အပိုင်း ၁၉၆-၁၉၈
Vol. 14 Ch. 196-198
အခန်း (၁၉၆) ငါ့အစ်ကိုချန်က ပြိုင်ဘက်ကင်းပုံပဲ (၃)
ထိုစကားကို ကြားသောအခါ၌ ခေါင်းဆောင်ဖြစ်သူပင် အံ့ဩသွားသည်။
''မင်းတို့နှစ်ယောက်က သိကြတာလား။''
''အင်း သူတို့ကိုသိတယ်။''
ထိုသို့ပြောပြီးနောက်တွင် လော့ရုံကျန့်က တစ်ဖက်သို့လှည့်လာပြီး ခေါင်းဆောင်ဖြစ်သူအား မိတ်ဆက်ပေးလိုက်သည်။
''ဒီမိန်းမလှလေးက နန်ကျန်းပြည်နယ်က ထိပ်တန်းကျောင်းသား၊ ကျွန်တော့်ရဲ့အတန်းဖော်။ သူ့ဘေးမှာထိုင်နေတဲ့သူက ဒီနှစ် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ လူသစ်ဘုရင်''
မြတ်စွာဘုရား
လူသစ်ဘုရင်လား။
မျက်နှာလေးထောင့်ဖြင့်သူသည် နားကြားမှားသည်ဟု ထင်မိသောကြောင့် မျက်လုံးအပြူးသားဖြစ်သွားသည်။ အနားမှ လုံခြုံရေးအဖွဲ့သားများကလည်း ၎င်းကဲ့သို့ပင် တွေဝေသွားကြမိ၏။
မွေးစားအဖေ တွေဝေနေသည်ကို မြင်နေရသောကြောင့် လော့ရုံကျန့်က ရှင်းပြပေးသည်။
''မွေးစားအဖေ ယုံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ချန်က ကျောင်းအစမ်းပွဲမှာ ပါရမီရှင်တစ်ခန်းလုံးကို လက်တစ်ဖက်တည်းနဲ့ ထိုးပစ်ပြီး လူသစ်ဘုရင်ဆိုတဲ့ဘွဲ့ကို ရထားတာလေ။ ကျောင်းသားခေါင်းဆောင်တွေတောင် အံ့ဩသွားကြတာ။''
''တကယ်ကောဟုတ်ရဲ့လား။''
ထိုခေါင်းဆောင်က မယုံကြည်နိုင်ဟန် ဖြစ်နေရှာသည်။
နန်ကျန်းပြည်နယ်၏ ဒုတိယအဆင့်ကျောင်းသားက ရှန်ဟိုင်းတက္ကသိုလ်၏ လူသစ်ဘုရင်ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
နန်ကျန်းက မည်သည့်အချိန်ကတည်းက ထိုသို့အမိုက်စားဖြစ်သွားသနည်း။
ဟာသတစ်ခု ဖြစ်ပေမည်။
အခြားသောလုံခြုံရေးများကလည်း ကြောင်တောင်တောင်ဖြင့်ကြည့်နေကြကာ လော့ရုံကျန့် ဟာသလုပ်၍ လာနောက်နေသည်ဟုသာ ထင်နေကြသည်။
''တကယ်ပြောတာ။ အစ်ကိုချန်က ကြောက်စရာကောင်းအောင်ကို အားပြင်းတယ်။ ပါရမီရှင်တန်းက ကျောင်းသားတွေကတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး။ သူ့ကို ရှန်ဟိုင်းတက္ကသိုလ်ရဲ့ လူသစ်ဘုရင်ဆိုပြီး အားလုံးသဘောတူထားကြတာ။ ချဲ့ကားပြောနေတာမဟုတ်ဘူး။''
လော့ရုံကျန့်က တလေးတစားဖြင့် အစ်ကိုချန်ဟု ခေါ်ကာ လင်းဇီချန်ဖြင့် ဂုဏ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပေ။ လော့ရုံကျန့်သည် ဂုဏ်ဖော်ရသည်ကို နှစ်သက်ပါသော်လည်း သူ၏အတိုင်းအတာကိုမူ သိပေသည်။
ပိုးစုန်းကြူးလေး၏မီးရောင်က လရောင်ဖြင့် မယှဉ်နိုင်သည်ကို သိသည်။ ဉာဏ်ပညာရှိရှိဖြင့ မိမိဘာသာ အရှက်ရရန် မရွေးချယ်နိုင်ပေ။ မွေးစားသားက အတည်ပြောနေပြီး ဟာသလုပ်နေခြင်းမဟုတ်သည်ကို တွေ့ရသောကြောင့် ခေါင်းဆောင်ဖြစ်သူက ရှက်သွားကာ တွင်းတူးပြီး တွင်းထဲတွင်ပင် ဝင်ပုန်းလိုက်ချင်သည်ဟု တွေးလိုက်မိသည်။
လင်းဇီချန်သည် ရှန်ဟိုင်းတက္ကသိုလ်၏ အားအကောင်းဆုံးလူသစ်ဘုရင်ဖြစ်သည်။ သို့တိုင် မိမိကမူ လင်းဇီချန်ကို ဆုံးမနေမိသေးသည်။ မွေးစားသားသည်ပင် လင်းဇီချန်၏ နောက်ခံမျှသာ ဖြစ်နိုင်မည်။
မည်မျှရှက်စရာကောင်းလိုက်ပါသနည်း။
အခြားသောလုံခြုံရေးအဖွဲ့ဝင်များလည်း အံ့ဩနေကြသည်ကို မြင်သောကြောင့် လင်းဇီချန်သည် မိမိဝင်ပြောရန် လိုလာပြီဖြစ်ကြောင်း သိလိုက်သည်။
