အပိုင်း ၁၅၁-၁၅၃
Vol. 11 Ch. 151-153
အခန်း (၁၅၁) အထူးတန်း၏ ထိပ်တန်းပါရမီရှင်
သာမာန်အတန်းမှ ကျောင်းသားအသစ်များအားလုံး ဆက်လက်၍ ရုန်းကန်မနေကြတော့သည်ကို တွေ့လိုက်ရသဖြင့် လင်းဇီချန်သည် စကားတစ်ခွန်းမျှ ပြောမနေတော့ဘဲ လူတိုင်း၏အကြည့်အောက်တွင် သိုင်းစင်မြင့်သို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။ ဤသည်ကို မြင်သောအခါ သိုင်းစင်မြင့်ထက်၌ ရှိနေသော ကျောင်းသားသစ်များက နေရာဖယ်ပေးရန် ဘေးသို့ ရွှေ့လိုက်ကြသည်။ လင်းဇီချန်က စင်မြင့်ပေါ်သို့ တက်လာသည့်အချိန်၌ပင် စင်မြင့်ထက်ရှိ ကြီးမားသော ဖန်သားပြင်ပေါ်တွင် အချိန်မှတ်နာရီတစ်ခု ပေါ်လာသည်။
[၁ စက္ကန့်]
[၂ စက္ကန့် ]
[၃ စက္ကန့်]
[၄ စက္ကန့်…]
အချိန်မှတ်နာရီက တစ်မိနနစ်ပြည့်လျှင် လင်းဇီချန်သည် ယခုနှစ်၏ ကျောင်းသားသစ်များကြား၌ လူသစ်ဘုရင်ဖြစ်လာပေလိမ့်မည်ဖြစ်သည်။
“နန်ကျန်းမြို့က ထိပ်တိုင်း ရုပ်ခန္ဓာစမ်းသပ်သူဟုတ်လား”
“မင်းက ဒီနွေရာသီလေးမှာ ကိုယ့်နာမည်ကိုယ်ရအောင်လုပ်ထားတာပဲ။ ငါမင်းနဲ့ တစ်ပွဲတစ်လမ်းလောက်နွှဲချင်နေတာ ကြာပြီကွ”
“ကဲ မင်း ဘယ်လောက် တိုက်နိုင်လဲကြည့်ရအောင်”
ကြွက်သားတောင့်တင်းသောလူငယ်သည် စင်မြင့်ပေါ်ရှိ လင်းဇီချန်ကိုကြည့်ကာ လက်ကောက်ဝတ်များကို ချိုး၍ အကြောလျှော့လျက် တိုက်ခိုက်ရေးစိတ်အပြည့်ဖြစ်နေသည်။
ဤသို့ပြော၍ ချက်ချင်းပင် သူက အဝေးရှိ သိုင်းစင်မြင့်ထက်သို့ အရှိန်ပြင်းစွာ ပြေးလာသည်။ သိုင်းစင်မြင့်မှ မီတာနှစ်ဆယ်အကွာအဝေးတွင်ရှိနေခြင်းဖြစ်သော်လည်း သူ၏ ခြေသလုံးကြွက်သားများသို့ ရုတ်တရက် အားထည့်လိုက်သောအခါ လေထုအလယ်သို့ ခုန်ပျံကျော်လွှား၍ သိုင်းစင်မြင့်ထက်သို့ ချက်ချင်း တက်လာသည်။
ဤသည်ကို မြင်သောအခါ အခြားလူများအားလုံး အံ့သြသွားကြသည်။
‘မီတာနှစ်ဆယ်တောင် ကွာတယ်လေ’
‘အဲ့လို ထွားကျိုင်းတဲ့ ခန္ဓာကိုယ်မျိုးနဲ့ တကယ်ခုန်လိုက်တာလား’
‘အဲ့လိုလုပ်နိုင်ဖို့ဆို သူ့ခြေထောက် ကြွက်သားတွေက တော်တော်မာမယ်ထင်တယ်’
ဒုံး
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ယခုလေးတင် လေထုအလယ်သို့ ခုန်လိုက်သော တောင့်တင်းသည့် လူငယ်က နောက်ထပ်အခိုက်အတန့်တွင်ပင် သိုင်းစင်မြင့်ထက်သို့ ပြင်းထန်စွာ သက်ဆင်းသွားပြီဖြစ်သည်။ သူ သိုင်းစင်မြင့်သို့ ဆင်းသက်လာချိန်တွင် ဖန်သားပြင်ပေါ်ရှိ အချိန်မှတ်နာရီက သုညသို့ ပြန်လည်ရောက်ရှိသွားကာ ပျောက်ကွယ်သွားခဲ့သည်။
သိုင်းစင်မြင့်ပေါ်၌ လူတစ်ဦးတည်းရှိသောအခါမှသာ အချိန်မှတ်နာရီပေါ်လာ၍ စတင်ရေတွက်မည်ဖြစ်သည်။
“ကျုပ်က လုချီကျီဆိုတဲ့ ယွင်ထျန်ပြည်နယ်သမိုင်းမှာ စွမ်းအားအကြီးဆုံးအထက်တန်းကျောင်းသားပဲ”
“၅.၆၉ စက္ကန့်မှာ ၁၀၀ မီတာအမြန်ပြေးနိုင်ပြီး။ ၄.၅၂ မီတာ အမြင့်ခုန်နိုင်တယ်ကွ”
“အဲ့တာတွေအပြင် လက်တစ်ဖက်တည်းနဲ့ ၁၁၅၀ ကီလိုဂရမ်အလေးမနိုင်တယ်ဆိုရင် မင်းဘာပြောမလဲ”
ကြွက်သားတောင့်တင်းသော လူငယ်သည် သူ၏ အထက်တန်းကျောင်း စာမေးပွဲ ရလဒ်ကို ယုံကြည်မှုအပြည့်ဖြင့် ရောက်ရောက်ချင်းကြွားလိုက်သည်။ ဤရလဒ်များအကြောင်း ကြားလိုက်ကြရသော ကျောင်းသားသစ်များအားလုံး၏ ရင်တွင်း၌ တုန်လှုပ်သွားကြသည်။
‘လက်တစ်ဖက်တည်းနဲ့ ၁၁၅၀ ကီလိုဂရမ်အလေးကို မနိုင်တာလား’
ဤရုပ်ခန္ဓာစမ်းသပ်မှုရလဒ်များသည် အလွန်အမင်း မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ပို၍ အရေးကြီးသည်မှာ ဤသည်က သူ၏ အထက်တန်းစာမေးပွဲရလဒ်များသာဖြစ်သည်။ ယခု အထက်တန်းစာမေးပွဲများအပြီး နှစ်လကျော်အကြာတွင် ဤကြွက်သားများ မည်မျှထိ သန်မာလာခဲ့လိမ့်မည်နည်း။
“ဒီလို အင်အားကြီးတဲ့ ပြိုင်ဘက်ကို အရင်တိုက်ရမှာ လင်းဇီချန် နိုင်နိုင်ပါ့မလား”
“သူ နိုင်နိုင်ပါတယ်။ အဲ့ လုချီကျီက ခုန်တဲ့နေရာမှာပဲ အားကောင်းတာ အမြန်နှုန်းက ဘွဲ့ကြိုတွေရဲ့ ပျမ်းမျှအမှတ်ကိုတောင် မမှီဘူး။ သူ့မှာ အားနည်းချက်အကြီးကြီးရှိတယ်”
“မင်း ပြောတာကြားတော့လည်း ငါလည်း လင်းဇီချန် နိုင်နိုင်ခြေရှိတယ်လို့ ခံစားရတယ်”
“ငါလည်း လင်းဇီချန် နိုင်မယ်လို့ ထင်တယ်”
စင်မြင့်အောက်မှ ကျောင်းသားများအားလုံးက ရလဒ်ကို ကြိုတင်ခန့်မှန်းနေကြသည်။ အချို့က ကောင်းစွာ ခွဲခြိမ်းစိတ်ဖြာပြီးနောက် ၎င်းတို့အားလုံးက လင်းဇီချန်ကို မျက်နှာသာပေးကြသည်။ တစ်ချိန်တည်း၌ပင် ဒုတိယထပ်ရှိ စင်္ကြံ၌ လီမော်ယွီနှင့် အခြားကျောင်းသားခေါင်းဆောင်များကလည်း စင်မြင့်အောက်မှ ကျောင်းသားများနှင့် တူညီစွာတွေးမိကြ၍ လင်းဇီချန်၌ အနိုင်ရရန် အခွင့်အလမ်းများသည်ဟု ထင်ကြသည်။
လုချီကျီ၏ ခွန်အားသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။ သို့သော် ၎င်းက အလွန်အမင်း အင်အားကြီးနေခြင်းမဟုတ်ပေ။ သူ၏ အလျင်နှင့် အမြင့်ခုန်တို့သည် အလွန်အမင်း အဆင့်နိမ့်လှသည်ဖြစ်ရာ ဤသည်က လင်းဇီချန်နှင့် ယှဥ်လျှင် အရေးနိမ့်နေပေလိမ့်မည်ဖြစ်သည်။
“လင်းဇီချန် မင်းရဲ့ အထက်တန်းကျောင်း ကိုယ်ခန္ဓာစစ်ဆေးချက် ရလဒ်ကို မင်း ကြေညာရမှာမဟုတ်ဘူးလား”
လင်းဇီချန်က သူ၏ စမ်းသပ်ချက်မှရလဒ်များကို ထုတ်ဖော်ပြရန် ရည်ရွယ်ချက် မရှိသည်ကို မြင်လိုက်ရသဖြင့် လုချီကျီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
လင်းဇီချန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
“ကြေညာနေစရာမလိုပါဘူး။ မကြာခင်သ သိလာမှာပါ”
ဤသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းဇီချန်သည် လျှပ်တပြတ်ခြေလှမ်းကို သုံး၍ ရှေ့သို့ ပြေးကာ လုချီကျီ၏ ဝမ်းဗိုက်တည့်တည့်သို့ ကန်ချလိုက်သည်။
