အပိုင်း ၁၄၈-၁၅၀
Vol. 10 Ch. 148-150
အခန်း(၁၄၈) တစ်နှစ်တာ အကောင်းဆုံး လူသစ် ၃
တစ်ချိန်တည်း၌ပင် အောက်ထပ်၌ ကျောင်းသားသစ်များအားလုံးသည် အစမ်းစမ်းသပ်ပွဲ၏ စည်းမျဥ်းစည်းကမ်းများကို စိတ်အားထက်သန်စွာ ဆွေးနွေးလျက်ရှိကြသည်။
ရှေ့တွင် ကြီးမားသော သိုင်းစင်မြင့်တစ်ခုရှိသည်။ သိုင်းပညာစင်မြင့်တွင် တစ်မိနစ်ထက်ပို၍ တစ်ယောက်တည်း ပထမဆုံးရပ်တည်နိုင်သူသည် ယခုနှစ်၏ လူသစ်ဘုရင်ဖြစ်လာမည်ဖြစ်ကာ အမှတ် တစ်ရာ ရရှိမည်ဖြစ်သည်။ ဒုတိယအောင်နိုင်သူသည် အမှတ် ကိုးဆယ်ရမည်ဖြစ်သည်။ ဤသို့ဖြင့် ဆယ်ယောက်မြောက်ရသူက အမှတ် တစ်ဆယ်ဆုချီးမြှင့်ခံရမည်ဖြစ်သည်။
သာမန်အခြေအနေအရ အထူးတန်းမှ ကျောင်းသားသစ်များ၏ ခွန်အားသည် ပုံမှန်အတန်းများမှ ကျောင်းသားသစ်များထက် များစွာ သာလွန်နေသောကြောင့် ဤပွဲတွင် ထိပ်တန်းဆယ်နေရာကို အထူးတန်းမှ ကျောင်းသားသစ်များက ရသွားမည်မှာ အသေအချာပင်ဖြစ်သည်။
ကွာဟချက်က အလွန် ကြီးမားလွန်းသောကြောင့် စက်နတ်ဘုရားအဖွဲ့အစည်းမှ ပံ့ပိုးပေးသော စက်နတ်ဘုရားအတန်းသည်ပင် အထူးတန်းနှင့် ယှဥ်နိုင်မည်မဟုတ်ပေ။ သွေးမျိုးစပ်နိုင်စွမ်းရှိသော မည်သူက စက်ပိုင်းဆိုင်ရာ ပြုပြင်မှုများကို ရွေးချယ်လိမ့်မည်နည်း။
ဤအယူအဆ၏ လွှမ်းမိုးမှုအောက်တွင် ထိပ်တန်းပါရမီရှင်များသည် အထူးတန်းတွင်သာ ပါဝင်ကြ၍ စက်နတ်ဘုရားတန်းသို့ မဝင်ကြပေ။
ထို့ကြောင့် အထူးတန်းနှင့် ပုံမှန်အတန်းများကြားရှိ ကြီးမားသော ခွန်အားကွာဟချက်ကြောင့် လာမည့်ကျောင်းမိတ်ဆက်ပွဲတွင် ထိပ်တန်းဆယ်နေရာကို အထူးတန်းကျောင်းသားများက သေချာပေါက် လွှမ်းမိုးသွားမည်ဖြစ်သည်။ ယခုမူ အခြေခံအဆင့်ဆုများအပြင် ပုံမှန်အတန်းမှအတွက် အထူးဆုများလည်းရှိသေးသည်။ အကယ်၍ ပုံမှန်အတန်းသားတစ်ဦးက ၎င်းထိပ်တန်းဆယ်ဦးစာရင်းတွင်ပါဝင်ပါက ပုံမှန်အတန်းတက်မည့်သူအားလုံးကို အမှတ်တစ်မှတ်စီ ချီးမြှင့်မည်ဖြစ်သည်။
ဤစည်းမျဥ်းက မည်သည်ကို ဆိုလိုသနည်း။
ရှန်ဟိုင်းတက္ကသိုလ် ခေါင်းဆောင်မှုပုံစံသည် ပုံမှန်အတန်းသစ်လူငယ်များစုစည်း၍ အထူးတန်းကျောင်းသားများကို အနိုင်ယူသည်ကိုမြင်နိုင်ရန်ဖြစ်သည်။ အထူးတန်းသည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ရှိ ပါရမီရှင်များတက်ရောက်သောအတန်းကို ရည်ညွှန်းသည်ဖြစ်ကာ ပုံမှန်တန်းဟူသည် အထူးတန်းများမှလွဲ၍ အခြား အတန်းများအားလုံးကို ရည်ညွှန်း၏။
စက်နတ်ဘုရားအတန်းသည်လည်း ၎င်း၏ လွှမ်းမိုးနိုင်စွမ်းကြီးသော နာမည်ရှိသော်လည်း ပုံမှန်အတန်းဟုပင်ယူဆခြင်းခံထားရ၏။ ထို့ကြောင့် ပုံမှန်အတန်းနှင့် အထူးတန်းကျောင်းသားများ၏ လက်ရှိအချိုးမှာ …
၂၉၅၉ ယောက်နှင့် အယောက် ၅၀
ဤသည်ကား အဆခြောက်ဆယ်နီးပါး ကွာဟသော ပမာဏဖြစ်သည်။
ပုံမှန်အတန်းသစ်ကျောင်းသားများသည် စွမ်းရည်ပြည့်ဝသော အတန်းသစ်ကျောင်းသားများကို တိုက်ဖျက်ရန် များပြားလှသော အရေအတွက်နည်းဗျူဟာကို အပြည့်အဝအသုံးပြုနိုင်သည်။ ၎င်းတို့၏ များပြားလှသော အရေအတွက် အားသာချက်ကို အသုံးချခြင်းဖြင့် ပုံမှန်အတန်းကျောင်းသားများသည်လည်း အထူးတန်းကျောင်းသားများကို သက်လုံကျဆင်းစေကာ ထိပ်တန်းဆယ်ယောက်စာရင်းသို့ ဝင်နိုင်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ပုံမှန်အတန်းမှ ကျောင်းသားများအားလုံးက အမှတ်တစ်မှတ်စီရရှိမည်ဖြစ်သည်။ ပုံမှန်အတန်းမှ ကျောင်းသားသစ်များက ၎င်းကို သဘောပေါက်ကြနှင့်ပြီးဖြစ်သည်။
ထို့ကြောင့် ပိုမို တက်ကြွသော အတန်းသစ်မှ ကျောင်းသားအချို့သည် အထူးတန်းကျောင်းသားသစ်များကို အုပ်စုဖွဲ့၍တိုက်ခိုက်ရန် အစီအစဥ်များချမှတ်ခဲ့ကြသည်။