''ချဲ့ကားပြောနေတာပါ။ အဲ့နေ့တုန်းက ကံကောင်းသွားပြီး လူသစ်ဘုရင်ဘွဲ့ကို ရသွားရုံပါ။ အချိန်မှန်၊ နေရာမှန်၊ လူမှန်ဖြစ်သွားတဲ့ရလဒ်တွေပါပဲ။ ထပ်ပြီးယှဉ်ပြိုင်ရမယ်ဆိုရင်တော့ အဲ့ဘွဲ့ကို ထပ်ရနိုင်ပါ့မလား မသေချာဘူး။''
လုံခြုံရေးအဖွဲ့သားများက ချဲ့ကားပြောဆိုပြီး တစ်နိုင်ငံလုံး မိမိ၏သတင်းပျံ့သွားမည်ကို စိုးမိသောကြောင့်သာ ဖြစ်သည်။ ထိုသို့သာဆိုလျှင် မိမိသည် တစ်နိုင်ငံလုံးမှ မိစ္ဆာဒိဌိဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာမည်ဖြစ်ကာ ဘဝက ပို၍ခက်ခဲသွားရပေမည်။
လော့ရုံကျန့်က ငတုံးမဟုတ်ပေ။ လင်းဇီချန်ပြောသည်ကို ကြားရုံဖြင့် ချက်ချင်းပင် နောက်မှ လိုက်ပြောပေးသည်။
''ဟားဟား စောနက ကျွန်တော့်ချဲ့ပြောလိုက်တာပါ။ တကယ်တော့ လူသစ်ဘုရင်ဘွဲ့ရဖို့ဆိုတာက ကံကောင်းသွားယုံသက်သက်ပါပဲ။ ကျွန်တော်တို့ ပါရမီရှင်အတန်းကလည်း အချင်းချင်းတိုက်ခိုက်ပြီး အားနည်းအောင်လုပ်နေကြတာ။ အစ်ကိုချန်က သူတို့အချင်းချင်းယှဉ်ပြိုင်နေတာကနေ အမြတ်ထုတ်သွားတာလေ''
လော့ရုံကျန့်က လူအကဲခတ်တော်လှသည်။
လင်းဇီချန်သည်မူ သူ့ကို ကြည့်၍ ထိုအကြောင်းနှင့်ပက်သက်ပြီး စိတ်ထဲတွင် မှတ်ထားလိုကမိသည်။
…
နောက်တွင်မူ လက်ဖက်ရည်သောက်သည့်နေရာမှ လူအချို့က တီးတိုးစကားပြောဆက်ပြောနေကြသည်။ လင်းဇီချန်ကမူ မိမိသည်ကံကောင်းသွား၍သာဖြစ်ကြောင်း၊ လူသစ်ဘုရင်ဖြစ်လာရခြင်းမှာ ကိစ္စကြီးမဟုတ်ကြောင်းကိုသာ နှိမ့်ချပြောနေသည်။ လုံခြုံရေးအဖွဲ့ဝင်များက မိမိနှင့်ပက်သက်သည့်အကြောင်းများကို လျှောက်ဖွပြီး မလိုလားအပ်သောပြဿနာများဖြစ်မည်ကို ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်၏။
လော့ရုံကျန့်နှင့် ရှန်ချင်းဟန်တို့က နားလည်သည်။ ၎င်းနှင့်အတူ လူသစ်ဘုရင်ကိစ္စကို နှိမ့်ချ၍သာ ပြောပေးကြသည်။
ထိုသို့ဖြင့် စကားဆက်ပြောနေကြလေသည်။ အချိန်က လျင်မြန်စွာကုန်ဆုံးနေ၏။ မသိလိုက်ခင်တွင် ည (၁၁) နာရီထိုးသွားသည်။ ဆေးမှောင်ခိုသမားကို ထွက်ဖမ်းရန် အချိန်ကျလေပြီ။
ယနေ့ညတွင်ပါသည့် လုံခြုံရေးအရာရှိများသည် ပစ္စည်းကိရိယာအစုံအလင်တပ်ဆင်ကြကာ ရှန်ဟိုင်းမြို့စွန်ရှိ စွ့န်ပစ်ထားသောစက်ရုံတစ်ရုံဆီသို့ ဦးတည်မောင်းသွားကြသည်။ ဆေးမှောင်ခိုသမားများ၏အသိုက်ကို အပြီးဖျက်ဆီးရန် ရည်ရွယ်ထားခြင်းဖြစ်၏။
မထွက်ခွာခင်တွင် လုံခြုံရေးအဖွဲ့၏ခေါင်းဆောင်က လင်းဇီချန်နှင့်အခြားနှစ်ဦးကို ကျည်ကာအင်္ကျီပေးသည်။ ရှန်ချင်းဟန်က နာခံစွာဖြင့် ကျည်ကာအင်္ကျီကို ဝတ်လိုက်သည်။ လင်းဇီချန်တစ်ယောက်ကမူ မလိုပေ။ ထို့ကြောင့် မသုံးတော့ဟုသာ ပြောလိုက်သည်။ အစတွင် လော့ရုံကျန့်က ဝတ်ချင်ပါသော်လည်း လင်းဇီချန်က မဝတ်ရန် ရွေးလိုက်သောကြောင့် သူသည်လည်း မဝတ်တော့ပေ။
သူသည် လူသစ်ဘုရင်လောက် အထင်ကြီးစရာမကောင်းသော်လည်း ပြည်နယ်၏ထိပ်တန်းကျောင်းသားဖြစ်နေကာ ကျည်ကာအင်္ကျီဖြင့်ဆိုလျှင် မိမိုက်နေမည်မဟုတ်လှပေ။ သွေးမျိုးဆက်အဆင့်သည် သာမန်ထိပ်တန်းအဆင့်ငါးဖြစ်ကာ စနိုက်ပါရိုင်ဖယ်ဖြင့် ခေါင်းကိုမှန်အောင်ထိလျှင်မှလွဲ၍ သေစေနိုင်မည့်အန္တရာယ်မျိုးမရနိုင်ပေ။
