← Chapters

အပိုင်း ၁၃၆-၁၃၈

Vol. 10 Ch. 136-138

အပိုင်း ၁၃၆-၁၃၈

Vol. 10 Ch. 136-138

အခန်း (၁၃၆) အလွန်ထူးခြားသော ပါရမီရှိသူ

ငါးမိနစ်ခန့်အကြာတွင် ဆိုင်ကယ်သည် တိတ်ဆိတ်ငြိမ်သက်သော အဆောက်အအုံတစ်ခုရှေ့ကို ရောက်လာ၍ ရပ်လိုက်သည်။ တိတ်ဆိတ်သည်ဟုဆိုခြင်းမှာ အဆောက်အအုံသည် ကျောင်း၏နောက်ကျောတောင်ဘက်တွင် ရှိသောကြောင့်ဖြစ်သည်။ ပတ်ဝန်းကျင်၌လည်း သစ်ပင်များသာရှိ၍ တခြားသောအဆောက်အအုံများ ရှိမနေပေ။

အဆောက်အုံ၏အဝင်ဝတွင် မျက်စိကျဖွယ်ရာ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။

“ သန့်စင်သောလူသား သုတေသနဌာန”

လင်းဇီချန် ခန့်မှန်းချက်အရ သန့်စင်သော လူသား သုတေသနဌာနဆိုသည်မှာ သွေးသန့်လူသား သုတေသနဌာန၏ အရှည်ဖြစ်ရန်များသည်။ စုန်ယွီယန်သည် ဆိုင်ကယ်ကို ပေါ့ပေါ့ပါးပါး ရပ်လိုက်၍ လင်းဇီချန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လာလေ၊ ငါ မင်းကို အရင်ပတ်ပြမယ်၊ ပြီးမှ ပါမောက္ခဆီ ခေါ်သွားပေးမယ်"

ထို့နောက် သူမသည် ဌာနအတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ လင်းဇီချန်သည် နောက်ကနေ ကပ်လိုက်၍ ဝင်လာကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ဤသန့်စင်သော လူသား သုတေသနဌာနသည် သုတေသနဌာနတစ်ခုကဲ့သို့ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ အတွင်းပိုင်းရှိ အလင်းရောင်က အတန်ငယ်မှိန်နေသည်။ စိတ်ကူးထဲ၌ မြင်ယောင်ထားသော ခေတ်မီ နည်းပညာမြင့် စက်ကိရိယာများလည်း မရှိပေ။ ထောင့်များတွင် ပုံထားသော အဟောင်းပစ္စည်းများသည်လည်း ကြည့်ရှုဖွယ်မကောင်းလှပေ။

အခန်းသည် စတိုခန်းအကြီးစားနှင့် တူနေသည်။ သို့သော် သေချာကြည့်လိုက်သောအခါ ထောင့်၌ရှိသော ပစ္စည်းဟောင်းများက အမှန်တကယ်ပင် သုတေသနတန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်းများနှင့် တူနေသည်။ မကြာခင်မှာပင် ၎င်းတို့သည် အလင်းရောင်ကောင်းကောင်းရသော ခန်းမတစ်ခုထဲကို ရောက်သွားကြသည်။ အတွင်းတွင် တီဗီ၊ ကွန်ပျူတာ၊ ဆိုဖာ၊ အနှိပ်ကုလားထိုင်နှင့် အိပ်ရာတစ်ခုတောင် ရှိနေသောကြောင့် အိမ်တစ်လုံးကဲ့သို့ နွေးထွေးသော ခံစားချက်ကို ပေးသည်ဟု ခံစားလိုက်ရသည်။

ခန်းမကို ရောက်သောအခါ တိတ်ဆိတ်မနေပဲ စုန်ယွီယန် စကားစလိုက်၍ စတင်ရှင်းပြသည်။

"ဒါက ဌာနရဲ့ နေထိုင်အပန်းဖြေတဲ့နေရာပဲ။ သုတေသနလုပ်ရတာ ငြီးငွေ့လာရင် ဒီကိုလာပြီး အနားယူလို့ရတယ်။ ခုနက ဖြတ်လာခဲ့တဲ့ အခန်းကြီးက ဌာနရဲ့ သိုလှောင်ခန်းပါ။ အခု လောလောဆယ် သုတေသနမလုပ်တဲ့ ပစ္စည်းမျိုးစုံကိုကို ထားတဲ့နေရာလေ။ နည်းနည်းရှုပ်နေပေမယ့် အဲဒီမှာရှိတဲ့ အရာအားလုံးက တန်ဖိုးရှိပါတယ်။"

"အတွင်းပိုင်းကို ဆက်သွားရင် သုတေသနဧရိယာရှိတယ်။ အဲဒီမှာ လူတိုင်းက ပါမောက္ခနဲ့ အတူတူ သုတေသနကို လုပ်ကြတယ်"

ယွီယန်က ဤသို့ပြောကာ အမြင့်နှစ်မီတာခန့်ရှိသောရေခဲသေတ္တာရှေ့တွင် ရပ်လိုက်၍ သောက်စရာတစ်ဘူးကို ယူကာ လင်းဇီချန်ဆီသို့ ပစ်ပေးလိုက်သည်။

"ရေခဲသေတ္တာထဲက ဘာမဆို ငါတို့ရဲ့ ဘတ်ဂျက်နဲ့ ဝယ်ထားတာ။ စားချင်တာ သောက်ချင်တာကို လွတ်လွတ်လပ်လပ် ယူလို့ရတယ်"

