အပိုင်း ၉၄-၉၆
Vol. 7 Ch. 94-96
အခန်း (၉၄) ကြံ့ခိုင်ကြောင်း စမ်းသပ်မှု
တိတ်ဆိတ်သော တောထဲ၌ လင်းဇီချန်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် သတိလစ်နေသော ကောင်လေးကို အံ့ဩမှုအပြည့်နှင့် ကြည့်နေခဲ့သည်။
“မီတာ ၁၀၀ ကို ခြောက်စက္ကန့်အတွင်း ပြေးနိုင်တာ မဟုတ်ဘူးလား။ လက်တစ်ဖက်တည်းနဲ့ ၇၅၀ ကီလိုဂရမ် အလေးတုံးကို မ နိုင်တာလည်း မမှန်ဘူးလား။ အင်အားတောင် မသုံးရသေးဘူး၊ ဒါပေမယ့် တချီတည်းနဲ့ သူက ဘာဖြစ်သွားတာလဲ။”
ယမန်နေ့က သူ ပြောခဲ့သည်များကို ကြွားလုံးထုတ်နေသည်ဟု သံသယဖြစ်မိ၍ သူ့၏စွမ်းရည်သည် ထင်ထားသကဲ့သို့ မကြီးမားလှပေဟု တွေးမိသည်။
“မဟုတ်ရင်၊ ငါ့လက်သီးတစ်ခုတည်းက သူ့ကို သတိလစ်သွားစေနိုင်ပါ့မလား။ မင်းသိထားသင့်တာက ဒီလက်သီးက မပြင်းဘူးကွ၊ နာသွားအောင်ပဲရည်ရွယ်ထားတာ”
ယခုကဲ့သို့ အသေးအဖွဲကိစ္စများတွင် အချိန်ဖြုန်းမနေဘဲ လင်းဇီချန်သည် ထိုင်ချကာ ကောင်လေးဆီမှ အမှတ်ကတ် ၂၈ ကတ်စလုံးကို သူကိုယ်တိုင် ယူလိုက်သည်။
"ဇီချန်၊ သူ ဘာမှပြဿနာမဖြစ်ပါဘူးနော်"
"စိတ်မပူပါနဲ့၊ သူက သတိလစ်သွားတာပဲ၊ ငါ့လက်သီးမှအားအပြည့်မသုံးထားပါဘူး”
ထိုစကားကိုပြောပြီးနောက် လင်းဇီချန်သည် လျင်မြန်စွာထရပ်၍ ရှန်ချင်းဟန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ယင်းနောက် အချိန်များ ဆက်လက်ကုန်ဆုံးသွားသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ တောတွင်းရှင်သန်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို လေ့ကျင့်ကာ တောနက်ထဲသို့ အပြေးအလွှား မသွားဘဲ အာရုံစိုက်၍ သွားခဲ့သည်။
ထို့နောက် မျက်စိတတ်အတွင်းတွင် သုံးရက်ကြာသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အပြင်ဘက်အစွန်းဆီမှ ထွက်လာပြီးနောက် သစ်တောနက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာကြသည်။
ထိုအချိန်တွင် ရှန်ချင်းဟန်၏ တော၌ရှင်သန်ခြင်းစွမ်းရည်သည် ပိုမိုစွမ်းအားပြင်းလာသည်။
ရေရင်းမြစ်ကို ရှာဖွေခြင်း၊ ပွတ်တိုက်၍ မီးပြုလုပ်ခြင်း သို့မဟုတ် တောရိုင်းတိရစ္ဆာန်များကို တိုက်ခိုက်ခြင်းဖြစ်စေ၊ အစစအရာရာတွင် ပို၍ ကျွမ်းကျင်လာသည်။
အထူးသဖြင့် တောဝက်တစ်ကောင်ကို အမဲလိုက်သည့်အခါတွင် ချွန်ထက်သော ဝါးချောင်းတစ်ချောင်းကို အသုံးပြု၍ ဒဏ်ရာကင်းစွာ သတ်နိုင်ခဲ့ကာ ထူးခြားသော ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ပေါင်းစပ်၍ အရသာရှိသော ဝက်သားကင်ကို စားနိုင်ခဲ့ကြသည်။
ထိုနေ့လည်ခင်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အနီးနားရှိ အမှတ်ကတ်များကို ရှာဖွေပြီးနောက် သစ်တော၏ နက်ရှိုင်းသော အစိတ်အပိုင်းများဆီသို့ ဆက်သွားကြသည်။ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ခါနီးတွင် ထိုနေရာမှ ထွက်လာသော ဟယ့်ယွီကို တွေ့လိုက်ရသည်။ ထိုအချိန်တွင်၊ ဟယ့်ယွီသည် မျက်ကွင်းညိုနေ၍ သူ့အပေါ်ပိုင်းအဝတ်အစားများသည် ရုန်းရင်းဆန်ခတ်ဖြစ်ထားသကဲ့သို့ စုတ်ပြဲနေသည်။
မေးမြန်းပြီးနောက်၊ ဟယ့်ယွီသည် ချန်းကျိုးမြို့မှ ထိပ်တန်းကျောင်းသားတချို့၏ အုပ်စုဖွဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရ၍ ၎င်း၏ အမှတ်ကတ်များအားလုံးကို ယူဆောင်သွားကြောင်း လင်းဇီချန် သိရှိခဲ့ရသည်။
"ဟယ့်ယွီ၊ နင်ငါတို့နဲ့လက်တွဲချင်လား" ရှန်ချင်းဟန်သည် ဟယ့်ယွီကို ဖိတ်ခေါ်ခဲ့သည်။
အတန်းထဲတွင် တစ်အုပ်စုတည်းရှိသောကြောင့် ဆုံတွေ့ခဲ့ကြသည်မှာ ကံကြမ္မာဖြစ်၍ သေချာပေါက် အဖွဲ့ဖွဲ့သင့်သည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ဟယ့်ယွီက ပြန်ဖြေ၏။
"မေ့လိုက်ပါ၊ ဇီချန်နဲ့ အဖွဲ့ဖွဲ့ရင် စိန်ခေါ်မှုတောင်ရှိတော့မှာမဟုတ်ဘူး။ တစ်ယောက်တည်း ဆက်သွားမယ်။ကျန်တဲ့ရက်အတွင်း တခြားသူတွေရဲ့ အမှတ်ကတ်တွေယူပြီး တောအုပ်အပြင်ဘက်ကို ပြန်သွားမယ်”
လင်းဇီချန်သည် ထိုစကားကိုကြားလိုက်သောအခါတွင် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်သွားကာ မကူညီချင်တော့ပေ။
“ငါ့နဲ့ အဖွဲ့လိုက်ရင် စိန်ခေါ်မှုမရှိဘူးဆိုပြီး… အားနည်းသူတွေဆီက လုယက်တာကတော့ စိန်ခေါ်မှုရှိတယ်ပေါ့။ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေတာ ဘာလဲ။”
ဟယ့်ယွီနှင့် လမ်းခွဲပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် တောနက်ထဲသို့ ဆက်လက်ထွက်ခွာသွားကြသည်။ သစ်တော၏ အလယ်ဗဟိုသို့ နီးကပ်လေလေ၊ ပို၍ ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် အခြားစစ်ဆေးသူများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ဆယ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသည်။ တစ်ဦးတည်းမှ လာ၍တိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ လူစုလိုက် ဝိုင်းတိုက်ခံရမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။ သို့သော် ၎င်းတို့ကို လုယက်ရန် ရောက်ရှိလာသော တိုက်ခိုက်သူအားလုံးသည် လင်းဇီချန်ကပြန်၍ လုယူခြင်းခံကြရသည်။
