အပိုင်း ၁၉၃-၁၉၅
Vol. 13 Ch. 193-195
အခန်း (၁၉၃) သွေးသန့်လူသားလမ်းစဥ်! နောက်ထပ်အားကောင်းတဲ့လက်ရွေးစင်တစ်ယောက်တိုးလာပြီ! (၃)
''ငါအများကြီးမသိထားဘူး။''
လင်းဇီချန်က ရိုးသားစွာ ဖြေလိုက်သည်။
လီမော့ယွီတစ်ယောက် ပို၍တွေဝေသွားရသည်။ သူမ၏အတွေးကို ပြန်သုံးသပ်ပြီးနောက်တွင် အမြန်ပင် မူလနယ်မြေအကြောင်းကို စတင်မိတ်ဆက်ပေးလိုက်သည်။
''မူလနယ်မြေက အချက်အလက်ကို အသေးစိတ်ပြောပြနေရင် နှစ်ဝက်လောက်ပြောရင်ကို ပြီးမှာမဟုတ်ဘူး။''
''အဲ့တာကြောင့် အတိုချုံးပြီးပဲ ပြောပြနိုင်မယ်။''
''တစ်ခွန်းတည်းနဲ့ပြောရရင် မူလနယ်မြေက အခွင့်အရေးရော၊ အန္တရာယ်ရော တည်ရှိနေတဲ့နေရာပဲ။''
''ငါတို့က မြေလျှိုးမိုးပျံနိုင်တဲ့ သခင်အဆင့်တိုက်ခိုက်သူအထိ ဆင့်ကဲပြောင်းလဲချင်တယ်ဆိုရင် ခန္ဓာကိုယ်က နျူးကလီးယားဗုံးကိုတောင်မှခံနိုင်ရည်ရှိတဲ့ မြင့်မြတ်သူအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် ဒါမှမဟုတ် တောင်တွေကိုရွေ့ပြီး ပင်လယ်တွေကို ဖြည့်နိုင်တဲ့ဒဏ္ဍာရီအဆင့်အထိ အားကောင်းချင်တယ်ဆိုရင် ငါတို့က မူလနယ်မြေကို သွားမှဖြစ်မယ်။''
''မူလနယ်မြေထြမှာ ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်တွေ၊ ကောင်းကင်နဲ့မြေကြီးရဲ့ရတနာတွေ၊ ဆန်းကြယ်ပန်းပွင့်တွေနဲ့သစ်သီးတွေ၊ အားလုံးနီးပါး ရှိတယ်။ အဲ့ထဲမှာ တစ်နှစ်လောက်အချိန်ဖြုန်းလိုက်တာက ကမ္ဘာပေါ်က နှစ်ပေါင်းတစ်ရာ ဒါမှမဟုတ် နှစ်တစ်ထောင်နဲ့ အတူတူပဲ။''
လီမော့ယွီက ခေါင်းခါပြလိုက်ကာ
''ကမ္ဘာပေါ်က ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေက မလုံလောက်ဘူး။ သခင်အဆင့်တိုက်ခိုက်သူအထိ ကျင့်ကြံဖို့တောင် ခဲယဉ်းတယ်။''
လီမော့ယွီပြောသည်ကို နားထောင်နေရင်းဖြင့် လင်းဇီချန်တစ်ယောက် အတွေးနက်သွားပြန်သည်။
ယခင်က လျို့ချွမ်ဝူသည် မူလနယ်မြေမှသက်ရှိများသည် ကမ္ဘာမြေပေါ်သို့ ကျူးကျော်ရန် အမြဲကြိုးစားနေကြောင်း၊ အချို့အားကောင်းသောသူများက ထိုသက်ရှိများသည် ကမ္ဘာမြေပေါ်၌ ၎င်းတို့လိုချင်သောတစ်ခုခုရှိမည်ဖြစ်ကြောင်းကို ခန့်မှန်းထားကြကြောင်းကို ပြောပြခဲ့သည်။
ထို့ကြောင့် မေးခွန်းမှာ ကမ္ဘာပေါ်ရှိ မည်သည့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ကများ မူလနယ်မြေမှသက်ရှိများကို ကျူးကျော်လာစေသည်အထိ ဖြစ်စေသနည်း။
''ဒါနဲ့ နင်ဘယ်အချိန်အားမှာလဲ။ ပင်လယ်မကောင်းဆိုးဝါးကိုသတ်ဖို့ အချိန်ဇယားတစ်ခုလောက် ဆွဲရအောင်။''
လင်းဇီချန်ကို မူလနယ်မြေအကြောင်း အတိုချုံးရှင်းပြပြီးနောက်တွင် လီမော့ယွီက အဖွဲ့ဖွဲ့မည့်အကြောင်းကို ပြန်သွားသည်။
''ငါမင်းနဲ့ အဖွဲ့ဖွဲ့မယ်လို့ မပြောမိပါဘူး။''
''အဲ့လိုဆို နင်ခုနက ပြောလိုက်တာက---။''
''မင်းအထင်မှားနေပြီ။ လေ့ကျင့်ဖို့အတွက် အဖွဲ့ဖွဲ့မယ့်အကြံကိုပဲ သဘောတူတာ။ မင်းနဲ့အဖွဲ့ဖွဲ့ချင်တယ်လို့ ပြောလိုက်တာမဟုတ်ဘူး။''
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်က အကြံပေးလိုက်သည်။
''မာရှိဝေက မင်းနဲ့အဖွဲ့ဖွဲ့ဖို့ အတော်လေးသင့်တော်မယ်ထင်တယ်။ မင်းတို့နှစ်ယောက်ကြားက အင်အားကွာခြားချက်က သိပ်မကြီးဘူး။ သူကလည်း အတော်လေးလှတယ်။ မင်းသူနဲ့ အဖွဲ့ဖွဲ့သင့်တယ်။''
