← Chapters

အပိုင်း ၁၃၃-၁၃၅

Vol. 9 Ch. 133-135

အပိုင်း ၁၃၃-၁၃၅

Vol. 9 Ch. 133-135

အခန်း (၁၃၃) ကောင်းကင်လူသားအဖွဲ့အစည်းဌာနချုပ်သို့ဦးတည်ခြင်း (၁)

ရေချိုးပြီးနောက်တွင် လင်းဇီချန်သည် ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သန့်ရှင်းကာ အားအင်တက်ကြွနေသည်။ ရှန်ချင်းဟန်၏ လှပသောလက်တစ်စုံသည် နွေးထွေးနူးညံ့ကာ ထိတွေ့သည့်နေရာတိုင်းက သက်တောင့်သက်သာရှိလှသည်။ ဂရုတစိုက်အယုအယများအောက်တွင် စက္ကန့်တိုင်းသည် လွန်စွာသိမ်မွေ့လှသည်။

''ငါ့အရည်အချင်းက မကောင်းလို့လား''

ပေါ့ပေါ့ပါးပါးဝတ်ထားကာ ရှန်ချင်းဟန်သည် လင်းဇီချန်နောက်မှ လိုက်ပါလာပြီး မျက်နှာပေါ်တွင် အရိပ်အမြွက်ပြလိုက်သည်။ သူမ၏အရည်အချင်းက တော်သော်လည်း ၎င်း၏အရည်အချင်းဖြင့် နှိုင်းယှဉ်၍မရပေ။ လင်းဇီချန်က ၎င်းဘာသာစဉ်းစားကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်မိသည်။

''နင် လုပ်တာမဆိုးပါဘူး။ ကောင်းပါတယ်။ ငါတောင် တကယ်စွဲသွားတယ်”

လင်းဇီချန်၏လက်ခံမှုကို ရလိုက်ခြင်းကြောင့် ရှန်ချင်းဟန်သည် သူမဘာသာ ကျေနပ်သွားသည်။

...

သူမသည် လင်းဇီချန်နှင့် မျက်နှာချင်းဆိုင်ရန် လျှောက်လာကာ မက်မွန်ပွင့်သဏ္ဍာန်တောက်ပနသောမျက်လုံးလေးက ပြုံးကာ အကြံပေးလိုက်သည်။

''အဲ့လိုဆိုရင် နောက်တစ်ခေါက်ကျ တူတူရေချိုးကြမယ်။ စောနကလိုမျိုးပဲ လုပ်ကြမယ်။ နင်ကအရင်ငါ့ကျောကို ဂျီးတွန်းပေး။ ငါအလှည့်ပြီးရင် နင့်ကိုပြန်ဂျီးတွန်းပေးမယ်။ ဘယ်လိုလဲ''

''သဘောတူတယ်''

လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်၏။

၎င်းတို့မသိလိုက်ဘဲဖြင့် မွန်းလွဲ(၁၂)နာရီ ရှိသွားပြီဖြစ်သည်။

နေ့လည်စာစားချိန်ပင်ဖြစ်၏။

လင်းဇီချန်က အပြင်ထွက်စားရန် အကြံပေးသော်လည်း ရှန်ချင်းဟန်က အပြင်တွင်ပူလွန်းသောကြောင့် ရေချိုးပြီးချွေးမထွက်လိုသဖြင့် အော်ဒါမှာ၍သာ အိမ်တွင်စားရန် ပြောသည်။ လူအများစုက ထီးသယ်သွားတတ်ကြကာ အဲကွန်းတပ်ထားသည့်စားသောက်ဆိုင်များတွင် ချွေးတစ်စက်မထွက်ဘဲ အေးဆေးစွာစားသောက်နိုင်ပေသည်။

သို့သော် ရှန်ချင်းဟန်ကမူ လူအများစုနှင့်မတူပေ။ သူမသည် အလွယ်တကူချွေးပြန်တတ်သည်။ လေ့ကျင့်ခန်းအနည်းငယ်လုပ်လျှင်ပင် မဟုတ်လျှင် အပူချိန်အနည်းငယ်မျှမြင့်လာလျှင် ချွေးတဒီးဒီးကျလာတတ်၏။

''နင်ဘာစားချင်လဲ''

လင်းဇီချန်က ဖုန်းထုတ်လိုက်ပြီး တက္ကသိုလ်ဝဘ်ဆိုဒ်ကိုဖွင့်ကာ ပါဆယ်ယူသည့်အပိုင်းကိုကြည့်၍ ရှန်ချင်းဟန်ကို ဖုန်းပြကာ မေးလိုက်သည်။ ဖုန်းပေါ်မှမရင်းနှီးသောဝဘ်ဆိုဒ်ကိုကြည့်၍ ရှင်ချင်းဟန်က စပ်စုလိုက်၏။

''ဘာကိုပါဆယ်ထုတ်တဲ့ပလက်ဖောင်းလဲ။ တစ်ခါမှမမြင်ဖူးဘူး''

''ဒါက ရှန်ဟိုင်းတက္ကသိုလ်အက်ပ်ပဲ။ ကျောင်းကို ပစ္စည်းပို့ပေးတဲ့နေရာမျိုး။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေလဲတာပါတယ်။ အခြားအဆင်ပြေတဲ့ဟာတွေ တော်တော်များများပါတယ်''