အချိန်တွေ မြန်မြန်ကုန်၍ နောက်ထပ် သုံးရက်ကြာသွားသည်၊ ယနေ့သည် လက်တွေ့အကဲဖြတ်မှု၏ ခုနစ်ရက်မြောက်နေ့ဖြစ်၍ နောက်ဆုံးနေ့လည်းဖြစ်သည်။ ထိုမနက်ခင်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သစ်တော၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာကြကာ ထူးခြားဆန်းပြားသောသားရဲများကို အခြားသူများသတ်ဖြတ်ပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုသို့မြင်လိုက်ရသောအခါ လင်းဇီချန်က အံ့သြမနေတော့ပေ။ လက်တွေ့အကဲဖြတ်မှု၏ ပထမနေ့တွင်၊ ပါရမီရှင်များစွာသည် တောနက်ကြီးအတွင်းရှိ ဤအဆင့်နိမ့် ထူးခြားဆန်းပြားသော သားရဲများထံ တည့်တည့်သွားရာ လမ်းတစ်လျှောက်ရှိ အမှတ်ပေးကတ်များကို ဂရုမစိုက်ကြတော့သည်ကို သူသိသည်။
အကဲဖြတ်မှု ဒုတိယနေ့တွင် ဤနေရာ၌ တိရစ္ဆာန်အားလုံး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း သူမှန်းဆမိသည်။
"ဇီချန် နှမျောစရာပဲ၊ ငါတို့ စောစောလာခဲ့ရင်နင် ဒီ သားရဲတွေကို သတ်နိုင်တဲ့ ပါရမီရှင်ဘွဲ့ကို သေချာပေါက် ရနိုင်လိမ့်မယ်" ရှန်ချင်းဟန်သည် ထိုစကားများကို ပြောနေချိန်တွင် ဇီချန်ကသာ သူမ၏ တောတွင်းရှင်သန်မှုစွမ်းရည်ကို လေ့ကျင့်ပေးရန် အလုပ်ရှုပ်နေသောကြောင့်မဟုတ်လျှင် ဤတောရိုင်းသားရဲများသည် အခြားဖြေဆိုသူများထံတွင် နှိမ်နှင်းခွင့်ပင်ရခဲ့လိမ့်မည်မဟုတ်ဟု တွေးမိသည်။
ရှန်ချင်းဟန်နဲ့ မတူသည်မှာ လင်းဇီချန်သည် နောင်တရခြင်းမရှိပေ။
နေရာတိုင်းတွင် လုံခြုံရေးဝန်ထမ်းများနှင့် ကင်မရာများရှိနေသောကြောင့် သားရဲများကို စားသုံးခြင်းကို ခွင့်မပြုထားသဖြင့် ထိုသို့ ပြုလုပ်လျှင်လည်း အဓိပ္ပါယ်မရှိပေ။ ရှန်ချင်းဟန်၏ တောကန္တာရအတွင်း ရှင်သန်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို မှန်ကန်စွာ လေ့ကျင့်ရန် ဤအခွင့်အရေးကို ယူခြင်းက ပိုကောင်းသည်။ သားရဲသတ်နိုင်သည့် ပါရမီရှင်ဘွဲ့အမည်ကိုမူ လုံးဝဂရုမစိုက်ပေ။
သူ့ကိုယ်သူကူညီရန်နှင့် ရှန်ချင်းဟန် ရလဒ်ကောင်းများရရန်အတွက် အမှတ်ပေးကတ်များ ရှိနေသရွေ့ လုံလောက်ပြီဖြစ်သည်။ မကြာမီတွင် လက်တွေ့အကဲဖြတ်မှု၏ နောက်ဆုံးနေ့ကို ကျော်လွန်သွားခဲ့သည်။
လုံခြုံရေး အရာရှိများ၏ လမ်းညွှန်မှုဖြင့် ကျောင်းသားအားလုံး တောထဲမှ ထွက်ကာ ဝင်ပေါက်သို့ ပြန်ခဲ့ကြ၍ အိမ်ပြန်ရန် သက်ဆိုင်ရာ ကျောင်းကားများ၌ လိုက်ပါခဲ့ကြသည်။
"လက်တွေ့အကဲဖြတ်မှုက တကယ်ခက်လွန်းတယ်။၊ နောက်ဆုံးတော့ ပြီးသွားပါပြီ။"
"ဟုတ်တယ် ဒီခုနစ်ရက်က အရမ်းခက်တယ် အိမ်ပြန်ရင် ထမင်းကောင်းကောင်းချက်စားပြီး အိပ်ပျော်မှ သက်သာမယ်"
"မနက်ဖြန်က ညှိုနှိုင်းမှု စမ်းသပ်မှုဖြစ်တော့မယ်၊ လူတစ်ယောက်ရဲ့ ဘဝအတွက် အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်ပဲ"
တတိယနှစ်၊ ပထမတန်းကျောင်းဘတ်စ်ကားပေါ်တွင် ကျောင်းသားများသည် အားတက်သရော စကားစမြည်ပြောနေကြသည်။ ဘတ်စ်ကားအတွင်း ဆူညံသံများကို သတိမမူမိဘဲ နားကြပ်တပ်ထားသည့် လင်းဇီချန်သည် သူ့ဖုန်းမှ သတင်းဗီဒီယိုများကို တိတ်တဆိတ် ကြည့်နေသည်။ သူ့ဘေး၌ထိုင်နေသော ရှန်ချင်းဟန်လည်း နားကြပ်တပ်ထား၍ သီချင်းနားထောင်ကာ သူ့ပခုံးပေါ်တွင် အိပ်ပျော်သွားသည်။
လက်တွေ့အကဲဖြတ်မှု၏ ခုနစ်ရက်တာကာလအတွင်း ရှန်ချင်းဟန်သည် ကောင်းကောင်းအိပ်မပျော်ခဲ့သဖြင့် ယခုအခါတွင် သူမ အလွန်အိပ်ငိုက်နေပြီဖြစ်သည်။ လင်းဇီချန်က သတင်းကို စေ့စေ့စပ်စပ်ကြည့်နေချိန်တွင် ရုတ်တရက် တစုံတဦးသည်သူ့ပခုံးကို ပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။
သူ့နားကြပ်ကို ချွတ်လိုက်ကာ လှည့်ကြည့်လိုက်ချိန်တွင် သူ့ကို ပုတ်လိုက်သည်မှာ ဟယ့်ယွီဖြစ်နေသည်ကိုမြင်လိုက်ရသည်။ လင်းဇီချန် လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသောအခါ ဟယ့်ယွီသည် ၎င်းတို့နောက်တွင် ထိုင်နေသော ဝမ်ရှု့ကျဲနှင့် လုကန်ကို လက်ညှိုးထိုးပြလျက်ပြောလိုက်သည်။
"ဒီနှစ်ယောက် တစ်ခုခုတော့လွဲနေပြီ၊ တောနက်ထဲမှာ နတ်ဆိုးတစ်ကောင်ကို သတ်နေတဲ့ သူတို့အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တယ်။ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေအရဆိုရင် အခုချက်ချင်း ထုတ်ပြသင့်တယ်၊ ဘာလို့ ဒီလောက်ငြိမ်နေတာလဲ"
ဟယ့်ယွီထံမှ ကြားသောအခါ လင်းဇီချန်သည်လည်း ဝမ်ရှုကျဲနှင့် လုကန်ကို တစ်ချက်ကြည့်လိုက်သည်။
၎င်းတို့နှစ်ဦးလုံးသည် အနည်းငယ်ထူးဆန်းနေကာ တစ်စုံတစ်ခုကို စဥ်းစားနေသကဲ့သို့ ဖြစ်နေသည်ကို သတိပြမိသည်။ သို့သော် သူသည် ၎င်းကို သိပ်ဂရုမစိုက်ဘဲ ၎င်းတို့နှစ်ဦးသည် အခြားကျောင်းများမှ ပါရမီရှင်များထက် သာလွန်သည်ဟု ခန့်မှန်းလိုက်သည်။
နှစ်နာရီကြာပြီးနောက်…
