အပိုင်း ၁၀၃-၁၀၅
Vol. 7 Ch. 103-105
အခန်း (၁၀၃) လူ့ခန္ဓာကိုယ်သည် သဘာဝအားဖြင့် တွန်းလှန်၍ မရနိုင်
ရုပ်ပိုင်းဆိုင်ရာအကဲဖြတ်မှုများ ပြီးဆုံးသည့်နေ့မှစ၍ ကောင်းကင်လူသားအဖွဲ့အစည်းသည် သတင်းများတွင် မကြာခဏဆိုသလို ပေါ်ထွက်နေ၍ အွန်လိုင်းတွင် လူကြိုက်များသည့်အဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော်လည်း အာရုံစူးစိုက်မှု အများစုမှာ အဆိုးမြင်မှုများနှင့် ဝေဖန်ရှုံ့ချခံရမှုများ ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကောင်းကင်လူသားအဖွဲ့အစည်းသည် အဆိုပါ သိုင်းပညာ စစ်ဆေးမှု အချက်အလက်ကောင်းများရရှိခဲ့သည့် ဖြေဆိုသူများထံသို့ လာရောက်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် မျိုးဗီဇပေါင်းစပ်မှုကို လက်လျှော့၍ သွေးသန့်သောလူသားများ၏ အခွင့်အလမ်းများကို သုတေသနပြုရန်အပြင် ကောင်းကင်လူသားအဖွဲ့ထဲဝင်ရန် တိုက်တွန်းလျက်ရှိကြသည်။
ဤကာလအတွင်း၊ ကောင်းကင်လူသားအဖွဲ့အစည်း၏အဓိကဗျူဟာမှာ ကျောင်းသားစုဆောင်းခြင်းအတွက် ချဉ်းကပ်မှုဖြစ်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦး၏ မျိုးဗီဇပေါင်းစပ်ခြင်း ကိုက်ညီမှု မြင့်မားသည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ ၎င်းတို့တွင် ခန္ဓာကိုယ် စမ်းသပ်မှုအချက်အလက်ကောင်းများရှိနေသရွေ့ အဖွဲ့အစည်းသည် တစ်ဦးချင်းစီထံသွားရောက်ကာ နှောင့်ယှက်ခြင်းကဲ့သို့သော စုဆောင်းရေးနည်းဗျူဟာများကို အသုံးပြုမည်ဖြစ်သည်။
ထို့နောက် ကျောင်းသားများ၏ မိဘများသည် ကောင်းကင်လူသားအဖွဲ့အစည်းကို တိုင်ကြားခဲ့၍ လူ့အဖွဲ့အစည်းမှ ပြစ်တင်ရှုံ့ချမှုများ အများအပြားကို ကြုံတွေ့ခဲ့ရသည်။ သူတို့သည် လူငယ်များကို လမ်းလွဲစေသည်ဟု အပြစ်တင်ခံရသည့်အပြင် အရှက်မရှိသည်ဟုလည်း စွပ်စွဲခံရသည်။
ဤအခြေနေတွင် အစွန်းရောက်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်းစွပ်စွဲခံကြရသည်။
ကောင်းကင်လူသားအဖွဲ့အစည်းမှပေးသော အကျိုးကျေးဇူးများကြောင့် အခြားရွေးချယ်စရာများ မရရှိနိုင်ဘဲ ဆွဲဆောင်ခံရသောအခါတွင် အဆိုပါ ကျောင်းသားအများစုသည်အဖွဲ့အစည်း၏ အတွေးအခေါ်ကို အမှန်တကယ်ယုံကြည်သောကြောင့် မဟုတ်ဘဲ ရွေးချယ်ခဲ့ကြသည်။
အထက်ဖော်ပြပါအားလုံးသည် လင်းဇီချန်၏ ကောင်းကင်လူသားအဖွဲ့အစည်းနှင့်ပတ်သက်သည့် အတွေးအမြင်နှင့် နားလည်မှုပင်ဖြစ်သည်။
"ခဏလောက် ဆွေးနွေးဖို့ အဆင်ပြေလား"
သက်လတ်ပိုင်းအရွယ် လျို့ချွမ်ဝူက ဆက်ပြော၏။
“ငါ အချိန်အများကြီးမယူပါဘူး၊ နာရီဝက်လောက်ဆို လုံလောက်ပါတယ်"
လင်းဇီချန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူ့ဘေးနားရှိ လူငယ်လေးထံမှ အိတ်ကို ယူကာ ပြုံးပြုံးရွှင်ရွှင် လွှဲပေးလိုက်သည်။
"ဒါက ငါတို့ရဲ့ လက်ဆောင်လေးတစ်ခုပါ။ အတွင်းထဲမှာ နောက်ဆုံးထွက် အိုင်ဖုန်းပါ။ စိတ်မရှိဘူးဆိုရင် လက်ခံပေးပါ။"
"ဒါကို ကျွန်တော် ဘယ်လိုလက်ခံနိုင်မှာလဲ…” လင်းဇီချန်သည် ကျိုးနွံစွာပြောကာ လွယ်အိတ်ကို ယူလိုက်သည်။
“ဖုန်းတစ်လုံး၊ အလကားရတာဘဲ ယူရမှာပေါ့။ နာရီဝက်လောက် အချိန်ပေးလိုက်ရတာ ဘာမှမဖြစ်ပါဘူး”
ကောင်းကင်ဘုံလူသားနှင့် ရှေးရိုးစွဲအဖွဲ့ခွဲများ ဟုခေါ်သော ရှေးရိုးစွဲအုပ်စုအကြောင်း ပိုမိုလေ့လာရန် အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်သည်။ လင်းဇီချန် ဖုန်းလက်ခံသည်ကိုမြင်သောအခါ လျို့ချွမ်ဝူသည်လည်း ကျေနပ်သောအပြုံးဖြင့်ကြည့်သည်။
ကျောင်းသားသစ်စုဆောင်းမှုမှာ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကောင်းကင်ဘုံလူသားအဖွဲ့အစည်း၏ အတွေးအခေါ်ကို နန်ကျန်းပြည်နယ် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ဒုတိယနေရာရသည့် ပညာရှင်ထံ စေ့စေ့စပ်စပ် မိတ်ဆက်နိုင်မည်ဆိုလျှင် ပေးလိုက်ရသည့်ဖုန်းသည် ထိုက်တန်ပါသည်။
"ထိုင်ပြီး စကားပြောဖို့ စားသောက်ဆိုင်ရှာရမလား" လျို့ချွမ်ဝူမျက်နှာသည် ရိုးသားမှုအပြည့်နှင့်ပြုံးရွှင်လျက်ရှိသည်။
"နေရာကို မင်းရွေးလိုက်လေ ငါရှင်းမှာ" ကျောင်းသား၏အိမ်တွင် စကားပြောနေမည်ဆိုလျှင် မိဘများက ရိုက်နှက်၍ မောင်းထုတ်ခံရမည်ကို စိုးရိမ်သည်။
