← Chapters

အပိုင်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အပိုင်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အခန်း (၁၇၈) ဂမ္ဘီရသစ်ပင်ဂိုဏ်း၏လှုပ်ရှားမှုများ (၂)

ပြန်လည်သက်ဝင်ဆေးလုံးအကူအညီဖြင့် သန့်စင်ခြင်းနှုန်းက သိသိသာသာမြင့်တက်သည်ဟု ပြောနိုင်ပေသည်။

''ရှောင်ချန် ဘယ်အချိန်က နိုးနေတာလဲ။''

စောနမှ နိုးလာသော ရှန်ချင်းဟန်သည် ပန်းရောင်ဖျော့ဖျော့ညအိပ်ဂါဝန်ကို ဝတ်၍ ခြေဗလာဖြင့် လာသာဆောင်ဝင်ပေါက်တွင် ရပ်နေပြီး မျက်လုံးနှစ်ဖက်ကို အိပ်မှုံစဝါးဖြင့်ပွတ်ကာ လင်းဇီချန်ကိုကြည့်၍ မေးလိုက်သည်။ လင်းဇီချန်က ထလိုက်ပြီး ခြေထောက်အောက်မှ ယောဂဖျာကိုမကာ ပြောလိုက်သည်။

''ဒီနေ့ စောပြီးနိုးနေတာ။ မနက်ငါးနာရီမထိုးခင်ကတည်းက။''

''နင်အစောကြီးနိုးနေတာပဲ။ နင်နဲ့ယှဉ်လိုက်ရင် ငါက အပျင်းကြီးနေသလိုပဲ။''

''ခုနှစ်နာရီခွဲပဲရှိပါသေးတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဒီအချိန်နိုးတာ အပျင်းကြီးတာမဟုတ်ပါဘူး။''

''ဒါပေမဲ့ နင်က ငါးနာရီမထိုးခင်ကတည်းက နိုးနေတာလေ။''

ရှန်ချင်းဟန်သည် မိမိဘာသာ သာမန်တက္ကသိုလ်ကျောင်းသားနှင့် နှိုင်းယှဉ်ခြင်းမဟုတ်ဘဲ လင်းဇီချန်ဖြင့် နှိုင်းယှဉ်နေခြင်း ဖြစ်သည်။ လင်းဇီချန်က သူမရှေ့သို့ လျှောက်လာပြီး ရပ်လိုက်ကာ ရှုပ်ပွေနေသောဆံပင်များကို ညင်သာစွာပြန်ပြင်ပေးလိုက်ပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။

''မတူဘူး။ ငါ့အစွမ်းက င့ါရဲ့ အားကောင်းတဲ့ခန္ဓာကိုယ်နဲ့ ချီဓာတ်ပေါများတာလေ။ သာမန်လူထက် နည်းနည်းပဲအိပ်ဖို့လိုတာ။ ငါနဲ့ နှိုင်းယှဉ်စရာမလိုပါဘူး။''

''အားလုံးမှာ ကိုယ်ပိုင်အစွမ်းတွေရှိပါတယ်။ ဥပမာအထူးတည်ဆောက်ပုံကို ပြောရရင် မင်းရဲ့အသားအရေက နူးညံ့ပြီး ချွေးကတောင်မွှေးတယ်လေ။ အဲ့တာအပြင် လေ့ကျင့်ခန်းခပ်ပြင်းပြင်းလုပ်ရင် အားက နေ့တိုင်းတိုးနေတာလေ။ ဒါပေမဲ့ ကြွက်သားတွေကကျ တောင့်တင်းပြီးဖောင်းမလာဘူး။ မင်းပုံစံလေးအတိုင်း သေးသေးသွယ်သွယ်လေးနဲ့ လှနေတာ။ အခြားမိန်းကလေးတွေ မနာလိုဖြစ်တယ်လေ။''

''မင်းတကယ်ပဲ စောစောထချင်တယ်ဆိုရင် အခုကစပြီး ဆယ်နာရီဝန်းကျင်လောက်ဆို စောစောအိပ်။ စောစောအိပ်ပြီး စောစောထပေါ့။''

''အဲ့လိုမလုပ်ဘူး။ ငါကတော့ စောစောထရတာထက် နင်နဲ့အတူအိပ်ရတာကိုပဲ ပိုကြိုက်တယ်။''

ရှန်ချင်းဟန်က ပျင်းရိစွာဖြင့် ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက်တွင် သူမသည် ခြေဖျားထောက်ကာ လင်းဇီချန်၏နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး အပြုံးချိုချိုလေးဖြင့် ပြောလိုက်သည်။

''ဒါက ငါ့ရဲ့မနက်ခင်းအနမ်းလေ။ အခုကစပြီး ငါတို့ နေ့တိုင်း ဒီလိုမျိုးနမ်းကြမယ်။''

လင်းဇီချန်က ပြုံးကာ သူမ၏ပါးလေးကို ဖျစ်ညှစ်၍ တိုက်တွန်းလိုက်သည်။

''မြန်မြန်သွားတိုက်။ မဟုတ်ရင် အချိန်ကုန်ပြီး အတန်းကို ပြေးလွှားတက်နေရမယ်။ အဲ့လိုဆို ချွေးထွက်လာလိမ့်မယ်။''

''ကောင်းပြီ။ အချိန်တွေအများကြီးရှိသေးတာပဲ။''

ရှန်ချင်းဟန်က ထိုသို့ပြောသော်လည်း နာခံစွာဖြင့် အခန်းထဲပြန်၍ ဖိနပ်ပါးလေးစီးကာ ရေချိုးခန်းဆီသွားပြီး သွားတိုက်၍ မျက်နှာသစ်သန့်စင်သည်။

…

နာရီဝက်ခန့် ကြာပြီးနောက်တွင် မနက်စာစားပြီးနောက် နှစ်ဦးသား အိမ်မှ အတူတကွ ထွက်ကြသည်။ အဆောင်လှေကားများဆီသို့ရောက်ပြီး လမ်းခွဲခါနီးအချိန်တွင် ရင်းနှီးသောပုံရိပ်နှစ်ခုက လမ်းပိတ်ထားသည်။ အထက်တန်းကျောင်းမှသူငယ်ချင်းဖြစ်သော လုကန်နှင့်ဝမ်ရှုကျယ်တို့ပင် ဖြစ်၏။ နှစ်ယောက်ထဲမှ ခန္ဓာကိုယ်သန်မာသောလုကန်က ဦးစွာ ပြောလိုက်သည်။

''လင်းဇီချန် အချိန်နည်းနည်းယူလို့ရမလား။ ငါမင်းကို မေးစရာရှိလို့။''

''ပြောပါ။''

လင်းဇီချန်က တစ်မူထူးခြားစွာ ပြန်ဖြေလိုက်သည်။

လုကန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ခက်ထန်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