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ လုချီကျီသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ နောက်တစ်စက္ကန့်၌ပင် အလွန်မြန်သော အမြန်နှုန်းဖြင့် လေထုအလယ်သို့ လွင့်ထွက်သွားသည်။ ဆယ်မီတာဝန်းကျင်ခန့် လွင့်ထွက်သွားပြီးသည့် နောက်မှသာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြန်လည် ပြုတ်ကျ၍ နာကျင်စွာဖြင့် အော်ဟစ်လျက် ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။
ဤသို့အလွန်အမင်း ပြင်းထန်လှသော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။
‘ကန်ချက် တစ်ချက်တည်းနဲ့ လွင့်ထွက်သွားတာလား’
ဤမျှ တောင့်ခိုင်၍ ကြွက်သားများအပြည့်ရှိသော လုချီကျီသည် လင်းဇီချန်၏ ကန်ချက်တစ်ချက်တည်းဖြင့် စင်မြင့်ထက်မှ လွင့်ထွက်ခဲ့ရသလော။
‘ဒီလိုလုပ်နိုင်ဖို့ဆို ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ခွန်အားမျိုး ရှိနေလောက်လဲ’
လင်းဇီချန်၏ ခွန်အားက လုချီကျီထက် များစွာကြီးမားနေသည်မှာ သံသယဖြစ်နေရန်ပင်မလိုအပ်ပေ။
ယခုအချိန်တွင် ဒုတိယထပ်လျှောက်လမ်းရှိ ကျောင်းခေါင်းဆောင်များ လီမော်ယွီနှင့် တူညီသော အဆ့င်ရှိ အခြားသူများအားလုံးအပါအဝင် စင်မြင့်အောက်မှ ကျောင်းသားသစ်များလည်း အလွန်တုန်လှုပ်သွားကြသည်။ လင်းဇီချန်က အနိုင်ရလိမ့်မည်ဟု လူတိုင်းက ခန့်မှန်းခဲ့ကြသော်လည်း ဤမျှ လွယ်လင့်တကူ အနိုင်ရလိမ်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
၎င်းတို့သည် လုချီကျီနှင့် အချိန်အတန်ကြာ တိုက်ခိုက်ပြီးနောက်မှ အချိန်ကြာလာသည်နှင့်အမျှ သူ၏ သက်လုံကို ကျဆင်းစေကာ လုချီကျီ၏ ခံနိုင်ရည်အား တဖြည်းဖြည်း ဆုတ်ယုတ်သွားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ လင်းဇီချန်သည် မည်သည့် ပရိယာယ်မျှအသုံးပြုခြင်းမရှိဘဲ လုချီကျီကို ရိုးရှင်းစွာလှသော ကန်ချက်ဖြင့် စင်ပေါ်မှ ကန်ထုတ်ခဲ့သည်။
ဤသည်က ယခုနေရာ၌ ရှိနေသောလူများအားလုံး၏ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ မကြာခင်၌၌င် သွေးများရွှဲနစ်လျက် မြေပြင်ပေါ်တွင် လဲကျနေသော လုချီကျီကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက လာရောက် ခေါ်ဆောင်သွားကြသည်။ လုချီကျီ
ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို မြင်လိုက်ရသောအခါ အားလုံးက လင်းဇီချန်ကို ပို၍ပင် ကြောက်ရွံ့သွားကြသည်။
[၄၅စက္ကန့်]
[၄၆စက္ကန့်]
[၄၇စက္ကန့်]
[၄၈…]
လုချီကျီက စင်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အချိန်မှတ်နာရီက ဖန်သားပြင်ထက်၌ ထွက်ပေါ်လာပြန်သည်။ ယခုမူ ဤအချိန်မှတ်နာရီက တစ်မိနစ်သို့ ပြည့်တော့မည်ဖြစ်သည်။
၎င်းက ၄၈ စက္ကန့်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဒုတိယထပ်လျှောက်လမ်းပေါ်မှ ကြွက်သားတောင့်ခိုင်၍ ဆံပင်ရှည်သော လူငယ်တစ်ယောက်ဆင်းလာ၏။ သူဆင်းလာသည်နှင့်တစ်ပြိုင်နက် သူ၏ ရှည်လျားသော ဆံပင်များက လှပစွာ မျောလွင့်လျက်ရှိသည်။
“သာ့ကျန်းပြည်ရဲ့ ထိပ်တန်းပညာရှင် လော်ရုံကျန်း”
“အမြန်ပြေး မီတာတစ်ရာ … ဘမ်း”
သာ့ကျန်းပြည်မှ ထိပ်တန်း ကျွမ်းကျင်သူသည် သူ၏ အထက်တန်းကျောင်း ကိုယ်ခန္ဓာစစ်ဆေးမှုရလဒ်များကို ဂုဏ်ယူဝံ့ကြွားစွာ ကြွားဝါချိန်ပင်မရလိုက်ဘဲ လင်းဇီချန်၏ ကန်ထုတ်ခြင်းခံလိုက်ရသည်။
တစ်ချိန်တည်းပင် ဖန်သားပြင်ထက်မှ အချိန်မှတ်နာရီက ပြန်လည်လည်ပတ်လာသည်။
[တစ်စက္ကန့်]
[နှစ်စက္ကန့်]
[သုံးစက္ကန့်]
[လေးစက္ကန့်…]
အချိန်မှတ်နာရီက ပြန်လည် လည်ပတ်လာသည်နှင့် ကွင်းတစ်ခုလုံးရှိလူများအားလုံး ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။
"မိုက်လိုက်တာ လင်းဇီချန်က အရမ်းမိုက်တယ်"
"စိတ်လှုပ်ရှားစရာပဲ၊ မာနထောင်လွှားနေတဲ့ ပါရမီရှင်တွေကို အနိုင်ယူပစ်တာ မိုက်လိုက်တာ”
“ငါတို့ ပုံမှန်အတန်းမှာလဲ ပါရမီရှင်ရှိတယ်ကွ”
ထိုအချိန်တွင် ပုံမှန်အတန်းမှ ကျောင်းသားသစ်များက အလွန်အမင်း စိတ်လှုပ်ရှားရွှင်မြူးနေကြသည်။ လင်းဇီချန်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ဒုတိယရခဲ့ကာ အထူးတန်း၌ ပါဝင်ခွင့်ရခဲ့၍ အခြေခံအားဖြင့်သူသည် ပုံမှန်တန်း၏ ကျောင်းသားသစ်လေးများနှင့် အဆင့်ချင်းမတူသော်လည်း လင်းဇီချန်သည် ထိုအထူးတန်းကို မယူခဲ့သဖြင့် ပုံမှန်အတန်းသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် သူသည် ပုံမှန်အတန်း၏ ဂုဏ်ဆောင်တစ်ယောက်ဖြစ်လာသည်။ ပုံမှန်အတန်းမှ ကျောင်းသားသစ်များအားလုံးသည် သူ၏ အောင်ပွဲနှင့် သက်ဆိုင်နေပြီဖြစ်သဖြင့် သူ့ကြောင့်ရရှိလာမည့်ဂုဏ်ကျက်သရေကို အလွန် အလေးထားလျက်ရှိကြသည်။
ဒုတိယထပ် စင်္ကြံတွင် ကျောင်းခေါင်းဆောင်များ အားလုံး အံ့အားသင့်သွားကြသည်။
လင်းဇီချန်က သိုင်းစင်မြင့်၌ ပြသခဲ့သည့် အင်အားသည် အခြေခံအဆင့်၏ ပဥ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပြိုင်ဘက်ကင်း လီမော်ယွီနှင့် မာရှိဝေတို့နှင့်ပင် အဆင့်တူတွင်ရှိနေပြီဖြစ်သည်။
"လင်းဇီချန်က ဘာကောင်လဲ။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူ့ကိုယ်ခန္ဓာစမ်းသပ်ချက်အဆင့်က အခြေခံ ဆဌမအဆင့်ကိုတောင် မရောက်သေးဘူး။ နွေရာသီးအားလပ်ရက်လေးတစ်ခုတည်းနဲ့ ဘယ်လိုလုပ် အခြေခံ ပဥ္စမအဆင့်ကို ခုန်ပေါက်တက်နိုင်မှာလဲ”
"ဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူ့အရည်အချင်းတွေကို ဖုံးကွယ်ထားနိုင်ပါ့မလား"
"သူ့ရဲ့အစွမ်းအစတွေကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး သူ့အတွက် ဘာအကျိုးမှမရှိဘူး။ သူ့အစွမ်းအစကို အကြောင်းပြချက်မရှိဘဲ ဘာလို့ ဖုံးကွယ်ထားရတာလဲ"
