အပိုင်း ၁၈၇-၁၈၉
Vol. 13 Ch. 187-189
အခန်း (၁၈၇) ရှန်ချင်းဟန်၏မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်း (၃)
ယွမ်သုန်ကျီက ပြုံးလိုက်လေသည်။
''သတင်းကောင်းကတော့ မင်းက သွေးမျိုးစပ်ပြောင်းလဲသူတွေထက် ပိုပြီးအဆင့်မြင့်ပြီး အားကောင်းတယ်ဆိုတာပဲ။ သူတို့လုပ်သလိုမျိုး သွေးမျိုးစပ်စရာမလိုတော့ဘူး။ မင်းက အဲ့ထက်တောင် ကောင်းကောင်းလုပ်နိုင်သေးတယ်။''
''တကယ်လား။''
ရှန်ချင်းဟန်တစ်ယောက် အပျော်လွန်သွားရှာသည်။
ယွမ်သုန်ကျီက ပြုံးလိုက်ကာ မျိုးရိုးဗီဇကျွန်ပြုခြင်းနှင့်ပက်သက်၍ ရှင်းပြသည်။
သူမက အချက်အလက်ကျကျ ရှင်းပြခြင်းဖြစ်သည်။
မျိုးရိုးဗီဇကျွန်ပြုခြင်းအကြောင်းနှင့်ပက်သက်၍ ခွဲခြမ်းပြ၏။
ရှန်ချင်းဟန်သည် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ရန် မလိုဘဲဖြင့် ဆန်းကြယ်သားရဲ၏စွမ်းအားများကို ရနိုင်ကာ တန်ပြန်သက်ရောက်မည်ကိုလည်း စိုးရိမ်စရာမလိုကြောင်း ပြောပြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ပြောသည်များကို နားထောင်ကာ နှစ်ယောက်လုံး အံ့အားသင့်နေကြသည်။ ထိုထဲတွင် ရှန်ချင်းဟန်၏လှပသောမျက်နှာလေးသည် စိတ်လှုပ်ရှားသဖြင့် နီရဲနေကာ သန်းချီတန်သည့်ထီဆုကြီးပေါက်သည်ထက်ပင် ပို၍စိတ်လှုပ်ရှားနေ၏။
သို့သော် မကြာခင်တွင် ယွမ်သုန်ကျီက ရေအေးတစ်ခွက်သောက်လိုက်ပြီး
''ချင်းဟန် အပျော်စောမနေနဲ့ဦး။ ဆရာရဲ့မှန်းဆချက်က တိကျတာမဟုတ်ဘူး။''
''ဘာပဲဖြစ်ဖြစ် မင်းက သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူထက် ပိုပြီးအဆင့်မြင့်တယ်။ အချိန်တစ်ခုအထိပဲ စောင့်ကြည့်ဖို့လိုတာပါ။''
''ဘယ်သွေးသန့်လူသားကမှ ဒီအတိုင်း အဟန့်အတားကိုဖြတ်ပြီး သာမန်သက်ရှိအဖြစ်ကနေ အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တာမျိုးကို မတွေ့ထားသေးဘူး။''
''အဟန့်အတားကို ဖြတ်နိုင်ဖို့ဆိုရင် ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ ဆင့်ကဲပြောင်းလဲဖို့လိုတယ်။''
''ပြီးတော့ မင်းလက်ရှိအခြေအနေက ဆန်းကြယ်သားရဲနဲ့ ပေါင်းစပ်လို့မရဘူး။ ဒါပေမဲ့လို့ ကျွန်ပြုပြီး စွမ်းအားတွေကို ယူလို့ရတယ်။''
''ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ မင်းက ခုထိ သွေးသန့်လူသားဖြစ်နေတုန်းပဲ။''
ထိုသို့ပြောကာ ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို မေးလိုက်သည်။
''မင်းစဉ်းစားမိလား။ မင်းက သွေးသန့်လူသားခန္ဓာကိုယ်နဲ့ပဲ သာမန်သက်ရှိအဟန့်အတားတွေကို ဖြတ်ကျော်နိုင်တယ်။''
ထိုမေးခွန်းသည် ရေခဲရေအပြည့်ဖြည့်ထားသောရေတစ်ပုံးဖြင့် ရှန်ချင်းဟန်ခေါင်းပေါ်မှ လောင်းချလိုက်ပြီး သူမ၏စိတ်လှုပ်ရှားပျော်ရွှင်မှုများကို ငြိမ်းသက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ကြီးစွာဝမ်းနည်းနေရာမှ များစွာပျော်ရွှင်သွားရသည်။ များစွာပျော်ရွှင်နေရာမှ ပြန်လည်၍ ကြီးစွာဝမ်းနည်းသွားရပြန်သည်။
ထိုသို့စိတ်ခံစားချက်အတက်အကျရိုလာကိုစတာစီးနေရခြင်းက ရှန်ချင်းဟန်ကို အတော်ကြာတိတ်ဆိတ်သွားစေကာ စကားပင် မပြောနိုင်ရှာတော့ပေ။
''စိတ်ပျက်မနေနဲ့။''
ယွမ်သုန်ကျီက သိမ်မွေ့စွာပြုံးပြလိုက်ပြီး