''ငါနဲ့ ဝမ်ရှုကျယ်ကို မကြိုက်တဲ့စီနီယာတစ်ယောက် ရှိတယ်။ သူက ငါတို့ထက် အားကောင်းတာကို အခွင့်ကောင်းယူပြီး နေ့တိုင်း ငါတို့ကို ပစ်မှတ်ထားနေတယ်။ ငါတို့အခက်အခဲဖြစ်ရတယ်။ ငါတို့အတွက် ရပ်တည်ပေးနိုင်မလား။''

''မင်းက ဒီနှစ်အတွက် လူသစ်ဘုရင်လေ။ အဲ့စီနီယာက မင်းဆိုရင် သေချာပေါက်ထိရဲမှာမဟုတ်ဘူး။ မျက်နှာသာပေးမှာ။''

''ဒါပေါ့။ မင်းအကူအညီကို ငါတို့ အလဟဿ မဖြစ်စေရပါဘူး။''

လုကန်သည် သယ်ထားသောအိတ်တစ်အိတ်ကို ပေးကာ ထပ်ပြောလိုက်သည်။

''ဒီအိတ်ထဲမှာ ဝိညာဉ်သီးအမျိုးအစားအများကြီးရှိတယ်။ အချို့က အလှအပနဲ့အသားအရေအတွက်။ အချို့က စိတ်တည်ငြိမ်စေဖို့နဲ့ ဦးနှောက်လန်းဆန်းသွားဖို့အတွက်။ အချို့ကကျ သွေးနဲ့သက်လုံကောင်းပြီး တိုးတက်လာစေဖို့အတွက်။ ငါ့အဖေက ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အတွက် ပို့ပေးလိုက်တာ။ အားလုံးကို မင်းကိုပေးမယ်။ မင်း ငါတို့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။''

ပြောပြီးသောအခါတွင် ဝမ်ရှုကျယ်က သူ၏မာနကို ဘေးချ၍ နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

''လင်းဇီချန် ငါတို့က မရင်းနှီးဘူးဆိုပေမဲ့လို့ အထက်တန်းအတန်းဖော်ဆိုတဲ့နာမည်အမည်ခံနဲ့ ငါတို့ကို ဒီတစ်ခေါက် ကူညီပေးလို့ရမလား။''

၎င်းတို့သည် မူလအတန်းဖော်များဖြစ်သည်ကို တွေးမိကာ ဝိညာဉ်သီးအိတ်တစ်အိတ်လည်း ပါသောကြောင့် လင်းဇီချန်က တောင်းဆိုမှုကို သဘောတူနိုင်မည်ဟု ခံစားမိသည်။

သို့သော် ချက်ချင်းသဘောမတူပေ။ ထို့အစား မေးလိုက်သည်။

''အဲ့စီနီယာရဲ့စွမ်းအားအဆင့်က ဘယ်လောက်လဲ။''

''ငါတို့သိသလောက်ဆို အဲ့လူက မင်းလောက်နီးပါး အားကြီးတယ်။ အခြေခံအဆင့် အဆင့်ခြောက်လောက်ပေါ့။''

ဝမ်ရှုကျယ်က ပြန်ဖြေလိုက်သည်။

အခြေခံအဆင့် အဆင့်ခြောက်လော။

ကိုင်တွယ်ရန် ခက်ခဲမည်မဟုတ်ပေ။

စဉ်းစားရင်းဖြင့် လင်းဇီချန်က ပြောလိုက်သည်။

''ကောင်းပြီလေ။ ညနေငါးနာရီခွဲကျ သန့်စင်လူသားသုတေသနတက္ကသိုလ်ဂိတ်ပေါက်မှာ ငါနဲ့ လာဆုံပါ။ မင်းတို့အတွက် ဖြေရှင်းပေးမယ်။''

သဘောတူလိုက်သောကြောင့် လုကန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိကာ အလေးအနက်ဖြင့် ပြောလိုက်သည်။

''လင်းဇီချန် နောင်ကျရင် ငါတို့ဆီက အကူအညီလိုအပ်ရင် အချိန်မရွေးငါတို့ကို ပြော။ ရတယ်။''

ဝမ်ရှုကျယ်ကလည်း ပြောလိုက်လေသည်။

''ငါရောအတူတူပဲ။''

လင်းဇီချန်က ပြောလိုက်၏။

''အားထုတ်မှုသေးသေးလေးတင်ပါ။''

လုကန်သည် ကိုင်ထားသောအိတ်ကိုပေးကာ ပြောလိုက်သည်။

''လင်းဇီချန် ကျေးဇူးပြုပြီး ဒီဝိညာဉ်သီးအိတ်ကို လက်ခံပေးပါ။''

''အဲ့လိုဆို ငါယဉ်ကျေးမနေတော့ဘူး။''

လင်းဇီချန်က လုကန်ဆီမှ အိတ်ကို လက်ခံလိုက်သည်။

လုကန်က သတိပေးလိုက်လေသည်။

''ဪ အိတ်ထဲက ဝိညာဉ်သီးက အမျိုးအစားသုံးမျိုးရှိတယ်။''

''အခွံအဖြူနဲ့ဟာက အလှအပအတွက်။ အပြာရောင်အသီးက စိတ်တည်ငြိမ်ပြီးဦးနှောက်ကြည်စေဖို့အတွက်။ အနီရောင်အသီးကကျ သွေးနဲ့သက်စောင့်စွမ်း တိုးတက်စေဖို့အတွက်။ မင်းတို့နှစ်ယောက် မှားမစားမိစေနဲ့ဦး။''

''အထူးသဖြင့် အထဲမှာရှိတဲ့အနီရောင်အသီးက သွေးနဲ့သက်စောင့်စွမ်းကို အတန်ငယ်အားကောင်းစေတယ်။ မိန်းကလေးတွေစားရင်တော့ ပြောင်းပြန်အာနိသင်မျိုးရှိတယ်။''

လုကန်က ထပ်ပြောလိုက်သည်။

''ပြီးတော့ အနီရောင်အသီးကို အများကြီးမစားလိုက်နဲ့ဦး။ အများဆုံးတစ်နေ့ကို တစ်လုံးပဲ။ မဟုတ်ရင် အဲ့တာက ဒေါသကိုထွက်လွယ်စေတယ်။''

လင်းဇီချန်က ပြောလိုက်သည်။

''ကောင်းပြီ။ ငါသဘောပေါက်ပြီ။''

''အဲ့လိုဆို အခု ငါဝမ်ရှုကျယ်နဲ့ ပြန်လိုက်ဦးမယ်။ ညနေငါးနာရီခွဲကျတွေ့ကြမယ်။''