ကျောင်းခေါင်းဆောင်များသည် လင်းဇီချန်အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးနေသည်ကို နားမလည်နိုင်ကြပေ။ ထိုအချိန်တွင် လျို့ချွမ်ဝူက ပြုံးလိုက်သည်။
“ဒါက သွေးသန့်လူသား လမ်းစဥ်ရဲ့ အံ့မခန်းစွမ်းအားပဲ။ မင်းတို့ ရှေးကျတဲ့ အတွေးတွေကို ဆက်ပြီး ဆုပ်ကိုင်ထားရင်ဘယ်တော့မှနားလည်မှာမဟုတ်ဘူး”
စက်မှုအကယ်ဒမီမှ ဌာနမှူးက မျက်ခုံးပင့်လိုက်သည်။
“လင်းဇီချန်ရဲ့ လက်ရှိခွန်အားက မင်းရဲ့ သွေးသန့်လူသားလမ်းစဥ်ကြောင့်လို့ ထင်နေတာလား”
“ဒါပေါ့ကွ”
လျို့ချွမ်ဝူက ပြုံးရယ်လိုက်သည်။
မာကျန်းဟယ်က စတင်ကန့်ကွက်၏။
“ကျောင်းအုပ်လျို့ ခင်ဗျားရဲ့ သွေးသန့်လူသားလမ်းစဥ်က အရမ်းကောင်းပါတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်ပြောမနေနဲ့”
“လင်းဇီချန်က ကောင်းကင်လူသားအဖွဲ့အစည်းမှာ နွေရာသီတစ်ခုစာပဲ ပါခဲ့တာ။ နွေရာသီတစ်ခုလောက်တည်းနဲ့ မင်းရဲ့ ကောင်းကင်လူသားလမ်းစဥ်က သူ့သွေးမျိုးဆက်စွမ်းအားအဆင့်ကို အခြေခံအဆင့်တတိယအဆင့်ကနေ နှစ်ဆင့်တောင် တိုးတက်ပြီး အခြေခံပဥ္စမအဆင့်ထိ တက်သွားတယ်လို့ ပြောနေတာလား”
“မင်းရဲ့ သွေးသန့်လူသားလမ်းစဥ်က တကယ့်ကို အထင်ကြီးစရာကောင်းနေရင် ကောင်းကင်လူသားအဖွဲ့အစည်းက လူသုံးယောက်ပဲကျန်ပြီး အခုအခြေအနေအထိ ဆိုးသွားပါ့မလား”
မာကျန်းဟယ်က ဆက်ပြော၏။
“ကျုပ်အမြင်အရ လင်းဇီချန်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူ့အစွမ်းသတ္တိကို ဖုံးထားခဲ့လိုပဲ။ ဒါက သွေးသန့်လူသား လမ်းစဥ်နဲ့ ဘာမှမဆိုင်ဘူး”
လျို့ချွမ်ဝူက နှာခေါင်းရှုတ်လိုက်သည်။
“အိုး ဒါ့ကြောင့် ငါ့ရဲ့ သွေးသန့်လူသားလမ်းကြောင်းကို သုတေသနမှာ အောင်မြင်အောင် လုပ်ခွင့်မပေးတာလား”
“ဘယ်လို အောင်မြင်မှုမျိုးတွေရနိုင်မှာမို့လို့လဲ။ တစ်ခုခုများရှိခဲ့ရင် ခင်ဗျားရဲ့ ပင်ကိုယ်စရိုက်နဲ့ မီဒီယာတွေ ဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် ချပြလိုက်ပြီးလောက်ပြီမလား”
ထို့နောက် မာကျန်းဟယ်က ဆက်ပြောသည်။
“ကျောင်းအုပ်လျို့ ခင်ဗျားရဲ့ ညံ့ဖျင်းတဲ့ သွေးသန့်လူသားလမ်းစဥ်က လွန်ခဲ့တဲ့ နှစ်တွေတုန်းက
မြို့တော် ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ဒုတိယဆုရှင် ဆုန်ယွီယန်ထက်တောင် အရည်အချင်းရှိတဲ့ လင်းဇီချန်ကို ဖျက်ဆီးပစ်လိုက်ရင် ခေတ်အဆက်ဆက် ပြစ်တင်ရှုံ့ချခံရဖို့ စောင့်နေလိုက်တော့”
ဤသို့ပြော၍ မာကျန်းဟယ်၏ စိတ်ထဲ၌ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘သေစမ်း လင်းဇီချန်က မယုံနိုင်စရာကောင်းလောက်အောင်ကို အံ့သြဖို့ကောင်းတယ်။ သူ့ကို
ခွေးအိုကြီး လျို့ချွမ်ဝူ ခေါ်ခွင့်ရသွားတာ နှမျောစရာပဲ”
‘လင်းဇီချန်ကသာ ဒီလောက် အံ့သြဖို့ ကောင်းတဲ့လူဖြစ်မယ်မှန်းသိခဲ့ရင် နွေရာသီအားလပ်ရက်တွေတုန်းက သွေးမျိုးစပ်လမ်းကြောင်းကိုလိုက်ဖို့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကို လာတက်ဖို့ ခေါ်လိုက်ရမှာ’
‘ချီးပဲ’
‘လျို့ချွမ်ဝူ မင်းက အကြိမ်တစ်သောင်းလောက် သေဖို့ ထိုက်တန်တယ်’
မာကျန်းဟယ်သည် ထိုအကြာင်းကိုတွေးလေလေ ပို၍ ဒေါသဖြစ်လေလေဖြစ်လျက်ရှိကာ လျို့ချွမ်ဝူကို ဆွဲချ၍ လွှတ်ပစ်လိုက်ချင်သောစိတ်များဖြင့် မျက်နှာက ပို၍ နီရဲလာသည်။
တူညီသော ဒုတိယထပ်လျှောက်လမ်း၏ မျက်နှာချင်းဆိုင် အခြားတစ်ဖက်တွင် လီမော်ယွီနှင့် မာရှိဝေ့တို့သည် အခြားသူများကဲ့သို့ ထိတ်လန့်တကြား ကြည့်နေကြသည်။ လင်းဇီချန်သည် ယွင်ထျန်ပြည်နယ်နှင့် သာ့ကျန်းပြည်နယ်တို့မှ သူရဲကောင်းများကို ချက်ခြင်းသတ်ပစ်ရန်ပင် လုံလောက်စွာ သန်မာလှနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
ဤသည်က အလွန်အမင်း အံ့သြဖွယ်ကောင်းလှ၏။
“လီမော်ယွီ၊ မာရှိဝေ မင်းတို့နှစ်ယောက် လင်းဇီချန်ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိကြလား”
ထိုက်ဟူပြည်နယ်မှ Mohawk ဆံပင်ကေရှိသော ဘွဲ့ကြိုကျောင်းသားသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တစ်ဖက်သို့ လှည့်လိုက်သည်။ ယွင်ထျန်ပြည်နယ်နှင့် သာ့ကျန်းပြည်နယ်တို့မှ သိုင်းသမားများက လင်းဇီချန်၏ ကန်ချက်တစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် ထိုက်ဟူပြည်နယ်မှ ကျောင်းသားတစ်ယောက်အနေဖြင့် လင်းဇီချန်ကို ရင်ဆိုင်လျှင် သူသည် လည်း ချက်ချင်း အသတ်ခံရလိမ့်မည်မှာ သေချာသည်။
အထူးတန်းတစ်တန်းလုံးတွင် လီမော်ယွီနှင့် မာရှိဝေတို့သာလျှင် လင်းဇီချန်ကို အနိုင်ယူရန် အခွင့်အရေးရှိကြပေလိမ့်မည်ဖြစ်သည်။ အခြားသော ထိပ်တန်းပါရမီရှင် ရှစ်ဦးက ထို Mohawk ဆံပင်ဖြင့် လူငယ်က ထိုမေးခွန်းမေးလာသည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လီမော်ယွီနှင့် မာရှိဝေတို့ ဘက်သို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်သည်။
၎င်းတို့ ခုနှစ်ယောက်သည်လည်း ထို Mohawk ဆံပင်ကေနှင့် လူငယ်ကဲ့သို့ပင် လင်းဇီချန်က ချက်ချင်းသတ်ပစ်ရန် ရည်မှန်းထားသည်ကို သိလိုက်ရသောအခါ ထိုပြိုင်ဘက်ကင်း စုံတွဲအပေါ်၌သာ ၎င်းတို့၏ မျှော်လင့်ချက်များကို တင်ထားနိုင်ကြတော့သည်။
“ငါ နိုင်ကို နိုင်လိမ့်မယ်”
သူ့ကို စိုက်ကြည့်နေသော အကြည့်များကို မြင်ရသောအခါ လီမော်ဘွီသည် ခဏပင် တွေးမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ သူ၏ စကားများက ယုံကြည်မှုအပြည့်ဖြစ်နေသည်။ လင်းဇီချန်က စီနီယာကျောင်းသားနှစ်ယောက်ကို ချက်ချင်းသတ်ပစ်လိုက်ရုံဖြင့် သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု မခံစားမိပေ။