''ငါ့သဘောထားအရဆိုရင် မင်းရဲ့မျိုးရိုးဗီဇက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ကျွန်ပြုနိုင်တယ်ဆိုမှတော့ မင်းမျိုးစိတ်က ဂျယ်လီငါးဘုရင်ထက် ပိုပြီးအားကောင်းတယ်လို့ ဆိုလိုတာပဲ။''
''ပြီးတော့ မိုးပြာဂျယ်လီငါးဘုရင်ဆိုတာက အဆင့်မြင့်သက်ရှိမျိုးစိတ်နော်။''
''အဲ့တာကြောင့် မင်းမျိုးရိုးဗီဇနဲ့ကို သာမန်သက်ရှိအတားအဆီးတွေကို ဖြတ်ကျော်နိုင်စွမ်းရှိတယ်။''
ထိုသို့ပြောကာ ယွမ်သုန်ကျီက ရှန်ချင်းဟန်ပုခုံးပေါ်တွင် လက်တင်ပြီး သူမကို သိမ်မွေ့သောအမူအရာဖြင့် ကြည့်လိုက်သည်။
''မင်းက ကမ္ဘာပေါ်မှာ သာမန်သက်ရှိအဟန့်အတားတွေကို သွေးသန့်လူသားခန္ဓာကိုယ်နဲ့ ဖြတ်ကျော်ပြီး အဆင့်မြင့်သက်ရှိအဖြစ် ပြောင်းလဲနိုင်တဲ့ ပထမဆုံးသောသူဖြစ်တော့မှာ။''
'ကျွန်မ ကျွန်မ တကယ်ဖြစ်လာမှာလား။''
ယွမ်သုန်ကျီ၏စကားကို ကြားသောအခါတွင် ရှန်ချင်းဟန်၏စိတ်တစ်ခုလုံးက လည်သွားကာ အပြစ်ကင်းစင်သောကောင်မလေးကို ဂိုဏ်းခေါင်းဆောင်က လှည့်ဖျားလိုက်သကဲ့သို့ပင် ဖြစ်၏။
ယွမ်သုန်ကျီက အလေးအနက်ဖြင့် ဆိုလိုက်သည်။
''သွေးသန့်လူသားကသာ သာမန်သက်ရှိအတားအဆီးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် အဲ့လိုပထမဆုံးလုပ်နိုင်တဲ့သူက သေချာပေါက်မင်းပဲဖြစ်လိမ့်မယ်။''
လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက မိမိကို အထင်သေးနေသလား
စိတ်ထဲတွင် ပြောလိုက်မိသော်လည်း ယွမ်သုန်ကျီကို တည်ငြိမ်စွာဖြင့်မေးလိုက်၏။
''ကျောင်းအုပ်ယွမ်ပြောသလိုအရဆိုရင် ဟန်ဟန်က အခုကစပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်တော့မယ်လို့ ဆိုလိုတာပေါ့။''
ယွမ်သုန်ကျီက ခေါင်းခါပြလိုက်သည်။
''သူက သွေးသန့်လူသားလမ်းစဉ်ကို လျှောက်လို့မရဘူး။''
လင်းဇီချန်တစ်ယောက် ပဟေဠိဖြစ်နေမိသည်။
''မလျှောက်လို့မရဘူးလား။''
ယွမ်သုန်ကျီက စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
''သွေးသန့်လူသားလမ်းစဉ်ကိုလိုက်တဲ့သူက သူ့ရဲ့ခန္ဓာကိုယ်အားကောင်းမှုနဲ့ ချီသွေးကို အားကိုးရတယ်။ အဲ့နှစ်ခုလုံးက ချင်းဟန်ရဲ့အားနည်းချက်ဖြစ်နေတာပဲ။''
''အမျိုးအစားကို ထိန်းချုပ်နိုင်စွမ်းက ဝိညာဉ်စွမ်းအားနဲ့ ချိတ်ဆက်နေတယ်။ ပြီးတော့ ချင်းဟန်ရဲ့ မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းကလည်း ချွင်းချက်မဟုတ်ဘူးလေ။''
''အဲ့တာကြောင့် ချင်းဟန်ရဲ့ အနာဂတ်ဆင့်ကဲပြောင်းလဲခြင်းဦးတည်ရာက သူ့ရဲ့ဝိညာဉ်စွမ်းအားကို သန့်စင်ပြီး မျိုးရိုးဗီဇကျွန်ပြုခြင်းစွမ်းအားကို တိုးတက်အောင် လုပ်ဖို့ပဲ။ ပြီးတော့ ဆန်းကြယ်သားရဲမျိုးစိတ်ကို ပိုပြီးအားကောင်းအောင် လုပ်ဖို့ပဲ။''
''ဒါက အရင်ကမဖြစ်ခဲ့ဖူးတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ပဲ။ မျိုးရိုးဗီဇကျွန်ပြုခြင်းအစွမ်းရှိတဲ့ချင်းဟန်ပဲ တတ်နိုင်တယ်။ အခြားသူမတတ်နိုင်ဘူး။''
ယွမ်သုန်ကျီက ထပ်ပေါင်းထည့်ပြောလိုက်သည်။
''ချင်းဟန်က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်ပေမဲ့လို့ သူ့ရဲ့စွမ်းအားကို အဓိကတိုးတက်စေတဲ့အကြောင်းက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ ခွဲထုတ်လို့မရတာပဲ။''
''ဒါကို စဉ်းစားကြည့်ရင် ချင်းဟန်က ဆင့်ကဲပြောင်းလဲခြင်းကောလိပ် ဉာဏ်ကြီးရှင်အတန်းရဲ့ကျောင်းသားဖြစ်နေဦးမှာပဲ။ အပြင်မှာတော့ သူ့ကို သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူအဖြစ် သတ်မှတ်ထားရမှာပေါ့။''