''ကြည့်ရတာ အသုံးဝင်မဲ့ပုံပဲ''

''အတော်လေးအဆင်ပြေတယ်။ ကျောင်းသားလက်စွဲစာအုပ်ထဲက ကျူအာကုတ်ကို စကန်ဖတ်လိုက်ရင် ဒေါင်းလုတ်ဆွဲလို့ရပြီ''

''ငါလည်း ဒေါင်းလုတ်ဆွဲလိုက်မယ်''

ရှန်ချင်းဟန်သည် သူမဖုန်းကိုထုတ်ယူ၍ ကျူအာကုတ်ကို စကန်ဖတ်ကာ အက်ပ်ကို ဒေါင်းလုတ်ဆွဲလိုက်သည်။ လင်းဇီချန်က သူမကို သတိပေးလိုက်၏။

''နင်စားချင်တာကို ခုထိမပြောရသေးဘူး''

''ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ နင်စားတာပဲစားလိုက်မယ်''

''အဲ့လိုဆိုအာလူးကြက်သားနှပ်မှာလိုက်မယ်''

ရွေးပြီးနောက်တွင် လင်းဇီချန်က အားလူးကြက်သားနှပ်ကိုရွေးကာ နှစ်ပွဲစာအတွက် ယွမ်ငါးဆယ်ကျသည်။

တစ်ပွဲလျှင် (၂၅)ယွမ်ဖြစ်ကာ အိမ်သို့ ဒလီမှာခြင်းဖြစ်သဖြင့် အတန်ငယ်ဈေးကြီးပေသည်။ ဖုန်းမှတစ်ဆင့် ငွေပေးချေသည့်မက်ဆေချ့်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှန်ချင်းဟန် ပြောလိုက်သည်။

''ဒီကျောင်းအက်ပ်က ဟင်းသီးဟင်းရွက်တွေ၊ ဆန်နဲ့အသားတွေလည်းရောင်းတယ်။ ငါတို့နေ့တိုင်းအသုံးလိုတဲ့ ဆန်တွေ၊ ဟင်းခတ်ပစ္စည်းတွေလည်း ဝယ်လို့ရတယ်။ နောင်ကျရင် ပစ္စည်းပစ္စယာတွေဝယ်ပြီး ငါတို့ဘာသာချက်စားကြရင်ရော ဘယ်လိုလဲ''

''အကြံကောင်းပဲ''

လင်းဇီချန်က နှစ်ခါပြန်မစဉ်းစားဘဲ သဘောတူလိုက်သည်။ ၎င်းတို့ဘာသာ ချက်ပြုတ်စားလျှင် အော်ဒါမှာသည်ထက် ပို၍ကောင်းပေမည်။ အမှန်တွင် ၎င်းတို့၏ဟင်းချက်အရည်အချင်းသည် ထိပ်တန်းအဆင့်ပင် ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်နှစ်ဦးလုံးသည် မီးဖိုးချောင်ထဲတွင် ကျွမ်းကျင်မှုရှိလှကာ အားလုံးကို အရသာရှိအောင်ချက်ပြုတ်နိုင်သည်။ တစ်ဦးသည် သဘာဝကျကျပင် ဗီဒီယိုများကိုကြည့်၍ ချက်ပြုတ်နိုင်သည်။ ကျန်တစ်ဦးသည် ကလေးဘဝကတည်းကပင် မိခင်ဖြစ်သူထံမှ သင်ထားခြင်းဖြစ်သည်။ လေ့ကျင့်မှုအတူ ကျွမ်းကျင်လာခြင်းဖြစ်၏။

နေ့လည်စာစားပြီးနောက်တွင် လင်းဇီချန်သည် ခေတ္တမျှနားကာ အစာများ ကောင်းကောင်းချေပြီးသည်ဟု ခံစားရသောအခါတွင် ခန္ဓာကိုယ်သန့်စင်ခြင်းကို စတင်သည်။ အရေပြားကို သန့်စင်ကာ ဒုတိယအကြိမ်မြောက် အရေပြားသန့်စင်ခြင်းပင် ဖြစ်၏။ ဒုတိယအကြိမ်မြောက် အရေပြားသန့်စင်ခြင်းသည် ပထမတစ်ကြိမ်ထက် ပို၍ခက်သည်။

လင်းဇီချန်သည် ညာဘက်လက်တစ်ခုလုံးကို ဒုတိယအကြိမ်မြောက် သန့်စင်မပြီးခင်တွင် နှစ်နာရီခန့်အချိန်ယူလိုက်ရသည်။ လုပ်ငန်းစဉ်က မနာကျင်လှသော်လည်း သွေးစွမ်းအား များစွာသုံးရသည်။

ဆန့်ကျင့်ဘက်အနေဖြင့် ပထမဆုံးအကြိမ်သန့်စင်စဉ်က ညာဘက်လက်တစ်ခုလုံးပြီးရန် နာရီဝက်ကျော်ကျော်သာ ကြာခဲ့သည်။ အရေးကြီးဆုံးသည် ပထမဆုံးအကြိမ်ကဲ့သို့ မနာကျင်တော့ပေ။ ပူလောင်သည့်အထိအတွေ့အနည်းငယ်မျှသာရှိကာ မနာလှပေ။

