုကျွန်တော်လိုချင်တာက ဆန်းကြယ်သစ်သီးပဲ”

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ခေါင်းခါလိုက်သည်။

"လူငယ်၊ မင်းရဲ့ အမြင်အာရုံက နည်းနည်းတော့ ကျဉ်းနေပုံရတယ်။ ဆန်းကြယ်သစ်သီးက မင်းကို ပုံမှန် သတ္တမအဆင့်အထိ တိုးတက်အောင် ကူညီပေးနိုင်ပေမယ့် အဖွဲ့အစည်းထဲကို ဝင်လိုက်တာနဲ့ အနာဂတ်မှာ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးမှာပါ။ ဆင့်ကဲဖြစ်စဉ်အကြောင်းပြောရုံနဲ့ မင်းက အဖွဲ့အစည်းရဲ့တရားဝင်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာနိုင်ရင် အဆင့်မြင့်သတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲခြင်းဟာ အိပ်မက်တစ်ခုမဟုတ်တော့ဘူး။ ဒါ့အပြင် မင်းအဆင်ပြေရင် အဖွဲ့အစည်းရဲ့ ပန်းနတ်သမီးနဲ့တောင် တွေ့နိုင်မှာပါ မနှစ်ကတော့ ပန်းနတ်သမီးနဲ့တွေ့ခဲ့ရတယ် အရမ်းချောတယ်" သူက ဆက်ပြောသည်။

လူငယ်သည် လှုပ်လှုပ်ရွရွဖြစ်လာ၍ သူ၏လေသံကို လျင်မြန်စွာပြောင်းလိုက်သည်။

“ဟုတ်ကဲ့၊ မှန်ပါတယ်၊ အဖွဲ့အစည်းရဲ့ တရားဝင်အဖွဲ့ဝင်တစ်ဦးဖြစ်လာတာက ဆန်ကြယ်သစ်သီး တစ်လုံးတည်းနှင့် ယှဉ်ရင် အကျိုးခံစားခွင့်က ပိုများပါတယ်”

All Chapters