''ဘာဆိုလိုတာလဲ။ သူနဲ့ကြားက အားကွာခြားချက် သိပ်မကြီးဘူးဆိုတာ။ ငါ့ကိုအထင်သေးတာလား။''
လီမော့ယွီက အမြီးကို တက်နင်းခံလိုက်ရသကဲသို့ ပြန်ပက်လိုက်ပြီး စိတ်ခံစားချက်များက တစ်ကြိမ်တည်းဖြင့် တောက်လောင်သွားသည်။
''ငါအဲ့လိုဆိုလိုတာမဟုတ်ဘူး။''
''ဟွန်း ငါကတော့ နင်အဲ့လိုမျိုးဆိုလိုတာပဲလို့ ထင်တာ။''
လီမော့ယွီသည် ပြောရင်းဖြင့် မျက်စိကိုဖုံးနေသောရှေ့ဆံပင်ကို ဖယ်လိုက်ပြီး မကျေနပ်သောမျက်နှာဖြင့် ပြောလိုက်သည်။
''လူသစ်ဘုရင်ဆိုတဲ့ခေါင်းစဉ်ကို ယူသွားပြီး အခြားသူတွေအပေါ် အထင်သေးနေတာလား ဟမ်။ နင့်ကိုယ်ပိုင်အတန်းမှာ လို့ထင်နေတာများလား။ ကောင်းပြီ။ နောက်စာသင်နှစ်ဝက် လူသစ်ပြိုင်ပွဲကျ နင့်ကို ဘယ်လိုအနိုင်ယူပြမလဲဆိုတာ ကြည့်ထားလိုက်။ အဲ့ကျ ကောင်းကောင်းနှိမ့်ချတတ်အောင် သင်ပေးမယ်။''
လင်းဇီချန်တစ်ယောက် ပြောစရာစကားပျောက်ဆုံးသွားသည်။
''လီမော့ယွီ နင်က ဆတ်ဆတ်ထိမခံလွန်းနေတာ။ င့ါဝတ္ထုထဲကဇာတ်ကောင်တွေတောင် နင့်လောက် မိုက်ရူးရဲမဆန်ဘူး။''
ဝတ္တုလော။ မည်သည့်ဝတ္ထုပါနည်း။ သူက ဝတ္ထုရေးသလား
လီမော့ယွီတစ်ယောက် မျက်လုံးအရောင်တောက်သွားကာ စိတ်ဆိုးနေသည်ကိုပင် မေ့သွားပြီး စပ်စုစွာဖြင့် မေးလိုက်သည်။
''နင်က ဘာဝတ္ထုရေးတာလဲ။ င့ါကို ခေါင်းစဉ်ပြော။ ငါရှာဖတ်ကြည့်မယ်။''
''ထားတော့။ ပြဖို့မတန်ပါဘူး။ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် အခန်းထဲပြန်လိုက်ဦးမယ်။''
လင်းဇီချန်က လီမော့ယွီဖြင့် ထပ်မံ၍အချိန်မဖြုန်းချင်သောကြောင့် တံခါးကိုပိတ်၍ မီးဖိုချောင်ဆီသို့ ပြန်ရန် ပြင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါတွင် လီမော့ယွီက ပိတ်တော့မည့်တံခါးကြားထဲသို့ အမြန်ပင် လက်ထိုးခံလိုက်ပြီး လင်းဇီချန်ကို ပြောလိုက်သည်။
''င့ါကို ခေါင်းစဉ်ပြောပြလို့။ ငါနင့်ကို အမှတ်တစ်သိန်းပေးမယ်။ တစ်သိန်းနဲ့မှ မလုံလောက်သေးရင် အမှတ်ဆယ်သိန်းပေးမယ်။ ရောင်းအားအကောင်းဆုံးစာရင်းမှာ နံပါတ်တစ်ဖြစ်အောင် ကူညီပေးမယ်။''
အမှတ်ဆယ်သိန်းပေလော။
ချမ်းသာလှသောအရူးပင် ဖြစ်၏။
လင်းဇီချန်က အမြန်ပင် တံခါးကို တွန်းဖွင့်ကာ ပြုံးဖြီးနေသောမျက်နှာပေးဖြင့် ပြောလိုက်သည်။
''ငါတွေးမိပြီ။ ဝတ္ထုဆိုတာက အခြားသူတွေဖတ်တဲ့ဟာမျိုးကို ဆိုလိုတာလေ။ ဘာမှဖုံးကွယ်ထားစရာမှမလိုတာ။ ခေါင်းစဉ်က အစိမ်းရောင်ဇီးသီး- နတ်ဘုရားမ နောက်ကွယ်မှ အဖြူရောင်မျက်နှာ။''
မည်သို့သောခေါင်းစဉ်ကြီးပါနည်း။
လီမော့ယွီက အသာမျက်မှောင်ကြုတ်၍ လင်းဇီချန်က သူမကို နှစ်သိမ့်ရန် နေရာတွင်ပင် ခေါင်းစဉ်ပေးလိုက်သည်ဟု ထင်မိသည်။
သို့သော်လည်း မတတ်နိုင်ပေ။ သူမက အမှတ်ပေးမည်ဖြစ်သောကြောင့် သူ၏စာအုပ်ကို သေချာပါက်ပင် ထိုခေါင်းစဉ်ပေးရပေတော့မည်။
အားကောင်းသောလူသစ်က နူးညံ့သောဝတ္ထုမျိုးကို ရေးသလား
ပုံပန်းသွင်ပြင်က အမှန်ပင် လှည့်စားတတ်ပေ၏။
…
အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။
မသိလိုက်ခင်တွင်ပင် ညခုနှစ်နာရီခွဲသွားပြီဖြစ်သည်။
ညစာစားပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် ရှန်ဟိုင်းမြို့ ပြည်သူ့လုံခြုံရေးဌာနချုပ်သို့သွားရန် တက္ကစီဌားလိုက်သည်။ ယနေ့ည (၁၁) နာရီတွင် လုံခြုံရေးအရာရှိများဖြင့်ပူးပေါင်းကာ ဆေးမှောင််ခိုရောင်းဝယ်သူများကို ဖမ်းရမည်ဖြစ်ပြီး နှစ်နာရီကြိုရောက်ထားရပေမည်။
ရှန်ဟိုင်းတက္ကသိုလ်မှ ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဌာနချုပ်သို့သွားရန် တစ်နာရီခန့် စီးရသည်။
ညခုနှစ်နာရီခွဲထွက်ခွာမှသာ အကိုက်ဖြစ်ပေမည်။
ကားထဲတွင် ရှန်ချင်းဟန်က အတန်ငယ်စိတ်ပူနေကာ လင်းဇီချန်၏လက်ကို တစ်ချိန်လုံးကိုင်ထားသည်။ အရွယ်ရောက်လာပြီးစဉ်ကတည်းက ထိုသို့ပြင်းထန်သောပြစ်မှုမျိုးကို ရင်မဆိုင်ခဲ့ဖူးကာ အထူးသဖြင့် သေနတ်လက်များကို ရင်မဆိုင်ခဲ့ရပေ။ စိတ်မပူဘဲနေနိုင်ရန် ခဲယဉ်းပေသည်။
သူမစိတ်ပူနေသည်ကို လင်းဇီချန်ကသိသော်လည်း ထုံးစံအတိုင်း သူမကို နှစ်သိမ့်ပေးရန် မကြိုးစားပေ။ သူမကိုလွှတ်ပေးထားလိုက်ခြင်းကသာ တဖြည်းဖြည်းပြောင်းလဲသွားစေမည်ဟု ထင်မိ၏။
ရုတ်တရက် ဖုန်းမြည်လာသည်။ လင်းဇီချန်က ဖုန်းကို ထုတ်ယူလိုက်ပြီး စာရေးသူအကူအညီအက်ပ်မှ သတိပေးချက်ရောက်လာသည်ကို တွေ့လိုက်ရသည်။
(သင်သည် လီမိသားစု၏ဒုတိယသခင်မလေးဆီမှ ဘောက်ရှ်ဝတ္ထုအကြွေစေ့အမှတ် ဆယ်သန်းရရှိပါသည်။)
ဖြစ်နိုင်သလား သူမသည် အမှန်ပင် ဆယ်သန်းပေးလိုက်သလား
ထိုအချက်ပေးချက်ကိုကြည့်ကာ အံ့ဩသင့်နေပြီး လင်းဇီချန်တစ်ယောက် တုန်လှုပ်နေမိ၏။
ပုခုံးကိုမှီထားသော ရှန်ချင်းဟန်သည်ပင် ဖုန်းပေါ်မှ ထိုအချက်ပေးချက်ကို မြင်သွားပြီး အံ့ဩနေကာ ပါးစပ်အဟောင်းသားဖြင့် ဖြစ်သည်။
သူမ၏ပူပန်မှုက ချက်ချင်းပင်ပျောက်ကွယ်သွားကာ အံ့ဩမှင်သက်မှုက အစားထိုးနေရာယူလိုက်သည်။
ခန္ဓာကိုယ်ကို ပြန်ပြင်ထိုင်လိုက်ပြီး မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကာ သူမက ပြောလိုက်လေသည်။
''ရှောင်ချန် အဲ့စာဖတ်သူက ချမ်းသာလိုက်တာ။ နင့်ကို အမှတ်ဆယ်သန်းတောင်ပေးတယ်။''
အခန်း (၁၉၄) ငါ့အစ်ကိုချန်က ပြိုင်ဘက်ကင်းပုံပဲ
ညကိုးနာရီထိုးခါနီးပြီဖြစ်သည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် ရှန်ဟိုင်းမြို့လုံခြုံရေးဌာနချုပ်သို့ ရောက်သွားကာ လုံခြုံရေးအဖွဲ့၏နွေးထွေးစွာ ကြိုဆိုခြင်း ခံလိုက်ရသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်တွင်ပင် မီဒီယာများ၏ဖော်ပြမှုကြောင့် ရှန်ဟိုင်းမြို့သားတိုင်းနီးပါး လင်းဇီချန်ကို မှတ်မိကြသောကြောင့် ဖြစ်သည်။ သူသည် နန်ကျန်းပြည်နယ်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဒုတိယအဆင့်ကျောင်းသားဆိုသည်ကို သိထားကြသည်။
ထို့ကြောင့် လမ်းတစ်လျှောက်လုံး ပြုံးပြ၍ နှုတ်ဆက်ကြကာ စိတ်အားထက်သန်သောသဘောထားကို ပြနေသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ဒုတိယအဆင့်ကျောင်းသားဆိုသည်မှာ မည်သို့ဆိုလိုသနည်း။
အနာဂတ်၏ ပညာရှိဖြစ်လာမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါလော။
မည်သူက နွေးထွေးစွာ မကြိုဆိုဘဲ နေမည်နည်း။