ငယ်ရွယ်သေးသော ကျောင်းသားများအား နောက်ဆုံးထွက် အိုင်ဖုန်းတစ်လုံးဖြင့် ဆွဲဆောင်နိုင်သော်လည်း မိဘများသည် ငြင်းဆိုနိုင်ပေမည်။ အထူးသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ဒုတိယနေရာရခဲ့သည့် ကျောင်းသား၏မိဘများသည် အိုင်ဖုန်းကို မက်မောနေမည် မဟုတ်ပေ။ မိဘများရှေ့တွင် မျိုးဗီဇပေါင်းစပ်မှုကို စွန့်လွှတ်ရန် ကျောင်းသားအား ဆွဲဆောင်လျှင် တံမြက်စည်းဖြင့် ရိုက်၍ မောင်းထုတ်မည်ဖြစ်သည်။
"ဘယ်သွားစားချင်လဲ" လင်းဇီချန်သည် သူ့နောက်၌ ရပ်နေသော ရှန်ချင်းဟန်ကို မေးလိုက်သည်။
ခဏကြာစဥ်းစားပြီးနောက် ရှန်ချင်းဟန် ဖြေလိုက်သည်။
"ရှေ့ထောင့်က အချိုပွဲဆိုင်ကို သွားရအောင်"
အဆိုပါဆိုင်သည် နှစ်မိနစ်ခန့် လမ်းလျှောက်ရမည်ဖြစ်သောကြောင့် အချိန်များစွာ သက်သာသည်။ ဟယ့်ယွီ၏ သိုင်းပညာသင်တန်းကျောင်း၌ တွေ့ဆုံပွဲတစ်ခုရှိသေးသောကြောင့် ကြန့်ကြာ၍မရပေ။
အချိုပွဲဆိုင်တွင် ၎င်းတို့အဖွဲ့သည် အနားထောင့်တစ်ခုမှာ ထိုင်ရန် နေရာရွေးခဲ့သည်။ အချိုရည်၊ အချိုပွဲ နှင့် အဆာပြေများကို မှာကြားပြီးနောက် ချက်ခြင်း ဆွေးနွေးသည်။ အများစုမှာ လျို့ချွမ်ဝူ၏ပြောစကားဖြစ်၍ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် နားထောင်ကြသည်။
"ကောင်းကင်လူသားအဖွဲ့အစည်းကိုက သိပ်မကြာခင်ကပဲ လူအများ အာရုံစိုက်လာတယ်၊ မင်းတို့နှစ်ယောက်လုံးလည်း အဲတာကို သိပြီးသားဖြစ်မယ်လို့ ငါထင်တယ်၊ ဒါပေမယ့် လွဲမှားနေတဲ့ အယူအဆတွေအများကြီးပဲ။ နောက်တော့၊ လူတော်တော်များများက ကောင်းကင်လူသားအဖွဲ့အစည်းကို မျိုးဆက်သစ်လူငယ်တွေကို လှည့်စားပြီး ရပ်ရွာကို အန္တရာယ်ဖြစ်စေတယ်လို့ ဝေဖန်ကြတယ်။ တချို့က ကောင်းကင်လူသားအဖွဲ့အစည်းကို ညစ်ညမ်းတဲ့ ဂိုဏ်းဆိုးတစ်ခုအဖြစ် ကျိန်ဆဲသွားကြတယ်။”
“ဒါတွေက ကိုယ်ကိုယ်တိုင် သေချာမသိဘဲ သူများပြောသမျှ အကုန် လိုက်နားယောင်တဲ့လူတွေရဲ့ အထင်မြင်နဲ့ ပြောဆိုမှုပဲ”
"ငါတို့ ကောင်းကင်လူသားအဖွဲ့အစည်းက သွေးသန့်တဲ့ လူမျိုးအမြဲထိန်းသိမ်းရေးကို ကိုယ်စားပြုတဲ့ အဖွဲ့ပါ။ ငါတို့ရဲ့ သုတေသနအားလုံးက လူသားမျိုးနွယ်ရဲ့ တိုးတက်မှုကို အဓိက ရည်မှန်းထားတာပါ”
"ငါတို့အဖွဲ့ထဲမှာ အဓိက တက္ကသိုလ်တွေက သိုင်းပညာဆရာတွေ၊ သိုင်းပညာကျောင်းတွေက အားကစားသိုင်းကျွမ်းကျင်သူတွေ၊ လူမှုအသိုင်းအဝိုင်းက သိုင်းကျောင်းတွေနဲ့ သိုင်းပညာရှင်တွေ ပါဝင်ပါတယ်။"
"ငါတို့က သွေးသန့်တဲ့ လူသားတွေရဲ့ အရည်အချင်းကို တိုးမြှင့်စေနိုင်ဖို့ သုတေသနတွေ လုပ်ကြတယ်”
"နှစ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးနောက်၊ ငါတို့ ကောင်းကင်လူသားအဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားတဲ့ ရလဒ်တစ်ချို့ကို ရရှိခဲ့ပါတယ်။ ဒီဗီဒီယိုကြည့်ပြီးရင် မင်းတို့နားလည်သွားလိမ့်မယ်။"
ထို့နောက် လျို့ချွမ်ဝူသည် သူ့ဖုန်းကိုထုတ်၍ ဗီဒီယိုတစ်ခုဖွင့်ပြလိုက်သည်။
"ကျွန်ုပ်၏ဇီဝဗေဒအဆင့်က သာမာန်နဝမမြောက်အဆင့်ဖြစ်ပေမယ့်လည်း ကျွန်ုပ်ထက် အဆင့်မြင့်တဲ့လူတစ်ယောက်ကို ဖိနှိပ်သတ်ဖြတ်နိုင်တာကို တွေ့လား။ သာမန် ကိုးတန်းအဆင့်ရှိ သွေးသန့်လူသားက အဆင့်မြင့်မျိုးဗီဇပေါင်းစပ်သူကို အနိုင်ယူနိုင်ပါတယ်။”
လင်းဇီချန်နှင့် ရှန်ချင်းဟန် နှစ်ဦးစလုံးသည် ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားကြသည်။ ထို့နောက် အံ့အားသင့်စွာဖြင့် ဗီဒီယိုကို ဆက်လက်ကြည့်လိုက်သည်။
ဗီဒီယိုထဲတွင် လူနှစ်ဦး ပေါ်လာသည်။
တစ်ဦးသည် အပေါ်ပိုင်းအဝတ်ဗလာဖြင့် လျို့ချွမ်ဝူဖြစ်၍ ကျန်တစ်ဦးသည် အလွန်ရှည်သော အမွှေးများဖြင့် ဖုံးထားသော ငှက်လူသားတစ်ဦး ဖြစ်သည်။ လင်းဇီချန်သည် ငှက်လူသားကို တချက်ကြည့်လိုက်သောအခါ ၎င်းသည် သူသိသောလူတစ်ဦးဖြစ်သည်ကို သိလိုက်ရသည်။ ရှန်ဟိုင်းအထက်တန်းကျောင်း၏ အရက်စက်ဆုံးသမိုင်းဆရာ မျိုးဗီဇပေါင်းစပ်သူဖြစ်သည့် ဝူထျန်ချန်ပင်ဖြစ်သည်။ လက်ရှိတွင် ရှန်ဟိုင်းတက္ကသိုလ် မျိုးဗီဇ ပြောင်းလဲခြင်းအဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ရှန်ဟိုင်းတက္ကသိုလ်၏ ဆင့်ကဲကောလိပ်တွင် ဆရာလုပ်နေပြီဖြစ်သည်။