ထို့နောက် သူမသည် ရေခဲသေတ္တာတံခါးကို ပိတ်၍ အတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဆက်လျှောက်သွားကာ ပြောလိုက်သည်။

"လာလေ၊ မင်းကို သုတေသနဧရိယာကို ခေါ်သွားပြီးတော့ နေရာနဲ့ ရင်းနှီးအောင် လုပ်ပေးမယ်"

လင်းဇီချန်သည် အဖျော်ရည်ကို ဖွင့်၍ တစ်ငုံသောက်ကာ အမြန်လိုက်သွားသည်။ သုတေသနဧရိယာထဲသို့ ရောက်သောအခါ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ သဘောပေါက်သွားသည်မှာ ၎င်းတို့ အစောပိုင်းက ဖြတ်လာခဲ့သော သိုလှောင်ခန်းနှင့် သိပ်မကွာခြင်းပင်ဖြစ်သည်။ နေရာတိုင်းတွင် ရှေးဟောင်းပစ္စည်းများနှင့် ရှုပ်ပွနေကာ သူစိတ်ကူးထားသောခေတ်မီစက်ပစ္စည်းများ တစ်ခုမှ မရှိနေပေ။

"အစ်မယန်၊ ဒီဌာနက ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေတာလဲ။ လူတစ်ယောက်မှ မတွေ့ရဘူး" လင်းဇီချန် မေးလိုက်သည်။

သိုလှောင်ခန်း၊ အနားယူခန်းနှင့် သုတေသနခန်းအားလုံးသည် တိတ်ဆိတ်နေ၍ သူတို့ရောက်လာကတည်းကပင် မည်သူ့ကိုမှ မတွေ့ရသောကြောင့် လင်းဇီချန် စိတ်ရှုပ်ထွေးသွားသည်။

စုန်ယွီယန်သည် ခါးသက်သက်ပြုံး၍ ရှင်းပြသည်။

"ငါတို့ သုတေသနဌာနက အမြဲတမ်း လူကြိုက်မများဘူး။ ကျောင်းက ငါတို့ကို ရန်ပုံငွေ အနည်းငယ်ပဲ ပေးတာကြောင့် လူအများကြီးကို မထောက်ပံ့နိုင်ဘူး။ ပြီးတော့ သွေးသန့်လူသားလမ်းကြောင်းကို နှစ်ပေါင်းများစွာ သုတေသနလုပ်ပေမယ့် ထူးခြားတဲ့ တိုးတက်မှု မရှိတာကြောင့် လူအများအပြားဟာ စိတ်ပျက်ပြီး လက်လျှော့သွားကြတယ်။ ဒါကြောင့် သုတေသနဌာနက တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး အခု လူနည်းနည်းပဲ ရှိတော့တယ်။"

"ဒါကတော့ အကြောင်းပြချက် တစ်ခုပဲ ရှိသေးတယ်။ အဓိက အကြောင်းပြချက်ကတော့ ပါမောက္ခက သုတေသနဌာနမှာ လူအများကြီး မလိုဘူး၊ ပါရမီရှင် အနည်းငယ်ဆို လုံလောက်တယ်လို့ ထင်တယ်။ လူအများကြီးဆိုရင် သူ့အာရုံကို ဖျက်ဆီးရာပဲ ရောက်မယ်တဲ့"

"ဒါကြောင့် အခု သုတေသနဌာနမှာ ပါမောက္ခ၊ မင်း၊ ငါနဲ့ စတုတ္ထနှစ် သိုင်းကျောင်းသား သုံးယောက်ပဲ ရှိတော့တယ်။ ဒီလူတွေကလွဲရင် ဘယ်သူမှ မရှိဘူး။"

"တခြားလူတွေ ရှိရင်တောင် သူတို့က စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေပဲ။ စိတ်အားထက်သန်မှု အပြည့်နဲ့ ဝင်လာပြီး စိန်ခေါ်မှုတွေကို မခံနိုင်လို့ ထွက်သွားကြတဲ့သူတွေပဲ။" စုန်ယွီယန်သည် သုတေသနဌာန၏အထီးကျန်ဆန်မှုကို လုံးဝ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်သည်၊ "တိုတိုပြောရရင် ကြာကြာနေနိုင်တဲ့သူ အရမ်းနည်းတယ်။ မင်းကိုယ်တိုင်လည်း ခြောက်လလောက်ကြာရင် ခက်ခဲလို့ဆိုပြီးထွက်သွားနိုင်တယ်။"

ထိုစကားကို ကြားသောအခါ လင်းဇီချန် အနည်းငယ် အံ့ဩသွားသည်။ "ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ လျို့ချွမ်ဝူနဲ့အတူ လူခေါ်ဖို့ လာခဲ့တဲ့သူတွေကရော။ သူတို့က လျို့ချွမ်ဝူ လူမြင်ကောင်းအောင် ပြဖို့ ခေါ်လာတဲ့ ပြင်ပလူတွေ ဖြစ်နိုင်မလား။" လင်းဇီချန် တွေးကြည့်၍ ဖြစ်နိုင်ချေများသည်ဟု ကောက်ချက်ချလိုက်သည်။

နောက်ဆုံးတွင် လျို့ချွမ်ဝူသည် ပါရမီရှင်များကို ခေါ်ယူဖို့ လာရာတွင် သူတစ်ယောက်တည်း လာခဲ့ပါက အထင်ကြီးစရာ မကောင်းသကဲ့သို့ ခေါ်ယူရန်လည်း အဆင်မပြေပေ။