လုံခြုံရေးအဖွဲ့ဝင်များက ၎င်းကို ဒုတိယထိပ်တန်းကျောင်းသားဟု ထပ်ခါထပ်ခါသုံးနေကြသောကြောင့် ရှန်ချင်းဟန်က ဝင်ပြောချင်မိသည်။
အတွေးသိမ်ငယ်လွန်းကြပေသည်။ ရှောင်ချန်သည် ဒုတိယအဆင့်ကျောင်းသားသာမက ရှန်ဟိုင်းတက္ကသိုလ်၏လူသစ်ဘုရင် ဖြစ်သည်။
ပြည်နယ်ဒုတိယအဆင့်ကျောင်းသားဆိုသောအဆင့်အတန်းကပင် လုံခြုံရေးအဖွဲ့ဝင်များကို ထိုမျှစိတ်အားထက်သန်စေနေလျှင် လင်းဇီချန်သည်သာ ရှန်ဟိုင်းတက္ကသိုလ်လူသစ်ဘုရင်ဆိုသည်ကို သိသွားလျှင် မည်မျှအံ့ဩသွားကြပေမည်နည်း။
စဉ်းစားကြည့်ယုံဖြင့်ပင် ထိုမြင်ကွင်းကလှပလွန်းသည်ဟု ထင်မိသည်။
သနားစရာကောင်းသည်မှာ ရှန်ဟိုင်းတက္ကသိုလ်၏အချက်အလက်လုံခြုံရေးက တင်းကြပ်လွန်းခြင်းပင် ဖြစ်သည်။
အထဲမှသူများက အပြင်သို့ထွက်သည်မျာရှား၍ အပြင်မှသူများကလည်း အထဲသို့ မဝင်နိုင်ပေ။
ကျောင်းဝန်းကလည်း နှစ်ထပ်ဖြစ်နေကာ အပြင်လူအများစုသည်လည်း အထဲတွင်ဖြစ်နေသည်များကိုမသိပေ။ ထို့ကြောင့် ကျောင်းဝန်းအပြင်ဘက်တွင် လင်းဇီချန်က လူသစ်ဘုရင်ဆိုသည်ကို မည်သူမှသိမည်မဟုတ်ပေ။
''စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဖြစ်နိုင်ရင် မိုက်ခရိုဖုန်းယူပြီး ရှောင်ချန်က လူသစ်ဘုရင်လို့ ကြေညာပေးလိုက်ချင်တယ်။''
ရှန်ချင်းဟန်က သူမဘာသာ ညီးတွားလိုက်မိသည်။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ လင်းဇီချန်၏တစ်ဦးတည်းသောပရိတ်သတ်က သူမပင် ဖြစ်ကာ သူမအကြိုက်ဆုံးကိစ္စသည်လည်း လင်းဇီချန်တစ်ယောက် အများရှေ့တွင် ဂုဏ်ဖော်ကာ သူမက ပီတိဖြာနေရခြင်းပင် ဖြစ်သည်။
လင်းဇီချန်ကမူ အများအရှေ့တွင် ဂုဏ်ဖော်ရန် အခွင့်အရေးရသော်လည်း ထိုအခွင့်အရေးကို မယူပေ။ အတန်ငယ်စိတ်မသက်မသာဖြစ်နေမိသည်။
''င့ါမှာ လော့ရုံကျန့်လို့ခေါ်တဲ့မြေးတစ်ယောက်ရှိတယ်။ သူက တကျန်းပြည်နယ်ရဲ့ ထိပ်တန်းစာဖြေသူ။ ဒီနှစ်ရဲ့လူသစ််ပဲ။ သူလည်း ပါရမီရှင်အတန်းထဲမှာပဲ။ မင်းသူ့ကို သိလား။''
ထိုနေ့ညလုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် မျက်နှာလေးထောင့်ဖြင့် သတ်လတ်ပိုင်းလူတစ်ဦးဖြစ်ကာ နားထင်စပ်တွင် ဆံပင်များဖြူနေပြီဖြစ်ပြီး ထိုနှစ်ဦးကို ပြုံးပြကာ မေးလိုက်သည်။
တကျန်းပြည်နယ်၏ထိပ်တန်းကျောင်းသား လော့ရုံကျန့်ပေလော။
လင်းဇီချန်က ထိုနာမည်ကို ရှင်းနှီးကာ ဦးနှောက်ထဲတွင် မွှေနှောက်ရှာကြည့်လိုက်သောအခါ၌ ကျောင်း၏ဖွင့်ပွဲအစမ်းနေ့တွင် မိမိကန်ထုတ်လိုက်သောစိန်ခေါ်သူ ဖြစ်နေလေသည်။
သိုင်းစင်မြင့်ပေါ်သို့ တက်လာသောလူငယ်လေးဖြစ်ကာ သူ၏အောင်မြင်မှုများကို မကြွေးကြော်ရသေးခင်တွင်ပင် တစ်ချက်တည်းဖြင့် ကန်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။
လင်းဇီချန်ကို ထိုအဖြစ်အပျက်ကို ပြန်လည်စဉ်းစားကြည့်နေစဉ်တွင် ရှန်ချင်းဟန်က ပြောလိုက်ပေသည်။
''အင်း ကျွန်မသိပြီ။ လော့ရုံကျန့်က ပါရမီရှင်အတန်းထဲက အင်အားမှ အဆင့်ငါးနေရာရတဲ့တစ်ယောက်ပဲ။ သူက ဓားသိုင်းအတော်လေးကျွမ်းတယ်။ မိန်းကလေးတွေကြားထဲလည်း ပေါ်ပြူလာဖြစ်တယ်။ တစ်ခါတစ်လေဆို သူ့နောက်ကို ကောင်မလေးတွေလိုက်နေတာ မြင်ရတယ်။''