ရှန်ဟိုင်းမြို့၌ ဆယ်နှစ်နီးပါး ဆိုးရွားနေသော ကြွက်နတ်ဘုရား ကိုးကွယ်သူများကို သူကိုယ်တိုင် သုတ်သင်ပစ်ခဲ့ခြင်းဖြစ်သည်။ ဆယ်မီတာခန့်ရှည်လျားသော ကြွက်ဘုရင်ကို သူ၏ ငှက်ကိုယ်ထည်မှထွက်လာသော ငှက်မွှေးများကိုပစ်ထုတ်၍ အသားစများအဖြစ် အပိုင်းပိုင်းကြိတ်ပစ်လိုက်ကာ နေရာ၌ပင် သတ်ပစ်နိုင်ခဲ့သည်။
မကြာခင်၌ပင် ဗီဒီယိုထဲတွင် လျို့ချွမ်ဝူနှင့် ဝူထျန်ချန်တို့၏ တိုက်ခိုက်မှုစတင်ခဲ့သည်။
ဝူထျန်ချန်သည် ကြွက်ဘုရင်ကို သတ်လိုက်သောအခါကဲ့သို့ပင်၊ သူ၏ အမွေးအားလုံးနီးပါးကို တစ်ပြိုင်နက် လျို့ချွမ်ဝူထံသို့ ပစ်လိုက်သည်။ သို့သော်လည်း ငှက်လူသား၏ ချွန်ထက်သော အမွေးများသည် လျို့ချွမ်ဝူ၏ အရေပြားကို ခြစ်လိုက်ရုံသာဖြစ်၍ ဒဏ်ရာအနည်းငယ်သာ ရရှိကာ မသေစေနိုင်ခဲ့ပေ။
လျို့ချွမ်ဝူသည် ဝူထျန်ချန်၏ အမွေးများမရှိတော့ခြင်းနှင့် ပျံသန်းနိုင်စွမ်းမရှိခြင်းတို့ကို အခွင့်ကောင်းယူကာ တစ်စက္ကန့်လျှင် မီတာ ၁၀၀ အမြန်နှုန်းဖြင့် လက်သီးထိုးကာ တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် တစ်မိနစ်မျှသာကြာသည်။ တစ်မိနစ်အတွင်း လျို့ချွမ်ဝူသည် ဝူထျန်ချန်၏ ငှက်မွှေးများဖြင့် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ လျို့ချွမ်ဝူ၏ တုံ့ပြန်တိုက်ခိုက်မှုသည် ၂ စက္ကန့်သာ ကြာခဲ့သည်။
ဗီဒီယို၏အဆုံးတွင် သွေးများဖုံးလွှမ်းနေသော လျို့ချွမ်ဝူသည် အလယ်ဗဟိုတွင်ရပ်နေကာ ပတ်ဝန်းကျင်ရှိ လူများအား ကြွေးကြော်လိုက်သည်။
"လူ့ခန္ဓာကိုယ်က သူ့အလိုလို တွန်းလှန်နိုင်စွမ်းမရှိသလိုမျိုး တခြားမျိုးစိတ်တွေရဲ့ ခန္ဓာကိုယ်ကို ဘာကြောင့် အားကိုးနေရတာလဲ။ သာမန်နဝမအဆင့် သွေးသန့်တဲ့လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုးနဲ့ ငါအဆင့်မြင့်မျိုးဗီဇပေါင်းစပ်သူနဲ့ ရင်ဆိုင်ခဲ့တယ်။ ကိုယ်ခန္ဓာသန့်စင်ခြင်းပညာကို လေ့ကျင့်နေတဲ့ သွေးသန့်လူသားတွေရဲ့ အနာဂတ်ပဲ”
သူ့အသံသည် ကျယ်လောင်လာသဖြင့် ဖုန်းစခရင်မှတဆင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ယောက်လုံး နားအူသွားရသည်။ ထိုအချိန်၌ လျို့ချွမ်ဝူ မည်မျှ စိတ်လှုပ်ရှား၍ ပီတိဖြစ်နေသည်ကို ခံစားမိနိုင်သည်။
ထိုသို့ဖြင့် ဗီဒီယို အဆုံးသတ်သွားသည်။ သို့သော် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ မျက်နှာထက်မှ ထိတ်လန့်အံ့သြမှုများသည်မူ အဆုံးမသတ်သွားပေ။
‘ကိုယ်ခန္ဓာသန့်စင်ခြင်း နည်းလမ်းတွေလား’
‘သွေးသန့်လူသားလား’
‘မျိုးဗီဇပေါင်းစပ်သူကို အနိုင်ယူနိုင်တာလား’
ဤအခိုက်အတန့်တွင် ၎င်းတို့၏ နားလည်နိုင်စွမ်းများ စိန်ခေါ်ခံလိုက်ရပြီဖြစ်သည်။ ငယ်စဥ်ကလေးဘဝမှစ၍ ၎င်းတို့သည် မျိုးဗီဇပေါင်းစပ်သူများနှင့် စက်ရုပ်လူသားများအကြောင်းကိုသာ ကြားသိခဲ့ရဖူး၍ ကိုယ်ခန္ဓာသန့်စင်ခြင်းနည်းလမ်းများကို ကျင့်ကြံသော သွေးသန့်လူသားများအကြောင်း လုံးလုံးလျားလျား မသိကြပေ။
အခန်း (၁၀၄) ဘဝ၏ မူလအရင်းမြစ်
ဤဗီဒီယိုက ပြုပြင်ပြောင်းလဲဖန်တီးထားခြင်းမျိုးဖြစ်နိုင်သလော။
ထိုဝူထျန်ချန်သည် စပိုင်များဖြစ်နိုင်သလော။
ထိုသို့အံ့ဩပြီးနောက် လင်းဇီချန်၏ ပထမဆုံးအတွေးသည် ထိုသံသယများကို ဖုံးကွယ်ထားရန်ဖြစ်သည်။
ပုံမှန်အားဖြင့် ၎င်းသည် အလွန် ထူးခြားလွန်းသဖြင့် ယုံကြည်ရန် ခက်ခဲဖွယ်ကောဖွယ်ကောင်းလှသည်။
လင်းဇီချန်၏ အတွေးကို သိနေသကဲ့သို့ပင် လျို့ချွမ်ဝူသည် သူ့ဘေးတွင် ထိုင်ကာ ပြုံး၍ ပြောလိုက်၏။
"ဒါက တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ ဗီဒီယိုပါ။ အက်ဒစ်ထားတာမျိုး မဟုတ်ဘူး။ အနာဂတ်မှာ တခြားအဆင့်မြင့်မျိုးဗီဇပေါင်းစပ်သူတွေကို ဆက်လက်စိန်ခေါ်မှာဆိုတော့ မင်းမယုံသေးရင်အချိန်မရွေး တိုက်ရိုက်လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။"
ထိုစကားများကို ပြောစဉ်၊ လျို့ချွမ်ဝူ၏ မျက်နှာသည် ယုံကြည်မှု ပြည့်ဝနေသည်။ လင်းဇီချန်က ဗီဒီယိုသည် အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်လိုက်ရပြီဖြစ်သည်။
သို့သော် မကြာမီတွင် သူသည် သံသယတခုပေါ်လာ၍ လျို့ချွမ်ဝူကို မေးခွန်း ထုတ်လိုက်သည်။
"သွေးသန့်လူသားတွေက မျိုးဗီဇပေါင်းစပ်သူတွေကို ကျော်လွန်နိုင်မယ်ဆိုရင် ဒီဗီဒီယိုကို ဘာကြောင့် အွန်လိုင်းပေါ် မတင်တာလဲ။ ဒီလိုဆို ခင်ဗျားရဲ့ ကောင်းကင်လူသားအဖွဲ့အစည်းကို ပိုကြီးပွားလာအောင် မလုပ်နိုင်ဘူးလား”