''နင့်မှာ အင်္ကျီချုပ်တဲ့အပ်ပါလား''

လင်းဇီချန်က ရှန်ချင်းဟန်ကိုကြည့်၍ မေးလိုက်သည်။

ဒုတိယအကြိမ်မြောက်သန့်စင်ထားသည့်အရေပြားကို စမ်းသပ်ရန် စူးသည့်အပ်လိုအပ်ကာ ရှန်ချင်းဟန်ကို ရွှီမုန့်က ပြင်ဆင်ပေးလိုက်သည့် ပစ္စည်းမျိုးစုံပါသည့်ဘူးကို အမှတ်ရသွားခြင်းဖြစ်သည်။ အိပ်ရာပေါ်တွင်လှဲကာ ဖုန်းကြည့်နေသော ရှန်ချင်းဟန်က ခြေထောက်နှစ်ဖက်ကို ရှေ့နောက်လှုပ်ယမ်းနေသည်မှာ မျက်စိပဒဿဖြစ်စရာကောင်းလှသည်။

လင်းဇီချန်က အင်္ကျီချုပ်သည့်အပ်ကို မေးသောအခါတွင် ချက်ချင်းပင် ဖုန်းကို ချကာ ပြောလိုက်သည်။

''တစ်ချောင်းတော့ပါတယ်။ အခုသွားယူပေးမယ်''

အမြန်ပင် သေတ္တာကိုရှာကာ အပ်ယူ၍ လင်းဇီချန်ကို ပေးလိုက်သည်။ သေတ္တာထဲတွင် အပ်ဆယ်ချောင်းမကပါသည်။

လင်းဇီချန်ကအပ်တောင်းသည်ကို စပ်စုကြည့်လိုက်၏။

''အပ်ကဘာသုံးဖို့လဲ''

''ငါ့လက်ကို ထိုးဖို့''

''လက်ကိုထိုးဖို့''

''အင်း လက်ကိုထိုးဖို့။ ငါ့အရေပြားရဲ့အားကို စမ်းသပ်မလို့''

အတိုချုံးရှင်းပြပြီးနောက်တွင် လင်းဇီချန်က သေတ္တာလေးထဲမှ အချွန်ဆုံးအပ်ကိုယူကာ အားဖြင့် ညာဘက်လက်ကို ထိုးချလိုက်သည်။

အပြုအမူက ရုတ်တရက်ဆန်လွန်းလှသည်။

ရှန်ချင်းဟန်က ငေးကြည့်နေကာ အားဟုပင်ထအော်မိ၏။ လင်းဇီချန်ကမူ သူမအပြုအမူကြောင့် ရယ်ချင်သွား၏။

''မသိရင် င့ါလက်ကို ထိုးနေတာမဟုတ်တဲ့အတိုင်းပဲ။ ဘာလို့ နင်က အော်ရတာလဲ''

''ငါ့လက်မှတ်လို့ပေါ့။ ဘာမှတောင်သတိမပေးဘဲ ရုတ်တရက်ကြီးအားနဲ့ထိုးလိုက်တာကို လူတိုင်းကြောင်သွားမှာပဲ''

ထိုသို့ပြောကာ ရှန်ချင်းဟန်က မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

''ဘာကိုမှဂရုမစိုက်ဘဲ အဲ့မှာရပ်ကြည့်လို့ပြောတာက နင့်အတွက်တော့ လွယ်တယ်''

လင်းဇီချန်ကပြုံးကာ ဘာမှထပ်မပြောတော့ပေ။ ၎င်း၏ညာဘက်လက်ကို ပြန်ကြည့်လိုက်သည်။ ထိုအချိန်တွင် လက်ဖမိုးပေါ်၌ အပ်သည် အရေပြားကို စိုက်နေသော်လည်း မဖောက်နိုင်ပေ။ အရေပြားပေါ်တွင် ပေါက်ရာအသေးလေးတစ်ခုသာ ရှိသည်။

''မြတ်စွာဘုရား ဒီလောက်ချွန်တဲ့အပ်တောင် ဖောက်ဖို့ခက်တယ်။ အဲ့တာက နင့်လက်ဖမိုးကို မပေါက်ဘူးပဲ။ နင်တကယ်ကို စိတ်ချရပြီ''

ရှန်ချင်းဟန်က အံ့ဩနေကာ လင်းဇီချန်၏အရေပြားအင်အားကြောင့် တုန်လှုပ်နေမိသည်။ လင်းဇီချန်က ရှင်းပြလိုက်လေသည်။

''အခု ငါ့ညာဘက်လက်ကို နှစ်ကြိမ်တောင် သန့်စင်ပြီးသွားပြီ။ ဒီလောက်အားရှိလာတာက သာမန်ပဲ'’

အခန်း (၁၃၄) - ကောင်းကင်လူသားအဖွဲ့အစည်းဌာနချုပ်သို့ဦးတည်ခြင်း (၂)