ရှန်ချင်းဟန်ကမူ လော့ရုံကျန့်ကို အထင်ကြီးမိသည်။
သို့သော်လည်း အတန်ငယ်တော်သောကြောင့်မဟုတ်ဘဲ အတန်ငယ်ချောသောကြောင့်သာ ဖြစ်သည်။
သို့သော် ထိုသူသည် ဟန်ဆောင်ကောင်းလွန်းသောကြောင့်သာ ဖြစ်သည်။
နေ့တိုင်း ရှေးခေတ်စတိုင်ဝတ်ရုံဖြူများကို ဝတ်ကာ နောက်ကျောတွင် ဓားရှည်ကြီးသယ်သွားတတ်သည်။ သိုင်းဝတ္ထုများထဲမှ သိုင်းလောကတွင် လှည့်လည်သွားနေသောသိုင်းသမားနှင့်တူကာ မော်ဒယ်လ်ကဲ့သို့ ဟန်ရေးပြတတ်သည်။ အထင်ကြီးမိမည်မှာ မဆန်းပေ။
မိန်းကလေးအများစုကမူ ထိုသူကို မိုက်သည်ဟု ထင်ကာ ရှန်ချင်းဟန်ကမူ ကြောင်လွန်းသည်ဟု သံသယဝင်မိသည်။
နှိမ့်ချတတ်ပြီး ရံဖန်ရံခါမှ လူလုံးထွက်ပြတတ်သော လင်းဇီချန်၏စတိုင်ကသာ ပိုကောင်းသည်ဟု သူမထင်မိသည်။
မျက်နှာလေးထောင့်ဖြင့်လူက ရှန်ချင်းဟန်စဉ်းစားနေသည်ကို မသိရှာပေ။ သို့သော်လည်း သူမပြောသည်ကို ကြားသောအခါတွင် မရယ်ဘဲမနေနိုင်ရှာပေ။
''ငါ့မြေးလေးက ရှန့်ဟိုင်းတက္ကသိုလ်မှာ အတော်လေးနာမည်ကြီးပုံပဲ။ သိုင်းပညာကောလိပ်ကသူတွေကတောင် သိတယ်ဆိုတော့။''
လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်၍ သိုင်းပညာကောလိပ်ကကျောင်းသားဆိုသည်ကို သိထားသည်။ ထိုခေါင်းဆောင်က လင်းဇီချန်ဘေးတွင်ပါလာသောရှန်ချင်းဟန်သည်လည်း ကျောင်းသားဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
လင်းဇီချန်ကမူ အမှန်ကိုမပြောပြဘဲ ယဉ်ကျေးစွာဖြင့်သာ ပြုံး၍ ပြောလိုက်လေသည်။
''တကယ်နာမည်ကြီးပါတယ်။ လူတော်တော်များများက သူ့ကို သိကြတယ်။''
''အားကြီးတော့ နာမည်ကြီးလာတာပေါ့။''
ထပ်၍ပင် ပြောလိုက်သေးသည်။
ထို့နောက်တွင်ခေါင်းဆောင်က နောင်တရနေသောလေသံဖြင့် ဆက်ပြောရှာသည်။
''နှမြောဖို့ကောင်းလိုက်တာ ကျောင်းသားဇီချန်။ မင်းရဲ့ပါရမီနဲ့သာဆို ကောင်းကင်လူသားအဖွဲ့အစည်းထဲ မဝင်ဘူးဆိုရင် မင်းလည်း ပါရမီရှင်တန်းမှာရှိပြီး ငါ့မြေးနဲ့အတန်းဖော်ဖြစ်နေမှာ။''
''တကယ်ပဲ။ င့ါအကြံယူပြီး တတ်နိုင်သမျှမြန်မြန် ကောင်းကင်လူသားအဖွဲ့အစည်းကထွက်ပြီး ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကို မြန်မြန်ပြောင်းလိုက်။''
''အဲ့ဒီ ကောင်းကင်လူသားအဖွဲ့အစည်းဆိုတာက စပြီးတည်ထောင်ကတည်းက အရှုပ်အယှက်တွေလုပ်ပြီး ပါရမီရှင်အများကြီးကို ဖျက်ဆီးပစ်နေတာ။ အဲ့မှာတစ်စက္ကန့်လောက်နေတာကိုက ဘဝကိုအချည်းနှီးဖြစ်စေတယ်။''
အဖွဲ့လေးကိုဦးဆောင်နေကျဖြစ်သောထိုသူက အကြံပေးနေလေသည်။
လင်းဇီချန်သည်မူ ကျောင်းသားဖြစ်ကာ ငယ်သေးသောကြောင့် အကြီးတစ်ယောက်၏ပုံမျိုးဖမ်းကာ မဆုံးမဘဲ မနေနိုင်ပေ။ လင်းဇီချန်ကမူ စိတ်ထဲမထားပေ။ ပြန်လည်းမပြောပေ။ ယဉ်ကျေးစွာပြုံးပြလိုက်ပြီး ဆိတ်ဆိတ်သာနေနေလေသည်။
လင်းဇီချန်တိတ်ဆိတ်နေသည်ကို သတိထားမိသောကြောင့် မိမိစကားများသွားသည်ကို ထိုသူသဘောပေါက်သွားသည်။ တစ်ယောက်ယောက်သည် သတ်လတ်ပိုင်းသို့ ရောက်လာသည်နှင့် စကားများလာကာ လူငယ်မျိုးဆက်ကို ဆိုဆုံးမတတ်သည်။
လူများကို စော်ကားမိသည်မှ ရှောင်ရှားရန် ထိုအကျင့်ကို ပြန်ရန်လိုအပ်ပြီဖြစ်ကြောင်း သိလိုက်သည်။