ထိုသို့တွေးမိသောအခါ လင်းဇီချန်သည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးပြီးချင်းအချိန်တွင် ဤသုတေသနဌာနအကြောင်း သတင်းများတွင် မကြာခဏ ပါလာ၍ နာမည်ကြီးအောင် လုပ်နေသောကြောင့် ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခုဟု ထင်ရသည်။ သို့သော် အခုအခါတွင် အဖွဲ့အစည်းတစ်ခုလုံး၌ သူ့အပါအဝင် အဖွဲ့ဝင် ခြောက်ယောက်သာ ရှိသည်။ ဤကဲ့သို့ လှည့်စားခြင်းမျိုး။ လင်းဇီချန်သည် ခေါင်းခါလိုက်၍ သုတေသနဌာန၏အခြေနေကို အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူသည် အလွန် ဂရုစိုက်မနေပေ။

"ကတိပေးထားတဲ့ အကျိုးခံစားခွင့် သုံးဆရရင် ကျန်တာတွေက အရေးမကြီးဘူးလေ။"

"ပါမောက္ခ၊ ကျွန်မ ဇီချန်ကို ခေါ်လာပြီ"

လင်းဇီချန်ကို ဌာနပတ်လည် လိုက်ပြပြီးနောက် စုန်ယွီယန်သည် နောက်ဆုံးတွင် မြေအောက်ခန်းတံခါးရှေ့၌ ရပ်လိုက်၍ တံခါးကို ခေါက်ကာ အော်လိုက်သည်။

သူမသည် အတွင်းထဲမှ လျို့ချွမ်ဝူ မကြားမည်စိုးသောကြောင့် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။

မကြာခင်မှာပင် မြေအောက်ခန်းတံခါး ပွင့်သွားသည်။ လျို့ချွမ်ဝူသည် ဆံပင်ဖရိုဖရဲ မျက်ကွင်းညိုကြီးဖြင့် တံခါးဝ၌ ရပ်၍ လင်းဇီချန်ကို ပြုံးပြကာ ပြောလိုက်သည်။

"ဇီချန်၊ မင်းရောက်လာပြီ။ လာပါ၊ ငါ မင်းကို ပတ်ပြပြီး ဌာနနဲ့ ရင်းနှီးအောင် ကူညီပေးမယ်"

စုန်ယွီယန်က ဝင်ပြောသည်။

"မလိုပါဘူး ပါမောက္ခ၊ ကျွန်မ သူ့ကို အခုလေးတင် လိုက်ပြပြီးပြီ။"

"ဟုတ်လား။ ကောင်းပြီ၊ လာပါ၊ အတွင်းထဲမှာ ထိုင်ပြီး စကားကောင်းကောင်းပြောကြရအောင်”

လင်းဇီချန်သည် စုန်ယွီယန်၏ နောက်မှ လိုက်ဝင်၍ ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။

သုတေသနခန်းသည် ရှုပ်ပွနေ၍ စာအုပ်များ၊ ဘူးများ၊ အိုးများ၊ ကျောက်စာတိုင်များအပြင် တခြားပစ္စည်းများနှင့် ပြည့်နေသည်။ သူတို့အားလုံးသည် ရှေးဟောင်းအရာများ၊ အုတ်ဂူများမှ တူးဖော်လာသကဲ့သို့ ဖြစ်နေသည်။

အခန်း (၁၃၇) အလွန်ထူးခြားသော ပါရမီရှိသူ ၂

ဤသုတေသနဌာန၏ပုံစံကိုကြည့်ရလျှင် "ခေတ်နောက်ကျနေပြီ" ဟုထင်ရသည်။

သို့သော် သွေးသန့်လူသားလမ်းကြောင်းတွင် မူရင်းအတိုင်း ရှေးဟောင်းသုတေသနဆိုင်ရာ စရိုက်လက္ခဏာများ ရှိနေသောကြောင့် တွေးကြည့်လျှင် အဓိပ္ပါယ်ရှိသည်။ ဆက်စပ်ပစ္စည်းများအားလုံးကို အပျက်အစီးများမှ တူးဖော်တွေ့ရှိသည်။

၎င်းတို့သည် နည်းပညာမြင့်သည့် ‌သွေးမျိုးစပ်ခြင်းနှင့် စက်ရုပ်အသွင်ပြောင်းခြင်းကဲ့သို့မဟုတ်ပေ။

“ဆရာ တော်တော်လေးပင်ပန်းသလိုပဲဖြစ်နေတယ်၊ အပြင်ထွက်မလာပဲ ဘယ်လောက်ကြာကြာ အဲဒီမှာပဲနေနေလဲ” စုန်ယွီယန်သည် ထိုင်ရန် ကုလားထိုင်ကို ဆွဲလိုက်၍ သူမ၏ ခြေထောက်များကို ချိတ်လိုက်ကာ လက်ပိုက်လျက် လျို့ချွမ်ဝူကို ပုံမှန်အတိုင်း ကြည့်လိုက်သည်။

လျို့ချွမ်ဝူက စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။

“အခု တစ်လခွဲလောက်နီးပါး သွေးသန့်စင်ခြင်းကျင့်စဉ်ကို အဆက်မပြတ် သုတေသနပြုနေတာပဲ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက တိုးတက်မှုမရှိသေးဘူး၊ ကိုင်တွယ်ရတာ နည်းနည်းခက်တယ်”

"အင်း၊ အဓိကကတော့ သိုင်းပညာ ထူးချွန်သူတွေရဲ့ ပံ့ပိုးကူညီမှု မရှိလို့ပါပဲ”

