အပိုင်း ၁၄၅-၁၄၇
Vol. 10 Ch. 145-147
အခန်း(၁၄၅) ကျောင်းဖွင့်ပွဲ တိုက်ပွဲ (၃)
သူ၏ ငယ်ချစ်ဦး၊ စေ့စပ်ထားသူနှင့် အလွန်တန်ဖိုးထားရသော ပရိတ်သတ်တစ်ယောက်အနေဖြင့် လင်းဇီချန်၏ ဂုဏ်ကျက်သရေပေါ်လွင်လာမည့်အခိုက်အတန့်ကို အခြားသူများရှေ့၌ မြင်ရရန် မစောင့်နိုင်တော့ပေ။
လင်းဇီချန်က သူမ၏ ပါးပြင်လေးကို ခပ်ဖွဖွပုတ်၍ ပြောလိုက်သည်။
“သူများတွေကို နောက်ကွယ်ကနေမကောင်းကြောင်းပြောတာ တစ်ယောက်ယောက်သိသွားရင် အကျိုးဆက်ကို နင်ထိန်းနိုင်မှာမဟုတ်ဘူး”
“နင် ငါ့ကို ကာကွယ်ပေးမှာမလား”
“မကာကွယ်နိုင်ဘူး မကာကွယ်နိုင်ဘူး”
“ကောင်းပြီ ငါ အခုကစပြီးမပြောတော့ဘူး။ နင့်ကို အိမ်မှာပဲစကားပြောမယ် အပြင်မှာ ငါ ကောင်းကောင်းပါးစပ်ပိတ်ထားပါ့မယ်”
ရှန်ချင်းဟန်က ချိုသာပျော့ပျောင်းသော အသံဖြင့် ကတိပေးသည်။
သူ့ဘေးမှ သူမ၏ နူးညံ့သောအသံကိုကြားသောအခါ လင်းဇီချန်သည် ရှန်ချင်းဟန်၏ နူးညံ့အိစက်၍ မွှေးကြိုင်နေသော လျှာလေးကို စဥ်းစားမိကာ နှလုံးသားထဲ တဆတ်ဆတ်တုန်သွားရသည်။ နှစ်ယောက်သား ရင်းနှီးစွာ စကားစမြည်ပြောနေကြစဉ် စင်မြင့်ပေါ်မှ ကျောင်းခေါင်းဆောင်တစ်ဦးက ကျယ်လောင်စွာပြော၏။
"အခု ဆရာတို့ရဲ့ ကျောင်းသားကောင်စီဥက္ကဌ ကျိုးရွှယ်ဟုန်ကို လက်ခုပ်သြဘာပေးရင်း ကျောင်းသားကောင်စီကိုယ်စား နှုတ်ဆက်စကားပြောပေးကြရအောင်”
ဤသို့ပြော၍ ကျောင်းခေါင်းဆောင်က လက်ခုပ်စတီးလိုက်ရာ ဤသည်ကို မြင်သော ကျောင်းသးများအားလုံးကလည်း လိုက်ပါ၍ လက်ခုပ်တီးကြသည်။ လက်ခုပ်သံများကြားတွင် ဆံပင်ခပ်တိုတိုညှပ်ထားသော လူငယ်တစ်ယောက်က စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာတက်လာသည်။ သူသည် အထူးတလှယ် အရပ်ရှည်ခြင်း ကြွက်သားတောင့်ခိုင်ခြင်းမရှိသော်လည်း သူ့ထံမှ ထွက်လာသော ရောင်ဝါက အလွန်ပြင်းထန်လွန်းသောကြောင့် မည်သူမဆို သူနှင့် အကြည့်ချင်းဆုံရန် ဝန်လေးလျက်ရှိကြသည်။
"ဥက္ကဌကျိုး ဒီမှာ မိုက်ခရိုဖုန်း”
ကျိုးရွှယ်ဟုန် စင်မြင့်အလယ်သို့ရောက်သောအခါ ကျောင်းခေါင်းဆောင်သည် ရှေ့သို့ ချက်ခြင်းရွှေ့ကာ မိုက်ခရိုဖုန်းကို လေးလေးနက်နက် ပေးအပ်လိုက်သည်။ အင်အားကို အလေးထားသော ရှန်ဟိုင်းတက္ကသိုလ်တွင် ကျောင်းသားကောင်စီဥက္ကဌသည် ကျောင်းခေါင်းဆောင်အများစုထက် အဆင့်အတန်းမြင့်မားသည်။ ကျိုးရွှယ်ဟုန်သည် မိုက်ခရိုဖုန်းကိုယူကာ တည်ငြိမ်သော်လည်း ပြင်းထန်သောအသံဖြင့် သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"မင်္ဂလာနေ့လည်ခင်းပါ ကျောင်းသားသစ်တို့ ငါကတော့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီဥက္ကဌ ကျိုးရွှယ်ဟုန်ပါပဲ”
“ဒီနေ့ မင်းတို့ကို ငါပြောစရာ သုံးခုရှိတယ်” သူကဆက်ပြောသည်။
“ပထမအချက်က ကျောင်းစည်းကမ်းကို ဆရာတွေက စီမံခန့်ခွဲတာမဟုတ်ဘဲ ကျောင်းသားကောင်စီက စီမံတာဆိုတော့ ကျောင်းကောင်စီက မင်းတို့ထင်ထားတာထက်ပိုပြီး အင်အားကြီးပါတယ်”
“ဒုတိယအနေနဲ့ နှစ်တိုင်းနှစ်တိုင်းရဲ့ ဒုတိယစာသင်နှစ်အစမှာ ကျောင်းသားကောင်စီက ခွန်အားကို အခြေခံပြီး ကျောင်းသားအသစ် ၁၀ ယောက်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားကောင်စီမှာ ပါဝင်ချင်တဲ့ ကျောင်းသားသစ်တွေက လာမယ့်နှစ်ဝက်မှာ မင်းတို့ရဲ့ စွမ်းရည်တွေကို ပြသဖို့ မမေ့ပါနဲ့"