လီမော်ယွီ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းက အနည်းငယ် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် လီမော်ယွီက ဤမျှထိ ယုံကြည်မှုအပြည့်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လီမော်ယွီ၏ အဖြေကို ကြားပြီးနောက် ကျန်ခုနှစ်ယောက်သည် မာရှိဝေဆီသို့ အာရုံစိုက်ကာ သူမ၏တုံ့ပြန်မှုကို စောင့်မျှော်နေကြသည်။ မာရှိဝေသည် သူမက လင်းဇီချန်ကို အနိုင်ယူနိုင်လိမ့်မည်ကို မခိုင်အမာမပြောနိုင်သေးသော်လည်း လီမော်ယွီ၏ ယုံကြည်မှုအပြည့်ဖြင့် ပြောစကားကို ကြားသောအခါ မာနအပြည့်ဖြင့် ‘နိုင်နိုင်တယ်’ ဟု ပြောလိုက်သည်။
ထိုစကားနှစ်လုံးဆုံးသွားသည်နှင့် တစ်ပြိုင်နက်ပင် အောက်ထပ်မှ ကျယ်လောင်သော အော်သံတစ်ခု ပေါ်ထွက်လာသည်။
“လီမော်ယွီ”
“မာရှိဝေ”
“စက်ခရင်ပေါ်က အချိန်မှတ်နာရီက တစ်မိနစ်နီးပါးရှိနေပါပြီ။ မြန်မြန်တက်ပြီး တစ်ယောက်ယောက်တက်ပါ”
“အခုမတက်ရင် ဘုရင်အသစ်နေရာက သာမန်အတန်းက ကျောင်းသားတွေလက်ထဲရောက်သွားတော့မှာ။ အဲ့ကျ အထူးတန်းက လုံးဝ မျက်နှာ ပျက်ရလိမ့်မယ်”
အထူးတန်းက ကျောင်းသားများက စတင် အော်ဟစ်နေကြသည်။ တစ်ယောက်တည်းက အော်ခြင်းမဟုတ်၊ လူများစွာက အတူတူ အော်နေကြခြင်းပင်ဖြစ်သည်။ အထူးတန်း၏ ကျောင်းသားများအနေဖြင့် ဘုရင်သစ်နေရာကို သာမန်အတန်းမှ ကျောင်းသွားများက ယူသွားမည်ကို ခွင့်မပြုနိုင်ကြပေ။
‘ဘုရင်သစ်နေရာက အထူးတန်းနဲ့ပဲ ထိုက်တန်တယ်’
သိုင်းစင်မြင့်ထက်မှ လင်းဇီချန်သည် အထူးတန်းမှ ကျောင်းသားသစ်များ၏ အော်သံကို ကြားနေရသည်။
သူသည် လီမော်ယွီနှင့် ဒုတိယထပ်လျှောက်လမ်းမှ အခြားသူများကို မော့ကြည့်၍ ပြောလိုက်သည်။
“အကုန်အတူတူလာခဲ့ကြစမ်း အချိန်ကုန်တယ်”
‘ဘယ်လောက်တောင် စိတ်ကြီးဝင်နေတာလဲ’
ဒုတိယထပ်လျှောက်လမ်းမှ လူတစ်ယောက်က ဒေါသသံဖြင့် တုံ့ပြန်လိုက်သည်။ နောက်ထပ်တစ်စက္ကန့်တွင် အသံပိုင်ရှင်သည် လျှောက်လမ်းမှ ခုန်ဆင်းလာကာ လင်းဇီချန်တည်ရှိရာ သိုင်းစင်မြင့်ထက်သို့ တက်လာသည်။
၎င်းသည် အနည်းငယ်ပိန်ပါးသွယ်လျသော လူတစ်ယောက်ဖြစ်ကာ ဦးခေါင်းထိပ်တွင် ခရမ်းရောင်သန်းနေသော အမွှေးပွပွ သားရဲ နားရွက်တစ်စုံရှိသည်။ မျက်လုံးများက မည်းမှောင်နေကာ ပြင်းထန်သော စွမ်းအားများထွက်ပေါ်လျက်ရှိသည်။
၎င်းသည်ကား ဆင့်ကဲပြောင်းလဲခြင်း ကောလိပ်မှ ကျောင်းအုပ်မာကျန်းဟယ်၏သမီးဖြစ်သူ မာရှိဝေဖြစ်သည်။
အခန်း(၁၅၂) လွှမ်းမိုးခြင်း
ဒုံး
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည်။
ကျောင်းသားသစ်များကြားရှိ တစ်ဦးတည်းသော သွေးမျိုးစပ်မာရှိဝေသည် ပရိသတ်များ၏ စောင့်ကြည့်မှုအောက်တွင် အံ့ဖွယ်ကောင်းစွာဖြင့် ဝင်ရောက်လာခဲ့သည်။ သူမသည် သွယ်လျ၍ လှပသော ခန္ဓာကိုယ်မျိုးရှိကာ ချစ်စဖွယ်ကောင်းသော တိရိစ္ဆာန်နားရွက်များက ထိုခန္ဓာကိုယ်ကို ပိုမိုပေါ်လွင်စေသည်။
သူမ၏ တိရိစ္ဆာန်နားရွက်များကြောင့် ယောက်ျားလေးများကြားတွင် အလွန်ရေပန်းစားကာ လူအများ၏ အိပ်မက်ထဲမှ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့သည်။
“ညီမဝေ အရမ်းမိုက်တာပဲ”
“ညီမဝေ လင်းဇီချန်ကို သတ်လိုက်ပါ သူ့ကို အထူးတန်းရဲ့ အဆင့်အတန်းကို ပြပေးပါ”
“ညီလေးချန် ပုံမှန်အတန်းက မင်းကို အားကိုးပါတယ်”
“လင်းဇီချန် သူက လှလို့ ညှာတာပေးမနေနဲ့နော် မင်းသူ့ကို အစွမ်းကုန်ကြိုးစားပြီး ချေမှုန်းပစ်ရမယ်”
“အစ်ကို ချန် မင်း အနိုင်ရကို ရရမယ်”
မာရှိဝေ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အထူးတန်းမှ လူငယ်များက သူမကိုစတင်၍ အားပေးခဲ့ကြသည်။ အထူးအတန်းမှ အားပေးသံများကို ကြားလိုက်ရသောအခါ ပုံမှန်တန်းမှ လူငယ်များက လင်းဇီချန်ကို မမောမပန်း အော်ဟစ်အားပေးလာကြသည်။ လူဦးရေများပြားမှုကြောင့် ပုံမှန်အတန်းသစ်မှ ကျောင်းသားများ၏ အားပေးသံများက လှိုင်းလုံးကြီးတစ်လုံးသဖွယ်ဖြင့် အထူးတန်းကျောင်းသားများ၏ အားပေးသံများကို ဖုံးလွှမ်းသွားသည်။
ပုံမှန်အတန်းမှ ကျောင်းသားများ၏ အော်သံကို ကြားလိုက်ရသောအခါ လင်းဇီချန်အတွက် လူတိုင်းက ထောက်ခံအားပေးပံ့ပိုးနေသည့်အလား ထင်ရသည်။
အထူးတန်းမှ ရှန်ချင်းဟန်သည်လည်း ထိန်းမနိုင်သိမ်းမရအော်ဟစ်လျက်ရှိသည်။
“ရှောင်ချန် လုပ်ပါ”
သူမ၏ အသံက ချိုမြိန်၍ နားဝင်ချိုလှသည်။ သို့သော်လည်း ဤအသံသည် အထူးတန်း၏ အခြားသော အသံများနှင့် အတော်အတန် ကွာခြားလျက်ရှိသဖြင့် လူများစွာသည် သူမ၏ အော်သံကို ကြားသောအခါ ခေါင်းလှည့်ကြည့်လိုက်မိကြသည်။
သူမ၏ အော်သံက မသင့်လျော်ကြောင်း သတိပြုမိသောအခါ သူမက ပါးစပ်ကို လက်ဖြင့်အုပ်၍ ခေါင်းငုံ့ကာ ဘေးဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်သည်။ သူမ၏ အနာဂတ်တွင် အပြုအမူ၊ အပြောအဆိုတို့ကို ပိုမိုသတိထားရမည်ဟုလည်း စိတ်ထဲမှ တွေးနေမိ၏။ သိုင်းစင်မြင့်ထက်တွင် လင်းဇီချန်နှင့် မာရှိဝေတို့သည် စင်မြင့်အောက်မှ ထွက်ပေါ်လာသော အော်ဟစ်သံများကို ဂရုမစိုက်ဘဲ အချင်းချင်း သတိကြီးစွာဖြင့် ကြည့်နေကြ၏။ ထိုအချိန်တွင် လင်းဇီချန်က ကျောင်းသားအသစ်များအားလုံးကြားရှိ တစ်ဦးတည်းသော သွေးမျိုးစပ်ကိုဂရုတစိုက် လေ့လာရန် အေးဆေးစွာ စောင့်ကြည့်နေသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် သွေးမျိုးစပ်များကို ငယ်စဥ်ကတည်းက ဖန်သားပြင်ပေါ်နှင့် စာအုပ်များတွင် မြင်ခဲ့ဖူးသည်။