''ဒီသွေးသန့်စင်တဲ့ကျင့်စဉ်က အထင်ကြီးစရာကောင်းလိုက်တာ။ငါတောင် သွေးသန့်လူသားလမ်းစဉ် လိုက်ချင်သွားပြီ''

ရှန်ချင်းဟန်က မနာလိုစွာဖြင့် ပြောလိုက်သည်။ ရွေးချယ်စရာသာပေးလျှင် သွေးမျိုးစပ်ခြင်းမလုပ်ဘဲ အားအင်မကြီးချင်သောသူ ရှိမည်လော။ ထိုသို့ဆိုလျှင် ကမ္ဘောပေါ်မှလူဦးရေအနည်းငယ်သာ သွေးမျိုးစပ်ခြင်းကို ရွေးချယ်ကြပေမည်။ မိမိ၏ခန္ဓာကိုယ်တွင် အခြားသောသက်ရှိများ၏ မျိုးရိုးဗီဇနှင့်ပေါင်းစပ်သည်ဆိုသောအတွေးသည် အမှန်ပင် စပ်ဆုပ်ဖွယ်ကောင်းလှသည်။

''သွေးသန့်စင်ကျင့်စဉ်က အထင်ကြီးစရာကောင်းတာမဟုတ်ဘူး။ ငါ့ဘာသာတော်နေတာပါ။ အခြားတစ်ယောက်ကသာ သွေးသန့်စင်ကျင့်စဉ် ကျင့်မယ်ဆိုရင် ငါ့လိုမျိုး အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး''

လင်းဇီချန်က မရှက်မကြောက်ဖြင့်ပင် ပြောလိုက်သည်။ ရှန်ချင်းဟန်က အားကျကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှထွက်ကာ သွေးသန့်လူသားလမ်းစဉ်လိုက်မည်ကို တားရန်ပင် ဖြစ်၏။

သွေးမျိုးစပ်ခြင်း(၂၁)ရာခိုင်နှုန်းနှင့်အတူ သွေးသန့်လူသားလမ်းစဉ်လိုက်ကာ ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်ခြင်းသည် ဖြုန်းတီးရာကျမည်ဖြစ်ကာ ယုတ္တိမရှိဖြစ်ပြီး မလိုအပ်ပေ။

အရေးကြီးဆုံးမှာ ရှန်ချင်းဟန်၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုသည် မကောင်းလှပေ။ သွေးသန့်လူသားလမ်းစဉ်လိုက်လျှင် သေခြင်းအဆုံးသတ်သို့သာ ရောက်သွားပေမည်။

(သင်သည် ညာဘက်လက်ဖမိုးကို အပ်ဖြင့်ထိုးနေပါသည်။ ညာဘက်လက်၏အရေပြားခံနိုင်စွမ်း ၁+၁+၁+၁+၁+၁+---)

မိနစ်ဝက်မျှကြာသည်အထိ လင်းဇီချန်က လက်ကို အပ်ဖြင့်ထိုးနေသည်။ အပ်ဖြင့်ထိုးသည့်နှုန်းက ပို၍ပို၍မြန်လာသည်။ ပို၍ပို၍ကြမ်းတမ်းလာသည်။ အပ်ကွေးသွားသည်အထိပင် အရေပြားက ထိခိုက်မှုမရှိပေ။ ဒုတိယအဆင့်အရေပြားသန့်စင်ခြင်းပြီးသော ညာဘက်လက်သည် ခုခံနိုင်စွမ်းထိပ်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ကာ သေနတ်များ၊ ဓားများ တိုးမည်မဟုတ်တော့ပေ။ အရေပြား၏ခံနိုင်စွမ်းကို စမ်းပြီးနောက်တွင် သူသည် အမြန်ပင်ထကာ မီးဖိုချောင်ထဲသို့သွား၍ အပူခံနိုင်စွမ်းကို စမ်းသပ်ရန်ဖြစ်သည်။

ဂတ်စ်မီးဖိုကိုဖွင့်လိုက်ကာ ညာဘက်လက်ဖဝါးကို မီးတောက်ပေါ်တွင် တင်ထားလိုက်သည်။ လေဟာနယ်ထဲတွင် ကိန်းဂဏန်းများ ပေါလာသည်။

(သင်သည် ညာဘက်လက်ကို မီးရှို့နေပါသည်။ ညာဘက်လက်ဖဝါး၏အပူခံနိုင်စွမ်း ၁+၁+၁+၁+၁+---)

တစ်မိနစ်မျှကြာသောအခါတွင် ပူသည့်ခံစားချက်ထွက်ပေါ်လာကာ အနည်းငယ်မျှပင် နာသည်။

''သွေးသန့်စင်ကျင့်စဉ်ရဲ့အားက တကယ်ပြင်းတာပဲ။ သုံးမလား ရှုံးမလား အစွမ်းစည်းမျဉ်းနဲ့ ခန့်မှန်းတွက်ကြည့်ရင်ကို ခန္ဓာကိုယ်သန့်ရှင်းတဲ့အဆင့် ရောက်နေပြီ''