ထိုသို့ပြောပြီးနောက်တွင် လုကန်နှင့် ဝမ်ရှုကျယ်သည် လှည့်ထွက်သွားကြ၏။

ထိုနှစ်ဦးထွက်သွားသည်ကို ကြည့်ကာ ရှန်ချင်းဟန်က ချက်ချင်းပင် စပ်စုစွာဖြင့် လင်းဇီချန်ကို ပြောလိုက်သည်။

''ရှောင်ချန်း အိတ်ကိုဖွင့်ပြီး ဝိညာဉ်သီးတွေကို ကြည့်ကြည့်ရအောင်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမစားဖူးဘူး။''

''အဲ့လိုဆို မင်းတစ်လုံးယူသွား။ လမ်းမှာစားဖို့။''

လင်းဇီချန်က ပြောလိုက်သည်။

လင်းဇီချန်က အိတ်ကိုဖွင့်၍ အဖြူရောင်အသီးတစ်လုံးကို ရှန်ချင်းဟန်စားရန် ပေးလိုက်သည်။

ရှန်ချင်းဟန်က ခေါင်းငုံ့၍ အိတ်အတွင်းသို့ ကြည့်လိုက်ပြီး ပြောလိုက်၏။

''သေးသေးလေးပဲပေး။ အရမ်းကြီးလွန်းရင် ငါစားလို့ကုန်မှာမဟုတ်ဘူး။''

''ကောင်းပြီ။ အဲ့တာဆို မင်းအတွက် အသေးတစ်လုံးပေးမယ်။''

ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်က အိတ်ထဲသို့ ရှာကြည့်လိုက်သည်။ ခေတ္တမျှရှာကြည့်ပြီးနောက်တွင် အိတ်အောက်ခြေမှ အနီရောင်ဝိညာဉ်သီးတစ်လုံးက သူ၏အာရုံကို ဖမ်းစားသွားသည်။

ကြက်ဥအရွယ်အစားမျှသာရှိပြီး တိရစ္ဆာန်တစ်ကောင်၏နှလုံးသားကဲ့သို့ အပေါ်မှ သွေးကြောများအုပ်ထားဟန်တူသည်။

ရှန်ချင်းဟန်သည်လည်း ထူးဆန်းသောဝိညာဉ်သီးကို သတိထားမိကာ မျက်မှောင်အသာကြုတ်ပြီး ပြောလိုက်သည်။

''ဇီချန် အောက်က ဒီအနီရောင်သီးက စိတ်ပျက်စရာကြီး။''

လုကန်သည် ထိုဝိညာဉ်သီးကို အထူးအလေးပေးပြောသွားသော်လည်း ပုံစံက စိတ်ပျက်စရာကောင်းနေလိမ့်မည်ဟု ထင်မထားမိပေ။ အခွံက ရှုံ့တွနေ၏။

ပိုးကိုက်ထားသည့်အသီးနှင့်ပင် တူ၍ စားချင်စိတ်ပင် ကုန်ဆုံးစေသည်။ လင်းဇီချန်သည်လည်း ထိုအသီးမှာ စိတ်ပျက်စရာကောင်းသည်ဟု ထင်မိသည်။ သို့သော် စပ်စုလိုစိတ်ကြောင့် အသီးကို အိတ်ထဲမှ ထုတ်၍ အနီးကပ်ကြည့်ကြည့်လိုက်သည်။ ထူးဆန်းသောအသီးကို ကိုက်ကြည့်ခါနီးတွင်ပင် ရုတ်တရက် စိတ်ထဲမှ အန္တရာယ်သိမြင်ခြင်းစွမ်းအားက သိသာစွာ ခုန်ထွက်လာသည်။

ထို့နောက်တွင် သတိပေးစာတန်းက လေထဲတွင်ပေါ်လာသည်။

(သင်သည် အဆင့်မြင့်သစ်ပင်မိစ္ဆာကုအစေ့ကို စားရန် ဆန္ဒရှိပါသလား။)

သစ်ပင်မိစ္ဆာဟုတ်လား။

ဘာလဲကုအ‌စေ့။

စားလို့ရတာလား။

ဘာဖြစ်မှာလဲ။

ဂမ္ဘီရသစ်ပင်ဂိုဏ်းမဟုတ်ဘူးလား။

အစပိုင်းတွင် ထူးဆန်းနေပြီးနောက်တွင် ရုတ်တရက် အန္တရာယ်ကြိုသိမြင်ခြင်းက ခုန်ထွက်လာသည်ကို အမှတ်ရကာ တစ်ခုခုလွဲနေကြောင်းကို ချက်ချင်းသဘောပေါက်သွားသည်။ ထိုအချိန်တွင် လုကန်နှင့် ဝမ်ရှုကျယ် ဝေးဝေးသို့ လျှောက်မသွားသေးပေ။ မီတာနှစ်ရာအကွာအဝေးတွင်သာ ရှိသေးသည်။

တွန့်ဆုတ်မနေဘဲ လင်းဇီချန်သည် အမြန်ခြေလှမ်းလှမ်းကာ ချက်ချင်းပင် နှစ်ဦးရှေ့၌ ပေါ်လာပြီး လမ်းပိတ်လိုက်သည်။

''မင်းတို့နှစ်ယောက် ဘယ်မှမသွားနဲ့ဦး''

''ဘာဖြစ်လို့လဲ''

ဝမ်ရှုကျယ်က အတန်ငယ်တွေဝေသွားမိသည်။

၎င်းဘေးတွင် လုကန်၏မျက်လုံးက အလောတကြီးထွက်ပြေးရန် ရည်ရွယ်ချက်မျိုးဖြင့် ဖြစ်နေသည်။

လင်းဇီချန်က မေးခွန်းကို မဖြေသေးပေ။ ထို့အစား နောက်မှ ပြေးလာသည့်ရှန်ချင်းဟန်ကို အော်ပြောလိုက်သည်။

''ဟန်ဟန် ဆရာနဲ့ဆက်သွယ်ပြီး သူ့ကို ဒီလာဖို့ပြောလိုက်''

''ကောင်းပြီ၊ အခုပဲ သူနဲ့ ဆက်သွယ်လိုက်မယ်။''

ရှန်ချင်းဟန်က ပြန်ဖြေကာ ဖုန်းကိုထုတ်ယူပြီး ယွမ်သုန်ကျီဖြင့် ဆက်သွယ်လိုက်သည်။

အခြေအနေကို နားမလည်သော်လည်း ကိစ္စမရှိပေ။ တစ်ခုကိုသာ သိထားသည်။ လင်းဇီချန်၏ဦးဆောင်မှုနောက်လိုက်ခြင်းသည် မှန်ကန်သောလုပ်ရပ်ပင် ဖြစ်သည်ဆိုသည်ကိုပင်။