"တတိယအချက် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ အတွင်းပိုင်းကျောင်းဝင်းက ‘အသန်မာဆုံးသောအောင်မြင်မှု’ဆိုတဲ့ နိယာမကို အာရုံစိုက်ပြီး ခွန်အားကို ဂုဏ်ပြုတဲ့နေရာပဲဖြစ်ပါတယ်။ အထက်တန်းကလူတွေက အောက်တန်းကလူတွေကို အနိုင်ကျင့်လေ့ရှိတာဆိုတော့ အဲ့လိုဖြစ်ရပ်တွေအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပါ”
“ဒါက ငါပြောချင်တဲ့ သုံးချက်ပါ”
“ငါမဆင်းခင် မင်းတို့အားလုံးကို အဆင့်မြင့်အဆင့်သတ္တဝါရဲ့ ခွန်အားကို အမြည်းပြချင်တယ်”
ထိုအချိန်တွင် သူ့စကားအဆုံးသတ်လိုက်ပြီးသည်နှင့် ကျိုးရွှယ်ဟုန်က သူ့မျက်လုံးများသို့ အာရုံစိုက်လိုက်ကာ သူ၏ အဆင့်မြင့်အဆင့်သတ္တဝါစွမ်းအား၏ ဖိနှိပ်မှုအပြည့်ဖြင့် ကျောင်းသားသစ်များကို ရက်စက်စွာ ကြည့်လိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် အားကစားရုံရှိ ကျောင်းသားသစ်များအားလုံးက ၎င်းတို့ကိုယ်ပေါ်သို့ သက်ရောက်လာသည့် မမြင်နိုင်သော ဖိအားကို ခံစားလိုက်မိကြသည်။ စင်မြင့်၏အနီး၌ရှိသူများက တိုက်ရိုက် ဖိအားပေးခံရသဖြင့် မျက်နှာများနီရဲလျက် အသက်ရှုရခက်လာကြသည်။
အတန်အသင့်ခပ်ဝေးဝေး၌ ထိုင်နေသော လီမော်ယွီသည် ခန်းမတစ်ခုလုံးရှိ ဖိအားကို ထူးခြားစွာ ခံစားခဲ့ရသည်။ ၎င်းက ပြင်းထန်လွန်းလှသဖြင့် သူထိုင်နေသော ကုလားထိုင်သည်ပင် ကျိုးသွားတော့မည့်အလား ကွေးသွားသည်။ သူက အဖြစ်အပျက်ကို နားမလည်ဘဲ ပစ်မှတ်ထားခံရသည်ကိုသာ သတိပြုမိကာ ဖြူဖျော့၍ အသက်ရှူကြပ်လုနီးပါးဖြစ်နေသည်။
သူ့နောက် နှစ်တန်းအကွာ၌ ထိုင်နေသော လင်းဇီချန်သည်မူ ဆန့်ကျင်ဘက်အနေဖြင့် စိတ်အေးလက်အေးဖြစ်နေကာ မည်သည်ကိုမျှ မခံစားမိပေ။ အဆင့်မြင့်အဆင့်သတ္တဝါ၏ ဖိအားက ပြင်းထန်လှသော်လည်း မီတာသုံးဆယ်ကျော်အကွာအဝေးတွင်ထိုင်နေသော အခြေခံနဝမအဆင့်ရှိ လင်းဇီချန်ကို မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မလုပ်နိုင်သည်အထိ အားပျော့သွားခဲ့ပြီဖြစ်သည်။
သို့သော် သွေးမျိုးဆက်စွမ်းအား အခြေခံဒုတိယအဆင့်၌သာရှိနေသည့် ရှန်ချင်းဟန်သည်မူ ထိုဖိအားအောက်၌ ရုန်းကန်နေရကာ သူမ၏ ခြေထောက်များ အားအင်ချိနဲ့သွားသည့်အလားခံစားရ၍ သူ၏ပခုံးကို ကိုင်ထားရသည်။
ကံအားလျော်စွာဖြင့် ကျိုးရွှယ်ဟုန်သည် ထိုဖိနှိပ်ထားသည့်အင်အားကို အချိန်မကြာစေခဲ့ဘဲ ငါးစက္ကန့်မျှသာဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင်မူ စင်ပေါ်မှဆင်းလာခဲ့ရာ ပရိတ်သတ်ထံမှ သက်ပြင်းချသံများကို ကြားလိုက်ရသည်။
ကျိုးရွှယ်ဟုန်ထွက်သွားပြီးနောက် မကြာခင်၌ပင် ယွန်သုန်ကျီ၏ လက်ထဲသို့ မိုက်ခရိုဖုန်းပြန်ပေးလိုက်သည်။
ယွမ်သုန်ကျီသည် မိုက်ခရိုဖုန်းကို ကိုင်ကာ အောက်ရှိကျောင်းသားများနှင့် အေးဆေးစွာ စကားပြောခဲ့သည်။
“ကျောင်းသားသစ်စုဝေးပွဲအပြီးမှာ မင်းတို့က ဒီနေရာမှာ စမ်းသပ်ပြိုင်ပွဲစပြိုင်ရပါလိမ့်မယ်”
“စမ်းသပ်ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေက ရိုးရှင်းပါတယ်။ အားကစားရုံရဲ့ အလယ်ဗဟိုမှာ သိုင်းပညာစင်မြင့်ကြီးတစ်ခုရှိပါတယ်။ အဲ့စင်ပေါ်မှာ တစ်မိနစ်ထက်ပိုပြီး တစ်ယောက်တည်း ရပ်နိုင်မယ့် ပထမဆုံးလူက ဒီနှစ်ရဲ့ လူသစ်ဘုရင်ဖြစ်လာမှာဖြစ်ပြီး အမှတ် တစ်ရာ ချီးမြှင့်ပေးသွားမှာပါ”