“ငါတို့တင်ချင်ပေမယ့် လက်ရှိ အာဏာထိန်းချုပ်ထားတဲ့သူတွေက ခွင့်မပြုဘူး။”
"ဘာလို့လဲ"
"ကိုယ်ခံစွမ်းအား တိုးတက်အောင် လေ့ကျင့်နေတဲ့ သွေးသန့်လူသားတွေအတွက် လက်ရှိ ကန့်သတ်ချက်က သာမန် နဝမအဆင့်ပဲမို့လို့၊ သာမန် သွေးမျိုးဆက်အဆင့်ရဲ့ အတားအဆီးတွေကို မချိုးဖျက်နိုင်တာကြောင့် အာဏာထိန်းချုပ်ထားတဲ့သူတွေက သွေးမျိုးဆက်အဆင့်ကို မတက်နိုင်သရွေ့ အနာဂတ်မရှိဘူးလို့ ယူဆကြတယ်။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံဖို့ မတန်ဘူးလို့ ထင်ကြတယ်။ သွေးသန့်လူသားတွေက အဆင့်မြင့်မြင့်ထိ လုပ်ဆောင်နိုင်မှသာ ချပြမယ်လို့ ဆိုကြတယ်"
ထိုအချိန်တွင် လျို့ချွမ်ဝူသည် သဘောမတူသည့်မျက်နှာဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။
"ပြဿနာက၊ သုတေသနမှာ လူများများရဖို့က ပိုအရေးပါတယ်။ လူနည်းနည်းနဲ့ မြှင့်တင်ရင် အောင်မြင်မှုရဖို့ ခက်လိမ့်မယ်။ တကယ်တော့လည်း အရည်အသွေးပိုင်းပြောင်းလဲဖို့ဆိုရင် အရေအတွက်ပြောင်းလဲမှုက အရင်လိုအပ်တယ်ကွ၊ ဒါ့အပြင်၊ ဒီသုတေသနကို မျှော်မှန်းထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်ဖို့ဆို ထူးချွန်တဲ့ ပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ချိတ်ဆက်မှုလည်း လိုအပ်တယ်။"
"ဒါပေမယ့် ယခုတလော ထူးချွန်သူအားလုံးက မျိုးဗီဇပေါင်းစပ်နည်းကိုပဲသုံးလိုက်ကြတော့ ဒီသူတေသနမှာဘယ်သူမှ မပါကြတော့ဘူး။ ဒီလိုအခြေအနေမှာ လူသားမျိုးနွယ်ကို မဆုံးရှုံးခင် ဒီသုတေသနက ရလဒ်ထွက်လာနိုင်မလားဆိုတာကိုပဲ ဆုတောင်းရမှာပေါ့”
လျို့ချွမ်ဝူသည် ပြောလေလေ၊ ပိုစိတ်ရှုပ်လေလေဖြစ်၍ သူ့အမူအရာမှတစ်ဆင့်လည်း ယနေ့ အာဏာကိုင်ဆောင်ထားသူများအပေါ် စိတ်ပျက်မှုများလည်း တွေ့နိုင်သည်။ လင်းဇီချန်သည် ထိုစကားများထဲတွင် အမှန်တရားများရှိနေသည်ဟု တွေးမိသည်။ အချို့သော သုတေသနများသည် ရလဒ်ထွက်ပေါ်ရန် ဦးစွာ ပံ့ပိုးကူညီမှုလိုအပ်သည်။
ရလဒ်များထွက်ပေါပြီးမှသာ ပံ့ပိုးမှုပေးမည်ဆိုပါက၊ ၎င်းသည် အနည်းငယ် လက်တွေ့မကျဘဲ အမြော်အမြင်ကင်းလှသည်ဟု ယူဆ၍ရသည်။ သို့သော်လည်း အာဏာထိန်းချုပ်ထားသူများသည် အမှန်တကယ်ပင် အမြင်မရှိလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ထိုအာဏာပိုင်များ၌ သွေးသန့်လူသားများဟုခေါ်သော လူများ၏ လမ်းကြောင်းထက် ပိုမို ကောင်းမွန်သော အရန်အစီအစဉ်တစ်ခုခု နေလိမ့်မည်ဟုလည်း ခံစားမိ၏။
"လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ငါ့ရဲ့ သွေးမျိုးဆက်အဆင့်ဟာ သာမန် နဝမအဆင့်ကို ရောက်နေပြီ၊ အဆင့်မြင့်သတ္တဝါအဖြစ်ကို ပြောင်းလဲဖို့ လက်တစ်ကမ်း အကွာမှာသာရှိပေမဲ့၊ ငါ မဖြစ်ထွန်းနိုင်တော့တာက နှစ်ပေါင်း ငါးဆယ်ကြာအောင် ကြာအောင် တစ်နေရာတည်းမှာ တစ်နေလို့ပဲ”
"ဒါပေမယ့် ငါ့သုတေသနလမ်းကြောင်းမှာ ပြဿနာတစ်ခုခု ရှိတာမဟုတ်ဘူးလို့ ခံစားမိတယ်။ တကယ့်ပြဿနာက ငါ့အရည်အချင်းက မလုံလောက်လို့ပဲ"
"ငါ့နေရာမှာ ကိုယ်ခံစွမ်းအား အရမ်းကောင်းတဲ့ ထူးချွန်သူတစ်ဦးသာ ရှိခဲ့မယ်ဆိုရင်၊ သူက ပုံမှန်အဆင့်ရဲ့ ချုပ်ချယ်မှုကို ကျော်ဖြတ်နိုင်ပြီး ကိုယ်ခန္ဓာသန့်စင်ရေးနည်းလမ်းနဲ့ အဆင့်မြင့်တဲ့သတ္တဝါအဖြစ် ပြောင်းလဲသွားနိုင်မှာ အသေအချာပဲ။ တကယ်တော့ ငါပြောချင်တာက ကောင်းကင်လူသားအဖွဲ့အစည်းမှာ မင်းလိုပါရမီရှင်တစ်ယောက် လိုနေတယ်ကွာ”
“အနှစ်ငါးဆယ် မတိုင်ခင်ကလား ဟုတ်လား။ ဒါပေမဲ့ ခင်ဗျားက အခု အသက်ငါးဆယ်ကျော်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ကလေးဘဝထဲက နဝမအဆင့်ကို ရောက်ဖူးတာလား”
လင်းဇီချန်သည် တစ်ခုခုလွဲချော်နေသည်ကို ခံစားလိုက်ရ၍ ချက်ချင်းပင် သံသယဝင်သွားသည်။ လင်းဇီချန် သံသယဝင်နေသည်ကို ရိပ်မိ၍ လျို့ချွမ်ဝူသည် သူမေးနေသည့်အရာကို သိလိုက်သည်။ ၎င်းသည် ယခင်ကလည်း ဤမေးခွန်းကို သန်းနဲ့ချီ၍ ဖြေကြားခဲ့ဖူးသည်။
မကြာ၌ပင် သူက ပြုံး၍ ပြောလိုက်သည်။
"မင်းတို့ ငါ့အသက်ကို ၅၀၊ ၆၀ လောက်ဘဲ ထင်နိုင်ပေမယ့် ငါက အသက်တစ်ရာနီးပါးရှိနေပြီ။ ငါ ဒီလောက်ကြာရှည် အသက်ရှင်နိုင်ပြီး သွေးသန့်လူသားအဖြစ် ငယ်ရွယ်မှုကို ထိန်းသိမ်းနိုင်တာက ကိုယ်ခန္ဓာသန့်စင်ခြင်းနည်းလမ်းကြောင့်ပဲ။ မင်းငါ့ကိုမယုံရင် ငါ့ရဲ့မွေးသက္ကရာဇ်ကိုစစ်ဆေးဖို့ Baidu Baike မှာ ငါ့အကြောင့် ရှာကြည့်လို့ရတယ်”