"သွေးသန့်လူသားလမ်းကြောင်းရဲ့ လက်ရှိအခြေအနေက အလွန်ထူးခြားတဲ့ သိုင်းပညာပါရမီပါတဲ့လူတွေအပေါ် မူတည်ပြီးတော့ တိုးတက်မှုအသစ်တွေ ဖန်တီးနိုင်တာ”

“ပါရမီမရှိရင် မရဘူး၊ လူများလာလည်း အရည်အသွေးပြောင်းလဲမှု တစ်ခုထွက်လာမှာမဟုတ်ဘူး”

"ဒါပေမယ့် အခု ဇီချန်နဲ့ ပူးပေါင်းလိုက်တဲ့အတွက် သွေးသန့်လူသားလမ်းကြောင်းက သေချာပေါက် ကြီးကျယ်တဲ့ တိုးတက်မှုတွေ ရလာလိမ့်မယ်"

လျို့ချွမ်ဝူသည် ပြုံး၍ စုန်ယွီယန်ကို လင်းဇီချန်နှင့် မိတ်ဆက်ပေးလိုက်သည်။

"မင်းရဲ့ စီနီယာအစ်မ ယန်ရဲ့ ပေါ့ပေါ့ပါးပါး အသွင်အပြင်ကြောင့် အထင်တော့မသေးလိုက်နဲ့၊ သူက တစ်ချိန်က မြို့တော်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဒုတိယနေရာ ရခဲ့ဖူးသူပါ”

"သွေးသန့်လူသားလမ်းကြောင်းဟာ ဒီနှစ်တွေအတွင်းမှာ သိသာထင်ရှားတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့တာက မင်းရဲ့စီနီယာအစ်မ ယန်ရဲ့ ပံ့ပိုးကူညီမှုကြောင့်ပဲ”

"အကြီးမားဆုံးသော တိုးတက်မှုကတော့၊ ဆယ်စုနှစ်များစွာကြာအောင် ဒုတိယအဆင့် သွေးသန့်စင်ခြင်းမှာ နစ်မြုပ်နေခဲ့ရတဲ့ ငါ့ကို တတိယအဆင့် သွေးသန့်စင်ခြင်းကို ပြီးမြောက်အောင် ကူညီပေးခဲ့တာပဲ။ သာမန် နဝမအဆင့် သွေးသန့်လူသားရဲ့ စွမ်းဆောင်မှုကို ရရှိစေဖို့ ကူညီပေးခဲ့တာ"

ထိုသို့ပြောနေစဉ်တွင် လျို့ချွမ်ဝူ၏မျက်လုံးများသည် စုန်ယွီယန်အပေါ် ကျေးဇူးတင်မှုဖြင့် ပြည့်နေသည်။

စုန်ယွီယန်သည် သွေးမျိုးစပ်ခြင်းလမ်းကြောင်းကို မစွန့်လွှတ်ပဲ ကောင်းကင်လူသားအဖွဲ့အစည်းတွင်ပါဝင်ရန် ပြတ်ပြတ်သားသား မရွေးချယ်ခဲ့လျှင် ၎င်းသည် ယခုအချိန်တွင် တည်ရှိတော့မည်မဟုတ်ပေ။

"အံ့သြစရာပဲ၊ ဒီနှစ် ကျွန်တော်လဲ မြို့တော်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဒုတိယနေရာရခဲ့တာပဲ”

စုန်ယွီယန်သည် လင်းဇီချန်ကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်ကာပြောလိုက်သည်။

"အဲ့တုန်းက ငါ့ရဲ့ ခန္ဓာကိုယ်စမ်းသပ်မှုအမှတ်တွေက မင်းထက်တောင် ပိုများတယ်။ နည်းနည်းတော့ ပိုတော်တယ်လို့ ခံစားမိလား”

"အိုကေ ဟုတ်ပါပြီ၊ မင်းက အံ့ဩစရာပါပဲ၊ မျိုးဆက်သစ်တွေကို စိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့” လျို့ချွမ်ဝူသည် စုန်ယွီယန်ကို တစ်ချက်ကြည့်လိုက်၍ လင်းဇီချန်ထံ လှည့်လိုက်သည်။

"ဇီချန်၊ မင်းရဲ့ စာမေးပွဲတုန်းက မင်းရဲ့ ခန္ဓာကိုယ်စမ်းသပ်မှုအချက်အလက်တွေက မင်းရဲ့စီနီယာအစ်မ ယန်လောက်မကောင်းပေမယ့် အဲဒါက စာမေးပွဲတစ်ခုသပ်သပ်ပါပဲ။ ဘဝက ရှည်လျားပြီးတော့ နောင်ကျ အောင်မြင်မှုပိုရရှိဖို့ အသိပညာတွေ ထပ်စုဆောင်းလို့ရတယ်။ မင်းရဲ့ စီနီယာအစ်မ ယန်ကို ကျော်လွန်ဖို့ မင်းမှာ အခွင့်အရေးတွေ အများကြီးရလိမ့်မယ်၊ မင်းအတွက် ငါမျှော်လင့်ချက်ကြီးတယ်"

“ရယ်စရာကောင်းတာက၊ ငါဟာ မြို့တော်ရဲ့ ဒုတိယနေရာကို ရောက်နေတယ်၊ နန်ကျန်းပြည်နယ်ရဲ့ အထက်တန်းကျောင်းက ထိပ်တန်းတယောက်က ငါ့နဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မလဲ”

စုန်ယွီယန်သည် ဂရုမစိုက်သော အမူအရာဖြင့် ကြည့်နေသော်လည်း စိတ်အတွင်းပိုင်းမှမူ ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူလျက်ရှိသည်။