ဘတ်စ်ကားသည် ရှန်ဟိုင်း အထက်တန်းကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ ဘတ်စ်ကားရပ်လိုက်သည့်အခိုက်တွင် အနောက်နားတွင်ထိုင်နေသော ဝမ်ရှုကျဲနှင့် လုကန်သည် အလျင်အမြန်ဆင်းကာ အခြားသူများထက် အိမ်ပြန်ရန် လျင်မြန်စွာ လမ်းလျှောက်သွားသည်။
လင်းဇီချန်သည် ဤမြင်ကွင်းကိုမြင်၍ ထူးဆန်းသည်ဟုခံစားခဲ့ရသော်လည်း ထိုနေရာတွင်မနေဘဲ အိမ်သို့ပြန်ရန် ရှန်ချင်းဟန်နှင့်အတူ ဘတ်စ်ကားပေါ်မှဆင်းခဲ့သည်။ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း ၎င်းတို့သည် နှစ်ကြိမ်သာ ရေချိုးခဲ့ရ၍ ယခုအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်သည် အဆင်မပြေဖြစ်ကာ အိမ်ပြန်ရောက်ချင်း၌ပင် သေချာစွာ သန့်စင်ချင်နေကြသည်။
"ဇီချန်၊ မနက်ဖြန်မှာ မျိုးဗီဇစပ်တာနဲ့ စက်ပိုင်းဆရာပြုပြင်မှုတွေအတွက် သင့်တော်မှုစစ်ဆေးချက် တစ်ခုရှိတယ်လေ။ အဲ့တာကို စဥ်းစားပြီးတော့ စိတ်ညစ်လို့ ဒီည အိပ်မပျော်မှာတောင် စိုးတယ်” ရှန်ချင်းဟန်သည် အိမ်အပြန်လမ်းတွင် စိုးရိမ်စွာ ပြောသည်။
ယခုအခါ သူမ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြောပြသည်ကို ကြားလိုက်ရသောအခါ လင်းဇီချန်သည် ယခင်ကကဲ့သို့ သူမတွင် မကောင်းမြင်စိတ်အလွန်များနေသည်ဟု မတွေးမိခဲ့ပေ။
ဤသင့်တော်မှုစမ်းသပ်ချက်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် ဖြေဆိုသူတစ်ဦးစီ၏အနာဂတ်အပေါ် ကန့်သတ်ချက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်၍ စိုးရိမ်မိသည်မှာပုံမှန်သာဖြစ်သည်။ သီအိုရီဆိုင်ရာအသိပညာများပေါ်တွင် မူတည်နေသော ယခင်က ရေးဖြေစာမေးပွဲများနှင့်မတူသည်မှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစစ်ဆေးချက်များနှင့် လက်တွေ့အကဲဖြတ်စစ်ဆေးချက်များသည် ရှင်သန်မှုစွမ်းရည်များပေါ်တွင် မူတည်နေသည်။
သုံးခုပေါင်းလိုက်ခြင်း၏ အရေးပါမှုသည် မနက်ဖြန်တွင် ပြုလုပ်မည့် စမ်းသပ်မှု၏ ဆယ်ပုံတစ်ပုံပင် မရှိပေ။
ရေးဖြေစာမေးပွဲ၊ ကိုယ်ကာယကြံ့ခိုင်မှုစမ်းသပ်မှုနှင့် လက်တွေ့အကဲဖြတ်မှုတို့ကို အောင်မြင်မှသာ တက္ကသိုလ်တက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် မည်သည့်တက္ကသိုလ်မျိုးတွင် ဝင်ခွင့်ရနိုင်မည်လော မျိုးဗီဇပေါင်းစပ်သူ သို့မဟုတ် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားတစ်ယောက် ဖြစ်လာနိုင်မလားဆိုသည့်အချက်များသည်မူ မနက်ဖြန်စမ်းသပ်ချက်တွင် မူတည်နေသည်။
ပုံမှန်အားဖြင့်၊ ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိသူများသည် မျိုးဗီဇပေါင်းစပ်ခြင်းနှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံခြင်းအတွက် ပိုမိုသင့်တော်ကြသည်။ ထို့ကြောင့် အမှတ်မြင့်မားသော ကျောင်းသားများသည် အများအားဖြင့် ထူးချွန်သော ကျောင်းသားများဖြစ်သည်။
တစ်နည်းဆိုရသော်၊ ဤစမ်းသပ်မှုသည် စွမ်းဆောင်ရည်နိမ့်ကျောင်းသားများ၏ အနာဂတ် ပြောင်းလဲနိုင်သည်မှာ လက်တွေ့ဆန်လွန်းလှသည်မဟုတ်ပေ။
"ငါ့ရဲ့ လက်ရှိ ကာယကြံ့ခိုင်မှုက သာမန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်တိုးတက်နေတာကြောင့် မနက်ဖြန်ဖြေမယ့် စစ်ဆေးချက်မှာ ဘယ်လိုရလဒ်မျိုး ရနိုင်မလဲ" လင်းဇီချန်သည် စူးစမ်းလိုစိတ်အပြည့်ဖြင့် တွေးလိုက်သည်။
အခန်း (၉၅) ထူးခြားဆန်းပြားသော သားရဲများ ရှိလျှင် ထူးခြားဆန်းပြားသော လူများ ရှိသင့်သည်။
ညနေပိုင်း ထမင်းစားပြီး၍ ရေချိုးပြီးနောက် လင်းဇီချန်သည် သူ့အခန်းထဲပြန်ဝင်ကာ ကုတင်ပေါ်တွင် ပက်လက်လန်လျက် သူ့စမတ်ဖုန်းဖြင့် သတင်းများကို ရှာဖွေဖတ်နေခဲ့သည်။
ကိုးနာရီထိုးခါနီးတွင် သူ့ဘေးအိမ်နီးချင်း ရှန်ချင်းဟန်သည် ညအိပ်ဝတ်စုံဝတ်ကာ အိုင်ဖုန်းအမှတ်တံဆိပ်တက်ဘ လက်တစ်လုံးကို သူ့အခန်းထဲသို့ သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
"ဒီတက်ဘလက်က နင့်အတွက်ပဲ၊ ငါ့အမေက နင့်အတွက် သီးသန့် ဝယ်ခဲ့တာ" ရှန်ချင်းဟန်သည် သူမကိုင်ထားသော တက်ဘလက်ကို လင်းဇီချန်အား ပေးလိုက်သည်။
လင်းဇီချန်သည် အနည်းငယ် အံ့ဩသွား၏။
"အန်တီမုန့်က ဘာလို့ ဒါကို ရုတ်တရက် ပေးလိုက်တာလဲ"
"လက်တွေ့အကဲဖြတ်ချက်မတိုင်ခင် ငါတို့အတွက် နောက်ဆုံးပေါ် အိုင်ဖုန်း အမှတ်တံဆိပ်ဖုန်းကို ဝယ်ပေးမယ်လို့ အမေ ပြောခဲ့တယ်လေ။ နောက်တော့ တက်ဘလက်က ငါတို့ရဲ့လေ့လာမှုအတွက် ပိုအဆင်ပြေမယ်လို့ ခံစားမိလို့ ဖုန်းအစား တက်ဘလက်ဝယ်ပေးဖို့ အမေက ဆုံးဖြတ်ခဲ့တာလေ”
သူမ၏ရှင်းပြချက်ကိုကြားသောအခါမှသာ လင်းဇီချန်သတိရလာသည်။
သူက ဖုန်းကို ကောက်ကိုင်ကာ အန်တီမုန့်ကို စာတိုတစ်စောင်ပို့လိုက်သည်။ အိုင်ဖုန်းအမှတ်တံဆိပ် တက်ဘလက်ကို သဘောကျ၍ အန်တီမုန့်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ရွှီမုန့်နှင့် စကားစမြည်ပြောနေစဉ်၊ အိပ်ယာဘေးရှိ ရှန်ချင်းဟန်သည် သူမ၏ ဖိနပ်တစ်ရံကို ချွတ်ကာ သေးသေးသွယ်သွယ်၊ သိမ်မွေ့လှသော ခြေဖဝါးတစ်စုံကို ပေါ်လွင်စေလျက် ကုတင်ပေါ်သို့ တက်လာခဲ့သည်။