သို့သော် ဤသည်က သွေးမျိုးစပ်တစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် သေချာမြင်ဖူးခြင်းဖြစ်သည်။ ယခင်က ကြွက်နတ်ဘုရားဂိုဏ်းမှ ကြွက်များနှင့်တွေ့ခဲ့စဥ်ကမူ တွေ့ကြုံသည့်အကြိမ်တိုင်းက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြားအခြေအနေတွင် ရှိခဲ့သဖြင့် သတိထား၍စောင့်ကြည့်ရန် အခွင့်အလမ်းမရှိပေ။
“ဝူးရှ်”
ရုတ်တရက်ဆိုသကဲ့သို့ပင် လေသံတစ်ချက်ထွက်ပေါ်လာသည်။
လင်းဇီချန်ကို စေ့စေ့ကြည့်နေသည့် မာရှိဝေသည် ချက်ချင်းဆိုသကဲ့သို့ပင် လျှပ်စီးတစ်စင်းကဲ့သို့ ထွက်လာရာ လူအများ၏ အမြင်များ ဝေဝါးသွားသည်။ တိုက်ပွဲမစမီ၌ပင် ၎င်းတို့၏ ကိုယ်ခန္ဓာစမ်းသပ်ချက်ရလဒ်များကို ထုတ်ကြွားလိုသော ယခင်တိုက်ခိုက်သူများနှင့်မတူပေ။
သူမသည် ရက်စက်ကြမ်းကြုတ်၍ စကား အများအစားပြောနေခြင်းမရှိဘဲ တိုက်ရိုက်တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။
‘ဒီလိုအရှိန်နဲ့…’
‘အဲ့တာ မဟူရာကြောင်နက်ရဲ့စွမ်းအား မြှင့်တင်မှုများလား’
လင်းဇီချန်က ယင်းကို သတိထားမိသည်နှင့် ချက်ချင်းဆိုသကဲ့သို့ပင် ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းကာ မာရှိဝေ၏ ကန်ချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
‘အဲ့လောက်လွယ်လွယ်နဲ့ရှောင်လိုက်တာလား’
ကန်ချက် လွဲချော်သွားသောကြောင့် မာရှိဝေက ထိတ်လန့်စွာဖြင့် မျက်နှာထက်တွင် သံသယအငွေ့အသက်များ ပေါ်လာသည်။ မဟူရာကြောင်နက်၏ မျိုးဗီဇဖြင့် ပေါင်းစပ်ထားသောကြောင့် သူမ၏ အမြန်နှုန်းသည် အခြေခံပဥ္စမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့ထိတိုင် လင်းဇီချန်သည် သူမ၏ ကန်ချက်ကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ ၎င်းတို့၏ အကြားမှခွန်အားကွာဟချက်က အလွန်အမင်းကြီးမားလွန်းလှသည်။ ထိုအတွေးဖြင့် မာရှိဝေသည် ချက်ချင်းဆိုသကဲ့သို့ပင် လင်းဇီချန်နှင့် ခပ်လှမ်းလှမ်းသို့သွားလိုက်သည်။ သူမသည် လက်ရှိတွင် လင်းဇီချန်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိကြောင်း ကောင်းစွာသိလိုက်ရပြီဖြစ်၍ ဆက်လက်တိုက်ခိုက်နေခြင်းက အဓိပ္ပါယ်မရှိပေ။
“အခု ရှင့်ကို ကျွန်မ ဆက်တိုက်ဖို့ အခွင့်အရေးမရှိတော့ဘူး”
“ကျွန်မခန္ဓာကိုယ်ထဲက မဟူရာကြောင်နက်ဗီဇကို အပြည့်အဝအသက်သွင်းဖို့ မိနစ်ဝက်လောက်အချိန်ပေးရင် ကျွန်မတို့ ပြိုင်နိုင်မှာပါ”
“ဒီအချိန်အတွင်း ကျွန်မကို တိုက်ခိုက်ရင် အဲ့တာက သိုင်းလောကရဲ့ဂုဏ်သိက္ခာကို ထည့်မတွက်တဲ့ အရှက်ကွဲစရာ အောင်နိုင်မှုပဲဖြစ်လိမ့်မယ်”
သူ့ကို ကိုယ်ကျင့်တရားဖြင့် ချုပ်နှောင်ထားပြီးနောက် မာရှိဝေသည် သိုင်းစင်မြင့်၏ ထောင့်စွန်းသို့ ဆုတ်ခွာ၍ မိမိခန္ဓာကိုယ်ထဲရှိ မဟူရာကြောင်နက်သွေးဗီဇကို အသက်သွင်းခဲ့ရာ ချက်ချင်းပင် ရုတ်တရက် ပိုမိုစွမ်းအားကြီးလာသည်။
များမကြာမီတွင် သူမ၏ ခန္ဓာကိုယ်ထဲရှိ မဟူရာကြောင်နက် အင်္ဂါရပ်များသည် မျက်စိဖြင့် မြင်နိုင်သည်အထိ ပို၍ ထင်ရှားလာသည်။ သူမ၏ တိရိစ္ဆာန်နားရွက်များက တဖြည်းဖြည်း ပိုကြီးလာ၍ ကြောင်နှုတ်ခမ်းမွှေးများသည်လည်း သူမ၏ ပါးစပ်တစ်ဝိုက်၌ ထွက်ပေါ်လာကာ မျက်လုံးများက တဖြည်းဖြည်းချင်း ပိုမို အရိုင်းဆန်လာသည်။ သူမ၏ အသွင်အပြင်သည် တိရိစ္ဆာန်နားရွက်ရှိသော ချစ်စဖွယ်မိန်းကလေးအဖြစ်မှ တောရိုင်းဆန်၍ ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ မဟူရာကြောင်နက်သွေးဗီဇက သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဆက်လက် အသက်ဝင်လာသည်။ မာရှိဝေထံမှ ထွက်လာသော သွေးစွမ်းအင်များသည် အခြေခံပဥ္စမအဆင့်သို့ တဖြည်းဖြည်းချင်းတိုးလာသည်။
“လင်းဇီချန် သူဆက်ပြီး စွမ်းအားထုတ်တာ စောင့်မနေနဲ့ အခုချက်ချင်းစတိုက်တော့”
ပုံမှန်အတန်းမှ ကျောင်းသားအချို့က စိတ်တိုလာသဖြင့် လင်းဇီချန်ဆီသို့ လှမ်းအော်ပြောလာကြသည်။
လင်းဇီချန်သည် အောက်မှအော်သံကို လျစ်လျူရှု၍ မဟူရာကြောင်နက်သွေးဗီဇကို အသက်သွင်းနေသည့် မာရှိဝေကို စောင့်ကြည့်လျက်ရှိသည်။ ၎င်းသည် မဟူရာကြောင်နက်ဗီဇ သွေးမျိုးစပ်များ၏ ဝိသေသလက္ခဏာများကို ထိုးထွင်းသိမြင်နိုင်မည့် ရှားပါးသော အခွင့်အလမ်းတစ်ခုဖြစ်သည်။
ဤသည်ကို မမြင်လိုက်ရခြင်းကသာ အရှုံးဖြစ်ပေလိမ့်မည်ဖြစ်သည်။ မာရှိဝေက ပို၍ သန်မာလာခြင်းနှင့် ပတ်သက်၍မူ… သူမ ပို၍ သန်မာလာလျှင်ပင် အချိန်တန်လျှင် တိုက်ပွဲမှ ထုတ်ပယ်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။
ဒုတိယထပ် စင်္ကြံတွင် သိုင်းစင်မြင့်ထက်မှ မာရှိဝေ၏ အပြောင်းအလဲကို မြင်တွေ့ရသည့် ကျောင်းခေါင်းဆောင်များအားလုံး အံ့အားသင့်သွားကြသည်။
"ကျောင်းအုပ်မာ ခင်ဗျားသမီးရဲ့ သွေးမျိုးစပ်စွမ်းအားက အတော်နက်ရှိုင်းတဲ့အဆင့်ကို ရောက်နေပြီပဲ။ သူ့ သွေးမျိုးစပ်အရည်အချင်းက အရမ်းမြင့်တယ်” တစ်ဦးက မှတ်ချက်ချသည်။
"ငါတို့မှန်းထားတာထက် ပိုပြီး ပါရမီပါတဲ့ ပါရမီရှင်တစ်ယောက်ပဲ" နောက်တစ်ယောက်က အော်ပြောသည်။
"သူက မြို့တော်က ထိပ်တန်းကျောင်းသားတစ်ယောက်ပဲလေ။ အရည်အချင်းအရဆိုရင် တခြားပြည်နယ်က ကျောင်းသားတွေထက် အများကြီးသာတယ်” အခြားတစ်ယောက်က ထပ်လောင်းပြောကြားသည်။
ကျောင်းခေါင်းဆောင်များစွာက သမီးဖြစ်သူကို ထိန်းကြောင်းပျိုးထောင်နိုင်စွမ်းနှင့်ပတ်သက်၍ မာကျန်းဟယ်ကို ချီးကျူးကြသည်။ မာကျန်းဟယ်ကမူ တုံ့ပြန်ခြင်းမရှိဘဲ မျက်ခုံးပင့်ပြရုံသာပင့်ပြလိုက်သည်။ သမီးဖြစ်သူ မာရှိဝေသည် မကြာသေးမီကမှ မဟူရာကြောင်နက်ဗီဇနှင့်ပေါင်းစပ်ခဲ့ရာ သူမ၏ ခန္ဓာကိုယ်သည် အပြည့်အဝ လိုက်လျောညီထွေ မဖြစ်သေးပေ။ မဟူရာကြောင်နက်ဗီဇကို အလွန်အကျွံ အသက်သွင်းခြင်းသည် သူမ၏ ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိ ပျက်ဆီးစေသည်။ မမျှော်လင့်ထားသောအရာများ မဖြစ်ခဲ့လျှင်ပင် ပြန်ကောင်းလာရန်အတွက် အိပ်ရာထဲ၌ လှဲနေရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။
