အပိုင်း ၁၇၅-၁၇၇
Vol. 12 Ch. 175-177
အခန်း (၁၇၅) - လင်းဇီချန်! အန္တရာယ်!
ကျွမ်းကျင်ပထမအဆင့်ရောက်သွားသောသူများအတွက်ကမူ ပြန်သက်သာရန် နာရီဝက်ခန့် အချိန်ယူရသည်။ ထို့ထက်ပိုလျှင် ကျွမ်းကျင်ဒုတိယအဆင့်ရောက်သောသူများက သုံးနာရီအချိန်ယူရသည်။ လင်းဇီချန်သည် ၎င်း၏သွေးစွမ်းအားဓာတ်မှာ အခြေခံနဝမအဆင့်ထက်သာလွန်သည်ကို တွက်ချက်ထားပြီးဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်ပထမအဆင့်ဖြင့် ညီမျှ၏။ ပြန်လည်သက်ဝင်ဆေးတစ်လုံးစားလျှင် ပြန်ကောင်းရန် နာရီဝက်အချိန်ယူရမည်ဖြစ်သည်။
ထိုပြန်ကောင်းနိုင်စွမ်းက ပြောစမှတ်ပြုစရာပင် ဖြစ်သည်။ ထို့ကြောင့် ပြန်လည်သက်ဝင်ဆေးလုံးများဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ဈေးကိုကြည့်လိုက်သောအခါတွင် ဆေးတစ်လုံးလျှင် အမှတ်တစ်မှတ်ဖြစ်သည်။ ငွေချေရာတွင် ကျောင်းအမှတ်များကိုသုံးပြီး လျော့ဈေးပါထည့်တွက်ကြည့်လျှင် အပြင်တွင် အနည်းဆုံးယွမ်(၁၂၀၀၀)ခန့်ဖြင့် ရောင်း၍ရမည်။ ပြန်လည်သက်ဝင်ဆေးလုံးမျးကို အရေးကြီးသောကိစ္စ သို့မဟုတ် သေရေရှင်ရေးအခိုက်အတန့်မျိုးတွင်သာ သုံးတတ်ကြသည်။ ဥပမာအားဖြင့် အခြားသူများနှင့်တိုက်ပွဲဖြစ်ခြင်း၊ ဆန်းကြယ်သားရဲများအား အမဲလိုက်ခြင်း၊ စနစ်တာဝန်ထမ်းဆောင်ခြင်းများတွင် ဖြစ်၏။
ခန္ဓာကိုယ်သန့်စင်နေစဉ်အတွင်း သွေးစွမ်းအားဓာတ်ကောင်းအောင် သုံးလျှင်မူ ရိုးသားစွာပြောရလျှင် လက်ဖွာခြင်းမျှသာဖြစ်သည်။ သို့သော်လည်း လင်းဇီချန်ကမူ ကျောင်းအမှတ်များကိုသုံး၍ အားကောင်းအောင်လုပ်ခြင်းက တန်သည်ဟု စဉ်းစားမိသည်။ အားတိုးလာသည်က ပို၍မြန်လာသောကြောင့် မကြာခင်တွင်ပင် ကျောင်းအမှတ်များ များများရရန် တာဝန်များကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထိုနောက်တွင် ယခင်ဘဝ၌ စီးပွားရေးလုပ်ကာ မည်သို့ငွေရှာရမည်ကို သိသည်။ ရလာသောငွေများကို အသုံးချကာ စီးပွားရေးကိုချဲ့သည်။ ချဲ့ထွင်ထားသောစီးပွားရေးကို အပေါင်ခံ၍ ငွေပမာဏအလုံးအရင်းကိုချေးယူသည်။ ထိုငွေဖြင့် စီးပွားရေးကို ထပ်ချဲ့ပြီး ပို၍ကြီးသထက်ကြီးအောင်ဖန်တီးသည်။
စီးပွားရေးတွင် အတိုင်းအဆမဲ့အရှိန်မြင့်ခြင်းက ပြိုလဲနိုင်စေကာ လုပ်ငန်းကျရှုံးလျှင် ဒေဝါလီခံရနိုင်ပေသည်။ သို့သော် အားကောင်းအောင်လုပ်ခြင်းကမူ ပြိုလဲသွားစရာအကြောင်းမရှိပေ။
အားသည် ဆုတ်ယုတ်သွားမည်မဟုတ်ဘဲ ပို၍ပို၍ပင်အားကောင်းလာကာ အဆက်မပြတ်လည်ပတ်၍ရနိုင်သောကြောင့် ဖြစ်၏။ အမှန်တွင် ပို၍အားကောင်းလာစေရန် စွမ်းဆောင်နိုင်စွမ်းပင် ဖြစ်၏။ မကြာခဏပင် တစ်စုံတစ်ဦး၏ မွေးရာပါစွမ်းရည်ကို ကန့်သတ်ခြင်းက သေချာသောအခြေအနေတစ်ခုထိရောက်ရန် ဆက်လက်လုပ်ဆောင်ခြင်းကို ခက်ခဲစေသည်။ သို့သော်လည်း ၎င်းအတွက်မူ ထိုကိစ္စက ပြဿနာမဟုတ်ပေ။
၎င်းသည် ပါရမီထူးချွန်ပြီးသားဖြစ်ကာ အကန့်အသတ်မဲ့အားမျိုးလည်းရှိသည်။ အနှစ်ချုပ်ဆိုရလျှင် ထိုအကြောင်းကို ထည့်စဉ်းစားစရာပင် မလိုပေ။ ချက်ချင်းပင် ပြန်လည်သက်ဝင်ဆေးလုံးတစ်ရာကို မှာလိုက်သည်။ တစ်ခါတည်းဖြင့် ဆေးလုံးတစ်ရာကို ဝယ်လိုက်ခြင်းဖြစ်၏။
လက်တစ်ချက်လှုပ်ယမ်းလိုက်ယုံဖြင့် ကျောင်းအမှတ်တစ်ရာကုန်သွားသည်။
ဆေးလုံးများဝယ်ပြီးနောက်တွင် ဆန်းကြယ်သားရဲအသားကို ရှာရန် ဖြစ်သည်။ မသေမျိုး ပက်ကျိစွမ်းအားက အသက်ဝင်ပြီဖြစ်သောကြောင့် နောက်ထပ်အသစ်တစ်မျိုးကို ရှာသည်။
လင်းဇီချန်သည် ဈေးဆိုင်စာမျက်နှာကို လျှောက်ရှာကြည့်နေသည်။ မကြာခင်တွင်ပင် အဆိပ်တစ်ထောင်မြွေပါဟုသောဆန်းကြယ်သားရဲအသားကို တွေ့သွားသည်။ ထိုသို့နာမည်ပေးထားသောအကြောင်းမှာ ထိုအသားက အဆိပ်ကိုခံနိုင်ရည်ရှိခြင်းကြောင့် ဖြစ်၏။