ထို့နောက် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ လှပနီမြန်းနေသော မျက်နှာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
"ဇီချန်၊ ဒီည ဒီနေရာမှာ ငါအိပ်ချင်တယ်၊ အဆင်ပြေရဲ့လား"
"ဘာ" လင်းဇီချန်သည် သူနားကြားမှားသည်ဟု မှတ်၍သူမ ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
ရှန်ချင်းဟန်က ချစ်စရာ တည်ငြိမ်စွာ ပြန်ရှင်းပြသည်။
"မနက်ဖြန် စာမေးပွဲရှိတယ်လေ။ တစ်ယောက်တည်း အိပ်ရင်တော့ စဉ်းစားနေမိပြီး အိပ်မပျော်နိုင်လောက်ဘူး”
"ဒါပေမယ့် ငါနင်နဲ့အိပ်ရင်တော့ စကားပြောနိုင်မှာဆိုတော့ အာရုံပြောင်းနိုင်တယ်လေ။ အဲ့လိုဆို စာမေးပွဲအကြောင်းတွေးပြီး အိပ်မပျော်ဘဲမနေလောက်ဘူး”
ထိုသို့ပြောပြီးနောက် သူမသည် လင်းဇီချန်၏မျက်လုံးများကိုကြည့်၍ ပြောလိုက်သည်။
"အဆင်ပြေလား”
"နင်အိပ်ချင်ရင် အဆ်ပြေတယ်လေ" လင်းဇီချန် ပြန်ဖြေလိုက်သည်။
ယခုကဲ့သို့ အတူတူ အိပ်ရသည့် အခြေနေမျိုး မကြုံဖူးခဲ့ခြင်း မဟုတ်ပေ။ ငယ်စဉ်အခါကကတည်းက အတူတူအိပ်လေ့ရှိသည်။ ၎င်းတို့သည် လွန်ခဲ့သော လက်တွေ့အကဲဖြတ်မှု၏ ခုနစ်ရက်အတွင်းလည်း အတူအိပ်ခဲ့ကြသည်။
"ဒါဆို မေမေ့ကို ဒီည အိမ်ပြန်မအိပ်တော့ဘူးလို့ ပြောလိုက်တော့မယ်"
ရှန်ချင်းဟန်သည် သူမ၏ ဖုန်းကို ထုတ်လိုက်၍ ရွှီမုန့်ကို WeChat မှတစ်ဆင့် သူမ ယနေ့ည လင်းဇီချန်၏အိမ်တွင် အိပ်မည်ဟု အကြောင်းကြားခဲ့သည်။
ယခုကဲ့သို့ အရာမျိုးအတွက် ရွှီမုန့်က စိုးရိမ်ပူပန်မှုမရှိသည်မှာ သေချာသည်။ မျှော်လင့်ထားသည့်အတိုင်း ရွှီမုန့်သည် ကန့်ကွက်ခြင်းအလျင်းမရှိဘဲ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ဒိုက်ဘာများနှင့် နောက်နေ့အတွက်ဝတ်ရန် အဝတ်အစားများကို ယူဆောင်လာပေးမည်ဟု တက်ကြွစွာပြောခဲ့သည်။
သို့သော် သူမက ထိုအရာများကို မလိုအပ်သေးပေ။ လင်းဇီချန်ကို တွေ့ရန် လာခဲ့စဥ်မှစ၍ သူမသည် ထိုနေ့စဥ်သုံးပစ္စည်းများကို ယူဆောင်လာခဲ့ပြီဖြစ်သည်။ ထို့နောက် နှစ်ယောက်သား အနီးကပ်ထိုင်လျက် အသစ်ဝယ်ထားသော အိုင်ဖုန်းအမှတ်တံဆိပ် တက်ပလက်ပေါ်မှ သတင်းများကို ကြည့်၍ အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြသည်။
ထိုအချိန်တွင် ၎င်းတို့သည် ဆင့်ကဲဖြစ်စဉ်တွင် ရှေးရိုးစွဲအဖွဲ့ခွဲများအကြောင်း သတင်းများစွာကို တွေ့ခဲ့ရသည်။ ၎င်းသည် မျိုးဗီဇပေါင်းစပ်မှုကို မပံ့ပိုးသည့်အဖွဲ့ဖြစ်သော်လည်း လူသားများသည် ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်များမှတစ်ဆင့် ၎င်းတို့၏ကန့်သတ်ချက်များကိုချိုးဖျက်နိုင်၍ အဆင့်မြင့်အဆင့်သတ္တဝါများ၊ ရှားပါးအဆင့်သတ္တဝါများ သို့မဟုတ် အနှိုင်းမဲ့အဆင့်သတ္တဝါများအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်ဟု အခိုင်အမာဖော်ပြထားသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲများ ကာလအတွင်း အဆိုပါ ရှေးရိုးစွဲသူများသည် အလွန်တက်ကြွ၍ အဓိက မီဒီယာများမှ သတင်းအစီရင်ခံမှုများတွင် မကြာခဏ ထွက်ပေါ်လာကာ သံလွင်ခက်များကိုပင် ပါရမီရှင်များအဖြစ်ပြောင်းလဲနိုင်သည်ဟု ချဲ့ကားပြောဆိုခဲ့ကြသည်။
၎င်းတို့သည် လူသားများကို ပျော့ညံ့သော အသားတုံးများအဖြစ်မှ လွတ်မြောက်ကာ မျိုးဗီဇ ပေါင်းစပ်ထားသူများ နှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများထက် မနိမ့်ကျသော ခန္ဓာကိုယ်ကို အရယူရန် ကူညီပေးနိုင်သည့် ထူးခြားသော ကိုယ်ခန္ဓာသန့်စင်ရေးနည်းလမ်းများရှိသည်ဟု ပြောကြသည်။
သို့သော် ဤကိုယ်ခန္ဓာသန့်စင်ခြင်းအလေ့အကျင့်များကို မပျက်မစီးသောကိုယ်ခန္ဓာကိုယ်ရှိသည့် သန့်စင်သောသွေးလူသားများကသာ လေ့ကျင့်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်၊ လူသားများသည် ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်တစ်မျိုးတည်းဖြင့် ပိုမိုမြင့်မားသောဘဝပုံစံများအထိ တိုးတက်ပြောင်းလဲနိုင်ကြောင်း ကမ္ဘာကိုသက်သေပြရန် ဤခန္ဓာကိုယ်သန့်စင်မှုနည်းလမ်းများကို လေ့ကျင့်ပေးရမည့် ပါရမီရှင်များကို လိုအပ်နေပြီဖြစ်သည်။
ဤရှေးရိုးစွဲအမြင်များကို ထုတ်လွှင့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မရေမတွက်နိုင်လောက်အောင် ဆဲဆိုခြင်းခံခဲ့ရသည်။ လူများသည် ၎င်းတို့ကို အန္တရာယ်ဖြစ်စေသည်ဟုဆိုကာ ၎င်းတို့၏ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းများကို လေ့ကျင့်ရန် မျိုးဗီဇပေါင်းစပ်မှုနှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများကို စွန့်လွှတ်ရန် ပါရမီရှင်များကို ဖြားယောင်းသွေးဆောင်သည့်အတွက် ဝေဖန်ခဲ့ကြသည်။
"ဇီချန်၊ လူတွေက သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ အဆင့်မြင့်တဲ့ သတ္တဝါတွေအဖြစ် တကယ်ပြောင်းလဲသွားနိုင်မယ်လို့ နင်ထင်လား”