“အားလုံး အသံတိတ်ပေးကြပါ”
ရုတ်တရက် စင်မြင့်ထက်မှ မိုက်ခရိုဖုန်းဖြင့်ပြောလိုက်သော အသံတစ်ခု ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။ ဤအသံကို ကြားလိုက်ပြီးနောက် အားကစားခန်းမထဲမှ လူများအားလုံးက စင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။ ထို့နောက်တွင် ကြွက်သားများတောင့်ခိုင်သော လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ကြရကာ မျက်လုံးအားလုံးက သူ့ဆီသို့ စူးစိုက်နေသည်ကို မြင်လိုက်ရသောအခါ ထိုလူငယ်က ကျယ်လောင်စွာ ပြောလိုက်သည်။
“ကျွန်တော့် နာမည်က ဟယ့်ယွီပါ ဆင့်ကဲပြောင်းလဲခြင်း အတန်း ၆ ကပါ”
“ဒါက ကျွန်တော့်ရဲ့ အတန်းဖော် လင်းဇီချန်ပါ။ သူက နန်ကျန်းပြည်နယ်ရဲ့ ကောလိပ်ဝင်ခွင့်မှာ ဒုတိယရခဲ့တဲ့လူဆိုတာ လူတိုင်းသိကြမှာပါ။ သူ့ကိုယ်ခန္ဓာစစ်ဆေးချက် ရလဒ်တွေက နန်ကျန်းပြည်နယ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်တယ်ဆိုတာ အားလုံးသိကြပြီး ကောင်းကင်လူသားအဖွဲ့ထဲဝင်ခဲ့တဲ့ လူတစ်ယောက်ဆိုတာ သိကြမှာပါ။ သူက သိုင်းပညာကောလိပ်ရဲ့ လူသစ်တစ်ယောက်ပါ”
“ဆိုလိုတာက.. သူ့အစွမ်းက ပုံမှန်အတန်းကျောင်းသားတွေကြားမှာ အပြင်းထန်ဆုံးပါပဲ”
"ပြိုင်ပွဲစတာနဲ့တစ်ပြိုင်နက် ကျွန်တ်ောတို့အားလုံးက အထူးတန်းကို တိုက်ခိုက်ပြီး သူတို့ စွမ်းအားတွေကုန်အောင်လုပ်ကြပြီး နောက်ဆုံး လင်းဇီချန် ထိပ်တန်းဆယ်ယောက်ထဲရောက်အောင် ကူညီပေးဖို့ အကြံပေးချင်ပါတယ်”
“ဒီနည်းနဲ့ဆို ပုံမှန်အတန်းက ကျွန်တော်တို့အားလုံး ယွမ်တစ်သောင်းနဲ့ညီတဲ့ အမှတ်တွေရကြလိမ့်မယ်”
ဟယ့်ယွီသည် နောက်ဆုံးစကားသို့ရောက်သောအခါ မိုက်ခရိုဖုန်း၏အကူအညီဖြင့် ခန်းမတစ်ခုလုံးသို့ သူ၏ အသံကို ပဲ့တင်ထပ်သွားစေသည်အထိ ပြောနိုင်ခဲ့သည်။
မကြာခင်၌ပင် ပုံမှန်အတန်းမှ ကျောင်းသားအများအပြားက သူ့စကားကို တုံ့ပြန်၍ တစ်ယောက်ပြီးတစ်ယောက် အော်လိုက်ကြသည်။
“စင်ပေါ်မှာရှိတဲ့ ဒီလူပြေတာ မှန်တယ်။ ငါတို့အားလုံး ပေါင်းပြီး အထူးတန်းကို တိုက်ရင်း သူတို့ အင်အားကုန်သွားအောင်လုပ်ရအောင်။ အဲ့လိုဆို လင်းဇီချန်ကို ထိပ်တန်းဆယ်ယောက်ထဲဝင်အောင် ကူညီပေးလို့ရတယ်”
“စက်နတ်ဘုရားအတန်း ၂ ကျောင်းသားအားလုံးက လင်းဇီချန်ကို ထိပ်တန်းဆယ်ရောက်စာရင်းထဲဝင်အောင် အစွမ်းကုန် ကူညီပေးပါမယ်”
“ဆင့်ကဲပြောင်းလဲခြင်းအတန်းက ကျောင်းသားအားလုံး လင်းဇီချန် ထိပ်တန်းဆယ်ယောက်ထဲဝင်လို့ရအောင် လမ်းရှင်းပေးကြပါ”
“စက်နတ်ဘုရားအတန်း ၃က ကျောင်းသားတွေအားလုံးလည်း အတူတူပါပဲ”
“လင်းဇီချန်ဘယ်မှာလဲ။ စင်ပေါ်တက်ပြီး လူတိုင်းကို စကားနည်းနည်းလောက်ပြောပေးပါ”
“ကြည့်စမ်း သူရှိနေတယ်။ လင်းဇီချန်က အထူးတန်းရဲ့ နောက်မှာ ထိုင်နေတယ်”
လူတစ်ယောက်က လင်းဇီချန်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာအော်ဟစ်၍ သူ့ကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။ ဤသည်ကို ကြားသောအခါ လူအုပ်ကြီးက လင်းဇီချန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လင်းဇီချန်၏ ဘေးတွင်ထိုင်နေသော ရှန်ချင်းဟန်သည် မျက်လုံးများစွာ၏ အာရုံစူးစိုက်မှုကြောင့် ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားရကာ ရုတ်တရက် ဆီးသွားရန် လိုအပ်လာသည်ကို ခံစားလိုက်ရသည်။
လေထုက ဤအခြေအနေသို့ရောက်လာသည်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်ကထိုင်ခုံမှထကာ စင်မြင့်ဆီသို့ လျှောက်သွား၍ မိုက်ခရိုဖုန်းကို ယူရန်သာတတ်နိုင်တော့သည်။