လင်းဇီချန်က ၎င်းဘာသာ ညီးတွားလိုက်ပြီး အားအင်ဖြည့်လိုက်သည်။ ထို့နောက်တွင် သူသည် အခန်းကြမ်းပြင်ပေါ်၌ တင်ပုလ္လင်ခွေချိတ်ထိုင်ကာ ဒုတိယအဆင့်အရေပြားသန့်စင်ခြင်းကို အာရုံစိုက်ထားသည်။ သန့်စင်ခြင်းအားထုတ်မှုက နှေးကွေးသော်လည်း နာရီဝက်တိုင်းတစ်ခါနားကာ ကုန်ဆုံးသွားသော သွေးစွမ်းအင်ကိုမြှင့်တင်ရန် တစ်ခုခုစားပေးသည်။

ညနေလေးနာရီတွင် ဘေးနားက ဖုန်းက မြည်လာသည်။

ဖုန်းကိုကောက်၍ ကြည့်လိုက်သောအခါတွင် ကျောင်းအုပ်လျို့ချွမ်ဝူထံမှ စာဝင်လာခြင်းပင် ဖြစ်သည်။

ကျောင်းအုပ်လျို့ - ဇီချန် ရှန်ဟိုင်းတက္ကသိုလ်မှာ စာရင်းသွင်းပြီးပြီလား။

ဇီချန် - ဒီမနက်ပဲ ရောက်တာပါ။

ကျောင်းအုပ်လျို့ - မင်းအတွက် ပြင်ပေးထားတဲ့အခန်းကော ဘယ်လိုလဲ။

ဇီချန် - ကောင်းပါတယ်။

ကျောင်းအုပ်လျို့ - အခုမင်းအားလား။ အားရင် ကောင်းကင်လူသားအဖွဲ့အစည်းဌာနချုပ်ကို လိုက်ပြရမလား။ မင်းကို ငါလိုက်ပြမယ်။ အဲ့လိုဆို အခြားဌာနချုပ်အဖွဲ့ဝင်တွေနဲ့လည်း ဆုံနိုင်တယ်။

ဇီချန် - ကျွန်တော်အားပါတယ်။

ကျောင်းအုပ်လျို့ - ကောင်းပြီ။ မင်းကိုလာခေါ်ဖို့ အဆောင်ကို လူလွှတ်လိုက်မယ်။ မင်းက ခုမှကျောင်းရောက်ခါစဆိုတော့ ဒီနေရာနဲ့ ရင်းနှီးသေးမှာမဟုတ်ဘူး။ လမ်းပျောက်တာထက်စာရင် တော်သေးတာပေါ့။

ဇီချန် - ကျောင်းအုပ်ကြီး ကျွန်တော်က အခု အဆောင်မှာမဟုတ်ဘူး။ သူငယ်ချင်းအဆောင်မှာ ကျုံးယွမ်အဆောက်အဦး နံပါတ်(၈)၊ အခန်းနံပါတ်(၆၀၃)မှာ။

လျို့ချွမ်ဝူ - အဲ့လိုဆို မင်းကို အဲ့ကိုလာခေါ်ခိုင်းလိုက်မယ်။

ဇီချန် - ကောင်းပါပြီ။ ကျွန်တော်အခုပဲ အောက်ဆင်းလိုက်မယ်။

မက်ဆေ့ချ်ပြန်ပြီးနောက်တွင် လင်းဇီချန်က ဘေးတွင် ထိုင်နေသောရှန်ချင်းဟန်ကို ပြောလိုက်သည်။

''သိုင်းပညာကောလိပ်ကျောင်းအုပ်က ငါ့ကို ကောင်းကင်လူသားအဖွဲ့အစည်းဌာနချုပ်လိုက်ပြမယ်ဆိုပြီး ခေါ်နေတယ်။ ငါအပြင်ခဏသွားလိုက်ဦးမယ်''

''အင်း သွားလေ''

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် သူမသည် ကျောင်း၏အစားအသောက်ပို့သည့်အက်ပ်မှ ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်နေကာ နောင်တွင် အဆောင်ခန်းတွင် ချက်ပြုတ်စားရန်အတွက် အုတ်မြစ်ချနေခြင်းဖြစ်၏။

လင်းဇီချန်သည် ဖိနပ်စီးကာ တံခါးစီသို့သွား၍ ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းသွားသည်။ ထို့နောက်တွင် အဆောက်အဦးရှေ့မှ သစ်ပင်တစ်ပင်စီသို့သွားကာ ထိုနေရာတွင် ဖုန်းကြည့်ရင်းဖြင့် ရပ်စောင့်နေမိသည်။ များမကြာခင်တွင် ရွှေရောင်ဆံပင်ဖြင့် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့် ချောမောသည့်ကောင်လေးတစ်ယောက်က ဘေးနားမှ ဖြတ်လျှောက်သွားသည်။

ထိုသူက ၎င်းကို နန်ကျန်းပြည်နယ်၏ ဒုတိယအဆင့်ကျောင်းသားဟု မှတ်မိသွားကာ ၎င်းနားသို့ ချည်းကပ်လာကာ စိတ်ဝင်တစားစကားပြောလာသည်။