“သိုင်းစင်မြင့်မှာ တစ်မိနစ်ကျော် တစ်ယောက်တည်း ရပ်နိုင်တဲ့ ဒုတိယတစ်ယောက်က ဒုတိယနေရာရမှာဖြစ်ပြီး ကျောင်းအမှတ် ၉၀ ရမှာပဲဖြစ်တယ်”
“နောက်ပြီး နောက်ပိုင်း ထိပ်တန်းဆယ်ယောက်နေရာအထိ ပေးသွားမှာမို့လို့ နောက်ဆုံး ၁၀ ယောက်မြောက်ရတဲ့သူက အမှတ် တစ်ဆယ်ရမှာပါ”
“စမ်းသပ်ပြိုင်ပွဲက တစ်နာရီပဲကြာမှာပါ”
“ဒီအချိန်အတွင်းမှာ ပါရမီရှင်မဟုတ်တဲ့အတန်းတွေဆိုတဲ့ ပုံမှန်အတန်းတွေက ကျောင်းသားသစ်တွေထဲက တစ်ယောက်က ထိပ်တန်းကျောင်းသားဆယ်ယောက်နေရာကို ရနိုင်ခဲ့ရင် ပုံမှန်တန်းကကျောင်းသားတွေအားလုံး အမှတ်တစ်မှတ်စီရကြလိမ့်မယ်”
“စမ်းသပ်ပြိုင်ပွဲကို ဆယ်မိနစ်အကြာမှာစပါမယ်။ သန့်စင်ခန်းသွားချင်တဲ့လူတွေက အခုကတည်းကသွားထားကြပါ”
ထိုအချက်များကို တိုတိုတုတ်တုတ်ပြောပြီးနောက် ယွမ်သုန်ကျီသည် မိုက်ခရိုဖုန်းကို ချ၍ စင်မြင့်၏ အစွန်းသို့ ဦးတည်သွားလိုက်သည်။ ဤသည်ကို မြင်သောအခါ စင်မြင့်ပေါ်မှ အခြားကျောင်းခေါင်းဆောင်များက အလျင်အမြန်ပင် သူမနောက်သို့ လိုက်လာကြသည်။
ကျောင်းခေါင်းဆောင်များသည် ယခုအခါတွင် ဒုတိယထပ်ရှိစင်္ကြံဆီသို့ ဦးတည်သွားကာ ပထမထပ်တွင်ကျင်းပတော့မည့် စမ်းသပ်ပြိုင်ပွဲမှတစ်ဆင့် ကျောင်းသားသစ်တစ်ဦးဆီ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာရန် နေရာယူလိုက်ကြသည်။
အခန်း(၁၄၆) တစ်နှစ်တာ အကောင်းဆုံး လူသစ်
အားကစားရုံ၊ ဒုတိယထပ် စင်္ကြံ။
ကျောင်းခေါင်းဆောင်အဖွဲ့တစ်ဖွဲ့သည် အထက်တန်းကျောင်းသားများ စမ်းသပ်မှုစတင်မည့်အချိန်ကို စောင့်မျှော်လျက် အောက်ထပ်မှ လူငယ်များကို ငုံ့ကြည့်နေကြသည်။
ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကျိုးရွှယ်ဟုန်ကလည်း ထိုနေရာတွင်ရှိနေသည်။ လူသစ်အစမ်းစစ်ဆေးချက်များတွင် ကျောင်းသားသစ်များ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာရန်နှင့် ကျောင်းသားသမဂ္ဂတွင် ပါဝင်ရန် သင့်လျော်သောပါရမီရှင်များကို ရွေးချယ်ရန် ထိုနေရာတွင် ရှိနေခြင်းဖြစ်သည်။
"ဥက္ကဌကျိုး ခင်ဗျား နည်းနည်းတော့ ကပ်သီးကပ်သပ်မနိုင်လွန်းဘူးလား။ ဒီနှစ်အစပိုင်းတုန်းက ခင်ဗျား သိုင်းစင်မြင့်မှာ လီရီကျင်းရိုက်တာခံခဲ့ရလို့ သူ့ညီကို တကယ် ထုတ်ပစ်ဖို့ ကြိုးစားနေတာလား”
ကျိုးရွှယ်ဟုန် ချဉ်းကပ်လာသည်ကို မြင်သောအခါ လျို့ချွမ်ဝူက လှောင်ရယ်လိုက်သည်။
ယခုတင် ကျိုးရွှယ်ဟုန်က သူ၏ အဆင့်မြင့်အဆင့်မှစွမ်းအားကို ထုတ်လွှတ်လိုက်၍ အောက်ဘက်ရှိ လီမော်ယွီကို အတိအကျ ပစ်မှတ်ထားလျက်ရှိသည်။
ထိုသို့သော အပြုအမူသည် အလွန် စိတ်ပျက်ဖွယ်ကောင်းလွန်းလှသဖြင့် သူ့ဘေးမှ မာကျန်းဟယ်က ရယ်လိုက်၏။
"လျို့ချွမ်ဝူ မင်းကလွဲရင် ဘယ်သူမဆို ဒီလိုပြောလို့ရတယ်။ ဒါကို အသေးအမွှားလို့ ပြောပိုင်ခွင့်မရှိဘူး။ ရှန်ဟိုင်း တက္ကသိုလ်က ဆရာနဲ့ ကျောင်းသားပေါင်း နှစ်သောင်း နီးပါးထဲမှာ လျို့ချွမ်ဝူ ကပ်သီးကပ်သပ်ဖြစ်တဲ့နေရာမှာ မင်းနဲ့ယှဉ်နိုင်တဲ့လူရှိလား"
"အဟက် အဲ့တာ ယှဉ်စရာလား"
လျို့ချွမ်ဝူက အေးစက်စွာ ရယ်မောလိုက်သည်။
"ငါက သက်ဆိုင်တဲ့လူတွေကိုပဲ ဦးတည်တာကွ၊ သူတို့ မိသားစုတွေကို အငြှိုးမထားဘူး”
မာကျန်းဟယ်က သူနှင့် ပြိုင်ငြင်းမနေတော့ပေ။ ကျိုးရွှယ်ဟုန်သည်မူ လျို့ချွမ်ဝူကို ကြည့်ပင်မကြည့်ဘဲ လေကဲ့သို့သာ သဘောထားဆက်ဆံလျက်ရှိသည်။