“မင်းတို့ရဲ့ အားပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့ကို စိတ်မပျက်စေဘဲ ထိပ်တန်းဆယ်ယောက်ဖြစ်အောင် သေချာပေါက်လုပ်မှာပါ”
“အိုး…”
“လင်းဇီချန်က အရမ်းမိုက်တာပဲ”
“မဖြစ်နိုင်ပါဘူး။ ထိပ်တန်းဆယ်ယောက်ထဲရောက်မှာသေချာတယ်”
ဤအခိုက်အတန့်တွင် ပုံမှန်အတန်းမှ ကျောင်းသားများက အခြားကျောင်းသားများထက် ပို၍ ကျယ်လောင်စွာအော်နေကြသည်။ ဤကဲ့သို့ အားပေးသံများကို နားထောင်လျက် အထူးတန်းကျောင်းသားများက ပြုံးလိုက်သည်။
‘အုပ်စုလိုက်ဟုတ်လား’
‘ငါတို့ကို သက်လုံကျအောင်လုပ်မယ်ပေါ့’
‘လင်းဇီချန်ကို ထိပ်တန်းဆယ်ယောက်စာရင်းထဲဝင်ရအောင်လုပ်မယ်ပေါ့’
‘ဟားဟား အိပ်မက်မက်နေကြတယ်’
ပုရွက်ဆိတ်များက ပုရွက်ဆိတ်များသာဖြစ်သည်။ မည်မျှပင်များပြားနေစေကာမူ ဆင်တစ်ကောင်၏ ခုခံမှုကို ချိုးဖျက်၍ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
အခန်း(၁၄၉) ပုရွက်ဆိတ်များ၏ မီးပွား
"အဲ့ကောင်လေးရဲ့ နာမည်က ကောင်းကျစ်ရုန်၊ ငါတို့ အထက်တန်းကျောင်းတုန်းက အတန်းအတူတူပဲ၊ အခု သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံတတိယအဆင့်မှာရှိလိမ့်မယ်”
“မြင်းမြှီးဆံပင်နှစ်ဖက်စီးထားတဲ့ ကောင်မလေးက ငါ့အမေရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သမီးပဲ။ သူ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံဒုတိယအဆင့်ပဲရှိသေးတယ်။ အထူးတန်းမှာ တိုက်ခိုက်ရေးထဲ အညံ့ဆုံးဖြစ်လောက်တယ်”
“ဆင့်ကဲပြောင်းလဲခြင်းအတန်း ၈ရဲ့ ရဲဘော်တို့ ကောင်းကျစ်ရုန်ကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းတို့ တာဝန်ယူလိုက်ပါ။ ပြဿနာရှိလား”
"ကိစ္စမရှိပါဘူး၊ သူ့ကို ချေမှုန်းနိုင်မယ်လို့ အာမခံတယ်”
“ဆံပင်နှစ်ဖက်စီးထားတဲ့ကောင်မလေးကို ငါ့ဆီအပ်လိုက်ပါ။ ငါသူ့ကို တစ်ယောက်တည်းအနိုင်ယူနိုင်တယ်”
အထူးတန်းမှ ကျောင်းသားများကို စုပေါင်းတိုက်ခိုက်ရန်ဆုံးဖြတ်ပြီးနောက် ပုံမှန်အတန်းမှ ကျောင်းသားများက ၎င်းတို့၏ တာဝန်များကို စတင်၍ ယူလာကြသည်။
လူတိုင်းက ကိုယ့်တာဝန်ကိုယ်စီဖြင့် အတူတူလှုပ်ရှားခဲ့ကြရာ
အထူးတန်းမှ ကျောင်းသားအသစ်များကို သိရှိသူများသည် ဝင်ခွင့်စာမေးပွဲများတွင် အထူးတန်းမှမှ မည်သို့မည်ပုံ လုပ်ဆောင်ခဲ့ပုံနှင့် ၎င်းတို့၏ အားသာချက်များကို ဆွေးနွေးကြ၍ တစ်ဖက်၏ အချက်အလက်များကို တက်ကြွစွာ ဖော်ထုတ်ကြမည်ဖြစ်သည်။ ခေါင်းဆောင်မှု အရည်အချင်း ရှိသူ များသည် အဖွဲ့သားများကို စတင် အမိန့်ပေးကာ အထူးတန်းမှ အချို့သော ပုဂ္ဂိုလ်များကို ပစ်မှတ်ထားရန် ဗျူဟာများချပေးသည်။
လင်းဇီချန်သည် သူ့ရှေ့က မြင်ကွင်းကို စောင့်ကြည့်၍သူ့အနားရှိ ရှန်ချင်းဟန်ကို ပြောလိုက်သည်။
"ဒီလိုပုံစံမျိုးက ဂိမ်းတစ်ခုမှာ ဆရာကြီးတစ်ယောက်ကို အနိုင်ယူဖို့ ကစားသမားတွေ ပေါင်းစည်းထားတဲ့ပုံပဲ။ ငါတို့က သာမန်အတန်းက ကျောင်းသားတွေ၊ နင်တို့က အထူးတန်းက ပါရမီရှင်ကျောင်းသားတွေပဲ”
ရှန်ချင်းဟန်က သူ့နားနားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"အခု အထူးတန်းက ဆရာကြီးကို တိုက်ထို့ ပုံမှန်အတန်းရဲ့ကျောင်းသားတွေ ပေါင်းနေကြပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒီက ငါ့ရဲ့ ဆရာကြီးကို တိုက်ဖို့ အထူးတန်းကျောင်းသားတွေ ပေါင်းရင် ပေါင်းရမှာပေါ့”
ဤသည်ကို ပြော၍ ရှန်ချင်းဟန်က အနည်းငယ် စိတ်လှုပ်ရှားနေသည့်အလား ထင်ရသည်။ ရှန်ချင်းဟန်သည် မကြာမီ၌ လင်းဇီချန်က အထူးတန်းတစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူကာ သူ၏ စွမ်းအားများကို ထုတ်ဖော်ပြ၍ လူအုပ်တစ်ခုလုံးကို ထိတ်လန့်အံ့ဩစေသည့် မြင်ကွင်းမျိုး မြင်ရရန် မစောင့်နိုင်တော့ပေ။ ဤသည်ကိုတွေး၍ ရှန်ချင်းဟန်က ချက်ချင်းပင် ဆီးသွားချင်လာသည်။