“ဆရာပြောတာ မှန်ပါတယ်၊ မင်း အသိပညာ လုံလုံလောက်လောက် စုဆောင်းထားသရွေ့တော့ ထိပ်ဆုံးကို ရောက်နိုင်မှာပါ။ ဒါပေမယ့် ငါ့ထက်သာလွန်နေဖို့ဆိုတာတော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

ကောင်းကင်လူသားအဖွဲ့အစည်းသည် နောက်ဆုံးတွင် သိုင်းပညာထူးချွန်သူတစ်ဦးကို ခေါ်ယူခဲ့သည်။ ထိုအဖွဲ့အစည်းမှ ထွက်မသွားပဲ ဆက်နေချင်စေရန် သူ့ကို တန်ဖိုးထား၍ အားထားမှုတွေပေးရန် လိုအပ်သည်။

လျို့ချွမ်ဝူသည် လင်းဇီချန်ကိုကြည့်ကာ မေးသည်။

"ဒါဖြင့် နွေရာသီအားလပ်ရက်မှာ ငါပေးခဲ့တဲ့ သွေးသန့်စင်ခြင်းကျင့်စဉ် စာအုပ်နဲ့ မင်းရဲ့တိုးတက်မှုက ဘယ်လိုလဲ။ မင်းသွေးကို ထိန်းချုပ်တတ်ပြီလား”

လင်းဇီချန် ဖြေလိုက်သည်။

"ကျွန်တော် ထိန်းတတ်ပြီ"

လျို့ချွမ်ဝူ ထပ်မေးလိုက်သည်။

"မင်းရဲ့သွေးမျိုးဆက်စွမ်းအားအခြေခံစတုတ္ထအဆင့်အထိ တိုးတက်နေပြီလား"

"ဟုတ်တယ်၊ တိုးတက်သွားပြီ"

လျို့ချွမ်ဝူသည် အလွန်ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီ၊ မင်း သွေးထိန်းတာကို သင်ယူပြီးပြီ၊ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံ စတုတ္ထအဆင့်အထိလည်း တိုးသွားပြီ။ ဒီနေ့ကစပြီး အရေပြားသန့်စင်ခြင်း ကျင့်စဉ်ကို စတင်နိုင်ပါပြီ။"

"နောက်ထပ် မင်းအစ်မ ယန်က မင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ ဦးဆောင်သင်ကြားပေးလိမ့်မယ်”

"မင်းရဲ့ ကောလိပ် ပထမနှစ်ဝက်မှာ အရေပြားသန့်စင်တာကို ပြီးအောင်လုပ်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်းရာသီ အားလပ်ချိန်မှာ အသားသန့်စင်တာကို စတင်ပါ"

“မင်းရဲ့အစ်မ ယန်လိုပဲ၊ သူက လူသစ်တစ်ယောက်အနေနဲ့ သုံးလမပြည့်ခင်မှာပဲ အရေပြားသန့်စင်တာကို အောင်မြင်စွာ ပြီးမြောက်ခဲ့တယ်။ သူက အဲ့အပိုင်းမှာ အတွေ့အကြုံနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းအားကောင်းလို့ သူ့လမ်းညွှန်မှုနဲ့ မင်း ကောလိပ်ပထမနှစ်ဝက်မှာတင် အရေပြားသန့်စင်တာကို ချောချောမွေ့မွေ့ ပြီးမြောက်နိုင်မှာသေချာပါတယ်”

“ဒါ့အပြင် မင်းရဲ့အစ်မ ယန်ဟာ သိုင်းပညာကောလိပ်မှာ အကျွမ်းကျင်ဆုံး နည်းပြတစ်ယောက်ပါ။ သင်ကြားရေးနဲ့ပတ်သက်လာရင် သူက ဒုတိယလို့ ပြောရင် ဘယ်သူကမှ ပထမလို့ မပြောရဲဘူး။ သူ့လမ်းညွှန်မှုနဲ့ မင်းအကောင်းဆုံးလုပ်နိုင်မှာပါ”

"ဒါ့ကြောင့် တစ်ချိန်တည်းမှာပဲ မင်းက သူ့ထက် သွေးသန့်လူသားလမ်းကြောင်းမှာ တိုးတက်နိုင်ခြေများပါတယ်။”

လျို့ချွမ်ဝူသည် ကောင်းကင်လူသားအဖွဲ့အစည်း၏ ပျက်စီးယိုယွင်းနေသော အခြေနေကိုကြည့်၍ လင်းဇီချန်စိတ်ကုန်ကာ ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူ့ကို အားပေးနေသည်။ ပါရမီရှင်တစ်ဦးအဖြစ်လည်း ချီးကျူးနေခဲ့သည်။ လင်းဇီချန်သည်လည်း သူ၏စိုးရိမ်မှုများကို မြင်သောကြောင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဆရာ၊ အကျိုးအမြတ်သုံးဆကိုသာ တကယ်ပေးမယ်ဆိုရင် ကျွန်တော် ကောလိပ်လေးနှစ်လုံးကို ကောင်းကင်လူသားအဖွဲ့အစည်းမှာ နေမှာပါ"

“လေးနှစ်နေမှာလား”

“တစ်နှစ်ခွဲပဲ မဟုတ်ဘူးလား”

လျို့ချွမ်ဝူသည် နားကြားမှားသည်ဟုထင်ကာ သေချာအောင် အတည်ပြုလိုက်သည်။

"မင်း ကောင်းကင်လူသားအဖွဲ့အစည်းမှာ လေးနှစ်နေမယ်လို့ မင်းပြောလိုက်တာလား”