လင်းဇီချန်သည် သူ၏ဖုန်းစခရင်ကို လော့ခ်ဖွင့်ကာ Baidu Baike ဝဘ်စာမျက်နှာကိုဖွင့်၍ "ရှန်ဟိုင်းတက္ကသိုလ် တိုက်ခိုက်ရေးဌာနမှူး”ဟု ရှာဖွေလိုက်သည်။
လျင်မြန်စွာရှာဖွေခြင်းဖြင့် လျို့ချွမ်ဝူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထွက်ပေါ်လာသည်။
မွေးသက္ကရာဇ်- မတ်လ ၁၉၂၉။ ၂၀၂၄ ခုနှစ်တွင် ၎င်းသည် အသက် ၉၅ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
‘ကိုယ်ခန္ဓာသန့်စင်ရေးနည်းလမ်းက တကယ်ပဲ အသက်ရှည်စေတာပေါ့… အမေတို့ကို လေ့ကျင့်ခိုင်းလို့ရလောက်လား’
လင်းဇီချန်၏ စိတ်ထဲတွင် ဦးစွာ တွေးမိသော အရာ ဖြစ်သည်။ သူသည် လျို့ချွမ်ဝူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆက်လက်ကြည့်ရှုခဲ့ရာ လျို့ချွမ်ဝူသည်
ငယ်စဉ်ကပင် သိုင်းပညာမိသားစု၏ အကြီးဆုံးသားဖြစ်သည်။ လျို့မိသားစုသည် ထိုအချိန်က နန်ကျန်းပြည်နယ်တွင် သြဇာအကြီးဆုံးဖြစ်သည်။
သို့သော် မျိုးဗီဇပေါင်းစပ်သည့်ခေတ်သို့ ရောက်လာသောအခါတွင် ၎င်းတို့သည် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေမဖြစ်နိုင်ဘဲ မျိုးဗီဇပေါင်းစပ်မှုကို လက်မခံနိုင်ကြသဖြင့် မိသားစုတစ်ခုလုံး ပျက်စီးသွားခဲ့သည်။
မိသားစု၏အကြီးဆုံးသားဖြစ်သည့် လျို့ချွမ်ဝူသည် မိတကွဲဖတကွဲဖြစ်ခဲ့ရသည်။
သူ့မိသားစုပြိုကွဲရခြင်းအကြောင်းရင်းမှာ မျိုးဗီဇပေါင်းစပ်ခြင်း၏လမ်းကြောင်းကို လိုက်မသွားလိုသောကြောင့်ဖြစ်သည်။ သို့သော် သူ၏ဇနီးနှင့် သားသမီးများသည် မျိုးဗီဇပေါင်းစပ်မှုကို လက်ခံလိုက်ကြသဖြင့် မိသားစုနှင့် အတူနေချင်သည့်တိုင် သွေးသန့်လူသားသုတေသနကို မစွန့်လွှတ်ချင်ခဲ့ပေ။
ဤအချက်များကို ဖတ်ကာ လင်းဇီချန်သည် လျို့ချွမ်ဝူကို အလိုအလျောက်လေးစားမိသွားသည်။ ထိုသို့သော စိတ်အားထက်သန်မှုသည် မည်သူမဆို ပိုင်ဆိုင်နိုင်မည့် အရာ မဟုတ်ပေ။
လင်းဇီချန်သည် နောင်တွင် သူနှင့် ရှန်ချင်းဟန် အိမ်ထောင်ပြု၍ သားသမီးများရှိလာမည်ဆိုလျှင် လျို့ချွမ်ဝူကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက သုတေသနကို မိသားစုထက် ရှေ့တန်းတင်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုအခန်းကဏ္ဍသည် ဖြစ်နိုင်ခြေ မရှိသော သီအိုရီတစ်ခုသာ ဖြစ်သည်။
လင်းဇီချန်သည် အလားတူအခြေအနေမျိုးနှင့်ရင်ဆိုင်ရပါက ရှန်ချင်းဟန်သည် သူ့ကို ထားမသွားဘဲ သူ့ဘေးနားတွင်နေကာ သူ၏သုတေသနကို အားပေးကူညီသွားမည်ဟု ယုံကြည်မိ၏။
အခန်း (၁၀၅) ဘဝ၏ မူလအရင်းမြစ် ၂
ဤသည်မှာ အတူကြီးပြင်းလာခဲ့ကြသော ငယ်သူငယ်ချင်းများကြားမှ မေတ္တာနှင့် ယုံကြည်မှု ဖြစ်သည်။
"ဟမ်"
ရုတ်တရက် လင်းဇီချန်သည် လျို့ချွမ်ဝူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်တွင် ထင်မှတ်ထားသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။
ဇနီးဟောင်း- ယွမ်တုန်ဇီ
သား- ယွမ်ရွှယ်ရှန်း
သမီး : ယွမ်ရှောင်းယီ
“ ယွမ်တုန်ဇီ ဒါ ဟန်ဟန်ရဲ့ ဆရာ မဟုတ်ဘူးလား”
တိုက်ဆိုင်လိုက်တာ။
ကွာရှင်းပြီးနောက်တွင် သားဖြစ်သူ ယွမ်ရွှယ်ရှန်းနှင့် သမီး ယွမ်ရှောင်းယီတို့သည် ၎င်းတို့၏ နောက်ဆုံးအမည်များကို ၎င်းတို့မိခင်၏ အမျိုးနွယ်အမည်အဖြစ် ပြောင်းလဲခဲ့ကြသည်။
လျို့ချွမ်ဝူသည် တကယ်ပင် သနားဖွယ်ကောင်းသော လူတစ်ဦးဖြစ်ပုံရသည်။ လင်းဇီချန်က ဤကိစ္စကို စဥ်းစားလေလေ လျို့ချွမ်ဝူကို ပိုမိုလေးစားလေလေဖြစ်နေမိသည်။
လျို့ချွမ်ဝူ၏ ဗီဒီယိုထဲတွင် ပြသထားသော တိုက်ခိုက်ရေးစွမ်းအားကို ထည့်တွက်ကြည့်လျှင် သူ့၏ငယ်ဘဝတွင် မျိုးဗီဇပေါင်းစပ်နည်းကို လက်ခံလိုက်မည်ဆိုပါက ယခုအခါတွင် ယွမ်တုန်ဇီနှင့် အနည်းဆုံး အဆင့်တူပင် ဖြစ်နိုင်သည်။ ဗီဒီယိုထဲကကဲ့သို့ပင် ကျောင်းက နည်းပြဆရာကို အနိုင်ယူ၍ သွေးထွက်သံယိုဖြစ်ပြီးနောက် ကောင်းကင်ကို ကြွေးကြာ်ပြနေရန်မလိုပေ။
နေရာတိုင်း ကျောင်းသားများကို စုဆောင်းနေချိန်တွင် သူသည် ယခုကဲ့သို့ ကဲ့ရဲ့ခံရမည်မဟုတ်ပေ။
“ဟမ် ယွမ်ရွှယ်ရှန်း နဲ့ ယွမ်ရှောင်းယီတို့ရဲ့ ပရိုဖိုင်ဓာတ်ပုံတွေက မီးခိုးရောင်ဖြစ်နေတယ်။ နှစ်ယောက်လုံးသေသွားကြပြီလား”