…

ရှန်ဟိုင်းမြို့အောက်ဖက်

မီတာနှစ်သောင်းအနက်တွင်ဖြစ်၏။

ကျယ်ပြန့်လှသည့် မြေအောက်နန်းတော်အလွတ်ကြီးထဲတွင် မျက်နှာဖုံးစွပ်ထားသည့် ခါးကိုင်းနေသောအဘိုးအိုတစ်ဦးက မြေကြီးတွင် စိုက်ထားသော ကြက်သွေးနီရောင်ကြိမ်ပင်ရှေ့တွင် ရပ်နေကာ ထူးဆန်းသောမန္တာန်များကို ရွတ်ဆိုနေသည်။ သူ့နောက်တွင် မျက်လုံးသုံးလုံးဘီလူကြီးနှင့် သန္ဓေပြောင်းကြွက်ကြီးတစ်ကောင် ရှိသည်။ မျက်လုံးသုံးလုံးဘီလူးနှင့် ကြွက်ကြီးသည် အတန်ငယ်တိတ်ဆိတ်နေကာ အကြီးအကဲကို မနှောင့်ယှက်မိအောင် သတိထား၍ နေနေသည်။

အချိန်က အတိုင်းမသိစွာ ကုန်ဆုံးနေသည်။

အကြီးအကဲက မန္တာန်ရွတ်ဆိုနေဆဲဖြစ်ကာ ဖြည်းဖြည်းချင်းဖြင့် ပိတ်ထားသောမျက်လုံးများကို ဖွင့်လိုက်ပြီး အက်ကွဲသောလေသံဖြင့် ပြောလိုက်သည်။

''ပြီးပြီ။''

ပြောရင်းဖြင့် ကြက်သွေးနီရောင်ကြိမ်ပြင်သည် ဖြည်းဖြည်းချင်း မြေကြီးထဲသို့ ထိုးဖောက်သွားကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။ နောက်တွင် မြေကြီးသည် ကြောက်စရာကောင်းသလှသော ပင့်ကူအိမ်သဖွယ် အက်ကြောင်းနှင့်အတူ အက်ကွဲသွားကာ မိုးခြိမ်းသံတမျှအသံကြီးနှင့် ပက်ကြားအက်ကြီးဖြစ်သွားပြီး ကြီးမားသောအပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။

အပေါက်ထဲတွင် မည်းမှောင်နေကာ ဘာမှမမြင်ရပေ။

''နှစ်ဖက်လုံးက သွေးမျိုးဆက်စွမ်းအားကိုဩဒိနိတ်အမှတ်တွေကို ချိတ်ဆက်ပြီး သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို အောင်အောင်မြင်မြင် ဖွင့်လိုက်နိုင်ပြီ။''

''ပြီးတော့ ငါတို့ ဒီသွေးမျိုးဆက်စွမ်းအားလမ်းကြောင်း တည်ငြိမ်အောင် စောင့်ဖို့လိုတယ်။ ပြီးမှ အရင်းအမြစ်နယ်မြေ နံပါတ် (၃၆)နဲ့ အပြည့်အဝဆက်သွယ်နိုင်မယ်။''

''အဲ့အချိန်ဆို မူလနယ်မြေကသက်ရှိတွေကိုလည်း ဒီကမ္ဘာမြေကို အဆက်မပြတ် သယ်ပို့ပေးလို့ရနိုင်ပြီ။''

အသက်ကြီးကြီးလူက အက်ကွဲနေသောလေသံဖြင့် ဆိုလိုက်ပေသည်။

အခန်း (၁၇၉) - သံတိုင်နောက်တွင်အဆုံးသတ်သွားသောဉာဏ်ကြီးရှင်များ

မိနစ်ဝက်အတွင်းပင် ယွမ်သုန်ကျီ ရောက်လာသည်။ သူမ၏ဝင်ရောက်လာမှုက ရိုးရှင်းကာ ရက်စက်သည်။ အမြင့်မှ ပျံသန်းလာပြီး ဖြည်းဖြည်းချင်း အောက်ဆင်းလာခြင်းဖြစ်သည်။ ရှန်ချင်းဟန်ဘေးတွင် ဆင်းသက်လိုက်၏။

အဆင့်မြင့်အဆင့်သက်ရှိသည် ဝိညာဉ်စွမ်းအားဖြင့် ပစ္စည်းများကို လေထဲတွင် ရွေ့နိုင်သည်။ ရွေ့နိုင်သောပစ္စည်းသည် ကိုယ်တိုင်ဖြစ်နေပါလျှင် လေထဲတွင် ဈာန်ဖြင့်ပျံသန်းခြင်းဟု ခေါ်သည်။

''ဘာဖြစ်တာလဲ။''

ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို မေးလိုက်သည်။

ရှန်ချင်းဟန်က ဝီချက်တွင် အရေးပေါ်ကိစ္စဖြစ်နေ၍ အမြန်ဆုံးလာကြည့်ရန်လိုကြောင်း ပြောထားခဲ့သည်။ ကိစ္စအတွက်မူ ရှန်ချင်းဟန်ကိုယ်တိုင်လည်းမသိပေ။ သူမသည် သတင်းပေးယုံသက်သက်သာ ဖြစ်သည်။

''ကျောင်းအုပ်ယွမ် ဒီလူနှစ်ယောက်က အကူအညီလာတောင်းတယ်။ ပြီးတော့ ဝိညာဉ်သီးအိတ်တစ်အိတ်ပေးတယ်။ အထဲမှာ ဒီအနီရောင်အသီးရှိနေတာ။ ဒီနည်းလမ်းက ကျောင်းသားတွေကို ဖိအားပေးပြီး ဂမ္ဘီရသစ်ပင်ဂိုဏ်းထဲဝင်ခိုင်းတဲ့နည်းလမ်းလို့ သံသယရှိလို့ပါ။''

လင်းဇီချန်က အဖြစ်အပျက်ကို အတိုချုံးရှင်းပြလိုက်သည်။ ယွမ်သုန်ကျီသည် နားထောင်၍ မဆုံးခင်တွင်ပင် လက်ထဲမှအသီးကို ကြည့်လိုက်သည်။ သူမက ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သစ်ပင်မိစ္ဆာကုအစေ့ပင် ဖြစ်၏။

ထို့ထက်ပိုသည်မှာ ကြက်ဥအရွယ်အစားမျှရှိသည့် အဆင့်မြင့်သစ်ပင်မိစ္ဆာကုအစေ့ပင် ဖြစ်လေသည်။