“ရှောင်ချန် ငါသန့်စင်ခန်းသုံးလိုက်ဦးမယ် မြန်မြန်ပြန်လာခဲ့မယ်"
စကားပြောပြီးနောက် သူမ၏ ခြေထောက်များကို ညှပ်ကာ သန့်စင်ခန်းဆီသို့ ပြေးသွားလိုက်သည်။ သုံးမိနစ်မပြည့်မီ၌ပင် သူမ အမြန်ပြန်လာခဲ့ရာ လင်းဇီချန်အနားသို့ ရောက်ခါနီးတွင်
ပုံမှန်အတန်းထဲမှ ဆံထုံးထုံးထားသည့် မိန်းကလေးက သူမကို တားလိုက်သည်။
"နင်က အထူးတန်းထဲကပဲ။ နင်တို့ အထူးတန်းကျောင်းသားနေရာကိုပဲ ပြန်သွားစမ်းပါ။ ငါတို့ နေရာမှာ နင်လာနေလို့မရဘူး”
"ငါက ကြားနေလေ"
ရှန်ချင်းဟန်က ပျော့ညံ့စွာ ရှင်းပြသည်။
သူမသည် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်လာကာ အတော်အတန် ယုံကြည်မှုရှိလာသော်လည်း နှစ်ပေါင်းများစွာ သိမ်ငယ်မှုနှင့် သီးသန့်နေတတ်မှုများသည် ရန်လိုနေသော သူစိမ်းနှင့် ရင်ဆိုင်ရသောအခါ အလိုလို ရှက်ရွံ့သွားရသည်။
"နင် ကြားနေနေမနေနေ ဘယ်သူမှ ဂရုမစိုက်ဘူး။ အထူးတန်းက နင်င အခု ငါတို့အတွက် ရန်သူဖြစ်နေပြီ”
ဆံထုံးနှင့်မိန်းကလေးက ပြင်းပြင်းထန်ထန်ပြောလိုက်သည်။
ဤသည်ကို မြင်သော လင်းဇီချန်က ထိုနားသို့သွားကာ ရှန်ချင်းဟန်ကို ပြုံးပြ၍ ပြောလိုက်သည်။
"သူက ငါ့ငယ်သူငယ်ချင်းပါ၊ သူ့ကို ဝင်လာခိုင်းလိုက်ပါ။ ငါခဏလောက်စကားပြောချင်တယ်"
“အာ၊ အို၊ အိုကေ”
ချောမော၍ တည်ကြည်သော လင်းဇီချန်နှင့် ရင်ဆိုင်ရသောအခါတွင် ဆံထုံးနှင့် မိန်းကလေးက တုန်လှုပ်ခြောက်ခြားကာ စိတ်လှုပ်ရှားနေပုံဖြစ်သွားသည်။
လင်းဇီချန်၏ ရုပ်ရည်သည် သက်တူရွယ်တူ မိန်းကလေးများအတွက် သေရလောက်သည်အထိ ချောမောသည်ဖြစ်ရာ မိန်းကလေးအချို့ကသာ ခုခံနိုင်သည်။
ကောင်မလေးဘေးဖယ်လိုက်သည်ကို မြင်သော ရှန်ချင်းဟန်က လင်းဇီချန်၏နံဘေးသို့ အမြန်လျှောက်သွားလိုက်သည်။ လင်းဇီချန်က ရှန်ချင်းဟန်ကို ဘေးသို့ ခေါ်သွားကာ ပြော၏။
"နင် အထူးတန်းဘက်ကို ပြန်သွားသင့်တယ်လို့ ငါထင်တယ်၊ နင်က အထူးတန်းရဲ့ ကျောင်းသားအသစ်ပဲ၊ အထူးသဖြင့် ကျောင်းစစချင်းမှာ အတန်းဂုဏ်ရှိသင့်တယ်၊ မဟုတ်ရင် နင် ဝိုင်းပယ်တာခံရလောက်တယ်ဎ
"ဒါပေမယ့် ငါနင့်အနားမှာနေချင်တယ်..."
"ငါလည်း နေချင်တယ်ကွာ ဒါပေမယ့် တကယ်ကို အဆင်မပြေဘူးလေနော် ချင်းဟန်"
“ကောင်းပြီလေ…”
ရှန်ချင်းဟန်က တွန့်ဆုတ်နေသော်လည်း နာခံစွာ နားထောင်ရန် ရွေးချယ်ခဲ့သည်။
ဤသည်ကို တွေးပြီးသည့်နောက် လင်းဇီချန်၏ ပြောစကားက မှန်သည်ဟု တွေးမိသည်။ ကျောင်းစစချင်း၌တင် ဝိုင်းပယ်ခံရခြင်းမှ ရှောင်ကြဉ်ရန် အတန်းဂုဏ်ဆောင်နိုင်ခြင်းက အမှန်ပင် အရေးကြီးသည်။ ဤသည်ကို သဘောပေါက်နားလည်သဖြင့် ရှန်ချင်းဟန်က အထူးတန်းဘက်သို့ အမြန်ပြန်လာခဲ့သည်။
သူမ ပြန်လာသည်ှင့် ပုံမှန်အတန်းမှ ကျောင်းသားသစ် ၂၉၅၉ယောက်နှင့် အထူးတန်းမှ ကျောင်းသားအသစ် ၅၀ တို့သည် နေရာနှစ်ခုပြတ်ပြတ်သားသားခွဲကာ အလယ်ရှိသိုင်းစင်မြင့်၏ တစ်ဖက်တစ်ချက်၌ ရပ်နေကြသည်။
မကြာခင်၌ပင် အားကစားရုံ၏ ကြေညာသူက စတင်၍ အချိန်တွက်တော့သည်။
"ပြိုင်ပွဲကို ဆယ်စက္ကန့်အတွင်း စတင်ပါမယ်"
“၁၀”
“၉”
“၈”
“၇…”
စက္ကန့်တွက်သံကို နားထောင်လျက် ကျောင်းသားသစ်များအားလုံး တိတ်ဆိတ်သွားကြသည်။
သွေးခုန်နှုန်းများ နှလုံးခုန်သံတွေ မြန်လာသည်။ တင်းမာသော လေထုက ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ ပြည့်သွားသည်။
“၆”
“၅”
“၄…”