ဆင့်ကဲပြောင်းလဲခြင်းကောလိပ်တွင် လျို့ချွမ်ဝူ၏ကျော်ကြားမှုသည် အလွန် နိမ့်ပါးလှသည်။ ၎င်းတို့သည် သိသာထင်သာသော ရန်သူများဖြစ်ကြကာ တစ်ယောက်နှင့်တစ်ယောက် မျက်စောင်းထိုးနေသည်ကိုပင် မြင်နိုင်သည်။
“ဥက္ကဠမာ မင်းသမီး ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ထူးထူးခြားခြား အောင်ခဲ့တယ်လို့ ငါကြားတယ်။ သူ့အမှတ်တွေက ဘယ်လောက်လဲ"
ကျိုးရွှယ်ဟုန်သည် မာကျန်းဟယ်ဆီသို့ လျှောက်သွားကာ ရပ်တန့်လိုက်ပြီးနောက် အောက်ထပ်သို့ ရောက်လာကြသော ကျောင်းသားသစ်များကို ကြည့်ကာ ဘာသိဘာသာ မေးလိုက်သည်။
မာကျန်းဟယ်က ဂုဏ်ယူနေသော လေသံမျိုးဖြင့် ပြောလိုက်၏။
“အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။ သူက မြို့တော်မှာ အဆင့်လေးပဲရခဲ့တာပါ"
"မြို့တော်မှာ အဆင့်လေးလား" ကျိုးရွှယ်ဟုန်က ရေရွတ်လိုက်သည်။
“ကျောင်းအုပ်မာ မင်းရဲ့သမီးကို ကျောင်းသားသမဂ္ဂထဲ ဝင်ခိုင်းပေးပါ။ ကျုပ် သူ့ကို အနာဂတ် ဥက္ကဠတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမယ်”
မာကျန်းဟယ်က ပြုံးလိုက်သည်။
"ဒါပေါ့ သူ ကျောင်းသားသမဂ္ဂထဲ ဝင်ရမှာပါ။ နောင်မှာ ရှိဝေကို ကောင်းကောင်းဂရုစိုက်ဖို့ ဥက္ကဠကျိုးကို အားကိုးပါတယ်"
ကျိုးရွှယ်ဟုန်က ပြုံးခြင်းမရှိ တည်ငြိမ်စွာပြောလိုက်သည်။
"ကျုပ် ပါရမီရှင်တိုင်းကို ဂရုစိုက်မှာပါ"
‘အထူးဂရုစိုက်ရမယ်ဟုတ်လား၊ အဲ့လောက်မလိုဘူးလေ’
မာကျန်းဟယ်၏ သမီးဖြစ်သူ မာရှိဝေကို ကျောင်းသားသမဂ္ဂတွင်ပါဝင်ရန် ဖိတ်ကြားခြင်းမှာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ဥက္ကဠ မာကျန်းဟယ်ကို မျက်နှာချိုသွေးရန်မဟုတ်ပေ။
သူက မာကျန်းဟယ်၏သမီးတွင် အလားအလာကို အမှန်တကယ်မြင်ကာ သူမအား အနာဂတ် ကျောင်းသားသမဂ္ဂ၏ ဥက္ကဠဖြစ်လာရန် ပျိုးထောင်လိုသည်။ သူသည် ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သော်လည်း၊ သူ၏ အခွင့်အာဏာက ဥက္ကဠမာထက် မနည်းလှပေ။ ရာထူးနှစ်ခုစလုံးသည် တူညီသောအဆင့်တွင်ရှိကာ နှစ်ယောက်လုံးက တက္ကသိုလ်အုပ်ထံ တိုက်ရိုက်တင်ပြနိုင်သည်။
အခြေအနေအမှန်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျောင်းရှိ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၏ အဆင့်အတန်းသည် ဆင့်ကဲပြောင်းလဲခြင်း ကောလိပ် ဥက္ကဋ္ဌထက် အနည်းငယ် မြင့်မားနိုင်သည်။ နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးစလုံးသည် အဆင့်မြင့်အဆင့် ဖြစ်တည်မှုများဖြစ်ကြသော်လည်း ကျောင်းသားသမဂ္ဂဥက္ကဋ္ဌသည် အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေး၍ အသက်လေးဆယ်ကျော်နေသော ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ဥက္ကဋ္ဌထက် သူ၏အနာဂတ်အောင်မြင်မှုများ ပို၍ များပြားနိုင်သည်။
ထို့အပြင် ပိုမိုကြီးမားသော အနာဂတ်အောင်မြင်မှုများသည် လူတစ်ဦး၏ လက်ရှိအနေအထားကို အလိုအလျောက် မြှင့်တင်ပေးနိုင်သည်။
"ဒီနေ့ စမ်းသပ်ပွဲ ကျောင်းသားသစ်တွေကြားထဲမှာ ဒီနှစ်ရဲ့ လူသစ်ဘုရင်က လီမော်ယွီနဲ့ မာရှိဝေထဲ ဘယ်သူဖြစ်မလဲ"
ကျောက်ရွှယ်ဟုန်သည် လီမော်ယွီနှင့် မာရှိဝေတို့ကို ငုံ့ကြည့်ကာ သူ့ဘေးနားရှိ ခေါင်းဆောင်များကို ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ မတုန်မလှုပ်သော အသံဖြင့် မေးလိုက်သည်။