ရုတ်တရက် လင်းဇီချန်သည် တစ်စုံတစ်ရာ မူမမှန်ခြင်းကို ခံစားမိသွားသည်။
လင်းဇီချန်သည် ထိုအချက်အလက်နှစ်ခုကို အသေးစိတ် ကြည့်လိုသော်လည်း၊ လျို့ချွမ်ဝူရှိနေသောကြောင့် သိလိုစိတ်ကို ထိန်းကာ ထပ်၍ ဝင်မကြည့်ခဲ့ပေ။
လင်းဇီချန် အချက်အလက်များကို ကြည့်ပြီးသောအခါတွင် လျို့ချွမ်ဝူ ပြုံး၍ ပြောသည်။
"ငါက အသက်အရွယ်တူ အခြား မျိုးဗီဇပေါင်းစပ်သူတွေလိုမျိုး မငယ်ပေမယ့် အခု အသက်တစ်ရာနီးပါးမှာ ငါ့ရဲ့ လက်ရှိရုပ်ကို ထိန်းသိမ်းထားနိုင်တာက လူသားတွေရဲ့ အလားအလာက ကြီးမြတ်ကြောင်း ပြသဖို့ လုံလောက်ပြီးတော့ သွေးသန့်လူသားတွေမှာလည်း အလားအလာရှိတဲ့ အနာဂတ်တွေရှိတယ်ဆိုတာ ပြဖို့ လုံလောက်ပါတယ်"
"ဒါကြောင့်လည်း ကောင်းကင်လူသားအဖွဲ့အစည်း တည်ရှိနေတာဖြစ်ပြီးတော့ သွေးသန့်တဲ့လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကို စူးစမ်းဖို့ ကောင်းကင်လူသားအဖွဲ့အစည်းမှာ ထူးချွန်တဲ့ လူတော်တော်များများကို ပူးပေါင်းစေချင်တာ” ၎င်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြောဆိုပြီးနောက် လျို့ချွမ်ဝူ၏ အသံသည် ရုတ်တရက် လေးနက်မှုရှိလာသည်။
“ကောင်းကင်လူသားဆိုတာဘာလဲသိလား။ သဘာဝကို အောင်နိုင်ဖို့ ကောင်းကင်လူသားဖြစ်ရမယ်။ ဒီနေရာမှာလ လူသားဆိုတာ သွေးသန့်စင်တဲ့ လူသားတွေကို ရည်ညွှန်းတာပဲ”
စကားကို အဆုံးသတ်ပြီးနောက် လျို့ချွမ်ဝူသည် အသံနှိမ့်၍ ဆက်ပြောသည်။
“အခုခေတ်မှာ မျိုးဗီဇပေါင်းစပ်မှု ဒါမှမဟုတ် စက်ရုပ်လူသားမလုပ်ဘူးဆိုရင် လူသားတွေရဲ့ တိုးတက်မှုက သာမန် နဝမအဆင့်မှာဘဲ ရပ်တန့်နေမှာ”
"ဒါပေမယ့် တကယ်တော့ မျိုးဗီဇပေါင်းစပ်မှုနဲ့ စက်ရုပ်လူသားမွမ်းမံမှုတွေကပဲ ဒီအလားအလာကို တားဆီးနေတာပဲ”
"ဆန်းကြယ်သားရဲမျိုးဗီဇတွေနဲ့ပေါင်းစပ်ပြီး ဆင်းသက်လာတဲ့ မျိုးဗီဇပေါင်းစပ်သူတွေက ဆန်းကြယ်သားရဲတွေကို ဘယ်လိုမှ မကျော်လွန်နိုင်ဘဲ၊ အနာဂတ်မှာ အနိုင်ယူနိုင်မှာမဟုတ်သလို လူသားမျိုးနွယ်ကလည်း တဖြည်းဖြည်း ရှုံးနိမ့်ခြင်းနဲ့ပဲ အဆုံးသတ်သွားမှာ"
"စက်ရုပ်လူသားတွေအတွက်လည်း အလားတူပါပဲ"
"မှတ်ထားပါ၊ စက်ရုပ်လူသားတွေရဲ့ ပစ္စည်းတော်တော်များများက ထူးဆန်းတဲ့ သားရဲကောင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ ဆင်းသက်လာတာကြောင့် ဆန်းကြယ်သားရဲတွေထက် မတိုးတက်နိုင်ဘူး”
လျို့ချွမ်ဝူသည် အချိန်အတိုင်းအတာ တစ်ခုကြာမရပ်မနား ပြောဆိုခဲ့သဖြင့် ရေအနည်းငယ်ဆာလာကာ အချိုရည်တစ်ငုံသောက်လိုက်သည်။
"ကောင်းကင်လူသားအဖွဲ့အစည်းက မျိုးဗီဇပေါင်းစပ်ခြင်းနဲ့ စက်ရုပ်လူသားတွေကို မဆန့်ကျင်ပါဘူး”
"မှန်ကန်တဲ့ ချဉ်းကပ်နည်း ငါတို့ရဲ့ အစပိုင်းမှာ ထိန်းထားနိုင်ဖို့ မျိုးဗီဇပေါင်းစပ်မှုနဲ့ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုအပေါ် မှီခိုနေရတယ်လို့ ငါ ယုံကြည်ပါတယ် ပြီးတော့ ဒီကာလအတွင်းမှာ၊ နောက်ပိုင်း အဆင့်တွေအတွက် ပြင်ဆင်ဖို့ တခြားနည်းလမ်းတွေကို သုတေသနပြုထားတယ်။"
“သွေးသန့်လူသားတွေရဲ့ အလားအလာကို ဖော်ဆောင်ပေးတာက သုတေသနအတွက် ရင်းမြစ်တွေကို ရင်းနှီးမြှပ်နှံရကျိုးနပ်တဲ့ လမ်းကြောင်းတစ်ခုပဲ”
လျို့ချွမ်ဝူအချိန်တော်တော်ကြာ စကားပြောပြီးသည်နှင့် နောက်ဆုံး စကားကို ပြောလိုက်သည်။
"လင်းဇီချန်၊ လူသားတွေရဲ့အနာဂတ်အတွက် အတူလုပ်ဆောင်ဖို့ ကောင်းကင်လူသားအဖွဲ့အစည်းမှာမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်"
"မင်းက သာမာန်အဆင့်တွေရဲ့ ချည်နှောင်မှုတွေကို ချိုးဖျက်နိုင်တဲ့ ပထမဆုံး သွေးသန့်တဲ့လူသား ဖြစ်လာနိုင်တယ်ဆိုတာ ငါယုံတယ်"
ဖိတ်ခေါ်မှုအဆုံဂသတ်သွားသည်။
‘ကံမကောင်းစွာနဲ့ပဲ ငါ့စိတ်ကို မဆွဲဆောင်နိုင်ခဲ့ဘူး…”
ဤသို့ တွေးမိသည့်အခါ လင်းဇီချန်သည် လျို့ချွမ်ဝူ၏ ဖိတ်ခေါ်မှုကို မဖြေကြားဘဲ၊ စူးစမ်းလိုမှုဖြင့် မေးမြန်းလိုက်သည်။
"ခင်ဗျား ခန္ဓာကိုယ်သန့်စင်ရေးနည်းလမ်းအကြောင်း ပြောနေတာကြာပြီ အဲ့တာ ဘာလဲ"
လင်းဇီချန် ဤသို့ မေးမြန်းလာသောအခါ လျို့ချွမ်ဝူသည် ကောင်းကင်လူသားအဖွဲ့အစည်းထဲ ပါဝင်လိုသည်ဟု ထင်မိကာ ဝမ်းသာစွာ ပြုံး၍ ရှင်းပြခဲ့သည်။
“ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ ကိုယ်ခန္ဓာသန့်စင်ရေးနည်းလမ်းက ရှေးကျတဲ့ ရှေးဟောင်းယဉ်ကျေးမှုကနေ ဆင်းသက်လာပြီးတော့ 'သွေးသန့်စင်ခြင်းနည်းပညာ' လို့ ရည်ညွှန်းတယ်”