ထိုအရာများအပေါ်အခြေခံ၍ အဆိပ်တစ်ထောင်မြွေပါအစွမ်းကိုဖွင့်လိုက်ခြင်းက အဆိပ်ကိုခံနိုင်သောသွေးမျိုးဆက်စွမ်းအားရရန် အာမခံနိုင်သည်။
လင်းဇီချန်သည် အဆိပ်ဒဏ်ရာခံနိုင်သောစွမ်းအားမျိုး လိုအပ်သည်ဟု ခံစားမိကာ ထိုသို့ဆိုလျှင်မိမိဘာသာ ပို၍ကောင်းကောင်းကာကွယ်နိုင်မည်ဖြစ်သည်။ မှန်ပေသည်။ အဆိပ်တစ်ထောင်မြွေပါအသားကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကိစ္စမှာ တစ်ပေါင်လျှင် ကျောင်းအမှတ်နှစ်ဆယ်ကျနေခြင်းပင်။ ၎င်း၏ ကျောင်းသားအကောင့်၏ကျောင်းအမှတ်ကို ကြည့်လိုက်သောအခါတွင် ကျောင်းအမှတ်နှစ်ရာအောက်ပင် နည်းနေပြီဖြစကာ ဆယ်ပေါင်ဝယ်ရန်ပင် မလောက်တော့ပေ။
တစ်ပေါင်ကိုသာ ဦးစွာအော်ဒါတင်လိုက်ပြီး အဆိပ်တစ်ထောင်မြွေပါအစွမ်းကို စဖွင့်ရန် ဖြစ်၏။
တာဝန်များပြီးနောက်တွင် ဖုန်းကိုချကာ လသာဆောင်တွင် ထိုင်၍ ဒုတိယအကြိမ်အရေပြားသန့်စင်ခြင်းကို စတင်သည်။ နှစ်နာရီခွဲခန့်ကြာအောင် သန့်စင်ပြီးနောက်တွင် ချီဓာတ်ပမာဏများစွာကို သုံးလိုက်ရသောကြောင့် စတင်အားနည်းလာလေသည်။ ခေါင်းသည်မူ မူးဝေလာ၏။
နားရန်လိုနေပြီဖြစ်သောကြောင့် နားလိုက်ကာ ချီဓာတ်ပြန်အားကောင်းစေရန် ရေခဲသေတ္တာထဲတွင် စားစရာတစ်ခုခုသွားရှာသည်။ မဟုတ်လျှင် မိနစ်ပိုင်းအတွင်းပင် လသာဆောင်၌ မေ့လဲတော့မည်ဖြစ်၏။ ထို့နောက်တွင် သေချာချက်ပြုတ်ထားသော ကြမ်းကြုတ်လင်းယုန်ကြီးအသားကို စားသည်။ ဆန်းကြယ်သားရဲအသားများက အာဟာရဖြစ်စေကာ ချီဓာတ်ကို မြန်မြန်ပြန်ရစေသည်။
''ဒင်း-ဒေါင်''
လင်းဇီချန်သည်ထိုင်နေရာမှထကာ ရေခဲသေတ္တာစီသို့သွား၍ အစားအသောက်ပြင်ဆင်နေစဉ်တွင်ပင် လူခေါ်ခေါင်းလောင်းသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
''ဟယ်လို ကျောင်းကပါဆယ်ပို့တာပါ။ လူရှိလား''
ပါဆယ်လား။
ပြန်လည်သက်ဝင်ဆေးလုံးများနှင့် အဆိပ်တစ်ထောင်မြွေပါသားရောက်လာခြင်းပင် ဖြစ်၏။ စဉ်းစားနေစဉ်တွင်ပင် လင်းဇီချန်က ပြန်ပြောလိုက်သည်။
''လာပြီ။ ခဏပါ''
ထို့နောက်တွင် တံခါးစီသို့ လက်မှတ်သွားထိုးကာ ပစ္စည်းကိုယူလိုက်သည်။ ၎င်းမှာထားသောပစ္စည်းများဖြစ်ကြောင်း အတည်ပြုသည်။ ပါဆယ်ကို လက်ခံပြီးနောက်တွင် တံခါးကို ပြန်ပိတ်လိုက်၏။ လင်းဇီချန်က ချက်ချင်းပင် ပါဆယ်ကိုဖွင့်ကာပစ္စည်းများကို စစ်ဆေးကြည့်သည်။ ပြန်လည်သက်ဝင်ဆေးလုံးများသည် သွေးစွမ်းအားဓာတ်ဆေးလုံးများနှင့် ဆင်တူကာ အနည်းငယ်သေး၍ အရောင်ကပိုဖျော့သည်။
အဆိပ်တစ်ထောင်မြွေပါသားကမူ ကျက်ပြီးသားအသားကဲ့သို့ပင် အမည်းရောင်အသားတုံးဖြစ်၏။
သို့သော် ချက်ထားခြင်းမဟုတ်ပေ။ မူလအရောင်ကပင် အမည်းရောင်ဖြစ်ကာ အဆိပ်များစွာစားထားသောကြောင့် ဖြစ်ပေမည်။ ပစ္စည်းများမှန်မမှန်ကို စစ်ပြီးနောက်တွင် လင်းဇီချန်က ပြန်လည်သက်ဝင်ဆေးတစ်လုံးကိုစားကာ အစွမ်းကို စမ်းသပ်ရန် ဖြစ်၏။ ပြန်လည်သက်ဝင်ဆေးလုံးက လျှာဖြင့်ထိလိုက်လျှင်ပင် ချက်ချင်းနွေးထွေးသောစီးချောင်းတစ်ခုအဖြစ် ပြောင်းသွားကာ ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားသည်။ ထို့နောက်တွင် ခေတ္တမျှကြာပြီးနောက် ခန္ဓာကိုယ်၏ လျင်မြန်စွာ သက်ဝင်လှုပ်ရှားလာမှုကို ခံစားမိသည်။ မူးဝေခြင်းမဖြစ်သကဲ့သို့ အားအင်နည်းနေသောခြေထောက်များလည်း မဟုတ်တော့ပေ။
''ယွမ်သောင်းနှစ်ထောင်တန်တဲ့ ဆေးလုံးတွေကတော့ ထင်တဲ့အတိုင်းပဲ၊ ပေးတာနဲ့တန်တာပြန်ရတယ်။ အာနိသင်က သိသာတာပဲ''
လင်းဇီချန်တစ်ယောက် ပြုံးလိုက်မိသည်။
ထို့နောက်တွင် မိမိရှေ့မှ အဆိပ်တစ်ထောင်မြွေပါးသားကို ထိ၍ စုပ်ယူလိုက်သည်။