ဂမ္ဘီရသစ်ပင်ဂိုဏ်းက လူသစ်တွေကို ထိန်းချုပ်ဖို့ ထိအဲ့နည်းလမ်းကိုသုံးနေတာလား။ စဉ်းစားကြည့်ရင်းဖြင့် ယွမ်သုန်ကျီက လင်းဇီချန်လက်ထဲမှ အနီရောင်အသီးကိုယူလိုက်သည်။ သံသယရှိသောကြောင့် အတည်ပြုကြည့်လိုက်သောအခါတွင် အမှန်ပင် သစ်ပင်မိစ္ဆာကုအစေ့ဖြစ်နေသည်။ ယွမ်သုန်ကျီက လင်းဇီချန်ကို ပြောလိုက်၏။

''မင်းလက်ထဲကအသီးက တကယ်ပဲအဆိပ်သစ်ပင်က အစေ့ပဲ။ စားလိုက်မိတာနဲ့ စားတဲ့သူကို ထိန်းချုပ်လို့ရသွားပြီ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက လူစုဖို့သုံးတဲ့နည်းလမ်းတစ်ခုပဲ။''

စားမိရင် ထိန်းချုပ်မှုအောက် ရောက်သွားမှာလား။

အဲ့ကုအစေ့က အဆိပ်ရှိတာလား။

လုကန်နှင့် ဝမ်ရှုကျယ်သည် အမှန်ပင် ဆိုးဝါးသောသတ္တဝါများ ဖြစ်ကြသည်။

လင်းဇီချန် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။

ထို့နောက်တွင် လက်တွေ့အကဲဖြတ်ခြင်းပြီးနောက် လုကန်နှင့်ဝမ်ရှုကျယ်တို့ အလျင်စလိုဖြင့် ကျောင်းသို့ကားမောင်းသွားကြသည်ကိုလည်း အမှတ်ရသွား၏။ ယခုတွင် စဉ်းစားကြည့်သောအခါမှ ၎င်းတို့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းမှတစ်ယောက်ယောက်က ထိန်းချုပ်ထားသောကြောင့် စိတ်လွတ်နေခြင်းဖြစ်ပေမည်။ လင်းဇီချန်က ထိုအကြောင်းကို ယွမ်သုန်ကျီကို ပြောပြ၏။

နားထောင်ကြည့်ပြီးနောက်တွင် ယွမ်သုန်ကျီက ခေါင်းညိတ်ပြလိုက်ပြီး မြေကြီးကို တစ်ချက်အသာထိလိုက်သည်။ သူမသည် လေထဲတွင် ဝဲနေသည်။ လုကန်နှင့်ဝမ်ရှုကျယ်တို့လည်း သူမနှင့်အတူ လေထဲတွင် ဝဲနေ၏။ ယွမ်သုန်ကျီ၏ဝိညာဉ်စွမ်းအားသည် ထိုနှစ်ဦးထံ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

''ကျောင်းအုပ်ယွမ် ကျွန်တော်တို့ ဖိအားပေးခံရတာပါ။''

''ကျောင်းအုပ်ယွမ်…ကျွန်တော်တို့…အမ်''

မကြာခင်ပင် နှစ်ဦးလုံးကို ယွမ်သုန်ကျီက ဝိညာဉ်စွမ်းအားသုံး၍ ပါးစပ်ပိတ်လိုက်ကာ လုံးဝတိတ်ဆိတ်သွားစေ၏။ ထို့နောက်တွင် မျက်နှာများက ဖျော့တော့သွားကာ ပျာယာခတ်သွားကြ၏။ နှစ်ဦးလုံး၏ကံကြမ္မာမှာ ချိတ်ပိတ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ရလဒ်ကမူ ကောင်းမည်မဟုတ်တော့ပေ။

ယွမ်သုန်ကျီသည် ထိုနှစ်ဦးကို အလေးမထားဘဲ အောက်မှ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ကြည့်လိုက်သည်။

''လူ့ဘောင်ထဲက အခြေအနေက အပြင်ပန်းမှာ မင်းတို့နှစ်ယောက် မြင်နိုင်တာထက် ပိုပြီးဆိုးတယ်။''

''မိစ္ဆာဒိဌိဂိုဏ်းတွေက နေရာအနှံ့မှာရှိတယ်။ နေရာအများကြီးမှာလည်း မိစ္ဆာဒိဌိတွေရှိသေးတယ်။''

''မင်းတို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်လုံးကို ထိုးဖောက်ကြည့်တတ်ဖို့လိုတယ်။ ဆရာတွေရော ကျောင်းအာဏာပိုင်တွေရော အကုန်အတူတူပဲ။''

''ဘာပဲဖြစ်ဖြစ် အခြားသူတွေကို အမြဲသတိထားနေပါ။''

ပြောရင်းဖြင့် ယွမ်သုန်ကျီသည် လင်းဇီချန်ကို ကြည့်လိုက်ကာ ထူးခြားစွာဖြင့် ပြောလိုက်သည်။

''အရင်ဆုံး ဒီနှစ်ယောက်ကို စစ်ဆေးဖို့ခေါ်သွားမယ်။ ရလဒ်ထွက်တာနဲ့ မင်းကို အကြောင်းကြားလိုက်မယ်။''

နှောင့်နှေးခြင်း အလျင်းမရှိဘဲ သူမသည် လုကန်နှင့်ဝမ်ရှုကျယ်ကို စီမံရေးဌာနအဆောက်အဦးဆီသို့ ခေါ်သွားသည်။

ပျံသန်းရခြင်းသည် ကောင်းပေမည်။

လင်းဇီချန်က ယွမ်သုန်ကျီပျံသန်းသွားသည်ကို ကြည့်ကာ အကြည့်တို့က အားကျမှုအပြည့်ဖြင့် ဖြစ်သည်။

''ရှောင်ချန် လုကန်နဲ့ဝမ်ရှုကျယ်တို့က ယုတ်မာလွန်းတယ်။ နင်က သူတို့ကို ကူညီဖို့စဉ်းစားနေသေးတယ်။ သူတို့ကတော့ နင့်ကို အန္တရာယ်ပေးဖို့တွေးနေကြတာ။''

ရှန်ချင်းဟန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

လင်းဇီချန်သည် အန္တရာယ်ကို ခံစားလိုက်ရသောကြောင့် အတန်ငယ်ကြောက်သွား၏။

လုကန်နှင့် ဝမ်ရှုကျယ်တို့က ရှန်ချင်းဟန်ကိုပစ်မှတ်ထား၍ သူမတစ်ယောက်တည်းရှိစဉ် တိုက်ခိုက်ပါလျှင် အကြံအစည်အောင်မြင်ပေလိမ့်မည်။

ထိုအတွေးဖြင့် သူက ရှန်ချင်းဟန်ကို သတိပေးလိုက်သည်။

''အဲ့နှစ်ယောက်က တကယ့်ကို မကောင်းဆိုးဝါးတွေပဲ။ နောင်ကျရင် ငါတို့သတိထားသင့်ပြီ။ ဘယ်တော့မှ သတိလွတ်သွားလို့မဖြစ်ဘူး။''