ထို့ကြောင့် ဂုဏ်ဖော်ရန် အခွင့်အရေးရလာပြီ ဖြစ်၏။
မကြာခင်တွင်ပင် ၎င်းတို့သည် သာမန်လုံခြုံရေးအဖွဲ့များကြား၍ ရှန်ဟိုင်းတက္ကသိုလ်၏ ပါရမီရှင်တန်းမှ ကျောင်းသားများသည် မည်မျှအားကောင်းကြောင်းကို ထိုလူသားများကအား ပြသကြတော့မည်ဖြစ်လေ၏။
အခန်း (၁၉၇) ကြွက်ဂိုဏ်းနှင့်ဂမ္ဘီရသစ်ပင်ဂိုဏ်းကြားမှပက်သက်ဆက်နွယ်မှု (၁)
ရှန်ဟိုင်းမြို့စွန်မြို့ဖျားတွင် ဖြစ်ပေသည်။
လက်နက်အပြည့်တပ်ဆင်ထားသည့် ဥပဒေတင်းကြပ်ရေးအဖွဲ့ယာဉ်တန်းကြီးက စွန့်ပစ်စက်ရုံတစ်ရုံရှေ့တွင် ရပ်သွားသည်။ ကားတံခါးပွင့်လာသောအခါတွင် လက်နက်တပ်ဆင်ထားကြသည့်ဥပဒေတင်းကြပ်ရေးအရာရှိများ ထွက်လာကြကာ အစဉ်လိုက်ပုံစံဖြင့် စက်ရုံထဲသို့ ဝင်သွားကြသည်။
'''ဥပဒေတင်းကြပ်ရေးအဖွဲ့ ရောက်လာပြီ။ ပြေးကြတော့။''
အော်သံတစ်ခုက စက်ရုံအတွင်းတွင် ထွက်ပေါ်လာသည်။ ထို့နောက်တွင် သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။ ဆေးမှောင်ခိုသမားများက ၎င်းတို့၏ပြစ်မှုကို မိမိတို့ဘာသာ ကောင်းကောင်းသိထားသည်။ မိလျှင် သေမည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် လက်တွင် ခုခံရေးပစ္စည်းများ တပ်လိုက်ပြီး လာဖမ်းသည့် အရာရှိများကို အသည်းအထန် ပစ်ခတ်တော့သည်။
မသတ်လျှင် အသတ်ခံရမည်သာ ဖြစ်၏။
ဆေးမှောင်ခိုသမားများ၏ အားပြင်းသောသေနတ်ဖြင့် ရင်ဆိုင်ရသောကြောင့် ဥပဒေတင်းကြပ်ရေးအဖွဲ့သားများသည် ရင်တိုက်တိုက်ခိုက်ခြင်းကို ခေတ္တမျှရှောင်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ အတင်းဝင်မတိုးကြပေ။ စက်ရုံအပြင်ဘက်တွင်လည်း ဒရုန်းများ ရှိသောကြောင့် မှောင်ခိုသမားများ မလွတ်နိုင်ပေ။
ဥပဒေတင်းကြပ်ရေးအဖွဲ့သားများနှင့် မတူသည်မှာ လင်းဇီချန်က ထိပ်တိုက်ရင်ဆိုင်ခြင်းကို ခေတ္တမျှပင်မရှောင်ဘဲ ဆေးမှောင်ခိုသမားများ၏ ကျဉ်ဆံများကိုဖြတ်၍ တည့်တိုးဝင်သွားသည်။
သာမန်အသွေးအသားနှင့်တည်ဆောက်ထားသော အရာရှိများနှင့်မတူစွာ သူ၏သွေးမျိုးဆက်အဆင့်သည် အခြေခံအဆင့် အဆင့်ကိုးရှိကာ ခန္ဓာကိုယ်ကလည်း သန့်စင်ထားသောကြောင့် လွန်စွာခံနိုင်ရည်ရှိပြီး စနိုက်ပါရိုင်ဖယ်များကိုပင် ဒဏ်ခံနိုင်သဖြင့် သာမန်သေနတ်မျှကို ကြောက်မနေပေ။
လင်းဇီချန် ပြေးဝင်သွားသည်ကို မြင်သောအခါတွင် နောက်မှပါလာသော လော့ရုံကျန့်က နားထင်ကြောများထောင်လာသည်အထိ အံကြိတ်ပြီး ပြေးဝင်သွားသည်။ ပြည်နယ်ထိပ်တန်းကျောင်းသားတစ်ဦးအနေဖြင့် ထိုအချိန်မျိုးတွင် သတ္တိကြောင်နေ၍ မရပေ။
''ဘုန်း…ဘုန်…ဘုန်း…''
ယောင်္ကျားနှစ်ယောက် တည့်တိုးဝင်လာသည်ကို မြင်သောအခါတွင် ထိုနှစ်ဦးကို နှိမ်နင်းရန်အတွက် အာရုံစိုက်ပြီး ပစ်ခတ်ကြသည်။ ကျည်ဒဏ်ခံနိုင်သောလင်းဇီချန်၏ခန္ဓာကိုယ်က ကျည်ဆန်နှင့်ထိတွေ့သောအခါတွင် သံမဏိဖြင့် တွေ့လိုက်သကဲ့သို့ ပြန်ကန်ထွက်လာသည်။ အဝတ်များသာ စုတ်ပြဲသွားပြီး ခန္ဓာကိုယ်ကိုမူ အနည်းငယ်မျှ မထိခိုက်နိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် လော့ရုံကျန့်ကမူ ကံကောင်းမှုအားနည်းနေရှာသည်။ လူထင်ကြီးအောင် ကြိုးစားနေသော်လည်း ထို့အစား သေနတ်အချက်ပေါင်းများစွာမှန်ပြီး အဝတ်အစားများ စုတ်ပြဲသွားကာ အနီရောင်သွေးများ စွန်းထင်းလာသည်။