''ငါမင်းကိုသိတယ်။ မင်းက နန်ကျန်းပြည်ထောင်စုက ဒုတိယအဆင့်ကျောင်းသား လင်းဇီချန်းမလား။ ကောင်းကင်လူသားအဖွဲ့အစည်းကို ဝင်သွားတဲ့တစ်ယောက်လေ''

လင်းဇီချန်က ထိုစကားကို ကြားသောအခါတွင် ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်ကာ ခေါင်းငုံ့၍သာ ဖုန်းပြန်ကြည့်နေသည်။ ထောင်လွှားသောဆံပင်ရွှေရောင်ဖြင့် စကားပြောလိုစိတ်မရှိပေ။ သို့သော်လည်း ထိုသူက ရင်းနှီးနေသောအမူအရာမျိုး ဟန်ဆောင်ကာ မရွေ့ပေ။ ၎င်းသဘောအတိုင်း စကားဆက်ပြောနေ၏။

''အရိုးသားဆုံးပြောရရင် မင်းက သွေးမျိုးစပ်ခြင်းလမ်းစဉ်ကို လက်လျော့ပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်သွားတာကို တကယ်အားကျမိတယ်''

''အတော့်ကို အားကျတာ။ ထေ့ငေါ့ပြောနေတာမျိုးမဟုတ်ဘူးကွ''

''ရှာဖွေချက်တွေအရ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ စခဲ့ပေမဲ့ အတော်လေးတော့ သတ္တိမွေးရမှာပဲ''

''ငါလည်း မင်းလိုပဲ လူသစ်ပဲ။ ဒါပေမဲ့ ငါက မြို့တော်က။ မြို့တော်နားမှာနေတော့ ငယ်ငယ်ကတည်းက ဒီထဲကိုရောက်ဖြစ်တယ်။ ဟိုးရှေးတုန်းက မြို့တော်တက္ကသိုလ်မှာလည်း သွေးသန့်လူသားလမ်းစဉ်ကို လေ့လာတဲ့သုတေတနကောလိပ်တစ်ခုရှိခဲ့တယ်။ နှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ တိုးတက်မှုမရှိလို့ ဖျက်သိမ်းလိုက်ကြတယ်လေ''

''ငါသိသလောက်ဆို ရှန်ဟိုင်းတက္ကသိုလ်မှာပဲ ဒီလိုမျိုးသုတေသနတက္ကသိုလ်မျိုး ရှိတော့တာ''

''သွေးသန့်လူသားလမ်းစဉ်ကိုလေ့လာတဲ့ကောလိပ်လည်း တစ်နေ့ကျရင် လောကကြီးကိုအံ့ဩသွားစေနိုင်မဲ့အောင်မြင်မှုမျိုးရပြီး ဆက်ပြီး ရပ်တည်နိုင်ဖို့ မျှော်လင့်မိတယ်''

''အဲ့လိုဆို ငါသွားတော့မယ်။ နှုတ်ဖွာတာများသွားပြီ။ ငါက အဲ့လိုပဲ။ လျှောက်ပြောနေတာမျိုးတော့ မဟုတ်ပါဘူး။ ငါ့အခန်းထဲမှာ ပစ္စည်းတွေနေရာချဦးမယ်။ အခုသွားပြီ''

''မင်းက ကောင်းကင်လူသားအဖွဲ့အစည်းကို အောင်မြင်မှုရအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကြိုးစားလိုက်ဦး''

ထိုသို့ပြောကာ လင်းဇီချန်ကို အားပေးသောအမူအရာမျိုးလုပ်ပြလိုက်ပြီး ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ အဆင့်မြင့်အဆောင်ထဲသို့ဝင်သွားရာ ၎င်းသည်ကား ရှန်ချင်းဟန်နေသောအဆောက်အဦးထဲသို့ပင် ဖြစ်၏။

အခန်း (၁၃၅) - ကောင်းကင်လူသားဌာနချုပ်သို့ဦးတည်သွားခြင်း (၃)

ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ အဆင့်မြင့်အဆောင်တွင် နေနိုင်ခြင်းက ထိုသူသည် ပါရမီရှင်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားပေသည်။ ထို့အပြင် ပြည်နယ်တစ်ခုလုံး၏ ထိပ်တန်းအဆင့်ကျောင်းသားပင် ဖြစ်၏။ မဟုတ်လျှင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ထိပ်တန်းအဆောင်တွင် နေနိုင်မည်မဟုတ်ပေ။

''ဒီလူက တကယ်ကြောင်တောင်တောင်နဲ့''

ထိုသူထွက်သွားသည်ကို ကြည့်ကာ လင်းဇီချန်သည်မိမိမိဘာသာ ပြောလိုက်မိသည်။

ထိုသူသည် ရုတ်တရက်ရောက်လာပြီး မိမိသဘောအတိုင်း ပြောသွားကာ ၎င်းဘာသာ ကျေနပ်သွားသောအခါမှ တစ်ချက်လှည့်မကြည့်ဘဲ ထွက်သွား၏။