''အင်း။ ငါတို့သတိထားရမယ်။''

ရှန်ချင်းဟန်က အစာကောက်နေသောကြက်ကလေးကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

လင်းဇီချန်ကမူ ဘာမှထပ်မပြောတော့ဘဲ စဉ်းစားနေမိသည်။ ထူးချွန်လွန်ခြင်းက အန္တရာယ်များလွန်းသည်မှာ မုချပင်။ ယခုတွင် မိမိကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက ပစ်မှတ်ထားနေလေပြီ။

ကံကောင်းစွာဖြင့် အန္တရာယ်ကြိုသိမြင်ခြင်းနှင့် အသန်မာဆုံးအောင်မြင်မှုက သတိပေးသောကြောင့် လုကန်နှင့်ဝမ်ရှုကျယ်၏အကြံကို အချိန်မီသိလိုက်ရခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျရှုံးရပေတော့မည်။

ခံစားချက်များ အနည်းငယ်တည်ငြိမ်သွားပြီးနောက်တွင် လင်းဇီချန်သည် သယ်ထားသောဝိညဥ်သီးအိတ်ကို လွှင့်ပစ်လိုက်သည်။ အိတ်ထဲမှ ဝိညာဉ်သီးများကမူ ကောင်းပေလိမ့်မည်။

သို့သော် အန္တရာယ်ကင်းရန်အတွက် အားလုံးကို လွှင့်ပစ်လိုက်သည်က ပို၍ကောင်းပေမည်။ အသေးအဖွဲလေးအတွက် လောဘကြီးနေ၍ မဖြစ်ပေ။ ရှန်ချင်းဟန်ကမူ ဝိညာဉ်သီးအိတ်ကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည်ကို ရင်နာနာဖြင့် ကြည့်နေရသည်။ ဤသည်က ဖြုန်းတီးခြင်းသာ ဖြစ်၏။

ထိုသို့ဝိညာဉ်သီးအိတ်ကြီးသည် ငွေအနည်းငယ်မျှ တန်ကြေးရှိကာ လွှင့်ပစ်လိုက်ရခြင်းက နှမြောစရာကောင်းလှပေသည်။ ဝိညာဉ်သီးများက မကောင်းသည်ကို သိသောကြောင့် သူမဆိုလျှင်လည်း ထိုသို့လုပ်မိမည်သာ ဖြစ်သည်။ သို့သော် စိတ်ထဲတွင်မူ ငွေများကို မီးရှို့ရသကဲ့သို့ ခံစားနေမိ၏။

''အဲ့ဝိညာဉ်သီးတွေကိုမစားသင့်ဘူး။ လွှင့်ပစ်လိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုပဲ။ အမှိုက်ပုံးကိုကြည့်နေတာ တော်တော့''

လင်းဇီချန်က ရှန်ချင်းဟန်၏ပါးလေးကိုပုတ်၍ ပြုံးကာ ပြောလိုက်သည်။

''မင်းစားချင်တယ်ဆိုရင် နောင်ကျ ကျောင်းရဲ့ကျောင်းအမှတ်ဆိုင်ကနေ ဝယ်ကျွေးမယ်။''

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်သည်။

''မလိုပါဘူး။ ငါက မြည်းကြည့်ဖို့ စိတ်အားထက်သန်နေတာမဟုတ်ဘူး။ နည်းနည်းစပ်စုချင်ရုံတင်။ ဒီလောက်ပဲ။''

ဝိညာဉ်သီးများသည် ဈေးကြီးလှသောကြောင့် ကျောင်းအမှတ်များကို မဖြုန်းတီးစေလိုပေ။ ကျောင်းအမှတ်များကို ဆန်းကြယ်သားရဲသားဝယ်လိုက်သည်တွင် သုံးခြင်းက ပို၍ကောင်းသေးသည်။

လင်းဇီချန်သည်လည်း ဆန်းကြယ်သားရဲသားများကို စားနိုင်သောအစွမ်းရှိလာပြီဖြစ်ကာ ရင်းနှီးလိုက်လျှင် တန်ကြေးကြီးကြီးမားမား ပြန်ရနိုင်သည်။ ရင့်ကျက်သောအမျိုးသမီးတစ်ဦးသည် သူမအမျိုးသားလိုအပ်ချက်ကို ထိုသို့အမြဲစဉ်းစားပေးသင့်ပေသည်။ သူမသည် မရင့်ကျက်သေးသော်လည်း၊ လင်းဇီချန်နှင့်ဆက်ဆံရေးက လူကြီးဆက်ဆံရေးမျိုး မဖြစ်သေးသော်လည်း ထိုသို့ပင် တွေးလိုက်မိလေ၏။

အခန်း (၁၈၀) အကျဥ်းကျပါရမီရှင်

သို့သော် ထိုအချိန်တွင် ထိုကိစ္စသည် သူမစဉ်းစားနေမိသောအကြောင်းပင် ဖြစ်သည်။

စိတ်ထဲတွင် လင်းဇီချန်ကို သူမလက်ထပ်ယူထားသောခင်ပွန်းအဖြစ် မှတ်ယူနေပြီးဖြစ်၏။ သမူစဉ်းစားနေသည်ကိုလည်း လင်းဇီချန်က သိသည်။ သူမသည် သူ၏ကျောင်းအမှတ်များကို ဖြုန်းရန် တွန့်ဆုတ်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ပြုံး၍ ပြောလိုက်သည်။

''မင်းမစားချင်ပေမဲ့ ငါစားကြည့်ချင်လို့ပါ။''

ထိုသို့ပြောပြီးနောက်တွင် အချိန်ကပ်နေပြီဖြစ်သောကြောင့် ထပ်ပြောလိုက်သည်။

''ကောင်းပြီ။ အခုအတန်းသွားကြရအောင်။ မဟုတ်ရင် နောက်ကျတော့မယ်။ မင်းအတန်းပြီးလို့ အဆောင်ကို ပြန်ရောက်တဲ့အခါကျရင် မင်းအတွက် ငါသစ်သီးပြင်ပေးထားမယ်။''

''ကောင်းပြီ။ ငါမျှော်နေမယ်။''

ရှန်ချင်းဟန်က ချိုသာစွာ ပြုံးပြလိုက်သည်။

ပြောပြီးနောက်တွင် ဖုန်းမှနာရီကို ငုံ့ကြည့်လိုက်သောအခါ၌ အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွား၏။

မဖြစ်ပေ။

ငါးမိနစ်အတွင်း အတန်းသို့ ရောက်အောင် သွားရပေမည်။

‘နောက်ကျတော့မှာပဲ’

''ရှောင်ချန် ငါအတန်းနောက်ကျတော့မယ်။ သွားပြီ။ ဘိုင့်ဘိုင်။''