''ဒီလျှို့ဝှက်ချက်ကို မင်းတို့နှစ်ယောက်ပဲ သိထားဦး။ ဘယ်သူ့ကိုမှ မပြောနဲ့။ မိဘတွေကိုတောင် မပြောနဲ့။''
ညွှန်ကြားပြီးနောက်တွင် ယွမ်သုန်ကျီက ရှန်ချင်းဟန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
''ချင်းဟန် မျိုးရိုးဗီဇကျွန်ပြုခြင်းစွမ်းအားနဲ့ပက်သက်ပြီး သုတသနလုပ်ရမှာတွေရှိသေးတယ်။ အဲ့တာကြောင့် အခုကစပြီး မင်းအားတဲ့အခါကျရင် ညရှစ်နာရီတိုင်း င့ါရုံးခန်းကိုလာပါ။ ငါတို့အတူတူ လေ့လာကြတာပေါ့။''
''ဟုတ်ကဲ့ ဆရာ။ ကျွန်မနားလည်ပါပြီ။''
ရှန်ချင်းဟန်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စံပြကျောင်းသား၏အမူအရာမျိုးကို ပြသနေသည်။
ယွမ်သုန်ကျီက အချိန်ကိုကြည့်လိုက်ကာ မြင်ရခဲသောသိမ်မွေ့မှုမျိုးဖြင့် ပြောလိုက်သည်။
''ကောင်းပြီ။ နောက်ကျနေပြီ။ နှစ်ယောက်လုံး ပြန်ပြီး နားတော့။''
''ကျောင်းအုပ်ယွမ် နှုတ်ဆက်ပါတယ်။''
''ဆရာ ဘိုင့်ဘိုင်။''
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ယွမ်သုန်ကျီကို ယဉ်ကျေးစွာဖြင့် လက်ပြလိုက်ပြီး ရုံးမှ အမြန်ပင် ထွက်သွားကြသည်။ နှစ်ဦးသား ထွက်သွားပြီးနောက်တွင် ယွမ်သုန်ကျီက စားပွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်ပြီး ဖခင်ဖြစ်သူ၏ဖုန်းနံပါတ်ကို ဆက်လိုက်သည်။
မကြာခင်ပင် ဖုန်းက ချိတ်ဆက်မိသွားကာ ယောင်္ကျားသံတစ်သံ ထွက်ပေါ်လာသည်။
''သုန်ကျီ ဘာလို့ အဲ့လောက်နောက်ကျမှ ဖုန်းခေါ်ရတာလဲ။''
''သမီးမှားဆက်လိုက်မိတာ။''
''ဪ အဲ့တာဆိုလည်း ဖုန်းချလိုက်တော့မယ်။ အဖေသူငယ်ချင်းတွေနဲ့ သောက်နေလို့။''
''အဖေ နည်းနည်းပဲသောက်နော်။''
''အင်းပါ အဖေသိပါတယ်။ မင်းအမေလို နားပူနားဆာမလုပ်ပါနဲဲ့ သခင်မလေးရဲ့။ အခုဖုန်းချလိုက်ပြီ။''
''တီ တီ တီ တီ---။''
စကားအနည်းငယ်ပြောပြီးနောက်တွင် ယွမ်သုန်ကျီက ဖခင်ဖြစ်သူဖုန်းခေါ်သည်ကို ချလိုက်၏။
သူမသည် ထိုအကြောင်းကိုစဉ်းစားလိုက်ပြီး အသက်နှစ်ရာရှိပြီဖြစ်သောဖခင်ကို ရှန်ချင်းဟန်၏အခြေအနေနှင့်ပက်သက်ပြီး မပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
ထိုလျှို့ဝှက်ချက်သည် တပည့်လေးနှင့်ပက်သက်သည့်လျှို့ဝှက်ချက်ဖြစ်သောကြောင့် သူမနှင့် တပည့်လေးတို့အတွဲသာ သိထားသင့်ပေသည်။ ပြဿနာတတ်မည်ကို ရှောင်ရှားရန်အတွက် လေးယောက်မြောက်လူသိရန် မလိုအပ်တော့ပေ။
အခန်း (၁၈၈) -အခြားသူ၏ချီသွေးကိုအဝေးမှထိန်းချုပ်ခြင်း (၁)
နောက်နေ့များတွင် အားလပ်သည့်အခါတိုင်း ရှန်ချင်းဟန်သည် ညရှစ်နာရီထိုး၌ ယွမ်သုန်ကျီ၏ရုံးခန်းသို့ သွားကာ သူမ၏ဆရာဖြစ်သူနှင့်အတူ မျိုးရိုးဗီဇကျွန်ပြုခြင်းကို လေ့လာကြသည်။
၎င်းတို့သည် လဝက်နီးပါးခန့် ထိုသုတေသနပေါ်တွင် အာရုံစိုက်ထားကြ၏။
ထိုအချိန်အတောအတွင်းတွင် ရှန်ချင်းဟန်၏ခန္ဓာကိုယ်က ထူးခြားသည့်မည်သည့်လက္ခဏာကိုမှ မပြပေ။
သူမကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို သူမ၏မျိုးရိုးဗီဇက တင်းကြပ်စွာထိန်းချုပ်ထားလေသည်။ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်၏လှုပ်ရှားမှုတိုင်းကို သူမ၏မျိုးစိတ်များက ချေမွပစ်သည်။
ကျန်ရှိနေသောမိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကလည်း နာခံသောကျွန်များအဖြစ်သာ လုပ်ဆောင်နေရှာသည်။