ဤရှေးရိုးစွဲဆန်သော ပြောဆိုချက်များကို ဖတ်ပြီးနောက် ရှန်ချင်းဟန်သည် ထိုကဲ့သို့ မေးခွန်းထုတ်ခဲ့သည်။ သူမသည် ၎င်းတို့ မလုပ်နိုင်လောက်ဟု တွေးမိ၏။ အကယ်၍ လူသားများတွင်သာ ဤအလားအလာတကယ်ရှိနေပါက၊ ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြားအပါအဝင် အချို့မှာ ၎င်းတို့၏ မွေးရာပါ အစွမ်းအစကို အခြေခံ၍ အဆင့်မြင့် သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ယနေ့အထိ နမူနာတစ်ခုမျှ မရှိခဲ့ပေ။
မျိုးဗီဇပေါင်းစပ်သူများနှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသောလူသားများအပြင်၊ အသန်မာဆုံးဟု လူသိများကြသော သန့်စင်သောသွေးပိုင်ဆိုင်ထားသည့် လူသားများသည် ဇီဝဗေဒအဆင့်သတ်မှတ်ချက်အရ နဝမအဆင့်တွင်ရှိသည်။
၎င်းတို့သည် အလွန်သန်မာအားကောင်း၍ ၎င်းတို့၏အချက်အလက်များသည် အဆင့်မြင့်သတ္တဝါများနှင့် နီးစပ်သော်လည်း တကယ်တမ်းတွင် အဆင့်မြင့်သတ္တဝါများအဖြစ်သို့ တိုးတက်ပြောင်းလဲလာရန် နောက်ဆုံးအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပေ။
“လူသားတွေက သူတို့ရဲ့ မွေးရာပါ အလားအလာပေါ် မူတည်ပြီးတော့ အဆင့်မြင့်သတ္တဝါတွေအဖြစ် ပြောင်းလဲသွားနိုင်မယ်လို့ ငါယုံတယ်” လင်းဇီချန်က မဆိုင်းမတွ ပြန်ပြောခဲ့သည်။
သူ၏ပြတ်သားသောအဖြေကိုမြင်လိုက်ရသောအခါ ရှန်ချင်းဟန်က စူးစမ်းလိုစိတ်ဖြင့် မေး၏။
"နင် ဘာလို့ဒီလိုထင်တာလဲ"
"ဒီကမ္ဘာမှာ ထူးခြားဆန်းပြားတဲ့ သားရဲတွေရှိနေရင် ထူးခြားဆန်းပြားတဲ့ လူတွေရှိသင့်တယ်လို့ ငါခံစားရတယ်။ အဲ့တာမှ ပိုယုတ္တိရှိမှာပေါ့။ ငါပြောချင်တဲ့ ထူးခြားဆန်းပြားတဲ့ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကနေ အဆက်မပြတ် တိုးတက်ပြောင်းလဲနိုင်တဲ့ လူသားမျိုးတွေ”
"အဲ့တာတော့ အဓိပ္ပါယ်ရှိတယ်။ ယုတ္တိဗေဒအရ ထူးခြားဆန်းပြားတဲ့ သားရဲတွေရှိနေရင် ထူးခြားဆန်းပြားတဲ့ လူတွေလည်း ရှိသင့်တယ်။ ထူးခြားဆန်းပြားတဲ့ သားရဲတွေပဲရှိပြီး ထူးခြားဆန်းပြားတဲ့ လူတွေမရှိဘူးဆိုတာ ယုတ္တိမရှိဘူး”
"ဒါပေမယ့် ထူးခြားဆန်းပြားတဲ့ လူတွေက ဘယ်မှာလဲ"
"ထူးခြားဆန်းပြားတဲ့ သားရဲတွေ ရှိနေတာကြာပြီ၊ ဘာလို့ ထူးခြားဆန်းပြားတဲ့ လူတွေ မပေါ်လာသေးတာလဲ" ရှန်ချင်းဟန်သည် အဓိပ္ပါယ်မရှိသည်ဟု ခံစားရ၍ အမှန်တကယ်ပင် ပဟေဌိဖြစ်နေသည်။
ရုတ်တရက် သူမ အတွေးတစ်ခုဝင်လာ၍ လင်းဇီချန်ဘက်သို့ ချက်ချင်းလှည့်ကာ မေးလိုက်သည်။
“ဇီချန်၊ နင်က ထူးခြားတဲ့လူ မဟုတ်ဘူးလား"
"နင် အထင်ကြီးနေတာပဲ။ ငါမဟုတ်တာ သေချာတယ်။ ငါက သာမန်ပဲကို ဘယ်လိုလုပ် ထူးခြားတဲ့လူသားတွေနဲ့ ယှဥ်နိုင်မှာလဲ”
နောက်နေ့မနက်ခင်း လေညှင်းများ တိုးလာချိန်တွင် လင်းဇီချန်သည် အိပ်ယာမှ နိုးလာ၍ ပထမဆုံးလုပ်သည်မှာ အိပ်ရာစိုခြင်းရှိမရှိကို စစ်ဆေးရန် စောင်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။ ခြောက်သွေ့နေသည်။ ရှန်ချင်းဟန်သည် ယမန်နေ့တစ်ညလုံး ဆီးမသွားခြင်း သို့မဟုတ် ဒိုက်ဘာဝတ်ထားခြင်းမျိုးဖြစ်နိုင်သည်။
လင်းဇီချန်က အကြောင်းပြချက်မရှိဘဲ အလွန်အမင်းစိုးရိမ်ခြင်းမရှိပေ။ ငယ်စဥ်က ကလေးတစ်ယောက်အနေဖြင့် ရှန်ချင်းဟန်က အိပ်ရာထဲ ဆီးသွားခြင်းကို သူအမှန်တကယ်ကြောက်ခဲ့သည်။ သူမက ဒိုက်ဘာမဝတ်ဘဲ အိပ်ရာတစ်ခုတည်းတွင် တူတူအိပ်လိုက်သည့်အခါတိုင်း မကြာခဏ ဆီးသွားလေ့ရှိ၍ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများ ခံစားခဲ့ရသည်။
နာရီဝက်ခန့်ကြာသောအခါ ရှန်ချင်းဟန် နိုးလာသည်။ နှစ်ဦးသား လန်းဆန်းနေ၍ မနက်စာစားပြီးသည်နှင့်တပြိုင်နက် ကျောင်းသို့ အတူတူသွားကြသည်။
ရှန်ဟိုင်းမြို့မှ ဖြေဆိုသူများအတွက် စစ်ဆေးချက်ကို ကျွန်းတစ်ကျွန်းရှိ သုတေသန အဆောက်အအုံတစ်ခုတွင် စီစဥ်ပေးထားသည်။ ဤနေရာသို့ရောက်ရန် ကျောင်းသားများသည် ကျောင်းကားဖြင့် သွားရမည်ဖြစ်၍ ဆယ်မိနစ်မပြည့်ခင်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ပါ ကျောင်းသို့ရောက်ရှိလာသည်။
ထိုအချိန်တွင် ကျောင်းဝင်းသည် လူများဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။ ကျောင်းသားများသည် လာကြိုမည့် ဘတ်စ်ကားများကို စောင့်ဆိုင်းနေကြသည်။ သိပ်မကြာခင်၌ပင် ဘတ်စ်ကားများ ရောက်လာသည်။
ကျောင်းသားအားလုံး ကားပေါ်သို့ တက်၍ သုတေသနဌာနသို့ ထွက်ခွာခဲ့ကြသည်။
ဘတ်စ်ကားပေါ်တွင်၊ လင်းဇီချန်သည် ထူးဆန်းသော ဝမ်ရှုကျယ် နှင့် လုကန်းတို့၏ အပြုအမူကို ပြန်တွေးမိ၍ သူ့မျက်လုံးထောင့်မှ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့၏ စိတ်ဝိဉာဥ်များပုံမှန်မဟုတ်ကြောင်း သူသတိပြုမိသည်။ ၎င်းတို့သည် ပုံမှန်စွမ်းအင်များ ကင်းမဲ့နေပုံရသည်။
ဒါဆို ဒီနှစ်ယောက်က ဘာမှားနေတာလဲ။
လင်းဇီချန်သည် အလွန် ပဟေဌိဖြစ်လျက်ရှိ၏။
အခန်း(၉၆) ကြံ့ခိုင်ခြင်း စမ်းသပ်မှုရလဒ်များ