မာကျန်းဟယ်က သက်ပြင်းချလိုက်သည်။
“ဒီကလေးက လုံးဝမပြောင်းလဲဘူး။ ငယ်ငယ်ကလိုပဲ ပြိုင်ဆိုင်ချင်စိတ်ပြင်းတုန်းပဲ”
ထိုအချိန်တွင် လျို့ချွမ်ဝူက ပြောလိုက်သည်။
“ကျောင်းအုပ်မာ မင်းသမီးက သူ့ခန္ဓာကိုယ်ကို အတင်းဖိအားပေးနေတယ်။ သူသာ ဘုရင်သစ်နေ၇ာကို ရရင် တန်ပေမယ့် မဟုတ်ရင်တော့ အများကြီး ဆုံးရှုံးရလိမ့်မယ်”
"ဟား၊ သူ့ခန္ဓာကိုယ်ကို ဖိအားပေးတာက မင်းရဲ့ သွေးသန့်လူသားလမ်းစဥ်ထက် အများကြီး ပိုကောင်းနေသေးတယ်။ အန္တရာယ်ကြုံလာရင် သူက အနည်းဆုံး စွမ်းအားကို ခဏလောက်မြှင့်ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သေးတယ်။ မင်းရဲ့အသုံးမကျတဲ့ သွေးသန့်လူသားလမ်းကလူတွေက လုပ်ချင်ရင်တောင် လုပ်လို့မရနိုင်ဘူး”
ဤသည်က အမှန်တရားပင်ဖြစ်သည်။ လျို့ချွမ်ဝူသည် ဤကိစ္စတွင် မိမိ၏ သွေးသန့်လူသားလမ်းစဥ်က အသာစီးမရှိသည်ကို သိသောကြောင့် နှုတ်ဆိတ်သွားသည်။
သိုင်းစင်မြင့်တွင် မာရှိဝေသည် သူမ၏ကိုယ်တွင်းမှ မဟူရာကြောင်နက်ဗီဇအားလုံးကို အသက်သွင်းခဲ့ရာ အခြေခံဆဌမအဆင့်သို့ ရောက်လုနီးပါး စွမ်းအင်များကို ထုတ်လွှတ်နိုင်ခဲ့သည်။
“လင်းဇီချန်၊ မင်းက မာနကြီးလွန်းတယ်” သူမက ပြော၏။
"ရှင် ကျွန်မ ခန္ဓာကိုယ်ထဲက မဟူရာကြောင်နက် သွေးဗီဇကို အသက်သွင်းတာကို ဒီတိုင်း ရပ်ကြည့်နေတာလား”
“အခု မင်း အရမ်း မာန်တက်နေတဲ့အတွက် တန်ရာတန်ကြေးကို ပြပေးမယ်”
မာရှိဝေသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေသော မျက်လုံးများဖြင့် လင်းဇီချန်ကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
သူမ၏ စကားသံအဆုံးတွင် အလွန်ပြင်းထန်သော လေတိုးဝှေ့သံတစ်ခု ထွက်ပေါ်လာသည်။ မာရှိဝေ၏ ခြေသလုံးကြွက်သားများက စွမ်းအားအပြည့်ဖြင့် စတင်လှုပ်ရှားလာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် သူမသည် လင်းဇီချန်၏ ခေါင်းဆီသို့ သူမ၏ ညာခြေထောက်ဖြင့် ကန်လိုက်သည်။ ဤပြင်းထန်သော ကန်ချက်ကို ရင်ဆိုင်နေရသော်လည်း လင်းဇီချန်၏ အမူအရာသည် ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နေကာ လွယ်ကူစွာဖြင့်ပင် အင်အားစိုက်ထုတ်ခြင်းမရှိဘဲ ဘေးသို့ရှောင်တိမ်းလိုက်သည်။
သူမ၏ ကန်ချက်က မထိသွားသည်ကို မယုံနိုင်ဖြစ်နေသော မာရှိဝေ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤထိတ်လန့်မှုကြောင့် သူမသည် လင်းဇီချန်ကို တိုက်ခိုက်ရာတွင် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသည်။
မာရှိဝေသည် လင်းဇီချန်ကို အရူးအမူးချေမှုန်းရာ၌ သူမသိသော လက်သီးသိုင်း ခြေထောက်သိုင်း အစရှိသော နည်းစနစ်များကို အသုံးပြု၍ သူမ၏ ခွန်အားနှင့် အမြန်နှုန်း အစရှိသမျှကို ထုတ်သုံးခဲ့သည်။
သို့ထိတိုင် ရလဒ်က အတူတူပင်ဖြစ်ရာ လင်းဇီချန်က သူမ၏ လှုပ်ရှားမှုအားလုံးကို ရှောင်တိမ်းလိုက်သည်။
စင်အောက်ရှိ ကျောင်းသားသစ်များနှင့် ဒုတိယထပ်မှ ကျောင်းခေါင်းဆောင်များအားလုံး ဤမြင်ကွင်းကြောင့် ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။
‘မာရှိဝေက အရမ်းသန်မာလာပေမယ့် လင်းဇီချန်ကို ထိအောင်မတိုက်နိုင်ဘူးလား’
‘လင်းဇီချန်က ဘာလဲ’
၎င်းတို့အနက် လျို့ချွမ်ဝူသည်လည်း အလွန်အမင်း အံ့သြသွားရသည်။ သူက လင်းဇီချန်သည် သူ၏ ခုခံအားကို သိသိသာသာတိုးမြင့်လာစေနိုင်သည့် အရေပြားသန်စင်ခြင်း လုပ်ငန်းစဥ်ကို ပြီးမြောက်အောင် လေ့ကျင့်နိုင်ခဲ့သောကြောင့် ဘုရင်သစ်နေရာကို အရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။ ဤသည်မှာ တိုက်ပွဲတွင် သူ၏ သန်မာသော ခုခံအားဖြင့် သူ၏ ပြိုင်ဘက်များကို သက်လုံကျဆင်းသွားစေရန် လုပ်ဆောင်နိုင်လိမ့်မည်ဟုဆိုလိုခြင်းဖြစ်သည်။
သို့သော် သူ၏ ပြိုင်ဘက်များက လင်းဇီချန်ကိုပင် တစ်ချက်မျှ မထိနိုင်ခဲ့ပေ။ ယခု လင်းဇီချန်၏ အမြန်နှုန်းက အလွန်အမင်းလျင်မြန်လှသည်ဖြစ်ရာ တစ်ချိန်တည်း၌ပင် ယွမ်သုန်ကျီသည်လည်း မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။ မူလက လင်းဇီချန်သည် သာမန် ပြည်နယ်ဒုတိယအဆင့်ကျောင်းသားတစ်ယောက်ဟုတွေး၍ ဂရုမစိုက်ခဲ့ပေ။
ယခုမူ လင်းဇီချန်၏ ခွန်အားသည်လည်း သာမန်ပြည်နယ်ဒုတိယအဆင့်တွင်ရှိနေခြင်းမဟုတ်ပေ။
‘သွေးသန့်လူစားလမ်းစဥ်ကရတဲ့ အကျိုးအမြတ်တွေများလား’
ဤသည်ကိုတွေး၍ ယွမ်သုန်ကျီက လျို့ချွမ်ဝူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လျို့ချွမ်ဝူနှင့်အခြားသူများလည်း အံ့အားသင့်သွားသည်ကို မြင်လိုက်ရသဖြင့် သူမက ပို၍ပင် မျက်မှောင်ကို တင်းတင်းကျုံ့လိုက်သည်။ ၎င်းသည် သွေးသန့်လူသား
၎င်းသည် သွေးသန့်လူသားလမ်းစဥ်ကြောင့် တိုးတက်လာခြင်းမဟုတ်ပေ။ ကောင်းကင်လူသားအဖွဲ့အစည်းတွင် ပါဝင်ခြင်းနှင့် လုံးလုံးလျားလျားမသက်ဆိုင်သော လင်းဇီချန်၏ ကိုယ်ပိုင်ခွန်အားဖြစ်သည်။ ထိုအချိန်တွင် ယွမ်သုန်ကျီသည် လျို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။
‘ရှန်ချင်းဟန်နဲ့ လင်းဇီချန်တို့ စုံတွဲက သံသယဖြစ်စရာပဲ’
အခန်း(၁၅၃) ပါရမီရှင်အစစ်အမှန်
သိုင်းစင်မြင့်ထက်တွင် မာရှိဝေက အင်အားအပြည့် မဆုတ်မနစ်ဖြင့်တိုက်ခိုက်နေသော်လည်း လင်းဇီချန်ကမူ သက်တောင့်သက်သာဖြင့် ရှောင်တိမ်းလျက်ရှိသည်။ သူမမည်သည့်သိုင်းကွက်မျိုးဖြင့် တိုက်ခိုက်စေကာမူ လင်းဇီချန်ကို မည်သို့မျှ အသာမရနိုင်ကြောင်းသိလိုက်ရသောအခါ မာရှိဝေ၏ စိတ်ခံစားချက်များ ရှုပ်ထွေးလာသည်။