နာကျင်လွန်းသဖြင့် အော်လိုက်မိလေသည်။
ရွေးချယ်စရာမရှိတော့သောကြောင့် ကျဉ်ဆန်များကိုရှောင်ရန် နေရာတစ်နေရာရှာ၍ ပုန်းနေလိုက်ရသည်။
ထိုအချိန်တွင် လင်းဇီချန်က ဆေးမှောင်ခိုသမားများ ဘေးနားသို့ ရောက်သွားပြီဖြစ်ကာ လူတစ်ယောက်ကို ကန်ပစ်လိုက်ပြီး လက်သီးချက်တစ်ချက်ဖြင့်ပင် ကျအောင်တိုက်ခိုက်နိုင်သည်ကို ပြသလိုက်သည်။
''ဒီကောင်က ကျည်မဖောက်ဘူးကွ။ သူ့ကို မထိနိုင်ဘူး။''
''မလုပ်ပါနဲ့။ ငါ့ကို မသတ်ပါနဲ့။ ငါအညံ့ခံပါတယ်။''
''ငရဲပဲသွားလိုက်တော့။ ငါ့လက်ထဲက လက်ပစ်ဗုံးနဲ့ မင်းကို ငရဲကို ပို့ပစ်မယ်။''
''ဘုန်း''
“ဘုန်း”
တစ်ယောက်သောမှောင်ခိုသမားက လက်ပစ်ဗုံးဖြင့် မိမိဘာသာဖောက်ခွဲလိုက်သည်။ သို့သော်လည်း ဖုံမှုန့်များ ရှင်းသွားသောအခါ၌ လင်းဇီချန်မှာ ခြစ်ရာပင် မထင်ပေ။ ကျန်နေသောမှောင်ခိုသမားများကို မထီမဲ့မြင့်အမူအရာဖြင့် ဆက်လက်တိုက်ခိုက်နေသည်။ လင်းဇီချန်၏ ရဲရင့်မှုကို မြင်ရသောအခါတွင် ဆေးမှောင််ခိုသမားများအားလုံး ကြောက်လန့်သွားကာ ဆက်ပြီးမခုခံတော့ဘဲ သေနတ်ချ၍ အညံ့ခံလိုက်ကြတော့၏။
အချို့ကျန်သောလူအနည်းငယ်သည်သာ ခေါင်းမာပြီး သေနတ်ဆက်ပစ်လျက် ထွက်ပြေးရန် အခွင့်အရေးကို ကြိုးစားရှာနေကြသည်။
အခြေအနေကို ထိန်းချုပ်နိုင်လိုက်သည်ကို မြင်သောအခါတါင် လင်းဇီခချန်က ကျန်သောဆေးမှောင်ခိုသမားများကို မတိုက်ခိုက်တော့ဘဲ ရှန်ချင်းဟန်လေ့ကျင့်ရန်အတွက် ချန်ထားပေးသည်။
''ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်းလူသစ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ သူ့ခန္ဓာကိုယ်က အတော်လေးကို အားသန်တာပဲ။''
လင်းဇီချန်က လက်တစ်ဖက်တည်းဖြင့် ဆေးမှောင်ခိုသမားများကို အနိုင်ယူလိုက်သည်ကို ကြည့်ပြီး အဖွဲ့ခေါင်းဆောင်က မချီးကျူးဘဲ မနေနိုင်ရှာပေ။ ထို့နောက်တွင် လက်ဟန်ပြလိုက်ပြီး နောက်မှလိုက်လာသော ဥပဒေတင်းကြပ်ရေးအရာရှိများကို ဦးဆောင်ပြီး ရှေ့တက်ကြကာ ကျန်သောမှောင်ခိုသမားများကို ဆက်ဖမ်းကြ၏။
ရှန်ချင်းဟန်ကလည်း စတင်လှုပ်ရှားသည်။ သူမ၏ချီသွေးထိန်းချုပ်နိုင်စွမ်းကိုသုံးပြီး ဥပဒေတင်းကြပ်ရေးအဖွဲ့သားများကို ကူညီပေးသည်။ ထိုမှောင်ခိုသမားများက မနာခံဘဲ ဆက်လက်ခုခံနေသောကြောင့် ခေါင်းတွင် သွေးများစိုရွှဲကာ အလဲအကွဲဖြစ်နေသည်။
''မင်းနဲ့ရင်ဆိုင်ရတာပေါ့။''
ရုတ်တရက်ပင်အမျိုးသမီးမှောင်ခိုသမားတစ်ယောက်သည် ထောင့်မှနေ၍ အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်လာကာ ရှန်ချင်းဟန်၏လည်ပင်းကို သံမဏီစပ်ဓားဖြင့်ထောက်ကာ လှီးဖြတ်ရန် ကြံလိုက်သည်။
ကျည်ကာဝတ်ထားသောရှန်ချင်းဟန်သည် သာမန်ကျည်ဆံများကို ခံနိုင်ရည်ရှိသည်။
သို့သော် အရည်အသွေးမြင့်သံမဏိဓားကမူ မတူပေ။ သံကိုပင် ရွှံ့ကဲ့သို့ လှီးဖြတ်နိုင်စွမ်းရှိသည်။ သူမသည် ရှန်ချင်းဟန်၏လည်ပင်းကို တစ်ချက်တည်းဖြင့် လှီးလိုက်နိုင်လျှင် ခေါင်းကိုခတ်ပြီး ကျည်ကာကိုယူမည်ဖြစ်သည်။ အမျိုးသမီးမှောင်ခိုသမား၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ရှန်ချင်းဟန်သည် အမြန်ပင် တုံ့ပြန်ကာ ဘေးသို့ အချိန်မီရှောင်လိုက်နိုင်သည်။