စဉ်းစားရင်းဖြင့် ထိုသူက ထူးဆန်းသောအခြေအနေကို ဖျက်ရန် ကြိုးစားလိုက်ပြီး ပြုံး၍ ခေါင်းစဉ်ကို ပြောင်းလိုက်သည်။
''ကောင်းပြီ။ ဒီညမစ်ရှင်အတွက် ငါ့မြေးကိုခေါ်ပြီး တိုက်ပွဲစွမ်းအားစမ်းသပ်ဖို့ခေါ်ထားတယ်။ သူလည်း ရောက်သင့်ပြီ။''
''သူရောက်ရင် မင်းလည်း သူနဲ့အတူ ဒီမစ်ရှင်ကိုလုပ်ပြီး ဝီချက်အပ်ပြီး သူငယ်ချင်းဖွဲ့လို့ရတာပေါ့။''
''င့ါမြေးက အတော်လေးပေါင်းလို့သင်းလို့ကောင်းပါတယ်။ သူက ဖိနှိပ်ခံတွေကို ကူညီတတ်တယ်။ ကျောင်းမှာ ကျောင်းသားကြီးတွေက အနိုင်ကျင့်ရင် သူ့ကိုသွားရှလိုက်။ သူက သေချာပေါက် ကူညီပေးလိိမ့်မယ်။''
ထိုသူက ရှန်ဟိုင်းတက္ကသိုလ်၏ အသန်မာဆုံးအောင်မြင်မှုယဉ်ကျေးမှုကို ကြားဖူးသောကြောင့် လူသစ်များကို အနိုင်ကျင့်တတ်သည့်အကြောင်းကို သိထားသည်။
သို့သော် အနိုင်ကျင့်သူများက ပုံမှန်တန်းမှ ကြောက်တတ်သောကျောင်းသားများကို ရွေး၍အနိုင်ကျင့်တတ်ကြသည်။ ပါရမီတန်းမှ အနာဂတ်ကြယ်ပွင့်များကိုမူ အတန်းကြီးများပင် မထိရဲကြပေ။ ပါရမီရှင်တန်းမှ အနာဂတ်ကြယ်ပွင့်များသည် တောက်ပသောအနာဂတ်ရှိကာ ယခုတွင် အတန်းကြီးများသည်ပင် ၎င်းတို့ကို ပြစ်မှားမိမည်ကို ကြောက်နေရသည်။
''ခေါင်းကိုင်အဖ ကျွန်တော်ရောက်ပြီ။''
ထိုသို့ပြော၍ ရောက်ချလာလေသည်။
စောနကပင် ခေါင်းဆောင်ပြောနေသောမြေးဖြစ်သူသည် ရောက်ချလာပြီဖြစ်၏။
အခန်း (၁၉၅) ငါ့အစ်ကိုချန်က ပြိုင်ဘက်ကင်းပုံပဲ (၂)
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားသမားနှင့်တူသောသူသည် ခန်းမဝင်ပေါက်၌ ထွက်ပေါ်လာကာ ချက်ချင်းပင် ဝင်လာလျှင်ဝင်လာချင်း၌ ခေါင်းကိုင်အဖေကို လှမ်းခေါ်လိုက်သည်။
ချက်ချင်းပင် ခန်းမထဲမှသူအားလုံး ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြကာ မျက်လုံးများက အဖြူရောင်ဝတ်ပြီး ဓားလွယ်ထားသည့်လူငယ်ဆီသို့ ရောက်သွားကြသည်။
ခေါင်းကိုင်အဖေဟုခေါ်သံကို ကြားသောအခါတွင် မျက်နှာလေးထောင့်ဖြင့်လုံခြုံရေးခေါင်းဆောင်က ချက်ချင်းပင် ပြုံး၍ နေရာမှ ထွက်သွားကာ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
ခေါင်းကိုင်အဖေဟုသောခေါ်သံက မိမိကို ရည်ညွှန်းနေခြင်းဖြစ်ပေသည်။ လေ့ကျင့်ရန်အတွက် လာခြင်းဖြစ်သည်ဟု ပြောထားခြင်းကလည်း အတုအယောင်သာ ဖြစ်သည်။
အမှန်တွင် ရည်ရွယ်ချက်မှာ ဌာနချုပ်မှ လုပ်ဖော်ကိုင်ဖက်များကို ထိပ်တန်းကျောင်းသားဖြစ်သော မွေးစားသားကို ခေါ်ပြရန်ဖြစ်ကာ အလုပ်တွင် အကျိုးအမြတ်ရှာရန်သာ ဖြစ်၏။
လုပ်ဖော်ကိုင်ဖက်များက ပြည်နယ်၏ထိပ်တန်းကျောင်းသားက မွေးစားသားဖြစ်သည်ကို သိကြသည်နှင့် သူ၏အလုပ်ခရီးကလည်း ပို၍ဖြောင့်ဖြူးလာမည်ဖြစ်သည်။
လက်အောက်မှသူများကလည်း ပို၍ရိုကျိုးလာပေမည်။
ပြိုင်ဘက်များကပင် ဆန့်ကျင်ရဲတော့မည်မဟုတ်သကဲ့သို့ စော်ကားပြောဆိုခြင်းများ၊ ယှဉ်ပြိုင်ခြင်းများလည်း ရှိတော့မည်မဟုတ်ပေ။
ခေါင်းဆောင်က မျက်နှာသာရရန် ကြိုးစားနေကာ ကပ်ဖားရပ်ဖားလုပ်နေခြင်းမျှသာ ဖြစ်သည်။
ပြည်နယ်၏ထိပ်တန်းကျောင်းသားဖြစ်ရခြင်းက ရယ်စရာကိစ္စတစ်ခုမဟုတ်ပေ။ လူငယ်လေးသည် အဆင့်မြင့်အဆင့်သက်ရှိဖြစ်ရန် ကံပါလာပြီးသားဖြစ်သည်။ လင်းဇီချန်ထက်ပိုသည်မှာ ပြည်နယ်တစ်ခုလုံး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ထိပ်တန်းကျောင်းသား ဖြစ်နေခြင်းပင်။