လင်းဇီချန် ပြန်ဖြေလိုက်သည်။

"အကျိုးခံစားခွင့် သုံးဆ ဆက်ရှိနေသရွေ့၊ ကျွန်တော် ကောင်းကင်လူသားအဖွဲ့အစည်းမှာ ကြာကြာနေနိုင်ပါတယ်။"

"ဟားဟား၊ အရမ်းကောင်းတယ်" လျို့ချွမ်ဝူ အလွန်ဝမ်းသာသွားသည်။

"ကောင်းကင်လူသားအဖွဲ့အစည်းမှာ မင်းအတွက် အကျိုးအမြတ်သုံးဆ အမြဲရှိနေမယ်လို့ ငါကတိပေးပါတယ်။ ဘာတစစ်ခုမှ လွဲချော်မနေစေရဘူး"

မူလက လင်းဇီချန် ကြာရှည်မနေမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် မလိုအပ်တော့ပေ။ အကျိုးအမြတ်သုံးဆရှိသရွေ့ သူဆက်ရှိနေမည်ဖြစ်သည်။ ရန်ပုံငွေကိစ္စနှင့် ပတ်သက်၍ မိတ်ဟောင်း ဆွေဟောင်းတချို့နှင့် အချိန်ယူကာ ဖြေရှင်းနိုင်သည်။ အနည်းငယ် ငြိမ်သက်သွားပြီးနောက် လျို့ချွမ်ဝူသည် တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်လိုက်သည်။

အကျိုးအမြတ်သုံးဆရှိသရွေ့ ကောင်းကင်လူသားအဖွဲ့အစည်းတွင်နေမည်ဟု လင်းဇီချန်ပြောဆိုမှုသည် ၎င်းတို့အဖွဲ့အစည်း၏မူများကို အမှန်တကယ်ယုံကြည်သည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ အကျိုးအမြတ်သုံးဆမရှိလျှင်ပင် သူ မထွက်ခွာသွားလောက်တော့ပေ။ အကျိုးအမြတ်သုံးဆတောင်းခြင်းသည် အခြေအနေကို အသုံးချခြင်းသာဖြစ်သည်။ အခမဲ့ရနိုင်ခြင်းများကို အဘယ့်ကြောင့် မယူဘဲနေလိမ့်မည်နည်း။

ထိုသို့သိလိုက်ရသောအခါ လျို့ချွမ်ဝူသည် သူဆုံးရှုံးသွားသကဲ့သို့ မခံစားခဲ့ရသည့်အပြင် တကယ်ပင် အမြတ်ထုတ်နိုင်လိမ့်မည်ဟု ထင်လာသည်။

အခန်း (၁၃၈) အလွန်ထူးခြားသော ပါရမီရှိသူ ၃

လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်း၏ဒဿနကို အသိအမှတ်ပြုလာမည်ဆိုလျှင်၊ သွေးသန့်လူသားဆိုင်ရာ သုတေသနတွင် သူ၏ ပံ့ပိုးကူညီမှုသည် ကြီးမားလာမည်ဖြစ်သည်။ ဤအကျိုးတရားသည် သူ့ကိုပေးသော အကျိုးအမြတ်သုံးဆထက် ပိုမိုတန်ဖိုးရှိသော အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်သည်။ စုန်ယွီယန်သည် ကောင်းကင်လူသားအဖွဲ့အစည်း၏ စံနှုန်းများကို သဘောတူလာသော လင်းဇီချန်ကို ပို၍ နှစ်ခြိုက်သွားသဖြင့် သူမသည် ချိုမြိန်လှပသော အပြုံးဖြင့် ပြောသည်။

"ငါ မင်းကို သဘောကျတယ် ဂျူနီယာ။ လာပါ အစ်မယန်က အရေပြားသန့်စင်ခြင်းကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သင်ပေးမယ်။ စာသင်နှစ် ပထမနှစ်ဝက်မှာတင် အရေပြားက တင်းတင်းရင်းရင်းရှိပြီး အဆင့်တွေ ပြီးမြောက်စေမယ်လို့ အာမခံပါတယ်၊ ပြီးတော့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နဲ့ စက်မှုအကယ်ဒမီက ကျောင်းသားတွေ အားမကြီးလာသေးခင်မှာ၊ မင်းရဲ့ အစွမ်းထက်တဲ့ အသားနဲ့ သူတို့ကို ရက်ရက်စက်စက် ရိုက်နှက်နိုင်မယ်လို့ အာမခံပါတယ်။”

"မလိုပါဘူး၊ နွေရာသီ အားလပ်ရက်မှာ အရေပြားသန့်စင်ခြင်းကျင့်စဉ် ပြီးခဲ့ပါပြီ" လင်းဇီချန် အေးဆေးစွာ ပြန်ဖြေခဲ့သည်။

လျို့ချွမ်ဝူနှင့် စုန်ယွီယန်နှစ်ယောက်လုံး ခေါင်းထဲတွင် တစ်ချိန်တည်းတင် မေးခွန်းများနှင့် ပြည့်နှက်လာ၍ နားကြားမှားလေသလားဟု ထင်မိကြသည်။ လင်းဇီချန်၏စကားများသည် အံ့သြဖွယ်ကောင်းလောက်အောင်ဖြစ်နေသည်။ ခက်ခဲသောသင်္ချာပုစ္ဆာများကို အလွယ်တကူဖြေရှင်းနိုင်ကြောင်း မိဘများအား ပြောပြနေသည့် စကားပြောတတ်သော ကလေးတစ်ဦးနှင့် ဆင်တူသည်။