ရှန်ဟိုင်းမြို့အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် သိပ္ပံသုတေသနစခန်းရှေ့၌ဖြစ်သည်။
ကားရပ်လိုက်သည်နှင့် ရှန်ဟိုင်းအထက်တန်းကျောင်းမှ ဦးဆောင်သော ဆရာအဖွဲ့သည် ကျောင်းသားများကို စခန်းထဲသို့ ချက်ချင်းခေါ်သွားသည်။ ယနေ့တွင် ရှန်ဟိုင်းမြို့တစ်ဝှမ်းမှ သိုင်းပညာကျောင်းသား ၅၀၀၀ နီးပါးသည် စမ်းသပ်ချက်ခံယူရန် ဤနေရာသို့ လာရောက်ခဲ့ကြသည်။ တန်းစီရန် စောစောဝင်နိုင်လျှင် အချိန်ကုန်သက်သာသည်။
အခြေစိုက်စခန်းအတွင်း ဝင်သည်နှင့်တပြိုင်နက် လင်းဇီချန်သည် ပတ်ဝန်းကျင်ကို စူးစိုက်စွာ ကြည့်ရှုလိုက်သည်။ သူ့ကို အာရုံစိုက်စေသောအရာများမှာ စက်ပစ္စည်းများစွာနှင့် ခေတ်မီပစ္စည်းများဖြစ်ကြသည်။
နည်းပညာများပြည့်နေသည့် ခံစားချက်တစ်ခုကို ခံစားမိသည်။
"တခြားကျောင်းက ကျောင်းသားတွေ သိပ်မများသေးဘူး၊ လူမစုံသေးဘူး၊ အခုအားလုံးက စာမေးပွဲပြတင်းပေါက်မှာ အမြန်တက်ပြီး တန်းစီနေကြပါ" ရှန်ဟိုင်းအထက်တန်းကျောင်းအဖွဲ့မှ ခေါင်းဆောင်ဆရာက တိုက်တွန်းခဲ့သည်။
ထိုသို့ကြားလိုက်သောအခါ ကျောင်းသားများသည် သူတို့၏ စစ်ဆေးမှု များအတွက် တန်းစီရန် လူနည်းသေးသော စမ်းသပ်ခန်းများကို အမြန်ရွေးချယ်ခဲ့ကြသည်။ ရှန်ချင်းဟန်နှင့် တွဲလျက်ပါသော လင်းဇီချန်သည် လူအနည်းငယ်သာတန်းစီထားသော စမ်းသပ်ခန်းတစ်ခုကို ရွေးချယ်၍ တန်းစီလိုက်သည်။
ဟယ့်ယွီနှင့် လီချူရှင်းတို့သည် ၎င်းတို့နောက်မှလိုက်ကာ တန်းစီနေကြသည်။
"ဇီချန်၊ ဒီထဲမှာရှိတဲ့ ဓာတ်ပစ္စည်းတွေကိုဂျယ်လီငါး မျိုးဗီဇတွေနဲ့ လိုက်ဖက်ညီမှုကို စမ်းသပ်ဖို့အတွက် သုံးမှာလား" ရှန်ချင်းဟန်သည် စမ်းသပ်မှုတံခါးဝင်းအတွင်း အပြာရောင်အရည်များ ပြည့်နေသော စမ်းသပ်ပြွန်များကို ကြည့်ကာ မသေချာမရေရာ မေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒါတွေက ဂျယ်လီငါးမျိုးဗီဇ ဓာတ်ပစ္စည်းတွေပဲ" လင်းဇီချန် ပြန်ဖြေသည်။
ပျံ့လွင့်နေသော ဂျယ်လီငါးများ၏ မျိုးဗီဇများသည် လူ့ခန္ဓာကိုယ်နှင့် ဆက်စပ်မှု မြင့်မား၍ လူ့သွေးနှင့် ဓာတုဗေဒဆိုင်ရာ တုံ့ပြန်မှုကို အလွယ်တကူ ခံရနိုင်သည်။ ထို့ကြောင့် ၎င်းတို့ကို မျိုးဗီဇပေါင်းစပ်နိုင်စွမ်း စမ်းသပ်ချက်အတွက် ဓာတ်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ စမ်းသပ်သည့်နည်းလမ်းသည် အလွန်ရိုးရှင်းသည်။ စစ်ဆေးမှုပြုလုပ်သူများထံမှ သွေးစိမ်းများထုတ်ယူ၍ ဓာတုတုံ့ပြန်မှုဖြစ်စေရန်အတွက် ဂျယ်လီငါးမျိုးဗီဇဓာတ်များထဲသို့ ထိုးသွင်းမည်ပင်ဖြစ်သည်။
ထို့နောက် တုံ့ပြန်မှု၏ပြင်းထန်မှုအပေါ်အခြေခံ၍ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းမည်မျှရှိသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ မကြာမီတွင်ပင် စမ်းသပ်မှုများ စတင်ခဲ့သည်။
ပထမဦးစွာ ၎င်းတို့သည် မျိုးဗီဇပေါင်းစပ်နိုင်စွမ်းကို စမ်းသပ်ခဲ့သည်။ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုအတွက် စမ်းသပ်ခြင်းသည် နောက်ပိုင်းတွင်သာ ဖြစ်လိမ့်မည်။ ဤအစီအစဉ်သည် မလိုအပ်သော စမ်းသပ်မှုများစွာကို လျှော့ချနိုင်သည်။
ပုံမှန်အားဖြင့် ဆန်းစစ်သူများသည် ၎င်းတို့၏ မျိုးဗီဇပေါင်းစပ်မှု လိုက်ဖက်ညီမှုကို စစ်ဆေး၍ ကျေနပ်လောက်သော အချက်အလက်ကို တွေ့ရှိပြီးနောက်၊ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုကို စမ်းသပ်ကြတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင်မူ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံခြင်းသည် လူများစွာအတွက် လူမဆန်လွန်းလှပေ။ ၎င်းတို့ခန္ဓာကိုယ်တစ်ခုလုံး သံမဏိအဖြစ် ပြောင်းလဲသွားခြင်းကို လက်မခံနိုင်ပေ။ စစ်ဆေးမှုအများစုအတွက်၊ ၎င်းတို့သည် မျိုးဗီဇပေါင်းစပ်ခြင်း နှင့် သဟဇာတဖြစ်ပါက စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုကို ရွှေးချယ်ကြလိမ့်မည်မဟုတ်သည်မှာအသေအချာပင်ဖြစ်၏။
မျိုးဗီဇပေါင်းစပ်ခြင်းသည် သင်၏ မျိုးဗီဇကို ပြောင်းလဲသော်လည်း၊ သင့်တွင် သံမဏိအအေးထက် များစွာသာလွန်သော အသွေးအသားနှင့် ခန္ဓာကိုယ်ရှိသေးသည်။ အချို့သူများသည် ၎င်းတို့သည် စက်ပိုင်းဆိုင်ရာပြုပြင်မှုများနှင့် ကိုက်ညီမညီကို သိလိုစိတ်ပြင်းပြ၍ ထိုစမ်းသပ်ချက်ကို ခံယူလိုကြသော်လည်း ထိုသို့သောသူများအလွန်နည်းပါးလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုအတွက် လိုက်ဖက်ညီသော စမ်းသပ်မှုသည် မျိုးဗီဇပေါင်းစပ်ခြင်းကဲ့သို့ မပျော့ပျောင်းပေ။ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုနှင့် ကိုက်ညီမညီ စမ်းသပ်မှုတွင် အထူးသတ္တုစပ်ပစ္စည်းကို လူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်း ပါဝင်သည်။ လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော နာကျင်မှုကို ဖြစ်စေ၍ ငြင်းဆန်သည့် တုံ့ပြန်မှုများကို ပြသလိမ့်မည်။ နာကျင်မှုသည် ကလေးမွေးဖွားခြင်းနှင့် တူညီသည်။