''အဲ့ဒီဖန်ဖေးရှောငက် ထိပ်တန်းကျောင်းသားကို မွေးစားသားတော်ထားရတာ တကယ်ကံကောင်းတာပဲ။ သူတော့ ဌာနချုပ်မှာအာဏာကြီးတော့မှာပဲ။''
''သူက အရင်တုန်းက ညီအစ်ကိုတစ်ယောက်အတွက် သေနတ်ကို အစားဝင်ခံပေးလို့ သေမလိုတောင်ဖြစ်ခဲ့တာ။ အခုတော့ သူ့ညီအစ်ကိုရဲ့သားက သူ့အတွက် တစ်ခုခုပြန်လုပ်ပေးမှာပဲ။ ပြန်ပြီးပေးဆပ်မှပဲ ဟုတ်မှာလေ။''
''ခေါင်းဆောင်ချန်က တစ်ခါတစ်လေ သူ့ကို ပစ်မှတ်ထားနေတာ။ လွန်ခဲ့တာခြောက်လက ဆင်ခြေရှာပြီး ဘောနပ်စ်မပေးဖို့ လုပ်ခဲ့တာလေ။ နောင်ကျရင် ခေါင်းဆောင်ချန်းကံကောင်းနိုင်မယ်ထင်လား။''
''ပြောဖို့တောင်လိုသေးလို့လား။ သေချာပေါက် အထောင်းခံရတော့မှာ။''
''အခုကစပြီးခေါင်းဆောင်ချန်းဘဝတော့ မလွယ်တော့ဘူး။ ဖန်ဖေးရှောင်းကို မစော်ကားဘဲ ကြင်ကြင်နာနာဆက်ဆံခဲ့လို့ တော်သေးတယ်။''
အဖြူရောင်ဝတ်လူငယ်ထွက်ပေါ်လာသည်နှင့် အရာရှိများစွာက ၎င်းတို့ဘာသာ တီးတိုးပြောဆိုလာကြသည်။
ထိုမျက်နှာလေးထောင့်ဖြင့်ခေါင်းဆောင်ကို အားကျနေကြကာ ထိုသူ၏ပြိုင်ဘက်များမှာ ကံဆိုးတော့မည့်အကြောင်းကို မပြောဘဲမနေနိုင်ကြပေ။
ဘေးနားမှတီးတိုးပြောသံများကို နားထောင်က ထိုခေါင်းဆောင်၏စိတ်ထဲတွင် ပီတိဖြာနေပေသည်။ ဘေးနားမှ မွေးစားသားကို ပြုံးပြုံးကြီးကြည့်၍ ပြောလိုက်သည်။
''ရှောင်ကျန့် လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မင်းက သာမန်ထိပ်တန်းအဆင့်ငါးအထိ ဆင့်ကဲပြောင်းလဲပြီးပြီလို့ မင်းအဖေပြောတယ်။ တကယ်အထင်ကြီးစရာပဲ။''
''ဟုတ်တယ်။ သာမန်ဆင့်ကဲပြောင်းလဲခြင်းလေးပါပဲ။''
လော့ရုံကျန့်က လက်နောက်ပစ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံး၍ ပြောလိုက်သည်။ သိုင်းကားဇာတ်လမ်းတွဲများထဲမှ ထူးခြားသည့်သူရဲကောင်းအငွေ့အသက်မျိုးကို ထုတ်လွှတ်နေပေသည်။
ခေါင်းဆောင်ဖြစ်သူက ရယ်ရင်းဖြင့် ပြောလိုက်သည်။
''သာမန်နဲ့တော့ အလှမ်းဝေးလွန်းပါတယ်။ မင်းဆင့်ကဲပြောင်းလဲတာက အရမ်းမြန်တယ်။ ဒီနှုန်းနဲ့သာဆို အငယ်တန်းဂျူနီယာနှစ် ဒုတိယစာသင်နှစ်ဝက်မကုန်ခင်ကို မင်းက အဆင့်မြင့်အဆင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲပြီးနေလောက်ပြီ။''
ထိုသို့ပြောကာ အသံနေအသံထားကို မြှင့်လိုက်ပြီး ဘေးနားမှ လုပ်ဖော်ကိုင်ဖက်များ မကြားမည်ကို စိတ်ပူနေမိသည်။
ထိုစကားကိုနားထောင်နေသောလုပ်ဖော်ကိုင်ဖက်များအားလုံးက မနာလိုဖြစ်နေကြကာ ၎င်းတို့တွင်လည်း ထိုသို့မွေးစားသားမျိုးရှိလျှင်ကောင်းမည်ဟု တွေးနေမိကြသည်။
မွေးစားသားမရှိလျှင် ရှိအောင်လုပ်၍ရပေသည်။ မွေးစားအဖေ၊ မွေးစားအမေများက ကျေနပ်စရာကောင်းလှသည်။
ကံမကောင်းစွာဖြင့် လူတော်တော်များများသည်ကံမကောင်းတတ်ကြကာ အိပ်မက်သာမက်နိုင်ကြ၏။ လုပ်ဖော်ကိုင်ဖက်များထံမှ မနာလိုစွာငေးကြည့်ခံရခြင်းကြောင့် ခေါင်းဆောင်၏နှုတ်ခမ်းသည် မိုးချိတ်မတတ်ကွေးသွားကာ စိတ်ထဲတွင် ဝမ်းသာနေလေသည်။
ဘေးတွင်ရှိသောလော့ရုံကျန့်ကမူ ဆွေမျိုးတော်သောခံစားချက်ကြောင့် အသက်ပင်မရှုရဲဖြစ်နေသည်။