(သင်သည် အဆိပ်တစ်ထောင်မြွေပါအသက်ဓာတ်ကို စုပ်ယူပြီးဖြစ်ပါသည်)
(အဆိပ်တစ်ထောင်မြွေပါအစွမ်း - ၁%)
ထိုအချိန်တွင်ပင် အိတ်ကပ်ထဲမှ ဖုန်းကမြည်လာသည်။
ဖုန်းကိုထုတ်၍ ကြည့်လိုက်သောအခါတွင် ဝီချက်မှပို့ထားသော ရှန်ချင်းဟန်ထံမှစာပင် ဖြစ်သည်။
ဟန်ဟန် - ရှောင်ချန် ချူရှင်းက ငါတို့အဆောင်ကိုလာလည်ချင်တယ်ပြောတယ်။ အဆင်ပြေလား
ဇီချန် - ရတာပေါ့။ အဆင်ပြေပါတယ်။
ဟန်ဟန် - ကောင်းပြီ။ အဲ့လိုဆို အတန်းဆင်းရင် သူ့ကို အိမ်ခေါ်ခဲ့မယ်။
ဇီချန် - ကောင်းပြီ။
ရှန်ချင်းဟန်ဖြင့် စာပို့ပြီးနောက်တွင် လင်းဇီချန်သည် အချိန်ဖြုန်းမနေပေ။ အမြန်ပင် လသာဆောင်သို့ ပြန်သွားကာ ပြန်လည်သက်ဝင်ဆေးလုံးပေါ်အားကိုး၍ ချီဓာတ်ကိုပြန်လည်ဖြည့်တင်းပြီးဖြစ်ကာ ထိုချီဓာတ်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်တော့၏။
အခန်း (၁၇၆) - လင်းဇီချန်! အန္တရာယ်!
နာရီဝက်ခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်က အတန်းမှ ပြန်လာသည်။ သူမတစ်ဦးတည်း ရောက်လာခြင်းမဟုတ်ပေ။ သူမနှင့်အတူ အရင်းနှီးဆုံးမိန်းကလေးသူငယ်ချင်းလီချူရှင်းပါ ပါလာသည်။ နှစ်ဦးသား အဆောင်သို့ ရောက်လာသောအခါတွင် လင်းဇီချန်က ခန္ဓာကိုယ်သန့်စင်နေခြင်းကို ရပ်လိုက်သည်။ လသာဆောင်မှ ထထွက်လာပြီး ဧည့်ခန်းရှိရာသို့သွား၍ ပြုံးကာ လီချူရှင်းကို ကြိုဆိုလိုက်၏။
''ချူရှင်း မတွေ့ရတာကြာပြီ''
...
''ဇီချန် တကယ်ကြာသွားပြီပဲ''
လီချူရှင်းက ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက်တွင် သူမက စပ်စုစွာဖြင့် တိုက်ခန်းကို လှည့်ပတ်ကြည့်ရှုသည်။ မျက်နှာက မနာလိုမှုဖြင့် တောက်ပနေကာ လေ့လာနေလေသည်။ သူမက မပြောဘဲမနေနိုင်ပေ။
''နင်တို့နှစ်ယောက် ဒီလိုဇိမ်ခံတိုက်ခန်းမျိုးမှာနေရတာ ကောင်းလိုက်တာ။ နေ့တိုင်း ကြယ်ငါးပွင့်ဟိုတယ်မှာနေနေရသလိုမျိုးပဲနေမှာ။ ငါကတော့ ကိုယ်ပိုင်အခန်းလေးတစ်ခန်းတောင်မရှိဘူး။ အခြားအခန်းဖော်တစ်ယောက်နဲ့ မျှသုံးနေရတယ်''
''နင်တစ်ယောက်တည်းအခန်းနေချင်ရင် သိုင်းပညာကောလိပ်မှာ ငါ့ရဲ့တစ်ယောက်ခန်းရှိတယ်။ အဲ့ကိုပြောင်းနေလို့ရတယ်'' လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။
''ဒီလိုမျိုးပြောလို့ကျေးဇူးတင်ပါတယ် ဇီချန်။ အခုတော့ အခန်းဖော်နဲ့နေရတာ ပျော်နေပါပြီ။ အဖော်ရှိတာလည်းကောင်းပါတယ်။ အထီးမကျန်ရတော့ဘူးပေါ့''
''အဲ့တာတော့အမှန်ပဲ''
ထိုသို့ပြောကာ လင်းဇီချန်က ထပ်ပြောလိုက်သည်။
''တစ်ယောက်တည်းနေချင်တယ်ဆိုရင် ငါ့ကိုလာပြော။ နင့်ကို အဲ့အခန်းသော့ပေးမယ်''
လီချူရှင်းက ပြုံးလိုက်သည်။
''ကျေးဇူးအများကြီးတင်ပါတယ် ဇီချန်''
…
ထို့နောက်တွင် သုံးဦးသား မီးဖိုချောင်ထဲတွင် ချက်ပြုတ်ပြင်ဆင်ကြကာ ညစာအတူတူစားရန် စီစဉ်သည်။ နာရီဝက်ခန့်ကြာပြီးနောက်တွင် အစားအသောက်များ အဆင်သင့်ဖြစ်ပြီဖြစ်သည်။ ဟင်းပွဲလေးပွဲနှင့် စွပ်ပြုတ်တစ်ပန်းကန်ပင် ဖြစ်၏။ ဧည့်ခန်းထဲရှိ ထမင်းစားစားပွဲတွင် လီချူရှင်းနှင့် ရှန်ချင်းဟန်က ဘေးချင်းကပ်ထိုင်ကာ လင်းဇီချန်က မျက်နှာချင်းဆိုင်တွင် ထိုင်သည်။
''ဟန်ဟန် နင့်ခြေထောက်က သွယ်လိုက်တာ''
ညစာစားနေစဉ်အတွင်းတွင် လီချူရှင်းက သေးသွယ်သော ရှန်ချင်းဟန်၏ခြေထောက်များကိုကြည့်၍ အားကျစိတ်ဖြင့် ပြောလိုက်သည်။
''င့ါခြေထောက်တွေက အလယ်တန်းကျောင်းကတည်းက သွယ်တာပါ။ ဒါပေမဲ့ အထက်တန်းကျောင်းမှာ သိုင်းပညာကောလိပ်စတက်ကတည်းက ပုံမှန်လေ့ကျင့်ခန်းလုပ်ရတော့ ပိုသွယ်လာတာ''
ရှန်ချင်းဟန်က ပြန်ပြောလိုက်၏။
''နင့်ခြေထောက်တွေလည်းမတုတ်ပါဘူး။ အသားနည်းနည်းများတာက ကြည့်ကောင်းတယ်လေ''