"ဇီချန် မင်း မှားနေပြီထင်တယ်။ အရေပြားတင်းနေပြီလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့ မဖြစ်လောက်သေးဘူး။ လာ၊ မင်းလက်ကိုဆန့်ပြီး ငါ့ကိုကြည့်ခွင့်ပြုပါ၊ ငါအတည်ပြုဖို့လိုတယ်” လျို့ချွမ်ဝူသည် မယုံနိုင်လောက်အောင်ဖြစ်ခဲ့၍ အခိုင်အမာပြောခဲ့သည်။

လင်းဇီချန်က သူ့လက်ကို ဆန့်တန်းရန် အလျင်စလိုမလုပ်ဘဲ အတွေးတစ်ခုဖြင့် သွေးစွမ်းအားကို အသုံးပြုကာ သူ၏ကိုယ်ရေးရာဇဝင် အချက်အလက်များကို ဖုံးကွယ်လိုက်သည်။

သွေးမျိုးဆက်စွမ်းအားအဆင့်ကို အခြေခံပဥ္စမအဆင့်အဖြစ် အသွင်ပြောင်းထားသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စဥ်ကိုမူ အရေပြားသန့်စင်ခြင်းအဆင့်၌ပြထားသည်။ နွေရာသီအားလပ်ရက်များ၌ သူသည် သူ၏ ကိုးပါးသော ကိုယ်ခန္ဓာစွမ်းအားများနှင့်ပတ်သက်၍ လေ့လာမှုကို မရပ်တန့်ခဲ့ပေ။

သုတေသန အချို့ပြုပြီးနောက် သူ၏ [သဘာဝ သိုဝှက်ခြင်း] စွမ်းအားသည် သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ဖုံးကွယ်ထားရန်သာမက အခြားသူ၏ခန္ဓာကိုယ်အခြေအနေကိုလည်း ဖုံးကွယ်ထားနိုင်သည်ကို တွေ့ရှိခဲ့သည်။ သူ၏ ပညာအဆင့်အတန်းကို ဖုံးကွယ်ပြီးနောက် လင်းဇီချန်သည် လျို့ချွမ်ဝူ စစ်ဆေးနိုင်စေရန် ညာလက်ကို ဆန့်ထုတ်လိုက်သည်။

လျို့ချွမ်ဝူက သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်၍ ခဏတာ ခံစားကာ ညှစ်လိုက်သောအခါ ချက်ချင်းဆိုသကဲ့သို့ပင် ထိတ်လန့်ကာ မယုံကြည်နိုင်စွာဖြင့်ပြော၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက.. တကယ့်ကို အရေပြားသန့်စင်ထားတာ”

ထိုစကားကိုကြားလိုက်သောအခါ စုန်ယွီယန်သည် လင်းဇီချန်၏လက်မောင်းကို ကိုင်ကြည့်ရန် ခြေလှမ်းပြင်လိုက်သည်။ လင်းဇီချန်သည် အရေပြားသန့်စင်ခြင်းကျင့်စဥ်ကို အမှန်တကယ် ပြီးမြောက်ခဲ့ကြောင်း သူမ သိလိုက် သောအခါ ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ သူမ၏မျက်နှာတွင် အံ့ဩမှုများပြည့်နှက်နေသည်။

"ဘာတွေဖြစ်နေတာလဲ၊ မင်း ဘယ်လို လုပ်လိုက်တာလဲ၊ ဒါက သွေးမျိုးဆက်တွေနဲ့ လုံးဝ မကိုက်ညီဘူး"

လျို့ချွမ်ဝူသည် အသက်ပြင်းပြင်းရှူ၍ စိတ်တည်ငြိမ်လာအောင်လုပ်ကာ တုန်ရီနေသော နှုတ်ခမ်းဖြင့် မေးလိုက်သည်။

"ဇီချန် အခု မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က ဘယ်လောက်လဲ"

“ပဉ္စမအဆင့်” လင်းဇီချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

ဤအဖြေကိုကြားသောအခါ လျို့ချွမ်ဝူသည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ဘဲ လင်းဇီချန်ဆီသို့ ကျယ်လောင်စွာ အော်ကာ သူ့မျက်နှာတွင် ပီတိများနှင့် ပြည့်နှက်နေသည်။

“ဉာဏ်ကြီးရှင် အရမ်းထူးခြားတဲ့ ပါရမီရှင်။ သွေးသန့်လူသားလမ်းကြောင်းက အောင်မြင်သွားပြီ။ ဟာဟား၊ မင်းသာရှိနေရင် သွေးသန့်လူသားတွေရဲ့ ခန္ဓာကိုယ်က သာမန်သက်ရှိတွေထက် သာလွန်ပြီးတော့ အဆင့်မြင့်သတ္တဝါအဖြစ် ပြောင်းလဲသွားမှာ သေချာတယ်"

လျို့ချွမ်ဝူ စိတ်လှုပ်ရှားနေချိန်တွင် စုန်ယွီယန်သည် အနည်းငယ် စိတ်တ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ နားမလည်နိုင်စွာဖြင့် လျို့ချွမ်ဝူကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာ၊ ဘာဖြစ်နေတာလဲ။ သူ့ရဲ့ သွေးမျိုးဆက် အရည်အချင်းက ကျွန်မလောက် မမြင့်ဘူးလေ။ အဲ့တာကို သူ့ရဲ့ သွေးသန့်စင်ခြင်းကျင့်စဥ်က ကျွန်မထက် ဘာကြောင့် ပိုထိရောက်ရတာလဲ။"