ရှန်ချင်းဟန်က တွန့်ဆုတ်စွာဖြင့် လက်ဝှေ့ယမ်းပြ၍ လင်းဇီချန်ကို နှုတ်ဆက်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ရှိရာသို့ အပြေးပင် ထွက်သွားလေသည်။ လင်းဇီချန်က သူမ၏ကျောပြင်လေးကို ကြည့်၍ လှမ်းအော်ပြောလိုက်သည်။

''ဖြည်းဖြည်းပြေး။ နောက်ကျလည်း ကိစ္စမရှိဘူး။''

ရှန်ချင်းဟန်က သူ၏အကြံကို လက်မခံဘဲ ပို၍မြန်မြန်သာ ပြေးသည်။

သူသည် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သောကြောင့် နောက်ကျ၍မဖြစ်ပေ။

လင်းဇီချန်က ပြုံးလိုက်မိကာ တက္ကသိုလ်ရှိရာသို့ ဦးတည်ထွက်လာခဲ့သည်။ လမ်းတွင် သူသည် ခရက်ဒစ်ဆိုင်ကိုဖွင့်ကြည့်ကာ ကျောင်းအမှတ်ငါးမှတ်သုံး၍ အာဟာရပြည့်ဝသောဝိညာဉ်သစ်သီးများစွာကို မှာလိုက်သည်။

…

သန့်စင်လူသားသုတေသနဌာနတွင် ဖြစ်၏။

လင်းဇီချန်ရောက်လျှင်ရောက်ချင်းပင် လျို့ချွမ်ဝူနှင့်စုန်ယွီယန်တို့ကို ဂမ္ဘီရဂိုဏ်းကို မိမိကို ပစ်မှတ်ထားနေသည့်အကြောင်းကို ပြောပြသည်။ လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့နှစ်ဦးကမူ အံ့ဩမသွားကြပေ။

စုန်ယွီယန်က ဦးစွာပြောလိုက်သည်။

''ကောလိပ်တွေမှာ အစွန်းရောက်တွေရှိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့လို့ အဲ့မိစ္ဆာဒိဌိတွေက ကျောင်းတက်နေတုန်း သူတို့ဘာသာ မထုတ်ပြတတ်ကြဘူး။ သူတို့က ပုံမှန်လေးလိုပဲ။ ဖြည်းဖြည်းချင်းနဲ့မှ လူသားအထက်တန်းလွှာထဲကို ဖြည်းဖြည်းချင်းထိုးဖောက်ဝင်ကြတာ။''

''အဲ့လိုဆို ပညာရေးနယ်ပယ် မဟုတ်လည်း အခြားနယ်ပယ်တွေမှာလည်း သူတို့ရဲ့လွှမ်းမိုးမှုက တဖြည်းဖြည်းပျံ့နှံ့နေပြီး လူသားမျိုးနွယ်ပေါ်ကို သက်ရောက်နေပြီပေါ့။''

''အဲ့မိစ္ဆာဒိဌိတွေက ခန့်မှန်းလို့မရဘူး။ ခြေရာခံလို့လည်းမရဘူး။''

''အပြင်ပန်းမှာတော့ သူတို့တွေက သာမန်လိုပဲ။ သူတို့မိစ္ဆာဒိဌိတွေအချင်းချင်း သတ်ဖို့ဝေးလို့။ လူသားမျိုးနွယ်တွေကိုကာပြီးတော့တောင် ပြောပေးတတ်ကြတယ်။ ဒါပေမဲ့ အတွင်းမှာကတော့ သူတို့က သစ္စာဖောက်တွေပဲ။''

''လတ်တလော မြို့တော်က အကြာကြီးအမှုထမ်းလာတဲ့ခေါင်းဆောင်တစ်ယောက်က မိစ္ဆာဒိဌိဆိုပြီး ထုတ်ဖော်ထားတယ်။ သူ့သင်ရိုးစာအုပ်တွေမှာတောင် သူ့ရဲ့အစီအစဉ်တွေကို ရောထည့်ထားတယ်။ ကျောင်းသားဘယ်လောက်ကို ဖျက်ဆီးပြီးပြီလဲဆိုတာကို မသိရသေးဘူး။''

စုန်ယွီယန်က ဆက်ပြောလိုက်သည်။

''ဒီနေ့ မင်းရင်ဆိုင်လိုက်ရဲ့အခြေအနေက အဆင့်နိမ့်ဗျူဟာလို့ စဉ်းစားလို့ရတယ်။ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းနည်းပြီး စွန့်စားမှုနှုန်းများတဲ့ဟာမျိုးပေါ့။''

''ဒီလိုမျိုးစွန့်စားတဲ့ဗျူဟာကို များသောအားဖြင့် မိစ္ဆာဒိဌိဂိုဏ်းကခေါင်းဆောင်းတွေကပဲ သုံးကြတာ။ သိပ်ပြီးမတန်တဲ့လက်အောက်ငယ်သားတွေကိုလွှတ်ပြီး ကြီးကြီးမားမားစွန့်စားခိုင်းတယ်။ အောင်မြင်နိုင်ဖို့ အခွင့်အရေးနည်းတဲ့ဟာတွေကို ဆုကြေးမြင့်တာဝန်အဖြစ်ပေးကြတယ်။''

''အလုပ်ဖြစ်ရင်တော့ ကောင်းတာပေါ့။ မဖြစ်ရင်တော့ အလုပ်ထုတ်လိုက်တဲ့သဘောပေါ့။''

အလုပ်ထုတ်ပစ်သည့်သဘောပင်လော။

လင်းဇီချန်တစ်ယောက် ကြားလိုက်ရသောစကားကို အတော်လေးအံ့အားသင့်သွားသည်။

လုကန်းနှင့်ဝမ်ရှုကျဲတို့သည် ကျောင်းအဆင့် ထိပ်တန်းကျောင်းသားများဖြစ်ကြသော်လည်း ၎င်းတို့ကို အမြှောက်စာအဖြစ် အသုံးချနေဆဲဖြစ်သည်။

ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် လွန်စွာအဆင့်မြင့်ပုံပေါ်သည်။ ထိုအကြောင်းကို စဉ်းစားကြည့်ကာ စပ်စုစိတ်ဖြင့် မေးလိုက်မိသည်။

''အစ်မရန် အစ်မရော မိစ္ဆာဒိဌိတွေ ပစ်မှတ်ထားတာ ခံရဖူးလား။''

''ဒါပေါ့။''

စုန်ယွီယန်က ပြုံး၍ ပြောလိုက်သည်။

''မင်းရဲ့အစ်မရန်ကလည်း တစ်ခါက မြို့တော်ရဲ့ ဒုတိယအဆင့်ထိပ်တန်းကျောင်းသားလေ။ နာမည်ကြီးပါရမီရှင်ပဲကိုး။ ဘယ်မိစ္ဆာဒိဌိဂိုဏ်းက ငါ့ကို မလိုချင်ပဲနေမလဲ။''