သူည် မူလတန်းကျောင်းကပင်ဂုဏ်ဖော်ရသည်ကို နှစ်သက်ပေသည်။ ကျောင်းတွင် ဂုဏ်ဖော်သည်။ အိမ်ရာတွင်လည်း ဂုဏ်ဖော်သည်။ လမ်းမထက်တွင်လည်း ဂုဏ်ဖော်သည်။
ဂုဏ်ဖောရန်အခွင့်အရေးသည်နှင့် ဂုဏ်ဖော်မည်သာ ဖြစ်သည်။ သိုင်းကားများထဲမှ သူရဲကောင်းများကို နှစ်သက်သည်မှာ ထိုသူရဲကောင်းများသည် အဆင့်အတန်းမြင့်မားကြကာ ဂုဏ်ဖော်တတ်သောကြောင့် ဖြစ်၏။
အမှန်တွင် တကျန်းပြည်နယ်၏ ထိပ်တန်းကျောင်းသားဖြစ်လာရခြင်းသည် စိတ်ထဲတွင် ဂုဏ်ဖော်ရခြင်းကို စွဲလမ်းနေသောကြောင့်ဖြစ်ကာ ထိုစိတ်က ရှေ့သို့တိုးတက်စေပြီး နေ့တိုင်းပင် တက်ကြွမှုအပြည့်ဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သည်။
တကျန်းပြည်နယ်၏ထိပ်တန်းကျောင်းသားဆိုသောအဆင့်အတန်းက ၎င်းကို ဂုဏ်ဖော်ခွင့်ပြုထားကာ သွားသည့်နေရာတိုင်းတွင် အာရုံစိုက်ခံရပြီး အကြီးအကျယ်ကျေနပ်စေသည်။
''ဒါနဲ့ ရှောင်ကျန့် မင်းအပြင် ရှန်ဟိုင်းတက္ကသိုလ်က လူသစ်နှစ်ယောက်လည်း ဒီညမစ်ရှင်မှာပါမှာ။ မိန်းမလှလေးတစ်ယောက်လည်းပါတယ်။ မင်းတို့ကို ဆုံပေးမယ်။''
ထိုခေါင်းဆောင်ဖြစ်သူက ဘေးမှ လော့ရုံကျန့်ကို ပြောလိုက်သည်။
မိန်းမလှလေးပေလော။
ထိုအသံကြားသည်နှင့်ပင် လော့ရုံကျန့်၏မျက်လုံးများ အရောင်တောက်သွားသည်။ ချက်ချင်းပင် လက်မြှောက်ကာ ခန္ဓာကိုယ်အနေအထားကို ညှိလိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ရင်ဘတ်ကိုဖွင့်ပြီး မိန်းမလှလေးရှေ့တွင် အပြည့်အဝဂုဏ်ဖော်ရန် ပြင်လိုက်၏။
လှပသောမိန်းမလှလေးရှေ့တွင် ဂုဏ်ဖော်ရခြင်းသည် ဆယ်ကျော်သက်တိုင်း လုပ်ချင်ကြသောကိစ္စသာ ဖြစ်သည်။ ယခုတွင်မူ ဗြောင်ကျကျဖြင့်သာ လုပ်ခြင်းဖြစ်သည်။
မကြာခင်တွင် ခေါင်းဆောင်နှင့်လော့ရုံကျန်တို့သည် ထောင့်သို့ လျှောက်လာကြ၏။
မြင်ကွင်းထဲသို့ ဝင်လာသောအခါတွင် လော့ရုံကျန့်သည် အတွင်းအားအနည်းငယ်ထုတ်ကာ ရှေ့ဆံပင်များကို လေတွင်လွင့်သွားစေပြီး ပြကွက်ဆန်သော ဓားသမားသူရဲကောင်းဝင်လာသောပုံစံမျိုးကို ဖန်တီးလိုက်သည်။
ထို့နောက်တွင် သာမန်ကာလျှံကာပြုံးပြီး ရှေ့တွင်ထိုင်နေသောနှစ်ဦးကိုကြည့်လိုက်ကာ မွေးစားအဖေပြောသောမိန်းမလှလေးအထင်ကြီးသွားမည်ကို စောင့်ဆိုင်းနေပေ၏။
သို့သော်လည်း ကြည့်လိုက်ပြီး ဟန်ရေးမပြနိုင်ခင်တွင်ပင် နေရာတွင်ပင် အေးခဲသွားကာ ကြောင်သွားသည်။
သေစမ်း!
လင်းဇီချန်နဲ့ ရှန်ချင်းဟန်မဟုတ်ဘူးလား။
မည်သို့ဟန်ရေးပြရတော့မည်နည်း။ လော့ရုံကျန့်က ထူးဆန်းသည်ဟု ခံစားမိသည်။ မျက်နှာက မသက်မသာဖြစ်သွားပြီး ရှေ့တွင်ထိုင်နေသောနှစ်ဦးနှင့်မည်သို့မျက်နှာချင်းဆိုင်ရမည်မသိတော့ပေ။
''ရှောင်ကျန့် ငါမိတ်ဆက်ပေးမယ်။ ဒါက နန်ကျန်းပြည်နယ်က--ဟမ်။ ရှောင်ကျန့် နေမကောင်းလို့လား။ ဘာလို့ အဲ့လောက်မျက်နှာပျက်နေရတာလဲ။''
ခေါင်းဆောင်က လော့ရုံကျန့်၏မသက်မသာဖြစ်နေမှုကို သတိထားမိသောကြောင့် စကားစဖြတ်၍ မေးလိုက်သည်။
လော့ရုံကျန့်တစ်ယောက်ကမူ ခေါင်းကုတ်ပြီး ချောင်းဟန့်ရင်းဖြင့် ပြောလိုက်သည်။
''ဘာမှမဟုတ်ပါဘူး။ ဒီကနှစ်ယောက်ကို တွေ့ရမယ်လို့ ထင်မထားတော့ နည်းနည်းလေးအံ့ဩသွားလို့ပါ။''