"နာမည်အရ သွေးသန့်စင်ခြင်းနည်းပညာက သွေးကိုသန့်စင်ဖို့၊ ကိုယ်ခံအား အားကောင်းစေဖို့နဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်နိုင်ဖို့ သွေးနဲ့ ချီစွမ်းအင်ကို အသုံးပြုတယ်”
"ရှေးဟောင်းယဉ်ကျေးမှု မှတ်တမ်းတွေအရ သွေးသန့်စင်ခြင်းနည်းပညာကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် အဲ့လူက သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်မယ့်အပြင်၊ မြေသျှိုး မိုးပျံနိုင်မယ်၊ တောင်တွေနဲ့ မြစ်တွေကို ချိုးဖျက်နိုင်တဲ့ လက်သီးတွေ ပိုင်ဆိုင်မယ်လို့ ဖော်ပြထားတယ်။ ခေတ်သစ်စကားအရဆိုရင် သာမန်လူသားတယောက်ရဲ့ ခန္ဓာကိုယ်က သံမဏိသားရဲကောင်တွေလို ဖြစ်သွားမယ်လို့ ဆိုလိုတာ”
ဒါပေမယ့် သွေးသန့်စင်ခြင်းနည်းပညာဆိုတာက သွေးသန့်လူသားတွေပဲ လေ့ကျင့်နိုင်တာ။ မျိုးဗီဇပေါင်းစပ်သူတွေက သူတို့ရဲ့သွေးထဲမှာ ညစ်ညမ်းနေပြီးသားဆိုတော့ မသန့်ရှင်းဘူးဆိုရင် မကျင့်ကြံနိုင်ဘူး။ စက်ရုပ်လူသားတွေလည်း အတူတူပါပဲ၊ သူတို့ရဲ့ ခန္ဓာကိုယ်က မပြည့်စုံဘူး၊ သွေးစွမ်းအားက ခန္ဓာကိုယ်အနှံ့ မလည်ပတ်နိုင်လို့ သူတို့တွေ မလေ့ကျင့်နိုင်ဘူး။ သွေးသန့်စင်ခြင်းနည်းပညာအပြင် ရှေးဟောင်းယဉ်ကျေးမှုကနေ တခြား သွေးသန့်စင်တဲ့သိုင်းပညာတွေကလည်း သွေးသန့်လူသားတွေပဲ လေ့ကျင့်နိုင်တယ်"
"ဒါကြောင့်လည်း မျိုးဗီဇ ပေါင်းစည်းသူတွေနဲ့ စက်ရုပ်လူသားတွေလိုမျိုး သွေးသန့်လူသားတွေမှာလည်း အနာဂတ်ရှိတယ်လို့ ငါ အခိုင်အမာ ယုံကြည်တယ်"
ဤသို့ ပြောပြီးလျှင်၊ လျို့ချွမ်ဝူသည် ထပ်မံမေးမြန်းခဲ့သည်။
"လင်းဇီချန်၊ မင်း ငါတို့ ကောင်းကင်လူသားအဖွဲ့အစည်းထဲကိုဝင်၊ ပြီးရင် သွေးသန့်စင်ခြင်းနည်းပညာကို လေ့ကျင့်ပြီးတော့ သွေးသန့်တဲ့လူတွေ ကျင့်တဲ့ ကျင့်စဉ်ကို လိုက်ချင်လား"
လင်းဇီချန်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်။
"သွေးသန့်တဲ့လူသားတွေအကြောင်း ကျွန်တော်သိပ်မသိသေးဘူးလို့ ခံစားမိလို့ ခဏလောက်အချိန်ယူပြီး လေ့လာလိုက်ပါဦးမယ်”
လျို့ချွမ်ဝူက လေးနက်စွာ တိုက်တွန်းပြောကြားခဲ့သည်။
"မင်းက စမ်းသပ်မှုတစ်ခုအဖြစ် ငါတို့နဲ့ တစ်နှစ်ပူးပေါင်းနိုင်တယ်။ တစ်နှစ်ကြာပြီးရင် မသင့်လျော်ဘူး အဆင်မပြေဘူးလို့ ခံစားရရင် မျိုးဗီဇပေါင်းစပ်ခြင်းလမ်းစဉ်ကို ပြန်ရွေးချယ်နိုင်သေးတယ်။ ဒါပေမယ့် မျိုးရိုးဇီပေါင်းစပ်ခြင်းလမ်းစဉ်ကို မင်းရွေးချယ်လိုက်မယ်ဆိုရင် မင်းသွေးက သန့်စင်တော့မှာမဟုတ်တော့ဘဲ သွေးသန့်စင်ခြင်းကျင့်စဥ်ကို လေ့ကျင့်နိုင်မှာ မဟုတ်တော့ဘူး”
"ကျွန်တော် ပိုနားလည်ဖို့ အချိန်ယူချင်ပါသေးတယ်" လင်းဇီချန် ထပ်မံငြင်းဆိုလိုက်သည်။
လျို့ချွမ်ဝူသည် ဇွဲမလျော့ပဲ ထပ်မံတိုက်တွန်းပြန်သည်။
“တကယ်ပါပဲ၊ လင်းဇီချန် မင်းရဲ့ သိုင်းပညာစွမ်းအားက အရမ်းမြင့်နေတယ်၊ မင်း သွေးသန့်တဲ့လူသားကျင့်စဉ်ကို ကြိုးစားပြီး မလုပ်ဘူးဆိုရင် ပိုနှောင့်နှေးသွားလိမ့်မယ်”
"ကောင်းကင်လူသားအဖွဲ့အစည်းရဲ့အမြင်မှာ နန်ကျန်းပြည်နယ်ရဲ့ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ၁၆% ရှိတဲ့ အဲ့ကျောင်းသားက မင်းရဲ့ ဆံသားတစ်ချောင်းနဲ့တောင်မယှဥ်နိုင်ဘူး”
"မင်းဟာ ထိပ်တန်းပညာရှင်ပဲ နန်ကျန်းပြည်နယ်ရဲ့ ထိပ်တန်း ပညာရှင်အစစ်ပဲလို့ ငါတို့ အမြဲယုံကြည်တယ်"
"မင်းက မျိုးဗီဇပေါင်းစပ်မှုလမ်းစဉ်ကို ရွေးချယ်ပြီးတော့ သူ့ကို ယှဉ်ပြိုင်မယ်ဆိုရင် သူ့ကို ကျော်တက်နိုင်ဖို့ ခက်မယ်ဆိုပေမယ့် သွေးသန့်တဲ့လူသားလမ်းကြောင်းကို လိုက်လျှောက်ဖို့ ရွေးချယ်မယ်ဆိုရင် နောင်ကျရင် သူ့ကို သေချာပေါက်ချေမှုန်းနိုင်လိမ့်မယ်ကွ"
ဤစကားကို ပြောနေစဉ်တွင် လျို့ချွမ်ဝူ၏အသံသည် တဖြည်းဖြည်း ပိုကျယ်လာသည်။
ရှန်ချင်းဟန်သည် ဤစကားကိုကြားလိုက်ရသောအခါ အလွန်စိတ်မကောင်းဖြစ်မိသည်။ စကားတစ်ခွန်းမှ မပြောဘဲ ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲ ထိုနေရာတွင် ထိုင်နေသော်လည်း အနှိမ်ခံလိုက်ရသည်။ လင်းဇီချန်သည် ရှန်ချင်းဟန် အဆင်မပြေဖြစ်မည်ကို မသိသော်လည်း လျို့ချွမ်ဝူ အလွန်ရှက်ရွံ့သွားရတော့မည်ကို သိနေသည်။ ။