ပြိုင်ပွဲစတင်ရန် ရေတွက်ချက် နီးလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားနည်းသော ကျောင်းသားသစ်အများစုက ဒူးများတုန်ယင်လျက်ရှိကြသည်။ အထူးသဖြင့် အထူးတန်း၌ ကိုယ်ခန္ဓာအင်အားနည်း၍ သွေးမျိုးစပ်နိုင်စွမ်းသာမြင့်သော အထူးတန်းမှကျောင်းသားများပင်ဖြစ်သည်။
၎င်းတို့သည် အထူးတန်း၏ ကျောင်းသားသစ်များဖြစ်သော်ငြား ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဒုတိယအဆင့်၌သာရှိသေး၍ ပုံမှန်တန်းမှ ကျော်ငးသားများနှင့် ယှဥ်၍ရနိုင်သည်။
ယခုဆိုလျှင် ၎င်းတို့သည် အလားတူတိုက်ခိုက်ရေးအစွမ်းသတ္တိရှိသည့် သာမန် ကျောင်းသားသစ် ဒါဇင်များစွာခန့် သို့မဟုတ် ရာပေါင်းများစွာကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လီမော်ယွီနှင့် မာရှိဝေတို့သည် ၎င်းတို့၏ ရွယ်တူများထက် ကိုယ်ခန္ဓာကြံ့ခိုင်မှုများစွာကောင်းမွန်သော ပါရမီရှင်များဖြစ်ကြသဖြင့် ရန်သူအများအပြားကို အနိုင်ယူရန် စိတ်အားထက်သန်ကြသည်။
“၃”
“၂”
“၁”
“ပြိုင်ပွဲ တရားဝင်စတင်ပါပြီ”
နောက်ဆုံး အသံလွှင်ကြေညာချက်ပေါ်ထွက်လာသည့်အခိုက်အတန့်တွင် ပုံမှန်တန်း၏ ကျောင်းသားသစ်များအားလုံးက အထူးတန်းကျောင်းသားသစ်များဆီသို့ ရေလှိုင်းလုံးကြီးသဖွယ်ချီတက်လာကြသည်။
“လူတိုင်းချီတက်ကြ အထူးတန်းကို ချေမှုန်းပစ်”
“သွေးမျိုးဆက်စွမ်းအားအခြေခံတတိယအဆင့်ရောက်နေတဲ့ ကောင်းကျစ်ရုန် စင်ပေါ်ရောက်နေပြီ။ ဆင့်ကဲပြောင်းလဲခြင်းအတန်း ၆က အားလုံးပဲ သူ့ဆီတစ်ခါတည်း ချီတက်ကာ သူ့ကို ဆင်ပေါ်က ဆင်းရအောင်လုပ်ကြမယ်”
“စက်မှုအတန်း ၂ အတန်း ၃ နဲ့ အတန်း ၄က ရောင်းရင်းတို့ ငါတို့ ပစ်မှတ်က ကျောက်ချူးယင်ပဲ သူက မိန်းကလေးမို့လို့ လွယ်မယ်မထင်လိုက်နဲ့။ မင်းတို့ရှိသမျှ အစွမ်းကုန်ထုတ်သုံးပြီး တိုက်ကြ”
ချီတက်လာသော လူများစွာနှင့် တိုက်ပွဲခေါ်သံများကြားတွင် ပုံမှန်တန်း၏အရေအတွက်သာလွန်သော ကျောင်းသားသစ်များသည် အထူးတန်းကျောင်းသားများဆီသို့ အင်အားအပြည့်ဖြင့်ရောက်လာကြကာ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခဲ့ကြသည်။
အခန်း(၁၅၀) ပုရွက်ဆိတ်များ၏ မီးပွား ၂
အစပိုင်းတွင် မြင်ကွင်းက အလွန်အမင်း သပ်ရပ်လှသည်။ သို့သော် လူများလွန်းသောကြောင့် အထူးတန်း၏ ကျောင်းသားသစ်အများအပြားက စတင်၍ ရုန်းရင်းဆန်ခတ်ဖြစ်စွာ ရှောင်ရှားကြသည်။ ခဏတာအတွင်း၌ပင် အဖြစ်အပျက်တစ်ခုလုံးက ရှုပ်ထွေးကုန်သည်။
“ငါ့ကို မရိုက်နဲ့တော့ ငါ အရှုံးပေးတယ်၊ ငါအရှုံးပေးတယ်”
အထူးတန်း၏ အခြေခံအဆင့်ဒုတိယအဆင့်မှ မိန်းကလေးငယ်တစ်ယောက်သည် ပုံမှန်အတန်းမှ အမျိုးသမီးဆယ်ယောက်ကျော်၏ ဝိုင်းရံခြင်းခံထားရကာ မြေပြင်ပေါ်တွင် အရိုက်ခံရလျက် သက်ညှာပေးရန် တောင်းဆိုနေသည်။ ထိုဒါဇင်သို့မဟုတ် အလွန်များပြားသော ပုံမှန်တန်းမှ မိန်းကလေးများသည် အလွန်အမင်း ဂုဏ်ယူလျက်ရှိကြသည်။ ၎င်းတို့၏ ပစ်မှတ်က အရှုံးပေး အော်ဟစ်နေသည်ကို မြင်သောအခါ ချက်ချင်းပင်ရပ်၍ နောက်ဆုတ်လိုက်ကြသည်။
“မအေလိုးတွေ မင်းတို့လူတွေအများကြီးပေါင်းပြီး အနိုင်ကျင့်ဖို့ပဲသိတာ။ ဒါဘာအရည်အချင်းလဲ မင်တို့တွေ ငါနဲ့တစ်ယောက်ချင်းမတိုက်ရဲဘူးမလား”
ကောင်းကျစ်ရုန်ဟူသော သွေးမျိုးဆက် အခြေခံတတိယအဆင့်ရှိသော ပါရမီရှင်အတန်းမှ ကျောင်းသားသည် ဆင့်ကဲပြောင်းလဲခြင်း အခန်း ၆ တစ်တန်းလုံးက သိုင်းစင်မြင့်ထက်၌ချောင်ပိတ်တိုက်ခိုက်နေသည်ကို ခံစားရ၍ စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲလျက်ရှိသည်။
သို့သော် မည်သူကမျှ သူ့ကို တစ်ဦးချင်းတိုက်ရန် ဆန္ဒမရှိကြဘဲ အားလုံးက ဝိုင်းပေါင်း၍ ရိုက်နှက်ရန်သာ ရွေးချယ်ခဲ့ကြသည်။
"ရပ်လိုက်၊ မပြေးနဲ့။ မင်းတို့ကိုယ်မင်းတို့ အထူးတန်းရဲ့ ပါရမီရှင်တွေလို့ ခေါ်လား။ အပြေးသန်တဲ့ငကြောက်တွေမဟုတ်ဘူးလား”