''တကယ့်ကို ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းလို့ မပြောရဘူး။ ငါကြည့်ကောင်းတာကို ဘယ်လိုချီးကျူးရမလဲသိတယ်''
နှစ်ဦးသား သာမန်ကာလျှံကာပင် စကားပြောဆိုနေကြသည်။ မကြာခင်တွင် လီချူရှင်းက ကျောင်းမှစီနီယာများအကြောင်းကို ပြောပြသည်။ ထိုစီနီယာများသည် အမြဲပင် အုပ်စုဖွဲ့ကာ လူသစ်များကို အနိုင်ကျင့်တတ်ကြသည်။ သူမက စိတ်ပျက်ပျက်ဖြင့် ပြောပြနေသည်။
''ဇီချန် ဟန်ဟန် နင်တို့နှစ်ယောက်လုံးက ပါရမီရှင်တွေပဲ။ များသောအားဖြင့်တော့ ဘယ်သူမှအနိုင်ကျင့်ရဲကြမှာမဟုတ်ဘူး။ ကျောင်းကစီနီယာတွေက ဘယ်လောက်စိတ်ပျက်စရာကောင်းလဲဆိုတာ နင်တို့မသိလို့''
''မနေ့တစ်နေ့ကဆို စီနီယာတစ်ယောက်က ငါတို့အဆောင်ကို အတင်းကျူးကျော်လာပြီး ငါ့အလှပြင်ပစ္စည်းတွေထဲက သူကြိုက်တဲ့ဟာတွေကို ယူသွားတယ်လေ။ ငါသဘောတူလား မတူလားလည်း ဂရုမစိုက်ဘူး။ သူ့ဘာသာ ယူသွားတာ။ ရက်ပိုင်းလောက်ဌားမယ်လို့တော့ ပြောသွားတယ်''
''ငါတို့အတန်းထဲက တစ်ယောက်ဆို ပိုတောင် ဆိုးဝါးသေးတယ်။ သူ့အိမ်က ပို့ပေးလိုက်တဲ့ နှစ်တစ်ရာဂျင်ဆင်း အခိုးခံလိုက်ရတယ်လေ။ အဲ့တာပြန်ရဖို့ စီနီယာက သူ့ကို သိုင်းပညာစင်မြင့်ပေါ်မှာ ပြိုင်ဖို့ ခေါ်ထားတယ်တဲ့လေ။ နိုင်နိုင်ရှုံးရှုံး ပြန်ပေးမယ်လို့ ကတိပေးထားတယ်တဲ့''
''ဒါပေမဲ့လို့ အဲ့သူရှုံးပြီးနောက်ပိုင်း စီနီယာက နှစ်တစ်ရာဂျင်ဆင်းကို လောင်းကြေးအဖြစ်ယူလိုက်ပြီး ပြန်ပေးဖို့ငြင်းတယ်တဲ့လေ''
''ကျောင်းသားသမဂ္ဂကို သွားတိုင်တော့ သူတို့က ဘာမှလုပ်မပေးဘူးတဲ့။ ကျောင်းရဲ့ အသန်မာဆုံးအောင်မြင်မှုစည်းမျဉ်းကို ထောက်ခံလို့ ပြိုင်ပွဲဝင်မဟုတ်ဘူးဆိုရင် ပြန်တိုက်ပြီးယူဖို့လိုတယ်ပြောတယ်''
''ဒါပေမဲ့ ငါတို့အားလုံးက လူသစ်တွေလေ။ စီနီယာတွေလောက်မှ အားမကောင်းတာ။ သူတို့ကို စွပ်စွဲဖို့ကလည်း မဖြစ်နိုင်ဘူး။ စီနီယာတွေကိုပဲ မျက်နှာသာပေးပြီး ငါတို့လိုလူသစ်တွေက အနိုင်ကျင့်ခံရဖို့ စောင့်ကြည့်ခံနေရတာမလား''
လီချူရှင်းက ပြောရင်းဖြင့် ပို၍စိတ်တိုလာကာ အသံသည်ပင် အနည်းငယ်တုန်ယင်လာသည်။
သူမ မည်မျှစိတ်ပျက်နေကြောင်းကို ရှင်းလင်းစွာ ပြသနေသည်။
ရှန်ချင်းဟန်က သူမကို သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်သည်။
''နင်ပြောတာကို နားထောင်ကြည့်ရတာက အဲ့စီနီယာတွေက တကယ်ပဲစိတ်ပျက်ဖို့ကောင်းတာပဲ။ အခုကစပြီး ငါတို့ သူတို့ကို ရှောင်သင့်ပြီ။ ဒီထက်သာဆိုးဝါးနေမယ်ဆိုရင် ငါတို့အားလုံးပူးပေါင်းပြီး ဖြေရှင်းနည်းတစ်ခုတော့ ရှာရမယ်''
လီချူရှင်းက သက်ပြင်းချလိုက်ကာ
''အာ အတန်ငယ်ကြမ်းတမ်းမဲ့ပုံပဲ။ ကျောင်းသားသမဂ္ဂကလည်း အခြေခိုင်တယ်။ ပြီးတော့ ကျောင်းခေါင်းဆောင်တွေနဲ့ဆရာတွေကလည်း အရေးမလုပ်ကြဘူး။ ငါတို့ပုံမှန်အတန်းက လူသစ်တွေက မခုခံရဲတော့ အနိုင်ကျင့်ပဲခံနေရတယ်''
သူမစိတ်ပျက်နေသည်ကို မြင်ရသောအခါတွင် လင်းဇီချန်က အကြံဉာဏ်ထုတ်လိုက်သည်။
၎င်းက ပြုံးကာ သူမကို ပြောလိုက်၏။
''ချူရှင်း နောင်ကျ စီနီယာတွေက မင်းကို တစ်ခုခုလုပ်ရင် ငါ့ကိုသာလာပြော။ ငါကူညီနိုင်မလားဆိုတာကို ကြည့်ရတာပေါ့''
''အမ်။ တကယ်လား''
''တကယ်''
''ဇီချန် နင်က ကြင်နာတတ်လိုက်တာ''
လီချူရှင်းက ဝမ်းပန်းတသာဖြင့် ပြောလိုက်သည်။
''နင်တို့နှစ်ယောက် အဝတ်အစားဝယ်ချင်ရင် ငါ့ကိုသာပြောလိုက်။ ငါ့မိဘတွေကို ပြောပြီး နင်တို့ကို အလကားပေးခိုင်းလိုက်မယ်''
''ကောင်းပြီလေ။ အဲ့လိုဆို ငါလည်းရှက်မနေတော့ဘူး''
လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။