ထိုသို့ပြောပြီးနောက်တွင် မဲ့ပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။

''ဒါပေမဲ့လို့ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး အခြားလူတစ်ယောက်ဖြစ်ကတည်းက ဘယ်မိစ္ဆာဒိဌိဂိုဏ်းကမှ ငါ့ကို အရေးမလုပ်ကြတော့ဘူး။ သတင်းကောင်းရဲ့ဝမ်းနည်းစရာတစ်စိတ်တစ်ပိုင်းပေါ့လေ။''

မှန်ပေသည်။ သွေးသန့်လူသားလမ်းစဉ်ကို မိစ္ဆာဒိဌိဂိုဏ်းများကပင် အထင်မကြီးကြပေ။ ခွေးများကပင် ခေါင်းခါတတ်ကြသည်။ မည်မျှနာမည်မကြီးလိုက်သနည်း။ ပစ်မှတ်ထားခံရသော လင်းဇီချန်အတွက်မူ သူသည် သွေးသန့်လူသားလမ်းစဉ်သို့ ဝင်ခါစပင်ရှိသောကြောင့် ပြန်လှည့်ရန် အခွင့်အရေးရှိသေးသည်။

ထို့အပြင် အစပိုင်းတွင် ချန်ပီယံအသစ်အဖြစ် စွမ်းစွမ်းတမံအရည်အချင်းပြသထားသည့်အတွက် အာရုံစိုက်ခံနေရခြင်း ဖြစ်၏။။

''ဇီချန် မိစ္ဆာဒိဌိတွေကို ခနထားလိုက်ပါ။ မင်းအဲ့လောက်စိတ်ပူစရာမလိုပါဘူး''

လျို့ချွမ်ဝူက ပြုံးကာ ဆက်ပြောလိုက်သည်။

''တကယ်တော့ မိစ္ဆာဒိဌိတော်တော်များများက ဂိုဏ်းထဲဝင်ဖို့ လှည့်စားခံခဲ့ကြရပြီး နည်းနည်းကပဲ ဖိအားပေးခံထားရတာ။ မင်းဘာသာ မှန်မှန်နေတာနဲ့ အဆင်ပြေမှာပါ။''

''အဲ့တာအပြင် မင်းတကယ်ပဲ လှည့်စားခံရတယ်ဆိုရင်တော့ ယွမ်သုန်ကျီကို အကူအညီတောင်းလိုက်။ သူက အချိန်မရွေး ဖြေရှင်းပေးနိုင်တယ်။''

''မင်းကို ဒုက္ခပေးချင်တဲ့ အဲ့အတန်းဖော်နှစ်ယောက်က ဖိအားပေးပြီးထိန်းချုပ်ခံထားရတာထက် ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အရင်းအမြစ်တွေကို မတွန်းလှန်နိုင်လို့ မိစ္ဆာဒိဌိဖြစ်လာကြတာဖြစ်မယ်။''

ပြောပြီးနောက်တွင် လျို့ချွမ်ဝူက လက်ခုပ်တီးကာ ပြောလိုက်သည်။

''ကောင်းပြီ။ ကိစ္စအသေးအဖွဲတွေကို ထပ်မပြောဘဲနေရအောင်။ အတွင်းကြောမှတ်တွေကို ဘယ်လိုဖွင့်မလဲပဲ ဆက်ပြီးသုတေသနလုပ်ရအောင်။''

…

အချိန်က ကုန်ဆုံးနေကာ သုံးဦးသား ဓာတ်ခွဲခန်းထဲတွင် စုဝေးပြီး တိုင်ပင်ဆွေးနွေးကာ လေ့လာနေကြသည်။ မနက် (၁၁) နာရီထိုးသောအခါတွင် လျို့ချွမ်ဝူသည် ချိန်းထားသည်ရှိသေးသောကြောင့် ဦးစွာပြန်သွားကာ သုတေသနလုပ်ခြင်း ရပ်သွားသည်။

ရလဒ်ကမူ ဗလာနိတ္ထိသာဖြစ်ပြီး မည်သည့်ရလဒ်မှ မရသေးပေ။

အတွင်းကြောမှတ်များဖွင့်ရန်မှာ စိန်ခေါ်သည့်တာဝန်တစ်ရပ်သာဖြစ်ပြီး ညတွင်းချင်း မအောင်မြင်နိုင်ပေ။ နှစ်ချီတိုင်းတာရန်လိုအပ်ချက်များ ရှိပေသည်။

သို့သော်လည်း လင်းဇီချန်အတွက်ကမူ သုတေသနလုပ်ငန်းစဉ်သည် အသီးအပွင့်များဝေဆာနေကာ လျို့ချွမ်ဝူနှင့်စုန်ယွီယန်တို့ ကျရှုံးထားသောအတွေ့အကြုံများမှ သင်ယူထားခြင်း ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့၏ မအောင်မြင်သောကြိုးပမ်းမှုနှင့်အတူ အနာဂတ်သုတေသနသည် များစွာအကျိုးအမြတ်ရမည်ဟု ယုံကြည်မိသည်။

''ဒါနဲ့ ဇီချန် ငါမင်းကို လျှို့ဝှက်ချက်တစ်ခု အကြွေးတင်နေတယ်ဆိုတာ မမေ့နဲ့။ ဒီနေ့ ငါ့ကို ဘာလျှို့ဝှက်ချက် မေးချင်တာရှိလဲ။''

စုန်ယွီယန်က ပြုံး၍ ပြောလိုက်သည်။

“အခုတော့မရှိသေးဘူး”

''ကောင်းပြီ။ အဲ့လိုဆို မနက်ဖြန်ကျ ထပ်ပြီးသတိပေးမယ်။ အချိန်ကိုမေ့ထားလိုက်တော့။''

‘သူက မနက်ဖြန် သတိထပ်ပေးဦးမှာလား’

‘နာရီအချက်ပေးသံကြီးလား သူက’

ထိုကိစ္စကြောင့် သူမနေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေရသည်ကို သိသောကြောင့် ခေတ္တမျှစဉ်းစားကာ ပြောလိုက်သည်။

''အစ်မရန် ရုတ်တရက်ကြီး လျှို့ဝှက်ချက်တစ်ခု မေးချင်လာတယ်။''

''ဘာလျှို့ဝှက်ချက်လဲ။''

''အစ်မက လူမျိုးရောထားတဲ့ ကပြားနဲ့တူတယ်။ မိဘတွေက ဘယ်ကလဲ။''

''ဒါကို မေးရတာလား''

All Chapters