ပျော့ညံ့သော ကိုယ်ခန္ဓာမျိုးရှိသည့် ရှန်ချင်းဟန်သည် မြောက်များစွာသော ကျောင်းသူသစ်များ၏ ဝိုင်တိုက်ခိုက်ခြင်းကို ခံရ၍ ပြေးလိုက်ခံနေရသည်။
သူမသည် အထူးတလည်လျင်မြန်မှုမရှိသော်လည်း သူမ၏ ချောမွေ့ဖျက်လတ်သော ခြေလှမ်းများကြောင့် ထို ပုံမှန်တန်းကျောင်းသူများထံမှ အကြိမ်တိုင်း ရှောင်တိမ်းနိုင်ခဲ့သည်။ တစ်ဖက်တွင်မူ လင်းဇီချန်သည် မူလအစကတည်းက စင်မြင့်ထက်သို့ တက်၍ စိန်ခေါ်ကာ ဘုရင်သစ်ဘွဲ့ထူးကိုခံယူလျက် ဆုကြေး အမှတ်တစ်ရာလိုချင်နေခြင်းဖြစ်သည်။ သို့သော် သာမန်အတန်းမှ ကျောင်းသားများက ယခုအချိန်၌ အလွန်အမင်း စိတ်အားထက်သန်နေသည်ကို မြင်တွေ့ရသောအခါ သူက ၎င်းတို့၏ ကြိုးစားအားထုတ်မှုကို အလဟဿမဖြစ်စေလိုသဖြင့် ၎င်းတို့ကို ဦးစွာတောက်ပစေရန် နေရာဖယ်ပေးထားသည်။
လင်းဇီချန်က ပျင်းရိစွာဖြင့် အားကစားရုံတစ်ဝိုက်က ပွဲကို ကြည့်နေသည်။ မကြာမီ၌ပင် သူ၏ အကြည့်များက ရှန်ချင်းဟန်၏ အပေါ်သို့ရောက်သွားသည်။ ရှန်ချင်းဟန်ကို လူတစ်စုက လိုက်ဖမ်း၍ ရိုက်နှက်ရန် ကြိုးစားနေခြင်းကို သူမြင်လိုက်ရသော်လည်း သူမကို ကယ်ရမည့်အစား တိတ်တဆိတ်စောင့်ကြည့်နေသည်။ ရှန်ချင်းဟန်သည် ဆင့်ကဲပြောင်းလဲမည့်ကျောင်းသူတစ်ဦးအနေဖြင့် ဤအရာများကို တွေ့ကြုံရခြင်းက ပုံမှန်ဟုသာမြင်ကာ ဝင်ရောက်စွက်ဖက်ခြင်းက သူမကို ကောင်းကြိုးထက် ဆိုးကြိုးကို ပိုများစေမည်ဖြစ်သည်။
“မဆိုးဘူးပဲ နှစ်တွေအကြာကြီးလေ့ကျင့်ထားတာ အချည်းအနှီးတော့မဖြစ်ဘူးပဲ”
ရှန်ချင်းဟန်ကို ဆယ်မိနစ်နီးပါးလိုက်ဖမ်းနေကြသည့် ပုံမှန်အတန်းမှ မိန်းကလေးများက မဖမ်းမိဘဲ လူအုပ်ကြားတွင် ငါးရှဥ့်ကဲ့သို့ လှည့်ပတ်ကာ မယုံကြည်နိုင်စဖွယ်ကောင်းလောက်သည့် ချောမွေ့သော လှုပ်ရှားမှုမျိုးပြုလုပ်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ့စကားအဆုံး သုံးစက္ကန့်အကြာတွင် ရှန်ချင်းဟန်ကို ဖမ်းမိသွားကြသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ခိုင်မာသော စိတ်ဓာတ်မရှိသောကြောင့် အဖမ်းခံရချိန်တွင် အရိုက်ခံရခြင်းမှ ရှောင်တိမ်းရန် လက်မြှောက်အရှုံးပေးရန် ရွေးချယ်ခဲ့သည်။
ရှန်ချင်းဟန်ဆီမှ အကြည့်ကို လွှဲလိုက်ပြီးနောက် လင်းဇီချန်သည် အားကစားရုံတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ တွေ့နေရသမျှမှာ အထူးတန်းမှ ကျောင်းသားများရိုက်နှက်ခံနေရသော မြင်ကွင်းများပင်ဖြစ်သည်။ ဤသို့ တစ်ဖက်သတ်အခြေအနေမျိုးဖြစ်လာရသည့်အကြောင်းအရင်းမှာ အထူးတန်းမှထိပ်တန်း ကျောင်းသားများက တစ်ချက်မျှပင်စ၍ မလှုပ်ရှားနိုင်လိုက်ကြသောကြောင့်ဖြစ်သည်။
လီမော်ယွီနှင့် မာရှိဝေတို့သည် အထူးတန်း၏ ထိပ်တန်းကျောင်းသား ၁၂ယောက်နှင့်အတူ ဒုတိယထပ်လျှောက်လမ်းမှနေ၍ အောက်ရှိ စစ်မြေပြင်ကို ငုံ့ကြည့်နေကြသည်။ ပြိုင်ပွဲမစမီတွင် ၎င်းတို့ ၁၂ယောက်က ဒုတိယထပ် လျှောက်လမ်းပေါ်သို့ ခုန်တက်၍ ကျောင်းခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင်၌ တစ်ထပ်တည်းနေရာယူထားသည်။
ဤလုပ်ရပ်သည် အခြားကျောင်းသားများနှင့် ကင်းကွာစေ၍ ကျောင်းခေါင်းဆောင်များနှင့် တူညီသော အဆင့်တွင်ရှိနေစေသည်။ လင်းဇီချန်က ဒုတိယထပ်လျှောက်လမ်းရှိ ထိပ်တန်းစွမ်းရည်ရှိသော လူ ၁၂ ယောက်ကတို တစ်ချက်ကြည့်လိုက်ကာ သူ၏ အန္တရာယ်သိနိုင်စွမ်းရည်ကို အသက်သွင်းကာ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်များကို တိုင်းတာလိုက်သည်။
အသန်မာဆုံးဟူသည့် လီမော်ယွီနှင့် မာရှိဝေတို့နှစ်ဦးစလုံးသည် အခြေခံပဥ္စမအဆင့်သို့ ရောက်နေပြီဖြစ်ကာ ကျန်ဆယ်ယောက်လုံးသည် အခြေခံဆဌမအဆင့်၌ရှိကြသည်။