ထိပ်ပြောင်သော ခေါင်းဆောင် တစ်ဦးက ဝင်ပြောသည်။
"လီမော်ယွီ ဖြစ်သင့်တယ်။ အခြေခံပဥ္စမအဆင့်နဲ့ဆို သူ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ကျောင်းသားတွေကြား ပြိုင်ဘက်ကင်းလောက်တယ်”
သတ္တုစပ်ဖြင့်ပြုလုပ်ထားသော ခြေလက်နှင့် ရင်ဘတ်ရှိသော အမျိုးသမီးခေါင်းဆောင်ကပြော၏။
“ဥက္ကဠမာရဲ့ သမီးက စမ်းသပ်ချက်တွေမှာ လီမော်ယွီထက် နည်းနည်း နိမ့်လောက်ပေမယ့် နွေရာသီအားလပ်ရက်အတွင်း မဟူရာကြောင်နက်နဲ့ သွေးမျိုးစပ်ခဲ့တာ အခု သူ့ခွန်အားက လီမော်ယွီထက် အားမနည်းတော့ဘူး”
အခြားကျောင်းခေါင်းဆောင်ကဝင်ပြော၏။
“ လီမော်ယွီပဲဖြစ်လိမ့်မယ်ထင်တယ်။ မာရှိဝေက သွေးမျိုးစပ်ထားပေမယ့် အပိုင်းသေးသေးလေးပဲ ပေါင်းစပ်ထားတာမို့ ခွန်အားတိုးဖို့က တော်တော်လေးကို အကန့်အသတ်ရှိတယ်ဗျ"
ထိုခေါင်းဆောင် သုံးယောက်အပြင် တခြားကျောင်းခေါင်းဆောင်များကလည်း ၎င်းတို့၏ ထင်မြင်ယူဆချက်များကို တဖြည်းဖြည်း ထုတ်ဖော်ပြောဆိုလာကြသည်။
လီမော်ယွီကို ထောက်ခံသူများနှင့် မာရှိဝေကို ထောက်ခံသူများဟူ၍ အညီအမျှ ကွဲထွက်သွားသည်။
ကျောင်းခေါင်းဆောင်များ၏အမြင်တွင် လီမော်ယွီနှင့် မာရှိဝေတို့သည် ရှန်ဟိုင်းတက္ကသိုလ်၏ ကျောင်းသားသစ်များကြားတွင် ထူးချွန်သော ကျောင်းသားနှစ်ဦးဖြစ်ကာ အလုံးစုံအင်အားဖြင့် အခြားသူများထက် အဆပေါင်းများစွာ သာလွန်ကြသည်။
မှန်သည် ဤသည်က လက်ရှိအဆင့်သာရှိသေးသည်။ အနာဂတ်တွင် မည်သူက ပထမဖြစ်လိမ့်မည်ဟူသည်ကို ပြောရန် စောသေးသည်။ နောက်ဆုံးတွင်မူ တက္ကသိုလ်စဖွင့်ကာစဖြစ်၍ သွေးမျိုးစပ်ခြင်းက မစကြရသေးပေ။ ထို့ကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကိုသာ အခြေခံ၍ ဆုံးဖြတ်ကြရမည်ဖြစ်၏။
နောက်ပိုင်းတွင် သွေးမျိုးစပ်ခြင်းစတင်ကြသောအခါ ခွန်အားကွာဟမှုက သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်ဖြစ်၏။
"ကျနော့်အမြင်အရတော့ လီမော်ယွီနဲ့ မာရှိဝေတို့ တစ်ယောက်မှ လူသစ်ဘုရင်ဖြစ်လာမှာ မဟုတ်ပါဘူး"
လီမော်ယွီနှင့် မာရှိဝေအကြား မည်သူနိုင်လိမ့်မည်ကို ငြင်းနေကြသော အခြားသူများအကြားသို့ လျို့ချွမ်ဝူက ရုတ်တရက် ကြားဝင်လိုက်သည်။ ဤသည်ကို ကြားသောအခါ အားလုံးက ခေါင်းလှည့်၍ သူ့ကိုကြည့်ကြသည်။
ကျောင်းခေါင်းဆောင်တစ်ယောက်ကပြော၏။
"ဒါဆို ဥက္ကဠလျို့ ဘယ်သူက ဘုရင်ဖြစ်မယ် ထင်လဲ"
“ သေချာတာပေါ့ ကျွန်တော့ သွေးသန့်လူသားအဖွဲ့က လင်းဇီချန်ပါပဲ”
ဤစကားကိုကြားသောအခါ လူတိုင်းက မရယ်ဘဲမနေနိုင်ကြတော့ပေ။ ဤအခြေင အနှန်တကယ်ပင် ရယ်စရာကောင်းလှသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမှ လင်းဇီချန်၏ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုဒေတာဖြင့် သူသည် ဤကျောင်းသားသစ်များကြားတွင် ထိပ်တန်းအယောက် ၁၀ စာရင်းတွင်ပင် မပါဝင်နိုင်ခဲ့ပေ။
ထိုသို့ဖြင့် သူက လူသစ်ဘုရင်ဖြစ်ရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
သူသည် ကောင်းကင်လူသားအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် မင်းက သူ၏ရိုက်ချက်ကြီးကြောင့် မင်းကိုယ်တိုင် ချီးမွမ်းသီဆိုနေသလား။
“သူက ကောင်းကင်လူသားအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာလား”