ရှန်ချင်းဟန်က တွေးလိုက်ရန်သာ လိုအပ်ကာ သူမဆန္ဒရှိသည့်အတိုင်း ဖော်ပြနိုင်သည်။
သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများပင် ထိုမြင်ကွင်းကိုမြင်လျှင် အားကျလွန်း၍ ငိုမိကြလိမ့်မည်။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများအတွက်မူ ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်ပေါင်းစပ်ခြင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ မတည်မငြိမ်ဖြစ်နိုင်ပေသည်။
ထိုအတောအတွင်းတွင် တည်ငြိမ်အောင်လုပ်ရန်အတွက် ဆေးများအဆက်မပြတ်သွင်းရန် လိုအပ်ကာ မူမမှန်သောပြောင်းလဲခြင်းများကို တားဆီးရန်ပင် ဖြစ်သည်။
မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းကို ပိုင်ဆိုင်ထားသောရှန်ချင်းဟန်ကမူ ထိုကိစ္စနှင့်ပက်သက်ပြီး လုံးဝစိတ်ပူစရာမလိုပေ။ ဆန်းကြယ်သားရဲ၏ မျိုးရိုးဗီဇကို စိတ်တိုင်းကျလွတ်လွတ်လပ်လပ် ခံစားနိုင်ပေသည်။
…
စီမံခန့်ခွဲရေးအဆောက်အဦးရှိ ကျောင်းအုပ်ရုံးခန်းတွင်၍ အလင်းရောင်က ခပ်ဖျဖျလေး လင်းနေသည်။
အဖြူရောင်ဖျော့ဖျော့လည်ထောင်အင်္ကျီကို ဝတ်ဆင်ထားသော ယွမ်သုန်ကျီသည် ရုံးခန်းထဲမှ ကုလားထိုင်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်နေပြီး အမူအရာက ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသောပုံပေါက်ပြီး မြင့်မြတ်သောအမျိုးသမီး၏အငွေ့အသက်မျိုး ထုတ်လွှတ်နေကာ ဆန့်ကျင့်ဘက်လိင်ကို ဆွဲဆောင်လွန်းလှသည်။
ဆန့်ကျင်ဘက်တွင်မူ ရှန်ချင်းဟန်သည် အပြာဖျော့ဂါဝန်လေးကိုဝတ်၍ မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ သန့်ရှင်းကာ ချုပ်တည်းထားဟန်ပေါက်သည်။
မတ်မတ်ထိုင်နေသော်လည်း စာသင်ခန်းထဲတွင် ရှေ့ဆုံးတန်း၌ ထိုင်နေသောကျောင်းသားနှင့် တူလှသည်။
ရှန်ချင်းဟန်နှင့် ယွမ်သုန်ကျီသည် ဆရာတပည့်ဆက်ဆံရေးမျိုး ရှိကြသော်လည်း မရင်းနှီးကြပေ။ အများဆုံးပြုမူဆက်ဆံသည်မှာ အခြေခံကျောင်းမှ ဆရာနှင့်တပည့်တို့ အလေးအနက်ထား၍ ဆက်ဆံသည့်ပုံစံမျိုးသာ ဖြစ်သည်။
''လာ ချင်းဟန်။ ငါမင်းကို သင်ပေးထားသလို ဝိညာဉ်စွမ်းအားသုံးပြီး ဘယ်ဘက်ခွက်ထဲကရေကို ညာဘက်ခွက်ထဲ ပြောင်းထည့်ကြည့်။''
ယွမ်သုန်ကျီက ပြောလိုက်ရင်းဖြင့် အသံက ပုံမှန်ထက် နူးညံ့ပျော့ပျောင်းနေသည်။
သူမသည် တပည့်လေးထံတွင် များစွာရင်းနှီးမြုပ်နှံထားကာ ၎င်းတို့၏ဆက်ဆံရေးကို ပို၍လေးနက်စေလိုပြီး သူမကိုပြုစုပျိုးထောင်ပေးချင်မိသည်။
''အင်း။ ကျွန်မစမ်းကြည့်လိုက်မယ်။''
ရှန်ချင်းဟန်က နူးညံ့သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
နောက်တွင်မူ သူမသည် အတွေးဖြင့် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို အသက်သွင်းလိုက်ကာ ဆံပင်က ချက်ချင်းပင် တောက်ပသောအပြာရောင်သို့ ပြောင်းသွားသည်။
ထို့နောက်တွင် တွေးလိုက်ယုံဖြင့် ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ဘယ်ဘက်ခွက်ထဲမှရေကို ဖြည်းဖြည်းချင်းဖြင့် ညာဘက်ခွက်ထဲသို့ ပြောင်းထည့်လိုက်သည်။