လီချူရှင်းက အဝတ်အစားများ ပို့ပေးမည်ကို မလိုအပ်သော်လည်း ထိုသို့မပြောလျှင် သူမ ဝန်ထုပ်ဝန်ပိုးဖြစ်နေပေလိမ့်မည်။
ယခုတွင် ရှန်ချင်းဟန်တွင် အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် ရှိပြီဖြစ်သောကြောင့် လင်းဇီချန်က လီချူရှင်းကို သူ၏အားဖြင့် တတ်နိုင်သမျှကူညီမည်ဖြစ်သည်။
ထိုကိစ္စများကို စဉ်းစားနေစဉ်တွင်ပင် ရုတ်တရက် မြေကြီးက တုန်သွားသည်။
ငလျင်ပင် ဖြစ်၏။
အသိအာရုံက အမြန်ပင် သတိထားမိသွားသည်။
လီချူရှင်းက ကြောင်ကြည့်၍ ပြောလိုက်မိသည်။
''ဘာဖြစ်တာလဲ။ စောနက ငလျင်လှုပ်တာလား''
''ထင်တာပဲ''
ရှန်ချင်းဟန်က လီချူရှင်းကို ပြန်ဖြေလိုက်သည်။ ပျာယာခတ်နေသောလီချူရှင်းဖြင့် ဆန့်ကျင်ဘက်အနေဖြင့် ရှန်ချင်းဟန်က ပို၍တည်ငြိမ်လှ၏။ သို့သော် များစွာတည်ငြိမ်နေခြင်းမျိုးမဟုတ်ဘဲ စိတ်ထဲတွင် အနည်းငယ်မသက်မသာဖြစ်သည်ဟု ခံစားနေမိသည်။ လင်းဇီချန်ရှိနေသောကြောင့်သာ ပျာယာခတ်လွန်းနေသည့်ပုံမပေါ်ခြင်းဖြစ်၍ အနည်းငယ်မျှစိတ်အေးနေမိ၏။ သို့သော်လည်း လင်းဇီချန်ကိုယ်တိုင်သည်ပင် ထိုအချိန်တွင် စိတ်မအေးနိုင်ပေ။
လတ်တလောနှစ်များတွင် ငလျင်များသည် ရှန်ဟိုင်းမြို့တွင် မကြာခဏနီးပါး ဖြစ်နေသည်။
တစ်ခုခုမှားနေလေပြီ။
သူ၏အန္တရာယ်အသိစိတ်က မကောင်းသည့်အရာတစ်ခုခုဖြစ်တော့မည်ဟု ပြောပြနေသည်။
ရှန်ဟိုင်းမြို့တွင် ဘာများဖြစ်နေသနည်း။
တစ်ခုခုကြောင့်များ ကမ္ဘာ့မြေလွှာရွေ့လျားမှုက မူမမှန်ခြင်းမျိုးဖြစ်နေတာလား။
ကံကောင်းစွာဖြင့် အန္တရာယ်သိစိတ်က မပြင်းထန်လှသောကြောင့် ပြဿနာအသေးသာ ဖြစ်ပေမည်။
လင်းဇီချန်က တစ်ယောက်တည်းစဥ်းစားနေမိသည်။
…
တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်းမြို့ရှိ ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသောအခန်းတစ်ခန်းထဲ၌ မျက်နှာဖုံးများ တပ်ဆင်ထားကြသောလူနှစ်ဦး ထိုင်နေကာ ဝိုင်သောက်ရင်းဖြင့် စကားပြောနေကြသည်။
မျက်နှာဖုံးတပ်ထားသော အသက်ကြီးကြီးလူကြီးက လက်ထဲတွင် ကြိမ်လုံးကို ကိုင်ထားသည်။
အခြားသူတစ်ဦးက အရပ်ရှည်ရှည်ဖြင့် သက်လတ်ပိုင်းသူတစ်ဦး ဖြစ်သည်။ မျက်နှာဖုံးနှစ်ခုလုံးပေါ်တွင် ဂမ္ဘီရသစ်ပင်ဟုသောစကားလုံးကို ရေးသားထားသည်။
''ဒီနှစ်ထဲ ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားသစ်တွေကြားထဲမှ ကိုယ်ခန္ဓာစွမ်းအားပါရမီအရမ်းကောင်းတဲ့ ပါရမီရှင်တစ်ယောက်ရှိတယ်။ သူ့ထဲကို အဆင့်မြင့်မိစ္ဆာစေ့ချနိုင်ဖို့ လူလွှတ်ထားတယ်။ ငါတို့ဂိုဏ်းထဲကို သူ့ကိုသာထည့်နိုင်ရင် ငါတို့ရဲ့ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အင်အားက နောက်ထပ်ဂိုဏ်းခွဲတစ်ခုပါ ရလာလိမ့်မယ်''
သက်လတ်ပိုင်းလူက တစ်ကျိုက်သောက်ပြီးနောက်တွင် ပြောလိုက်ခြင်းဖြစ်သည်။ အသက်ကြီးသောသူကမူ မတူပေ။ အသံက အက်ကွဲနေသည်။
''အဲ့တာက အရေးမကြီးဘူး။ တကယ့်ပါရမီရှင်အစစ်တွေက မူလနယ်မြေမှာ''
မူလနယ်မြေတွင် ပါရမီရှင်များစွာရှိလျှင်လည်း မည်သို့ဖြစ်မည်နည်း။ ၎င်းတို့ကို ထိပင်မထိနိုင်ရှာပေ။
သက်လတ်ပိုင်းလူက စိတ်ထဲတွင် ထိုသို့ပြောမိသော်လည်း အပြင်တွင်မူ ဝိုင်တစ်ကျိုက်သောက်လိုက်ပြီး အတတ်နိုင်ဆုံးလေးစားမှုကိုပြသ၍ ပြောလိုက်သည်။
''ဂမ္ဘီရသံတမန် ကျွန်တော် ဒီနှစ်တော့ ပိုပြီးအဆင့်မြင့်တဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ရည်ရွယ်ထားတယ်။ အရင်းအမြစ်တွေလည်း ပိုလိုတယ်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေ ထောက်ပံ့ပေးနိုင်မလား''
''အရင်းအမြစ်လား''
မျက်နှာဖုံးဖြင့်သူက တီးတိုးပြောလိုက်ပြီးနောက်တွင် တစ်နေရာရာမှ ညှို့ဓာတ်ပန်းပွင့်ကို မျက်လှည့်ပြသကဲ့သို့ ထုတ်ယူလိုက်ပြီး လှည့်၍ စားပွဲပေါ်တွင် တင်လိုက်ပြီး အမှိုက်ကိုပစ်ပေးလိုက်သကဲ့သို့ပင် ဖြစ်၏။