အခြားသူများက စိတ်ထဲမှ လှောင်ပြောင်လိုက်ကြသည်။
မာကျန်းဟယ်က ရွဲ့စောင်း၍ တိုက်ရိုက်ပြောလိုက်သည်။
"ဥက္ကဠလျို့ရဲ့ အမြင်က တကယ့်ကို ထူးခြားတာပဲ။ ခင်ဗျားရဲ့ ပါရမီရှင်ကို မြင်နိုင်တဲ့အရည်အချင်းကြောင့် သွေးသန့်လူသားအဖွဲ့ကြီးက ဒီ့ထက်ပိုပြီး တိုးတက်လာတော့မှာပဲ”
“ဟ ဟ”
လျို့ချွမ်ဝူသည် အေးစက်စွာဖြင့် ရယ်သံနှစ်သသံကို ရည်ရွယ်ချက်ရှိရှိထုတ်၍ မာကျန်းဟယ်ကို လှမ်းကြည့်လိုက်သည်။
"ဥက္ကဠမာ ခင်ဗျားရဲ့ ရွဲ့စောင်းနေတဲ့စကားတွေကို သိမ်းထားပါဦး။ လင်းဇီချန်က ဒီနှစ်ရဲ့ လူသစ် ဘုရင်ဖြစ်လာမယ်လို့ ငါယုံတယ်။ မင်းမယုံရင် ငါတို့ လောင်းကြေးထပ်လို့ရတယ်။"
အခန်း (၁၄၇) တစ်နှစ်တာ အကောင်းဆုံး လူသစ် ၂
"မင်း ဘာလောင်းချင်လဲ"
“ဒီကိစ္စကို ရိုးရိုးရှင်းရှင်းနဲ့ ရက်ရက်စက်စက်လုပ်ရအောင်။ ကျောင်းအမှတ်တွေနဲ့ လောင်းကြတာပေါ့”
ကျောင်းအမှတ်များသည် ရှန်ဟိုင်းတက္ကသိုလ်ရှိ အများသုံးငွေကြေးဖြစ်သည်။ အမျိုးမျိုးသော အရင်းအမြစ်များကို လဲလှယ်ခြင်းအပြင် ငွေကြေးနှင့်တိုက်ရိုက်လဲလှယ်ရာတွင်လည်း ထိုအမှတ်များကို အသုံးပြုနိုင်သည်။ သင်ကြားရေးဝန်ထမ်းများ၏ လစာများကိုပင် ကျောင်းအမှတ်များဖြင့် ပေးဆောင်ကြသည်။
“ဥက္ကဌလျို ခင်ဗျား ဘယ်လောက်လောင်းချင်လဲ”
“အမှတ် တစ်ရာ”
လျို့ချွမ်ဝူသည် ကျောင်းအမှတ်တစ်ရာကို လောင်းမည်ဟု ပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ကျောင်းခေါင်းဆောင်များအားလုံး မျက်ခုံးပင့်လိုက်ကြသည်။ လျို့ချွမ်ဝူက အလောင်းအစားအကြောင်းပြောသောအခါ လူတိုင်းက သူ့ကို စကားနိုင်လုနေသည်ဟုသာ အစက ထင်ခဲ့ကြသည်။ မမျှော်လင့်ထားစွာဖြင့် သူက ထိုအလောင်းအစားကို အလေးအနက်ထားနေသည်ဖြစ်ရာ ကျောင်းအမှတ်တစ်မှတ်ကို ယွမ်တစ်သောင်းဖြင့် လဲလှယ်နိုင်သည်။ ကျောင်းအမှတ်တစ်ရာလောင်းကြေးထပ်ခြင်းသည် ယွမ်တစ်သန်းလောင်းကြေးထပ်ခြင်းနှင့် ညီမျှ၍ အလွန် ရက်စက်လွန်းသော လောင်းကြေးတစ်ခုဖြစ်သည်။ လျို့ချွမ်ဝူက လှည့်စားရန် ကြိုးစားနေသည်ဟု သံသယရှိသောကြောင့် မာကျန်းဟယ်၏ မျက်လုံးများအနည်းငယ်ပြူးသွားသည်။
ဥပမာအားဖြင့်… နာမည်ကြီးပြိုင်ပွဲဝင်များကို အရှုံးပေးရန် လာဘ်ထိုးထားခြင်း။
သို့သော် မာရှိဝေက သူ့သမီးဖြစ်သူက လျို့ချွမ်ဝူကို မည်ကဲ့သို့ လာဘ်ထိုးနိုင်လိမ့်မည်နည်း။ လီမော်ယွီသည် မြို့တော်လီမိသားစု၏ အသက်အကြီးဆုံးသခင်လေးဖြစ်သဖြင့် ငွေနည်းနေသော လူမျိုးမဟုတ်သောကြောင့် လာဘ်ထိုး၍ ရနိုင်မည်မဟုတ်ပေ။
‘ဒါဆို လျို့ချွမ်ဝူက ဘာကြံစည်နေတာလဲ’
မာကျန်းဟယ်က လုံးလုံးလျားလျား အံ့သြသွားရသကဲ့သို့ အခြားကျောင်းခေါင်းဆောင်များလည်း အံ့သြသွားကြသည်။
"ဘာလို့ တိတ်ဆိတ်နေတာလဲ။ ခင်ဗျား အခု ကြက်သေသေနေတာလား”
ရန်သူက မတုံ့ပြန်သည်ကို မြင်သောအခါ လျို့ချွမ်ဝူက လှောင်ရယ်၍ ပြောလိုက်သည်။
“ဟာသပဲ”
“ကျောင်းအမှတ်တစ်ရာလောက်က ကျုပ်အခြေခံလစာလောက်ပဲရှိတာကို ဘာတွေကြောက်နေရမှာလဲ”
“ကျုပ်မဟုတ်ဘဲ ခင်ဗျားပဲ။ ခင်ဗျားလို မွဲနေတဲ့လူမျိုးက ရှုံးတာနဲ့ အကြွေးဆပ်လို့ရမှာမဟုတ်ဘူး”
မာကျန်းဟယ်က ထိုအချက်ကို ကြိုမြင်၍ လျို့ချွမ်ဝူ၏ လောင်းကြေးကို လက်ခံလိုက်သည်။ ပုံမှန်အားဖြင့် ခွေးတစ်ကောင်ကဲ့သို့ တည်ငြိမ်သော်လည်း လျို့ချွမ်ဝူရှေ့တွင် အလွယ်တကူ တည်ငြိမ်မှုပျောက်ဆုံးသွားရသည်။