ထို့နောက်တွင် ချက်ချင်းပင် အတွေးတစ်ခုတည်းဖြင့် ထိုအမျိုးသမီး၏ကိုယ်တွင်းမှ ချီသွေးကို ထိန်းချုပ်လိုက်သည်။ ချီသွေးကို ဖရိုဖရဲဖြစ်သွားစောကာ ခေါင်းမူးဝေသွားစေသည့်အနေအထားမျိုးဖြစ်အောင် ဖန်တီးလိုက်ပြီး ထိန်းချုပ်မှုကင်းမဲ့အောင် လုပ်လိုက်သည်။
သူမသည် သာမန်အချိန်များတွင် လင်းဇီချန်သင်ပေးထားသည်များကို မှတ်မိသည်။
ရန်သူကို သတ်ဖြတ်သည့်အခါတွင် သနားညှာတာမှုကို လုံးဝမပြရပေ။
ထိချက်က မြန်ဆန်ရမည်၊ တိကျရမည်။
ထို့ကြောင့် သူမရှေ့မှ ခေါင်းမူးနေသောအမျိုးသမီးကို မြင်သည်နှင့် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် အခြားသူ၏ခေါင်းကို ခြေထောက်ကိုလွှဲရမ်းပြီး ကန်ချပစ်လိုက်သည်။
ကန်ချက်ကို အားအပြည့်ထည့်ကာ သုံးသည်။
''ဘုန်း''
ကြားလိုက်ရသည်မှာ ထိုအသံမျှသာ ဖြစ်၏။
မှောင်ခိုသမား၏ခေါင်းကို အပိုင်းပိုင်းဖြစ်အောင် ကန်လိုက်ပြီး ဦးနှောက်အပိုင်းအစများသည်ပင် မြေကြီးပေါ်တွင် ပြန့်ကြဲသွားသည်။ မြေကြီးပေါ်တွင် ပြန့်ကြဲကာပေါက်ကွဲသွားသောခေါင်းကိုကြည့်ကာ ရှန်ချင်းဟန်တစ်ယောက် မသက်မသာခံစားမိကာ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး အမြန်ပင် ဝင်ပုန်းရန် နေရာရှာလိုက်သည်။
ဦးနှောက်အပိုင်းအစများက လွင့်စင်သွားပြီး မြင်ကွင်းက သွေးထွက်သံယိုဖြစ်သွားသောကြောင့် ထိုအခြေအနေကို သူမ မကိုင်တွယ်နိုင်တော့ပေ။
လင်းဇီချန်က သူမကိုကြည့်၍ နှစ်သိမ့်ပေးရန်မလာပေ။ သူမဘာသာသာ ဖြေရှင်းစေသည်။
ထိုအချက်သည်မှာလည်း ရင့်ကျက်ရန်အတွက် လိုအပ်သည့်အချက်ဖြစ်သောကြောင့် သူမဘာသာ ရင်ဆိုင်ကျော်လွှားစေသည်။
…
ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် -
မှောင်ခိုသမားများကို ဖမ်းသည့်မစ်ရှင်က အောင်မြင်စွာ ပြီးဆုံးသွားသည်။
စုစုပေါင်း သေနတ်ကိုင်မှောင်ခိုသမား (၂၁) ယောက်ရှိကာ (၁၆) ယောက်သေ၍ (၅) ယောက်ကို အရှင်ဖမ်းဆီးရသည်။
အပြန်အလှန်အားဖြင့် ဖမ်းဆီးမှုတွင်ပါဝင်သည့် ဥပဒေတင်းကြပ်ရေးအရာရှိသုံးယောက် ဒဏ်ရာရကာ သေဆုံးသူမရှိပေ။ ရလဒ်ကောင်းထွက်လာရသောအကြောင်းရင်းသည့် အဓိကအားဖြင့် လင်းဇီချန်ကြောင့်သာ ဖြစ်သည်။ သူ၏အင်အားဖြင့် မစ်ရှင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အခြားသောကမ္ဘာမှသက်ဆင်းလာသည့်နတ်ဘုရားကဲ့သို့နှယ်ပင် ဖြစ်သည်။
ဆေးမှောင်ခိုသမားများက သေနတ်အချက်ပေါင်းများစွာ မပစ်လိုက်ရခင်တွင်ပင် လင်းဇီချန်ထံတွင် မိသွားကြခြင်းဖြစ်သည်။
''ဘယ်လိုခံစားရလဲ။''
စက်ရုံအပြင်ဘက်တွင် လင်းဇီချန်က ရှန်ချင်းဟန်ကို ရေတစ်ဘူးပေးကာ မေးလိုက်၏။
ရှန်ချင်းဟန်က ရယူပြီး ကျည်ကာအင်္ကျီကိုချွတ်လိုက်သည်။ ထို့နောက်တွင် ပင်လယ်ပြာရောင်တောက်ပနေသည့်ဆံပင်နှင့် လှပသောမျက်နှာလေးထွက်ပေါ်လာပြီး ချီသွေးစီးဆင်းမှုကြောင့် မျက်နှာက အတန်ငယ်နီမြန်းနေသည်။