လျို့ချွမ်ဝူသည် သူ့ကိုယ်သူ တည်ငြိမ်စေကာ အနည်းငယ် စဉ်းစားပြီးနောက်မှ ပြန်ရှင်းပြလိုက်သည်။

“ဒီအခြေအနေမှာ ဇီချန်က သွေးမျိုးစပ်တာရယ် စက်မှုဆင့်ကဲပြောင်းလဲတာရယ်နဲ့ ကိုက်ညီမှုရှိနေသလို သွေးသန့်လူသားကျင့်စဥ်နဲ့လည်း ကိုက်ညီမှုရှိနေတယ်လို့ ပြောလို့ရတယ်”

သွေးသန့်လူသားကျင့်စဉ်ကို လေ့ကျင့်ခြင်း၌ ကိုက်ညီမှုဆိုသည်မျိုး ရှိနေပါသလော။ စုန်ယွီယန်၏ စိတ်ခံစားမှုများ ရှုပ်ထွေးသွားသည်။ သူမသည် သိုင်းပညာ ပါရမီရှင်တစ်ဦးအနေဖြင့် အနာဂတ်တွင် အခြားသူများကို သွေးသန့်လူသားလမ်းကြောင်းပေါ် အရောက်ပို့ဆောင်၍ သွေးသန့်လူသားများ၏ ရှေ့ဆောင်တစ်ဦးဖြစ်လာမည်ဟု သူမ အမြဲယုံကြည်ခဲ့သည်။

သို့သော်လည်း ယခုအခါ သူမထက်ပို၍ သွေးသန့်လူသားလမ်းကြောင်းအတွက် ပိုသင့်တော်သူတစ်ဦး ရှိနေသည်ကို သတိပြုမိ၍ အနည်းငယ်စိတ်ပျက်မိသွားသည်။ သို့သော် ထိုစိတ်ပျက်အားငယ်မှု ခံစားချက်သည် တခဏချင်း ပျောက်ကွယ်သွား၍ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် အစားထိုးခဲ့သည်။

သွေးသန့်လူသားလမ်းကြောင်းအတွက် မည်သူက ပိုသင့်တော်သည်ဆိုတာ လုံးဝ အရေးမကြီးပေ။ အရေးကြီးသည်မှာ တစ်စုံတစ်ယောက်သည် သွေးသန့်လူသားလမ်းကြောင်းကို ရှေ့ဆောင်နိုင်၍ လူအများ လက်ခံလာသည်ထိ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ပင်ဖြစ်သည်။

သူမကိုယ်တိုင် ရှေ့ဆောင်လုပ်ဆောင်နေချိန်တွင် မတိုးတက်ဘဲ အခြေခံ နဝမအဆင့်တွင် တစ်သက်လုံး စွဲနေမည့်အစား လင်းဇီချန်၏ အရည်းအသွေးကို လက်ခံကာ ကောင်းကင်လူသားအဖွဲ့အစည်းသို့ မျိုးဆက်သစ်လူငယ်များ ခေါ်ယူနိုင်ခြင်းက ပိုကောင်းမည်ဖြစ်သည်။

ရှေ့ဆောင်အခန်းကဏ္ဍအတွက် အဆင့်မြင့်သတ္တဝါအဖြစ်သို့ ပြောင်းလဲခြင်းနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲ့ဖြစ်သည်။

ထိုသို့ သဘောပေါက်၍ စုန်ယွီယန်သည် လျို့ချွမ်ဝူကို စိတ်လှုပ်ရှားစွာ ကြည့်ကာ စိတ်အားထက်သန်စွာ ပြောသည် ။

"ဆရာ ကောင်းကင်းလူသားအဖွဲ့အစည်းကို ပိုမိုထူးချွန်သူတွေကို ဆွဲဆောင်နိုင်ဖို့နဲ့ ရန်ပုံငွေပိုရဖို့ ဇီချန်လို ပါရမီရှိသူတယောက်လုံးရှိနေတာကို ကျွန်မတို့ အမြန်ကြေညာသင့်တယ်"

လျို့ချွမ်ဝူက သူ့လက်ကို ဝှေ့ယမ်း၍ ပြောသည်။

"မလိုသေးဘူး၊ အခုလောလောဆယ် ကြေငြာဖို့မလိုသေးဘူး။ ငါတို့သုံးယောက်ပဲ သိထားကြရအောင်”

"ဘာဖြစ်လို့လဲ ဆရာ" စုန်ယွီယန် အံ့ဩသွားသည်။

လျို့ချွမ်ဝူ ဆက်လက်ပြောသည်။

"အရင်တုန်းက၊ ငါကောင်းကင်လူသားအဖွဲ့အစည်းကို ပါရမီရှင်တွေ စုဆောင်းဖို့ လူသိရှင်ကြား ကြော်ငြာခဲ့ပေမယ့် အခု ငါတို့မှာ မှန်ကန်တဲ့ ပါရမီရှင်တွေ ရှိနေတော့ ဆက်ပြီး လူသိရှင်ကြား စုဆောင်းနေစရာ မလိုတော့ဘူး။ အဲဒါက အချိန်နဲ့ စွမ်းအင်တွေ အရမ်းယူတယ်၊ သုတေသနအတွက် အသုံးချလို့ရတဲ့ အချိန်ကို ဖြုန်းတယ်။”

“လူတွေ အများကြီးရှိဖို့ မလိုဘူး၊ ထူးချွန်တဲ့သူတွေရှိဖို့က အဓိကပဲ။ အရည်သွေးမကောင်းတဲ့ လူတွေအများကြီးရှိနေမယ်ဆိုရင် သုတေသနအတွက် အချိန်ကုန်စေနိုင်တယ်”

All Chapters