“စိတ်မပူပါနဲ့ လူတွေအများကြီးကြည့်နေတယ်လေ။ နောက်ဆုတ်ချင်ရင်တောင် ကျုပ်နောက်ဆုတ်လို့မရတော့ဘူး” လျို့ချွမ်ဝူက ပြုံး၍ ပြောလိုက်သည်။
သူပြုံးနေသည်ကို မြင်သောအခါ မာကျန်းဟယ်က ပို၍ပင် သံသယဖြစ်သွားသည်။
‘ဒီအဘိုးကြီးက ငါနဲ့ လောင်းရဲဖို့ ဒီကမ္ဘာပေါ်က ဘယ်အရာက ယုံကြည်ချက်တွေပေးနေတာလဲ’
‘လင်းဇီချန်က … တကယ်ပဲ ဘုရင်သစ်ဖြစ်လာနိုင်လား’
‘ဒါပေမယ့်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
မာကျန်းဟယ်အကြောင်းက ထိုအကြောင်းကို ပိုတွေးလေလေ လျို့ချွမ်ဝူက မည်သို့ကြံစည်နေခြင်းဖြစ်ကြောင်း မသိနိုင်လေလေဖြစ်နေ၏။ အဆုံးသတ်တွင် သူသည် နောက်မည်သို့ဖြစ်လာမည်ကို သိရန် ကျောင်းအောက်ထပ်၌ ကျောင်းသားသစ်များပြိုင်ပွဲစတင်သည့်အချိန်ကို ထိုင်စောင့်ရန်သာတတ်နိုင်တော့၏။
"ကျောင်းအမှတ်တစ်ရာ လောင်းကြေး”
“ငါနဲ့ လောင်းချင်တဲ့လူတွေရှိလား”
“ဥက္ကဌကျိုး ခင်ဗျားလောင်းမလား”
“ဥက္ကဌကျိုးရော ဘယ်လိုလဲ”
“ဒါရိုက်တာဟယ် ခင်ဗျား ဖဲရိုက်ရတာ ကြိုက်တယ်လို့ မြင်ဖူးတယ်။ လောင်းမလား”
မာကျန်းဟယ်နှင့် လောင်းကြေးထပ်ပြီးနောက် လျို့ချွမ်ဝူသည် ဤကျောင်းသားသစ်ပြိုင်ပွဲမှ အကျိုးအမြတ်ကြီးကြီးမားမားရရှိရန် ရည်ရွယ်ကာ အခြားကျောင်းခေါင်းဆောင်များဆီသို့ ချဥ်းကပ်ခဲ့သည်။
အခြားကျောင်းခေါင်းဆောင်များကလည်း ဤအရာက အလွန်ထူးခြားနေသည်ဟု ခံစားရသည့်တိုင် လျို့ချွမ်ဝူ အနိုင်ရနိုင်သည်ကို မည်ကဲ့သို့ ကြည့်နေနိုင်ကြလိမ့်မည်နည်း။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် လျို့ချွမ်ဝူနှင့် လောင်းကြေးထပ်ခဲ့ကြသည်။
“ကျောင်းအုပ်ယွမ် ခင်ဗျားပါဦးမလား”
လျို့ချွမ်ဝူက ယွမ်သုန်ကျီကို ကြည့်လိုက်သည်။
“အင်း လောင်းကြတာပေါ့”
“ကျောင်းအမှတ်တစ်ရာကို လောင်းကြေးထပ်တာက ကျောင်းအုပ်ကြီးယွမ်ရဲ့ အဆင့်အတန်းနဲ့ မညီပါဘူး။ ကျောင်းအမှတ်တစ်ထောင်ဆိုရင်ရော ဘယ်လိုလဲ”
လျို့ချွမ်ဝူက သူ၏ ကြွယ်ဝချမ်းသာသော ဇနီးဟောင်း မည်မျှ ချမ်းသာသည်ကို သိ၍ ယနေ့တွင် သူမ၏ ဥစ္စာများကို အပြုတ်ဖြုတ်ရန် ရည်ရွယ်ထားသည်။
ယွမ်သုန်ကျီက မျက်လုံးများကို ကျဥ်း၍ ကြည့်လိုက်၏။
“ဥက္ကဌလျို ရှင့်မှာ လောင်းဖို့ အဲ့လောက် ကျောင်းအမှတ်အများကြီးရှိလို့လား”
“ကျုပ်မှာ လုံလောက်တဲ့အမှတ်မရှိရင် အဲ့တာကို ကာမိဖို့ ပိုက်ဆံသုံးမယ်”
ဤသည်ကို ကြားသောအခါ ယွမ်သုန်ကျီက သူ၏ ကျောက်ကပ်တည်ရှိရာကို လေးလေးနက်နက်ကြည့်၍ ပြောလိုက်၏။
“ရှင်က ဒီလောက်တောင် လောင်းချင်နေမှတော့ ရှင်ပြောသလိုပဲ ကျွန်မတို့ အမှတ်တစ်ထောင်ကြေး လောင်းကြတာပေါ့”
လူတိုင်းက သူနှင့် လောင်းကြေးထပ်လိုက်ကြသည်ကို မြင်လိုက်ရပြီးနောက် လျို့ချွမ်ဝူက ပြုံးရုံသာ ပြုံးလိုက်သော်လည်း အတွင်းတွင်မူ အလွန်အမင်း ပျော်ရွှင်လျက်ရှိသည်။
‘ကျောင်းအမှတ် တစ်ရာ လောင်းကြေး ကိုးခု။’
‘ကျောင်းအမှတ် တစ်ထောင် လောင်းကြေး တစ်ခု။’
အားလုံးပေါင်းလိုက်လျှင် ကျောင်းအမှတ် တစ်ထောင့်ကိုးရာ။
ဤသည်ကား ယွမ် ၁၉ သန်းပင်ဖြစ်သည်။
‘ဟားဟား ကံတော့ကောင်းတော့မှာပဲ’
လျို့ ချွမ်ဝူက တိတ်တဆိတ် ဝမ်းသာနေချိန်တွင် စက်မူအကယ်ဒမီမှ ဌာနမှူးက မာကျန်းဟယ်ကိုကြည့်ကာ ရွှင်မြူးစွာပြုံး၍ နောက်ပြောင်လိုက်သည်။