အပြုအမူက ထူးဆန်းလှကာ စိတ်ကျန်းမာရေးဆေးရုံမှလူနာကဲ့သို့သော ခံစားချက်မျိုးကို ပေးနေသည်။ ပါရမီရှင်များသည် ကလေးဘဝထဲကပင်လူကြားထဲ၌ ထူးဆန်းတတ်သည်ကို တွေးမိသည်။ ဥပမာဆိုရလျှင် ရှန်ချင်းဟန်သည် ကလေးဘဝကတည်းကပင် အိပ်ရာက စိုစွတ်နေတတ်သည်။ စောနကသူသည်လည်း ၎င်းဘာသာစကားများ မရပ်မနားပြောကာ အပြန်အလှန်ပြောခြင်းမျိုးမရှိသော်လည်း နှုတ်ဖွာတတ်ပုံပေါ်သည်။

''ဘွန်း--ဘွန်း--ဘွန်း---''

ထိုအချိန်တွင် မော်တော်ဆိုင်ကယ်သံ ထွက်ပေါ်လာသည်။ လင်းဇီချန်က အသံလာရာကို ကြည့်လိုက်ကာ သိုင်းပညာကောလိပ်ယူနီဖောင်းဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် အနီရောင်မီးတောက်မော်တော်ဆိုင်ကယ်ကိုစီးကာ ၎င်းစီသို့ ဦးတည်လာ၏။

သူမသည် အရပ်ရှည်၍သေးသွယ်ကာ လှပသောခန္ဓာကိုယ်ကောက်ကြောင်းရှိ၍ မျက်နှာအသွင်အပြင်က သုံးထောင့်ဆန်သည်ထက် ပိုကာ အရှေ့တိုင်းနှင့်အနောက်တိုင်းမိဘများစပ်၍ မွေးလာသည့်ရှားပါးကလေးပုံကဲ့သို့ပင် ဖြစ်၏။ မကြာမီပင် မော်တော်ဆိုင်ကယ်က လင်းဇီချန်ရှေ့တွင် ရပ်သွားသည်။ ထိုလှပသောအမျိုးသမီးက ပြုံး၍ ၎င်းဘက်သို့ လှည့်လာကာ မေးလိုက်သည်။

''ဟယ်လို မင်းက လင်းဇီချန်လား''

''ဟုတ်ကဲ့။ ကျွန်တော်ပါ''

အမျိုးသမီး၏အသံက စွဲမက်စရာကောင်းလှသည်။

''ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ငါ့နာမည်က စုန်ယွီယန်။ သိုင်းပညာကောလိပ်ရဲ့ဆရာဖြစ်သလို ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ သုတေသနပညာရှင်။ ကောင်းကင်လူသားအဖွဲ့အစည်းဌာနချုပ်ကိုလိုက်ပြဖို့ မင်းကိုလာခေါ်တာ''

လင်းဇီချန်က ထိုနာမည်ဖြင့် ရင်းနှီးနေသည်။ မနက်ခင်းက စီနီယာအစ်မဖြင့် တွေ့သည့်အခါတွင် သူမထံမှ ထိုနာမည်ကို ကြားခဲ့ရသည်။ ထိုစုန်ယွီယန်သည် လွန်ခဲ့သောနှစ်များစွာ ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ ဝင်သွားကာ သွေးသန့်လူသားလမ်းစဉ်လိုက်၍ မြို့တော်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ဒုတိယအဆင့်ကျောင်းသားအဖြစ် လူကြားထဲတွင် ပျောက်ကွယ်သွားသူ ဖြစ်သည်။

လင်းဇီချန်က ထိုအကြောင်းကို စဉ်းစားနေစဉ်တွင် သူမက မော်တော်ဆိုင်ကယ်ကိုလှည့်ကာ ပြောလိုက်သည်။

''လာ ငါ့နောက်မှာထိုင်။ ငါမင်းကို မောင်းပို့ပေးမယ်''

''ကောင်းပြီ''

လင်းဇီချန်က အချိန်မဖြုန်းတော့ဘဲ ဆိုင်ကယ်ကိုခွကာ နောက်တွင် ထိုင်လိုက်ပြီး လက်များက ဆိုင်ကယ်နောက်တန်းကို ကိုင်ထားကာ စုန်ယွီယန်နှင့် ထိနိုင်သမျှ မထိမိအောင် ရှောင်သည်။ ၎င်းနေရာယူပြီးသည်နှင့် စုန်ယွီယန်က လီဗာဆွဲကာ မောင်းထွက်သွားသည်။ လမ်းတွင် စကားစမြည်ပြောလာကြ၏။

အများဆုံးပြောသူမှာ စုန်ယွီယန်ဖြစ်ကာ လင်းဇီချန်ကမူ ပြန်ဖြေရုံမျှသာဖြစ်သည်။

''ငါတို့နှစ်ယောက်လုံးက ကောင်းကင်လူသားအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေဆိုတော့ မင်းကို ဇီချန်လို့ပဲခေါ်မယ်။ မင်းလည်း ငါ့ကို အစ်မယန်လို့ခေါ်လို့ရတယ်''

ထိုသို့ပြောကာ စုန်ယွီယန်က ရယ်၍ ထပ်ပြောလိုက်သည်။

''ဇီချန် မင်းက အတော်လေးချောတယ်ဆိုတော့ မင်းနောက်ကနေ ကောင်မလေးတွေ အများကြီးလိုက်ကြမှာပဲ။ ဟုတ်တယ်မလား''