သူမသည် ဦးစွာ ရေဘူးအဖုံးအဖွင့်ကာ ရေတစ်ကျိုက်သောက်လိုက်ပြီး သေးငယ်သောအသံလေးဖြင့် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
''စောနက စက်ရုံထဲမှာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုအပြင်ရောက်တော့ ခြေထောက်က နည်းနည်းအားနည်းလာသလိုပဲ။''
အခန်း (၁၉၈) ကြွက်ဂိုဏ်းနှင့်ဂမ္ဘီရသစ်ပင်ဂိုဏ်းကြားမှပက်သက်ဆက်နွယ်မှု (၂)
ရှန်ချင်းဟန်တစ်ယောက် ရေဘူးအဖုံးဖွင့်ရင်းဖြင့် တောက်ပကြည်လင်သောမျက်ဝန်းလေးတစ်စုံဖြင့်ကြည့်ကာ မေးလိုက်သည်။ သူမက မြန်မြန်ရင့်ကျက်ချင်မိကာ လင်းဇီချန်ကို အမှီလိုက်ချင်မိသည်။ လင်းဇီချန်နှင့်အတူ ပြိုင်ဘက်ကင်းစံပြအတွဲမျိုး ဖြစ်ရန်ကိုသာ ဆန္ဒရှိသည်။
သူမ၏အမေးကြောင့် လင်းဇီချန် အတန်ငယ်အံ့အားသင့်သွားရသည်။
မိမိဘာသာလေ့ကျင့်ရန်အတွက် ထိုမေးခွန်းကို ရှန်ချင်းဟန်က အရင်စမေးလိမ့်မည်ဟု မထင်ထားမိပေ။ သူမရင့်ကျက်လာပြီဟု ပြောနိုင်သောအနေအထားပင် ဖြစ်သည်။
''လဝက်အတွင်းဆိုရင်ကော ဘယ်လိုလဲ။ မင်းအတွက် သင့်တော်မဲ့မစ်ရှင်မျိုး ရှာပေးမယ်။ ပြီးရင် ငါတို့အတူတူမစ်ရှင်လုပ်ကြတာပေါ့။''
''ကောင်းပြီ။''
ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်တွင် သေနတ်ဒဏ်ရာများကို ပတ်တီးစည်းပြီးဖြစ်သော လော့ရုံကျန့်က ထိုနှစ်ယောက်ဆီသို့ လျှောက်လာသည်။
ရှန်ချင်းဟန်၏ ပင်လယ်ပြာရောင်တောက်နေသည့်ဆံကေသာကို မြင်သောအခါတွင် တအံ့တဩဖြင့် မေးလိုက်မိသည်။
''ရှင်ချင်းဟန် မင်းဆံပင်တွေက ဘယ်လိုလုပ်ပြီး အပြာရောင်ပြောင်းသွားရတာလဲ။''
စောနလေးတွင်ပင် ရှန်ချင်းဟန်၏ဆံနွယ်များက အနက်ရောင်တောက်ပနေသည်ကို မှတ်မိသည်။ အဘယ့်ကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရသနည်း။
''ငါက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နဲ့ ဆင့်ကဲပြောင်းလဲပြီးပြီမလို့ပါ''ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။
''မင်းက သွေးမျိုးစပ်တာကို လုပ်ပြီးပေါ့လေ”
အံ့ဩမှင်သက်စွာဖြင့် မျက်လုံးအပြူးသားဖြစ်သွားမိကာ မေးလိုက်မိသည်။
''ဘယ်အချိန်တုန်းကများ သွေးမျိုးစပ်ဆင့်ကဲပြောင်းလဲတာကို လုပ်လိုက်တာလဲ။''
ရှန်ချင်းဟန်က အတွေးတစ်ခုဖြင့်ပင် ခန္ဓာကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ထိန်းချုပ်လိုက်ပြီး အပြာရောင်တောက်နေသည့်ဆံပင်ကို အမည်းရောင်သို့ ပြန်ပြောင်းလိုက်ပြီးမှ ထိုမေးခွန်းကို ဖြေလိုက်သည်။
''မကြာသေးပါဘူး။ လတ်တလောတင်ပဲ။''
''ငါသိပြီ။''
လော့ရုံကျန့်က ခေါင်းညိတ်ပြပြီး စိတ်ထဲတွင်မူ အနိုင်ပိုင်းခံလိုက်ရပြီဟု ခံစားချက်မျိုး ပေါ်လာသည်။ အစက မိမိသည် လီမော့ယွီနှင့်မားရှီဝေပြီးနောက် တတိယမြောက်သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူဖြစ်လာမည်ဟု တွက်ထားသည်။ သို့သော်လည်း မျှော်လင့်မထားစွာဖြင့် ရှန်ချင်းဟန်က အနိုင်ပိုင်းလိုက်လေသည်။
ထိုမိန်းမလှလေးသည် သူမ၏အရည်အချင်းများကို ကောင်းကောင်းကြီး ဖုံးကွယ်ထားသည်။ အများအမြင်တွင် သူမသည် လှပသောပန်းအိုးလေးတစ်လုံးနှဘ်ဖြစ်သော်လည်း လက်တွေ့တွင်မူ လုံးလုံးလျားလျားပါရမီရှင်တစ်ယောက်ဖြစ်ကာ တစ်ပါးသူကိုပါ အရူးလုပ်နိုင်သေးသည်။