“ဥက္ကဌမာ နန်းကျန်းက လင်းဇီချန်က အရင်က မင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က ကျောင်းသားသစ်ဆိုပေမယ့် ဥက္ကဌလျိုက လုတာခံလိုက်ရတယ်။ မနာကျင်ဘူးလား”
“နာကျင်တယ်ဟုတ်လား”
“သူက ပြည်နယ်ရဲ့အမှတ်အများဆုံးကျောင်းသားတစ်ယောက်သာသာပါပဲ။ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ သူ့လိုလူတွေအများကြီးရှိတယ်။ သူတစ်ယောက်တည်းကိုမရှိလို့ ဘာမှမဖြစ်သွားဘူး”
စက်မှူအကယ်ဒမီဌာနမှူးက ပြုံးရုံသာပြုံး၍ မည်သည့်စကားမျှ မပြောခဲ့ပေ။ မာကျန်းဟယ်သည် ကောင်းကင်လူသားအဖွဲ့အစည်းမှ အကြီးတန်းကျောင်းသားသုံးယောက်ကို ခိုးယူခဲ့ကြောင်း သူကြားခဲ့ရသည်။ မာကျန်းဟယ်က သူ့ကို ဂရုမစိုက်ဟုပြောနေသော်လည်း ရင်ထဲမှ အတန်ငယ် စိတ်မကောင်းဖြစ်နေသည်မှာ ထင်ရှားသည်။ ထိုသို့တွေး၍ စက်မှုအကယ်ဒမီ ဌာနမှူးက တစ်ဖက်မှ ယွမ်သုန်ကျီကို ကြည့်၍ပြောလိုက်သည်။
“ကျောင်းအုပ်ယွမ် ဘယ်သူက လူသစ်ဘုရင်ဖြစ်လာမယ်လို့ ထင်လဲ”
ယွမ်သုန်ကျီက ရှန်ချင်းဟန်ကိုကြည့်၍ ပေါ့ပါးစွာပြောလိုက်သည်။
“ဘယ်သူက လူသစ်ဘုရင်ဖြစ်လာမလဲဆိုတာ မသိပေမယ့် သုံးနှစ်အတွင်းမှာ ကျွန်မတပည့်ရှန်ချင်းဟန်က ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားဖြစ်လာလိမ့်မယ်ဆိုတာ သေချာသိပါတယ်”
“တပည့် ရှန်ချင်းဟန်” ဟူသော စကားလုံးကို ကြားသည်နှင့် ယွမ်သုန်ကျီက နန်းကျန်းပြည်နယ်ရှိ အမှတ်အများဆုံးကျောင်းသားကို ၎င်း၏ တပည့်အဖြစ် သိမ်းသွင်းခဲ့ကြောင်း အားလုံးက သိလိုက်ကြသည်။
စက်မှု အကယ်ဒမီ ဌာနမှူးသာမက အခြားကျောင်းခေါင်းဆောင်များလည်း အံ့အားသင့်သွားရသည်။ သို့သော် ၎င်းတို့ပို၍ အံ့သြရခြင်းမှာ ယွမ်သုန်ကျီက သူ၏ တပည့်သည် သုံးနှစ်အတွင်း ရှန်ဟိုင်းတက္ကသိုလ် ထိပ်တန်းကျောင်းသားဖြစ်လာနိုင်ကြောင်း သေချာနေသည့်ပုံကြောင့်ဖြစ်သည်။
မြင့်မားသော သွေးမျိုးစပ်နိုင်စွမ်း ၁၆ ရာခိုင်နှုန်းကြောင့်လော။
သို့သော် ပြဿနာမှာ ရှန်ချင်းဟန်၌ သွေးမျိုးစပ်နိုင်စွမ်း ၁၆ ရာခိုင်နှုန်းမျှသာရှိနေခြင်းမဟုတ်ပေ။ မြို့တော်၌ အမှတ်အများဆုံးရသူ လီမော်ယွီတွင်လည်း ၁၆ရာခိုင်နှုန်းရှိရာ ရုပ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုအချက်အလတ်သည်လည်း ရှန်ချင်းဟန်၏ အမှတ်များကို ကျော်လွန်နေသည်မှာ အသေအချောပင်ဖြစ်သည်။
ဤမျှ ကြီးမားသော ရုပ်ပိုင်းဆိုင်ရာ အကဲဖြတ်မှု ဒေတာကွာဟချက်အရ ရှန်ချင်းဟန်၏ ပျော့ညံ့သော ခန္ဓာကိုယ်ဖြင့် ရှန်ဟိုင်းတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားဖြစ်လာရန် သူမ မည်သည်ကို အသုံးပြုလိမ့်မည်နည်း။
လူတိုင်းက ဤအကြောင်းကို များများတွေးလေ ပို၍ ပဟေဠိဖြစ်လာလေလေဖြစ်လျက်ရှိသည်။ အဆုံးတွင် လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီ နှစ်ယောက်လုံး၌ တူညီသောအတွေးများရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဦးစွာဖြင့် သူက ကောင်းကင်လူသားအဖွဲ့အစည်းမှ အဖွဲ့ဝင်အသစ်အပေါ် အခြေအမြစ်မရှိသော ယုံကြည်ချက်ရှိကာ သူမသည်လည်း အသစ်ရရှိလာသော တပည့်အပေါ်၌ ယုံကြည်မှုအပြည့်အဝရှိလျက်ရှိသည်။
၎င်းတို့နှစ်ဦး အိမ်ထောင်တစ်ခု ထူထောင်ဖူးခဲ့သည်မှာ အံ့သြနေစရာမဟုတ်တော့ပေ။ ၎င်းတို့၏ အတွေးအမြင်များ အယူအဆများသည် အချို့သော ကဏ္ဍများ၌ သိသိသာသာ ဆင်တူသည်။