ဝိညာဉ်စွမ်းအားက အားနည်းသေးသောကြောင့် လေထဲတွင် ပစ္စည်းများကို ထိန်းချုပ်ရန် မလုံလောက်သေးပေ။ သာမန်အားဖြင့် သူမသည် ခွက်တစ်ခုမှရေကို အခြားခွက်တစ်ခုထဲသို့ မပြောင်းနိုင်ရှာသေးပေ။ သို့သော်လည်း မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်၏စွမ်းအားက သူမ၏စွမ်းအားကို တိုးတက်စေသောကြောင့် အားမထုတ်ရဘဲဖြင့်ပင် လုပ်ဆောင်နိုင်သည်။ ထို့အပြင် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သူမလောင်းလိုက်သောရေက ဖြည်းဖြည်းချင်းဖြင့် ပြီးပြည့်စုံစွာဖြင့် တစ်စက်ကလေးပင် ဖိတ်စင်ခြင်းမရှိဘဲ အခြားခွက်တစ်ခုထဲသို့ ရောက်သွားသည်။
ယွမ်သုန်ကျီက ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေရင်းဖြင့် အထင်ကြီးနေမိသည်။
သူမဘာသာ ပါရမီရှင်များထဲမှ ပါရမီရှင်ဟု ထင်ထားသော်လည်း ရှန်ချင်းဟန်ဖြင့် နှိုင်းစာလျှင် သာမန်မျှသာ ဖြစ်သည်။ သူမငယ်စဉ်အခါက ရေပြောင်းထည့်သည့်ဖြစ်စဉ်ကို သုံးလခန့်အချိန်ယူ၍ လေ့ကျင့်ခဲ့ရသော်လည်း ရှန်ချင်းဟန်ကမူ ချက်ချင်းပင် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်လိုက်သည်။
ရှန်ချင်းဟန်က လဝက်အတွင်းတွင်ပင် အောင်မြင်သွား၏။ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးလောက် ကွာဟနေပေသည်။ သူမမြင်လိုက်ရသည်ကို ကျေနပ်နေကာ ယွမ်သုန်ကျီတစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။
''မဆိုးဘူးပဲ။ မင်းရဲ့ ရေကိုထိန်းချုပ်နိုင်စွမ်းက ငါငယ်ငယ်တုန်းကထက် အများကြီး ပိုအားကောင်းတယ်။ အပြာရောင်က မဲနယ်ကို ပိုပြီးတောက်ပစေတာပဲ။ ''
''ဆရာက ကျွန်မကို မြှောက်ပင့်နေတာပဲ။''
ရှန်ချင်းဟန်က ပြောလိုက်လေ၏။
သူမသည် ယွမ်သုန်ကျီ၏ချီးကျူးမှုကြောင့် အနည်းငယ်မျှရှက်သွားမိသည်။ ရှက်ရှက်ဖြင့် လက်ချောင်းလေးများက နူးညံ့ပျော့ပျောင်းသောဆံပင်ကို ဆော့ကစားနေမိ၏။ ယွမ်သုန်ကျီကမူ တပည့်လေး၏ရှက်သွေးဖြာနေသောအမူအရာကို ကြည့်ကာ ပို၍မြတ်နိုးဖွယ်ကောင်းလှသည်ဟု ထင်မိသည်။
သူမက ဆက်ပြောလိုက်သည်။
''မနေ့ညက ငါမင်းကို သင်ပေးလိုက်တဲ့ ဝိညာဉ်စွမ်းအားသန့်စင်တဲ့နည်းလမ်းကို အိပ်ရာမဝင်ခင် တစ်နာရီလောက် လေ့ကျင့်ပေးရမယ်။''
''အဲ့တာမှ ခပ်ရေးရေးဖြစ်နေတဲ့ဝိညာဉ်စွမ်းအားကို စံချိန်စံညွှန်းတစ်ခုအထိ တိုးမြှင့်နိုင်မှာ။ ပြီးရင် အချိန်တစ်လလောက် ဝိညာဉ်သန့်စင်ခြင်းအခန်းထဲမှာ လေ့ကျင့်ကြမယ်။''
''ဝိညာဉ်သန့်စင်ခြင်းအခန်းထဲမှာ လေ့ကျင့်တာက မင်းရဲ့ဝိညာဉ်စွမ်းအားတွေကို လျင်လျင်မြန်မြန်တိုးတက်စေတယ်။ ဝိညာဉ်စွမ်းအားမြင့်လာတာနဲ့ အကွာအဝေးတစ်ခုအထိက ရေတင်မဟုတ်ဘဲနဲ့ အခြားသူခန္ဓာကိုယ်ထဲက ချီသွေးကိုပါ ထိိန်းချုပ်လို့ရနိုင်လာမယ်။''
''အကွာအဝေးတစ်ခုမှာရှိတဲ့ အခြားသူရဲ့ချီသွေးကိုပါ ထိန်းချုပ်နိုင်မယ်လို့ ဆိုလိုတာလား။''
''ဆိုလိုတာက ရင်ဆိုင်တိုက်ပွဲဖြစ်ကြရင် မင်းက အနည်းဆုံးတော့ ပြိုင်ဘက်ရဲ့ချီသွေးကို ဖရိုဖရဲစီးဆင်းအောင် ထိန်းချုပ်လို့ရမယ်။ မဟုတ်ရင် အဆိုးဆုံးအနေနဲ့ ပေါက်ကွဲအောင်လုပ်ပစ်ပြီး သေအောင်လုပ်လို့ရတယ်။ ရန်သူကိုသတ်ဖို့ အတွေးတစ်ခုနဲ့တင် လုပ်လို့ရပြီ။''
ယွမ်သုန်ကျီက နောက်ဆုံးစကားကို အားမာန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ရန်သူကို အတွေးဖြင့်ပင် သတ်နိုင်မည်လော။
ယွမ်သုန်ကျီ၏စကားကို ကြားသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အစစ်အမှန်မဟုတ်ဟု ခံစားလိုက်မိသည်။