"နန်ကျန်းပြည်နယ်ရဲ့ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ၁၆% ရှိတဲ့ ကျောင်းသားဆိုတာ သူပဲ"
သူသည် ဘေးတွင် ထိုင်နေသော ရှန်ချင်းဟန်ကို ညွှန်ပြကာ လျို့ချွမ်ဝူကို ပြောလိုက်သည်။ လျို့ချွမ်ဝူသည် အံ့အားသင့်စွာဖြင့် အလွန်ရှက်ရွံ့သွားခဲ့သည်။ ၎င်းတို့ စကားပြောနေကြသည်မှာ နာရီဝက်ကြာမြင့်ပြီးသည်နှင့် လင်းဇီချန်က ပြုံးကာ ထရပ်လိုက်သည်။
"အိုင်ဖုန်းနဲ့ အချိုရည်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် နာရီဝက်တော့ ပြည့်သွားပြီ၊ ကျွန်တော်တို့မှာ တခြားကိစ္စရှိသေးလို့ အခုပဲ ထွက်သွားတော့မယ်"
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ထွက်ခွာတော့မည့်အချိန်တွင် လျို့ချွမ်ဝူ စိတ်တိုလာသည်။ နှစ်ပေါင်းများစွာအတွင်းတွင် လင်းဇီချန်သည် သူနှင့် အချိန်အတော်ကြာ စကားပြောလိုသော ပထမဆုံး အရည်အသွေးမြင့်သူဖြစ်သည်။ ကောင်းကင်လူသားအဖွဲ့အစည်းသို့ လင်းဇီချန် ပါဝင်စေရန် အခွင့်အလမ်း ရှိသည်ဟု ယုံကြည်မိသည်။ ဤအခွင့်အရေးကို လက်မလွှတ်ချင်ပေ။
ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခါနီးတွင် လင်းဇီချန်အား လှမ်းပြောလိုက်သည်။
"နှစ်ဝက်ပဲ၊ နှစ်ဝက်လောက်ပဲ ငါတို့နဲ့ လက်တွဲကြည့်လိုက်စမ်းပါ။ ဒီကာလအတွင်း မင်းကို ငါတို့ကောလိပ်ကနေ အကျိုးကျေးဇူးနှစ်ဆ ပေးပါမယ်"
"မဟုတ်ဘူး၊ နှစ်ဆ မလုံလောက်ဘူး၊ ငါတို့ မင်းကို သုံးဆပေးမယ်။"
သာမာန်အားဖြင့် ထိုကောလိပ်မှ ကျောင်းသားများသည် ၎င်းတို့၏ ပထမနှစ်၏ ပထမနှစ်ဝက်တွင် ၎င်းတို့၏ ပထမဆုံး မျိုးရိုးဇီဇပေါင်းစပ်မှုကို စတင်ကြသည်။ နှစ်ဝက်ခန့်သာ စမ်းလက်တွဲကြည့်မည်ဆိုလျှင် မျိုးဗီဇပေါင်းစပ်ခြင်းကို နှောင့်နှေးစေမည်မဟုတ်သောကြောင့် လင်းဇီချန် သဘောတူမည်ဟု ထင်ခဲ့သည်။
“သုံးဆ”
ထိုသို့ ကြားလိုက်သောအခါ လင်းဇီချန်၏ မျက်လုံးများ တောက်ပလာ၍ ချက်ချင်း ပြန်လှည့်လာကာ သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်၍ လေးလေးနက်နက် ပြောလိုက်သည်။
"ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကျွန်တော်က ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ အယူအဆကို အမြဲလေးစားခဲ့တာဆိုတော့ ကျွန်တော့်ရဲ့အရည်အချင်းတွေကို ကောင်းကင်လူသားအဖွဲ့အစည်းမှာ အသုံးချပြီး သွေးသန့်တဲ့လူသားတွေ ဖြစ်မြောက်အောင် ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ”
ကောင်းကင်လူသားအဖွဲ့အစည်း၏ အယူအဆ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူသေချာမသိပေ။
ယခုအချိန်တွင် သူသေချာသည့်အချက်မှာ သူသည် ဇီဝစွမ်းရည်ရှိသူဖြစ်သောကြောင့် မျိုးဗီဇပေါင်းစပ်ခြင်း၏လမ်းကြောင်းကို လိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် ယခု ကောင်းကင်လူသားအဖွဲ့အစည်းဘက်မှ အကျိုးကျေးဇူးသုံးဆ ပေးမည်ဟု ကမ်းလှမ်းလာသောကြောင့် လက်ခံလိုက်သည်။
“ဒီလို ရှင်းပြရလွယ်တဲ့ လူငယ်ကောင်းတယောက်ပဲ”
ကောင်းကင်လူသားအဖွဲ့အစည်းတွင်ပါဝင်ရန် လင်းဇီချန် ဆုံးဖြတ်လိုက်သည့်အခါ လျို့ချွမ်ဝူ၏ မျက်နှာသည် ကျေနပ်စွာဖြင့် ပြုံးရွှင်နေသည်။ ထို့နောက် သူ့ရင်ဘတ်ထဲတွင် စူးရှသော ရင်ခုန်သံတစ်ခု ထွက်ပေါ်လာသည်။
ဒီကောင်လေးကို အကျိုးအမြတ် သုံးဆပေးရမယ်ဆိုရင် ငွေဘယ်လောက်လိုမလဲ။
သက်ပြင်းချလိုက်သည်။
ဤကောင်လေးသည် အထင်ကြီးဖွယ်ကောင်းကြောင်း သက်သေပြနိုင်လိမ့်မည်ဟု သူမျှော်လင့်ထားကာ လာမယ့်နှစ်ဝက်တွင် သူတို့၏သုတေသနပြုမှုများအတွက် အောင်မြင်မှုများ ယူဆောင်လာလိမ့်မည်ဟု ထင်ထားသည်။ သို့မဟုတ်လျှင် ဆုံးရှုံးနစ်နာမှုတစ်ခု ဖြစ်သွားမည်။
လျို့ချွမ်ဝူက ဤအရာအားလုံးကို တွေးတောနေချိန်တွင် လင်းဇီချန်သည် ယခင်သံသယကို ရုတ်တရက် သတိရသွား၍ မေးခွန်းတစ်ခု သူ့ကို မေးလိုက်သည်။
"စကားမစပ် ကျွန်တော်မေးချင်သေးတဲ့ မေးခွန်းတစ်ခုရှိတယ်၊ မူလမြေဆိုတာ ခင်ဗျားသိလား"
“ဒီကောင်လေးက မူလမြေအကြောင်း ဘယ်လိုသိလာတာလဲ” လျို့ချွမ်ဝူသည် ပဟေဋ္ဌိဖြစ်သွားသော်လည်း အလွန်အမင်းစိုးရိမ်မနေဘဲအေးဆေးစွာပြော၏။
"ဒါက သက်ရှိအများစု မွေးဖွားရာနေရာလို့ ယူဆရတဲ့ နေရာပါ၊ ကမ္ဘာပေါ်မှာရှိနေတဲ့ ဆန်းကြယ်သားရဲတွေအားလုံးက မူလမြေကပဲ ဖြစ်ပေါ်လာကြတာ"