လီမော်ယွီသည် စိတ်အားထက်သန်စွာဖြင့် လင်းဇီချန်က မိမိတို့ကို စောင့်ကြည့်နေကြောင်း သတိပြုမိသွားသည်။
“လင်းဇီချန် ငါတို့နဲ့လာပြီး တိုက်ပွဲကြည့်မလား”
လင်းဇီချန်က ပြုံး၍ ငြင်းလိုက်သည်။
“မလိုပါဘူး ငါ ဒီမှာပဲနေပါ့မယ်”
မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ ပုံမှန်တန်းမှ ကျောင်းသားသစ် သုံးထောင်နီးပါး၏ ချေမှုန်းမှုအောက်တွင် ဒုတိယထပ်လျှောက်လမ်းမှ ကျောင်းသား ၁၂ ယောက်မှလွဲ၍ ကျန်သော အထူးတန်းကျောင်းသားများအားလုံး ရှုံးနိမ့်သွားသည်။
အနိုင်ရသွားကြသော ပုံမှန်တန်းမှ ကျောင်းသားသစ်လေးများအားလုံးက ဒုတိယထပ်လျှောက်လမ်းမှ ကျောင်းသား ၁၂ ယောက်အောက်၌ စုဝေး၍ လှမ်းအော်လိုက်ကြသည်။
“ဆင်းလာခဲ့”
“ဆင်းပြီး လာသေကြစမ်း”
“မြန်မြန်လုပ်”
ပြီးပြည့်စုံစွာဖြင့် အနိုင်ယူနိုင်ခဲ့သော ပုံမှန်အတန်းမှ ကျောင်းသားသစ်များသည် ယခုအခါတွင် အထူးတန်းက ကြီးကျယ်ခမ်းနားသော အရာတစ်ခုမဟုတ်ကြောင်း ထင်မြင်လာကြသည်။ ၎င်းတို့သည် အပေါ်ထပ်ရှိ ပါရမီရှင်အတန်းမှ အသန်မာဆုံးကျောင်းသား၁၂ယောက်ကို အနိုင်ယူလိုစိတ်ပြင်းပျလျက်ရှိကြသည်။
“ဟား လူနည်းစုကို တိုက်ဖို့ အရေအတွက်ကို အားကိုးနေတဲ့ အားနည်းတဲ့ပုရွက်ဆိတ်ကောင်တွေ။ မင်းတို့ကောင်တွေက ပုရွက်ဆိတ်တွေဘယ်လောက်များများ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲဆိုတာ နားမလည်ဘူးလား။ မင်းတို့ဘယ်လောက်ပဲများနေပါစေ ဆင်ကိုကိုက်လို့မရဘူး”
ဒုတိယထပ်လျှောက်လမ်းတွင် အရပ်နှစ်မီတာရှည်သော ခန္ဓာကိုယ်တောင့်ခိုင်သော ကျောင်းသားတစ်ယောက်သည် အော်ဟစ်နေသော ပုံမှန်အတန်းမှ ကျောင်းသားများကို ငုံံကြည့်၍ ပြောလိုက်၏။ သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဒုတိယထပ်လျှောက်လမ်းမှ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။ သူ၏ အလေးချိန်ကို သာမန်သစ်သားကြမ်းပြင်က ခံနိုင်ရည်မရှိလှသဖြင့် ကြမ်းပြင်ထက်၌ ခြေရာကြီးများကျန်နေ၏။
“မင်းတို့အားလုံးက လူတွေအများကြီးနဲ့အနိုင်ကျင့်ရတာကို ကြိုက်ကြတယ်ပေါ့ဟုတ်လား”
“လာစမ်းပါ ငါဒီမှာရပ်နေမယ်။ မင်းတို့အားလုံးငါ့ကို ဝိုင်းပြီးတိုက်ကြ”
“မင်းတို့ရဲ့အားနည်းချက်ကို မင်းတို့ကိုယ်တိုင်နားလည်ရအောင်လုပ်ပေးမယ်”
ထွားကြိုင်းသော ကျောင်းသားက သူ့ရှေ့ရှိ ပုံမှန်တန်းမှ ကျောင်းသားများကို ယုံကြည်မှုအပြည့်ဖြင့်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်က တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားနေသည်ကို မြင်လိုက်ရသောအခါ စင်ရှေ့မှ သာမန်ကျောင်းသားများက အနည်းငယ်တုံ့ဆိုင်းစွာဖြင့် နောက်ဆုတ်ကုန်ကြသည်။ သို့သော် မကြာမီ၌ပင် လူအုပ်ထဲမှတစ်ယောက်က ၎င်းတို့၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ထအော်လိုက်သည်။
“ငါတို့က လူများတာပဲလေ ဘာကြောက်နေစရာလိုလို့လဲ။ အတူတူတိုက်ကြရင် လက်သီးတစ်ယောက်တစ်ချက်နဲ့ သူ့ကို အလဲသိပ်နိုင်မှာအသေအချာပဲ”
"မှန်တယ်၊ ငါတို့ကလူများတယ်။ သူ့ကို သတ်ကြရအောင်”
"တက်ကြ.. သူ့ကို တိုက်ကြ”
သာမာန်အတန်းမှ ကျောင်းသားများက ၎င်းတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ကာ စင်ပေါ်မှ ကျောင်းသားဆီသို့ ဝိုင်းအုံလာကြသည်။ ပုံမှန်အတန်းမှ ကျောင်းသားများ၏ ထိုးနှက်ချက်ကို ရင်ဆိုင်ရတော့မည်ဖြစ်သော်လည်း ထိုထွားကြိုင်းသော ကျောင်းသားက အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ သူက ခြေထောက်တစ်ဖက်ကို ရိုးရှင်းစွာမြှောက်၍ ကန်ကျောက်လိုက်ရာ ရှေ့တန်းမှလူအနည်းငယ် လွင့်ထွက်သွားသည်။