လွန်ခဲ့သောလအနည်းငယ်က ကောလိပ်ဝင်ခွင့်စာမေးပွဲ လက်တွေ့စာမေးပွဲ၌ သူမသည် ဝက်ဝံရိုင်းကို ဖမ်းရန် ထောင်ချောက်ကြိုဆင်လိုက်သည်။ ဝါးချောင်းကိုချွန်ကာ သတိဖြင့်ချည်းကပ်ခဲ့ပြီး ထိုသက်ရှိက မိမိကို ပြန်ချသွားမည်ကို ကြောက်လန့်နေခဲ့သည်။
သို့သော် ယခုတွင်မူ လအနည်းငယ်ကြာပြီးနောက်တွင် သူမသည် အတွေးတစ်ခုတည်းဖြင့်ပင် သတ်နိုင်မည်လော။
သူမသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပေသည်။
ရှန်ချင်းဟန်သည် သူမကိုယ်တွင်း၌ စိတ်ခံစားချက်လှိုင်းတစ်ခုကို ခံစားလိုက်မိသည်။
သူမ၏အတွေးများကို သတိမထားမိဘဲ ယွမ်သုန်ကျီက အမြန်ပင် ဆက်ပြောနေသည်။
''အဝေးကနေ အခြားသူရဲ့ချီသွေးကို ထိန်းချုပ်နိုင်မဲ့အရည်အချင်းကို ငါက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နဲ့ဆင့်ကဲပြောင်းလဲပြီး တစ်နှစ်လောက်ကြာမှ တတ်မြောက်သွားတာ။ ဒါပေမဲ့ ငါ့ထက်ပိုတော်တဲ့မင်းကတော့ ဒီစာသင်နှစ်ဝက်မကုန်ခင် ကျွမ်းကျင်ဖို့ ရည်မှန်းချက်ထားပါ။ မင်းယုံကြည်ချက်ရှိရဲ့လား။''
''ဟုတ်ကဲ့။ ယုံကြည်ချက်ရှိပါတယ်။''
ရှန်ချင်းဟန်က တွန့်ဆုတ်ခြင်းမရှိဘဲ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
ယွမ်သုန်ကျီတစ်ယောက် အံ့ဩမိသော်လည်း စိတ်ချလိုက်ပေသည်။ သူမက ပြုံးကာ ပြောလိုက်သည်။
''ကောင်းပြီ။ ထိပ်တန်းပါရမီရှင်က ထိပ်တန်းယုံကြည်ချက် ရှိရမှာပေါ့။ ယုံကြည်ချက်မရှိတဲ့ပါရမီရှင်က အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာပဲ။ ပါရမီရှင်တစ်ယောက်က ဂုဏ်ယူဝံံ့ကြွားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိရမယ်။'’
အခန်း (၁၈၉) အခြားသူ၏ချီသွေးကိုအဝေးမှထိန်းချုပ်ခြင်း (၂)
ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်သည်။
ယွမ်သုန်ကျီရှေ့တွင် ခေါင်းညိတ်ပြခြင်းက သူမ၏လှုပ်ရှားမှုသင်္ကေတဖြစ်နေလေပြီ။
''ဒါနဲ့ ဆရာ ကျွန်မက ကောလိပ်ဝင်ခွင့်စာမေးပွဲတုန်းက သုတေသနအဆောက်အဦးဆီ ဆရာက လှိုင်းလုံးတွေပေါ်ကနေ လမ်းလျှောက်လာတာ တွေ့လိုက်တယ်။ အရမ်းကို အံ့ဩစရာကောင်းတယ်။ ကျွန်မလည်း အဲ့လို လှိုင်းလုံးတွေပေါ်လမ်းလျှောက်နိုင်ဖို့ အချိန်ဘယ်လောက်လောက် လေ့ကျင့်ရမှာလဲ။''
ရှန်ချင်းဟန်က ရှည်လျားစွာ မေးလိုက်သည်။
ယွမ်သုန်ကျီက ရယ်ကာ မေးလိုက်သည်။
''အဲ့နေ့တုန်းကလိုမျိုး လှိုင်းလုံးတွေပေါ်မှာ လမ်းလျှောက်သွားနိုင်တုန်းက ငါအသက်(၄၅)ရှိနေပြီ။ မင်းကတော့ အသက်သုံးဆယ်မပြည့်ခင် အဲ့လိုလုပ်နိုင်မယ် ထင်တာပဲ။ မင်းဘာသာမင်း ယုံကြည်ထားရမယ်။''
အသက်သုံးဆယ်မတိုင်ခင်လော။
ယွမ်သုန်ကျီပြောသည်ကို နားထောင်ရင်းဖြင့် ရှန်ချင်းဟန်တစ်ယောက် စိတ်လှုပ်ရှားလာသည်။
သူမဘဝတွင် တစ်စုံတစ်ဦးက သူမအတွက် ထိုသို့မျှော်လင့်ချက်ကြီးကြီးမားမား ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ တစ်မူထူးခြားသောခံစားချက်မျိုးလည်း ရနေသည်။
သူမအံ့အားသင့်နေသည်ကိုကြည့်၍ ယွမ်သုန်ကျီက ပြုံးလိုက်မိကာ တပည့်လေးက ချစ်စရာကောင်းလွန်းသည်ဟု ထင်မိသည်။
အမူအရာကင်းမဲ့ကာ မျက်နှာတည်ဖြင့်နေတတ်ပြီး၊ မြုံစိစိဖြင့်နေကာ ပစ္စည်းဥစ္စာများကိုလည်း စိတ်ဝင်စားခြင်းမရှိ၊ တစ်ခြားသူများ၏ဝမ်းနည်းပူဆွေးမှုကိုလည်း ကိုယ်ချင်းမစာတတ်၊ ခံစားချက်မရှိသောရေခဲတုံးကြီးနှင့်တူသည့် မူလနယ်မြေမှ ပထမတပည့်နှင့်မူ နည်းနည်းလေးမှပင် မတူပေ။