လင်းဇီချန်ကို တိုက်ခိုက်ရန် သူမအသုံးပြုသည့် နည်းစနစ်များသည် အရေးကြီးသော နေရာများကို ချိန်ရွယ်ထားသော်လည်း လက်လှမ်းမမီနိုင်ဖြစ်နေသည်။ ဥပမာအားဖြင့် မျက်စိနှစ်လုံးသို့ ထိုးရန်ဖြစ်စေ ပေါင်ကြားသို့ တိုက်ခိုက်ရန်ဖြစ်စေ မည်သို့မျှ လမ်းလှမ်းမမီနိုင်ပေ။ ရာနှင့်ချီသော တိုက်ခိုက်မှုများကို ရှောင်လွှဲပြီးနောက်တွင် မဟူရာကြောင်နက်၏ ဆန်းကြယ်သားရဲဗီဇပါသော သွေးမျိုးစပ်၏ ဝိသေသလက္ခဏာများအကြောင်း လုံလောက်သောအချက်အလက်များကို စုဆောင်းမိပြီဟု ခံစားမိပြီးနောက် လင်းဇီချန်သည် မာရှိဝေနှင့် အချိန်မဖြုန်းတော့ဘဲ လက်ကိုမြှောက်ကာ သူမ၏ မျက်နှာကို ထိုးချလိုက်သည်။
ဘမ်း
ထိုအသံကား လက်သီးချက် ကျရောက်သွားသံဖြစ်သည်။
ရုတ်တရက် ထိမှန်ပြီးနောက် မာရှိဝေ၏ မျက်နှာတစ်ခုလုံး ပုံပျက်သွားသည်။ ထို့နောက် လက်သီးချက်၏ ပြင်းထန်သော စွမ်းအားကြောင့် ထိုသိုင်းစင်မြင့်ထက်မှ လွင့်ထွက်သွားရာ လေထုအလယ်၌ အကြိမ်ပြောင်းများစွာ လိမ့်နေပြီးနောက်မှ လူအုပ်ကြား၌ ရပ်သွားသည်။
လင်းဇီချန်က ထိုလက်သီးချက်ထဲသို့ ခွန်အားအများအပြားထည့်ခဲ့ခြင်းမဟုတ်ပေ။ ရုတ်တရက်တိုက်ခိုက်ခြင်းခံလိုက်ရသောကြောင့်သာ သတိလက်လွတ်ဖြစ်နေသော မာရှိဝေက လွင့်ထွက်သွားခြင်းဖြစ်သည်။ မကြာခင်၌ပင် အထူးတန်းမှ ပါရမီရှင်နှစ်ယောက်၏ အကူအညီဖြင့် မာရှိဝေက မြေပြင်ထက်မှ ရုန်းကန်၍ ထနိုင်ခဲ့သည်။
ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာသည် လက်သီးချက်ကြောင့် သွေးခြေအု၍ ရောင်ကိုင်းကာ ဘဲဥပုံမျက်နှာမှ ဝက်တစ်ကောင်၏ မျက်နှာအလားဖြစ်သွားသည်။ ဤသည်ကိုမြင်သောအခါ ပုံမှန်အတန်းမှ ကျောင်းသားသစ်များစွာက သူမ၏ ကံဆိုးမှုကို အားတက်သရော ရယ်မောလျက်ရှိသည်။
သူမကို ကူညီပေးနေသော အထူးတန်းကျောင်းသူနှစ်ယောက်ပင်လျှင် ရယ်ချင်စိတ်ကို ထိန်းထားရန် ကြိုးစားနေကြသော်လည်း သူမ၏ ဝက်မျက်နှာအသွင်အပြင်ကိုကြည့်၍ အနည်းငယ် ပြုံးစိစိဖြစ်နေကြသည်။
အပြောင်းအလဲက ပြင်းထန်လွန်းလှသည်။
တစ်စက္ကန့်အတွင်းတွင် သူမသည် ချစ်စဖွယ်ကောင်းသော မာနကြီး နတ်ဘုရားမတစ်ပါးအဖြစ်မှ အလွန် ရယ်ချင်စဖွယ်ကောင်းလှသော ရုပ်ပျက်ဆင်းပျက် ဝက်မျက်နှာအဖြစ်ပြောင်းလဲသွားသည်။ မာရှိဝေက သူမဘေးနားရှိ ရယ်မောသံကို ကြားသောအခါ မျက်နှာတစ်ခုလုံး ရောင်ရမ်းနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူမကို အားပေးနေသော မိန်းကလေးတစ်ယောက်ဆီမှ ဆဲလ်ဖုန်းကို ချက်ချင်းငှားကာ သူမ၏ လှပသော မျက်နှာကိုကြည့်ရန် ဖုန်းစက်ခရင်အား မှန်အဖြစ် အသုံးပြုခဲ့သည်။
"ငါ… ငါ့မျက်နှာ"
သူမ၏မျက်နှာက ဝက်တစ်ကောင်၏ ခေါင်းကဲ့သို့ ရောင်ရမ်းလာသည်ကိုမြင်သောအခါ မူလက ခံစားချက်မဲ့နေသော အမူအရာမျိုးရှိသည့် မာရှိဝေသည် ရှိုက်ကြီးတငင်အော်ငိုလျက် ပါးပြင်ထက်မှ မျက်ရည်များကျလာသည်။
သူမသည် လှပကာ ချမ်းသာသော နောက်ခံမှ ဆင်းသက်လာ၍ အဆင့်ကောင်းများရရှိခဲ့သည်။ သူမကို ငယ်စဥ်ကတည်းမှစ၍ ပတ်ဝန်းကျင်ရှိလူတိုင်းက နှစ်သက်သဘောကျကြသည်။ သူ့ပတ်ဝန်းကျင်မှ ယောက်ျားတိုင်းသည် မျက်နှာလိုမျက်နှာရဖြင့် အမြဲတစေ သူမကို စိတ်ကျေနပ်စေရန် နည်းလမ်းပေါင်းစုံသုံးလေ့ရှိကြသည်။
သို့သော်လည်း လင်းဇီချန်သည် သူမ၏ အလှကို ဂရုမစိုက်ဘဲ မျက်နှာကို လက်သီးဖြင့်ထိုးကာ သူမ၏ လှပသော အသွင်အပြင်များကို ပျက်ဆီးစေ၍ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
"ဝေဝေ"
အဖိုးတန်သမီးလေး၏ မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် မာကျန်းဟယ်က ဒုတိယထပ်စင်္ကြံမှ အမြန်ဆင်းကာ မျက်နှာဒဏ်ရာများကို စစ်ဆေးရန် ပြေးလာသည်။
ဒဏ်ရာက မပြင်းထန်သကဲ့သို့ မည်သည့်အရိုးမျှလည်း ကျိုးကြေခြင်းမရှိ၊ ရောင်ကိုင်းနေရုံမျှသာဖြစ်သည်။ သို့သော်လည်း ပြဿနာမှာ သူမသည် လတ်တလော၌ သွေးမျိုးစပ်ခြင်း၏စွမ်းအားများကို အသက်သွင်းခဲ့သဖြင့် ပြန်လည်မကုသနိုင်သေးခြင်းဖြစ်သည်။
ဤရောင်ရမ်းနေသောမျက်နှာ သက်သာသွားစေရန် ခန္ဓာကိုယ်၏ သဘာဝအလျောက်ကုသပေးသည့် အပေါ်သာ အားကိုးနိုင်မည်ဖြစ်သဖြင့် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်မည်ဖြစ်သည်။
အထူးသဖြင့် အမြဲတစေလှခဲ့ဖူးသော မိန်းကလေးတစ်ဦးအတွက် ရုပ်ဆိုးသောဝက်မျက်နှာဖြင့် ကာလကြာရှည်နေထိုင်ရခြင်းသည် သေခြင်းထက်ပင် သည်းမခံနိုင်စဖွယ်ကောင်းလှသည်။ ဤသည်ကို တွေး၍ ဖခင်ဖြစ်သူ မာကျန်းဟယ်က ဒေါသထွက်လျက် မျက်နှာနီရဲလာသည်။ သူက သိုင်းစင်မြင့်ထက်မှ လင်းဇီချန်ကို လှမ်းကြည့်ကာ ဒေါသတကြီးမေးလိုက်သည်။
"လင်းဇီချန်၊ မင်းဘာတွေလုပ်ခဲ့လဲ ကြည့်စမ်း။"
"ဒါက ပုံမှန်တိုက်ခိုက်မှုပါပဲ” လင်းဇီချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“မင်း မျက်နှာကို ထိုးစရာလိုလို့လား”
လင်းဇီချန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မာကျန်းဟယ်၏ စကားများက ကျိုးကြောင်းမဆီလျော်ဟု ခံစားလာရသည်။
‘ဘက်လိုက်လွန်းတယ်’
‘သူ့သမီးရှုံးတာနဲ့ ဒီလို ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ ဉာဏ်တွေပျောက်သွားတာလား’
"လင်းဇီချန်"
လူအုပ်ထဲတွင် ပါရမီရှင်တန်းမှ ကျောင်းသားတစ်ယောက်က မာကျန်းဟယ်ဆီမှ မျက်နှာသာပေးခံချင်သဖြင့် စင်မြင့်ထက်ရှိ လင်းဇီချန်ကို ကျယ်လောင်စွာအော်၍ ရှုတ်ချလိုက်သည်။
"မင်းက မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို ထိုးလိုက်တာ မင်းယောက်ျားရောဟုတ်သေးရဲ့လားကွ”