''ဟုတ်ကဲ့''

''မင်းက အတော်လေးယဉ်ကျေးတာပဲ''

ရယ်၍ သူမက ဆက်ပြောလိုက်သည်။

''အစက ကျောင်းအုပ်က မင်းကိုလာခေါ်ဖို့ စီနီယာတစ်ယောက်ကို လွှတ်။ ဒါပေမဲ့ ဒီနှစ်ရဲ့ ဒုတိယအဆင့်ကျောင်းသားဖြစ်တဲ့မင်းဆိုတာကို သိတော့ ငါလည်းစိတ်ဝင်စားသွားလို့ ငါကိုယ်တိုင်လာခေါ်တာ။ ဒီလိုမျိုး အရမ်းလှတဲ့စီနီယာက မင်းကို ပျော်ပျော်ကြီးလာခေါ်တာဆိုတော့ ပျော်သွားလား''

''ကျွန်တော်ဂုဏ်ယူမိပါတယ်''

စုန်ယွီယန်က စပ်စုစွာဖြင့် မေးလိုက်သည်။

''ဒါနဲ့ မင်းက သိုင်းပညာကောလိပ်က ကျောင်းသားကိုး။ ဘာလို့ စောနက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ရဲ့ အဆင့်မြင့်အဆောင်နားမှာ ဘာလုပ်နေတာလဲ''

''သူငယ်ချင်းက အဲ့မှာနေတာပါ။ သူ့ဆီသွားလည်နေတာ''

စုန်ယွီယန်က ဟက်ကနဲရယ်လိုက်ကာ

''ဪ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က အတော်တကာ့အတော်ဆုံးတွေပဲ အဲ့မှာနေရတာ။ မင်းသူငယ်ချင်းက တော်တော်လေးတော်တဲ့ပုံပဲ''

''ဟုတ်ပါတယ်''

စုန်ယွီယန်က ပြုံးလိုက်သည်။

''ဒီလိုဆိုမှ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ရဲ့အဆောင်က သိုင်းပညာကောလိပ်ရဲ့ အဆောင်စုတ်တွေထက် အများကြီးသာတယ်။ မင်းသူငယ်ချင်းနဲ့ပြောင်းနေဖို့ စိတ်ကူးမိလား''

''ကျွန်တော်တို့ အတူတူနေနေကြတာပါ''

ရှန်ချင်းဟန်နှင့်အတူနေခြင်းကို ဘာမှမထူခြားဟု ခံစားမိသည်။ အနှေးနှင့်အမြန်ပင် သိသွားကြမည်ဖြစ်ကာ ယခုပြောလိုက်၍လည်း အန္တရာယ်မရှိပေ။

''ဝိုး ငါက အကြံပေးရုံရှိသေး။ ဒါပေမဲ့ မင်းတို့က တူတူတောင် နေနေကြပြီ။ ခုခေတ်လူငယ်တွေက အထင်ကြီးဖို့ကောင်းလိုက်တာ''

သူမက ခေါင်းညိတ်လိုက်မိသည်။

''အဲ့လိုဆို မင်းတို့က ခုတူတူနေကြပြီဆိုတော့ မင်းနဲ့မင်းသူငယ်ချင်းက သမီးရည်စားတွေလား''

''ဟုတ်ပါတယ်''

ထိုပြန်ဖြေသည့်စကားကို ကြားမိသောအခါတွင် စုန်ယွီယန်တစ်ယောက် မနာလိုဖြစ်မိသည်။

''ကောင်းလိုက်တာ။ ငါ့လိုမဟုတ်ကြဘူး။ ငါကတော့ အသက်သုံးဆယ်တောင်ကျော်နေပြီ။ အတူတူနေဖို့မပြောနဲ့ ယောင်္ကျားတစ်ယောက်လက်တောင် မထိဖူးသေးဘူး''

လင်းဇီချန်က ပြုံးကာ တိတ်ဆိတ်နေသည်။ စုန်ယွီယန်တွင် လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ရှိကာ သူမသည်သာ ယောင်္ကျားတစ်ယောက်ဖြင့် အတူနေလိုလျှင် လက်ချောင်းလေး အသာအယာတောက်လိုက်ရုံဖြင့်ပင် ယောင်္ကျားများက သူမနောက်သို့ လိုက်လာကြမည်ဖြစ်ကာ စိတ်ကြိုက်ရွေးချယ်နိုင်ပေသည်။

သူမ၏ထွက်ဆိုချက်အရဆိုလျှင် သူမသည် ဗျူဟာကျကျဖြင့် ချစ်သည့်ကိစ္စတွင် ရိုးသားချင်ဟန်ဆောင်ကာ လှည့်စားတတ်သူဖြစ်ရမည် မဟုတ်လျှင် ယောင်္ကျားများကို စိတ်မဝင်စားဘဲ လိင်တူကြိုက်သူသာဖြစ်ရမည်။ ထို့ကြောင့် သူမက ယောင်္ကျားများကို မထိခြင်းဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ သူမက ဆွဲဆောင်မှုမရှိသောကြောင့် ထိုသို့ဖြစ်နေခြင်းမဟုတ်ပါပေ။

All Chapters