ကန်ချက်နှင့်တည့်တည့်ထိသွားသော ရှေ့တန်းမှ ကျောင်းသားတစ်ယောက်သည် အမြင့်သုံးမီတာကျော်အထိ ပျံတက်လွင့်ထွက်သွားရာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျ၍ နာကျင်မှုကြောင့် ပြန်မထနိုင်တော့ပေ။
“သွေးတွေ… သူသွေးတွေ ထွက်နေပြီ”
လူတစ်ယောက်သည် ကောင်လေး၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်ကို မြင်လိုက်ရပြီးနောက် အကုန်လုံး၏ မျက်နှာများထက်၌ ထိတ်လန့်ကြောက်ရွံ့မှုများပြည့်နှက်သွားသည်။
‘သွေးအန်တဲ့အကန်ခံလိုက်ရတာဆိုတော့… ဒါအတွင်းဒဏ်ရာမို့လို့ပဲ’
လျင်မြန်စွာဖြင့်ပင် အခင်းဖြစ်ပွားရာနေရာ၌ အမြဲအသင့်စောင့်နေကြသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက သွေးထွက်နေသည့် ကျောင်းသား၏ ဒဏ်ရာများကို ကုသပေးရန် ထမ်းစင်ယူလာကြသည်။ ထို့အပြင် ဤမြင်ကွင်းက ပုံမှန်အတန်းမှ ကျောင်းသားသစ်များစွာကို ကြောက်လန့်၍ နောက်သို့ပင် ပြန်ဆုတ်သွားစေခဲ့သည်။
ထိုထွားကြိုင်းသော ကျောင်းသားနှင့် အနီးကပ်မနေဝံ့ကြတော့ဘဲ နောက်သို့ဆုတ်ကုန်ကြရာ အကန်ခံရ၍ သွေးအန်ရမည်ကို ကြောက်လန့်နေကြသည်။ ဤအခိုက်အတန့်တွင် အခြေအနေက ချက်ချင်းပင် ခဏတာအတွင်းပြောင်းလဲသွားသည်။
အထူးတန်းမှ ကျောင်းသားများကို အနိုင်ယူရန် ၎င်းတို့၏ အရေအတွက်ကို အားကိုးနိုင်မည်ဟု မူလက ထင်ခဲ့ကြသော ပုံမှန်အတန်းမှ ကျောင်းသားသစ်များက အထူးတန်း၏ ထိပ်တန်းကျောင်းသားများ၏ ခွန်အားကို ပြင်းပြင်းထန်ထန်လျှော့တွက်ခဲ့ကြသည်။ ကွာဟချက်သည် အလွန်ကြီးမားလှသောကြောင့် အရေအတွက်များဖြင့် ဖြည့်စွက်၍ မရနိုင်ပေ။
“ငါတို့အားလုံးက အတန်းဖော်တွေပဲလေ။ မင်းဒီလောက်ထိ လုပ်မှရမှာလား”
ပုံမှန်အတန်းမှ ကျောင်းသားသစ်များသည် ကြံ့ခိုင်သော ကျောင်းသားကို မကျေမနပ်ကြည့်၍ အလွန်အကဲအင်အားသုံးနေသောကြောင့်ဝေဖန်ခဲ့သည်။
ထွားကြိုင်းသော ကျောင်းသားက ရယ်၍ ပြောလိုက်သည်။
“ပုရွက်ဆိတ်တွေက ခွန်အားသုံးပြီး ဆင်ကို ကိုက်ဖို့လုပ်ပေမယ့် အပေါက်တောင်မပေါက်သွားဘူး။ စိတ်ဆိုးနေတဲ့ဆင်က ပုရွက်ဆိတ်တွေကို တစ်ချက်နင်းပြီး ပုရွက်ဆိတ်တွေခြေထောက်ကျိုးသွားတော့မှ ဆင်ကို ရက်စက်တယ်လို့ ရှုံ့ချနေတာ… မရယ်ရဘူးလား”
ပုရွက်ဆိတ်ဟု ထပ်ခါထပ်ခါခေါ်ခံရသော ပုံမှန်အတန်းမှ ကျောင်းသားများအားလုံး ပို၍ ဒေါသထွက်လာကြသည်။
မှန်သည်။ ၎င်းတို့သည် ပုံမှန်အတန်းမှ ကျောင်းသားများဖြစ်သော်လည်း ရှန်ဟိုင်းတက္ကသိုလ်၌ ဝင်ခွင့်ရခဲ့ကြသည်။ ၎င်းတို့တစ်ဦးစီတိုင်းသည် တစ်ချိန်က အထက်တန်းကျောင်းများ၏ ဂုဏ်ဆောင်အဖြစ်သတ်မှတ်ခံခဲ့ရ၏။ ယခုမူ ၎င်းတို့က ဤကဲ့သို့ နှိမ်ချခြင်းကို ခံနေကြရ၏။
ဤသည်က အလွန်အမင်း သည်းမခံနိုင်ဖွယ်ရာကောင်းလှသည်။
သို့သော် … သည်းမခံနိုင်ဖွယ်ကောင်းလှသည့်တိုင် ၎င်းတို့ထဲမှ မည်သူကမျှ ရှေ့သို့ မတိုးဝံ့ကြပေ။
"လင်းဇီချန်၊ ဒီကောင်က မာန်တက်နေလွန်းတယ်။ ငါတို့ကို ပုရွက်ဆိတ်တွေလို့ ထပ်ခါထပ်ခါခေါ်ပြီး ပုံမှန်တန်းကျောင်းသားတွေကို စော်ကားနေတာ။ သွားပြီး ချေမှုန်းပစ်လိုက်စမ်းပါ”
ခဏအကြာတွင် ပုံမှန်အတန်းမှ ကျောင်းသားတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။ လင်းဇီချန်က ထို ကြံ့ခိုင်သော ကျောင်းသားကို အနိုင်ယူနိုင်သရွေ့ ၎င်းတို့ မနိုင်နိုင်လျှင်လည်း ကိစ္စမရှိပေ။
လင်းဇီချန်သည် နန်ကျန်းပြည်နယ်မှ အမြင့်ဆုံးသော သွေးမျိုးစပ်နိုင်စွမ်းရည်ရှိသည့် ဒုတိယထိပ်တန်းကျောင်းသားဖြစ်ကာ အထူးတန်းမှ ကျောင်းသားများကို အနိုင်ရနိုင်ချေရှိသည်။