ဤရှုတ်ချသံကိုကြားသောအခါ လင်းဇီချန်က တစ်မိနစ်သို့ရောက်ရှိတော့မည့် အချိန်တိုင်းကိရိယာကို တစ်ချက်မျှပင် မကြည့်မိခဲ့ပေ။ သူက သိုင်းစင်မြင့်ထက်မှ ရိုးရှင်းစွာခုန်ဆင်းကာ ထိုပါရမီရှင်အတန်းမှ ကျောင်းသားသစ်လူငယ်လေး၏ရှေ့၌ ရပ်လိုက်သည်။
ထို့နောက် ထိုလူ၏မျက်နှာကို လက်သီးတစ်ချက်ထိုးချလိုက်ရာ ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းသွားသည်။
‘ငါဆင့်ကဲပြောင်းလဲခြင်းကောလိပ်ရဲ့ ကျောင်းအုပ်ကို မကိုင်တွယ်နိုင်သေးပေမယ့် လူသစ်ကိုတော့ ကိုင်တွယ်နိုင်တယ်မလား’
အထူးတန်းမှ ပါရမီရှင်ကျောင်းသားသစ်ကို အနိုင်ယူပြီးနောက် လင်းဇီချန်သည် သိုင်းပညာစင်မြင့်ထက်သို့ ပေါ့ပါးစွာ ပြန်ခုန်ကာ အောက်ခြေရှိ ပရိတ်သတ်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းမှာ ယောက်ျားနဲ့ မိန်းမဆိုပြီး ကွာခြားချက်မရှိပါဘူး။ အားနည်းနဲ့လူနဲ့ အားကြီးတဲ့လူဆိုပြီးတော့ပဲ ကွဲပြားတာ”
"အပြောကောင်းတယ်"
လီမော်ယွီသည် ဒုတိယထပ်စင်္ကြံတွင် ရပ်နေ၍ အောက်ဘက်သိုင်းစင်မြင့်ရှိ လင်းဇီချန်ကို အပေါ်စီးမှငုံ့ကြည့်ကာ ထောက်ခံသည့် မျက်နှာထားမျိုးဖြင့်ပြောလိုက်သည်။
“ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းက တကယ်ပဲ သန်မာတဲ့လူနဲ့ အားနည်းတဲ့လူကို ခွဲခြားပေးတယ်ကွ”
ထိုသို့ပြောပြီးနောက် သူက သိုင်းစင်မြင့်ထက်သို့ ခုန်တက်လိုက်ရာ ထိုအခိုက်အတတန့်တွင် ရောက်လာသူအားလုံး၏ မျက်လုံးများက သူ့ဘက်သို့ရောက်လာသည်။
"အစ်ကိုယွီ သူ့ကို ညှာမနေဘဲ အသေရိုက်ပစ်”
"လီမော်ယွီ ဝေဝေအတွက် မင်းလက်စားချေပေးရမယ်”
"အစ်ကိုယွီ အစ်ကိုက အခု အထူးတန်းတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ မင်းအနိုင်ရမှဖြစ်မယ်”
အထူးတန်းမှ ကျောင်းသားများ၏ အော်သံများက ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကျယ်လောင်လာသည်။ မာရှိဝေရှုံးသွားသဖြင့် လီမော်ယွီသည် ယခုအခါ အထူးတန်း၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ သူရှုံးခဲ့လျှင် အထူးတန်းက နောင်တွက် ပြရန်မျက်နှာရှိတော့မည်မဟုတ်ပေ။
အတန်းထဲမှ အော်ဟစ်အားပေးသံများကိုကြားလိုက်ရသောအခါ လီမော်ယွီက အနည်းငယ် ပီတိဖြစ်ခဲ့ရသည်။
ဒုတိယထပ်စင်္ကြံတွင် သူစောင့်နေသည်မှာ ဤအခိုက်အတန့်သာဖြစ်သည်။
သူ ကြီးကျယ်ခမ်းနားစွာဝင်နိုင်ရေးအတွက် အထူးတန်းတစ်တန်းလုံး စိတ်ပျက်အားငယ်သွားသည်အထိ စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကာ ဤနည်းဖြင့် သူသည် အလွန်အထင်ကြီးဖွယ် ရှိုးပွဲတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဤသည်ကိုတွေး၍ လီမော်ယွီက နောက်ကျောတွင် လက်နှစ်ဖက်ယှက်လျက် မတ်တပ်ရပ်ကာ လင်းဇီချန်ကိုကြည့်နေသည်။
“လင်းဇီချန်… လင်းဇီချန် မင်းလည်း ကြွားတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေမယ်လို့ မထင်ထားမိဘူး”
"ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သာမာန် နံပါတ်(၂) ကျောင်းသားတစ်ယောက်ယောင်ဆောင်ပြီးတော့ စမ်းသပ်ပြိုင်ပွဲမှာ ပြည်နယ်ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ကို လက်သီးနဲ့ထိုးပြီး ပရိတ်သတ်အားလုံးကိုတုန်လှုပ်စေနိုင်ခဲ့တာပဲ”
“ငါဝန်ခံပါတယ်… မင်းက နည်းနည်းကျွမ်းကျင်တယ်”
"ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ကြီးမြတ်တဲ့ အခိုက်အတန့်က ငါတစ်ယောက်တည်းအတွက်ပဲဖြစ်လိမ့်မယ်လို့ ရည်မှန်းထားတယ်”
"မင်းတစ်ယောက်တည်း မင်းရဲ့စွမ်းအားကို ဖုံးကွယ်ထားတာမဟုတ်ဘူး။ ငါလည်း ဖုံးထားတာပဲကွ"
ဤသို့ပြော၍ လီမော်ယွီ၏ မျက်လုံးများက ချက်ချင်းအေးစက်မာကြောသွားသည်။ နောက်ထပ်တစ်စက္ကန့်တွင် သူ၏ ကြွက်သားများက လျင်မြန်စွာဖောင်းကားလာကာ အဝတ်အစားများပင် ပြဲထွက်ကုန်သဖြင့် အလွန်ကြီးမားသော ကိုယ်လုံးကိုယ်ပေါက် ပေါ်လွင်လာသည်။ တစ်ချိန်တည်း၌ပင် သူ၏ မျက်လုံးများသည်လည်း သွေးနီရောင်ဖြစ်လျက် ရက်စက်ကြမ်းကြုတ်မှုများအပြည့်ဖြစ်နေသော တောအုပ်တစ်ခုနှင့်တူသွားသည်။
အရာအားလုံးပြောဆိုပြီး၍ အဆုံးသတ်သောအခါ လီမော်ယွီဆီမှ ထွက်လာသော သွေးမျိုးဆက်စွမ်းအား အခြေခံပဥ္စမအဆင့်၏ ချည်နှောင်မှုကို ဖြတ်ကျော်၍ ကြောင်းသားအသစ်များကို ထိတ်လန့်တုန်လှုပ်စေသော အခြေခံဆဌမအဆင့်သို့ရောက်ရှိသွားသည်။
‘သွေးမျိုးစပ်လား’
‘လီမော်ယွီကလည်း သွေးမျိုးစပ်လား’
‘နောက်ပြီး သူက နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံ ဆန်းကြယ်သားရဲရဲ့ ဗီဇနဲ့ ပေါင်းစပ်ထားတာပဲ’
လီမော်ယွီ၏ သွေးနီရောင်မျက်လုံးများကို မြင်လိုက်ရသောအခါ ဒုတိယထပ်စင်္ကြံရှိ ကျောင်းခေါင်းဆောင်များ အားလုံး ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံသည် ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်သားရဲတစ်ကောင်ဖြစ်ကာ သွေးမျိုးဆက်အဆင့်က အရွယ်ရောက်ပြီးသည်နှင့် ရှားပါးအဆင့်သို့ ပြောင်းလဲသွားနိုင်သည်။
ရှားပါးအဆင့်တွင် ဆန်းကြယ်သားရဲ၏ မျိုးရိုးဗီဇနှင့် ပေါင်းစပ်ရန် ပိုမိုမြင့်မားသောအဆင့်သို့ရောက်ရှိရန် ခန္ဓာကိုယ်၏ ခွန်အားလိုအပ်သည်။
မဟုတ်ပါက ရှားပါးအဆင့်တွင် ဆန်းကြယ်သားရဲမျိုးဗီဇ၏ တုံ့ပြန်မှုကို ခံနိုင်မည်မဟုတ်ပေ။
ဤနေရာပ လီမော်ယွီသည် သွေးမျိုးဆက်စွမ်းအား
အခြေခံအဆင့်၌သာရှိနေဆဲဖြစ်သော်လည်း အလွန်အဆင့်မြင့်၍ ကြီးမားသော မှော်မျက်လုံး လူဝံမျိုးဗီဇနှင့်ပေါင်းစပ်ထားသည်။
ကျင်းသုလီမိသားစုမှ ညီအစ်ကိုများသည် အမှန်တကယ်ပင် ထူးချွန်သူများဖြစ်ကြသည်။ မာရှိဝေဖြစ်စေ လင်းဇီချန်ဖြစ်စေ ၎င်းတို့နှစ်ဦးစလုံးသည် သူ့ဖြစ်တည်မှုအောက်၌ ဖြူဖျော့သွားကြရသည်။