''ဒီနှစ် မင်းရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်ကို စဉ်းစားကြည့်မယ်ဆိုရင် မင်းကို ညှို့ဓာတ်အလှပန်းပွင့်ကို ဆုချီးမြှင့်ပေးမယ်''
''ကျေးဇူးတင်ပါတယ် ဂမ္ဘီရသံတမန်''
သက်လတ်ပိုင်းလူက စိတ်လှုပ်ရှားစွာဖြင့် စားပွဲပေါ်မှ ပန်းပွင့်ကို လက်ခံလိုက်ပြီး မျက်လုံးများက ကျေနပ်မှုအပြည့်ဖြင့် ဖြစ်သည်။ မျက်နှာဖုံးတပ်ထားသော အသက်ကြီးသည့်သူက သတိပေးလိုက်သည်။
''ညှို့ဓာတ်အလှပန်းက ကာမအားတိုးစေနိုင်တဲ့အစွမ်းရှိတယ်။ မင်းမိန်းမတွေနဲ့နေတဲ့အခါကျရင် သုံးပေါ့''
''သတိပေးလို့ ကျေးဇူးတင်ပါတယ် ဂမ္ဘီရသံတမန်''
ထိုသို့ပြောကာ သက်လတ်ပိုင်းလူက လက်ထဲမှပန်းပွင့်ဆီသာ အကြည့်ရောက်နေမိသည်။ ထိုအချိန်တွင် မျက်နှာဖုံးဖြင့် အသက်ကြီးကြီးသူ၏စိတ်ထဲ၌မူ အသံတစ်သံပဲ့တင်သံ ထပ်လာသည်။
''ဂမ္ဘီရသံတမန် မူလနယ်မြေကနေ သတင်းရပါတယ်။ သူတို့တွေက ထပ်တူညီနယ်မြေအမှန်ကိုတွေ့ပြီး တူညီတဲ့ သွေးမျိုးစက်ဆိုင်ရာကိုဩဒိနိတ်တွေလည်း အဲ့ပေါ်မှာပါပဲတဲ့။ အခု အဲ့လှိုဏ်ခေါင်းထဲသွားပြီး မူလနယ်မြေက ကိုဩဒိနိတ်အမှတ်တွေနဲ့ ချိတ်ဆက်ကြည့်ဖို့ လိုပါတယ်''
''အင်း။ အဲ့လိုဆို ငါအခုပဲသွားလိုက်မယ်''
ထိုသူက စိတ်ထဲမှ တစ်ဖက်သူကို တုံ့ပြန်လိုက်ပြီး သူ၏ပုံရိပ်သည် အလင်းပြန်၍ ခဏအတွင်းပင် ချက်ချင်းပျောက်ကွယ်သွား၏။
သက်လတ်ပိုင်းလူကမူ ထိုသို့ဖြင့် အသားကျနေဟန်ပေါ်ကာ အမြန်ပင် ထ၍ အခြားအခန်းတစ်ခန်းဆီသို့သွားကာ ဝတ်ကောင်းစားလှများလဲဝတ်ပြီး အပြင်သို့သွားကာ ချစ်သူနှင့် လျှို့ဝှက်တွေ့ဆုံရန် ပြင်လိုက်၏။
လျှို့ဝှက်တွေ့ဆုံခြင်းသည် ရည်ရွယ်ချက်ရှိကာ အမှန်တွင် ညှို့ဓာတ်အလှပန်းကို သုံးချင်၍သာ ဖြစ်သည်။
မထွက်သွားခင်တွင် လှပသောအိတ်ဆောင်နာရီကို ခွကြားထဲမှထုတ်ယူကာ အသံဖြင့် စာတစ်စောင်ရိုက်၍ ပို့လိုက်သည်။
(မင်းတို့နှစ်ယောက် လင်းဇီချန်ထဲကို အဆင့်မြင့်မိစ္ဆာစေ့သွားထည့်တဲ့တာဝန်ကို လုပ်နေတာကြာလှပြီ။ သုံးရက်အတွင်းမပြီးရင် ငါလူထပ်ရှာရလိမ့်မယ်)
အခန်း (၁၇၇) ဂမ္ဘီရသစ်ပင်ဂိုဏ်း၏လှုပ်ရှားမှုများ
''ဒီနေ့ ရှင်ဘာလို့ အဲ့လောက်ကြမ်းတမ်းနေရတာလဲ''
''ငါက နေ့တိုင်းကြမ်းတမ်းနေတာ''
''ဆက်မလုပ်နိုင်တော့ဘူး။ အားပြန်ပြည့်အောင် ခဏလောက်နားဦးမယ်။ မဟုတ်ရင် မေ့လဲသွားတော့မှာ''
ရင်းလျန်နေထိုင်သူအိမ်ရာရှိ အိမ်ပိုင်ရှင်၏နေရာတစ်နေရာတွင် ဖြစ်သည်။ ကြွက်သားတောင့်တင်းသော သက်လတ်ပိုင်းလူသည် လွန်စွာလှပသည့် ဇိမ်မယ်အမျိုးသမီးတစ်ဦးဖြင့် ကာမဂုဏ်အာရုံခံစားနေပေသည်။
မိန်းမပျိုသည် အိပ်ရာထက်တွင် လှဲလျောင်းကာ လွန်စွာမှ ရေဆာနေသည်။ သူမသည် အိပ်ရာထက်မှထကာ ဧည့်ခန်းထဲသို့သွား၍ ရေသွားသောက်ပြီးနောက်တစ်ချီအတွက် ပြင်ဆင်လိုက်၏။
မိန်းမပျို၏ လှပတင့်တယ်သောပုံစံကိုကြည့်ကာ သက်လတ်ပိုင်းလူက သက်ပြင်းချလိုက်မိ၏။
''ညှို့ဓာတ်အလှပန်းပွင့်ရဲ့ ကာမအားတိုးနှုန်းက အားပြင်းလွန်းတယ်။ ငါ့အားအကုန်လုံးနီးပါးကို ကျနေပြီ။''
''ဒါပေမဲ့လို့ အားတိုးစေတဲ့အာနိသင်က စွမ်းအားကြီးလွန်းတယ်။ င့ါရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်တောင် နောက်တစ်ဆင့်ကို တက်လှမ်းခါနီးနေပြီလို့ ခံစားမိတယ်။''
''ဒီညပြီးရင် ဆင့်ကဲပြောင်းလဲဖို့ မျှော်လင့်ရတာပဲ။''
ထိုသို့ပြောကာ သက်လတ်ပိုင်းလူသည် လုကန်နှင့် ဝမ်ရှုကျယ်မည်သည့်နေရာသို့ ရောက်နေသည်ကို စစ်ဆေးကြည့်ရန် အိတ်တစ်ခု ထုတ်ယူလိုက်သည်။