ခန့်မှန်းအားဖြင့် နာရီဝက်ခန့်အကြာတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ နှစ်ဦးလုံး၏ သွေးများကို ရယူပြီးဖြစ်သည်။ ထို့နောက် သူတို့သည် ရလဒ်အတွက် ထိုင်စောင့်နေမည့် နေရာရှာရန်သာ လိုတော့သည်။ ရလဒ်များသည် တစ်နာရီအတွင်း ထွက်ပေါ်လာမည်ဖြစ်သည်။ နှစ်ယောက်သား စကားစမြည်ပြော၍ စောင့်ဆိုင်းနေစဉ်တွင် စောစောက သွေးထုတ်ခဲ့သော စစ်ဆေးမှုများစွာသည် ၎င်းတို့၏ ရလဒ်များကို တစ်ခုပြီးတစ်ခု ရရှိခဲ့ကြသည်။ ရလဒ်များကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများတွင် စစ်ဆေးနိုင်သည်။ ထို့ကြောင့် မကြာမီ အခြေစိုက်စခန်းတွင် ဆူဆူညံညံဖြစ်လာသည်။
"၈ရာခိုင်နှုန်းကွ၊ ငါ့မျိုးရိုးပေါင်းစပ်နိုင်စွမ်းက ၈% အထိ မြင့်မားတယ်။ ဟားဟား… ကံကြမ္မာက ငါ့ကို ပိုသဘောကျတယ်။ ငါ မျိုးဗီဇပေါင်းစပ်တဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်။"
" ၄% ပဲလား ၊ ငါ ဘယ်တော့မှ မျိုးဗီဇပေါင်းစပ်သူ ဖြစ်လာမှာမဟုတ်ဘူးဆိုတာထင်သားပဲ”
"၆%တဲ့ ချီး တော်သေးတယ်၊ ကံကောင်းလို့ ကျော်သွားနိုင်တာ"
ဤအော်သံများကိုကြားပြီးနောက် လင်းဇီချန်လည်း သူ့ကိုယ်ပိုင် မျိုးဗီဇပေါင်းစပ်ခြင်း မည်မျှရှိမည်ကို သိချင်လာသည်။
မျိုးဗီဇပေါင်းစပ်ခြင်း စံနှုန်းများ။ ၆% သည် အောင်မှတ်ဖြစ်၍ ၈% သည် အလွန်ကောင်းသောအမှတ်ဖြစ်သည်။ ၁၀% သည်မူ အလွန်အထင်ကြီးဖွယ်ကောင်းသော ကျောင်းနှစ်ခု၏ အဆင့်ဖြစ်သည်။
ဤဂုဏ်သတင်းကြီးသော ကျောင်းနှစ်ကျောင်းသည် ကျိုတိုတက္ကသိုလ်နှင့် ရှန်ဟိုင်းတက္ကသိုလ်တို့ကို ရည်ညွှန်းသည်။မှန်သည်၊ ရှန်ဟိုင်းတက္ကသိုလ်သည် ရှန်ဟိုင်းမြို့တွင် တည်ရှိသည်။
ရှန်ဟိုင်းမြို့၏ ပညာရေးစံနှုန်းများက မမြင့်မားသော်လည်း အခြားမြို့များစွာနှင့် နှိုင်းယှဥ်၍ မရပေ။ ရှန်ဟိုင်းမြို့၏ အထူးခိုင်မာသော စီးပွားရေးကြောင့် ၎င်းသည် ထိပ်တန်းအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက်ရှိသည်။
နိုင်ငံရေး အဆင့်အတန်းကို ဘေးဖယ်ထားလျှင် ရှန်ဟိုင်းမြို့သည် နိုင်ငံ၏ ထိပ်တန်းစီးပွားရေး အဆင့်ရှိသည်။ မျိုးဗီဇပေါင်းစပ်ခြင်းနှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံခြင်းတို့သည် ကုန်ကျစရိတ်များသော နယ်ပယ်နှစ်ခုဖြစ်သည်။
ဥပမာအားဖြင့် မျိုးဗီဇပေါင်းစပ်ခြင်းတွင် မြင့်မားသော မျိုးဗီဇအဆင့်ဖြင့်ပေါင်းစပ်၍ ကျင့်ကြံခြင်းသည် စုစုပေါင်းငွေ ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ တစ်ဘီလီယံ၊ နှစ်ဘီလီယံမျှမဟုတ်၊ ဘီလီယံဆယ်ဂဏန်းရှိသည်။
ထို့ကြောင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော ရှန်ဟိုင်းတက္ကသိုလ်သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်နှစ်ခုအနက်မှ တစ်ခုဖြစ်လာခဲ့သည်။ ဤဂုဏ်သိက္ခာကြီးမားသောအဖွဲ့အစည်းနှစ်ခု၏ ဆင့်ကဲတက္ကသိုလ်သို့တက်ရောက်ရန် မျိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်သည် အနည်းဆုံး ၁၀% ရှိရမည်ဖြစ်သည်။ မရှိလျှင် လျှောက်ထားရန် စဥ်းပင်မစဥ်းစားသင့်ပေ။
မြို့တော်မှ များစွာအလိုရှိနေသည်ဟု လူသိများကြသော ပါရမီရှင်များကဲ့သို့ တိုကျိုတက္ကသိုလ်မှ ပါရမီရှင်၏ မျိုးဗီဇပေါင်းစပ်ခြင်းစမ်းသပ်ချက်သည် ၁၆ ရာခိုင်နှုန်းအထိရှိသည်။ သူသည် နိုင်ငံတစ်ဝှမ်းတွင် ထိပ်တန်းအဆင့်ရှိ၏။
လင်းဇီချန်က မျိုးဗီဇပေါင်းစပ်ခြင်းမပြုလျှင်ပင် ထိုကျိုတိုပါရမီရှင်ထက် များစွာစွမ်းအားကြီးနိုင်သည်ဟု တွေးထားသည်။ ထို့ကြောင့် သူ၏ မျိုးဗီဇစမ်းသပ်ချက်သည် ၁၆ ရာခိုင်နှုန်းထက်များ၍ ၂၀% နီးပါး ရှိသင့်သည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုပမာဏက မည်မျှပင် မြင့်မားနေစေကာမူ၊ အဓိပ္ပါယ်မရှိပေ။ အသန်မာဆုံးသော အောင်မြင်မှုကို ဗီဇစွမ်းရည်အဖြစ်ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်အတွက်၊ မျိုးဗီဇပေါင်းစပ်ခြင်းကို လမ်းကြောင်းအဖြစ်မတွေးသင့်ပေ။
‘တိုက်ရိုက်သုံးလို့ရနေတာကို ဘာလို့ မျိုးစပ်ရမှာလဲ’
"ဇီချန်၊ ငါ မခံနိုင်တော့ဘူး၊ ငါ အရမ်းစိတ်လှုပ်ရှားနေတယ်။" ရှန်ချင်းဟန်သည် လင်းဇီချန်ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။ သူမ၏ လက်များ ပြင်းထန်စွာ တုန်ခါလျက်ရှိကာ သူမ၏ ခြေထောက်များသည်လည်း အားနည်းလာသည်။ ဤအခိုက်အတန့်တွင် သူမ၏ နှလုံးသားထဲ၌ စူးစမ်းလိုစိတ်အလျင်းမျှမရှိတော့ပေ။ အကြောက်တရားများသာ ပြည့်နေသည်။ သူမ၏ မျိုးဗီဇ ပေါင်းစပ်နိုင်စွမ်း မမြင့်မည်ကို စိုးရိမ်လျက်ရှိသည်။
"အဆင်ပြေပါတယ်၊ အခုလိုလန့်တာက ပုံမှန်ပါပဲ။" လင်းဇီချန်သည် ရှန်ချင်းဟန်၏လက်များကို ဆုပ်ကိုင်ကာ စိတ်ကို တည်ငြိမ်စေလိုက်သည်။