ထို့ကြောင့် စဉ်းစားရင်းဖြင့် ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို ပြောလိုက်သည်။
''ချင်းဟန် ဒီတစ်ခေါက်စာသင်နှစ်ဝက်ပြီးရင် မင်းရဲ့ မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းကို သုတေသနလုပ်ဖို့ အခြားဆန်းကြယ်သားရဲမျိုးစိတ်ကို ထိုးပေးမယ်။''
''ကောင်းပါပြီ၊ ကျွန်မနားလည်ပါပြီ ဆရာ။''
''နောက်ကျနေပြီ။ ဘာမှမရှိတော့ဘူးဆိုရင် စောစောပြန်ပြီးအနားယူတော့။''
''ဟုတ်ကဲ့ ဂွတ်ဘိုင် ဆရာ။''
နှုတ်ဆက်ပြီးနောက်တွင် ရှန်ချင်းဟန်က ရုံးခန်းထဲမှ အမြန်ပြန်လာခဲ့သည်။ သူမသည် လင်းဇီချန်ကို သတိရနေပြီဖြစ်၍ အိမ်ပြန်ပြီး သူနှင့်အတူ ရေချိုးကာ နှစ်ကိုယ်ကြားကမ္ဘာတွင် သာယာချင်နေပြီ ဖြစ်၏။
…
ကျုံးယွမ်အဆောက်အဦး နံပါတ် (၈)၊ အခန်းနံပါတ် (၆၀၃)၏ လသာဆောင်တွင် ဖြစ်သည်။ လင်းဇီချန်က ယောဂဖျာပေါ်တွင် တင်ပုလ္လင်ခွေချိတ်၍ ထိုင်နေပြီး ချွေးပြန်နေကာ ဒုတိယအကြိမ်မြောက် ကြွက်သားများကို သန့်စင်နေခြင်းဖြစ်သည်။
အချိန်တစ်ချို့ကြာပြီးနောက်တွင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ကာ အသက်ပြင်းပြင်းရှု၍ စိတ်သက်သာရာရသွားသောအပြုံးက မျက်နှာထက်တွင် ထွက်ပေါ်လာသည်။
ဒုတိယအကြိမ်မြောက် အသားသန့်စင်ခြင်း အောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်သည်။
နောက်တွင်မူ ဒုတိယအကြိမ်အရိုးသန့်စင်ခြင်းကိုလုပ်ဆောင်ရပေမည်။
သက်ဝင်ဆေးလုံး၏အကူအညီဖြင့် ပန်းတိုင်ငယ်လေးတစ်ခုသတ်မှတ်ကာ နှစ်လအတွင်းတွင် အောင်မြင်ရန် ရည်ရွယ်ထားပေသည်။
ထိုသို့စဉ်းစားမိပြီး မနေ့ညက ရှန်ချင်းဟန်ဆီမှ သင်ထားသည့် စိတ်သန့်စင်ခြင်းကျင့်စဉ်ကိုလည်း ကြိုးစားကြည့်ရပေဦးမည်။
ယခုတွင်မူ အားသွားပြီဖြစ်သောကြောင့် စမ်းကြည့်တော့မည် ဖြစ်၏။
ထိုသို့တွေးနေစဉ်တွင်ပင် လင်းဇီချန်က မျက်လုံးမှိတ်ထားပြီး မနေ့ညက ရှန်ချင်းဟန်သင်ပေးထားသောကျင့်စဉ်ကို ပြန်စဉ်းစားကြည့်သည်။ အသက်ရှုသံကို ငြိမ်အောင်ထားကာ စိတ်ကို ဘာမှမစဉ်းစားမိအောင်နေ၍ တရားထိုင်လိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် စာတန်းတစ်ခုက လေဟာနယ်ထဲတွင် ပေါ်လာသည်။
(ဝိညာဉ်စွမ်းအား ၁ +)
ဘာများဖြစ်မည်နည်း။
လင်းဇီချန်တစ်ယောက် အနည်းငယ်မျှ စိတ်ပျက်သွားသည်။ နာရီဝက်ခန့်တရားထိုင်ပြီးမှ ဝိညာဉ်စွမ်းအားအမှတ်တစ်မှတ်သာ တိုးသည်လော။ သင်္ချာပုစ္ဆာအချို့ ဖြေရှင်းပြီးနောက်တွင် ရသည့်အမှတ်လောက်ပင် မများပေ။
ထို့ကြောင့် စိတ်သန့်စင်ခြင်းကျင့်စဉ်သည် မိမိကဲ့သို့ လူမျိုးနှင့် မကိုက်ဟု ထင်မိသည်။
''ကျွီ…''
ဧည့်ခန်းထဲမှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။
ရှန်ချင်းဟန်ပြန်လာခြင်းပင် ဖြစ်သည်။ သူမသည် အိမ်နေရင်းစီးပန်းရောင်စလစ်ပါးဖိနပ်လေးကို အမြန်ပြောင်းဝတ်လိုက်ပြီး လသာဆောင်သို့ လျှောက်သွားသည်။ မကြာမီပင် လင်းဇီချန်ရှေ့၌ ရပ်ကာ ချိုသာသောအပြုံးလေးဖြင့် ပြောလိုက်သည်။
''ရှောင်ချန် နင့်အတွက် သတင်းကောင်းပါတယ်။''
''ဘာသတင်းကောင်းလဲ။''
လင်းဇီချန်က သူမကိုမော့ကြည့်၍ မေးလိုက်သည်။
လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမက ထူးဆန်းစွာပြုံးပြလိုက်ပြီး
''အခုမပြောပြသေးဘူး။ နင်သန့်စင်တာပြီးရင် ရေတူတူချိုးကြမယ်။ အဲ့ကျမှ ပြောပြမယ်။''