၎င်းတို့တည်နေရာသည် အဆောင်များတွင်သာ ဖြစ်ကာ ထိုသူက အသာမျက်ခုံးကြုတ်လိုက်မိ၏။
ထိုသူနှစ်ဦးကို တိုက်တွန်းရန် ပြင်လိုက်စဉ်တွင်ပင် ဧည့်ခန်းထဲမှ ဆူဆူညံညံရန်ဖြစ်သံကို ကြားလိုက်ရသည်။
''သေစမ်း မကောင်းတဲ့ကောင်မ။ နင်က အခြားယောင်္ကျားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတာကို ငါသိပြီ''
''အချစ် စိတ်လျှော့ပါဦး''
''ဘာကို သောက်စိတ်လျှော့ရမှာလဲ''
အသံက တဖြည်းဖြည်းဖြင့် နီးကပ်လာသည်။ မကြာခင်ပင် စက်ပြုပြင်လူသားတစ်ယောက်က အခန်းထဲသို့ ကမူးရှုးထိုးဖြင့် ဝင်လာသည်။ အိပ်ရာထက်မှ သက်လတ်ပိုင်းအမျိုးသားကို မြင်လိုက်သောအခါတွင် ထိုသူက ဒေါသတကြီးဖြင့် သေနတ်အကာအရံတပ်ဆင်ထားသော သတ္ထုစပ်လက်မောင်းကို မြှောက်ကာ ထိုသက်လတ်ပိုင်းအမျိုးသားကို ချိန်လိုက်ပြီး အကြည့်များက သွေးပွက်ပွက်ဆူနေကာ အော်ပြောလိုက်သည်။
''သေစမ်းခွေးကောင်။ မင်းက င့ါမင်္ဂလာဦးခန်းထဲလာပြီး ငါ့မိန်းမကို ကြာခိုရဲတယ်ပေါ့လေ။ ငါမင်းကို တစ်ချက်တည်းနဲ့ ပစ်မသတ်ဘူးကွ။'
''င့ါကို တစ်ချက်တည်းနဲ့ ပစ်သတ်နိုင်မယ် ထင်လို့လား''
ထိုသူက ရယ်လိုက်သည်။ မိမိရှေ့မှ သေနတ်ပါသည့်သတ္ထုစပ်လက်မောင်းကို မထီမဲ့မြင်ပြုလိုက်သည်။ တည်ငြိမ်စွာဖြင့်ပင်ထကာ စက်ပြုပြင်လူသားဆီသို့ လျှောက်သွားပြီး ရပ်လိုက်၏။
ထို့နောက်တွင် သူသည် တစ်ဖက်သူကို တစ်မူထူးခြားစွာကြည့်ကာ မေးလိုက်မိသည်။
''ဒီသတ္ထုစပ်လက်မောင်းက ဘယ်လောက်ကျလဲ''
''သုံးသန်းကျတယ်''
စက်ရုပ်ပြုပြင်လူသားက ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
ထိုသူက ထပ်မေးလိုက်၏။
''အဲ့လိုဆို အောက်က သတ္ထုစပ်ညှို့သကျဉ်းကာကရော။''
''ငါးသန်း။''
''ကောင်းပြီ။ မင်းရဲ့ စက်ပြုပြင်စရိတ်က ဘယ်လောက်ကျလဲဆိုတာ မင်းလဲသိမှာပါ။''
ထိုသို့ပြောကာ သက်လတ်ပိုင်းလူက စက်ပြုပြင်လူသား၏မျက်နှာကို ရိုက်ပစ်လိုက်ပြီး စိန်ခေါ်လိုက်သည်။
''မင်းမိန်းမက ငါ့ဘက်ပါလာတယ်ဆိုမှတော့ စက်ပြုပြင်စရိတ်အတွက် ဘယ်တော့မှ ငွေမပြတ်တော့ဘူးပေါ့။ အခု ရိုးရိုးသားသားပြောရရင် မင်းငါ့ရှေ့မှာ စိတ်တိုရဲ့လို့လား။''
ထိုသို့ပြောလိုက်သောအခါတွင် စက်ပြုပြင်လူသား၏အဟုန်က အားပျော့သွားသည်။
သက်လတ်ပိုင်းလူက ထပ်ပြောလိုက်သည်။
''အခု မင်းဘာလိုချင်လဲပြော။ ဒီနေ့ပြီးရင်တော့ အခွင့်အရေးမရှိတော့ဘူး။''
စက်ပြုပြင်လူသားမှာ ဘေးကျပ်နံကျပ်ဖြစ်သွားရသည်။
ထိုသူက ခြူးတစ်ပြားမှ မရှိသည့် ခက်ထန်သောသူလော။ မဟုတ်လျှင် ငွေရှိသည့်ငကြောက်ပေလော။
သုံးစက္ကန့်မျှ ကြာပြီးနောက်တွင်
စက်ပြုပြင်လူသားက ရွေးချယ်မှု ပြုလိုက်သည်။
ပြုံး၍ပင် ရွေးချယ်လိုက်သည်။
''အစ်ကိုကြီး ကျုပ်မှာ တန်ပြန်တိုက်ခိုက်ရွေ့လျားစနစ်မပါဘူးဖြစ်နေတယ်။ ပျံတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ခံစားကြည့်ချင်တယ်။''
သက်လတ်ပိုင်းလူက အိပ်ရာဘေးမှ ဖုန်းကို ကောက်ယူလိုက်ပြီးနောက် ဖုန်းမျက်နှာပြင်ကို အကြိမ်ရေအနည်းငယ်ခန့်ပွတ်ကာ စက်ပြုပြင်လူသားကိုကြည့်၍ ပြောလိုက်သည်။
''မင်းမိန်းမ ဘဏ်အကောင့်ထဲကို ယွမ်ဆယ်သန်းလွှဲပေးလိုက်ပြီ။''
ဆယ်သန်း။
အစတွင် စက်ပြုပြင်လူသားသည် အေးခဲသွားကာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေရှာသည်။ စိတ်ခံစားချက်များကို ပုံမှန်ဖြစ်အောင်လုပ်လိုက်ပြီး မျက်လုံးများက ပျော်ရွှင်မြူးထူးမှုဖြင့် တောက်ပသွားကာ ထိုနှစ်ဦးကို အော်ပြောလိုက်သည်။
''ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။''
''ကျေးဇူးတင်ပါတယ် မိန်းကလေး''
''ဒီည ဒီနေရာက ခင်ဗျားတို့ရဲ့ တိုက်ပွဲမြေပြင်ပါပဲ။ စိတ်ရှိသလောက်နေကြပါ။ ကျုပ်မနှောင့်ယှက်တော့ပါဘူး။''