အမှန်တကယ်တွင် သေစေနိုင်လောက်လက်နက်သည် မမြင်ရအောင်ဖုံးကွယ်ထားသည့်ဂုဏ်ဖောခြင်းသာ ဖြစ်လေ၏။
ငါတစ်ခုခုကို သင်ယူလိုက်နိုင်ပြီပဲ…။
လော့ရုံကျန့်၏စိတ်အစဉ်သည် အတွေးများဖြင့် ပြည့်နှက်နေကာ ရှန်ချင်းဟန်ဆီမှ မည်သို့ဂုဏ်ဖော်ရမည်ဆိုသောသင်ခန်းစာကို သင်ယူလိုက်ခြင်းပင် ဖြစ်၏။
သုံးဦးသား စကားပြောဆိုနေကြစဉ်တွင် အဖွဲ့ခေါင်းဆောင်က စက်ရုံအပြင်သို့ ထွက်လာသည်။ သူသည် လူသုံးယောက်၏ရှေ့တွင် ရပ်ကာ ပြုံးပြလိုက်လေသည်။
''ဒီနေ့ည မစ်ရှင်ကို မင်းတို့သုံးယောက် လာကူပေးတာ ကျေးဇူးတင်ပါတယ်။ အဲ့တာကြောင့်မလို့ပဲ ငါတို့မစ်ရှင်က ချောချောမွေ့မွေ့အောင်မြင်သွားတာ။''
''ဆုအနေနဲ့ ဒီကကိစ္စတွေ ရှင်းလင်းပြီးရင် ညစာဧည့်ခံပါ့မယ်။''
''မင်းတို့ဘယ်သွားချင်ကြလဲ။ ကြိုက်တဲ့နေရာရွေးလိုက်ကြ။''
''ဒီလိုမျိုး ဖိတ်ခေါ်လို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဖန်း''
လင်းဇီချန်က ပြုံးပြပြီး ယဉ်ကျေးစွာပင် ငြင်းဆန်လိုက်သည်။
''ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးက လုပ်စရာကိစ္စလေးတွေရှိသေးတယ်။ အဲ့တာကြောင့် ကျောင်းကို ပြန်သွားရဦးမယ်။ ညလယ်စာစားတဲ့အထိ မနေနေတော့ပါဘူး။''
''အဲ့လိုဆိုလည်း ဘယ်တတ်နိုင်မလဲ။''
ခေါင်းဆောင်က စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။ သို့သော် နောက်ထပ်တစ်ခါ ဖိတ်မံတကမပြုနေတော့ပေ။
ချက်ချင်းပင် အနီးမှ အမျိုးသမီးလုံခြုံရေးအရာရှိဘက်သို့ လှည့်၍ ခေါ်ပြောလိုက်သည်။
''ရှောင်လျှို ဇီချန်နဲ့ချင်းဟန်ကို ကျောင်းကို ပြန်ရတော့မှာ။ သူတို့ကို လိုက်ပို့ပေးလိုက်ပါဦး။''
''ဟုတ်ကဲ့ ခေါင်းဆောင်ဖန်း''
အမျိုးသမီးအရာရှိတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထိပ်တန်းပါရမီရှင်နှစ်ဦးကို ကားမောင်း၍ပြန်လိုက်ပို့ရခြင်းက လွန်စွာမှကောင်းသောတာဝန်ပင် ဖြစ်သည်။ လမ်းတွင် ထိုနှစ်ဦးဖြင့် ရင်းနှီးမှုအနည်းငယ်တည်ဆောက်နိုင်ပါလျှင် သူမဘဝတစ်သက်စာ အကျိုးအမြတ်ရှိမည်ဖြစ်သည်။ ခေါင်းဆောင်ကို လက်ဆောင်များပေးကာ အကြိုက်ဆောင်ခဲ့သည်မှာ အချည်းနှီးမဟုတ်တော့ပေ။ ယခုတွင် သူမ၏အားထုတ်မှုက အရာထင်လေပြီ။
''ခေါင်းဆောင်ဖန်း ထူးဆန်းတဲ့အစေ့တွေပါတဲ့ သေတ္တာတစ်လုံးကို ရှာတွေ့ထားတယ်။''
စက်ရုံရှင်းလင်းရေးအတွက် တာဝန်ကျသောအရာရှိတစ်ဦးက ရောက်လာပြီး ခေါင်းဆောင်ကို သတင်းပို့လာသည်။ ထိုစကားကို ကြားသောအခါတွင် ခေါင်းဆောင်က ချက်ချင်းပင် အရာရှိနောက်သို့ လိုက်သွားပြီး စက်ရုံထဲဝင်သွားသည်။
လွန်စွာထူးဆန်းသည့်အစေ့များလော
လင်းဇီချန်ပထမဆုံးစဉ်းစားလိုက်မိသည်မှာ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ ကုအစေ့များပင် ဖြစ်သည်။ ထို့ကြောင့် ဖြစ်နေသည်များကိုသိရန် နောက်မှလိုက်သွား၏။ လင်းဇီချန်လိုက်သွားသည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်နှင့် လော့ရုံကျန့်တို့ကပါ နောက်မှအမြန်လိုက်သွားသည်။
…