တကယ်တမ်းတွင် သူမ၏ မျိုးဗီဇပေါင်းစပ်ခြင်းကသာ မလုံလောက်ပါက ထိပ်တန်းကျောင်းနှစ်ကျောင်းလုံးက လက်မခံကြတော့မည်ကို သူလည်း စိုးရိမ်နေသည်။ သူငယ်တန်းမှ ယခုအချိန်အထိ သူသည် ရှန်ချင်းဟန်နှင့် တစ်ကျောင်းတည်းတွင် အတူတက်နေခြင်းကို ကျင့်သားရလာခဲ့သည်။ တက္ကသိုလ်တစ်ခုတည်းတွင် တူတူတက်ရတော့မည်မဟုတ်ဟူသော အတွေးသည် အလွန်စိတ်ပျက်ဖွယ်ကောင်းနေသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းတက်စဉ်ကကဲ့သို့ ကောလိပ်ကိုပါ အနောက်လမ်းမှ ဖြတ်ဝင်ရန် ကူညီပေးသည်မှာ အလွန်အန္တရာယ်များသည်။
မကြာမီကပင် ကိုယ့်ကိုယ်ကိုယ် စတင်ယုံကြည်မှုရှိလာသော ရှန်ချင်းဟန်သည် မိမိကိုယ်ကို သံသယဝင်ကာ လမ်းကြောင်းပြောင်းသွားပြန်သည်။
"၁၀% ဘုရားရေ။ ငါ ထိပ်တန်းကျောင်းနှစ်ကျောင်းကို တက်နိုင်တယ်ဆိုတာ မယုံနိုင်ဘူး"
အနီးအနားတွင် ထိုင်နေသော လီချူရှင်းသည် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်၍ ခုန်နေသည်။
သူမ၏အဆင့်သည် အဆင့်များထဲ၌ အဆိုးဆုံးများထဲတွင် ပါဝင်ခဲ့၍ သူမသည် ဤထိပ်တန်းကျောင်းများထဲမှ တစ်ခုကို ဝင်ခွင့်ရရန် စိတ်ကူးမယဉ်ခဲ့ဖူးပေ။ သူမသည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုကို ဝင်ခွင့်ရရန် မျှော်လင့်ထားသော်လည်း သူမမျှော်လင့်ထားသော မျှော်မှန်းချက်များထက် ကျော်လွန်လာခဲ့သည်။
"ဟမ် ၁၁% ပဲရှိတာလား။" လီချူရှင်းနှင့် မတူသည်ညီစွာဖြင့် ဟယ့်ယွီသည် သူ့ဖုန်းတွင် ပြသထားသော အမှတ်များကို ကြည့်လိုက်၍ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
သူသည် ၁၂% အဆင့်တွင်ရှိနိုင်ကာ ၁၃% ကိုရောက်ရှိနိုင်သည်ဟုယုံကြည်ခဲ့သည်။
သို့သော် ရလဒ်သည် အတန်းထဲတွင် အနိမ့်ဆုံးဖြစ်သည့် လီချူရှင်းထက် ၁၁% သာ ပိုများသည်။ ယခု သူတကယ်ကိုပင် ရှုံးနိမ့်သွားခဲ့ပြီ။ ၎င်းတို့နှစ်ဦး ပြောနေသံကို ကြားပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်လည်း မိမိတို့၏ ရလဒ်များ ထွက်လာသည်ကို သိလိုက်ရသည်။
"ငါတို့နောက်မှ စစ်ထားတဲ့ ဟယ့်ယွီနဲ့ ချူရှင်းတောင် အမှတ်တွေ သိရပြီဆိုတော့ ငါတို့လည်း ထွက်လောက်ပြီ။ မြန်မြန်စစ်ကြည့်လိုက်" လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောလိုက်သည်။
ရှန်ချင်းဟန်သည် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းယမ်းလိုက်၏။
"မကြည့်ရဲပါဘူး၊ နင် အရင်စစ်ကြည့်လိုက်ပါ။ ပြီးမှ နင် ငါ့ဟာစစ်ပေးလိုက်”
"ကောင်းပြီ၊ နောက်မှ ကြည့်ပေးမယ်။" စကားပြောပြီးနောက် လင်းဇီချန်သည် နန်ကျန်းပြည်နယ် ကောလိပ်ဝင်ခွင့်စာမေးပွဲဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ ၎င်း၏ရလဒ်များကို စစ်ဆေးခဲ့သည်။
ထိုအခိုက်အတန့်တွင် ဟယ့်ယွီနှင့် လီချူရှင်းတို့သည်လည်း သူ့ရမှတ်မည်မျှမြင့်မားမည်ကို စူးစမ်းချင်သောကြောင့် အနားသို့ရောက်လာကြသည်။ မကြာမီ၌ပင် ရလဒ်ကို တွေ့လိုက်ရသည်။
မျိုးဗီဇပေါင်းစပ်ခြင်းစမ်းသပ်ချက် ၁၅ ရာခိုင်နှုန်း။
"၁၅% က အရမ်းများနေတယ်၊ ဒီထပ်များတာမရှိရင် ဒါက နန်ကျန်းပြည်နယ်မှာ အမြင့်ဆုံးဖြစ်မှာပဲ" လီချူရှင်းသည် မနာလိုစိတ်အပြည့်နှင့် အားကျစွာ ပြောလိုက်သည်။
ဟယ့်ယွီသည်လည်း မှတ်ချက်ပေးလိုက်သည်။
“ငါထင်ထားတဲ့အတိုင်းပဲ”
ရှန်ချင်းဟန်သည် ရွှင်မြူးသောမျက်နှာဖြင့် ပြော၏။
"ဇီချန်၊ ဒီအမှတ်နဲ့ဆို နင်က ပြည်နယ်ရဲ့ ထိပ်တန်း ပညာရှင် ဖြစ်မယ်ဆိုတာ သေချာတယ်"
တစ်ဖက်တွင် လင်းဇီချန်သည် အခြားသုံးယောက်နှင့်မတူဘဲ ဤရမှတ်အတွက် အလွန်ကျေနပ်မှုမရှိပေ။ ၁၅%ဟူသည် အလွန် နိမ့်ကျလွန်း၍ ထိုကျိုတို ပါရမီရှင်ကိုပင် မကျော်လွန်ပေ။
မျိုးဗီဇကိုက်ညီမှုစမ်းသပ်ချက်အတွက် တစ်ခုတည်းသော အဆုံးအဖြတ်ပေးသည့်အချက်မှာ ကာယကြံ့ခိုင်မှုမဟုတ်ဟု ထင်ရသည်။ ၎င်းကို လွှမ်းမိုးသည့် အခြားသော အကြောင်းအရင်းများ ရှိနိုင်သည်။ သူ့စိတ်များ အနည်းငယ်တည်ငြိမ်သွားပြီးနောက် လင်းဇီချန်က ရှန်ချင်းဟန်ကိုကြည့်လိုက်သည်။
"ဟန်ဟန် နင့်ဟာ စစ်ကြည့်ဖို့ အလှည့်ပဲ”
"ကောင်းပြီ၊ နင် ငါ့အတွက် စစ်ဆေးကြည့်ပေးပါ့လား" ရှန်ချင်းဟန်က အသံတုန်ယင်စွာဖြင့် ပြောလိုက်သည်။
လီချူရှင်းသည် ရှန်ချင်းဟန်၏ အခြေအနေကို သတိပြုမိသွား၏။
"စိတ်မပူပါနဲ့ ဟန်ဟန်၊ ငါတောင် ၁၀% ရခဲ့ရင် နင်လည်းရမှာပဲ”
"ဟုတ်တယ် သူငယ်ချင်း။ နင်က ငါတို့အတန်းထဲက ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ပဲ၊ ထိပ်တန်းကျောင်းတွေကို ဝင်ခွင့်ရမှာ သေချာတယ်၊ ဘာမှမဖြစ်လောက်ဘူး”
"ဟုတ်တယ်၊ ငါယုံကြည်တယ်" ရှန်ချင်းဟန်သည် ၎င်းတို့ကို ပြုံးပြသော်လည်း အလွန်စိတ်လှုပ်ရှားနေသေးသည်။
လင်းဇီချန်သည် မည်သည့်စကားမျှမပြောတော့ဘဲ ရှန်ချင်းဟန်၏ စစ်ဆေးရေးဝက်ဘ်စိုက်သို့ ဝင်ရောက်ကာ သူမ၏ရမှတ်များကိုကြည့်ရှုရန် နှိပ်လိုက်သည်။
ထို့နောက် နောက်တစ်စက္ကန့်တွင် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သော နံပါတ်တစ်ခုပေါ်လာသည်။
မျိုးဗီဇပေါင်းစပ်ခြင်း စစ်ဆေးချက် - ၂၁ %။