ဗျူဟာကျကျဖြင့် ထိုစကားများကို ပြောကာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်သွားရန် ပြင်လိုက်သည်။
''ရပ်လိုက်''
''အစ်ကိုကြီး ဘာများရှိသေးလို့လဲ။''
စက်ပြုပြင်လူသားက ရပ်ကာ လှည့်ကြည့်လိုက်ပြီး မျက်နှာက မျက်နှာချိုသွေးသောအပြုံးဖြင့် ဖြစ်သည်။
သက်လတ်ပိုင်းလူက ပြောလိုက်သည်။
''မင်းသူ့ကို မိန်းကလေးလို့ခေါ်လိုက်တာက င့ါခံစားချက်ကို ပျက်စီးစေတယ်။ သူက မင်းမိန်းမလေ။ မိန်းမလို့ ခေါ်သင့်တာပေါ့။ နားလည်လား။''
''နားလည်ပါပြီ နားလည်ပါပြီ။''
စက်ပြုပြင်လူသားက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် သူ့ဘေးမှ မိန်းကလေးကို ညွှန်ကြားလိုက်၏။
''မိန်းမ သူ့ကို ကောင်းကောင်းပြုစုပေးလိုက်။ သူ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့''
ထိုသို့ပြောပြီးနောက်တွင် လှည့်ထွက်သွား၏။
''မင်းကို ဘယ်သူသွားခိုင်းလို့လဲ။''
သက်လတ်ပိုင်းလူ၏အသံက မာလှ၏။
''ဒီည မင်းလည်း ဒီမှာနေပြီး တစ်ချိန်လုံးစောင့်ကြည့်နေရမယ်။ ဟုတ်ပြီလား။''
''ဒါက ဒါကတော့…”
''မင်းမိန်းမကို နောက်ထပ်ဆယ်သန်းလွှဲပေးလိုက်မယ်''
''ဖေဖေ ဖေဖေပြောသမျှ အကုန်လုပ်ပါ့မယ်။''
စက်ပြုပြင်လူသားက ထိုသူကို အဖေအဖြစ်သတ်မှတ်ရန်ပါ ရွေးချယ်လိုက်သည်။
သက်လတ်ပိုင်းလူက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင် မြေပဲစေ့အရွယ်ခန့်အနီရောင့်အစေ့တစ်စေ့ ထုတ်ယူကာ ပြုံး၍ ထိုသူကို ပေးလိုက်သည်။
''ကောင်းပြီ။ မင်းလိုမျိုး စည်းကမ်းတွေနဲ့ အသားကျလွယ်တဲ့သူတွေကို ငါသဘောကျတယ်။ ဒီဝိညာဉ်သီးကို စားလိုက်။ မင်းရဲ့ချီဓာတ် အားကောင်းလာလိမ့်မယ်။''
''ကျေးဇူးတင်ပါတယ် ဖေဖေ”
စက်ပြုပြင်လူသားက စိတ်လှုပ်ရှားစွာဖြင့် အစေ့ကို ယူလိုက်သည်။
…
မျက်စိတစ်မှိတ်အတွင်းတွင်ပင် နောက်တစ်နေ့သို့ ရောက်သွားသည်။
အရုဏ်တက်ချိန်သို့ပင် ရောက်နေလေပြီ။ သက်လတ်ပိုင်းလူက ခါးပတ်ကိုပတ်ကာ အခန်းပြင်သို့ ဖြည်းညှင်းစွာ လျှောက်ထွက်သွား၏။ အိပ်ရေးအပျက်ခံ၍ တစ်ညလုံးတိုက်ပွဲဝင်ခဲ့ရသော်လည်း ထိုအချိန်အထိ မျက်နှာက အားအင်အပြည့်ဖြင့် တက်ကြွနေဆဲဖြစ်သည်။ အသက်ပြင်းပြင်းရှုလိုက်ကာ ဆင့်ကဲပြောင်းလဲသွားသောခန္ဓာကိုယ်မှ အင်အားကို ခံစားမိသည်။ ထို့နောက်တွင် လှောင်ရယ်လိုက်၏။
''ယွမ်သုန်ကျီ ငါမင်းကို နှိပ်စက်ပြမယ်။ မင်းမာနကြီးနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့''
မိမိဘာသာ ပြောလိုက်ခြင်းဖြစ်သည်။
မကြာခင်ပင် အိမ်ထဲမှ ထွက်ခွာသွားကာ ဓာတ်လှေကားစီး၍ မြေအောက်ကားပါကင်ရှိရာသို့သွားပြီး ယွမ်သန်းချီတန်သည့်ဇိမ်ခံကားကြီးဖြင့် ရှန်ဟိုင်းတက္ကသိုလ်ဆီသို့ ဦးတည်မောင်းနှင်သွားသည်။
သူသည် ရှန်ဟိုင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် နေထိုင်ခြင်း ဖြစ်သည်။
…
ထိုအချိန်တွင် ကျုံးယွမ်အဆောက်အဦး နံပါတ်(၈)၊ အခန်းနံပါတ်(၆၀၃)တွင်မူ
လင်းဇီချန်တစ်ယောက် စောစောစီးစီးထကာ လသာဆောင်တွင် အရေပြားသန့်စင်ခြင်းဒုတိယအဆင့်ကို အာရုံစိုက်နေသည်။ နှစ်နာရီခန့် သန့်စင်ပြီးနောက်တွင် ချီဓာတ်သွေးလျော့နည်းနေပြီဟု ခံစားမိသောကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းစွမ်းအားဘောင်ချပ်ကို ဆင့်ခေါ်ကာ ဒုတိယအဆင့်အရေပြားသန့်စင်ခြင်းလုပ်ငန်းစဉ်ကို စစ်ဆေးလိုက်၏။
ဒုတိယအကြိမ်အရေပြားသန့်စင်ခြင်း - (၄၅)ရာခိုင်နှုန်း။
လုပ်ငန်းစဉ်ဘားတန်းက တစ်ဝက်နီးပါး ရောက်နေပြီဖြစ်သည်။
လက်ရှိသန့်စင်ခြင်းကို အာရုံစိုက်ထားလျှင် တစ်ပတ်အတွင်းပင် လတ်စသတ်နိုင်ပေမည်။