စက်ရုံအတွင်းတွင် လင်းဇီချန်သည် ဖိနပ်သေတ္တာအရွယ်အစားခန့်ရှိသည့် သစ်သားသေတ္တာကြီးတစ်လုံးကို တွေ့လိုက်ရသည်။ သေတ္တာထဲတွင် ထူးဆန်းသည့်အရောင်မျိုးစုံလှသောအစေ့အမျိုးမျိုး တစ်ဝက်ခန့်ပါသောသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ အစေ့အားလုံးက ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိကာ မျက်နှာပြင်တွင်လည်း သွေးကြောများ ဖြာနေသည့်ပုံမျိုး ပါရှိသည်။
ရင်းနှီးနေသည့်ထူးဆန်းသောပုံသဏ္ဍာန်များ၊ ရင်းနှီးနေသောသွေးကြောပုံစံများ။
ထိုအစေ့များ၏ပုံစံက သစ်ပင်မိစ္ဆာတို့၏ ကုအစေ့များဖြင့် လွန်စွာမှဆင်တူသည်။ ဂမ္ဘီရမိစ္ဆာဂိုဏ်းနှင့် တစ်ခုခုဆက်စပ်နေခြင်းဖြစ်မည်။ စိတ်ထဲတွင် လင်းဇီချန်မျက်မှောင်ကြုတ်မိကာ စိတ်မသက်မသာခံစားမိသည်။
သူသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းကို လွန်စွာသတိထားနေခြင်းဖြစ်သည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်းဟုသောနာမည်က စိတ်ထဲတွင် ပေါ်လာလျှင်ပင် လုကန်းနှင့်ဝမ်ရှုကျဲတို့ မိမိကို ချောက်ချခဲ့သည့်ဖြစ်ရပ်ကို ပြန်အမှတ်ရသွားသည်။
ထိုအချိန်တွင် ၎င်းတို့နှစ်ဦးကို ကျောင်းသို့ ပြန်လိုက်ပို့ရမည့် အမျိုးသမီးအရာရှိက ထူးဆန်းသောအစေ့များကိုကြည့်ကာ စပ်စုလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
''ခေါင်းဆောင် အဲ့တာက အပင်စေ့တွေလား။ မဟုတ်မှ အင်းဆက်ဥတွေနဲ့ ပိုဆင်သလားလို့။''
''အပင်စေ့တွေပဲ။''
ခေါင်းဆောင်က ရှင်းပြလိုက်၏။
''ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ တစ်ခုခုဆက်စပ်နေတာဖြစ်မယ်။ အဲ့ဂိုဏ်းက လတ်တလော တက္ကသိုလ်တွေမှာတောင် လှုပ်ရှားနေတဲ့မိစ္ဆာဒိဌိဂိုဏ်းလေ။ မြို့ထဲမှာ ထူးဆန်းတဲ့အပင်တွေ ပေါ်လာတာကလည်း အဲ့ဂိုဏ်းကြောင့်ပဲ ဖြစ်ရမယ်။''
ဖမ်းမိထားသောဆေးမှောင်ခိုသမားငါးယောက်ကို ခေါ်ခိုင်းလိုက်ပြီး မေးခွန်းမေးရန်အတွက် ဖြစ်၏။ ၎င်းတို့၏ဝန်ခံချက်အရ လွန်ခဲ့သောလပိုင်းအနည်းငယ်က မျက်နှာဖုံးတပ်ထားသည့်ထူးဆန်းသောလူတစ်ယောက် ရောက်လာကာ ဆေးမှောင်ခိုသမားများကို ချည်းကပ်ခဲ့ကြောင်း၊ ထိုအစေ့များကို နေရာအနှံ့တွင် ဖြန့်ရန် တောင်းဆိုခဲ့ကြောင်း သိလိုက်ရသည်။
အစေ့များက အမြစ်ထွက်ကာ အညှောင့်ပေါက်သည်နှင့် ရက်ပိုင်းကသတင်းများထဲတွင်ဖော်ပြခဲ့သည့် ထူးဆန်းသောအပင်များအဖြစ် ကြီးလာကြသည်။ ထိုထူးဆန်းသောအပင်များ၏ရည်ရွယ်ချက်ကိုမူ ဆေးမှောင်ခိုသမားငါးယောက်လည်း မသိကြပေ။
''ဆေးမှောင်ခိုလုပ်တာတင်အားမရဘူး။ လူ့သစ္စာဖောက်တွေပါ ဖြစ်ကုန်ကြပြီ။ တိရစ္ဆာန်ထက်တောင်မှ မိုက်မဲတဲ့ကောင်တွေ။''
ထိုသူများပြောသည်ကို နားထောင်ပြီးနောက်တွင် လော့ရုံကျန့်က ဒေါသကို သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။
ထို့နောက်တွင် သူ၏ရှေ့မှ ထိုလူငါးဦးကို ကန်ပစ်ကာ ဒေါသဖြေလိုက်သည်။ ခေါင်းဆောင်ဖြစ်သူက ချက်ချင်းပင် ဝင်တားလိုက်သည်။ ထိုသူများသည် သာမန်လူများဖြစ်သောကြောင့် အရိုက်ခံလျှင်ပင် သေသွားနိုင်ပေသည်။
ထိုအချိန်တွင် လင်းဇီချန်က သေတ္တာထဲမှ ထူးဆန်းသောအစေ့များကို ထိကြည့်ပြီး ခန့်မှန်းနိုင်မလားဟု စမ်းလိုက်မိသည်။
ကံမကောင်းစွာဖြင့် ထိုသို့မလုပ်နိုင်ခဲ့ပါပေ။