''အဲ့လိုဆို အခုရေသွားချိုးရအောင်။''
လင်းဇီချန်က မတ်တပ်ရပ်လိုက်ပြီး ရှန်ချင်းဟန်ကို ပွေ့ချီလိုက်သည်။ ယောဂဖျာကိုပင် မသိမ်းတော့ဘဲ ရေချိုးခန်းဆီသို့ ဦးတည်သွား၏။ သူ၏စပ်စုလိုစိတ်ကို တားဆီးမရတော့ပေ။ သတင်းကောင်းကို ချက်ချင်းသိချင်နေမိ၏။
…
ရေချိုးခန်းထဲတွင်မူ ရေချိုးပြီးရန် ဆယ်မိနစ်ကျော်ခန့်ကြာသည်။ နှစ်ဦးသား ရေစိမ်ဇလုံကြီးထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ရေနွေးနွေးလေး စိမ်နေသည်။ ခေတ္တမျှရေစိမ်ပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်ကို မေးရန် မစောင့်နိုင်တော့ပေ။
''အခုငါတို့ ရေစိမ်နေကြပြီဆိုတော့ သတင်းကောင်းကဘာလဲ။''
''သတင်းကောင်းက---။''
ရှန်ချင်းဟကန် ကျီစယ်လိုသည့်အတွက် ခေတ္တမျှရပ်ပြီးမှ ဆက်ပြောလေသည်။
''ငါက အခုရေကို ထိန်းချုပ်နိုင်သွားပြီ။''
လင်းဇီချန်က မျက်ခုံးပင့်လိုက်မိကာ အနည်းငယ်မျှ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။ ရှန်ချင်းဟန်သည် ထိုမျှမြန်မြန်ဖြင့် ရေကိုထိန်းချုပ်ရန် သင်ယူနိုင်လိမ့်မည်ဟု မထင်မိခဲ့ပေ။ နှာဘူးမလေးသည် ရေဖြင့်ကစားသည်မှာ ပါရမီထူးဟန်ပေါ်သည်။ သူမကို သာမန်လူတစ်ယောက်အဖြစ် မမြင်နိုင်တော့ပေ။
စဉ်းစားရင်းဖြင့် ရှန်ချင်းဟန်ကို ပြောလိုက်သည်။
''င့ါကိုပြ။''
''မျက်လုံးကိုသေချာဖွင့်ထား။ နင်မျက်လုံးကြိမ်းသွားစေရမယ်။''
ထိုသို့ပြောပြီးနောက်တွင် ရှန်ချင်းဟန်က သူမ၏ရေထိန်းချုပ်နိုင်စွမ်းကို ပြသည်။ လင်းဇီချန်ရှေ့၌ပင် ရေစိမ်ဇလုံထဲမှရေကို လေထဲတွင် မြှောက်တက်စေသည်။
ထို့နောက်တွင် အားဖျော့သောဝိညာဉ်စွမ်းအားဖြင့် ရေကို ပုံစံအမျိုးမျိုး ပြောင်းပြသည်။ စတုရန်းပုံစံ၊ ထောင့်မှန်စတုဂံပုံစံ၊ စက်ဝိုင်းပုံစံ၊ ကန်တော့ချွန်ပုံစံစသဖြင့် ပြောင်းပြသည်။
နောက်တွင် သူမသည် အစင်းကြောင်းများပါသည့် ဘတ်စကတ်ဘောပုံစံလုပ်ပြသည်။
''နင့်ရဲ့အစ်မချင်းဟန်က ဘယ်လောက်အထင်ကြီးစရာကောင်းလိုက်လဲ၊''
ရေဘောလုံးကို ဖြည်းဖြည်းချင်းဖြင့် လေထဲတွင် လှည့်ပတ်ပြလိုက်ပြီး ရှန်ချင်းဟန်က ပြုံးနေမိသည်။
မျက်စိရှေ့မှ ထိုမြင်ကွင်းကိုကြည့်ကာ လင်းဇီချန်တစ်ယောက် အံ့အားမှင်သက်နေပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။
''ရေကို အဆင်ပြေပြေချောချောမွေ့မွေ့ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ မင်းရဲ့ပါရမီက အတော်လေးအံ့ဩစရာကောင်းနေပြီ။''
''နောက်ထပ်ပိုပြီး အထင်ကြီးသွားစေမဲ့ဟာရှိတယ်။''
''ကျေးဇူးပြုပြီး ပြသပေးပါဦး။''
''အခုကစပြီး ပြပြီနော်။ မျက်တောင်မခတ်မိစေနဲ့။''
''ကောင်းပါပြီ။ မျက်လုံးကျယ်ကျယ်ဖွင့်ထားပါ့မယ်။''
လင်းဇီချန်က တတ်နိုင်သမျှ မျက်လုံးဖွင့်ထားပြီး လေထဲမှ ရေဘတ်စကတ်ဘောသည်ချက်ချင်းပင် ရေစီးကြောင်းတစ်ခုဖြစ်သွားပြီး ကျင်ငယ်ကဲ့သို့ မျက်နှာကို စင်သွားစေသည်။
''ဟားဟား အညာခံလိုက်ရပြီ။''
ရှန်ချင်းဟန်၏ချစ်စရာရယ်သံလေး ထွက်ပေါ်လာသည်။
''ရှောင်ချန် နင့်ကြည့်ရတာက ဟာသဗီဒီယိုတွေထဲကလို ကလေးသေးပေါက်တာကိုခံလိုက်ရတဲ့ အဖေတွေလိုမျိုးပဲ၊ လုံးဝရီစရာကောင်းတယ်။ ဟားဟား။''
လင်းဇီချန်က မျက်နှာမှရေများကို သုတ်လိုက်ပြီး ပြောလိုက်လေသည်။
''ရှန့်ဝူဟန် မင်းကတော့လေ ပိုပိုပြီးပေါလာပြီနော်။'’